Thursday, July 30, 2009

လက်ဆောင်များ



ကျွန်တော်တို့ကို မြင်ရင် လူတွေက သဘောတကျ ရှိတတ်ကြပါတယ်။ တစ်ခါတရံမှာတော့ အကြောင်းတိုက်ဆိုင်မှု မရှိရင် သူတို့ဟာ ကျွန်တော်တို့ကို မေ့လျော့လို့ နေတတ်ကြပြန်တယ်။
ဒါဟာ လူတွေရဲ့ သဘာဝပဲလေ။ ကျွန်တော်တို့က တခါတရံမှသာ အသုံးချလို့ရတဲ့ အလှသက်သက် ပေပဲကိုး။

လူတွေ အမြဲ လိုအပ်နေတဲ့၊ အမြဲ အသုံးချလို့ရမဲ့ အရာဝတ္ထုတစ်ခု ဖြစ်ခွင့်မရခဲ့တာကိုလဲ ကျွန်တော်တို့
ဝမ်းမနည်းပါဘူး။ သူတို့တွေ အမှုမဲ့ အမှတ်မဲ့ ကျွန်တော်တို့ကို ဖြတ်သန်းသွားခဲ့လို့လဲ အားငယ် မနေတတ်ဘူး။ မတော်တဆ တစ်ချို့ လူတွေရဲ့ လက်တွေ ကျွန်တော်တို့ဆီ ထိခတ်သွားတိုင်းလဲ လမ်းဆုံးကို သိနေတဲ့ ကျွန်တော်တို့ တာဝန်ကျေဖို့ကလွဲပြီး မတုန်လှုပ်ချင်ဘူး။

သူတို့က ကျွန်တော်တို့ကို အလှပဆုံး...၊ အဆန်းတကြယ်..၊ ချစ်စရာကောင်းအောင်... ဖန်တီးချင် ဖန်တီးမယ်။
ဒါမှမဟုတ် ရိုးရိုးရှင်းရှင်းလေးပဲ အသုံးပြုချင် ပြုကြမယ်။ ကျွန်တော်တို့ရဲ့ အဓိကတာဝန်က ပျော်ရွှင်ခြင်းတွေကို ထုပ်ပိုးပေးဖို့ပဲလေ။

ချစ်စရာကောင်းအောင် ဖန်တီးပေးထားလဲ “လှလိုက်တာ” ဆိုတဲ့ စကားလေး တစ်ခွန်းကလွဲပြီး အဲဒီ ပျော်ရွှင်မှုတွေကို ကျွန်တော်တို့ မပိုင်ဘူး။
ရိုးရိုးရှင်းရှင်းလေး သေသပ်လှပနေလဲ ပျော်ရွှင်ခြင်းတွေက ကျွန်တော်တို့အပေါ် မဖွဲ့တည်ဘူး။
တစ်ခါတစ်ခါမှာ ကျွန်တော်တို့က “ချစ်ခြင်းမေတ္တာ” တွေကို ထုပ်ပိုး သယ်ဆောင်ရတယ်။ တစ်ခါတစ်ခါမှာတော့ “ခင်မင်ရင်းနှီးမှု” တွေကို လွယ်ပိုးရမယ်။ တစ်ခါတစ်ခါမှာတော့ “၀မ်းနည်း သတိရခြင်း” တွေလဲ ပါလာတတ်သေးရဲ့။
ကျွန်တော်တို့ ထုပ်ပိုး သယ်ဆောင်လာတာတွေကို မြင်တာနဲ့ လူတွေ စိတ်လှုပ်ရှား ရင်ခုန်ကြ၊ ကြည်နူးပျော်ရွှင်ကြတာ ၀မ်းမြောက်စရာပဲပေါ့။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ထုပ်ပိုး သယ်တောင်ရသမျှဟာ “ က္ကုသာ မစ္ဆိရ” ဆိုတဲ့ “ ၀န်တိုငြူစူခြင်း” တွေ၊ “မုန်းတီးစက်ဆုပ်မှု” တွေ ပါမလာတတ်ကြတာကိုပဲ တိတ်တဆိတ် ကျေနပ်လို့။ လူတွေက ကျွန်တော်တို့ကို ကြည်နူးပျော်ရွှင်စရာလေးတွေ အတွက်သာ အတော်များများ အသုံးပြုတတ်ကြတာ ကိုပဲ ကျေးဇူး တင်နေမိတယ်။

ကျွန်တော်တို့ကို စနစ်တကျ သိမ်းဆည်းထားတဲ့သူ၊ အမြတ်တနိုး တန်ဖိုးထားတဲ့သူ ဆိုတာ အင်မတန် ရှားပါတယ်။ သိမ်းထားခဲ့ရင်တောင် နောက်တစ်ခါ ထပ်ပြီး ထုပ်ပိုးဖို့ အတွက်က များပါတယ်။ တစ်ပိုင်းတစ်စစီ စုတ်ဖြဲ ခံချင်လဲ ခံရမယ်။ အမှုမဲ့ အမှတ်မဲ့ ဆွဲခြေပြီး လုံးထွေး ပစ်ခြင်း ခံချင် ခံရမယ်။ ဘယ်သူကမှတော့ တယုတယလေး ကျွန်တော်တို့ကို ဖြေမချတတ်ပါဘူး။ သူတို့ ပိုင်ဆိုင်ရမဲ့ ပျော်ရွှင်ခြင်းတွေဆီမှာသာ အာရုံတွေ စုပြုံလို့ ကျွန်တော်တို့ကို မေ့လျော့ခြင်းတောင် ခံချင် ခံရပါအုံးမယ်။

ဘာပဲ ဖြစ်ဖြစ်ပေါ့။ ကျွန်တော်တို့ ကျေနပ်ပါတယ်။ ကျွန်တော်တို့ရဲ့လမ်းဆုံးဟာ အမှိုက်ပုံးတစ်ခုသာ ဖြစ်မှန်း သိထားပြီးသားလေ။ ပျော်ရွှင်ခြင်းတွေကို တဒင်္ဂံလောက်ပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ဆောင်ကျဉ်းပေးခဲ့တယ် ဆိုရင်ပဲ ကျေနပ်လှပါပြီလေ။ တစ်ကယ်တမ်းတော့ “ကျွန်တော်တို့ဟာ.....................”








ပုံကို Flickr ကနေ ယူထားပါတယ်။

မေတ္တာဖြင့်

မိုးကုတ်သား




ဒီစာလေးကို “မကောင်းကင်ပြာ” အတွက် မွေးနေ့လက်ဆောင် ပေးရင် ဘာနဲ့ ထုပ်ပိုးပေးရမလဲ တွေးရင်း ဆက်စဉ်းစား မိတာလေးပါ။ မွေးနေ့ဆုတောင်း တစ်ခုမှ မပါပေမဲ့ မွေးနေ့ရှင် “မကောင်းကင်ပြာ” ကျေနပ်မယ် မျှော်လင့်ပါတယ်။

Monday, July 27, 2009

စနေသား ရဲဖမ်းခံရခြင်း




ကျွန်တော့် ဥပဓိ နဲ့ ဆိုင်တဲ့ အတွက် ဒီအကြောင်းကို ရေးရမလား၊ မရေးရဘူးလား စဉ်းစားနေတာ ကြာပါဘီ။
နောက်ဆုံးတော့ မိတ်ဆွေတို့ ပြုံးရယ်ဖို့အတွက် ကိုယ့်ပေါင်ကိုယ်ပဲ လှန်ထောင်းလိုက်ပါ့မယ်။ (တကယ်တမ်းတော့ သိပ်ကို ပြောချင်နေလို့ပါ :-P )

ကျွန်တော့် ဥပဓိ ခန့်ညားပုံမျိုးတော့ အင်းး ဘယ်လို ပေါ်လွင်အောင် ပြောရပါ့မလဲ။ ဘယ်သူမှ နောက်ကနေ စောင့်ကြည့်မခံရပါဘူး ဆိုတဲ့ ဒီနိုင်ငံက ကုန်တိုက်ကြီးတွေမှာတောင် ၀န်ထမ်းတွေ နောက်ကနေ လိုက်လံ စောငြ့်ကပ်ခြင်း ခံရတဲ့ ရုပ်မျိုးပါ။ ကျွန်တော်ကတော့ အကူအညီ လိုရင် ပေးဖို့ လိုက်တယ်ပဲ မှတ်ပါတယ်။ အဲလောက် ဥပဓိ ခံ့ညားတာခင်ဗျ။

တစ်ချို့ကလဲ ချောချက်ကတော့ ကောင်းမြတ်နဲ့ ချစ်ကောင်း နှစ်ယောက် ပေါင်းထားသလိုပဲတဲ့။ ဘိန်းစားရုပ်တဲ့။ အင်းးး တယ်ခက်တာကိုးးး နော်။ မော်ဒယ်လ် ပိန်၊ ပိန်တာကိုများ သူတို့တွေ အမှန် မမြင်နိုင်ကြဘူးး။ ဖြိုးငွေစိုးတို့ ရဲတိုက်တို့မှ ချောတယ် မြင်ကြတာကိုး။

ဒီလောက်ကလေး အရိပ် ပြရုံနဲ့ ကျွန်တော့် ဥပဓိ ဘယ်လောက်ကောင်းလဲ ခန့်မှန်းမိကြရောပေါ့။ ဒါကို ပြောပြနေရတာက အကြောင်းရှိပါတယ်။ အဖြစ်အပျက်က ဒီလိုပါခင်ဗျာ။ အဟမ်း အဟမ်း။
(အောင်မလေး၊ ပြောမှာများ စကားပလ္လင်က တယ်ခံသကိုး။ ပရိတ်သတ်ကြီး လေသံ)


နာရီနှိုးစက်သံ ဆူညံညံက ကျွန်တော့် အိပ်ကောင်းခြင်းတွေကို ဖျက်စီးပစ်လိုက်သည်။ ကျိန်းစပ်နေသော မျက်လုံးများကို မဖွင့်နိုင်သေးပဲ နှိုးစက်ကို လှမ်းပိတ်ရင်း တစ်ဘက်ကုတင်မှ ညီဝမ်းကွဲကို လှမ်းနိုးကာ မျက်နှာသစ်ဖို့ ပြေးရသည်။ အိပ်မှုံစုံမွှားနှင့်မျက်လုံးတွေကို မဖွင့်နိုင်သေး။ ရေကို အမြန်ချိုးကာ အ၀တ်အစားလဲရင်း ညီဝမ်းကွဲကို လောရသေးသည်။ အခါတိုင်း နားထောင်နေကျ နံနက်လင်းစ ငှက်ကလေးတွေ စိုးစီသံကိုပင် စကြား နေရသော်လည်း သိပ်ပီး ကြည်နူး မနေနိုင်အားတော့။ နောက်ကျနေဘီလား။ သူငယ်ချင်းတွေကို ဖုန်းဆက်ကြည့်တော့ သူတို့က ရထားပေါ် ရောက်နေကြပြီ။
သူငယ်ချင်းမလေးက ဒီနေ့ ရန်ကုန်ပြန်မည်လေ။ အိမ်အတွက် ၀ယ်ထားသော ပစ္စည်းတွေကို ထိုသူငယ်ချင်းနှင့် လူကြုံ ထည့်ပေးရင်း လေဆိပ်ကိုလဲ လိုက်ပို့ပေးဖို့ ကျွန်တော် ပြောထားခဲ့သည်။ ကျွန်တော့်အိမ်နှင့် နီးသော ဘူတာမှတ်တိုင်သို့ သူတို့ မရောက်ခင် ကျွန်တော်က အရောက်သွားပြီး လေဆိပ်ကို အတူဆက်သွားဖို့ မနေ့ညကရင်း ပြောထားခဲ့ပြီးသား။
ညီဝမ်းကွဲကို စောင့်နေရသောကြောင့် အချိန်က အနည်းငယ် နောက်ကျချင်နေပြီ။ သို့သော် သူငယ်ချင်းတွေက ဖုန်းဆက်မလာသေးတော့ အေးအေးဆေးဆေးသာ။ သူတို့ကို အိမ်နား မရောက်ခင် ရထားဘူတာ သုံးမှတ်တိုင် အလိုရောက်လျှင် ကျွန်တော့်ဆီ ဖုန်းဆက်ခေါ်ဖို့ မှာထားသည်မဟုတ်လား။ အိမ်ကနေ ထွက်လာပြီး တိုက်တန်းများကို ဖြတ်ကာ ကျွန်တော်တို့ ညီအကိုနှစ်ယောက် အေးအေးလူလူ စကားပြောပြီး သွားနေတုန်း ဖုန်းဝင်လာသည်။
"..ငါတို့ ...... မှတ်တိုင်ရောက်နေပြီ။ ဘူတာမှာ ရောက်နေပြီလား.." တဲ့။
သူတို့ပြောသည့် မှတ်တိုင်က ကျွန်တော် စောင့်မည့် ဘူတာနှင့် တစ်မှတ်တိုင်မျှသာ ကွာတော့သည်။ ထိုမှတ်တိုင်မှ ကျွန်တော်စောင့်မည့် မှတ်တိုင်သို့ ရထားကြာချိန်က နှစ်မိနစ်မျှသာ။ ကျွန်တော်တို့ လမ်းလျှောက်ကာ ဘူတာသို့ သွားပါက လေးမိနစ်ခန့် ကြာအုံးမည်။ လမ်းလျှောက်လို့ မမှီ နိုင်တော့ ပြေးရုံပေါ့။
တိုက်တန်းတွေကြားမှာ ပြေးလွှားကာ ဖြတ်ရင်း ကားလမ်းမကြီးဘက် ဆင်းရာ လှေကားကနေ ကျွန်တော် ပြေးဆင်းသည်။ အနောက်က ကျွန်တော့် ညီဝမ်းကွဲကိုလဲ မြန်မြန်လာဖို့ အော်ရသေးသည်။ ကားလမ်းမကြီး ကို ဖြတ်ကာ လမ်းဘေး လူသွားလမ်းတစ်လျှောက် ကျွန်တော် ပြေးတော့ ကျွန်တော့် ညီကလဲ နောက်က နေ မှီအောင် ပြေးလိုက် နေရလေတော့သည်။ အိမ်ကို ပေးမည့် အထုပ်ကြီးကို ဆွဲပြီး ရှေ့ကနေ ကျွန်တော်က အသားကုန်ပြေး။ အနောက်မှ ကျွန်တော့်ညီက သူ့ကို စောင့်ဖို့ တကြော်ကြော်အော်ရင်း အနောက်ကနေ ပြေးလိုက်လာကာ စနောက်လို့။ မောရကောင်းမှန်းပင် ကျွန်တော် တို့ သတိမရ။
ဗြုန်းဆို ရဲကားတစ်စီးက ကျွန်တော့်ကို ကျော်တက်ကာ ရှေ့ခပ်လှမ်းလှမ်းမှာ ရပ်သွားသည်။ ရဲသား နှစ်ယောက်က ပြေးဆင်းလာကာ ကျွန်တော့်ကို ဖမ်းချုပ်ကြ၏။ တစ်ယောက်က ကျွန်တော့်ကို ဆွဲချုပ်ထားပြီး တစ်ယောက်က ကျွန်တော့်လက်ထဲမှ အိတ်ကို လုယူသည်။ နံနက်လင်းစ လူရှင်းတုန်း လမ်းပေါ်မှာ ရဲဝတ်စုံတွေ အားကိုးနှင့် ဒီရဲစုတ်တွေ ကျွန်တော့်ကို ဓားပြတိုက်ကြသည်လား။ ကျွန်တော်က လက်ထဲမှ အိတ်ကို လွှတ်မပေးနိုင်ပဲ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ကုန်ကြသည်။ ဘေးမှ လမ်းသွားလမ်းလာ တစ်ချို့က ကျွန်တော်တို့ကို ရပ်ကြည့်နေကြပြီ။ ရှက်လာတော့ ကျွန်တော့်လက်မှ အိတ်ကို လွှတ်ပေးလိုက်ပြီး ဘာကြောင့် ကျွန်တော့်ကို ဖမ်းရသလဲ မေးဖို့လုပ်တုန်း နောက်မှ ကျွန်တော့်ညီက ကျွန်တော့်ကို မှီလာခဲ့သည်။
"..ရော့။ မင်းအိတ်ထဲမှာ ပစ္စည်းတွေ ပြည့်စုံရဲ့ လား စစ်လိုက်အုံး.."
ကျွန်တော့်အိတ်ကို ယူထားသော ရဲသားက ကျွန်တော့်ညီဝမ်းကွဲဆီ အိတ်ကို ပစ်ပေးလိုက်ရင်း ပြောတော့မှ ဘာကြောင့်လဲဆိုတာ ကျွန်တော် သဘောပေါက်တော့သည်။ သေလိုက်စမ်းပါတော့။ သူတို့ နောက်ပြန်ချုပ်ကာ ၀တ်ပေးထားသော စတီးလက်ကောက်ကြီးကြောင့် တစ်ဂွမ်ဂွမ် မြည်နေသော ဖုန်းကိုလဲ ကျွန်တော့်မှာ ဖြေလို့မရ။ သူငယ်ချင်းတွေ ဘူတာမှာ ကျွန်တော့်ကို မတွေ့လို့ ဆင်းစောင့်နေကြသလား။ သွားနှင့်ကြပြီလား စိတ်တွေက ပူလာသည်။ ဘုမသိ ဘမသိ အဖမ်းခံထိသော အမှုက ဘာကြောင့်လဲဆိုတာ သိရတော့လဲ စိတ်ထဲ ရှင်းသွားခဲ့ပြီ။
ဘာဖြစ်မှန်း မသိသော ကျွန်တော့် ညီ ၀မ်းကွဲကလဲ အထုပ်လေး ပိုက်ကာ ရပ်လျက်သား။ အဖမ်းခံထိနေသော ကျွန်တော့်ကို တလှည့်၊ ရဲနှစ်ယောက်ကိုတလှည့် နားမလည်နိုင်သော မျက်လုံးများနှင့် အူကြောင်ကြောင် ကြည့်လို့။ ကျွန်တော်ကလဲ မမေးမမြန်းပဲ လာဖမ်းသော ရဲတွေကို စိတ်ဆိုးလှပြီ။ ရထားလဲ ထွက်ရောပေါ့။
"..မင်းတို့မှားနေပြီ။ ငါက လူကောင်းပါ။ သူက ငါ့ညီ.." အဲလို ပြောကာ ရှင်းပြဖို့ ကြိုးစားတော့မှ ညီတော်မောင်က သဘော ပေါက်ကာ တစ် "..ရက်စ်.." ထဲ ထ "..ရက်စ်.." လေတော့သည်။
"..မင်းတို့က ဘာဖြစ်လို့ ပြေးတာတုန်း.." အရစ်ရှည်သော ရဲတစ်ယောက်က သူတို့ စတီးလက်ကောက်ကြီးကို ဖြုတ်ပေးချင်ဟန် မရှိသလို သင်္ကာမကင်း ကျွန်တော့်ကို မေးလေသည်။
"..ငါတို့ သူငယ်ချင်း တစ်ယောက်ကို လေဆိပ်လိုက်ပို့ပေးဖို့ နောက်ကျနေလို့ ရထားဘူတာကို ပြေးလာတာ။ လူသွားလမ်းပေါ်မှာ မပြေးရဘူး ဆိုတဲ့ ဥပဒေ လဲ ငါမကြားမိပါဘူး။ တခြားသူတွေလဲ ဒီလို ပြေးနေကြတာ ငါ့ကျမှ ဘာလို့ ဖမ်းတာတုန်း။ မင်းတို့ကြောင့် ငါ အခု နောက်ကျသွားပြီ။ ဒါကို မင်းတို့ ဘယ်လို ဖြေရှင်းပေးမလဲ.." ဆိုလေတော့မှ ရဲ နှစ်ယောက်လဲ ကျွန်တော့်ညီကို "..သူပြောတာ ဟုတ်သလား.." ဆိုတဲ့ အကြည့်နှင့် ကြည့်ကြ၏။
ကျွန်တော့်ညီကတော့ ခေါင်းကို ပုတ်သင်ညိုလို တဆတ်ဆတ် ငြိမ့်နေရင်း ရယ်ချင်ပက်ကျိ ဖြစ်နေသော မျက်နှာပိုးကို သတ်မရတော့။ ဒီတော့မှ အင်မတန်တော်လှသော ရဲမင်းကြီးနှစ်ကောင် ကျွန်တော့်ကို သူတို့ရဲ့ စတီး လက်ကောက်ကြီး ဖြုတ်ပေးလေတော့သည်။
တာဝန်အရ လုပ်ရသောကြောင့် သူတို့ကို နားလည်ပေးဖို့ အထပ်ထပ် တောင်းပန်ရင်း လေဆိပ်ကို သူတို့ကားနှင့် လိုက်ပို့ပေးပါရစေ လောကွတ်က ချော်နေသေးသည်။ တော်ပါဘီ။ လိုက်ပါဘူး။ ရဲကားပေါ် တက်လိုက်သွားမှ ဘေးမှာ ရပ်ကြည့်နေသူတွေ အနော် အဖမ်းခံထိတယ်ဖြစ်ကာ အထင်တွေ လွဲနေကြအုံးမည်။
ကျွန်တော့်ညီ လက်ထဲက အထုပ်ကို ပြန်ဆွဲယူလိုက်ရင်း
"..နောက်ကို ပြေးခွင့် လိုင်စင်တင်ထားမယ်။ မဖမ်းခင် ဥပဓိလဲ သေချာ အကဲခတ်အုံး.."
ကွန်ပလိန်း တက်ဖို့ အချိန်မရတော့ ဒေါပွပွနဲ့ ကျွန်တော် ပြောပီး ရထားဘူတာဘက် ဆက်ပြေးတော့ ရဲသား နှစ်ယောက်က နောက်မှ "..ဆောရီးဆာ၊ ဆောရီးဆာ.." နှင့် တဆာဆာ ခါးကိုင်းအော်ကာ ကျန်နေရစ်ခဲ့ကြလေသည်။
ဒီလောက် ခန့်တဲ့ ဥပဓိကိုများဗျာ၊ အလစ်သုတ် ပြေးတဲ့လူနဲ့ မှားရတယ်လို့။ ဒီကရဲတွေ ညံ့ချက်များတော့ ပြောချင်တော့ဘူးး။
ခုတော့ ဘေးကနေ ပြေးလိုက်လာရင်း တခွိခွိ ရယ်နေတဲ့ ညီတော်မောင်ကိုသာ စိတ်ရှိလက်ရှိ ဖနောင့်နဲ့ ပေါက်ချင်နေတော့တယ်။

(အနော့် ဥပဓိ ကောင်းကြောင်းတော့ ပရိတ်သတ်တွေ သိကုန်ကြပြီ။ ဒါပေမဲ့ နဲနဲလေး ပြုံးမိတယ်ဆိုရင်ကို စိတ်ပျက်လက်ပျက် ရယ်ရမလို၊ ငိုရမလို ဖြစ်ခဲ့တာလေး ပြန်ပြောပြရကျိုး နပ်ပါတယ်ဗျာ။ တနင်္လာနေ့ မှာ အလုပ်တက်ရသူ မိတ်ဆွေတွေ အားလုံးကို ပြုံးပျော်စေချင်လို့ပါ။)

မေတ္တာဖြင့်
မိုးကုတ်သား





Friday, July 17, 2009

WONDER BABY (She's so cute)

ခုတလော စာလဲ မရေးနိုင်ဘူးဖြစ်နေလို့ပါ။ မနေ့ညက သယ်ရင်းတယောက် ပေးတဲ့ ဒါလေးကို ကြည့်ပီး သဘောတကျ ပြုံးလိုက် ရယ်လိုက်နဲ့ စိတ်အမော ပြေသွားတဲ့ အတွက် မိတ်ဆွေတို့ကို ပြန်ပီး မျှဝေပေးလိုက်ပါတယ်။





မိတ်ဆွေတို့လဲ ပြုံးရယ်မိကြမယ် မျှော်လင့်ပါတယ်။


မေတ္တာဖြင့်
မိုးကုတ်သား

Tuesday, July 14, 2009

သိကြပါရဲ့လား


Did you know? (24 pics)
Did you know? (24 pics)
Did you know? (24 pics)
Did you know? (24 pics)
Did you know? (24 pics)
Did you know? (24 pics)
Did you know? (24 pics)
Did you know? (24 pics)
Did you know? (24 pics)
Did you know? (24 pics)
Did you know? (24 pics)
Did you know? (24 pics)
Did you know? (24 pics)
Did you know? (24 pics)
Did you know? (24 pics)
Did you know? (24 pics)
Did you know? (24 pics)
Did you know? (24 pics)
Did you know? (24 pics)
Did you know? (24 pics)
Did you know? (24 pics)

Did you know? (24 pics)

Did you know? (24 pics)
Did you know? (24 pics)


E-Mail ထဲ ရောက်လာတာလေး ပြန် မျှဝေပေးတာပါ။

မိတ်ဆွေတို့ တစ်ချက်လောက် ပြုံးသွားရင်ပဲ ကျေနပ်ပါပြီ။

(ဘယ်နှစ်ယောက်လောက်များ ကိုယ့်တံတောင်ဆစ်ကိုယ် နမ်းကြည့်ဖို့ ကြိုးစားကြည့်ကြလဲ။ ရတဲ့သူရှိရင်ပြော ဆုချမယ်။)


မေတ္တာဖြင့်

မိုးကုတ်သား

Tuesday, July 7, 2009

ကော်ဖီတစ်ခွက်၊နံနက်ခင်း တစ်ခု


ကျွန်တော်တို့ နေ့စဉ်နှင့်အမျှ နံနက်ခင်းများကို ဖြတ်သန်းကြရသည်။

မျက်စိနှစ်လုံးဖွင့်လိုက်သည်နှင့် ကျနော်တို့ အသက်ရှူခွင့် ရနေသေးမှန်း ကျေနပ် ၀မ်းမြောက် မိဖို့ထက် အလုပ်မှီဖို့၊ ကျောင်းမှီဖို့ ပြေးလွှားနေရသော နံနက်ခင်းတွေ ဘယ်လောက် နွမ်းနယ်နေခဲ့ပြီလဲ။ တက်ကြွနေခဲ့ပြီလဲ။

တနင်္လာနေ့ နံနက်ခင်းသည် အခါများစွာကလို မောပန်းတကြီး မဖြစ်တော့တာ ကြာပြီ။ ကော်ဖီတစ်ခွက်ကို အေးအေးလူလူ သောက်ရင်း လမ်းမပေါ်မှ လူတွေကို ထိုင်ငေးနေတတ်သော အကျင့်တို့က ကော်ဖီတစ်ခွက် စွဲသလို စွဲ နေခဲ့တာလဲ တစ်နှစ်နီးပါး ကြာခဲ့ပြီ။

လုံးဝန်းလှပပြီး သာမာန်ကော်ဖီခွက်ထက် တစ်ဆခွဲမျှ ကြီးသော ကော်ဖီခွက်လေးဆီမှ မစ်ကီမောက်စ်ကလေးက ကျွန်တော့်ကို ပြုံးပြနေတာ ကြည့်ရင်း နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်မိသည်။ ဒီကော်ဖီခွက်လေးနှင့် ကော်ဖီဖျော်သောက်မိတိုင်း စာလေး တစ်ပုဒ်ကို ကျွန်တော် အမြဲ အမှတ်ရမိသည်။ စာကို သေချာ မမှတ်မိတော့။
ကျောင်းသားဟောင်းတွေ အုပ်စု ကျောင်းက ဆရာတစ်ယောက်အိမ်မှာ တွေ့ဆုံပွဲလေး တစ်ခုလုပ်ကြသည်။ အားလုံးက အလုပ်နှင့် စိတ်ဖိစီးမှုများ အကြောင်းကို ပြောဆိုနေကြ၏။ တွေ့ဆုံပွဲလေးမှာ ကော်ဖီနှင့် ဆရာလုပ်သူက ဧည့်ခံလေသည်။ ကျောင်းသားဟောင်းများက တန်ဖိုးကြီးပြီး လှပသော ကော်ဖီခွက်များသူ့ထက်ငါ ရွေးယူကာ ကော်ဖီကို ထည့်သောက်ကြသည်။ အဖိုးနည်းပြီး မလှပသော ကော်ဖီခွက်တစ်ချို့သာ အရွေး မခံရပဲ ကျန်နေရစ်ခဲ့ကြသည်။

"လှပပြီး တန်ဖိုးကြီးတဲ့ ခွက်တွေသာ အရွေးခံရပြီး မလှပ၊ အဖိုးသိပ်မတန်တဲ့ ခွက်လေးတွေသာ ကျန်နေခဲ့ကြတာ သတိထားမိကြလား။ လူဆိုတာ ဘယ်သူမဆို ကိုယ့်အတွက် အကောင်းဆုံး ဆိုတာတွေ လိုချင်ကြတာ သဘာဝပါပဲ။ ဒါဟာ မင်းတို့ဘ၀ရဲ့ ပြဿနာနဲ့ စိတ်ဖိစီးမှု ဆိုတာတွေအတွက် အရင်းအမြစ်ပါပဲ။ ဈေးအကြီးဆုံး၊ အကောင်းဆုံး အလှဆုံး ခွက်တွေကိုပဲ ရချင်လိုချင်ပီး သူတပါး လက်ထဲက ခွက်တွေနဲ့ နှိုင်းယှဥြ်ကည့်တတ်ကြတယ်။ ခွက်တွေအပေါ်မှာပဲ အာရုံတွေ ရောက်နေတော့ ကော်ဖီရဲ့ အရသာကို ခံစားဖို့ဆိုတာ နောက်တန်းမှာ ရောက်နေတတ်ကြတယ်။
ဘ၀ဟာ ကော်ဖီ ဆိုပါစို့။ အလုပ်၊ ငွေကြေး၊ ရာထူးနဲ့ လူမှုဝန်းကျင်က ကော်ဖီခွက်တွေနဲ့ တူတယ်။ အဲတာတွေအားလုံးက ဘ၀ကို အရသာခံ ထည့်သောက် ကြည့်ဖို့ ပဲလေ။ ကော်ဖီရဲ့ အရသာထက် ကော်ဖီထည့်တဲ့ ခွက်အပေါ် အာရုံများသွားတဲ့ အချိန်ကျ ကော်ဖီရဲ့ အရသာကို ခံစားဖို့ အခွင့်အရေး ဆုံးရှုံးတတ်တယ်"

ဒီစာပိုဒ်ကလေးက ကျွန်တော့ အလွတ်နီးပါး ရနေသော စာပိုဒ်ကလေး ဖြစ်သည်။

ကျွန်တော်လဲ ကော်ဖီခွက်ထဲက ကော်ဖီ အရသာကို မြည်းစမ်းဖို့ထက် လှပသော ကော်ဖီခွက်တွေကို ပိုင်ဆိုင်ဖို့ လုံးပန်းနေမိသော နံနက်ခင်းတွေ ဘယ်လောက် များနေခဲ့ပြီလဲ။

မရေရာသေးသော အနာဂါတ်တွေကို ကော်ဖီနှင့်အတူ သောက်သုံး ပစ်လိုက်ရင်း တနင်္လာနေ့ နံနက်ခင်းကို စားသုံးမိနေဆဲ။ ရောင့်ရဲတတ်ခြင်းတွေက ကော်ဖီအရသာကို ပိုမို ခံစားရစေမည်လား။ ၀ိုးတ၀ါး တွေးနေမိရင်းက ကျွန်တော်သည် ကော်ဖီသောက်သုံးသူ မဟုတ်တော့ပဲ ကော်ဖီခွက်ကလေး ဖြစ်သွားပြန်၏။

ကျွန်တော်သည် တန်ဖိုးမကြီးသော၊ မလှပသော ကော်ဖီခွက်တစ်လုံးသာ ဖြစ်သည်။ ဘ၀ခရီးကို မလှမပ ဖြတ်သန်းခဲ့ရခြင်းများသည် ကော်ဖီတစ်ခွက်ကို ပို..... ခါးသက်စေတတ်မှန်းလည်း သိတတ်နားလည်ခဲ့ပြီ။ မလှပသော အဖိုးမကြီးသော ကော်ဖီခွက်ကလေး သန့်စင်သပ်ရပ်နေဖို့သာ ကျွန်တော် တတ်နိုင်လိမ့်မည်။

သို့သော်... တကယ်တမ်းတော့ ကော်ဖီခွက်ထဲမှ ကော်ဖီကို ကျွန်တော်ဆိုသည့် ခွက်ကလေးက ပိုမို ခါးသက်အောင်၊ ချိုမြိန်အောင် စွမ်းဆောင်နိုင်လိမ့်မည်မဟုတ်ပါ။ အမှတ်မထင် သင်.... ဒီကော်ဖီခွက်လေးကို ရွေးချယ်မိပါက မိမိသောက်သုံးမည့် ကော်ဖီကို မိမိကိုယ်တိုင် စိတ်ကြိုက် ဖျော်စပ်တတ်ရမည်သာဖြစ်၏။ ပရီးမီးယားကော်ဖီ ထည့်ဖျော်ပြီး စတားဘတ်ခ်မှ ကော်ဖီဖြစ်အောင် ကျွန်တော် ပြောင်းလဲပေးနိုင်မည်မဟုတ်။ ထို့အပြင် ကျွန်တော်ဆိုသည့် ကော်ဖီခွက်လေးအတွက်လည်း သင်...... ဂုဏ်တက်စရာ ဘာမျှ မရှိပါ။ သို့သော် သင်ဖျော်စပ်ထားသော ကော်ဖီအရသာလေးအတိုင်း သန့်ရှင်းစွာ ရှိနေနိုင်ခြင်း၊ ကော်ဖီကို ထိန်းသိမ်းနိုင်ခြင်း ဆိုသည့် တန်ဖိုးတစ်ခုတော့ ကော်ဖီခွက်လေးများ၏ တာဝန်အတိုင်း ကျေပြွန်စွာ ရှိနေနိုင်ပါလိမ့်မည်။

ကျွန်တော်သည် အသက်ရှိသော ကော်ဖီခွက်တစ်ခွက်သာ ဖြစ်သောကြောင့် သင် သုံးလိုက တန်ဖိုးထားပါ။ သင် မသုံးလိုက မထိကိုင်မိစေရန် သတိပြုပါ။ ကျွန်တော်၏ ကော်ဖီခွက်ကလေး မစွန်းထင်းမညစ်ပေစေရန်ကတော့ ကျွန်တော်ကိုယ်တိုင်၏ တာဝန်သာ ဖြစ်သည်။



ဖြူစင်စစ်မှန်သော ခင်မင်မှုများဖြင့်သာ မစ်ကီးမောက်စ် ရုပ်လေးလို ကျွန်တော်....... ထာဝရ သင်တို့ကို ပြုံးပြလျက် သင်တို့၏ င်္နနက်ခင်းများကို လှပနေစေချင်ပါသည်။

:-)

မေတ္တာဖြင့်
မိုးကုတ်သား



ဒီစာလေးကို 20.07.2009 တနင်္လာနေ့ မနက်ခင်းမှာ ကော်ဖီတစ်ခွက် ထိုင်သောက်နေရင်း ထုံးစံအတိုင်း လမ်းမကြီးပေါ် ငေးနေမိရာက စိတ်ကူးရပြီး ရေးထားခဲ့ခြင်းပါ။ ဒီနှစ်ကုန်ရင်တော့ 2009 တစ်နှစ်လုံးလို တနင်္လာနေ့ ရုံးမတက်ပဲ နေလို့ မရတော့ပါဘူး။ 2010မှာ ထုံးစံအတိုင်း တစ်ပါတ် ငါးရက် ရုံးပြန်တက်ရတော့မှာမို့ 2009ခုနှစ်ရဲ့ ရုံးတက်ရက် နောက်ဆုံးနေ့ဖြစ်တဲ့ 24.12.2009 မှာ အမှတ်တရ တင်ဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါတယ်။

ဒီနေ့ နေ့တစ်ပိုင်းကနေစလို့ နောက်နှစ် ဇန်န၀ါရီလ သုံးရက်နေ့အထိ ရုံးပိတ်တော့မှာ ဖြစ်တဲ့အတွက် ခရစ်စမတ်ဆုတောင်းလေး မိတ်ဆွေတို့ အားလုံးကို ဆုတောင်းပေးလိုက်ပါတယ်။




MERRY CHRISTMAS and HAPPY NEW YEAR TO YOU ALL....



ကဒ်လေးအတွက် BEN ကို ကျေးဇူးအထူးတင်ရှိကြောင်းပါ။


မိတ်ဆွေအားလုံးကို ချစ်ခင်လျက်

မိုးကုတ်သား

Wednesday, July 1, 2009

“အိပ်မက်ကို ချည်တဲ့ကြိုး”

“အိပ်မက်ကို ချည်တဲ့ကြိုး”

လျှို့ဝှက်ချက်တို့နဲ့ နေ၀င်ပြီးမိုးချုပ် . . .
နေ၀င်ချိန် နေထွက်ခဲ့ခြင်းတွေလို
ကိုယ့်စိတ်ဟာမပြတ်သားဘူး။
အလွမ်းတစ်အုပ်တို့နဲ့
တောရိပ်မှာ မြူယှက်လို့နွယ်
တောင်စွယ်မှာ နေကွယ်တာလား
ချစ်ရိပ်တွေ ဝေေ၀၀ါးလို့ လေ။
မပြောဘဲ ထားတဲ့စကားလို
အဓိပ္ပာယ်တွေ မှုန်ဝါးဝါးနဲ့ . . .
မပြတ်သားရဲသူ ကိုယ့်အတွက်
နေ့တွေလတွေမှာ အလွမ်းတွေနဲ့သာ . . ။
လေတိုးရင်ညည်းတတ်တဲ့ ၀ါးရုံတောလို
မပီမသ သံစဉ်တွေ ခြွေခြွေချရင်း၊
ပန်းမခင်းတဲ့ ရွက်ကြွေတော
ချစ်သူမောမှာ စိုးစိတ်တွေနဲ့
တိုးတိတ်လို့ နေခဲ့သူ။
မိုးတွေ တိုးတိုးလေးရွာနေတယ်
နှလုံးသားငိုသံက ခြိုးခြိုးချွတ်ချွတ် . . .
ငတ်မွတ်နေတဲ့ လွတ်လပ်ခြင်းတွေ
ငါ့အလွမ်းတွေကြားမှာ
အတုန်းအရုံး ကျဆုံးလို့ ... ။
နှင်းမှုန်တွေ အုံ့ဆိုင်း ရီဝေတယ်
အေးခဲမှုတွေက နာနာကျင်ကျင်
တောင်ပံတစ်စုံကို မဖြန့်နိုင်မှတော့
ပျံသန်းဖို့ စိတ်ကူးတွေလဲ
နေလာရာ နှင်းပျောက်သလိုပေါ့။
မရေရာတဲ့ စိတ္တဇနာမ်တွေနဲ့
ဘ၀ကြီးက ပရမ်းပတာခါယမ်း . . .
ဒီလိုနဲ့ပဲ
ကြယ်မစုံတဲ့ ညတွေက
ငါ့အတွက် မထူးဆန်းတော့ပါဘူး . . . ။
မသေချာတဲ့ ၀င်သက်ထွက်သက်တွေအတွက်
ပင့်သက်တွေက အားကောင်းမောင်းသန်၊
အလင်းမဲ့ ကောင်းကင်တစ်မိုးအောက်မှာ..
ငါလေ..
ကြယ်ကြွေတွေ ကောက်ဆဲ...။


ရေးသားသူ - နှင်းမွန်၊ မိုးကုတ်သား
(ပထမဆုံး တစ်ပိုဒ်ကို ညီမလေး နှင်းမွန်ရဲ့ ဂျီတော့ခ်မှာ မြင်လိုက်လို့ ကျနော်က နောက်တစ်ပိုဒ် ထပ်ရေးတယ်။ ညီမလေးနှင်းမွန်က ဆက်ရေးလိုက်၊ ကျနော်ကရေးလိုက်နဲ့..တစ်ယောက်တစ်ပိုဒ် ရေးလာလိုက်ထာ၊ ဒီကဗျာလေး ထွက်လာပါတယ်။ အပေါ်ဆုံး အပိုဒ်က သီချင်းစာသားကြီး။ ဖြုတ်လိုက် လို့ ညီမလေးနှင်းမွန်က ပြောပါတယ်။ ကျနော်က မဖြုတ်ချင်ဘူး။ ဒါနဲ့ ဘယ်သူ့သီချင်းစာသားလဲ မေးတော့ မဒီနဲ့ ဘိုဘိုရဲ့ လွဲနေတဲ့ ဆုံမှတ်များ တဲ့။ အဲ့ဒီ သီချင်းကို နားမထောင်ဖူးတာလဲမဟုတ်. ကျနော်နားထောင်ဖူးပေမဲ့ စာသားကို မသိဘူး။ နာ့နယ်နော်.. အင်္ဂလိပ်သီချင်းမို့ စာသား မသိဘူး ဆို လူကြားလို့ ကောင်းသေးတယ်။ ခုတော့...။ ဘာပဲ ဖြစ်ဖြစ်ပေါ့ဗျာ၊ သီချင်းစာသားလေးကနေ စလိုက်တာ.. ဒီကဗျာလေး ဖြစ်လာတော့ အဲဒီအပိုဒ်ကို မဖြုတ်တော့ပဲ ဒီအတိုင်း တင်လိုက်ပါတယ်။)



မေတ္တာဖြင့်
မိုးကုတ်သား