Tuesday, May 1, 2012

အိပ်တန်းပျံငှက်ရဲ့ ဒိုင်ယာရီ

အိပ်တန်းပျံငှက်ရဲ့ ဒိုင်ယာရီ

(၁)

အိမ်ပြန်ရတော့မယ်.........။
လေယာဉ်ကွင်းကို စထွက်လာကတည်းက ရင်ထဲမှာ အပျော်တွေနဲ့ ပြည့်သိပ် လှုပ်ခုန်လို့..။ အိပ်ယာက မထနိုင်၊ လိုက်မပို့နိုင်တဲ့သူတွေကိုလည်း စိတ်ဆိုးချင်ယောင် မဆောင်အားသလို နှုတ်ဆက်စကားတွေ ချွေဖို့ရာလည်း သတိမရ။ အိပ်ချင်မူးတူးနဲ့ လေဆိပ် လိုက်ပို့ပေးရလို့ ဘေးမှာ စူပုပ်ပွနေတဲ့ မျောက်မျက်နှာကိုလည်း ဂရုမပြုမိတော့ပါ။
MAI/ JETSTAR က ယနေ့ခရီးစဉ်မှာ ခရီးသည် အပြည့် စီးနင်းလိုက်ပါသောကြောင့် ခရီးဆောင်အိတ်များကို အဆင်မပြေပါက နောက်လေယာဉ်ဖြင့် သယ်ဆောင်ပေးပါမည် ဆိုတာကြောင့်လဲ စိတ်အနှောက်အယှက် ကြာကြာ မဖြစ်လိုက်ပါ။  အိမ်.... အိမ်ကို မြန်မြန် ပြန်ရောက်ချင်ပြီလေ.....။ ဖေ နဲ့ မေရေ သား ပြန်လာပြီ လို့ စိတ်ထဲကနေ အကြိမ်ကြိမ် အော်ဟစ်ရင်း.......

ရန်ကုန်လေဆိပ်ရောက်တော့ အားလုံးက ချောချောမောမော... တစ်ခုပဲ အူကြောင်ကြောင် ဖြစ်ရသည်က အင်မီဂရေးရှင်းမှာ တန်းစီနေတုန်း လေဆိပ်က တာဝန်ကျသူ သမီးပျိုလေးတစ်ဦးက "Sir, this is only for Myanmar Passport Holder, Foreigners are over there" လို့ လာပြောတာ တစ်ခု ပါပဲ။ :-P

ဖေ နဲ့ မေကို ပင်ပန်းမှာစိုးလို့ လေဆိပ်မှာ လာမကြိုဖို့ ပြောထားမိလေတော့ ရန်ကုန်မြေပေါ် ခြေချချချင်းမှာ ဖေနဲ့ မေ့ကို မတွေ့ရပါ။ ညီမလေး နှင့် ညီလေး... နောက်ပြီး သူငယ်ချင်းတစ်ချို့ကို တွေ့ကတည်းက ကျွန်တော်က ပျော်နေနှင့်ပြီ။ အငှားကားပေါ်မှာ မောင်နှမတွေ ဗျောင်းဆန်အောင် သောင်းကျန်းကာ စကားတွေ ရေပက်မ၀င် ပြောနေကြလေတော့ ကားမောင်းသူပင် အပျော်တွေ ကူးစက်လို့...။

ကားရပ်ရပ်ချင်းမှာပဲ အိပ်ပေါက်ဝ ထိပ်မှာ စောင့်နေတဲ့ ဖေ့ကို တွေ့ရပါပြီ။ သိပ် ဒရမာ ဆန်တာပဲ မဝေဖန်ကြပါနဲ့။ ကားပေါ်က ပြေးဆင်းပြီး ဖေ့ကို ပြေးဖက်မွှေ့ရမ်း နမ်းပစ်လိုက်တယ်။ ဖေကပဲ ပိန်သေးသေးလေး ဖြစ်သွားတာလား၊ ကျနော်ကပဲ ဗလကြီးလာတာလား.. ဖေ့ကိုယ်ပေါ့ပေါ့လေးကို ချီမြှောက်ရင်း.... အရင်က ကျနော် ခိုစီးခဲ့ရတဲ့ ဖေ့လက်မောင်းကို ပြန်သတိရမိတော့.. ငယ်ဘ၀ကို လွမ်းသွားပြန်ပါတယ်။
ဖေက ငါလည်း သန်မာပါသေးတယ် ဆိုတာကို သက်သေပြချင်လို့ထင်ရဲ့.... အထုပ်အပိုးတွေ ဇွတ်မ နေလို့ မနည်းတားရပါသေးတယ်။ သားတို့ ခိုစီးခဲ့တဲ့ လက်မောင်းတွေလေ လို့ အရင်လိုပဲ ရွှတ်နောက်နောက်နဲ့ ဖေပြောတော့ အလွမ်းတစ်ချို့ ပြေလျော့လို့သွားတယ်။

အိမ်ပေါ်မှာ စောင့်နေတဲ့ မေ့ဆီကို လှေကားတွေပေါ် ၀ရုန်းသုန်းကား ပြေးတက်ပစ်လိုက်ရင်း ပါးစပ်ကလဲ မေရေ.. သားပြန်လာပြီ လို့ တကျော်ကျော်အော်ရင်း.. အပေါက်ဝလဲရောက်ရော မေက ဒေါက်ခနဲ ခေါင်းခေါက်ပြီး ကြိုလေတော့တယ်။

ဟဲ့ မကြီးမငယ်နဲ့ အဲလောက်အော်လာရသလား၊ ဘေးအိမ်တွေ အားနာစရာ တဲ့လေ။

နဖူးအတော်နာသွားပေမဲ့ ချိုမြန်လှတယ်။ နဖူးကို ပွတ်ရင်း နာတာ မေရာ လို့ ပြောတော့ ထုံးစံအတိုင်း မေက ဘုကြည့်ကြည့်ရင်း ပိုကိုပိုတယ် လို့ ပြောပေမဲ့ မေ့မျက်လုံးတွေက ပျော်ရွှင်ကြည်နူးရိပ်တွေက ကျွန်တော့်ကို အမောပြေ အလွမ်းဖြေပေးနေပါတယ်။

(ဒိုင်ယာရီက ဆက်ရန် ကျန်ပါသေးတယ်။ အပျင်းလဲမပြေ အပျော်ဖတ်လဲမဟုတ်တဲ့ စာတွေ ဆက်လက်ရေးသားနေပါအုံးမယ်ခင်ဗျားးး)

မေတ္တာဖြင့်

မိုးကုတ်သား

4 comments:

မငုံ said...

အိပ်တန်းပျံငှက် တောင်ပံတဖျက်ဖျက် ခတ်ပြိး ပျံသွားတာကို လာကြည့်တယ်ဗျို့။ ပြီးတော့ တဆက်တည်း ` သူမ မိုးလေ၀သထဲက ကျွန်တော့အိမ်ရာ ´ လေးကို နောက်တစ်ကြိမ် ကြိုက်လွန်းလို့ ထပ်ဖတ်သွားတယ်။

Anonymous said...

ဆက်ပါအုန်း အပျော်တွေကူးစက်သွားပါတယ်

မေလေး

mstint said...

ဘိုဘိုရဲ့ ရင်တွင်းပျော်ရွှင်ကြည်နူးမှုတွေကို ဖတ်ရင်းခံစားလို့ရတယ်။ ဒါပေမဲ့ ဖတ်ရတာ အရှိန်လေးရခါမှ ဘရိတ်အုပ်လိုက်ရသလိုပဲး)
စကားမစပ် ဘိုဘိုက ဘာလူမျိုးလဲ ? :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

So touch and miss my home also ....Bro