Thursday, October 29, 2009

အာကာသထဲ ပျောက်ကျသွားတော့မည့် ဂြိုလ်ပြာ


အရာအားလုံးဟာ ဖြစ်ပြီးရင် ပျက်ကြတာကြီးပါပဲ။ တည်မြဲတယ် ဆိုတာ ဖြစ်လာတာဟာ ပျက်ဖို့”ဆိုတဲ့ ဓမ္မတာ တစ်ခုလို့ ဆိုရမဲ့ သဘောပဲပေါ့။ ဒီတော့ ဖြစ်လာချိန်၊ တည်ရှိနေချိန်လေးမှာ ဘ၀ကို ဘယ်လို ကိုယ်တို့တွေ ပုံဖော်၊ လက်ခံ၊ ဖြတ်သန်းကြမလဲ ဆိုတာပါပဲ။ "ကမ္ဘာပျက်ခါနီး တစ်လလောက်အလို" ဆိုတဲ့ အကြောင်းကို အမ အိန္ဒြာ က တည်တည်တံ့တံ့ကြီးကို စဉ်းစားမိပြီး စပ်စုထား အဲလေ တက်ဂ်ထားတော့မှ ကျွန်တော်လဲ ကိုယ် မဆုံချင်တဲ့ အကြောင်းအရာတွေဆီ တည့်တည့် မျက်နှာချင်း ဆိုင်ရပါတော့တယ်။



ဆူနာမီတွေ ဖြစ်တုန်းက၊ ငလျှင်တွေ အကြီးအကျယ်လှုပ်တုန်းက၊ မီးတောင်တွေ ပေါက်ကွဲပြီး မြို့တွေ ပျက်တုန်းက၊ နောက်ပြီး နာဂစ် ၀င်မွှေသွားတုန်းက ကိုယ်တိုင် ကြုံတွေ့ ခံစားကြရသူတိုင်းဟာ အဲဒီအချိန်မှာတော့ သူတို့ အတွက် ကမ္ဘာပျက်နေတာပါပဲ။ ကိုယ်တို့တွေ အိမ်ဆောက် နေထိုင်ခဲ့ကြတဲ့ မိခင် အိမ်မ ဂြိုလ်ပြာကြီးကတော့ဖြင့် ကျန်းမာရေးမကောင်းလို့ အပူရှိန်တွေ တရိပ်ရိပ်တက်စ ပြုလာတာ၊ ၀င်ရိုးစွန်းက ရေခဲပြင်တွေ တအိအိနဲ့ အရည်ပျော်ကျပြီး ပင်လယ် ရေမျက်နှာပြင်တွေ မြင့်မြင့်တက်လာနေတာ၊ ရာသီဥတုတွေ ဖောက်လွှဲဖောက်ပြန် ဖြစ်နေခဲ့တာ၊ တုန်ရီလှုပ်ခတ်နေခဲ့တာ ကြာပါပြီ။ ဒီဂြိုလ်ပြာကြီးဟာ အာကာသထဲမှာ ပျောက်ကျသွားသလို ပျက်စီးပျောက်ကွယ် မသွားဘူး လို့ ဘယ်သူ အာမခံနိုင်ပါသလဲ။ မိုးပြိုမှာကို တွေးကြောက်ဖို့ မဟုတ်ပါဘူး။ တကယ် ကြုံလာရမယ်ဆိုရင် ကိုယ်တွေ ဘယ်လို ပြင်ဆင်ထားသင့်သလဲ ဆိုတဲ့ အတွေးလေးတွေ ၀င်လာတဲ့ ခဏမှာ လောဘ၊ ဒေါသ၊ မောဟတွေနောက် လိုက်နေခဲ့ကြတဲ့ ကိုယ့်ကိုကိုယ် “ဒါတွေဟာ ဘာမှ မဟုတ်ပါလား၊ ဂြိုလ်ပြာကြီး ပဲ ပျက်ပျက်၊ မပျက်ပျက် ကိုယ်တွေကတော့ သေရအုံးမယ်။ ဒီတော့ အဲ့ဒီသေခြင်းတရားကို မျက်နှာချင်းဆိုင်ဖို့ ဘယ်လို သတ္တိ မွေးကြရမလဲ” ဆိုတဲ့ အတွေးတွေ ဖြစ်စေခဲ့ပါတယ်။

ကဲ၊ ဆိုကြပါစို့။ ၂၀၁၂ မှာ ဂြိုလ်ပြာကြီး အာကသထဲ ကျပျောက်သွားသလို ပျက်သုဉ်းသွားမယ် ထားပါတော့။


(၁)။ ဘယ်သူတွေနဲ့ရှိနေချင်လဲ..

ဖေ၊ မေ၊ မောင်နှမသားချင်း၊ ချစ်သူ၊ ခင်မင်သူ၊ မိသားစု ပေါ့။ တစ်ယောက်လက်တစ်ဖက်စီကို တစ်ယောက်လက်တစ်ဖက်စီက ဆုပ်ကိုင်ထားပြီး အတူ ရှိနေကြမယ်လေ။ နောက်ဆုံး အချိန်အထိ....

(၂)။ ဘာတွေခံစားနေရမလဲ..

ရင်တွေ ခုန်နေကျ ပုံမှန်အတိုင်းထက်တော့ ပိုပြီး ခုန်နေလိမ့်မယ်။ စိတ်တွေ သိပ်ပြီး လှုပ်ရှားနေလေမလား။ သေချာတာကတော့ ကြောက်နေမှာပဲ။

(၃)။ ဘာတွေပြင်ဆင်ထားမလဲ..

ရုပ်ဝတ္ထုပစ္စည်းတွေကတော့ သေရင် ပါသွားမဲ့ အရာတွေ မဟုတ်တဲ့အတွက် အဲတာတွေကိုတော့ ပြင်ဆင်ထားမှာ မဟုတ်ပေဘူး။ စိတ်တွေကိုတော့ ပြင်ဆင်ထားရပေလိမ့်မပေါ့။ တုန်လှုပ်နေမဲ့ ကြောက်စိတ်လေးတွေကို တည်ငြိမ်အောင်ထိန်းသိမ်းနိုင်ဖို့၊ ကိုယ့်ဘေးမှာ ရှိတဲ့ သူတွေကို အားပေးနိုင်ဖို့၊ သေခြင်းတရားတွေကို လက်ခံ ရင်ဆိုင်နိုင်ဖို့။ (တစ်နေ့ သေရမှာပဲ ဆိုတဲ့ အသိ ဘယ်လောက်ပင် ရှိထားလဲ သေရမှာတော့ အရူးတောင် ကြောက်တယ်ဟုတ်)

(၄)။ ၀မ်းနည်းမိမှာက..

ဝမ်းနည်းစရာတော့ မရှိလှပေမဲ့ သေချာ တွေးကြည့်ရင်တော့ ကြေကွဲစရာ။ ဘယ်သူတွေ ဘယ်လို သေခြင်းတရားကို ကြုံကြမလဲ ကိုယ်တွေ မျက်ဝါးထင်ထင် မြင်တွေ့နေရချင် နေရမှာလေ။ နောက်ပြီး ကိုယ်တို့တွေတင်မက ကိုယ်တို့ သက်ရှိအရာတွေအားလုံး အစဉ်အဆက် နေထိုင်ခွင့် ပေးထားခဲ့တဲ့ ဂြိုလ်ပြာကြီး ပျက်သုဉ်းသွားရတော့မှာ။

(၅)။ ကြောက်လန့်မိတာက..

သေရမှာပါဆို ကြောက်တာပေါ့။ ဒါကိုပဲ ထပ်ပြီး ကြောက်ခိုင်းရုံမက လန့်ဖို့ပါ သတိပေးနေသေးတယ်။ “အနိစ္စ၊ ဒုက္ခ၊ အနတ္တ” ဆိုတာကို ဆင်ခြင်နိုင်စိတ်လေး ပျောက်နေမှာတော့ ကြောက်လန့်မိသား။

(၆)။ ဆောင်ထားချင်တာ..

“၀ိပဿနာ” တရား၊ “မေတ္တာ” နှလုံးသား နဲ့ “ဥပေက္ခာ” စိတ်

(၇)။ ဘာတွေရေးမိမလဲ..

ဘာတွေမှ ရေးဖြစ်မယ် မထင်ဘူး

(ဂ)။ တွေးမိတွေးရာ အတွေး..

အတွေးတွေလဲ ဘာဘာညာညာ တွေးမိတွေးရာ တွေးနေဖြစ်မယ်မထင်ဘူး။ ကိုယ်က ချန်ထားခဲ့သူ လဲ မဖြစ်ချင်ဘူး။ ကိုယ့်ကို တသပြီး ကျန်နေခဲ့ကြမဲ့ ချစ်ခင်သူတွေကို မပူဆွေးစေချင်လို့။ ကျန်ရစ်နေခဲ့သူလဲ မဖြစ်ချင်ဘူး။ ချန်ထားရစ်ခဲ့တဲ့ ချစ်ခင်သူတွေကို တသပြီး ဘ၀ကို မဖြတ်သန်းချင်လို့။ တကယ်တော့ တကမ္ဘာလုံး ပျက်သုဉ်းမှာ၊ အဲတော့ ဘာမှ ကျန်နေခဲ့မှာ မဟုတ်ကြဘူးလေ။ အင်း၊ ကိုယ်တွေ ဆောင်ထားချင်တဲ့ “၀ိပဿနာ” တရား၊ “မေတ္တာ” နှလုံးသား နဲ့ “ဥပေက္ခာ” စိတ် တွေ အဲဒီအချိန် တကယ် ဆောင်ထားနိုင်ပါ့မလား ဆိုတာပဲ။ ဆောင်မထားနိုင်ရင်တော့............ အတွေးနဲ့တင် ကြောက်စရာမို့ ဆက်မတွေးတော့ဘူး။ တော်ဘီ။

(၉)။ ဂုဏ်ယူချင်တာက..

ကိုယ်ဟာ ကမ္ဘာပေါ်မှာ ဘာမှ မဟုတ်တဲ့ လူတစ်ယောက် ။ ဒါပေမဲ့ ဆန်ကုန်မြေလေးတော့ မဟုတ်ခဲ့ပေဘူး။ ကမ္ဘာကြီးကို ကယ်တင်ဖို့ ကျွန်တော့်လက်နဲ့ အပင်တွေ စိုက်ခဲ့ဖူးတယ်။ ရေမြောင်းတွေ ဆယ်ခဲ့၊ ရှင်းခဲ့ဖူးတယ်။ (အဲလောက်တော့ လူတိုင်းနီးပါး ဂြိုလ်ပြာကြီးပေါ်မှာ ကောင်းကျိုးပြုခဲ့ဖူးကြမှာပါလေ။ အားလုံး ဂုဏ်ယူနိုင်ကြစေ)

(၁၀)။ ရှာကြံဖြေသိမ့်မိတာက..

လူ့ဘ၀မှာ ကိုယ်ဟာ အလင်းတစ်ချို့ကို ထိတွေ့ခွင့် ရခဲ့တယ်

(၁၁)။ ကျူးရင့်ချင်တဲ့ ဥဒါန်း..

တစ်နေ့တော့ “ငါ” သည် မုချ သေရမည်။



*******************************


ကဲဗျာ၊ အခု လင့်ခ်ထားတဲ့ ဒီ ဗွီဒီယိုလေးနမူနာလေး ကြည့်ပြီး အဲဒီအထဲမှာ အစမ်း ခံစားကြည့်ကြပါအုံး။




ကိုယ်တွေကတော့ ဒီကား ရုံတင်မှ သွားကြည့်ရင်း သံဝေဂ ပွားများလိုက်အုံးမယ်။ ကြောက်တတ်သူများ မကြည့်ရ။ :-P


မေတ္တာဖြင့်
မိုးကုတ်သား




Thursday, October 22, 2009

ကျွန်တော့်ညနေခင်း ပန်းချီကားမှာ ရေးခြစ်ခဲ့သော အလင်းဖွဲ့ တိမ်တိုက်တစ်ခု






Photo Credit to : Norm Shockley Sr.



ညနေခင်း တစ်ခုရဲ့…
နေဝင်စ ကောင်းကင်
တစ်ဆုပ်တစ်ခဲ ဖွဖွလေးကျဲနေတဲ့ တိမ်တိုက်တစ်ခု
အရောင်တွေ ပြောင်းလို့ ပုံသဏ္ဍန်တွေ ရွေ့နေတယ်…
ဒါကောင်းကင် ကြီးရဲ့ ရင်ခွင်အောက်မှာပါ…
အဆုံးအစမရှိတဲ့ သက်ရှိအိမ်မက်တစ်ခု အဖြစ် အသက်ဝင်နေလေရဲ့..။







ညနေခင်းတစ်ခုတဲ့လား။ ဖြတ်သန်းခဲ့ရတဲ့ ကျွန်တော့် အလင်းမဲ့ ညနေခင်းတွေဟာ နေ၀င်ပီး မိုးချုပ်နေတတ်ခဲ့တာ ကြာခဲ့ပြီကော။




မှတ်မှတ်ရရပေါ့။ ငါတို့ချစ်ခြင်းဖွဲ့ ရာဇ၀င်တွေရဲ့ အစမော်ကွန်းကို ရေးထိုးထားခဲ့တဲ့ မိန်ရာသီ အရိပ်အာဝါသအောက်က ၁၂ လုံးတန်း လမ်းမလေးပေါ်မှာ၊ ၂၂ ခုမြောက်သော ညနေခင်းလေးတစ်ခုဟာ နူးနူးညံ့ညံ့ဖူးပွင့်လို့...။ အဲဒီ့ ညနေခင်းလေးရဲ့ ကောင်းကင်မှာ.. တိမ်တိုက်ကလေးတစ်ခု... ညင်သာဖွဖွ ရင်ခုန်ဖွယ်ရာ ရွေ့လျားနေခဲ့တာကို အမိအရ ပုံတူပန်းချီ ရေးဆွဲဖို့ ကျွန်တော် စတင်ပြီး ကြိုးစားမိခဲ့တော့တယ်။ တိမ်ဆိုတဲ့သဘောက အသွင်အရောင် ပြောင်းတတ်တာ၊ ပုံသဏ္ဍန်တွေ အမျိုးမျိုးဆောင်တတ်တာ ကျွန်တော် သိထားပေမဲ့။ အဲ့ဒီ တိမ်တိုက်တစ်ခုကို ကျွန်တော့် ညနေခင်းတွေထဲမှာ တယုတယနဲ့ ကျွန်တော်ကိုယ်တိုင်ပဲ အိပ်မက်တွေ သီဝေ စေခဲ့တော့တာ။ ရှိသမျှ ကြယ်တွေ၊ လတွေ၊ တိမ်တိုက်တွေ၊ နောက်ပြီး နေမင်းပါမကျန် သူ့ရင်ခွင်အပြည့် ပန်းချီရေးခြယ်ထားတဲ့ ကောင်းကင်ကြီးကို မလိုတမာ ကျွန်တော် လှမ်းကြည့်ရင်းက တိမ်တွေ အသွင်အမျိုးမျိုး ပြောင်းရတာ သူ့ကြောင့်လို့ စွဲချက်တွေ တင်နေမိတယ်။ အင်းလေ၊ ဘ၀ဆိုတဲ့ သက်ရှိ အိပ်မက်ကြီး ထဲမှာ ဘယ်အရာတွေ ကရော ဘယ်လောက် တည်မြဲ နေသေးလို့လဲ။ ဒီတော့ ကျနော်ဟာ အသွင်ပြောင်းနေတဲ့ တိမ်တိုက်တွေကို ဖမ်းဆုပ်သိမ်းဆည်း နေရင်းက သူ့ဘာသာ လွတ်လပ်စွာ လွင့်မျော နေတာကိုပဲ စောင့်ကြည့် ကျေနပ်နိုင်ရမှာပေါ့။





ဒီ ညနေခင်းရဲ့ ကောက်ရိတ်သိမ်း သီချင်းသံတွေကြား
မင်းခြေလှမ်းတွေ အတွက်
သွေးစွန်းနေတဲ့ ငါ့ဝိဥာဉ်မီးအိမ်လေးက လမ်းပြလို့
မင်းနှုတ်ခမ်းပေါ်ရောက်ရင် ချိုမြမယ့်
ငါ့ရဲ့ခါးသက်သက် အမောပြေ ဝိုင်တစ်ခွက် ရှိတယ်.




တရိပ်ရိပ်နဲ့ ရီဝေမူးယစ်စေတဲ့ ၀ိုင်တစ်ခွက်ဟာ မင်းပဲပေါ့။ ညနေခင်း အလုပ်တွေပြီးဆုံးချိန်မှာ ငါ့အိမ်အပြန်လမ်းတွေက မင်းကို တွေ့ရတော့မယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ တက်ကြွလှပလို့။ မင်းနှုတ်ဖျားက ထွက်ကျလာတဲ့ စကားလုံးတိုင်းဟာ ငါ့အတွက်တော့ ချိုမြတဲ့ ဆည်းလည်း သံစဉ်လေးတွေ၊ တစ်နေ့တာ အမောကို ဖြေဖျောက်ပေးနိုင်မဲ့ အားဆေးတွေပဲလေ။ ခါးသက်သက် ချိုမြမြ ၀ိုင်တစ်ခွက်ကို စွဲလန်းတာမျိုးထက် ပိုပြီးတော့ကို မင်းကို ငါက လိုအပ်နေခဲ့သူပါ။ ငါ့ နှလုံးသွေးတွေနဲ့ လောင်စာဖြည့်ထင်းထားတဲ့ ချစ်ခြင်း အလင်းတွေအောက်မှာ ငါ့ဝိဥာဉ်တွေ လင်းချင်းခဲ့ရတော့တာ။




တဖြည်းဖြည်း… မှောင်ရိပ်တွေ ပျိုးလို့
ညရောက်တော့မယ်လေ…။
ငါ့ကို ဒီအသိတွေက လုယက်တိုက်ခိုက်နေတယ်
ဒီလိုနဲ့ ညတွေမှာ….
ငိုကြွေးနေတတ်တဲ့ ငါ့မျက်ဝန်းရဲ့
ထောင့်စွန်းနား မင်းဝိဥာဉ် ကို မွေးဖွားခဲ့တယ်
ကျလာမယ့် မျက်ရည်တွေက မင်းအတွက်လှပမယ့်
ညအိပ်မက်တွေကို အလိုတကျ ဖန်ဆင်ပေးဖို့ပေါ့…




အလင်းတွေကို တတိတိ ခြွေခူးနေတဲ့ အမှောင်တွေက ညနက်ထဲ ဆွဲခေါ်နေကြတယ်။ ကျွန်တော့်ရဲ့ မီးအိမ်လေး မီးစာကုန်ခမ်းသွားမှာ စိုးလှပါရဲ့။ ငါ့နှလုံးသွေးတွေရဲ့ မီးစာဟာ မင်းဆီက အကြင်အနာတွေကနေ အသက်ဆက်နေခဲ့တာပါ။ မင်းသာ ငါ့ကို မချစ်တော့ရင်၊ မင်းသာ ငါ့ကိုထားသွားရင် ဆိုတဲ့ ပူပန်မှုတွေနဲ့ ကျွန်တော့်ရဲ့စိတ် တိုက်ခိုက်ခံရတိုင်း လေပွေဝှေ့ခံရသလို မီးစာလေးက လှုပ်ခတ် တုန်ရင်ရပြန်တယ်။ ငါ့ကို မင်းရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ လုံခြုံနွေးထွေးပေးလှည့်ပါ။ ငါ့ညခင်းတွေရဲ့ အလင်းကို ပြုစုပျိုးထောင်ပေးပါ။ မင်းနဲ့ မတွေ့ရတဲ့ နေ့ရက်တွေတိုင်းမှာ ငါ့ရဲ့ ညနေခင်းတွေ သွေးပျက်စရာ ကောင်းလောက်အောင် ခြောက်ခြောက်ခြားခြား နိုင်လွန်းလှလေတယ်။ ဒီလိုနဲ့ အခါများစွာ ကျွန်တော် ငိုကြွေးမိတတ်ပြန်ရော။ ချစ်သူလေး၊ ငါ့ဝိဥာဉ်ရဲ့ တစ်ခုတည်းသော အလင်းရောင်၊ ငါ့ဘ၀ရဲ့ အရာခပ်သိမ်းဟာ မင်း။ ဒီလိုနဲ့ ကျွန်တော်ဟာ လင်းတလှည့် မှောင်တချီ၊ ချစ်သူရဲ့ အိပ်မက်ရာသီတွေ လှပကြည်နူးစေဖို့ တေးတွေသီလို့....။




ဒါပေမယ့်….
ငါချစ်တဲ့ ငါ့ရင်ခွင်က တိမ်လေးတွေ ပျောက်ဆုံးသွားစေမယ့်
သီချင်းသံတွေနဲ့ ဝေးသွားစေမယ့်…
ညတွေ ရောက်မှာကိုတော့ မုန်းမိတယ်။။။။




တိမ်တွေက လေနှင်ရင် လွင့်ပါးသွားတတ်ကြတယ်။
တိမ်တွေက မိုင်းညှို့ အုံ့ဆိုင်းပြီးရင် မိုးအဖြစ်ရွာမချပဲ ပျောက်သွားတတ်ကြ ပြန်သေးတယ်။
တိမ်တွေက မဲမဲမှောင်မှောင်ဘ၀ကနေ မိုးရေစက်တွေ အသွင်ပြောင်းသွားပြီးရင်လဲ ကောင်းကင်ထဲမှာ သူ့အရိပ် အကျွင်းအကျန်လေးတောင် ခြေရာချန်ထားရစ်ဖို့ မေ့လျှော့ချင် မေ့လျှော့တတ်သေးတာ။
တိမ်တွေက အပြောင်းအလဲ မြန်တယ်။
တိမ်တွေက.....
.........
.....
ဆယ့်နှစ်လုံးတန်း လမ်းမပေါ်က နှစ်ဆယ့်နှစ်ခုသော ညနေခင်းလေးတစ်ခုမှာ ကျွန်တော့်ရင်ဘတ်ထဲ အမှတ်တရ ရေးခြစ်ခဲ့တဲ့ တိမ်တိုက်လေးရေ....ဘယ်လို လေပြင်းမုန်တိုင်း တိုက်တိုက် မင်း မလွင့်ပျယ်သွားပါနဲ့။ ပြိုမယောင် ညာသံပေးပြီးတော့မှလဲ မင်း ထွက်ပြေးမသွားပါနဲ့။ မင်း ငါ့ကို စွတ်စိုအောင် သည်းသည်းထန်ထန် ရွာချချင် ရွာချလိုက်ပါ။ ဒါပေမဲ့ ခြေရာလေးတွေတော့ မင်း မချန်ရစ်ခဲ့ပဲ ငါ့အပါးက စွန့်ခွာ မသွားပါနဲ့။
ပြောခဲ့ဖူးတာကိုပဲ အဖန်တလဲလဲ ငါ ပြန်ပြောပါရစေ။
မင်းအတွက်ငါ အိပ်ယာဝင်တေးတွေ သီဆိုပေးပါရစေ။ မင်းရဲ့ချစ်ခြင်းတွေ၊ မင်းကို ချစ်ခြင်းတွေနဲ့ ထွန်းညှိလင်းချင်းခဲ့တဲ့ ငါ့ဝိညာဉ်အတွက် ငါ့နှလုံးသွေးလောင်စာကို ဖြည့်တင်းပေးလှည့်ပါ။
ဒီလိုနဲ့ ကွန်တော်ဟာ ချစ်သူမရှိတဲ့ ညနေခင်းတွေ၊ ညတွေကို မုန်းတီးတတ်လာခဲ့တော့တယ်။
သေချာတယ်။ ငါ့ဝိဥာဉ်ဟာ မင်းမရှိရင် အလင်းမဲ့စွာ ပျောက်ဆုံးရပြန်အုံးတော့မယ်။


##############



ချစ်သော ညီလေး မျောက်မျောက် က ချစ်ခြင်းတည်ရာ (သို့မဟုတ်) ချစ်ခြင်းဖွဲ့ ရာသီ ဆိုတဲ့ ပို့စ်လေးမှာ သူ့ကဗျာလေးကို စကားပြေ ပြန်ရေးထားတာ သဘောကျပြီး သူ့ကဗျာလေး နောက်ထပ် တစ်ပုဒ်ကို စကားပြေ ရေးပေးဖို့ ပြောထားတာ ကြာပါပြီ။ အခုမှပဲ တင်ဖြစ်တော့တယ်။ ညီလေးမျောက်မျောက် ကျေနပ်နိုင်ပါစေဗျား။ စာလေးရေးဖြစ်ဖို့ ကဗျာလေး စပ်ပေးတဲ့ အတွက်လဲ ကျေးဇူးတင်ပါတယ်။ စာလာဖတ်သူ မိတ်ဆွေရောင်းရင်းများကိုလဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
Italic


မေတ္တာဖြင့်
မိုးကုတ်သား

Tuesday, October 20, 2009

မေမေသို့ တမ်းချင်း

ကံကောင်းလို့ မေမေ့ မွေးနေ့လေးလဲ အမှတ်လွဲနေမှန်း ရက်ကျော်ပီးမှ မသိပဲ အချိန်မှီ သိလိုက်ရတာ။ ဒီနေ့က အောက်တိုဘာ နှစ်ဆယ်ရက်နေ့။ မေမေ့အသက် ခြောက်ဆယ် တင်းတင်း ပြည့်တဲ့ နေ့။
မေမေ့ ဓာတ်ပုံလေးကို အလွမ်းပြေ ထုတ်ကြည့်မိတော့ ရှက်ပြုံးတစ်ပွင့်နှင့် ကျွန်တော့်ကို ကြည့်နေသော ရိုးရိုးစင်းစင်း အမျိုးသမီး တစ်ဦးကို တွေ့ရသည်။ မေမေက အင်မတန် ရိုးသလို အနေလဲ အေးလွန်းလှသည်။ စကားကိုလည်း ဝေ့၀ိုက်ပြီး နားထောင်ကောင်းအောင် မပြောတတ်သလို တုတ်ထိုးအိုးပေါက် ပြောတတ်သော မေမေမို့ ကျွန်တော်တို့ အမှား တစ်ခုခု လုပ်မိလျှင် စိတ်ထဲ ဆတ်ဆတ်ခါ နာစေသည့် စကားတွေ ဆိုတတ်သူ ဖြစ်သည်။ ခုတော့ မေမေ တုတ်မိုး ဆုံးမခဲ့တာတွေ၊ စိတ်နာကျင်အောင် ဆူပူခဲ့တာတွေ အတွက် မေမေ့ကို အင်မတန် ကျေးဇူးတင်ပါသည်။ မဟုတ်ရင် ကျွန်တော့် ခပ်ဆိုးဆိုး၊ ခပ်ပေပေ စိတ်တေလေတို့က ခုချိန် ဘယ်သောင်ပြင် လွင့်နေမည်လဲ မသိနိုင်ပါ။
မေမေ့မွေးနေ့ အတွက် အမှတ်တရ ရေးခဲ့ဖူးတဲ့ စာလေးကို အမှတ်တရ ပြန်တင်ရင်း စိတ်တွေက မေမေရှိရာ အရပ်သို့ ခရီးနှင်နေမိသည်။

***************

မေမေသို့ တမ်းချင်း

အောက်တိုဘာ (၂၀)ရက်၊ ဒီနေ့က မေမေ့မွေးနေ့။ မေမေတစ်ယောက် ဒီနေ့ ဘာတွေ လုပ်နေမှာပါလိမ့်။ အငယ်ကောင်တွေနဲ့ ညီမလေးကရော မေမေ ပျော်ရွှင်အောင် ဘယ်လိုများ စီစဉ်ထားလဲ။ သေချာတာကတော့ မေမေတစ်ယောက် ဆွမ်းကပ်ဖို့ အလုပ်တွေ ရှုပ်နေမယ်၊ ဘုရား သွားချင် သွားမယ်၊ ဒါမှမဟုတ် အိမ်မှာပဲ တရားထိုင်ပြီး မေတ္တာ ပို့နေမယ်။ အင်မတန် အေးဆေးတဲ့ မေမေက ထုံးစံအတိုင်း ပုံမှန်နေ့တွေလို သူမရဲ့ မွေးနေ့ကို ဖြတ်သန်း သွားမှာပါပဲ။


ရှဥ့်ကလေး မေမေ ငယ်စဉ်က ပုံရိပ်


၂၀၀၈ခုနှစ် ဖေဖော်ရီက မေမေ့ ပုံရိပ်
(ကျွန်တော် ချစ်တဲ့ မေ့ရဲ့ ရှေ့သွားလေး နှစ်ချောင်းလုံး မရှိတော့ဘူး၊ သွားတု စိုက်ထားတဲ့ မေကတော့ အရင်လို ရယ်ရတာ ကို ရှက်နေဆဲ။ မေအဲ့ဒီလို ပြုံးရယ်နေတာ အင်မတန် ချစ်ဖို့ ကောင်းတယ်။)

မိုးကုတ်မြို့ အနောက်ပိုင်း၊ ကျပ်ပြင်ဈေးသူ မေမေ့ နာမည်က ဒေါ်မြင့်မြင့်စန်း။ ဖေဖေကတော့ ချစ်စနိုးနဲ့ ရှဉ့်ကလေး လို့ခေါ်တယ်။ (ဟီး၊ ဖေနဲ့မေရဲ့ ရီးစားစာတွေ ခိုးဖတ်ထားတာ ပေါ်ပြီ) မေမေ့ ရှေ့သွားလေး နှစ်ချောင်းက ရှေ့ထွက်နေလို့ ဖေက အဲ့ဒီလို ခေါ်ခဲ့တာနေမှာ။ ဟုတ်တယ်ဗျ၊ မေက အဲ့ဒီသွားလေး နှစ်ချောင်းကြောင့် ပိုချစ်စရာ ကောင်းသွားတာ။
အေးဆေးပြီး အပိုစကား သိပ် မပြောတတ်တဲ့ မေက အင်မတန် ရှက်တတ်သလို လျှို့ဝှက် သိပ်သည်းတယ်။ ဒေါသကြီးသလို ပြတ်သားတယ်။ ဖြောင့်မတ်သလို စနစ်ဇယားလဲ အင်မတန် ကြီးတယ်။ ကျွန်တော်တို့ကို ချစ်တယ် လို့ တစ်ခါမှ မေမေ မပြောခဲ့ဘူးပါ။ သားတို့ကို ချစ်လား မေးမိရင်လဲ အင်း လို့ပဲ ခပ်ပြတ်ပြတ် ပြန်ဖြေ တတ်ပါတယ်။ လောကကြီးမှာ စကားလုံးတွေ မလိုတဲ့ ချစ်ခြင်း မေတ္တာတရား ကို မြင်တတ်၊ ခံစားတတ်အောင် မေမေက လက်တွေ့ ပြခဲ့ပါတယ်။

ငယ်ငယ် တုန်းကတော့ မေမေ့ အချစ်တွေကို မမြင်တတ် ခဲ့ဘူး။ ဖေ့ကို ချွဲသလိုများ မေ့ဆီ သွား ချွဲလို့ကတော့ ဘာမှ မပူဆာ ရသေးခင် ငယ်ထိပ် ဘုထွက်အောင် ဒေါင်ကနဲ ခေါက်ထည့် လိုက်ပြီသာမှတ်။ စာမရရင်၊ အတန်းထဲ အဆင့် တစ်၊ နှစ်၊ သုံး မ၀င်ရင်၊ အိမ်အလုပ်ကို ပြီးအောင် မလုပ်ဘဲ အဆော့မက်နေရင်၊ အမှား တစ်ခုခု လုပ်မိရင် အမေ့ လက်သံ ပြောင်ပြောင်ကို ကျောကော့နေအောင် ခံရမြဲ။ ဘေးလူ ၀င်ဆွဲ လို့ကတော့ ဆွဲတဲ့သူပါ နာပြီမှတ်။ အပြင်မှာများ ရန်ဖြစ်ခဲ့လို့ကတော့ ကိုယ့်ဘက်က မှန်နေလဲ မရ၊ တီးတာဘဲ။ စာတွေ မရမချင်း ပေးမအိပ်ဘဲ တုတ်တစ်ချောင်းနဲ့ ထိုင်စောင့်ကာ စာအမြဲ စစ်သည်။ စာပြန်ခိုင်းလို့ နဲနဲ ထစ်ငေါ့ ထစ်ငေါ့ မဖြစ်နဲ့၊ နပန်မွှေး ပြတ်မတတ် လိမ်ဆွဲခံရသည်။ စာကျက်ရင်း အိပ်ငိုက်လို့ကတော့ လက်ဖမိုးကို သစ်သား ပေတံဇောင်းနဲ့ ခေါက် ခံရမည်။ ဒါမှ ဆက်ငိုက် နေလျှင်တော့ မျက်လုံးကို ဖြဲပြီး သံပုရာသီးရည် ညှစ်ထည့် ခံရ လိမ့်မည်။

မှတ်မိ ပါသေးတယ်။ ကျွန်တော် ခြောက်တန်း တုန်းကပေါ့။ တစ်ခါ ကျောင်းကနေ ရန်ဖြစ်ပြီး ပြန်လာတော့ အိမ် ပေါက်ဝမှာ တုတ်တစ်ချောင်းနဲ့ ခါးထောက်ပြီး စောင့်နေတဲ့ မေ့ကို မြင်တာနဲ့ အခြေအနေ သိပ် မဟန်မှန်း သိလိုက်ပြီ။ ဒေါသမီး ၀င်းဝင်းတောက် နေတဲ့ မေမေ့ မျက်လုံးတွေက ရှင်းပြလို့ နားဝင်တော့မှာ မဟုတ်။ ကြောက်ပေမဲ့ ကိုယ့်ဘက်က မှားတာ မဟုတ်တော့ ခပ်တည်တည်ပဲ အိမ်ထဲဝင်မယ် လုပ်တော့ မေက ကျွန်တော့် အင်္ကျီ ဂုတ်ကိုဆွဲပြီး အိမ်ထဲ ခေါ်သွားတယ်။ ကျွန်တော်နဲ့ ရန်ဖြစ်လာတဲ့ ကောင်လေးနဲ့ သူ့အမေက အိမ်မှာ လာစောင့်နေတာကိုး။ အဲ့ဒီ သားအမိကို တောင်းပန်ခိုင်းတော့ ကျွန်တော်က မတောင်းပန်ဘူး။ ကျွန်တော့်ဆီက ခိုးထားတဲ့ ကျောင်း စာအုပ်ကို ပြန်တောင်းတာ မပေးလို့ ဆွဲထိုးလိုက်တာ၊ မတောင်းပန်နိုင်ဘုး ပြောလို့ ဆော်ပလော် တီးပါလေရော။ ကျွန်တော်က အတီးမခံဘဲ အဲ့ဒီ အန်တီကို ခင်ဗျားသား သူခိုးကို သေချာ ဆုံးမထား၊ မဟုတ်ဘဲ ကျုပ် အရိုက် ခံရရင် ခင်ဗျားသား အသေဘဲ လို့ပြောတော့ ပိုဆိုးရော။ ကျွန်တော့်ကို လှိမ့် လှိမ့်ပြီး ရိုက်နေတဲ့ မေ့ကို ဘယ်သူမှ ၀င်ဆွဲလို့ မရတော့ဘူး။ မတရား ဗျင်းခံရတဲ့ ကျွန်တော်က မေမေ့ကိုပါ ဒေါသတွေ ထွက်ပြီး မုန်းသွားတယ်။

ကိုယ့်သားဘက်က မှန်နေတာကို မှန်တဲ့ဘက်က မရပ်ဘူး၊ သားသမီးကို နှိက်စက်ဖို့ သက်သက် မွေးထားတာ မလား။ ရိုက် ရိုက် သေအောင်ရိုက်၊ အမေစိတ်မရှိတဲ့ ဘီလူးမကြီး

စိတ်ရှိရှိနဲ့ နာနာကျည်းကျည်း ကျွန်တော် အဲ့ဒီလို အော်တော့ ရိုက်လက်စ မေမေ့လက်တွေ လေထဲမှာ ရပ် သွားတယ်။ တော်တော်လေး နာကျင်သွားပုံဘဲ။ ဆက်လဲ မရိုက်တော့ဘူး။

ဖေ ပြန်လာတော့ အရှိုးရာ အထပ် ထပ်နဲ့ ကျွန်တော့်ကို ဆေးလူး ပေးရတယ်။ မေနဲ့လဲ ရန်တွေ ဖြစ်ကြတယ်။ အဲ့ဒီနေ့က ကျွန်တော် ညစာ မစားဘူး။ ဖေက ချော့ပြီး ကျွေးပေမဲ့ မစားဘူး။ စာလဲ မလုပ်ဘဲ အစောကြီး ဝင်အိပ်ပစ်တယ်။ မေက လာ မချော့သလို အရေးလဲ မစိုက်ဘူး။ စာမကျက်ဘဲ ဝင်အိပ်နေတာ ကိုလဲ ဘာမှ လာ မပြောဘူး။ ညကျ အားလုံး အိပ်ပျော် သွားရင် အိမ်ကနေ ထွက်ပြေးဖို့ ကျွန်တော် ဆုံးဖြတ်ထားတယ်။

ညတော်တော် မိုးချုပ်လာတဲ့ထိ ကျွန်တော် ဘယ်ထွက် ပြေးရမလဲ စဉ်းစားလို့ မရသေးဘူး။ အိပ်ခန်းထဲ ဝင်လာတဲ့ ခြေသံ သဲ့သဲ့ကို ကြားလို့ အိပ်ချင်ယောင် ဆောင် နေလိုက်တယ်။ ကျွန်တော့် နဖူးကို ခပ်ဖွဖွ လာနမ်းတယ်။ ဖေဖေလား စိတ်ထဲ ထင်မိပေမဲ့ မဟုတ်ဘူးဆိုတာ သိလိုက်တယ်။ အဲ့ဒီ အနမ်းမှာ မျက်ရည်စ တစ်ချို့ကို ရလို့ပါ။ မေမေလား။ မေမေ ကျွန်တော့်ကို တစ်ခါမှ မနမ်း ဘူးပါဘူး။ မယုံမရဲနဲ့ ခိုးကြည့်မိတော့ မေမေမှ မေမေပါပဲ။ အို၊ မေမေ ငိုနေပါလား။ ခပ်မှိန်မှိန် ထွန်းထားတဲ့ ရေနံဆီ မီးအိမ်ရဲ့ အလင်း ဖျော့ဖျော့ အောက်မှာ ဝိုးတစ်ဝါး မြင်ရတဲ့ မေမေ့ မျက်ဝန်းမှာ မျက်ရည်စတွေနဲ့။ အသံ မထွက်အောင် ကြိတ်ပြီး ငိုနေတဲ့ မေမေ့ တစ်ကိုယ်လုံး တုန်ရီလို့ နေတယ်။ မေမေငိုတာ တစ်ခါမှ ကျွန်တော် မမြင်ဘူးပါဘူး။ ဖေဖေကတောင် အသဲမာလွန်းတဲ့ မိန်းမ လို့ သတ်မှတ် ထားတာသာ ကြည့်။ မေမေ့ရဲ့ မျက်နှာမှာ ကြင်နာ သနားမှုတွေနဲ့ အပြည့်။ ကျွန်တော့် နာကျည်းမှုတွေ အားလုံး အရည်ပျော် ဆင်းသွားတယ်။

တော်ပြီ။ နောက်ဆို မေမေ ငိုအောင် ဘယ်တော့မှ မလုပ်တော့ဘူး။ မေမေ့စကားနားထောင်ပြီး လိမ်လိမ်မာမာ နေတော့မယ်။ ရန်လဲ ဘယ်တော့မှ မဖြစ်တော့ဘူး။ မေမေ ဖြစ်စေချင်တဲ့ ပညာတတ်ကြီး ဖြစ်အောင်ကြိုးစားပါ့မယ်။ အဲ့ဒီလို မေမေ့ကို စိတ်ထဲကနေ ကျွန်တော် ကတိ ပေးလိုက်တယ်။

နောက်ပိုင်းမှာတော့ မေမေ့နား ဘယ်တုန်းကမှ မကပ်ခဲ့တဲ့ ကျွန်တော် မေမေ့ကို ပိုပြီး ဂရုစိုက်ခဲ့ ကူခဲ့တယ်။ မေမေက အချိုးပြောင်းပြီး သိပ်မဆိုးတော့တဲ့ ကျွန်တော့်ကို အံ့ဩသလို ရှိပေမဲ့ ထုံးစံအတိုင်း ဘာမှ မမေးဘူး။ နောက်တစ်ခုက အဲ့ဒီတုန်းကရင်း ဘယ်သူ့ကိုမှ မေမေ သိပ်ပြီး မရိုက်တော့တာပဲ။ မေနဲ့ အနီးကပ်နေလေ၊ ဘယ်လောက်ထိ သားသမီးတွေအပေါ် စွန့်လွှတ် အနစ်နာခံပြီး ချစ်လဲ ပိုသိလေပဲ။ သားသမီးတွေ ပူဆာသမျှ အလို မလိုက်ပေမဲ့ တစ်ကယ်လိုအပ် ရင်တော့ ကျွန်တော်တို့ မျက်နှာ မငယ်စေ ရအောင် ဆင်ပေးတတ်တဲ့ မေက သူ့အတွက် အဝတ်အစား တစ်စုံ ဝယ်ဖို့ထက် ဆန်အိုးထဲ ဆန်အပြည့် ရှိဖို့ ပိုဦးစား ပေးခဲ့ပါတယ်။

အလှူ မင်္ဂလာဆောင် သွားရင် အရောင် မှိန်တဲ့ မေမေ့ကို တစ်ချို့က အထင် သေးချင်သည်။ မမြင့်စန်းရယ် တစ်ခါလာလဲ ဒီဝတ်စုံပဲ၊ နောက်တစ်ပွဲလဲ ဒီဝတ်စုံပဲ။ နဲနဲပါးပါးတော့ ဝယ်ဝတ်ပါဦး။ မေ့ မိတ်ဆွေ တစ်ချို့က အဲ့ဒီလို ပြောလာရင်လဲ အဲ့ဒါ အပို ကုန်တွေပါ လို့ ပြုံးပြုံးဘဲ ပြန်ပြောတတ်တယ်။

ထမင်းစားတဲ့ အခါတိုင်း ဖေနဲ့ သားသမီးတွေ အတွက် အကောင်းဆုံးတွေ ရွေးပေးပြီး မေကတော့ ဘယ်သူမှ သိပ်မကြိုက်တဲ့ အစား ကိုဘဲ စားလေ့ ရှိတယ်။ အမြဲတမ်းလဲ တစ်ကုပ်ကုပ် အလုပ် လုပ်နေတာချည်းပဲ။

အနောက်ပိုင်းထိ သွားပြီး ရုံးတက်ရတဲ့ မေက အစောကြီး ထရကာ မနက်ညစာ ချက်ပြုတ်ရတာ၊ ကျွန်တော်တို့ ကျောင်းသွားဖို့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထား ပေးခဲ့ရတာ၊ ရုံးကနေ ပြန်လာရင်လဲ ကျောင်းနဲ့ ကျူရှင်က ပြန်လာကြမဲ့ ကျွန်တော်တို့ အတွက် စားဖို့ အဆင်သင့် ပြင်ပေးထားရတာ၊ ညတိုင်ကျရင်လဲ ရုံးက စားရင်းဇယားတွေ စစ်ရင်း တစ်ဖက်က ကျွန်တော်တို့ကို စာစစ်ရတာ၊ စနေ တနင်္ဂနွေ ရုံးနားရက် ဆို တစ်ပါတ်စာ အဝတ်တွေကို လျှော်ဖွတ် မီးပူတိုက်ရ၊ အိမ် သန့်ရှင်းရနဲ့ အမြဲ အလုပ်ရှုပ် နေခဲ့ပေမဲ့ မောလိုက်တာ လို့ မေမေ တစ်ခါမှ မညည်းညူခဲ့။ မောတဲ့ပုံလဲ ဘယ်တော့မှ မတွေ့ရ။ ကျွန်တော်တို့ ကမှ မေမေ့ကို နဲနဲပါးပါး ကူရပြီဆို ကြောက်လို့သာ ကူရတယ်။ လည်ချိန် ဆော့ချိန် လျော့လို့ သိပ်ပြီး မကျေနပ်ချင်။

ဘယ်မိဘက ကိုယ့် သားသမီးတွေ အမုန်းကို ခံချင်ပါ့မလဲဗျာ၊ နော။ မေကတော့ ကျွန်တော်တို့ အမုန်းကို သားသမီး ဘဝ ကောင်းစားရေးနဲ့ ကျေကျေနပ်နပ်ကြီး လဲယူခဲ့ ပါတယ်။ မေ့ကို ပိုပြီး နားလည်လာလေ ပိုပြီး ချစ်လေဘဲ။

တစ်ရက်ပေါ့ဗျာ။ ကျွန်တော် ကျောင်းသွားဖို့ အိမ်သော့ ခတ်နေတုန်း ဗြုန်းဆို ဗိုက်နာတယ် နာတယ် နဲ့ အလတ်ကောင် က အော်ရော။ အဲ့ဒီတုန်းက သူနဲ့ ကျွန်တော်က အလယ်တန်း ဆိုတော့ မူလတန်းတက်နေတဲ့ အငယ်တွေနဲ့ ကျောင်း မတူတော့ဘူး။ ခလေးတွေလဲ ကျောင်းသွားပြီ။ ဖေကလဲ တွင်း သွားပြီ။ မေလဲ ရုံး သွားခဲ့ပြီ။ ကျောင်းချိန် ကလဲ နီးနေပြီ။ အစားမက်တဲ့ ဒီကောင် ဘာခိုးစားပြန်ပြီလဲ မသင်္ကာလို့ စစ်တော့ သူ့လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ အထုပ် ဖြူလေး တစ်ထုပ်။ အစကတော့ နို့မှုန့်ထုပ် အောက်မေ့တာ။ (အဲ့ဒီတုန်းက နို့မှုန့်ကို ဆယ်ပြားတန် အထုပ်သေးလေးတွေ ထုပ်ပြီး ရောင်းတဲ့ ခောတ်ပေါ့။) ဘယ်က ကောက်ရပြီး စားမှန်းမသိဘူး။ အခုလေးပဲ ကျောင်းမသွားခင် ထမင်းစားပြီးတယ်၊ ငတ်ရကောင်းလား ဆို လက်ထဲရှိတဲ့ သော့နဲ့ ဒေါင်ကနဲ နေအောင် ခေါက်ထည့် လိုက်တာ ထိပ်ကြီး ဖု သွားရော။ တီးပြီးမှ ကျွန်တော်လဲ စိတ် မကောင်းဘူး။ ဒေါသကြီးပြီး သူ့ အသားနာရင် မရတဲ့ ဒီကောင်က တော်တော်ကို နာသွားတော့ ကျွန်တော့်ကို စိမ်းစိမ်းကြီး ကြည့်ရင်း ပါးစပ်က အမြှုပ်တွေ ထွက်လာတော့မှ ခြေမကိုင်မိ၊ လက်မကိုင်မိ ဘာလုပ်ရမှန်း မသိတော့ဘူး။ အော်ဟစ်ပြီး အကူအညီ တောင်းတော့မှ အိမ်နီးချင်းတွေက ဆေးရုံ လိုက်ပို့ ပေးကြတယ်။ ဒီကောင် ငတ်ကြီးကျပြီး ကောက်စား ထားတာ နို့မှုန့်ထုပ် မဟုတ်ဘဲ တွင်းသားတွေ ပြုတ်ကျ ကျန်ရစ်ခဲ့တဲ့ ယမ်းမှုန့်ထုပ်ကြီး ဖြစ်နေတာကိုး။ ကံကောင်းလို့ မသေတယ်။ ဆေးရုံမှာ ပိုက်တန်းလန်းနဲ့ အလတ်ကောင်ကို ကြည့်ပြီး ငတ်ရလား၊ ငတ်ရလားဆို နာရင်းချည်း ပိတ်တီး ပြစ်ချင်တော့တာပဲ။ ချစ်တာရော၊ စိုးရိမ်တာရော၊ စိတ်တိုင်းမကျတာရော၊ စုပြုံပြီး ဖြစ်လာတဲ့ ဒီ စိတ် ခံစားမှုကို ကြုံရမှ မေမေ့ရဲ့ ဂရုဏာ ဒေါသကို နားလည် ပါတော့တယ်။

မေမေ ဖြစ်စေချင်တဲ့ ဆန္ဒတွေကို ဖြည့်ဆည်း ပေးချင်စိတ်နဲ့ အင်မတန် ဆိုးသွမ်းချင်တဲ့ ကျွန်တော် မဆိုး ဖြစ်တော့ပါဘူး။ မေမေ စိတ်ချမ်းသာဖို့ ကိုပဲ ဦးစားပေးဖြစ်ခဲ့တယ်။ ကျွန်တော် ပြောခဲ့ သလိုပဲပေါ့။ လောကကြီးမှာ စကားလုံးတွေ မလိုတဲ့ ချစ်ခြင်း မေတ္တာတရား ကို မြင်တတ်၊ ခံစားတတ်အောင် မေမေက လက်တွေ့ ပြခဲ့ပါတယ်။

မေမေ ချစ်တဲ့ သားကြီး၊ အဝေးဆီ ရောက်နေပြီ....။ ထူးအိမ်သင်ရဲ့ အဲ့ဒီ သီချင်းသံကို လွမ်းလွမ်း ဆွေးဆွေး ကြားရတိုင်း ကျွန်တော် မျက်ရည် ဝဲရမြဲ။ မေ့ကို သတိရတိုင်း မေမေ ဖြစ်စေလိုသော ထူးချွန် အောင်မြင်တဲ့ ဘဝတစ်ခု ရဖို့ ဇွဲစိတ်မာန် တို့ ပိုရမြဲ။ နှိမ်ချ ဖိနှိပ်မှုတွေ ကြုံရတိုင်း အပြုံးမပျက် စတမ်း ကိုယ့်ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်နိုင်ဖို့ ခွန်အားတွေ မေ့ဆီက ရမြဲ။

မပြည့်စုံသေးသော်လည်း ငြိမ်းချမ်းတဲ့ ခိုကိုးရာ အဖြစ် မေမေ့ ဘဝအတွက် ကျွန်တော် ရှိချင်သည်။ သားသမီး တွေကို အောင်မြင်စေချင်သော မေမေ့အတွက် ထိပ်ဆုံး မရောက်တောင် တတ်နိုင်သမျှ အကောင်းဆုံး ဖြစ်အောင် ကြိုးစားချင်သည်။ မေမေ့ဘဝကို ငြိမ်းချမ်းမှုတွေနဲ့ ပြန်လည် ဖြည့်ဆည်းပေးနိုင် ဖို့အတွက် အချိန်တန် လျှင်တော့ မေမေ့ရင်ခွင်ရှိရာ အရောက် ကျွန်တော် ပြန်နိုင် ပါလိမ့်မည်။

၂၀၀၉၊အောက်တိုဘာ နှစ်ဆယ်ရက်မှာ အသက် (၆၀)နှစ်ပြည့်ခဲ့တဲ့ မေမေ့ကို လွမ်းဆွတ်နေသော သားတစ်ယောက်ရဲ့ တမ်းချင်းပါ။ မေမေတစ်ယောက် ကျန်းမာချမ်းသာခြင်းများနဲ့ ပြည့်စုံပါစေ။ ဘဝရဲ့ အစစ်အမှန်တရားကို လက်မလွတ်တမ်း ကျင့်သုံးရင်း ဓမ္မရိပ်မှာ ငြိမ်းချမ်းအေးမြနိုင်ပါစေ။



မေတ္တာဖြင့်
မိုးကုတ်သား

ဖေဖေသို့ တမ်းချင်း

ဆယ်လပိုင်း ဆယ်ရက်နေ့က ဖေဖေ့မွေးနေ့။ ဒီနှစ်ဆို ဖေဖေ ခြောက်ဆယ့်သုံးနှစ် ပြည့်တဲ့ နှစ်ပေါ့။ ကျွန်တော် အမှတ်မှားနေတဲ့ အတွက် ဖေဖေ့ဆီလဲ ဖုန်းမဆက်ဖြစ်၊ ဘာ အမှတ်တရမှလဲ မလုပ်ဖြစ်နဲ့။ ဖေဖေ၊ မေမေ ကိုလွမ်း၊ အိမ်ကို လွမ်းနေတဲ့ ကျွန်တော် ဘာတွေ လွဲချော်နေခဲ့တာပါလိမ့်။ စိတ်မကောင်းဖြစ်နေမဲ့ ဖေဖေ့ကို တွေးမြင်ပီး ရင်ထဲ ဘယ်လိုမှ မကောင်းနိုင်တော့ဘူး။ ကျွန်တော် မကောင်းဘူး။ မိုးကုတ်မှာ တစ်ယောက်တည်း ရှိနေမဲ့ ဖေဖေတစ်ယောက် သူ့မွေးနေ့ကို ဘယ်လို ဖြတ်သန်းနေမလဲ။ တွေးရင်း ရင်ထဲ ဆို့နင့်လာတယ်။ ဆယ်ရက်နေ့ကို ကျွန်တော် ပြန်ဆွဲလှည့် ပစ်လိုက်ချင်ပေမဲ့ဒါဟာ မဖြစ်နိုင်တဲ့ ကိစ္စ ဆိုတာ ဘာသာ သိတော့ ကြေကြေကွဲကွဲ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တွေ တင်နေမိတော့တယ်။
ဖေဖေ့ မွေးနေ့ အတွက် အမှတ်တရ ရေးဖူးတဲ့ စာလေးကိုသာ အမှတ်တရ ပြန်တင်ရင်း ဒီနေ့ မေမေ့ မွေးနေ့မှာ နောက်လထဲ ဖေဖေ နဲ့ မေမေ့ မွေးနေ့လို့ အမှတ်ထပ်မမှားမိတော့တာကိုသာ ကြံဖန် ကျေနပ် နေရပေမဲ့ ဒီနှစ်ရဲ့ ဆယ်ရက် ဆယ်လလေးက ကျွန်တော့ထံ ပြန်မလာနိုင်တော့။


*****************

ဖေဖေ့မွေးနေ့ရောက်တော့မယ်။ ကျွန်တော့်အာရုံတွေက ဖေဖေ့ပုံရိပ်တွေဆီ ပြေးလွှားလို့နေတယ်။ ငယ်စဉ်က ချောမောပြေပြစ်သော ဖေဖေသည် ယခုအခါမှာတော့ လောက
ဓာဏ်၏ ထုထောင်းမှု၊ ဇရာ၏ လွှမ်းမိုးမှုတို့ဖြင့် ရှိရင်းစွဲအသက်ထက် ပိုပြီးရင့်ရော်လို့နေ၏။ ဘဝကို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ဖြတ်သန်းလိုသော၊ လွတ်လပ်မှုကိုမြတ်နိုး၍ အနုပညာကို ဝါသနာထုံသော ဖေဖေဟာ ‘အိမ်ထောင်ဦးစီး ဖခင်' တစ်ဦးရဲ့ တာဝန်များကြားဝယ် သူ၏ ဝါသနာနှင့် လွတ်လပ်မှုတို့ကို စတေးပစ်ခဲ့ရတာ ဘယ်လောက်ကြာခဲ့ပြီလဲ။

ဖေဖေငယ်စဉ်ကပုံရိပ်
၂၀၀၈ခုနှစ်၊ ဇန်နဝါရီလ က ဖေဖေ့ပုံရိပ်

ငယ်စဉ်က သံမဏိဆိုတဲ. အိမ်နာမည်နဲ့လိုက်အောင် အင်မတန် မာကျောခဲ့တဲ့ ကျွန်တော့်ဖေဖေ ဦးသောင်းထူး (ကျွန်တော့် သူငယ်ချင်းတွေနဲ့ ဖေဖေ့ လူငယ် မိတ်ဆွေတွေကတော့ လေးလေးထူး၊ လေးထူး လို့ ခေါ်ကြတယ်) ဟာ မိသားစု၊သားသမီးတွေ အပေါ်မှာတော့ အင်မတန် နူးညံ့သိမ်မွေ့ခဲ့ပါတယ်။ သူ့ရဲ့ သံမဏိစိတ်ဓာတ်တွေကို ကျွန်တော်တို့အပေါ် ထားတဲ့ မေတ္တာတွေနဲ့ အရည် ဖျော်ချပစ်ရဲတဲ့ အထိ မိသားစုအပေါ် အချစ်ကြီး ချစ်တတ်ခဲ့သူပါ။
မိုးလင်းက မိုးချုပ် ပင်ပင်ပန်းပန်း ကျောက်တွင်း တူးရသော်လည်း နံနက် လေးနာရီ ဒေါင်ကနဲ မည်တာနဲ့ အာခေါင်ခြစ်ငိုကာ နို့တောင်းတတ်သော သားဦး ကျွန်တော့်ကို မငြီးမငြူ နို့ဗူးဖျော်ကာ တိုက်ခဲ့သော၊ ချူချာသော ကျွန်တော် တိုက်ဖွိုက်ဖြစ်ပြီး ညကြီးသန်းခေါင် အဖျားတက် မေ့မျောတော့ ဝေးလံလှသော ဆေးရုံသို့ ချီပိုး ပြေးခဲ့သော၊ စာမေးပွဲ မဖြေလိုက်ရမှာ စိုးရိမ်နေသော ငါးတန်းကျောင်းသား ကျွန်တော့်ကို ကုန်းပိုးလျှက် ရေကြီးနေသော ရပ်ကွက်ကိုဖြတ်၊ ရေလျှံပြီး အရှိန်ပြင်းပြင်း စီးနေသော ရေနီချောင်းတံတားကို ကျော်ကာ မိုးကြီးလေကြီးကြား ကျောင်း လိုက်ပို့ပေးခဲ့သောဖေဖေ၊ နွမ်းပါးသော်လည်း သားသမီးတွေ လိုချင်တာ မှန်သမျှ ဖြည့်ဆည်းပေးလိုခဲ့သော ဖေဖေ၊ သားသမီးတွေကို သူ့လို ကျောက်တွင်းတူးသမား မဖြစ်စေလိုဘဲ ပညာတတ် ဖြစ်စေလိုခဲ့သော ဖေဖေ၊ ကျောက်တွင်းတူးရင်း ခါးရိုးပေါ်တည့်တည့် တူပြုတ်ကျကာ အတွင်းဒဏ်ရပြီး အလုပ်ကြမ်းလုပ်ခွင့် မသင့်တော့တာကို မမှုအားဘဲ မိသားစုဝမ်းရေး၊ ချမ်းသာရေးအတွက် ကျောက်တွင်း အလုပ်ကို မစွန့်လွှတ်ဘဲ လောကဓာဏ်ကို အံတုခဲ့သောဖေဖေ၊ ကျောရိုးမှအတွင်းဒဏ် ဆိုးရွားလာပြီး ကျောက်တွင်းလုပ်ငန်းကို လုံးဝစွန့်လွှတ်လိုက်ရတော့ မိသားစုချမ်းသာရေးဆိုတဲ့ မျှော်လင့်ချက်ကို ဆုံးရှုံးခဲ့သောဖေဖေ၊ ဘယ်တော့မှ သူတစ်ပါးလက်အောက်မှာ မလုပ်လိုဘဲ လွတ်လပ်စွာ ရပ်တည်လိုသော်လည်း မိသားစုအတွက် သူ၏ မာနကို ဖယ်ချကာ ဝန်ထမ်း လုပ်ခဲ့ရသောဖေဖေ၊
....ဖေဖေ့ကျေးဇူးတရားများက စာဖွဲ့လို့မကုန်ပါ။ ဖေဖေ့ရဲ့ကြီးမားလှသော မေတ္တာနှင့် ချစ်ခြင်းတို့ကြောင့် ကျွန်တော်တို့ ငယ်ဘဝက လုံခြုံနွေးထွေးခဲ့ပါတယ်။
မိုးကုတ်မြို့မှာ ဖေဖေတူးခဲ့သမျှ မြေတွေသာ ကျောက်အောင်ခဲ့မယ် ဆိုရင်တော့ ကျွန်တော်တို့ သားစဉ်မြေးဆက် စား၍ ကုန်နိုင်မယ်မထင်။ ကံမကောင်းသော ဖေဖေ့မှာတော့ နှစ်ပေါင်းများစွာ ကျောက်တွင်း တူးခဲ့သော်လည်း ထမင်းစားကျောက်မှလွဲ၍ သူဋ္ဌေးဖြစ်ကျောက် တစ်ခါမှ မရဘူးခဲ့။ ဖေဖေ့ဘဝ၏ ရှုံးနိမ့်ခဲ့ရမှုပေါင်း များစွာကို ဘယ်လို ဖြတ်သန်းခဲ့ပါသလဲ။
အချိန်တန် အရွယ်ရောက်လို့ သားသမီးတွေ တစ်နေရာစီ ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့သွားကြတော့ ဖေဖေ ဘယ်လောက် လွမ်းနေမလဲ။ သားသမီးတွေ ဆက်သွယ်မလာတာကြာလို့ သူ့ကိုများ မေ့လျှော့ သွားကြပြီလား တွေးထင်မိတဲ့ အခါတိုင်း ဖေဖေ ဘယ်လောက် ဝမ်းနည်းနေရှာမလဲ။
ကျွန်တော့်ကို လုံခြုံနွေးထွေးစေသော ဖေဖေ့ရင်ခွင်၊ ကျွန်တော် အားကိုးတစ်ကြီး ဖက်တွယ်ခဲ့ဖူးသော
ဖေဖေ့လက်မောင်းများ၊ ချစ်ခြင်းမေတ္တာအပြည့် ပျော်ဝင်နေသော ဖေဖေ့အနမ်းများ၊ ဖေဖေပြောပြခဲ့သော အိပ်ယာဝင်ပုံပြင်များ၊ ဖေဖေ့ဂစ်တာသံနှင့် သီဆိုပြခဲ့သော သီချင်းများ၊ ဖေဖေရေးသော စာတိုပေစနှင့် ကဗျာများ၊ သားသမီးတွေရဲ့ အပြုံးအပျော် မျက်နှာများကို မြင်ရုံမျှနှင့် ဘဝအမောများကို အံတုရင်ဆိုင်နိုင်ခဲ့သော ဖေဖေ့ စိတ်ခွန်အားများ၊.....ပြန်တမ်းတတိုင်း အဝေးက ဖေဖေဟာ ကျွန်တော့်ဘေးမှာ အမြဲရှိနေခဲ့ပါတယ်။

လောကဓာဏ်ရဲ့ ရိုက်ပုတ်ကြည်စယ်မှုများကို ဘယ်တော့မှ အရှုံးမပေးဘဲ အပြုံးနှင့် ရင်ဆိုင်နိုင်ဖို့ရာ စိတ်ခွန်အားများစွာကို ဖေဖေ့ဆီမှရခဲ့ပါတယ်။ ဘဝအခက်အခဲ မှန်သမျှတို့ကို ရင်ဆိုင်နိုင်ဖို့ရာအတွက် လုံလောက်သော ချစ်ခြင်း မေတ္တာတရားကို ဖေဖေ့ဆီက ရခဲ့ပါတယ်။
ဘဝမှာ ငွေကြေးနဲ့ ဘယ်တော့မှ ဝယ်ယူမရတဲ့ ဒီစစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ၊ လုံခြုံနွေးထွေးမှုတွေကို ဘဝတစ်သက်စာ အမွေအဖြစ် ဖေဖေက ကျွန်တော့်ကို ပေးခဲ့ပါတယ်။
တစ်မြေခြားမှာ အလုပ်လုပ်နေရတဲ့ ကျွန်တော့်အတွက်တော့ ဖေဖေ့မေတ္တာများက ငယ်စဉ်ကလို နွေးထွေးဆဲ၊ ဖေဖေ့ချစ်ခြင်းများမှာ ကျွန်တော့်ဘဝက လုံခြုံဆဲ၊ ဖေဖေ့ မျှော်လင့်ချက်များက ကျွန်တော့်ဘဝကို အလင်းပေး လမ်းပြနေဆဲသာ။ အဝေးကနေ ငွေကြေးထောက်ပံ့နေရုံနဲ့ သားသမီးဝတ္တရား ကြေတယ် ကျွန်တော် မယူဆပါ။ ဖေဖေ့ရဲ့ ညအိပ်ယာဝင် ပုံပြင်များ နားထောင်ရင်း၊ ဖေဖေ့ဘဝ အမောများကို မျှဝေ ခံစားရင်း ဖေဖေ့ အထီးကျန်ရက်စွဲများကို ဖြေဖျောက်ပေးချင်သည်။ ဖေဖေ့ ချစ်ခြင်းမေတ္တာများ အောက်မှာ ကျွန်တော့်ဘဝ လုံခြုံနွေးထွေးခဲ့သလို ဖေဖေ့ဘဝကို လုံခြုံနွေးထွေးစေသော သားတစ်တယာက်အဖြစ် ဖေဖေ့ဘေးမှာ စောင့်ရှောက်မှုတွေ ပေးချင်သည်။
ကျွန်တော့်ဖေဖေသည် မိုးကုတ်မြို့ကလေးမှ မထင်မရှား သာမာန် လူတစ်ယောက်သာ၊ ဖေဖေ ကောင်းတာတွေလဲ ရှိမည်၊ ဆိုးတာတွေလဲ ရှိမည်။ ဘာပဲဖြစ်ဖြစ် ဖေဖေသည် ကျွန်တော့် ဘဝ၏ ကောင်းကင်ထက်တွင် အလင်းလက်ဆုံး ကြယ်တစ်ပွင့် အဖြစ် ထာဝရ ရှိနေပါလိမ့်မည်။ ထိုကြယ်ကလေး လင်းလက်ရာ အဖေ့အိမ်ကလေးသို့ အရောက် ကျွန်တော်ခရီးနှင်နေပါသည်။


၂၀၀၈၊အောက်တိုဘာဆယ်ရက်မှာ အသက် (၆၂)နှစ်ပြည့်မဲ့ ဖေဖေ့ကို လွမ်းဆွတ်နေတဲ့ သားတစ်ယောက်ရဲ့ တမ်းချင်းပါ။ ဖေဖေတစ်ယောက် ကျန်းမာချမ်းသာခြင်းများနဲ့ ပြည့်စုံပါစေ။ ဘဝရဲ့ အစစ်အမှန်တရားကိုရှာတွေ့ခဲ့ပြီဆိုတဲ့ ဖေဖေတစ်ယောက် ဓမ္မရိပ်မှာ ငြိမ်းချမ်းအေးမြနိုင်ပါစေ။




Father & Son [by Rod Stewart]


Rod Stewart

Father And Son

[Originally by Cat Stevens]

Father
It's not time to make a change,
Just relax, take it easy.
You're still young, that's your fault,
There's so much you have to know.
Find a girl, settle down,
If you want you can marry.
Look at me, I am old, but I'm happy.

I was once like you are now, and I know that it's not easy,
To be calm when you've found something going on.
But take your time, think a lot,
Why, think of everything you've got.
For you will still be here tomorrow, but your dreams may not.

Son
How can I try to explain, when I do he turns away again.
It's always been the same, same old story.
From the moment I could talk I was ordered to listen.
Now there's a way and I know that I have to go away.
I know I have to go.

Father
It's not time to make a change,
Just sit down, take it slowly.
You're still young, that's your fault,
There's so much you have to go through.
Find a girl, settle down,
If you want you can marry.
Look at me, I am old, but I'm happy.

Son
All the times that I cried, keeping all the things I knew inside,
It's hard, but it's harder to ignore it.
If they were right, I'd agree, but it's them you know not me.
Now there's a way and I know that I have to go away.
I know I have to go.


မေတ္တာဖြင့်
မိုးကုတ်သား

အတွေးစများ (၂)

နံနက် လင်းသစ်စ နေခြည်တို့က ခန်းဆီးစကို ထိုးဖောက်လို့ လွန့်လူး ၀င်ရောက် လာကြသည်။ နှိုးစက်သံအစား ငှက်ကလေးတွေ စိုးစီစိုးစီ အသံကို ကြားရ၏။ ဒီနေ့က တနင်္လာနေ့။ ရုံးသွားစရာ မလိုမှန်း အမှတ်ရတော့ အိပ်ယာထဲမှာ ဆက်လှဲ နေချင်မိသည်။ သို့သော် မထိတွေ့ရတာ ကြာပြီ ဖြစ်သော နံနက်ခင်းနေရောင်ကို လွမ်းဆွတ်စိတ်တို့ဖြင့် အိပ်ယာမှ လူးလဲထရင်း ကိုယ်လက် သန့်ရှင်းရေး လုပ်သည်။ နောက်တော့ အိမ်ရှေ့ ကားလမ်းမကြီး ရှိရာဘက်သို့ ဆင်းလျှောက်ကာ နေစာလှုံရင်း သရက်ပင်တန်းတွေ အောက်က ခုံတန်းတစ်ခုပေါ် ကျွန်တော် ခပ်ဖျော့ဖျော့ မှီထိုင်လိုက်မိ၏။ ကြည့်စမ်းပါအုံး။ အခုလို မထိတွေ့ ရတာ ကြာပြီ ဖြစ်တဲ့ နံနက်ခင်း နေရောင်ခြည်က ကျွန်တော် လွမ်းဆွတ်လှတဲ့ မြို့ကလေးဆီက နေရောင်ခြည် ပါပဲ။ ဒီနေရောင်ခြည်တွေက သူ့တနေ့တာတွေအတွက် ခွန်အားကို အရင်လို ဖြစ်နေစေတုန်းပဲ။ လန်းဆန်းတက်ကြွစေတုန်းပဲ။
နံနက်ခင်းမှာ တနေ့တာ လုပ်ငန်းစဉ်တွေအတွက် ခြေကုန်သုတ်ကာ သွားလာနေကြသော လူများကို ကျွန်တော် မြင်နေရသည်။ ကျွန်တော် သည်လဲ ဘာထူးပါသလဲ။ နံနက် ခုနှစ်နာရီမှာ အိပ်ယာကထ၊ ရေမိုးချိုး မနက်စာ စားပြီးလျင် ရုံးချိန်အမှီရောက်ဖို့ ဘတ်စ်ကားဂိတ်၊ ရထားဂိတ်ကို ပြေးရတာပါပဲ။ ရုံးမှာ တနေ့တာအတွက် အလုပ် ပြီးလျှင်လဲ ဘယ်မှ မသွားပဲ အိမ်တန်း ပြန်လျင် အိမ်ရောက်ချိန်က ည ရှစ်နာရီ။ သူငယ်ချင်းတွေနှင့် တွေ့ပြီး ဟိုဟိုဒီဒီ သွား၊ ဒါမှ မဟုတ် ညစာအတူစား၊ စကားစမည် ပြောပြီးမှ ပြန်လာမည် ဆိုရင်တော့ ည ဆယ်နာရီဆိုတာ အစောဆုံး ပြန်ရောက်ချိန်သာ ဖြစ်သည်။ အိမ်ပြန်ရောက်လျှင်လဲ ခဏတာနားပြီး ဂျီတော့ခ်ထဲဝင်၊ ဟိုအိမ် ဒီအိမ်လည်ကာ စာမျိုးစုံ ၀င်မြည်းကာ အော်ချင်တာတွေ အော်ခဲ့မည်။
ဒီလိုနဲ့ တနေ့တာ ကုန်ဆုံးသွားလျှင်တော့ ညဆိုတာ ရောက်လာအုံးမည်။ အို၊ ကြည့်စမ်းပါအုံး။ ည ဆိုတာနဲ့ ကျွန်တော် နှစ်ခြိုက်သော လရောင်ကို မထိတွေ့ပဲ မေ့လျော့လို့ နေခဲ့တာ ဘယ်လောက်တောင် ကြာနေခဲ့ပါလိမ့်။ လရောင်ဆမ်းတဲ့ ညတွေမှာ ကျွန်တော်က လရောင်အောက်မှာ ခိုလှုံရင်း စိတ်တွေ အေးချမ်း သိမ်မွေ့လို့ နေတတ်ခဲ့တာ အခုမှ အမှတ်ရသည်။ အခု နံနက်ခင်း နေရောင်ခြည် တွေကို မေ့လျော့နေသလိုမျိုး ကျွန်တော် လရောင်တွေကိုလဲ မေ့လျော့လို့ နေခဲ့သည်။ ကျွန်တော် အများကြီးကို မေ့လျော့ခဲ့တာပါလား။ ဟိုတနေ့ညက မိုးတွေ သည်းထန်စွာ ရွာရုံမက မိုးကြိုးလျှပ်စစ်တွေ တ၀င်းဝင်း၊ မိုးချုန်းသံတွေ တဂျိမ်းဂျိမ်းမှာ ကျွန်တော် ကြိုက်လှတဲ့ American Idol ကို ကြည့်ရင်း မြို့ကလေးမှာ ဒီအချိန်ဆို မိသားစု စုံစုံညီညီနဲ့ စကားဝိုင်းဖွဲ့ကောင်းတုန်း၊ မိုးခြိမ်းလျှင် ကြောက်တတ်သော မေမေနှင့် ညီမလေးကို စနောက် ပျော်ရွှင်နေခဲ့တာတွေ အမှတ်ရပြီး လွမ်းဆွတ်လို့ သွားခဲ့သည်။ သို့သော် ကျွန်တော် မြတ်နိုးလှသော မိုးမှုန်တွေပါသည့် လေအေးအေးတွေကို တမေ့တမောကြီး ရှူရှိုက်လိုက်ဖို့ ကိုတော့ မေ့လျော့နေခဲ့မိသည်။ မြို့ကလေးရှိ မြို့လည်အင်း ဘေးမှာ သွားသွားထိုင်ပြီး ကန်ရေပြင်ကို ငေးမောရင်း စိတ်ကူးတွေ လေနှင်ရာ လွှင့်တင်ခဲ့ဖူးတာ အမြဲ အမှတ် ရလို့ နေခဲ့သည်။ သို့သော် အိမ်နားကနေ ဆယ့်ငါးမိနစ်လောက် ကား စီးသွားလိုက်လျှင် ရောက်သော ကန်ကျယ်ကြီး တစ်ခုသို့ ဓာတ်ပုံရိုက်ရန် မကြာခဏ သွားဖူးသော်လည်း ကန်ရေပြင်နံဘေးမှာ ငေးမောရင်း စိတ်တွေကို လွှင့်တင်ဖို့ မေ့လျော့ နေခဲ့သည်။ လျှပ်စစ်မီး ရှားပါးလှသော မြို့ကလေး ၏ ကြယ်တွေစုံတဲ့ ညတွေမှာ ကျွန်တော် အိမ်ပြင်ထွက်ပြီး မြက်ခင်းပေါ်မှာ လဲလျောင်းရင်း ကြယ်တွေကိုတိတ်တဆိတ် ကြည့်နေတတ်ခဲ့သည်။ ခုတော့ မီးရောင် ထိန်ထိန်ညီးကာ ညကို နေ့ထင်လောက်အောင် တောက်ပနေသော မြို့ပြ ညတွေမှာ ကြယ်တွေကို တိတ်တဆိတ် ငေးမောဖို့ မပြောနှင့်။ ကောင်းကင်မှာ ကြယ်တွေ ရှိလား မော့ကြည့်ဖို့တောင် မေ့လျော့လို့ နေခဲ့တာပါလား။
တကယ်ပါပဲ။ ကျွန်တော် မေ့လျော့စွာ ဖြတ်သန်း နေမိတဲ့ နေ့ရက်၊ ညတာတွေ များလွန်းနေခဲ့ပြီလား။ ဘာတွေ မေ့လျော့ထားမိခဲ့ပြီး ဘာတွေကို ဆက်လက် မေ့လျော့စွာ ဖြတ်သန်း နေမိအုံးမှာပါလိမ့်။ ကျွန်တော် ဒီသရက်ပင်တန်း အောက်က ခုံတန်းလေးတွေမှာ ထိုင်ရင်း ကြယ်တွေကို ငေးမောချင်လာသည်။ သူတို့လေးတွေကို အရင်လို လင်းလက်တောက်ပစွာနဲ့ တွေ့နိုင်ပါအုံး မည်လား။ လင်းလွန်းလှသည့် နီယွန်မီးတွေကို သူတို့အလင်းတွေ ထွင်းဖောက်နိုင်ကြပါ့မလား။ ကျွန်တော် မသေချာပါ။ လသာညများမှာတော့ လရောင်ကို ကောင်းကောင်း ခံစားလို့ ရနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါသည်။
အိုး၊ ကျွန်တော် သတိရသွား ပြန်ဘီ။ ဟိုတနေ့ နံနက်စောစောက သူငယ်ချင်းမလေး တစ်ယောက် သူနဲ့ အတူ အပြေးလေ့ကျင့်ခန်း လုပ်ဖို့ လှမ်းခေါ်သည်။ ကျွန်တော်က အပျင်းထူပြီး မလိုက်။ ပြီးတော့ ဆက်အိပ်လို့လည်း မရတော့တာနဲ့ မြို့ကလေးရဲ့ ဆောင်းနံနက်ခင်းတွေကို လွမ်းလို့ နေပြန်သည်။ လမ်းကို ကောင်းကောင်း မမြင်ရလောက်အောင် ထူပိတ်သော နှင်းထုတွေကို ထိုးခွဲပြီး ပြေးတိုင်း ကျွန်တော့် မျက်နှာကို ထိခတ်သည့် နှင်းမှုန်အေးအေးလေးတွေကို ကျွန်တော် ချစ်သည်။ ဒီမှာတော့ ကျွန်တော်ချစ်သည့် နှင်းမှုန်လေးတွေကို ထိတွေ့ခွင့် မရသော်လည်း စိမ်းလန်းတဲ့ ရှုခင်းနှင့် ပြေးလမ်းရှိနေသည်ပဲ။ တခါမှ ထ မပြေးကြည့်ဘူးပဲ မြို့ကလေးဆီက ဆောင်းနံနက်ခင်းကိုသာ လွမ်းဆွတ်နေမိသည့် ကျွန်တော့်ကိုယ် ကျွန်တော် ရယ်ချင်မိသွား၏။
တခါတရံမှာတော့ ဘ၀ဆိုတာကြီးမှာ ကိုယ် လိုချင်တာတွေချည်း အကုန်မရနိုင်တာ ကျွန်တော် သိသည်။ တခါတရံမှာ တခုလိုချင်လျှင် တစ်ခုကို စွန့်လွှတ်ရ တတ်သည်။ အရေးကြီးတာက ဘယ်အချိန် စွန့်လွှတ်ရမည်မှန်း မသိခင် ကိုယ်က အတတ်နိုင်ဆုံး တန်ဖိုးထား ခင်တွယ်ဖို့ပဲ မဟုတ်လား။ ဒီလိုမှ မဟုတ်လျှင်တော့ ကျွန်တော်တို့ အတိတ်လမ်းတွေကို ပြန် လျှောက်တိုင်း လွမ်းဆွတ် ကြည်နူးဖွယ်ရာ အချိန်လေးတွေ ပါးလျလို့ နေပါလိမ့်မည်။
လက်မောင်းပြင်မှာ စူးခနဲ။ ကြည့်လိုက်တော့ ခြင်တကောင်က ကျွန်တော့် လက်မောင်းသွေးတွေကို သူ့နံနက်စာ အဖြစ် အားရပါးရ သောက်င်္သုးနေသည်။ ကြည့်စမ်း၊ နံနက်ခင်း လင်းလင်း ခြင်းခြင်းမှာတောင် ဒီမျှ အတင့်ရဲနေလျှင် ညဘက်တော့ ပြောဖွယ်မရှိ။ သိုသော် ကျွန်တော်က ကြယ်တွေကို ငေးချင်သည်။ လရောင်ကို ခံစားချင်သည် မဟုတ်လား။ ဒီတော့ ဒီနေရာလေးမှာ လာထိုင် ငေးမောတိုင်း ခြင်ကိုက်တာလောက်ကို ခံနိုင်ရည် ရှိရ မည်ပေါ့။
ခုံတန်းလေးပေါ်ကထပြီး သရက်ပင်တန်းတွေ အောက်က ထွက်လိုက်သည်။ အရိပ်ကနေထွက်မှ အပြင်မှာ နေအပူချိန် တော်တော်ပြင်းနေမှန်း သိရ၏။ နေ့အလင်း စူးစူးကို မကြည့်ဖြစ်တာ ကြာတော့ ကျွန်တော့် မျက်လုံးတွေက ကျိန်းရှေ၀၀ါး သွားသည်။ ကမ္ဘာကြီး ဘယ်လောက်ပူနွေးဆူဝေလာပြီလဲ။ အဲဒီအတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲ။ ကျွန်တော်ကရော ဒီကမ္ဘာမြေကြီးကို ဘယ်လောက် ပြန်လည် စောင့်ရှောက်ခဲ့ ပြီလဲ။ တော်ပြီ။ ဆက်မတွေးချင်တော့။ ကျွန်တော့်အခန်းလေး ရှိရာဘက်ဆီ ပြန်လာခဲ့သည်။ လှေခါးထစ်တွေ အများကြီး။ တက်လိုက်ဆင်းလိုက်။ တ၀ဲဝဲ လည်ပြီး ဝေ့မသွားအောင် ကြိုးစားရအုံးမည်။ ဟိုးရှေ့မှာတော့ စိမ်းစိုလန်းဆတ်သည့် လောကကြီးက သူ့ဟာသူ နေ့၊ည၊ ရက်၊ လ၊ ရာသီ တွေကို ပုံမှန် ခုတ်မောင်းလို့။

ရေးသားသူ - မိုးကုတ်သား

Sunday, October 18, 2009

ချစ်ခြင်းတည်ရာ (သို့မဟုတ်) ချစ်ခြင်းဖွဲ့ ရာသီ



ချစ်ခြင်းတည်ရာ
(သို့မဟုတ်) ချစ်ခြင်းဖွဲ့ ရာသီ



ခရမ်းပြာ ကောင်းကင်ရဲ့အောက်
မှိုင်းညို့ညို့တိမ်ပျိုတွေကို ငေးလို့
ညင်သာငြိမ့်ညောင်းစွာ စီးဆင်နေတဲ့မြစ်ပြာပြာတစ်စင်းက
ကျုပင်တွေ ကြားနစ်မျောသွားဖို့ အဆင်သင့်ပေါ့…။

ညနေခင်းတစ်ခုရဲ့ ခရမ်းရောင် မိုးသားကောင်းကင်က မှော်ပဉ္စလက်ဆန်ဆန် လှပ လို့နေတယ်။ ငေးမောနေမိတဲ့ ခပ်ဝေးဝေးက တိမ်ညိုတွေတောင် ဘာကြောင့်ရယ်မှန်းမသိ ကျွန်တော့်ရင်ကို ဗလောင်ဆူနေ စေပြန်ကော။
တံတားဘောင်ဘေးမှာ ခြေဆင်းချ ထိုင်ပီး လေကို တ၀ ရှူရှိုက်မိတော့ မြစ်ပြင်ကို ဖြတ်တိုက်လာတဲ့ လေထဲမှာ ရနံ့တချို့ ရလိုက်တယ်။ တငြိမ့်ငြိမ့်စီးနေတဲ့ မြင်ပြင်ဟာ ညနေခင်း နေခြည်အောက်မှာ အပြာရောင်တွေ လက်လက်ထလို့။ ပင်လယ်ထဲ တိုးမ၀င်ခင် အစပ်ဖျားက ကျူပင်ရိုင်းတွေကြား နစ်လျှိုးကွယ်ပျောက်ဖို့ အဆင်သင့် ဖြစ်နေသလိုမျိုး ညင်သာစွာ စီးမျောလို့နေလေရဲ့။
ကျွန်တော့်စိတ်တွေဟာလဲ တစ်စုံတစ်ယောက်ဆီ စီးမျောရင်း အာရုံတွေ နစ်ကျွံ ပျောက်ကွယ်လုနေတာ အလန့်တကြား တွေ့ရတယ်။ သူက ခုတလောမှာမှ တစတစ ကျွန်တော့် ဘ၀ကို စိုးမိုးနိုင်လွန်းတာ ဘာသာ သိနေတာ့ ကွန်တော် တုန်လှုပ်မိတာ သိပ်ဆန်းကြယ်တယ် မထင်ပါ။ ဆန်းကြယ်တာက ထို စိုးရွံ့စိတ်တွေသည် ကျွန်တော့် ခြေလှမ်းတွေကို နောက်ပြန် မဆုတ်စေပဲ ရှေ့တိုးလို့သာ ရင်ခုန်ကြည်နူးလို့ နေချင်တာပါပဲ။

ဆာလောင်မွတ်သိပ်တဲ့ အချစ်တွေမှာ
အဆုံးမသတ်တဲ့ နာကျင်မှုတွေ လိုအပ်လိမ့်မယ်ဆိုရင်…
သွေးထားတဲ့သင်တုံးဓားက
ငါ့ရဲ့ ဝိညာဉ်တွေကို သွေးထွက်သံယို ဖြစ်စေတော့မယ်။

အချစ်တစ်ခု ဆိုတာကို ကျွန်တော့် နှလုံးသားက ဒီလောက် မွတ်သိပ်ခဲ့တတ်မယ် မှန်း မသိခဲ့ရိုး အမှန်ပါ။
သူ့ကို သတိရတိုင်း ဘယ်အချိန် အဆုံး သတ်တော့မလဲ ဆိုတဲ့ စိုးစိတ်တွေနဲ့ နာကျင်ပူလောင်ရတာ အတွေးစတွေတောင် မွမွကြေလို့ နေတတ်ခဲ့ပြီ။
အချိန်တို အတောအတွင်းမှာပဲ သူက ကျွန်တော့်နှလုံးသားမှာ ချစ်တယ် ဆိုတဲ့ မြည်တမ်းမှုတွေကို ကျောက်စာ တစ်ချပ်လိုအဖန်ဖန် အထပ်ထပ် ရေးထိုးထားခဲ့ပြီ။
ဒီ့ထက်ဒီသာ စူးနစ်ချစ်မိတော့မယ် ဆိုရင်တော့ ကျွန်တော်ဟာ သွေးသင်ထားတဲ့ သင်တုံးဓား တစ်လက်ကို စိတ်နှလုံးနဲ့ ဆုပ်ကိုင်မိသလိုမျိုး ချစ်တတ်တဲ့ စိတ်ဝိညာဉ်ဟာ ဒဏ်ရာ အနာတရ ဖြစ်တော့မယ်ထင်ရဲ့။
စိုးစိတ်တ၀က် ချစ်စိတ် တ၀က်နဲ့ ကျနော့်အိပ်မပျော် ညတွေက လင်းတလှည့် မှောင်တချီ။ မှုန်ရီ ပြာလဲ့လို့နေတယ်။


ဘယ်တော့မှ အသက်ရှင်ဖို့ မကြိုးစားတဲ့
တုန့်ပြန်မှုမဲ့ စိတ်ဝိညာဉ်ကလဲ
သေဆုံးမှာကိုကြောက်နေမိတယ်..

တကယ်ပါ။ ဘယ်အရာကိုမဆို ပေါ့ပေါ့ပါးပါး၊ ပျော်ပျော်ရွှင်ရွှင် ရွက်လွှင့်ချင်ခဲ့တဲ့ ကျွန်တော့် စိတ်ဝိဉာဉ် ဟာ ချစ်ခြင်းဆိုတာကို အသက်သွင်းဖို့ မကြိုးစားခဲ့ဖူးပါဘူး။
ခံစားပွန်းရှလွယ်တဲ့၊ အစွဲအလန်း ကြီးတတ်လွန်းတဲ့ နှလုံးသားလေး အနာတရ ဖြစ်မှာ ကြောက်လွန်းလှလို့ အချစ်ဆိုတာနဲ့ ဝေးဝေးမှာ ကျွန်တော် နေထိုင်ခဲ့ပါတယ်။
ခုတော့ အဆိပ်သင့်မှာစိုးလို့ မစားရဲခဲ့တဲ့ သစ်သီး တစ်လုံးဆီကို ကျွန်တော့်လက်တွေ လှမ်းလို့ နေမိပြီ။
အမှတ်တမဲ့တွေကနေ အမှတ်တရတွေ ဖြစ်လာတော့မှ ထိရှတတ်တဲ့ ဓားသွားထက်မှာ ကျွန်တော့်ချစ်လိပ်ပြာလေး သေဆုံးသွားမှာ တုန်လှုပ်ကြောက်ရွံ့ နေတယ်။

ရှည်လျားလှတဲ့ ညတွေမှာ လမ်းကျဉ်းလေးတစ်ခု
အထီးကျန်တာ ဆန်းသလား...
ငိုခဲ့ရတဲ့ င့ါရဲ့ညမှာ
ခဏပေါင်းများစွာ သာခဲ့တဲ့လ
ဒီညတော့ ဘ၀တစ်ပါးရောက်နေသလား...

အထီးကျန်တဲ့ ညတာတွေက ကျွန်တော့ အတွက်တော့ ခုမှ ရှည်လျားလွန်းနေ လေသလား။ တစ်ယောက်ထဲ ဘ၀မှာ နေသားတကျ ရှိခဲ့ချိန်တွေက အခုအခါများမှာတော့ အထီးကျန်ခြင်း ဝေဒနာတွေကို ပွေ့ပိုက်ထုပ်ပိုးရင်း လမ်းကျဉ်းလေးကို ဖြတ်သန်းကာ အိမ်ပြန်နေရတယ်။ လမ်းကလေးဆုံးရင် အခါများစွာ တယောက်တည်း အိပ်စက်ခဲ့တဲ့ ကျွန်တော့် အခန်းလေးထဲကို ရောက်မယ်။ ခုတော့ ဝေးဝေးက လင်းပ သာယာ ပြနေတဲ့ လမင်းလေးကို ငေးကြည့်ရင်းလဲ အခန်းလေးထဲမှာ တစ်ယောက်ထဲ ကျွန်တော် တိတ်တဆိတ် မျက်ရည်ကျတတ်နေပြီ။ လမင်းလေး မသာတဲ့ ဒီတညမှာလဲ ကျွန်တော် ငိုကြွေးရပြန်တာပါပဲလေ။ သူ ဘယ်တွေ သွားနေလဲ။ သူ ဘာတွေ လုပ်နေလဲ။ သူ ဘယ်သူတွေနဲ့ ရှိနေမလဲ။ ကျွန်တော် ကြိုက်လွန်းလှတဲ့ လေးဖြူရဲ့ သီချင်းတစ်ပုဒ်က အခုတော့ ကျွန်တော့်ကို ပိုပြီး ကျွမ်းလောင်မြိုက်နေစေခဲ့ပေါ့။
သိပ်ချစ်လွန်းရင် အခုလိုပဲ စိတ်မချစွာ ပူပန်စေတတ်၊ သ၀န်တိုစေတတ်ပါသလား။
"ဘယ်သွားသေနေလဲ မသိဘူး" စောင့်ဆိုင်းခြင်းတွေကို စိတ်မရှည်နိုင်တော့ အဲ့ဒီလို စိတ်ချဉ်ပေါက်တွေးရင်း သက်ပြင်းတွေ တချချ။ သေချာတယ်။ ဒီညလဲ ကျွန်တော် အိပ်ပျော်နိုင်မည် မဟုတ်တော့။

တစ်ခါတစ်ရံ ခေါမ စစ်ချီသံကို ကြားရသလိုလို...
တစ်ခါတစ်ရံ သိုသိပ်စွာ ထွက်ပေါ်လာမယ့်
ပန်တျာ ဘုရင်မရဲ့ စည်သံကနားစည်ဝကိုရောက်လာသလိုလို...

သူ့ကို မြင်ရတဲ့ ညအခါများစွာတိုင်း ကျွန်တော့် ရင်ဟာ ချစ်ခြင်းနဲ့ လွမ်းဆွတ်ခြင်းတွေ တိုက်ပွဲဝင်ဖို့ စစ်ချီတဲ့ တေးသံလို ထောင်းလမောင်းခတ် မြည်ကျွေးတတ်တယ်။ သူ ကျနော့်ကို မြင်ရင် ခေါ်လိုက်မလား။ မီးနီလေး ပြရင်း တိတ်တဆိတ် စောင့်စားနေရတာကိုပဲ ကျွန်တော်က ရင်တွေ ခုန်လို့။ သူ ကျွန်တော့်ကို လှမ်းခေါ်လိုက်တဲ့ အခါတိုင်း ပန်တျာဘုရင်မ တီးခတ်လိုက်တဲ့ စည်တော်သံကို ကြားလိုက်ရသလိုမျိုး ရင်ထဲ ကြည်မြ အေးချမ်းသွားတတ်ပေမဲ့ အချိန်အတော်ကြာ မခေါ်ပဲ နေရင်တော့ စွန့်ပစ်ခံရတဲ့ သားငယ်တယောက်လို ကျနော်က ၀မ်းပန်းတနည်း ငိုကြွေးချင်မိတယ်။
တဆိတ်တော့ ကျွန်တော် သူ့အပေါ် ချစ်စိတ်တွေ လွန်ကဲနေပြီ ထင်ရဲ့။ သူနဲ့ ပါတ်သက်ရင် ကျွန်တော်က သိပ် ပွန်းရှ လွယ်လို့ နေတယ်။
သူ့ကို တွေ့ရဖို့ ကျွန်တော့် အိပ်ချိန်တွေဖဲ့ခြွေရင်း စောင့်ဆိုင်းနေခဲ့သလို သူ့ကို မြင်ရပြန်တော့ ကျွန်တော့်ညတွေကို အိပ်စက်ပစ်လိုက်ဖို့ နှမျောနေပြန်တယ်။ ဒီလိုနဲ့ ကျွန်တော်လဲ အအိပ်ပျက် အစားပျက် ကြာရင် သေရချည်ရဲ့။


ဘယ်တော့မှ ပိုင်ဆိုင်ခွင့် ထပ်မရမယ့် အိပ်မက်ချိုချိုက
နိုးထဖို့ကို ကြောက်မိပြန်တယ်…

သူ့ကို ချစ်မိလေ၊ သူ မချစ်ပဲ ချစ်ဟန်ဆောင် လှည့်စားလေမလား တွေးကြောက်လေလေ။ သူ့ကို ကျွန်တော် တစ်ယောက်ထဲ ပိုင်ဆိုင်ချင်တယ်။ သူ့ကို ကျွန်တော် ဆုံးရှုံးရမှာ သိပ်ကြောက်တယ်။
တဖြည်းဖြည်း နစ်ကျွံလာတဲ့ ချစ်ခြင်းတွေအောက်မှာ ကျွန်တော့်ကိုယ် ကျွန်တော် ပျောက်ဆုံး ရပြန်တယ်။ ကျွန်တော့်ဘ၀မှာ သူ မရှိလို့ မဖြစ်တော့ဘူး။ သူ မချစ်ရင် ကျွန်တော် သေသွားနိုင်တယ်။ အဲဒီ အတွေးတွေ ၀င်လာတိုင်း ကျနော်ဟာ ခြောက်အိပ်မက် တစ်ခုက နိုးထ လာသလို တုန်လှုပ် မောပန်းနေတယ်။
တစ်ခါတစ်ခါမှာတော့ သူ့ကို ချစ်ရတာ အိပ်မက်တစ်ခုသာ ဖြစ်လိုက်ပါတော့လို့ တွေးမိတတ်တယ်။ သိပ်ကို ချိုမြလွန်းတဲ့ အဲ့ဒီ အိပ်မက်ချိုချိုတွေထဲ ကျွန်တော် ထာဝရ အိပ်စက် ပစ်လိုက်ချင်မိရဲ့။ နိုးထလာလို့ အိပ်မက်ကလေး ပျောက်ဆုံးသွားမှာ ကျွန်တော် သိပ်ကြောက်ပါတယ်။

ဘယ်တော့ မှ ကခုန်ဖို့ မသင်ယူပဲ
အသဲကွဲမှာကို ကြောက်နေတဲ့ နှလုံးသားဟာ
တွယ်တာခြင်းကို လက်ယပ်ခေါ်ငင်
အကြင်နာနွယ်မျှင်တွေကို ပြုံးပြလို့
အချစ်တစ်ခုတည်းခံစားမယ်ဆိုရင်ပေါ့…

အခုတော့ ကျွန်တော် စိုးကြောက်လှတဲ့ သံယောဇဉ်တွေကို ကြိုးလိုကျစ်ပြီး ကိုယ့်ကိုယ်ကို နှောင်ဖွဲ့လိုက်တယ်။ လွတ်လပ်ခြင်းတွေ ဆုံး ရှုံးချင် ဆုံးရှုံးစေတော့။ သူ့အပေါ် မြတ်နိုး တွယ်တာမိတဲ့စိတ်တွေက ရစ်ပတ်လာမဲ့ သူ့ကြင်နာမှုတွေကို တပ်မက်မောစွာ ဖိတ်ခေါ်လို့ အပြုံးနဲ့ ဆီးကြို နေမိပြီ။
"ကျွန်တော် လိုချင်တာ အချစ်တစ်ခုတည်းပါ။"
" ကျွန်တော့်ကို ချစ်ပါနော်။"
" ကျွန်တော့်ကို ထားမသွားပါနဲ့နော်။"
ဒီလိုတွေ ပြောနေတာ ကျွန်တော်မှ ဟုတ်ရဲ့လား။
အသည်းကွဲ ဝေဒနာကို ကြောက်လွန်းလှလို့ ဘယ်တုန်းကမှ ချစ်ခြင်းရင်ခုန်မှုတွေနဲ့ ယဉ်ပါးဖို့ မကြိုးစားခဲ့တဲ့ ကျွန်တော့် နှလုံးသားက သူနဲ့ကျမှ တိမ်းမူး ကခုန်လို့။ ချစ်ခြင်းတွေကို တစ်နေ့ပြီး တစ်နေ့ သင်အံလို့ နေလေရဲ့။


ကံကောင်းခြင်းတွေ ရှိနေဖို့အတွက်
လွမ်းမှန်းမသိ လွမ်းနေတဲ့ ငါ့ရဲ့ပန်းခင်းထဲက
ပန်းလေးတစ်ပွင့်သာ ချစ်ခြင်းဆိုရင်
မင်းလေးက ထိုပန်းလေးတစ်ပွင့်အတွက် မျိုးစေ့လေးပါ…

တကယ်လို့များ ကျွန်တော်ဟာ ဥယျာဉ်တစ်ခု ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော့် ပန်းခင်းလေးဟာ သူ့ကို လွမ်းမှန်းမသိ လွမ်းနေခဲ့ပြီ။
ကျွန်တော် သူ့ကို အချိန်တိုင်း လွမ်းနေတယ်။ သတိရနေတယ်။ တစ်ယောက်တည်း နေသားတကျ ဘ၀ဟာ ခုမှ ရုတ်ချည်း အသွင်ပြောင်းလို့ သူ့ချစ်ခြင်းမေတ္တာကို အသက်ဆက်ရာ မိုးရေစက်တွေလို ငတ်မွတ်မျှော်လင့် နေလေရဲ့။ သူ့ကြင်နာယုယမှုတွေကိုလဲ နေရောင် လရောင်လို ကျွန်တော် လိုအပ်နေတာပါပဲ။
သူ့အသံကို မကြားရတဲ့ နံနက်ခင်းတွေ ညတွေမှာ ကျွန်တော်က အောက်စီဂျင် မ၀သလို အသက်ရှူကျပ်နေတတ်တယ်။
ဒါဟာ အချစ်တဲ့လား။
ချစ်ခြင်းဆိုတဲ့ ပန်းကလေးတစ်ပွင့် ကျွန်တော့် ရင်ခွင် ဥယျာဉ်မှာ ဖူးပွင့်ခဲ့တယ်ဆိုရင် အဲဒီ ပန်းကလေးကို မျိုးစေ့ ချပေးခဲ့တာ သူပဲပေါ့။
ကံတရားက ဖေးမခဲ့မယ်ဆိုရင်တော့ အဲ့ဒီ အချစ်ပန်းကလေးဟာ ကျွန်တော့် ရင်တခွင်လုံး မွှေးမြ လန်းဆတ်လာအောင် ဝေေ၀ဆာဆာ ပွင့်ဖူး လာပါလိမ့်မယ်။



နှင်းခါးဖြူဖြူတွေ တစ်ဆုပ်တစ်ခဲ ကျတဲ့ ဆောင်းရာသီမှာ
လဲလျောင်းနေတဲ့ မျိုးစေ့လေဟာ
နွေးထွေးတဲ့ နေရောင်ခြည် ရဲ့ ချစ်ခင်ယုယမှုအောက်
နွေဦးရာသီမှာ
ပန်းလေးတပွင့် ဖြစ်လာမှာပါ။

ဆောင်းရဲ့ နှင်းပွင့်ဖြူဖြူတွေနဲ့ အတူ ကြွေကျခဲ့တဲ့ ချစ်ခြင်းမျိုးစေ့လေးရေ၊ နှင်းခါးလို အေးခဲ နာကျင်စေတဲ့ အလွမ်းပွင့်တွေကြောင့် သေဆုံးမသွားအောင် ကျွန်တော့်ကို ထိန်းသိမ်းစောင့်ရှောက်ခွင့် ပေးပါ။
တစ်ယောက်ထဲ နေ့တွေညတွေမှာ အထီးကျန်မှု ဝေဒနာတွေနဲ့ ငိုကြွေးနေရတဲ့ ရက်တွေ မနည်းတော့ပါဘူး။ ခုတော့ သူဟာ ကျွန်တော့်ရဲ့ အထီးကျန်ညတွေကို ဖြေဖျောက်ပေးသူလဲ ဖြစ်ရဲ့။ ကျွန်တော့် အနာဂါတ်တွေကို မျှော်လင့်ချက်တွေနဲ့ တောက်ပစေသူလဲ ဖြစ်ရဲ့။ လွမ်းလို့ ကျမိတဲ့ မျက်ရည်တွေအပေါ် ကျေနပ်စေသူလဲ ဖြစ်ရဲ့။
ချစ်ခြင်းမျိုးစေ့လေးကို ကျွန်တော့် ရင်ခွင် ဥယျာဉ်မှာ စိုက်ပျိုးပေးသွားသူဟာ တခြားသူတွေကိုရော အဲ့ဒီလို မျှော်လင့်ချက်တွေ ပေးထားတတ်လေမလား။ ပူလောင်စေတဲ့ အတွေးတွေက တခါတရံမှာ ကျွန်တော့်ကို နှိပ်စက်လာတိုင်း သူ့ကို ကျွန်တော် တယောက်ထည်း ပိုင်ချင်စိတ်တွေနဲ့ ပို အထီးကျန် မောပန်းရပြန်တယ်။
လွမ်းစိတ်၊ သူ့ကို စိတ်မချစိတ်တွေနဲ့ မယုံမရဲ ဖြစ်နေတဲ့ ကျွန်တော်ဟာ နွေဦးရာသီရဲ့ နွေးထွေးတဲ့ နေရောင်ခြည်အောက်မှာ အချစ်ပန်းကလေး ဖူးပွင့်ဝေဆာပြီး ကျွန်တော့် ဥယျာဉ် တစ်ခုလုံး လွှမ်းခြုံ မွှေးမြသွားစေဖို့ မျှော်လင့်အိပ်မက်နေမိတယ်။


မေတ္တာဖြင့်
မိုးကုတ်သား


ချစ်ညီလေး ဖိုးစိန်ရဲ့ မွေးနေ့ အမှတ်တရ အနေနဲ့ သူရဲ့ ကဗျာလေး တစ်ပုဒ်ကို စကားပြေ ဖန်တီးပြီး ရေးဖွဲ့ထားတာပါခင်ဗျာ။
မွေးနေ့ရှင်ရဲ့ ခံစားချက်ကို အပြည့်အ၀ ပုံဖော်နိုင်စွမ်း မရှိပေမဲ့ မွေးနေ့ရှင် ကျေနပ်မယ် လို့ မျှော်လင့်ပါတယ်။
အခု အချိန်တော့ မွေးနေ့ရှင်လဲ ကျွန်တော် ပို့ပေးထားတဲ့ ဒီလင့်ခ်က ဟောဒီ မွေးနေ့ဆုတောင်းလေး ကို ကြည့်ပီး စူပွပွ ခုန်ဆွဆွ ဖြစ်နေလောက်ပြီ ထင်တယ်။

Friday, October 16, 2009

တိမ်တိုက်တွေ










ကျွန်တော်က စိတ်ကူးယဉ် ဆန်လွန်းတယ်ပဲ ပြောကြလေမလား။ ငယ်စဉ်ကရင်း ခုချိန်ထိ တိမ်တိုက်တွေကိုမော့ကြည့် ငေးမောကာ တိမ်ရုပ်လေးတွေ ရေးနေမိတုန်း။ ကျွန်တော် ကောင်းကင်ကြီးကို မော့ကြည့်လိုက်တိုင်း သူတို့ကို တွေ့ရသည့် အသွင်က ဘယ်တော့မှ မတူပါ။ တခါတရံ ငေးမောနေရင်းက ပင် ထုသွင် ပြောင်းသွားကြပြန်သည်။ တခါတရံ တိမ်ကင်းစင်အောင် ကြည်လင်နေသည့် ကောင်းကင်ကြီးကို မြင်ရတိုင်း ကျွန်တော်က တိမ်တွေကို ဟိုတကွက် ဒီတကွက် တွေ့ရလေမလား လိုက်လံရှာဖွေ လွမ်းဆွတ်တတ်ပြန်သေးသည်။ တိမ်တွေရဲ့ ထုသွင်က တခါတရံ ချစ်ခင်ဖွယ်၊ တခါတရံ ကြည်နူးဖွယ်၊ တခါတခါမှာတော့ လွမ်းဆွတ်ဖွယ် ရှိနေတတ်ပြီး တခါတခါမှာတော့ ခြောက်ခြားဖွယ် ဖြစ်လို့ နေတတ်ပြန်သည်။ လေအရှိန်နှင့် တရိပ်ရိပ် ပြေးလွှားနေသော တိမ်တွေကို မြင်ရလျှင်တော့ ကျွန်တော် အင်မတန် ပျော်ပါသည်။ တယောက်သောသူကတော့ ပြေးလွှားနေသော တိမ်တွေကို ကျွန်တော်နျင့်အတူ လိုက်ကြည့်ကာ မူးလိုက်တာ ဟုဆိုရင်း ကျွန်တော့်ရင်ခွင်ထဲ နွဲ့မှီခဲ့ဖူးသည်။ တခါတရံမှာတော့ အဲဒီတိမ်တွေက ကျွန်တော် ချစ်သော လမင်းကြီးကို ကျွန်တော့် ထံပါးကနေ ဖွက်ထား တတ်ကြသေးသည်။ သူတို့ ကလှူသလို၊ မြှူသလို ခဏဖွက်ထားလျှင်တော့် ကျွန်တော်က သဘောကျတတ်သော်လည်း အချိန်အကြာကြီး ဖွက်ထားလျှင်တော့ တိမ်တွေကို ကျွန်တော် စိတ်ဆိုးရလေသည်။ သို့သော် ကျွန်တော်က တိမ်တိုက်တွေကို ကြာကြာ စိတ်မကွက်နိုင်ပါ။ အခါအားလျော်စွာ သူတို့ကို စောင့်ကြည့် ငေးမောနေတတ်သည်သာ။
တိမ်တိုက်တွေကို မိုးပေါ် မော့ကြည့် ငေးမောတတ်သော ကျွန်တော် တိမ်တိုက်တွေရဲ့ ထိတွေ့မှု၊ တိမ်တိုက်တွေရဲ့ ရနံ့တွေကို ရှူရှိုက်ခွင့် ရခဲ့တာ အင်မတန် ကံကောင်းသည်။ ထိုစဉ်က မြို့ကလေးမှာ ကျွန်တော် ရှိနေခဲ့ပြီး တောင်တက်ခဲ့ကြစဉ်က ဖြစ်သည်။ တိမ်တိုက်တွေနှင့် နီးနီးကပ်ကပ် ထိတွေ့ခွင့် တင်မက တစ်ချို့ တိမ်တိုက်တွေက ကျွန်တော်တို့ ဟိုဘက် အောက်ခြေမှာ။ တချို့တိမ်တိုက်တွေက ကျွန်တော်တို့ကို တိုးဝှေ့ ပွတ်တိုက်သွားကြသည်။ လေနှင့်လွင့်လာသော တိမ်တိုက်တချို့ကို ကျွန်တော် ပျော်ရွှင်စွာ ရင်ဖွင့်ကြိုဆိုရင်း ထွေးပွေ့ နမ်းရှိုက်ခဲ့ရတာ ဘယ်လောက် ကြည်နူးဖို့ ကောင်းလိုက်ပါသလဲ။
ထိုစဉ်ကရင်း ကျွန်တော် တိမ်တွေကို အပေါ်ကနေ စီးမိုးငေးမော ကြည့်ချင်စိတ်တွေ ဖြစ်ခဲ့ရသည်။
ထိုအိပ်မက်ကလေး အမှန်တကယ် ဖြစ်ခဲ့ပါသည်။ ကျွန်တော် တကယ်ပဲ တိမ်တိုက်တွေကို အပေါ်က စီးမိုးကြည့်ခွင့် ရခဲ့သည်။ ကျွန်တော် မျှော်လင့်ထားသည့်အတိုင်း တိမ်တိုက်တွေကို ရင်သပ်ရှုမော ငေးမောနေခဲ့မိ၏။ ဂွမ်းစိုင်၊ ဂွမ်းလိပ်လေးတွေလို နူးညံ့လှသော တိမ်တွေကို အများကြီး မြင်တွေ့ခွင့် ရသော်လည်း မှန်ပြူတင်း ခြားထားသောကြောင့် တောင် တက်တုန်းကလိုတော့ သူတို့ကို ထိတွေ့ခွင့် မရခဲ့ပါ။ သို့သော် ကျွန်တော် ကျေနပ်ပါသည်။
တချို့ တိမ်တိုက်တွေက စုစုဝေးဝေး၊ တချို့က ဟိုတစု ဒီတစု၊ တချို့က ကောင်းကင်ပေါ်မှာ မြစ်တစ်စင်း စီးဆင်းနေသလို သွယ်သွယ်တန်းတန်း၊ တခါတလေမှာလဲ ကျယ်ပျောလှသော တိမ်ပင်လယ်ကြီးတွေ။ တစ်ချို့တိမ်တိုက်တွေက နေရောင်မှာ စိုလက်တောက်ပလို့။ တစ်ချို့ တိမ်တိုက်တွေကတော့ နူးညံ့လှသော ကတ္တီပါ လွင်ပြင်ကြီးတွေလို။ ပြူတင်းတံခါးကို ဖွင့်ပြီး တိမ်တိုက်တွေပေါ် ခုန်ချ ပြေးလွှားချင်စိတ်တွေ ခဏခဏ ပေါ်လာအောင် အခါများစွာ သူတို့က ကျွန်တော့်ကို ဖျားယောင်းနိုင်ခဲ့ပါသည်။ ဘယ်လောက်အထိ ဖျားယောင်းနိုင်ခဲ့သလဲဆို သူတို့ကို မော့ကြည့်ခဲ့ဖူးစဉ်က အမျိုးမျိုး ပုံဖော်ရေးခဲ့သော တိမ်ရေးရုပ်တွေကို ရေးကြည့်ဖို့ စိတ်ကူးကို မေ့လျော့ စေခဲ့သည့် အထိပါပဲ။
တိမ်တိုက်တွေက အတည်တကျ ရှိချင်မှ ရှိလိမ့်မည်။ ဖမ်းဆုပ်ထိတွေ့ခွင့် ရချင်မှ ရနိုင်မည်။ တခါတရံ နှစ်လိုဖွယ်အသွင်ရှိပြီး တခါတရံ ကြောက်မက်ဖွယ်ကောင်းမည်။ မည်သို့ပင်ဖြစ်စေ၊ ကောင်းကင်ကြီးမှာ တိမ်တိုက်တွေကို မြင်တွေ့နေရလျှင်ပဲ ကျွန်တော် ကျေနပ်ပါသည်။





ပြာလဲ့လဲ့မိုးသားနဲ့ တိမ်တိုက်တွေ







စိုလက်တောက်ပနေတဲ့တိမ်တိုက်တွေ








တချို့တိမ်တိုက်တွေက ဟိုတစု ဒီတစု






ဒီလိုတိမ်ဂွမ်းဆိုင်တွေ ပေါ့။ ကျွန်တော် ခုန်ချပြီး တိမ်တွေပေါ်ပြေးလွှားချင်ခဲ့တာ

တိမ်တိုက်တွေကြားက မြို့တော် ရန်ကုန်


မေတ္တာဖြင့်
ရေးသားသူ - မိုးကုတ်သား


Tuesday, October 13, 2009

ဟန်တစ်လုံးနဲ့ ကျွန်တော်ဘိုဘို



1. What is your name – Han Tun Naing

2. A four letter word – Harp

3. A boy’s name – Hymenaeus (God of Weddings and Getting Married) ;-P

4. A girl’s name – Helen (A daughter of Zeus)

5. An occupation – House Designer

6. A color – Hoary

7. Something you’ll wear –Hat

8. A food – Hot pot

9. Something found in the bathroom – Hair Gel

10. A place – Home

11. A reason for being late – Hospitalized

12. Something you’d shout – Hahhhhhhhhhhhhh!!!!!!

13. A movie title – Hairspray

14. Something you drink – Hawaiian Punch

15. A musical group – Hoodoo Gurus

16. An animal – Hamadryad

17. A street name – Harley street (London, UK)

18. A type of car – Honda

19. The title of the song – Hotel California

20. A verb – Hug!!!! Hug!!! Hug!!!





1. What is your name – ဘိုဘို

2. A four letter word – ဘာမသိဘူး

3. A boy’s name – ဘိုဘို

4. A girl’s name – ဘေဘီနွဲ့

5. An occupation – ဘာဘာညာညာ

6. A color – ဘဲခေါင်းစိမ်း၊

7. Something you’ll wear – ဘောင်းဘီ

8. A food – ဘဲကင်

9. Something found in the bathroom – ဘီး

10. A place – ဘယ်ဆီဘယ်ဝယ်

11. A reason for being late – ဘာတွေ ရှုပ်နေမှန်းမသိဘူး

12. Something you’d shout – ဘာာာာာာာာာာာာာာာာာာာာာာာာ

13. A movie title – ဘီလူး

14. Something you drink – ဘာဘရာ ရက်ဒ် ၀ိုင် (Barbera Red Wine)

15. A musical group – ဘီးတဲလ် (Beatles)

16. An animal – ဘလူးဂျေး (Blue Jay)

17. A street name – ဘုရင့်နောင်လမ်း

18. A type of car – ဘီအမ်ဒဗလျူ (BMW)

19. The title of the song – ဘာ့ဒ်ဒေး (Birthday, by Beatles )

20. A verb – ဘရုတ်ကျတယ်




တစ်ချို့ စာလုံးတွေက ဘားဂလစ် တွေ ဖြစ်နေတာ သည်းခံပေးကြပါခင်ဗျာ။ ခုတလော ဘာစာမှ မရေးချင် ဖြစနေတုန်း ပေါ့ပေါ့ပါးပါး ရေးစရာလေးတွေ ရေးခိုင်းတဲ့ အမ မနော်ဟရီ နဲ့ ကိုဂျေး (မင်းကို ချစ်တဲ့သူ) တို့ ကျေနပ်နိုင်ကြမယ် ထင်ပါရဲ့။ H Version အတွက် စာလုံးတွေ ၀ိုင်းကူစဉ်းစားပေးတဲ့ ချစ်ညီလေး မျောက်မျောက် ကိုလဲ ကျေးဇူးတင်ပါတယ်။


မေတ္တာဖြင့်
မိုးကုတ်သား

Thursday, October 1, 2009

စိတ်နဲ့မမီနိုင်သောအရပ် သို့ ခရီးဆန့်ခြင်း


စိတ်နဲ့မမီနိုင်သောအရပ် သို့ ခရီးဆန့်ခြင်း


စိတ်နဲ့ စိတ်တွေကြား တောင်စဉ်တွေ အထပ်ထပ်ခြားထားပေမဲ့
နှလုံးသားကို စီးပြီးသွားတဲ့အခါ
နှလုံးသားတံခါးတွေ ဖွင့်ထားတဲ့အခါ
ဖြူလင်းတဲ့ စိတ်ဂီတသံတွေ ကြားရမယ်။

တုန့်ပြန်မှုမဲ့ ခေါ်သံတွေကြား
အလုပ်များတဲ့ စာပို့သမားဟာ
စာလွှာတွေပျောက်တာလဲ ရှိရဲ့၊ လိပ်စာမှား ရောက်တာတွေလဲ ရှိအုံးမယ်။

မှော်ဆရာရေ
တစ်ခါတစ်လေမှ တီးခတ်ပြတဲ့
ဝိဥာဉ်ခေါ်သံ ဗုံတေးသွားမှာ
အသံတွေ အ ခဲ့ရ၊ ကကြိုးတွေ မှောက်မှားကြ။

ကြိုးပြန်ညှိမရတဲ့ ဂီတ တလွဲမှာ
စိတ်ကို အခါခါ လွှဲပစ်ရင်း
အလင်းတွေမျှားဖို့ ၊ အသံတွေကို မြုံးထောင်ဖို့
စိတ်နဲ့မမီနိုင်သောအရပ် မှာ
ငါ့ကိုယ်ငါ တရားပြနေမိတော့တယ်။

(အမ မနော်ဟရီ နဲ့ ညီလေး ဇက်တို့ လက်စွမ်းပြထားတဲ့ စိတ်နဲ့မမီနိုင်သောအရပ် ဆိုတဲ့ ကဗျာလေးကို ဖတ်ပြီး ရင်ဘတ်ထဲက ထွက်ကျလာတဲ့ ကဗျာလေးပါ။ အမ မနော်ဟရီဆီမှာ ဒီကဗျာလေး လျှံချထားခဲ့ပြီး အခု ကျနော့် အိမ်လေးထဲမှာ အမှတ်တရအနေနဲ့ သိမ်းဆည်းထားခြင်းဖြစ်ပါတယ်။)



မေတ္တာဖြင့်
မိုးကုတ်သား