Showing posts with label Stories. Show all posts
Showing posts with label Stories. Show all posts

Monday, March 28, 2011

“အရူး” ပုံပြင်

ဒီလမ်းဟာ အန္တရယ် ရှိမှန်းလည်း သိတယ်။ ကိုယ့်ဘဝအတွက် အကျိုးမရှိရုံမက၊ အကျိုးယုတ်စေဖို့ အခြေအနေလည်း ရှိနေတယ်ဆိုတာ အတွေ့အကြုံအရ သူသိနေတယ်။ ဒါပေမဲ့ ပျော်ရွှင်လွတ်လပ်မှု တချို့က ဒီလမ်းမှာ ရှိနေပြန်တယ်။ သူရဲကောင်းဟာ အန္တရယ်လမ်းကို ရွေးချယ်တယ်။ သူရွေးချယ်တဲ့လမ်းဟာ ဆူးပြွမ်းပေမဲ့ အများကောင်းကျိုးဖြစ်တဲ့အတွက် သူဟာ သူရဲကောင်းအဖြစ် ဂုဏ်ပြုခံရတယ်။ အခုလမ်းက တော့ သူရဲကောင်းလို့ ဂုဏ်ပြုခံရမဲ့လမ်းလည်း မဟုတ်တာ၊ အခန့်မသင့်ရင် “ကိုယ်အလို့ ဒီလမ်းကိုရွေးတာ၊ ခံပေါ့” လို့ မေးငေါ့ခံရနိုင်သေးတာ သူသိနေပြန်တယ်။ ဒါပေမဲ့ မီးလျှံကိုမှ တိုးဝင်ချင်တဲ့ ပိုးဖလံလိုမျိုး သူဟာအဲဒီလမ်းကို ရွေးခြယ်ဖို့ ခြေလှမ်းပြင်လိုက်တယ်။ “အို..ဒီလမ်းဟာ.. ချစ်ခြင်းတွေရှိပါတယ်၊ သံယောဇဉ်တွေပေါပါတယ်။” အဲဒီလို သူ့ကိုယ်သူ လှည့်စားရင်း သူ့ဘာသာ၊သူ့ကိုယ်သူ အယဉ်ကျေးဆုံးဘွဲ့ထူးတခု ချီးမြှင့်ပေးလိုက်တယ်။ “အရူး” တဲ့။ပုံပြင်လေးကတော့ ဒါပါပဲကွယ်။

Saturday, May 8, 2010

“တက္ကစီ”



“တက္ကစီ



ကျွန်တော့် တက္ကစီကို ဘွတ်ကင်လုပ်ထားတဲ့ ခရီးသည်တစ်ယောက်ရဲ့ လိပ်စာအတိုင်း သူ့အိမ်ရှေ့ကို အချိန်အတိအကျ ကျွန်တော် ရောက်သွားခဲ့တယ်။ ဟွန်းတီးပြီး ခေါ်ပေမဲ့ ဘယ်သူကမှ အိမ်ထဲကနေ ထွက်မလာကြပါဘူး။ စောင့်နေရင်း မကြာခဏ ဟွန်းတီး ခေါ်ပေမဲ့ အိမ်ထဲမှာ လူရိပ်လူခြေတောင် မတွေ့ရတဲ့အတွက် ကျွန်တော် လှည့်ပြန်ချင်စိတ် ပေါက်သွားခဲ့တယ်။ ဒါပေမဲ့ ဘာကြောင့်ရယ်မှန်း မသိပဲ ကျွန်တော်ဟာ အဲဒီ အိမ်တံခါးဝက လူခေါ် ခေါင်းလောင်းကို နှိပ်မိရက်သား ဖြစ်နေခဲ့ပြီ။

“ခဏလောက် စောင့်ပါအုံး”

အင်မတန်မှ အားနည်း ဖျော့တော့ပြီး အိုစာနေတဲ့ အသံတစ်ခု အိမ်ထဲကနေ ထွက်ပေါ်လာခဲ့တယ်။

တစုံတရာကို ကြမ်းပြင်ပေါ်မှာ ဒရွတ်တိုက် ဆွဲလာတဲ့ အသံကိုလည်း တစ်ဆက်တည်း ကြားနေရပါတယ်။

တော်တော်လေး ကြာတော့မှ.. အိမ်တံခါးမကြီး ပွင့်လာတယ်။ တံခါးဝမှာတော့ အင်မတန် သေးကွေးပြီး အသက်ကိုးဆယ်လောက် ရှိမဲ့ အဖွားအိုတစ်ဦး ရပ်လို့..။

လွန်ခဲ့တဲ့ ၁၉၄၀လောက်တုန်းက ရုပ်ရှင်တွေထဲမှာ တွေ့ရတဲ့ ဦးထုပ် နဲ့ အဝတ်အစားတွေကို ဝတ်ဆင်ထားတဲ့ သူမအသွင်ဟာ အင်မတန်မှကို ရှေးကျလွန်းလှတယ်။

သူမရဲ့ဘေးမှာတော့ နိုင်လွန်နဲ့ ချုပ်ထားတဲ့ ခရီးဆောင်အိတ်လေး တစ်လုံး....။

အိမ်ကို ကြည့်ရတာ နှစ်ပေါင်းများစွာ လူနေတဲ့ဟန်လဲ မရှိပါဘူး..။ အိမ်ထောင်ပရိဘောဂတွေ အားလုံးကို ပိတ်ဖြူစတွေနဲ့ လွှမ်းအုပ်ထားတယ်။

နံရံတွေမှာလဲ နာရီနဲ့တူတာဆိုလို့ ဘာတစ်ခုမှ မရှိဘူး။ အလှပြပစ္စည်းတွေ ထားတဲ့ နေရာမှာလဲ ဘာတစ်ခုမှ တန်ဆာ ဆင်ထားတာ မတွေ့ရဘူး။ အိမ်သုံး ပစ္စည်းတွေ၊ မီးဖိုသုံး ပစ္စည်းတွေတောင် ဘာတစ်ခုမှ ရှိပုံ မရပါဘူး..။

အခန်းထောင့် တစ်နေရာမှာတော့ ဓာတ်ပုံတွေရယ်..၊ ဖန်ထည်ပစ္စည်းတွေရယ်ကို ပုံးလွတ်တစ်ခုထဲ စုပြုံ ထည့်ထားတာ တွေ့ရတယ်။

“အဖွားရဲ့အိတ်ကို သယ်ပေးနိုင်မလား”

အဖွားအိုရဲ့ အသံကို ကြားမှ ကျွန်တော်လဲ စပ်စပ်စုစု ကြည့်နေမိတာကို သတိရပြီး ကပျာကရာ သူ့အိတ်ကို ကားထဲ အပြေး သွားထားလိုက်ရတယ်။ နောက်တော့.... အဖွားအိုကို တွဲကူဖို့ ပြန်လာခဲ့တယ်။

အဖွားအိုက ကျွန်တော့် လက်မောင်းကို ဆွဲကိုင်ပြီး ကျွန်တော့် တက္ကစီ ရပ်ထားရာကို ဖြည်းဖြည်းချင်း လျှောက်လာခဲ့တယ်။

ကားဆီ သွားရာ လမ်းတစ်လျှောက်လုံး အဖွားအိုက သူ့အပေါ် ကြင်နာတဲ့အတွက် ကျွန်တော့်ကို ကျေးဇူးတင်စကားတွေ တဖွဖွ ပြောလာခဲ့ပါတယ်။

“ဒါ.. ဘာမှ မဖြစ်စလောက်လေးပါ အဖွားရယ်”

“ကျွန်တော့် အမေ၊ ကျွန်တော့် မိသားစုဝင်တွေကို ပြုစုစောင့်ရှောက် သလိုမျိုး .. ခရီးသည်တွေကို ဆက်ဆံတာဟာ ကျွန်တော့်အကျင့် ဖြစ်နေပါပြီ”

“အို..... လိမ္မာလိုက်တဲ့ လူလေးရယ်”

အဖွားအိုက ကျွန်တော့်လက်မောင်းကို တင်းတင်းဆုပ်ကိုင်ရင်း ကျေကျေနပ်နပ် ရေရွတ်လိုက်တယ်။

ကျွန်တော့်ကားထဲမှာ အဖွားအိုကို နေရာချထားပြီး နောက်တော့ သူမက လိပ်စာတစ်ခု ကျွန်တော့ကို ပေးတယ်။

“မြို့ထဲကနေ ပတ်ပြီး မောင်းပေးပါလား လူလေးရယ်” လို့လဲ တောင်းတောင်းပန်ပန် လေသံနဲ့ ပြောနေပါတယ်။

“အဲတာဆို လမ်းကြောရှည်သွားမှာပေါ့ အဖွားရဲ့၊ အဖွား သွားချင်တဲ့ နေရာကို ဘယ် မြန်မြန် ရောက်နိုင်ပါ့မလဲ”

အဲဒီလို ခပ်သွက်သွက် ကျွန်တော် ပြန်ဖြေလိုက်တော့ အဖွားအိုက သက်ပြင်း တစ်ချက်ကို ခပ်လေးလေးချရင်း အဝေးတစ်နေရာကို ငေးကြည့်ပြီး ပြောတယ်..။

“အဖွားက လူအိုရုံကို သွားရမှာလေ လူလေးရဲ့...။ အဲဒီတော့ အဖွား အလျဉ်လိုစရာ ကိစ္စ ဘာမှ မရှိပါဘူးကွယ်...”

နောက်ကြည့်မှန်ကနေ တဆင့် အဖွားအိုကို ကျွန်တော် လှမ်းကြည့်မိတော့ အဖွားအိုရဲ့ မျက်လုံးထဲမှာ နာကျင်ဝမ်းနည်းရိပ်တွေကို တွေ့မြင်နေရတယ်..

“အဖွားမှာ မိသားစုလဲ မရှိတော့ဘူး..။ ဆရာဝန်ကလဲ အဖွားကို အချိန်သိပ်မကျန်တော့ဘူး.. လို့ နောက်ဆုံးစကား ပြောထားခဲ့ပြီးပြီ...”

ကြေကြေကွဲကွဲ ပြောနေတဲ့ အဖွားအိုရဲ့ စကားသံ အဆုံးမှာ ကားထဲက မီတာဖတ်တဲ့ စက်ကလေးကို ကျွန်တော် ပိတ်ပလိုက်တယ်...။

“ဒါဆိုရင်လဲ အဖွား ဘယ်လမ်းမကြီးအတိုင်း သွားချင်ပါသလဲခင်ဗျာ...”

နောက်နှစ်နာရီလုံးလုံး အဖွားအို သွားချင်တဲ့ နေရာမှန်သမျှ.. လမ်းမှန်သမျှကို ကျွန်တော် ကားမောင်း ပို့ခဲ့ပါတယ်...။

သူမ ယခင်က ဓာတ်လှေကား ထိန်းချုပ်ရေးမှူးအဖြစ် အလုပ်လုပ်ခဲ့တဲ့ အဆောက်အဦးကိုလည်း ပြတယ်။

သူမတို့ လက်ထပ်ပြီးကာစမှာ သူမနဲ့ သူမအမျိုးသား နေထိုင်ခဲ့ဖူးတဲ့ ရပ်ကွက်ကိုလဲ လိုက်ပြတယ်။

ဂိုဒေါင်ကြီး တစ်ခုဆီ ကားကို မောင်းပို့ခိုင်းပြီး.. အဲဒီ အဆောက်အဦးဟာ သူမ ငယ်ငယ်တုန်းက.. အကသင်တန်းကျောင်း ဖြစ်ခဲ့တာတွေရယ်.. အကသင်တန်းတက်ရင်း ပျော်မြူးခဲ့တဲ့ ခလေးမလေးဘဝရယ်..ကို ပြောပြနေပြန်တယ်..။

တစ်ခါတစ်ခါမှာတော့ အဖွားအိုဟာ သာမာန် မထူးခြားတဲ့ အဆောင်အဦးရှေ့မှာ.. ဒါမှ မဟုတ် လမ်းချိုးလမ်းကွေ့လေး တစ်ခုရှေ့မှာ ကားကို ဖြည်းဖြည်း မောင်းခိုင်းချင် မောင်းခိုင်းမယ်..။ ဒါမှ မဟုတ် ခဏ ရပ်ခိုင်းချင် ရပ်ခိုင်းမယ်...။ ပြီးရင်.. ဘာစကားမှ မပြောပဲ အမှောင်ထဲကို လှမ်းကြည့်နေတဲ့ မျက်လုံးတွေနဲ့ ငေးမော နှုတ်ဆိတ်နေပြန်တယ်...။

နေလုံးကြီးက အနောက်ဘက်မှာ မေးတင်နေခဲ့ပြီး ညနေဆည်းဆာချိန်ကို ရောက်လာတော့မှ အဖွားအိုက..

“အဖွား ပင်ပန်းနေပြီကွယ်.. အဖွားသွားမဲ့ နေရာကို ပို့ပေးလို့ ရပါပြီ” လို့ ရုတ်တရက် ပြောလိုက်တယ်..။

အဖွားအို ပေးထားတဲ့ လိပ်စာအတိုင်း ကားကို ဦးတည်မောင်းနှင်နေရင်း ကျွန်တော်တို့ နှစ်ယောက်လုံး ဘာစကားမှ မပြောဖြစ်ကြတော့ပဲ တိတ်ဆိတ်နေခဲ့ကြတယ်..။

အဖွားအိုရဲ့ လိပ်စာဟာ ကျယ်ဝန်းလှတဲ့ တစ်ထပ်တိုက် ပုပုလေး ရှိတဲ့ ခြံကျယ်ထဲမှာ အဆုံးသတ်တယ်..။ နေရာလေးက ကျန်းမာရေး ပြုစုစောင့်ရှောက်ဖို့ လိုအပ်နေတဲ့ ဘိုးဘွားရိပ်သာလေးနဲ့ မတူပဲ အေးငြိမ်းချမ်းမြပြီး သာသာယာယာ ရှိတာကို ခြံဝင်းထဲ ကားမောင်း ဝင်သွားရင်း ကျွန်တော် သတိထားမိတယ်..။

ကားကို ပေါ်တီကို အောက်မှာ ရပ်လိုက်တဲ့ အချိန်.. အဆောက်အဦးထဲက အမျိုးသမီးနှစ်ဦး ထွက်လာပြီး အဖွားအိုကို ဆီးကြိုကြတယ်..။

နှစ်ယောက်လုံးဟာ အဖွားအိုကို အရိပ်တကြည့်ကြည့် နဲ့ ကြင်နာ ဖေးမကြပြီး.. ရောက်သင့်ချိန်မှာ မရောက်လာတဲ့အတွက် စိတ်ပူပန် စိုးရိမ်နေကြဟန်ကိုလဲ တွေ့ရပါတယ်..။

ကားနောက်ဖုံးက ခရီးဆောင်အိတ်ကို ယူပြီး ကျွန်တော် အပေါက်ဝနားရောက်ချိန်မှာ အဖွားအိုက ဧည့်ကြိုခန်းမထဲက စက်တပ်ဘီးကုလားထိုင်ပေါ်မှာ ရောက်နေခဲ့ပြီ..။

”လူလေးကို တက္ကစီခ အဖွား ဘယ်လောက်ပေးရမလဲ....”

အဖွားအိုက သူ့ ပိုက်ဆံအိပ်ကလေးကို ဖွင့်ရင်း ကျွန်တော့်ကို မေးတယ်..။

“ဘယ်လောက်မှ မပေးပါနဲ့ အဖွားရယ်..”

“အို.. မဟုတ်တာ..၊ လူလေးမှာ စားဝတ်နေရေးက ရှိသေးတယ်လေကွယ်....”

“တခြား ခရီးသည်တွေ ဆီက ကျွန်တော် ယူမှာပေါ့ အဖွားရဲ့”

ကျွန်တော်က ရယ်မောပစ်လိုက်ရင်း အဖွားအိုကို ပြောလိုက်တယ်..။

နောက်တော့ ကြိုတင်ရည်ရွယ်မထားပါပဲ အဖွားအိုကို ကျွန်တော် နွေးနွေးထွေးထွေး ပွေ့ဖက်မိသွားတယ်..။

အဖွားအိုကလဲ ကျွန်တော့်ကို တင်းတင်းကျပ်ကျပ် ပြန်ဖက်လို့ထားတယ်..။

“အင်မတန် ကြည်နူးချမ်းမြေ့ဖို့ ကောင်းတဲ့ နေ့တစ်နေ့ကို လူလေးက အဖွားကြီး တစ်ယောက်အတွက် ပေးခဲ့ပြီ”

ကျွန်တော့်ကျောပြင်ကို ဖွဖွလေး ပုတ်ရင်း အဖွားအိုက ခပ်တိုးတိုး ပြောတယ်..။

“လူလေးကို သိပ်ကျေးဇူးတင်ပါတယ်.. သေသည်အထိ အဖွား ဒီနေ့လေးကို အမှတ်ရနေမှာပါ”

အဖွားအိုရဲ့ လက်ကို ခပ်ဖွဖွ ဆုပ်ကိုင်ပြီး ကျွန်တော် ပြုံးပြလိုက်တယ်..။ နောက်တော့ မှောင်ရီစပြုနေတဲ့ ညခင်းထဲ တိုးထွက်လာခဲ့ပါတယ်..။ အပြင်ရောက်တော့ ကျွန်တော့် နောက်ကျောဖက်ကနေ တံခါးပိတ်သံတိုးတိုးကို ကြားလိုက်ရတယ်..။

အလို.... အဲဒီ အသံဟာ.. ဘဝတစ်ခုကို ပိတ်ပစ်လိုက်တဲ့ အသံလေလား......။

ဘယ်ခရီးသည်ကိုမှ မတင်တော့ပဲ ကားကို ဦးတည်ရာမဲ့ မောင်းနေရင်း အတွေးတွေထဲ ကျွန်တော် လွင့်မျောနေမိတယ်..။ အချိန်အတိုင်းအတာ တစ်ခုထိ ကျွန်တော် ဘယ်သူနဲ့မှ စကား ပြောနိုင်မှာ မဟုတ်တော့ဘူး ဆိုတာလဲ ကိုယ့်ဘာသာ သိနေတယ်..။

တကယ်လို့များ အဖွားအိုဟာ.. ဒေါသကြီးတတ်..၊ စိတ်မရှည်တတ်တဲ့ တက္ကစီမောင်းသူနဲ့ တွေ့များ တွေ့ခဲ့ရင်..။ တကယ်လို့များ ကျွန်တော်က ဟွန်း တစ်ခါ နှစ်ခါလောက်ပဲ တီးပြီး အဖွားအိုရဲ့ အိမ်တံခါးကို သွားမခေါက်ပဲ လှည့်ပြန်သွားခဲ့ရင်...။

ဖြတ်ခနဲ ကျွန်တော် စဉ်းစားမိတာက.. ကျွန်တော်ဟာ ကျွန်တော့်ဘဝအတွက် လုပ်သင့်လုပ်ထိုက်တာတွေကို မလုပ်ရသေးဘူး...။

ကျွန်တော်တို့ရဲ့ ဘဝတွေဟာ အင်မတန် ကြီးကျယ်မြင့်မြတ် ခမ်းနားတဲ့ အချိန်တွေရှိမှန်း သိဖို့ အခြေအနေတွေ အများကြီး ရှိပါတယ်..။ ဒါပေမဲ့ အဲဒီ ခမ်းနားတဲ့ အချိန်တွေကို ကျွန်တော်တို့က မသိလိုက် မသိဖာသာ ဖြတ်သန်းချင် ဖြတ်သန်းသွားမိတတ်ကြတယ်..။ တစ်ချို့ကျပြန်တော့ လှလှပပ ထုပ်ပိုးထားတဲ့ အသေးအမွှား ပစ္စည်းလေး တစ်ခုလိုပဲ ဖြစ်နေပါလိမ့်မယ်..။

လူတွေက ကျွန်တော်တို့ ဘာလုပ်ခဲ့တယ်.. ဘာပြောခဲ့တယ်ဆိုတာကို အမှတ်ရချင်မှ ရမယ်..။ ဒါပေမဲ့ ကျွန်တော်တို့က သူတို့ကို ဘာတွေခံစားစေခဲ့လဲ ဆိုတာတော့ အမြဲ အမှတ်ရကြပါလိမ့်မယ်..။

ဘဝဆိုတာ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ ပျော်ရွှင်စရာ ဇာတ်ခုံတစ်ခု ဖြစ်ချင်မှ ဖြစ်နိုင်လိမ့်မယ်..။ သို့သော်... ကျွန်တော်တို့ အားလုံးဟာ အဲဒီ ဇာတ်ခုံပေါ်မှာ ကျရာနေရာကနေ ပါဝင် ကပြနေရအုံးမှာပါ....။


*****************

ဖတ်ထားဖူးတဲ့ စာလေးတစ်ပုဒ်ကို နားလည်သလို ဘာသာပြန်ထားတာပါ...။


မေတ္တာဖြင့်
မိုးကုတ်သား

Thursday, March 11, 2010

မြန်ဆန်လွန်းလှတဲ့ လူ့ဘဝလမ်းပေါ်မှာ



ဒီနေ့ သူ အလုပ်နားရက်။ မနေ့ကမှ အသစ်စက်စက် ဝယ်ထားသော ဂျက်ဂွာကားလေးကို ခုလို မနက်ခင်းစောစော၊ လူသူရှင်းရှင်းမှာ မြန်နှုန်းမြင့် မောင်းနှင်ရတာ အင်မတန် စိတ်ချမ်းသာဖို့ ကောင်းသည်။ ဒီလို အဖိုးတန်ကားမျိုး ဝယ်စီးနိုင်အောင်၊ ဒီအရွယ်နဲ့ ဒီလောက်ထိ ချမ်းသာလာအောင် အလုပ်အပေါ် အချိန်တွေ ဘယ်လောက်ပေး ကြိုးစားခဲ့ရသလဲ။ သူ့အောင်မြင်မှုများက လွယ်လွယ်နှင့် ရခဲ့သည်တော့မဟုတ်ချေ။ ခုလို အရှိန်အဟုန်ပြင်းပြင်းနှင့် အောင်မြင်ကြွယ်ဝလာအောင် သူ့ဘဝ အချိန်တွေကို သူ့လုပ်ငန်းတွေအပေါ်မှာသာ စုပုံထားရင်း အားလပ်ချိန် ဆိုတာ သူ့အတွက် ရှားပါးပြီး အဖိုးတန်သော အချိန်များသာ ဖြစ်နေခဲ့သည်။

ဒီနေ့တော့ သူ့ သူငယ်ချင်းတွေနှင့် စုဆုံဖို့ချိန်းထားသော နေရာတစ်ခုကို သွားဖို့ ရှိသည်။ သူ၏ အောင်မြင်မှုများကို အားကျနေသော သူ့ မိတ်ဆွေများက သူ့ ဂျက်ဂွာကား အသစ်စက်စက်လေးကို မြင်လျှင် အထင်ကြီးစွာ ချီးကျူးကြလိမ့်ဦးမည်။ အတွေးနှင့်ပင် သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားစွာ တစ်ချက်ပြုံးမိရင်း ကားကို အရှိန်လျှော့ချလိုက်သည်။ ရှေ့က ပန်းခြံဘက်မှာ မတော်တဆ ကလေးငယ်လေးတွေ ဆော့ကစားရင်း လမ်းမပေါ် ပြေးဆင်းလာပါက အန္တရယ် မဖြစ်စေချင်သောကြောင့် ဖြစ်သည်။ ပန်းခြံထဲက ကားရပ်နားရာနေရာမှာ အရိပ်တစ်ခုကို တွေ့လိုက်မိသလို ရှိသော်လည်း သူ ဂရုမထားမိပဲ ကားကို ဆက်မောင်းသွားလိုက်သည်။ အဲဒီအချိန်မှာပဲ သူ့ကား ဘေးတံခါးကို တစ်စုံတစ်ခု ထိမှန်သံကြားရ၏။ ကားကို ဝုန်းခနဲ ထိုးရပ်ပြီး ကပျာကယာ ဆင်းကြည့်မိတော့ သူ့ကားဘေးတံခါးက ခဲလုံးတစ်လုံး ထိမှန်ပြီး ပွန်းပိန့်နေသည်။ ခဲလုံးလာရာဘက်ဆီ သူကြည့်မိတော့ အသက် လေးနှစ်အရွယ် ခလေးငယ်တစ်ဦး။

“မင်းကိုယ်မင်း ဘာထင်လို့ ခုလို ငါ့ကားကို ခဲနဲ့ပေါက်ရတာလဲ။ ဒီကားကို ဘယ်လောက်တန်သလဲ မင်းသိရဲ့လား။ ဈေးကြီးပေးပီး ဝယ်ထားရတဲ့ ငါ့ကား အသစ်စက်စက်လေး၊ မင်း ခဲနဲ့ပေါက်လိုက်လို့ ပွန်းပဲ့သွားပြီ။ ခု အဲတာကို ပြင်ဖို့ ငါ ပိုက်ဆံ အများကြီး ကုန်ရတော့မယ်။ မင်း ဘာကြောင့် ဒီလိုလုပ်တာလဲ..။ ပြော.. ငါ့ကို ပြောစမ်း...”

သူ.. ဒေါသစိတ်တို့နှင့် မွှန်ထူပြီး ခလေးငယ်ဆီ ပြေးသွားကာ ပခုံးကို တရစပ် လှုပ်ခါရင်း အော်ဟစ်ကြိမ်းမောင်းပစ်လိုက်မိသည်။ ခလေးငယ်လေးကတော့ ကြောက်လွန်းလို့ တဆတ်ဆတ် တုန်နေပြီ။

“တောင်းပန်ပါတယ် ဆရာရယ်။ ကျွန်တော် ဘာဆက်လုပ်ရမှန်းမသိလို့ပါ။ တကယ်ပဲ တောင်းပန်ပါတယ်”

“ကား မရပ်ပဲ ဆက်မောင်းသွားမှာ စိုးလို့ ခဲနဲ့ ပေါက်မိလိုက်တာပါ”

နောက်တော့ ခလေးငယ်က ငိုရှိုက်ရင်း ပန်းခြံထဲက တစ်နေရာကို လက်ညှိုးထိုးပြီး ဆက်ပြော၏။

“အဲ့နားမှာ ကျွန်တော့်အကို ပလက်ဖောင်းပေါ်က ပြုတ်ကျသွားလို့ပါ။ ကျွန်တော့်အကိုက ခြေထောက်မသန်ပါဘူး။ သူ ဒဏ်ရာရသွားပြီး သူ့ ဘီးတပ်ကုလားထိုင်ပေါ် ပြန်မတက်နိုင်တော့တာကို ကျွန်တော့်အားနဲ့ ပြန်မထူနိုင်လို့ အကူအညီ ရလိုရငြား လုပ်မိလုပ်ရာ လုပ်လိုက်တာပါ။ ဆရာ့ကို စိတ်ဆိုးစေဖို့ မရည်ရွယ်ပါဘူး။ ကျွန်တော့်ကို သနားရင် ကျွန်တော့်အကို ကို ဘီးတပ်ကုလားထိုင်ပေါ် ပြန်တင်ပေးဖို့ တောင်းပန်ပါတယ်”

ကြောက်ရွှံ့နေသော ခလေးလေး၏ မျက်ရည်လည်ရွှဲစကားတွေက သူ့ ဒေါသစိတ်တွေကြောင့် ပူလောင်နေသော လည်ချောင်းနှင့် နှလုံးသားတွေ အရည်ပျော်ဆင်းစေပြီး သနားမိသွားသည်။ ခလေးလေးနောက်လိုက်သွားကာ လဲကျနေသော အကိုဖြစ်သူကို ဘီးတပ်ကုလားထိုင်ပေါ် တင်ပေးလိုက်သည်။  နောက်ပြီး သူ့ကားထဲမှာ အမြဲ ဆောင်ထားတတ်သော ဆေးတစ်ချို့နှင့် ပွန်းပဲ့သွားသော ဒဏ်ရာများကို လူးပေးလိုက်သည်။ မျက်ရည်များ၊ နှာရည်များဖြင့် စိုရွှဲနေသော ခလေးလေးကိုလည်း သူ့လက်ကိုင်ပုဝါထုတ်ပြီး သန့်စင်ပေးလိုက်သည်။

ခလေးနှစ်ယောက်လုံးက ခုတော့ ကြည်ကြည်သာသာ ပြုံးလို့။

“ကျေးဇူးတင်ပါတယ်ဆရာ” ဟု ဦးညွှတ်နှုတ်ဆက်ပြီး အကိုဖြစ်သူ၏ ဘီးတပ်ကုလားထိုင်လေးကို တွန်းရင်း ထွက်ခွာသွားသော ခလေးလေးကို မျက်စိတစ်ဆုံး သူငေးကြည့်နေမိသည်။ နောက်တော့ သူ့ကားဆီကို ခပ်ဖြည်းဖြည်းပဲ ပြန်လျှောက်လာရင်း စဉ်းစားခန်း ဝင်နေမိ၏။  ပြီး.. ဘေးတံခါးပေါ်က ခဲမှန်ထားသော ပွန်းပဲ့ရာကို ဘယ်တော့မှ မပြုပြင်ပဲ အမှတ်တရထားဖို့ ဆုံးဖြတ်လိုက်တော့သည်။

ထို ပွန်းပဲ့ရာလေးကို မြင်တိုင်း ဘဝတစ်ခုကို အလျင်စလို မဖြတ်သန်းမိဖို့ သူ့ကိုယ်သူ သတိပေးနေမိတော့မည်။ အလျင်စလို ဖြတ်သန်းသွားမိတဲ့အခါ.. သူ ဂရုတစိုက် မရှိမိတဲ့ ကိစ္စတစ်ချို့က သူ့ကို ဂရုတစိုက် ရှိလာစေဖို့ အတွက် အခုလာမှန်တဲ့ ခဲလို သူ့ဘဝကို လာမမှန်ဘူးလို့ ဘယ်သူ ပြောနိုင်မလဲ.....။

ကျွန်တော်တို့ နှလုံးသားကို တစ်ချို့ကိစ္စတွေက စကားတိုးဖွ ပြောကြားသွားတယ်။ တစ်ခါတစ်ခါမှာ အဲဒီစကားသံကို ကြားနာနိုင်ဖို့ ကျွန်တော်တို့မှာ အချိန်မရှိဘူး။ အဲဒီစကားသံတိုးဖွကို ကြားနိုင်ဖို့အတွက် ခဲနဲ့ ပစ်ခတ်သတိပေးတာကိုလဲ ခံရချင် ခံရနိုင်တယ်။

တိုးဖွညင်သာတဲ့ စကားသံကို ကြားအောင် နားထောင်နိုင်မလား။ ခဲနဲ့ ပစ်ခံရတဲ့အချိန်ထိ စောင့်မလား။ ရွေးချယ်မှုကတော့ ကျွန်တော်တို့ လက်ထဲမှာ...။


Life In The Fast Lane ကို ခံစားရေးဖွဲ့ပါသည်။


မေတ္တာဖြင့်
 မိုးကုတ်သား

Wednesday, January 13, 2010

ဘဲငန်းတစ်ကောင်ရဲ့ စိတ်

ဆောင်းဦး ရာသီတွေမှာ တောင်ဘက်ကို ဦးတည်ပြီး ပျံသန်းနေတဲ့ ကျွန်တော်တို့အုပ်စုကို တွေ့ရင် သတိထား ကြည့်မိကြ၊ တွေးမိကြလား မသိဘူး။ ကျွန်တော်တို့က 'V' ပုံသဏ္ဌာန် ပျံသန်း နေကြတာလေ၊ ကျွန်တော်တို့ ဘာလို့ အဲ့ဒီလို ပျံသန်း နေကြတာလဲ။ သိပ္ပံနည်းကျ ပြောမယ် ဆိုရင်တော့ ငှက် တစ်ကောင် ချင်းစီက တောင်ပံခတ်လိုက်တိုင်း သူ့ အနောက်က လိုက်ပါလာတဲ့ ငှက်တွေကို အလွယ်တကူ ပျံသန်းနိုင်မဲ့ အားအဟုန်တွေ ဖြစ်စေတယ်။ အဲ့ဒီလို V ပုံသဏ္ဌာန် ပျံသန်းတဲ့အခါမှာ ငှက်တစ်အုပ်လုံးရဲ့ ပျံသန်းမှု နှုံးဟာ ငှက်တစ်ကောင် ချင်းစီ ပျံသန်း တာထက် ၇၁ ရာခိုင်နှုံး ပိုပြီး ခရီး ရောက်စေတယ်။
အသင်းအဖွဲ့စိတ် အပြည့်နဲ့ အတူတကွ ခရီးသွားကြမယ်၊ တစ်ယောက်အပေါ် တစ်ယောက် ယုံကြည်မှု အပြည့်နဲ့ ကူညီ စောင့်ရှောက်ကြမယ်ဆိုရင် လိုရာပန်းတိုင်ကို မြန်မြန် ရောက်နိုင် တယ်ဆိုတာ ကျွန်တော်တို့ သိတယ်။ ကျွန်တော်တို့ ထဲက တစ်ကောင်ကောင်က ဖွဲ့စည်းမှု ပုံသဏ္ဌာန် (formation) ထဲကနေ အပြင် ရောက်သွားပြီဆိုရင် ပျံသန်းရာမှာ ခက်ခဲ လေးလံမှု၊ နှေးကွေးမှုတွေကို ချက်ချင်း ခံစားရတတ်တဲ့ အတွက် ငှက်အုပ်ထဲကို အမြန် ပြန်ဝင် ပေါင်းစည်းပြီး ရှေ့က ခေါင်းဆောင်ငှက် ဆီက ရတဲ့ မြှင့်တင်ခြင်း စွမ်းအား (lifting power) အထောက်အပံ့ကို ရယူ အားပြုပြီး ပျံသန်းကြတယ်။ ကျွန်တော်တို့က စုစည်းညီညွတ်စိတ် ရှိကြမယ်ဆို သွားရာ၊ ဦးတည်ရာချင်း တူတဲ့ သူတွေနဲ့ အတူသွားရင် ပိုမြန်လိမ့်မယ် ဆိုတာ နားလည်ကြတယ်။
ထိပ်ဆုံးကနေ ဦးဆောင် ပျံသန်းနေတဲ့ ဘဲငန်းက မောလာပြီဆိုရင် အုပ်စုရဲ့ နောက်တောင်ပံ ဘက်ဆီ ဆုတ်သွားပီး တခြား ငှက်တစ်ကောင်က အဲ့ဒီနေရာကို အစားထိုး နေရာယူပြီး ပျံသန်းကြတယ်။ တာဝန်ကို အလှည့်ကျ ယူကြပါတယ်။ ဒါဟာ စဉ်းစား ချင့်ချိန်မှုတွေနဲ့ ၀ီရိယအထူးစိုက်ထုတ်ပြီး စိတ်ရောကိုယ်ပါ ပါဝင် လှုပ်ရှားကြတဲ့ ကျွန်တော်တို့ တစ်တွေရဲ့အသင်းအဖွဲ့ စုစည်းမှုပဲပေါ့။
ကျွန်တော်တို့တစ်တွေဟာ ရှေ့က ဦးဆောင် ပျံသန်းနေတဲ့ ငှက်ကို ခွန်အား အပြည့်နဲ့ ပျံသန်းနိုင်ဖို့ နောက်ကနေ ဟစ်အော် အားပေးကြတယ်။ သင်တို့ ရော အနောက်ကနေ ဟစ်အော် ကြတဲ့အခါ ဘာတွေများ အားပေးစကား အဖြစ် ပြောကြ ဖူးပါသလဲ။
V ပုံသဏ္ဌာန် ပျံသန်းခြင်းရဲ့ နောက်ထပ် အကျိုးကျေးဇူးက ကျွန်တော်တို့ တစ်တွေ အားလုံး တစ်ကောင်နဲ့ တစ်ကောင် မြင်နေနိုင် တယ်လေ။ ဒီတော့ အုပ်စုထဲက တစ်ကောင်ကောင် အနောက်မှာ ပြတ်ကျန်ခဲ့တာ၊ အကူအညီ လိုအပ်တာရှိရင် အလွယ်တကူ သတိထားမိ နိုင်တာပေါ့။
နောက်ဆုံးနဲ့ အရေးအကြီးဆုံး အချက်က ကျွန်တော်တို့ အုပ်စုထဲက တစ်ကောင်ကောင်ဟာ နာမကျန်းလို့၊ ပင်ပန်းလို့ပဲ ဖြစ်ဖြစ်၊ သေနတ်နဲ့်ပစ်ခံရလို့ ဒဏ်ရာရ သွားတာပဲ ဖြစ်ဖြစ်၊ ဖွဲ့စည်းမှု ပုံသဏ္ဌာန်ထဲက အပြင်ကို ရောက်သွားတဲ့အခါ တစ်ခြား ဘဲငန်းနှစ်ကောင်က အုပ်စုထဲက ခွဲထွက်ပီး အဲ့ဒီငှက်ကို အကူအညီပေး ကာကွယ်ကြတယ်။ သူတို့က အဲ့ဒီဘဲငန်း ခွန်အားပြည့်လို့ ပျံသန်းလာနိုင်တဲ့အထိ၊ ဒါမှမဟုတ် သေဆုံးသွားတဲ့အထိ အတူတူ ရှိပေးကြတယ်။ နောက်မှ သူတို့ဖာသာ ဆက်လက် ပျံသန်းပြီး၊ ဒါမှမဟုတ် တခြား ငှက်အုပ်တွေနဲ့ ပေါင်းစည်းပြီး သူတို့ အုပ်စုဟောင်း ရှိရာကို မှီအောင် လိုက်ပါ ပျံသန်း သွားကြတယ်။
ဒါဟာ teamwork လို့ခေါ်တဲ့ အသင်းအဖွဲ့ ပေါင်းစည်းလုပ်ရှားမှုနဲ့ ကျွန်တော်တို့ရဲ့ ခရီးရှည်ကြီးကို အမြန်ဆုံး၊ အထိရောက်ဆုံး အောင်အောင်မြင်မြင် လှမ်းနိုင်ခဲ့တဲ့ လျှို့ဝှက်ချက်ပဲပေါ့။

"Coming together is a beginning.
Keeping together is progress.
Working together is success. "
~ Henry Ford

"Teamwork divides the task and multiplies the success. "
~ Unknown


"Talent wins games, but teamwork and intelligence wins championships. "
~ Michael Jordan

A SENSE OF A GOOSE ကို ခံစား ရေးဖွဲ့ပါသည်။
မိုးကုတ်သား

Saturday, May 9, 2009

အနှိုင်းမဲ့ မေတ္တာ



နံနက်ခင်းသစ်တစ်ခုမှာ အရာရာအားလုံး အသစ်တွေ ဖြစ်နေတယ်လို့ သူမ ခံစားရတယ်။ ဆေးရုံနံရံက ပြူတင်းပေါက် ရှည်ရှည်လေးတွေကနေ နေရောင်ခြည်က နွေးထွေးစွာ ဖြာကျလို့။ ခန်းဆီးစလေးတွေ လွန့်လွန့်လူးလူး ဖြစ်အောင် ကြည်ဆယ်ဆော့ကစားရင်း ၀င်လာတဲ့ လေပြည် နုအေးကလဲ စိတ်ခြမ်းမြေ့စရာ။ မိခင်သစ်တစ်ယောက် အတွက်တော့ ဒီနေ့ဟာ ဘယ်လောက် မင်္ဂလာရှိလိုက်သလဲ။ ဒီနေ့ နံနက်ခင်း စောစောမှာပဲ သူမ သားဦးလေးကို အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့တယ်လေ။ အိုး၊ ကျွန်မသားလေးကို တွေ့ချင် လွန်းလှပါပြီ။
“ကျွန်မသားလေးကို တွေ့ခွင့် ရနိုင်မလားဆရာ”
ဆရာဝန်က ဖျော့တော့တဲ့ အပြုံးတစ်ခုနဲ့ သားလေးကို သူမထံပါး ခေါ်လာတယ်။ နောက်တော့ သက်ပြင်း တစ်ချက်ချပြီး ဆေးရုံက နံရံဖြူဖြူတွေဆီ အဓိပ္ပါယ်မဲ့ ငေးမောလို့နေတယ်။ သားလေးက သူ့အဖေလို ခန့်ခန့်ငြားငြားနဲ့ ချောတဲ့ အဖေတူသားလေးလား။ ဒါမှမဟုတ် သူမလို နုနုနယ်နယ်နဲ့ ချောမဲ့ အမေတူသားလေး ဖြစ်မလား။ သူမရင်တွေ တဖျတ်ဖျတ်ခုန်ရင်း သားလေးမျက်နှာကို သိုင်းထုပ်ထားတဲ့ အနှီးစလေးကို ဖြေကြည့်မိတယ်။ ကြည့်စမ်းပါအုံး။ ချောလိုက်တဲ့သားလေး။ သူမနဲ့ပဲ တူသလိုလို၊ သူ့အဖေနဲ့ပဲ တူသလိုလို။ သားလေးခေါင်းပေါ်က အနှီးစလေးတွေ ဖြေချလိုက်တော့ ရင်ဘတ်ထဲက နှလုံးတစ်စုံလုံး ခုန်ထွက်သွားမတတ် နာကျင်သွားရပြီး ဘုရား တမိတယ်။ သားလေးမှာ နား၇ွက်လေး နှစ်ဘက် ပါမလာဘူး။ နားရွက်လေးတွေ နေရာမှာ အပေါက်လေးတွေ ဟောင်းလောင်းနဲ့။ ဘယ်လို ကံကြမ္မာကများ သားလေးကို ရက်စက် လိုက်တာပါလိမ့်။ သားလေးကို ကြည့်ရင်း သူမ ရှိုက်ငင် ငိုကြွေးမိတယ်။ သူမ ယောက်ျားက သူမပခုံးကို ဆုပ်ကိုင်ထွေပွေ့ရင်း သားလေးမှာ နားရွက်လေး နှစ်ဘက် ပါမလာတာက လွဲရင် ကျန်တဲ့ အင်္ဂါ အစိတ်အပိုင်း အားလုံး ပြည့်စုံကောင်းမွန်ကြောင်း နှစ်သိမ့်နေတယ်။
တဖြည်းဖြည်း ရက်တွေ ရလာတော့ သားလေးရဲ့ အကြားအာရုံက ထင်ထားသလို မချို့ယွင်းပဲ ကောင်းမွန်တာ သိသာလာတဲ့အခါ သူမ ပျော်လိုက်တာ။
ဒီလိုနဲ့ သားလေး တဖြည်းဖြည်း ကြီးပြင်းလာခဲ့ပြီး ကျောင်းထားရတဲ့ အရွယ် ရောက်လာခဲ့ပြီ။ ကျောင်းကနေ ပြန်လာတော့ သားက သူမရင်ခွင်ထဲ ပြေးဝင် ငိုရှိုက်နေခဲ့တယ်။ သူမ စိုးရိမ်ထားခဲ့သလိုပဲ။ သားလေးက သူတပါး လှောင်ပြောင်တာတွေကို ခံနိုင်ရည် မရှိရှာခဲ့ဘူး။ နောက်ပိုင်းမှာတော့ သားက ဘယ်သူနဲ့မှ အပေါင်းအသင်း မလုပ်ပဲ စာအုပ်တွေနဲ့ အချိန်ကုန်စေခဲ့တယ်။ သားလေး အားမငယ်အောင် သူမ ဘယ်လောက်ပြောပြော သားက ဘယ် သူငယ်ချင်းနဲ့မှ မဆော့ကစားသလို အိမ်ခန်းနဲ့ စာကြည့်ခန်းထဲမှာသာ စာအုပ်တွေနဲ့ လုံးထွေး ကြီးပြင်းခဲ့တယ်။ သားလေးက ဥာဏ်အင်မတန် ကောင်းသလို စာလဲ အင်မတန်တော်တယ်။ အတန်းထဲမှာလဲ သူက အမြဲ ထိပ်ဆုံးက။ တစ်ခုဆိုးတာက သားလေး လူတော မတိုးတာပဲ။ ကျောင်းက ဆုပေးပွဲတစ်ခုမှာ သူစင်ပေါ်တက်တော့ လူတွေ ၀ိုင်းရီတာ ခံရပြီးနောက်ပိုင်း အဲဒီကျောင်းကပွဲ၊ ဆုပေးပွဲတွေကို ဘယ်လို ခေါ်ခေါ် မရတော့ဘူး။ အင်မတန် စကားပြောကောင်းတဲ့ သားဟာ စင်မြင့်ပေါ်မှာ ပရိတ်သတ်ကို ဘယ်လောက်များ စိတ်ဝင်စားအောင် ပြောမလဲ။ ဒါပေမဲ့ သားကို ဘယ်လို အားပေးပေး စင်မြင့်ပေါ်တက်ဖို့ ခါးခါးသီးသီး ငြင်းဆန်တော့တယ်။ နားရွက်လေးတွေ မပါတာဟာ အညွန့်တလူလူနဲ့ သားလေးရဲ့ဘ၀ကို ရိုက်ချိုးချဖို့ထိ ဖန်တီးခဲ့ပြီလား။ သူမ အမြဲ စိုးရိမ် ကြောင့်ကျခဲ့ရပါတယ်။
ဒီလိုနဲ့ သားလေး တက္ကသိုလ်ဝင်တန်း ဖြေရမဲ့ အရွယ်တောင် ရောက်လာခဲ့ပြီ။ မြို့တော်ကြီးက အကောင်းဆုံး တက္ကသိုလ်တစ်ခုမှာ ပညာတော်သင်ဆုရဖို့အတွက် သားလေး လျာထားခံရပေမဲ့ သားက မတက်ချင်ခဲ့ဘူး။ ဒါဟာ သားလေးစိတ်မှာ အရိုးစွဲနေတဲ့ သိမ်ငယ်မှုကြောင်းမှန်း သူမသိတယ်။ အဲ့ဒီ သိမ်ငယ်မှုကို ဖယ်ရှားပေးနိုင်အောင် သူမ ဘယ်လိုကြိုးစားကြိုးစား မအောင်မြင်ခဲ့ဘူး။ နောက်ဆုံး သူမတို့ လင်မယားနှစ်ယောက် သားလေး ဘ၀ရှေ့ရေးအတွက် ဆွေးနွေးတိုင်ပင်ပြီး သားလေးကို နားရွက်တစ်စုံ တပ်ပေးဖို့ ဆုံးဖြတ်ချက် ချလိုက် ကြတယ်။


မေမေ့ကို ကျွန်တော် ငယ်ငယ်က နားမလည်ခဲ့ဘူး။ နားရွက်လေးနှစ်ဘက် ပါမလာအောင် မွေးပေးခဲ့တဲ့အတွက်လဲ မုန်းချင်ချင်ရယ်။ ကျောင်းမသွားချင်ရင်လဲ ဘယ်တော့မှ မရ၊ စကြနောက်ကြ နှိမ်ကြလွန်းလို့ အပေါင်းအသင်း မထားချင်ပါဘူး ဆိုရင်လဲ မရ။ ကျောင်းကို ဇွတ်သွားခိုင်းတတ်သလို ကျောင်းက အတန်းဖော် တွေကိုတောင် အိမ်ခေါ် ချက်ပြုတ်ကျွေးမွေးပြီး ကျွန်တော်နဲ့ ကစားခိုင်းလိုက်သေးတယ်။ ကျွန်တော်ကတော့ ကလေးဘ၀ကို ဆော့ကစားပြီး မဖြတ်သန်းချင်ဘူး။ သူတို့တွေက ကျွန်တော့်ကို လှောင်ကြတယ်။ ဒီတော့ ကျွန်တော့်ကို ဘာမှ မလှောင်တဲ့ စာအုပ်တွေနဲ့ပဲ ကျွန်တော် နေခဲ့တာ အပြစ်မှ မဟုတ်တာဗျာ။ ကျောင်းကပွဲတွေဆိုလဲ ဇွတ်သွားခိုင်း၊ စင်ပေါ်လဲ ဇွတ်တက်ခိုင်းနဲ့။ သူတို့တွေက အိမ်က ဖေဖေနဲ့ မေမေလို ကျွန်တော့်ကို အားပေးကြဖို့ထက် လှောင်ပြောင်ကြဖို့ပဲ သိတာ မေမေ နားလည်မပေးခဲ့ဘူး။ ကျွန်တော့်မှာ နားရွက်လေး နှစ်ဘက် မပါတဲ့အတွက် လူကြားထဲ ဘယ်လောက် သိမ်ငယ်ရှက်ရွံ့ခဲရလဲ မေမေ မသိခဲ့ဘူးလား။ ကျွန်တော် မသွားချင်တဲ့ ဆုပေးပွဲတွေ မေမေက ခေါ်ရင် မေ့မေ့ကို သိပ် စိတ်ဆိုးတာပဲ။ စာကြည့်ခန်းထဲမှာပဲ ကျွန်တော် ပျော်တယ်။ လူတွေနဲ့ဝေးရာမှာပဲ ကျွန်တော် နေချင်တယ်။
ကျွန်တော် တက္ကသိုလ် ၀င်တန်း တက်ရတဲ့နှစ်မှာ နားရွက်အစားထိုးတပ်ဖို့ အလှူရှင်တစ်ယောက် ပေါ်လာတယ်။ ဆေးရုံသွားပြီး ခွဲစိပ်ကုသလိုက်တော့ ကျွန်တော့်မှာ လှပတဲ့ နားရွက်လေးတစ်စုံ ရှိလာခဲ့ပြီ။ ကျွန်တော် ပျော်လိုက်တာဗျာ။ ကျွန်တော် ပါဝင်ချင်ခဲ့တဲ့ ကျောင်းက အားကစားပွဲတွေ၊ အကပွဲတွေမှာ ပါဝင်လို့ ရခဲ့ပြီ။ ဆုပေးပွဲတွေ၊ ဟောပြောပွဲတွေမှာလဲ စင်မြင့်ပေါ် ကျွန်တော် ကြွားကြွားဝင့်ဝင့် တက်နိုင်ပြီ။ ကျွန်တော့်ကို လူထူးလူဆန်းလို ကြည့်ကြတဲ့ မျက်လုံးတွေ မရှိတော့သလို ဂြိုလ်သားလို့ လှောင်ပြောင်ကြတဲ့ ပါးစပ်တွေလဲ ပိတ်သွားခဲ့ကြပြီ။
တစ်ခုပဲ ရင်ထဲ မတင်မကျဖြစ်နေခဲ့တာက ကျွန်တော့်အတွက် နားရွက် အလှူရှင် ဘယ်သူဘယ်ဝါမှန်း မသိရတာပဲ။ ဖေဖေနဲ့ မေမေ့ကို မေးတိုင်း သိဖို့အချိန်မတန်သေးလို့ ကတိမဖျက်ပါရစေနဲ့ လို့ပဲ ဖြေကြတယ်။ ဒီလိုနဲ့ ကျွန်တော် တက်ချင်တဲ့ တက္ကသိုလ်ကိုလဲ အဆင့်မြင်အောင်ခဲ့ရုံမက ဘွဲ့လွန်သင်တန်းတောင် ပြီးခဲ့ပြီ။ ဘွဲ့လွန်သင်တန်းလက်မှတ်ကို တက်ယူပြီး စင်ပေါ်ကနေ ကျေးဇူးတင်စကား ပြောတော့ ဖေဖေနဲ့ မေမေ့ မျက်နှာမှာ ဂုဏ်ယူဝမ်းမြောက်မှုတွေ အပြည့်နဲ့။ မေမေများဆို ၀မ်းသာလွန်းလို့ မျက်ရည်တွေတောင် ကျလို့ပေါ့။ အဲဒီနေ့မှာပဲ ကျွန်တော် မေမေ့ နဖူးကို မြတ်မြတ်နိုးနိုး နမ်းမိတယ်။ အမေတူသား လို့ ပြောခံရတဲ့ ကျွန်တော်ဟာ မေမေ့လို ချောမွေ့ ကျက်သရေ ရှိနေမှာပေါ့။ မေမေ့နဖူးကို နမ်းဖို့မေမေ့ခေါင်းကို အုပ်မိုးကိုင်မိချိန်မှာ ကျွန်တော့် ကမ္ဘာတစ်ခုလုံး အိုးထိန်းစက်လို ချာချာလည်သွားခဲ့တယ်။ မေမေ့မှာ နားရွက်လေးတွေ မရှိတော့ဘူး။ မေမေ့ ဆံနွယ်စတွေကို ကပျာကယာ ကျွန်တော် ဖယ်ကြည့်တော့ တကယ်ပဲ...။ မေမေရယ်။ မေမေ့ဆံပင်တွေကို ကျွန်တော် ငယ်ငယ်ကလို မစုသိမ်း မထုံးဖွဲ့တော့တာ ဘာကြောင့်လဲ ကျွန်တော် သိသွားပါပြီ။ ကျွန်တော် သိချင်၊တွေ့ချင်လွန်းလှတဲ့ နားရွက်ပိုင်ရှင်ဟာ မေမေကိုယ်တိုင်ပဲ ဖြစ်နေခဲ့တယ်။ မေမေ့မှာ နားရွက်လေးတွေ မရှိတာတောင် လုံးဝမသိရသလို မေမေ့အလှကလဲ မပျက်ခဲ့ပါဘူး။ ကျွန်တော့်လို လူတောမတိုးလဲ မဖြစ်ခဲ့ပါဘူး။ ကျွန်တော့်ဘ၀ကသာ မေမေ့ နားရွက်လေး တစ်စုံကြောင့် အများကြီး ပြောင်းလဲခဲ့ရတာပါ။ မေမေ့ကို တင်းတင်းဖက်ရင်း ကျွန်တော် ငိုကြွေးမိတယ်။
မေမေ နားရွက်တွေ မရှိတော့ သားဖေဖေတောင် မေမေ့အတွက် နားကပ် ၀ယ်ဆင်ပေးရတာ သက်သာသေးတယ်” အဲဒီလိုတောင် မေမေက ရယ်ရယ်မောမော ကျွန်တော့်ကို နှစ်သိမ့် ပြောနိုင်ခဲ့ပါသေးရဲ့။
ကျောင်းစာတွေနဲ့ အတန်းထဲမှာ နံပါတ်တစ်ဖြစ်ဖို့လောက်သာ ၊ ထူးချွန်အောင်မြင်မှုတွေနောက် လိုက်ဖို့သာ အာသာပျင်းပြခဲ့တဲ့ ကျွန်တော့်ရင်ထဲကို မေမေ့ရဲ့ တုနှိုင်းမမှီတဲ့ မိဘ မေတ္တာတရားက အရှိန်အဟုန်ပြင်းပြင်း တိုးဝင်ခဲ့တယ်။
အဲ့ဒီအချိန်က စလို့ပေါ့ ကျွန်တော်ဟာ အောင်မြင်မှုဘ၀တစ်ခုကို ရဖို့ မမေ့လျှော့ခဲ့သလို မေမေ့ကို အရိပ်တကြည့်ကြည့် စောင့်ရှောက်ဖို့လဲ ဘယ်တော့မှ မပျက်ကွက်တော့ပါဘူး။ မေမေ့ရဲ့ ကျေးဇူးတရားတွေကို ပြန်ဆပ်မကုန်နိုင်ပေမဲ့ အချိန်မှီ ဆပ်ခွင့်ပေးခဲ့တဲ့ ဘုရားသခင်ကိုလဲ ကျေးဇူးတင်ပါတယ်။ တကယ်ပါ။

မေလ ဆယ်ရက်နေ့မှာ ကျရောက်မဲ့ မိခင်များနေ့အတွက် ဖတ်မိတဲ့စာတိုလေးတစ်ပုဒ်ကို ခံစားမိသလို ပြန်ရေးဖွဲ့ ပါတယ်။ မူရင်းစာကို ဘယ်မှာဖတ်မိမှန်းမသိတဲ့အတွက် မညွှန်ပြနိုင်တာ ခွင့်လွှတ်ပါခင်ဗျာ။


မိခင်များအားလုံးကို ထာဝရ ဂုဏ်ပြုလျက်

မေတ္တာဖြင့်

မျှဝေခံစားသူ - မိုးကုတ်သား


Thursday, April 23, 2009

စိန်ခေါ်မှုတွေ မရှိတဲ့ နေရာ

တခါက ဒေါက်တာဆမ် ဆိုတဲ့ ဆရာဝန်တယောက် ရှိတယ်။ သူက အောင်မြင် ကျော်ကြားပြီး အင်မတန် အလုပ်များတဲ့ ဆရာဝန်။ ဆေးပညာရပ်မှာ ကျွမ်းကျင်မှုကြောင့်သာ မဟုတ်ဘူး၊ အင်မတန် စိတ်ရှည် သည်းခံတဲ့ စိတ်ထားကို မွေးမြူထားနိုင်တဲ့အတွက်လည်း သူက နာမည် ကြီးတာပါ။ တညသားတော့ ည ဆယ်နာရီခွဲကျော်မှာ လူနာတစ်ယောက်က သူ့အခန်းထဲ ရောက်လာပါတယ်။ အမှန်က ဒေါက်တာဆမ် အိမ်ပြန်တော့မှာ။
“ဒေါက်တာဆမ်၊ဆရာ့ကို ကျွန်တော် အင်မတန် လေးစားပါတယ်။ အခုလေ ကျွန်တော် မေးခွန်းတစ်ခုအတွက် ရိုးရှင်းမှန်ကန်တဲ့ အဖြေတစ်ခု လိုချင်လို့ လာတာပါ။”
လူနာက အဲလိုမေးတော့ ဒေါက်တာဆမ်လဲ ဘာပြဿနာရှိလို့လဲ ပြန်မေးပါတယ်။
“ဒီကမ္ဘာမြေ လောကကြီးပေါ်မှာ စိန်ခေါ်မှု တွေ မရှိတဲ့နေရာလေး တစ်ခု ရှိ၊ မရှိ ကျွန်တော်သိချင်လို့ပါ။”
ဒေါက်တာဆမ်က ဘာဖြစ်လို့ဒီလို မေးတာလဲ မေးတော့ လူနာက သူအဲဒီနေရာမှာ သွားနေချင်လို့ ဆိုပြီး ဖြေပါတယ်။
ဒါနဲ့ ဒေါက်တာဆမ်လဲ မိုးချုပ်နေလို့ နောက်နေ့မနက် ခုနှစ်နာရီမှာ သူ့အိမ် လာခဲ့ဖို့ လူနာကို ပြောလိုက်တယ်။ လူနာကိုလဲ အဲဒီနေရာကို လိုက်ပြပေးမယ် ကတိပေးလိုက်ပါတယ်။ လူနာလဲ အိမ်ပြန်လမ်းတလျှောက်လုံး ဒီဆရာဝန် မနက်ဖြန်မနက် သူ့ကို ဘယ်ခေါ်သွားမလဲ တွေးတောလာခဲ့တယ်။ တညလုံးလဲ မအိပ်ပျော်နိုင်ပဲ မနက်မိုးလင်းဖို့ စောင့်စားနေခဲ့ပါတယ်။ မနက် ခုနှစ်နာရီထိုးတာနဲ့ လူနာလဲ ဒေါက်တာဆမ် ရဲ့ အိမ်ပေါက်ဝကို ရောက်နေပြီ။ ဒေါက်တာဆမ် ကလဲ လူနာကို စောင့်နေပါတယ်။ နောက် သူတို့ အိမ်ကနေ လမ်းလျှောက်ထွက်လာပြီး တက္ကစီ တစ်စီး ငှားလိုက်တယ်။
သူတို့ အဲဒီနေရာကို တနာရီလောက် ကြာအောင် ကားစီးပြီး သွားခဲ့ရတယ်။ အဲဒီနေရာက အင်မတန် ကျယ်ဝန်းပြီး နံရံ မြင့်မြင့် ကာထားတယ်။ ကြီးမားတဲ့ အ၀င်ပေါက်တံခါးလဲ ရှိတယ်။ လူနာလဲ အဲဒီနေရာကို မြင်တော့ ဒီဆရာဝန် ရူးများ ရူးနေသလား၊ ဘာများ ဖြစ်နေသလဲ၊ ဘာကြောင့် ဒီနေရာကို ခေါ်လာသလဲ အမျိုးမျိုး တွေးထင်နေတာပေါ့။ ဟုတ်ပါတယ်။ ဒေါက်တာဆမ်က လူနာကို သင်္ချိုင်းရှိရာ ခေါ်သွားတာကိုး။
“ငါ့ အတွေ့အကြုံအရ ဆိုရင်တော့ စိန်ခေါ်မှု၊ တိုက်ပွဲတွေ မရှိတဲ့နေရာက ဒီနေရာတစ်ခုတည်းပဲ ရှိတယ်ကွ။” ဒေါက်တာဆမ်က တက္ကစီပေါ်ကဆင်းပြီး သူ့လူနာကို ပြောလိုက်ပါတယ်။


ဘ၀ရဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ရာ ကြိုးစားရမှာက ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်။

စိန်ခေါ်မှု တွေက သင့်ကို ပိုပြီး ရင့်ကျက်တည်ငြိမ်စေသလို စိတ်ကို ပိုပြီး ခိုင်ကျည်စေတယ်။

စိန်ခေါ်မှုဆိုတာတွေ ရှိနေမှသာ ဘ၀ဟာ ရှင်သန်နေမှာပါ။


Dsarathy ရဲ့ A Place without any Challenges ကို ဆီလျှော်အောင် ပြန်ရေးထားတာပါ။

ဘာသာပြန်သူ - မိုးကုတ်သား

Thursday, March 5, 2009

ကော်ဖီခွက်ထဲ ယင်တစ်ကောင် ကျသွားတဲ့အခါ


What happens when a fly falls into a coffee cup?

coffee-cup-01.jpg

ကော်ဖီခွက်ထဲ ယင်တစ်ကောင် ကျသွားတဲ့အခါ

အီတာလျံ : ကော်ဖီခွက်ကိုလွှင့်ပစ်လိုက်ပြီး နာလိုခံခက်တဲ့ စိတ်တွေနဲ့ အဝေးကို ထွက်သွားခဲ့တယ်။

ပြင်သစ်: ယင်ကောင်ကို ဖယ်ထုတ်လိုက်ပြီး ကော်ဖီကို သောက်လိုက်တယ်။

တရုတ်: ယင်ကောင်ကို စားလိုက်ပြီး ကော်ဖီကို သွန်ပစ်လိုက်တယ်။

ရုရှား: ကော်ဖီကို ယင်ကောင်နဲ့ တွဲသောက် ပစ်လိုက်တယ်။ ငွေပိုမပေးရပဲ အလကားရတဲ့ အပိုဆုလို့ သူက သတ်မှတ်ထားတယ်လေ။

အစ္စရေး : ကော်ဖီကို ပြင်သစ်ကို ရောင်းတယ်။ ယင်ကောင်ကို ကျတော့ တရုတ်ကို ရောင်းလိုက်တယ်။ ရတဲ့ငွေနဲ့ ကော်ဖီ အသစ်တစ်ခွက် ပြန် ၀ယ်သောက်တယ်။ ပိုတဲ့ ငွေကိုတော့ ကော်ဖီထဲ ယင်ကောင် မကျအောင် ကာကွယ်တဲ့ စက်ပစ္စည်း ထုတ်လုပ်ဖို့ ရင်းနှီး မြှုပ်နှံလိုက်တယ်။

ပါလက်စတိုင်း : ကော်ဖီခွက်ထဲ ယင်ကောင် ကျတဲ့အတွက် အစ္စရေးကို အပြစ်တင်တယ်။ အကြမ်းဖက်မှုတွေ အတွက် UN ကိုဆန္ဒ ပြတယ်။ EU ကနေ ငွေချေးပြီး ကော်ဖီ အသစ်တစ်ခွက် ၀ယ်တယ်။ ငွေတွေကို ဖောက်ခွဲရေး လက်နက်တွေ ၀ယ်ပြီး ကော်ဖီဆိုင်ကို ဖောက်ခွဲ ပစ်လိုက်တယ်။
အီတာလျံ၊ ပြင်သစ်၊ တရုတ် နဲ့ ရုရှား တို့က သူတို့ရဲ့ ကော်ဖီခွက်ကို ပါလက်စတိုင်းကို ပေးပစ်ခဲ့သင့်တယ်လို့ အစ္စရေးကို ၀ိုင်းပြောနေကြပါတယ်။

ကျွန်တော်တို့ရော... ကိုယ့်ကော်ဖီခွက်ထဲ ယင်ကောင် ကျသွားခဲ့ရင် ဘာလုပ်ကြမှာပါလိမ့်။

ဖတ်မိတဲ့ စာတိုလေးတစ်ပုဒ်ကို ဘာသာပြန်ကြည့်တာပါ။

မိုးကုတ်သား

Wednesday, January 14, 2009

မူးရင်မမောင်းနဲ့၊ မောင်းရင် မမူးနဲ့

မေမေ၊ သား ပါတီပွဲ သွားတော့ မေမေ ပြောတာတွေ မှတ်မိပါတယ်။

မေမေ ပြောတယ်နော်။ အရက်မသောက်ရဘူးလို့။ ဒါနဲ့ သားလဲ တခြား အချိုရည်ကိုပဲ သောက်ပါတယ်။

မေမေရယ်၊ သားရင်ထဲမှာ ဂုဏ်ယူလိုက်တာ။ မေမေ ပြောထားတဲ့အတိုင်းပဲပေါ့။

အရက်မူးပြီး ကားမမောင်းနဲ့ တဲ့၊ မေမေ။ တခြားသူတွေက သားကို သောက်ဖို့ ပြောတာတောင် သားတစ်စက်မှ မသောက်ပါဘူး။

သားက လုပ်သင့်တဲ့ အမှန်တရားတစ်ခုကို လုပ်နေတာပဲ၊ နော် မေမေ။ မေမေပြောသမျှ အမှန်တွေဆိုတာ သားသိပါတယ်။

မေမေရေ၊ အခုတောု့ ပါတီပွဲက ပြီးဆုံးသွားခဲ့ပါပြီ။ လူတွေလဲ မြင်ကွင်းကနေ တဖြည်းဖြည်းပျောက်သွားကြပြီ။

သား ကားထဲ ဝင်ထိုင်လိုက်ပြီမေမေ။ မကြာခင်အချိန်မှာ သား အိမ်ကို ပြန်ရောက်တော့မှာပါ။

မေမေစိတ်ပူနေမှာ သားသိတယ်လေ။ မေမေက သားကို တာဝန်ယူစိတ် အပြည့်ရှိပြီး ချိုမြိန်နွေးထွေးတဲ့ မေတ္တာတွေနဲ့ ပြုစုပျိုးထောင်ပေးခဲ့တယ် မဟုတ်လား။

အိမ်ကို ပြန်ဖို့အတွက် ကားကိုမောင်းထွက်လိုက်ပြီး ကားလမ်းမပေါ် အတက်မှာပေါ့။

တခြားကားတစ်စီးက သားကို မမြင်ဘူးမေမေ။ သားရဲ့ကားကို အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်တယ်။

သားအခု လမ်းဘေးက ပလက်ဖောင်းမှာ အသာလေး လဲလျောင်းခံထားရတယ်မေမေ။ ရဲသားကြီး ပြောနေတဲ့ စကားသံကိုလဲ ကြားနေရတယ်။

သားကို ဝင်တိုက်တဲ့ ကားမောင်းသူက အရက်မူးနေတယ် မေမေ။ ဒါပေမဲ့ အဲ့ဒီအတွက် ပေးဆပ်ရသူက သားဖြစ်နေပါရောလား။

သားလေ ဒီနေရာလေးမှာ လဲလျောင်းနေရင်း သေဆုံးရတော့မယ်ထင်ရဲ့။ မေမေရေ.... ဒီနေရာကို မေမေ အမြန်ရောက်ပါစေလို့ သားဆုတောင်းနေတယ်။

မေမေ၊ ဘာလို့ သား ဒီလို ဖြစ်ရတာလဲ၊ မေမေ။ သားရဲ့ အသက်က အခုတော့ ဖောက်ခွဲခံရတဲ့ ဘော့လုံးလေး တစ်လုံးလိုပါပဲလား။

သားရဲ့ ဘေးနားမှာ သွေးတွေချည်းပဲ မေမေရယ်။ အဲ့ဒီသွေးတွေ အားလုံးက သားရဲ့ သွေးတွေပဲပေါ့။

ဆေးမှူး ပြောနေတာ ကြားရတယ်မေမေ။ သားက သိပ်မကြာခင်အချိန်မှာ သေတော့မယ်တဲ့။

မေမေရယ်၊ သား မေမေ့ကို တစ်ခုပဲ ပြောချင်ပါတယ်။ သား အရက်လုံးဝ မသောက်ဘူးဆိုတာ ကျိန်ပြောရဲပါတယ်။

ဒါက တခြားသူကြောင့် ဖြစ်ရတာပါ မေမေ။ သူက မစဉ်းစားခဲ့ဘူးလေ။

သူက အခု သားပြန်လာတဲ့ ပါတီပွဲက လူတစ်ယောက်ယောက် ဖြစ်နိုင်တာပဲ။

တစ်ခုကွာတာက သူက အရက်သောက်သူ၊ သားက အဲ့ဒီအတွက် သေရမဲ့သူ။

လူတွေက ဘာလို့ အရက်ကို အဲ့ဒီလောက် မူးသွားအောင် သောက်ကြတာလဲ မေမေ။ အဲ့ဒါက ဘဝတစ်ခုလုံးကို ပျက်စီးသွား စေနိုင်တယ် မဟုတ်လား။

သားလေ အခု နာကျင်မှုဒဏ်ကို စူးစူးဝါးဝါး ခံစားနေရပြီ။ သားတစ်ကိုယ်လုံးကို ဓားထက်ထက်နဲ့ မွှန်းနေသလိုပဲ။

သားကို ကားနဲ့တိုက်ပစ်ခဲ့တဲ့ သူကတော့ အခု လမ်းလျှောက်နေနိုင်တယ်။ ဒါကို တရားတယ်လို့ သားမထင်ဘူး မေမေ။

သားကတော့ ဒီနေရာမှာ မလှုပ်မယှက် လဲလျောင်းနေရပြီး သူကတော့ အခု သားကို ငေးကြည့်နေရုံက လွဲပီး ဘာမှ မတတ်နိုင်တော့ဘူး မလား။

သားရဲ့ ညီလေးကို မငိုဖို့ ပြောပေးပါ။ ဖေဖေ့ကိုလဲ သတ္တိရှိဖို့ ပြောပေးပါ။

သား ကောင်းကင်ဘုံကို သွားတဲ့အခါ၊ သားရဲ့ အုတ်ဂူမှာ "ဖေဖေ့သား" ဆိုတာကိုသာ ရေးထိုးပေးပါ။

တစ်ယောက်ယောက်က အဲ့ဒီလူကို ပြောသင့်တယ်လို့ မေမေ တွေးနေမလား။ မောင်းရင် မမူးနဲ့ လို့။

သူတို့တွေသာ သတိပေးခဲ့ကြမယ်ဆိုရင်၊ သား အသက်ရှင်ခွင့်ရမယ်လို့ မေမေ မျှော်လင့်နေမှာပဲနော်။

သားရဲ့ အသက်ကို တော်တော် ခက်ခက်ခဲခဲ ရှူနေရပြီမေမေ။ သား တဖြည်းဖြည်း ကြောက်လာသလိုပဲ။

ကျေးဇူးပြုပြီး သားအတွက် မငိုပါနဲ့ မေမေရယ်၊ နော်။ သား မေမေ့ကို လိုအပ်တဲ့အချိန်တိုင်း မေမေက အမြဲ သားအတွက် အဆင်သင့် ရှိနေပေးခဲ့တာပဲ။

သား အားလုံးကို နှုတ်ဆက်မသွားခင် နောက်ဆုံး မေးခွန်းတစ်ခု မေးချင်တာ ရှိတယ်။

"သား အရက်မူးပြီး ကားမမောင်းခဲ့ပါဘူး။ ဒါပေမဲ့ ဘာကြောင့် သားက အဲ့ဒီအတွက် သေရမဲ့သူ ဖြစ်နေခဲ့တာလဲ"

ဒါ နောက်ဆုံးပါပဲ မေမေ

ခုချိန်မှာ သား ဆန္ဒက တစ်ခုထဲ... အဲ့ဒါ

မေမေ့ရဲ့ မျက်လုံးတွေထဲ တည့်တည့် ကြည့်ရင်း...

ဒီစကားကို ပြောခဲ့ချင်တယ်။

"မေမေ့ကို သားချစ်တယ်။ နှုတ်ဆက်ခဲ့ပါတယ် မေမေ"

သင့်လျော်အောင် ဘာသာပြန်ပါသည်။
ဘာသာပြန်သူ - မိုးကုတ်သား

Tuesday, January 13, 2009

အရှုံးထဲက အမြတ်

ဟိုး ရှေးတုန်းက နယ်စပ်မြို့လေး တစ်မြို့မှာ အဖိုးအိုတစ်ဦး နေထိုင်နေတယ်။ တစ်နေ့တော့ သူ့ရဲ့မြင်း ပျောက်ဆုံးသွားခဲ့တယ်။ သူ့ရဲ့မြင်းက နယ်စပ်ကနေ တခြားနိုင်ငံဘက်ကို ကူးဖြတ်ပြေးသွားခဲ့တယ် လို့ သူ ကြားရတယ်။ အိမ်နီးနားချင်းတွေက အဖိုးအိုရဲ့ ဆုံးရှုံးမှုကို စိတ်သက်သာရာရစေဖို့ လာပြီး နှစ်သိမ့်စကား ပြောကြတယ်။ ဒါပေမဲ့ အဖိုးအိုက သူတို့ထင်ထားသလို ပူဆွေးမနေဘဲ အေးအေးဆေးဆေး၊ တည်တည်ငြိမ်ငြိမ်ပဲ သူတို့ကို ပြန်ပြောပါတယ်။
"ကိစ္စမရှိပါဘူး။ ဒါပာာ အဖြစ်အပျက်ဆိုးတစ်ခု ဆိုပေမဲ့ တခြား တစ်ဘက်က ကြည့်ရင်ကတော့ ကောင်းဖို့အတွက်ပဲ နေမှာပါ။"

တစ်ညတော့ အဖိုးအိုက မြင်းခွာသံတွေ ကြားလို့ ဘာလဲ သွားကြည့်လိုက်တဲ့အခါ တော်တော် အံ့ဩသွားခဲ့တယ်။ သူ့ရဲ့ မြင်းနဲ့အတူ တခြား လှပတဲ့ မြင်းတစ်ကောင်ကိုပါ အတူတွဲပြီး တွေ့လိုက်ရလို့ပါ။

ရှင်းရှင်းလေးပါ။ သူ့မြင်းကတော့ အိမ်ကို အဖော် ခေါ်လာပြီ။ သတင်းကြားတော့ အိမ်နီးနားခြင်းတွေက လာပြီး အဖိုးအိုရဲ့ ကံကောင်းပုံကို ချီးကျူးထောပနာ ပြုကြတယ်။ ဒါပေမဲ့ အဖိုးအိုက အရင်လိုပဲ တည်တည်ငြိမ်ငြိမ်နဲ့ တွေးတွေးဆဆ ပြောတယ်။
"အင်း၊ ငါ မြင်းတစ်ကောင်ကို အလကား ရတယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဒါဟာ ကောင်းသလား၊ ဆိုးသလား ပြောဖို့ခက်တယ်။ ကံမကောင်းတာလဲ ဖြစ်ချင် ဖြစ်နိုင်တာပဲလေ။"

အဖိုးအို ပြောတာ မှန်နေတယ်။ အဲ့ဒီ မြင်းကို အဖိုးအိုရဲ့သားက တော်တော် သဘောကျတယ်။ တစ်နေ့တော့ မြင်းစီးရင်း လိမ့်ကျပြီး ခြေထောက်ကို တော်တော်လေး ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားလိုက်တာ။ အဲ့ဒီ ခြေထောက်က ပြန်ကောင်းမလာပဲ ဒုက္ခိတ ဖြစ်သွားရရှာတယ်။ "စိတ်မကောင်းပေမဲ့ သောကဖြစ်နေဖို့ မလိုပါဘူးကွယ်။ ဒါဟာ ကောင်းကျိုးတစ်ခုခု ဖြစ်ဖို့ပဲ နေမှာပါ" လို့ အဖိုးအို က ထုံးစံအတိုင်း အေးအေးချမ်းချမ်းပဲ အဖြစ်အပျက်ကို လက်ခံလိုက်တယ်။

တစ်နှစ်လောက်ကြာတော့ စစ်ပွဲအတွက်ဆိုပြီး လူငယ်တွေ အကုန်လုံးကို စစ်တပ်က ခေါ်သွားလိုက်တာ၊ တော်တော်များများ တိုက်ပွဲမှာ ကျပြီး သေဆုံးခဲ့ရတယ်။ အဖိုးအိုရဲ့သားကတော့ ဒုက္ခိတ ဖြစ်နေတဲ့အတွက် တိုက်ပွဲမှာ ပါဖို့ အခေါ်မခံခဲ့ ရလို့ အသက်ဘေးက လွတ်ခဲ့ပါတယ်။

သတိပြုဖို့ ကောင်းတာက အဆိုးနဲ့အကောင်း၊ ဘေးဒုက္ခနဲ့ ပျော်ရွှင်မှု ဆိုတာတွေဟာ တစ်ခါတစ်ရံမှာ ပုံစံပြောင်းလဲသွားတတ်ကြတယ် ဆိုတာပါပဲ။ အဆိုးကြောင့် ကောင်းတာတွေ ဖြစ်လာတတ်သလို ဘေးဒုက္ခကို ရင်ဆိုင် တွေ့ရလို့ ပျော်ရွှင်စရာ အဖြစ်တွေ ကြုံတွေ့လာရတတ်ပါတယ်။ အဆိုးတွေ၊ ဘေးဒုက္ခတွေကို ကျွန်တော်တို့ ပုံစံတစ်မျိုးနဲ့ ပြောင်းလဲ လက်ခံနိုင်ဖို့ ဒီပုံပြင်လေးက သတိ ပေးနေသလိုပါပဲ။

အားလုံး..... ငြိမ်းချမ်းကြပါစေ။
ဘာသာပြန်သူ - မိုးကုတ်သား

Wednesday, December 17, 2008

အပြောင်းအလဲ တစ်ခု

တစ်ခုသော ညနေခင်း ဆည်းဆာမှာ ကျွန်တော် မက္ကဆီကန်က ကမ်းခြေတစ်ခုဆီ လမ်းလျှောက် ထွက်လာခဲ့တယ်။ ကမ်းခြေအတိုင်း လျှောက်သွားရင်း ခပ်ဝေးဝေးမှာ လူတစ်ယောက်ကို တွေ့တယ်။ အဲ့ဒီလူနဲ့ တစ်ဖြည်းဖြည်း နီးလာတော့ သူဟာ သဲသောင်ပြင်ပေါ်က တစ်ခုခုကို ကုန်းကောက်လိုက်၊ ရေထဲကို လွှင့်ပစ်လိုက် လုပ်နေတာကို တွေ့တော့ တော်တော် စိတ်ဝင်စားသွားတယ်။ ကျွန်တော် ကြည့်မိလိုက်တဲ့ အချိန်တိုင်းလိုလို အဲ့ဒီ လူက သောင်ပြင်ပေါ်မှာ ကုန်းကောက်လိုက်၊ ရေထဲ လွှင့်ပစ်လိုက် လုပ်နေတာကိုပဲ တွေ့နေရတယ်။ ကျွန်တော် သူနဲ့ တော်တော် နီးလာတော့မှ ဒီလူက ကြယ်ငါးတွေကို တစ်ကောင်ပြီး တစ်ကောင် ကောက်ပြီး ပင်လယ်ထဲ လွှင့်ပစ်နေတာကိုး။ ကြည့်ရတာတော့ ဒီနယ်သား ပုံစံမျိုး ပါပဲ။ ကျွန်တော်လဲ တော်တော် အံ့ဩသွားတာနဲ့ သူ့ကို မေးကြည့်တယ်။
“ကောင်းသော ညနေခင်းပါ ခင်ဗျာ။ ခင်ဗျား ဘာတွေလုပ်နေတာပါလိမ့်လို့ ကျွန်တော် စဉ်းစားနေတာ”
“ငါလား၊ ဒီ ကြယ်ငါးလေးတွေကို ပင်လယ်ထဲ ပြန် ပို့ပေးနေတာလေ။ ဒီရေတွေ ကျနေတာ မင်း မြင်တယ်မလား။ တကယ်လို့ ငါသာ သူတို့ကို ပင်လယ်ထဲ ပြန် လွှင့်မပစ်ရင် သူတို့ ဒီ သောင်ပြင်ပေါ်မှာ အောက်စီဂျင် ပြတ်ပြီး သေကုန်ကြမှာပေါ့”
“ငါသိပီ” ကျွန်တော် သူ့ကို ပြန်ပြောလိုက်တယ်။
“ဒါပေမဲ့ ဒီနေရာမှာတောင် ကြယ်ငါးတွေ ထောင်နဲ့ ချီပြီး ရှိနေတာ။ ဒီ အနီးအနား တစ်ဝိုက်က ကမ်းခြေ တွေမှာလဲ အတူတူပဲ ရှိမှာပေါ့။ ခင်ဗျား ဒီလို လုပ်နေရုံနဲ့ ဒါတွေ အကုန်လုံးကို ပြောင်းလဲလို့ မရဘူးဆိုတာတော့ နားလည်ရမှာပေါ့”
ရွာခံ လူက တစ်ချက် ပြုံးလိုက်တယ်။ ခါးကို ကိုင်းညွှတ်ပြီး နောက်ထပ် ကြယ်ငါးတစ်ကောင်ကို ကောက်ယူပြီး ပင်လယ်ထဲ လွှင့်ပစ်လိုက်ရင်း ကျွန်တော့်ကို ပြန်ပြောတယ်။
“ကဲ ဒီတစ်ကောင်ကိုတော့ ငါ ပြောင်းလဲလိုက်ပြီ”

Everyone thinks of changing the world, but no one thinks of changing himself. ~Leo Nikolaevich Tolstoy

I have found the paradox that if I love until it hurts, then there is no hurt, but only more love. ~Mother Teresa

Nobody can do everything, but everyone can do something. ~Author Unknown

To put the world right in order, we must first put the nation in order; to put the nation in order, we must first put the family in order; to put the family in order, we must first cultivate our personal life; we must first set our hearts right. ~Confucius

သင့်လျော်အောင် ဘာသာပြန်ပါသည်။
ဘာသာပြန်သူ - မိုးကုတ်သား

Friday, December 12, 2008

ဒုက္ခတွေကို အိမ် မသယ်နဲ့- ဒုက္ခသစ်ပင်


ကျွန်တော့် လယ်ထဲက အိမ်ကလေးကို ပြုပြင် မွန်းမံဖို့ လက်သမား တစ်ယောက်ကို ခေါ်လိုက်တယ်။ စစချင်း တစ်ရက်မှာပဲ အခြေခံ အလုပ် တော်တော်များများ ပြီးသွား ခဲ့ပြီ။ ဒါတောင် ပြားကပ်နေတဲ့ သူ့ ကားတာယာကို ပြင်နေရတာ တစ်နာရီလောက် အချိန် ပုပ်သွားပေလို့။ အခုတော့ သူ့ရဲ့ အိုဟောင်းနေတဲ့ ပစ်ကပ်ကားလေးက စက်စ နှိုးဖို့ ငြင်းဆန် နေပြန်ပြီ။
ဒါနဲ့ ကျွန်တော်လဲ သူ့ကို ကျွန်တော့်ကားနဲ့ ပြန်လိုက်ပို့ပေးတော့ သူက ကျောက်တုံးကြီး ချထားသလို တိတ်တိတ် ဆိတ်ဆိတ် ထိုင်ပြီး လိုက်လာ ခဲ့တယ်။ သူ့အိမ်ကို ရောက်တော့ သူ့မိသားစုနဲ့ မိတ်ဆက်ပေးချင်တယ် ဆိုတာနဲ့ ကျွန်တော်လဲ သူ့အိမ်ထဲ လိုက်သွားတယ်။ အိမ်တံခါးဝဆီကို လျှောက်နေတုန်း သူ့အိမ် အဝင်လမ်းကလေးရဲ့ ဘေးက သစ်ပင်တစ်ပင် အနားရောက်တော့ သူက သစ်ကိုင်းတစ်ကိုင်းကို လက်နှစ်ဘက်နဲ့ ဆုပ်ကိုင် ဆွဲယူပြီး မျက်စိတွေကို မှိတ်ထားလိုက်ရင်း အသက်ကို တစ်ဝကြီး ခပ်ပြင်ပြင်း ရှူလိုက်သေးတယ်။
သူ့အိမ်တံခါးကို တွန်းဖွင့်ပြီး စဝင်ကတည်းက သူ့မျက်နှာက အစောနကလို မဟုတ်တော့ဘူး။ အံ့ဩစရာ ကောင်းလောက်အောင်ကို ပြောင်းလဲသွားတယ်။ စိတ်ရှုပ်ထွေးနေတဲ့ သူ့မျက်နှာက ခုတော့ ပြုံးရွှင် ချိုမြလို့။ သူ့ ခလေးလေး နှစ်ယောက်ကို ဖက်ပွေ့ နှုတ်ဆက်တယ်။ ပြီးတော့ သူ့မိန်းမကို အနမ်း တစ်ပွင့်နဲ့ နှုတ်ဆက် လိုက်သေးတယ်။ သူ ကျွန်တော့် ကားနားကို ပြန်လိုက်ပို့တော့ သိချင်စိတ်ကို ဘယ်လိုမှ ချုပ်တည်းလို့ မရတော့ဘူး။ ဒါနဲ့ လတ်တလော တွေ့မြင် လိုက်ရတာ တွေကို မေးကြည့်မိတယ်။
"အိုးဟိုး၊ ဒါက ငါ့ရဲ့ ဒုက္ခ သစ်ပင်ပေါ့" သူအိမ်အဝင် မှာတုန်းက ဆွဲကိုင်ခဲ့တဲ့ သစ်ပင်ကို ညွှန်ပြတယ်။
"ငါ့ အလုပ်မှာ အဆင်မပြေမှုတွေ၊ ဒုက္ခတွေနဲ့ မလွဲမရှောင်သာ ကြုံရမယ် ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ သေချာတာ တစ်ခုက အဲ့ဒီ ဒုက္ခတွေ၊ အဆင်မပြေမှုတွေက အိမ်မှာရှိတဲ့ ငါ့မိန်းမ၊ ခလေးတွေနဲ့ ဘာမှ မဆိုင်ဘူးလေ။ ဒါကြောင့် ငါ အိမ်ကို ပြန်လာတိုင်း အဲ့ဒီ ဒုက္ခတွေကို ဒီ ဒုက္ခသစ်ပင်မှာ ချိတ်ဆွဲ ချန်ထားခဲ့ပြီးမှ အိမ်ထဲ ငါဝင်တာ။ ပြီးတော့ မိုးလင်းလို့ ငါ အလုပ် သွားပြီ ဆိုရင် အဲ့ဒီ ဒုက္ခတွေကို ငါ ပြန်သယ်သွားတယ်။ ရီစရာ ကောင်းတာ တစ်ခုက..." သူက တစ်ချက် ပြုံးလိုက်ရင်း ဆက်ပြောတယ်။
"ငါ အိမ်အပြင်ရောက်လို့ ဒုက္ခသစ်ပင်မှာ ချိတ်ဆွဲထားတဲ့ အဲ့ဒီ ဒုက္ခတွေကို ပြန်ကောက် ယူလိုက်ရင် မနေ့ညက ငါ ချိတ်ဆွဲထားသလောက် သူတို့က ကျန်မနေတော့ဘူး။ တစ်ခါတစ်ခါဆို ဒီ ဒုက္ခ သစ်ပင်မှာ ဘာဒုက္ခမှကို ကျန်မနေခဲ့တော့တာ"
အမြဲ သတိရနေရမှာက....
"ပူပန်သောက ဆိုတာ လှုပ်နေတဲ့ ခုံတစ်လုံးနဲ့တူတယ်။ သူက ကိုယ့်ကို လှုပ်ရှားနေဖို့၊ အငြိမ်မနေဖို့ အလုပ် တစ်ခုခုတော့ ပေးထားမယ်။ ဒါပေမဲ့ ဘယ်တော့မှ အကျိုးရှိတဲ့ ရလာဒ်ကို မပေးဘူးလေ။"

သင့်လျော်အောင် ဘာသာပြန်ပါသည်။
ဘာသာပြန်သူ - မိုးကုတ်သား

Thursday, December 11, 2008

မိန်းမ တစ်ယောက်ရဲ့ အသက်ကို ဘယ်လို ခန့်မှန်းသလဲ



အမျိုးသမီး တစ်ယောက်ဟာ သူမရဲ့ နှစ်ငါးဆယ်ပြည့် မွေးနေ့မှာ အလှပြင်ဆိုင် သွားပြီး မျက်နှာပေါ်က အရေးအကြောင်း တွေကို ပြုပြင်လိုက်တယ်။
ဒေါ်လာ ငါးထောင်လောက် သုံးပစ်လိုက်ရပေမဲ့ အင်မတန် အကျိုးထူးတဲ့ ရလာဒ် ကြောင့် သူမ ပျော်ရွှင် နေတယ်။ အိမ်အပြန် လမ်းမှာ သတင်းစာ ဝင်ဝယ်လိုက် သေးတယ်။ သတင်းစာ ဝယ်ပြီး ပြန်မထွက်ခင် သူမက စာရေးကို မေးလိုက်တယ်။
ဒို့ တစ်ခု မေးရင် မောင်လေး စိတ် မဆိုးဘူးထင်တယ်၊ ဒို့ အသက် ဘယ်လောက်ရှိပြီလဲ ခန့်မှန်းနိုင်လား”
၃၂နှစ်လောက်ပေါ့ စာရေးက ပြန်ဖြေလိုက်တယ်။
အိုး၊ မဟုတ်သေးဘူး။ ဒို့က ဒီနေ့ပဲ ၅၀ ပြည့်တာ” အမျိုးသမီးက ပျော်ရွှင်စွာ ပြောလိုက်တယ်။
နောက်တော့ သူမက မက်ဂ်ဒေါ်နယ်ဆိုင်ထဲ ဝင်သွားပြီး ကောင်တာက ကောင်မလေးကို အဲ့ဒီ မေးခွန်း ပြန် မေးလိုက်ပြန်တယ်။
ကောင်မလေးကဖြေတယ် “၂၉နှစ်လောက်ပေါ့”
မဟုတ်ဘူး။ ၅၀ ရှိပြီ” အမျိုးသမီးက ပြောလိုက်တယ်။
ခုတော့ အမျိုးသမီးက သူမကိုယ် သူမ တော်တော်လေး ကျေနပ် နေပြီ။ သူမ လမ်းဆက် လျှောက်လာရင်း ဆေးဆိုင်တစ်ဆိုင် တွေ့တော့ ဝင်ပြီး ပူရှိန်းသကြားလုံး တစ်ချို့ ဝင်ဝယ်လိုက် ပြန်တယ်။ ကောင်တာကို ရောက်တော့ ထုံးစံအတိုင်း သူမ မေးချင် လွန်းလှတဲ့ မေးခွန်းကို မေးလိုက် ပြန်တယ်။

အိုး၊ ၃၀လို့ ထင်တယ်” ကောင်တာစာရေးက ဖြေလိုက်တယ်။
ဒို့အသက်က ၅၀ကွ၊ ဘာပဲဖြစ်ဖြစ် မင်းကို ကျေးဇူးတင်ပါတယ်” အမျိုးသမီးကပျော်ရွှင်စွာနဲ့ တုံ့ပြန်လိုက် ပြန်တယ်။
သူမ အိမ်ပြန်ဖို့ ဘတ်စ်ကား စောင့်နေတုန်း သူမဘေးမှာ ကားစောင့်နေတဲ့ အဖိုးအို တစ်ဦးကို တွေ့တော့ အဲ့ဒီ မေးခွန်းကိုပဲ ထပ်ပြီး မေးလိုက်ပြန်တယ်။
အဖိုးအိုက ပြောတယ်။ “ဒီမှာ အမျိုးသမီး။ ငါ့အသက်က ၇၈နှစ် ရှိနေပြီ။ အမြင်အာရုံတွေလဲ မွဲနေပြီ။ ဒါပေမဲ့ ငါ ငယ်ငယ်တုန်းကတော့ မိန်းမတွေရဲ့ အသက်ကို တိတိကျကျ ပြောနိုင်တဲ့ နည်းလမ်း ရှိခဲ့ဖူးတယ်။ ငါ့စကားက သိပ်ပြီး စည်းကျော် နေမလားပဲ။ မမြင်ရမေမဲ့ မင်းရဲ့ ဘော်လီ အင်္ကျီအောက်ကို ငါ လက်နှိုက် စမ်းသပ်လို့ ရမယ်ဆိုရင်တော့ မင်းရဲ့ အသက်ကို တိတိကျကျ၊ သေချာပေါက်ကို ပြောနိုင်မှာပါ”
အမျိုးသမီးက ခဏတိတ်သွားပေမဲ့ ဒီအဖိုးကြီးရဲ့ အဖြေကို ကြားချင်တဲ့ စိတ်က အနိုင်ယူ သွားခဲ့တယ်။
သူမ သိချင်စိတ်ကို ထိန်းမရတဲ့ အဆုံး အဖိုးကြီးကို စူအောင့်အောင့်နဲ့ ပြောလိုက်တယ်။
ဘာပဲ ဖြစ်ဖြစ်၊ ကောင်းပြီလေ။ စမ်းကြည့်ပေါ့”
အဖိုးအိုက အမျိုးသမီးရဲ့ရင်သားနှစ်ဖက်ကို စမ်းသပ်လိုက်၊ ဆုပ်နယ် ပွတ်သပ်လိုက်နဲ့ လုပ်နေတယ်။ အချိန် နည်းနည်းကြာတော့ အမျိုးသမီးက စိတ်မရှည်တော့ဘူး။
ဒီမှာအဖိုးကြီး၊ ကျွန်မအသက် ဘယ်လောက် ရှိပြီလဲ”
ဒီတော့မှ အဖိုးအိုက အမျိုးသမီးရဲ့ ရင်သားနှစ်ခုကို စမ်းသပ် နေရာကနေ နောက်ဆုံး အကြိမ် ဖွဖွ ဆုပ်နယ် လိုက်ပြီး လက်ကိုဖယ်ရင်း ပြောလိုက်တယ်။
ကောင်းပြီ အမျိုးသမီး၊ မင်းရဲ့ အသက်က ၅၀ မဟုတ်လား”
အမျိုးသမီးက အံ့ဩလွန်းလို့ မျက်လုံးပြူးသွားတယ်။ ကြားရတာ မယုံနိုင်ဘူး ဖြစ်နေတာပေါ့။

တကယ်ကို မယုံနိုင်စရာပဲ၊ ရှင် ဘယ်လိုလုပ် အတိအကျကို ပြောနိုင်တာလဲ”
ပြောပြရင် မင်းငါ့ကို စိတ်မဆိုးရဘူး၊ ဘာမှလဲမလုပ်ရဘူး” အဖိုးအိုက ကတိတောင်းတယ်။
ကောင်းပါပြီ၊ ကတိပေးပါတယ်” အမျိုးသမီးက ကတိပေးလိုက်တယ်။

မက်ဂ်ဒေါ်နယ် ဆိုင်မှာတုန်းက ငါ မင်းအနောက်မှာ တန်းစီနေတာလေ”

“@#$%^&*”

(အဖိုးအို ဘာကြောင့် သိသွားတာလဲ ဆိုတာ တွေးမိလောက်ရောပေါ့)

ဒီဟာသက ရိုင်းပျနေတယ် ဆိုရင်လဲ ခွင့်လွှတ်ပေးကြပါဗျာ။
သတိမမူ၊ ဂူမမြင်အောင် ဖြစ်တတ်တဲ့ သဘာဝလေးကို ပြောပြချင်လို့ပါ။
လာလည်ကြသူတွေကို စော်ကားလိုစိတ် လုံးဝမရှိပါကြောင်း..။

ရေးသားသူ - မိုးကုတ်သား

Wednesday, December 3, 2008

THE BOY AND THE APPLE TREE (ကောင်လေးနဲ့ ပန်းသီးပင်)

ဟိုး တစ်ချိန် တုန်းကပေါ့ကွယ် (ဟီးဟီး၊ ပုံပြောဆရာ လေသံနဲ့ ပြောကြည့်တာ)။ အင်မတန် ကြီးမားတဲ့ ပန်းသီးပင်ကြီး တစ်ပင် ရှိသတဲ့။ အဲ့ဒီ ပန်းသီးပင်ကြီးကို အင်မတန် ချစ်တဲ့ ကောင်လေး တစ်ယောက်က နေ့တိုင်း ပန်းသီးပင်ကြီးနား လာလာပီး ဆော့လေ့ ရှိသတဲ့။ သစ်ပင်ကြီးထိပ်ထိ တက်ပြီး ပန်းသီးတွေ ခူးစားလိုက်၊ ဆော့ကစားလို့ မောလာရင်အပင်ရိပ်အောက်မှာ တရေးတမော အိပ်လိုက်နဲ့ပေါ့။ သူက ပန်းသီးပင်ကြီးကို ချစ်သလို ပန်းသီးပင်ကြီးကလဲ အဲ့ဒီ ကောင်လေးနဲ့ ကစားရတာ အင်မတန် နှစ်သက်ပါတယ်။ အချိန်တွေ တဖြည်းဖြည်း ကြာလာတော့ သူလဲ ကြီးပြင်းလာပြီး သစ်ပင်ကြီးဆီကို နေ့တိုင်းလာပြီး ဆော့ကစား မနေတော့ဘူး။
တစ်ခါတော့ ကောင်ကလေးက သစ်ပင်ကြီးဆီ ပြန်ရောက်လာပါတယ်။ သူ့ကို ကြည့်ရတာလဲ ဝမ်းနည်းနေပုံပါပဲ။
“ငါနဲ့ လာပြီး ကစားပါဦးကွယ်” သစ်ပင်ကြီးက ကောင်ကလေးကို ဖိတ်ခေါ်လိုက်တယ်။
“ကျွန်တော် ကလေး မဟုတ်တော့ဘူး၊ သစ်ပင်ကြီးနား ပြေးလွှား ဆော့ကစား နေရမဲ့ အရွယ်လဲ မဟုတ်တော့ဘူး”
သူက ငြင်းဆန်လိုက်တယ်။
“ကျွန်တော် အရုပ်တွေ လိုချင်တယ်။ အရုပ်တွေ ဝယ်နိုင်ဖို့ အတွက် ငွေ လိုနေတယ်”
“စိတ် မကောင်းပါဘူး ကလေးရယ်။ ငါ့မှာ မင်းလိုနေတဲ့ ငွေတော့ မရှိပါဘူး။ ဒါပေမဲ့ ငါ့ကိုယ်ပေါ်က ပန်းသီးတွေကို ခူးပြီး မင်း ဈေးထဲမှာ သွားရောင်းမယ် ဆိုရင်တော့ မင်းလိုချင်တဲ့ငွေ ရနိုင်ကောင်းပါရဲ့”
သူလဲ တော်တော် စိတ်လှုပ်ရှား ကျေနပ် သွားတယ်။ သစ်ပင်ကြီးဆီက ရှိသမျှ ပန်းသီးတွေကို ခူးဆွတ်ပြီး ပျော်ရွှင်စွာ ထွက်ခွာသွားခဲ့တယ်။ အဲ့ဒီ အချိန်ကရင်း သစ်ပင်ကြီးဆီကို ကောင်ကလေး ပြန် မလာတော့ဘူး။ သစ်ပင်ကြီးလဲ ဝမ်းနည်းရုံက လွဲပြီး ဘာမှ မတတ် နိုင်ဘူးပေါ့။
တစ်ရက်တော့ ကောင်ကလေးက ပြန်ရောက်လာပါတယ်။ လူကြီး တစ်ယောက်လို ပြောင်းလဲ သွားပြီဖြစ်တဲ့ ကောင်ကလေး ကို ကြည့်ပြီး သစ်ပင်ကြီးလဲ တော်တော် စိတ် ပျော်ရွှင်သွားတယ်။
“ငါနဲ့ လာပြီး ကစားပါဦးကွယ်” သစ်ပင်ကြီးက ဝမ်းပန်းတသာ ခေါ်လိုက်တယ်။
“ကျွန်တော့်မှာ ကစားဖို့ အချိန် မရှိဘူး၊ ကျွန်တော့် မိသားစုအတွက် အလုပ်တွေ လုပ်ရဦးမယ်။ ကျွန်တော်တို့ နေဖို့အတွက် အိမ်လိုတယ်လေ။ ခင်ဗျား ကူညီန်ုင်မလား”
“စိတ် မကောင်းပါဘူး ကလေးရယ်။ ငါ့မှာလဲ အိမ်မရှိပါဘူး။ ဒါပေမဲ့ ငါ့ရဲ့ သစ်ကိုင်းတွေကို ခုတ်ယူပြီး မင်းအိမ်ဆောက်လို့ ရတန်ကောင်းပါရဲ့နော်”
သူလဲ သစ်ကိုင်းတွေကို ဖြတ်တောက် ယူငင်ပြီး ပျော်ရွှင်စွာ ထွက်သွား ခဲ့ပြန်တယ်။ သစ်ပင်ကြီးကတော့ သူပျော်နေတာကို ကြည့်ပြီး ကြည်နူးနေပေမဲ့ သူက နောက်ထပ် ပေါ်မလာ တော့ပြန်ဘူး။ သစ်ပင်ကြီးလဲ အထီးကျန်စွာနဲ့ ပူဆွေးဝမ်းနည်း နေရ ပြန်တာပေါ့။
အလွန် ပူပြင်းတဲ့ နွေနေ့ တစ်နေ့ခင်းမှာတော့ သူ ပြန်ရောက် လာခဲ့တဲ့ အတွက် သစ်ပင်ကြီးဟာ ၀မ်းပန်းတသာ ဖြစ်သွားတယ်။
“ငါနဲ့ လာပြီး ကစားပါဦးကွယ်” သစ်ပင်ကြီးက သူ့ကို ခေါ်လိုက်တယ်။
“ကျွန်တော် အသက် ကြီးလာပြီ။ ကျွန်တော့် စိတ်တွေ အပန်းဖြေဖို့ အတွက် ပင်လယ်ထဲကို ရွက်လွှင့် သွားချင်တယ်။ ခင်ဗျား ကျွန်တော့်အတွက် လှေ တစ်စီးလောက် ပေးနိုင်မလား ” သူက မေးလိုက်တယ်။
“ဒါဆိုရင်လဲ ငါ့ရဲ့ ပင်စည်ကို အသုံးပြုပြီး လှေ တစ်စင်း ဆောက် လိုက်ပါကွယ်။ ဟိုး အဝေးကြီးကို မင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ရွက်လွှင့် သွားနိုင်မှာပါ”
ဒီလိုနဲ့ သူလဲ ပင်စည်ကို ခုတ်လှဲပြီး လှေတစ်စီး ဆောက်လိုက်တယ်။ နောက်ပြီး အဝေးကြီးကို ရွက်လွှင့် သွားလိုက်တာ၊ အချိန် အကြာကြီး အထိ ပြန်ကို ပေါ်မလာ တော့ဘူး။
နောက်ဆုံးမှာတော့ နှစ်ပေါင်းများစွာ အကြာမှာ သူက ပြန်ရောက်လာပြန်ပါတယ်။
“စိတ် မကောင်းပါဘူး ကလေးရယ်။ အခုတော့ ငါ့မှာ မင်းအတွက် ပေးစရာ ဘာမှ မကျန်တော့ ပါလားကွယ်။ မင်းအတွက် ပန်းသီးတွေလဲ မသီး ပေးနိုင်တော့ပါဘူး” သစ်ပင်ကြီးက ပြောလိုက်တယ်။
“ကိစ္စမရှိပါဘူးဗျာ၊ ကျွန်တော့်မှာလဲ ကိုက်စရာ သွား တစ်ချောင်းမှ မကျန်တော့ပါဘူး” သူက ပြန်ပြော လိုက်တယ်။
“မင်း အရင်လို တက်ဆော့ဖို့ ပင်စည်တွေလဲ မရှိတော့ဘူး လူလေးရဲ့”
“ကျွန်တော်ကလဲ သစ်ပင်ပေါ် မတက် နိုင်တော့လောက်အောင်ကို အို နေခဲ့ပါပြီဗျာ”
“ငါ့မှာတကယ်ပဲ မင်းကို ပေးစရာ ဘာမှ မရှိတော့ဘူး၊ အခု ငါ့မှာ ကျန်နေတာ ဆိုလို့ ခြောက်သွေ့နေတဲ့ ဒီ သစ်မြစ်ဆုံ တစ်ခုပါပဲကွာ” သစ်ပင်ကြီးက မျက်ရည်လည်ရွှဲနဲ့ ဝမ်းနည်းပက်လက် ပြောလိုက်တယ်။
“အခုတော့ ကျွန်တော်လဲ ဘာမှ သိပ်ပြီး မလိုအပ် တော့ပါဘူးဗျာ။ အနားယူလို့ ရမဲ့ နေရာလေး တစ်ခုပဲ လိုတာပါ။ ဒီနှစ်တွေမှာ ကျွန်တော် တော်တော်ကြီးကို ပင်ပန်းနေခဲ့တာ” သူက ပြန်ပြောပါတယ်။
“အိုး၊ ဒါဆို ကောင်းတာပေါ့ကွယ်။ သစ်ပင်အိုတွေရဲ့ အမြစ်ဆုံတွေက လဲလျောင်း အနားယူဖို့ အကောင်းဆုံး နေရာပဲပေါ့။ ကဲ၊ ကဲ။ ငါနဲ့ အတူ လာထိုင်ပြီး အနားယူပေတော့”
သူလဲ သစ်ပင်ကြီးနဲ့အတူ ထိုင်ချ အနားယူလိုက်တယ်။ သစ်ပင်ကြီးလဲ ဝမ်းသာလွန်းလို့ မျက်ရည်စတွေနဲ့ အတူ ပြုံးလို့။

ဒီပုံပြင်ထဲက ပန်းသီးပင်ကြီးက ကျွန်တော်တို့ တစ်တွေရဲ့ မိဘနဲ့ တူပါတယ်။ ကျွန်တော်တို့ ငယ်စဉ်တုန်း ကတော့ အဖေ၊ အမေနဲ့ ဆော့ကစားရတာ အင်မတန် ပျော်ကြ ပါတယ်။ ကျွန်တော်တို့ တစ်တွေ ကြီးပြင်းလာတော့ မိဘတွေကို စွန့်ခွာ သွားကြပြီး ကိုယ် တစ်ခုခု လိုအပ်မှ၊ ဒါမှမဟုတ် ဘေးဒုက္ခ တစ်ခုခု ကြုံရမှ မိဘတွေဆီ အပူကပ် ကြတယ်။ ဘာတွေ ဘယ်လိုပဲ ဖြစ်ဖြစ် မိဘတွေကတော့ သားသမီးတွေ လိုအပ် သမျှကို တတ်နိုင်သမျှ ဖြည့်ဆည်းခွင့် ရရင်၊ သားသမီးတွေ ပျော်ရွှင်နေရင်ပဲ ကျေနပ် နေကြပါတယ်။ ကျွန်တော်တို့ကတော့ ပုံပြင်ထဲက ကောင်ကလေးကို သိပ်ပြီး ရက်စက်တယ်လို့ ထင်နေကြမှာ ပါပဲ။ ဒါပေမဲ့ ကိုယ့်မိဘတွေကို အဲ့ဒီလို ဆက်ဆံမိတဲ့ သားသမီးတွေ အများကြီးပါပဲ။ မိဘတွေရဲ့ ထောက်ပံ့မှုတွေကို ယူခဲ့ပေမဲ့ သူတို့ရဲ့ ကျေးဇူးတွေကို ပြန်ဆပ်ဖို့ရာကို တော့ သိပ် နောက်ကျပြီးမှ သတိရ တတ်ကြပါတယ်။
သင်ရော နောက်ကျခဲ့ပြီလား။ နောက်မကျသေးဘူးဆိုရင်လဲ သင့်မိဘကို ပြန်ပြီး စောင့်ရှောက်နိုင်တဲ့ သားသမီးကောင်း တစ်ယောက် ဖြစ်ဖို့ အချိန် မှီပါသေးတယ်။

သင့်လျော်အောင် ဘာသာပြန်ပါသည်။
ဘာသာပြန်သူ - မိုးကုတ်သား

Monday, December 1, 2008

Love and Time (အချစ်နဲ့ အချိန်)

တစ်ခါတုန်းက ကိုဖိုးပျော်၊ မယ်စိတ်ညစ်၊ ကိုသုတ အပါအဝင် ခံစားချက်တွေ အားလုံးဟာ ကျွန်းလေး တစ်ကျွန်းပေါ်မှာ အတူ နေထိုင်ကြသတဲ့။ အချစ်လဲ ပါတာပေါ့။ တစ်ရက်တော့ အဲ့ဒီ ခံစားချက်တွေ အားလုံးဆီကို သတင်းတစ်ခု ရောက်လာပါတယ်။ သူတို့နေတဲ့ ကျွန်းကလေးက မကြာခင် ပင်လယ်အောက်ကို နစ်မြှုပ်တော့ မယ်တဲ့။ အားလုံးလဲ ကိုယ့် ကိုယ်ပိုင် လှေ ကလေးတွေ ဆောက်ပြီး ကျွန်းကလေးကို ခွဲခွာသွားဖို့ စီစဉ်ကြတယ်။ ဒါပေမဲ့ အချစ်က မဆောက်ဘူး။ ဒီကျွန်းလေးကို သူ မခွဲနိုင်ဘူးလေ။ ဒီကျွန်းကလေးနဲ့ အတူနေနိုင်သမျှ သူနေမယ်လို့ ဆုံးဖြတ် ထားတယ်။ ကျွန်းကလေး ပင်လယ်ထဲကို လုံးလုံးလျားလျား နစ်မြှုပ်ခါ နီးမှ သူက အကူအညီ တောင်းဖို့ ဆုံးဖြတ်လိုက်တယ်။
အင်မတန် ကြီးကျယ် ခမ်းနားတဲ့ လှေကြီးတစ်စင်းနဲ့ ဖြတ်သွားတဲ့ ဦးချမ်းသာကို တွေ့တော့ အချစ်က မေးတယ်။
“ဦးချမ်းသာရေ၊ ကျွန်တော့်ကို ခင်ဗျား လှေနဲ့ ခေါ်သွားလို့ ရမလား?”
ဦးချမ်းသာက “မရဘူး၊ ငါ ခေါ်သွားနိုင်မှာ မဟုတ်ဘူး။ ငါ့လှေထဲမှာ ရွှေတွေ၊ ငွေတွေ အပြည့် ဖြစ်နေတော့ မင်းအတွက် နေရာမရှိတော့ဘူးကွ”
အင်မတန်လှပတဲ့ လှေတစ်စီးနဲ့ သူ့ရှေ့က ဖြတ်သွားတဲ့ ဒေါ်ဝင့်ဝါကို မြင်တော့ အကူအညီတောင်းဖို့ အချစ်က ဆုံးဖြတ်လိုက်တယ်။ “ဒေါ်ဝင့်ဝါရေ၊ ကျွန်တော့်ကို ကယ်ပါဦးဗျာ!”
“ငါ မကယ်နိုင်ဘူးအချစ်ရေ၊ ကြည့်စမ်းပါဦးကွယ်။ နင့်တစ်ကိုယ်လုံး စိုရွှဲနေလိုက်တာများ။ ငါ့ရဲ့ လှေကလေးပါ ပျက်စီးသွားဦးမယ်ကွယ်” ဒေါ်ဝင့်ဝါက ပြောလိုက်တယ်။
အလို၊ မယ်စိတ်ညစ်ရဲ့ လှေကလေး နီးလာပါလား။ အကူအညီ တောင်းအုံးမှ။
“မယ်စိတ်ညစ်ရေ၊ ငါ မင်းနဲ့အတူ လိုက်ခဲ့ပါရစေ။”
“အိုး၊ အချစ်ရေ..။ ငါ ဝန်းနည်းလွန်းလှလို့ တစ်ယောက်ထဲ နေပါရစေကွယ်။”
ဒီလိုနဲ့ ကိုဖိုးပျော်ရဲ့ လှေကလေး အချစ်နားက ဖြတ်သွားပြန်တော့ သူ့ကို ခေါ်တဲ့ အသံတောင် မကြားနိုင်အောင် ပျော်ပျော်ရွှင်ရွှင်နဲ့ ရွက်လွှင့် သွားပြန်ပါတယ်။
“ဟေ့ အချစ်၊ ငါနဲ့လိုက်ခဲ့” ရုတ်တရက် ထွက်လာတဲ့ အသံကြောင့် အချစ်ကြည့်လိုက်တော့ ဖိုးဖိုး တစ်ယောက်ကို တွေ့ရတယ်။ ဘာပြောကောင်းမလဲ။ ဆုမွန်ကောင်းတစ်ခု ရလိုက် သလိုပဲ၊ အချစ်လဲ ဝမ်းသာအားရနဲ့ ဖိုးဖိုး ဦးသက်ကြီးနဲ့ လိုက်သွားလိုက်တာ။ သူတို့ဘယ်ကို သွားနေတာလဲ၊ အဖိုးအိုက ဘယ်သူလဲ ဆိုတာတွေ ကိုတောင် မေးဖို့ မေ့နေခဲ့တယ်။ ဒီလိုနဲ့ ကုန်းမြေတစ်ခုဆီ သူတို့ ရောက်သွားတော့ ဖိုးဖိုး ဦးသက်ကြီးက သူ့လမ်းသူ ဆက်သွားခဲ့ပါတယ်။
ဖိုးဖိုး ဦးသက်ကြီးရဲ့ ကျေးဇူး ဘယ်လောက် ကြီးသလဲဆိုတာ အချစ် နားလည် သဘောပေါက်တယ်။ ဒါနဲ့ လမ်းမှာ တွေ့တဲ့ နောက်ထပ် အသက်အကြီးဆုံး ဘွားပညာကို မေးလိုက်တာပေါ့။
“ကျွန်တော့်ကို ကယ်တင်သွားတာ ဘယ်သူများပါလိမ့်?”
“အဲ့ဒါ အချိန်ပေါ့” ဘွားပညာက ပြန်ဖြေတယ်။
“အချိန်၊ ဟုတ်လား” အချစ်က မေးလိုက်ပြန်တယ်။ “အချိန်က ဘာလို့ ကျွန်တော့်ကို ကယ်သွားတာပါလိမ့်”
ဘွားပညာက အမျော်အမြင် ကြီးတဲ့ အပြုံးတစ်ခုနဲ့ အချစ်ကို ကြည့်တယ်။
“ဘာလို့လဲ ဆိုတော့ အချစ်ရဲ့တန်ဖိုးက ဘယ်လောက် ကြီးသလဲဆိုတာ အချိန်တစ်ယောက်ထဲ နားလည်နိုင်လို့ ပေါ့ကွယ်”
သင့်လျော်အောင် ဘာသာပြန်ပါသည်။
ဘာသာပြန်သူ - မိုးကုတ်သား

အပေါ်က ပုံပြင်နဲ့ ဆိုင်မဆိုင်တော့ မသိဘူး။ စိတ်ရူးပေါက်လို့ နဲနဲ ကွန့်လိုက်ပြီ။
အချစ်ကြောင့် ဖြစ်တဲ့ စစ်မြေပြင်တွေ ရှိခဲ့မယ်ဆိုရင် အဲ့ဒါ.. အချစ်ကြောင့် မဟုတ်ဘူး။ ပိုင်ဆိုင်လိုစိတ်ကြောင့်။
အချစ်ကြောင့် ရူးသွပ်ရတယ်ဆိုရင် အဲ့ဒါ အချစ်ကြောင့် မဟုတ်ဘူး။ စွဲလန်းမှုကြောင့်။
အချစ်ကြောင့် ဖြစ်တဲ့ အမုန်းတွေ၊ နာကျည်းမှုတွေ ရှိခဲ့မယ်ဆို အဲ့ဒါ အချစ်ကြောင့်မဟုတ်ဘူး။ မစွန့်လွှတ်
တတ်လို့။
အချစ်ကြောင့် ပြဿနာတွေ ကြုံရတယ်ဆို၊ အဲ့ဒါ အချစ်ကြောင့်မဟုတ်ဘူး။ နားလည်မပေးလို့။
အချစ်က ဘယ်တော့မှ အရောင်မပြောင်းဘူး။ လူတွေကသာ အချစ်ကို ဆေးဆိုးပန်းရိုက် လုပ်တတ်ကြတာ။
အချစ်ရဲ့တန်ဖိုးက ဘယ်လောက်ကြီးသလဲ၊ တန်ဖိုးက ကိုးကွယ်သူရဲ့ လက်ထဲမှာ။
အချိန်က အကောင်းဆုံး သမားတော်တဲ့။ ချစ်တတ်သူတွေ အတွက်ကတော့ စက္ကန့်တိုင်းမှာ ချစ်ရတာ ကျေနပ်စရာ...။

Tuesday, November 25, 2008

Short Stories . 01

ကြီးမားတဲ့ နောင်တတရား

လူတစ်ယောက်က သူနှစ်သုံးဆယ်လုံးလုံး သယ်ဆောင်ထားရတဲ့ နောင်တ တရားကို ဘုရားသခင်က ဘယ်လို ခွင့်လွှတ်နိုင်မလဲ သိချင်တဲ့အတွက် ဘုန်းတော်ကြီးတပါးကို သွားမေးပါတယ်။
“မောင်မင်းရဲ့ ပြစ်မှုက ဘာများပါလိမ့်”
“ကျွန်တော်က ဈေးထဲမှာ ဈေးရောင်းတဲ့ သူပါ။ တစ်ညတော့ ဈေးမီးလောင်တယ်ကြားလို့ အပြေးအလွှား သွားကြည့်ပါတယ်။ ဈေးကိုရောက်တော့ တစ်ခြား ဈေးဆိုင်တွေ အကုန်လုံး ပြာကျနေပြီး ကျွန်တော့်ဆိုင်တစ်ခုထဲ မီးမလောင်ပဲ ကျန်ရစ်နေခဲ့ပါတယ်။ ကျွန်တော်လဲ ဝမ်းသာအားရနဲ့ သတိ လက်လွတ်ပီး ဘုရားသခင်ကို ထိုင် ရှိခိုးမိပါတယ်။ ဒါပေမဲ့ ချက်ချင်းပဲ ဒါဟာ မဖြစ်သင့်ဘူးလို့ ကျွန်တော် သတိဝင်လာခဲ့ပြီး ကိုယ့်အမှားကို ကိုယ် မြင်လိုက်တယ်။ ကျွန်တော်က ကျွန်တော့် အိမ်နီးနားချင်း ဈေးသည်တွေအတွက် ပူဆွေးဝမ်းနည်း ရမဲ့အစား ကိုယ့်ဆိုင်ကလေး မီးထဲပါ မသွားတာကိုပဲ တဒင်္ဂံဝမ်းသာ နေမိတဲ့အတွက် အင်မတန်မှ ရှက်မိပါတယ်။ အဲ့ဒီ အမှားအတွက် အနှစ် သုံးဆယ်လုံးလုံး ကျွန်တော် နောင်တ ရနေမိတာပါ ခင်ဗျာ ”


စွန့်လွှတ်ခြင်းရဲ့ တန်ဖိုး

ပညာရှိ အမျိုးသမီးကြီး တစ်ဦးဟာ တောင်ကြားလမ်းအတိုင်း ခရီးသွားရင်း မမျှော်လင့်ပဲ တန်ဖိုးကြီးတဲ့ ကျောက်တစ်ပွင့်ကို စမ်းချောင်းလေးထဲကနေ ကောက်ရခဲ့တယ်။ ခရီးသွားနေရင်း လမ်းတစ်နေရာမှာ အင်မတန် ဆာလောင် မွတ်သိပ်နေတဲ့ ခရီးသွား တစ်ဦး ကို တွေ့တယ်။ သူမရဲ့ အိတ်ထဲက ပါလာတဲ့ စားစရာ တစ်ချို့ကို ထုတ်ကျွေးတော့ အဲ့ဒီ ခရီးသွားက အမျိုးသမီး အိတ်ထဲက ကျောက်ကို မြင်သွားတယ်။ သူက အမျိုးသမီးဆီက အဲ့ဒီကျောက်ကို တောင်းတော့ အမျိုးသမီးက ဆိုင်းငံ့မနေပဲ ချက်ချင်းပဲ ပေးလိုက်ပါတယ်။
ခရီးသွားလဲ သူ့ရဲ့ ကံကောင်းမှုကို ကျေနပ်ပြီး ခရီးဆက်ခဲ့တာပေါ့။ အဲ့ဒီ ကျောက်က သူ့တစ်ဘဝလုံး စားမကုန်အောင် တန်ဖိုးရှိမှန်း သူ သိတယ်လေ။ ဒါပေမဲ့ ရက် အနည်းငယ် အကြာမှာပဲ သူက ပညာရှိ အမျိုးသမီးကို လိုက်ရှာပြီး ကျောက်ကို ပြန်ပေးလိုက်ပါတယ်။
“ကျွန်တော် စဉ်းစားနေခဲ့တယ်” သူကပြောတယ်။
“ဒီ ကျောက်က ဘယ်လောက် တန်ဖိုးရှိလဲဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ဘာကြောင့် ကျွန်တော် ပြန်ပေးခဲ့သလဲ ဆိုတော့ ခင်ဗျားဆီမှာ ဒီ့ထက် မက တန်ဖိုးရှိတဲ့ အရာကို သွားမြင်မိလို့ပဲ။ ဒီ ကျောက်ကို ဘာမှ မနှမျောပဲ ကျွန်တော့်ကို ပေးပစ်ခဲ့တဲ့ ခင်ဗျားရဲ့ ရင်ထဲကလာတဲ့ စေတနာကိုပဲ လိုချင်ပါတယ်ခင်ဗျာ”

သင့်လျော်အောင် ဘာသာပြန်ပါသည်။
ဘာသာပြန်သူ - မိုးကုတ်သား

Thursday, November 13, 2008

WHAT IS A FAMILY? (မိသားစု ဆိုတာ)

လူတစ်ယောက် အလုပ်ကို မိုးချုပ်တဲ့ထိ အချိန်ပို လုပ်ပြီး မောမောနဲ့ အိမ်ကိုပြန်လာတယ်။ ပင်ပန်းလို့ စိတ်တွေလဲ တိုနေတယ်။ ငါးနှစ်အရွယ် သူ့သားလေးက အိမ်ပေါက်ဝမှာ သူပြန်အလာကို စောင့်နေတာ တွေ့ရတယ်။
သား - “ဖေဖေ၊ ဖေဖေ့ကို သားတစ်ခု မေးလို့ ရမလား”
ဖခင် - “မေးလေသားရဲ့၊ ဘာမေးမလို့လဲ”
သား - “ဖေဖေ၊ တစ်နာရီ အလုပ်လုပ်ရင် ပိုက်ဆံ ဘယ်လောက်ရလဲ”
ဖခင် - “ဒါ မင်းအလုပ် မဟုတ်ပါဘူး။ ဘာ ကိစ္စနဲ့ မင်းက သိချင်ရတာလဲ” ဖအေဖြစ်သူက ဒေါသနဲ့ မေးလိုက်တယ်။
သား - “သားသိမှ ဖြစ်မှာမို့လို့ပါ ဖေဖေရာ။ ကျေးဇူးပြုပြီး ဖေဖေ တစ်နာရီ အလုပ်လုပ်ရင် ပိုက်ဆံ ဘယ်လောက်ရလဲ ဆိုတာသာ ဖြေပေးပါဗျာ”
ဖခင် - “အေး၊ မင်းသိမှ ဖြစ်မှာဆိုလဲ ဖြေရတာပေါ့ကွာ။ တစ်နာရီကို နှစ်ဆယ် ရတယ်”
“အိုး” ခလေးငယ်က ခေါင်းငုံ့ချလိုက်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်မိတယ်။ နောက်တော့ ခေါင်းမော့ပြီး သူ့အဖေကို မရဲတရဲ ကြည့်ပြီး မေးလိုက်တယ်။
“ဖေဖေ၊ သား ပိုက်ဆံ တစ်ဆယ်လောက် ဖေဖေ့ဆီက ချေးလို့ ရမလား”
ဖခင်ဖြစ်သူက ဒေါသတွေ ပေါက်ကွဲသွားတယ်။ “မင်းဒီလိုမေးတာက ငွေချေးပြီး ဘာမဟုတ်တဲ့ အရုပ်တွေ၊ တခြား အဓိပ္ပါယ် ဘာမရှိတဲ့ ဟာတွေ ဝယ်ဖို့ သက်သက်ပဲ ဆိုရင် အခုချက်ချင်း မင်းအခန်းထဲမှာ ငြိမ်ငြိမ် သွားနေ နေတော့။ မင်းကိုယ်မင်း အတ္တ ကြီးလား မကြီးဘူးလား သေချာ ပြန်စဉ်းစား။ ငါ နေ့တိုင်း ဒီလောက် အလုပ်ကို အပင်ပန်းခံ လုပ်နေတာ မင်းရဲ့ ခလေးဆန်တဲ့ ဒီ ပူဆာတာတွေ သက်သက် အတွက်ပဲလား”
ကောင်ကလေးလဲ သူ့အခန်းထဲ တိတ်တိတ် ဆိတ်ဆိတ်လေး ဝင်သွားပြီး အခန်းတံခါးကို ပိတ်လိုက်တယ်။ အဖေကြီးကတော့ ဧည့်ခန်းထဲမှာ ထိုင်နေရင်း သူ့သားရဲ့မေးခွန်းကို စဉ်းစားမိလေ၊ ဒေါသထွက်လေ ဖြစ်နေတယ်။ ဒီကောင်လေးက သူ့ဆီက ပိုက်ဆံ တောင်းချင်တာကိုများ ဒီမေးခွန်း လာမေးနေရသေးတယ်။ နာရီပိုင်းလောက်ကြာတော့ သူလဲ ဒေါသပြေသွားတယ်။သူ့သားက သူ့ဆီကနေ ငွေတောင်းခဲတယ်။ အခု ဒီငွေတစ်ဆယ် တောင်းတာ သူ့သား တကယ်လိုအပ်နေတဲ့ တစ်ခုခုကို ဝယ်ဖို့များလား လို့ စပြီး စဉ်းစား မိလာတယ်။ ဒါနဲ့ သူ့သား အခန်းထဲကို တံခါးခေါက်၊ ခွင့်တောင်းပြီး ဝင်သွားလိုက်တယ်။
“သား အိပ်နေပြီလား” သူ့သားကို ငြင်ငြင်သာသာ မေးလိုက်တယ်။
“မအိပ်သေးပါဘူး ဖေဖေ” သားက ပြန်ဖြေတယ်။
“စောစော က ဖေဖေ သိပ်ပြီးများ ဒေါသကြီး သွားသလား စဉ်းစားမိလို့ပါ” အဖေကြီးက ချော့တယ်။ “ဖေဖေ ဒီနေ့ အလုပ်တော်တော် ပင်ပန်းလာလို့ စိတ်မရှည်နိုင်ပဲ သားကို အော်ငေါက်မိသွားတယ်။ ရော့၊ ဒီမှာ သားလိုချင်တဲ့ ငွေတစ်ဆယ်”
သားကလေးလဲ ဝမ်းသာအားရနဲ့ အိပ်ယာကနေ ငေါက်ကနဲ ထထိုင်လိုက်တယ်။ “အိုး၊ ကျေးဇူးတင်လိုက်တာ ဖေဖေရာ” အပြုံးမျက်နှာနဲ့ ပျော်ပျော်ရွှင်ရွှင် အော်လိုက်တယ်။
နောက်တော့ ခေါက်ထားတဲ့ ငွေစက္ကူလေးတစ်ချို့ကို သူ့ခေါင်းအုံးအောက်ကနေ ဆွဲထုတ်လိုက်တယ်။
အဖေကြီးက သူ့သားဆီမှာ ငွေတစ်ချို့ရှိနေပြီးသားဆိုတာ သိသွားတော့ ဒေါသတွေက ထပ်ထွက်လာပြန်တယ်။
ကောင်ကလေးကတော့ သူ့လက်ထဲက ငွေတွေကို ဖြည်းဖြည်းချင်း ရေတွက်ပြီး သူ့အဖေကို မော့ကြည့်လိုက်တယ်။
“မင်းဆီမှာ ငွေတွေ ရှိနေပြီးသားကို ဘာလို့ ထပ်ပြီး လိုချင်နေရတာလဲ” သူ့အဖေက ဒေါသသံနဲ့ အံကြိတ်ပြီး မေးတယ်။
“သားမှာ ငွေမလောက်လို့ပေါ့၊ ခုတော့ ပြည့်ပါပြီ” ကောင်ကလေးက ပြန်ဖြေတယ်။
“ဖေဖေ၊ ခု သားမှာ ငွေနှစ်ဆယ်ပြည့်ပြီ။ ဖေဖေ့ဆီက အချိန် တစ်ချို့ကို သား ဝယ်လို့ ရမလားဟင်။ မနက်ဖြန်ကျရင် ဖေဖေ အိမ်ကို စောစော ပြန်လာခဲ့ပါနော်။ သားလေ၊ ဖေဖေနဲ့ အတူတူ ညစာ စားချင်လို့ပါ”

ဒီပုံပြင်လေးကို သင်ချစ်ခင်တဲ့ တစ်ယောက်ယောက်ကို မျှဝေပေးပါ။ ပိုကောင်းတာက ငွေနှစ်ဆယ်တန်တဲ့ သင့်ရဲ့ အချိန် တစ်နာရီကို သင် ချစ်တဲ့ သူတွေအတွက် မျှဝေပေးလိုက်ပါ။
ဒီပုံပြင်လေးက အလုပ်တာဝန်တွေ အမြဲ ဖိစီးပြီး မအားမလပ် ဖြစ်နေကြတဲ့ ကျွန်တော်တို့ အားလုံးအတွက် သိမ်မွေ့တဲ့ သတိပေးမှုလေး တစ်ခုပါ။
ကျွန်တော်တို့ဘဝရဲ့ အရေးပါတဲ့၊ ချစ်ခင်မြတ်နိုးတဲ့ သူတွေအတွက် ပေးရမဲ့ အဖိုးတန် အချိန်တွေ ကျွန်တော်တို့ လက်ထဲကနေ ချွတ်ချော်ကျပြီး ပျောက်ဆုံးမသွားအောင် ဂရုစိုက်ရမှာပါ။
တကယ်လို့များ ကျွန်တော်တို့ မနက်ဖြန်လိုမှာ သေဆုံးသွားပြီ ဆိုပါစို့။ ကျွန်တော်တို့ အခုအလုပ်လုပ်ပေးနေတဲ့ ကုမဏီက ရက်မကြာခင်မှာပဲ တစ်ခြား လူတစ်ယောက်ကို အစားထိုး ခန့်လိုက်မှာပါပဲ။
ဒါပေမဲ့ ချန်ရစ် ခံခဲ့ရတဲ့ ကျွန်တော်တို့ မိသားစု နဲ့ သူငယ်ချင်းတွေ အတွက်ကတော့ အစားထိုး မရနိုင်တဲ့ ဆုံးရှုံးမှု အဖြစ် ခံစားကြရပါ့မယ်။ ပြန် သုံးသပ်ကြည့်လိုက်စမ်းပါ။ မိသားစု နဲ့ အလုပ်၊ ဘယ်ဟာကို ကျွန်တော်တို့ ဘဝအတွက် ဦးစား ပေးနေမိလဲ ဆိုတာ။
အချိန်ပြည့် အလုပ် အတွက်ကြီးပဲ အချိန်မေးပပါနဲ့။ (မိသားစု) ဆိုတာ ဘာကို ဆိုလိုတာလဲ။ တွေးကြည့်စမ်းပါ။

FAMILY = (F)ATHER (A)ND (M)OTHER,(I)(L)OVE (Y)OU!

ဘာသာပြန်သူ - မိုးကုတ်သား

Tuesday, November 11, 2008

စာတစ်အုပ်ကို သူ့ မျက်နှာဖုံးနဲ့ အကဲမဖြတ်ပါနဲ့

အရောင်လွင့်နေတဲ့ ဖလံနယ်အင်္ကျိကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦးနဲ့ ဟောင်းနွမ်းနေတဲ့ အိမ်တွင်းဖြစ် ချည်ကြမ်းဝတ်စုံကို ဝတ်ထားတဲ့ အမျိုးသားတစ်ဦးဟာ ဘော့စတွန်မြို့ ဘူတာရုံ တစ်ခုကနေ ထွက်လာပြီး ဟားဗတ် တက္ကသိုလ်က ကျောင်းအုပ်ကြီးရုံးခန်းကို ချိန်းဆိုထားခြင်း မရှိဘဲ တွေ့ခွင့်ရဖို့ သွားခဲ့ကြတယ်။
ကျောင်းအုပ်ကြီးရုံးခန်းရှေ့ရောက်တော့ ကျောင်းအုပ်ကြီးရဲ့အတွင်းရေးမှူးက တောသားပုံစံနဲ့ စုတ်စုတ် ပြတ်ပြတ် အသွင် ရှိတဲ့ သူတို့ ဇနီးမောင်နှံကို မြင်မြင်ချင်းပဲ ဒီလို အဝတ်အစား စုတ်စုတ်ပြတ်ပြတ်တွေနဲ့ ဟားဗတ်ကျောင်းထဲ ဝင်လာစရာ ကိစ္စ မရှိကြောင်း၊ ဒီပုံမျိုးနဲ့ ဟားဗတ်မပြောနဲ့၊ ကင်းဘရစ်ခ်ျကျောင်း ထဲကိုတောင် ဝင်လာဖို့ မထိုက်တန်ကြောင်း ပြောလိုက်တယ်။
“ကျွန်တော်တို့ ကျောင်းအုပ်ကြီးနဲ့တွေ့ပါရစေ,” အမျိုးသားက သိမ်သိမ်မွေ့မွေ့ပြောလိုက်တယ်။
“သူ ဒီတစ်နေ့လုံးအားမှာ မဟုတ်ဘူး,” အတွင်းရေးမှူးက ခပ်ပြတ်ပြတ်ပဲ ပြန်ပြောလိုက်တယ်။
“ကျွန်မတို့ စောင့်ပါ့မယ်,” အမျိုးသမီးက အေးအေးဆေးဆေးပဲ ပြောလိုက်တယ်။
အတွင်းရေးမှူးက လေးနာရီလောက် ကြာတဲ့အထိ သူတို့ကို ဂရုမစိုက်ဘဲ နေနေတယ်။ အချိန်ကြာရင် သူတို့လက်လျှော့ပြီး ပြန်သွားလိမ့်မယ်လို့ သူကတွက်ထားတာကိုး။ ဒါပေမဲ့ အဲ့ဒီ ဇနီးမောင်နှံက သူထင်သလို ပြန်မသွားဘူး။ အတွင်းရေးမှူးလဲ တော်တော် စိတ်အနှောက်အယှက် ဖြစ်လာပြီး နောက်ဆုံးတော့ ကျောင်းအုပ်ကြီးကို သွားပြောဖို့ ဆုံးဖြတ်လိုက်တယ်။ အလုပ်များနေတဲ့ ကျောင်းအုပ်ကြီးကို ဘာမဟုတ်တဲ့ ဒီတောသား လင်မယားနှစ်ယောက်ရဲ့ ကိစ္စနဲ့ သွားပြီး နှောက်ယှက်ရမှာကို သူမ တော်တော် စိတ်ပျက်နေတယ်။
“သူတို့ကို ခဏလောက် ထွက်တွေ့လိုက်ရင် သူတို့ပြန်သွားမှာပါ,” သူမက ကျောင်းအုပ်ကြီးကို ပြောလိုက်တယ်။
ကျောင်းအုပ်ကြီးက တော်တော်လေး စိတ်ပျက်နေတဲ့ပုံနဲ့ သက်ပြင်းချလိုက်ရင်း ခေါင်းညိတ် လက်ခံလိုက်တယ်။ ရှင်းရှင်းပြောရရင် သူ့ အဖိုးတန်အချိန်တွေကို သူတို့အတွက် မပေးချင်ဘူး။ ဒါပေမဲ့ သူ့ရုံးခန်းရှေ့က အဲ့ဒီ စုတ်စုတ်ပြတ်ပြတ်ပုံစံနဲ့ လင်မယားက သူမှမတွေ့ရင် ပြန်တော့မဲ့ပုံမှ မရှိတာ။
ကျောင်းအုပ်ကြီးက ဒေါသထွက်နေတဲ့ သူ့မျက်နှာကို ကုနြေ္ဒဆယ်ရင်း သိက္ခာရှိတဲ့ လူကြီးလူကောင်း တစ်ယောက်လို ခပ် မာမာထန်ထန်ပဲ အဲ့ဒီ လင်မယားနှစ်ယောက်ကို ကြည့်လိုက်တယ်။
အမျိုးသမီးက စကားစတယ်။
“ဒီ ဟားဗတ်မှာ တစ်နှစ်လောက် ကျောင်းတက်ခဲ့ဘူးတဲ့ ကျွန်မတို့ရဲ့ သားတစ်ယောက် ရှိပါတယ်။ သူက ဟားဗတ်ကို အရမ်းချစ်တယ်။ မမျှော်လင်.ဘဲ သူ ရုတ်တစ်ရက် ဆုံးပါးသွားတော့ သူအင်မတန် ချစ်တဲ့ ဒီကျောင်းဝင်း တစ်နေရာရာမှာ သူ့အတွက် အထိမ်းအမှတ် မှတ်တိုင်တစ်ခု လုပ်ပေးဖို့ ကျွန်မနဲ့ ကျွန်မယောက်ျား ဆုံးဖြတ်ခဲ့ကြပါတယ်”
ဒီအကြောင်းကြားရတော့ ကျောင်းအုပ်ကြီးက heartထိမသွားပဲ တော်တော် စိုးရိမ် တုန်လှုပ်သွားတယ်။
“ဒီမှာ အမျိုးသမီး,” ခပ်ထန်ထန်ပဲ သူပြောလိုက်တယ်။ “ဒီဟားဗတ်မှာ ကျောင်းတက်သွားတဲ့ ကျောင်းသားတိုင်းရဲ့ အထိမ်းအမှတ်၊ ရုပ်တုတိုင်းကိုသာ ဒီကျောင်းမှာ လက်ခံခဲ့မယ်ဆိုရင် ကျောင်းလဲ သုသာန် ဖြစ်နေလောက်ပြီ
“အိုး၊ အဲ့ဒီလို ဆိုလိုတာ မဟုတ်ပါဘူး,” အမျိုးသမီးက ပျာပျာသလဲ ရှင်းပြတယ်။ “ကျွန်မတို့က သားရဲ့ အထိမ်းအမှတ်၊ ရုပ်တုကို ဆောက်ပေးဖို့ မဟုတ်ပါဘူး၊ ကျောင်းအတွက် အဆောက်အဦး တစ်လုံး ဆောက်ပေးဖို့ စိတ်ကူးတာပါ”
ကျောင်းအုပ်ကြီးလဲ မျက်လုံးပြူးသွားတယ်။ နွမ်းဖတ်ဖတ် အဝတ်အစားနဲ့ အဲ့ဒီစုံတွဲကို တစ်ချက်ကြည့်ရင်း အံ့ဩတကြီး ပြောလိုက်မိတယ်။
“အဆောက်အဦးတစ်လုံး၊ ဟုတ်လား။ အဲ့ဒီအဆောက်အဦးတစ်လုံးကို ဘယ်လောက်ထိ ကုန်ကျနိုင်မယ်ဆိုတာ ခင်ဗျားတို့ စိတ်ကူးကြည့်မိရဲ့လား။ ကျွန်တော်တို့ ဟားဗတ်တက္ကသိုလ်ရဲ့ ရှိသမျှ အဆောက်အဦး အားလုံးကို ဒေါ်လာ ခုနှစ်သန်းခွဲမက အကုန်အကျ ခံထားရတယ်ဆိုတာ ခင်ဗျားတို့ သိရဲ့လား”
အမျိုးသမီးလဲ ခဏတာ အသံတိတ်သွားတယ်။
ဒီလိုပြောပစ်လိုက်ရလို့ ကျောင်းအုပ်ကြီးလဲ တော်တော် အားရသွားတယ်။ မှတ်ပလားဆိုတဲ့ အကြည့်နဲ့ အဲ့ဒီ ဇနီးမောင်နှံကို ကျေကျေနပ်နပ်ကြီး ကြည့်နေလိုက်တယ်။
အမျိုးသမီးက အမျိုးသားဘက် လှည့်ကြည့်ပြီး ပြောလိုက်တယ်။ “အဲ့ဒါ တက္ကသိုလ်တစ်ကျောင်း ဖြစ်ဖို့ အစဦးဆုံးလိုတဲ့ ငွေတဲ့လား။ ဒါဆို ကျွန်မတို့ ဘာလို့ ကိုယ့်ကိုယ်ပိုင် တက္ကသိုလ်တစ်ကျောင်း မဆောက်နိုင်ရမှာလဲ”
အမျိုးသားက ခေါင်းညိတ် ထောက်ခံလိုက်တယ်။
သူတို့ နှစ်ယောက်ကို ကျောင်းအုပ်ကြီးက ဇဝေဇဝါနဲ့ နားမလည်သလို ကြည့်နေတယ်။
မစ္စတာ နဲ့ မစ္စ လီလာ့ဒ် စတန်းဖို့ဒ် တို့ ဇနီးမောင်နှံလဲ ထိုင်နေရာက ထထွက်သွားကြတယ်။ သူတို့နှစ်ဦးသား ကာလီဖိုးနီးယားက ပါလိုအယ်လ်တို လို့ ခေါ်တဲ့ မြို့ကလေးမှာ သွားပြီး သူတို့ မိသားစု နာမည်ပါတဲ့ စတန်းဖို့ဒ် တက္ကသိုလ် ကို စတင်တည်ထောင်ခဲ့တယ်။ ဒါဟာ သူတို့ရဲ့ သေဆုံးသွားတဲ့ သားအပေါ် ဥပေက္ခာ ပြုခဲ့တဲ့ ဟားဗတ် တက္ကသိုလ်အစား သူတို့ လုပ်ပေးနိုင်တဲ့ သားအတွက် အထိမ်းအမှတ်၊ မှတ်တိုင် တစ်ခုပါ။

မှတ်သားစရာကတော့ ဘယ်အရာကိုမှ သူတို့ရဲ့ အပေါ်ယံ ပင်ကိုလက္ခဏာကို ကြည့်ပြီး ချက်ချင်း ကောက်ချက် ချလို့ မရဘူး။ အမြင်အရ ဘာမှ အသုံးမကျ ဘူးလို့ ထင်ရပေမဲ့ တစ်ချို့အရာတွေက ကိုယ် မမြင်နိုင်တဲ့ တန်ဖိုးတွေ ရှိနေနိုင်တယ်။ ဆိုလိုချင်တာက ဘာကိုမှ လွယ်လွယ်ကူကူ အထင်မသေးနဲ့၊ အထင်လဲ မကြီးနဲ့ ဆိုတာပါ။

P.S အထက်ပါ ပုံပြင်က အစစ်အမှန်လား၊ ကောလဟာလ လား ကျွန်တော်မသိပါဘူး။ ဒီအကြောင်းကို ဖတ်ပြီးတော့ ဟုတ်မတုတ် အင်တာနက်မှာ ရှာ ကြည့်တော့ ကောလဟာလ လို့ သိရပါတယ်။ လီလာ့ဒ် စတန်းဖို့ဒ် ဟာ ၁၉၇၆ခုနှစ်ပိုင်းကာလ က ကာလီဖိုးနီးယားကို အုပ်ချုပ်ခဲ့သူလို့ သိရပါတယ်။ သူက ဆန်ဖရန်စစ်စ်ကို၊ ပန်နင်စွဲလား မှာ ဧကပေါင်းရှစ်ထောင်ကျော်တဲ့ မြေကိုစတင် ဝယ်ယူခဲ့တယ်။ လီလာ့ဒ် နဲ့ ဂျိန်း စတန်းဖို့ဒ် တို့ ဇနီးမောင်နှံမှာ လီလာ့ဒ်, ဂျူနီယာ ဆိုတဲ့ သားတစ်ယောက် ရှိပါတယ်။ သူက ဟားဗတ် မှာ တစ်ခါမှ ကျောင်း မတက်ခဲ့ဖူးပါဘူး။ အသက် ဆယ့်ငါးနှစ် အရွယ်မှာ မိသားစုနဲ့အတူ အီတလီကို အလည် သွားရင်း တိုက်ဖွိုက်ဖြစ်ပြီး အဖျားဒဏ်ကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားရှာတယ်။ သူတို့ရဲ့သား ဆုံးပါးပြီး နာရီပိုင်း မကြာခင်မှာပဲ လီလာ့ဒ် စတန်းဖို့ဒ် က သူ့ဇနီး ဂျိန်း စတန်းဖို့ဒ် ကို ပြောတယ်။ “ကာလီဖိုးနီးယားက ခလေးတိုင်းဟာ ငါတို့ရဲ့ခလေးတွေ ဖြစ်လာရမယ်” ဒါဟာ စတန်းဖို့ဒ် တက္ကသိုလ် ရဲ့ အစစ်အမှန် သမိုင်းကြောင်းလို့ သိရပါတယ်။ မူရင်းကို ဒီမှာ ဖတ်လို့ ရပါတယ်။

ဘာသာပြန်သူ - မိုးကုတ်သား

Friday, November 7, 2008

ငှက်ကလေးတစ်ကောင်


ငှက်ကလေးတစ်ကောင်



ငှက်ကလေး တစ်ကောင် ဟာ ဆောင်းခိုဖို့ အတွက် တောင်ပိုင်းကို ဦးတည်ပြီး ပျံနေတယ်။ ရာသီဥတုက အေးလွန်းလှတဲ့အတွက် ငှက်ကလေးဟာ အင်မတန် အေးခဲလာပြီး ဆက်မပျံနိုင်တော့ဘဲ ကွင်းပြင်ကျယ်ကြီးထဲ ပြုတ်ကျသွားခဲ့တယ်။
သူက ကွင်းပြင်ကြီးထဲမှာ လှဲပြီး အနားယူနေတုန်း နွားတစ်ကောင်က သူ့ကိုယ်ပေါ် မစင်စွန့်သွားခဲ့တယ်။
ငှက်ကလေးက သူ့ အတောင်တွေ အေးခဲနေတဲ့ အတွက် အဲဒီနောက်ချေးပုံထဲက ပျံမထွက်နိုင်သေးဘူး။ နောက်ချေးပုံထဲမှာ လဲလျောင်းနေရင်း တဖြည်းဖြည်းနဲ့ သူနွေးထွေးလာတာကို သတိထားမိလာတယ်။
အိုး၊ ဒီနောက်ချေးကြောင့် သူ အေးခဲနေရတာတွေ သက်သာရာ ရသွားတာကိုး။
သူက အဲဒီနောက်ချေးပုံထဲမှာ နွေးနွေးထွေးထွေး လဲလျောင်းနေလိုက်ရင်းက ပျော်ရွှင်လာတယ်။ ဒါနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ သီချင်း တစ်ပုဒ်ကို စပြီး သီဆိုလိုက်တယ်။
အဲ့ဒီအချိန်မှာ ကွင်းပြင်ကိုဖြတ်သွားတဲ့ ကြောင်တစ်ကောင်က ငှက်ကလေး သီချင်းဆိုနေတဲ့ အသံကို ကြားပြီး ဘယ်နေရာက လာသလဲ စူးစမ်းရှာဖွေတော့တယ်။ အသံထွက်လာရာနောက်ကို ခြေရာခံလိုက်ရင်း နောက်ဆုံးတော့ နောက်ချေးပုံထဲမှာ ငှက်တစ်ကောင်ရှိနေတာကို သိသွားခဲ့တယ်။ ဒါနဲ့ အဲ့ဒီကြောင်က ငှက်ကလေးကို နောက်ချေးပုံထဲက ဆယ်ယူလိုက်ပြီး စားလိုက်တော့တယ်။

၁) ကိုယ့်အပေါ် မစင်စွန့်သွားတဲ့ (ဒုက္ခရောက်စေတဲ့) သူတိုင်းဟာ ကိုယ့်ရန်သူတွေ ဟုတ်ချင်မှ ဟုတ်မယ်။
၂) ကိုယ့်ကို မစင်ပုံ (ဒုက္ခ) ထဲက ဆွဲထုတ်ပေးတိုင်းလဲ မိတ်ဆွေဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားလို့ မရဘူး။

၃) နောက်ပြီး မစင်တွင်းနက်ထဲ (ဒုက္ခ တွင်းနက်ထဲ) ကျနေတဲ့အခါ ကိုယ့်ပါးစပ်ကို ပိတ်ထားတာ အကောင်းဆုံးပဲ။


ဘာသာပြန်သူး မိုးကုတ်သား

Tuesday, October 28, 2008

The Cracked Pot (အက်ရာနဲ့ အိုးကလေး)

Saturday, October 18, 2008

Four Wives In Our Lives (ဘ၀ကြင်ယာဘက် မိန်းမ လေးယောက်)

ဘ၀ကြင်ယာဘက် မိန်းမ လေးယောက်

ဟိုး ရှေးတုန်းက ဘုရင်ကြီး တစ်ပါးမှာ မိဘုရား လေးဦး ရှိသတဲ့။
အားလုံးထဲမှာ အငယ်ဆုံး၊ အချောဆုံး မိဘုရားငယ်လေးကို ဘုရင်ကြီးက အချစ်ဆုံးပေါ့။ အကောင်းဆုံး၊ အလှဆုံး၊ တန်ဖိုး အကြီးဆုံး ဆိုတဲ့ အ၀တ်အစား မှန်သမျှကို ဆင်ပေးပြီး ဖူးဖူးမှုတ် ထားတာပေါ့။
ဘုရင်ကြီးက သူ့ရဲ့ တတိယမိဘုရား ကိုလဲ တော်တော်ချစ်တယ်။ တိုင်းခန်းလှည့်လည်တိုင်း၊ တစ်ခြား တိုင်းပြည်တွေ အလည်အပတ် သွားတိုင်း အတူ ခေါ်သွားလေ့ ရှိတယ်။ ဒါပေမဲ့ ဘုရင်ကြီးက အဲ့ဒီ တတိယမိဘုရား သူ့ကို ထားရစ်ပြီး တစ်ခြား ထွက်သွားမှာကို အမြဲ စိုးရိမ် ကြောင့်ကျ နေရတယ်။
ဘုရင်ကြီးက သူ့ရဲ့ ဒုတိယမိဘုရား ကိုလဲ ချစ်ရှာပါတယ်။ သူမက သူ့ရဲ့ ယုံကြည်မှုပဲ။ ဒုတိယမိဘုရားက ဘုရင်ကြီးကို ကြင်နာယုယ သလို နားလည်သည်းခံမှု အပြည့်နဲ့ ချစ်ရှာတယ်။ ဘုရင်ကြီး အခက်အခဲတွေ ကြုံတိုင်း ဒုတိယမိဘုရားကို အမြဲ ရင်ဖွင့် တိုင်ပင်လေ့ ရှိသလို ဒုတိယမိဘုရားကလည်း နှစ်သိမ့်အားပေးရင်း ဒုက္ခတွေကို အတူ ရင်ဆိုင် ဖြေရှင်း ပေးတတ်တယ်။
ဘုရင်ကြီးရဲ့ ပထမမိဘုရား ကတော့ ဘုရင်ကြီးအပေါ် အင်မတန်မှ သစ္စာရှိ သလို တိုင်းပြည်ရဲ့ ကြွယ်ဝ ချမ်းသာမှု၊ ငြိမ်းအေးသာယာမှုကို ထိန်းသိမ်း စောင့်ရှောက်ပေးသူ ဖြစ်တယ်။ ဒါပေမဲ့ ဘုရင်ကြီးက ပထမမိဘုရားကို မချစ်ဘူး။ ပထမမိဘုရားက ဘုရင်ကြီးကို ဘယ်လောက် နက်နက်ရှိုင်းရှိုင်း ချစ်ချစ် ဘုရင်ကြီးက ဘယ်တော့မှ အသိအမှတ် ပြုလေ့ မရှိဘူး။
တစ်ချိန်တော့ ဘုရင်ကြီးက အသဲအသန် နာမကျန်း ဖြစ်တယ်။ သူ့ဘ၀ရဲ့ နောက်ဆုံးအချိန် ရောက်ပြီ ဆိုတာ သိတော့ သူ့ဘ၀ရဲ့ ပျော်ရွှင်ဖွယ်ရာ နေ့တွေကို ပြန်သတိရတယ်။ ငါ့မှာ မိန်းမ လေးယောက်ရှိပေမဲ့ သေရင် ငါတစ်ယောက်ထဲ ပါလား လို့လဲ တွေးမိတယ်။
ဒါနဲ့ သူအချစ်ဆုံး မိဘုရားငယ်လေးကို ခေါ်ပြီး မေးတယ်။
မင်းကို ငါအချစ်ခဲ့ဆုံးပဲ။ ကောင်းပေ့၊ ညွန့်ပေ့ ဆိုတဲ့ အ၀တ်အစား၊ အသုံး အဆောင် မှန်သမျှ ငါဆင်ပေးပြီး စောင့်ရှောက်ခဲ့တယ်။ အခုတော့ ငါ သေရတော့မယ်။ ငါသေတဲ့အခါ ငါနဲ့ လိုက်ခဲ့ပြီး အဖော်လုပ် ပေးနိုင်မလား မေးတော့ မိဘုရားငယ်လေးက
လုံးဝ မလိုက်ပေးနိုင်ဘူး အဲ့ဒီလို ခပ်ပြတ်ပြတ် ပြောပြီး အဝေးကို ထွက်သွားခဲ့တယ်။ ဘုရင်ကြီး ခမျာ သူ့နှလုံးသားကို ဓားထက်ထက်နဲ့ အမွှန်းခံရသလို ခံစားရတာပေါ့။
ဝမ်းနည်းနေတဲ့ ဘုရင်ကြီးက သူ့ရဲ့ တတိယမိဘုရား ကို ခေါ်ပြီးမေးပြန်တယ်။
ါ့ဘ၀ တစ်ခုလုံးအတွက် မင်းကို ချစ်ခဲ့တယ်။ အခုလို ငါ သေရတော့မဲ့ အခါ ငါနဲ့ လိုက်ခဲ့ပြီး အဖော်လုပ် ပေးနိုင်မလား
မလိုက်ပေးနိုင်ပါဘူး၊ ဘ၀က ပျော်စရာ ကောင်းတယ်။ ရှင် သေတဲ့အခါ ကျွန်မက နောက်တစ်ယောက် ထပ်ပြီး ယူမှာပေါ့
အဲ့ဒီ အဖြေစကား ကြားရတော့ ဘုရင်ကြီး ခမျာ သူ့နှလုံးသားကို ရေထဲဆွဲနှစ် ခံရသလို အေးစက် ထုံကျင်နေအောင် ခံစားရရှာတယ်။
ဒါနဲ့ ဘုရင်ကြီးလဲ ဒုတိယမိဘုရားကို ခေါ်ပြီးမေးပြန်တယ်။
ငါ အကူအညီ လိုတဲ့ အခါတိုင်း မင်းက ငါ့အတွက် အမြဲ အဆင်သင့် ရှိပေးခဲ့တယ်။ အခုလို ငါ သေရတော့မဲ့ အခါ ငါနဲ့ လိုက်ခဲ့ပြီး အဖော်လုပ် ပေးနိုင်မလား
ကျွန်မ စိတ်မကောင်းပါဘူး၊ ဒီတစ်ခုကို မကူညီနိုင်တာတော့ ခွင့်လွှတ်ပါ။ ရှင့်ရဲ့ ဈာပနကိုတော့ ကျွန်မ သေချာ လိုက်ပို့ပေးမှာပါ။
ဒုတိယမိဘုရားရဲ့ အဖြေစကားက ကောင်းကင်ပေါ်က လျှပ်စစ်မိုးကြိုးသွား တစ်စင်းလို ဘုရင်ကြီးကို အထိ နာသွားစေပါတယ်။ ဘုရင်ကြီးရဲ့ မျှော်လင့်ချက်တွေ အားလုံး ပျက်စီးကုန်ပါပြီ။ သူ အင်မတန် ချစ်မြတ်နိုးလှတဲ့ သူတွေ အားလုံးက ဒီတစ်ခါမှာတော့ သူ့ ဆန္ဒကို ဘယ်သူမှ မဖြည့်ဆည်း ပေးနိုင်ကြတော့ ပါဘူး။
ရှင်ဘယ်ကို သွားသွား၊ ဘာပဲ ကြုံရကြုံရ၊ ရှင်နဲ့အတူ ကျွန်မ လိုက်ခဲ့မယ်။
စိတ်ဓာတ်တွေကျပြီး ခေါင်း ငိုက်စိုက် ကျနေတဲ့ ဘုရင်ကြီး ဟာ ရုတ်တရက် ထွက်လာတဲ့ စကားသံကြောင့် ခေါင်းမော် ကြည့် လိုက်တော့ သူ့ရဲ့ ပထမမိဘုရား ဖြစ်လို့ နေတယ်။ သူမက ဘုရင်ကြီးရဲ့ ပစ်ပယ် ထားမှု တွေကြောင့် ညှိုးဖျော့ ပိန်လှီလို့ နေတယ်။
ငါ့မှာ အခွင့်အရေးတွေ ရှိနေ ခဲ့တုန်းက မင်းကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ခဲ့ သင့်တယ်။
အင်မတန်မှ စိတ်သက်သာရာ ရသွားတဲ့ ဘုရင်ကြီးက အဲ့ဒီလို မချိတင်ကဲ ရေရွတ်လိုက် မိပါတယ်။ နောင်တတွေလဲ ရ လို့ပေါ့။

အမှန်တကယ်တော့ ကျွန်တော်တို့ အားလုံးရဲ့ ဘ၀မှာ ကြင်ယာဘက် မိန်းမ လေးယောက်စီ ရှိကြပါတယ်။

စတုတ္ထမြောက် မိန်းမက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ် နဲ့ တူပါတယ်။ အချိန်နဲ့ ငွေကြေးတွေ ဘယ်လောက်ပဲ အကုန်အကျ ခံပြီး ကြည့်ကောင်းအောင် ဘယ်လောက် ဂရုစိုက်စိုက်၊ ဒီ ခန္ဓာကိုယ်ကြီးက ကျွန်တော်တို့ သေဆုံးချိန်မှာ ထားရစ်ခဲ့ မှာပါဘဲ။
တတိယမြောက် မိန်းမက ကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှု၊ စည်းစိမ်နဲ့ ဂုဏ်ပကာသန ဖြစ်ပါတယ်။ ကျွန်တော်တို့ သေဆုံးချိန်မှာ ဒါတွေအားလုံးဟာ သူတစ်ပါးရဲ့ ပိုင်ဆိုင်မှုတွေ ဖြစ်သွားပါလိမ့်မယ်။
ဒုတိယမြောက် မိန်းမက ကျွန်တော်တို့ရဲ့ မိသားစု၊ ဆွေမျိုး အသိုင်းအ၀ိုင်း၊ မိတ်ဆွေ အပေါင်းအသင်းတွေပေါ့။ ဘယ်အချိန် ဘယ်နေရာမှာဘဲ ဖြစ်ဖြစ် ကိုယ်လိုအပ်ချိန်မှာ အတူရှိနေ ပေးနိုင်ပေမဲ့ ဒါဟာ ကိုယ် သင်္ချိုင်းမြေပေါ် ခြေမချခင် အချိန် အတိုင်းအတာ တစ်ခုထိဘဲ ဖြစ်နိုင်ပါ လိမ့်မယ်။
ပထမ မိန်းမကတော့ ကျွန်တော်တို့ရဲ့ စိတ်ဝိဥာဉ် ပါပဲ။ လောကကြီးမှာ ငွေကြေး စည်းစိမ်ဥစ္စာ၊ အာဏာနဲ့ ပျော်ရွှင်မှု တွေနောက် လိုက်ရင်း သူ့ကို ကျွန်တော်တို့ မေ့လျှော့ ထားခဲ့ကြတယ်။ ကျွန်တော်တို့ ဘယ်သွားသွား ဘာလုပ်လုပ် ဒီ စိတ်ဝိဥာဉ်က ကျွန်တော်တို့နဲ့ အမြဲ ရှိနေခဲ့ ပါတယ်။ ဘုရင်ကြီးလို အချိန် မနှောင်းခင်မှာ မဆုံးသေးတဲ့ ဘဝခရီးတွေ အတိုင်း အမြဲ ကိုယ်နဲ့ မခွဲတမ်း သေတစ်ပန် သက်တစ်ဆုံး အတူ ရှိနေတဲ့ စိတ်ဝိဥာဉ်ကို ခွန်အား အပြည့် ရှိအောင် ပြုစု ပျိုးထောင်ပြီး ချစ်ခင် မြတ်နိုးစွာ စောင့်ရှောက်တတ်ဖို့ လိုပါတယ်။

ကိုယ့် ခန္ဓာကိုယ် ကို ကျန်းမာအောင် ပြုစု စောင့်ရှောက်ပါ။ ဒါမှ ဘဝရဲ့ အနှစ်သာရကို အပြည့်အဝ ခံစားနိုင် ပါလိမ့်မယ်။ ကိုယ့်ဘဝရဲ့ ပိုင်ဆိုင်မှုနဲ့ သက်တောင့်သက်သာ ရှိမှု အပေါ် ကျေနပ်ပါ။ ကိုယ့် မိသားစု၊ ဆွေမျိုး အသိုင်းအ၀ိုင်း၊ မိတ်ဆွေ အပေါင်းအသင်း တွေဆီက ရတဲ့ ချစ်ခြင်းမေတ္တာတွေကို လေးစား တန်ဖိုးထားပါ။ ကြင်နာ မြတ်နိုးစွာ တုန့်ပြန် ပြုစု စောင့်ရှောက်ပါ။ ဒါပေမဲ့ ကိုယ့်ရဲ့ စိတ်ဝိဥာဉ် ကို အဟာရ ပြည့်ဝအောင် ဂရု စိုက်ဖို့ မမေ့လျှော့ ပါနဲ့။ ဒါဟာ ကျွန်တော်တို့ အားလုံးရဲ့ ဘဝ အရင်းခံ ရေသောက်မြစ် ဖြစ်သလို ဘဝ တစ်သက်လုံး အတွက် စစ်မှန်တဲ့ မိတ်ဆွေကောင်း တစ်ဦးလဲ ဖြစ်ပါတယ်။

ကမ္ဘာလောကကြီးက သင့်ကို ဒူးထောက် လဲကျအောင် လုပ်တဲ့ အခါတိုင်း ဘုရားကို ဝတ်ပြု ဆုတောင်းဖို့ အသင့်တော်ဆုံး အခွင့်ရေး ပေးထားတယ် ဆိုတာ သတိရပါ။

ဘာသာပြန်သူ - မိုးကုတ်သား
မူရင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။