


ကျွန်တော်က စိတ်ကူးယဉ် ဆန်လွန်းတယ်ပဲ ပြောကြလေမလား။ ငယ်စဉ်ကရင်း ခုချိန်ထိ တိမ်တိုက်တွေကိုမော့ကြည့် ငေးမောကာ တိမ်ရုပ်လေးတွေ ရေးနေမိတုန်း။ ကျွန်တော် ကောင်းကင်ကြီးကို မော့ကြည့်လိုက်တိုင်း သူတို့ကို တွေ့ရသည့် အသွင်က ဘယ်တော့မှ မတူပါ။ တခါတရံ ငေးမောနေရင်းက ပင် ထုသွင် ပြောင်းသွားကြပြန်သည်။ တခါတရံ တိမ်ကင်းစင်အောင် ကြည်လင်နေသည့် ကောင်းကင်ကြီးကို မြင်ရတိုင်း ကျွန်တော်က တိမ်တွေကို ဟိုတကွက် ဒီတကွက် တွေ့ရလေမလား လိုက်လံရှာဖွေ လွမ်းဆွတ်တတ်ပြန်သေးသည်။ တိမ်တွေရဲ့ ထုသွင်က တခါတရံ ချစ်ခင်ဖွယ်၊ တခါတရံ ကြည်နူးဖွယ်၊ တခါတခါမှာတော့ လွမ်းဆွတ်ဖွယ် ရှိနေတတ်ပြီး တခါတခါမှာတော့ ခြောက်ခြားဖွယ် ဖြစ်လို့ နေတတ်ပြန်သည်။ လေအရှိန်နှင့် တရိပ်ရိပ် ပြေးလွှားနေသော တိမ်တွေကို မြင်ရလျှင်တော့ ကျွန်တော် အင်မတန် ပျော်ပါသည်။ တယောက်သောသူကတော့ ပြေးလွှားနေသော တိမ်တွေကို ကျွန်တော်နျင့်အတူ လိုက်ကြည့်ကာ မူးလိုက်တာ ဟုဆိုရင်း ကျွန်တော့်ရင်ခွင်ထဲ နွဲ့မှီခဲ့ဖူးသည်။ တခါတရံမှာတော့ အဲဒီတိမ်တွေက ကျွန်တော် ချစ်သော လမင်းကြီးကို ကျွန်တော့် ထံပါးကနေ ဖွက်ထား တတ်ကြသေးသည်။ သူတို့ ကလှူသလို၊ မြှူသလို ခဏဖွက်ထားလျှင်တော့် ကျွန်တော်က သဘောကျတတ်သော်လည်း အချိန်အကြာကြီး ဖွက်ထားလျှင်တော့ တိမ်တွေကို ကျွန်တော် စိတ်ဆိုးရလေသည်။ သို့သော် ကျွန်တော်က တိမ်တိုက်တွေကို ကြာကြာ စိတ်မကွက်နိုင်ပါ။ အခါအားလျော်စွာ သူတို့ကို စောင့်ကြည့် ငေးမောနေတတ်သည်သာ။
တိမ်တိုက်တွေကို မိုးပေါ် မော့ကြည့် ငေးမောတတ်သော ကျွန်တော် တိမ်တိုက်တွေရဲ့ ထိတွေ့မှု၊ တိမ်တိုက်တွေရဲ့ ရနံ့တွေကို ရှူရှိုက်ခွင့် ရခဲ့တာ အင်မတန် ကံကောင်းသည်။ ထိုစဉ်က မြို့ကလေးမှာ ကျွန်တော် ရှိနေခဲ့ပြီး တောင်တက်ခဲ့ကြစဉ်က ဖြစ်သည်။ တိမ်တိုက်တွေနှင့် နီးနီးကပ်ကပ် ထိတွေ့ခွင့် တင်မက တစ်ချို့ တိမ်တိုက်တွေက ကျွန်တော်တို့ ဟိုဘက် အောက်ခြေမှာ။ တချို့တိမ်တိုက်တွေက ကျွန်တော်တို့ကို တိုးဝှေ့ ပွတ်တိုက်သွားကြသည်။ လေနှင့်လွင့်လာသော တိမ်တိုက်တချို့ကို ကျွန်တော် ပျော်ရွှင်စွာ ရင်ဖွင့်ကြိုဆိုရင်း ထွေးပွေ့ နမ်းရှိုက်ခဲ့ရတာ ဘယ်လောက် ကြည်နူးဖို့ ကောင်းလိုက်ပါသလဲ။
ထိုစဉ်ကရင်း ကျွန်တော် တိမ်တွေကို အပေါ်ကနေ စီးမိုးငေးမော ကြည့်ချင်စိတ်တွေ ဖြစ်ခဲ့ရသည်။
ထိုအိပ်မက်ကလေး အမှန်တကယ် ဖြစ်ခဲ့ပါသည်။ ကျွန်တော် တကယ်ပဲ တိမ်တိုက်တွေကို အပေါ်က စီးမိုးကြည့်ခွင့် ရခဲ့သည်။ ကျွန်တော် မျှော်လင့်ထားသည့်အတိုင်း တိမ်တိုက်တွေကို ရင်သပ်ရှုမော ငေးမောနေခဲ့မိ၏။ ဂွမ်းစိုင်၊ ဂွမ်းလိပ်လေးတွေလို နူးညံ့လှသော တိမ်တွေကို အများကြီး မြင်တွေ့ခွင့် ရသော်လည်း မှန်ပြူတင်း ခြားထားသောကြောင့် တောင် တက်တုန်းကလိုတော့ သူတို့ကို ထိတွေ့ခွင့် မရခဲ့ပါ။ သို့သော် ကျွန်တော် ကျေနပ်ပါသည်။
တချို့ တိမ်တိုက်တွေက စုစုဝေးဝေး၊ တချို့က ဟိုတစု ဒီတစု၊ တချို့က ကောင်းကင်ပေါ်မှာ မြစ်တစ်စင်း စီးဆင်းနေသလို သွယ်သွယ်တန်းတန်း၊ တခါတလေမှာလဲ ကျယ်ပျောလှသော တိမ်ပင်လယ်ကြီးတွေ။ တစ်ချို့တိမ်တိုက်တွေက နေရောင်မှာ စိုလက်တောက်ပလို့။ တစ်ချို့ တိမ်တိုက်တွေကတော့ နူးညံ့လှသော ကတ္တီပါ လွင်ပြင်ကြီးတွေလို။ ပြူတင်းတံခါးကို ဖွင့်ပြီး တိမ်တိုက်တွေပေါ် ခုန်ချ ပြေးလွှားချင်စိတ်တွေ ခဏခဏ ပေါ်လာအောင် အခါများစွာ သူတို့က ကျွန်တော့်ကို ဖျားယောင်းနိုင်ခဲ့ပါသည်။ ဘယ်လောက်အထိ ဖျားယောင်းနိုင်ခဲ့သလဲဆို သူတို့ကို မော့ကြည့်ခဲ့ဖူးစဉ်က အမျိုးမျိုး ပုံဖော်ရေးခဲ့သော တိမ်ရေးရုပ်တွေကို ရေးကြည့်ဖို့ စိတ်ကူးကို မေ့လျော့ စေခဲ့သည့် အထိပါပဲ။
တိမ်တိုက်တွေက အတည်တကျ ရှိချင်မှ ရှိလိမ့်မည်။ ဖမ်းဆုပ်ထိတွေ့ခွင့် ရချင်မှ ရနိုင်မည်။ တခါတရံ နှစ်လိုဖွယ်အသွင်ရှိပြီး တခါတရံ ကြောက်မက်ဖွယ်ကောင်းမည်။ မည်သို့ပင်ဖြစ်စေ၊ ကောင်းကင်ကြီးမှာ တိမ်တိုက်တွေကို မြင်တွေ့နေရလျှင်ပဲ ကျွန်တော် ကျေနပ်ပါသည်။


ပြာလဲ့လဲ့မိုးသားနဲ့ တိမ်တိုက်တွေ

စိုလက်တောက်ပနေတဲ့တိမ်တိုက်တွေ

တချို့တိမ်တိုက်တွေက ဟိုတစု ဒီတစု


ဒီလိုတိမ်ဂွမ်းဆိုင်တွေ ပေါ့။ ကျွန်တော် ခုန်ချပြီး တိမ်တွေပေါ်ပြေးလွှားချင်ခဲ့တာ

တိမ်တိုက်တွေကြားက မြို့တော် ရန်ကုန်
မေတ္တာဖြင့်
ရေးသားသူ - မိုးကုတ်သား