Friday, April 4, 2014

ချစ်သူ့အိပ်မက် ခရေသက်သေ

ဒီ စာစုလေးကို ကျွန်တော် မိုးကုတ်သားရယ်၊ မျောက်လွှဲကျော် ဖိုးစိန်ရယ်၊ ညီမလေး မိုးခါး (ထာဝရကြယ်စင်) ရယ် မေသူ (နားချိန်) ရယ် မောင်နှမတွေ စုပေါင်းပြီး ရေးခဲ့ကြတာပါ။ ရေးထားတာတော့ အတော် ကြာခဲ့ပါပြီ။ ခါတော်မှီ ပိတောက်တွေ ပွင့်နေချိန်မှာ ခရေအကြောင်း အမှတ်တရလေး တင်လိုက်ချင်စိတ် ပေါ်လာလို့ပါ။
နှစ်သစ်သင်္ကြန်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။
 

---------------------------------------------------------------------------------

ချစ်သူ့အိပ်မက် ခရေသက်သေ
------------------------------

အိပ်မက် အစ

လမင်းပန်ဖို့ ပန်းတွေပျိုးရင်း
တစ်ရေးနိုးတဲ့ ကြယ်ပွင့်တွေပြုတ်ကျ

အဲဒီညက ငါအိပ်မရခဲ့ဘူး။

အိမ်မက်တွေကို တံခါးခေါက်

တစ်ယောက်စာ ဒဏ်ရာကိုကုစားတဲ့

နာရီများလည်း အသုံးမ၀င်ခဲ့ဘူး။

ကောင်းကင်ထက်က ပန်းတစ်ခင်း
အလင်းပွင့်တွေနဲ့ဝေဆာလို့

ချစ်သူအတွက် ပန်းတစ်ပွင့်ခူး

အဲဒါ ငါ့ရဲ့အိမ်မက်ဖူးတွေပါပဲ။

ဒီလမ်းကလေး၏ အမည်ကို ကျွန်တော် မသိပါ။ သိဖို့လဲ ကျွန်တော် မကြိုးစား။ အလုပ်နှင့် နီးသော နေရာသို့ ပြောင်းရွှေ့လာကတည်းက ရုံးသွား၊ ရုံးပြန် ဘတ်စ်ကားဂိတ်ကနေ အိမ်ကို ရောက်ဖို့ ဒီလမ်းကလေးကို နေ့စဉ် ဖြတ်သန်းသွားရသည်။ ဒီလမ်းကလေးနှင့် စတင် ရင်းနှီးစ ပြုလာကတည်းက “ခရေပင်လမ်းကလေး” ဟု ကျွန်တော့်ဘာသာ နာမည်ပေးထားခဲ့သည်။ လမ်းမနှင့် ပလက်ဖောင်းကြား လမ်းလေး တစ်လျှောက်လုံးမှာ ခရေပင်တွေက စီရရီ..။ နောက်ပြီး ခရေပန်းနံ့တွေက သင်းသင်း မွှေးပျံ့နေတတ်သေးသည်။ လူနေအိမ်နှင့် ပလက်ဖောင်းကြားမှာတော့ ရာသီအလိုက်ပွင့်တတ်သော ပန်းများကို အရောင်စုံ တွေ့နေရတတ်သည်။ ထိုလမ်းကလေးကို ဖြတ်သန်းသွားတိုင်း ကျွန်တော် အင်မတန် စိတ်ကြည်နူးရပါသည်။


*********************

အိမ်မက် (၁)

“ညီညီ”



သူမကို ထို “ခရေပင်လမ်းကလေး” ပေါ်မှာ စတင် တွေ့ခဲ့သည်။ ဒီနေ့ ကျွန်တော် အလုပ်စောဆင်းလာခဲ့သည်။  ကျွန်တော် လျှောက်လာရာ လမ်းတစ်ဘက်ခြမ်း ပလက်ဖောင်းလေးဆီမှာ သူမက ခရေပင်တွေမော့ကြည့်လိုက်.. ခရေပန်းကြွေလေးတွေ ရှာကောက်လိုက်နှင့် တစ်ယောက်ထည်း ပြုံးပျော်လို့။ သီချင်းလေးများပင် ညည်းဆိုနေသလား ကျွန်တော်ထင်မိသေးသည်။ အဖြူရောင် ဇာအင်္ကျီနှင့် အဖြူရောင် ဂါဝန် ပျော့ပျော့လေးက သူမ၏ ဖြူဝင်းသော အသားအရည်ကို ပိုမို လင်းလက်နေစေသလို။ လေပြည်တစ်ချက်တိုက်တိုင်း လွင့်မျောသွားသော ဆံနွယ်ရှည်ရှည်တွေနှင့် သူမကို ကြည့်နေရတာက ညနေခင်းမှာ အလင်းဖွဲ့ကဗျာတစ်ပုဒ်ကို ရွတ်ဆိုနေရသလို....။ နေရာမှာ ရပ်တန့် မိန်းမောကာ သူမကို ကြည့်နေမိတာ ဘယ်လောက် ကြာသွားသလဲ သတိမထားမိ။ သူမက ကျွန်တော် ရှိရာ ဘက် ဖြတ်ခနဲ အကြည့်မှာ ရင်ခုန်သံတွေ အမှားမှား နိုင်စွာ ခြေကို ကပျာကယာ လှမ်းမိတော့မှ လူက မှောက်လျှက်လဲလေတော့သည်။ သူမက ကျွန်တော့်အဖြစ်ကို ကြည့်ကာ ရယ်မောတော့ ရှက်သွားရင်းက ပြေလျော့နေသော ဖိနပ်ကြိုးကို ဒင်းကြောင့်ဟုသာ တိတ်တိတ် ကျိန်ဆဲရင်း ပြန်ချည်နေရလေသည်။ ဘာပဲဖြစ်ဖြစ် “ခရေပင်လမ်းကလေး” နှင့်အတူ “သူမ” သည်လည်း ထိုနေ့ညနေခင်းမှ စကာ ကျွန်တော့် အိပ်မက်ထဲသို့ အလည်ရောက်လို့ လာကြသည်။

ခဏပေါင်းများစွာ သာခဲ့တဲ့လ
ဒီညတော့ ဘ၀တစ်ပါးရောက်နေတယ်

င့ါ ခြေလှမ်းတွေယူပါ

မင်းရဲ့ အနမ်းတွေပေးပါ

လွမ်းမှန်းမသိ လွမ်းနေတဲ့
ငါ့ရဲ့ပန်းခင်းထဲမှာ

ရူးနှမ်းနှမ်း နှလုံးသားတစ်စုံက
ကာရန်မဲ့စွာ လဲပြိုကျ

မင်းခြေရင်းမှာ မလှမပလေးပေါ့။



အိမ်မက် (၁)

“ခရေ”



တနေ့က မကြည်လင်တဲ့ စိတ်တွေကို ဆေးကြောပစ်ဖို့ ဒီလမ်းလေးထဲ လျှောက်လာမိတယ် .. ခရေပင်တွေ စီစီရီရီနဲ့ အေးချမ်းလွန်းတဲ့လမ်းလေးပေါ့ .. ဒီခရေနံ့  သင်းသင်းလေး၊ ဒီပန်းသေးသေးလေးတွေ တွဲရရွဲခိုနေတဲ့ စိမ်းစိုစိုခရေပင်ကြီးတွေက ကိုယ် ဘယ်လောက်ပဲ စိတ်ညစ်ထွေ၊ မကြည်နေပါစေ အေးချမ်းမှုတွေကို ဆောင်ယူ၊ သယ်ယူလာပေးတယ် လို့များ ပြောရင် ခံစားချက်တူသူချင်းသာ ကိုယ့်ကိုနားလည်နိုင်မှာပါ။ မတူညီတဲ့ ခံယူချက်သာရှိခဲ့ရင် ကိုယ်အပိုပြောတယ် ထင်နေကြမယ်နော်။ ဟိုးအမြင့် ကောင်းကင်ယံမှာ ထွန်းလင်းနေတဲ့ ကြယ်လေးတွေက ကိုယ်တို့ ဆုတောင်းတွေကို ပြည့်စေလိုတဲ့ မေတ္တာဓာတ်နဲ့ မြေပြင်ကို သက်ဆင်းကြွေလာသလို ကိုယ်ချစ်တဲ့ ခရေလေးတွေကလဲ ကိုယ်တို့တွေ မွှေးကြူကြည်နူးနိုင်အောင် မင်းရဲ့ဘဝကို ဖြတ်ကြွေ ဆင်းသက် မြေခကြရတယ် ထင်တယ်နော်
လမ်းအ၀င်ဝတည်းက မွှေးပျံ့နေတဲ့ ခရေနံ့တွေနဲ့ အတူ လောကကြီးကို အဆက်အသွယ်ပြတ်နေလိုက်တာ ..။ လူတယောက် ကိုယ့်ရှေ့မှာ ချော်လဲတာမြင်မှ သတိပြန်ဝင်လာခဲ့တယ် ..။ သူ့ပုံစံက ကို့ယို့ကားယားနဲ့မို့ ကိုယ်အမှတ်တမဲ့ ရီလိုက်မိတယ် ..။ မဆီမဆိုင် တွေးလိုက်မိသေးတယ်...။ ကမ္ဘာ့ gravity ဆွဲငင်အားက သူ့  ကို ဆောင့်ပြီး ဆွဲလိုက်လို့များ လဲကျတာလားလို့ ။ ကိုယ်သတိရလိုက်တဲ့ အချိန်မှာ သူက ဖိနပ်ကြိုးငုံ့ချည်နေတာတွေ့ လိုက်ရတယ်။ သူ့မျက်နှာ ငုံ့ထားပေမဲ့ တချို့ တဝက်သာမြင်နေရတဲ့ ပန်းသွေးရောင် နီမြန်း.... သူ့ မျက်နှာက သက်သေတည်လို့ပေါ့။ Alter ဂျင်းဘောင်းဘီပွပွ၊ အဝါနဲ့ အဖြူစင်းကျား POLO T-shirt ဝတ်ထားတဲ့ သူက ဆံပင်ကို Spiky ပုံစံ သထားတယ်။ ကိုယ်က Spiky ဆံပင်နဲ့ ကောင်လေးတွေကို အမြဲ ရှုံ့ချပေမဲ့ သူ့ကိုတွေ့တော့မှ ချွင်းချက်အနေနဲ့ ပစားပေးရမဲ့သူ ပေါ်လာတော့တယ်။ ဖိနပ်ကြိုး ချည်ပြီးလို့ ပြန်မော့လာတဲ့ သူ့ မျက်နှာမှာ နက်မှောင်တဲ့ မျက်ခုံးထူထူအောက်က သူ့ မျက်ဝန်းတစ်စုံ......၊ သိပ်ကို ထင်ရှားစူးရှလွန်းတယ်။ ရုတ်တရက် သူ ကျောခိုင်းလှည့်ထွက်သွားတော့မှ ကိုယ်အသက်ဝင်လာတော့တယ်..။ ကိုယ့်မျက်နှာ ရှက်သွေးဖြာ ပူနွေးသွားတာ ဘယ်သူမသိ၊ ကိုယ့်တယောက်သာ အသိဆုံးပါလေ..။ ကိုယ် သူ့မျက်ဝန်းတွေကို အဓိပ္ပါယ် မဖော်တတ်ခဲ့ဘူး ..၊ ကိုယ် ရင်ခုန်သွားသလား ..၊ သေချာတာတော့ ဒီနေရာ၊ ဒီခရေလေးတွေနဲ့ အတူ သူ့ ကိုတော့ မှတ်မိနေမှာပါ။


*********************

အိပ်မက် (၂)

 “ညီညီ”



ခရေတွေ မွှေးမြလိုက်တာ။ ချစ်သူပန်ဆင်ဖို့ပေါ့.. ခရေတွေ ကျွန်တော် ကောက်နေခဲ့တာ... တစ်ပွင့်ကောက်ပြီးတိုင်း တစ်ခါမွှေးကြူရင်း သူမကို ပေးဖို့ အနမ်းပွင့်တွေ စုဆောင်းနေခဲ့တာ။ ရူးလိုက်ပုံများ။ ဘယ်သူမှန်းမသိ၊ ဘယ်ကမှန်းမသိ၊ ချစ်သူရှိလား၊ အိမ်ထောင်သည်လားမသိ...။ ဘာမှ ရေရေရာရာမသိပဲ မြင်မြင်ချင်း နှလုံးအိမ်ထဲက မထွက်တော့သော သူမ ပုံရိပ်လေးကိုသာ တမ်းတလို့..။ သူမကတော့ တစ်ခါသာ ဆုံလိုက်ပြီး ရက်ပေါင်များစွာ ပျောက်ဆုံးလို့။ သို့သော် ကျွန်တော့် အတွေးတွေထဲ၊ အိပ်မက်တွေထဲမှာ အဖြူရောင်သူမ၏ ပုံရိပ်တို့က တစ်ရိပ်ရိပ် တိုးလို့သာ နေရာ ယူလာကြသည်။
အိပ်မက်တွေထဲမှာ ကျွန်တော်က သူမကို အဖြူရောင်ဝတ်စုံလေးနှင့်သာ အမြဲ မြင်တွေ့နေရသည်...။ အပြင်မှာလိုပဲ.. သူမက နတ်သမီးလေးလို လှပဖြူစင်လို့....။ ခရေပန်းကုံးကလေးကို ခေါင်းမှာ ရစ်ခွေထားတော့ သူမက ရိုရိုးလေးနှင့် ချစ်ဖွယ်သောအသွင်ကို ဆောင်နေလေသည်။ သူမ၏ အပြုံးနုနုလေးတွေကို မြင်တွေ့နေရတိုင်း ကျွန်တော့်ရင်ထဲ အေးမြလှသည်။ အိပ်မက်ထဲမှာတော့ ခရေပွင့်တွေက ကြယ်လေးတွေလို လင်းလက်စွာ ကြွေကျနေ၏။ သူမကတော့ ထိုကြယ်ပွင့်လေးတွေ အလည်မှာ ထိုင်ကာ ကြွေကျလာသော ခရေကြယ်ပွင့်ကြွေတွေကို ဖမ်းယူ ဆော့ကစားလို့..။ သူမထံပါးသို့ ကျွန်တော် လျှောက်သွားရင်းက သူမကို မြင်တွေ့ကာစကထက် ပိုမို နက်ရှိုင်းသော၊ နွေးထွေးသော.. ကျွန်တော်နားမလည်သည့် ခံစားချက်တို့က နှလုံးသွေးထဲမှာ လှည့်ပတ်စီးမျောလို့လာသည်။ အနားရောက်တော့ သူမက ကျွန်တော့်ကို အပြုံးနှင့် စိုက်ကာကြည့်ရင်း လက်ကိုကမ်းပေး၏..။ သူမလက်ကို ကျွန်တော် ဖမ်းယူဆုပ်ကိုင်ဖို့ ကြိုးစားတော့ ကျွန်တော်၏ အဖြူရောင်နတ်သမီးလေးက ကျွန်တော်လက်လှမ်းမမှီအောင် ဝေးကွာသွားခဲ့လေသည်။ သူမနောက်သို့ လိုက်ကာနေရင်း ကျွန်တော် မောပန်းတကြီး ဖြစ်ကာ အဝေးကြီး ဝေးလို့သွားမှာ စိုးရိမ်ပြင်းပျ ဖြစ်လာတဲ့ အခါမှာတော့ ဗြုန်းခနဲ အိပ်မက်က လန့်နိုးလာတတ်ပါသည်။
ထိုစဉ်အခါတိုင်း.. ကျွန်တော်က သူမကို လွမ်းဆွတ်ကာနေရင်း.... ဒါ.. အချစ်လားး.. သူမကို ကျွန်တော်ချစ်နေမိပြီလား.. ဘာသာ ပြန်မေးရင်း အဖြေတစ်ခုက တိကျသေချာလာခဲ့တော့သည်။


အိပ်မက် (၂)

 “ခရေ”



ဆုံတွေ့ခြင်းတွေကို တမ်းမက်နေသူတယောက်အတွက်
မလိုအပ်ချိန်တွေက ရှည်ကြာလွန်းတယ်
မျှော်လင့်ချက်ရောင်ခြည်နဲ့

ဖြတ်သန်းတဲ့နေ့ရက်တွေ
နေ၀င်နေထွက်ချိန်တွေက

လူကို လှောင်ပြောင်လွန်းတယ်
အချိန်ရှိတိုင်း ဖြတ်သန်းနေကျ လမ်းလေးပေမယ့် ဒီနေ့ မတူညီတဲ့ ခံစားချက်ကို ပေးတယ်.. ။ မျှော်လင့်ချက်တ၀က်ကို သိမ်းထုပ်လို့ ကိုယ် ဒီလမ်းကို လျှောက်ခဲ့တယ်...။ အရင်ကတော့ ခရေနံ့တွေ ရစ်သိုင်းထားတဲ့ ဒီပတ်ဝန်းကျင်မှာ ခရေနံ့ သင်းသင်းနဲ့ ပြေးလွှားဆော့ကစား၊ ခရေတွေကို လိုက်ဖမ်းကျီစယ် ဆော့မြူခဲ့တဲ့ကိုယ်၊ ခုတော့ ကြယ်ကလေးလို တောက်ပဝင်းဖြာတဲ့ မျက်လုံးပိုင်ရှင် ထိုလူသားပုဂ္ဂိုလ်လေးကိုသာ ပတ်ဝန်းကျင်တခွင်မှာ မျက်စိကစားဖွေရှာမိနေတဲ့ ကိုယ့် မသိစိတ်ကို ရှက်စိတ်နဲ့ မသိမသာ ခိုးကြည့်မိတော့ သူက ရိုးရိုးလေးနဲ့ "ဘာလဲ" တဲ့လေ။ အတွေးလိပ်ပြာလေးတောင် ရှက်စနိုးနဲ့တောင်ပံခတ်လို့..။
အင်း .. မဖြစ်နိုင်ပါဘူးလေ .. ကိုယ်တို့နှစ်ယောက်က မတော်တဆ ဆုံတွေ့ခဲ့ကြတာပါ .. ဒီမျက်ဝန်းတွေကို ထပ်မြင်ခွင့် မရတော့ဘူးလား .. ကိုယ် သိပ်ရူးလွန်တယ် ထင်ပါရဲ့ .. အချိန်တိုင်း မဟုတ်ပေမယ့် ဒီလမ်းလေးရောက်ရင်တော့ ဒီမျက်ဝန်းတစုံကို သတိရနေတတ်တော့တာပဲ ..
မျက်ဝန်းတစုံကြောင့်
ငါ အိပ်ရေးပျက်ရသတဲ့
ထူးဆန်းလွန်းပါလား
ငါဟာ ငါမဟုတ်တော့သလို
ကြည်ကြည် လင်လင်နိုးလာလို့ နာရီကြည့်မိတော့ မနက် ၄နာရီခွဲ .. အတန်းချိန်လိုနေသေးတယ် .. အချိန်တွေကို နှမြောလို့ အတင်းပြန်ခွေအိပ်ပေမယ့် ချက်ချင်း ပြန်အိပ်မပျော်နိုင် .. မဆီမဆိုင်သတိရမိတာက မျက်ဝန်းတစုံ .. ကိုယ့်နှုတ်ခမ်းတွေ ပြုံးသွားမိသလား .. အချိန်တွေရယ် ငါ့ကိုလေ ဒီမျက်ဝန်းတစုံနဲ့များ ပြန်ဆုံတွေ့ခွင့် ထပ်မပေးနိုင်တော့ဘူးလား ..



*********************

အိပ်မက် (၃)

 “ညီညီ”



ကျွန်တော် ဒီလမ်းလေးကို ဖြတ်လျှောက်တိုင်း သူမကို အမှတ်ရတဲ့ အထိမ်းအမှတ်နဲ့ တစ်ရက်ကို ခရေတစ်ပွင့်စီ ကောက်ပြီး စုဆောင်းခဲ့တာ ခုဆို ခရေပွင့်လေးတွေ လေးဆယ့်ရှစ်ပွင့်တိတိ ရှိနေခဲ့ပြီ။ ခုချိန်ထိ အဖြူရောင်လွလွ သူမ၏ ပုံရိပ်တွေက ကျွန်တော့်နှလုံးသားထဲ...၊ အမြင်အာရုံထဲ...၊ အိပ်မက်ထဲက.... ပျောက်ကွယ်မသွားခဲ့သလို.. ပိုလို့သာ စွဲလန်းလာတော့တာ။ ခရေပင်လမ်းကလေး ကို ဖြတ်လျှောက်သွားချိန်များ လေပြည်တစ်ချက် မဝေ့ဝဲလိုက်နှင့်။ ဆံနွယ်စတွေ ကပိုကရို လွင့်မျောသွားတတ်သော အဖြူရောင်ပုံရိပ်တစ်ခုက အာရုံမှာ ဖြတ်ခနဲ မြင်သည်။ သူမကို စတွေ့သည့် နေရာကို ရောက်တိုင်းလဲ ပြန်တွေ့လေမလား ရင်ခုန် မျှော်လင့်နေမိတတ်ပြန်သည်။
ဒီနေ့လည်း ထုံးစံအတိုင်း သူမကို မတွေ့နိုင်ဘူးထင်ပါရဲ့ ဟု စိတ်လျှော့ကာ လမ်းကလေးထဲ ဝင်လာခဲ့သည်။ သူမ၏ ပုံရိပ်လေးကို မျှော်လင့်နေမိသော စိတ်တို့ကလဲ ညအမှောင်ကို အံတုနေရသော ပိုးစုန်းကြူးတစ်ကောင်ရဲ့ အလင်းလို မှိန်ဖျော့ ပါးလျလို့။ အဲဒီအချိန်မှာပဲပေါ့... ကျွန်တော့်အာရုံတွေက ခြေသံလေးတစ်ခုမှာ နူးညံ့စွာ စီးဆင်းသွားခဲ့တော့တာ။
အမြဲ လူရှင်းနေတတ်ခဲ့ပြီး ကိုယ်ပိုင်ကားကလေး တစ်ချို့သာ အဖြတ်အသန်းရှိတတ်တဲ့ ဒီ လမ်းကလေးမှာ ကျွန်တော့်ခြေသံအပြင် မိန်းခလေးတစ်ယောက်ရဲ့ ဒေါက်ဖိနပ်သံကို ကျွန်တော့်နောက်နားကနေ ကြားနေရတာ။ ကြွေကျနေတဲ့ ခရေပွင့်တစ်ချို့ကို ကျွန်တော် ကောက်ဖို့ ပလက်ဖောင်းပေါ်ကနေ ခရေပင်တွေဘက် မြက်ခင်းပေါ် ဆင်းကာ လျှောက်တော့ ဒေါက်ဖိနပ် ပိုင်ရှင်လေးက ကျွန်တော့်ကို ကျော်ဖြတ်ကာ ဆက်လျှောက်သွားသည်။ ဆံနွယ်ရှည်ရှည်လေးတွေကို ဖြတ်ခနဲ တစ်ချက် ဝှေ့ယမ်းရင်း ကျွန်တော့်ဆီ အကြည့်တစ်ချက် ရောက်လာခိုက်မှာတော့ ရင်ဘတ်ထဲက နှလုံးသား တစ်ခုလုံး ထွက်ကျသွားမတတ် ကျွန်တော် ရင်ခုန်ပျော်ရွှင်သွား၏။ ကျွန်တော် အမျှော်လင့်ကြီး မျှော်လင့်နေခဲ့တဲ့ အိပ်မက် နတ်သမီးလေး...။ ဟားးးးးး..... သူမ မျက်ဝန်းတွေထဲမှာ ကျွန်တော့်ကို မှတ်မိကြောင်း ဖတ်လိုက်ရသည်။ နောက်ပြီး... ဖြတ်ခနဲ အကြည့်လေးတစ်ချက်မှာပဲ ကျွန်တော်တို့ မျက်လုံးတွေက စကားများစွာ ပြောဖြစ်နေကြသလို..။
ကွန်ဒိုတိုက်ခန်းတွေ ရှိရာ ခြံဝင်းထဲ သူမ ဝင်ရောက် ကွယ်ပျောက်သွားသည်ထိ ကျွန်တော်က နေရာမှာ ငြိမ်သက်စွာ ငေးမောနေရင်း ရုတ်ချည်း သူမကို လွမ်းဆွတ်သွားရပြန်သည်။ သေချာတယ်..။ အဖြူရောင်သူမပုံရိပ်ကလေးကို တမ်းတသမျှ အခုတော့ သူမရဲ့ မျက်ဝန်းကြည်လဲ့ကိုပါ ကျွန်တော် လွမ်းဆွတ်နေရတော့မယ် ဆိုတာ...။



အိပ်မက် (၃)

 “ခရေ”

အတန်းချိန်ကို အမြဲနောက်ကျတတ်လို့ သူငယ်ချင်းတွေ နာမည်ပေးထားတာက လိပ်လေးတဲ့ .. ခုလည်း သေချာပြီလေ နောက်ကျပြန်ပြီပေါ့ .. ကားပေါ်တက်မလို့ ကျောင်းသားကဒ်ကိုရှာတော့ မပါလာပြန်ပါ .. လွယ်နေကျ အိတ်ကို ထားခဲ့တဲ့အကျိုးပေါ့ .. ပြန်ပေဦးတော့ အိမ်ကို တခေါက် .. ဘယ်အချိန်ပဲ ဖြတ်ဖြတ် ဒီလမ်းလေးကတော့ သစ္စာရှိစွာ ခရေနံ့လေးတွေနဲ့ ကြိုမြဲပါပဲ .. ရှေ့မှာ ပုံရိပ်တခု ..
လမ်းကတော့ ဖြောင့်ဖြောင့်ပါပဲ
ခြေလှမ်းတွေကသာ ယိုင်နဲ့လေတာ
ကိုယ့်ပယောဂနဲ့ ကိုယ်

ခြေလှမ်းသွက်သွက်နဲ့ ရှေ့က ပုဂ္ဂိုလ်ကို ကျော်တက်လိုက်တယ် .. မသိစိတ်က သတိပေးလိုက်သလို ကိုယ် နောက်ကို ပြန်ကြည့်မိတော့ မျက်ဝန်းတစုံ .. မျက်ဝန်းတွေက အရောင်တမျိုးနဲ့ ညှို့တယ် .. နှုတ်ခမ်းတွေကရော ပြုံးပြနေတာလား .. ကိုယ်ကရော ပြန်ပြုံးပြလိုက်မိသလား .. ဟင့်အင်း .. ကိုယ် သူနဲ့မှ မသိတာ .. သူ့ရှေ့ကနေ ခြေလှမ်းသွက်သွက်နဲ့ ကိုယ့်အိမ်ဘက် အပြေးသွားလိုက်တယ် .. ကိုယ့်ရင်ခုန်သံကိုလည်း သူကြားသွားမှာ စိုးပါတယ်လေ ..

ကိုယ်…. ရင်ခုန်ခဲ့တာတော့ အမှန်ပါ
ကိုယ်ပြောမယ်ချစ်သူ
တွယ်တာခြင်းကို လက်ယပ်ခေါ်ငင်
အကြင်နာနွယ်မျှင်တွေကို ပြုံးပြဖို့

ကိုယ့်မှာ လုံလောက်တဲ့ သတ္တိမရှိခဲ့ပေမယ့်

အပြုံးရဲ့ ရိုက်ချက်ကို

ကိုယ်ကျောကော့နေအောင် ခံလိုက်ရတယ်
ရယ်စရာထင်ရင် ရယ်ပါချစ်သူ

ကိုယ်ကတော့
နွယ်စရာမို့ တွယ်တာခဲ့တာပါ
မယုံရင်တော့ မပြုံးပြပါနဲ့

အရှုံးဆိုတာ ငါအမုန်းဆုံးဒဏ်ရာမို့ပါ။


*********************

အိပ်မက် (၄)

 “ညီညီ”



တွယ်နှောင်မိသော သံယောဇဉ်တို့၏ ဆွဲအားတို့ကြောင့် ကျွန်တော့်အိပ်မက်တွေက ချစ်သူကို ထာဝရ တမ်းတနေသည်။ ခရေပင်လမ်းကလေးထဲမှာ သူမ၏ ပုံရိပ်တို့ကို ရှာဖွေရင်း သူမ၏ ရယ်သံလွင်လွင်ကို စိတ်ကူးယဉ်၏။ ရုံးပိတ်ရက်တွေမှာလည်း သူမကို မြင်တွေ့ချင်စိတ်တို့ဖြင့် ခရေပင်လမ်းလေးထဲ ကျွန်တော် အခေါက်ခေါက်အခါခါ ဖြတ်လျှောက်နေမိသည်။ သူမ ဝင်ရောက် ပျောက်ကွယ်သွာဖူးသော ကွန်ဒို တိုက်ခန်းများ ရှိရာ တိုက်မြင့်ကြီးတွေဆီကိုလည်း အဓိပ္ပါယ်မဲ့ ငေးမော ကြည့်နေတတ်ခဲ့သည်။ ကျွန်တော့်မျက်ဝန်း ဆိုက်ရာ ပြူတင်းတစ်ခုခုမှာများ သူမ၏ မျက်နှာလေးကို မြင်ရမလား တိတ်တဆိတ် မျှော်လင့်နေမိတတ်ပြန်လေသည်။
သိပ်မကြာခင်မှာ ရောက်လာတော့မယ့် သင်္ကြန်မှာ သူမအတွက် ကျွန်တော် တမြတ်တနိုး စုဆောင်းခဲ့သော ခရေလေးတွေကို လက်ဆောင်ပေးချင်စိတ်တွေနှင့် စိတ်ကူးယဉ် ရူးသွပ်နေမိပြန်သည်။ ခရေချစ်သူ.. သူမကရော.. ကျွန်တော် တစ်ရက်တစ်ပွင့် စုထားသော ခရေပွင့်လေးများကို တန်ဖိုးထားပါ့မလား။ နောက်ပြီး အခါအခွင့်သင့်တဲ့အခါမှာ ထိုခရေတစ်ပွင့်တိုင်းတွင် ကျွန်တော့် အနမ်းတစ်ပွင့် သိမ်းထားကြောင်းကိုလဲ ပြောပြခွင့် ကြုံချင်ပါသေးသည်....။ သူမအတွက် ကျွန်တော့်ရဲ့ ခရေအိပ်မက်တွေ အဘယ်မျှလှပကြောင်း သူမ သိစေချင်ပါသည်...။
ကံကြမ္မာ နှင့်ရေစက်ကို အိပ်မက်နှင့် အလဲအထပ်တစ်ခုလုပ်ကာ.. သူမျှော်လင့်ရင်ခုန်နေသော နေ့မှာ... သင်္ကြန်အကြိုနေ့ ဖြစ်၏။ ထိုနေ့ကျ... သူမနှင့် စတင်ဆုံစည်းခဲ့ရာ ခရေပင်အောက်မှာ သူမနှင့် တွေ့ဆုံလို တွေ့ဆုံငြား... ကျွန်တော် တစ်နေကုန် သွားထိုင်စောင့်နေလိုက်မည်..။ မျက်လုံးကို စုံမှိတ်ပြီး သူမ မျက်နှာကြည်လဲ့ကို မြင်ယောင်ကာ “ကိုယ်စောင့်နေမဲ့ ခရေပင်အောက်ကို လာခဲ့ပါ အိမ်မက် နတ်သမီးလေးရယ် ” ဟု တိတ်တဆိတ် ဆန္ဒပြုလိုက်မိတိုင်း ဘယ်ဘက်ရင်အုံတစ်ခုလုံးက မျှော်လင့်ခြင်းတွေနှင့် ပြည့်မောက်လို့ လာဆဲ...။




အိပ်မက် (၄)

“ခရေ”


အမှတ်တမဲ့ပါပဲ
အမှတ်မရချင်ပါပဲနဲ့
အတွေးထဲ စွဲထင်တယ်

ပုံရိပ်တွေ တမ်းတမ်းတ စွဲလန်းရင်း
မျှော်လင့်ချက်တွေ အရိပ်လို ကပ်တယ်
အတွေးနဲ့ ကိုယ်
သိပ် ဝေးကွာလွန်းနေပါသလား

မျှော်လင့်ခြင်းကို
စိတ်ကူးနဲ့ပုံဖော်
အိပ်မက်ထဲတောင်
ခရေတွေ တပွေ့ တပိုက်နဲ့

သူများတွေက သင်္ကြန်ဆို ပိတောက်နဲ့ တွဲမှတ်ကြပေမဲ့ ခရေကတော့ ထုံးစံအတိုင်း ခရေပန်းလေးတွေ သီဖို့ ခရေပင်ကြီးအောက် သွားကာ သင်္ကြန်ကျအုံးမယ်ပေါ့။ သူသာ ရေလာလောင်းခဲ့ရင် လို့ စိတ်ကူးနဲ့တင် ရင်က ခုန်လာပြီ။ မဖြစ်နိုင်ပါဘူးကွယ်...
မသိ မမြင် မတွေ့ပါပဲနဲ့ အလိုလိုနေရင်း သတိတရ ရှိနေတတ်တယ် .. ဒါဟာ စွဲလန်းခြင်းလား .. အကြည့်တွေကို မြင်ယောင်မိတိုင်း ကိုယ့်နှလုံးသားကို ကိုယ်ပြန်ရှက်ရတဲ့ အဖြစ် .. ခုတော့ ဒီခရေလမ်းက မျှော်လင့်ချက်တွေ ထမ်းပိုးပေးထားသလို တခါတလေလည်း စိတ်ပျက် အားလျှော့ခြင်းတွေကို ပေးတယ် .. ခရေပင်ကြီးကလည်း လမ်းပေါ်ကို ခရေပန်းတွေ ခြွေချမြဲ .. အင်း .. အချိန်တန်တော့လည်း ဒီလမ်းရဲ့ ပွေ့ဖက်မှုကို ခံယူဖို့ မြေပြင်ကို ဆင်းသက်ရတာပါပဲ .. အကျ မနာပါစေနဲ့ ခရေပွင့်လေးရယ် ..


*********************


ခရေအိပ်မက်

အချစ်ဆိုတာ
တစ်ယောက်ရဲ့ နွေကန္တာကို
တစ်ယောက်က အမောပြေစေတဲ့
အိုအေစစ်လေးလဲ ဖြစ်တယ်..။
အချစ်ဆိုတာ
တစ်ယောက်ရဲ့သွေ့ခြောက်မှုကို
တစ်ယောက်က စိုပြေစေတဲ့
မိုးရေစက်လေးလဲ ဖြစ်တယ်...။
အချစ်ဆိုတာ
တစ်ယောက်ရဲ့ ပူပန်မှုကို
တစ်ယောက်က အေးမြစေတဲ့
နှင်းစက်လေးတွေလဲ ဖြစ်သေးရဲ့...။
အချစ်က.... အချစ်ကို သီကုံး
တစ်ဘဝလုံးစာ
အိပ်မက်ရာသီမှာ
ခရေတွေလို ထာဝရမွှေးမြတဲ့
ကြယ်ဖွဲ့တေးတွေ သီလို့....။
ဒီလိုနဲ့
နှစ်ယောက်တစ်ဘဝအတွက်
အိပ်မက်တစ်ခု....
အစပြုခဲ့ကြပြီလေ...။ ။


----------------------------------------------------------------------

 
မေတ္တာဖြင့်
မိုးကုတ်သား
ဖိုးစိန်
မိုးခါး
မေသူ