Showing posts with label Family. Show all posts
Showing posts with label Family. Show all posts

Tuesday, May 1, 2012

အိပ်တန်းပျံငှက်ရဲ့ ဒိုင်ယာရီ

အိပ်တန်းပျံငှက်ရဲ့ ဒိုင်ယာရီ

(၁)

အိမ်ပြန်ရတော့မယ်.........။
လေယာဉ်ကွင်းကို စထွက်လာကတည်းက ရင်ထဲမှာ အပျော်တွေနဲ့ ပြည့်သိပ် လှုပ်ခုန်လို့..။ အိပ်ယာက မထနိုင်၊ လိုက်မပို့နိုင်တဲ့သူတွေကိုလည်း စိတ်ဆိုးချင်ယောင် မဆောင်အားသလို နှုတ်ဆက်စကားတွေ ချွေဖို့ရာလည်း သတိမရ။ အိပ်ချင်မူးတူးနဲ့ လေဆိပ် လိုက်ပို့ပေးရလို့ ဘေးမှာ စူပုပ်ပွနေတဲ့ မျောက်မျက်နှာကိုလည်း ဂရုမပြုမိတော့ပါ။
MAI/ JETSTAR က ယနေ့ခရီးစဉ်မှာ ခရီးသည် အပြည့် စီးနင်းလိုက်ပါသောကြောင့် ခရီးဆောင်အိတ်များကို အဆင်မပြေပါက နောက်လေယာဉ်ဖြင့် သယ်ဆောင်ပေးပါမည် ဆိုတာကြောင့်လဲ စိတ်အနှောက်အယှက် ကြာကြာ မဖြစ်လိုက်ပါ။  အိမ်.... အိမ်ကို မြန်မြန် ပြန်ရောက်ချင်ပြီလေ.....။ ဖေ နဲ့ မေရေ သား ပြန်လာပြီ လို့ စိတ်ထဲကနေ အကြိမ်ကြိမ် အော်ဟစ်ရင်း.......

ရန်ကုန်လေဆိပ်ရောက်တော့ အားလုံးက ချောချောမောမော... တစ်ခုပဲ အူကြောင်ကြောင် ဖြစ်ရသည်က အင်မီဂရေးရှင်းမှာ တန်းစီနေတုန်း လေဆိပ်က တာဝန်ကျသူ သမီးပျိုလေးတစ်ဦးက "Sir, this is only for Myanmar Passport Holder, Foreigners are over there" လို့ လာပြောတာ တစ်ခု ပါပဲ။ :-P

ဖေ နဲ့ မေကို ပင်ပန်းမှာစိုးလို့ လေဆိပ်မှာ လာမကြိုဖို့ ပြောထားမိလေတော့ ရန်ကုန်မြေပေါ် ခြေချချချင်းမှာ ဖေနဲ့ မေ့ကို မတွေ့ရပါ။ ညီမလေး နှင့် ညီလေး... နောက်ပြီး သူငယ်ချင်းတစ်ချို့ကို တွေ့ကတည်းက ကျွန်တော်က ပျော်နေနှင့်ပြီ။ အငှားကားပေါ်မှာ မောင်နှမတွေ ဗျောင်းဆန်အောင် သောင်းကျန်းကာ စကားတွေ ရေပက်မ၀င် ပြောနေကြလေတော့ ကားမောင်းသူပင် အပျော်တွေ ကူးစက်လို့...။

ကားရပ်ရပ်ချင်းမှာပဲ အိပ်ပေါက်ဝ ထိပ်မှာ စောင့်နေတဲ့ ဖေ့ကို တွေ့ရပါပြီ။ သိပ် ဒရမာ ဆန်တာပဲ မဝေဖန်ကြပါနဲ့။ ကားပေါ်က ပြေးဆင်းပြီး ဖေ့ကို ပြေးဖက်မွှေ့ရမ်း နမ်းပစ်လိုက်တယ်။ ဖေကပဲ ပိန်သေးသေးလေး ဖြစ်သွားတာလား၊ ကျနော်ကပဲ ဗလကြီးလာတာလား.. ဖေ့ကိုယ်ပေါ့ပေါ့လေးကို ချီမြှောက်ရင်း.... အရင်က ကျနော် ခိုစီးခဲ့ရတဲ့ ဖေ့လက်မောင်းကို ပြန်သတိရမိတော့.. ငယ်ဘ၀ကို လွမ်းသွားပြန်ပါတယ်။
ဖေက ငါလည်း သန်မာပါသေးတယ် ဆိုတာကို သက်သေပြချင်လို့ထင်ရဲ့.... အထုပ်အပိုးတွေ ဇွတ်မ နေလို့ မနည်းတားရပါသေးတယ်။ သားတို့ ခိုစီးခဲ့တဲ့ လက်မောင်းတွေလေ လို့ အရင်လိုပဲ ရွှတ်နောက်နောက်နဲ့ ဖေပြောတော့ အလွမ်းတစ်ချို့ ပြေလျော့လို့သွားတယ်။

အိမ်ပေါ်မှာ စောင့်နေတဲ့ မေ့ဆီကို လှေကားတွေပေါ် ၀ရုန်းသုန်းကား ပြေးတက်ပစ်လိုက်ရင်း ပါးစပ်ကလဲ မေရေ.. သားပြန်လာပြီ လို့ တကျော်ကျော်အော်ရင်း.. အပေါက်ဝလဲရောက်ရော မေက ဒေါက်ခနဲ ခေါင်းခေါက်ပြီး ကြိုလေတော့တယ်။

ဟဲ့ မကြီးမငယ်နဲ့ အဲလောက်အော်လာရသလား၊ ဘေးအိမ်တွေ အားနာစရာ တဲ့လေ။

နဖူးအတော်နာသွားပေမဲ့ ချိုမြန်လှတယ်။ နဖူးကို ပွတ်ရင်း နာတာ မေရာ လို့ ပြောတော့ ထုံးစံအတိုင်း မေက ဘုကြည့်ကြည့်ရင်း ပိုကိုပိုတယ် လို့ ပြောပေမဲ့ မေ့မျက်လုံးတွေက ပျော်ရွှင်ကြည်နူးရိပ်တွေက ကျွန်တော့်ကို အမောပြေ အလွမ်းဖြေပေးနေပါတယ်။

(ဒိုင်ယာရီက ဆက်ရန် ကျန်ပါသေးတယ်။ အပျင်းလဲမပြေ အပျော်ဖတ်လဲမဟုတ်တဲ့ စာတွေ ဆက်လက်ရေးသားနေပါအုံးမယ်ခင်ဗျားးး)

မေတ္တာဖြင့်

မိုးကုတ်သား

Tuesday, October 20, 2009

မေမေသို့ တမ်းချင်း

ကံကောင်းလို့ မေမေ့ မွေးနေ့လေးလဲ အမှတ်လွဲနေမှန်း ရက်ကျော်ပီးမှ မသိပဲ အချိန်မှီ သိလိုက်ရတာ။ ဒီနေ့က အောက်တိုဘာ နှစ်ဆယ်ရက်နေ့။ မေမေ့အသက် ခြောက်ဆယ် တင်းတင်း ပြည့်တဲ့ နေ့။
မေမေ့ ဓာတ်ပုံလေးကို အလွမ်းပြေ ထုတ်ကြည့်မိတော့ ရှက်ပြုံးတစ်ပွင့်နှင့် ကျွန်တော့်ကို ကြည့်နေသော ရိုးရိုးစင်းစင်း အမျိုးသမီး တစ်ဦးကို တွေ့ရသည်။ မေမေက အင်မတန် ရိုးသလို အနေလဲ အေးလွန်းလှသည်။ စကားကိုလည်း ဝေ့၀ိုက်ပြီး နားထောင်ကောင်းအောင် မပြောတတ်သလို တုတ်ထိုးအိုးပေါက် ပြောတတ်သော မေမေမို့ ကျွန်တော်တို့ အမှား တစ်ခုခု လုပ်မိလျှင် စိတ်ထဲ ဆတ်ဆတ်ခါ နာစေသည့် စကားတွေ ဆိုတတ်သူ ဖြစ်သည်။ ခုတော့ မေမေ တုတ်မိုး ဆုံးမခဲ့တာတွေ၊ စိတ်နာကျင်အောင် ဆူပူခဲ့တာတွေ အတွက် မေမေ့ကို အင်မတန် ကျေးဇူးတင်ပါသည်။ မဟုတ်ရင် ကျွန်တော့် ခပ်ဆိုးဆိုး၊ ခပ်ပေပေ စိတ်တေလေတို့က ခုချိန် ဘယ်သောင်ပြင် လွင့်နေမည်လဲ မသိနိုင်ပါ။
မေမေ့မွေးနေ့ အတွက် အမှတ်တရ ရေးခဲ့ဖူးတဲ့ စာလေးကို အမှတ်တရ ပြန်တင်ရင်း စိတ်တွေက မေမေရှိရာ အရပ်သို့ ခရီးနှင်နေမိသည်။

***************

မေမေသို့ တမ်းချင်း

အောက်တိုဘာ (၂၀)ရက်၊ ဒီနေ့က မေမေ့မွေးနေ့။ မေမေတစ်ယောက် ဒီနေ့ ဘာတွေ လုပ်နေမှာပါလိမ့်။ အငယ်ကောင်တွေနဲ့ ညီမလေးကရော မေမေ ပျော်ရွှင်အောင် ဘယ်လိုများ စီစဉ်ထားလဲ။ သေချာတာကတော့ မေမေတစ်ယောက် ဆွမ်းကပ်ဖို့ အလုပ်တွေ ရှုပ်နေမယ်၊ ဘုရား သွားချင် သွားမယ်၊ ဒါမှမဟုတ် အိမ်မှာပဲ တရားထိုင်ပြီး မေတ္တာ ပို့နေမယ်။ အင်မတန် အေးဆေးတဲ့ မေမေက ထုံးစံအတိုင်း ပုံမှန်နေ့တွေလို သူမရဲ့ မွေးနေ့ကို ဖြတ်သန်း သွားမှာပါပဲ။

ရှဥ့်ကလေး မေမေ ငယ်စဉ်က ပုံရိပ်

၂၀၀၈ခုနှစ် ဖေဖော်ရီက မေမေ့ ပုံရိပ်
(ကျွန်တော် ချစ်တဲ့ မေ့ရဲ့ ရှေ့သွားလေး နှစ်ချောင်းလုံး မရှိတော့ဘူး၊ သွားတု စိုက်ထားတဲ့ မေကတော့ အရင်လို ရယ်ရတာ ကို ရှက်နေဆဲ။ မေအဲ့ဒီလို ပြုံးရယ်နေတာ အင်မတန် ချစ်ဖို့ ကောင်းတယ်။)

မိုးကုတ်မြို့ အနောက်ပိုင်း၊ ကျပ်ပြင်ဈေးသူ မေမေ့ နာမည်က ဒေါ်မြင့်မြင့်စန်း။ ဖေဖေကတော့ ချစ်စနိုးနဲ့ ရှဉ့်ကလေး လို့ခေါ်တယ်။ (ဟီး၊ ဖေနဲ့မေရဲ့ ရီးစားစာတွေ ခိုးဖတ်ထားတာ ပေါ်ပြီ) မေမေ့ ရှေ့သွားလေး နှစ်ချောင်းက ရှေ့ထွက်နေလို့ ဖေက အဲ့ဒီလို ခေါ်ခဲ့တာနေမှာ။ ဟုတ်တယ်ဗျ၊ မေက အဲ့ဒီသွားလေး နှစ်ချောင်းကြောင့် ပိုချစ်စရာ ကောင်းသွားတာ။
အေးဆေးပြီး အပိုစကား သိပ် မပြောတတ်တဲ့ မေက အင်မတန် ရှက်တတ်သလို လျှို့ဝှက် သိပ်သည်းတယ်။ ဒေါသကြီးသလို ပြတ်သားတယ်။ ဖြောင့်မတ်သလို စနစ်ဇယားလဲ အင်မတန် ကြီးတယ်။ ကျွန်တော်တို့ကို ချစ်တယ် လို့ တစ်ခါမှ မေမေ မပြောခဲ့ဘူးပါ။ သားတို့ကို ချစ်လား မေးမိရင်လဲ အင်း လို့ပဲ ခပ်ပြတ်ပြတ် ပြန်ဖြေ တတ်ပါတယ်။ လောကကြီးမှာ စကားလုံးတွေ မလိုတဲ့ ချစ်ခြင်း မေတ္တာတရား ကို မြင်တတ်၊ ခံစားတတ်အောင် မေမေက လက်တွေ့ ပြခဲ့ပါတယ်။

ငယ်ငယ် တုန်းကတော့ မေမေ့ အချစ်တွေကို မမြင်တတ် ခဲ့ဘူး။ ဖေ့ကို ချွဲသလိုများ မေ့ဆီ သွား ချွဲလို့ကတော့ ဘာမှ မပူဆာ ရသေးခင် ငယ်ထိပ် ဘုထွက်အောင် ဒေါင်ကနဲ ခေါက်ထည့် လိုက်ပြီသာမှတ်။ စာမရရင်၊ အတန်းထဲ အဆင့် တစ်၊ နှစ်၊ သုံး မ၀င်ရင်၊ အိမ်အလုပ်ကို ပြီးအောင် မလုပ်ဘဲ အဆော့မက်နေရင်၊ အမှား တစ်ခုခု လုပ်မိရင် အမေ့ လက်သံ ပြောင်ပြောင်ကို ကျောကော့နေအောင် ခံရမြဲ။ ဘေးလူ ၀င်ဆွဲ လို့ကတော့ ဆွဲတဲ့သူပါ နာပြီမှတ်။ အပြင်မှာများ ရန်ဖြစ်ခဲ့လို့ကတော့ ကိုယ့်ဘက်က မှန်နေလဲ မရ၊ တီးတာဘဲ။ စာတွေ မရမချင်း ပေးမအိပ်ဘဲ တုတ်တစ်ချောင်းနဲ့ ထိုင်စောင့်ကာ စာအမြဲ စစ်သည်။ စာပြန်ခိုင်းလို့ နဲနဲ ထစ်ငေါ့ ထစ်ငေါ့ မဖြစ်နဲ့၊ နပန်မွှေး ပြတ်မတတ် လိမ်ဆွဲခံရသည်။ စာကျက်ရင်း အိပ်ငိုက်လို့ကတော့ လက်ဖမိုးကို သစ်သား ပေတံဇောင်းနဲ့ ခေါက် ခံရမည်။ ဒါမှ ဆက်ငိုက် နေလျှင်တော့ မျက်လုံးကို ဖြဲပြီး သံပုရာသီးရည် ညှစ်ထည့် ခံရ လိမ့်မည်။

မှတ်မိ ပါသေးတယ်။ ကျွန်တော် ခြောက်တန်း တုန်းကပေါ့။ တစ်ခါ ကျောင်းကနေ ရန်ဖြစ်ပြီး ပြန်လာတော့ အိမ် ပေါက်ဝမှာ တုတ်တစ်ချောင်းနဲ့ ခါးထောက်ပြီး စောင့်နေတဲ့ မေ့ကို မြင်တာနဲ့ အခြေအနေ သိပ် မဟန်မှန်း သိလိုက်ပြီ။ ဒေါသမီး ၀င်းဝင်းတောက် နေတဲ့ မေမေ့ မျက်လုံးတွေက ရှင်းပြလို့ နားဝင်တော့မှာ မဟုတ်။ ကြောက်ပေမဲ့ ကိုယ့်ဘက်က မှားတာ မဟုတ်တော့ ခပ်တည်တည်ပဲ အိမ်ထဲဝင်မယ် လုပ်တော့ မေက ကျွန်တော့် အင်္ကျီ ဂုတ်ကိုဆွဲပြီး အိမ်ထဲ ခေါ်သွားတယ်။ ကျွန်တော်နဲ့ ရန်ဖြစ်လာတဲ့ ကောင်လေးနဲ့ သူ့အမေက အိမ်မှာ လာစောင့်နေတာကိုး။ အဲ့ဒီ သားအမိကို တောင်းပန်ခိုင်းတော့ ကျွန်တော်က မတောင်းပန်ဘူး။ ကျွန်တော့်ဆီက ခိုးထားတဲ့ ကျောင်း စာအုပ်ကို ပြန်တောင်းတာ မပေးလို့ ဆွဲထိုးလိုက်တာ၊ မတောင်းပန်နိုင်ဘုး ပြောလို့ ဆော်ပလော် တီးပါလေရော။ ကျွန်တော်က အတီးမခံဘဲ အဲ့ဒီ အန်တီကို ခင်ဗျားသား သူခိုးကို သေချာ ဆုံးမထား၊ မဟုတ်ဘဲ ကျုပ် အရိုက် ခံရရင် ခင်ဗျားသား အသေဘဲ လို့ပြောတော့ ပိုဆိုးရော။ ကျွန်တော့်ကို လှိမ့် လှိမ့်ပြီး ရိုက်နေတဲ့ မေ့ကို ဘယ်သူမှ ၀င်ဆွဲလို့ မရတော့ဘူး။ မတရား ဗျင်းခံရတဲ့ ကျွန်တော်က မေမေ့ကိုပါ ဒေါသတွေ ထွက်ပြီး မုန်းသွားတယ်။

ကိုယ့်သားဘက်က မှန်နေတာကို မှန်တဲ့ဘက်က မရပ်ဘူး၊ သားသမီးကို နှိက်စက်ဖို့ သက်သက် မွေးထားတာ မလား။ ရိုက် ရိုက် သေအောင်ရိုက်၊ အမေစိတ်မရှိတဲ့ ဘီလူးမကြီး။

စိတ်ရှိရှိနဲ့ နာနာကျည်းကျည်း ကျွန်တော် အဲ့ဒီလို အော်တော့ ရိုက်လက်စ မေမေ့လက်တွေ လေထဲမှာ ရပ် သွားတယ်။ တော်တော်လေး နာကျင်သွားပုံဘဲ။ ဆက်လဲ မရိုက်တော့ဘူး။

ဖေ ပြန်လာတော့ အရှိုးရာ အထပ် ထပ်နဲ့ ကျွန်တော့်ကို ဆေးလူး ပေးရတယ်။ မေနဲ့လဲ ရန်တွေ ဖြစ်ကြတယ်။ အဲ့ဒီနေ့က ကျွန်တော် ညစာ မစားဘူး။ ဖေက ချော့ပြီး ကျွေးပေမဲ့ မစားဘူး။ စာလဲ မလုပ်ဘဲ အစောကြီး ဝင်အိပ်ပစ်တယ်။ မေက လာ မချော့သလို အရေးလဲ မစိုက်ဘူး။ စာမကျက်ဘဲ ဝင်အိပ်နေတာ ကိုလဲ ဘာမှ လာ မပြောဘူး။ ညကျ အားလုံး အိပ်ပျော် သွားရင် အိမ်ကနေ ထွက်ပြေးဖို့ ကျွန်တော် ဆုံးဖြတ်ထားတယ်။

ညတော်တော် မိုးချုပ်လာတဲ့ထိ ကျွန်တော် ဘယ်ထွက် ပြေးရမလဲ စဉ်းစားလို့ မရသေးဘူး။ အိပ်ခန်းထဲ ဝင်လာတဲ့ ခြေသံ သဲ့သဲ့ကို ကြားလို့ အိပ်ချင်ယောင် ဆောင် နေလိုက်တယ်။ ကျွန်တော့် နဖူးကို ခပ်ဖွဖွ လာနမ်းတယ်။ ဖေဖေလား စိတ်ထဲ ထင်မိပေမဲ့ မဟုတ်ဘူးဆိုတာ သိလိုက်တယ်။ အဲ့ဒီ အနမ်းမှာ မျက်ရည်စ တစ်ချို့ကို ရလို့ပါ။ မေမေလား။ မေမေ ကျွန်တော့်ကို တစ်ခါမှ မနမ်း ဘူးပါဘူး။ မယုံမရဲနဲ့ ခိုးကြည့်မိတော့ မေမေမှ မေမေပါပဲ။ အို၊ မေမေ ငိုနေပါလား။ ခပ်မှိန်မှိန် ထွန်းထားတဲ့ ရေနံဆီ မီးအိမ်ရဲ့ အလင်း ဖျော့ဖျော့ အောက်မှာ ဝိုးတစ်ဝါး မြင်ရတဲ့ မေမေ့ မျက်ဝန်းမှာ မျက်ရည်စတွေနဲ့။ အသံ မထွက်အောင် ကြိတ်ပြီး ငိုနေတဲ့ မေမေ့ တစ်ကိုယ်လုံး တုန်ရီလို့ နေတယ်။ မေမေငိုတာ တစ်ခါမှ ကျွန်တော် မမြင်ဘူးပါဘူး။ ဖေဖေကတောင် အသဲမာလွန်းတဲ့ မိန်းမ လို့ သတ်မှတ် ထားတာသာ ကြည့်။ မေမေ့ရဲ့ မျက်နှာမှာ ကြင်နာ သနားမှုတွေနဲ့ အပြည့်။ ကျွန်တော့် နာကျည်းမှုတွေ အားလုံး အရည်ပျော် ဆင်းသွားတယ်။

တော်ပြီ။ နောက်ဆို မေမေ ငိုအောင် ဘယ်တော့မှ မလုပ်တော့ဘူး။ မေမေ့စကားနားထောင်ပြီး လိမ်လိမ်မာမာ နေတော့မယ်။ ရန်လဲ ဘယ်တော့မှ မဖြစ်တော့ဘူး။ မေမေ ဖြစ်စေချင်တဲ့ ပညာတတ်ကြီး ဖြစ်အောင်ကြိုးစားပါ့မယ်။ အဲ့ဒီလို မေမေ့ကို စိတ်ထဲကနေ ကျွန်တော် ကတိ ပေးလိုက်တယ်။

နောက်ပိုင်းမှာတော့ မေမေ့နား ဘယ်တုန်းကမှ မကပ်ခဲ့တဲ့ ကျွန်တော် မေမေ့ကို ပိုပြီး ဂရုစိုက်ခဲ့ ကူခဲ့တယ်။ မေမေက အချိုးပြောင်းပြီး သိပ်မဆိုးတော့တဲ့ ကျွန်တော့်ကို အံ့ဩသလို ရှိပေမဲ့ ထုံးစံအတိုင်း ဘာမှ မမေးဘူး။ နောက်တစ်ခုက အဲ့ဒီတုန်းကရင်း ဘယ်သူ့ကိုမှ မေမေ သိပ်ပြီး မရိုက်တော့တာပဲ။ မေနဲ့ အနီးကပ်နေလေ၊ ဘယ်လောက်ထိ သားသမီးတွေအပေါ် စွန့်လွှတ် အနစ်နာခံပြီး ချစ်လဲ ပိုသိလေပဲ။ သားသမီးတွေ ပူဆာသမျှ အလို မလိုက်ပေမဲ့ တစ်ကယ်လိုအပ် ရင်တော့ ကျွန်တော်တို့ မျက်နှာ မငယ်စေ ရအောင် ဆင်ပေးတတ်တဲ့ မေက သူ့အတွက် အဝတ်အစား တစ်စုံ ဝယ်ဖို့ထက် ဆန်အိုးထဲ ဆန်အပြည့် ရှိဖို့ ပိုဦးစား ပေးခဲ့ပါတယ်။

အလှူ မင်္ဂလာဆောင် သွားရင် အရောင် မှိန်တဲ့ မေမေ့ကို တစ်ချို့က အထင် သေးချင်သည်။ မမြင့်စန်းရယ် တစ်ခါလာလဲ ဒီဝတ်စုံပဲ၊ နောက်တစ်ပွဲလဲ ဒီဝတ်စုံပဲ။ နဲနဲပါးပါးတော့ ဝယ်ဝတ်ပါဦး။ မေ့ မိတ်ဆွေ တစ်ချို့က အဲ့ဒီလို ပြောလာရင်လဲ အဲ့ဒါ အပို ကုန်တွေပါ လို့ ပြုံးပြုံးဘဲ ပြန်ပြောတတ်တယ်။

ထမင်းစားတဲ့ အခါတိုင်း ဖေနဲ့ သားသမီးတွေ အတွက် အကောင်းဆုံးတွေ ရွေးပေးပြီး မေကတော့ ဘယ်သူမှ သိပ်မကြိုက်တဲ့ အစား ကိုဘဲ စားလေ့ ရှိတယ်။ အမြဲတမ်းလဲ တစ်ကုပ်ကုပ် အလုပ် လုပ်နေတာချည်းပဲ။

အနောက်ပိုင်းထိ သွားပြီး ရုံးတက်ရတဲ့ မေက အစောကြီး ထရကာ မနက်ညစာ ချက်ပြုတ်ရတာ၊ ကျွန်တော်တို့ ကျောင်းသွားဖို့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထား ပေးခဲ့ရတာ၊ ရုံးကနေ ပြန်လာရင်လဲ ကျောင်းနဲ့ ကျူရှင်က ပြန်လာကြမဲ့ ကျွန်တော်တို့ အတွက် စားဖို့ အဆင်သင့် ပြင်ပေးထားရတာ၊ ညတိုင်ကျရင်လဲ ရုံးက စားရင်းဇယားတွေ စစ်ရင်း တစ်ဖက်က ကျွန်တော်တို့ကို စာစစ်ရတာ၊ စနေ တနင်္ဂနွေ ရုံးနားရက် ဆို တစ်ပါတ်စာ အဝတ်တွေကို လျှော်ဖွတ် မီးပူတိုက်ရ၊ အိမ် သန့်ရှင်းရနဲ့ အမြဲ အလုပ်ရှုပ် နေခဲ့ပေမဲ့ မောလိုက်တာ လို့ မေမေ တစ်ခါမှ မညည်းညူခဲ့။ မောတဲ့ပုံလဲ ဘယ်တော့မှ မတွေ့ရ။ ကျွန်တော်တို့ ကမှ မေမေ့ကို နဲနဲပါးပါး ကူရပြီဆို ကြောက်လို့သာ ကူရတယ်။ လည်ချိန် ဆော့ချိန် လျော့လို့ သိပ်ပြီး မကျေနပ်ချင်။

ဘယ်မိဘက ကိုယ့် သားသမီးတွေ အမုန်းကို ခံချင်ပါ့မလဲဗျာ၊ နော။ မေကတော့ ကျွန်တော်တို့ အမုန်းကို သားသမီး ဘဝ ကောင်းစားရေးနဲ့ ကျေကျေနပ်နပ်ကြီး လဲယူခဲ့ ပါတယ်။ မေ့ကို ပိုပြီး နားလည်လာလေ ပိုပြီး ချစ်လေဘဲ။

တစ်ရက်ပေါ့ဗျာ။ ကျွန်တော် ကျောင်းသွားဖို့ အိမ်သော့ ခတ်နေတုန်း ဗြုန်းဆို ဗိုက်နာတယ် နာတယ် နဲ့ အလတ်ကောင် က အော်ရော။ အဲ့ဒီတုန်းက သူနဲ့ ကျွန်တော်က အလယ်တန်း ဆိုတော့ မူလတန်းတက်နေတဲ့ အငယ်တွေနဲ့ ကျောင်း မတူတော့ဘူး။ ခလေးတွေလဲ ကျောင်းသွားပြီ။ ဖေကလဲ တွင်း သွားပြီ။ မေလဲ ရုံး သွားခဲ့ပြီ။ ကျောင်းချိန် ကလဲ နီးနေပြီ။ အစားမက်တဲ့ ဒီကောင် ဘာခိုးစားပြန်ပြီလဲ မသင်္ကာလို့ စစ်တော့ သူ့လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ အထုပ် ဖြူလေး တစ်ထုပ်။ အစကတော့ နို့မှုန့်ထုပ် အောက်မေ့တာ။ (အဲ့ဒီတုန်းက နို့မှုန့်ကို ဆယ်ပြားတန် အထုပ်သေးလေးတွေ ထုပ်ပြီး ရောင်းတဲ့ ခောတ်ပေါ့။) ဘယ်က ကောက်ရပြီး စားမှန်းမသိဘူး။ အခုလေးပဲ ကျောင်းမသွားခင် ထမင်းစားပြီးတယ်၊ ငတ်ရကောင်းလား ဆို လက်ထဲရှိတဲ့ သော့နဲ့ ဒေါင်ကနဲ နေအောင် ခေါက်ထည့် လိုက်တာ ထိပ်ကြီး ဖု သွားရော။ တီးပြီးမှ ကျွန်တော်လဲ စိတ် မကောင်းဘူး။ ဒေါသကြီးပြီး သူ့ အသားနာရင် မရတဲ့ ဒီကောင်က တော်တော်ကို နာသွားတော့ ကျွန်တော့်ကို စိမ်းစိမ်းကြီး ကြည့်ရင်း ပါးစပ်က အမြှုပ်တွေ ထွက်လာတော့မှ ခြေမကိုင်မိ၊ လက်မကိုင်မိ ဘာလုပ်ရမှန်း မသိတော့ဘူး။ အော်ဟစ်ပြီး အကူအညီ တောင်းတော့မှ အိမ်နီးချင်းတွေက ဆေးရုံ လိုက်ပို့ ပေးကြတယ်။ ဒီကောင် ငတ်ကြီးကျပြီး ကောက်စား ထားတာ နို့မှုန့်ထုပ် မဟုတ်ဘဲ တွင်းသားတွေ ပြုတ်ကျ ကျန်ရစ်ခဲ့တဲ့ ယမ်းမှုန့်ထုပ်ကြီး ဖြစ်နေတာကိုး။ ကံကောင်းလို့ မသေတယ်။ ဆေးရုံမှာ ပိုက်တန်းလန်းနဲ့ အလတ်ကောင်ကို ကြည့်ပြီး ငတ်ရလား၊ ငတ်ရလားဆို နာရင်းချည်း ပိတ်တီး ပြစ်ချင်တော့တာပဲ။ ချစ်တာရော၊ စိုးရိမ်တာရော၊ စိတ်တိုင်းမကျတာရော၊ စုပြုံပြီး ဖြစ်လာတဲ့ ဒီ စိတ် ခံစားမှုကို ကြုံရမှ မေမေ့ရဲ့ ဂရုဏာ ဒေါသကို နားလည် ပါတော့တယ်။

မေမေ ဖြစ်စေချင်တဲ့ ဆန္ဒတွေကို ဖြည့်ဆည်း ပေးချင်စိတ်နဲ့ အင်မတန် ဆိုးသွမ်းချင်တဲ့ ကျွန်တော် မဆိုး ဖြစ်တော့ပါဘူး။ မေမေ စိတ်ချမ်းသာဖို့ ကိုပဲ ဦးစားပေးဖြစ်ခဲ့တယ်။ ကျွန်တော် ပြောခဲ့ သလိုပဲပေါ့။ လောကကြီးမှာ စကားလုံးတွေ မလိုတဲ့ ချစ်ခြင်း မေတ္တာတရား ကို မြင်တတ်၊ ခံစားတတ်အောင် မေမေက လက်တွေ့ ပြခဲ့ပါတယ်။

မေမေ ချစ်တဲ့ သားကြီး၊ အဝေးဆီ ရောက်နေပြီ....။ ထူးအိမ်သင်ရဲ့ အဲ့ဒီ သီချင်းသံကို လွမ်းလွမ်း ဆွေးဆွေး ကြားရတိုင်း ကျွန်တော် မျက်ရည် ဝဲရမြဲ။ မေ့ကို သတိရတိုင်း မေမေ ဖြစ်စေလိုသော ထူးချွန် အောင်မြင်တဲ့ ဘဝတစ်ခု ရဖို့ ဇွဲစိတ်မာန် တို့ ပိုရမြဲ။ နှိမ်ချ ဖိနှိပ်မှုတွေ ကြုံရတိုင်း အပြုံးမပျက် စတမ်း ကိုယ့်ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်နိုင်ဖို့ ခွန်အားတွေ မေ့ဆီက ရမြဲ။

မပြည့်စုံသေးသော်လည်း ငြိမ်းချမ်းတဲ့ ခိုကိုးရာ အဖြစ် မေမေ့ ဘဝအတွက် ကျွန်တော် ရှိချင်သည်။ သားသမီး တွေကို အောင်မြင်စေချင်သော မေမေ့အတွက် ထိပ်ဆုံး မရောက်တောင် တတ်နိုင်သမျှ အကောင်းဆုံး ဖြစ်အောင် ကြိုးစားချင်သည်။ မေမေ့ဘဝကို ငြိမ်းချမ်းမှုတွေနဲ့ ပြန်လည် ဖြည့်ဆည်းပေးနိုင် ဖို့အတွက် အချိန်တန် လျှင်တော့ မေမေ့ရင်ခွင်ရှိရာ အရောက် ကျွန်တော် ပြန်နိုင် ပါလိမ့်မည်။

၂၀၀၉၊အောက်တိုဘာ နှစ်ဆယ်ရက်မှာ အသက် (၆၀)နှစ်ပြည့်ခဲ့တဲ့ မေမေ့ကို လွမ်းဆွတ်နေသော သားတစ်ယောက်ရဲ့ တမ်းချင်းပါ။ မေမေတစ်ယောက် ကျန်းမာချမ်းသာခြင်းများနဲ့ ပြည့်စုံပါစေ။ ဘဝရဲ့ အစစ်အမှန်တရားကို လက်မလွတ်တမ်း ကျင့်သုံးရင်း ဓမ္မရိပ်မှာ ငြိမ်းချမ်းအေးမြနိုင်ပါစေ။

မေတ္တာဖြင့်
မိုးကုတ်သား

ဖေဖေသို့ တမ်းချင်း

ဆယ်လပိုင်း ဆယ်ရက်နေ့က ဖေဖေ့မွေးနေ့။ ဒီနှစ်ဆို ဖေဖေ ခြောက်ဆယ့်သုံးနှစ် ပြည့်တဲ့ နှစ်ပေါ့။ ကျွန်တော် အမှတ်မှားနေတဲ့ အတွက် ဖေဖေ့ဆီလဲ ဖုန်းမဆက်ဖြစ်၊ ဘာ အမှတ်တရမှလဲ မလုပ်ဖြစ်နဲ့။ ဖေဖေ၊ မေမေ ကိုလွမ်း၊ အိမ်ကို လွမ်းနေတဲ့ ကျွန်တော် ဘာတွေ လွဲချော်နေခဲ့တာပါလိမ့်။ စိတ်မကောင်းဖြစ်နေမဲ့ ဖေဖေ့ကို တွေးမြင်ပီး ရင်ထဲ ဘယ်လိုမှ မကောင်းနိုင်တော့ဘူး။ ကျွန်တော် မကောင်းဘူး။ မိုးကုတ်မှာ တစ်ယောက်တည်း ရှိနေမဲ့ ဖေဖေတစ်ယောက် သူ့မွေးနေ့ကို ဘယ်လို ဖြတ်သန်းနေမလဲ။ တွေးရင်း ရင်ထဲ ဆို့နင့်လာတယ်။ ဆယ်ရက်နေ့ကို ကျွန်တော် ပြန်ဆွဲလှည့် ပစ်လိုက်ချင်ပေမဲ့ဒါဟာ မဖြစ်နိုင်တဲ့ ကိစ္စ ဆိုတာ ဘာသာ သိတော့ ကြေကြေကွဲကွဲ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တွေ တင်နေမိတော့တယ်။
ဖေဖေ့ မွေးနေ့ အတွက် အမှတ်တရ ရေးဖူးတဲ့ စာလေးကိုသာ အမှတ်တရ ပြန်တင်ရင်း ဒီနေ့ မေမေ့ မွေးနေ့မှာ နောက်လထဲ ဖေဖေ နဲ့ မေမေ့ မွေးနေ့လို့ အမှတ်ထပ်မမှားမိတော့တာကိုသာ ကြံဖန် ကျေနပ် နေရပေမဲ့ ဒီနှစ်ရဲ့ ဆယ်ရက် ဆယ်လလေးက ကျွန်တော့ထံ ပြန်မလာနိုင်တော့။

*****************

ဖေဖေ့မွေးနေ့ရောက်တော့မယ်။ ကျွန်တော့်အာရုံတွေက ဖေဖေ့ပုံရိပ်တွေဆီ ပြေးလွှားလို့နေတယ်။ ငယ်စဉ်က ချောမောပြေပြစ်သော ဖေဖေသည် ယခုအခါမှာတော့ လောက
ဓာဏ်၏ ထုထောင်းမှု၊ ဇရာ၏ လွှမ်းမိုးမှုတို့ဖြင့် ရှိရင်းစွဲအသက်ထက် ပိုပြီးရင့်ရော်လို့နေ၏။ ဘဝကို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ဖြတ်သန်းလိုသော၊ လွတ်လပ်မှုကိုမြတ်နိုး၍ အနုပညာကို ဝါသနာထုံသော ဖေဖေဟာ ‘အိမ်ထောင်ဦးစီး ဖခင်' တစ်ဦးရဲ့ တာဝန်များကြားဝယ် သူ၏ ဝါသနာနှင့် လွတ်လပ်မှုတို့ကို စတေးပစ်ခဲ့ရတာ ဘယ်လောက်ကြာခဲ့ပြီလဲ။

ဖေဖေငယ်စဉ်ကပုံရိပ်
၂၀၀၈ခုနှစ်၊ ဇန်နဝါရီလ က ဖေဖေ့ပုံရိပ်

ငယ်စဉ်က သံမဏိဆိုတဲ. အိမ်နာမည်နဲ့လိုက်အောင် အင်မတန် မာကျောခဲ့တဲ့ ကျွန်တော့်ဖေဖေ ဦးသောင်းထူး (ကျွန်တော့် သူငယ်ချင်းတွေနဲ့ ဖေဖေ့ လူငယ် မိတ်ဆွေတွေကတော့ လေးလေးထူး၊ လေးထူး လို့ ခေါ်ကြတယ်) ဟာ မိသားစု၊သားသမီးတွေ အပေါ်မှာတော့ အင်မတန် နူးညံ့သိမ်မွေ့ခဲ့ပါတယ်။ သူ့ရဲ့ သံမဏိစိတ်ဓာတ်တွေကို ကျွန်တော်တို့အပေါ် ထားတဲ့ မေတ္တာတွေနဲ့ အရည် ဖျော်ချပစ်ရဲတဲ့ အထိ မိသားစုအပေါ် အချစ်ကြီး ချစ်တတ်ခဲ့သူပါ။
မိုးလင်းက မိုးချုပ် ပင်ပင်ပန်းပန်း ကျောက်တွင်း တူးရသော်လည်း နံနက် လေးနာရီ ဒေါင်ကနဲ မည်တာနဲ့ အာခေါင်ခြစ်ငိုကာ နို့တောင်းတတ်သော သားဦး ကျွန်တော့်ကို မငြီးမငြူ နို့ဗူးဖျော်ကာ တိုက်ခဲ့သော၊ ချူချာသော ကျွန်တော် တိုက်ဖွိုက်ဖြစ်ပြီး ညကြီးသန်းခေါင် အဖျားတက် မေ့မျောတော့ ဝေးလံလှသော ဆေးရုံသို့ ချီပိုး ပြေးခဲ့သော၊ စာမေးပွဲ မဖြေလိုက်ရမှာ စိုးရိမ်နေသော ငါးတန်းကျောင်းသား ကျွန်တော့်ကို ကုန်းပိုးလျှက် ရေကြီးနေသော ရပ်ကွက်ကိုဖြတ်၊ ရေလျှံပြီး အရှိန်ပြင်းပြင်း စီးနေသော ရေနီချောင်းတံတားကို ကျော်ကာ မိုးကြီးလေကြီးကြား ကျောင်း လိုက်ပို့ပေးခဲ့သောဖေဖေ၊ နွမ်းပါးသော်လည်း သားသမီးတွေ လိုချင်တာ မှန်သမျှ ဖြည့်ဆည်းပေးလိုခဲ့သော ဖေဖေ၊ သားသမီးတွေကို သူ့လို ကျောက်တွင်းတူးသမား မဖြစ်စေလိုဘဲ ပညာတတ် ဖြစ်စေလိုခဲ့သော ဖေဖေ၊ ကျောက်တွင်းတူးရင်း ခါးရိုးပေါ်တည့်တည့် တူပြုတ်ကျကာ အတွင်းဒဏ်ရပြီး အလုပ်ကြမ်းလုပ်ခွင့် မသင့်တော့တာကို မမှုအားဘဲ မိသားစုဝမ်းရေး၊ ချမ်းသာရေးအတွက် ကျောက်တွင်း အလုပ်ကို မစွန့်လွှတ်ဘဲ လောကဓာဏ်ကို အံတုခဲ့သောဖေဖေ၊ ကျောရိုးမှအတွင်းဒဏ် ဆိုးရွားလာပြီး ကျောက်တွင်းလုပ်ငန်းကို လုံးဝစွန့်လွှတ်လိုက်ရတော့ မိသားစုချမ်းသာရေးဆိုတဲ့ မျှော်လင့်ချက်ကို ဆုံးရှုံးခဲ့သောဖေဖေ၊ ဘယ်တော့မှ သူတစ်ပါးလက်အောက်မှာ မလုပ်လိုဘဲ လွတ်လပ်စွာ ရပ်တည်လိုသော်လည်း မိသားစုအတွက် သူ၏ မာနကို ဖယ်ချကာ ဝန်ထမ်း လုပ်ခဲ့ရသောဖေဖေ၊
....ဖေဖေ့ကျေးဇူးတရားများက စာဖွဲ့လို့မကုန်ပါ။ ဖေဖေ့ရဲ့ကြီးမားလှသော မေတ္တာနှင့် ချစ်ခြင်းတို့ကြောင့် ကျွန်တော်တို့ ငယ်ဘဝက လုံခြုံနွေးထွေးခဲ့ပါတယ်။
မိုးကုတ်မြို့မှာ ဖေဖေတူးခဲ့သမျှ မြေတွေသာ ကျောက်အောင်ခဲ့မယ် ဆိုရင်တော့ ကျွန်တော်တို့ သားစဉ်မြေးဆက် စား၍ ကုန်နိုင်မယ်မထင်။ ကံမကောင်းသော ဖေဖေ့မှာတော့ နှစ်ပေါင်းများစွာ ကျောက်တွင်း တူးခဲ့သော်လည်း ထမင်းစားကျောက်မှလွဲ၍ သူဋ္ဌေးဖြစ်ကျောက် တစ်ခါမှ မရဘူးခဲ့။ ဖေဖေ့ဘဝ၏ ရှုံးနိမ့်ခဲ့ရမှုပေါင်း များစွာကို ဘယ်လို ဖြတ်သန်းခဲ့ပါသလဲ။
အချိန်တန် အရွယ်ရောက်လို့ သားသမီးတွေ တစ်နေရာစီ ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့သွားကြတော့ ဖေဖေ ဘယ်လောက် လွမ်းနေမလဲ။ သားသမီးတွေ ဆက်သွယ်မလာတာကြာလို့ သူ့ကိုများ မေ့လျှော့ သွားကြပြီလား တွေးထင်မိတဲ့ အခါတိုင်း ဖေဖေ ဘယ်လောက် ဝမ်းနည်းနေရှာမလဲ။
ကျွန်တော့်ကို လုံခြုံနွေးထွေးစေသော ဖေဖေ့ရင်ခွင်၊ ကျွန်တော် အားကိုးတစ်ကြီး ဖက်တွယ်ခဲ့ဖူးသော
ဖေဖေ့လက်မောင်းများ၊ ချစ်ခြင်းမေတ္တာအပြည့် ပျော်ဝင်နေသော ဖေဖေ့အနမ်းများ၊ ဖေဖေပြောပြခဲ့သော အိပ်ယာဝင်ပုံပြင်များ၊ ဖေဖေ့ဂစ်တာသံနှင့် သီဆိုပြခဲ့သော သီချင်းများ၊ ဖေဖေရေးသော စာတိုပေစနှင့် ကဗျာများ၊ သားသမီးတွေရဲ့ အပြုံးအပျော် မျက်နှာများကို မြင်ရုံမျှနှင့် ဘဝအမောများကို အံတုရင်ဆိုင်နိုင်ခဲ့သော ဖေဖေ့ စိတ်ခွန်အားများ၊.....ပြန်တမ်းတတိုင်း အဝေးက ဖေဖေဟာ ကျွန်တော့်ဘေးမှာ အမြဲရှိနေခဲ့ပါတယ်။

လောကဓာဏ်ရဲ့ ရိုက်ပုတ်ကြည်စယ်မှုများကို ဘယ်တော့မှ အရှုံးမပေးဘဲ အပြုံးနှင့် ရင်ဆိုင်နိုင်ဖို့ရာ စိတ်ခွန်အားများစွာကို ဖေဖေ့ဆီမှရခဲ့ပါတယ်။ ဘဝအခက်အခဲ မှန်သမျှတို့ကို ရင်ဆိုင်နိုင်ဖို့ရာအတွက် လုံလောက်သော ချစ်ခြင်း မေတ္တာတရားကို ဖေဖေ့ဆီက ရခဲ့ပါတယ်။
ဘဝမှာ ငွေကြေးနဲ့ ဘယ်တော့မှ ဝယ်ယူမရတဲ့ ဒီစစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ၊ လုံခြုံနွေးထွေးမှုတွေကို ဘဝတစ်သက်စာ အမွေအဖြစ် ဖေဖေက ကျွန်တော့်ကို ပေးခဲ့ပါတယ်။
တစ်မြေခြားမှာ အလုပ်လုပ်နေရတဲ့ ကျွန်တော့်အတွက်တော့ ဖေဖေ့မေတ္တာများက ငယ်စဉ်ကလို နွေးထွေးဆဲ၊ ဖေဖေ့ချစ်ခြင်းများမှာ ကျွန်တော့်ဘဝက လုံခြုံဆဲ၊ ဖေဖေ့ မျှော်လင့်ချက်များက ကျွန်တော့်ဘဝကို အလင်းပေး လမ်းပြနေဆဲသာ။ အဝေးကနေ ငွေကြေးထောက်ပံ့နေရုံနဲ့ သားသမီးဝတ္တရား ကြေတယ် ကျွန်တော် မယူဆပါ။ ဖေဖေ့ရဲ့ ညအိပ်ယာဝင် ပုံပြင်များ နားထောင်ရင်း၊ ဖေဖေ့ဘဝ အမောများကို မျှဝေ ခံစားရင်း ဖေဖေ့ အထီးကျန်ရက်စွဲများကို ဖြေဖျောက်ပေးချင်သည်။ ဖေဖေ့ ချစ်ခြင်းမေတ္တာများ အောက်မှာ ကျွန်တော့်ဘဝ လုံခြုံနွေးထွေးခဲ့သလို ဖေဖေ့ဘဝကို လုံခြုံနွေးထွေးစေသော သားတစ်တယာက်အဖြစ် ဖေဖေ့ဘေးမှာ စောင့်ရှောက်မှုတွေ ပေးချင်သည်။
ကျွန်တော့်ဖေဖေသည် မိုးကုတ်မြို့ကလေးမှ မထင်မရှား သာမာန် လူတစ်ယောက်သာ၊ ဖေဖေ ကောင်းတာတွေလဲ ရှိမည်၊ ဆိုးတာတွေလဲ ရှိမည်။ ဘာပဲဖြစ်ဖြစ် ဖေဖေသည် ကျွန်တော့် ဘဝ၏ ကောင်းကင်ထက်တွင် အလင်းလက်ဆုံး ကြယ်တစ်ပွင့် အဖြစ် ထာဝရ ရှိနေပါလိမ့်မည်။ ထိုကြယ်ကလေး လင်းလက်ရာ အဖေ့အိမ်ကလေးသို့ အရောက် ကျွန်တော်ခရီးနှင်နေပါသည်။

၂၀၀၈၊အောက်တိုဘာဆယ်ရက်မှာ အသက် (၆၂)နှစ်ပြည့်မဲ့ ဖေဖေ့ကို လွမ်းဆွတ်နေတဲ့ သားတစ်ယောက်ရဲ့ တမ်းချင်းပါ။ ဖေဖေတစ်ယောက် ကျန်းမာချမ်းသာခြင်းများနဲ့ ပြည့်စုံပါစေ။ ဘဝရဲ့ အစစ်အမှန်တရားကိုရှာတွေ့ခဲ့ပြီဆိုတဲ့ ဖေဖေတစ်ယောက် ဓမ္မရိပ်မှာ ငြိမ်းချမ်းအေးမြနိုင်ပါစေ။

Father & Son [by Rod Stewart]

Rod Stewart

Father And Son

[Originally by Cat Stevens]

Father
It's not time to make a change,
Just relax, take it easy.
You're still young, that's your fault,
There's so much you have to know.
Find a girl, settle down,
If you want you can marry.
Look at me, I am old, but I'm happy.

I was once like you are now, and I know that it's not easy,
To be calm when you've found something going on.
But take your time, think a lot,
Why, think of everything you've got.
For you will still be here tomorrow, but your dreams may not.

Son
How can I try to explain, when I do he turns away again.
It's always been the same, same old story.
From the moment I could talk I was ordered to listen.
Now there's a way and I know that I have to go away.
I know I have to go.

Father
It's not time to make a change,
Just sit down, take it slowly.
You're still young, that's your fault,
There's so much you have to go through.
Find a girl, settle down,
If you want you can marry.
Look at me, I am old, but I'm happy.

Son
All the times that I cried, keeping all the things I knew inside,
It's hard, but it's harder to ignore it.
If they were right, I'd agree, but it's them you know not me.
Now there's a way and I know that I have to go away.
I know I have to go.

မေတ္တာဖြင့်
မိုးကုတ်သား

Sunday, April 12, 2009

ဖေဖေ့စာ (သို့မဟုတ်) အိပ်မက်တွေ (၂)

ဖေဖေ့စာ

အမြင်အာရုံ
မြို့တော်ကြီး၏ တစ်ခုသော ရပ်ကွက်အတွင်းမှာ မျက်စေ့လည် လမ်းမှား၍ သော်လည်းကောင်း၊ အကြောင်း/အကျိုး တိုက်ဆိုင်၍ သော်လည်းကောင်း သူ ရောက်ရှိနေပါသည်။
သေချာတာကတော့ သူမက်ခဲ့ဖူးသော အိပ်မက်များ၏ နိဒါန်းအစကို ဘ၀၏ နိဂုံး နှစ်များနှင့် တွဲဖက်၍ သူမြင်တွေ့နေလေသည်။ ယခု အချိန်တွင် မြို့တော်ကြီးသို့ စောစီးစွာ ရောက်ရှိခြင်းနှင့် နှောင်းပိုင်းမှ ရောက်ရှိခြင်းတို့သည် သူနှင့် မပတ်သက်တော့ချေ။
အချိန်ကာလ ယန္တယားသည် စည်းချက်မှန်စွာ အလုပ် လုပ်နေသည်။ သူ့ ဘယ်ဘက်ရင်ခေါင်း အတွင်းက နှလုံးသားကတော့ ပရမ်းပတာ လှုပ်ရှားလို့ နေတော့သည်။
သူ့မိသားစုနှင့် လက်ရှိ နေထိုင်နေသော စမ်းချောင်းရပ်ကွက်အတွင်းမှာ ကံထရိုက်တိုက်များ မှိုပေါက်သလို တပြန့်တပျော့ ဆောက်လုပ်လာနေကြသည်။
သူတို့မိသားစု ပြီးခဲ့သည့် 2008ခုနှစ်က နေထိုင်ခဲ့ကြသော အမှတ် C/20 ၏ အ၀င်ဝကြီးတွင် ကြီးမားသည့် ဆိုင်းဘုတ်ကြီးတစ်ခု နေရာ ယူလာခဲ့သည်။
သူ မော့ကြည့်သည်။ ဆိုင်းဘုတ်က စာများကို ဖတ်လိုက်သည်။

ထုံးစံအတိုင်း ကုမ္ပဏီနံမည် ရေးထားပါသည်။

ဒါကို သူ သိပ် စိတ်မ၀င်စားပါ။ သူစိတ်ဝင်စားသည်မှာ နဖူးစည်း စာကြောင်းကိုသာ ဖြစ်သည်။ ဒီလို ရေးထားပါသည်။

"WE BUILD YOUR DREAMS"

သူက အိပ်မက်များထဲမှာ နှစ်နေခဲ့ဖူးသူ တစ်ယောက် ဖြစ်ပါသည်။ အကောင်အထည် မပေါ်ခဲ့သည်က များပါသည်။

အကောင်အထည် ပေါ်ခဲ့သည်တို့လည်း ရှားရှားပါးပါး ရှိခဲ့ဘူးပါသည်။ ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခု၏ သမားရိုးကျ စာကြောင်းတစ်ကြောင်းက သူ့ နှလုံးသားကို လှုပ်ခါစေခဲ့သည်လား.....။

"အိပ်မက်"

သူ့ ဘ၀တစ်လျှောက်လုံး မက်ခဲ့ရတဲ့ အိပ်မက်ကို လှုပ်ရှားစေဖို့ အသက်သွင်းပေးသူက သူ့သား အကြီးပါလား။

# ...... မြို့ပြအိပ်မက်တွေ

ငါငယ်ငယ်က မက်ခဲ့ဖူးတာပေါ့

မနက်ကျတော့.. ခေါက်ရိုးကျိုးနေတဲ့

နောက်ထပ်တရက်နဲ့

ဖူးစာဖက်ရတာပါပဲ...

ဒီ မြို့လေးမှာပဲ... ဒီလူတွေနဲ့ပဲ... ဒီလမ်းတွေ ထဲမှာပဲ.....

အဲသည်ရက်များကို ကျော်လွန်လာခဲ့ပြီ။
သားရဲ့ အနာဂါတ် စီမံကိန်းထဲမှာ သူတို့အားလုံး စီးမျောနေကြပြီ... ကောင်းခြင်းမင်္ဂလာပါ သားကြီးရေ...
သူ့ အမြင်အာရုံက သူ့သားဖတ်ဖို့ စာတစ်ပုဒ် ဖြစ်လာရပါတယ်။
ပြီးတော့ သူ့မှာ အကြားအာရုံတွေ ရှိနေသေးတာမို့

အကြားအာရုံ

♪♫~ သံသရာ... ဆွဲဆန့်လို့... ဘယ်လောက်ပင် ရှည်... ရှည်...
ချစ်သူ့နယ်မြေသည်သာ... ငြိမ်းချမ်းနယ်မြေ...
မေတ္တာတရား ထွန်းကားရာ.... ငြိမ်းချမ်းသာယာသော နယ်မြေ.....
ငြိမ်းချမ်းသာယာသော နယ်မြေ..... ~♪♫
နိုင်ငံခြား radio အသံလွှင့်တဲ့ အစီအစဉ်ထဲမှာ ရှားရှားပါးပါး သူကြားလိုက်ရတဲ့ ခောတ်ဟောင်းသီချင်း တစ်ပုဒ်ပါ။
အောင်မြင်ကျော်ကြားခဲ့တဲ့ မြန်မာ အဆိုတော် အမျိုးသမီးကြီးရဲ့ အသံကို သူ အလွတ် ကျက်မှတ်ထားခဲ့ဖူးတယ်။
သူ့မိခင်ကြီး မကြာခဏ ဆိုလေ့ ရှိတဲ့ သီချင်းပါ။ သူ လူပျိုထော်ဝင်စ မနူးမနပ်အရွယ်မှာ ဒီသီချင်းနဲ့ စတင် ရင်းနှီးခဲ့ ရတာပေါ့။

ခုလို အသက်အရွယ် ရလာတော့ ဒီသီချင်းကို ဓမ္မ အမြင်က လှမ်းမြင် ခံစားခဲ့ရပြန် ပါရော။

စဉ်ဆက်မပြတ် ဖြစ်ပျက်နေရတာကို သံသရာ လို့ အဓိပ္ပါယ် ဖွင့်မယ်ဆိုရင် သူတို့အားလုံးဒီ ၀င်္ကံပါကြီး ထဲမှာ ၀ဲလှည့် နေကြရတာပေါ့ နော်။ ဆွဲဆန့်သမျှ ရှည်ကြရ အုံးမှာ ပါလား။

ရှည်ကာမှ ရှည်လေရော... ဆွဲဆန့်လိုက်ကြအုံးစို့ သားကြီးရေ....

အနံ့ အာရုံ

သူ့အသက် 30 လောက်မှာ နှာခေါင်းနဲ့ ပါတ်သက်ပြီး ချို့ယွင်းချက်တစ်ခု ဖြစ်ခဲ့ဘူးတယ်။ ဘယ်လို စဖြစ်မှန်း မသိဘူး။ သူ့နှာခေါင်းက အာရုံခံ ပစ္စည်း ချို့ယွင်းသွားတာကိုတော့ သူ အကြမ်းဖျဉ်း သိထားတယ်။ အဲတာကတော့ အနံ့ မှန်သမျှ ဘာအနံ့မှ မရတော့တာပဲ။ မွှေးတာလဲ မသိ၊ နံတာလဲမသိ။ သူတော်တော် တုန်လှုပ်သွားတယ်။ အဲသလို ဖြစ်နေတာ နှစ်တွေချီပြီး ကြာခဲ့ပါတယ်။

သေချာတာ တစ်ခုကတော့ စူးစိုက်စရာ အာရုံတစ်ခု ပျောက်ပျက်သွားတာပါ။ တရားရှုမှတ်သူများ အတွက်ကတော့ ၀န်တစ်ခု ပေါ့သွားတာပေါ့လေ။ သူ့မှာတော့ ပီပီပြင်ပြင် တရား ရှုမှတ်သူ တစ်ယောက်မှ မဟုတ်တာကိုး။ ဒီတော့တုန်လှုပ်မာ်၊ ခြောက်ခြားမယ်ဆိုတာ သူ့အတွက် သေချာတဲ့ စိတ်ခံစားမှုပဲပေါ့။ ခုတော့လည်း အချိန်ကာလကြီးက ကုစားပေးလိုက်လို့ ဒီရောဂါ ပျောက်သွား ခဲ့ပါပြီ။
သူ- အနံ့တွေ ပြန်ရနေပြီ။

မွှေးတာလေး ရှူရရင် သဘောကျလို့၊ နံတာတွေ ရှူရရင် စိတ်တိုင်းမကျလို့။ သဘာဝကျကျ ပုံမှန်လူသား တစ်ယောက် ပြန်ဖြစ်ခဲ့ပြီပေါ့။ သဘာဝအတိုင်း ရှင်သန်နေရတာ ကောင်းပါတယ် သားကြီးရေ...။
အရသာ အာရုံ
သူက အစပ်ကို ကြောက်တယ်။ အချို ကြိုက်ပါတယ်။ သူ့မိန်းမက အစပ် ကြိုက်တယ်။ အချို မကြိုက်ပါဘူး။ ဘယ်လို အရသာပဲ ဖြစ်ဖြစ် ရသ ၆ပါးနှာ အလွန်အကျွံ ခံစားရင်တော့ ဒုက္ခ ရောက်ကြ ရမှာပါ။ အချို ကြိုက်လွန်းလို့ အချိုကဲတာတွေ အရသာခံခဲ့ရင်း သူ့မှာ သွေးတွေတောင် ချိုကုန်ပြီထငပ်ါရဲ့။ မိသားစု အားလုံးထဲမှာ ပုရွက်ဆိတ် အကိုက်ခံ ရဆုံး၊ ခြင်အကိုက် ခံရဆုံးက သူပဲ ဖြစ်နေတယ်လေ။ ချိုတယ်၊ ချိုတယ်၊ အားလုံး ချိုနေတယ်။ သူ့မျက်နှာကလဲ ချို၊ သူ့စကားတွေကလဲ ချိုလွန်းလာလို့ သူ့နာမည်ကိုတောင် ဦးချိုထူး ပြောင်းရတော့မလို ဖြစ်နေတယ်။ အစပ်စားလွန်းတဲ့ သူ့မိန်းမလား? ဒါနဲ့ ပတ်သက်ပြီး သူ့မိန်းမအကြိုက်ကို တားလွန်းလို့ ခဏခဏ စကား များကြ ရတာပေါ့။ နဂိုက ဖြူတဲ့ အသားအရည် ပိုင်ရှင် သူ့မိန်းမ အသားအရည်ဟာ အဖြူထဲ အနီ ရောသလို ဖြစ်လာတယ်။ ဒေါသ ဖြစ်နေပြီ ဆိုရင် သူ့ မိန်းမ မျက်နှာဟာ ငရုပ်သီး နီနီ တစ်တောင့်လို ရဲနေတာပဲ။

အဲတာ အစပ်တွေချည်း အရမ်းစားတာကိုး လို့ ပြောတော့ သူမက လက်မခံခဲ့ပါဘူး။
သားကြီး ပို့ပေးတဲ့ ဆေးတွေတော့ သူ မှန်မှန် စားနေပါတယ်။
ရသာရုံတွေ ခံစားဖို့ လူမှာပါလာကြတဲ့ လျှာကလေးကို အလို မလိုက်မိဖို့ အရေးကြီးပါတယ် သားကြီးရေ။

အထိအတွေ့ အာရုံ

လူ့ အသားအရည်ဟာ အင်မတန် နူးညံ့ပါတယ်။
တစ်ချို့ အာရုံခံ ကောင်းသူတွေမှာ အသေးငယ်ဆုံးအင်းဆက်ပိုးမွှားလေး တစ်ကောင်ရဲ့ အထိအတွေ့ကိုတောင် ခံစား သိရှိ နိုင်ကြပါတယ်။
သဘာဝတရား ကြီး၏ အအေးဒဏ်၊ အပူဒဏ်များ၏ အန္တရယ်မှ ကာကွယ်ရန် လူတွေ အ၀တ်ဝတ် ကြရ၏။ ကြမ်းတမ်းသည့်အ၀တ်က ကြမ်းတမ်းသော အထိအတွေ့ကို ပေးမည်။ နူးညံ့သည့် အ၀တ်က နူးညံ့သော အထိအတွေ့ကို ပေးမည်။ ဒါသည်ပင် ခံစားမှုတွေ ပါပဲ။
ရန်ကုန်နွေက ကျွတ်ရွနေအောင် ပူပါတယ်။ မလွဲသာ၊ မရှောင်သာမှ အပြင် ထွက်ကြရတယ်။ လေဟာပြင်ထဲက အဆီးအတားတွေကို ကျော်ဖြတ်လာတဲ့ နေရောင်ဟာ မညှာမတာ ပူလွန်းလှပါတယ်။
သူတို့ လက်ရှိနေထိုင်ရတဲ့ တိုက်ခန်းက 4 လွှာမှာပါ။ အပေါ်ဆုံးအလွှာဆိုတော့ ခေါင်မိုးအောက်က မျက်နှာကျက် ပြီးရင် သူတို့ပါပဲ။ ဒါတောင် မျက်နှာကျက်က မြင့်လို့ပါလား။ တခြား အခန်းတွေက မျက်နှာကျက် နိမ့်ကြတယ်။ တိုက်ခန်း ၀ရံတာက ထွက် ကြည့်ရင် မျက်နှာချင်းဆိုင်မှာ 10 ထပ် အဆောက်အဦးကြီး ရှိပါတယ်။ ကျန်းမာရေး အထောက်အကူပြု နာမည်ကြီး အာရှတော်ဝင် ဆေးရုံကြီး ဖြစ်ပါတယ်။ ညနေ 3 နာရီ နောက်ပိုင်း နေကျချိန်မှာ ဒီအဆောင်အဦးကြီးက နေရောင်ကို ဒိုင်းကြီးတစ်ခုလို ကာထားပေးပါတယ်။ ဒီတော့ နေရဲ့ တိုက်ရိုက် ထိတွေ့မှုမှာ အတော်ကြီး ခံသာသွားတာ ဘုရား မတာပါပဲ။ ခုတလော ရက်ပိုင်းတွေမှာ လေငြိမ်နေတာမို့ အပူဒဏ်ကို ပို ခံကြရပါတယ်။ နယ်မြို့လေးက ခေါ်ထားတဲ့ သူ့မြေး ကောင်းကောင်း ကတော့ ရေချိုးခန်းကိုချည်း မျက်စပစ်နေတော့တာပါပဲ။ မနည်း တားထားရပါတယ်။ မနက်တကြိမ်၊ ညနေတကြိမ် ရေချိုးဖို့ ကြပ်မပ်နေရပါတယ်။ တမိသားစုလုံး စားဖို့ ချက်ပြုတ်ရတဲ့ သူ့ မိန်းမလား။ ချွေးတလုံးလုံးနဲ့ နေတာပေါ့။ မိတ်ယားတွေ ထွက်လာလို့ အနေရ အထိုင်ရ ခက်နေပုံ ရပါတယ်။ အဲဒါ သမီးက မိတ်ယား ပျောက်တဲ့ ပေါင်ဒါဗူး ၀ယ်လာပေးပါနှ တော်တော်လေး သက်သာသွားလေရဲ့။ မိန်းမ ပင်ပန်းနေမှာ စိုးရိမ်လို့ သူ မီးဖိုဆောင် ၀င်ပြန်တော့လည်း မဟေသီက စိတ်တိုင်းကျတောင် မမူပါဘူး။ သည်းခံရတာပေါ့လေ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လကုန်လောက်မှာ အချန်းချင်း ကပ်ရက် မေကြတဲ့ အမျိုးသမီး နှစ်ယောက် နေရာ ပြောင်းရွှေ့ကြပါတယ်။ သူတို့နဲ့လဲ ပူချင်း မျက်မှန်းတန်းမိနေကြလို့ မေးထူးခေါ်ပြော ခင်မင်တယ် ပြောပါစို့။ သယ်ယူပြောင်းရွှေ့ရာမှာ ၀န်ကြီးတဲ့ပစ္စည်းတွေကို သူတို့ ရောင်းချင် ကြလို့ သူတို့ မိသားစုကို ကမ်းလှမ်း လာပါတယ်။ အဲဒါကြောင့် GAS အိုးကြီးနဲ့ တွဲရက် GAS မီးဖိုကို တစ်ဝက်ဈေးနဲ့ သူတို့ ၀ယ်ဖြစ်လိုက်ပါတယ်။ မသုံးဖူးသေးတော့ လက်ဦးအစမှာ စိုးရိမ်စိတ်တွေနဲ့ သိပ်မရဲကြဘူး။ သူကပဲ ဒိုင်ခံ ဖွင့်/ ပိတ် ချက်ပြုတ်ပေး ရပါတယ်။ အရေးကြီးတာက GAS မီးဖိုရဲ့ ဖွဲ့စည်း တည်ဆောက်ပုံနဲ့ အလုပ်လုပ်ပုံကို နားလည်ဖို့နဲ့ သတိမမေ့ဖို့ပါပဲ။
ဖွင့်ပြီးရင် ပြန်ပိတ်ဖို့ သတိထားရပါတယ်။
အင်မတန် အပူရှိန် ပြင်းလွန်းလို့ ရေနွေးတစ်အိုး တည်ရင် အလွန်ဆုံး ကြာမှ 5 မိနစ် ပါပဲ။ ဆူတော့တာပါ။ လျှပ်စစ်မီးဖိုထက် အပူ ပြင်းတယ်လေ။
ဒါကလဲ သက်မဲ့ အထိအတွေ့ပဲမဟုတ်လား။
အထိအတွေ့ အာရုံအကြောင်း ရေးနေရာက စိတ်ကူးတည့်ရာတွေ လျှောက်ရေး ဖြစ်တော့တာပဲ။ ဆိုလိုချင်တာက သက်ရှိတွေ သက်မဲ့တွေမှာ ထိတွေ့မှုရဲ့ သက်ရောက်ခြင်းတွေ ရှိနေကြတာကိုပါ။
စာမရေးတာ ကြာပေမဲ့ ဘောလ်ပင် ကောက်ကိုင်ပီး စာရွက်ပေါ် ချရေးလိုက်ရင် ဦးဏှောက်က အလိုအလျောက် မောင်းနှင် လာတာ အလေ့အကျင့်လို ဖြစ်နေပြီ။ တွေးမိတာတွေ ရေးပေတော့။ ခုလည်း ဘာကို တွေးပြီး ဘယ်လိုရေးမလဲ။
အာရုံငါးပါးပေါ် အခြေခံပြီး ရေးမယ်ကွာ။ ဒီလို စဉ်းစားပြီး ရေးချလိုက်တာ သားကြီးဖတ်ဖို့ စာတစ်စောင် ဖြစ်သွားလေရဲ့။

စမ်းချောင်းထဲက နှင်းသီတာ စာအုပ် အငှားဆိုင်က ချာတိတ်တွေနဲ့လဲ သူ ခင်နေပြီ။ တစ်လအတွင်း Special Customer တွေ စာရင်းထဲ သူ ၀င်သွားခဲ့တယ်။ သူ ဖတ်ချင်တဲ့ စာအုပ်တော်တော်များများ (အဟောင်းများ) အဲသည်မှာ တွေ့ထားတယ်လေ။ တစ်ချို့ ကြိုက်တာတွေ ဈေးဖြတ် ၀ယ်တာပေါ့။ ခုတလော မျက်စေ့ အာရုံ ခံစားမှုတွေ သိသိသာသာ ချို့ယွင်းလာလို့ စာဖတ်တာ TV ကြည့်တာတွေ အရှိန် လျော့ထား ရတယ်။ သူ့ ညာဘက်မျက်စေ့က ၀ါးနေပြီ။ မြူတွေ ဖုံးနေတဲ့ မြင်ကွင်း ကြည့်နေရသလိုမျိုး။ ဒါကြောင့် စိတ်အလို မလိုက်ပဲ ထိမ်းချုပ်ထားရပါတယ်။ အာရုံငါးပါး ရောက်ရာပေါက်ရာ စာမူကြီးနဲ့ အတူ ရုရှား စာရေးဆရာကြီး ချက်ကော့ဗ် ၀တ္ထုတို တစ်အုပ် လက်ဆောင် ထည့်ပေးလိုက်တယ်။ သားကြီးလည်း သူ့အဖေ၀ါသနာမျိုး ရှိနေတယ်မဟုတ်လား။ အာရုံငါးပါးရဲ့ အနှစ်ချုပ်ကတော့ ထိမ်းချုပ်နိုင်မှု စွမ်းအားပါ။ လူ မှန်သမျှ ဒီအာရုံတွေနဲ့ မိုးလင်း/ မိုးချုပ် ထိတွေ့နေကြ ရစမြဲ မလား။ ဆိုလိုတာက အလွန်အကျွံ မခံစား မိကြဖို့ သတိပြု ကြဖို့ပဲလေ။ စိတ်ထဲ စဉ်းစားမိတာတွေ အပိုင်းခွဲ ရေးဖြစ်တာပါ။ သူ လို့ နာမ်စား သုံးထားသူ ဖေဖေလည်း ဒီ အာရုံငါးပါးနဲ့ ရှင်သန် ထိတွေ့ နေရအုံးမှာပါပဲ။ ဘယ်အာရုံကိုမှ အလွန်အကျွံ မခံစားရအောင် မကြာခဏ တရားပတ်တွေ ၀င်ဖြစ်နေတယ်။ ခုလောလောဆယ်တော့ စမ်းချောင်းနဲ့ နီးရာ ဘုရားဆီ မနက်တိုင်း လိုလို ရောက်ဖြစ် နေပါတယ်။

ဗဟိုလမ်း၊ ဗားကရာလမ်း မီးပွိုင့် နားက ကိုးထပ်ကြီး ဘုရား မှာပါ။ တိုက်ခန်းက လမ်းလျှောက်သွားရင် 5 မိနစ် လောက်ပါပဲ။
ဘုရားရဲ့ အရိပ်က အင်မတန် အေးချမ်းတာပါ။ အိမ်မှာလဲ ဘုရား ရှိနေတာပါပဲ။ အာရုံ ခ့စားမှုမှာတော့ မတူပါဘူး။ သဘာဝ အပူဒဏ်ကလည်း သိသိသာသာ ကွာခြားပါတယ်။ တစ်နာရီ တရားမှတ်ပြီး ပါသွားတဲ့ စာအုပ် ဖတ်လေ့ ရှိတယ်။ မနက် 10 နာရီ ၀န်းကျင်ဆို တိုက်ခန်း ပြန်ရောက်နေ ပါပြီ။
ကလေးတွေ အလုပ် ကိုယ်စီနဲ့ အပြင်ဘက် သွားကြရင် စကားနည်းတဲ့ အမေကြီးနဲ့ လေပေါတဲ့ အဖေကြီးတို့ မလိုက်ဘက်စွာ အတူ ကျန်နေရစ်မြဲပါ။ ခုတော့ မြေး ကောင်းကောင်း ရောက်လာလို့ အဖော်ရပြီပေါ့.။
ကောင်းကောင်းက လောင်စပ် ဆိုတော့ ပျော်စရာ ကောင်းပါတယ်။
သူ့ကိုလည်း မလွန်ကျွံအောင် ထိန်း နေရတယ် ဆိုပါစို့။
ကျောင်းတွေ ဖွင့်ရင်တော့ နေရာသစ်မှာ မိတ်ဆွေ သူငယ်ချင်းအသစ် တွေနဲ့ ဒီကလေး ပျော်သွားမှာပါ။ အဆင့်မြင့် ပညာရေးကို သူ့ IQ နဲ့ တွဲစပ် ပေးလိုက်ရင် ချွန်မှာ သေချာပါတယ်။
စာမျက်နှာ နံပါတ် တစ်ဆယ်ရောက်နေပါပြီ။

နားကြပါဦးစို့
ဖေဖေ

ဖေဖေ့စာ ဖတ်ပြီး ကျွန်တော် အတွေး နယ်ချဲ့ နေမိသည်။ မြို့တော် ရန်ကုန်သို့ ဖေဖေ လူငယ်ဘ၀က အင်မတန် သွားချင်ခဲ့ဖူးသည်။ မြို့ပြမှာ နေထိုင်ရတာကို ခုံမင်သည်။ ရွှေတိဂုံဘုရားကို နံနက်တိုင်း ဖူးချင်သည်။ မှတ်မိပါသေးသည်။ ကျွန်တော် ငယ်စဉ်က မြို့တော်ရန်ကုန်နှင့် ရွှေတိဂုံဘုရားအကြောင်း၊ အဲဒီမှာ ကြီးပွားပြီး စမတ်ကျနေသော ဖေဖေ့ မိတ်ဆွေများ အကြောင်း ပြောပြတိုင်း ဖေဖေ့ မျက်ဝန်းတွေက မျောင်လင့်ချက်တွေ နှင့် တောက်ပလို့ နေခဲ့သည်။ ယခု ဖေဖေ အင်မတန် နေထိုင်ချင်လှသော မြို့တော် ရန်ကုန်ကြီးမှာ ပျော်ရွှင်ပါရဲ့လား။ မြို့ကလေးမှာတုန်းကတော့ နံနက်ခင်းတိုင်း မြို့လယ်အင်းတပါတ် လမ်းလျှောက်ပြီး ပြန်လာတိုင်း လဖည့်ရည်ဆိုင်မှာ လူကြီး၊လူငယ် အရွယ်စုံလှသော မိတ်ဆွေများအား စိတ်ဝင်စားစရာ၊ ပျော်စရာ ပုံတို ပတ်စများကို လူတကာ ငေးမော နားစိုက်ထောင်ရအောင် ပြောနေရသည်ကို တမ်းတနေလိမ့်မည်။ မင်္ဂလာတိုက်မှာ ဝေယျာဝစ္စ လုပ်ကိုင်ကူရင်း အေးအေးလူလူ တရားထိုင်ရတာကို ပို လွမ်းနေလိမ့်မည်။ ညနေစောင်းလျင်တော့ ကျောင်းတုန်းက ငယ်သူငယ်ချင်း တစ်ချို့နှင့် ၀ိုင်းဖွဲ့ သီချင်းဆိုချင်ဆိုမည်။ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်တွေ ပြောကြမည်။ ရာသီဥတု အားပေးလျင်တော့ ယမကာလေး မှီပဲ ကြမည်။ အပေါင်းအသင်း အင်မတန် ခင်တွယ်သော ဖေဖေသည် သူ့ မိတ်ဆွေများကို အချိန်တန်လျှင် သတိရမိမှာပါပဲ။ မြို့တော်ကြီးသည် ဖေဖေ ငယ်စဉ်တုန်းကလောက် မျှော်လင့်ချက်တွေ အပြည့်နှင့် ဖေဖေ့ကို ပိုက်ထွေးထားနိုင်မည် မဟုတ်တာတော့ ကျွန်တော် သိနေသည်။

ဖေဖေ့အိပ်မက်တွေ အကုန်လုံးကိုတော့ ကျွန်တော် မသိပါ။ ဂီတကို ခုံမင်သော ဖေဖေက ဘင်ဂျိုအတီးကောင်းသလို သီချင်းအဆိုလဲ ကောင်းသည်။ ဂစ်တာလဲ ကောင်းကောင်း တီးတတ်သည်။ တီးဝိုင်းတွေ ထောင်ပြီး သီချင်းတွေ ဆိုခဲ့ကြတုန်းက အဆိုတော် ဖြစ်လိုသော အိပ်မက်တွေ ဖေဖေ့မှာ ရှိခဲ့မှာပါပဲ။

အစားအသောက်၊ အ၀တ်အစား၊ အရာအားလုံးကို အကောင်းမှ ကြိုက်သော ဖေဖေသည် ချမ်းသာ လိုစိတ်တို့ဖြင့် သူ မြတ်နိုးသော ဂီတကို စွန့်၊ ရုံးဝန်ထမ်းဘ၀ကို စွန့်ပြီး ကျောက်တွင်းတူးသမား ဘ၀ကို ခြေစုံပစ် ၀င်ခဲ့သည်။ ကျောက်ကြီးကျောက်ကောင်းသာ ရခဲ့ရင် ဆိုသော အိပ်မက်တစ်ခုဖြင့် နှစ်ပေါင်းများစွာ မြေကျင်းထဲ ၀င်ခဲ့သလို တောင်တွေကိုလဲ ဖောက်ခဲ့သည်။ ညကြီး ချမ်းချမ်းစီးစီးမှာ မြို့လယ်အင်းထဲ သွားပြီးလည်း မိုးထဲရေထဲ ပေါက်တူးတလက်ဖြင့် တူးဖွခဲ့သည်။ သို့သော် ထမင်းစား ကျောက်မှလွဲ၍ ဘာကျောက်ကြီး ကျောက်ကောင်းမှ ဖေဖေ မတွေ့ခဲ့ရပါ။

အရွယ်ကလေးထောက်လို့ကျန်းမာရေး အခြေအနေအရ ကျောက်တွင်းလောကနေ အနားယူရပြန်တော့ သူတပါး လက်အောက်ခံ မလုပ်လိုသော ဖေဖေက သူ့မာနတွေ အောက်ချပြီး အလုပ်ဝင်လုပ် ရပြန်သည်။ ပေါင်းကူး အအေးဆိုင်မှာ ဖေဖေ့ကို မန်နေဂျာအဖြစ် တွေ့ရမည်။ နောက်တော့ ရွှေတောမှာ သွားပြီး လုပ်ပြန်သည်။

ဘ၀အမောတွေထဲမှာ နှစ်နေခဲ့သော ဖေဖေသည် သူချစ်သော ဂီတကို မေ့လျော့လေခဲ့သလား။ ဖေဖေ့ ဘင်ဂျိုလေးကို လွမ်းလို့ နေမလား။ ဂစ်တာတီးကာ သီချင်းဆိုပြတတ်သော ဖေဖေ့ သံစဉ်တွေကို ကျွန်တော် ကတော့ လွမ်းလှသည်။ အဖိုး (ဖေဖေ့ အဖေ) ရဲ့ တယောသံကိုရော ဖေဖေ လွမ်းနေမလား။ ဖွားဖွား (ဖေဖေ့ အမေ) ရဲ့ သီချင်းသံတွေကို ဖေဖေ လွမ်းနေတာတော့ ကျွန်တော် သိပြီ။

ဖေဖေ ငယ်စဉ်က အလွန်ကြိုက်သော ကောင်းဘွိုင်တွေကို မှတ်မိသေးရဲ့လား။ တက္ကဆပ်စ် (Texas) ကို ဖေဖေ အိပ်မက်သေးရဲ့လား။ ဖေဖေသည်လည်း ကျွန်တော် ငယ်စဉ်ကလို ကမ္ဘာကြီး အနှံ့ လည်ပတ်လို့ စူးစမ်းချင်သည့် အိပ်မက်တွေ ရှိခဲ့ဖူးမှာပါပဲ။

ဖေဖေနှင့်ကျွန်တော်က ကဗျာတွေ၊ စာတွေ ကြိုက်တာ၊ အနောက်တိုင်းက ဒရာမာ ရုပ်ရှင်ကားတွေ ကြိုက်တာ တူသည်။ အနုပညာကို မြတ်နိုးတာလဲ တူသည်။

သို့သော် ကျွန်တော်က ဖေဖေ့လို စာတွေ၊ ကဗျာတွေလည်း အရေးမကောင်းပါ။ ရုပ်ရှင် ကြိုက်တာချင်း အတူတူ ဖေဖေက အင်္ဂလိပ်စာကို ကောင်းကောင်း ရေးတတ်၊ ဖတ်တတ်သလို လေယူလေသိမ်း မှန်မှန်နှင့် စမတ်ကျကျ စကားပြောတတ်သည်။ ကျွန်တော်ကတော့ အင်္ဂလိပ်စာ မြင်လျှင် ဝေးဝေးက ရှောင်သလို မတတ်သာလို့ ပြောရလျှင်လဲ ငပိသံ ၀ဲဝဲနှင့် အထစ်အထစ်။ အနုပညာမှာလဲ ဖေဖေ့လို အသံမကောင်းသလို ဘင်ဂျိုလည်း တီးတတ်ဖို့ မပြောနှင့်။ ဂစ်တာပင် မတီးတတ်သည့် ကျွန်တော်က ဂီတ တူရိယာတွေနှင့် အလှမ်းဝေးလွန်းလှသည်။

ဘ၀ကို ပေါ့ပေါ့ပါးပါး၊ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်း ချင်ကြတာလဲ တူသည်။ မိသားစုကို ခင်တွယ်တာခြင်း တူသည်။ မိတ်ဆွေ အပေါင်းအသင်း တွေကို မင်တတ်တာလည်းတူသည်။ သို့ သော် ကျွန်တော်က ဖေဖေ့လို ဟာဒယဥာဏ်မရှိ။ ဖေဖေ့လို ဗဟုသုတ ကြွယ်ကြွယ်၀၀နှင့် ပြောစရာ စကား များများစားစား မရှိ။ ဖေဖေ့လိုလဲ လူချစ်လူခင် မပေါလှပါ။ ကျွန်တော့် သူငယ်ချင်းများပင်လျှင် ကျွန်တော့်ဆီ လာလည်ပါက ဖေဖေနှင့် ဘော်ဒါရင်းချာတွေ ဖြစ်သွားပြီး ကျွန်တော်က စကားဝိုင်းဘေး ရောက်သွား ရသည်အထိ ဖေဖေက အပြောကောင်းလှသလို ခင်မင်စရာလဲ ကောင်းလှသည်။

တခါတခါမှာတော့ ကျွန်တော် ဖေဖေနှင့် နေရာချင်း လဲပစ်လိုက်ချင်သည်။ ကျွန်တော့လိုသာ ဖေဖေ့ ကံ တူပါက ကျွန်တော့်ထက် အဆများစွာ ထူးချွန်အောင် လုပ်ပြနိုင်လိမ့်မည်။ သို့သော် လောကကြီးက တခါတခါ လွဲချော်မှုများဖြင့် ကျည်စားတတ်ပါသေးသည်။ ခုတော့ ဖေဖေသည် ဘ၀မှာ နေသားတကျ ပျော်ရွှင်နိုင်ပါရဲ့လား။ ဖေဖေ့အိမ်မက်တွေ ဆက်လက် မက်နေသေးသည်လား။ ထိုအိမ်မက်များသည်.......

ရေးသားသူ - မိုးကုတ်သား

Thursday, November 13, 2008

WHAT IS A FAMILY? (မိသားစု ဆိုတာ)

လူတစ်ယောက် အလုပ်ကို မိုးချုပ်တဲ့ထိ အချိန်ပို လုပ်ပြီး မောမောနဲ့ အိမ်ကိုပြန်လာတယ်။ ပင်ပန်းလို့ စိတ်တွေလဲ တိုနေတယ်။ ငါးနှစ်အရွယ် သူ့သားလေးက အိမ်ပေါက်ဝမှာ သူပြန်အလာကို စောင့်နေတာ တွေ့ရတယ်။
သား - “ဖေဖေ၊ ဖေဖေ့ကို သားတစ်ခု မေးလို့ ရမလား”
ဖခင် - “မေးလေသားရဲ့၊ ဘာမေးမလို့လဲ”
သား - “ဖေဖေ၊ တစ်နာရီ အလုပ်လုပ်ရင် ပိုက်ဆံ ဘယ်လောက်ရလဲ”
ဖခင် - “ဒါ မင်းအလုပ် မဟုတ်ပါဘူး။ ဘာ ကိစ္စနဲ့ မင်းက သိချင်ရတာလဲ” ဖအေဖြစ်သူက ဒေါသနဲ့ မေးလိုက်တယ်။
သား - “သားသိမှ ဖြစ်မှာမို့လို့ပါ ဖေဖေရာ။ ကျေးဇူးပြုပြီး ဖေဖေ တစ်နာရီ အလုပ်လုပ်ရင် ပိုက်ဆံ ဘယ်လောက်ရလဲ ဆိုတာသာ ဖြေပေးပါဗျာ”
ဖခင် - “အေး၊ မင်းသိမှ ဖြစ်မှာဆိုလဲ ဖြေရတာပေါ့ကွာ။ တစ်နာရီကို နှစ်ဆယ် ရတယ်”
“အိုး” ခလေးငယ်က ခေါင်းငုံ့ချလိုက်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်မိတယ်။ နောက်တော့ ခေါင်းမော့ပြီး သူ့အဖေကို မရဲတရဲ ကြည့်ပြီး မေးလိုက်တယ်။
“ဖေဖေ၊ သား ပိုက်ဆံ တစ်ဆယ်လောက် ဖေဖေ့ဆီက ချေးလို့ ရမလား”
ဖခင်ဖြစ်သူက ဒေါသတွေ ပေါက်ကွဲသွားတယ်။ “မင်းဒီလိုမေးတာက ငွေချေးပြီး ဘာမဟုတ်တဲ့ အရုပ်တွေ၊ တခြား အဓိပ္ပါယ် ဘာမရှိတဲ့ ဟာတွေ ဝယ်ဖို့ သက်သက်ပဲ ဆိုရင် အခုချက်ချင်း မင်းအခန်းထဲမှာ ငြိမ်ငြိမ် သွားနေ နေတော့။ မင်းကိုယ်မင်း အတ္တ ကြီးလား မကြီးဘူးလား သေချာ ပြန်စဉ်းစား။ ငါ နေ့တိုင်း ဒီလောက် အလုပ်ကို အပင်ပန်းခံ လုပ်နေတာ မင်းရဲ့ ခလေးဆန်တဲ့ ဒီ ပူဆာတာတွေ သက်သက် အတွက်ပဲလား”
ကောင်ကလေးလဲ သူ့အခန်းထဲ တိတ်တိတ် ဆိတ်ဆိတ်လေး ဝင်သွားပြီး အခန်းတံခါးကို ပိတ်လိုက်တယ်။ အဖေကြီးကတော့ ဧည့်ခန်းထဲမှာ ထိုင်နေရင်း သူ့သားရဲ့မေးခွန်းကို စဉ်းစားမိလေ၊ ဒေါသထွက်လေ ဖြစ်နေတယ်။ ဒီကောင်လေးက သူ့ဆီက ပိုက်ဆံ တောင်းချင်တာကိုများ ဒီမေးခွန်း လာမေးနေရသေးတယ်။ နာရီပိုင်းလောက်ကြာတော့ သူလဲ ဒေါသပြေသွားတယ်။သူ့သားက သူ့ဆီကနေ ငွေတောင်းခဲတယ်။ အခု ဒီငွေတစ်ဆယ် တောင်းတာ သူ့သား တကယ်လိုအပ်နေတဲ့ တစ်ခုခုကို ဝယ်ဖို့များလား လို့ စပြီး စဉ်းစား မိလာတယ်။ ဒါနဲ့ သူ့သား အခန်းထဲကို တံခါးခေါက်၊ ခွင့်တောင်းပြီး ဝင်သွားလိုက်တယ်။
“သား အိပ်နေပြီလား” သူ့သားကို ငြင်ငြင်သာသာ မေးလိုက်တယ်။
“မအိပ်သေးပါဘူး ဖေဖေ” သားက ပြန်ဖြေတယ်။
“စောစော က ဖေဖေ သိပ်ပြီးများ ဒေါသကြီး သွားသလား စဉ်းစားမိလို့ပါ” အဖေကြီးက ချော့တယ်။ “ဖေဖေ ဒီနေ့ အလုပ်တော်တော် ပင်ပန်းလာလို့ စိတ်မရှည်နိုင်ပဲ သားကို အော်ငေါက်မိသွားတယ်။ ရော့၊ ဒီမှာ သားလိုချင်တဲ့ ငွေတစ်ဆယ်”
သားကလေးလဲ ဝမ်းသာအားရနဲ့ အိပ်ယာကနေ ငေါက်ကနဲ ထထိုင်လိုက်တယ်။ “အိုး၊ ကျေးဇူးတင်လိုက်တာ ဖေဖေရာ” အပြုံးမျက်နှာနဲ့ ပျော်ပျော်ရွှင်ရွှင် အော်လိုက်တယ်။
နောက်တော့ ခေါက်ထားတဲ့ ငွေစက္ကူလေးတစ်ချို့ကို သူ့ခေါင်းအုံးအောက်ကနေ ဆွဲထုတ်လိုက်တယ်။
အဖေကြီးက သူ့သားဆီမှာ ငွေတစ်ချို့ရှိနေပြီးသားဆိုတာ သိသွားတော့ ဒေါသတွေက ထပ်ထွက်လာပြန်တယ်။
ကောင်ကလေးကတော့ သူ့လက်ထဲက ငွေတွေကို ဖြည်းဖြည်းချင်း ရေတွက်ပြီး သူ့အဖေကို မော့ကြည့်လိုက်တယ်။
“မင်းဆီမှာ ငွေတွေ ရှိနေပြီးသားကို ဘာလို့ ထပ်ပြီး လိုချင်နေရတာလဲ” သူ့အဖေက ဒေါသသံနဲ့ အံကြိတ်ပြီး မေးတယ်။
“သားမှာ ငွေမလောက်လို့ပေါ့၊ ခုတော့ ပြည့်ပါပြီ” ကောင်ကလေးက ပြန်ဖြေတယ်။
“ဖေဖေ၊ ခု သားမှာ ငွေနှစ်ဆယ်ပြည့်ပြီ။ ဖေဖေ့ဆီက အချိန် တစ်ချို့ကို သား ဝယ်လို့ ရမလားဟင်။ မနက်ဖြန်ကျရင် ဖေဖေ အိမ်ကို စောစော ပြန်လာခဲ့ပါနော်။ သားလေ၊ ဖေဖေနဲ့ အတူတူ ညစာ စားချင်လို့ပါ”

ဒီပုံပြင်လေးကို သင်ချစ်ခင်တဲ့ တစ်ယောက်ယောက်ကို မျှဝေပေးပါ။ ပိုကောင်းတာက ငွေနှစ်ဆယ်တန်တဲ့ သင့်ရဲ့ အချိန် တစ်နာရီကို သင် ချစ်တဲ့ သူတွေအတွက် မျှဝေပေးလိုက်ပါ။
ဒီပုံပြင်လေးက အလုပ်တာဝန်တွေ အမြဲ ဖိစီးပြီး မအားမလပ် ဖြစ်နေကြတဲ့ ကျွန်တော်တို့ အားလုံးအတွက် သိမ်မွေ့တဲ့ သတိပေးမှုလေး တစ်ခုပါ။
ကျွန်တော်တို့ဘဝရဲ့ အရေးပါတဲ့၊ ချစ်ခင်မြတ်နိုးတဲ့ သူတွေအတွက် ပေးရမဲ့ အဖိုးတန် အချိန်တွေ ကျွန်တော်တို့ လက်ထဲကနေ ချွတ်ချော်ကျပြီး ပျောက်ဆုံးမသွားအောင် ဂရုစိုက်ရမှာပါ။
တကယ်လို့များ ကျွန်တော်တို့ မနက်ဖြန်လိုမှာ သေဆုံးသွားပြီ ဆိုပါစို့။ ကျွန်တော်တို့ အခုအလုပ်လုပ်ပေးနေတဲ့ ကုမဏီက ရက်မကြာခင်မှာပဲ တစ်ခြား လူတစ်ယောက်ကို အစားထိုး ခန့်လိုက်မှာပါပဲ။
ဒါပေမဲ့ ချန်ရစ် ခံခဲ့ရတဲ့ ကျွန်တော်တို့ မိသားစု နဲ့ သူငယ်ချင်းတွေ အတွက်ကတော့ အစားထိုး မရနိုင်တဲ့ ဆုံးရှုံးမှု အဖြစ် ခံစားကြရပါ့မယ်။ ပြန် သုံးသပ်ကြည့်လိုက်စမ်းပါ။ မိသားစု နဲ့ အလုပ်၊ ဘယ်ဟာကို ကျွန်တော်တို့ ဘဝအတွက် ဦးစား ပေးနေမိလဲ ဆိုတာ။
အချိန်ပြည့် အလုပ် အတွက်ကြီးပဲ အချိန်မေးပပါနဲ့။ (မိသားစု) ဆိုတာ ဘာကို ဆိုလိုတာလဲ။ တွေးကြည့်စမ်းပါ။

FAMILY = (F)ATHER (A)ND (M)OTHER,(I)(L)OVE (Y)OU!

ဘာသာပြန်သူ - မိုးကုတ်သား

Wednesday, October 22, 2008

မူးယစ် ည

မူးယစ် ည

ခေါင်းတွေက မူးဝေ အုံခဲလို့။ မျက်လုံးတွေက အရာရာ ၀ိုးတစ်ဝါး။ ငါ တော်တော်များ မူးသွားပလား။ ဘယ်နားမှာ သောက်ခဲ့လို့ ဘယ်လို မူးနေမှန်း ကျွန်တော် မမှတ်မိတော့။ ကျွန်တော် သိနေတာက အိမ်ကို ပြန်နေတယ်။ ဈေးကြီးကို ဖြတ်ပြီး နန်းမွန်းကျောင်းရှေ့က တောင်တက်လမ်းလေး အတိုင်း တက်လာခဲ့တယ်။ ရွာလည်လမ်း အ၀င်က သရဲ ခြောက်တယ်လို့ နာမည်ကြီးတဲ့ ညောင်ပင်ကြီးကိုတောင် ရှိသေးလား သတိ မထားမိဘဲ ဖြတ်လာခဲ့တယ်။ စည်ပင်သာယာ အောက်လမ်းအတိုင်း ဆင်းလျှောက်လာရင်း ကျွန်တော် ကြိတ်ပိုးနေတဲ့ မမတို့ အိမ်ရှေ့ရောက်တော့ ထုံးစံအတိုင်း ခိုးကြည့်ခဲ့သေးတယ်။ ဘာလို့များ လမ်းပေါ်မှာ လူဒီလောက် ရှင်းနေတာပါလိမ့်။ မူးရူး ယိုင်ထိုးပြီး အမြဲပြန်လာတတ်တဲ့ ကျွန်တော် ရန်ရှာမှာ ကြောက်လို့ တစ်ရွာလုံး ပုန်းနေကြသလား။ အဟက်။ ကျွန်တော်က ဒီလောက်တောင် ရွံစရာ၊ ကြောက်စရာ ကောင်းနေပြီ ထင်ပါ့။ ဟို ယိမ်း ဒီယိုင်နဲ့ ကိုယ့်ကိုယ်ကို မနဲ သယ်လျှောက်ရင်း အိမ်ပေါက်ဝကို ရောက်လာတယ်။ အမယ်၊ အငယ်ကောင်က ဂစ်တာတီးပြီး အမေသီချင်း ဆိုလို့ပါလား။ ငါများ နားကြားလွဲ လေသလား။ ခြံတံခါးကို တွန်းဖွင့် ၀င်သွားတော့ ခြံအ၀င်ဝက သနပ်ခါးပင် ဘေးမှာထိုင်ပြီး ဂစ်တာတီး သီချင်းဆိုနေတဲ့ အငယ်ကောင်ကိုတွေ့တယ်။ ငါ သိပ်မမူးသေးပါဘူး။ အတွေးနဲ့ ကျေနပ်တုန်း အိမ်နောက်ဖေးမှာ အလတ်ကောင်ကို လှမ်းမြင်လိုက်တယ်။ အမယ်၊ ဒီကောင်ကလဲ အငယ်ကောင် ဆိုနေတဲ့ အမေသီချင်းကို တစ်ပိုင်းတစ်စ လိုက်ဆိုနေလိုက်တာများ စိတ်ပါလက်ပါ ရှိလို့။ သွားစမ်းပါ။ ဒီကောင်တွေက အခုမှ အမေ့ကို ချစ်ပြနေလိုက်တာ။ စိတ်ထဲ ဒေါသက ထောင်းကနဲ ထွက်လာတယ်။ ဘာကို အလို မကျဖြစ်နေမှန်း မသိဘဲ စိတ်တွေတိုနေတယ်။ အိမ်တံခါးကို ဆောင့်တွန်းပြီး ၀င်သွားတော့ လန့်သွားတဲ့ ညီမလေးက မ၀ံ့မရဲနဲ့ အခန်းထောင့်ကနေ ကြည့်တယ်။ သောက်လာပြန်ပြီ ဆိုတဲ့ ပုံမျိုးနဲ့ ခေါင်းယမ်းပြီး စိတ်ပျက်လက်ပျက် ကြည့်နေတဲ့ ညီမလေးကို မျက်လုံးထောင့်ကနေ မြင်ဖြစ်အောင် မြင်လိုက်သေးတယ်။ အောင်မာ၊ ဒင်းကများလာသေးတယ်။ ဒေါသတွေ ပိုထွက်လာပေမဲ့ မူးနေတဲ့ ကိုယ့်ကိုယ်ကို မသယ်နိုင်တော့ဘူး။ ကျွန်တော်တို့ ညီအကို လေးယောက် စုပေါင်းပြီး တိုးခွေ့ အိပ်ရတဲ့ ကုတင်ပေါ် ပစ်လှဲ ချလိုက်ရတယ်။
ထမင်းဟင်း ချက်နေတဲ့ အမေကလဲ ကျွန်တော် မူးလာတာကို စိတ်တိုနေပုံ ရတယ်။ ဆောင့်ဆောင့် အောင့်အောင့် လုပ်နေတယ်။ ဘာဖြစ်လဲကွာ။ ကိုယ့် ပိုက်ဆံနဲ့ ကိုယ် သောက်လာတာ ဘယ်သူ့ ဂရုစိုက်ရမှာလဲ။ အရက်လေး သောက်တာများ မဟာ ပြစ်မှုကြီး ကျူးလွန်ထားတာ ကျနေတာပဲ။ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။ စိတ်ချဉ်ချဉ်နဲ့ အိပ်ပစ်လိုက်တာပဲ ကောင်းတယ်။ ကျွတ်၊ ခေါင်းကလဲ မူးရုံမက ကိုက်လာသလိုပဲ။ ဒေါသတွေက ပိုပြီး ဆူဝေလာတယ်။
ထမင်းစားဖို့ လာခေါ်တဲ့ ညီမလေးကို ခြေနဲ့ လှမ်းခတ် ပြစ်လိုက်တယ်။ သွားစမ်းကွာ။ ရှာသမျှ ဒီလောက် ပေးနေတာတောင် မစိုပြေနိုင်တဲ့ ထမင်းဝိုင်း၊ ငါ မစားဘူး။ ကျွန်တော် ကန်လိုက်လို့ ညီမလေးလဲ ကြိတ်ငိုနေတယ်။ သူလန့်ြ့ပီး အော်လိုက်တဲ့ အသံကို ကြားလို့ထင်ပါရဲ့။ အလတ်ကောင်နဲ့ အငယ်ကောင်က အိမ်ထဲ ပြေးဝင်လာတယ်။
ညီမလေးကို ကန်လွှတ်နေတဲ့ ကျွန်တော့်ကို ၀ိုင်းဆွဲကြတာပေါ့။ အလတ်ကောင်က ခြေရင်းကနေ ကျွန်တော့် ခြေထောက်ကို ချုပ်ဖို့ ကြိုးစားတယ်။ အငယ်ကောင်က ကုတင် ဟိုတစ်ဘက် ဘေးကနေ ကျွန်တော့်လက်တွေကို ချုပ်လို့ရအောင် ဆွဲနေတယ်။ အော်၊ မင်းတို့က ဒီလိုလား။ ဆူဝေချင်နေတဲ့ ဒေါသတွေ ပွက်ပွက်ထပြီး အတင်းရုန်းတယ်။ ရုန်းလို့ မရလေ ဒေါသတွေက ပိုထွက်လေ။ ဒီလောက်တောင်ရှိတာ၊ ကဲကွာ။ မျက်စိကို စုံမှိတ်၊ ရှိသမျှ အားကုန်သုံးပြီး ရုန်းရင်း ခြေစုံ ကန်ထည့်လိုက်တယ်။
ဝုန်းကနဲ ကျွန်တော် ကျုံးရုံး လူးလဲပြီး ထထိုင်ရင်း ဒီကောင်တွေ ပြန်ချုပ်လာရင် အသင့် ပြန်ဆော်ဖို့ မျက်လုံးကို ပြူးပြဲပြီး ဖွင့်ကြည့်တော့
ဟင်၊ ကျွန်တော့် အိမ်က ၀ါးထရံတွေ ဘယ်လိုဖြစ်ပြီး အုတ်နံရံ ဖြစ်နေရတာတုန်း။ ပြီးတော့ ကျွန်တော့် ကုတင် ကလဲ ဘာလို့ သေးသွားရတာလဲ။ ဟိုတစ်ဘက်မှာကလဲ ကုတင်တစ်လုံး။ မှားယွင်းနေတဲ့ အခန်း အနေအထားကြောင့် ကျွန်တော့် ခေါင်းကို တော်တော် အလုပ်ပေး စဉ်းစားနေတုန်း ကျွန်တော့် ခုတင်ခြေရင်းကနေ ကုန်းကုန်းကွကွနဲ့ ထလာတဲ့ သူကိုမြင်မှ ဩော် ငါအိပ်မက် မက်နေပါလား သိတော့တယ်။
အိပ်မက် မက်ပြီး ၀ူးဝူးဝါးဝါး ရုန်းကန် အော်ဟစ်နေတဲ့ ကျွန်တော့်ကို လာနိုးရင်း ကျွန်တော့် အခန်းဖော်ခမျာ ကျွန်တော့် ကန်ချက်ကို မိသွား ရရှာလေရဲ့။ ပျာပျာသလဲ တောင်းပန်ရင်း သက်ပြင်းကို ၀ူးခနဲနေအောင် ချလိုက် ရတယ်။ တော်ပါသေးရဲ့။ အိပ်မက်ထဲမှာ အဖေနဲ့ ညီအငယ်ဆုံးက ပါမလာသေးလို့။ နို့မို့ဆို သားအဖတွေ ၀ိုင်းပြီး ဘေ ကြတာနဲ့ အိပ်ယာကတောင် မနိုးနိုင်ဘဲ ကိစ္စ ချောမဲ့ပုံ။
ဆက်အိပ် မရတော့တာနဲ့ ဘာကြောင့် ဒီအိပ်မက်ကို မက်လဲ စဉ်းစားကြည့်တော့ အဖြေ မတွေ့ဘူး။ ခေါင်းတွေလဲ တစ်ကယ်ကို ကိုက်နေတာ။ ကျွန်တော်လဲ တစ်ခါမှ အိမ်ကို မူးရူးပြီး မပြန်ဘူးပါဘူး။ နောက်ပြီး အိပ်မက်ထဲက အိမ်ကလဲ ကျွန်တော် ဆယ်တန်းနှစ်ထိဘဲ နေခဲ့တဲ့ နေရာ။ အဲ့ဒီ အိမ်ကနေ ပြောင်းပြီး သုံးဆယ့်တစ်ဘုံ ထိပ်မှာ သွားနေတာ ကြာလှပေါ့။ သုံးဆယ့်တစ်ဘုံထိပ် ဆိုလို့ တစ်မျိုးတော့ မထင်ပါနဲ့ဗျာ။ လှေကားပေါင်း သုံးဆယ့် တစ်ထစ်ကို တက်ပြီးမှ အိမ်ဝင်းထဲကို ရောက်လို့ပါ။ အဟား။
အဲ့ဒီ အိမ်ဟောင်းလေးကို အိပ်မက်တိုင်း အမြဲ မွန်းမွန်းကျပ်ကျပ်နဲ့ ပူလောင်ခံစားရတာ များတယ်။ စိတ္တဇ တစ်ခုပဲ နေမှာပါ။ ဘယ်လောက်ပဲ ခါးသီးတဲ့ ဘ၀ကို ကြုံခဲ့ ပါစေ။ ကျွန်တော့် ခလေးဘ၀ ရှိခဲ့ရာ အဲ့ဒီ အိမ်ကလေးကို တော့ ကျွန်တော် ချစ်ပါတယ်။
အင်း၊ အိပ်မက်ထဲ ကလိုများသာ မူးယစ်သောက်စားနေရင်တော့ အဖေ၊ အမေနဲ့ ညီ ညီမအားလုံး ဘယ် လောက် တောင် စိတ်ဆင်းရဲကြရရှာမလဲ။ အတွေးနဲ့တင် ကျွန်တော် တော်တော် စိတ်မကောင်း ဖြစ်လှပြီ။ တစ်နေ့ထက် တစ်နေ့ မွန်းကျပ်လာတဲ့ လူနေမှုစနစ်မှာ ကျစ်ကျစ်လျစ်လျစ်နဲ့ အလိုက်အလျားသင့် မနေတတ်တဲ့ ကျွန်တော်... ထွက်ပေါက်မဲ့လေတိုင်း အိမ်ကလေးနဲ့ မိသားစုကိုသာ လွတ်လွတ်လပ်လပ်ကြီး လွမ်းနေရပေမဲ့ ဒီလိုကြီးတော့ အိပ်မက်ထဲတောင် မလွမ်းပါရစေနဲ့ဗျာ။

Monday, October 20, 2008

မေမေသို့ တမ်းချင်း

မေမေသို့ တမ်းချင်း

အောက်တိုဘာ (၂၀)ရက်၊ ဒီနေ့က မေမေ့မွေးနေ့။ မေမေတစ်ယောက် ဒီနေ့ ဘာတွေ လုပ်နေမှာပါလိမ့်။ အငယ်ကောင်တွေနဲ့ ညီမလေးကရော မေမေ ပျော်ရွှင်အောင် ဘယ်လိုများ စီစဉ်ထားလဲ။ သေချာတာကတော့ မေမေတစ်ယောက် ဆွမ်းကပ်ဖို့ အလုပ်တွေ ရှုပ်နေမယ်၊ ဘုရား သွားချင် သွားမယ်၊ ဒါမှမဟုတ် အိမ်မှာပဲ တရားထိုင်ပြီး မေတ္တာ ပို့နေမယ်။ အင်မတန် အေးဆေးတဲ့ မေမေက ထုံးစံအတိုင်း ပုံမှန်နေ့တွေလို သူမရဲ့ မွေးနေ့ကို ဖြတ်သန်း သွားမှာပါပဲ။

ရှဥ့်ကလေး မေမေ ငယ်စဉ်က ပုံရိပ်

၂၀၀၈ခုနှစ် ဖေဖော်ရီက မေမေ့ ပုံရိပ်
(ကျွန်တော် ချစ်တဲ့ မေ့ရဲ့ ရှေ့သွားလေး နှစ်ချောင်းလုံး မရှိတော့ဘူး၊ သွားတု စိုက်ထားတဲ့ မေကတော့ အရင်လို ရယ်ရတာ ကို ရှက်နေဆဲ။ မေအဲ့ဒီလို ပြုံးရယ်နေတာ အင်မတန် ချစ်ဖို့ ကောင်းတယ်။)

မိုးကုတ်မြို့ အနောက်ပိုင်း၊ ကျပ်ပြင်ဈေးသူ မေမေ့ နာမည်က ဒေါ်မြင့်မြင့်စန်း။ ဖေဖေကတော့ ချစ်စနိုးနဲ့ ရှဉ့်ကလေး လို့ခေါ်တယ်။ (ဟီး၊ ဖေနဲ့မေရဲ့ ရီးစားစာတွေ ခိုးဖတ်ထားတာ ပေါ်ပြီ) မေမေ့ ရှေ့သွားလေး နှစ်ချောင်းက ရှေ့ထွက်နေလို့ ဖေက အဲ့ဒီလို ခေါ်ခဲ့တာနေမှာ။ ဟုတ်တယ်ဗျ၊ မေက အဲ့ဒီသွားလေး နှစ်ချောင်းကြောင့် ပိုချစ်စရာ ကောင်းသွားတာ။
အေးဆေးပြီး အပိုစကား သိပ် မပြောတတ်တဲ့ မေက အင်မတန် ရှက်တတ်သလို လျှို့ဝှက် သိပ်သည်းတယ်။ ဒေါသကြီးသလို ပြတ်သားတယ်။ ဖြောင့်မတ်သလို စနစ်ဇယားလဲ အင်မတန် ကြီးတယ်။ ကျွန်တော်တို့ကို ချစ်တယ် လို့ တစ်ခါမှ မေမေ မပြောခဲ့ဘူးပါ။ သားတို့ကို ချစ်လား မေးမိရင်လဲ အင်း လို့ပဲ ခပ်ပြတ်ပြတ် ပြန်ဖြေ တတ်ပါတယ်။ လောကကြီးမှာ စကားလုံးတွေ မလိုတဲ့ ချစ်ခြင်း မေတ္တာတရား ကို မြင်တတ်၊ ခံစားတတ်အောင် မေမေက လက်တွေ့ ပြခဲ့ပါတယ်။
ငယ်ငယ် တုန်းကတော့ မေမေ့ အချစ်တွေကို မမြင်တတ် ခဲ့ဘူး။ ဖေ့ကို ချွဲသလိုများ မေ့ဆီ သွား ချွဲလို့ကတော့ ဘာမှ မပူဆာ ရသေးခင် ငယ်ထိပ် ဘုထွက်အောင် ဒေါင်ကနဲ ခေါက်ထည့် လိုက်ပြီသာမှတ်။ စာမရရင်၊ အတန်းထဲ အဆင့် တစ်၊ နှစ်၊ သုံး မ၀င်ရင်၊ အိမ်အလုပ်ကို ပြီးအောင် မလုပ်ဘဲ အဆော့မက်နေရင်၊ အမှား တစ်ခုခု လုပ်မိရင် အမေ့ လက်သံ ပြောင်ပြောင်ကို ကျောကော့နေအောင် ခံရမြဲ။ ဘေးလူ ၀င်ဆွဲ လို့ကတော့ ဆွဲတဲ့သူပါ နာပြီမှတ်။ အပြင်မှာများ ရန်ဖြစ်ခဲ့လို့ကတော့ ကိုယ့်ဘက်က မှန်နေလဲ မရ၊ တီးတာဘဲ။ စာတွေ မရမချင်း ပေးမအိပ်ဘဲ တုတ်တစ်ချောင်းနဲ့ ထိုင်စောင့်ကာ စာအမြဲ စစ်သည်။ စာပြန်ခိုင်းလို့ နဲနဲ ထစ်ငေါ့ ထစ်ငေါ့ မဖြစ်နဲ့၊ နပန်မွှေး ပြတ်မတတ် လိမ်ဆွဲခံရသည်။ စာကျက်ရင်း အိပ်ငိုက်လို့ကတော့ လက်ဖမိုးကို သစ်သား ပေတံဇောင်းနဲ့ ခေါက် ခံရမည်။ ဒါမှ ဆက်ငိုက် နေလျှင်တော့ မျက်လုံးကို ဖြဲပြီး သံပုရာသီးရည် ညှစ်ထည့် ခံရ လိမ့်မည်။
မှတ်မိ ပါသေးတယ်။ ကျွန်တော် ခြောက်တန်း တုန်းကပေါ့။ တစ်ခါ ကျောင်းကနေ ရန်ဖြစ်ပြီး ပြန်လာတော့ အိမ် ပေါက်ဝမှာ တုတ်တစ်ချောင်းနဲ့ ခါးထောက်ပြီး စောင့်နေတဲ့ မေ့ကို မြင်တာနဲ့ အခြေအနေ သိပ် မဟန်မှန်း သိလိုက်ပြီ။ ဒေါသမီး ၀င်းဝင်းတောက် နေတဲ့ မေမေ့ မျက်လုံးတွေက ရှင်းပြလို့ နားဝင်တော့မှာ မဟုတ်။ ကြောက်ပေမဲ့ ကိုယ့်ဘက်က မှားတာ မဟုတ်တော့ ခပ်တည်တည်ပဲ အိမ်ထဲဝင်မယ် လုပ်တော့ မေက ကျွန်တော့် အင်္ကျီ ဂုတ်ကိုဆွဲပြီး အိမ်ထဲ ခေါ်သွားတယ်။ ကျွန်တော်နဲ့ ရန်ဖြစ်လာတဲ့ ကောင်လေးနဲ့ သူ့အမေက အိမ်မှာ လာစောင့်နေတာကိုး။ အဲ့ဒီ သားအမိကို တောင်းပန်ခိုင်းတော့ ကျွန်တော်က မတောင်းပန်ဘူး။ ကျွန်တော့်ဆီက ခိုးထားတဲ့ ကျောင်း စာအုပ်ကို ပြန်တောင်းတာ မပေးလို့ ဆွဲထိုးလိုက်တာ၊ မတောင်းပန်နိုင်ဘုး ပြောလို့ ဆော်ပလော် တီးပါလေရော။ ကျွန်တော်က အတီးမခံဘဲ အဲ့ဒီ အန်တီကို ခင်ဗျားသား သူခိုးကို သေချာ ဆုံးမထား၊ မဟုတ်ဘဲ ကျုပ် အရိုက် ခံရရင် ခင်ဗျားသား အသေဘဲ လို့ပြောတော့ ပိုဆိုးရော။ ကျွန်တော့်ကို လှိမ့် လှိမ့်ပြီး ရိုက်နေတဲ့ မေ့ကို ဘယ်သူမှ ၀င်ဆွဲလို့ မရတော့ဘူး။ မတရား ဗျင်းခံရတဲ့ ကျွန်တော်က မေမေ့ကိုပါ ဒေါသတွေ ထွက်ပြီး မုန်းသွားတယ်။
ကိုယ့်သားဘက်က မှန်နေတာကို မှန်တဲ့ဘက်က မရပ်ဘူး၊ သားသမီးကို နှိက်စက်ဖို့ သက်သက် မွေးထားတာ မလား။ ရိုက် ရိုက် သေအောင်ရိုက်၊ အမေစိတ်မရှိတဲ့ ဘီလူးမကြီး။
စိတ်ရှိရှိနဲ့ နာနာကျည်းကျည်း ကျွန်တော် အဲ့ဒီလို အော်တော့ ရိုက်လက်စ မေမေ့လက်တွေ လေထဲမှာ ရပ် သွားတယ်။ တော်တော်လေး နာကျင်သွားပုံဘဲ။ ဆက်လဲ မရိုက်တော့ဘူး။
ဖေ ပြန်လာတော့ အရှိုးရာ အထပ် ထပ်နဲ့ ကျွန်တော့်ကို ဆေးလူး ပေးရတယ်။ မေနဲ့လဲ ရန်တွေ ဖြစ်ကြတယ်။ အဲ့ဒီနေ့က ကျွန်တော် ညစာ မစားဘူး။ ဖေက ချော့ပြီး ကျွေးပေမဲ့ မစားဘူး။ စာလဲ မလုပ်ဘဲ အစောကြီး ဝင်အိပ်ပစ်တယ်။ မေက လာ မချော့သလို အရေးလဲ မစိုက်ဘူး။ စာမကျက်ဘဲ ဝင်အိပ်နေတာ ကိုလဲ ဘာမှ လာ မပြောဘူး။ ညကျ အားလုံး အိပ်ပျော် သွားရင် အိမ်ကနေ ထွက်ပြေးဖို့ ကျွန်တော် ဆုံးဖြတ်ထားတယ်။
ညတော်တော် မိုးချုပ်လာတဲ့ထိ ကျွန်တော် ဘယ်ထွက် ပြေးရမလဲ စဉ်းစားလို့ မရသေးဘူး။ အိပ်ခန်းထဲ ဝင်လာတဲ့ ခြေသံ သဲ့သဲ့ကို ကြားလို့ အိပ်ချင်ယောင် ဆောင် နေလိုက်တယ်။ ကျွန်တော့် နဖူးကို ခပ်ဖွဖွ လာနမ်းတယ်။ ဖေဖေလား စိတ်ထဲ ထင်မိပေမဲ့ မဟုတ်ဘူးဆိုတာ သိလိုက်တယ်။ အဲ့ဒီ အနမ်းမှာ မျက်ရည်စ တစ်ချို့ကို ရလို့ပါ။ မေမေလား။ မေမေ ကျွန်တော့်ကို တစ်ခါမှ မနမ်း ဘူးပါဘူး။ မယုံမရဲနဲ့ ခိုးကြည့်မိတော့ မေမေမှ မေမေပါပဲ။ အို၊ မေမေ ငိုနေပါလား။ ခပ်မှိန်မှိန် ထွန်းထားတဲ့ ရေနံဆီ မီးအိမ်ရဲ့ အလင်း ဖျော့ဖျော့ အောက်မှာ ဝိုးတစ်ဝါး မြင်ရတဲ့ မေမေ့ မျက်ဝန်းမှာ မျက်ရည်စတွေနဲ့။ အသံ မထွက်အောင် ကြိတ်ပြီး ငိုနေတဲ့ မေမေ့ တစ်ကိုယ်လုံး တုန်ရီလို့ နေတယ်။ မေမေငိုတာ တစ်ခါမှ ကျွန်တော် မမြင်ဘူးပါဘူး။ ဖေဖေကတောင် အသဲမာလွန်းတဲ့ မိန်းမ လို့ သတ်မှတ် ထားတာသာ ကြည့်။ မေမေ့ရဲ့ မျက်နှာမှာ ကြင်နာ သနားမှုတွေနဲ့ အပြည့်။ ကျွန်တော့် နာကျည်းမှုတွေ အားလုံး အရည်ပျော် ဆင်းသွားတယ်။
တော်ပြီ။ နောက်ဆို မေမေ ငိုအောင် ဘယ်တော့မှ မလုပ်တော့ဘူး။ မေမေ့စကားနားထောင်ပြီး လိမ်လိမ်မာမာ နေတော့မယ်။ ရန်လဲ ဘယ်တော့မှ မဖြစ်တော့ဘူး။ မေမေ ဖြစ်စေချင်တဲ့ ပညာတတ်ကြီး ဖြစ်အောင်ကြိုးစားပါ့မယ်။ အဲ့ဒီလို မေမေ့ကို စိတ်ထဲကနေ ကျွန်တော် ကတိ ပေးလိုက်တယ်။
နောက်ပိုင်းမှာတော့ မေမေ့နား ဘယ်တုန်းကမှ မကပ်ခဲ့တဲ့ ကျွန်တော် မေမေ့ကို ပိုပြီး ဂရုစိုက်ခဲ့ ကူခဲ့တယ်။ မေမေက အချိုးပြောင်းပြီး သိပ်မဆိုးတော့တဲ့ ကျွန်တော့်ကို အံ့ဩသလို ရှိပေမဲ့ ထုံးစံအတိုင်း ဘာမှ မမေးဘူး။ နောက်တစ်ခုက အဲ့ဒီတုန်းကရင်း ဘယ်သူ့ကိုမှ မေမေ သိပ်ပြီး မရိုက်တော့တာပဲ။ မေနဲ့ အနီးကပ်နေလေ၊ ဘယ်လောက်ထိ သားသမီးတွေအပေါ် စွန့်လွှတ် အနစ်နာခံပြီး ချစ်လဲ ပိုသိလေပဲ။ သားသမီးတွေ ပူဆာသမျှ အလို မလိုက်ပေမဲ့ တစ်ကယ်လိုအပ် ရင်တော့ ကျွန်တော်တို့ မျက်နှာ မငယ်စေ ရအောင် ဆင်ပေးတတ်တဲ့ မေက သူ့အတွက် အဝတ်အစား တစ်စုံ ဝယ်ဖို့ထက် ဆန်အိုးထဲ ဆန်အပြည့် ရှိဖို့ ပိုဦးစား ပေးခဲ့ပါတယ်။
အလှူ မင်္ဂလာဆောင် သွားရင် အရောင် မှိန်တဲ့ မေမေ့ကို တစ်ချို့က အထင် သေးချင်သည်။ မမြင့်စန်းရယ် တစ်ခါလာလဲ ဒီဝတ်စုံပဲ၊ နောက်တစ်ပွဲလဲ ဒီဝတ်စုံပဲ။ နဲနဲပါးပါးတော့ ဝယ်ဝတ်ပါဦး။ မေ့ မိတ်ဆွေ တစ်ချို့က အဲ့ဒီလို ပြောလာရင်လဲ အဲ့ဒါ အပို ကုန်တွေပါ လို့ ပြုံးပြုံးဘဲ ပြန်ပြောတတ်တယ်။
ထမင်းစားတဲ့ အခါတိုင်း ဖေနဲ့ သားသမီးတွေ အတွက် အကောင်းဆုံးတွေ ရွေးပေးပြီး မေကတော့ ဘယ်သူမှ သိပ်မကြိုက်တဲ့ အစား ကိုဘဲ စားလေ့ ရှိတယ်။ အမြဲတမ်းလဲ တစ်ကုပ်ကုပ် အလုပ် လုပ်နေတာချည်းပဲ။
အနောက်ပိုင်းထိ သွားပြီး ရုံးတက်ရတဲ့ မေက အစောကြီး ထရကာ မနက်ညစာ ချက်ပြုတ်ရတာ၊ ကျွန်တော်တို့ ကျောင်းသွားဖို့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထား ပေးခဲ့ရတာ၊ ရုံးကနေ ပြန်လာရင်လဲ ကျောင်းနဲ့ ကျူရှင်က ပြန်လာကြမဲ့ ကျွန်တော်တို့ အတွက် စားဖို့ အဆင်သင့် ပြင်ပေးထားရတာ၊ ညတိုင်ကျရင်လဲ ရုံးက စားရင်းဇယားတွေ စစ်ရင်း တစ်ဖက်က ကျွန်တော်တို့ကို စာစစ်ရတာ၊ စနေ တနင်္ဂနွေ ရုံးနားရက် ဆို တစ်ပါတ်စာ အဝတ်တွေကို လျှော်ဖွတ် မီးပူတိုက်ရ၊ အိမ် သန့်ရှင်းရနဲ့ အမြဲ အလုပ်ရှုပ် နေခဲ့ပေမဲ့ မောလိုက်တာ လို့ မေမေ တစ်ခါမှ မညည်းညူခဲ့။ မောတဲ့ပုံလဲ ဘယ်တော့မှ မတွေ့ရ။ ကျွန်တော်တို့ ကမှ မေမေ့ကို နဲနဲပါးပါး ကူရပြီဆို ကြောက်လို့သာ ကူရတယ်။ လည်ချိန် ဆော့ချိန် လျော့လို့ သိပ်ပြီး မကျေနပ်ချင်။
ဘယ်မိဘက ကိုယ့် သားသမီးတွေ အမုန်းကို ခံချင်ပါ့မလဲဗျာ၊ နော။ မေကတော့ ကျွန်တော်တို့ အမုန်းကို သားသမီး ဘဝ ကောင်းစားရေးနဲ့ ကျေကျေနပ်နပ်ကြီး လဲယူခဲ့ ပါတယ်။ မေ့ကို ပိုပြီး နားလည်လာလေ ပိုပြီး ချစ်လေဘဲ။
တစ်ရက်ပေါ့ဗျာ။ ကျွန်တော် ကျောင်းသွားဖို့ အိမ်သော့ ခတ်နေတုန်း ဗြုန်းဆို ဗိုက်နာတယ် နာတယ် နဲ့ အလတ်ကောင် က အော်ရော။ အဲ့ဒီတုန်းက သူနဲ့ ကျွန်တော်က အလယ်တန်း ဆိုတော့ မူလတန်းတက်နေတဲ့ အငယ်တွေနဲ့ ကျောင်း မတူတော့ဘူး။ ခလေးတွေလဲ ကျောင်းသွားပြီ။ ဖေကလဲ တွင်း သွားပြီ။ မေလဲ ရုံး သွားခဲ့ပြီ။ ကျောင်းချိန် ကလဲ နီးနေပြီ။ အစားမက်တဲ့ ဒီကောင် ဘာခိုးစားပြန်ပြီလဲ မသင်္ကာလို့ စစ်တော့ သူ့လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ အထုပ် ဖြူလေး တစ်ထုပ်။ အစကတော့ နို့မှုန့်ထုပ် အောက်မေ့တာ။ (အဲ့ဒီတုန်းက နို့မှုန့်ကို ဆယ်ပြားတန် အထုပ်သေးလေးတွေ ထုပ်ပြီး ရောင်းတဲ့ ခောတ်ပေါ့။) ဘယ်က ကောက်ရပြီး စားမှန်းမသိဘူး။ အခုလေးပဲ ကျောင်းမသွားခင် ထမင်းစားပြီးတယ်၊ ငတ်ရကောင်းလား ဆို လက်ထဲရှိတဲ့ သော့နဲ့ ဒေါင်ကနဲ နေအောင် ခေါက်ထည့် လိုက်တာ ထိပ်ကြီး ဖု သွားရော။ တီးပြီးမှ ကျွန်တော်လဲ စိတ် မကောင်းဘူး။ ဒေါသကြီးပြီး သူ့ အသားနာရင် မရတဲ့ ဒီကောင်က တော်တော်ကို နာသွားတော့ ကျွန်တော့်ကို စိမ်းစိမ်းကြီး ကြည့်ရင်း ပါးစပ်က အမြှုပ်တွေ ထွက်လာတော့မှ ခြေမကိုင်မိ၊ လက်မကိုင်မိ ဘာလုပ်ရမှန်း မသိတော့ဘူး။ အော်ဟစ်ပြီး အကူအညီ တောင်းတော့မှ အိမ်နီးချင်းတွေက ဆေးရုံ လိုက်ပို့ ပေးကြတယ်။ ဒီကောင် ငတ်ကြီးကျပြီး ကောက်စား ထားတာ နို့မှုန့်ထုပ် မဟုတ်ဘဲ တွင်းသားတွေ ပြုတ်ကျ ကျန်ရစ်ခဲ့တဲ့ ယမ်းမှုန့်ထုပ်ကြီး ဖြစ်နေတာကိုး။ ကံကောင်းလို့ မသေတယ်။ ဆေးရုံမှာ ပိုက်တန်းလန်းနဲ့ အလတ်ကောင်ကို ကြည့်ပြီး ငတ်ရလား၊ ငတ်ရလားဆို နာရင်းချည်း ပိတ်တီး ပြစ်ချင်တော့တာပဲ။ ချစ်တာရော၊ စိုးရိမ်တာရော၊ စိတ်တိုင်းမကျတာရော၊ စုပြုံပြီး ဖြစ်လာတဲ့ ဒီ စိတ် ခံစားမှုကို ကြုံရမှ မေမေ့ရဲ့ ဂရုဏာ ဒေါသကို နားလည် ပါတော့တယ်။
မေမေ ဖြစ်စေချင်တဲ့ ဆန္ဒတွေကို ဖြည့်ဆည်း ပေးချင်စိတ်နဲ့ အင်မတန် ဆိုးသွမ်းချင်တဲ့ ကျွန်တော် မဆိုး ဖြစ်တော့ပါဘူး။ မေမေ စိတ်ချမ်းသာဖို့ ကိုပဲ ဦးစားပေးဖြစ်ခဲ့တယ်။ ကျွန်တော် ပြောခဲ့ သလိုပဲပေါ့။ လောကကြီးမှာ စကားလုံးတွေ မလိုတဲ့ ချစ်ခြင်း မေတ္တာတရား ကို မြင်တတ်၊ ခံစားတတ်အောင် မေမေက လက်တွေ့ ပြခဲ့ပါတယ်။
မေမေ ချစ်တဲ့ သားကြီး၊ အဝေးဆီ ရောက်နေပြီ....။ ထူးအိမ်သင်ရဲ့ အဲ့ဒီ သီချင်းသံကို လွမ်းလွမ်း ဆွေးဆွေး ကြားရတိုင်း ကျွန်တော် မျက်ရည် ဝဲရမြဲ။ မေ့ကို သတိရတိုင်း မေမေ ဖြစ်စေလိုသော ထူးချွန် အောင်မြင်တဲ့ ဘဝတစ်ခု ရဖို့ ဇွဲစိတ်မာန် တို့ ပိုရမြဲ။ နှိမ်ချ ဖိနှိပ်မှုတွေ ကြုံရတိုင်း အပြုံးမပျက် စတမ်း ကိုယ့်ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်နိုင်ဖို့ ခွန်အားတွေ မေ့ဆီက ရမြဲ။
မပြည့်စုံသေးသော်လည်း ငြိမ်းချမ်းတဲ့ ခိုကိုးရာ အဖြစ် မေမေ့ ဘဝအတွက် ကျွန်တော် ရှိချင်သည်။ သားသမီး တွေကို အောင်မြင်စေချင်သော မေမေ့အတွက် ထိပ်ဆုံး မရောက်တောင် တတ်နိုင်သမျှ အကောင်းဆုံး ဖြစ်အောင် ကြိုးစားချင်သည်။ မေမေ့ဘဝကို ငြိမ်းချမ်းမှုတွေနဲ့ ပြန်လည် ဖြည့်ဆည်းပေးနိုင် ဖို့အတွက် အချိန်တန် လျှင်တော့ မေမေ့ရင်ခွင်ရှိရာ အရောက် ကျွန်တော် ပြန်နိုင် ပါလိမ့်မည်။
၂၀၀၈၊အောက်တိုဘာ နုစ်ဆယ်ရက်မှာ အသက် (၅၉)နှစ်ပြည့်မဲ့ မေမေ့ကို လွမ်းဆွတ်နေတဲ့ သားတစ်ယောက်ရဲ့ တမ်းချင်းပါ။ မေမေတစ်ယောက် ကျန်းမာချမ်းသာခြင်းများနဲ့ ပြည့်စုံပါစေ။ ဘဝရဲ့ အစစ်အမှန်တရားကို လက်မလွတ်တမ်း ကျင့်သုံးရင်း ဓမ္မရိပ်မှာ ငြိမ်းချမ်းအေးမြနိုင်ပါစေ။

Thursday, October 2, 2008

ဖေဖေသို့တမ်းချင်း

ဆယ်လပိုင်း ဆယ်ရက်နေ့က ဖေဖေ့မွေးနေ့။ ဒီနှစ်ဆို ဖေဖေ ခြောက်ဆယ့်သုံးနှစ် ပြည့်တဲ့ နှစ်ပေါ့။ ကျွန်တော် အမှတ်မှားနေတဲ့ အတွက် ဖေဖေ့ဆီလဲ ဖုန်းမဆက်ဖြစ်၊ ဘာ အမှတ်တရမှလဲ မလုပ်ဖြစ်နဲ့။ ဖေဖေ၊ မေမေ ကိုလွမ်း၊ အိမ်ကို လွမ်းနေတဲ့ ကျွန်တော် ဘာတွေ လွဲချော်နေခဲ့တာပါလိမ့်။ စိတ်မကောင်းဖြစ်နေမဲ့ ဖေဖေ့ကို တွေးမြင်ပီး ရင်ထဲ ဘယ်လိုမှ မကောင်းနိုင်တော့ဘူး။ ကျွန်တော် မကောင်းဘူး။ မိုးကုတ်မှာ တစ်ယောက်တည်း ရှိနေမဲ့ ဖေဖေတစ်ယောက် သူ့မွေးနေ့ကို ဘယ်လို ဖြတ်သန်းနေမလဲ။ တွေးရင်း ရင်ထဲ ဆို့နင့်လာတယ်။ ဆယ်ရက်နေ့ကို ကျွန်တော် ပြန်ဆွဲလှည့် ပစ်လိုက်ချင်ပေမဲ့ဒါဟာ မဖြစ်နိုင်တဲ့ ကိစ္စ ဆိုတာ ဘာသာ သိတော့ ကြေကြေကွဲကွဲ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တွေ တင်နေမိတော့တယ်။
ဖေဖေ့ မွေးနေ့ အတွက် အမှတ်တရ ရေးဖူးတဲ့ စာလေးကိုသာ အမှတ်တရ ပြန်တင်ရင်း ဒိနေ့ မေမေ့ မွေးနေ့ဆိုတာ နောက်လထဲ ဖေဖေ နဲ့ မေမေ့ မွေးနေ့လို့ အမှတ်ထပ်မမှားမိတော့တာကိုသာ ကြံဖန် ကျေနပ် နေရပေမဲ့ ဒိနှစ်ရဲ့ ဆယ်ရက် ဆယ်လလေးက ကျွန်တော့ထံ ပြန်မလာနိုင်တော့။