Showing posts with label Knowledge. Show all posts
Showing posts with label Knowledge. Show all posts

Wednesday, May 6, 2009

လွယ်ကူရိုးရှင်းပြီး သင့်ကျန်းမာရေးကို မြန်မြန် တိုးတက်ကောင်းမွန်စေမဲ့ နည်းလမ်း ဆယ့်ငါးချက်





အင်တာနက်ထဲ လျှောက်ကြည့်ရင်း ကျန်းမာရေးအတွက် ဒီဆောင်းပါးလေးတစ်ခုကို တွေ့လို့ နားလည်သလို ဘာသာပြန်ပြီး မိတ်ဆွေတို့နဲ့ မျှဝေလိုက်ပါတယ်။ မူရင်းနဲ့ အာဘော်မတူရင် ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုသာ ဖြစ်ပါတယ်။






လွယ်လွယ်ကူကူ ပြောင်းလဲနိုင်မဲ့ နေ့စဉ် အစားအသောက် အလေ့အထ ပုံစံ

1. နေ့စာ မစားခင် အသီး တစ်ခုခု စားပေးပါ။

ပန်းသီး၊ ငှက်ပျောသီး၊ သစ်တော်သီး ဒါမှမဟုတ် တခြား အသီး တစ်ခုခုကို နေ့စာမစားခင်တိုင်း စားတဲ့ အကျင့်ကို လုပ်ပါ။ ကျွန်တော်တို့ရဲ့ ဆာလောင်မှုကို ထိန်းပေးသလို အမြန်ရနိုင်တဲ့ အဆီရွှဲရွှဲ fast food တွေ မစားဖြစ်အောင်၊ ခရက်ကာထုပ်တွေ ဖောက်မစားမိအောင် ကာကွယ် ပေးပါတယ်။










2. ဖျော်ရည်ဆိုင်က စက်ဖြစ်
ဖျော်ရည်ဗူးတွေ မသောက်ပါနဲ့။

စက်ဖြစ် ဖျော်ရည်ဗူးတွေဆီကနေ ကျွန်တော်တို့ ကျန်းမာရေး ညီညွတ်စေတဲ့ ဖျော်ရည်တွေ ဘာများ ရသလဲ စဉ်းစားကြည့်ရအောင်။ ဈေးကလဲ ကြီးတယ်။ ကျွန်တော်တို့ ကိုယ်ခန္ဒာက လိုအပ်တဲ့ သကြားဓာတ်၊ ဆားဓာတ်တွေ လိုတာထက် ပိုအောင်ပါဝင်တယ်။ ဒီတော့ ဖျော်ရည်ဆိုင်တွေဘက် ရောက်ရင် သောက်ရေသန့်ဗူးက လွဲပီး တခြား ဘာဖျော်ရည်ဗူးမှ မ၀ယ်ဘူးလို့ စိတ်ကို ပိုင်းဖြတ်ထားလိုက်ပါ။

3. တစ်ပါတ်မှာ တစ်ညတော့ သတ်သတ်လွတ်စားပါ။

ကျွန်တော်တို့တတွေဟာ ခန္ဒာကိုယ်က လိုအပ်တဲ့ အသားဓာတ်ထက် ပိုပြီး စားသုံးနေကြတယ်လို့ ပညာရှင်တွေက ဆိုကြတယ်။ တစ်ပါတ်မှာ တစ်ရက်လောက်များ သတ်သတ်လွတ်ညစာ စားဖူးကြပါသလား။ အရသာရှိပြီး စားကောင်းတဲ့ အသီးအရွက်ဟင်းလျာတွေကို တစ်ပါတ်မှာ တစ်ညလောက် ချက်စားဖို့ ကြိုးစားကြည့်ရအောင်။ ကျန်းမာရေးနဲ့လဲ ညီညွတ်မယ်။ ငွေကုန်ကြေးကျလဲ နဲနဲ သက်သာတယ်လေ။

4. ဂျုံ၊ စပါး စတဲ့သီးနှံအစေ့တွေနဲ့ လုပ်ထားတဲ့ ပေါင်မုန့်မျိုးကို စားသုံးပါ။

ကျွန်တော်တို့ရဲ့ နေ့စာ၊ မနက်စာတွေက အသားညှပ်ပေါင်မုန့်တို့၊ ပြုပြင်ပြောင်းလဲထားတဲ့ ပေါင်မုန့်ဖြူတို့ ဖြစ်နေခဲ့မယ် ဆိုပါစို့။ ဂျုံ၊ စပါး စတဲ့သီးနှံအစေ့တွေနဲ့ လုပ်ထားတဲ့ ပေါင်မုန့်မျိုးကို ပြောင်းပြီး စားကြည့်ကြရအောင်။ ဘာတွေ ပိုကောင်းလို့လဲဆိုတော့ ကျွန်တော်တို့ ခန္ဒာကိုယ်က လိုအပ်တဲ့ အမျှင်ဓာတ်၊ ဗိုက်တာမင် စီ၊ ဗိုက်တာမင် အီး နဲ့ တခြား ဓာတ်သတ္ထုတွေ ပိုပြီး ပါတယ်။ အဲဒါတွေက ကျွန်တော်တို့ရဲ့ နှလုံးကို ကျန်းမာဖို့ အထောက်အကူ ပေးသလို ကင်ဆာရောဂါကိုလဲ ကာကွယ်ပေးပါသေးတယ်။ နောက်ပြီး အမျှင်ဓာတ် ကြွယ်ဝတဲ့အတွက် အဆာခံလို့ ကိုယ် အလေးချိန် လျှော့နေတဲ့ သူတွေကိုလဲ အများကြီး အကျိုး ပြုပါတယ်။

5. အဆီ စစ်ချ၊ လျော့ချ ပြီးသား နို့ (skim milk) ကို ပြောင်းသောက်ပါ။


နွားနို့ချည်း သက်သက် ဒါမှမဟုတ် ကောက်နှံပင်တွေက ထုတ်ထားတဲ့ cereal ထဲ ထည့်ဖျော်ပြီး သောက်တတ်သလား။ ဒါဆို အဆီ စစ်ချ၊ လျော့ချ ပြီးသား နို့ (skim milk) ကို ပြောင်းသောက်ပါ။ အစပထမတော့ တစ်မူထူးခြား နေပါလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီလိုပဲ ဆက်ပြီး ပြောင်းသောက်ပေးပါ။ နောက်ပိုင်းမှာတော့ လျှာက ကျင့်သားရပြီး အဆင်ပြေလာပါလိမ့်မယ်။ သံဓာတ်နဲ့ ပရိုတိန်းဓာတ်ကို နို့ကနေ အရင်လို ရနေပေမဲ့ အဆီဓာတ်ကတော့ သိသိသာသာ လျှော့ကျသွားပါပြီ။







လွယ်လွယ်ကူကူ ပြောင်းလဲနိုင်မဲ့
နေ့စဉ် သောက်သုံးမှု အလေ့အထ ပုံစံ

1. ရေဗူးတစ်ဗူး စားပွဲ အနီးအနားမှာ အမြဲ ဆောင်ထားပါ။

လူအတော်များများက ဗိုက် နဲနဲ ဆာလာတဲ့အခါ အဆာပြေ သွားရည်စာတွေ စားတတ်ကြပါတယ်။ ရေဗူး တစ်ဗူးသာ ဆောင်ထားပြီး ပါးစပ်က စားချင်၊ ၀ါးချင်လာတိုင်း ရေ သောက်ပေးပါ။ လုံလောက်တဲ့ ရေဓာတ် ရနေတဲ့အတွက် အဆာလွန်ပြီး မစားမသောက်နိုင် ဖြစ်တာကို ကာကွယ်ပေးပါတယ်။ (အပူချိန် ခံနိုင်ရည် ရှိတဲ့ ရေဗူးကို ၀ယ်ပြီး ရေဖြည့်သောက်ပါ။ ရေသန့်ဗူးချည့် ၀ယ်သောက်နေပြီးမှ မင်းနည်းက ငွေကုန်လိုက်တာ ပြောခံနေရမှာ စိုးလို့ :-P )

2. ကော်ဖီသောက်နေကျ နေရာမှာ တစ်ဝက်လောက်ကို ဆေးဘက်ဝင် သစ်ရွက်သစ်ဖုတွေက လုပ်တဲ့ အကြမ်းရည် တမျိုးမျိုး (herbal tea) ပြောင်းသောက်ပေးပါ။

နေ့တိုင်းလိုလိုမှာ ကျွန်တော်တို့ ကော်ဖီ၊ ဒါမှ မဟုတ် လ္ဘည့်ရည် ဘယ်နှစ်ခွက် သောက်သလဲ။ သောက်နေကျထက် တစ်ဝက်ကို လျှော့သောက်လိုက်ပါ။ အဲဒီ လျှော့လိုက်တဲ့ တစ်ဝက် နေရာကို ကာဖိန်းဓာတ်လွတ်တဲ၊့ ဆေးဘက်ဝင် သစ်ရွက်သစ်ဖုတွေက လုပ်တဲ့ အကြမ်းရည် တမျိုးမျိုး (herbal tea) နဲ့ အစားထိုးလိုက်ပါ။ ကျန်းမာရေး ပညာရှင်တွေက ကာဖိန်းဓာတ်ကို တစ်ရက် 400 မီလီဂရမ်ထက် မပိုစေဖို့ တားမြစ်ထားပါတယ်။ အဲဒါက ကော်ဖီကြမ်း လေးခွက်၊ ဒါမှမဟုတ် အသင့်ဖျော်သောက်နိုင်တဲ့ ကော်ဖီထုပ် ခုနှစ်ထုပ်နဲ့ ညီမျှပါတယ်။ (တော်သေးရဲ့၊ တစ်ရက်မှ coffeemix နှစ်ထုပ်ထက် ပို မသောက်ပေလို့)

3. နို့ဓာတ်ပါဝင်မှု များတဲ့ ကော်ဖီလိုမျိုး သောက်စရာတွေကို ရှောင်ပါ။

Cafe Latte လိုမျိုး နို့များတဲ့ ကော်ဖီကို မနက်ခင်းတိုင်း မက်မက်မောမော သောက်ဖြစ်နေသလား။ အင်း.. ဒါဆိုရင်တော့ အဲဒီ တခွက်ထဲနဲ့တင် ကိုယ်ခန္ဒာထဲမှာ နာရီဒိုင်ခွက်လေးကတော့ 300ကယ်လိုရီ မကဘူးလို့ အချက်ပြနေပြီ။ ဒီလိုဆိုရင်လဲ ကာဖိန်းဓာတ်မပါတဲ့ ချောကလက် ပူပူလေး တစ်ခွက်လောက်တော့ သောက်ပါရစေ။ အင်း.. ကောင်းပါပြီး ကာဖိန်းဓာတ် တော့မပါဘူး။ တစ်ခွက်ထဲနဲ့တင် 400ကယ်လိုရီ မက ပါတယ် ဆိုတော့ကာ.. ဆိုတော့ကာ....

4. တစ်ပါတ်မှာ လေးရက်တော့ အယ်လ်ကိုဟော လွတ်အောင် နေပါ။

အလုပ်ကပြန်တိုင်း ညဘက်တွေ အရက် သွားသောက်တတ်သလား။ ဒါမှမဟုတ်ရင်လဲ ၀ိုင် တစ်ပုလင်းလောက်ကို အဖော် တစ်ယောက်ယောက်နဲ့ အတူ စားကောင်းရုံ သောက်ဖြစ်နေသလား။ ဒါဆိုရင်တော့ ကျွန်တော်တို့က ကိုယ့်ရဲ့ ကျောက်ကပ်ကို ကောင်းကောင်းကြီး ဖိအားပေးနေပြီ။ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဒာ အလေးချိန်ကိုလဲ အယ်လ်ကိုဟောက မထိန်းသိမ်း ပေးနိုင်တော့ဘူး။ သူ့မှာ ကယ်လိုရီတွေ အများကြီး ပါနေတာကိုး။ (ဘီယာတစ်ပုလင်းမှာ၊ ဒါမှမဟုတ် ၀ိုင် ခွက်လတ် တစ်ခွက်မှာ 200ကယ်လိုရီ ပါဝင်ပါတယ်)။ နောက်ပြီး အယ်လ်ကိုဟောက ဒေါသစိတ်ကို ပိုဖိအားပေးသလို ဗိုက်ကိုလဲ ပိုပြီး ဆာလောင်စေပါသေးတယ်။

5. ဆိုဒါ အစား ရေကိုပဲ သောက်ပါ။

မိတ်ဆွေက ဆိုဒါ ကို သိပ်ပြီး ကြိုက်လား။ ဓာတ်စာ ဖြစ်စေတဲ့ဆိုဒါ တောင် မိတ်ဆွေအတွက် သိပ် မကောင်းလှဘူး။ ပုံမှန်အားဖြင့်တော့ ဆိုဒါမှာ ပြုပြင်ထားတဲ့ ဓတ်ပေါင်းတွေ ပါနေတယ်။ ဆိုဒါ သောက်မဲ့အစား ရိုးရိုး ရေကိုပဲ သောက်ပါ (ရိုးရိုးရေ မသောက်ချင်ရင်လဲ သံပရိုသီး စိတ်လေးဖြစ်ဖြစ် ဖျော်ရည်လေးဖြစ်ဖြစ် နည်းနည်း ထည့်သောက်ပေါ့)











လွယ်လွယ်ကူကူ ပြောင်းလဲနိုင်မဲ့
နေ့စဉ် လေ့ကျင့်ခန်း လုပ်တဲ့ အလေ့အထ ပုံစံ

1. နေ့စာစားချိန်မှာ မိနစ်နှစ်ဆယ်လောက် လမ်းလျှောက်ပေးပါ။

နေ့လည်နေ့ခင်းဘက်တွေမှာ လေ့ကျင့်ခန်းလုပ်ဖို့ အခွင့်အရေး မရှိဘူးဆိုရင် နေ့စာစားချိန်မှာ ကိုယ့် အလုပ်ခုံကနေ ထပြီး မိနစ်နှစ်ဆယ်လောက် လမ်းလျှောက်ပေးပါ။ ဒါဟာ ကျွန်တော်တို့ ကိုယ့်ကိုကိုယ် မိနစ်နှစ်ဆယ်လောက် အလုပ်တွေရဲ့ အဝေး တွန်းပို့ ပေးလိုက်သလို စိတ်နဲ့ ခန္ဒာကိုယ်ကိုလဲ လန်းဆန်းစေပါတယ်။

2. အလုပ်ဆင်းချိန်တိုင်း လမ်းလျှောက်ကျင့် လုပ်ပါ။

အသွားအပြန် ပုံမှန်သွားလာ လှုပ်ရှားနေရတဲ့ ရုံးတက်ရက်တွေမှာ အလုပ်ဆင်းချိန်ရောက်တိုင်း လမ်းလျှောက်ပေးပါ။ ဘတ်စ်ကားနဲ့ ပြန်တဲ့သူကလည်း ကိုယ်ဆင်းမဲ့ မှတ်တိုင် မရောင်ခင် တစ်မှတ်တိုင်အလိုမှာ ဆင်းပြီး လမ်းလျှောက်ပေးပါ။ ကိုယ်ပိုင်ကားနဲ့ ပြန်လာတဲ့သူ ဆိုရင်လဲ ကားများရပ်ရန်နေရာ ရောက်ရင် အိမ်နဲ့ ဝေးတဲ့ နေရာမှာ ကားကို ရပ်နား ထားခဲ့ပါ။



3. တပါတ်မှာတစ်ခါဖြစ်ဖြစ် ကျန်းမာရေး လေ့ကျင့်ခန်း သင်တန်း တစ်ခုခု တက်ပါ။

အလုပ်လုပ်တဲ့သူဖြစ်ဖြစ်၊ မလုပ်တဲ့သူပဲ ဖြစ်ဖြစ် ကိုယ်နဲ့ နီးစပ်ရာ နေရာ တစ်ခုခုမှာ ကျန်းမာရေးလေ့ကျင့်ခန်း သင်တန်း တစ်ခုခု သွားတက်နိုင်ဖို့ အဆင်ပြေချိန် တစ်ပါတ် တစ်ရက်တော့ ရှိမှာပါ။ (အားကစားရုံ တော်တော်များများမှာ နေ့စာစားချိန် အမြန်နည်းစနစ်နဲ့ ကျင့်ပေးတဲ့ လေ့ကျင့်ခန်းသင်တန်တွေ၊ ညနေပိုင်း အထူးသင်တန်းတွေ ရှိတတ်ပါတယ်) ကိုယ်လုပ်နိုင်မဲ့ သင်တန်းတစ်ခုခုကို ရှာဖွေပြီးတက်ပါ။ နောက် တစ်ပါတ်တစ်ခါ ပုံမှန် လေ့ကျင့်ပေး၊ ကစားပေးပါ။

4. တနင်္ဂနွေ နေ့လည်ခင်းတွေကို လှုပ်လှုပ်ရှားရှား၊ တက်တက်ကြွကြွ ဖြတ်သန်းပါ။

လူအတော်များများ မနှစ်သက်ချင်ကြတဲ့ စိတ်ပျက်ဖွယ် တနင်္လာနေ့ကို မရောက်ခင်မှာ ကျွန်တော်တို့ အာရုံတွေ ခွန်အားပြည့်ဝ လန်းဆတ်နေဖို့ လိုအပ်ပါတယ်။ အဲဒီအတွက် အကောင်းဆုံးနည်းကတော့ တနင်္ဂနွေ နေ့ခင်းတွေမှာ လှုပ်ရှားတက်ကြွတဲ့ အစီအစဉ်တစ်ခုခု ဖန်တီးပေးခြင်းပါ။ ရေသွားကူးမလား၊ စကိတ်၊ စက်ဘီး စီးကြမလား၊ ပန်းခြံထဲမှာ သွားပြီး တော့ကစားမလား၊ ဒါမှမဟုတ် ရှုခင်းတွေ ကြည့်ရင်း အေးအေးလူလူ လမ်း လျှောက်နေမလား၊ အပါတ်စဉ်တိုင်း မရိုးရအောင် တစ်ခုခု ပြောင်းလဲ လှုပ်ရှားနေလို့ ရတယ်လေ။







5. တီဗွီ ကြော်ငြာ အစီအစဉ်တွေ လာနေချိန်မှာ လေ့ကျင့်ခန်း လုပ်ပါ။


တီဗွီကြည့်နေတုန်း ကြော်ငြာတွေ ၀င်လာတဲ့ အချိန်မှာ ဆိုဖာပေါ်ကနေ ထပြီး လေ့ကျင့်ခန်းတစ်ချို့ လုပ်ပေးပါ။ အကြောလျှော့တာမျိုး၊ ပုံမှန်လေး ပြေးတာမျိုး၊ ဒါမှမဟုတ် အလေးမတာမျိုး၊ တစ်ခုခုပေါ့။ တစ်ကြီမ်မှာ မိနစ် အနည်းငယ်ပဲ လေ့ကျင့်ခန်း လုပ်ဖြစ်ပေမဲ့ တီဗွီ အစီအစဉ် ပြီးသွားချိန်မှာ ကျွန်တော်တို့ နာရီဝက်လောက် လေ့ကျင့်ခန်း လုပ်ပြီးသွားခဲ့ပြီလေ။ နောက်ပြီး ကောင်းတာ တစ်ခုက လေ့ကျင့်ခန်း လုပ်နေတော့ ကြော်ငြာတွေ လာချိန်မှာ မုန့်ပဲ သွားရည်စာတွေ စားတဲ့ အကျင့်ကိုလဲ တားပြီးသား ဖြစ်ရော။

ကျွန်တော်တို့လို တစ်ပါတ်မှာ လေး၊ ငါးရက် လောက် ကွန်ပျူတာရှေ့ ထိုင်နေရတဲ့ သူတွေအတွက်ကတော့ ပိုအကျိုးရှိမယ်ထင်တာပဲ။ တစ်နေကုန် ပြေးလွှား လှုပ်ရှားနေရတဲ့ သူတွေ အတွက်ကတော့ တစ်ချို့ အချက်လေးတွေ ရှောင်လို့ ရပါတယ်။ အသောက်အစား မလျှော့နိုင်သူတွေကတော့ မေတ္တာပို့ချင် ပို့နေမယ် ထင်ရဲ့။ ဘာပဲဖြစ်ဖြစ်ဗျာ မိတ်ဆွေတို့အတွက် အကျိုးတစ်ခုခု ဖြစ်မယ်ဆို ကျေနပ်ပါတယ်။



မတ္တာဖြင့်
မျှဝေသူ - မိုးကုတ်သား


Tuesday, April 21, 2009

ဘ၀အတွက် အချက် လေးဆယ်တဲ့ဗျာ

ဘ၀အတွက် အချက် လေးဆယ်တဲ့ဗျာ

ဒီ Forward Mail တစ်စောင်ကို ရဖူးပြီး ဖြစ်ချင် ဖြစ်ကြမှာပါ။ သိသမျှ သယ်ရင်း၊ မိတ်ဆွေတွေကို ဝေမျှ ပို့ပေးပြီး ဒီမှာလဲ ဖတ်ဖို့ သိမ်းထားချင်တဲ့အတွက် သိမ်းထားလိုက်ပါတယ်။ မူရင်း ရေးသားသူကိုရော၊ ပေးပို့ ကြသူတွေကိုရော ဒီနေရာကနေ ကျေးဇူးတင်ပါတယ်။ မူရင်းရေးသူ ဘယ်သူဘယ်ဝါ မသိတဲ့အတွက် *Credit* ပေးလို့မရတာ နားလည်ပေးကြပါခင်ဗျာ။

အရေးကြီးတဲ့ အချက် 40 တိတိကိုရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

ကျန်းမာရေး ကောင်းဖို့အတွက် ဆိုရင်


1. ရေများများသောက်ပါ

2. မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့
သူတောင်းစားလို စားပါတဲ့။ (အားလုံး နားလည်ကြမှာပါနော်)

3. သစ်ပင်ပေါ်က ရတဲ့ ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါ၊

4. ဘ၀မှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ — Energy, Enthusiasm နဲ့ Empathy
တို့ဖြစ်ပါတယ်။

5. တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်း
ပြုလုပ်ပေးသင့်ပါတယ်။

6. ကစား ခုန်စားလည်း များများ ပြုလုပ်ပေးဖို့ လိုအပ်တယ်။

7. သင် 2008 ခုနှစ်မှာ ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ထက် ဒီနှစ်မှာ များများပိုဖတ်ပါ။

8. တစ်ရက်မှာ 10 မိနစ်လောက် ဆိတ်ဆိတ်နေကြည့်ဖို့ကိုလည်း ကြိုးစားကြည့်သင့်တယ်။

9. တစ်ရက်မှာ 7 နာရီလောက်တော့ အနည်းဆုံး အိပ်သင့်ပါတယ်။ (ကျွန်မဆို 10
နာရီလောက် အိပ်တာ)

10. တစ်ရက်မှာ 10 မိနစ်ကနေ နာရီဝက်လောက်ထိ လမ်းလျှောက်သင့်ပါတယ်။
လမ်းလျှောက်နေစဉ်မှာလည်း မျက်နှာလေးကို ခပ်ပြုံးပြုံးလေး နေပေးရမယ်နော။
(အရူးလို့တော့ မထင်လောက်ပါဘူးနော်..: P)


Personality:

11. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကို
လျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။

12. ကိုယ်မထိမ်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေ
မထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိ
ကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင်
လုပ်လိုက်ပါ။

13. အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ ကောင်းပါတယ်။

14. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲ
ဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။

15. ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ့။

16. အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။

17. မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်ခြင်း တစ်မျိုးပါပဲ။ သင့်မှာ
ရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။

18. အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊
ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။
ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။

19. ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့
အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။

20. ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။

21. ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက်
မဖြစ်နိုင်ပါဘူး။

22. ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာ
ပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြသနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့
အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလို
ဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့
သင့်ဘ၀တစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။

23. များများပြုံးပါ၊ များများရီပါ။

24. အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင်
သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။


Society:

25. သင့်မိသားစုနဲ့ မကြာခဏ ဖုန်းပြောပါ။ အဝေးရောက်နေတယ်ဆိုရင်ပေါ့။
တူတူနေတယ်ဆိုရင်တော့ နွေးထွေးတဲ့ ဆက်ဆံရေးလေးဖြစ်အောင် တည်ဆောက်ပါ။

26. အများသူငှာအတွက် ကောင်းမှုတစ်ခု နေ့စဉ်ပြုကြည့်ပါ။

27. လူတိုင်းကို အရာအားလုံးအတွက် ခွင့်လွတ်တတ်ဖို့ ကြိုးစားကြည့်ပါ။
(သိပ်စိတ်ချမ်းသာစရာကောင်းတယ် ကိုယ်တွေ့ပါပဲ)

28. အသက် 70 ကျော် ဘိုးဘိုး ဘွားဘွားတွေ၊ အသက် 6 နှစ်အောက် ကလေးတွေနဲ့
အချိန်များများ ပိုဖြုန်းပါ။

29. တစ်နေ့မှာ လူသုံးယောက်လောက်ကို ကိုယ့်ကြောင့် ပြုံး ရီ သွားအောင်
ကြိုးစားကြည့်ပါလား။

30. တစ်ခြား သူတွေ သင့်ကို ဘာပဲ ထင်ထင်။ ဒါသင့်အလုပ် မဟုတ်ဘူး။

31. သင့်ရဲ့ အလုပ်က သင်နေမကောင်းဖြစ်နေချိန်မှာ သင့်ကို လာပြုစုမှာ
မဟုတ်ဘူး။ သင့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကသာ သင့်အနားမှာ
ရှိနေကြလိမ့်မယ်။ သူတို့တွေနဲ့ များများ ထိတွေ့နေဖို့ လိုအပ်တယ်။


Life:

32. မှန်ကန်တဲ့ အရာကိုသာ လုပ်ပါ။

33. အသုံးမ၀င်တဲ့၊ နှစ်လိုဖွယ်မရှိတဲ့၊ ကြည်နူးဖွယ် မကောင်းတဲ့
အရာမှန်သမျှကို သင့်စိတ်ထဲက ထုတ်ပစ်လိုက်ပါ။

34. ဘုရား သခင်က အရာအားလုံးကို စောင့်ရှောက်လိမ့်မယ်။

35. ကောင်းတာပဲ ဖြစ်နေဖြစ်နေ၊ ဆိုးတာပဲ ဖြစ်နေ ဖြစ်နေ မမြဲပါဘူး။ အမြဲ
ပြောင်းလဲနေမှာ ပါပဲ။

36. ကိုယ်ဘာတွေပဲ ခံစားနေရ နေရ၊ ကိစ္စ မရှိပါဘူး။ ကဲ… လာ သွားစို့..
အလှပြင်လိုက်၊ ရှိုးထုတ်လိုက်။ ပျော်ပျော်နေရမှာပေါ့။

37. အကောင်းဆုံးတွေဆိုတာ ဖြစ်လာအုံးမှာပါ။

38. နံနက်တိုင်းမှာ အသက်ရှင် အန္တရာယ် ကင်းပြီး နိုးထလာတာတိုင်းအတွက်
ဘုရားသခင်ကို ကျေးဇူးတင်လိုက်ပါ။

39. ကိုယ့်ရဲ့ အတွင်း စိတ်သန္တန်ဟာ အမြဲပျော်ရွှင်နေရမယ်။ ဒါကြောင့်
ပျော်ပျော်သာနေပါ။


နောက်ဆုံး အချက် 40 မြောက်လာပါပြီ။ နောက်ဆုံးမှထားလို့ အရေးမကြီးတာ
မဟုတ်ဘူးနော်။ ဘာတဲ့လဲ

40. ဒီအီးမေလ်းကို သင် ဂရုတစ်စိုက်ရှိတဲ့ လူ အယောက် 40 ဆီကို Forward လုပ်လိုက်ပါတဲ့။


မေတ္တာဖြင့်
မျှဝေသူ - မိုးကုတ်သား

Wednesday, April 15, 2009

ဟာသ နဲ့အပျော်အပါး (Humor and Fun)

ဟာသ နဲ့အပျော်အပါး (Humor and Fun)

ဆေးပညာ လေ့လာချက်တွေအရ အပြုသဘော စိတ်ကို ပျော်ရွှင်စေတဲ့ ဟာသလေးတွေက

၁။ ကိုယ်ခန္ဒာက အလိုအလျောက်ထုတ်ပေးတဲ့ ခုခံအားတွေကို တိုးတက် ကောင်းမွန်စေတယ်။

၂။ သွေးဖိအားကို သမ မျှတစေဆယ်။

၃။ ကိုယ်တွင်းကလီစာတွေကို ဖြေလျှော့ပေးတယ်။

၎။ သွေးလေ လည်ပတ်မှု မှန်ကန်စေတယ်။

၅။ ကိုယ်ခန္ဒာက ကြွက်သားတွေထဲ အောက်စီဂျင်ကို ပိုမို ရရှိအောင် လှုံ့ဆော်ပေးတယ်။

ဒီတော့ စိတ်တင်းကျပ်မှုတွေကို အဲဒီ ဟာသတွေက ဖြေလျော့ပေးနိုင်တာ မဆန်းပါဘူး။


နောက်တစ်ခုက - အပြုသဘော စိတ်ကို ပျော်ရွှင်စေတဲ့ အပျော်အပါးတွေက

၁။ စိတ်ပူပန်သောကနဲ့ စိတ်ဖိစီးမှုတွေကို လျှော့ပေးတယ်။ လူမှုရေး ပြဿနာတွေ၊ စိတ်အနှောက်အယှက် ဖြစ်ရတာတွေ၊ အိပ်မပျော်တဲ့ညတွေကိုလဲ လျှော့သွား စေပါတယ်။

၂။ အလုပ်ပျက်အကိုင်ပျက်၊ မကျန်းမမာ ခံစားနေရတာတွေကိုလဲ လျှော့ချပေးတယ်။

၃။ အလုပ်၊ ကျောင်းစာ၊ ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းတွေမှာ ဖြောင့်ဖြောင့်ဖြူးဖြူး နဲ့ အောင်မြင်စေတယ်။ မိသားစုအတွက် အားလပ်ချိန်တွေ ပိုရလာမယ်။ ဘ၀ရဲ့ ကိုယ့်အချိန်လေးတွေ ပိုတန်ဖိုးရှိလာမယ်။

၎။ ကိုယ့်ကိုယ်ကို ကျေနပ် နှစ်သက်စေတယ်။ ကိုယ့်ရဲ့မိသားစု၊ သူငယ်ချင်းနဲ့ ပတ်ဝန်းကျင်မှာ ပျော်ရွှင် နှစ်လိုဖွယ်ကောင်းသူ တစ်ယောက် ဖြစ်စေတယ်။ ဘာကြောင့်လဲဆိုတော့ ဘ၀မှာ ဘာတွေပဲ ကြုံရရ၊ ဖြစ်ခဲ့ခဲ့ မိနစ်တိုင်း၊ အချိန်တိုင်းမှာ ဘယ်လို စိတ်ချမ်းမြေ့ပျော်ရွှင်အောင် နေနိုင်သလဲဆိုတဲ့ သော့ချက်ကလေးကို ဖွင့်ထားခဲ့လို့ပါ။

အပျော်စိတ်ကလေး မွေးလိုက်တာဟာ ကိုယ့်ဘ၀ နေထိုင်မှုပုံစံ တစ်ခုလုံးကို ပြောင်းလဲဖို့မလိုအပ်ပေမဲ့ ရတဲ့ အကျိုးတွေကတော့ အများသား။

အဲတာလေးတွေကို သိလိုက်ရတော့ အနော် ဒီလို စိတ်ဖြစ်သွားတယ်။ ပျော်စရာ ဟာသလေးတွေ ပြောတတ်တဲ့ သယ်ရင်းတွေနဲ့ပဲ စကားပြောတော့မယ်။ ပြီးတော့ ဘယ်သော့မဆို ဖွင့်နိုင်တဲ့ (ကိုရီးယားဇာတ်လမ်းထဲက သူရဲကောင်း) သော့ဝိဇ္ဇာ ငတက်ပြား ကို လိုက်ရှာပီး ဆရာတင်မယ်။ အချိန်တိုင်း ပျော်ရွှင်မှုကို ပေးမဲ့ သော့လေး ဖွင့်နိုင်အောင်လို့လေ။


မေတ္တာဖြင့်
မျှဝေသူ - မိုးကုတ်သား

Tuesday, January 20, 2009

ပြုံးလိုက်ကြစို့ သူငယ်ချင်း

ပြုံးကြပါ။ များများ ပြုံးကြပါ။ အပြုံး တစ်ခုက ကျွန်တော်တို့ရဲ့စိတ်ကိုရော ကိုယ်ခန္ဒာကိုပါ သက်တောင့်သက်သာ ဖြစ်စေသလို သွေးလေ လည်ပတ်လှုပ်ရှားမှုကိုလဲ အထောက်အကူ ဖြစ်စေပါတယ်။ ကျန်းမာဖို့၊ စိတ်ဖိစီးမှုတွေ လျှော့ချဖို့၊ ဆွဲဆောင်မှု ရှိဖို့ ပြုံးလိုက်ကြစို့ သူငယ်ချင်း။ အသက်ရှည်ရာ ကျန်းမာစေကြောင်း ဆေးကောင်းတစ်လက်လို အပြုံးကို မှီဝဲလို့ နေ့စဉ် ပြုံးပျော် ရယ်မောနိုင်ကြပါစေ။

၁။ အပြုံးတစ်ခုက ကျွန်တော်တို့ကို ပိုပြီး ဆွဲဆောင်မှု ရှိစေတယ်

ပြုံးနေတဲ့ သူတွေကို အလွယ်တကူပဲ ကျွန်တော်တို့ သတိထားမိတတ်ကြတယ်။ ပြုံးပျော်ရွှင်နေတဲ့ လူတစ်ယောက်ကို မြင်ရင် အပျော်တွေ ကူးစက်လာသလို သူဘာကြောင့် ဒီလို ပျော်ရွှင်နေလဲ၊ ငါလဲ သူ့လို အပူအပင်ကင်းကင်းနဲ့ ပြုံးနေချင်လိုက်တာလို့ တခါတခါ တွေးမိသွားတတ် ကြတယ်မလား။ စိတ်ပူပန်မတွှေု၊ စိတ် အလိုမကျတာတွေ၊ စိတ်နာကျင်ပင်ပန်းတာတွေဟာ လှိုက်လှဲတဲ့ အပြုံးတစ်ခုကို ပြုံးလိုက်မိရင်ပဲ စိတ်သက်သာရာ ရသွားတယ်လေ။

၂။ အပြုံးက ကျွန်တော်တို့ရဲ့ စိတ်ခံစားမှု အခြေအနေကို ပြောင်းလဲ ပေးနိုင်တယ်

စိတ်ညစ်ရတာတွေ၊ စိတ်ဓာတ်ကျတာတွေ ကြုံလာတဲ့အခါ အပြုံးနဲ့ ရင်ဆိုင်နိုင်အောင် ကြိုးစားလိုက်ပါ။ ဒါဟာ ကိုယ် ရင်ဆိုင်နေရတာကို အကောင်းဘက်က မြင်လာနိုင်အောင် စိတ်ကို ပြောင်းလဲပေးနိုင်တဲ့ အခွင့်အရေး ပိုရတယ်။

၃။ အပြုံးဆိုတာ ကူးစက်တတ်ပါတယ်

တစ်စုံ တစ်ယောက်က ပြုံးနေပြီဆိုရင် သူ့ အပြုံးဟာ သူ့ ဘေးပတ်ဝန်းကျင်ကို ဖြာလင်းနေစေပါတယ်။ နောက်ပြီး ဘေးပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေရဲ့ စိတ်ခံစားမှုတွေကိုလဲ သက်တောင့်သက်သာ ဖြစ်စေသလို စိတ်ကို ပျော်ရွှင်စေတယ်။ ဘာကြောင့်လဲဆိုတော့ ပြုံးနေတဲ့သူဟာ အပျော်တွေကို ဆောင်ယူ မျှဝေပေးတတ်လို့ပဲပေါ့။ များများပြုံးပြီး ကိုယ့်ဘေးက လူတွေကို အပျော်တွေ မျှဝေပေးကြပါစို့။

၎။ အပြုံးက စိတ်ဖိစီးမှုတွေကို သက်သာရာ ရစေပါတယ်

စိတ်ဖိစီးမှုဒဏ် ခံစားနေရရင် မျက်နှာမှာ ပေါ်လွင် နေတတ်ကြပါတယ်။ အပြုံးဟာ ကျွန်တော်တို့ရဲ့ စိတ်ပင်ပန်းနွမ်းနယ်မှု၊ ကျဆင်းမှုတွေကနေ ကာကွယ်ပေးသလို စိတ်ကိုလဲ ပေါ့ပါးစေတယ်။ စိတ်ဖိစီးမှုတွေ များနေချိန်မှာ ပြုံးနိုင်ဖို့ အကြောင်းအရာကို ရှာဖွေပြီး ပြုံးရယ်လိုက်ပါ။ စိတ်ဖိစီးမှုတွေ လျော့ပါးသွားပြီး မကြာခင်မှာပဲ အခက်အခဲက လွတ်ရာ အကြံကောင်းတွေ ပေါ်လာပါလိမ့်မယ်။

၅။ အပြုံးက ကိုယ့် ကိုယ်ခန္ဒာရဲ့ သဘာဝဇီဝ ထိန်းညှိပေးမှုကို မြှင့်တင်ပေးတယ်

အပြုံးက ကျွန်တော်တို့ ကိုယ်ခန္ဒာရဲ့ သဘာဝဇီဝ ထိန်းညှိပေးမှုကို ပိုကောင်းမွန်စွာ အလုပ်လုပ်နိုင်အောင် ဖန်တီးပေးပါတယ်။ ပြုံးနေတဲ့အခါ စိတ်က သက်တောင့်သက်သာ ဖြစ်နေတဲ့ အတွက် သဘာဝဇီဝ ထိန်းညှိပေးမှုက အကောင်းဘက်ကို ပိုပြီး မြှင့်တင်ပေးပါတယ်။ နောက်ပြီး အပြုံးက ထုတ်ပေးတဲ့ အတွင်းခန္ဒာ အနွေးဓာတ်ကြောင့် အအေးမိ ဖျားနာတတ်တာ တွေကိုတောင် ကာကွယ်ပေးပါသေးတယ်တဲ့။

၆။ အပြုံးက သွေးဖိအားကိုလဲ လျှော့ချပေးတယ်

အပြုံးကြောင့် သွေးဖိအား လျှော့ကျသွားတာကို တိုင်းတာလို့ ရနိုင်ပါသတဲ့။ အိမ်မှာ သွေးဖိအား တိုင်းတဲ့စက် ရှိရင် စမ်းသပ်ကြည့်ကြတာပေါ့။ ငြိမ်ငြိမ်သက်သက် ထိုင်နေလိုက်ပြီး သွေးဖိအားကို တိုင်းကြည့် မှတ်သားထားလိုက်ပါ။ ပြီးရင် နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်ပြီး နောက်တစ်ကြိမ်ကို ပြုံးပြုံးလေး ပြန်တိုင်းကြည့်လိုက်ပါ။ ကွာခြားချက် ရှိမရှိ သတိပြုမိလား။

၇။ အပြုံးဆိုတာ သဘာဝကပေးတဲ့ အကိုက်အခဲ ပျောက်ဆေး တစ်မျိုးပါ

လေ့လာစမ်းစပ်မှု တွေအရ အပြုံးဟာ သဘာဝက ပေးတဲ့ အကိုက်အခဲ ပျောက်ဆေးပါတဲ့။ နောက်ပြီး ပြုံးနေတဲ့အခါ Endorphins လို့ ခေါ်တဲ့ ဟော်မုန်းတစ်ချို့ကို ဦးဏှောက်က ထုတ်ပေးပါတယ်။ Endorphins ဟော်မုန်းဓာတ်က လူရဲ့ ဦးဏှောက်ထဲမှာ အများဆုံး တွေ့ရပြီး နာကျင်တဲ့ စိတ်ခံစားမှုတွေကို သက်သာစေပါတယ်။ နောက်ထပ် ရှိသေးတယ်။ ပြုံးနေတဲ့အခါ Serotonin လို့ခေါ်တဲ့ ဓာတ်ပေါင်းတစ်မျိုးကို ကိုယ်ခန္ဒာက ထုတ်ပေးပါသေးတယ်တဲ့။ Serotonin ဆိုတာကတော့ C10H12N2O ဆိုတဲ့ ဓာတ်ပေါင်းတစ်မျိုး ဖြစ်ပြီး သူက ကိုယ်ခန္ဒာ ကြွက်သားတွေကို ပြေလျော့စေသလို ကိုယ်ခန္ဒာရဲ့ လုပ်ငန်းဆောင်တာတွေကို ချောမွေ့ပြေပြစ်စေပါတယ်။ ဒါတွေအားလုံး ပေါင်းလိုက်တော့ အပြုံးတစ်ခုဟာ ပျော်ရွှင်စိတ်ကြည်နူးမှု တစ်ခုတည်းပေးတာ မဟုတ်၊ သဘာဝက ပေးတဲ့ဆေး အဖြစ်လဲ အသုံးဝင်နေပါတယ်။

၈။ အပြုံးက ကျွန်တော်တို့ကို နုပျိုစေတယ်

ပြုံးလိုက်တဲ့ အခါတိုင်း ကျွန်တော်တို့ မျက်နှာပေါ်မှာ ရှိတဲ့ ကြွက်သားတွေကို ပင့်တင်ပေးတဲ့ အတွက် လူကို နုနယ်ပျိုမြစ်စေပါတယ်။ ကဲ၊ မျက်နှာပေါ်က ကြွက်သားတွေကို တင်းတင်းရင်းရင်း ဖြစ်လာစေဖို့ အလှပြင်ဆိုင် သွားမနေနဲ့တော့။ နေ့တိုင်းလိုလို ပြုံးနေနိုင်အောင် ကြိုးစားပေတော့။ နုပျို ရွှင်လန်း နေစေဖို့ ပြုံးလိုက်ကြစို့ တူပျော်ပျော် ပေါ့ဗျာ။

၉။ အပြုံးက အောင်မြင်မှုကို ဆောင်ယူလာစေတယ်

ပြုံးနေတဲ့ သူတွေကို ကြည့်ရတာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိသူ၊ ချဉ်းကပ်ပေါင်းသင်းရ လွယ်ကူသူတွေလို့ စိတ်ခံစားရစေပြီး ထောက်ခံမဲတွေကိုလဲ ပိုရရှိစေ ပါတယ်။ အချိန်းအချက်၊ အစည်းအဝေး နဲ့ အလုပ်ခွင်မှာ အပြုံးတစ်ခုသာ မျက်နှာပေါ် ဆင်ထားလိုက်ပါ။ လူတွေရဲ့ တုံ့ပြန်မှုက အကောင်းဘက်ကို သိသိသာသာ ပြောင်းလဲ လာစေပါတယ်။

၁၀။ အပြုံးက အကောင်းမြင်စိတ်ကို ပိုပြီး ဖြစ်စေတယ်

စမ်းသပ်မှု အနေနဲ့ ပြုံးကြည့်လိုက်ပါ။ ပြီးရင် စိတ်ခံစားဖို့ မကောင်းတဲ့၊ စိတ်အနှောက်အယှက် ဖြစ်စရာ အကြောင်း တစ်ခုခုကို အပြုံးမပျက်ပဲ စဉ်းစားကြည့်လိုက်ပါ။ ခက်မနေဘူးလား။ ကျွန်တော်တို့ ပြုံးလိုက်တိုင်းမှာ အဲ့ဒီ အပြုံးကကျွန်တော်တို့ ကိုယ်ခန္ဒာကို သတင်းတစ်ခု ပို့နေပါတယ်။ "ဘ၀ဆိုတာ ကျေနပ်စရာ" တဲ့။ ကဲ... စိတ်ဓာတ်ကျမှု၊ စိတ်ဖိစီးမှု သောကတွေကို အပြုံးနဲ့ ဖယ်ရှား လိုက်ကြရအောင်။

ပြုံးရွှင်ရယ်မောစရာ အကြောင်းလေးတွေ ဖြစ်စေတဲ့ သူငယ်ချင်းတွေ၊ ဖတ်ပြီး၊ ကြည့်ပြီးရင် ပြုံးမိစေတတ်တဲ့ စာလေးတွေ၊ ပုံလေးတွေကို မျှဝေ ပေးပို့ကြတဲ့ သူငယ်ချင်းတွေ၊ စာပေမိတ်ဆွေတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ မိတ်ဆွေ၊ ရောင်းရင်းတွေအားလုံး တစ်နေ့တာအတွက် ပြုံးနိုင်ဖို့ အကြောင်းကိစ္စလေးတွေ များစွာ ကြုံတွေ့ ပျော်ရွှင်နိုင်ကြပါစေ။

သင့်လျော်အောင်ဘာသာ ပြန်ပါသည်။
မိုးကုတ်သား

Friday, November 28, 2008

The Power of Color (အရောင်တွေရဲ့ စွမ်းအား)


အရောင်တွေကို ငယ်ငယ်ကတည်းက စိတ်ဝင်စားပေမဲ့ သေချာ မလေ့လာဖြစ်ခဲ့ဘူး။ အရောင်တွေက ပေးတဲ့ စိတ်အာရုံ ခံစားမှုတွေကို တော်တော် သိချင်ခဲ့တာ။ အခုတလော စာတွေ လိုက်ပီး ဖတ်ဖြစ်ရင်းနဲ့ စိတ်ဝင်စား မိတာလေးတွေ တွေ့ရင် မျှဝေပေးချင်နေမိတယ်။ ဒါနဲ့ပဲ ဖတ်မိတာထဲက တစ်ချို့ကို ရေးဖြစ်ပါတယ်။

"Colors, like features, follow the changes of the emotions." --Pablo Picasso

RED

အနီရောင်က စိတ်လှုပ်ရှားမှု အပေးနိုင်ဆုံး၊ အဆွဲဆောင်နိုင်ဆုံး၊ ပြီးတော့ တခြားအရောင်တွေထက် ပိုပြီး ထင်ရှားမှု အရှိဆုံး အရောင် ဖြစ်တယ်။ စိတ်လှုပ်ရှား တက်ကြွမှုကို အပေးနိုင်ဆုံး အရောင် ဖြစ်သလို အာရုံစိုက်မှုကို အများဆုံး ရရှိတဲ့ အရောင်လဲ ဖြစ်တယ်။ စိတ်ခြောက်ခြားဖွယ် ကောင်းတဲ့ အရာဝတ္ထုတွေမှာ သုံးရင် ပိုပြီး ထိတ်လန့် ကြောက်ရွံ့မှုကို ပေးသလို အေးဆေးတည်ငြိမ်တဲ့ အရာဝတ္ထုတွေမှာ သုံးတဲ့အခါ စိတ်ဝင်စားလာအောင် လှုံ့ဆော်ပေးပါတယ်။ pituitary နဲ့ adrenal ဂလင်းတွေကို လှုံ့ဆော်ပေးပြီး adrenaline ဆိုတဲ့ စိတ်ဖိအားပေးမှုတစ်မျိုးကို ဖြစ်စေတဲ့ ဟော်မုန်းတွေကို ထုတ်ပေးပါတယ်။ သွေးဖိအားကို မြင့်တက်စေပြီး အသက်ရှုနှုန်းကို မြန်ဆန်စေပါတယ်။ အာသာဆန္ဒ နဲ့ စားချင်စိတ် ကို ဖြစ်ပေါ်စေပြီး အနံ့ခံအာရုံကို ပိုကောင်းစေတယ်တဲ့။ အင်း စားသောက်ဆိုင်တွေမှာ အနီရောင် များများ သုံးရင် ပို ရောင်းကောင်းမယ် ထင်တယ်ဗျ၊ နော။


YELLOW

အဝါရောင် က လူတစ်ယောက်ရဲ့ ဦးဏှောက်ထဲမှာ ပထမဦးဆုံးသော ကွဲပြားထင်ရှား စေတဲ့ အရောင် ဖြစ်တယ်။ စိတ်ဖိစီးမှု၊ စိုးရိမ် ပူပန်မှု၊ ဂရုစိုက် သတိပြုခြင်း၊ အစရှိတဲ့ ခံစားမှုတွေနဲ့ ဆက်စပ်နေပြီး အကောင်း ဘက်မှမြင်ခြင်း၊ မျှော်လင့်ခြင်း၊ ဟန်ချက်ထိန်းညှိခြင်း၊ စိတ်တည်ငြိမ်ခြင်း တွေကို လှုံ့ဆော် ပေးပါ တယ်။ ရွှေဝါရောင် ဟာ ကံကောင်းခြင်းတွေကို ဆောင်ယူလာတယ်လို့ လူ့စိတ်အာရုံကို ယုံကြည်စေတယ်။ အဝါရောင်ဟာ စိတ်အာရုံကို နှိုးဆွ ပေးပြီး မှတ်ဉာဏ်ကို ကောင်းစေတယ်။ အသိဉာဏ် ပွင့်လင်း စေပြီး ဆက်သွယ်မှုအာရုံကို ဖြတ်လတ်စေတယ်။ စိတ်ကို ပျော်ရွှင်စေပြီး အနုပညာ ဈာန်ဝင်စားမှု အာရုံကို ပိုပြီး ကွန့်မြူးစေတဲ့အတွက် စာသင်ခန်းတွေမှာ သုံးဖို့ သင့်လျော်ပါတယ်။



ORANGE


လိမ္မော်ရောင်က အဝါနဲ့အနီ နှစ်ရောင်ရဲ့ ကြားက အရောင်ဖြစ်တယ်။ လိမ္မော်ရောင်ကို ချစ်သူ၊ မုန်းသူ တွေကြား အချေအတင် ဖြစ်မှုက တခြား အရောင်တွေထက် များပြားလှပြီး ပြင်းထန်တဲ့ အကောင်း၊ အဆိုး ခံစားမှုတွေနဲ့ ဆက်စပ် နေပါတယ်။ တောက်ပြောင်တဲ့ လိမ္မော်ရောင်ဟာ နွေးထွေးမှု နဲ့ တက်ကြွမှု စွမ်းအားကို ဖြန့်ကျက်ပေးပါတယ်။ လိမ္မော်ဘက် လုတဲ့ မြေကြီးရောင်၊ မက်မွန်ရောင်၊ သံချေးရောင် တွေဟာ လူ အတော် များများ နှစ်သက်ကြတဲ့ အရောင်တွေပဲ ဖြစ်ပါတယ်။ စိတ်လှုပ်ရှားတက်ကြွခြင်း၊ ပိုမို ခံတွင်း မြိန်စေခြင်း စတဲ့ အာရုံတွေကို လှုံ့ဆော်ပေးပြီး လူမှုရေးလုပ်ငန်းတွေမှာ တက်ကြွ ပါဝင်လိုစိတ်ကို အားပေးပါတယ်။ လေ့လာ သင်ယူမှု အာရုံတွေ အတွက် အသင့်လျော်ဆုံး တွေထဲက အရောင်တစ်ရောင် ဖြစ်ပါတယ်။



BLUE


အပြာရောင်က စိတ်နှလုံးကို အများဆုံး အေးငြိမ်းစေတဲ့ အရောင် ဖြစ်ပါတယ်။ စိတ်တင်းကျပ်မှုတွေကို ဖြေလျှော့ ပေးပြီး ကျေနပ်နှစ်သက်မှုကို တိုးပွားစေတယ်။ အပြာရောင်ကို မြင်လိုက်ရင် ကျွန်တော်တို့ ဦးဏှောက်တွေက neurotransmitters လို့ ခေါ်တဲ့ အာရုံ လှုပ်ရှားမှု ဆယ့်တစ်မျိုးကို ထုတ်ပေးလိုက်ပြီး ကိုယ်ခန္ဓာကို သက်တောင့်သက်သာ ရှိစေတဲ့အပြင် အပူချိန်၊ ချွေးထွက်ခြင်း၊ အာသာဆန္ဒတွေ ကိုလဲ လျှော့ချပေးပါတယ်။ အပြာရောင်ဟာ မှီခိုအားထားမှု၊ စိတ်ချယုံကြည်မှု နဲ့ တာဝန်ယူမှုတွေကို ခံစား ရရှိစေပါတယ်။ ကောင်းကင်နဲ့ ပင်လယ်ပြင်တို့ရဲ့ အပြာရောင်ကြောင့် လူတွေရဲ့ အပြာရောင်အပေါ် သဘောထားမှုက တည်ငြိမ်ခြင်းကို ဖြစ်စေပါတယ်။ အပြာရောင်တိုင်းကတော့ အေးချမ်းတည်ငြိမ်မှုကို ပေးနိုင်တာ မဟုတ်ပါဘူး။ လျှပ်စစ်မီး အပြာရောင်၊ အလွန်တောက်ပတဲ့ အပြာရောင် တွေက တက်ကြွမှု နဲ့ တခမ်းတနားရှိမှုကို ခံစားစေတယ်။ ဆွဲဆောင်မှုရှိတဲ့ အပြာရောင်တွေက စိတ်ကို ရွှင်ပျလန်းဆန်းစေပါတယ်။ ဒါပေမဲ့ အပြာရောင်မှိုင်းမှိုင်းတွေ၊ အပြာရောင်တွေကို လိုအပ်တာထက် ပိုသုံးမိရင်တော့ အေးစက်မှုနဲ့ လစ်လျှူရှုမှု တွေကို ခံစားရစေပါတယ်။ အပြာရောင်ဟာ ငြိမ်းချမ်းအေးမြပြီး စိတ်ကို တည်ငြိမ်စေတဲ့အတွက် အားပေးကူညီ စောင့်ရှောက်မှုအတွက် လှုပ်ရှားမှုတွေမှာ အသုံးပြုဖို့ သင့်လျော်ပါတယ်။


GREEN


အစိမ်းရောင်က လူတွေရဲ့ မျက်လုံးက မြင်နိုင်တဲ့ ရောင်စဉ် တွေရဲ့ နေရာ တော်တော်များများကို ယူထား ပါတယ်။ အပြာရောင် ပီးရင် ဒုတိယ လူကြိုက် အများဆုံး အရောင်ပါ။ စိတ်တည်ငြိမ် အေးချမ်းမှုကို ပေးတဲ့ အရောင်လဲ ဖြစ်ပါတယ်။ သွေးထဲက histamine လို့ ခေါ်တဲ့ ဓာတ်ပေါင်းတစ်မျိုးရဲ့ အင်အားကို မြင့်တက်စေပြီး အစာအဆိပ်သင့်ခြင်း၊ ဓာတ်မတည့်ခြင်းတွေကို လျှော့ချပေးပါတယ်။ အနာရောဂါပြီးတဲ့ ကုသမှုတွေမှာ အထောက်အကူပေးတယ်။ အစိမ်းရောင်ဟာ အေးမြမှုနဲ့ နွေးထွေးမှုကို သဘာဝအလျှောက် တွဲစပ် ထိန်းညှိ ပေးထားပြီး စိတ်အာရုံကိုအေးငြိမ်း လန်းဆတ်စေတယ်။ အစိမ်းရောင်ကို ပတ်ဝန်းကျင်ဆိုင်ရာ သဘာဝ သတ္တလောက နဲ့ ငြိမ်းချမ်းရေး အရောင်အဖြစ် သတ်မှတ်လေ့ ရှိပါတယ်။ အစိမ်းရောင်က စိတ်အေးချမ်းမှု ပေးရုံသာမက ကိုယ်ခန္ဓာကိုရော စိတ်အာရုံကိုပါ သက်တောင့်သတ်သာ အနားရစေပါတယ်။ ဝေဒနာကို သက်သာစေပြီး စိတ်ကျခြင်း၊ စိတ်အာရုံ ပြင်းပြင်းထန်ထန် လှုပ်ရှားခြင်းနဲ့စိုးရိမ်ပူပန်သောကများ ကို သက်သာရာရစေတယ်။ သဟဇာတ ညီညွတ်မှု၊ စိတ်ခွန်အားသစ်၊ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်မှု အစရှိတဲ့ စိတ်အာရုံတွေကို ခံစားရစေပါတယ်။ သဘာဝလောကကြီးရဲ့ နေရာတိုင်းလိုလိုမှာ စိမ့်ဝင် ပျံ့နှံ့ပြီး တရင်းတနှီး မြင်နေရတတ်တဲ့ သစ်တောစိမ်းရောင်အစ သံပရာစိမ်းရောင် အဆုံး အစိမ်းရောင်စဉ်တွေဟာ ဟာ စိတ်အာရုံကိုအေးငြိမ်း လန်းဆတ် နေစေတဲ့အတွက် အိမ်အတွင်းခန်း အပြင်အဆင်တွေရဲ့ နောက်ခံအရောင် (backdrop) အဖြစ် အသုံးပြုဖို့ သင့်လျော်ပါတယ်။

BROWN

အညိုရောင်က ကျွန်တော်တို့ ကမ္ဘာမြေကြီးရဲ့ အရောင်ဖြစ်ပြီး သဘာဝနဲ့ ဇီဝအခြေခံ အရာဝတ္ထု တော်တော် များများမှာ တွေ့ရတတ်ပါတယ်။ အညိုရောင်ဟာ တည်ငြိမ်မှု၊ စိတ်ချယုံကြည်မှု၊ ခင်မင်ဖော်ရွေမှု တို့ကို ရည်ညွှန်းပါတယ်။ လုံခြုံစိတ် နဲ့ သက်တောင့်သက်သာ ဖြစ်စိတ်တွေကို ခံစားရစေပြီး ပင်ပန်း နွမ်းနယ်စိတ်ကို လျော့ကျစေတယ်။ ကမ္ဘာမြေနဲ့ သွယ်ဆက်ပေးပြီး နေထားတကျ ဖြစ်စေသလို ကျန်းမာရေးနဲ့ ညီညွတ်ပြီး တည်ငြိမ်စေပါတယ်။

WHITE

အဖြူရောင်က သန့်ရှင်းဖြူစင်တဲ့ ကြားနေအရောင် ဖြစ်တယ်။ စိတ်အာရုံကို ဖြူစင်ကြည်လင်စေ သလို စိတ်ရှုပ်ထွေးမှု၊ အနှောက်အယှက် ဖြစ်မှုတွေကို သက်သာရာ ရစေတယ်။ အတွေးအာရုံ နဲ့ တုံ့ပြန်မှုတွေကို သန့်စင်အောင် နှိုးဆွပေးပြီး လန်းဆတ်တဲ့ စိတ်တွေကို အစပျိုးပေးပါတယ်။ ဆရာဝန်တွေရဲ့ ဂျူတီကုတ် နဲ့ ရိုးရာ သတို့သမီးဝတ်စုံတွေက အဖြူရောင်တွေ ဖြစ်တယ်။ အိမ် ခြံစည်းရိုးကို အဖြူရောင် သုတ်ထားတဲ့အခါ လုံခြုံပြီး ပျော်ရွှင်ဖွယ် ကောင်းတဲ့ အိမ်ကလေး အဖြစ် ခံစားရစေပါတယ်။

GRAY

မီးခိုးရောင်က အချိန် အတိုင်းအဆမဲ့တယ်၊ လက်တွေ့ကျတယ်၊ ခိုင်ခံ့တယ်။ အချိန်ကာလများစွာ လူတွေ နှစ်သက်ကြတဲ့ အရောင် ဖြစ်ပြီး ဘယ်အရောင်နဲ့မဆို တွဲစပ်လို့ လိုက်ဖက်တယ်။ မီးခိုးရောင်ကို ကျွန်တော်တို့ နှစ်သက်ကြ ဝတ်ဆင်ကြပေမဲ့ အကြိုက်ဆုံး အရောင်လို့တော့ မသတ်မှတ်ချင်ကြဘူး။ ဘာလို့လဲဆိုတော့ သူက ဆုံးရှုံးမှု၊ တွေဝေမှု၊ စိတ်ဓာတ်ကျမှုတွေနဲ့ ဆကိနွယ်နေလို့ပါ။ မီးခိုးရောင်ဟာ စိုးရိမ်ပူပန်စိတ်၊ ဂနာမငြိမ်စိတ် တွေကို ဖြစ်စေပြီး မျှော်တလင့်လင့် ခံစားရမှုတွေကိုလဲ ပေးပါတယ်။

BLACK


ပြင်းပြတဲ့ စိတ်အာရုံ ခံစားမှုတွေကို ကျော်လွှား ဖြတ်သန်းနိုင်တဲ့ တွန်းအားကို ပေးနိုင်တဲ့အတွက် အနက်ရောင်က အာဏာနဲ့ စွမ်းအားကို ဖော်ညွှန်းနိုင်ပါတယ်။ မပေါ်လွင်၊ မထင်ရှား တဲ့ စိတ်ကို ဖြစ်စေပြီး လွတ်လွတ်လပ်လပ် အေးအေးသက်သာ ရှိစေတယ်။ နက်နဲသိမ်မွေ့ ဆန်းကြယ်မှုတွေကို ခံစားရစေပြီး ဖြစ်နိုင်ချေ၊ အလားအလာရှိမှုကို မျှော်လင့်စေပါတယ်။ ဂန္ထ၀င်ဆန်တဲ့ ဒီ အနက်ရောင်ကို အဝတ်အစားတွေမှာ အသုံးပြုကြတာ များတယ်။ သူက ဝတ်ဆင်သူကို ပိုမို သွယ်လျ သွားစေသလို ပိုပြီးတော့လဲ ခေတ်မီစေပါတယ်။

PURPLE

ခရမ်းရောင် မှာ အနီရောင်ရဲ့ ဟန်ချက် ထိန်းညှိမှုနဲ့ အပြာရောင်ရဲ့ အေးချမ်း တည်ငြိမ်မှုတို့ ပါဝင် ဖွဲ့စည်း ထားတယ်။ အဲ့ဒီ အရောင် နှစ်ရောင်ရဲ့ ပါဝင်မှု အနဲ၊ အများပေါ် မူတည်ပြီး တခါတရံမှာ မကျေနပ်မှု၊ စိတ် မသက်မသာ ဖြစ်မှုတွေကို ခံစားရစေတယ်။ ဂန္ဓရီ ဆန်တဲ့ အာရုံ၊ ကြီးကျယ်ခမ်းနားမှု တွေကိုလဲ ခံစားရစေပါတယ်။ အနုပညာ ဖနိတီးမှု စွမ်းအားကောင်းတဲ့ ပညာရှင်တွေ၊ လူထူးလူဆန်းတွေနဲ့ မြီးကောင်ပေါက် မိန်းခလေးတွေ အများဆုံး ကြိုက်တတ်ကြတဲ့ အရောင်ပါ။ ခရမ်းရောင်က စိတ်ခွန်အားကို မြင့်တက်စေတယ်။ နောက်ပြီး စိတ်အာရုံ ခံစားမှုတွေကိုလဲ တည်ငြိမ် စုစည်းစေတယ်။ စိတ်ဝိဥာဉ်ပိုင်း ဆိုင်ရာဘက်ကို အထောက်အကူ ပေးသလို အနုပညာ ဖန်တီးမှု စိတ်ကူးတွေကိုလဲ ပိုပြီး နိုးကြားစေပါတယ်။


Dark color လို့ ခေါ်တဲ့ အမှောင်ဘက် သွားတဲ့ အရောင်တွေက စိတ် ဖိစီးမှုတွေကို လျှော့ကျစေပြီး အေးချမ်းမှုကို ခံစားရစေပါတယ်။

Bright color လို့ ခေါ်တဲ့ တောက်ပတဲ့ အရောင်တွေကတော့ စိတ်တက်ကြွ စေပြီး တီထွင်ဖန်တီးမှု အာရုံတွေကို နှိုးဆွ ပေးပါတယ်။ စိတ်အာရုံကို လှုပ်ရှားစေပြီး ရန်လိုစိတ် တွေကိုလဲ တခါတရံ ဖြစ်စေတတ်ပါတယ်။

စုဆောင်းတင်ပြသူ - မိုးကုတ်သား


Thursday, November 20, 2008

Birth Flowers; မွေးနေ့ ပန်းများ (ပန်းစကား ၃)

မွေးနေ့မွေးလတွေအတွက် သူတို့ကို ကိုယ်စားပြုတဲ့ ပန်းလေးတွေ ရှိပါတယ်။ လူတိုင်းအတွက် မွေးနေ့တွေဟာ သမိုင်းကိုယ်စီ ရှိကြသလို မွေးနေ့ပန်းတွေမှာလဲ လှပတဲ့ အဓိပ္ပါယ်လေးတွေ ကိုယ်စီ ရှိကြပါတယ်။ တကယ်လို့များ မိတ်ဆွေတို့က တစ်စုံတစ်ယောက်ရဲ့ မွေးနေ့ကို ထူးထူးခြားခြားလေးဖြစ်အောင် လက်ဆောင်ပေးချင်တဲ့အခါ စိတ်ကူးလို့ ရအောင် မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ မွေးနေ့ရှင်ကို ကိုယ်စားပြုတဲ့ ပန်းလေးတွေနဲ့ စကားပြောကြည့်ရအောင်။


JANUARY: CARNATION

ဂုဏ်သိက္ခာ ကြီးမြင့်ပြီး လေးစား ကြည်ညိုဖွယ် အဆင်းနဲ့ လှပခြင်းတွေကို ပိုင်ဆိုင်ထားတဲ့ ကာနေးရှင်း ပန်းတွေဟာ လန်းဆတ်တဲ့ သူတို့အလှနဲ့ နှစ်ဦးကို ကြိုဆိုနေပါတယ်။ ဒါကြောင့် ဇန်နဝါရီလ မှာ မွေးဖွား သူများကို ကာနေးရှင်း ပန်းတွေက ကိုယ်စားပြုပါတယ်။

Carnation by mang maning2000.
Carnations by birdnest1384.
carnation by .bill.





FEBRUARY: IRIS

မိုးပေါ်ထောင်မတ်နေတဲ့ IRIS ပန်းတွေရဲ့ နူးညံ့လှပတဲ့ ပွင့်လွှာသုံးချပ်က မျှော်လင့်ယုံကြည်မှု၊ ရဲစွမ်းသတ္တိရှိမှုနဲ့ ဥာဏ်ပညာ ကြီးမှု တို့ကို ကိုယ်စားပြုပါတယ်။ အရောင်အသွေးစုံတဲ့ ပွင့်ချပ်လေးတွေက လေထဲပျံတက်နေပြီး သွယ်လျတဲ့ ရိုးတံပင်စည်က ကောင်းကင်နဲ့ မြေပြင်ကို သွယ်ဆက် ပေးထားသလို ရှိတဲ့အတွက် ရှေးဟောင်း ဂရိလူမျိုးတွေက နတ်ဘုရားရဲ့ တမန်တော်ပန်း အဖြစ် သတ်မှတ်ကြပါတယ်။














MARCH: DAFFODIL

ဆောင်းလရဲ့ နောက်ဆုံးရက်တွေကို နှုတ်ဆက်လိုက်ပြီး အချိန်ကာလများစွာ စောင့်စားနေရတဲ့ မိတ်ဆွေ တစ်ဦးရဲ့ အိမ်အပြန်ကို ကြိုဆိုနေသလို ငွားငွားစွင့်စွင့် ပွင့်ဖူးနေတဲ့ အဝါရောင် ဒက်ဖဒလ်ပန်းဟာ မတ်ခ်ျလ ကို ကိုယ်စားပြုပါတယ်။ အသစ်တဖန် မွေးဖွားခြင်း၊ စတင်ခြင်းတွေ နဲ့ ဒက်ဖဒလ်ပန်းက အလေးထားမှု၊ နွေးထွေးမှု နဲ့ ပျော်ရွှင် ကြည်နူးခြင်းတွေကို ရည်ညွှန်းပါတယ်။












APRIL: DAISY

မြစ်စောင့်နတ်သမီးတစ်ပါးက သူမရဲ့အလှကြောင့် မလိုလားအပ်တဲ့ စိတ်ဝင်စားမှုတွေရဲ့ ဘေးရန်ကနေ ရှောင်ချင်တဲ့အတွက် မထင်ရှားပေမဲ့ ချစ်စရာကောင်းတဲ့ ပန်းကလေးအဖြစ် အသွင်ပြောင်းလိုက်တယ်။ ဒေစီပန်းကလေး အဖြစ်ပေါ့။ ခလေးဆန်တဲ့ အပြစ်ကင်းမှု၊ ပျော်ရွှင်မှု၊ နုနယ်ပြေပြစ်မှုနဲ့ လွတ်လပ်ပေါ့ပါးမှုတွေကို ကိုယ်စားပြုနေတဲ့ ပန်းကလေးပေါ့။

When all else fails, give the one you love gerbera daisies... by pieceoflace.











MAY: LILY

LILY ပန်းကလေးတွေဟာ နတ်ဘုရားမ ဟီရာရဲ့ နို့ရည်ကနေ မွေးဖွားလာတယ်လို့ ရှေးခောတ် ဂရိလူမျိုးတွေက ယုံကြည်ကြတယ်။ စင်ကြယ်သော အကျင့်သီလ၊ နှိမ့်ချအောက်ကျို့ခြင်း၊ ကိုယ်ကျိုးစွန့်ခြင်းနဲ့ ချိုသာကြည်လင်မှု တို့ကို ညွှန်းဆိုတဲ့ ပန်းလေးပေါ့။ မေလဖွားတွေရဲ့LILY ပန်းကလေးက စိတ်နှလုံး ဖြူစင်ခြင်း၊ ကြီးကျယ်ခမ်းနားခြင်း နဲ့ အလေးအမြတ် ထားခြင်းတွေကို ကိုယ်စားပြုပါတယ်။












JUNE: ROSE

ချစ်မြတ်နိုးမှုရဲ့သင်္ကေတ ဖြစ်တဲ့ နှင်းဆီပန်းမှာ အဓိပ္ပါယ် သမိုင်းကြောင်း များစွာ ရှိပါတယ်။ ဂရိ အချစ်နတ်ဘုရားမ အဖရိုဒိုက်က သူမရဲ့ ချစ်လှစွာသော သား အီရို့စ် အတွက် နုင်းဆီကို လက်ဆောင် ဖန်ဆင်းပေးခဲ့တယ်။ အလှဘုရင်မ ကလီယို ပန်ထွာ က မာ့ခ်အန်ထော်နီကို ဆွဲဆောင်ဖို့အတွက် နှင်းဆီ ပွင့်ချပ်တွေကို ဒူးဆစ် မြှုပ်တဲ့အထိ ခန်းလုံးပြည့်ခင်းပြီး ကြိုဆိုခဲ့ဘူးတယ်။ အသွေးစုံတဲ့ နှင်းဆီတွေက အရောင်အလိုက် အဓိပ္ပါယ်တွေ ရှိပေမဲ့ အားလုံးက ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုထားပါတယ်။ ဂျွန်လ ဖွားတွေရဲ့ နှင်းဆီဟာ အပြစ်အနာအဆာကင်းသော အလှ နဲ့ ချစ်ခြင်းမေတ္တာရဲ့ အမှတ်တံဆိပ် ဖြစ်ပါတယ်။













JULY: DELPHINIUM

လင်းပိုင် ပုံနဲ့ ဆင်တူပြီး စိမ်းညို့သန်စွမ်းလှသော DELPHINIUM ပန်းလေးတွေက ပွင့်လင်းဖော်ရွေတဲ့ နှလုံးသားနဲ့ လှိုက်လှိုက်လှဲလှဲ ရှိတဲ့ သံယောဇဉ်တို့ရဲ့ သင်္ကေတဖြစ်တယ်။ နူးညံ့သိမ်မွေ့တဲ့ အရောင်၊ အဆင်း၊ ရနံ့နဲ့ ပေါ့ပါးလန်းဆန်းစေတဲ့ ဒီ နွေရာသီ ပန်းကလေးတွေဟာ အမောပြေ လန်းဆန်းစေတဲ့၊ ပြတ်သား ထင်ရှားတဲ့ သဘာဝအလှတရားကို ကိုယ်စားပြုပါတယ်။

Larkspur by kg.owl.


subalpine larkspur by Abizeleth.







Red Larkspur by ParsecTraveller.


AUGUST: GLADIOLA

ဩဂုတ်လဖွား တွေအတွက် GLADIOLA ပန်းကတော့ သန်မာကြံခိုင်မှု နဲ့ဖြောင့်မတ်မှု တို့ကို ကိုယ်စား ပြုပါတယ်။ လက်တင်ဘာသာ “gladius” ဆိုတဲ့ ဓား ကနေ ဆင်းသက်လာပြီး ရိုမန်သူရဲကောင်း တွေကို ညွှန်းဆိုပါတယ်။ အသဲနှလုံးကို ဖောက်ထွက်သွားမတတ် စူးရှတဲ့ အလှကို ပိုင်ဆိုင်ထားတဲ့ GLADIOLA ပန်းဟာ ရူးသွပ်မတတ် စွဲလန်းစေတတ်တဲ့ Romantic သင်္ကေတလဲ ဖြစ်ပါတယ်။












SEPTEMBER: ASTER

ပေါများ ကြွယ်ဝတဲ့ အရောင်အဆင်းနဲ့ အရိုင်းဆန်ဆန်အလှ ရှိတဲ့ ASTER ပန်းလေးတွေကို ကြည့်မြင်လိုက်ရုင်္နဲ့ ဘာကြောင့် သူတို့က မှော်ဆန်ဆန် ပြုစားနိုင်ရတာလဲ ဆိုတာ သိနိုင်ပါတယ်။ ASTER ပန်းပင်က အရွက်တွေကို မီးရှို့လိုက်ရင် ထွက်တဲ့ ရနံ့က မကောင်းဆိုးဝါတွေ ပြေးစေတယ်ဆိုတဲ့ အယူအဆ ရှေးတုန်းက ရှိဘူးပါတယ်။
ဆောင်းဦး ရာသီပန်းဖြစ်တဲ့ ASTER ပန်းလေးတွေဟာ ချစ်ခြင်းကို ဆွဲဆောင် ညှို့ယူဖမ်းစားနိုင်တဲ့ အလှတရားရဲ့ သင်္ကေတ ဖြစ်ပါတယ်။













OCTOBER:
MARIGOLD

MARIGOLD ပန်းလေးတွေဟာ သူတို့ရဲ့ လှပတဲ့ ဆောင်းရာသီ အဆင်အသွေး တွေနဲ့ အောက်တိုဘာ လဖွားတွေကို ကိုယ်စားပြုပါတယ်။ အလွန်တောက်ပတဲ့ အရောင်အသွေးရှိပြီး သီးနှံရိတ်သိမ်းချိန်လို နွေးထွေး လှပတဲ့ MARIGOLD ပန်းလေးတွေဟာ ချစ်ခင်နှစ်သက်ခြင်း၊ တင့်တယ်ခြင်း၊ ကျက်သရေရှိခြင်းတိုပရဲ့ သင်္ကေတ ဖြစ်ပါတယ်။

Thank You... by lmkemper.

Marigold Magic by Bluebird0927 (Out today).
Marigolds. by musicman67.
Too  hot  to handle.... by welshlady.










NOVEMBER: CHRYSANTHEMUM

ဂန္ဓမာပန်းလေးတွေဟာ နေမင်းကို ကိုယ်စားပြုတယ်လို့ တစ်ချို့ ရိုးရာ ယဉ်ကျေးမှု ပုံပြင်တွေမှာ ရးသားကြတယ်။ လှပတောက်ထိန်တဲ့ သူတို့ရဲ့ အရောင်အဝါတွေက စိတ်ရွှင်လန်းချမ်းမြေ့မှုရဲ့ သင်္ကေတ ဖြစ်တယ်။ နိုဝင်ဘာလ ဖွားတွေရဲ့ မွေးလပန်းဖြစ်တဲ့ ဂန္ဓမာပန်းပွင့်ရဲ့ ပွင့်ချပ်လေး တစ်လွှာကို ဝိုင်ခွက်ရဲ့ အောက်ခြေမှာ အသာလေး ထားပေးလိုက်ရင် ကျန်းမာရွှင်လန်းပြီး သက်တော် ရာကျော်ရှည်ဖို့ ချီးမြှောက် ဆုတောင်း လိုက်တာပါပဲ။

Chrysanthemum Sun Shine by imtoootall.
Return To Innocence by **Anna.
Substitute sunshine by bryanilona.
Miniature Chrysanthemums.. by welshlady.
Chrysanthemum by Graça Vargas´s flowers.
Chrysanthemum by taylorkoa22.
Soft purple by Graça Vargas´s flowers.












DECEMBER:
POINSETTIA

POINSETTIA တွေဟာ ခရစ်စမတ်ပန်း ဖြစ်သလို မိမိကိုယ်ကို နှိမ့်ချသော ပေါင်းပင်တစ်မျိုး လဲဖြစ်တယ်။ တစ်ခါက မိန်းမငယ်လေးတစ်ယောက်ဟာ ပန်းဥယာဉ်မှူးတွေ အထူးပြုလုပ်ထားတဲ့ ပန်းမံတွေ ကို မတတ်နိုင် တဲ့အတွက် ခြံထဲက ပေါင်းပင်တစ်မျိုကို ဘုရားကျောင်းမှာ သွားပြီး လှူလိုက်တဲ့အခါမှာ ပေါင်းပင်က အရွက်တွေဟာ လှပတဲ့ အနီရောင်ပန်းပီင့်တွေအဖြစ် အသွင်ပြောင်းသွားခဲ့တယ် တဲ့။ မြူးထူးပျော်ရွှင်ဖွယ် ကောင်းတဲ့ ကောင်းချီးသြဘာပေးမှုကို ကိုယ်စားပြုတဲ့ ဒီဇင်ဘာလဖွားတွေရဲ့ POINSETTIA ပန်းဟာ အောင်မြင်မှု၊ ဂုဏ်ပြု ချီးမြှင့်မှု နဲ့ ပျော်ရွှင်မှုတွေရဲ့ သင်္ကေတပဲ ဖြစ်ပါတယ်။

Pragmatic Poinsettia: presenting a philosophic point by colorfulexpressions.
Poinsettia by Jeanie's Pics.

'Winter White' Poinsettia by Weaselmcfee.
Poinsetta from a Different Point of View by KathyAAdams~ Back in Nicaragua.

Poinsettia Flowers by Barbara J H.Poinsettia Rosette - - The Many "Faces" of Poinsettias by Mc Shutter.
Blue Christmas by Jeanie's Pics.

Nochebuena / Poinsettia by .::æ::. Irving .::æ::..
poinsettia by iz*source.






ကျွန်တော်လဲ ဒီ ဆယ့်နှစ်လရာသီ အတွက် ပန်းတွေကို လိုက်ပြီး စုရင်းနဲ့မှ ပန်း နာမည်တော်တော်များများကို မသိဘူး ဖြစ်နေတယ်ဗျာ။ ဘော်ဘော်တွေ သိတယ်ဆိုရင်လဲ ကျွန်တော့် ကို လက်တို့ကြပါဦးဗျာ။ ခုလောလောဆယ်တော့ ကျွန်တော် သိသလောက် နာမည်တွေပဲ ရေးထားတာ။ မှားနေတာရှိရင်လဲ ပြောပြ ကြပါဦးခင်ဗျာ။

CARNATION =ကာနေးရှင်းပန်း
IRIS = အိုင်းရစ်ပန်း
DAFFODIL =
DAISY = ဒေစီပန်း
LILY = လီလီ
ROSE = နှင်းဆီပန်း
DELPHINIUM =
GLADIOLA = သစ္စာပန်း
ASTER =
MARIGOLD = ကုလားပန်း
CHRYSANTHEMUM = ဂန္ဓမာပန်း
POINSETTIA = ခရစ်စမတ်ပန်း

ပန်းနာမည်တွေကို ပြောပြပေးကြတဲ့ မိတ်ဆွေ တွေကို အထူး ကျေးဇူးတင်ရှိပါတယ်။

စုဆောင်းတင်ပြသူ - မိုးကုတ်သား