Thursday, April 30, 2009

အပြန်မရှိတဲ့လမ်း


ကိုယ့်မှာ
မေတ္တာ အပြည့်ပါ ချစ်သူ။
မထိုက်ရင် မရဘူး ဆိုတဲ့စကား
ဟော့ဒီ နှလုံးသားအတွက်
အေးစက်.. ခါးသက်နေလို့။
မတန်လိုက်တာ
ဒါဟာ... ပေးဆပ်မှုတွေနောက်က
အသွားအပြန် လမ်းအတွက်ဆိုရင်တော့
ရက်စက်တဲ့ မိုင်တိုင်တခုပါ။
ကျေနပ်ပါတယ်..
မင်းပျော်မယ်ဆို ထားခဲ့ပါ့
လွမ်းတကြေကွဲနေမှာထက်
ဓားထက်ထက်နဲ့သာ
အဲ့ဒီ ကြိုးမျှင်တွေ ဖြတ်ချခဲ့ပါ။
မင်းကို လက်လွှတ်ဖို့အတွက်
ကိုယ် ရင့်ကျက်လိုက်ပါ့မယ်။

ရေးသားသူ - မိုးကုတ်သား



Thursday, April 23, 2009

စိန်ခေါ်မှုတွေ မရှိတဲ့ နေရာ

တခါက ဒေါက်တာဆမ် ဆိုတဲ့ ဆရာဝန်တယောက် ရှိတယ်။ သူက အောင်မြင် ကျော်ကြားပြီး အင်မတန် အလုပ်များတဲ့ ဆရာဝန်။ ဆေးပညာရပ်မှာ ကျွမ်းကျင်မှုကြောင့်သာ မဟုတ်ဘူး၊ အင်မတန် စိတ်ရှည် သည်းခံတဲ့ စိတ်ထားကို မွေးမြူထားနိုင်တဲ့အတွက်လည်း သူက နာမည် ကြီးတာပါ။ တညသားတော့ ည ဆယ်နာရီခွဲကျော်မှာ လူနာတစ်ယောက်က သူ့အခန်းထဲ ရောက်လာပါတယ်။ အမှန်က ဒေါက်တာဆမ် အိမ်ပြန်တော့မှာ။
“ဒေါက်တာဆမ်၊ဆရာ့ကို ကျွန်တော် အင်မတန် လေးစားပါတယ်။ အခုလေ ကျွန်တော် မေးခွန်းတစ်ခုအတွက် ရိုးရှင်းမှန်ကန်တဲ့ အဖြေတစ်ခု လိုချင်လို့ လာတာပါ။”
လူနာက အဲလိုမေးတော့ ဒေါက်တာဆမ်လဲ ဘာပြဿနာရှိလို့လဲ ပြန်မေးပါတယ်။
“ဒီကမ္ဘာမြေ လောကကြီးပေါ်မှာ စိန်ခေါ်မှု တွေ မရှိတဲ့နေရာလေး တစ်ခု ရှိ၊ မရှိ ကျွန်တော်သိချင်လို့ပါ။”
ဒေါက်တာဆမ်က ဘာဖြစ်လို့ဒီလို မေးတာလဲ မေးတော့ လူနာက သူအဲဒီနေရာမှာ သွားနေချင်လို့ ဆိုပြီး ဖြေပါတယ်။
ဒါနဲ့ ဒေါက်တာဆမ်လဲ မိုးချုပ်နေလို့ နောက်နေ့မနက် ခုနှစ်နာရီမှာ သူ့အိမ် လာခဲ့ဖို့ လူနာကို ပြောလိုက်တယ်။ လူနာကိုလဲ အဲဒီနေရာကို လိုက်ပြပေးမယ် ကတိပေးလိုက်ပါတယ်။ လူနာလဲ အိမ်ပြန်လမ်းတလျှောက်လုံး ဒီဆရာဝန် မနက်ဖြန်မနက် သူ့ကို ဘယ်ခေါ်သွားမလဲ တွေးတောလာခဲ့တယ်။ တညလုံးလဲ မအိပ်ပျော်နိုင်ပဲ မနက်မိုးလင်းဖို့ စောင့်စားနေခဲ့ပါတယ်။ မနက် ခုနှစ်နာရီထိုးတာနဲ့ လူနာလဲ ဒေါက်တာဆမ် ရဲ့ အိမ်ပေါက်ဝကို ရောက်နေပြီ။ ဒေါက်တာဆမ် ကလဲ လူနာကို စောင့်နေပါတယ်။ နောက် သူတို့ အိမ်ကနေ လမ်းလျှောက်ထွက်လာပြီး တက္ကစီ တစ်စီး ငှားလိုက်တယ်။
သူတို့ အဲဒီနေရာကို တနာရီလောက် ကြာအောင် ကားစီးပြီး သွားခဲ့ရတယ်။ အဲဒီနေရာက အင်မတန် ကျယ်ဝန်းပြီး နံရံ မြင့်မြင့် ကာထားတယ်။ ကြီးမားတဲ့ အ၀င်ပေါက်တံခါးလဲ ရှိတယ်။ လူနာလဲ အဲဒီနေရာကို မြင်တော့ ဒီဆရာဝန် ရူးများ ရူးနေသလား၊ ဘာများ ဖြစ်နေသလဲ၊ ဘာကြောင့် ဒီနေရာကို ခေါ်လာသလဲ အမျိုးမျိုး တွေးထင်နေတာပေါ့။ ဟုတ်ပါတယ်။ ဒေါက်တာဆမ်က လူနာကို သင်္ချိုင်းရှိရာ ခေါ်သွားတာကိုး။
“ငါ့ အတွေ့အကြုံအရ ဆိုရင်တော့ စိန်ခေါ်မှု၊ တိုက်ပွဲတွေ မရှိတဲ့နေရာက ဒီနေရာတစ်ခုတည်းပဲ ရှိတယ်ကွ။” ဒေါက်တာဆမ်က တက္ကစီပေါ်ကဆင်းပြီး သူ့လူနာကို ပြောလိုက်ပါတယ်။


ဘ၀ရဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ရာ ကြိုးစားရမှာက ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်။

စိန်ခေါ်မှု တွေက သင့်ကို ပိုပြီး ရင့်ကျက်တည်ငြိမ်စေသလို စိတ်ကို ပိုပြီး ခိုင်ကျည်စေတယ်။

စိန်ခေါ်မှုဆိုတာတွေ ရှိနေမှသာ ဘ၀ဟာ ရှင်သန်နေမှာပါ။


Dsarathy ရဲ့ A Place without any Challenges ကို ဆီလျှော်အောင် ပြန်ရေးထားတာပါ။

ဘာသာပြန်သူ - မိုးကုတ်သား

Tuesday, April 21, 2009

ဘ၀အတွက် အချက် လေးဆယ်တဲ့ဗျာ

ဘ၀အတွက် အချက် လေးဆယ်တဲ့ဗျာ

ဒီ Forward Mail တစ်စောင်ကို ရဖူးပြီး ဖြစ်ချင် ဖြစ်ကြမှာပါ။ သိသမျှ သယ်ရင်း၊ မိတ်ဆွေတွေကို ဝေမျှ ပို့ပေးပြီး ဒီမှာလဲ ဖတ်ဖို့ သိမ်းထားချင်တဲ့အတွက် သိမ်းထားလိုက်ပါတယ်။ မူရင်း ရေးသားသူကိုရော၊ ပေးပို့ ကြသူတွေကိုရော ဒီနေရာကနေ ကျေးဇူးတင်ပါတယ်။ မူရင်းရေးသူ ဘယ်သူဘယ်ဝါ မသိတဲ့အတွက် *Credit* ပေးလို့မရတာ နားလည်ပေးကြပါခင်ဗျာ။

အရေးကြီးတဲ့ အချက် 40 တိတိကိုရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

ကျန်းမာရေး ကောင်းဖို့အတွက် ဆိုရင်


1. ရေများများသောက်ပါ

2. မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့
သူတောင်းစားလို စားပါတဲ့။ (အားလုံး နားလည်ကြမှာပါနော်)

3. သစ်ပင်ပေါ်က ရတဲ့ ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါ၊

4. ဘ၀မှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ — Energy, Enthusiasm နဲ့ Empathy
တို့ဖြစ်ပါတယ်။

5. တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်း
ပြုလုပ်ပေးသင့်ပါတယ်။

6. ကစား ခုန်စားလည်း များများ ပြုလုပ်ပေးဖို့ လိုအပ်တယ်။

7. သင် 2008 ခုနှစ်မှာ ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ထက် ဒီနှစ်မှာ များများပိုဖတ်ပါ။

8. တစ်ရက်မှာ 10 မိနစ်လောက် ဆိတ်ဆိတ်နေကြည့်ဖို့ကိုလည်း ကြိုးစားကြည့်သင့်တယ်။

9. တစ်ရက်မှာ 7 နာရီလောက်တော့ အနည်းဆုံး အိပ်သင့်ပါတယ်။ (ကျွန်မဆို 10
နာရီလောက် အိပ်တာ)

10. တစ်ရက်မှာ 10 မိနစ်ကနေ နာရီဝက်လောက်ထိ လမ်းလျှောက်သင့်ပါတယ်။
လမ်းလျှောက်နေစဉ်မှာလည်း မျက်နှာလေးကို ခပ်ပြုံးပြုံးလေး နေပေးရမယ်နော။
(အရူးလို့တော့ မထင်လောက်ပါဘူးနော်..: P)


Personality:

11. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကို
လျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။

12. ကိုယ်မထိမ်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေ
မထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိ
ကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင်
လုပ်လိုက်ပါ။

13. အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ ကောင်းပါတယ်။

14. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲ
ဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။

15. ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ့။

16. အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။

17. မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်ခြင်း တစ်မျိုးပါပဲ။ သင့်မှာ
ရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။

18. အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊
ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။
ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။

19. ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့
အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။

20. ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။

21. ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက်
မဖြစ်နိုင်ပါဘူး။

22. ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာ
ပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြသနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့
အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလို
ဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့
သင့်ဘ၀တစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။

23. များများပြုံးပါ၊ များများရီပါ။

24. အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင်
သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။


Society:

25. သင့်မိသားစုနဲ့ မကြာခဏ ဖုန်းပြောပါ။ အဝေးရောက်နေတယ်ဆိုရင်ပေါ့။
တူတူနေတယ်ဆိုရင်တော့ နွေးထွေးတဲ့ ဆက်ဆံရေးလေးဖြစ်အောင် တည်ဆောက်ပါ။

26. အများသူငှာအတွက် ကောင်းမှုတစ်ခု နေ့စဉ်ပြုကြည့်ပါ။

27. လူတိုင်းကို အရာအားလုံးအတွက် ခွင့်လွတ်တတ်ဖို့ ကြိုးစားကြည့်ပါ။
(သိပ်စိတ်ချမ်းသာစရာကောင်းတယ် ကိုယ်တွေ့ပါပဲ)

28. အသက် 70 ကျော် ဘိုးဘိုး ဘွားဘွားတွေ၊ အသက် 6 နှစ်အောက် ကလေးတွေနဲ့
အချိန်များများ ပိုဖြုန်းပါ။

29. တစ်နေ့မှာ လူသုံးယောက်လောက်ကို ကိုယ့်ကြောင့် ပြုံး ရီ သွားအောင်
ကြိုးစားကြည့်ပါလား။

30. တစ်ခြား သူတွေ သင့်ကို ဘာပဲ ထင်ထင်။ ဒါသင့်အလုပ် မဟုတ်ဘူး။

31. သင့်ရဲ့ အလုပ်က သင်နေမကောင်းဖြစ်နေချိန်မှာ သင့်ကို လာပြုစုမှာ
မဟုတ်ဘူး။ သင့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကသာ သင့်အနားမှာ
ရှိနေကြလိမ့်မယ်။ သူတို့တွေနဲ့ များများ ထိတွေ့နေဖို့ လိုအပ်တယ်။


Life:

32. မှန်ကန်တဲ့ အရာကိုသာ လုပ်ပါ။

33. အသုံးမ၀င်တဲ့၊ နှစ်လိုဖွယ်မရှိတဲ့၊ ကြည်နူးဖွယ် မကောင်းတဲ့
အရာမှန်သမျှကို သင့်စိတ်ထဲက ထုတ်ပစ်လိုက်ပါ။

34. ဘုရား သခင်က အရာအားလုံးကို စောင့်ရှောက်လိမ့်မယ်။

35. ကောင်းတာပဲ ဖြစ်နေဖြစ်နေ၊ ဆိုးတာပဲ ဖြစ်နေ ဖြစ်နေ မမြဲပါဘူး။ အမြဲ
ပြောင်းလဲနေမှာ ပါပဲ။

36. ကိုယ်ဘာတွေပဲ ခံစားနေရ နေရ၊ ကိစ္စ မရှိပါဘူး။ ကဲ… လာ သွားစို့..
အလှပြင်လိုက်၊ ရှိုးထုတ်လိုက်။ ပျော်ပျော်နေရမှာပေါ့။

37. အကောင်းဆုံးတွေဆိုတာ ဖြစ်လာအုံးမှာပါ။

38. နံနက်တိုင်းမှာ အသက်ရှင် အန္တရာယ် ကင်းပြီး နိုးထလာတာတိုင်းအတွက်
ဘုရားသခင်ကို ကျေးဇူးတင်လိုက်ပါ။

39. ကိုယ့်ရဲ့ အတွင်း စိတ်သန္တန်ဟာ အမြဲပျော်ရွှင်နေရမယ်။ ဒါကြောင့်
ပျော်ပျော်သာနေပါ။


နောက်ဆုံး အချက် 40 မြောက်လာပါပြီ။ နောက်ဆုံးမှထားလို့ အရေးမကြီးတာ
မဟုတ်ဘူးနော်။ ဘာတဲ့လဲ

40. ဒီအီးမေလ်းကို သင် ဂရုတစ်စိုက်ရှိတဲ့ လူ အယောက် 40 ဆီကို Forward လုပ်လိုက်ပါတဲ့။


မေတ္တာဖြင့်
မျှဝေသူ - မိုးကုတ်သား

Saturday, April 18, 2009

ပိုးဖလံ

ပိုးဖလံ

မုသားစကား ပျားရည်စက် တွေကိုမှ
ကိုယ်က ချိုမြိန်လှချည်ရဲ့ပေါ့
ကိုယ့်ကိုယ်ကို လောင်ကျွမ်းဖို့သက်သက်
အဲဒီမီးလျှံထဲ ခုန်ခုန်ချ
အချစ်တွေနဲ့ လင်းပလာမလားရယ်။

ယုံကြည်မှုတွေ နေ၀င်သွားတဲ့
အိပ်မက်တစ်ခုထဲမှာ
ငါ့ ၀ိဥာဉ်တစ်ခု ပျောက်ဆုံးခဲ့ရ
အလင်းကွယ် ညတွေက ခါးသက်လိုက်တာ။

နာကျည်းမှုတွေ အထပ်ထပ်ကပဲ
မင်းကို မမေ့စေရော့လေသလားကွယ်
မင်းကိုမုန်းတယ်
သိပ်သည်းဆ ကြီးလွန်းလှတဲ့
အဲ့ဒီ လောင်ကျွမ်းမှုသံစဉ်ကို
ဖန်တလဲလဲ ရေရွတ်နေရင်းက
မင်းကို လွမ်းရတာများ......

ရေးသားသူ - မိုးကုတ်သား

Friday, April 17, 2009

မင်္ဂလာ နှစ်သစ် ၁၃၇၁ (2009)

နှစ်သစ်မှာ မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံကြပါစေ။ ဘေးအန္တရယ် ခပ်သိမ်းတို့မှ ကင်းဝေးပြီး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။ ကိုယ်၊ စိတ်၊ နှလုံး သုံးပါးစလုံး အေးချမ်းကြပါစေ။

မင်္ဂလာနှစ်သစ်တွင် မြတ်သော ကာယကံ၊ ၀ဇီကံ၊ မနောကံ၌ သင်၏ဆောက်တည်ခြင်းသည် ဖြစ်စေသတည်း။
ထို့ အတူ သင့်အား ကောင်းမြတ်သောနက္ခတ် ၊ ကောင်းမြတ်သော မင်္ဂလာ သည် ဖြစ်စေသတည်း ။

မြန်မာနှစ်သစ် မှာ ကျန်းမာ ချမ်းသာစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည် ။

မေတ္တာဖြင့် - မိုးကုတ်သား

Wednesday, April 15, 2009

ဟာသ နဲ့အပျော်အပါး (Humor and Fun)

ဟာသ နဲ့အပျော်အပါး (Humor and Fun)

ဆေးပညာ လေ့လာချက်တွေအရ အပြုသဘော စိတ်ကို ပျော်ရွှင်စေတဲ့ ဟာသလေးတွေက

၁။ ကိုယ်ခန္ဒာက အလိုအလျောက်ထုတ်ပေးတဲ့ ခုခံအားတွေကို တိုးတက် ကောင်းမွန်စေတယ်။

၂။ သွေးဖိအားကို သမ မျှတစေဆယ်။

၃။ ကိုယ်တွင်းကလီစာတွေကို ဖြေလျှော့ပေးတယ်။

၎။ သွေးလေ လည်ပတ်မှု မှန်ကန်စေတယ်။

၅။ ကိုယ်ခန္ဒာက ကြွက်သားတွေထဲ အောက်စီဂျင်ကို ပိုမို ရရှိအောင် လှုံ့ဆော်ပေးတယ်။

ဒီတော့ စိတ်တင်းကျပ်မှုတွေကို အဲဒီ ဟာသတွေက ဖြေလျော့ပေးနိုင်တာ မဆန်းပါဘူး။


နောက်တစ်ခုက - အပြုသဘော စိတ်ကို ပျော်ရွှင်စေတဲ့ အပျော်အပါးတွေက

၁။ စိတ်ပူပန်သောကနဲ့ စိတ်ဖိစီးမှုတွေကို လျှော့ပေးတယ်။ လူမှုရေး ပြဿနာတွေ၊ စိတ်အနှောက်အယှက် ဖြစ်ရတာတွေ၊ အိပ်မပျော်တဲ့ညတွေကိုလဲ လျှော့သွား စေပါတယ်။

၂။ အလုပ်ပျက်အကိုင်ပျက်၊ မကျန်းမမာ ခံစားနေရတာတွေကိုလဲ လျှော့ချပေးတယ်။

၃။ အလုပ်၊ ကျောင်းစာ၊ ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းတွေမှာ ဖြောင့်ဖြောင့်ဖြူးဖြူး နဲ့ အောင်မြင်စေတယ်။ မိသားစုအတွက် အားလပ်ချိန်တွေ ပိုရလာမယ်။ ဘ၀ရဲ့ ကိုယ့်အချိန်လေးတွေ ပိုတန်ဖိုးရှိလာမယ်။

၎။ ကိုယ့်ကိုယ်ကို ကျေနပ် နှစ်သက်စေတယ်။ ကိုယ့်ရဲ့မိသားစု၊ သူငယ်ချင်းနဲ့ ပတ်ဝန်းကျင်မှာ ပျော်ရွှင် နှစ်လိုဖွယ်ကောင်းသူ တစ်ယောက် ဖြစ်စေတယ်။ ဘာကြောင့်လဲဆိုတော့ ဘ၀မှာ ဘာတွေပဲ ကြုံရရ၊ ဖြစ်ခဲ့ခဲ့ မိနစ်တိုင်း၊ အချိန်တိုင်းမှာ ဘယ်လို စိတ်ချမ်းမြေ့ပျော်ရွှင်အောင် နေနိုင်သလဲဆိုတဲ့ သော့ချက်ကလေးကို ဖွင့်ထားခဲ့လို့ပါ။

အပျော်စိတ်ကလေး မွေးလိုက်တာဟာ ကိုယ့်ဘ၀ နေထိုင်မှုပုံစံ တစ်ခုလုံးကို ပြောင်းလဲဖို့မလိုအပ်ပေမဲ့ ရတဲ့ အကျိုးတွေကတော့ အများသား။

အဲတာလေးတွေကို သိလိုက်ရတော့ အနော် ဒီလို စိတ်ဖြစ်သွားတယ်။ ပျော်စရာ ဟာသလေးတွေ ပြောတတ်တဲ့ သယ်ရင်းတွေနဲ့ပဲ စကားပြောတော့မယ်။ ပြီးတော့ ဘယ်သော့မဆို ဖွင့်နိုင်တဲ့ (ကိုရီးယားဇာတ်လမ်းထဲက သူရဲကောင်း) သော့ဝိဇ္ဇာ ငတက်ပြား ကို လိုက်ရှာပီး ဆရာတင်မယ်။ အချိန်တိုင်း ပျော်ရွှင်မှုကို ပေးမဲ့ သော့လေး ဖွင့်နိုင်အောင်လို့လေ။


မေတ္တာဖြင့်
မျှဝေသူ - မိုးကုတ်သား

Tuesday, April 14, 2009

Birthday Song



Birthday Song - Ben Lee


မွေးနေ့ သီချင်း

ဟေး ဒီမှာ ကိုယ်ပြောလိုက်မယ်

ကိုယ်မင်းကိုချစ်နေတယ်

တို့နှစ်ယောက်ကြားမှာ

ပင်လယ်ကြီးက ကာဆီး………..

ကိုယ်လို့ပဲ ပြာပြာနဲ့ ရှိုင်းနက်လို့

ကိုယ်ကတော့

များသောအားဖြင့် ကိုယ့်မှာ ဘာမှမရှိခဲ့ပါဘူး

ဒါပေမယ့်

ဒီတညတော့ မင်းကလွဲပြီး ကိုယ် ဘာကိုမှ မလိုချင်မိ

မင်းကသာ

တခုတည်းသော ကိုယ်လိုချင်တဲ့အရာပါ

တခုတည်းသော ကိုယ်လိုချင်တဲ့အရာပါ

တခုတည်းသော ကိုယ်ရဲ့ စိတ်အာရုံထဲမှာ ရှိနေခဲ့တဲ့အရာပါ

အချိန်တိုင်းလိုလိုပါပဲ

အာရုံတက်တဲ့ အချိန်အထိ နေနေဖို့အတွက် တို့တွေ ဘာ အဖိုးအခ မှပေးစရာမလိုပါဘူး

သောက်တယ် ဆိုတာကလည်း တို့တွေ အိုလာတဲ့ အခါ အအေးကို တိုက်ထုတ်ပစ်ဖို့ လုပ်တဲ့အရာတခုပါ

မင်းရော

မင်းကလဲ ငါ့လို အမှန်တရားဆိုတာ ဘာလဲလို့ သိရှိပြီး လိုက်လံ ရှာဖွေနေတာပဲပေါ့

မင်းကသာ

တခုတည်းသော ကိုယ်လိုအပ်တဲ့အရာပါ

တခုတည်းသော ကိုယ်လိုအပ်တဲ့အရာပါ

တခုတည်းသော ကိုယ်ရဲ့ စိတ်အာရုံထဲမှာ ရှိနေခဲ့တဲ့အရာပါ

အချိန်တိုင်းလိုလိုပါပဲ

ပြီးတော့

ငါ့ရဲ့ စိတ်ဝိညဉ်ကိုမင်းကိုပေးဖို့အတွက်

မင်းက ငါ့ကို ကြောင်းကျိုးဆီလျော်မှုတခုလဲပေးခဲ့ပါရဲ့

အဲဒီအတွက် ငါကလဲ

ငါ့ရဲ့ စိတ်ဝိညဉ်ကိုမင်းအတွက် အလုံးစုံ ပုံပေးခဲ့ပါတယ်

မင်းကသာ

တခုတည်းသော ကိုယ်လိုချင်တဲ့အရာပါ

တခုတည်းသော ကိုယ်လိုအပ်တဲ့အရာပါ

တခုတည်းသော ကိုယ်ရဲ့ စိတ်အာရုံထဲမှာ ရှိနေခဲ့တဲ့အရာပါ

အချိန်တိုင်းလိုလိုပါပဲ

အချိန်တိုင်းလိုလိုပါပဲ

အချိန်တိုင်းလိုလိုပါပဲ

အချိန်တိုင်းလိုလိုပါပဲ

အချိန်တိုင်းလိုလိုပါပဲ



ကိုမိုးကုတ်သားကြီးအတွက် …………..

ချစ်ချမ်း….မှ

ပင်ပန်းပြီး နားချင်နေတဲ့ ချမ်းကို အတင်းရော ဇွတ်ရော ရေးခိုင်းလို့ လူပေါင်းမှားရှာသူမှာ အိပ်ချိန်တန် မအိပ်ရပဲ ရေးပေးရ ရှာပါတယ်။ ကျေးဇူး အများကြီး တင်ပါတယ် တီချမ်းလို့ အများ သိကြ ချစ်ကြတဲ့ ချမ်းရေ....

---------------------------------------------------------------------------


ဟေး ဒီမှာကိုယ်ပြောပြမယ်

ကိုယ်မင်းကို သိပ်ချစ်တယ်

ဟောဟိုမှာ ပင်လယ်ကြီးက ကိုယ်တို့နှစ်ဦးကြားမှာ

နက်နက်ရှိုင်းရှိုင်း ပြာပြာလွင်လွင်

ကိုယ့် အတိုင်းပဲပေါ့ကွယ်။

ပြီးတော့ ကိုယ်ဟာ... ဒီအချိန်မှာ ဘယ်အရာမှ မပိုင်ဆိုင်သေး

ဒါပေမဲ့ ဒီတညတော့ မင်းကို ပိုင်ဆိုင်ခွင့်ကလွဲပြီး ကိုယ် ဘာမှမလိုအပ်တော့ဘူး

မင်းဟာ ကိုယ်လိုအပ်တဲ့ တစ်ခုတည်းသော အရာပါ

မင်းဟာ ကိုယ်လိုအပ်တဲ့ တစ်ခုတည်းသော အရာပါ ကွယ်

အချိန်တိုင်းမှာ

ကိုယ့် စိတ်ဝိဥာဉ်ထဲ ရှိနေတဲ့ တစ်ခုတည်းသော အရာပါ..

မိုးသောက်အာရုံရဲ့ ခေါင်းလောင်းထိုးသံကြားတဲ့ထိ

ကိုယ်တို့တွေ အိုမင်းတဲ့ထိ

အတူရှိကြမယ်လေ

နောက်ပြီး အတူ သောက်သုံးကြမယ်

ချမ်းအေးလှတာတွေကို ကိုယ်တို့ အဝေးကို တွန်းပို့ ပစ်ဖို့

နောက်.. မင်းလေး၊ မင်းလေး ကိုယ် ဘာကို ဆိုလိုသလဲ သိပါတယ်ကွယ်

စစ်မှန်ခြင်းတွေကို ကိုယ့်ဆီ မင်းရှာတွေ့ မှာပါ

မင်းဟာ ကိုယ် လိုအပ်တဲ့ တစ်ခုတည်းသော အရာပါ

မင်းဟာ ကိုယ် လိုအပ်တဲ့ တစ်ခုတည်းသော အရာပါ ကွယ်

အချိန်တိုင်းမှာ

ကိုယ့် စိတ်ဝိဥာဉ်ထဲ ရှိနေတဲ့ တစ်ခုတည်းသော အရာပါ..

နောက်ပြီး မင်းဟာ ကိုယ့်ရဲ့ တစ်ခုတည်းသော အကြောင်းပြချက်ပါပဲ

ကိုယ့်ရဲ့ စိတ်ဝိဥာဉ် ကို မင်းဆီ ပုံအပ်ပေးပစ်ဖို့ပေါ့

ကိုယ် မင်းကို အရာအားလုံး ပေးဆပ်မှာပါ

မင်းဟာ ကိုယ် တောင့်တတဲ့ တစ်ခုတည်းသော အရာပါ

မင်းဟာ ကိုယ် လိုအပ်တဲ့ တစ်ယောက်တည်းသော သူပါကွယ်

အချိန်တိုင်းမှာ

ကိုယ့် စိတ်ဝိဥာဉ်ထဲ ရှိနေတဲ့ တစ်ယောက်တည်းသော သူပါ..

အချိန်တိုင်းမှာ


အချိန်တိုင်းမှာ



အချိန်တိုင်းမှာ


ကျွန်တော့်ရဲ့ မတောက်တခေါက် ပြန်ဆိုမှုလေးပါ။ မကျွမ်းကျင်တဲ့အတွက် အမှားတွေ ပါနေပါလိမ့်မယ်။ ဒီသီချင်းလေးကို မွေးနေ့တစ်ခု အကြောင်းပြုပြီး အမှတ်တရ တင်ပါတယ်။
---------------------------------------------------------------------

မူရင်း သီချင်းစာသားလေးကိုပါ တင်ထားပေးပါတယ်ခင်ဗျာ...


"Birthday Song"


Hey there I said it
I'm in love
With you

There's an ocean between us
Just like me
Deep and Blue

And I, at times have had nothing
But tonight I want nothing but you
You're the only thing I want
The only thing I want
The only thing on my mind
All the time

Staying up 'til dawn won't take its toll
'Til we get old
And drinking is just the way
We keep away the cold
And you, you know what it means
To be true and searching like me

You're the only thing I need
The only thing I need
The only thing on my mind
All the time

And you gave me a reason
To give you my soul
I'll give you it all

You're the only one I want
The only one I need
The only one on my mind
All the time
All the time
All the time
All the time

မေတ္တာဖြင့်
မျှဝေခံစားသူ - မိုးကုတ်သား

Monday, April 13, 2009

April Lover






ပိတောက်တွေရယ် ပွင့်လိုက်ပါ့
မင့်အလှနဲ့ ရွှေလမ်းခင်းဖို့။
သပြေခက်က ရေစက်တွေ ဖျန်းလိုက်ပါ့
ဟော့ဒီလောက အေးချမ်းစေတဲ့ တေးသီကျွေးဖို့။
ပရိတ်တရားတွေ လှိုင်လှိုင်ရွတ်လိုက်ပါ့
သတ္တ၀ါ အပေါင်း ဘေးရန်ကင်း ရှင်းကြစေဖို့။
လှောင်အိမ်လေးတွေရယ် ဖွင့်လိုက်ကြပါ့
လွတ်လပ်ခြင်းတွေနဲ့ မေတ္တာတရား စည်ပင်ဝပျောဖို့...။
ကောင်းခြင်းမင်္ဂလာ အဖြာဖြာ
အတာအလှ
ရှာမရအောင် မူးကြတဲ့ခောတ်မှာ
ငွေဖလားလေးနဲ့ အေးမြစေကြောင်းဆုတောင်း
ငါတို့ ရေလောင်းပေါင်းသင်ကြစို့ရဲ့။

(ပုံကလေးကို ဒီနေရာက ယူထားတာပါ)

ရေးသားသူ - မိုးကုတ်သား

Sunday, April 12, 2009

ဖေဖေ့စာ (သို့မဟုတ်) အိပ်မက်တွေ (၂)




ဖေဖေ့စာ


အမြင်အာရုံ
မြို့တော်ကြီး၏ တစ်ခုသော ရပ်ကွက်အတွင်းမှာ မျက်စေ့လည် လမ်းမှား၍ သော်လည်းကောင်း၊ အကြောင်း/အကျိုး တိုက်ဆိုင်၍ သော်လည်းကောင်း သူ ရောက်ရှိနေပါသည်။
သေချာတာကတော့ သူမက်ခဲ့ဖူးသော အိပ်မက်များ၏ နိဒါန်းအစကို ဘ၀၏ နိဂုံး နှစ်များနှင့် တွဲဖက်၍ သူမြင်တွေ့နေလေသည်။ ယခု အချိန်တွင် မြို့တော်ကြီးသို့ စောစီးစွာ ရောက်ရှိခြင်းနှင့် နှောင်းပိုင်းမှ ရောက်ရှိခြင်းတို့သည် သူနှင့် မပတ်သက်တော့ချေ။
အချိန်ကာလ ယန္တယားသည် စည်းချက်မှန်စွာ အလုပ် လုပ်နေသည်။ သူ့ ဘယ်ဘက်ရင်ခေါင်း အတွင်းက နှလုံးသားကတော့ ပရမ်းပတာ လှုပ်ရှားလို့ နေတော့သည်။
သူ့မိသားစုနှင့် လက်ရှိ နေထိုင်နေသော စမ်းချောင်းရပ်ကွက်အတွင်းမှာ ကံထရိုက်တိုက်များ မှိုပေါက်သလို တပြန့်တပျော့ ဆောက်လုပ်လာနေကြသည်။
သူတို့မိသားစု ပြီးခဲ့သည့် 2008ခုနှစ်က နေထိုင်ခဲ့ကြသော အမှတ် C/20 ၏ အ၀င်ဝကြီးတွင် ကြီးမားသည့် ဆိုင်းဘုတ်ကြီးတစ်ခု နေရာ ယူလာခဲ့သည်။
သူ မော့ကြည့်သည်။ ဆိုင်းဘုတ်က စာများကို ဖတ်လိုက်သည်။


ထုံးစံအတိုင်း ကုမ္ပဏီနံမည် ရေးထားပါသည်။

ဒါကို သူ သိပ် စိတ်မ၀င်စားပါ။ သူစိတ်ဝင်စားသည်မှာ နဖူးစည်း စာကြောင်းကိုသာ ဖြစ်သည်။ ဒီလို ရေးထားပါသည်။

"WE BUILD YOUR DREAMS"

သူက အိပ်မက်များထဲမှာ နှစ်နေခဲ့ဖူးသူ တစ်ယောက် ဖြစ်ပါသည်။ အကောင်အထည် မပေါ်ခဲ့သည်က များပါသည်။

အကောင်အထည် ပေါ်ခဲ့သည်တို့လည်း ရှားရှားပါးပါး ရှိခဲ့ဘူးပါသည်။ ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခု၏ သမားရိုးကျ စာကြောင်းတစ်ကြောင်းက သူ့ နှလုံးသားကို လှုပ်ခါစေခဲ့သည်လား.....။

"အိပ်မက်"

သူ့ ဘ၀တစ်လျှောက်လုံး မက်ခဲ့ရတဲ့ အိပ်မက်ကို လှုပ်ရှားစေဖို့ အသက်သွင်းပေးသူက သူ့သား အကြီးပါလား။

# ...... မြို့ပြအိပ်မက်တွေ

ငါငယ်ငယ်က မက်ခဲ့ဖူးတာပေါ့

မနက်ကျတော့.. ခေါက်ရိုးကျိုးနေတဲ့

နောက်ထပ်တရက်နဲ့

ဖူးစာဖက်ရတာပါပဲ...

ဒီ မြို့လေးမှာပဲ... ဒီလူတွေနဲ့ပဲ... ဒီလမ်းတွေ ထဲမှာပဲ.....

အဲသည်ရက်များကို ကျော်လွန်လာခဲ့ပြီ။
သားရဲ့ အနာဂါတ် စီမံကိန်းထဲမှာ သူတို့အားလုံး စီးမျောနေကြပြီ... ကောင်းခြင်းမင်္ဂလာပါ သားကြီးရေ...
သူ့ အမြင်အာရုံက သူ့သားဖတ်ဖို့ စာတစ်ပုဒ် ဖြစ်လာရပါတယ်။
ပြီးတော့ သူ့မှာ အကြားအာရုံတွေ ရှိနေသေးတာမို့

အကြားအာရုံ

♪♫~ သံသရာ... ဆွဲဆန့်လို့... ဘယ်လောက်ပင် ရှည်... ရှည်...
ချစ်သူ့နယ်မြေသည်သာ... ငြိမ်းချမ်းနယ်မြေ...
မေတ္တာတရား ထွန်းကားရာ.... ငြိမ်းချမ်းသာယာသော နယ်မြေ.....
ငြိမ်းချမ်းသာယာသော နယ်မြေ..... ~♪♫
နိုင်ငံခြား radio အသံလွှင့်တဲ့ အစီအစဉ်ထဲမှာ ရှားရှားပါးပါး သူကြားလိုက်ရတဲ့ ခောတ်ဟောင်းသီချင်း တစ်ပုဒ်ပါ။
အောင်မြင်ကျော်ကြားခဲ့တဲ့ မြန်မာ အဆိုတော် အမျိုးသမီးကြီးရဲ့ အသံကို သူ အလွတ် ကျက်မှတ်ထားခဲ့ဖူးတယ်။
သူ့မိခင်ကြီး မကြာခဏ ဆိုလေ့ ရှိတဲ့ သီချင်းပါ။ သူ လူပျိုထော်ဝင်စ မနူးမနပ်အရွယ်မှာ ဒီသီချင်းနဲ့ စတင် ရင်းနှီးခဲ့ ရတာပေါ့။


ခုလို အသက်အရွယ် ရလာတော့ ဒီသီချင်းကို ဓမ္မ အမြင်က လှမ်းမြင် ခံစားခဲ့ရပြန် ပါရော။

စဉ်ဆက်မပြတ် ဖြစ်ပျက်နေရတာကို သံသရာ လို့ အဓိပ္ပါယ် ဖွင့်မယ်ဆိုရင် သူတို့အားလုံးဒီ ၀င်္ကံပါကြီး ထဲမှာ ၀ဲလှည့် နေကြရတာပေါ့ နော်။ ဆွဲဆန့်သမျှ ရှည်ကြရ အုံးမှာ ပါလား။

ရှည်ကာမှ ရှည်လေရော... ဆွဲဆန့်လိုက်ကြအုံးစို့ သားကြီးရေ....



အနံ့ အာရုံ


သူ့အသက် 30 လောက်မှာ နှာခေါင်းနဲ့ ပါတ်သက်ပြီး ချို့ယွင်းချက်တစ်ခု ဖြစ်ခဲ့ဘူးတယ်။ ဘယ်လို စဖြစ်မှန်း မသိဘူး။ သူ့နှာခေါင်းက အာရုံခံ ပစ္စည်း ချို့ယွင်းသွားတာကိုတော့ သူ အကြမ်းဖျဉ်း သိထားတယ်။ အဲတာကတော့ အနံ့ မှန်သမျှ ဘာအနံ့မှ မရတော့တာပဲ။ မွှေးတာလဲ မသိ၊ နံတာလဲမသိ။ သူတော်တော် တုန်လှုပ်သွားတယ်။ အဲသလို ဖြစ်နေတာ နှစ်တွေချီပြီး ကြာခဲ့ပါတယ်။

သေချာတာ တစ်ခုကတော့ စူးစိုက်စရာ အာရုံတစ်ခု ပျောက်ပျက်သွားတာပါ။ တရားရှုမှတ်သူများ အတွက်ကတော့ ၀န်တစ်ခု ပေါ့သွားတာပေါ့လေ။ သူ့မှာတော့ ပီပီပြင်ပြင် တရား ရှုမှတ်သူ တစ်ယောက်မှ မဟုတ်တာကိုး။ ဒီတော့တုန်လှုပ်မာ်၊ ခြောက်ခြားမယ်ဆိုတာ သူ့အတွက် သေချာတဲ့ စိတ်ခံစားမှုပဲပေါ့။ ခုတော့လည်း အချိန်ကာလကြီးက ကုစားပေးလိုက်လို့ ဒီရောဂါ ပျောက်သွား ခဲ့ပါပြီ။
သူ- အနံ့တွေ ပြန်ရနေပြီ။

မွှေးတာလေး ရှူရရင် သဘောကျလို့၊ နံတာတွေ ရှူရရင် စိတ်တိုင်းမကျလို့။ သဘာဝကျကျ ပုံမှန်လူသား တစ်ယောက် ပြန်ဖြစ်ခဲ့ပြီပေါ့။ သဘာဝအတိုင်း ရှင်သန်နေရတာ ကောင်းပါတယ် သားကြီးရေ...။
အရသာ အာရုံ
သူက အစပ်ကို ကြောက်တယ်။ အချို ကြိုက်ပါတယ်။ သူ့မိန်းမက အစပ် ကြိုက်တယ်။ အချို မကြိုက်ပါဘူး။ ဘယ်လို အရသာပဲ ဖြစ်ဖြစ် ရသ ၆ပါးနှာ အလွန်အကျွံ ခံစားရင်တော့ ဒုက္ခ ရောက်ကြ ရမှာပါ။ အချို ကြိုက်လွန်းလို့ အချိုကဲတာတွေ အရသာခံခဲ့ရင်း သူ့မှာ သွေးတွေတောင် ချိုကုန်ပြီထငပ်ါရဲ့။ မိသားစု အားလုံးထဲမှာ ပုရွက်ဆိတ် အကိုက်ခံ ရဆုံး၊ ခြင်အကိုက် ခံရဆုံးက သူပဲ ဖြစ်နေတယ်လေ။ ချိုတယ်၊ ချိုတယ်၊ အားလုံး ချိုနေတယ်။ သူ့မျက်နှာကလဲ ချို၊ သူ့စကားတွေကလဲ ချိုလွန်းလာလို့ သူ့နာမည်ကိုတောင် ဦးချိုထူး ပြောင်းရတော့မလို ဖြစ်နေတယ်။ အစပ်စားလွန်းတဲ့ သူ့မိန်းမလား? ဒါနဲ့ ပတ်သက်ပြီး သူ့မိန်းမအကြိုက်ကို တားလွန်းလို့ ခဏခဏ စကား များကြ ရတာပေါ့။ နဂိုက ဖြူတဲ့ အသားအရည် ပိုင်ရှင် သူ့မိန်းမ အသားအရည်ဟာ အဖြူထဲ အနီ ရောသလို ဖြစ်လာတယ်။ ဒေါသ ဖြစ်နေပြီ ဆိုရင် သူ့ မိန်းမ မျက်နှာဟာ ငရုပ်သီး နီနီ တစ်တောင့်လို ရဲနေတာပဲ။


အဲတာ အစပ်တွေချည်း အရမ်းစားတာကိုး လို့ ပြောတော့ သူမက လက်မခံခဲ့ပါဘူး။
သားကြီး ပို့ပေးတဲ့ ဆေးတွေတော့ သူ မှန်မှန် စားနေပါတယ်။
ရသာရုံတွေ ခံစားဖို့ လူမှာပါလာကြတဲ့ လျှာကလေးကို အလို မလိုက်မိဖို့ အရေးကြီးပါတယ် သားကြီးရေ။


အထိအတွေ့ အာရုံ

လူ့ အသားအရည်ဟာ အင်မတန် နူးညံ့ပါတယ်။
တစ်ချို့ အာရုံခံ ကောင်းသူတွေမှာ အသေးငယ်ဆုံးအင်းဆက်ပိုးမွှားလေး တစ်ကောင်ရဲ့ အထိအတွေ့ကိုတောင် ခံစား သိရှိ နိုင်ကြပါတယ်။
သဘာဝတရား ကြီး၏ အအေးဒဏ်၊ အပူဒဏ်များ၏ အန္တရယ်မှ ကာကွယ်ရန် လူတွေ အ၀တ်ဝတ် ကြရ၏။ ကြမ်းတမ်းသည့်အ၀တ်က ကြမ်းတမ်းသော အထိအတွေ့ကို ပေးမည်။ နူးညံ့သည့် အ၀တ်က နူးညံ့သော အထိအတွေ့ကို ပေးမည်။ ဒါသည်ပင် ခံစားမှုတွေ ပါပဲ။
ရန်ကုန်နွေက ကျွတ်ရွနေအောင် ပူပါတယ်။ မလွဲသာ၊ မရှောင်သာမှ အပြင် ထွက်ကြရတယ်။ လေဟာပြင်ထဲက အဆီးအတားတွေကို ကျော်ဖြတ်လာတဲ့ နေရောင်ဟာ မညှာမတာ ပူလွန်းလှပါတယ်။
သူတို့ လက်ရှိနေထိုင်ရတဲ့ တိုက်ခန်းက 4 လွှာမှာပါ။ အပေါ်ဆုံးအလွှာဆိုတော့ ခေါင်မိုးအောက်က မျက်နှာကျက် ပြီးရင် သူတို့ပါပဲ။ ဒါတောင် မျက်နှာကျက်က မြင့်လို့ပါလား။ တခြား အခန်းတွေက မျက်နှာကျက် နိမ့်ကြတယ်။ တိုက်ခန်း ၀ရံတာက ထွက် ကြည့်ရင် မျက်နှာချင်းဆိုင်မှာ 10 ထပ် အဆောက်အဦးကြီး ရှိပါတယ်။ ကျန်းမာရေး အထောက်အကူပြု နာမည်ကြီး အာရှတော်ဝင် ဆေးရုံကြီး ဖြစ်ပါတယ်။ ညနေ 3 နာရီ နောက်ပိုင်း နေကျချိန်မှာ ဒီအဆောင်အဦးကြီးက နေရောင်ကို ဒိုင်းကြီးတစ်ခုလို ကာထားပေးပါတယ်။ ဒီတော့ နေရဲ့ တိုက်ရိုက် ထိတွေ့မှုမှာ အတော်ကြီး ခံသာသွားတာ ဘုရား မတာပါပဲ။ ခုတလော ရက်ပိုင်းတွေမှာ လေငြိမ်နေတာမို့ အပူဒဏ်ကို ပို ခံကြရပါတယ်။ နယ်မြို့လေးက ခေါ်ထားတဲ့ သူ့မြေး ကောင်းကောင်း ကတော့ ရေချိုးခန်းကိုချည်း မျက်စပစ်နေတော့တာပါပဲ။ မနည်း တားထားရပါတယ်။ မနက်တကြိမ်၊ ညနေတကြိမ် ရေချိုးဖို့ ကြပ်မပ်နေရပါတယ်။ တမိသားစုလုံး စားဖို့ ချက်ပြုတ်ရတဲ့ သူ့ မိန်းမလား။ ချွေးတလုံးလုံးနဲ့ နေတာပေါ့။ မိတ်ယားတွေ ထွက်လာလို့ အနေရ အထိုင်ရ ခက်နေပုံ ရပါတယ်။ အဲဒါ သမီးက မိတ်ယား ပျောက်တဲ့ ပေါင်ဒါဗူး ၀ယ်လာပေးပါနှ တော်တော်လေး သက်သာသွားလေရဲ့။ မိန်းမ ပင်ပန်းနေမှာ စိုးရိမ်လို့ သူ မီးဖိုဆောင် ၀င်ပြန်တော့လည်း မဟေသီက စိတ်တိုင်းကျတောင် မမူပါဘူး။ သည်းခံရတာပေါ့လေ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လကုန်လောက်မှာ အချန်းချင်း ကပ်ရက် မေကြတဲ့ အမျိုးသမီး နှစ်ယောက် နေရာ ပြောင်းရွှေ့ကြပါတယ်။ သူတို့နဲ့လဲ ပူချင်း မျက်မှန်းတန်းမိနေကြလို့ မေးထူးခေါ်ပြော ခင်မင်တယ် ပြောပါစို့။ သယ်ယူပြောင်းရွှေ့ရာမှာ ၀န်ကြီးတဲ့ပစ္စည်းတွေကို သူတို့ ရောင်းချင် ကြလို့ သူတို့ မိသားစုကို ကမ်းလှမ်း လာပါတယ်။ အဲဒါကြောင့် GAS အိုးကြီးနဲ့ တွဲရက် GAS မီးဖိုကို တစ်ဝက်ဈေးနဲ့ သူတို့ ၀ယ်ဖြစ်လိုက်ပါတယ်။ မသုံးဖူးသေးတော့ လက်ဦးအစမှာ စိုးရိမ်စိတ်တွေနဲ့ သိပ်မရဲကြဘူး။ သူကပဲ ဒိုင်ခံ ဖွင့်/ ပိတ် ချက်ပြုတ်ပေး ရပါတယ်။ အရေးကြီးတာက GAS မီးဖိုရဲ့ ဖွဲ့စည်း တည်ဆောက်ပုံနဲ့ အလုပ်လုပ်ပုံကို နားလည်ဖို့နဲ့ သတိမမေ့ဖို့ပါပဲ။
ဖွင့်ပြီးရင် ပြန်ပိတ်ဖို့ သတိထားရပါတယ်။
အင်မတန် အပူရှိန် ပြင်းလွန်းလို့ ရေနွေးတစ်အိုး တည်ရင် အလွန်ဆုံး ကြာမှ 5 မိနစ် ပါပဲ။ ဆူတော့တာပါ။ လျှပ်စစ်မီးဖိုထက် အပူ ပြင်းတယ်လေ။
ဒါကလဲ သက်မဲ့ အထိအတွေ့ပဲမဟုတ်လား။
အထိအတွေ့ အာရုံအကြောင်း ရေးနေရာက စိတ်ကူးတည့်ရာတွေ လျှောက်ရေး ဖြစ်တော့တာပဲ။ ဆိုလိုချင်တာက သက်ရှိတွေ သက်မဲ့တွေမှာ ထိတွေ့မှုရဲ့ သက်ရောက်ခြင်းတွေ ရှိနေကြတာကိုပါ။
စာမရေးတာ ကြာပေမဲ့ ဘောလ်ပင် ကောက်ကိုင်ပီး စာရွက်ပေါ် ချရေးလိုက်ရင် ဦးဏှောက်က အလိုအလျောက် မောင်းနှင် လာတာ အလေ့အကျင့်လို ဖြစ်နေပြီ။ တွေးမိတာတွေ ရေးပေတော့။ ခုလည်း ဘာကို တွေးပြီး ဘယ်လိုရေးမလဲ။
အာရုံငါးပါးပေါ် အခြေခံပြီး ရေးမယ်ကွာ။ ဒီလို စဉ်းစားပြီး ရေးချလိုက်တာ သားကြီးဖတ်ဖို့ စာတစ်စောင် ဖြစ်သွားလေရဲ့။

စမ်းချောင်းထဲက နှင်းသီတာ စာအုပ် အငှားဆိုင်က ချာတိတ်တွေနဲ့လဲ သူ ခင်နေပြီ။ တစ်လအတွင်း Special Customer တွေ စာရင်းထဲ သူ ၀င်သွားခဲ့တယ်။ သူ ဖတ်ချင်တဲ့ စာအုပ်တော်တော်များများ (အဟောင်းများ) အဲသည်မှာ တွေ့ထားတယ်လေ။ တစ်ချို့ ကြိုက်တာတွေ ဈေးဖြတ် ၀ယ်တာပေါ့။ ခုတလော မျက်စေ့ အာရုံ ခံစားမှုတွေ သိသိသာသာ ချို့ယွင်းလာလို့ စာဖတ်တာ TV ကြည့်တာတွေ အရှိန် လျော့ထား ရတယ်။ သူ့ ညာဘက်မျက်စေ့က ၀ါးနေပြီ။ မြူတွေ ဖုံးနေတဲ့ မြင်ကွင်း ကြည့်နေရသလိုမျိုး။ ဒါကြောင့် စိတ်အလို မလိုက်ပဲ ထိမ်းချုပ်ထားရပါတယ်။ အာရုံငါးပါး ရောက်ရာပေါက်ရာ စာမူကြီးနဲ့ အတူ ရုရှား စာရေးဆရာကြီး ချက်ကော့ဗ် ၀တ္ထုတို တစ်အုပ် လက်ဆောင် ထည့်ပေးလိုက်တယ်။ သားကြီးလည်း သူ့အဖေ၀ါသနာမျိုး ရှိနေတယ်မဟုတ်လား။ အာရုံငါးပါးရဲ့ အနှစ်ချုပ်ကတော့ ထိမ်းချုပ်နိုင်မှု စွမ်းအားပါ။ လူ မှန်သမျှ ဒီအာရုံတွေနဲ့ မိုးလင်း/ မိုးချုပ် ထိတွေ့နေကြ ရစမြဲ မလား။ ဆိုလိုတာက အလွန်အကျွံ မခံစား မိကြဖို့ သတိပြု ကြဖို့ပဲလေ။ စိတ်ထဲ စဉ်းစားမိတာတွေ အပိုင်းခွဲ ရေးဖြစ်တာပါ။ သူ လို့ နာမ်စား သုံးထားသူ ဖေဖေလည်း ဒီ အာရုံငါးပါးနဲ့ ရှင်သန် ထိတွေ့ နေရအုံးမှာပါပဲ။ ဘယ်အာရုံကိုမှ အလွန်အကျွံ မခံစားရအောင် မကြာခဏ တရားပတ်တွေ ၀င်ဖြစ်နေတယ်။ ခုလောလောဆယ်တော့ စမ်းချောင်းနဲ့ နီးရာ ဘုရားဆီ မနက်တိုင်း လိုလို ရောက်ဖြစ် နေပါတယ်။

ဗဟိုလမ်း၊ ဗားကရာလမ်း မီးပွိုင့် နားက ကိုးထပ်ကြီး ဘုရား မှာပါ။ တိုက်ခန်းက လမ်းလျှောက်သွားရင် 5 မိနစ် လောက်ပါပဲ။
ဘုရားရဲ့ အရိပ်က အင်မတန် အေးချမ်းတာပါ။ အိမ်မှာလဲ ဘုရား ရှိနေတာပါပဲ။ အာရုံ ခ့စားမှုမှာတော့ မတူပါဘူး။ သဘာဝ အပူဒဏ်ကလည်း သိသိသာသာ ကွာခြားပါတယ်။ တစ်နာရီ တရားမှတ်ပြီး ပါသွားတဲ့ စာအုပ် ဖတ်လေ့ ရှိတယ်။ မနက် 10 နာရီ ၀န်းကျင်ဆို တိုက်ခန်း ပြန်ရောက်နေ ပါပြီ။
ကလေးတွေ အလုပ် ကိုယ်စီနဲ့ အပြင်ဘက် သွားကြရင် စကားနည်းတဲ့ အမေကြီးနဲ့ လေပေါတဲ့ အဖေကြီးတို့ မလိုက်ဘက်စွာ အတူ ကျန်နေရစ်မြဲပါ။ ခုတော့ မြေး ကောင်းကောင်း ရောက်လာလို့ အဖော်ရပြီပေါ့.။
ကောင်းကောင်းက လောင်စပ် ဆိုတော့ ပျော်စရာ ကောင်းပါတယ်။
သူ့ကိုလည်း မလွန်ကျွံအောင် ထိန်း နေရတယ် ဆိုပါစို့။
ကျောင်းတွေ ဖွင့်ရင်တော့ နေရာသစ်မှာ မိတ်ဆွေ သူငယ်ချင်းအသစ် တွေနဲ့ ဒီကလေး ပျော်သွားမှာပါ။ အဆင့်မြင့် ပညာရေးကို သူ့ IQ နဲ့ တွဲစပ် ပေးလိုက်ရင် ချွန်မှာ သေချာပါတယ်။
စာမျက်နှာ နံပါတ် တစ်ဆယ်ရောက်နေပါပြီ။

နားကြပါဦးစို့
ဖေဖေ



ဖေဖေ့စာ ဖတ်ပြီး ကျွန်တော် အတွေး နယ်ချဲ့ နေမိသည်။ မြို့တော် ရန်ကုန်သို့ ဖေဖေ လူငယ်ဘ၀က အင်မတန် သွားချင်ခဲ့ဖူးသည်။ မြို့ပြမှာ နေထိုင်ရတာကို ခုံမင်သည်။ ရွှေတိဂုံဘုရားကို နံနက်တိုင်း ဖူးချင်သည်။ မှတ်မိပါသေးသည်။ ကျွန်တော် ငယ်စဉ်က မြို့တော်ရန်ကုန်နှင့် ရွှေတိဂုံဘုရားအကြောင်း၊ အဲဒီမှာ ကြီးပွားပြီး စမတ်ကျနေသော ဖေဖေ့ မိတ်ဆွေများ အကြောင်း ပြောပြတိုင်း ဖေဖေ့ မျက်ဝန်းတွေက မျောင်လင့်ချက်တွေ နှင့် တောက်ပလို့ နေခဲ့သည်။ ယခု ဖေဖေ အင်မတန် နေထိုင်ချင်လှသော မြို့တော် ရန်ကုန်ကြီးမှာ ပျော်ရွှင်ပါရဲ့လား။ မြို့ကလေးမှာတုန်းကတော့ နံနက်ခင်းတိုင်း မြို့လယ်အင်းတပါတ် လမ်းလျှောက်ပြီး ပြန်လာတိုင်း လဖည့်ရည်ဆိုင်မှာ လူကြီး၊လူငယ် အရွယ်စုံလှသော မိတ်ဆွေများအား စိတ်ဝင်စားစရာ၊ ပျော်စရာ ပုံတို ပတ်စများကို လူတကာ ငေးမော နားစိုက်ထောင်ရအောင် ပြောနေရသည်ကို တမ်းတနေလိမ့်မည်။ မင်္ဂလာတိုက်မှာ ဝေယျာဝစ္စ လုပ်ကိုင်ကူရင်း အေးအေးလူလူ တရားထိုင်ရတာကို ပို လွမ်းနေလိမ့်မည်။ ညနေစောင်းလျင်တော့ ကျောင်းတုန်းက ငယ်သူငယ်ချင်း တစ်ချို့နှင့် ၀ိုင်းဖွဲ့ သီချင်းဆိုချင်ဆိုမည်။ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်တွေ ပြောကြမည်။ ရာသီဥတု အားပေးလျင်တော့ ယမကာလေး မှီပဲ ကြမည်။ အပေါင်းအသင်း အင်မတန် ခင်တွယ်သော ဖေဖေသည် သူ့ မိတ်ဆွေများကို အချိန်တန်လျှင် သတိရမိမှာပါပဲ။ မြို့တော်ကြီးသည် ဖေဖေ ငယ်စဉ်တုန်းကလောက် မျှော်လင့်ချက်တွေ အပြည့်နှင့် ဖေဖေ့ကို ပိုက်ထွေးထားနိုင်မည် မဟုတ်တာတော့ ကျွန်တော် သိနေသည်။

ဖေဖေ့အိပ်မက်တွေ အကုန်လုံးကိုတော့ ကျွန်တော် မသိပါ။ ဂီတကို ခုံမင်သော ဖေဖေက ဘင်ဂျိုအတီးကောင်းသလို သီချင်းအဆိုလဲ ကောင်းသည်။ ဂစ်တာလဲ ကောင်းကောင်း တီးတတ်သည်။ တီးဝိုင်းတွေ ထောင်ပြီး သီချင်းတွေ ဆိုခဲ့ကြတုန်းက အဆိုတော် ဖြစ်လိုသော အိပ်မက်တွေ ဖေဖေ့မှာ ရှိခဲ့မှာပါပဲ။

အစားအသောက်၊ အ၀တ်အစား၊ အရာအားလုံးကို အကောင်းမှ ကြိုက်သော ဖေဖေသည် ချမ်းသာ လိုစိတ်တို့ဖြင့် သူ မြတ်နိုးသော ဂီတကို စွန့်၊ ရုံးဝန်ထမ်းဘ၀ကို စွန့်ပြီး ကျောက်တွင်းတူးသမား ဘ၀ကို ခြေစုံပစ် ၀င်ခဲ့သည်။ ကျောက်ကြီးကျောက်ကောင်းသာ ရခဲ့ရင် ဆိုသော အိပ်မက်တစ်ခုဖြင့် နှစ်ပေါင်းများစွာ မြေကျင်းထဲ ၀င်ခဲ့သလို တောင်တွေကိုလဲ ဖောက်ခဲ့သည်။ ညကြီး ချမ်းချမ်းစီးစီးမှာ မြို့လယ်အင်းထဲ သွားပြီးလည်း မိုးထဲရေထဲ ပေါက်တူးတလက်ဖြင့် တူးဖွခဲ့သည်။ သို့သော် ထမင်းစား ကျောက်မှလွဲ၍ ဘာကျောက်ကြီး ကျောက်ကောင်းမှ ဖေဖေ မတွေ့ခဲ့ရပါ။

အရွယ်ကလေးထောက်လို့ကျန်းမာရေး အခြေအနေအရ ကျောက်တွင်းလောကနေ အနားယူရပြန်တော့ သူတပါး လက်အောက်ခံ မလုပ်လိုသော ဖေဖေက သူ့မာနတွေ အောက်ချပြီး အလုပ်ဝင်လုပ် ရပြန်သည်။ ပေါင်းကူး အအေးဆိုင်မှာ ဖေဖေ့ကို မန်နေဂျာအဖြစ် တွေ့ရမည်။ နောက်တော့ ရွှေတောမှာ သွားပြီး လုပ်ပြန်သည်။

ဘ၀အမောတွေထဲမှာ နှစ်နေခဲ့သော ဖေဖေသည် သူချစ်သော ဂီတကို မေ့လျော့လေခဲ့သလား။ ဖေဖေ့ ဘင်ဂျိုလေးကို လွမ်းလို့ နေမလား။ ဂစ်တာတီးကာ သီချင်းဆိုပြတတ်သော ဖေဖေ့ သံစဉ်တွေကို ကျွန်တော် ကတော့ လွမ်းလှသည်။ အဖိုး (ဖေဖေ့ အဖေ) ရဲ့ တယောသံကိုရော ဖေဖေ လွမ်းနေမလား။ ဖွားဖွား (ဖေဖေ့ အမေ) ရဲ့ သီချင်းသံတွေကို ဖေဖေ လွမ်းနေတာတော့ ကျွန်တော် သိပြီ။

ဖေဖေ ငယ်စဉ်က အလွန်ကြိုက်သော ကောင်းဘွိုင်တွေကို မှတ်မိသေးရဲ့လား။ တက္ကဆပ်စ် (Texas) ကို ဖေဖေ အိပ်မက်သေးရဲ့လား။ ဖေဖေသည်လည်း ကျွန်တော် ငယ်စဉ်ကလို ကမ္ဘာကြီး အနှံ့ လည်ပတ်လို့ စူးစမ်းချင်သည့် အိပ်မက်တွေ ရှိခဲ့ဖူးမှာပါပဲ။

ဖေဖေနှင့်ကျွန်တော်က ကဗျာတွေ၊ စာတွေ ကြိုက်တာ၊ အနောက်တိုင်းက ဒရာမာ ရုပ်ရှင်ကားတွေ ကြိုက်တာ တူသည်။ အနုပညာကို မြတ်နိုးတာလဲ တူသည်။

သို့သော် ကျွန်တော်က ဖေဖေ့လို စာတွေ၊ ကဗျာတွေလည်း အရေးမကောင်းပါ။ ရုပ်ရှင် ကြိုက်တာချင်း အတူတူ ဖေဖေက အင်္ဂလိပ်စာကို ကောင်းကောင်း ရေးတတ်၊ ဖတ်တတ်သလို လေယူလေသိမ်း မှန်မှန်နှင့် စမတ်ကျကျ စကားပြောတတ်သည်။ ကျွန်တော်ကတော့ အင်္ဂလိပ်စာ မြင်လျှင် ဝေးဝေးက ရှောင်သလို မတတ်သာလို့ ပြောရလျှင်လဲ ငပိသံ ၀ဲဝဲနှင့် အထစ်အထစ်။ အနုပညာမှာလဲ ဖေဖေ့လို အသံမကောင်းသလို ဘင်ဂျိုလည်း တီးတတ်ဖို့ မပြောနှင့်။ ဂစ်တာပင် မတီးတတ်သည့် ကျွန်တော်က ဂီတ တူရိယာတွေနှင့် အလှမ်းဝေးလွန်းလှသည်။

ဘ၀ကို ပေါ့ပေါ့ပါးပါး၊ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်း ချင်ကြတာလဲ တူသည်။ မိသားစုကို ခင်တွယ်တာခြင်း တူသည်။ မိတ်ဆွေ အပေါင်းအသင်း တွေကို မင်တတ်တာလည်းတူသည်။ သို့ သော် ကျွန်တော်က ဖေဖေ့လို ဟာဒယဥာဏ်မရှိ။ ဖေဖေ့လို ဗဟုသုတ ကြွယ်ကြွယ်၀၀နှင့် ပြောစရာ စကား များများစားစား မရှိ။ ဖေဖေ့လိုလဲ လူချစ်လူခင် မပေါလှပါ။ ကျွန်တော့် သူငယ်ချင်းများပင်လျှင် ကျွန်တော့်ဆီ လာလည်ပါက ဖေဖေနှင့် ဘော်ဒါရင်းချာတွေ ဖြစ်သွားပြီး ကျွန်တော်က စကားဝိုင်းဘေး ရောက်သွား ရသည်အထိ ဖေဖေက အပြောကောင်းလှသလို ခင်မင်စရာလဲ ကောင်းလှသည်။

တခါတခါမှာတော့ ကျွန်တော် ဖေဖေနှင့် နေရာချင်း လဲပစ်လိုက်ချင်သည်။ ကျွန်တော့လိုသာ ဖေဖေ့ ကံ တူပါက ကျွန်တော့်ထက် အဆများစွာ ထူးချွန်အောင် လုပ်ပြနိုင်လိမ့်မည်။ သို့သော် လောကကြီးက တခါတခါ လွဲချော်မှုများဖြင့် ကျည်စားတတ်ပါသေးသည်။ ခုတော့ ဖေဖေသည် ဘ၀မှာ နေသားတကျ ပျော်ရွှင်နိုင်ပါရဲ့လား။ ဖေဖေ့အိမ်မက်တွေ ဆက်လက် မက်နေသေးသည်လား။ ထိုအိမ်မက်များသည်.......

ရေးသားသူ - မိုးကုတ်သား

Friday, April 10, 2009

ကျွန်တော်နဲ့သူမ

ကျွန်တော်နဲ့သူမ

သူမက မုန်းစရာကောင်းသော ကျွန်တော့် ချစ်သူငယ်ချင်း မမဖြစ်သည်။
သူငယ်ချင်းတစ်ယောက် စတင် မိတ်ဆက်ပေးတော့ အွန်လိုင်းမှာ သူမနှင့်ကျွန်တော် စတင်ရင်းနှီးခဲ့သည်။ အင်မတန်ရစ်သည် ဆိုသော သူမကို ကျွန်တော်က ရစ်သည်ဟုမခံစားရ။ လေပေးဖြောင့်လို့ပင် နေကြသေး၏။ နောက်တော့ အွန်လိုင်းမှာ မဟုတ်ပဲ အပြင်မှာ တွေ့ဖို့ ချိန်းဖြစ်ကြသည်။ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် ချိန်းတွေ့ကြခြင်းသည် အများအမြင်မှာတော့ အီစီကလီ ဖြစ်ချင်ဖြစ်မည်။ သို့သော် သူမနှင့်ကျွန်တော်က မိတ်ဆွေဖြစ်ခြင်းသည် လိင်ကွဲပြားမှုနှင့် မဆိုင်ဟု ယူဆထားကြသူများသာ။ တခု ကွဲပြားသည်က သူမသည် သူမ၏ သိက္ခာနှင့် မာနတရား၊ မိန်းမတစ်ယောက်၏ စောင့်စည်းထိန်းသိမ်းမှု ဘောင်တခုထဲမှာ လျှို့ဝှက်သိပ်သည်းစွာ နေလိုပုံရပြီး ကျွန်တော်က ဘာ စည်းဘောင်ကန့်သတ်မှုမျိုးကိုမှ မလိုလားသူဖြစ်သည်။ သူမက စကားလေးတစ်ခွန်းကအစ အရာရာကို အလေးအနက်ထားတတ်သူ၊ ကျွန်တော်က ရွှတ်နောက်နောက်နိုင်သလောက် ပေါ့ပေါ့ပါးပါးနှင့် အရာရာကို အလေးအနက် မခံယူသူ။
ကျွန်တော်တို့ နှစ်ယောက် ပထမဆုံးအကြိမ် တွေ့ရစဉ်က အနည်းငယ် အူကြောင်ကြောင် နိုင်ပြီး ရယ်ရွှင်ဖွယ် ကောင်းလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း ထင်တာနှင့် နဲနဲ လွဲနေခဲ့သည်။
ထိုနေ့က မမျှော်လင့်ပဲ မိုးတွေ သည်းနေခဲ့၏။ သူမချိန်းထားသော သူမသင်တန်းအနီးရှိ လဖ္ဘည့်ရည်ဆိုင် မှာ ထိုင်စောင့်ရင်း စာတစ်အုပ်ကို ဖတ်နေခဲ့သည်။ ချိန်းထားချိန်ထက် တော်တော် နောက်ကျပီးမှ သူမက ရောက်လာ၏။
ထီးကို ပိတ်ပီး ကျွန်တော်ထိုင်နေရာ စားပွဲဝိုင်းတဘက် ခုံဘေးးမှာ ယို့ယို့လေး လာထိုင်သည်။ သူမ ရှက်နေတာလား၊ ကြောက်နေတာလား ကျွန်တော် မသိသော်လည်း ကုပ်ကုပ်လေး ထိုင်နေသော သူမကို ကျွန်တော် ရယ်ချင်သွားရပါသည်။
စကားပြောရင်း သူမ၏ မျက်လုံးတွေနှင့် ဆုံနိုင်ဖို့ ကျွန်တော် ကြိုးစားတော့ သူမက မျက်လွှာချနေတော့သည်။ သို့သော် ဖြတ်ခနဲ တွေ့တွေ့နေရသော သူမ၏မျက်လုံးတွေက သူမနာမည်လိုပဲ ညိုညိုလေးနဲ့ ရှင်းသန့် လှပပါသည်။
ထိုမျက်ဝန်းညိုညိုများမှာ အားငယ်မှုတွေ တွေ့ရသည်။ မလုံခြုံမှုတွေ တွေ့ရသည်။
အထီးကျန်မှုတွေ တွေ့ရသည်။ ရိုးရှင်းမှုကို တွေ့ရသည်။
သူရဲကောင်းမဟုတ်သော်လည်း ထိုခဏမှာပင် ကျွန်တော်က သူမ အားကိုးရာ မိတ်ဆွေရင်းတစ်ယောက် ဖြစ်လိုခဲ့ပါသည်။
"နေမကောင်းလို့ မလာတော့ဘူးလုပ်နေတာ။ အားနာလို့ "ဟု စပြောလာသော သူမစကားမပွင့်တပွင့်ကို မိုးသံ၊ လူသံတွေကြားမှာ ကျွန်တော် တော်တော်နားထောင်ယူရပါသည်။
နောက်တော့ ကျွန်တော်တို့ စကား အနည်းငယ်သာ ပြောဖြစ်ကြပီး တိတ်တဆိတ် ငြိမ်ငြိမ်သက်သက် ထိုင်နေကြချိန်က ပိုများသည်။ သူမနှင့် ချက်တင်း ပြောတုန်းကလို အဆိုးမြင်ဝါဒီတစ်ဦး မဟုတ်တာကိုတော့ ကျွန်တော် သတိထားမိသည်။ သို့သော် သူမ ဘာကြောင့် သူ့ကိုယ်သူ မုန်းတီးသလဲ ကျွန်တော် သေချာမသိသေး။ လောကကြီးက သူမ ယူဆထားသလောက် မဆိုးဘူးဆိုတာကိုတော့ သူမသိအောင် ကျွန်တော် ပြောပြချင်ပါသည်။ သို့သော် စကားလုံးများနှင့် ပြောပြလို့ ရနိုင်မည် မဟုတ်မှန်းလဲ ကျွန်တော် သိနေသည်။ အချိန်တော့ ယူရမည်။ ပထမဦးဆုံးအကြိမ် လူချင်းတွေ့ပြီး နောက်ပိုင်းမှာတော့ သူမနှင့် ကျွန်တော် ဆက်ဆံရေးက ပိုတိုးတက်လာသည် ထင်ရ၏။ သူမ၏ ဘ၀ အပိုင်းအစ တစ်ချို့ကို ကျွန်တော်သိလာတော့ သူမကို ပို နားလည်လာရသည်။ လူမှုပေါင်းသင်းဆက်ဆံမှုရေးရာမှာ မညက်ညောသော သူမက စကားလုံး ဖောင်းပွမှု၊ အနှစ်သာရ ကင်းမဲ့မှုတွေကို မကြိုက်တတ်မှန်း သိသည်။ သို့သော် ကျွန်တော်က သူမကိုယ်တိုင် ပျောက်ဆုံးနေသော သူမ၏ ကောင်းကွက် လေးတွေကို မြင်စေချင်လှပါသည်။ ဥပမာ သူမက သူမကို ဂရုစိုက်မှုပေးသူတွေ လိုအပ်သည်။ သို့သော် နှောင်ဖွဲ့မှုတွေကို မလိုချင်။ ဒါဟာ လွတ်လပ်စွာ ရပ်တည်လိုသော သူမရဲ့ စိတ်ထားလေး မဟုတ်လား။ သူမက အကူအညီ တောင်းရမှာကို မကြိုက်။ တတ်နိုင်သမျှ သူမကိုယ်တိုင် ရပ်တည်ချင်သည်။ သူမကို အကူအညီတောင်းလျှင်တော့ (စိတ်ပါလျှင်၊ တကယ်လိုအပ်သူ ဖြစ်နေလျှင်) ကူပေးမည်။ သို့သော် အကူအညီ လာတောင်းသူ ကိုယ်တိုင် လုပ်နိုင်သည့် ကိစ္စမျိုး ဆိုလျှင်တော့ ငြင်းပစ်လိုက်ဖို့ အားမနာတတ်။ တချို့ကတော့ လူမှုရေး ခေါင်းပါးသူလို့ ယူဆမည်။ ကျွန်တော်ကတော့ အဲလို ရဲရင့်တတ်သော သူမစိတ်လေးကို ထောက်ပြပြီး သူမထင်သလောက် မပျော့ညံ့ကြောင်း ပြောပြချင်သည်။ တခါတခါမှာတော့ သူမက ရင်ဖွင့်စရာတွေ ရှိလျှင် စကားတွေ အရှည်ကြီး ပြောသလောက် တခါတခါကျ ဘာသံမှမထွက်အောင် တိတ်ဆတ် နေတတ်သည်။ အစအနောက်သန်သော ကျွန်တော့်ကို စိတ်ဆိုးပြီး အခါများစွာ ဘလော့က် (block) ခံရဖူးသည်။ သူမ စိတ်ညစ်စရာတွေကို ဘယ်လိုမှ မခံစားနိုင်တော့ပဲ ထွက်ပေါက်မဲ့နေလျှင်တော့ဘယ်လောက် စိတ်ဆိုးနေပါစေ၊ ကျွန်တော့်ကို ပြန်ခေါ်ကာ ရင်ဖွင့်လေ့ရှိပါသည်။ "နင်မှ နားမထောင်ပေးရင် ငါရူးသွားလိမ့်မယ်" ဒါက သူမဆီက ကြားနေကျ စကားတစ်ခွန်းပင်။ ဟန်ဆောင်ခြင်း အတတ်ကို မကျွမ်းကျင်သော သူမကို တခါတခါ စိတ်မရှည် ဖြစ်ရသည်ကလွဲပြီး စိတ်ဆိုးကြည့်လို့ပင် မရပါ။ တစ်ခု သတိထားမိသည်ကတော့ သူမသည် စိတ် အနိမ့်အမြင့် အတက်အကျ အင်မတန် မြန်ခြင်း ပင် ဖြစ်သည်။ "ညိုရာ၊ ကိုယ်က သူတပါးတွေကို ကူညီအားပေးနေရတဲ့သူလေ။ ညိုကိုယ်တိုင်က စိတ်ဓာတ်တွေကျနေရင် သူတို့ကို ဘယ်လို စောင့်ရှောက်မလဲ" NGO တစ်ခုက လူမှုကူညီရေး ပရိုဂရမ်မှာ ၀င်အလုပ် လုပ်နေပြီဖြစ်သော သူမကို အဲလို ဖျောင်းဖျလျှင်တော့ သူမက ခလေးဆိုးကြီးလို ကျွန်တော့်ကို ပြန်ပြီး ဂျီကျမြဲ။ သို့သော် သူမ၏ တိုးတက်မှုများကိုတော့ ကျွန်တော် မြင်နေရသည်။ ဆိုးဝါးလှသော ဘ၀တွေကို သူမ လက်တွေ့ မြင်ရ ကြားရတော့ စိတ်မကောင်းခြင်းများစွာနှင့် အကြိမ်ကြိမ် သူမ ငိုရသည်။ သို့သော် ထို ပြိုလဲနေသော ဘ၀လေးများကို တတ်နိုင်သမျှ ဖေးကူထူမရင်း အဆိုးမြင်စိတ်တွေ ပါးလျှားလာတာ သူမကိုယ် သူမ သတိပင် ထားမိပုံမရချေ။ အလုပ်တွေ ကြိုးစားလုပ်၊ နိုင်ငံခြား ပညာတော်သင် သွားဖို့အတွက်လဲ တဖက်က ကြိုးစားနေရင်း စိတ်ဖိစီးမှုတွေ များလာလျှင်တော့ သူမက အွန်လိုင်းကို ရောက်ရောက်လာတတ်ပါသည်။ ထိုအခါတိုင်းမှာလဲ သူမ၏ ပေါက်ကွဲမှုများကို ကျွန်တော်ခံရမြဲ။ လောကကြီး ၊ သူငယ်ချင်းတွေ အပေါ် စိတ်တိုင်းမကျ ရုံနှင့် အားမရ။ သူမက သူမကိုယ်သူမလည်း မုန်းနေသေး၏။ တစ်ခါတော့ သူမက အွန်လိုင်းပေါ်မှ အလိမ်အညာ စကားများကြောင့် စိတ်ကုန်ပြီး ထွက်ပြေးသွားခဲ့ ဖူးသည်။ သို့သော် သူမခင်တွယ်သော သူငယ်ချင်းလေး အနည်းငယ်ကို မစွန့်ခွာနိုင်စိတ်တို့ဖြင်း သူမက အွန်လိုင်းကို ပြန်ရောက်လာပြန်၏။
ဒီကြားထဲမှာ သူမ အလုပ်ကိစ္စအတွက် ခရီး ခဏခဏ သွားရသည်။ နေသားမကျသော လူမှုရေး နယ်ပယ်မှာ သူမ အနည်းငယ် နေတတ်လာဟန် ရှိသည်။ သူမလုပ်ငန်း အခြေအနေအရ မလှပသော ဘ၀ တော်တော်များများကို မြင်ခဲ့ပြီးပြီပဲ။ အရင်လို တချိန်လုံး စိတ်ဓာတ်တွေ ကျနေပြီး သူမကိုယ်တိုင်ကိုပင် အကောင်းမမြင်လောက်အောင် အမုန်းတွေနှင့် ပြည့်မနေတော့။ သူမကိုယ်သူမ ယုံကြည်စိတ်တွေလဲ ပြန်ရလာခဲ့ပြီ။ ဒါကြောင့်လဲ သူမ နိုင်ငံရပ်ခြား အဝေးကြီးကို ပညာတော်သင် သွားရတော့ စိတ်တွေ ပိုခံနိုင်ရည် ရှိခဲ့ဟန် တူပါသည်။ စာမေးပွဲ နီးသည့်အခါမျိုး၊ စိတ်ညစ်လာသည့် အခါမျိုးတွေမှာတော့ သူမက ထုံးစံအတိုင်း ပေါက်ကွဲကာ လောကကြီးမှာ ပုန်းခိုစရာ နေရာလေး ပျောက်လို့နေတတ်ဆဲ။ သို့သော် သူမ စာမေးပွဲ တစ်ခု ပြီးသွားတိုင်း ရမှတ်တွေက အမြဲ ကောင်းလို့ နေခဲ့သည်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေကို ကိုယ်စားပြုနေရသော သူမ၏ ထူးချွန်မှုများက ကျွန်တော့်ကို ပျော်ရွှင် ကျေနပ်စေခဲ့ပါသည်။ ခုတော့ သူမ မအားလပ်သည့်ကြားက စာတွေ ပြန်ရေးလို့ နေခဲ့ပြီ။ သူမ၏ ဘ၀ အပိုင်းအစနှင့် စိတ်ခံစားမှုများကို ဒီနေရာလေးမှာ ရဲရဲတင်းတင်း ချပြနေပြီ။ သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းတွေကိုလဲ သူမ မြင်တတ်လာပြီ။
ခုတော့ သူမသည် သူမကိုယ်သူမလက်ခံလာနိုင်ပြီ။ လောကကြီးက သူမထင်သလောက် မုန်းစရာ မကောင်းတေါ့ဘူး ဟု သူမသိနေခဲ့ပြီလား။ သူမနှင့်အပြင်မှာ လူချင်း သုံးကြီမ်မျှသာ တွေ့ဖူးသော ကျွန်တော်၊ သူမ၏ စာတွေကို ချစ်မြတ်နိုးသော ကျွန်တော်သည် တခါတခါမှာတော့ ဖတ်ပြီး မေ့သွားသော သူမ၏ စာတစ်ချို့လို သူမ၏ အပိုင်းအစ တစ်ချို့ကို မေ့လျော့ကောင်း မေ့လျော့မည်။ ဥပမာ သူမ၏ မွေးနေ့လိုမျိုး ( Don't kill me :-P ) ။ သို့သော် သူမကို သူမ၏ စာများလို ကျွန်တော် ဆက်လက် ဖတ်နေဦးမည်သာ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ချစ်ခင်သော သူငယ်ချင်းဆိုလဲဟုတ်၊ အမဆိုလဲ ဟုတ်သော သူမ လဲပြိုမှုများစွာမှ အကြိမ်ကြိမ် ပြန်ထကာ လျှောက်နိုင်သမျှ လှမ်းနေသော သူမ၏ ပန်းတိုင်၊ သူမ၏ လုံခြုံသော နေရာလေးတစ်ခု၊ နောက်ပြီး ငြိမ်းအေးမှုလေးတွေ အချိန်များများမှာ ရနေဖို့ တိတ်တဆိတ် ဆုတောင်းပေးနေပါအုံးမည်။ သူမ ပျော်ရွှင်ပါစေ။



ရေးသားသူ - မိုးကုတ်သား

Wednesday, April 8, 2009

ချစ်ဖို့ကောင်းတဲ့ ဖန်တီးမှုလေးတွေ


ချစ်ဖို့ကောင်းတဲ့ ဖန်တီးမှုလေးတွေ

Ben ဆီကနေ ဒီလို ချစ်စရာကောင်းထဲ့ ပုံလေးတွေ မကြာခဏ ရနေကျ။ ချစ်သူငယ်ချင်းတွေဆီ ပြန်ပီး Forward လုပ်မိပေမဲ့ ဒီကနေတော့ Share မလုပ်မိသေးဘူး။ လာလည်တဲ့ မိတ်ဆွေအားလုံး အနည်းဆုံး ပြုံးမိသွားမယ်၊ ကြည်နူးမိမယ်ဆိုရင် ကျေနပ်ပါဘီဗျာ။























မျှဝေ ခံစားသူ - မိုးကုတ်သား

Tuesday, April 7, 2009

မိုးတိမ်ဒိုင်ယာရီ

ဆိုင်သူကိုယ်စီ ရှိကြတဲ့
မင်းနဲ့ငါ့ကြားက သံယောဇဉ်၊
မကွယ်မ၀ှက်တမ်း
ရင်ဖွင့်မိကြတော့
ကောင်းကင်တခု ဖြစ်သွား။
အဲဒိကောင်းကင်မှာ
တိမ်တွေကို ဆေးခြယ်
တမ်းတခြင်းတေးတွေကိုသီကုံး
အပြန်အလှန် ဖေးကူထူမကြ၊ နှစ်သိမ့်အားပေးကြ
တယောက်ကိုတယောက် လိုအပ်ကြ။
ဗြုန်းဆို
စောင့်စည်းအပ်တဲ့
သစ္စာတရားမြေပြင်ကို သတိရတော့
မစွန့်လွှတ်နိုင်ခြင်းမိုးတိမ်တွေ
ပြိုလဲအိကျလာ..
ခုတော့ကွယ်..

မေတ္တာဖြင့် - မိုးကုတ်သား