Wednesday, November 25, 2009

မြို့ကလေးမှာ တောင်နေကြာတွေ ပွင့်နေပြီ


နိုဝင်ဘာ၊ ဒီဇင်ဘာဆို မိုးကုတ်မှာ တောင်နေကြာတွေ ပွင့်နေကျ။ မိုးကုတ်က သားဖြူဆိုတဲ့ ညီလေးတစ်ယောက် ရိုက်ထားတဲ့ တောင်နေကြာနဲ့ မိုးကုတ်ရှုခင်းအလှ ပုံတွေကို မိတ်ဆွေတို့နဲ့ မျှဝေ ခံစားလိုက်ပါတယ် ခင်ဗျာ။








မြို့ကလေးကို လွမ်းနေတဲ့အချိန်မှာပဲ တောင်နေကြာတွေကို တွေ့လိုက်ရတယ်။ ရင်ထဲမှာ လှိုက်ခနဲ....
တောင်နေကြာတွေ ပွင့်နေပြီ... တဲ့။
အလွမ်းဓာတ်ခံရှိတဲ့ ကျွန်တော်ကတော့ တောင်နေကြာတွေ ပွင့်တိုင်း နေကြာပန်းတွေ ရှိရာဘက် ဆိုင်ကယ်တွေနဲ့ ပျော်ပွဲစားထွက်ခဲ့ချိန်တွေကို လွမ်းတယ်။
သူငယ်ချင်းတွေကိုလွမ်းတယ်။
မောင်နှမတွေကို လွမ်းတယ်။



အိမ်ကို လွမ်းတယ်။ လွမ်းတယ်ဗျာ။



မေတ္တာဖြင့်
မိုးကုတ်သား

Wednesday, November 18, 2009

ရနံ့စိမ်း



ရနံ့စိမ်း


မြတ်နိုးအမှတ်တရ ရှိမှုတွေမှာ အမည်သညာ သတ်မှတ်စရာ မလိုအပ်ကြောင်း ကျွန်တော် သဘော ပေါက်ခဲ့အောင် သင်ကြားပေးခဲ့တာ သစ်ပင်တစ်ပင် ဖြစ်နေခဲ့မည် ဆိုပါက မိတ်ဆွေတို့ အံ့ဩကြမည် ထင်ပါသည်။

ထိုနေ့ ညနေခင်းက မိုးတွေ သည်းသည်းထန်ထန် ရွာနေခဲ့သည်။ အလုပ်က အပြန် ဘတ်စ်ကားပေါ်တက်ရင်း ညနေခင်း ဘယ်မှ မသွားတော့ပဲ ကော်ဖီတစ်ခွက်နှင့် စာတစ်အုပ်ကို ဖတ်ဖို့ စိတ်ကူးကာ အိမ်တန်းပြန်ဖို့ ဆုံးဖြတ်လိုက်သည်။
ဘတ်စ်ကား မှန်မှတဆင့် သည်းကြီးမဲကြီး ၇ွာနေသော မိုးကောင်းကင်ကြီးကို ငေးမော ကြည့်ရင်း၊ တစ်ချက်တစ်ချက် ၀င်းပသွားတတ်သော တိမ်ညိုမဲမဲများကြားမှ လျှပ်ရောင်တန်းများ၏ အလှကို ခံစားရင်း တစ်နာရီမျှ ကြာအောင် စီးရသော ခရီးစဉ်က ဘယ်သို့ ကုန်သွားသည်မသိ။ ကျွန်တော် ဆင်းရမည့် မှတ်တိုင်ရောက်မှ လူက စီးလာသော နှစ်ထပ်ကား၏ အပေါ်ထပ်မှာ ရောက်နေတော့ အပြေးအလွှား ဆင်းရတော့သည်။
ဘတ်စ်ကားပေါ်ကဆင်းဆင်းခြင်း မိုးမှုန်တွေ သယ်လာသော လေနှင့်အတူ ကျွန်တော် ဖြတ်ခနဲ သတိထားမိသည်က မွှေးရနံ့ တစ်ခု။ ရနံ့ သင်းသလောက် ပြင်းရှ ချိုအီသော ထို မွှေးရနံ့ လာရာကို ဝေ့၀ဲကာ ကျွန်တော် ရှာမိတော့ ဘယ်က လာမှန်း ကျွန်တော် မသိပါ။ ဒီ ဘတ်စ်ကားဂိတ် အနီးအနားမှာ ဘာပန်းပင်ကိုမှလဲ ကျွန်တော် မတွေ့မိ။ သတိများ မထားမိလို့လား။ ဘတ်စ်ကားဂိတ် အမိုးအောက်မှာ ခဏ နားခိုရင်း မွှေးမြလှသော ပန်းရနံ့၏ ဖြစ်တည်ရာ အရပ်ကို ကျွန်တော် ရှာဖွေကြည့်မိသော်လည်း မတွေ့ပါ။ အိုး ဒီတစ်လမ်းလုံးကို ထို မွှေးရနံ့က လွှမ်းခြုံထားပါလား။ ဘတ်စ်ကားဂိတ်မှ လူအများကတော့ ထို ပန်းရနံ့ကို သတိမျှပင် ထားမိကြပုံ မရပါ။ အားလုံးကိုယ်စီ၏ မျက်နှာမှာ သည်းမည်းနေသော မိုး အပေါ် စိတ်ပျက်မှုများ၊ အိမ်ပြန်ချင်စိတ် စောနေမှုများသာ ဆင်မြန်းထားကြ၏။
ကျွန်တော်လဲ မထူးပါ။ မွှေးမြသော ပန်းရနံ့ကို ဆက်ကာ ရှုရှိုက်ချင်သော်လည်း သံစုံ မြည်နေသော ဗိုက်ကို ဖြည့်တင်းဖို့ အိမ်ပြန်ရောက်မှ ဖြစ်မည်လေ။ သည်းနေသောမိုးကိုလဲ စဲအောင် မစောင့်ချင်။ အိမ်နှင့်ဆက်ထားသော အမိုးရှိသည့် လူလျှောက်လမ်းလေးကနေ တကွေ့ကြီး ပတ်သွားရမှာ ကလည်း ပျင်းသေးသည်။ ဒီတော့ ကားဂိတ်မှ ဟိုတဘက် လမ်းသွယ်လေးကို ကူးလိုက်ရုံမျှနှင့် အိမ်ဘက်ကို ရောက်သွားနိုင်သည့် သွားနေကျ ပလက်ဖောင်းလမ်းအတိုင်း ပြေးရုံပေါ့။
သည်းထန်နေသော မိုးရေထဲ ပြေးထွက်လိုက်သည် နှင့် မွှေးရနံ့က ပိုပြီး ပြင်းရှလို့လာသည်။ ဘတ်စ်ကားဂိတ်မှ လှေကားထစ် လေးတွေပေါ်က ပြေးဆင်းလာပြီး လူလျှောက်ပလက်ဖောင်းပေါ် အရောက်မှာ နင်းမိနေကျ ပလက်ဖောင်း၏ အမာသားကို ထိတွေ့မခံစားရ။ နူးညံ့သော အထိအတွေ့က ဖိနပ်တွေမှတဆင့် ကျွန်တော့် ခြေဖ၀ါးသို့ စီးဝင်လာသည်။ ပြီးနောက် မွှေးရနံ့တွေက ထိုခြေဖ၀ါး အထိမှသည် တကိုယ်လုံး ပျံ့နှံ့ စိမ့်ဝင်သွားလေသည်လား။ မိုးရေထဲမှာ ပြေးလွှားရင်းက အောက်ကို ငုံ့ကြည့်မိတော့ ဘုရားရေ။ ကျွန်တော်ခြေစုံ ရပ်လိုက်မိသည်။ ကျွန်တော်ဖိနင်း ပြေးလွှားရာ ပလက်ဖောင်းအပြည့်ကို ပန်းပွင့်ကြွေလေးတွေ အပြည့် ဖုံးလွှမ်းလို့ပါလား။ ကျွန်တော် ရှာဖွေနေခဲ့မိသော မွှေးရနံ့တွေကလည်း ထိုပန်းကြွေလေးတွေ ဆီကပါလား။ ဒီပန်းလေးတွေ ကြွေကျလာရာက ကျွန်တော့် ခေါင်းထိပ် တည့်တည့်က အပင်ကြီးဆီကပဲ။ ကပျာကရာ မော့ကြည့်မိတော့ သည်းထန်လှသော မိုးစက်မှုန်တွေကြားမှာ သစ်ပင်ကြီးကို ၀ိုးတ၀ါးသာ ကျွန်တော့် မျက်စိထဲ မြင်ရလေသည်။ ကြည့်စမ်းပါအုံး။ ဒီလောက်ကြီးမားတဲ့ သစ်ပင်ကြီးက လက်သန်း၏ လက်သည်းခွံလောက်ပင် မရှိသော ပန်းပွင့်သေးသေးလေးတွေ ပွင့်သတဲ့။ ပြီးတော့ ထို ပန်း ပွင့်သေးသေးလေးတွေဆီမှာ ကျွန်တော် တခါမျှ မရဘူးသော မွှေးမြသည့် ရနံ့ချိုချိုတွေ ရှိနေသေးရဲ့။
ဖြတ်ခနဲသော စိတ်အာရုံ ကြည်နူးမှုလေးထဲ ကျွန်တော် ရပ်တန့် မိန်းမော မိသွားသည့် မိနစ်ပိုင်းလောက်မှာပင် ကျွန်တော့် တစ်ကိုယ်လုံး မိုးရေတို့ စိုစို ရွှဲလို့ သွားခဲ့ပြီ။ နူးညံ့လှသော ပန်းပွင့်သေးသေးလေးများစွာကတော့ မိုးရေတွေအောက်က ပလက်ဖောင်းလေးပေါ်မှာ ကူကယ်ရာမဲ့ အတုံးအရုံး လဲပြိုလို့။
အခု ကျွန်တော့်လို အမှုအမှတ်မဲ့ သူတို့ကို နင်းဖြတ်သွားသော ခြေထောက်များ ဘယ်နှစ်စုံ ရှိနေခဲ့ပြီလဲ။ ပန်းကြွေလေးတွေဆီ လက်ကရောက်သွားပြီး ပြန်ရုပ်လိုက်တော့ ပန်းပွင့်သေးသေးလေး နှစ်ပွင့်က လက်ထဲ ပါလာခဲ့သည်။ စိုရွှဲနေသော မိုးရေတွေကို ကျွန်တော် ဂရုမစိုက်မိတော့။ " ခွင့်လွှတ်ပါ ပန်းပွင့်လေးတွေရယ်။ မင်းတို့ကို ငါ နာကျင်စေဖို့ မရည်ရွယ်ပါဘူး " ရှေ့ဆက်လျှောက်ရမည့် လမ်းပေါ်မှာ နင်းဖြတ်ရမည့် ပန်းကြွေလေးတွေ မနာကျင်အောင် ခြေလှမ်းတွေကို ညင်သာဖွဖွလျှောက်ရင်း စိတ်ထဲက တိတ်တဆိတ် တောင်းပန်နေမိသည်။
ကျွန်တော့်လက်ဖ၀ါးပေါ်မှာတော့ အစောနကမှ လွင့်ကြွေခဲ့ဟန် ရှိသော ပန်းပွင့်သေးသေးလေး နှစ်ပွင့်က ခုထိ လန်းဆတ်နေဆဲ။ မွှေးရှူကြည့်တော့ အဖော်အပေါင်းများစွာ ရှိစဉ်ကလို သူ့ ရနံ့က မပြင်းပျတော့။ မွှေးရနံ့ သေးသေးလေးကို ထိုပန်းပွင့်သေးသေးလေးထံမှ ရသည်။ အားပါးတရ ရှူရှိုက်လိုက်ချင်သော်လည်း နူးညံ့လှသော ထိုပန်းပွင့် သေးသေးလေးတွေ၏ ပွင့်လွှာချပ်လေးတွေကို ကျွန်တော် သနားလှသည်။
ကားလမ်းသွယ်လေးကို ကူးဖြတ်ပြီး ကျွန်တော် နေထိုင်ရာ တိုက်တန်းတွေဘက်က လှေကားထစ်တွေပေါ် ပြေးတက်ရင်း လက်ဖ၀ါးထဲမှ ပန်းပွင့်လေး နှစ်ပွင့်ကိုကြည့်မိတော့ ကျွန်တော် ကောက်ယူလာကာစ ကလို လန်းဆတ်မနေတော့။ ညှိုးဖျော့လို့ နေကြလေပြီ။ ဘာကြောင့်ရယ်မှန်းမသိ၊ ကျွန်တော့် စိတ်ထဲ ၀မ်းနည်းမိသွားသည်။ လက်ဖ၀ါးထဲ ဆုပ်ကိုင် ယူလာမိသောကြောင့် ထိုပန်းကလေး နှစ်ပွင့် သည်မျှ မြန်မြန်ဆန်ဆန် နွမ်းကြေသွားရလေသည်လား။ အိမ်ထဲရောက်လျှင် ထိုပန်းသေးသေးလေးနှစ်ပွင့်ကို ဓာတ်ပုံ အနီးကပ်ရိုက်ပြီး မှတ်တမ်းတင်ထားချင်သော စိတ်လေးကို လျှော့လိုက်သည်။ ညှိုးနွမ်းစ ပြုနေသော ပန်းကြွေလေး နှစ်ပွင့်ကို တချက် ဖွဖွ နမ်းရှိုက်ရင်း လျှောက်လမ်းလေးဘေးမှ မြက်ခင်းပြင်ပေါ် သို့ တယုတယ တင်လိုက်သည်။ နေရစ်ခဲ့တော့ ပန်းကလေးတွေရယ်။ ပြူတင်းသေးသေးလေးသာ ရှိပြီး လုံပိတ်နေတဲ့ ငါ့အခန်းကျဉ်းလေးထဲမှာ မင်းတို့ မွန်းကျပ်နေရမှာ ထက်စာရင် ဒီ မြက်ခင်းပြင်က မင်းတို့ အတွက် ပိုမို လွတ်လပ် သင့်လျော်ပါတယ်။ ငါကတော့ မင်းတို့ ပေးတဲ့ ရနံ့မွှေးတွေကြောင့် သိမ်မွေ့ကြည်နူးသွားရတဲ့ တဒင်္ဂလေးကို အမြဲ အမှတ်တရ ရှိနေတော့မှာပါ။ အဲဒီအတွက် ကျေးဇူးပါ ပန်းပွင့်လေးတွေရေ။

ထိုနောက်ပိုင်းရက်များမှာတော့ ကျွန်တော် ဘတ်စ်ကားပေါ်မှ ဆင်းကာ အိမ်ဘက်သို့ လျှောက်လာတိုင်း ထို သစ်ပင်ကြီးကို မော့ကြည့်ကာ ပြုံးပြနှုတ်ဆက်တတ်သော အကျင့်တစ်ခု ရခဲ့လေတော့သည်။ ထိုအပင်ကြီးကို ဘာပင်ခေါ်သလဲ ကျွန်တော် မသိပါ။ ထိုပန်းပွင့်လေးတွေကိုလည်း မည်သို့ ခေါ်ဆိုရမည် ကျွန်တော် မသိပါ။ အခါများစွာ ထိုအပင်အောက်မှာ အမှုအမှတ်မဲ့ ဖြတ်လျှောက်မိခဲ့သော နေ့ရက်ပေါင်း များစွာအတွက်လဲ ကျွန်တော် နှမျောတသ မဖြစ်မိပါ။ သေချာတာ တခုကတော့ မိုးညတညမှာ ရခဲ့သော ထိုပန်းပွင့်ကြွေလေးများ၏ မွှေးရနံ့ကို ကျွန်တော် အမြဲ အမှတ်ရနေတော့မည် ဆိုတာပါပဲ။

မြတ်နိုးအမှတ်တရ ရှိမှုတွေမှာ အမည်သညာ သတ်မှတ်စရာ မလိုအပ်ကြောင်း ကျွန်တော် သဘော ပေါက်ခဲ့အောင် သင်ကြားပေးခဲ့တာ သစ်ပင်တစ်ပင် ဖြစ်နေခဲ့မည် ဆိုပါက မိတ်ဆွေတို့ အံ့ဩကြမည် ထင်ပါသည်။

မေတ္တာဖြင့်
မိုးကုတ်သား

ပုံကလေးကို ဒီက ယူထားတာပါခင်ဗျာ။
လှပတဲ့ ခေါင်းစဉ်လေးအတွက် အမအိန္ဒြာ ကို ကျေးဇူး အထူး တင်ပါတယ် ခင်ဗျား။

Monday, November 9, 2009

“ကကြိုးမဲ့ အိပ်မက်”



(အကို MTK ဆီကနေ ဒီ ၀တ္ထုတိုလေး တင်ခွင့်ရတော့ ကျွန်တော် သိပ် ၀မ်းသာမိပါတယ်။ မိုးကုတ်သား အချင်းချင်းမို့ မိုးကုတ်အကြောင်းတွေ ပြောဖြစ်ကြရင်းက အကို ရေးနေတဲ့ ရေးလက်စ ဒီဝတ္ထုတိုလေးကို အပြီးသတ်ရေးပေးဖို့ မရမက အပူကပ်ပြီး ကျွန်တော့် ဥယျာဉ်လေးထဲမှာ သိမ်းဆည်းထားဖို့ ခွင့်တောင်းခဲ့ပါတယ်။ စာမူခလေး ၇၅ကျပ်ကိုတောင် အမြဲ မက်မောတွယ်တာခဲ့တဲ့ အကိုတစ်ယောက်၊ အကိုချစ်သော စာပေ အနုပညာ အကျိုးကို ထာဝရ သယ်ပိုးနိုင်သောသူ ဖြစ်ပါစေလို့ ဆုတောင်းမေတ္တာ ပို့သရင်း
“ကကြိုးမဲ့ အိပ်မက်” ကို ရေးပေးတဲ့ အကို့ကို အတိုင်းမသိ ကျေးဇူးတင်ကြောင်း ဒီနေရာက ပြောကြားလိုပါတယ်။ ကျွန်တော့် ဥယျာဉ်လေးထဲ လာရောက် လည်ပတ်ကြတဲ့ မိတ်ဆွေအားလုံး မိုးကုတ်မြို့ရဲ့ ဓလေ့စရိုက်၊ သက်မွေးဝမ်းကြောင်း ရပ်တည်မှု နဲ့ ဘ၀တစ်ချို့ ကို ထိတွေ့ခံစားမိကြရင်ဖြင့် အကို MTK ကျေနပ် ၀မ်းမြောက်မယ် မျှော်လင့်ပါတယ်။)
ဒီစာလေးက အောက်ဆုံးမှာရောက်နေလို့ မဖတ်မိကြဘူးထင်ပြီး အခု အပေါ်ဆုံးမှာ ပြန်တင်ထားပါတယ်။



မေတ္တာဖြင့်
မိုးကုတ်သား


ဒီဇာတ်လမ်းလေးက ကျနော်သပြေမှာ လွန်ခဲ့တဲ့နှစ် ၂၀လောက်ကရေးခဲ့တဲ့ ကျနော့်ရဲ့ပထမဦးဆုံးသော ဝတ္ထုတိုလေး “တောင်နေကြာတွေပွင့်ပြီ သူငယ်ချင်း” ရဲ့ နောက်ဆက်တွဲလေးပါ။ တကယ့်အဖြစ်မှန်လေးတွေပဲ ရေးချင်တော့တာကြောင့် စာသိပ်မရေးတော့တဲ့ကျနော် နည်းနည်းထပ်ကားထားတာကလွဲလို့ အဖြစ်မှန်လေးပါ။ စာသိပ်မရေးတတ်လို့ ဖတ်ရတာအဆင်မပြေရင် ခွှင့်လွှတ်ကြပါဗျာ။ အဲဒီတုန်းက စာမှုခ ရ၅ကျပ်ကို လွမ်းတာတော့ ဒီနေ့ထက်ထိပါပဲ။
(MTK)


“ကကြိုးမဲ့ အိပ်မက်”

အနောက်ဖက်ဆီမှ လေပြင်းတစ်ချက်ဖြတ်အပြေး ကျန်ရစ်တဲ့မိုးတိမ်တို့ ရှိုက်ကြီးတငင်ငိုချနေ၏။ မနေ့ကခပ်ပြင်းပြင်းရွာချသော မိုးကြောင့် တစ်နွေလုံးဟန်ဆောင်ကောင်းခဲ့တဲ့ ဓနိတို့လည်း အပျိုရည်ပျက်ခဲ့သည်။ ကျွတ်မကျရုံသာသာ ဝါးထရံမှာလည်း အပေါက်အပြဲပရပွ။ တဲအတွင်းပိုင်းသို့ တိုးဝင်လာသော
လေနှင့်မိုးငွေ့များကြောင့် စိမ့်ခနဲ အေးသွားသည်။ ဒီနှစ်မိုးဦးကျသည် တနေ့ထက်တနေ့ ပိုညစ်ပတ်လာသော ကမ္ဘာကြီးအား အစောတလျင် ဆေးကြောချင်နေပုံရ၏ ။ ဘာပဲဖြစ်ဖြစ် တတိယမြောက်ဒုက္ခထက် ပထမဒုက္ခ စားရေးကိုဖြေရှင်းဖို့အတွက် သူ မိုးကိုကျေးဇူးတင်နေသည်။
ရွာလိုက်စမ်းပါ၊ သဲသဲမဲမဲရွာချလိုက်စမ်းပါ....။

အဲ....ဒါပေမယ့် ည ၁၀နာရီထက်ကျော်အောင်မရွာစေ့ချင်။ တစ်ညလုံးအဆက်မပြတ်ရွာနေရင်လည်း မနက်ဈေးထဲမှာ ဒီဒီး မျက်နှာငယ်ရော့မည်။ ဖား ငါးဆိုတာကလည်း မိုးဆက်တိုက်ရွာနေလျင် အတော်ရှာရခက်တယ်လေ။ သူ့အနေနဲ့ လက်ရှိအချိန်မှာ ဒီအလုပ်ကလွဲ၍ ဘာမျှမလုပ်တတ်။ ဒီကိုရောက်ခါစကတော့ အိပ်မက်တွေ တနင့်တပိုးနဲ့ ရောက်လာခဲ့တာသူမငြင်းလိုပါ။ မိုးကုတ်မှာ ကျောက်တူးပြီး နေ့ချင်းညချင်း ချမ်းသာသွားတာတွေ ဇာတ်လမ်းတွေထဲမှာ တွေ့နေရတာကိုး။ မြေကို တစ်တောင်ထက်နက်အောင်မဆွဖူးတဲ့ အညာသားသူ့အတွက်တော့ ကြွက်တကောင်လို လူအရပ်၂၀လောက်နက်အောင်လည်း တူးဖူးခဲ့ပြီ။ ငရဲမင်းနဲ့တောင် ဗြုံးကျော(ပတ္တမြား၊နီလာ ရှိသောမြေ) မကုန်လို့ဆက်တူးရင် တွေ့မလားတောင်ထင်ခဲ့တာ။

သူမျှော်လင့်တဲ့ သူဌေးဖြစ်ဖို့ဆိုတာ သူ့လိုတွင်းသမားတစ်ယောက်အတွက် မလွယ်ကူမှန်း သိပ်မကြာခင်သိခဲ့ရသည်။ သူ့တွင်းက ကျောက်ပွင့်တော့ ပျော်လိုက်တာ၊ ၇ သိန်းတောင်ရတယ်ဆိုပဲ၊ အဲဒီခေတ်က ၈၈မော်ဒယ်ဗန်တစ်စီး ၅သိန်းရွရွလေးကျော်တာ။ တကယ်တန်းဝေစုရတော့ ပေါလန်(မိုးကုတ်အခေါ်သူဌေး)က ၂သောင်းကျော်သာ သူ့ကိုပေးခဲ့သည်။ တွက်ကြည့်တော့လဲ ဟုတ်နေတာပဲ။ တွင်းသား ၅ ယောက်က ၅စု၊ စားရိတ်ခံ သူဌေးက ၄စု၊ စားရိတ်ဆိုတာက တွင်းမှာသုံးတဲ့ အသား(သစ်မာတိုင်)။ မြက်(ရေစိုခံ၊ အနံ့ထွက်သက်သာ၊ မရိလွယ်သော သစ်ခက်)။ တွင်းသုံးကိရိယာတွေအတွက်ကတစ်စု၊ ဆက်ကြေးငွေ စိုက်ခကတစ်စု။ ရေစုပ်စက်ဆီဖိုးက တစ်စု။ ပေါလန်ဖြစ်တဲ့အတွက်တစု ဆိုပြီး ၉ စုခွဲပြီး သူရတဲ့အစုထဲက နေစရာနှင့်စားစရာပေးထားတဲ့အတွက် တစ်ဝက်ဖြတ်ယူလိုက်တော့ ဒါပဲကျန်တော့သည်။ ဒီကြားထဲ သူအသေးသုံး ယူထားတာလေးတွေပါ ပြန်နုတ်လိုက်တော့ လက်ထဲ ဘာမျှမကျန်။

လေးငါးနှစ်မှာ စုဆောင်းမိတာဆိုလို့ ကနယ်(မြေစေး) ကိုက်ထားလို့ ခြေကျင်းဝတ်မှာတက်နေတဲ့ အရစ်တွေ၊ အေးလွန်းတဲ့ ရာသီဒဏ်ခံနိုင်ဖို့ သောက်ရင်း အကျင့်ရလာတဲ့ လီရှောအရက်။ ပြီးတော့ ဂေါ်ရခါးမလေး ဒီဒီး၊ ဓါတ်တော်ခဲတွင်း(နဝတ ပတ္တမြားထွက်သည့်တောင်)မှာ ကျောက်ကျောမိုင်းခွဲရင်းမုကျောက် ခဲစမှန်ပြီး ထော့သွားတဲ့ ဘယ်ခြေထောက်။
“အယ်....အစ်ကို မိုးတိတ်နေပြီ၊ မသွားသေးဘူးလား ဘာတွေစဉ်းစားနေတာလဲ”
အတွေးထဲ နောက်ပြန်မောင်းနေတဲ့ကား ဒီးဒီး တွန်းချမှ ပစ္စက္ခ ဝါးကြမ်းခင်းပေါ်ရောက်တော့၏။ ခေါင်းရင်းဖက်မှ ဓါတ်ဆီမီးခြစ်ကိုစမ်းပြီး လေးငါးချက်ခြစ်ကာ ခြူးဆေးပေါ့လိပ်အတိုကို ငါးသေတ္တာဘူးခွံ ဟောင်း ဆေးလိပ်ခွက်ကြမ်းပြင်တွင် ပြာစသပ် မီးညှိကာ ခပ်ပါးပါးရှိုက်လိုက်ရင်း အိပ်ရာထက်မှထလိုက်သည်။ လှုပ်သွားသော ဝါးကြမ်းခင်းနှင့်အတူ ဖျာနှင့်ပွတ်တိုက်သံကြောင့် ဒီဒီးမျက်လုံးလှန်ကြည့်သည်။ ခေါင်းဦးအောက်မှ လက်နှိပ်ဓါတ်မီးယူတော့ သူ့လက်ကိုလာကိုင်ရင်း သက်ပြင်းချသံ သူကြားဖြစ်အောင်ကြားလိုက်မိ၏ ။ အင်းလေ သူမအနေနှင့် အခုလိုမိုးအေးအေးမှာ တစ်ယောက်ထဲ တောင်ပေါ်တဲလေးမှာဘယ်နေခဲ့ချင်ရှာမလဲ...။

ဝတ်ထားသော အင်္ကျီချွတ်၊ လေဘေးကုတ်အထူဝတ်၊ မြေကြီးရောင်ပေါက်နေသော စစ်ဘောင်းဘီနှင့်လဲ၊ ချွတ်လဲလိုက်သော မလေးရှားပုဆိုး နွမ်းနွမ်းကို ဒီဒီး ကိုယ်ပေါ်ထပ်ခြုံပေးရင်း ထုပ်တန်းမှာတွဲလဲချိတ်ထားတဲ့ ဖန်မိးအိမ်လေးကို မီးဇာလျော့ချလိုက်သည်။ တဖြေးဖြေး သိမ်းသွားတဲ့မီးဇာရဲ့ အလင်းရောင်မကုန်ခင် ငါးထောင် ကိုင်းထည့်ထားတဲ့ ပလိုင်းနှင့် သေချာအကြောသပ်ထားတဲ့ ဖါးရိုက်ဝါးခြမ်းပြားကိုယူပြီး တဲအပြင်ထွက်လိုက်သည်။ မိုးက မောင်းမောင်းလေးကျနေဆဲ။ ကမ္ဘာ၏ တစ်နေရာရာမှာ လမင်းချိတ်ငြိနေသည်ထင်။ ရာသီဥတုက သူ့အကြိုက်။ ဝေ့ကနဲတိုက်လာတဲ့လေကြောင့် စိမ့်သွားတဲ့ကိုယ်က မေ့ကျန်ခဲ့တဲ့ လီရှောအရက်ပုလင်းပြားလေးကို ပြန်လှည့်ယူဖြစ်စေသည်။

တဲခပ်လှမ်းလှမ်းတောင်ဆင်းလမ်းအတိုင်း တောင်အောက်ဆင်းလာခဲ့၏ ။ ဂိဇ္ဈကုတ်တောင်နားရောက်တော့ ဖားအော်သံတို့မြိုင်နေပြီ။ ရေနီချောင်းကူးတံတား ခနော်ခနဲ့လေးကို ဖြတ်လိုက်တာနဲ့ ပိတ်စွယ်ရပ်ကွက်အပိုင် ကွင်းပြင်ထဲရောက်ပြီ။ ကွင်းတစ်ဖက်အစပ်တွင် ပိတ်စွယ်အင်း။ အင်းရေစပ်မှ ပိတ်စွယ်ပင်တောတို့က မိုးလေ အရိုက်မှာ တစ္ဆေတွေအုပ်လိုက်ကနေသလို။ လမ်းတလျှောက်ဟိုခုန်ဒီခုန် တွေ့နေရသောဖားတို့ကို ရိုက်ချင်စိတ်က လက်ယားနေသည်။ ဒီထက် ညဥ့်နက်သွားလျှင် ငါးအရနဲသွားမည်။ အင်းစပ်ရောက်တာနဲ့ လွယ်ထားတဲ့ပလိုင်းထဲမှ ကိုင်းတံတွေစီချပြီး ငါးမြားချိတ်တွေမှာ တောင်တီမဲမဲများတပ်ရင်း ရေစပ်တွင်ကပ်နေသော ဗေဒါအုပ်အနေအထားကို သုံးသပ်၏ ။ တောင်တီမဲမဲတွေက ငါးခူ နှင့်ငါးရံ့ ပိုဆွဲသည်။ ငါးရှဥ့်သိပ်မကြိုက်။ ငါးရှဥ့်ဆိုတာကလဲ အကောင်သေးသာ
မိသည်။ အကောင်ကြီးပါက ကြိုးပြတ်လျှင်ပြတ် မပြတ်လျှင်လဲ ကိုင်းဖြုတ်မရလောက်အောင် ပိတ်စွယ်ပင်တွေနဲ့ငြိနေတတ်သည်။ ဒီတော့ တောင်တီမဲမဲတွေက သူ့အတွက် အဆင်ပြေလှ၏ ။

ပထမဆုံးကိုင်းတံကို ဗေဒါအုပ်ခပ်ကျဲကျဲအကြား ဒူးခေါင်းလောက်ရေစပ်မှာ ရေအောက်မြေထဲ ခပ်စောင်းစောင်းစိုက်ချလိုက်သည်။ ဝါးကိုင်းတံ အရင်းဖက်က့ မြားတံလိုချွန်ထားတဲ့အတွက် သဲဆန်ဆန်မြေထဲ တစ်ထွာလောက်နစ်ဝင်သွား၏။ ဒါဆိုတော်ရုံ အရွယ်လောက်တော့ ဆွဲမပြေးနိုင်တော့။ လေးငါးကိုင်းထောက်အပြီး သူ့ခြေသလုံးမှာ ကျွဲမျှော့သုံးကောင် အမိအရတွယ်နေပြီ။ အိပ်ထဲမှ ထုံးဘူးကိုဖွင့်ပြီး တို့လိုက်တော့ ငနဲသား သုံးကောင်လုံး ခြေသလုံးထက်မှ ဂျွမ်းပစ်ဆင်းသွားကြပြီး မပဋာ အက ကနေကြလေရဲ့။ အင်းတစ်ဝက်လောက်ရောက်တော့ သူငါးကိုင်းထောက်လို့ပြီးပြီ။ ဝန်းကျင်တစ်ခုလုံးက ဖါးအော်သံတို့ စီဝေလျက်၊ အင်းစပ်မှခွာပြီး ကွင်းပြင်ထဲ ကူးလာခဲ့၏။ ရေအိုင်စပ်စပ် လေးဘေးမှာ ခပ်ငယ်ငယ်တစ်ကောင်ကို စတွေ့သည်၊ အစာဝပြီး မိုးဖွဲဖွဲလေးအရသာ ခံစားနေပုံမှာ ဘုရင်ခံတစ်ယောက်လို မိန့်မိန့်ကြီး။
လက်ဆမှန်မှန်ဖြင့် ရိုက်ချက်က ပွဲဦးထွက်ဆိုပေမယ့် ထိထိမိမိရှိလှသည်။ ဖြာကနဲ လွင့်စဉ်သွားသော ရေစက်တို့နှင့်အတူ ကားကနဲဖြစ်သွားသော အကောင်ကို ကောက်ယူပြီး ပလိုင်းထဲ ထည့်လိုက်သည်။ ဟော.. ခပ်လှမ်းလှမ်း စိန်နားပန်း ခြုံစပ်မှာ နှစ်ကောင်ထပ်လျက်၊ လက်ဆ နဲနဲတင်ပြီး ဖြန်းကနဲ ရိုက်ချပစ်လိုက်သည်။ တနေရာဆီ လွင့်ပြီးသေသွားသော နှစ်ကောင်လုံး ကောက်ထည့်လိုက်သည်။

ဓာတ်မီးရောင်ရှေ့ဝင်လာသမျှ အကောင်တွေ တစ်ကောင်ပြီးတစ်ကောင် ရိုက်လာရင်း ရေနီချောင်းစပ် ဖက်ရောက်လာသည်။ ရေနီချောင်း ဟိုဖက်ကူးလိုက်တာနဲ့ ဂိဇ္ဈကုတ်တောင်ခြေက ကွင်းထဲရောက်ပြီ၊ အဲသည်ဖက်မှာ အကောင်ကြီးကြီးတွေ ပိုရသည်။ တောင်အောက်ခြေမှ သဘာဝဥမင်ပေါက်တွေကြောင့်ထင်၏။ နောက်ဖက်ကို ပြန်လှည့်ကြည့်တော့ အမှောင်ထုအောက်မှာ ပိတ်စွယ်အင်းက ပက်လက်အိပ်မောကျနေသလို။ ခံတွင်းချဉ်လာသလိုလို ရှိတာကြောင့် အာရုံက ဆေးပေါ့လိပ်ဆီ ရောက်သွားသည်။ မိုကဖွဲဖွဲ ကျနေတုန်းမို့ သောက်လို့ရမည်မထင်။ ချောင်းတစ်ဖက်ဆီက မီးကင်းတဲလေးရောက်မှ ခနနားရင်းသောက်မည်။ ချောင်းကိုသတိထားပြီး သူဖြေးဖြေးခြင်းကူးရင်း ဆာနေသော ခြေတစ်ဖက်ကို အားမလိုအားမရ ဖြစ်မိသည်။ ဒီနေရာတွင် ချောင်းကပြန့်ကျယ်သဖြင့် ရေကဒူးခေါင်းသာသာ သာရှိ၍ တော်သေးသည်။ အေးစိမ့်နေတဲ့ ရာသီဥတုက နာနေတဲ့ ခြေတစ်ဖက်ကို တစစ်စစ် ကိုက်ခဲစေသည်။

..............................................

နွေရာသီ ကင်းတဲလေးက ယခုလိုမိုးရာသီမှာ ခနော်ခနဲ့၊ ခြေတံရှည် ကင်းတဲအောက်ထဲ သူဝင်လိုက်တော့ ပလိုင်းထဲမှ ဖားတစ်ကောင် မသေသေးပဲ အပြင်ခုန်ထွက် လာသည်။ ရိုက်ချက်က ခြေထောက်ထိထားပုံရ၏ ၊ ဒီအကောင်ခြေထောက်တစ်ချောင်း တန်းနေသဖြင့် ထပ်မခုန်နိုင်၊ ပြူးကြောင်ကြောင်မျက်လုံးတွေဖြင့် ဓာတ်မီးရောင်ကို ပြန်ကြည့်နေသည်။ သူ ဖားလေးကို တွေပြီးငေးနေမိ၏ ။ ဖားကမီးရောင်အောက်မှလွတ်ရန် ထပ်ခုန်သော်လည်း ကြိုးနေသောခြေထောက်ကြောင့် အနည်းငယ်သာရွေ့သည်။ သူခေါင်းကို ဘယ်ညာရမ်းပြီး သက်ပြင်းတစ်ချက်ချရင်း ဖားငယ်ကို ခြေထောက်မှ လှမ်းကိုင်လိုက်ပြီး မြေပြင်ပေါ် ပစ်ပေါက်လိုက်သည်။ ပလိုင်းထဲမှ မသေမရှင် ဖြစ်နေသော အကောင်တွေပါ ထပ်ပြီး တစ်ကောင်စီ ရိုက်သတ်လိုက်သည်။ မဟုတ်လျှင် ဒီကောင်တွေ အမူးပြေပြီး ခုန်ထွက်ကျန်ခဲ့မှာသေချာသည်။ လေးငါးကောင် ခြေလက်တွေ တဆတ်ဆတ်တုန်ပြီး ငြိမ်သက်သွား၏ ။

ကင်းတဲ အောက်ခြေတိုင်ကိုကျောမှီရင်း ရေလုံအောင်ပလပ်စတစ်အိတ်နှင့် ထည့်ထားသော ဆေးပေါ့လိပ်ကိုထုတ်ပြီး မီးညှိလိုက်သည်၊ မိုးငွေ့ကြောင့် ဓာတ်ဆီမီးခြစ်က လေးငါးခါနှင့် မီးမတောက်၊ မီးတောက်တော့ အလျင်စလို ဆေးပေါ့လိပ်မီးကို ရဲခနဲဖြစ်သွားအောင် ဖွာလိုက်ပြီး အဆုတ်ထဲအထိ ရှိုက်သွင်း လိုက်သည်။ ရင်ထဲနွေးသွားသလို အမောပဲပြေသွားသလိုလို။ ပြန်ထုတ်လိုက်သော ဆေးလိပ်အခိုးအငွေ့ တို့နှင့်အတူ သက်ပြင်းတချို့ ကာလာမဲ့ ပျော်ဝင်သွားမှာသေချာသည်။ “လူဆိုတာ ကိုယ်ပိုင်ဆိုင်ထားတဲ့ ပိုင်ဆိုင်မှုတွေ အောင်မြင်မူတွေ အပွန်းအပဲ့ မခံနိုင်ကြတာ သဘာဝပဲလေ”

ကောင်းကင်သည် မျက်လှည့်ဆရာတစ်ယောက် လေသံလို ချော့တလှည့် ခြောက်တလှည့်။ တစစ်တစ် ကိုက်လာသောဒူးကို တေဇောဘမ်း ပွတ်လိမ်းလိုက်ရင်း ဆေးလိပ်ကို ခပ်နာနာ ဖွာလိုက်သည်။ ညနေစောင်းကတည်းက ကိုက်တဲ့ဒူး ငါးကိုင်းထောက်မှာမို့ ဆေးမလိမ်းဖြစ်၊ ဒီအနံ့က ရေထဲမှာဘယ်လိုကျန်ခဲ့ မကျန်ခဲ့ သူမသိပေမယ့် အတွေ့အကြုံအရ ကိုင်းကိုငါးမဆွဲတာတော့ သေချာသည်။ လက်ကျန် လီရှောအရက် အနည်းငယ်ကို မော့ချလိုက်တော့ နေသာသလိုလို။ ကင်းတဲ ညာဖက်ဘေးဆီမှ ဖားအော်သံ စူးစူးဝါးဝါး၊ ဒါဖားကို မြွေကိုက်နေတဲ့အသံမျိုး၊ အင်... ဒါလဲမဖြစ်နိုင် မိုးကုတ်မှာ မြွေဆိုတာက အင်မတန်တွေ့ရခဲတဲ့ သတ္တဝါ၊ သိပ်စဉ်းစားမနေတော့ပဲ သူ ပလိုင်းလွယ်၊ ဖားရိုက်တုတ်ယူပြီး အသံလာရာဆီထွက်ခဲ့သည်။

တွေ့ပါပြီ.. ဆင်ငိုမြက်ဖုတ် အုပ်အုပ်လေးပေါ်မှာ ဖားငယ်လေးရဲ့ ခါးကို ကိုက်ထားတဲ့ တောင်ဖားကြီးတစ်ကောင်၊ တဖြန်းဖြန်းနှင့် သူသုံးချက်ဆင့်ရိုက်လိုက်သည်၊ လျှာထွက်ပြီး ဆန့်သွားသော တောင်ဖားကြီးပါးစပ်မှ ဖားငယ်လေး ခုန်ထွက်သွားတော့ သူလိုက်မရိုက်ဖြစ်တော့။ “နင့်အသက်တစ်ခါလွတ် ငါအသက်ဆယ်ခါလွတ်ပါစေ” ဆိုင်မဆိုင်သူသိပ်မတွေး၊ လူပီသစွာ ဆုတောင်းလိုက်တာပဲရှိသည်။ ပလိုင်းထဲ ဖားကြီးကိုကောက်ထည့်ပြီး တောင်ခြေအစပ်ဖက် သူလျှောက်လာခဲ့သည်။
ဒီလိုမျိုး လေးငါးခြောက်ကောင်ရလျှင် ပလိုင်းပြည့်ပြီ၊ ဒီကောင်တွေက ဈေးကောင်းလည်းရသည်။ ရောင်းရငွေနှင့် ဒီဒီး ကြိုက်တတ်သော ဝက်သုံးထပ်သား ဝယ်ကြွေးမည်။ အင်း... မစားရတာလဲကြာပေါ့။ ဒါမှမဟုတ် အရင်လိုပဲ အကောင်ကြီးတွေ၊ ဈေးကောင်းရမှာတွေရောင်းပြီး အကောင်သေးသေးလေးတွေပဲ ဒီဒီး ချက်မှာလား။
နာရီဝက်လောက်ကြာတော့ ပလိုင်းထဲပြည့်သွားပြီ၊ ကောင်းကင်ကိုမော့ကြည့်ရင်း ပိတ်စွယ်အင်းဖက် လှမ်းမျှော်ကြည့်ကာ နောက်ကြောင်းပြန်လှည့်
လိုက်သည်။ တစ်ချက်တစ်ချက် ထထလက်လိုက်သော လျှပ်စီးရောင်အောက်မှာ ပတ်လည်ကတောင်တန်းတွေက မိုးအေးအေးမှာ ကွေးပြီးကုန်းအိပ်နေသလို၊ ဒယ်အိုးပုံ မြို့လေးထဲမှာ ဘဝရဲ့အပူတွေနဲ့ ရုန်းကန်နေရတာ နှစ်တွေလည်း မနည်းတော့ပါ။

.....................................................

မှောင်မဲမဲမှာ ဓာတ်မီးတလက်နဲ့ နောက်ဆုံးထောက်ခဲ့တဲ့ ကိုင်းဖက်ဆီ မှန်းပြီးလာခဲ့သည်။ မီးရောက်အောက်မှ ဖြတ်ပြေးသွားသော ဖားတို့ သူဆက်မရိုက်ဖြစ်တော့။ ကိုင်းတံဆီ ရောက်တော့ ကမ်းစပ်မှာပလိုင်းကိုချရင်း ရေစပ်ဆင်းပြီး ကိုင်းကိုဆွဲမလိုက်သည်။ ခပ်လတ်လတ် ငါးရံ့တစ်ကောင်မိနေ၏ ။ ပိတ်စွယ်ပင် တစ်လက်ဆွဲဖြတ်ပြီး တစ်ဝက်ခွဲကာ သီတံလုပ်၊ ငါးမျှားချိတ်မှ ငါးကိုဖြုတ်သီလိုက်သည်။ နောက်တစ်ကိုင်း ကြတော့ အစာတပ်ထားတဲ့ တီကောင်မွစာကျဲနေသည်။ ငါးပေါက်တွေ လာတွတ်သွားတာဖြစ်မည်။ နောက်ထပ် တစ်ကိုင်းကြတော့ ကိုင်းတံက ဗေဒါနှင့် ပိတ်စွယ်ပင်တွေကြား လုံးထွေးနေသည်။ ဒီကိုင်းက ငါးတော်တော်ကြီးကြီးမိနေပုံရသည်။
ကိုင်းဖျားပိုးကြိုးတစ်လျောက် တဖြေးဖြေး စမ်းပြီး ငါးမျှားချိတ်ဆီ သူလက်ရွေ့လိုက်လိုက်တော့ အတွေ့အကြုံက သိလိုက်သည် ငါးခူတစ်ကောင်။

ဒီကောင်တော်တော်သန်သည်၊အတော်ရုန်းထားပုံရသည်။ သူခက်ခက်ခဲခဲ ဖြုတ်လိုက်ရ၏။ နောက်ဆုံးကိုင်း ရောက်တော့ ငါးခူအရွယ်စုံ ၅ ကောင်၊ ငါးရံ့ ၉ ကောင်၊ ငါးပနော် ၂ကောင် ရပြီ ။ နောက်ဆုံးကိုင်းက ထောက်ထားတဲ့နေရာမှာမရှိ။ ခပ်သာသာ ဗေဒါဖုတ်ထဲမှာ ကိုင်းဖင်ထောင်နေ၏၊ တော်တော်လေး အားစိုက်ပြီး ချော့ဆွဲလိုက်တော့ တဖြေးဖြေးပါလာသည်။ ချော့မဆွဲလို့ကလည်း ကြိုးပြတ်သွားတတ်တာကိုး။ ရေပေါ်ပေါ်လာသော ကြိုးထိပ်မှာ တဖြေးဖြေးမြင်နေရတဲ့ ခေါင်းက ငါးရှဥ့်တစ်ကောင်။ အံသြစရာ ဒီကောင်အစာတော်တော်ငတ်နေပုံ။ တော်တော်ကြီးတာ ။ ဒီကောင့်ကို မရောင်းတော့ပဲ ဒီဒီးနှင့်သူ ကင်ပြီးမှချက်စားမည်။ ဒီည တော်တော်ကံကောင်းတာပဲ၊ “သတ္တဝါတစ်ခုရဲ့ ကံကောင်းခြင်းဆိုတာ တစ်ခြားသတ္တဝါတစ်ခုရဲ့ ကံဆိုးခြင်းများလား” မဆီမဆိုင်ဝင်လာတဲ့ အတွေးကြောင့် သူတစ်ယောက်ထဲပြုံးလိုက်မိ၏ ။

ငါးကိုင်းတံတွေ အစီအရီ ထပ်ပြီး ပိတ်စွယ်ရွက်တံ နှင့်စည်းလိုက်ကာ ပြန်ရန်ခြေဦးလှည့်လိုက်သည်။ ဒီအချိန်လောက်ဆို ဒီဒီးတစ်ယောက် တောင်ယာကွက်သေးသေးလေးထဲမှာ မုံညင်းဖြူ၊ မုံညင်းစိမ်းတွေနုတ်နေလောက်ရောပေါ့။ သူ့အတွက် ရေနွေးတစ်အိုး၊ ထမင်းကြမ်းကြော် တစ်ပန်းကန် အဆင်သင့်ပြင်ထားလောက်ပြီ။ တောင်ယာဆိုလို့ ပြီးခဲ့တဲ့အပတ်ကတည်းက သက်ဆိုင်ရာက ပြောင်းခိုင်းထားတာ သူမပြောင်းဖြစ်သေးတာ တွေးမိရင်း စိတ်မောနေမိသည်။
သူ့ယာတဲလေး ခပ်လှမ်းလှမ်းအထိ သက်ဆိုင်ရာ ကျောက်တွင်းမျောလုပ်ကွက်က တဖြေးဖြေး ရောက်လာပြီ။ မျောတိုက်(ကမ်းပါးကို ရေအားနှင့်ထိုးချပြီး ကျောက်ရှာခြင်း) တယ်ဆိုတာကလည်း ကျောက်ပိုထွက်တဲ့ နေရာဖက်ကို တဖြေးဖြေးဖြိုချရတာဆိုတော့ သူ့လိုဘာအထောက်အထားမှမရှိတဲ့ အဆင်ပြေရာ
တောင်ယာလုပ်နေသူအတွက် တားပိုင်ခွင့်မရှိ။ ကျောက်ကလဲ သူ့တောင်ယာဖက်မှ ပိုထွက်ပိုကောင်းနေရသလား။
“တန်ဖိုးကြီးကြီး ရတနာတွေ သူ့ခြေထောက်အောက်မှာ ဘယ်လောက်ရှိနေမှန်းမသိ၊ သူမှာတော့ နေ့ဖို့ညစာက မရေမရာ”
မနက်ဖန်ဆိုတဲ့ မမြင်ရသေးတာတွေ သူသိပ်မစဉ်းစားချင်။ စဉ်းစားလောက်အောင်လဲ ရင့်ကျက်တဲ့ အသိဥာဏ် ဥစ္စာဓန သူ့မှာမရှိ။
အပြန်လမ်းက သူ့အတွက် လေးလံလွန်းနေသည်။ ပခုံးထက်က ပလိုင်းကြောင့်လား၊ လက်ထဲက ငါးကိုင်း ငါးသီတံတွဲတွေကြောင့်လား မဝေခွဲတတ်။

......................................

ပန်ရှိုးတောင်ခြေအစပ် ရောက်တော့ သူခဏပစ္စည်းတွေချပြီး အနားယူလိုက်သည်။ မယူလို့လဲမဖြစ်တော့ ထိခိုက်ထားတဲ့ ခြေထောက်က တစစ်စစ်နာနေပြီ။ ရေညှိတက်နေသော မုကျောက်တုံးတခုပေါ်ထိုင်ချလိုက်ရင်း အိမ်အပြန်အတက်လမ်းကို မော့ကြည့်မိသည်။ မှောင်မဲမဲ ညအောက်မှာ ပန်ရှိုးလုပ်ကွက်က ငြိမ်သက်စွာ ငုတ်တုတ်ထိုင်နေသလို၊ အဲဒီလုပ်ကွက် အစိုးရမသိမ်းခင်က သူခိုးတွင်းလုပ်ဖူးခဲ့သည်။ ခိုးတွင်းဆိုတော့လည်း ညဖက်မှာ ဖယောင်တိုင်မီးအားကိုးနဲ့ လုပ်ရတာပေါ့၊ ဆောင်းတွင်း ရေခဲမှတ်နီးနီး ရာသီဥတုမှာ သူတို့ချွေးတလုံးလုံးနဲ့ တညလုံးတူး၊ ဗြုံးတွေ ရေမြောင်းနားက ဗြုံးခွက်ထဲ ထမ်းပို့၊ ဝေလီဝေလင်းကျတော့ ဗြုံးဆေးကျ။ အဲဒီနောက်တနေ့က သူ့ဘဝထဲ ဒီဒီး ဝင်လာခဲ့စေတဲ့ အပြောင်းအလဲ ခပ်ကြမ်းကြမ်း အနီရောင် ပန်ချီကားတစ်ချပ်ဖြစ်ခဲ့တယ်။

လူငါးယောက် လုပ်တဲ့အထဲမှာ ရာဂျူးတစ်ယောက်သာ လုပ်ဖော်ကိုင်ဖက်။ ကျန်တာက သူဌေးထည့်ပေးလိုက်တဲ့ လူတွေ။ ဗြုံးစဆေးတော့ မိုးကုတ်ဘိုးဘိုးကြီးကို ပသဆုတောင်းထားတဲ့ ငါးပြားတန်ချိုချဉ်အနီရောင်လေးကို ရာဂျူးကကောက်ငုံလိုက်တာ သူတစ်ယောက်ပဲတွေ့လိုက်သည်။ ဇကာလှည့်တော့ ရာဂျူးကကျွမ်းကျင်သူမို့ ဒိုင်ခံလှည့်၊ သူတို့လေးယောက်က ဗြုံးထည့်ပေးသူပေး၊ ကျောက်ရွေးသူရွေးပေါ့။ တလှည့်မှာ ရာဂျူး ဇကာထဲက ၁၀ ကာရက်လောက်ရှိမဲ့ ပတ္တမြားတပွင့်ကို “ဟာ ပွင့်ပြီဟေ့” ဆိုပြီး ပါးစပ်ထဲကောက်ငုံထားလိုက်တယ်လေ။ အားလုံးလဲ ပျော်နေကျတာပေါ့။ ရာဂျူး မျက်နှာကတော့မချိုမချဉ်နဲ့။ အလုပ်တွေအားလုံးပြီး ကျောက်ကို တောင်းကြည့်ကျတော့မှ “အဲတာ ချိုချဉ်၊ မင်းတို့ကို စတာဟ” ရာဂျူး အစသန်မှန်း သူသိပေမယ့် သူအနေနဲ့လည်း မြင်ခဲ့ရတာ ချိုချဉ်တစ်လုံးမဖြစ်စေချင်။ ဟိုလူသုံးယောက် မျက်နှာတွေ ပျက်နေပြီ။

ခဏနေတော့ တစ်ယောက်က “လူလည်ကျဦးကွာ” ဆိုပြီး ပေါက်ပြားနဲ့ ရာဂျူးကို နောက်မှ လှမ်းခုတ်ချလိုက်သည်။ ပုခုံးစပ်ကို အရှိန်ပြင်းပြင်း ခုတ်မိသံက အား ကနဲအော်သံနှင့်အတူ စူးစူးဝါးဝါး။ ဖြာထွက်လာသောသွေးတို့မြင်မကောင်း။ တစ်ချက်မှ တစ်ချက်ထဲရယ်။ လဲကျသွားသောရာဂျူးကို တစ်ယောက်က အပေါ်မှ ခွထိုင်ရင်း အကျီ င်္ရင်ဘတ်ဆွဲဖြုတ်ကာ ပါလာသောဓါးနှင့် ရင်ဘတ်ကိုခွဲနေတော့ သူလည်းမျှော်လင့်တကြီးပေါ့။ အတွင်း ကလီစာတလျှောက်၊ ပြီးတော့ အစာအိမ် ။ မရွံမရှာ စေ့စေ့စပ်စပ် ရှာပေမယ့် သူတို့မျှော်လင့်တာ အရောင်ဆင်ဆင်မျှမတွေ့။ သူကိုယ်တိုင် မပါဝင်လိုက်ပေမယ့် သူဘာလို့ မတားမိခဲ့တာလဲ သူမစဉ်းစားတတ်။ လေးယောက်သား ရာဂျူး အလောင်းကို တွင်းထဲပစ်ချပြီး ပထမအဆက်က အသားတိုင်တွေ ကလန့်ဖြုတ်ချလိုက်သည်။ မနက်ဆို ပြိုကျနေသော တွင်းအနေနဲ့သာ မြင်ရတော့မည်။ တွင်းပြိုကျသွားလို့ ရာဂျူး တွင်းပိသွားတယ်ဆို ကိစ္စကပြီးပြီ။

တစ်ယောက်ထဲကျန်ခဲ့သော ရာဂျူးညီမ ဒီဒီးနှင့် တကိုယ်ရေသမား သူ့ကို သူဌေးက လက်ထပ်ပေးခဲ့သည်။ လွင့်သွားသောအတွေးတို့ သူ့ထံပြန်ကပ်လာချိန် သူ လေးလံစွာသက်ပြင်းချလိုက်မိ၏။ တောင်တက်လမ်း စလိုက်သောခြေလှမ်းတို့က အားအင်မဲ့လျက်။ ခပ်မတ်မတ် ဆင်ခြေလျောတခုကို ကောင်းနေသေးသည့် ခြေတစ်ဖက်အားပြုရင်း သူကြိုးစားတက်နေသည်။ ဒီလမ်းမှာ ဒီနေရာတခုသာ အနည်းငယ်မတ်ပြီး လမ်းတစ်ဖက်ခြမ်းက ချောက်ငယ်တစ်ခု၊ ချောက်တစ်ဖက် ခြုံစပ်စပ်မှာ ရာဂျူး ဆုံးခဲ့တဲ့နေရာ။ မိုးရွာထားလို့ မြေလမ်းက အနည်းငယ်ချော်နေသည်။ သူ သတိထားထိမ်းတက်နေရင်း ဆင်ခြေလျော လမ်းထိပ်ဖက်ဆီကြည့်လိုက်တော့ လည်ပတ်နေတဲ့သွေးတို့ တခဏတွင်း ဆောင့်တက်လာသလို၊ ဖြန်းကနဲထသွားသည့် ကြက်သီးတို့က အရေပြားအနှံ့။
“ရာဂျူး”
ဟုတ်ပါသည် ရာဂျူးမှ ရာဂျူး သူ့ကို မီးတောက်မတတ်မျက်လုံးတွေနှင့်စိုက်ကြည့်နေသော ရာဂျူး။ သူ အယောင်ယောင်အမှားမှားဖြင့် လက်ထဲမှ ငါးသီတံ ငါးကိုင်းတို့ လွှတ်ချလိုက်မိသည်။ ခြေတစ်လှမ်းနောက်အဆုတ် ထောက်အားက မသန်တော့သောခြေတစ်ဖက်အပေါ် အားပြု ရက်မိသား။ သတိရလို့ ထိမ်းလိုက်တဲ့ အချိန်က
အရမ်းနောက်ကျသွားပြီ။ လေထဲမြောက်တက်သွားသော ခန္ဒာကိုယ်က လမ်းပေါ်အရှိန်နှင့်ပစ်ဆောင့် ကျသွားသည်။ ဆင်ခြေလျောအတိုင်း ဒလိမ့်ခေါက်ကွေး ကျသွားတဲ့ သူ၊ လမ်းဘေးက ကျောက်တုံးတစ်ခုပေါ် ခါးတည့်တည့် ပစ်ကျမိလိုက်တဲ့အချိန် နာကျင်မှုက အသည်းခိုက်မတတ်။ အာရုံထဲ သူ့ရိုက်ချက်အောက်က ဖားလေးတွေ ကားကနဲဖြစ်ဖြစ်သွားတာ မြင်နေရင်း။
တစ်စ....စ...။



ဘဝအမောများပြေပါစေ

(MTK)

Saturday, November 7, 2009

တစ်နှစ်သား “စာဥယျာဉ်” ထဲမှာ ဖူးပွင့်နေတဲ့ “ကဗျာပန်း” များ


တစ်ယောက်စိတ်မှာ..တစ်ယောက်ကနေထိုင်လို့
တစ်ယောက်ဟာ...တစ်ယောက်ရဲ့..အိမ်
တစ်ယောက်..ရယ်မောသံမှာ...တစ်ယောက်ဒေါမနဿတွေက..အငွေ့ပျံ
တစ်ယောက်ခြေသံနဲ့..တစ်ယောက်ခရီးဆက်ခဲ့ကြ
အချစ်ဆိုတာ..ရာသီစာလို..ဖေဖေါ်ဝါရီရောက်မှ..ထပွင့်ပြတဲ့..ပန်းမဟုတ်
တစ်ဘ၀စာ..စိုက်ပျိုးထားတဲ့..စိတ်ဥယာဉ်ထဲမှာ...
အသိမ်မွေ့ဆုံး..ပျံ့သင်းနေတဲ့..........ကဗျာ..။

အိန္ဒြာ


ဒီကဗျာလေးနဲ့ ကဗျာဆရာမ မ“အိန္ဒြာ” က သူမရဲ့ စာဥယျာဉ်လေးကို 2008ခုနှစ် နိုဝင်ဘာလ ရှစ်ရက်နေ့မှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။
ကျွန်တော်က မဂ္ဂဇင်းတွေ၊ စာအုပ်စာပေတွေနဲ့ ဝေးဝေးမှာ ရောက်နေခဲ့တာ ကြာခဲ့ပြီ ဆိုတော့ အထက်တန်းကျောင်းသားဘ၀ တုန်းကလို၊ တက္ကသိုလ်ကျောင်းသား ဘ၀တွေတုန်းကလို ရသစာပေတွေ ကဗျာတွေနဲ့ အလှမ်းဝေးနေခဲ့တာ ဆယ်စုနှစ်ကျော် ကြာခဲ့ပြီဆိုတော့ ကဗျာဆရာမ မ“အိန္ဒြာ” ကို မသိခဲ့ဖူးပါဘူး။ နောက်တော့ သူမရဲ့ စာဥယျာဉ်လေးကို ကျွန်တော် မျက်စိလည် လမ်းမှားပြီး ရောက်သွားတော့ ကြယ် အ "တေး" ဆိုတဲ့ ကဗျာလေးနဲ့ စသိခဲ့ပြီး ကျွန်တော့်အကြိုက် ကဗျာဆရာတွေထဲက ကဗျာဆရာမတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ကြယ် အ "တေး"

ငါဟာ...
နင့်ကောင်းကင်..အစွန်အဖျားက
အမှုန်အမွှား..ကြယ်စင်တစ်စင်းပါ..
ငါ...တလဲ့လဲ့..ထွန်းလင်းရွှန်းပချင်သလောက်
နင်တဖွဖွ..အုံ့ဆိုင်းမှိုင်းရီ..ခဲ့..

ငါ့..ခမျာ
ဖြေဆိုခွင့် မရတဲ့..စာပြန်ပွဲမှာမှ..
အမှတ်ရာပြည့် ရချင်နေသူလေ..
ရာသီဥတုကို အလိုက်သိတတ်လွန်းပြန်လို့
ရွယ်ရုံနဲ့..ကွဲချင်နေတဲ့..အိုးတစ်လုံးလိုမျိုး
ငါ့..ရင်ဘတ်ကိုငါ..ရိုသေသိမ်းဆည်းခဲ့..

ငါက..
နင့်စောင်းကြိုးမျှင်ကိုမှ..တလွင်လွင် ချိုမြချင်သူလေ..
မှတ်တိုင်ပျောက်နေတဲ့ ခရီးကို..တက်စီးလာခဲ့မိလိုက်တာ
ရွေးချယ်မှုတွေပဲ...မှားယွင်းခဲ့တာလား...
(မဟုတ်ဘူး)
ရွေးချယ်မှုတွေက..ငါ့ကို..မှားယွင်းသွားခဲ့တာ..
ငါ့ ကို...ချိုးဖဲ့..ဖူးပွင့်ပါ..
ငါ့ ကို...ဆုတ်ဖြဲသစ်လွင်ပါ..
ငါ့ ကို...ခပ်ယူချမ်းမြေ့ပါ..
ငါ့ကိုယ်ငါ..ကျစ်ခဲထားလေသမျှ..
ဘယ်သူ့ကို..ဝေမျှ ကြေကွဲရမလဲ..
ပွဲမစခင်ကတည်းက..ခြေခေါက် ချော်နှင့်ပြီးသား..
ဘယ်လောက် ဆိုးဝါးထားသလဲကွယ်..

ငါ့..ဆေးဘက်ဝင် အလွမ်းခါးခါးကြီးတွေနဲ့
နင့်ဘ၀ကို..မလေးလံစေဖို့
ငါ့စည်းမျဉ်းနဲ့ငါ..ဘောင်ခပ်ကြပ်ကျဉ်း..
ငါ့သက်ပြင်းနဲ့ငါ...ဆင်းရဲတွင်းနက်ခဲ့

တကယ်ပါ...
နင့်..သံသရာအထိ..အနှောက်အယှက်နေမလား...
ငါ့ဆုတောင်းကိုငါ....ရွေးချယ်မှောင်မိုက်ပေါ့...

ငါ့..ရူးသွပ်မှုတွေ..နင်..မောင်းနှင်ခဲ့တာ..
ငါ့..နက်ရှိုင်းမှုတွေ..မိုးလို..ရွာမပြနိုင်ပေမယ့်...

ငါ့..ဘက်က..ပြိုကျသွားလေသမျှ
နင့်..ဘက်..မှာ..သောင်..ထွန်း..ပါ..စေ..သား...။ ။

အိန္ဒြာ

{၂၀၀၃ခုနှစ် သြဂုတ်လထုတ်.. မြားနတ်မောင်မဂ္ဂဇင်း (အမှတ်-၁၃၄)မှာ ပုံနှိပ် ဖေါ်ပြခဲ့ပြီး..၊ ဂီတမိတ်မှာပြုလုပ်ခဲ့တဲ့.. ကဗျာ..ရွတ်ပွဲလေးတစ်ခုမှာ..ရွတ်ဆိုခဲ့ဘူးပါတယ်..။}



အဲဒီကဗျာလေးက အစပြု ပြီး ကဗျာဆရာမ မ“အိန္ဒြာ” ရဲ့ စာဥယျာဉ်လေးထဲကို ကျွန်တော် မကြာမကြာ ရောက်ဖြစ်ပါတော့တယ်။ ကျွန်တော် အကြိုက်ဆုံး ကဗျာလေးတွေအပြင် ကျွန်တော် ကြိုက်တဲ့ ၀တ္ထုတိုလေးတွေကိုလဲ ဒီ စာဥယျာဉ်လေးထဲမှာ ဖတ်ခွင့် ရခဲ့ပါတယ်။


ကဗျာဆရာမ မအိန္ဒြာ” ရဲ့ ကဗျာတွေ ၀တ္ထုတိုတွေထဲမှာ ကျွန်တော့် နှလုံးသားကို ကျင်ခနဲ စူးစိုက်စေတဲ့ မြှားတွေ တွေ့တယ်။ ကျောထဲ စိမ့်ခနဲကနေ တစ်ကိုယ်လုံးသွေးကြောတွေထိ လှိုက်လှဲစေတဲ့ ကလောင်တံတွေ ရှိတယ်။


ဖိုးမှိုက်နဲ့..ဖွားရေတိုက် လို ဘ၀ထဲက အမောတွေ၊ ဒေါင်လိုက် ဖြတ်တိုက်သွားတဲ့ လေ လို အနုပညာနဲ့ မိသားစုဘ၀တွေ၊ သူမ ကောင်းကင်ယံထဲက ကျွန်တော့်ဆွံ့အ ကြယ် သူမကို အသစ်ပြန်စိုက်လိုက်တဲ့ သစ်ပင် နှင့် သက်တန့် အိပ်မက် တို့လို ချစ်ခြင်းဖွဲ့တွေ၊ အခိုးအငွေ့တံတား.. နှင့် ငါ့မျက်ရည်နဲ့ ကျစ်တဲ့ကြိုး တို့လို ရသပညာပေး ၀တ္ထုတိုတွေ ကိုလည်း ရေးခဲ့ပါတယ်။ ကျွန်တော် အကြိုက်ဆုံးကတော့ သေနေတဲ့ နာရီ ဆိုတဲ့ ၀တ္ထုတိုလေးပါ။ အကြိုက်ချင်းတော့ တူချင်မှ တူကြမှာ ဖြစ်ပေမဲ့ အဲ့ဒီ ၀တ္ထုတိုလေး ဖတ်တိုင်း မွန်းကျပ်တဲ့ လှောင်အိမ်တစ်ခုထဲမှာ လွတ်လပ်မှုကို ဆေးခြယ်ဖို့ ကြိုးစားနေတဲ့၊ အမှန်တရားတွေ ကို လှပရိုးစင်းတဲ့ နိမိတ်ပုံတွေနဲ့ ဖွဲ့ပြတယ်။ တစ်ချို့အရာတွေက ကျွန်တော်တို့ရဲ့လက်တစ်ကမ်းမှာ ရှိနေပေမဲ့ လက်လှမ်းလို့ မရတဲ့ တံတိုင်းတွေ၊ သံတိုင်တွေက ခြားနားထားသလိုမျိုးပေါ့။ လွတ်လပ်မှုကို တပင်တစ်ပန်း ဆုပ်ကိုင်ဖို့ ကြိုးစားနေရင်းက ကုန်သွားရတဲ့ နှမျောစရာ အချိန်တွေဟာ သေနေတဲ့ နာရီတွေလား။ အတွေး သိပ်များစေခဲ့တဲ့အတွက် ကြိုက်တာပါ။

“မအိန္ဒြာ”က ကဗျာတွေကို မြတ်နိုးတတ်ဟန် ရှိသလို ကဗျာဆရာတစ်ယောက် ဖြစ်ရတာကိုလဲ ကျေနပ်နှစ်သက်မှန်း သူ့ကဗျာတစ်ချို့မှာ သိနိုင်ပါတယ်။ နာမကျန်းခြင်း တေးသံ လို ကဗျာမျိုး တွေမှာပေါ့။


ကမ္ဘာဦးလေသန့်ကို ရှူရှိုက်ဖို့
သံသရာဆိုတာ ဘယ်လောက်ရှည်ကြာလိမ့်ဦးမလဲ
ပျက်ကို ပျက်ရမှာကတော့ သေချာတယ်။

ရေကြီးလွှမ်းလွှမ်း၊ မီးကြီးလောင်လောင်
ကမ္ဘာတစ်ခုပျက်လို့ နောက် ကမ္ဘာသစ်တည်ကြရင်
အဲဒီ့ကမ္ဘာကို ကဗျာဆရာတွေနဲ့ ပြန်စမယ်။

ကဗျာဆရာဆိုတာ စိတ်က လှမ်းလှမ်းခွပ်သမျှ
အနေအထိုင် မတတ်ပြတာလေးကလွဲလို့ ရိုးသားတယ်
ကဗျာဆရာတွေက ကိုယ့်နှလုံးသားကို ကိုယ်
ရဲရဲဝံ့ဝံ့ ဖွင့်လှစ်ပြ၀ံ့သူတွေလည်းဖြစ်တယ်
ကဗျာဆရာ့ ဥပဇာမှာ ဗြဟ္မစိုရ်တရားတွေထွန်းကားပြီး
ကဗျာရေးတဲ့လက်တွေဟာ ဘယ်တော့မှ စစ်မက်တွေကိုမရေးချယ်တတ်ဘူး
ကဗျာရေးခြင်းအတတ်မှာ High techမလိုသလို
ကဗျာရေးခြင်းစွမ်းရည်အတွက် လောင်စာဆီတွေမလိုဘူး

ကဗျာဆရာတွေက
အလေ့ကျပေါက်ပင်တွေ ဖြစ်ပေမယ့်
ဆေးဖက်တော့ဝင်တယ်
ကဗျာဆိုတာ ကဗျာဆရာတွေရဲ့ သစ္စာဓိဌာန်
အဲဒီ့ သစ္စာဓိဌာန်က ကမ္ဘာဦးတေးသံ ဖြစ်လိမ့်မယ်။

ကဲ... အကုသိုလ်တွေ ခဏအောင့်ရအောင်
ဘ၀ဆိုတာ
တနင်္လာဆန်ဆန် နှစ်ခါ ပြန်ရ ဖို့ မလွယ်ဘူးလေ..။

သင်က
မနေ့က၀င်သွားခဲ့တဲ့ နေမင်းကြီးပဲမဟုတ်လား..
ကျွန်ုပ်တို့ အပူငွေ့တွေလှုံပြီး
ရဲရဲတောက် ကျန်းမာနေတဲ့ပုံ။ ။



အိန္ဒြာ
( ပိတောက်ပွင့်သစ်မဂ္ဂဇင်း)



မ“အိန္ဒြာ”ရဲ့ ကဗျာလေးတွေကို ပြန်တူးဆွကြည့်တော့ ကျွန်တော် ကြိုက်တဲ့ ကဗျာတွေ အတော်များများကို တွေ့ရပါတယ်။ “စနေ အနီ လို ကဗျာမျိုးမှာပေါ့။ တိုက်ပွဲဝင်လိုတဲ့ ရဲရင့်ရင့် သွေးတွေ...

စနေ အနီ

အနီတွေ ရင့်နေအောင် ရွာတယ်........

ဖျတ်ခနဲ--
မျက်တောင်တစ်ချက် ခတ်လိုက်မိတယ် ဆိုရုံလေး
ခြေလှမ်းတိုင်းရဲ့ မျက်နှာစာဟာ
သတ် ကွင်း လုံး လုံး ဖြစ် ခဲ့ ပေါ့။

ခိုဖြူတွေ လန့် ပြီးထပျံတယ်။
အမေတွေရဲ့ အသည်းနှလုံးအစုံစုံ ကျကွဲတယ်။
ကမ္ဘာမြေ က မျက်နှာလွှဲလိုက်တယ်။
ကောင်းကင်က သည်းကနဲ ငိုချတယ်။

တစ်ချက်ကလေး တို့ထိလိုက်မယ့် လက်ညှိုးသေးသေးမှာ
ဘယ်လိုအာဃာတတွေ
ပွားစီးနေခဲ့လည်း.................?????.

အနီတွေ........
အနီရောင်တွေ....၊
အဲဒီ့ စနေရဲ့ ကောင်းကင်ကို ခွစီးထားတဲ့ အနီတွေ...........

ရက်ရက်စက်စက်
တကယ့်
အဖြူသက်သက်တွေပေါ်ကိုမှ
သွန်ချတယ်။ ။

အိန္ဒြာ(၇.၅.၂၀၀၅)


ကောင်လေး တူး နေတဲ့ နေ့ လို မိခင်မေတ္တာဖွဲ့ ကဗျာလေးတွေ


ဘယ်တော့မှ မတိမ်ကောဘူး
ကျွန်တော်က.... ကျေကျေနပ်နပ်..စီးဆင်းနေတဲ့ ချောင်းကလေး...။

ကျွန်တော့်..တစ်ကိုယ်ရည်ပွဲတော်ကို ..ကျွန်တော်ပြင်ဆင်
ကျွန်တော့်..ယဉ်ကျေးမှုကို ..ကျွန်တော်ထုတ်ပိုးပြီး
ကျွန်တော့်မေမေကို ..ကျွန်တော်လက်ဆောင်ပေးချင်တယ်။

အဲဒီ့နေ့မှာ
ကျွန်တော့် ကောင်းကင် ..ဘာ .ရောင်ဆောင်..ထား..ထား..
ကျွန်တော့်မေမေကတော့... ပြာလွင်နေမှာ..သေချာပေါ့။

ကျွန်တော်က..ကျွန်တော့် အားနည်းချက်နံရံလေးထဲမှာ
သေသေ၀ပ်ဝပ်...နွေးထွေးခဲ့သူပါ
မေမေ.....!!!
ကောင်းကင်က..ကြယ်တွေ..ကြွေတာ..တွေ့တိုင်း..
တင်းတင်းဆုတ်ထားတဲ့..လက်ဖ၀ါးနှစ်ဖက်နဲ့
သား... ဘာတွေ..ဆုတောင်းတတ်ခဲ့လဲ.....သိလား..?

ကျွန်တော့် ခန္တာကိုယ်ထဲမှာ
တဒီးဒီး...လှည့်ပတ်နေကြတဲ့
သွေးမျိုးဆက်တွေအတွက် ..ကျေးဇူးတင်လိုက်တာ....
အဲဒီ့နေ့.....
မေမေ့...သားချော့တေးချင်းရဲ့
နောက်ခံတီးလုံးလေးက ..ကျွန်တော်ပဲပေါ့.....။

ကျွန်တော်..့ကိုယ်..ကျွန်တော်..တူးဆွ
ကျွန်တော့်..ကိုယ် ..ကျွန်တော်..ကျင်ယူခဲ့သမျှ
ကျွန်တော့်..အိမ်မက်တွေ ..အောင်တဲ့နေ့...

အဲဒီ့နေ့မှာ....
ကျွန်တော်ဟာ .....ကဗျာတစ်ပုဒ်ဖြစ်ကြောင်း...
အလှပဆုံး..ရွတ်သီပေးပါ...မေမေရယ်.....။ ။

အိန္ဒြာ


( ကဗျာဆရာမ မအိရဲ့သား...၊ ကဗျာဆရာညိုနွယ်ထွန်းရဲ့ မွေးနေ့အမှတ်တရ ကဗျာစာအုပ်လေးမှာ.
.လက်ဆောင်အဖြစ် ရေးဖွဲ့ပေးခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ပါ.။)

နောက်ပြီး အရှိမဲ့မေတ္ထာတော် လို ကဗျာလေးတွေ။ ဒီကဗျာကတော့ ဘာကြောင့်ရေးခဲ့သလဲ ဆိုတာလေးပါ သိရရင် ပိုပြီး ဖတ်လို့ ကောင်းမယ် ထင်တဲ့အတွက် မူရင်း အတိုင်း ဖော်ပြပေးချင်ပါတယ်။





ဒီဇင်ဘာ(၁)ရက်နေ့လေးက ကမ္ဘာ့AIDSနေ့ဖြစ်တဲ့အတွက် ကိုယ်တတ်နိုင်သ လောက်လေးနဲ့ အားဖြည့်ပါဝင်ချင် မိပါတယ်။ မြန်မာပြည်မှာ HIVကူးစက်ခံ မိဘမဲ့ကလေးငယ်များအတွက် သုခရိပ်မြုံဆိုတဲ့ ဂေဟာလေးတစ်ခုကို ဒဂုံမြို့ သစ်အရှေ့ပိုင်း တပင်ရွှေထီးလမ်းမှာ ဖွင့်လှစ်ထားခဲ့ပြီး အဲဒီ့ရိပ်မြုံလေးအတွက် အဖြူရောင်သက်တန့်ဆိုတဲ့ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ အနုပညာရှင်တွေ ပါဝင်တဲ့အဖွဲ့လေးက ကဗျာရွတ်ပွဲလေးတွေ ပြုလုပ်ပြီး အလှူခံငွေ ကောက်ခံ ပေးခဲ့ကြပါတယ်.။ အဖြူရောင်သက်တန့်အဖွဲ့လေး ဘယ်လိုတွေဆောင်ရွက်ခဲ့သလဲ..၊ ဘာတွေပြုလုပ် ခဲ့ကြသလဲ ဆိုတာကိုတော့ အခုပေးထားတဲ့ link လေးက တဆင့်ဝင်ရောက်ပြီး ကရုဏာတွေသက်..၊ မုဒိတာပွား..သာဓုတွေခေါ်နိုင်ပြီး သဒ္ဒါပေါက်ခဲ့ရင် ကုသိုလ်ပါဝင်နိုင်ကြပါတယ်လို့လဲ.. တိုက်တွန်း နှိုးဆော်လိုက်ပါ တယ်။

အနာတရတွေနဲ့ ကျန်ရစ်မဲ့ သူတို့ရဲ့ရင်သွေးငယ်လေးတွေကို ထားရစ်ပြီး တမလွန်ကို ထွက်ခွာသွားရမယ့် အမေ တွေရဲ့ခံစားချက်ကို ရေးဖွဲ့ထားတဲ့ ကဗျာလေးဖြစ်ပါတယ်လို့ အစချီပြီး ၂၀၀၇ခုနှစ် ဇွန်လ၆ ရက်နေ့ နေ့လည် တစ်နာရီခွဲ အချိန်မှာ ဆရာစံလမ်းရှိ Mr.Guitar Cafe တွင် ကျင်းပခဲ့တဲ့ အဖြူရောင်သက်တံ ကဗျာရွတ်ဆိုပွဲ
( White Rainbow Poetry Performace ) မှာရွတ်ဆိုခဲ့တဲ့.. ကဗျာလေးဖြစ်ပါတယ်။

“အရှိမဲ့မေတ္ထာတော်”

ငါတို့ သွေးသားတွေကိုတောင်
ကမ္ဘာမြေက လက်မခံနိုင်တော့ဘူး
ဒီပြစ်မှုကို ဘယ်လိုစီရင်ကြသလဲ သိချင်တယ်...

ကျေးလက်စားကျက်ကွင်းတွေမှာ
နွားတစ်ရှဉ်းနဲ့ ထယ်တစ်စင်းနဲ့
သူ့လက်ဖျံပေါ်မှာ.. အမြတ်နိုးဆုံးနှင်းနဲ့
သူ့ဘေးနားမှာ အိမ်ရှင်ချစ်သူမလေးနဲ့
ယာသမားလေး ရိုးသားအေးဆေးရှာခဲ့တာ
သူ့ဘ၀မှာ.. ဆန်းကျယ်တာဆိုလို့
ချစ်သူ့နာမည်ကို အရေပြားပေါ် ဆေးဆိုးခဲ့တာပဲရှိတယ်တဲ့..။

ဟော့ဒီမှာ
အနန္တငါးပါးကို.. ညွှတ်တွား ကိုးကွယ်ခဲ့တဲ့လက်
ခင်ပွန်းသည်ကို ယုယတွဲကူခဲ့တဲ့လက်
ရင်သွေးငယ်လေးကို ပိုက်ထွေးချော့မြှူခဲ့တဲ့လက်
သနပ်ခါးနံ့တွေနဲ့ချည်း မွှေးပျံ့သင်းကြူခဲ့တဲ့လက်
အဲဒီ့လက်မှာ
ဝဋ်နာကံနာတွေ ဗရပွ
ဘယ်ကစဘယ်မှာဆုံးမယ်မှန်း မသိတဲ့ သံသရာအမှောင်ထဲ
နာကျင်ကြေကွဲခြင်းတွေနဲ့ချည်း.. ခရီးဆက်..။

ဘယ်လိုလော်လီမှုမျိုးမှ မစွက်ဖက်
ဝိဘက်ကြမ္မာ ချည်းသက်သက်ဘဝ
တော်လဲ.. ကျီးပြို..
တိမ်မည်းညိုတွေ အဆုတ်လိုက်အဆုတ်လိုက်..
နှင်းခါးရိုက်တဲ့ညမှာမှ
ဟောဒီ့သားလေးကို.. ဆွဲခေါ်မိခဲ့တော့...

သွေးရူးသွေးတမ်းဆန်ဆန်
အရာရာကိုတောင်းပန်...
နောက်အရာရာကို လက်လျော့..
အဖြူသက်သက်ဘ၀တွေထက်
ဆေးအနက်တွေ ကျဲပက်လိုက်သလိုမျိုး
ကံကြမ္မာဆိုတာ.. တောင်းပန်တိုးလျိုးလို့မရတဲ့
လက်မရွံ့အာဏာသားတဲ့ကွယ်..။

အတိတ်တွေကို ပြန်လှည့်မကြည့်ဝံ့ဘူး
အနာဂါတ်ကို လှမ်းမျှော်မကြည့်ဝံ့ဘူး..
ဝေဒနာနဲ့ငါ...
ပစ္စပ္ပုန်တည့်တည့်မှာပဲ စီးချင်းထိုးကြတဲ့ပွဲပေါ့
အံခဲ.. ဇွဲသံ...
အားမတန်သော်မှ လျော့လို့မရတဲ့ မာန်တွေနဲ့
ဒီလူမမယ်ကလေးလေးအတွက် ကြောင့်ကြ
အမေ....ဆိုတဲ့ရင်ဝမှာ...
မီးကျီး မီးခဲလို ပူလှပေါ့..။

သားရေ..
မင်းကိုပွတ်မွှေးထားတဲ့ လေပြည်မှာ
မေမေ့သောကတွေနဲ့များ ပူလောင်နေခဲ့သေးလားကွယ်...

အခု.. သားလေးရဲ ပြတင်းဝက..
အရောင်လှလှလိပ်ပြာလေးက မေမေပေါ့
သားလေးကိုလှုံထွေးထားတဲ့ နေခြည်နွေးနွေးဟာလဲ.. မေမေပေါ့..
သားလေးမက်နေဆဲ မသဲမကွဲအိပ်မက်တွေထဲမှာ
သားလေးကိုချီပိုး..
သားလေးကိုချော့မြှူ
သားလေးကိုနမ်းမွှေး
သားလေးကို ပိုက်ထွေးထားရင်း
သီလက်စသားချော့တေးတွေ တစ်ဝက်တစ်ပျက်
ဘယ်သုဂတိဘုံကိုမှ... ခရီးမဆက်နိုင်ပဲ
နှလုံးသားကွဲအက်နေတဲ့ တစ္ဆေ...
မေမေလေ....။

အပြစ်လုံးလုံးမရှိပေမယ့်
အပြစ်ဒဏ်ဆိုတာ ရှိတတ်တဲ့လောကမှာ
နာကျည်းခါးသီးစရာတွေကို.. မသိ
ရှက်ရွံ့သိမ်ငယ်စရာဆိုတာကို.. မသိ
တုန်လှုပ်ကြောက်လန့်စရာဆိုတာလည်း.. မသိ
ကိုယ့်အနာတရကိုတောင်မှ.. ကိုယ်မသိ
ဘာဆိုဘာမှမသိတဲ့
ပကတိဖြူစင်ရွှင်လန်း.. ကျမ်းမာသန်စွမ်းဆဲ.. သားလေး.....

အားတင်းထား သားရေ.....
ဟောဒီ့ အဖြူရောင်သက်တန့်ကြီးရဲ့နောက်..
ကိုယ်ယောင်ဖျောက်ထားတဲ့..မေမေ
မင်း....ဘယ်တော့မှ..
မ တွေ့ ချင် လေ နဲ့..။ ။

အိန္ဒြာ

နောက်တော့ ကျွန်တော် ကြိုက်တဲ့ အချစ်ကဗျာလေးတွေထဲက အောက်ချင်း စကား ဆိုတဲ့ ကဗျာလေး


အောက်ချင်း စကား

အတောင်ပံအစုံကို ရုပ်ပြီး
မြေပြင်နဲ့ ပစ်ဆောင့်လိုက်သလိုမျိုး
င့ါရဲ့ ကျဆုံးခြင်းက
အထိနာပေမယ့် ခမ်းနားနေခဲ့တယ်။

ဒါဟာ မိုက်ရူးရဲဆန်တာမဟုတ်ဘူး
သစ္စာတရားကို သွေးနဲ့ ရေးချယ်ပြလိုက်တာ
ဒါဟာ ရူးသွပ်မှုမဟုတ်ဘူး
ချစ်ခြင်းမေတ္တာအတွက်
အရက်စက်ဆုံး သက်သေတည်လိုက်တာ။

ကောင်းကင်ဆီထိုးပျံလိုက်တဲ့
တောင်ပံဖျားက ဗျာပါရတွေက အစ
မြေပြင်ဆီ လှမ်းမျှော်ကြည့်လိုက်တဲ့
မျက်ဝန်းအစုံက မျက်ရည်ပူတွေ အလယ်
လေထုထဲ ပဲ့တင်ရိုက်သွားတဲ့
နှုတ်သီးဝက ရင်ကွဲနာသံ အဆုံး
အားလုံးဟာ တည်ငြိမ် ရဲရင့် နေခဲ့တယ်။

ဒါ ...ဆုံးဖြတ်ချက်
ဒါ ...ကလဲ့စား
ဒါ ...အမှန်တရား
ဒါ ...ထွက်ပေါက်
ဒါဟာ... လွတ်မြောက်မှု

အဲဒီနေရာမှာ....
ဓါးတစ်လက်နဲ့ တရိရိ မွှန်းဖြတ်နေသလိုမျိုး
ဘ၀တိုင်း နာကျဉ်နေရမယ့်
နောင်တတရားတွေကို အပင်ပေါက်စေရမယ်။
အဲဒီနေရာမှာ....
ကိုယ့်မျက်နှာကိုယ်ပြန်မကြည့်ရဲလောက်အောင်
ကိုယ့် လိပ်ပြာ ကိုယ် ပြန်ပြန်လန့်စေမယ့်
ကိုယ်ကျင့်သိက္ခာဆိုတာကို မော်ကွန်းထူထားပစ်ခဲ့မယ်။
အဲဒီနေရာမှာ....
နှောင်ဖွဲ့ချိုမြိန်မှုတွေရဲ့
အနှစ်သာရ စစ်စစ်ကို သံခိတ်ရေးပြီး ချန်ရစ်မယ်။

အဲဒီနေရာမှာ....ပေါ့
သေခြင်းတရားဆိုတာ
ထင်တာထက် ပေါ့ပါး နေခဲ့တာ။ ။

အိန္ဒြာ
(အလင်္ကာဝတ်ရည်ဂျာနယ်)


ဖုန်းထဲကနေ "မောင့်" ကို ခဏခဏ ရွတ်ပြမိတဲ့ကဗျာလေးပါ..။ တဲ့.......... ;-)


(အဲ့ဒီလိုလဲ ကဗျာအောက်မှာ ကြော်ပြာက ၀င်တတ်လေသေးတယ်။ ;-P ထပ် ကြော်ပြာပေးလိုက်ပီ။)


အလိုလေးလေး၊ ကြိုက်တာလေးတွေ ပြန်ဖတ်လိုက်၊ တင်လိုက် လုပ်နေတာနဲ့ ပို့စ်က တော်တော် ၇ှည်နေပါရောလား။ လာလည်တဲ့ မိတ်ဆွေတွေလဲ မျက်စိပဲ မူးသွားမလား။ စုစည်းတင်ပြထားတဲ့ စာတွေကို ဖတ်ပြီး ကျေနပ်ကြမလားတော့ မသိပါဘူးဗျာ။ ကဗျာဆရာမ အိန္ဒြာ” ကတော့ သူ့ဘလော့လေး တစ်နှစ်ပြည့်မှာ ခုလို သူ့စာလေးတွေ အမှတ်တရ တင်ပေးတဲ့ အတွက် ကျေနပ်နိုင်မယ် ထင်ပါတယ်။


ဘလော့လေး တစ်နှစ်ပြည့်မှသည် နှစ်ပေါင်းများစွာ အိန္ဒြာ” ဆိုတဲ့ ကဗျာ ကလောင်တံကို မြဲမြဲ စွဲကိုင်ရင်း ကြယ်တစ်ပွင့်လို လင်းလက် တောက်ပပါစေ။ နောက်ပြီး.........

ဆန္ဒအတ္တတွေ..လှိုင်းတံပိုးထန်တဲ့မြစ်ထဲမှာ
အကြိမ်ကြိမ် ရေချိုးမှားခဲ့သူ
ကဗျာတွေသွေးလိုစီးနေတဲ့..ခန္တာ..ပါးပါးနဲ့
ဘယ်တော့မှ..ယုံကြည်ချက်ကမ်းပါးကို..မဆိုက်ကပ်ရဲတဲ့
လှေတစ်စင်းလို..လူပေါ့လေ..


အဲဒီလို လှေကလေးက ဘယ်သောင်ကမ်းပါးမှာမှ မဆိုက်ကပ် မရပ်နားပဲ အချစ်နဲ့.နှင်တဲ့.ခရီး ကို ရွက်လွှင့်နေရင်း လာမဲ့ နိုဝင်ဘာ ၂၆ ရက်နေ့မှာ ဆယ့်ခုနှစ်နှစ် တင်းတင်းပြည့်မဲ့ ကဗျာဆရာမနဲ့ ချစ်သူ “မောင်” တို့ သက်ဆုံးတိုင် ချစ်ခင်ကြင်နာနိုင်ကြပါစေ၊ အမြန်ဆုံး ပြန်လည်ဆုံဆည်းကြပါစေ လို့..... ဆန္ဒပြုရင်း .................

( ကဗျာဆရာမရေ၊ ဖွထည့်လိုက်ပီနော်။ :-P )



မေတ္တာဖြင့်
မိုးကုတ်သား

Wednesday, November 4, 2009

ချစ်သူ့လက်ဆောင်


ရာဘင်ဒြာနသ်တဂိုး
“ချစ်သူ့လက်ဆောင်”



(၃၀)

နွေဦး ပန်းပွင့်တွေဟာ
အုံ့ပုန်းချစ်ရဲ့ သောက ဝေဒနာလို
ဖျတ်ခနဲ ပွင့်လာကြတယ်။

သူတို့ရဲ့ တီးတိုးသံ နဲ့အတူ
ကိုယ့်ရဲ့ ငယ်ဘ၀က
လွမ်းသီချင်းတွေကို
အမှတ်ရမိတယ်။

ကိုယ့်နှလုံးသားဟာ
ဖြုန်းဆို
ဆန္ဒရွက်စိမ်းတွေကို ဆင်မြန်းလိုက်တယ်။

ကိုယ့်ချစ်သူကဖြင့်
ပေါ်မလာတော့ပါဘူးကွယ်။

ဒါပေမယ့်
ချစ်သူ့ အထိအတွေ့က
ကိုယ့် ကိုယ်လက်အင်္ဂါထဲမှာ
ရှိနေတယ်။

ချစ်သူ့ အသံက
ဆွတ်ပျံ့တဲ့ ကွင်းပြင်တွေကို
ဖြတ်သန်းရောက်လာတယ်။

ငေးငေးလေး ကြည့်တတ်တဲ့
ချစ်သူ့အကြည့်က
မိုးကောင်းကင်ရဲ့
ကြေကွဲဖွယ် နက်ရှိုင်းမှုထဲမှာ
တည်နေတယ်။
ဒါပေမယ့်
သူ့မျက်လုံးလေးတွေ
ဘယ်မှာလဲကွယ်။

သူ့အနမ်းတွေက
လေထဲမှာ လှစ်ခနဲ ပြေးသွားကြတယ်။
ဒါပေမယ့်
သူ့နှုတ်ခမ်းလေးတွေ
ဘယ်မှာလဲကွယ်... အချစ်ရယ်။ ။



(၃၁)

ကိုယ့်ပန်းပွင့်တွေရယ်
နို့နှစ်လို
ချိုပျားသကာလို
ဝိုင်အရက်လိုပါကွယ်။

ကိုယ်က
ပန်းပွင့်တွေကို
ပန်းစည်းဖြစ်အောင်
ရွှေကြိုးနဲ့ စုစည်းကြည့်တယ်။

ဒါပေမယ့်
ကိုယ်မလွတ်တမ်း
စောင့်ကြည့်နေတဲ့ကြားက
ပန်းကလေးတွေ
လွတ်မြောက် ထွက်ပြေးကြပြီး
ရွှေကြိုးကလေးသာ
ကြွင်းကျန်ရစ်ခဲ့တယ်။

ကိုယ့်တေးတွေရယ်
နို့နှစ်လို
ချိုပျားသကာလို
ဝိုင်အရက်လိုပါကွယ်။

ခုန်နေတဲ့ ကိုယ့်နှလုံးသား
စည်းချက်ထဲမှာ
သူ့ကို ဖွဲ့နှောင်ထားတယ်။

ဒါပေမယ့်
ပျင်းစရာ အချိန်နာရီတွေရဲ့
ချစ်သည်း ချစ်သက်ဖြစ်တဲ့
သူတို့က
တောင်ပံဖြန့်ပြီး
ပျံထွက်ပြေးတော့
ကိုယ့်နှလုံးသားဟာ
တိတ်ဆိတ်စွာ
ခုန်ကျန်ရစ်ခဲ့တယ်။

ကိုယ် မြတ်နိုးတဲ့ အလှရယ်
နို့နှစ်လို
ချိုပျားသကာလို
ဝိုင်အရက်လိုပါကွယ်။

သူ့နှုတ်ခမ်း နှစ်လွှာက
အရုဏ်နှင်းဆီ။

သူ့မျက်လုံးအစုံက
ပိတုန်းနက်။

သူထိတ်လန့်မှာစိုးလို့
ကိုယ့်နှလုံးသားကို
နှုတ်ပိတ်ထားရတယ်။

ဒါပေမယ့်

သူဟာ
ကိုယ့်ပန်းပွင့်တွေ
တေးတွေလိုပဲ
ကိုယ့်ကို
တိမ်းရှောင် စွန့်ပြေးတယ်။

ကိုယ့်အချစ်သာ
အထီးတည်း
ကြွင်းကျန်ရစ်ခဲ့ရပါတယ်။

******************************

ရာဘင်ဒြာ နသ်တဂိုး ရေးသားပြီး
မြင့်စိုးလှိုင် ဘာသာပြန်ထားတဲ့
ချစ်သူ့လက်ဆောင် ကဗျာထဲမှ
နှစ်သက်မိရာ ကဗျာပိုဒ်လေးတွေ ဖြစ်ပါတယ်။
စွဲမိတာတွေ အများကြီး။
ခုတော့ စာရိုက်ရတာ လက်ညောင်းလာလို့... ;-P ...

(ပုံလေးတွေကတော့ အီဖေကို့ လက်ရာမို့ ခရက်ဒစ် ပေးတော့ဘူး)

မေတ္တာဖြင့်
မိုးကုတ်သား


Tuesday, November 3, 2009

ပန်းဥယျာဉ်လေးများ




ပန်းဥယျာဉ်လေးများ

ပန်း ဆိုကတည်းက နူးညံ့သိမ်မွေ့သော ခံစားချက်တစ်ခုကို ကျွန်တော်တို့တစ်တွေ ခံစားတတ်ကြရမြဲ။ ဥယျာဉ်ဆိုသည်ကတော့ ကျွန်တော်တို့ လူတွေ အထူးပြုလုပ်ဖန်တီးထားသော မြေခင်းအလှဆင်ယင်မှု သဘောတွေ ပါဝင်နေလေပြီ။ သူတို့ဘာသာ အလေ့ကျ ပေါက်ရောက်နေသော ပန်းရိုင်းများစွာတို့ တည်ရှိနေသော်လည်း စန်စတကျ ပြုစုပျိုးထောင်ခြင်း မရှိပါက ထိုအရာ သည် ပန်းဥယျာဉ် မမည်၊ ပန်းရိုင်းတောသာ ဖြစ်နေပေလိမ့်မည်။

ပန်းချစ်သူများက သူတို့နှစ်သက်ရာ ပန်းကလေးများကို စိုက်ပျိုးကြသည့်အခါ ပန်းဥယျာဉ်ကလေးများ ဖြစ်လာကြသည်။ နှင်းဆီပန်းချစ်သူတွေက နှင်းဆီပင်တွေချည်း စိုက်ပျိုးသည့်အခါ နှင်းဆီဥယျာဉ်ဖြစ်လာမည်။ ကျူးလစ်ပန်းတွေချည်း အသွေးအရောင်စုံ စိုက်ပျိုးထားသည့် ဥယျာဉ်မှာ ကျူးလစ်ပန်းရောင်စုံများ တွေ့နိုင်မည်။ ကိုယ်နှစ်သက်ရာ ပန်းမျိုးစုံကို စနစ်တကျ စိုက်ပျိုးထားသည့် ပန်းမျိုးစုံ ဥယျာဉ်များလည်း ရှိမည်။ ထိုပန်းဥယျာဉ်များထဲတွင် လှပမွှေးမြသော ပန်းများ၊ လှပသော်လည်း ရနံ့မမွှေးသောပန်းများ၊ မလှပသော်လည်း ရနံ့ မွှေးသောပန်းများ၊ လှလဲမလှ ရနံ့လည်း မမွှေးသောပန်းများ၊ ဆေးဘက်ဝင်သော ဂမုန်းနွယ်ပင် ပန်းများ၊ အဆိပ်ရှိသောပန်းများ၊ အင်းဆက်ပိုးမွှားများကို စားသော အသားစားပန်းများ စသည့်စသည့် အမျိုးအနွယ်ပေါင်းများစွာသော ပန်းများကို စိုက်ပျိုးနိုင်ကြသည်။


ပန်းဥယျာဉ်တစ်ခု ဖန်တီးဖို့အတွက် ဥယျာဉ်မှူးလိုသည်။ ထိုဥယျာဉ်မှူး စီရင်ခင်ကျင်း စိုက်ပျိုးသမျှ ထိုပန်းဥယျာဉ်မှာ သီးပွင့်ကြမည်။ တစ်ချို့ ဥယျာဉ်မှူးများက သူတို့ ဥယျာဉ် ပိုမို သာယာလှပအောင် သံသာတေးတို့ဖြင့် သီဆို စီးဆင်းနေသော စမ်းချောင်းလေးများ၊ အပန်းဖြေ အနားယူနိုင်ရန်အတွက် ဇရပ်လို အဆောင်ငယ်လေးများ၊ ဗဟုသုတဖြစ်စေလိုသော အကြောင်းအရာများကို ပုံဖော်ပြောပြပေးမည့် ပြတိုက်ကလေးများ ဖန်တီးထားပေးကြသည်။ တစ်ချို့ ပန်းဥယျာဉ်များက ဘ၀အမောတို့ ဖြင့် ပြည့်နှက်နေသော လူ့ဝန်းကျင်လောက ကြီးမှ ခေတ္တထွက်ပြီး အပန်းဖြေအနားယူဖို့ကောင်းသည့် ပျော်ပွဲစားထွက်ရာ နေရာများ ဖြစ်လာကြသည်။ တစ်ချို့ ပန်းဥယျာဉ်များကတော့ ညှို့မှိုင်းရီဝေအုပ်ဆိုင်းကာ လွမ်းမောဖွယ် အသွင်ကို ဆောင်ကြသည်။ တစ်ချို့ ပန်းဥယျာဉ်များကတော့ ခြောက်သွေ့သော နွေကန္တာရပင်များဖြင့် အထီးကျန်မှုကို ခင်းကျင်းပြသထားသည်။
တစ်ချို့ ပန်းဥယျာဉ်များမှာတော့ ဥယျာဉ်မှူးများက ပန်းဥယျာဉ်ကို ထိပါးမည့်သူများရန်မှ ကာကွယ်နိုင်ရန် ပြင်ဆင်ထားကြရသည်။ အဖိုးတန်ပန်းများ အခိုးခံရမှာ၊ ချိုးဖဲ့ချွေချ ခံရမှာ စိုးရိမ်ရသည် မဟုတ်လား။ တစ်ချို့ပန်းဥယျာဉ်များမှာတော့ ပန်းပင်များကို ဖျက်ဆီးတတ်သော အင်းဆက်ပိုးမွှားများ ရန်မှ ကာကွယ်ရန် အသားစား ပန်းများကို ထည့်သွင်း စိုက်ပျိုးထားတတ်ကြသည်။ တစ်ခါတစ်ခါမှာတော့ ပန်းဥယျာဉ်ထဲ လာလည်သူများကို အသက်အန္တရယ် ပြုစေတတ်သည့် ကြီးမားလှပသော အသားစား ပန်းပွင့်ကြီးများကို အလှပြထည့်သွင်း စိုက်ပျိုးထားတတ်ကြသည်။ ထိုပန်းပင်များ၏ အန္တရယ် ကြီးမားပုံကို ဥယျာဉ်မှူးမှလွဲပြီး အလည်ရောက်လာသူတွေ မသိရှိကြတတ်တာမျိုးတွေလည်း ရှိသည်။ တစ်ချို့သော ပန်းဥယျာဉ်များကတော့ အလည်အပတ်လာကြသူများ အမှိုက်ရှုပ်သွားကြလို့သော် လည်းကောင်း၊ ကိုယ်တိုင်က ပေါင်းသင်မြက်နှုတ်ခြင်း မရှိလို့သော်လည်းကောင်း ပေပွရှုပ်ထွေးစွာ ရှိနေတတ်ကြပြန်သည်။

သို့သော် ကိုယ် ဖန်တီးတည်ဆောက်ထားသော ပန်းဥယျာဉ်ထဲသို့ တမင်တကာဖြစ်စေ၊ မျက်စိလည်လမ်းမှားပြီးဖြစ်စေ ရောက်ရှိလာကြသော ပန်းချစ်သူများ အမြင်တွင် တင့်တယ်လှပသော ပန်းဥယျာဉ်၊ အန္တရယ် အဆိပ်အတောက်ကင်းသော ပန်းဥယျာဉ်၊ ငြိမ်းချမ်းအေးမြသောပန်းဥယျာဉ်၊ ပျော်ရွှင်ဖွယ်ကောင်းသော နွေးထွေးသည့် ပန်းဥယျာဉ်၊ လွမ်းဆွတ်တမ်းမောဖွယ်ကောင်းသော ပန်းဥယျာဉ်၊ ဗဟုသုတဖြစ်စေသော ပြတိုက်လို ပန်းဥယျာဉ် စသည်ဖြင့် ရသစုံ၊ ဗဟုသုတစုံ မြင်တွေ့ ပေးဆပ်နိုင်သော ပန်းဥယျာဉ်ကလေးများ ဖြစ်လာကြစေရန် အတွက်ကတော့ ထို ပန်းဥယျာဉ်များကို ဖန်တီးဆောက်တည်နေကြသော ဥယျာဉ်မှူးများ၏ တာဝန်သာ ဖြစ်ပါသည်။

ပန်းဥယျာဉ်လေးများ ရေရှည်တည်တံ့နိုင်ကြပါစေ။ ပန်းဥယျာဉ်မှူးတို့၏ စိတ်စေတနာများဖြင့် အပင်ပန်းခံ စိုက်ပျိုးထားသော ပန်းဥယျာဉ်များထဲ ပွင့်သောပန်းများအားလုံး မွှေးမြ လှပကြပါစေ။

*****************************************


နောက်ဆက်တွဲ

ဘာရယ်မဟုတ်ပါဘူး။ “၀တ်လစ်စလစ်ရေးတဲ့စာ” ကို ဖတ်ပြီး ကျွန်တော့မှာ ရှော့ရှိလား၊ ဘာဖြစ်နေလဲ လာမေးကြတဲ့ မိတ်ဆွေတွေ၊ အဲဒီစာကို ကျွန်တော်ရေးတာမှ ဟုတ်ရဲ့လား မယုံကြည်နိုင်အောင် အံ့ဩကြရတဲ့ မိတ်ဆွေတွေကို ကျွန်တော့်မှာ ဘာ “ရှော့” မှ မရှိကြောင်း၊ စိတ်ထဲ ဘယ်သူ့ဘယ်သူကိုမှ မုန်းတီးမှုနဲ့ ရေးတာ မဟုတ်ကြောင်း၊ အဲဒီစာမှာ မြင်တွေ့နေရတဲ့ မိတ်ဆွေအပေါင်းအသင်း ဘလော့ဂါတွေ စိတ်ညစ်နေကြတာ၊ စိတ်ပျက်နေကြတာတွေ မညစ်ကြ၊ မပျက်ကြစေလိုတဲ့ စိတ်ဆန္ဒသက်သက်နဲ့ စိတ်ထဲ ရှိတာလေး ချရေးတာဖြစ်ကြောင်း ပြောပြချင်ပါတယ်။
(ဘလော့ပုဂ္ဂိုလ်စွဲတွေ၊ ခင်မင်မှုအစွဲတွေ အကုန် ချွတ်ချပြီး ရေးထားတာကို ဆိုလိုချင်ပေမဲ့ “၀တ်လစ်စလစ်ရေးတဲ့စာ” လို့ ခေါင်းစဉ်တပ်ထားမိလေတော့ တစ်ချို့တစ်ချို့က ဘာတွေထင်ပီး လာဖတ်ကြသည်မသိ။ ဘလော့လေးထဲ လူဝင်တာ အခါတိုင်းထက် ပိုများသွားပါတယ်။ အောင်မြင်တာပေါ့လေ.. ဟေဟေ့။ ဤကား စကားချပ် ;-P )

နောက်တော့ မနေ့ညက ညီလေးတစ်ယောက်နဲ့ ဘလော့ဂါတွေ ရပ်တည်မှုအကြောင်း ပြောဖြစ်ကြရင်း သူက ဘလော့လောက တိုးတက်ရေး ရှေးရှုပြီး စာတစ်ပုဒ်ရေးချင်ကြောင်း ဆွေးနွေးဖြစ်ကြပါတယ်။ ကျွန်တော်ကလည်း ဘလော့လောကကြီးက ရောင်စုံဖူးပွင့်နေတဲ့ ပန်းဥယျာဉ်ကြီးနဲ့တူကြောင်း၊ ဘာညာ ပေါ့ဗျာ ပွားမိရင်း အခု ဒီစာလေး ချရေးဖြစ်ပါတယ်။
ဒီစာလေးက အရင်ပို့စ်နဲ့ အသံတူ အကြောင်းကွဲ တစ်ပုဒ်ပါပဲ။ ဘာလို့ အကြောင်းအရာတူကို ထပ်ရေးသလဲ မမေးကြခင် တစ်ခါထဲ ဖြေခဲ့ချင်လို့ပါ။
စာဆိုတာ ပုံစံမျိုးစုံ၊ နည်းမျိုးစုံနဲ့ ရေးလို့ ရပါတယ်။ ပြောတာတော့လွယ်မယ်။ ဒါပေမဲ့ တကယ်ချရေးတဲ့အခါ ခက်ပါတယ်။ ကျွန်တော် စာရေးဆရာ မဟုတ်ပါဘူး။ ဘလော့ဂါ လို့လဲ မခံယူထားပါဘူး။ စာလေးတွေ ၀ါသနာအရ ချရေးမိတယ်။ နောက် ကိုယ်ရေးတာလေးတွေ မိတ်ဆွေတွေ ဖတ်လို့ရအောင် တင်ဆက်ခွင့် ရတဲ့ နေရာလေး ရှိတယ်။ ဒီတော့ ပန်းဥယျာဉ်လေးတစ်ခု ဖန်တီးစိုက်ပျိုးမိတယ် ဆိုပါစို့။ ခင်မင်လို့ ဖြစ်ဖြစ်၊ မျက်စိလည် လမ်းမှားပြီးပဲ ဖြစ်ဖြစ် အလည်ရောက်လာတဲ့ မိတ်ဆွေ အားလုံးကို ကျွန်တော် ရေးချင်တာရေးမယ်။ ဖတ်ချင်ရင် လာဖတ် ဆိုတဲ့ စိတ်စေတနာ စိုးစဉ်းမှ မရှိပဲ စာရေးလိုစိတ်သက်သက်နဲ့ စိုက်ပျိုးခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို စာရေးလိုစိတ်သက်သက်နဲ့ ကျွန်တော့်လို မတောက်တခေါက် စာရေးကြသူတွေလဲ ရှိကြမှာပါ။ ဆိုလိုတာက ကျွန်တော်တို့ ရေးတဲ့စာတွေဟာ စာဖတ်သူတွေ အဆိပ်အတောက်ကင်းတဲ့စာတွေ ဖြစ်ဖို့ လိုအပ်ပါတယ်။ ဘလော့ဂါတွေအချင်းချင်းပဲ နားလည်ပြီး အပြင်စာဖတ်ပရိတ်သတ်တွေ နားမလည်တဲ့စာမျိုးတွေ ပေါများလာရင် ဘလော့ဂါတွေရဲ့ တန်ဖိုး ကျသွားစေနိုင်တယ် ဆိုတာလဲ မှန်ပါတယ်။ ကျွန်တော့်လို စာမရေးရ မနေနိုင်တဲ့သူကတော့ (ကျွန်တော်ရေးသမျှ နာမည်ကြီးတာ တစ်ပုဒ်မှ မပါသေးပါဘူး၊ နာမည်ကြီးဖို့လဲ မလိုအပ်ပါဘူး။ ဘာလို့ဆက်ရေးနေလဲ ဆိုရင်လဲ စာလေးတွေ ရေးချင်လို့ ရေးဖြစ်နေတာပါ။ ၀ါသနာ ပါလို့ ရေးနေတာပါ လို့ပဲ အမှန်အတိုင်း ဖြေမှာပါ။) ကိုယ် စာရေးမကောင်းတာနဲ့ မိတ်ဆွေတွေ ဖတ်ဖို့ဆိုပြီး ဘလော့ပေါ်မှာ စာတင် မရေးသင့်တဲ့ အနေအထားပါ။ အရည်မရ၊ အဖတ်မရ ရေးနေတာဟာလဲ စာလာဖတ်သူ မိတ်ဆွေတွေကိုစော်ကားလိုစိတ် လုံးဝ မပါခဲ့ပါဘူး။
ကျွန်တော်လက်ခံထား တဲ့ “ကိုယ်ရေးတဲ့စာ ကိုယ်တာဝန် ယူရမယ်” ဆိုသလိုပေါ့။ ရေးတဲ့အခါ အကြောင်းအရာတစ်ခုကို ချဉ်းကပ်ရေးဖွဲ့ တင်ပြဖို့ ထောင့်ပေါင်းစုံကနေ ရွေးချယ်ခွင့် ရှိပါတယ်။ ကိုယ် ဘယ်လိုရေးရေး၊ ရေးချင်သလို ရေးလို့ ရတယ်ဆိုပေမဲ့ စာဖတ်သူတွေကို စော်ကားတဲ့ စာမျိုး ဘယ်သူကမှ ရေးချင်ကြမယ် မဟုတ်ပါဘူး။ (ကျွန်တော့် စိတ်ရင်းနဲ့ ပြောတာပါ)။ ဒီတော့ ကျွန်တော် စာလေးတွေ ဆက်ရေးနေပါရစေ။ ၀ါသနာလေးပါလို့ အချိန်ကုန်ခံ ရေးခဲ့တာလေးတွေ သူတပါးအတွက် အကျိုးမဲ့ ဖြစ်စေမယ်ဆိုရင်လဲ အမိုက်အမဲလေးမို့ နားလည်ပေးကြပါ လို့..... ။


မေတ္တာဖြင့်
မိုးကုတ်သား

Sunday, November 1, 2009

ဝတ်လစ်စလစ်ရေးတဲ့စာ



*၀တ်လစ်စလစ်ရေးတဲ့စာ*



ခင်ဗျားတို့ သိကြရဲ့လား
ဘလော့ရပ်ဝန်းဆိုတာ
သူတလူ ငါတစ်မင်း
“စကား စစ်” ခင်းနေတဲ့
သွေးဆာနေတဲ့ သတ်ကွင်းမဟုတ်ဘူး။

ခင်ဗျားတို့ သိကြရဲ့လား
ဘလော့ရပ်ဝန်းဆိုတာ
ကိုယ့်အတ္တတွေကို သွန်မှောက်ပြ
ကိုယ့်ဘ၀တွေကို လေလံတင်ရောင်းချ
“လှည့်ကွက်” များနဲ့ ကြာကြာ ကျော်ကြားလို့ ရတာ မဟုတ်ဘူး။

ခင်ဗျားတို့ သိကြရဲ့လား
ဘလော့ရပ်ဝန်းဆိုတာ
“ဟိုအကြောင်း ဒီအကြောင်း”
သောင်းပြောင်းထွေလာ ပြောချင်ပြောကြမယ်
ဒါပေမဲ့ သူ့မှာ သူတပါး အပုပ်အခတ်ကင်း
အဆိပ်အတောက်ရှင်းတဲ့
“ကိုယ့်အကြောင်းကိုယ်” ရိုးရှင်းခင်းကျင်း ပြချင်ပြမယ်
အရေမရ အဖတ်မရ စာတွေ ဖြစ်ချင်ဖြစ်မယ်
ဒါပေမဲ့ ရိုးသားနွေးထွေးတယ်
အိမ်ဆန်တယ်
အိမ်သာတော့ ဧည့်လာမယ်
ဒါ.. မနာလိုစရာ ပုတ်ခတ်စရာအကြောင်းမရှိ။


ခင်ဗျားတို့ သိကြရဲ့လား
ဘလော့ရပ်ဝန်းဆိုတာ
“ဗဟုသုတမျှဝေခြင်း” သက်သက်ဆန်မယ်
ကိုယ်တိုင်ဖန်တီးမထားပေမဲ့
ဘာသာပြန်တွေမှာလဲ အားစိုက်ထုတ်မှုတစ်ခုပါတယ်
စေတနာမေတ္တာပါတယ်
အနုပညာမဆန်ပေမဲ့
“စိတ်အင်အား ဖြည့်တင်း” ဖို့အသိ
လာသူတိုင်းရရှိလို့
သူ့ဘလော့လေး အားပေးသူတွေ ၀ိုင်းဝိုင်းလည်နေတာ
ဒါ....မနာလိုစရာ ပုတ်ခတ်စရာအကြောင်းမရှိ။

ခင်ဗျားတို့ သိကြရဲ့လား
ဘလော့ရပ်ဝန်းဆိုတာ
ကဗျာတွေ ပါချင်ပါမယ်
စာစုတွေလဲ ပါမယ်
“အနုပညာဖန်တီးမှုတွေ သီးပွင့်ရာ” ဖြစ်ချင်ဖြစ်မယ်
အနုပညာကို မြေစမ်းခရမ်းပျိုးသူတွေ ပါမယ်
အနုပညာ ဩဇာကြီးမားသူများက
သူ့ “အနုပညာ” နဲ့သူ ရပ်တည်မယ်
တစ်ခါတစ်ခါ လူသားဆန်စွာ သူတို့ ပေါ့ပါးကြမယ်
ဒါဟာ... အနုပညာကို စော်ကားတာမဟုတ်
ဒါ... မနာလို ပုတ်ခတ်စရာအကြောင်းမရှိ။

ခင်ဗျားတို့သိကြရဲ့လား
ဘလော့ရပ်ဝန်းဆိုတာ
“ဘာသာရေး” တွေနဲ့ စီးမျောချင်စီးမျောမယ်
မတူညီတဲ့ ဘာသာတွေကြား
“ချစ်ကြည်ရေးပေါင်းကူး” ခင်းတဲ့
တံတားတစ်စင်းလဲ ဖြစ်ချင်ဖြစ်နိုင်မယ်
ဘာသာရေးအမြင်တွေ ဖလှယ်ရာဒေသလဲ ဖြစ်ကောင်းဖြစ်မယ်
တူရာတရား နာကြားသူတွေရဲ့ ဘုရားကျောင်းလဲ ဖြစ်ချင် ဖြစ်နိုင်သေးတယ်
ဘာသာရေးသဘောတရား ဆွေးနွေးငြင်းခုန် “သတ်ပုံတွေလဲ မှားသွားနိုင်တယ်”
ဒါ.. မနာလို ပုတ်ခတ်စရာအကြောင်းမရှိ။


ခင်ဗျားတို့သိကြရဲ့လား
ဘလော့ရပ်ဝန်းဆိုတာ
“နိုင်ငံရေး” တွေ ဆွေးနွေးချင်ဆွေးနွေးမယ်
“သတင်း” တွေ ရေးချင်ရေးမယ်
“သမိုင်းအစစ်အမှန်” တွေကို ခင်းကျင်းပြချင်လဲ ပြမယ်
“ဗမာ့သွေး” တွေနဲ့ ရဲရဲတောက်ပြချင်တောက်ပြမယ်
ကမ္ဘာကသိတဲ့ “ပြည်တွင်းသတင်းမီဒီယာ” တွေအဖြစ်နဲ့
သူတို့ရဲ့ လွတ်လပ်ခြင်းနာရီတွေကို စတေးစွန့်လွှတ်ပြီး
ကြယ်တစ်ပွင့်လို သမိုင်းတွင်ရစ်ကြမယ်
ဒါ....မနာလိုစရာ ပုတ်ခတ်စရာအကြောင်းမရှိ။

ခင်ဗျားတို့ သိကြရဲ့လား
ဘလော့ရပ်ဝန်းဆိုတာ
“ဝေဖန်ရေး” တွေ ရေးချင်ရေးမယ်
“အညှီအဟောက်” တွေ ရေးချင်ရေးမယ်
အနုပညာ ပေတံကြီး “ဟန်ပြ” တပ်တပ်ပြီး
ဟိုစောင်းနင်း ဒီစောင်းနင်း
ကလောင်တံပြင်းပြင်းနဲ့ နှက်ချင်က နှက်နိုင်တယ်
“ပုဂ္ဂလိကရေးရာ တိုက်ခိုက်မှု” တွေလား
လာထား ရေးလို့ရသေးတယ်
“အနုပညာ လွတ်လပ်ခွင့်” လို့ အမည်တပ်လိုက တပ်နိုင်ကြသေးတယ်
ဘယ်သူမှ ဘာမှ တားပိုင်ခွင့်မရှိ
မနာလိုလို့ ပုတ်ခတ်တဲ့စာ၊ မနာလိုစရာလဲ အကြောင်းမရှိ
စေတနာ ပါပါ မပါပါ၊ အနုပညာ ပါပါ မပါပါ
ဝေဖန်လေကန်ကာ အချိန်ကုန်ခံစရာ အကြောင်းမရှိ
“ကိုယ့်စေတနာကံ ကိုယ့်ထံ ပြန်လာလိမ့်မယ်။”

ခင်ဗျားတို့သိကြရဲ့လား
ဘလော့ရပ်ဝန်းဆိုတာ
စာပေစီစစ်ရေးတွေ တင်စရာမလို
ကိုယ်ရေးတဲ့စာ ကိုယ်ဘာသာကိုယ်
တံခါးမရှိ ဓားမရှိ၊ အီးမေးလ်တစ်ခုရှိရုံနဲ့
ဖွင့်ဝင်လို့ ရတဲ့ဒေသ
ဒီရပ်ဝန်းဒေသမှာ
ကိုယ်တိုင်က ဇာတ်လိုက်
ကိုယ်တိုင်က စာရေးဆရာ
ကိုယ်တိုင်က အယ်ဒီတာ
ကိုယ်တိုင်က စာပေစိစစ်ရေး...
ကိုယ့်ချွေး ကိုယ့်သွေးနဲ့ ကိုယ့်ထမင်းကိုယ်စားပြီး
ခြူးတပြားမရ
မီတာခ အတက်ခံ၊ အချိန်ကုန်ခံ၊ ထမင်းစားပျက်ခံ၊ အအိပ်ပျက်ခံရေးကြတာ
အဲတာ “ဝဋ်နာ ကံနာ” တစ်မျိုးပေါ့
အဖြစ်ဆိုးရင် အဆဲအဆို အစောင်းအမြောင်းခံ ရေးကြ
တစ်ချိန်တော့ ဒါတွေအားလုံးက ဟာသအဖြစ် ကျန်ရစ်ချင်ကျန်ရစ်လိမ့်မယ်
သမိုင်းတစ်ခောတ်တွင်ရစ်ချင် တွင်ရစ်လိမ့်မယ်
ကြယ်တစ်ပွင့်အဖြစ် အလင်းနှစ်ပေါင်းများစွာ တောက်ပချင်တောက်ပလိမ့်မယ်
နိဗ္ဗာန်ကို လှမ်းတဲ့ ဓမ္မပန်းတွေ ပွင့်လန်းချင် ပွင့်လန်းမယ်
ငရဲခန်းကိုမှ လှမ်းချင်သူတွေက မစ္ဆရိယပန်းတွေလဲ လှိုင်လှိုင် ညှီလိမ့်မယ်
ဒေသတိုင်းဟာ သူ့ရေခံမြေခံအတွက် သူစိုက်ပျိုးရာ သူ သီးပွင့်ကြမယ်
ကိုယ့်ရေခံမြေခံမှာ ဘာစေတနာနဲ့ ဘာကို စိုက်ပျိုးခဲ့သလဲ။
ကိုယ်ရေးတဲ့ စာတစ်လုံးတိုင်းဟာ ကိုယ့်သမိုင်းတစ်ခုဆိုတာ ရေးသူတိုင်းသိတယ်
နောက်ပြီး ဖတ်သူတိုင်း သိတယ်
ဘလော့ဂါရပ်ဝန်းမှာ ကိုယ်ရေးတဲ့စာ ကိုယ်ပဲ တာဝန်ယူလို့ရတယ်
ခင်ဗျားတို့ မြဲမြဲ မှတ်ထားကြ
“ကိုယ့်စေတနာကံ ကိုယ့်ထံ ပြန်လာလိမ့်မယ်။”

ဘလော့ရပ်ဝန်းဟာ “ချစ်ကြည်မှုတွေ ဖလှယ်ရာ”
နွေးထွေးမှုတွေနဲ့ “ခေတ္တနားခိုရာ”
ကမ္ဘာတစ်ဘက်ခြမ်းနဲ့ တစ်ဘက်ခြမ်းကို “နီးစပ်ရင်းနှီးစေတဲ့နေရာ”
လူ့အဖိုးတန်တွေအတွက်တော့ ဘလော့ရပ်ဝန်းဟာ
တခါတခါ အရေမရ၊ အဖတ်မရတွေနဲ့ ပြည့်နှက်ချင် ပြည့်နှက်နေမယ်
ဒါတွေ သူတို့ ကျော်ဖတ်သွားကြပေမပေါ့
အနုပညာ ချစ်သူတွေက အနုပညာဘလော့ရပ်ဝန်းကို ရွေးချယ်ဖတ်ကြ
ခင်မင်နွေးထွေးမှု လိုလားသူတွေက နွေးထွေးပျော်ရွင်ဖွယ်ရာအိမ်လေးတွေမှာ ရယ်မောဆူညံကြ
နိုင်ငံရေးသမားတွေက နိုင်ငံတကာ သတင်းတွေစုံရာ ဘလော့ရပ်ဝန်းတွေမှာ တွေ့ဆုံကြ
ဘာသာရေးသမားတွေက ဓမ္မရပ်ဝန်းမှာ မွေ့လျော်ပျော်ပိုက်ကြ
စိတ်ခွန်အားလိုသူတွေက ဘ၀ကိုတိုက်ပွဲဝင်ဖို့ ခွန်အားတွေပေးရာ ဘလော့ရပ်ဝန်းမှာ အားသစ်တွေယူကြ
ပျော်ရွှင်လိုသူတွေက လူ့ဖြစ်ပုံကို သရော်ရေးတဲ့ ဟာသတွေ စုံရာ ဘလော့ရပ်ဝန်းတွေကို မြည်းစမ်းကြ
တကိုယ်ရည် အာသာပြေ ချင်နေတဲ့စိတ် ရှိသူတွေက အိပ်ယာပေါ် ချစ်တင်းနှောကိစ္စတွေရှိရာရပ်ဝန်းသို့ သွားကာ ကိစ္စက ထိပ်ဝ ရောက်ခါနီးကြ
ရန်ဖြစ်ရတာ ၀ါသနာပါသူတွေက အမည်ဖော်/မဖော် အတိအလင်း၊ တစေ့တစောင်းတိုက်ခိုက်ကြ
ဒီလိုနဲ့ ကိုယ့်လမ်းကိုယ်နင်းရင်း
သဘောထားတွေကွဲလွဲကြ၊ အမြင်မကြည်လင်စရာတွေဖြစ်လာကြ၊ ဇာတ်တွေရှုပ်ကြ
နောက်ဆုံးတော့ ကျန်ခဲ့တာက ကိုယ်ရေးခဲ့တဲ့စာ ကိုယ်ပြောခဲ့တဲ့စကားများ...
စိတ်စေတနာကံ မှန်သူတွေက သူ့လုပ်ရပ်သူတာဝန်ယူရင်း သူ့ခရီးသူဆက်
စိတ်ဝေဒနာမခံလိုသူတွေက ရပ်တန့်တွေဝေ
စိတ်စေတနာကံ မမှန်သူတွေက သူ့လုပ်ရပ်သူမရှက် ဆက်လက်ချီတက်
ကိုယ့်စာတစ်လုံး ကိုယ်ဘယ်လောက်ထိ ချွေးထွက်ခဲ့သတုန်း
ကိုယ်ရေးတဲ့ စာတစ်လုံးတိုင်းဟာ ကိုယ့်သမိုင်းတစ်ခုဆိုတာ ရေးသူတိုင်းသိတယ်
နောက်ပြီး ဖတ်သူတိုင်း သိတယ်
ဘလော့ဂါရပ်ဝန်းမှာ ကိုယ်ရေးတဲ့စာ ကိုယ်ပဲ တာဝန်ယူလို့ရတယ်
ခင်ဗျားတို့ မြဲမြဲ မှတ်ထားကြ
“ကိုယ့်စေတနာကံ ကိုယ့်ထံ ပြန်လာလိမ့်မယ်။

ဒါ ဘလော့ရပ်ဝန်းမှာ စာတကာစုံ လိုက်ဖတ်နေတဲ့
(ဒါတောင် ပညာမစုံ၊ ဘလော့အိမ် မကုန်နိုင်သေးတဲ့)
ကျွန်တော် မိုးကုတ်သား
စိတ်အစွဲတွေချွတ်လွှတ်
“၀တ်လစ်စလစ်” ရေးထားတဲ့စာ
မကောင်းကိုယ် ခံ၊ ကောင်းကိုယ်စံမယ်။ ။


**************************************************************


(ခုတလော.. ဘလော့ရပ်ဝန်းမှာ အော်ကြ၊ ဟစ်ကြ၊ ရန်ဖြစ်ကြ၊ စောင်းမြောင်းကြနဲ့ ယခင်က ငြိမ်းချမ်းခဲ့တဲ့ ဘလော့ရပ်ဝန်းလေး ချစ်ကြည်ရေးတွေ ပျက်ကြမှာမျိုး မမြင်ချင်လို့ပါခင်ဗျာ။ ကိုယ့် အတွင်းရန်သူ ကိုယ်သာ သတ်လို့ ရပါတယ်။ ကျွန်တော့်စာထဲမှာ ရိုင်းပျမှုတွေ ရှိနေခဲ့မယ်ဆို ဒီနေရာကနေ အနူးအညွတ်တောင်းပန်ပါတယ်။ မည်သူ့ကိုမျှ ထိခိုက်နစ်နာစေရန် မရည်ရွယ်ပါ။)

ဝန်ခံချက်။ ဖုန်းမြင့်ရဲ့ အပျင်းပြေ အပျော်ဖတ် ကဗျာမှ စာတစ်ကြောင်းကို အငှားသုံးထားပါတယ်။
“တကိုယ်ရည် အာသာပြေ ချင်နေတဲ့စိတ်
ကိစ္စက ထိပ်ဝ ရောက်ခါနီး”
အဲဒါတွေကို ခွင့်မတောင်းပဲ စကားလုံး ငှားသုံးမိတဲ့အတွက် ဒီနေရာကနေပဲ ငှားသုံးကြောင်း ၀န်ခံပါရစေ။


စကားမစပ် ကျနော်လေးစားတဲ့ မှော်ဝင် စာရေးဆရာ ဘာသာပြန်ထားတဲ့ ကဗျာလေးထဲက စာတစ်ကြောင်းကို ပို့စ်လေး အသိမ်းမှာ သတိ သွားရမိတယ်။

“သင်တို့သည် ဘုရားကျောင်းမှ တိုင်လုံးများလို အတူတကွ သီးခြားရပ်တည်ကြပါ”
တဲ့..။

လူအချင်းချင်း မေတ္တာ၊ စေတနာ၊ မုဒိတာ ပွားများနိုင်ကြပါစေ။ ကောင်းကျိုး လိုလား အပြုသဘောထားများ မွေးမြူနိုင်ကြပါစေ။



မေတ္တာဖြင့်
မိုးကုတ်သား