Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts

Saturday, April 30, 2011

ဧပရယ် အပြာ သို့မဟုတ် ဧပရယ်သစ္စာ

“ဧပရယ် အပြာ သို့မဟုတ် ဧပရယ်သစ္စာ”


တံခါးတစ်ချပ် ဖြတ်ခနဲအပြီးတိုင်ပိတ်ချိန်မှာ

ပိတောက်ဟာ သူ့အဝါစစ်စစ်အတိုင်း 

ပွင့်ခဲ့၊ ပွင့်ဆဲ၊ ပွင့်မြဲ....သာ။


မေတ္တာဖြင့်

မိုးကုတ်သား

Sunday, February 13, 2011

February 13


"ဖေဖေါ်ဝါရီဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ပါ။
တထောင့်ကိုးရာတဆယ့်ငါး၊
ရှေ့နေဦးဖာ သား။
ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား၊
မိခင်ဒေါ်စု သား .."

ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့မှာ ဗိုလ်ချုပ် ဟောပြောခဲ့တဲ့ မိန့်ခွန်းများကို ကျွန်တော်တို့ ဘယ်တော့မှ မမေ့နိုင်တဲ့ ဗိုလ်ချုပ်မွေးနေ့မှာ အမှတ်တရ စုစည်း မျှဝေလိုက်ပါတယ်။












ကျနော်တို့မြန်မာပြည်အရေးဟာ

မြန်မာပြည်သူပြည်သားတွေ၊

ခေါင်းဆောင်တဲ့သူတွေ ညီညွတ်စွာနဲ့

လုပ်တတ်မယ်၊ လုပ်မယ်ဆိုရင်

အေးအေးဆေးဆေးနဲ့ ပြီးမြောက်နိုင်မယ်လို့

ကျနော်ယုံကြည်တယ်။

သြဂုတ်လ ၁၉၄၅

================

လူထုကြီးက ကျုပ်ကိုပေးထားတဲ့ လူထုခေါင်းဆောင်ဆိုတဲ့
ဂုဏ်ကို

ဝန်ကြီးဆိုတဲ့ ဂုဏ်ထက် ကျုပ်ပိုမက်တယ်ဆိုတာ
ခင်ဗျားတို့ မှတ်ထားလိုက်ကြပါ။

ကျုပ်စိတ်ထဲမှာဆိုရင် ၀န်ကြီးဆိုတဲ့ ဂုဏ်ဟာ လူထုခေါင်းဆောင်ဆိုတဲ့ဂုဏ်ရဲ့

ခြေဖျားမှာကပ်နေတဲ့ ခြေမှုန့်လောက်ပဲလို့ ကျုပ်
မှတ်ထားပါတယ်။

( ၂၀ . ၁၀ . ၁၉၄၆ )

================

ကျားနဲ့ရင်ဆိုင်တွေ့နေရတဲ့အခါမျိုးတွင်
တစ်ဦးကိုတစ်ဦး စိတ်ကောက်ပြီး

ထိုင်နေ၍မဖြစ်သကဲ့သို့
ဗမာ့သေရေးရှင်ရေးကြီးနှင့်
ရင်ဆိုင်တွေ့နေရသည့်အခါတွင်လည်း

မကျေနပ်မှု အသေးအဖွဲ့ကလေးတွေကို ရိုးမယ်ဖွဲ့၍
မနေကြပါနှင့်။

( ၇ . ၃ . ၁၉၄၇ အသံလွှင့်ချက် )

================

ဖက်ဆစ်ဝါဒဆိုတာ အကြမ်းပတမ်းကို လက်ကိုင်ထားပြီး
ကိုယ့်တိုင်းပြည်မှာလည်း

တိုင်းသူပြည်သား လူထုအဖွဲ့များ ခေါင်းဆောင်များကို
ဖိနှိပ်၊ အခြားလူမျိုးများကိုလည်း

ငါတို့လောက်မမြတ်ဆိုပြီး
အခြားလူမျိုးတွေ အပေါ် လွှမ်းမိုးဖို့
အမြဲလုပ်ပြီး စစ်ကို အမြဲ

လိုလားနေတဲ့ အဆိုးဝါးဆုံး ဓနရှင်နယ်ချဲ့ဝါဒလို့
ကျုပ်နားလည်တာပဲ။

( ၁၈ . ၁၁ . ၁၉၄၅ )

================

နှလုံးရည်နဲ့တိုက်လို့မရရင် လက်ရုံးရည်နဲ့ တိုက်ရမှာပဲ

( ဧပြီ ၁၉၄၇ နတ်မောက် )


သွေးထွက်သံယိုဖြစ်တဲ့ တော်လှန်ရေးကိုသာ

တော်လှန်ရေးလို့ ယူဆနေကြတယ်။

ဒါဟာ လုံးဝ မမှန်ဘူး။ တော်လှန်ရေးဟာ
သွေးထွက်သံယိုရှိတဲ့

တော်လှန်ရေး၊ သွေးထွက်သံယိုမရှိတဲ့တော်လှန်ရေး ရယ်လို့

နှစ်မျိုးရှိတယ်။

( ၂၈ . ၃ . ၁၉၄၇ အောင်လံမြို့ )

================

လူတွေကတင်မြှောက်ပြီး

လူတွေရဲ့အကျိုးကို လုပ်တဲ့

လူတွေရဲ့ အစိုးရသာလျှင်

ဒီမိုကရေစီ ဖြစ်နိုင်မယ်။

( ၁၉ . ၅ . ၁၉၄၇ ဂျူဗလီဟော )

================

တိုင်းရင်းသားအချင်းချင်းညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေး၊

အဲ့ဒီညီညွတ်ရေးနှစ်ခု မရှိသမျှကာလပတ်လုံး ဒီတိုင်းပြည်ဟာ
လွတ်လပ်ပင်

လွတ်လပ်ငြားသော်လည်း ဘယ်ပါတီတက်တက် ဘယ်အစိုးရ
လုပ်လုပ်

ဖာသယ်တိုင်းပြည် ဖြစ်နေမှာပဲလို့ ကျနော်ပြောချင်တယ်။
ဒီတော့ကာ

ဒီနှစ်ခုကို ခင်ဗျားတို့ မပျက်ပြားပါစေနဲ့။

ဘယ်သူက ဘာလုပ်လုပ် မပျက်ပါစေနဲ့။

အဲ့ဒါ အင်မတန်အရေးကြီးတယ်။

================

ဗမာတွေစိတ်ထက်သလေးဘာလေးနဲ့
တလွဲဆံပင်ကောင်းနေကြတယ်။

ဗမာပြည်လွတ်လပ်ရေးရအောင်
လုပ်ရမယ့်တိုက်ပွဲမျိုးမှာ
အသုံးမချဘူး။

ဗမာပြည်ပြန်လည်ထူထောင်ရေးမှာ
အသုံးမချဘူး။

ဗမာ၊ ဗမာအချင်းချင်း
ချဖို့မှာ လုပ်ချင်တယ်။

ဒါမျိုးတွေ လုပ်ချင်လို့ ဘယ်တော့မှ အကျိုးမရှိဘူး။

================

တိုင်းသူပြည်သားဆန္ဒအရမဟုတ်ပဲ
တိုင်းသူပြည်သားတွေနဲ့ ကင်းကွာပြီး

မင်းစိတ်ပေါက်တဲ့ အရာရှိတွေ ချယ်လှယ်တဲ့ စနစ်ဆိုးတစ်မျိုးရှိနေရင်

အများပြည်သူတို့ ဆန္ဒနဲ့လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒ
ခေတ်မစားနိုင်ပဲ

ဖက်ဆစ်ဝါဒဆင်တူရိုးမှားတွေ
ပေါ်လာနိုင်တယ်။

ဒီဝါဒမျိုးတွေပေါ်လာရင်
တိုင်းသူပြည်သားတွေဟာ လွတ်လပ်ရေးဆိုတာကို

မရနိုင်တော့ဘူး။ ဒါကြောင့် ကျနော်တို့ဟာ ဒီမိုကရေစီကိုသာ
ခေတ်စားအောင်

လုပ်ရမယ်။ အဲ့ဒီဝါဒမျိုးအရသာ လွတ်လပ်တဲ့
ဗမာနိုင်ငံ ထူထောင်နိုင်အောင်

ကြိုးစားရမယ်။ ဒီမိုကရေစီဝါဒသာ လွတ်လပ်ရေးနဲ့
ဆီလျော်တယ်။

ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်။
အဲ့ဒါကြောင့် ဒီဝါဒကိုသာ

ကျနော်တို့ ရည်ရွယ်ရမယ်။

( ၁၉၄၅ သြဂုတ်လ )

================

ဗမာတွေလမ်းနှစ်ခွရောက်နေပြီ။ တွေဝေနေလို့ မဖြစ်တော့ဘူး။

ချီတုံချတုံဖြစ်နေလို့ မဖြစ်တော့ဘူး။

ကိုယ်ယုံကြည်တာကို မလုပ်ရလို့ မဖြစ်တော့ဘူး။

နိုင်ငံရေးလုပ်တယ်ဆိုတာ ကြောက်လွဲ ရဲမင်းဖြစ်ဆိုတဲ့အတိုင်း
ရဲနိုင်မှဖြစ်မယ်။

ကျနော်တို့တော့ ရှေ့အဖို့ကို ရဲရဲကြီး လုပ်တော့မယ်။
ပြတ်ပြတ်သားသားလုပ်တော့မယ်။

ကျနော်တို့တစ်တွေ ဟိုအကြောင်းထောက်၊ ဒီအကြောင်းထောက်ပြီး
ချီတုံချတုံ

ဖြစ်နေမှုကြောင့် လူထုမနစ်နာစေချင်တော့ဘူး။

( ၅ . ၄ . ၁၉၄၇ အသံလွှင့်ချက် )

================

တစ်တိုင်းပြည်လုံး ကြီးပွားစေချင်ရင် လူအား၊
ငွေအားပစ္စည်းအားနဲ့ စုပေါင်းပြီး

အင်တိုက်အားတိုက် လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိကြမှာပဲ။

ဗမာကတစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ရှမ်း၊ ကချင်၊
ချင်းတို့ကတစ်ခြား အကွဲကွဲ
အပြားပြား

လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ
အကျိုးရှိနိုင်မယ်။

လုပ်ကြည့်မှလည်း အကျိုးရှိကြောင်း သိနိုင်တယ်။

( ၁၁ . ၂ . ၁၉၄၇ ပင်လုံ )

================

ဗမာပြည်ရဲ့အကျိုးကို တကယ်လိုလားတယ်ဆိုရင် လူငယ်တွေဟာ

တော်လှန်ရေးစကားတွေ ပြောတာ လျှော့ပြီးတော့ကာ
တော်လှန်ရေးရဲ့

တကယ့်အလုပ်ကို လုပ်ကြစမ်းပါဆိုတာ ပြောခဲ့ချင်တယ်။

( ၁၇ . ၄ . ၁၉၄၇ မြန်မာနှစ်သစ်ကူး၊ အသံလွှင့်ချက်)


================

ကျုပ်တို့ဟာဘယ်လိုလူစားတွေလဲ၊
ရာဇ၀င်မှာ အရေးခံမယ့် လူစားမျိုးတွေလား၊

ရာဇ၀င်မှာ အဆဲခံမယ့်လူစားမျိုးတွေလား
ဆိုတာ ခင်ဗျားတို့ကိုယ်တိုင်သိပါလိမ့်မယ်။

ပဒေသာပင် ပေါက်အောင်ဆိုရင် ကျနော်တို့
အလုပ်လုပ်မှ ဖြစ်မယ်ဆိုတာ

ခင်ဗျားတို့ နားလည်စေချင်တယ်။

================

ကျနော်တို့ဟာ ဘာအလုပ်ပဲလုပ်လုပ် နောက်ဆုံးတစ်နေ့
ပြီးတဲ့အချိန်မှာ ရှုံးမယ်ထင်တယ်
ဖြစ်စေ၊

နိုင်မယ်ထင်တယ် ဖြစ်စေ မလျော့တမ်း
ဇွဲနဲ့ လုပ်သွားရမယ်။ အကောင်းဆုံး၊

အလွယ်ဆုံး၊ အအေးဆုံး ဆိုတဲ့နည်းကို ကျနော်တို့က
ပထမရှေးဦးစွာ ကျနော်တို့ရှာပြီး

လုပ်မှာပဲ။ သို့သော်လည်းပဲ သည်လိုလုပ်လို့
မရဘူးဆိုရင် အေးအေးနဲ့မရရင်

ရနိုင်တဲ့နည်းကို လုပ်ရမှာပဲ။

================

ခင်ဗျားတို့ဟာ လွတ်လပ်ရေးကိုလိုချင်ရင်
လွတ်လပ်ေ၇းကို ရနိုင်လောက်တဲ့

စည်းကမ်းကို ရှိကြပါ။ လွတ်လပ်ရေးကို လိုချင်လို့ရှိရင်
လွတ်လပ်ရေးကို ရနိုင်တဲ့

ညီညွတ်မှုကို ထိန်းသိမ်းကြပါ။ လွတ်လပ်ရေးကို
လိုချင်ရင် လွတ်လပ်ရေးကို
ရနိုင်တဲ့

ထူထောင်မှုကို လုပ်ကြပါ။ အဲ့ဒီလို လုပ်ပြီးတဲ့နောက်
ရှေ့ကို လွတ်လပ်ရေး အရသာကို

ခံစား၊ စံစား စေချင်တယ် ဆိုရင် အလုပ်လုပ်ကြဖို့၊
စည်းကမ်းရှိကြဖို့၊ ယခုကတည်းက

ခင်ဗျားတို့ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတေ၊ွ
စောက်ကျင့်တွေကို

ပြင်ကြဖို့လိုပြီဆိုတာ
ကျနော် ကနေ့ ပြောခဲ့ချင်တယ်။

( ၁၃ . ၇ . ၁၉၄၇ မြို့တော်ခန်းမ၊ ဗိုလ်ချုပ်
နောက်ဆုံးပြောကြားခဲ့သော
မိန့်ခွန်း )

================

စုဆောင်းထုတ်နုတ်တင်ပြသူ...ဘလော့ခ်ဂါ အလင်းဆက်

၎.ဇူလှိုင်လ. ၂၀၁၀


Links.....

ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင် မိန့်ခွန်းများ..


"ဇူလိုင်၁၉ အမှတ်တရ" ဗိုလ်ချုပ်အောင်ဆန်း ၏ မိန့်ခွန်းများ
မေတ္တာဖြင့်

မိုးကုတ်သား

Saturday, December 11, 2010

'Universal Access and Human Rights' (World AIDS Day 2010)



နဲနဲတော့ နောက်ကျသွားတယ်။ ဒီဇင်ဘာလ တစ်ရက်နေ့ (World AIDS Day) မှာ ပို့စ်ကို မတင်လိုက်နိုင်လို့ပါ။ မနှစ်က ကြည်နူးပီတိ ဖြစ်စရာ အလှူပွဲလေး တစ်ခုအကြောင်းပေါ့။ စေတနာထက်သန်စွာနဲ့ ပါဝင် ကုသိုလ်ယူကြတဲ့ စေတနာရှင်များကြောင့် သူခရိပ်မြုံ ဆိုတဲ့ ဂေဟာလေးမှာ ခိုလှုံနေကြသူ ခလေးငယ်များအတွက် အလှူငွေ လေးဆယ့်ခုနှစ်သိန်းတိတိ ကောက်ခံ လှူဒါန်းနိုင်ခဲ့ကြပါတယ်။ ဒီနှစ်မှာလည်း မနှစ်ကလိုပဲ စေတနာ သဒ္ဒါတရား ထက်သန်စွာနဲံ့ ကုသိုလ်ပါဝင်ချင်သူများ ရှိရင် ဆက်လက် ပါဝင်ကြဖို့ နှိုးဆော်ချင်ပါတယ်။
ဒီနှစ်တော့ သုခရိပ်မြုံဂေဟာကိုတင်မဟုတ်ဘဲ ကောက်ခံရရှိတဲ့ငွေပေါ်ကို မူတည်ပြီး HIV နဲ့ပတ်သက်တဲ့ ဆေးရုံတွေ ၀န်ဆောင်မှုတွေအပြင် အလားတူ စေတနာ့ဝန်ထမ်း လူမှုရေးအသင်းအဖွဲ့တွေကိုပါ သွားရောက် လှူဒါန်းကြဖို့ စီစဉ်မျှော်လင့်ထားပါတယ်..။
အလှူငွေကို ဒီဇင်ဘာလကနေ ဇန်န၀ါရီလကုန်တဲ့ထိ နှစ်လတိတိ ကောက်ခံစုဆောင်းပြီး ဖေဖော်ဝါရီလထဲမှာ မြန်မာပြည်ကို သွားရောက်လှူဒါန်းမှာ ဖြစ်ပါတယ်။ စိတ်ပါဝင်စားသူများ သတင်းအပြည့်အစုံကို စာရေးဆရာမ အစ်မအိန္ဒြာ ရဲ့ ဘလော့မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်ခဗျာ။ အောက်မှာ လင့်ခ်လေးတွေကို ဖတ်ရ လွယ်ကူအောင် ချိတ်ထားပေးပါတယ်။


လှူကြဦးစို့လား....(သုခရိပ်မြုံ မှသည်....)

မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်

မှာ ဝေဘာဂီဆေးရုံက ဝေဒနာရှင်တွေကို ဒံပေါက်အလှူ ကုသိုလ်အလှူ လုပ်ဖို့ နှိုးဆော်ခဲ့ဖူးပါတယ်။ ဒီဇင်ဘာလလယ်ထဲမှာ ကိုဂျူလိုင် ကနေ ဦးစီးပြီး ဝေဘာဂီဆေးရုံက AIDS ရောဂါဝေဒနာရှင်တွေကို နေ့လည်စာ ကျွေးဖို့ စီစဉ်နေပါတယ်။ အဲဒီအတွက် ကောက်ခံ ရရှိတဲ့ အလှူငွေတွေကိုလည်း ကိုဂျူလိုင်ဆီ လွှဲအပ်ပေးပီးသွားပါပြီ။

World AIDS Day မှာ ဝေဒနာရှင်တွေအတွက် ဘာမှ မလုပ်ပေးနိုင်ခဲ့ပေမဲ့ ခုလို ကုသိုလ်ရေးမှာ တစိတ်တဒေသ ပါဝင်ခွင့်ရတာ အင်မတန် ကြည်နူးပီတိဖြစ်ရပါတယ်။ မနှစ်က အလှူအတွက် အလှူရှင်များအားလုံး ၀မ်းမြောက်စွာ ပီတိစားသုံးနိုင်ခဲ့ကြသလို ခု ဒီတခါလည်း အတူတကွ ပီတိစားသုံးနိုင်ကြဖို့ မျှော်လင့်ပါတယ်ခဗျာ။ မနှစ်က အလှူငွေကို အားကြိုးမာန်တက် ကူညီ ကောက်ခံပေးတဲ့ မိတ်ဆွေများကိုရော... ပါဝင်လှူဒါန်းကြတဲ့ ကုသိုလ်ရှင်တွေကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း ထပ်မံ ပြောကြားလိုပါတယ်။ ဒီတကြိမ်လည်း... စေတနာ သဒ္ဒါတရား နည်းများမဆို ပါဝင် လှူဒါန်းကြပါဦး....ခဗျ......။




'Universal Access and Human Rights' ဆိုတဲ့ စာသားလေးကတော့ World AIDS Day 2010 အတွက် ဆောင်ပုဒ် ဖြစ်ပါတယ်။ တနေ့တခြား တိုးပွားလာတဲ့ ရောဂါဝေဒနာခံစားနေရသူ လူဦးရေဟာ... ခုဆို... အင်မတန် များနေပါပြီ။ ဒီရောဂါဆိုးကြီးကို ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးလည်း ခုချိန်ထိ ရှာမတွေ့သေးပါဘူး။ ဒီတော့ကာ ဒီရောဂါဝေဒနာဆိုးကြီး ကူးစက်ပျံ့ပွားမှုကို ရပ်တန့်နိုင်ဖို့ ကမ္ဘာပေါ်မှာရှိသမျှ လူသားတိုင်းဟာ တဦးတယောက်ချင်းစီ ပါဝင်နိုင်မှ ဖြစ်ပါလိမ့်မယ်။ ရောဂါမရှိတဲ့သူများ ရောဂါ ကူးစက်မခံရအောင် အပြည့်အ၀ ကာကွယ်နိုင်ရမယ်။ ရောဂါဝေဒနာ ခံစားနေရသူတွေဟာလည်း အပြည့်အ၀ စောင့်ရှောက်ကုသမှုကို ခံစားနိုင်ရမယ်။ ရောဂါမကူးစက်နိုင်အောင် ကာကွယ်ဖို့ ဘယ်လို နေထိုင်ကြမလဲဆိုတဲ့ အသိတွေ လူသားအားလုံး သေသေချာချာ သိနားလည်ပြီး မကူးစက်အောင် တားဆီးနိုင်ရမယ်။ ဒီရောဂါဝေဒနာဆိုးကြီး ကူးစက်ခံရလို့ သေဆုံးသွားရတဲ့ ယောက်ျား၊ မိန်းမ၊ ခလေးသူငယ်လေးတွေဦးရေ လုံးဝ လျှော့ကျသွားဖို့ဆိုတာ ဖြစ်နိုင်တဲ့ကိစ္စပါ..။ အဲဒီလို လျှော့ကျသွားဖို့ဆိုတာ ကျွန်တော်တို့ အားလုံး တဦးတယောက်ချင်းစီ ပါဝင်ကာကွယ်နိုင်မှ ဖြစ်ပါလိမ့်မယ်။

အောက်က Videoလေးကတော့ World AIDS Day 2010 အတွက် ရောဂါ ပပျောက်ရေး လှုပ်ရှားမှု တိုက်တွန်းနှိုးဆော်တဲ့ Videoပါ။ မိတ်ဆွေတို့နဲ့ မျှဝေလိုက်ပါတယ်ခဗျာ။





မနှစ်က တင်ခဲ့ဖူးတဲ့ ၀တ္ထုတိုလေး တပုဒ်ကိုလည်း ဒီပို့စ်လေးနဲ့အတူ ထပ်ပြီး တင်လိုက်ပါတယ်။ ဆားချက်တယ်ပဲ ဆိုပါတော့...။ :-)



Art Work, Credit to :African Style, Wall Poster



နတ်ဆိုး ကျိန်စာ နဲ့ ကတဲ့ ကဝေ


ကန်ရေပြင်သည် ငြိမ်သက် တိတ်ဆိတ်လို့နေ၏....။
ပြည့်ဝန်းသော လပြည့်ရိပ်သည် ကန်ရေ မျက်နှာပြင် ထက်ဝယ် ငြိမ်သက်စွာ ထင်ဟပ်လို့ နေသည်။ မသိလျှင် လမင်းနောက်တစ်စင်းက ကောင်းကင်ထက်က လနှင့်အပြိုင် အလင်း ပေးနေဟန် ထင်ရသည်။
လှိုင်းကြက်ခွပ် ဖွေးဖွေးလေးမျှပင် မထင်အောင် ငြိမ်သက်လွန်းနေပြန်တော့ လပြည့်ညက တစ်ဆိတ်လောက်တော့ ခြောက်ခြားစရာကောင်းလှသည်။
အို..... သူမရဲ့ စိတ်နှလုံး ကိုယ်တိုင်က ခြောက်ခြားနေလို့သာ နေမှာပါ.....။
ညသည် ယခင်အခါများစွာကလို လှပနေမှာပါ.... ကြည်နူးဖို့ကောင်းနေမှာပါ။
သို့သော် သူမ၏ စိတ်နှလုံးတို့က ထိုအလှကို မခံစားတတ်တော့လောက်အောင် နောက်ကျိ ရှုပ်ထွေး နေခဲ့ရလေပြီ။


အခန်း ၁။

နံနက်ခင်း၏ လေပြည်တို့က ခန်းစီးစကို တိုးဝင်လာ၏။ ကိုယ်ခန္ဒာက အကြောအချင်တွေ ပြေလျော့သွားစေရန် ထုံးစံအတိုင်း ပျင်းကျောတစ်ချက်ဆန့်လိုက်ရင်း မျက်လုံးတွေကို ဖွင့်နိုင်ဖို့ တော်တော် ကြိုးစားရသည်။ ဒီနေ့ရုံးမတက်ရဘူး ဆိုတဲ့ အသိက စတင် ၀င်ရောက်လာတော့ လူက တော်တော်လေး နေထိုင်ရ သက်သာသွားခဲ့ပြီ။
ကိုကို........ သူမအာရုံထဲကို ချစ်သူက ရောက်လာတော့မှ အခြေအနေမှန်ကို သူမ သိသွားပြီး ၀ုန်းခနဲ အိပ်ယာက ခုန်ထမိသည်။ ကိုကိုနဲ့ သူမ အရင်လို ချစ်သူတွေ မဟုတ်တော့ဘူး။ မနေ့ကပဲ အကြင်လင်မယား အရာမြောက်ခဲ့ပြီ။ မနေ့ညက.... အို သူမ ဆက်အမှတ်မရရဲတော့။ ရှက်ရွှံ့ ကြည်နူးစိတ် တွေနှင့် သူမ၏ မျက်နှာတို့ ပူနွေးလာသည်။ အိပ်ယာက နိုးနိုးချင်း သူမဘေးမှာ ကိုကို ရှိမနေခဲ့တာကို ကြိတ်ကျေးဇူးတင်မိတော့သည်။
တစ်ချက် ရှက်ပြုံး ပြုံးလိုက်မိရင်း မျက်နှာကိုခေါင်းအုံးနှင့် မိုးအုပ်ထားလျက်က သူမ ငြိမ်သက်စွာ လဲလျောင်းနေလိုက်မိပြန်သည်။ မနေ့က မင်္ဂလာပွဲကို အမှတ်ရတော့ သူမသည် ကိုကို့ကို အရင်လို ချစ်သူဘ၀နှင့် သက်ဆိုင်ရုံမဟုတ်တော့။ ပိုင်ဆိုင်ခဲ့ရပြီ ဆိုသော အသိက ရင်ထဲ လှိုက်လှဲစွာ စီးမျောကာ ပျော်ရွှင်လာတော့သည်။
ဒီက အသိ အသိုင်းအ၀ိုင်းလေး အနည်းငယ်မျှနှင့် လက်မှတ်ထိုး အသိအမှတ်ပြုကာ ပြီးသွားသော မင်္ဂလာပွဲ အတွက် သူမ အနည်းငယ်မျှ ၀မ်းနည်းခဲ့ခြင်း မရှိခဲ့တာကတော့ အံ့ဩစရာ ကောင်းလွန်းလှသည်။ မိန်းခလေးမို့ တစ်သက်မှာ တစ်ခါသော မင်္ဂလာ ကိစ္စကို ကြီးကျယ် ခမ်းနားခဲ့ချင်သည်ကတော့ သူမ၀န်ခံပါသည်။ သူမဖေဖေနှင့် မေမေကလည်း ချစ်သူသက်တမ်း ခြောက်လအတွင်းမှာပဲ လက်ထပ်ဖို့ ပြင်ဆင်တော့ စဉ်းစားဖို့ သတိပေးခဲ့သေးသည်။ ကိုကို့ မိသားစု၊ ကိုကို့အသိုင်းအ၀ိုင်းတွေအကြောင်း မေးလာတိုင်း သူမမှာ ဖြေစရာ စကားလုံးတွေ မရှိခဲ့။ ကိုကို့ကိုလဲ မမေးခဲ့ပါ။ ကိုကိုပြောသလို သူက တစ်ကောင်ကြွက်တစ်မျက်နှာဆိုတာပဲ သူမ သိသည်။ သေချာတာတစ်ခုကတော့ ကိုကိုက သူမကို သိပ်ချစ်သည်။ သူမကလည်း ကိုကို့ကို သိပ်ချစ်သည်။ ထိုအချစ်တို့ဖြင့်သာ ဘ၀တစ်ခုကို အတူ တည်ဆောက်ကြမည်။ ဒါပဲ သူမ တွေးထားသည်။ ခု သူမ ကိုကို့ကို ပိုင်ဆိုင်ခွင့်ရပြီ။ ကိုကိုသည်လည်း သူမကို ပိုင်ဆိုင်ခွင့် အပြည့်အ၀ရပြီ။ သူမဘက်က မယားဝတ္တရားငါးပါးလုံး ကျေပြွန်အောင် နေမည်။ ကိုကိုကလည်း လင့်ဝတ္တရားကျေပြွန်အောင် နေထိုင်မည်။ တစ်ယောက်ကို တစ်ယောက် သစ္စာရှိရှိ ချစ်မြတ်နိုးကြမည်။ ဒါဆိုရင် ပြီးပြီပေါ့။
တစ်ခုတော့ ရှိသည်။ သူမတို့ လက်မှတ်ထိုးသည့်နေ့၊ အကျဉ်းရုံးမင်္ဂလာဆောင်သည့်နေ့က ဖေဖေနှင့် မေမေတို့ကို ဒီနိုင်ငံသို့ အရောက်မခေါ်နိုင်ခဲ့တာတော့ စိတ်မကောင်းချင်။ သူတို့ ချစ်မြတ်နိုးသော၊ အားကိုးသော သမီးတစ်ယောက်၏ မင်္ဂလာပွဲမှာ လူအနည်းငယ်မျှနှင့် ပြီးစီးသွားတာ တွေ့မြင်ရပါက ဖေဖေနှင့်မေမေတို့ စိတ်ကောင်းနိုင်ကြပါ့မလား။ ပျော်ရွှင်နေသော စိတ်တို့က အနည်းငယ် နောက်ကျိသွားပြီး သက်ပြင်းမော တစ်ခုကိုချလိုက်မိသည်။
သူမ အတွေးတွေထဲ ဘယ်လောက် ၀င်ပြီး နစ်မျောနေသည်လဲ။ ခုမှ ကိုကို့ကို သတိရတော့သည်။ ကိုကို့ကို နံနက်စာ စားဖို့ ပြင်ဆင်ပေးအုံးမှ။ အတွေးမှ မဆုံးသေးခင် ကိုကိုက အခန်းတံခါးဝမှာ ပေါ်လာသည်။ ကိုကို့ အပြုံးတစ်စဖြင့်ပင် စောစောကက ရှုပ်ထွေးချင်နေသော စိတ်တို့က ပြေလျောကျကာ ပျော်ရွှင်သွားခဲ့ပြီ။

“မိန်းမရေ၊ နိုးဘီလား။ ကိုကို မနက်စာ ပြင်ထားပီးဘီ။ အိပ်ပုပ်လေး။ထတော့။ မျက်နှာသစ်တော့”

သူမမျက်နှာပေါ်မှ ဆံနွယ်စတွေကို အသာဖွဖွ သပ်သင်ကာ နဖူးကို ညင်သာဖွဖွ နမ်းရှိုက်ရင်း ကိုကိုက ပြောတော့ သူမ မျက်နှာတို့က ပူနွေးကာ ရှက်သွေးဖြာချင်လာပြန်သည်။ မယားဝတ္တရားငါးပါးတွေ ဘာတွေ ကြီးကြီးကျယ်ကျယ် လျှောက်တွေးနေပြီး ခုတော့ ကိုကိုက သူမတို့အတွက် မနက်စာကိုပင် ပြင်ဆင်ထားရပြီးနှင့်နေပြီ။ ဘယ်လောက်ချစ်ဖို့ကောင်းတဲ့ ကိုကိုလဲ။

“လာစမ်း၊ ဒီအပျင်းမလေး၊ ကိုကို့ သည်းလေး”

သူမက ပျင်းကြောတစ်ချက်ဆန့်ရင်း ရှက်ရယ်ရယ်သည့်အခါ ကိုကိုက သူမကို ပွေ့ချီကာ ရေချိုးခန်းရှိရာသို့ ခေါ်သွားလေတော့ သူမ၏ နံနက်ခင်းက လှပစွာ ပြည့်စုံလို့နေခဲ့ပြီ။ ရေချိုးခန်းထဲမှာက သူမအတွက် မျက်နှာသစ်ဖို့ဆပ်ပြာ၊ သွားတိုက်တံပေါ်မှာ သွားတိုက်ဆေးညှစ်ထားပြီးသား အဆင်သင့်။ သူမရင်ထဲမှာ အမျိုးအမည်မသိသော ကြည်နူးမှုတစ်ခု ပြည့်လို့လာသည်။

“ချစ်လိုက်တာ ကိုကိုရယ်”

ကိုကို့လည်တိုင်ကို ဖက်တွယ်နမ်းရှိုက်ရင်း သူမတိုးတိုးပြောမိလေတော့သည်။


အခန်း ၂။

လက်ထပ်ပြီး တစ်လသာရှိသေးသည်။ ကိုကို အလုပ်ကိစ္စတွေနှင့် ခရီးထွက်သွားရပြန်တော့ သူမ နေထိုင်မတတ်တော့အောင် လွမ်းလှသည်။ နံနက်လင်းချိန်ကနေ ညအိပ်ချိန်ထိ ကိုကို့ ပုံရိပ်များထဲ တစ်ဝဲ၀ဲ လည်ကာ မျက်ရည်တွေက ကျချင်ပြန်သည်။ ရုံးအလုပ်တွေမှာလဲ အမှားမှားအယွင်းယွင်းတွေ မဖြစ်စဖူး ဖြစ်နေခဲ့သည်ထိ ကိုကို့ကိုလွမ်းစိတ်တို့က နှိပ်စက်လွန်းလှသည်။ ဖုန်းထဲ စာတစ်စောင် ၀င်လာတိုင်း၊ ဖုန်းခေါ်သံလေး တစ်ချက်မည်တိုင်း ကိုကိုများလား ရင်ထဲ လှိုက်ခနဲခုန်အောင် မျှော်လင့်မိကာ ကိုကို မဟုတ်ပြန်ရင်တော့ ရင်ထဲ ဟာရပြန်သည်။
ကိုကို့ အသံကို ဖုန်းထဲက ကြားရပြန်လျှင်တော့ “ကိုကိုရယ်၊ မြန်မြန် ပြန်လာခဲ့ပါနော်” ဟု ငိုကြွေးကာ ပြောချင်စိတ်တို့ကို ကြိတ်မှိတ်မျိုသိပ်ရင်း ရှိုက်သံမထွက်အောင် အားတင်း ထားရသည်။ သူမ ငိုမိပါက ကိုကို စိတ်မကောင်းဖြစ်ရမည်လေ။
ကိုကိုက နိုင်ငံတကာကို လှည့်ပတ်သွားကာ တာဝန်ကျရာ အရပ်တွေမှာ ဟောပြောပွဲတွေ၊ စာတမ်းတွေ လုပ်နေရသူ မဟုတ်လား။ ဘန်ကောက်မှာ ရုံးထိုင်ကာ တာဝန်ကျရာ နိုင်ငံတွေ၊ ဒေသတွေဆီ သွားပြီး တာဝန်ထမ်းဆောင်နေရတော့ သူမဘေးမှာ အမြဲ ဘယ်ရှိနေနိုင်ပါ့မည်လဲ။ ဒါတွေကို လက်မထပ်ခင်ကရင်း စဉ်းစားထားခဲ့သော်လည်း ဒီမျှလောက် စိတ်ထိခိုက်အောင် လွမ်းနေရမည်ဟု မထင်ထားခဲ့ပါ။ သူမက သိပ်ကို ပျော့ညံ့လွန်းလှသည်။
ချစ်သူဘဝကတည်းက ခဏတစ်ဖြုတ်မျှသာ ဆုံဖူးကြပြီး များသောအားဖြင့် တစ်နေရာစီ ခွဲခွာနေခဲ့ရချိန်တွေက နေသားကျနေပေမယ့် ကိုကို့ ကို လွမ်းဆွတ်သတိရစိတ်တို့က ခုထိ အနည်မထိုင်နိုင်ခဲ့…။ ပေါင်းသင်း ဆက်ဆံရေးကောင်းတဲ့ ကိုကို၊ အားနာတတ်တဲ့ ကိုကို့ ရဲ့စိတ်တွေကို သိထားလေတော့ ဘယ်သွားသွား စိတ်မချနိုင်ခဲ့…။ တနေရာရာမှာ တစ်ခုခု ဖြစ်နေမလား…။ အလုပ်အဆင်ပြေရဲ့လား။ နေကောင်းရဲ့လား ဆိုသည့် ပူပင်တွေးတွေကလွမ်းမိုးထားဆဲ..။
“ကိုကို က ကလေးမဟုတ်ပါဘူးကွာ” ဆိုပေမယ့် ရင်နင့်အောင် ချစ်ရတဲ့ကိုကို့ ကို သူမ စိတ်မချစွာ ဂရုစိုက်လွန်းနေမိတာက အပြစ်တစ်ခု မဟုတ်လောက်ဘူး ထင်သည်။ ဝေးနေတဲ့အချိန်တိုင်း ကိုကို သတိမှ ရရဲ့လား၊ ထားသွားမလား ဆိုသည့် အသိတို့က ကြီးစိုးနေသော်လည်း ကိုကို့အချစ်၊ ကိုကို့ သစ္စာတို့ကို သူမ အကြွင်းမဲ့ ယုံကြည်ခဲ့ပါသည်…။ တည်ထောင်ထားခဲ့သော အချစ်နှင့် အိမ်ထောင်ရေးမှာ နားလည်မှုတွေ၊ ကြင်နာမှုတွေ၊ နောက်ပြီး ယုံကြည်ကိုးစားမှုတွေ အမြဲထပ်တူ ကျနေချင်ခဲ့တာပါ..။
ကိုကို့ဓာတ်ပုံကို တစိမ့်စိမ့်ကြည့်ရင်း ကိုကို့အတွက် ကိုကို့ရဲ့ ကိုယ်ပွားလေးကို မွေးထားခဲ့ရင် ခုလို ခံစားနေရတာတွေ တစ်ဝက် သက်သာသွားလေမလားလို့ တွေးမိရင်းက ကိုကိုလာရင် ခလေးလိုချင်တယ်လို့ ပူဆာရမှာ တွေးကာ ရှက်နေမိပြန်တော့သည်။


အခန်း ၃။

“ဟင်၊ တစ်လလေးပဲ နေရမှာ။ ခဏလေးပဲ ကိုကိုရာ။ အလုပ်က ခွင့်ထပ်ယူလိုက်လေ၊ နော်”

“တစ်လဆိုတာတောင် တော်တော်ကြီး ဖန်တီး ယူထားရတာ နှင်းရ။ ဒါတောင် ရုံးက ကောင်းလို့။ စင်္ကာပူကို လွှတ်ရမဲ့ ကိစ္စဆို ကိုကို့ကိုပဲ အမြဲ လွှတ်ပေးမယ် ပြောထားတာ။ ကိုကို မကြာခဏ င်္ဒီကို ရောက်ဖြစ်နေရတော့မှာပဲလေ။ ဟုတ်ဘူးလား”

“ဒါပေမဲ့ ကိုကိုရာ၊ နှင်း လွမ်းတယ်။ ကိုကိုနဲ့ တစ်ရက်လေးတောင် မခွဲပဲ တူတူနေချင်တယ်။ ကိုကို မသိဘူးလား။ ခုက နှစ်လခွဲကြီးတောင် ခွဲနေထားရတာလေ”

“သိပါတယ် နှင်းရယ်။ ကိုကိုလည်း နှင်းနဲ့ ခွဲပြီး ဘယ်နေချင်ပါ့မလဲ။ ဒါပေမဲ့ အခိုက်အတန့်ပေါ့ နှင်းရာ”

သက်ပြင်းကို ဖွဖွချရင်း သူမကို ကိုကို့ရင်ခွင်ထဲ ထွေးပွေ့ထားကာ ပြောတော့ သူမက ၀မ်းနည်းလာပြန်သည်။ ဘယ်အချိန်ထိ ခုလို ခွဲနေရမှာလဲ မေးလိုက်ချင်သော်လည်း စကားလုံးများက လည်ချောင်းဝမှာ ပျောက်ဆုံးကာ တစ်ချက် ရှိုက်ငင်မိ၏။

“ခရီးရောက်မဆိုက် မငိုနဲ့ နှင်းရာ။ ကိုကို တစ်လလောက်လေး နေရတုန်းပျော်ပျော်နေကြရအောင်၊ ဟုတ်ပီလား”

သူမ မေးစေ့လေးကို ဆွဲယူမော့ကာ နွေးထွေးသော အပြုံးနှုတ်ခမ်းတို့ နှင့် ဖွဖွညင်သာ နမ်းကာပြောတော့ သူမ လွမ်းရသမျှတို့က ပြေပျောက်ရပြန်သည်။ ဒီတော့လည်း မျက်ရည်များကြားကနေ ကိုကို့ကို ပြုံးပြီး ကြည့်မိပြန်သည်ပေါ့။

“ချစ်လိုက်တာ နှင်းရာ”

မချင့်မရဲနှင့် ကိုကိုက သူမကို ခပ်တင်းတင်း ဖက်ထားပြန်တော့ သူမစိတ်တွေက လုံခြုံနွေးထွေးလာကာ လွမ်းခဲ့ရသမျှတို့ ကို သတိမရပြန်တော့ချေ။
အချစ်က အံ့ဩဖွယ်ကောင်းလောက်အောင် သူမကို ပူဆွေးစေသလို တပြိုင်တည်းမှာလည်း ကျေနပ်ယစ်မူးနေစေပြန်သည်။


အခန်း ၄။

“ငြိမ်ငြိမ်နေ၊ ခိုက်မိလိမ့်မယ်”

သူမ၏ လက်သည်းတွေကို စိတ်ရှည်လက်ရှည် ညှပ်ပေးနေသော ကိုကို့ကို မြတ်နိုးစွာ ငုံ့မိုး ငေးကြည့်ရင်း သူမ ကြည်နူးကျေနပ်စွာ ပြုံးမိသည်။

“မိန်းခလေးဖြစ်ပြီး လက်သည်းတောင် ညီညီညာညာ မညှပ်တတ်ဘူး” ဆိုကာ သူမ၏ လက်သည်း ခြေသည်းတွေကို ကိုကိုက ညှပ်ပေးနေကျ။ ကိုကိုညှပ်ပေးထားလျှင်တော့ သူမ၏ လက်သည်းလေးတွေက တိတိပပ၊ ၀ိုင်းဝိုင်းစက်စက်၊ ညီညီညာညာ ရှိလွန်းလှသည်။ သူမဘာသာ ညှပ်လို့ကတော့ ခုလို တံစဉ်းနှင့် သေချာ တိုက်ကာ ညီညာအောင် လုပ်ဖို့ ဘယ်တော့မှ စိတ်မရှည်တတ်ပါ။ ကိုကိုကတော့ သူ၏ လက်သည်း၊ ခြေသည်းတွေကို အမြဲ ညီညာအောင် ညှပ်ထားလေ့ရှိပြီး အပျင်းထူသော သူမကို ခုလို ချစ်ဖို့ကောင်းစွာ လက်သည်းခြေသည်း ညှပ်ပေးလေ့ ရှိပါသည်။ သူမက ငရဲကြီးမှာ စိုးပြီး ငြင်းဆန်လျှင် ကိုကိုက စိတ်ဆိုးတတ်ပြီး သူမကို ဇွတ်အတင်း ဆိုဖာပေါ်ထိုင်ခိုင်းကာ ကိုကိုကတော့ ကြမ်းပြင်ပေါ် တင်ပလင်ခွေ ထိုင်ချလျက် လက်သည်းညှပ်ပေးတတ်သည်။ ခုချိန်ထိလည်း သူမက ကျင့်သားမရပဲ အသည်းတယားယားနှင့် လက်တွေ ခြေတွေကို ငြိမ်ငြိမ်မနေပဲ တွန့်နေတတ်သေးသည်။

“မညီပဲ နေတော့မယ်၊ ငြိမ်ငြိမ်နေကွာ”

နောက်ဆုံး ကျန်သော ခြေသန်းလေးကို တံဇဉ်းနှင့် တိုက်ပေးတော့ သူမက မအောင့်နိုင်ပဲ ရယ်မိသည့်အခါ သူမ၏ ခြေဖမိုးကို ဖွဖွ ရိုက်ရင်း ကိုကိုက ပြောသည်။ သူမက စနောက်ချင်လာသောကြောင့် ခြေထောက်ကို ငြိမ်ငြိမ်မနေပဲ ဟိုရွှေ့သည်ရွှေ့ လုပ်မိသည်။

“အ”

တံဇဉ်းချော်ပြီး ကိုကို့ လက်ညှိုးကို ထိုးမိသွားတော့ သွေးစက်တို့က လက်ဖျားထိပ်မှ စိမ့်ခနဲ ထွက်ကျလာသည်။ အို၊ ကိုကိုရယ်...

“ဆောရီး၊ ဆောရီး”

ကိုကို့လက်ညှိုးကို အမြန်ဆွဲယူရင်း သွေးတိတ်အောင် သူမက ပါးစပ်ထဲ ထည့်ငုံမိတော့ ကိုကိုက ကြောက်လန့်တကြား သူ၏လက်ကို ပြန်ဆွဲယူရင်း သူမကို တွန်းလိုက်၏။ ကိုကို တွန်းလိုက်သည့် အရှိန်ကြောင့် သူမ ဆိုဖာကျောမှီနှင့် ခေါင်း ခိုက်မိပြီး မူးဝေသွားရသည်။
ရုတ်ချည်းပြောင်းလဲသွားသော ကိုကို့ အမူအရာကို နားမလည်လိုက်နိုင်ခင်မှာပဲ သူမရင်ထဲ ၀မ်းနည်းလာသည်။ ကိုကို သူမကို နာကျင်အောင် လုပ်ရက်တယ်။ မငိုပါပဲနဲ့ မှိတ်ထားသော မျက်လုံးထဲမှ မျက်ရည်တွေက စီးကျလာသည်။
“အို.. ငါက ထစ်ခနဲဆို မျက်ရည်ကျပြတတ်မဲ့ မိန်းမ မဟုတ်ဘူး” စီးကျလာသော မျက်ရည်တွေကို လက်ခုံနှင့် ကြမ်းကြမ်းသုတ်ဖယ်ရင်း ကိုကို့ကိုကြည့်တော့ ကိုကိုက ဘေစင်မှာ လက်သွားဆေးပြီး ပြန်လာနေခဲ့ပြီ။ သူမ မျက်ရည်တွေကို ကိုကို မမြင်အောင် ဆုတောင်းမိသော်လည်း မအောင်မြင်ပါ။

“ကိုကို စိုးရိမ်သွားလို့ပါ နှင်းရယ်။ ဆောရီးနော်။ ကိုကို နှင်း နာကျင်အောင် မရည်ရွယ်ပါဘူး။ ကိုကို့သွေးနဲ့ နှင်း...ထိပြီး ဒုက္ခရောက်မှာ စိုးလို့ပါ။ ကိုကို တွန်းလိုက်မိတာ ဘယ်နားနာသွားလဲ ပြော”

စိတ်မကောင်းမှု၊ စိုးရိမ်ပူပန်မှုတွေနဲ့အတူ နူးညံ့ပျော့ပျောင်းနေသော ကိုကို့ မျက်နှာနှင့် အသံတို့က တိတ်စ ပြုနေသော သူမ မျက်ရည်တွေကို ခြွေယူလိုက်ပြန်သည်။

“ဘယ်နားမှ မနာပါဘူး။ နည်းနည်း ၀မ်းနည်းမိတာပါ။ ကိုကို့လက် သက်သာသွားပြီလား”

“အသက်နဲ့ အဝေးကြီးပါ နှင်းရ”

ရယ်ဟဟနှင့်ပြောရင်း ကိုကို့လက်တွေက သူမကို သိုင်းဖက်လာတော့ “ကိုကို့သွေးလေး ထိမှာများ ဘာကြောင့် ဒီလောက် ကိုကိုက ကြောက်ရတာလဲ” ဟု မေးချင်စိတ်တို့က ကိုကို့အနမ်းတွေအောက်မှာ နစ်မြှုပ်ကွယ်ပျောက်သွားရလေတော့သည်။


အခန်း ၅။

သူမရော ကိုကိုပါ မကြာခဏ ခွဲနေရခြင်းတွေအပေါ် အချိန်ကြာတော့ နေသားကျသွားမှာပါ ထင်ခဲ့ကြသော်လည်း လွဲခဲ့ကြသည်။ ဒီတော့ ကိုကိုက ခရီးထွက်ချိန်များမှ လွဲပြီး ဘန်ကောက်မှာ ရုံးထိုင်နေရသည့် အခါတိုင်း တစ်ပါတ်၊ သို့မဟုတ် နှစ်ပါတ်ခြားတစ်ခါ သူမဆီသို့ ပြေးလာတတ်သည်။
ကိုကို့ရဲ့ အလိုလိုက်ဂရုစိုက်မှုများ၊ ကိုကို့ ချစ်ခြင်းမေတ္တာများအောက်မှာ နေသားတကျ ရှိလာတော့ သူမသည် ကိုကို့ကို ပိုင်ဆိုင်ခွင့်ရတာ အင်မတန် ကံကောင်းသည်ဟု ယုံကြည်လာသည်။ ကိုကိုရတဲ့ လခတွေ အကုန် သူမလက်ထဲ လွှဲအပ်ထားကာ လိုသလောက်သာ ထုတ်ယူသုံးစွဲတတ်ပြီး။ သူမ ရသည့်ဝင်ငွေ အကုန်လုံးကို သူမ မိသားစုထံသို့ ပို့စေခဲ့သည်။ သူမက တစ်ဝက်ပို့ပြီး တစ်ဝက်ကို ဘ၀ရှေ့ရေးအတွက် စုဆောင်းချင်သည် မနည်းပြောရလေသည်။
ဘာပဲဖြစ်ဖြစ် ကိုကိုက သူမ မိသားစုကို သူ့မိသားစုအရင်းလို သဘောထား ကြည်ဖြူလေတော့ အားကိုးလိုစိတ်တို့ဖြင့် အချစ်ပိုရသည်။
လက်ထပ်ပြီး သုံးလကျော်မှာမှ သူမ မိသားစု ရှိရာသို့ပြန်ကာ မိဘတွေကို ကန်တော့ဖြစ်ကြသည်။ အကျဉ်းရုံးလေး မင်္ဂလာဆွမ်း ကျွေးဖြစ်ကြသည်။
ဖေဖေနှင့်မေမေတို့က...........
“ယူပြီးကြမှတော့ ဘာမှ မတတ်နိုင်တော့ဘူး” ဆိုသည့် အမူအယာတွေ ရှိနေကြသော်လည်း သူမ အလုပ်ရှိရာသို့ ပြန်လာတော့ မေမေ့ဆီက “ကောင်လေး မဆိုးပါဘူး” ဟူသည့် စကားသံတွေ ကြားလာရပြီ။ ကိုကို အလုပ်ကိစ္စနှင့် မြန်မာပြည်ကို ပြန်ရောက်တိုင်း သူမ မိသားစု အိမ်မှာ သွားနေတော့ သားအရင်းလိုပင် ဖေဖေနှင့်မေမေတို့ကလဲ ချစ်ခင် အားကိုးနေကြပြီ။ လိမ္မာယဉ်ကျေးသော၊ ရိုးသား ကြိုးစားသော သားမက် အလိမ္မာလေး အဖြစ် ကိုကို့ကို လက်ခံခဲ့ကြပြီ။ ဖေဖေကတောင် “လိမ္မာတဲ့ ငါ့သမီး လင်ကောင်းတော့ ရပြီ၊ သားကောင်းရဖို့ပဲ လိုတော့တယ်” ဟု စနေသေး၏။
ဖေဖေ့စာကို အကြောင်းပြပြီး ကိုကိုနှင့် သူမတို့ သေချာဆွေးနွေးဖြစ်ကြသေးသည်။
သူမ ကိုကိုရှိရာ ဘန်ကောက်သို့ လိုက်ပြီး အလုပ်ရှာရမလား။ ဒါမှမဟုတ် ကိုကို ဒီမှာ အလုပ်ရှာမလားက စကာ၊
သူမ ဒီမှာ နေထိုင်ခွင့် သက်တမ်း မတိုးရခင် PR လျှောက်ပြီး ကိုကို့ကိုလည်း Dependent PR လျှောက်ဖို့ အလယ်၊
နောက် သားသားမီးမီးလေးတွေ မွေးဖို့ အဆုံးထိ သူမကသာ တက်ကြွစွာ ဒိုင်ခံဆွေးနွေးနေသော်လည်း ကိုကိုက တက်တက်ကြွကြွ မရှိလှချေ။

“ကိုကိုက ခလေးမချစ်ဘူးလား။ မလိုချင်ဘူးလား”

အားမရစွာ သူမကမေးတော့ ကိုကိုက မျက်နှာမကောင်းစွာ “လိုချင်တာပေါ့ နှင်းရယ်” လို့ ဖွဖွ ဖြေလေသည်။ ထိုနေ့ညက ကိုကို အိပ်မပျော်ပဲ သက်ပြင်းတစ်ချချနှင့် ငြိမ်သက်နေခဲ့သည်မှာ တစ်ညလုံး။


အခန်း ၆။

ဒီနေ့က သူမ၏ နှစ်ဆယ့်သုံးနှစ်ပြည့် မွေးနေ့ ဖြစ်သလို ကိုကိုနှင့် သူမတို့ မင်္ဂလာသက်တမ်း ခြောက်လတင်းတင်းပြည့်သောနေ့လဲ ဖြစ်သည်။ ဘ၀တွေ အခြေမကျခင် စပ်ကြားမှာ ခုလို ခွဲခွာလိုက်၊ အတူရှိလိုက် နေကြရသောကြောင့်ထင်သည်။ ကိုကိုနှင့် သူမကြားမှာ စိတ်ကသိကအောင့် ဖြစ်စရာ ဘာပြဿနာမျှ မရှိခဲ့။ နောက်ပြီး ကိုကိုက သူမကို ဂရုစိုက်၊ အလိုလိုက်လွန်းတာကြောင့်လဲ ဖြစ်ပါလိမ့်မည်။
ခရီးသွားနေရသည့်ကြားက သူမ မွေးနေ့နှင့် ခြောက်လပြည့် အထိမ်းအမှတ်နေ့အတွက် ကိုကို.. သူမဆီ အရောက် ပြန်လာခဲ့သည်။ ဟော်တယ်တစ်ခုမှာ ကိုကို ကြိုတင် စီစဉ်ထားသည့် ညစာကို သွားစားခဲ့ကြသည့်အချိန်က ခံစားရသော ချစ်မြတ်နိုး ပျော်ရွှင်မှုတို့သည် ခုချိန်ထိ သူမ၏ သွေးကြောတွေထဲ လိပ်ပြာလေးတွေလို ပျံဝဲနေဆဲ။ ဘယ်လောက် ကြည်နူးစရာကောင်းလိုက်သလဲ။ ဘယ်လောက်တောင် ချစ်တတ်တဲ့.... ချစ်ဖို့ကောင်းတဲ့ ကိုကိုလဲ။
ကုတင်ပေါ်မှာဒူးကို ကွေးညွှတ်ကာ ထိုင်ပြီး ဒူးခေါင်းပေါ်မှာ လက်နှစ်ဘက်ကို ပိုက်လျက် ထိုလက်များပေါ် မေးတင်ကာ ကိုကို ရေချိုးခန်းက ပြန်ထွက်အလာကို စောင့်နေလိုက်သည်။
ဒီညမှာ ကိုကို “ရင်ခုန်ဖို့ကောင်းတယ်” ပြောဖူးသည့် အပြာနုရောင် ပိုးသား ည၀တ်အင်္ကျီလေး ၀တ်ထားသည်။ ကိုကို အသည်းတယားယား နမ်းမွှေးလာစေချင်သောကြောင့်လည်း ပါ ပါသည်။ ရင်ထဲမှာလဲ မင်္ဂလာဦး ညကလို ရင်ဖိုနေမိကာ ကိုယ့်ဘာသာ သဘောတကျ ပြုံးနေမိပြန်သည်။
ရေချိုးပြီးစ ရှင်းသန့်လတ်ဆတ်သော ကိုကို့ ကိုယ်ခန္ဓာကို မြတ်နိုးမက်မောစွာ ငေးကြည့်နေရသည်ကပင် ရင်ကို ပိုခုန်စေ၏။
သူမ တိတ်တဆိတ် မျှော်လင့်ထားသည့်အတိုင်း ကိုကို့ အနမ်းများက ရောက်လာတော့ ကျေနပ်နေရင်းက ကြိုတင်စိတ်ကူးယဉ်မထားပါပဲ ပြောမိသည်။

“ကိုကို၊ နှင်း ဟိုဟာလာထားတာ နှစ်ရက်ပဲ ရှိသေးတယ်။ ဒီတစ်ခါလောက်တော့ အစွပ်တွေ မသုံးပဲ နေကြရအောင်နော်။ လင်မယား ဖြစ်နေတာလဲ ကြာနေပြီပဲ”

သူမစကားကြောင့် ကိုကို့ ကိုယ်က ဆတ်ခနဲ တစ်ချက်တုန်သွားသလို ကြွက်သားတွေလည်း တောင့်တင်းသွားလေသလား။ ကိုကို့ အနမ်းတို့က ရပ်သွားသည်။ ကိုကိုက ရာသီမလာခင် ရှစ်ရက် နဲ့ လာပြီး ရှစ်ရက် အကြားမှာဆို ကိုယ်ဝန်မရတတ်ဘူး ပြောထားဖူးတာ ဘာကြောင့် သူမခေါင်းထဲ ချက်ချင်း ၀င်လာရသည်လဲ။ သူမ အသံကို သူမဘာသာ ပြန်ကြားရင်း ကလည်း ဘာကြောင့်ကိုကို့ကို ဒီလိုပြောမိမှန်း မသိအောင် ရှက်ရွံ့သွားရသည်။ ငါ ဘာလို့ ဒီလို ပြောမိတာပါလိမ့်..။ ရှက်နောင်တတို့ဖြင့် သူမ ကိုကို့ ရင်ခွင်ထဲမှ လူးလဲကာ ထထိုင်မိတော့ တဒင်္ဂတောင့်တင်းသွားသော ကိုကို့ ကိုယ်ခန္ဓာသည် သက်ပြင်းတစ်ခုနှင့်အတူ ပြေလျောကျကာ ငြိမ်သက်တွေဝေလို့နေ၏။
ဆံပင်တွေကို လက်ချောင်းများနှင့်ထိုးဖွကာ မျက်နှာကို လက်ဝါးနှစ်ဘက်ဖြင့် အုပ်ထားသည့် ကိုကို့ကိုကြည့်ရင်း သူမ ပြောမိတာ မှားပြီလား စိုးရိမ်လာသည်။

“ကိုကို၊ ဘာဖြစ်သွားတာလဲ။ နှင်း ..လဲ ... ဘာ..လို့ .. ဒီလို ပြောမိမှန်းမသိဘူး”

သူမ အထစ်ထစ်အငေါ့ငေါ့နှင့် စကားတွေကို တော်တော် အားယူပြီး ပြောရသည်။ ကိုကိုက သူမဘေးမှာ ထထိုင်လိုက်ရင်း တစ်ခုခုကို အသေအချာ စဉ်းစားနေ၏။ ကိုကို ဘာကို တုန်လှုပ်နေတာလဲ။ သူမစကားက ကိုကို့ကို ဘာကြောင့် ဒီလောက် ခြောက်ခြားစေတာလဲ။

“နှင်းကို ကိုကို ပြောပြစရာတွေရှိတယ်။ ပြောလိုက်ရင်လဲ နှင်း ကိုကို့ကို မုန်းသွားမှာကြောက်တယ်”

အနည်းငယ် အဖျားခတ် တုန်ခါနေသော ကိုကို့လေသံကြောင့် သူမ စိုးရိမ်လာသည်။
မြတ်စွာဘုရား။ ကိုကိုများ နောက်တပ် ချစ်ရမဲ့သူတစ်ယောက် တွေ့နေပြီလား။ ဒါမှမဟုတ် ကိုကို့မှာ အရင်က မိန်းမရှိခဲ့ဖူးသလား။ ကိုကို့အပေါ် သံသယမြူမှုန်တစ်စက်ပင် တစ်ခါမျှ မတင်ဖူးသော သူမသည် ထို အတွေးနှင့်ပင် နှလုံးခုန်သံ ရပ်မတတ် ခြောက်ခြားလာရတော့သည်။

“ကိုကို ချစ်တဲ့ နောက်တစ်ယောက် အသစ်တွေ့လို့လား။ ကိုကို နှင်းကို မချစ်တော့လို့လား”

သူမ မငိုမိအောင် အားတင်းထားရင်းက မေးလိုက်မိသည်။

“နှင်းရယ်၊ ကိုကို့ ဘ၀မှာ နှင်းတစ်ယောက်တည်းသာ အချစ်ဦး၊ အချစ်ဆုံးပါ။ နှင်းကလွဲပြီ ကိုကို ဘယ်သူ့ကိုမှလဲ မချစ်နိုင်ပါဘူး။ နှင်းကို သိပ်ချစ်ခဲ့လွန်းလို့သာ... ကိုကိုလေ... ကိုကို နှင်းကို ဘယ်နည်းနဲ့မှ အဆုံးရှုံး မခံနိုင်ဘူး”

သူမကို ကျစ်ကျစ်ပါအောင် ဖက်ထွေးကာ သူမ၏ ဆံနွယ်တွေထဲ မျက်နှာကို အပ်ထားရင်း နား နား ကပ်ကာ ကိုကို ပြောတော့ ခုဏလေးတင်က စိုးရိမ်စိတ်များက ပြေပျောက်သွားရသည်။

“ကိုကိုက နှင်းကို သိပ်ချစ်တယ်။ နှင်းကလဲ ကိုကို့ကို သိပ်ချစ်တယ်လေ။ ခုလဲ ကိုကိုက နှင်းကို ပိုင်နေပြီပဲလေ။ ဘာလို့ နှင်းကို ကိုကို ဆုံးရှုံးရမှာလဲ”

ကိုကို့ မျက်နှာကို သူမ မျက်နှာရှေ့ တည့်တည့် ဆွဲယူကာ ကိုကို့ မျက်လုံးတွေထဲ တည့်တည့်ကြည့်ရင်း သူမက ပြောတော့ ကိုကို့ မျက်လုံးတွေထဲမှာ ၀မ်းသာကြည်နူးမှုနှင့်အတူ နာကျင်ဝမ်းနည်းရိပ်တွေကို တွေ့နေရသည့်အခါ ကိုကို့ကို သနားလာသည်။

“ကိုကိုသာ သစ္စာရှိပါစေ။ ဘာအခက်အခဲတွေပဲ ရင်ဆိုင်ရ ရ၊ ကိုကို့ဘေးမှာ နှင်းတစ်သက်လုံး ရှိနေမယ်။ စိတ်ချနော်”

“တကယ်ပြောတာနော် နှင်း”

သူမက ကိုကို့ နဖူးကို တစ်ချက်နမ်းရှိုက်ရင်း အပြုံးနှင့် ခေါင်းညိတ်ပြတော့ ကိုကိုက စိတ်သက်သာရာ ရသွားဟန်ရှိသည်။

“တကယ်လို့ ကိုကို့မှာ ကုလို့ မရတဲ့ ရောဂါတစ်ခုခု ရှိနေခဲ့မယ် ဆိုပါတော့။ ကိုကို သေသည်အထိ နှင်းက မခွဲပဲ ကိုကိုနဲ့ အတူတူ ရှိနိုင်လား”

“ဟယ်၊ ကိုကိုကလဲ။ နိမိတ်မရှိနမာမရှိ။ သေစကား မပြောပါနဲ့။ ကိုကိုက ကျန်းကျန်မာမာကြီးကို။ နှင်းကတောင် ကိုကို့ထက် ချူချာသေးတယ်လေ။ ကိုကိုကပဲ နှင်းကို ပြုစုနေရတာ။ ကိုကိုနေမကောင်းဖြစ်ရင် နှင်းက လည်း ပြုစုမှာပေါ့လို့....”

“ကိုကို့မှာ ရောဂါတစ်ခုရှိတယ်။ အဲဒီရောဂါက ကိုကို ဂရုစိုက်ပြီးနေရင် နောက် ဆယ်နှစ်ထိ အနည်းဆုံး နေနိုင်တယ်။ ရောဂါ မဆိုးပဲ တစ်သက်လုံးလဲ အသက်ရှင် နေသွားချင် နေလို့ရမယ်။ ဒါပေမဲ့ မသေချာဘူး။ နှင်းကို ချစ်လွန်းလို့၊ ကိုကို မသေခင်လေးမှာ နှင်းနဲ့ မခွဲပဲ အတူတူ နေချင်လို့ ဒီလို မြန်မြန်ဆန်ဆန် လက်ထပ်ယူခဲ့တာ။ ကိုကို နှင်းကို အဆုံးရှုံး မခံနိုင်ဘူး”

ကိုကိုက သူ့မျက်လုံးတွေကို မှိတ်ပစ်ကာ သူမရင်ခွင်ထဲ ခေါင်းမှီလာတော့ ကိုကို့ကို စနောက်ချင်လာသည်။

“ဘာလဲ ကိုကို့မှာ နှလုံးရောဂါ ရှိတာလား။ မယုံပါဘူး။ ကင်ဆာရောဂါသည်လဲ မဟုတ်နိုင်ဘူး။ ကိုကိုက ဒိလောက်တောင် စိုပြည်ချောလှနေတာများ။ နှင်းကို စချင်လို့၊ အချစ်စမ်းချင်လို့ လျှောက်ပြောနေတာမလား”

ကိုကို့ ဆံပင်တွေကို ဖွပစ်ရင်း သူမက ရယ်ဟဟ ပြောတော့ ကိုကိုက သူမရင်ခွင်ထဲမှ ထွက်ကာ သူမ၏ မျက်နှာကို လက်နှစ်ဘက်နှင့် အုပ်မိုးကိုင်ပြီး စေ့စေ့ကြည့်လျက်...............
“ကိုကို နောက်နေတာမဟုတ်ဘူး။ အတည်ပြောနေတာ။ နှင်းသာ ကိုကို့ကို မုန်းပြီး ထားသွားရင် ကိုကို သေမှာ။ ကိုကို ပြောလဲ ပြောချင်တယ်။ ပြောလဲ မထွက်ဘူး။ နှင်း မုန်းသွားမှာ သိပ်ကြောက်တယ်” ဟု ပြောလာတော့ သူမက ရယ်ပစ်လိုက်မိသည်။

“ဘာလဲ၊ ကိုကို့မှာ အေအိုင်ဒီအက်စ် ၇ှိနေလို့လား”

သူမ၏ မျက်နှာကို အုပ်မိုးကိုင်ထားသော ကိုကို့လက်များက ရုတ်ချည်း အေးစက်သွားကြ၏။ ပြီးနောက် မျက်လုံးတွေကို တင်းတင်းဖိမှိတ်ကာ သက်ပျင်းကို ခပ်မျှင်းမျှင်းချပြီး ........

“ဟုတ်တယ်၊ ကိုကိုက အိပ်ခ်ျအိုင်ဗွီ ပေါ့စတစ်....” ဟု အံကြိတ်ကာ ဖြေလေသည်။
သူမ သွေးကြောတွေထဲမှာ စောစောလေးကတင် မြူးထူးစွာ ပျံသန်းနေသော လိပ်ပြာကလေးများအားလုံး ၀ိညာဉ် ချုပ်သွားကြသည်လား။ တစ်လောကလုံးက မှောင်မိုက်တိတ်ဆိတ်ကာ သေဆုံးသွားလေသလား။

“ဟင့်အင်း...၊ ကိုကို နှင်းကို စနေတာမလား။ အဲဒီရောဂါ ကိုကို့မှာ တကယ် မရှိဘူးမဟုတ်လား”

သူမ မယုံနိုင်ပါဘူး။ ဘယ်နည်းနဲ့မှ မယုံဘူး။

“နှင်း မယုံဘူး ကိုကို။ နှင်းကို ချစ်ရင် ကိုကို... မဟုတ်ဘူး... လို့ ဖြေပေးပါ။ နှင်းကို ရူးအောင် မလုပ်ပါနဲ့”

ကိုကို့ပခုံးကို ကိုင်လှုပ်ကာ ပြောရင်း မျက်ရည်များက တွေကနည်း ကျလာသည်။
သူမ မျက်ရည်များကို ကိုကိုက နာနာကျင်ကျင် ကြည့်နေရင်းက ခေါင်းကို ငိုက်စိုက်ချကာ ကျောက်ရုပ်တစ်ရုပ်လို ရှိနေ၏။ ကိုကိုသည်လည်း မျက်ရည်တွေ ကျနေပါလား။ ကိုကို ငိုနေတာလား။ ကိုကို စနေတာမဟုတ်ဘူး။ ကိုကို့ကို ကြည့်ရင်း ကိုကို တကယ်ပြောနေတာ သူမ လက်ခံလာရပြီ။ သို့သော် သူမ ဒီ အမှန်တရားကို လက်ခံနိုင်ဖို့ အဆင်သင့် မဖြစ်သေးပါ။
သူမ၏ အစာအိမ်ထဲက စူးကျင်စွာ နာလာပြီး ထိုနာကျင်မှုတွေက ရင်ခေါင်းမှ တဆင့် ပျို့တက်လာခဲ့သည်။ ကိုကို့ကို ကုတ်ခြစ်ထုရိုက်ပစ်ချင်သော်လည်း လှုပ်ရှားနိုင်ဖို့ ခွန်အားတွေ ဘာမကျန်တော့လောက်အောင် လူက အရုပ်ကြိုးပြတ် ဖြစ်ချင်လာသည်။ ၀ုန်းခနဲ သူမ ထရပ်ပြီး ရေချိုးခန်းကို ပြေးဝင်တော့ ကိုကိုက ယိုင်လဲမလို ချိနဲ့နေသော သူမ ခန္ဓာကိုယ်ကို စိုးရိမ်စွာ ထိန်းမတ်ပေး၏။
ကိုကို့ကို သူမ တွန်းဖယ်ပစ်လိုက်ရင်း ရေချိုးခန်းတံခါးကို သော့ခတ်လိုက်သည်။ ပျို့တက်လာသော ဝေဒနာတို့ကို မခံမရပ်နိုင်သည့်အဆုံး သူမ အန်ချလိုက်တော့သည်။ ရင်ဘတ်တစ်ခုလုံး ပူလောင်နာကျင်လာရာကနေ ကြောက်ရွှံ့မှု နှင့် နာကျည်းစိတ်တို့က သူမစိတ်ကိုသာမက ခန္ဓာကိုယ်မှ ရှိသမျှ မွှေးညှင်းပေါက်တွေအထိ ပျံ့နှံ့ စိမ့်ဝင်လာကြသည်။

ကိုကို ရက်စက်တယ်..............
ကိုကို့မှာ ဒီရောဂါရှိရက်နဲ့ နှင်းကို ဘာကြောင့် လက်ထပ်ယူခဲ့သလဲ.....။
သူမဘ၀တစ်ခုလုံး မျှော်လင့်ထားသမျှ အရာရာ ပြိုလဲသွားသလို......
အော်ဟစ်ကာ ရှိုက်ကြီးတငင် ငိုချ ပစ်လိုက်ချင်သော်လည်း အသံတို့က လည်ချောင်းဝမှာတင် ကွယ်ပျောက်ကာ လူတစ်ကိုယ်လုံး သိမ့်သိမ့် တုန်ခါနေတော့သည်။
သူမ၏ သွေးကျောမျှင်များ၊ သူမ၏ အရေပြားများက ခြောက်ခြားဖွယ်ကောင်းလောက်အောင် နာကျင် စပ်ဖျင်းလို့နေသည်။
ရေချိုးခန်းထဲမှာ အချိန်မည်မျှကြာအောင် ငိုကျွေးနေမိသည်လဲ မသိတော့။ ခေါင်းတစ်ခုလုံးလည်း ချာချာလည်ကာ မူးဝေ ကိုက်ခဲလို့နေပြီ။
“ကိုကို”.... စိတ်တွေက ကိုကို့ ဆီရောက်သွားတော့ နာကျည်းချင်လာသည်။ တကယ်ဆို ကိုကို သူမကို မယူခင်ကတည်းက ဖွင့်မပြောသင့်ခဲ့ဘူးလား။
ဖွင့်ပြောခဲ့လျှင်ရော...........၊
သူမ ကိုကို့ကို လက်ထပ်နိုင်ပါ့မည်လား။ သူမ မသေချာပါ.....။ ဘယ်လောက်ပင် ချစ်ချစ်၊ ကိုကို့ကို လက်ထပ်ဖို့တော့ သူမ တွေဝေမိမှာပဲ။ အစကတည်းက ဖွင်ပြောခဲ့လျှင်တော့ သူမမှာ ရွေးခြယ်ပိုင်ခွင့် ရှိသေးသည်။ ခုတော့ ဘာမှ မတတ်နိုင်တော့ဘူး။
အားလုံး............... လွန်ခဲ့ပြီ...........။
ဘုရားရေ...။ သူမ... သူမရော ဒီရောဂါ ကူးစက်နေပြီလား။
ဘာလို့ ခုမှ ဒါကိုတွေးမိရတာပါလိမ့်....။
ကြောက်စိတ်တွေက တစ်ကိုယ်လုံးအနှံ့ စီးမျောလျက် နာကျင်အောင် နှိပ်စက်နေကြသည်။ အားငယ်စိတ်တွေ ပြည့်နှက်လာချိန်မှာ သူမလက်ကို ကိုကို ဆုပ်ကိုင်နွေးထွေးပေးလျှင် ဘယ်လောက် ကောင်းလိုက်မလဲ။ ကိုကို့ကို အားကိုးတကြီး တမိရင်းက ဒီရောဂါ ဖြစ်လာခဲ့ရင် ကိုကို့ကြောင့် ဆိုကာ မုန်းတီးချင်လာပြန်သည်။

“ငါ ကိုကို့ ကို မုန်းသွားခဲ့ပြီလား”

ဒီအချိန်မှာ ဘာကိုမှ သူမ ဝေဖန် ဆန်းစစ်နိုင်စွမ်း မရှိသေးပါ..။
သူမ ငိုနေ၍ ဒီ ပြဿနာက ပြီးသွားမှာ မဟုတ်တာ သဘောပေါက်လာသည်။
ရေချိုးခန်းနံရံကို မှီထိုင်နေရာက မနည်း အားယူကာထရင်း လူက ယိုင်ညွှတ်ကျချင်နေသေးသည်။ နှုတ်ခမ်းကို တစ်ချက် တင်းတင်း ဖိကိုက်မိရင်း ရေချိုးခန်းတံခါးကို ဖွင့်တော့ ကိုကိုက ရေချိုးခန်းဝမှာ ဒူးထောက်လျက် ခေါင်းငိုက်စိုက်ချကာ ထိုင်နေ၏။ ကိုကို့ကို ဖေးထူမ နိုင်လောက်အောင် သူမ ခွန်အားမရှိတော့။ ဒီအတိုင်း ကျော်ဖြတ်သွားဖို့ ပြင်လိုက်သည်။ သို့သော် ကိုကိုက သူမ၏ ခြေသလုံးတွေကို မရွှေ့နိုင်အောင် ဖက်ထားကာ တောင်းပန်လာ၏။

“ကိုကို နှင်းကို ချစ်လွန်းလို့ပါ။ ကိုကို ဖွင့်ပြောလိုက်ရင် နှင်း ကိုကို့ကို ထားသွားမှာ ကြောက်လို့၊ ကိုကို နှင်းကို အဆုံးရှုံး မခံနိုင်လို့ နှင်းကို အရ ယူခဲ့မိတာပါ။ ကိုကို မှားခဲ့ပါတယ်”

သူမ ခြေသလုံးကို ကျစ်ကျစ်ပါအောင် ဖက်ကာ ငိုရှိုက်ရင်း ပြောနေတော့ သူမ၏ နာကျည်းစိတ်တို့က လျှောကျသွားပြန်သည်။

“ကိုကိုက နှင်းကို ချစ်လို့ ခုလို နှင်းဘ၀ကို ဆွဲနှစ်ခဲ့တာတဲ့လား..........”

အဲဒီလို နာနာကျည်းကျည်း ပြောပစ်ချင်သော်လည်း ဒါဟာ ဘာ အကျိုးမှ ပြုမည့် စကားလုံးတွေ မဟုတ်တော့ လည်ချောင်းဝမှာတင် ထို အသံတွေက နာကျင်စွာ ပျောက်ရှသွားကြသည်။

“ကဲ... ကိုကို။ ထ..။ နှင်းတို့ ဒီလို ငိုနေလို့ ဒီပြဿနာက ပြီးမှာ မဟုတ်ဘူး။ ရှေ့ဆက် ဘာလုပ်ရမလဲ တိုင်ပင်ကြမယ်”

သူမအသံက သူမကိုယ်တိုင်ပင် အံ့ဩယူရလောက်အောင် ငြိမ်သက် အေးစက်နေခဲ့သည်။ ကိုကို့ကို ဆွဲထူမရင်း ကုတင်ဘက်ဆီ ပြန်လျှောက်လာကာ နှစ်ယောက် အတူ ယှဉ်လျက်သား ထိုင်လိုက်သည်။

“ကိုကို ဘာကို ဘယ်လို စပြောရမလဲ”

“ဘာကြောင့် ဒီရောဂါ ကိုကို့မှာ ရှိရတာလဲ”

မေးပြီးမှ သိတော့ရော သူမအတွက် ဘာများ အကျိုးရှိမှာလဲ ဘာသာ တွေးနေမိသည်။ ကိုကို ရှုပ်ပွေခဲ့လို့ ဆိုရင်လည်း........ သူမ ဘာများ တတ်နိုင်ပါ့မည်လဲလေ။

“ကိုကို ဘာမှ မရှုပ် မပွေခဲ့ပါဘူး နှင်း။ ကိုကို ပြောတာ ယုံပါ။ ကိုကို ထင်တာ အကြောင်း တစ်ခုထဲပဲ ရှိတယ်။ အဲတာကတော့ ကိုကို နယ်မှာ အကြီးအကျယ် ဖျားပြီး ဆေးရုံတက်ရတော့ သွေးသွင်းရတယ်။ အဲဒီသွေးကနေ ကူးတယ်လို့ပဲ ကိုကို ယုံတယ်။ ကိုကို့ ဘ၀မှာ ဒီတစ်ခုပဲ ထူးထူးခြားခြား ဖြစ်ခဲ့တာ” ......

“နောက် ကိုကို စင်္ကာပူမှာ ကျောင်းတက်ဖို့ အားလုံး စီစဉ်ပြီး ကျောင်းလဲ ရပြီးပြီ။ သွားမယ် ဆို ဆေး စစ်တော့မှ ဆေးစစ်ချက်က မအောင်ဘူး။ ဘာအရှုပ်အရှင်းမှ မရှိပဲ ကင်းကင်းနေခဲ့၊ ကိုယ့်ကိုယ်ကို တန်ဖိုးထား လေးစားခဲ့တဲ့ ကိုယ့်မှာ ဒီရောဂါကြီး ရှိနေခဲ့တာ ဘယ်လိုမှ ကိုကို မယုံနိုင်ခဲ့ဘူး”

ကံကြမ္မာကို နာကျည်းရိပ်သန်းနေသော မျက်လုံးများနှင့် ယူကျုံးမရစွာ ကိုကို ပြောနေတာ မြင်ရတော့ ကိုကို့စကားတွေကို သူမ အကြွင်းမဲ့ ယုံကြည်ချင်လာသည်.........။
ထိုနေ့ရက်များကို ကိုကို ဘယ်လို ဖြတ်သန်းခဲ့ပါလိမ့်......။
ကိုကို့လက်တွေကို ဆုပ်ကိုင်နွေးထွေးစေချင်သော်လည်း သူမ မလှုပ်မယှက်သာ ထိုင်နေမိ၏။

“ကိုကို့မှာ ရောဂါရှိရက်နဲ့ နှင်းကို ဘာလို့ လက်ထပ်ခဲ့တာလဲ”

သူမလေသံမှာ နာကျည်းရိပ်တွေ ပျော်ဝင်နေတာ ဖုန်းကွယ်ထားနိုင်ဖို့ မကြိုးစားတော့ပါ။
ကိုကိုက ဘာမျှ ပြန်မဖြေတော့ပဲ တောင်းပန်နေသော မျက်လုံးများနှင့် သက်ပြင်းရှိုက်လျက် သူမကို ကြည့်သည်။ ကိုကိုဖြေလျင်လည်း စောစောက စကားလုံးများသာ ဖြစ်ပါလိမ့်မည်။ ထားတော့.......။

“ခု နှင်းမှာ ကိုကို့ဆီက ရောဂါပိုး ကူးစက်နိုင်မယ်လို့ ကိုကို မတွေးခဲ့ဘူးလား”

နာကျည်းတုန်လှုပ်နေစိတ်တွေ တဖြည်းဖြည်း ငြိမ်သက်သွားကြကာ ဒီလောက်အထိ သွေးအေးအေးနှင့် ပြန်မေးနေနိုင်တာကို သူမ ဘာသာ အံ့ဩနေမိသည်။

“ကိုကိုက နှင်းကို ဒုက္ခရောက်အောင် လုပ်မလား နှင်းရဲ့။ ကိုကို အများကြီး ဂရုစိုက်ခဲ့တာပဲ။ နောက်ပြီး ကိုကို ကွန်ဒုံးလဲ အမြဲ သုံးခဲ့တယ်။ နှင်း ဓမ္မတာ လာနေချိန်တွေမှာလဲ ဒီကိစ္စတွေ ရှောင်ခဲ့တယ်လေ”

ဒါတွေအားလုံးကို သူမက ကိုယ်ဝန်မရအောင် ကာကွယ်ခဲ့တယ်လို့ ထင်မှတ်ထားခဲ့မိတာ ကိုကို့ကို မပြောပြမိတော့ပါ။

“ကိုကို အမှန်အတိုင်းဖြေပေးပါ......။ အခု နှင်းမှာ ရောဂါ မရှိဘူး၊ မကူးနိုင်ဘူး ဆိုတာ တစ်ရာ ရာခိုင်နှုန်း ကိုကို အာမခံနိုင်လား”

ကိုကိုက အဖြေလဲမပေး၊ သူမ၏ မျက်ဝန်းတွေကိုလဲ ရင်မဆိုင်ရဲစွာ မျက်နှာလွှဲထားတော့ ဒေါသ စိတ်တွေက ရုန်းကြွချင်လာသည်။

“ကိုကို...... အမှန်အတိုင်းဖြေပါ။ ကိုကို အာမ မခံနိုင်ဘူးမဟုတ်လား”

ကိုကို့ မျက်လုံးတွေကို သူမ တည့်တည့် မြင်နိုင်ဖို့အတွက် ကိုကို့ မျက်နှာကို သူမဘက် ဆွဲလှည့်ရင်း ထပ်မေးတော့...

“ရာနှုန်းပြည့်တော့ အာမ မခံနိုင်ဘူးပေါ့ နှင်းရယ်။ ကူးစက်ဖို့က ရာခိုင်နှုန်း နဲနဲလေးပဲ ရှိတာပါ။ ဒါပေမဲ့ အဲတာကလဲ ...... အင်မတန် ...ကံဆိုးမှပါ....”

ဒါဆို ဘယ်နှစ်ရာခိုင်နှုန်းက ကံကောင်းပြီး၊ ဘယ်နှစ်ရာခိုင်နှုန်းက ကံဆိုးတာလဲ။
အဲဒီ ကံဆိုးတဲ့ အခြမ်းမှာ သူမ မပါဘူးလို့ ကိုကို အာမခံနိုင်လား။
တစ်ကယ်လို့ ဒီရောဂါ သူမ မှာ ရှိနေခဲ့ပြီ ဆိုရင်ကော......။
သူမ အလုပ်က ထွက်ကာ ပြည်တော် ပြန်ရတော့မည်....။ ဒါမှ မဟုတ် သူမဘေးမှာ ကိုကိုရှိနေလိမ့်မည်...။
ဒါပေမဲ့ သူမကို မှီခိုအားထားနေရသော သူမ၏ မိသားစု.... ညီမလေးတွေ ကျောင်းစားရိတ်..................
ဟားးးးးးး......... ဆက်မေးဖို့ရာပင် အားမရှိတော့အောင် သူမ ခံနိုင်ရည်အားတွေ ပျက်သုဉ်းသွားခဲ့ပြီ....။

“နှင်းရယ်။ ကိုကို့ကို ခွင့်လွှတ်ပါ။ နှင်းတကယ်လို့ တစ်ခုခု ဖြစ်ခဲ့တယ် ဆိုရင်တောင် နှင်းကို ကိုကို တစ်သက်လုံး စောင့်ရှောက်သွားမှာပါ”

ကိုကိုက CD4 Count ဆိုတာတွေ၊ ART ဆိုတဲ့ ဆေးတွေ အကြောင်း ဆက်ပြောနေသေးသော်လည်း သူမ သေချာမှတ်မိထားတာ တစ်ခုကတော့ ကိုကိုဟာ ကံကောင်းရင်၊ ကျန်းမာရေး ဂရုစိုက်ရင် နောက်ဆယ်နှစ်ထိ ကျန်းကျန်းမာမာ၊ ရောဂါ မဖြစ်ပဲ နေနိုင်သေးတယ်ဆိုတာပါပဲ။
နားထောင်ရင်း ခေါင်းတွေ မူးဝေလာပြီး တရှည်တလျား ရှင်းပြနေသော ကိုကို့ စကားသံတွေကို သူမထပ်မကြားနိုင်တော့။ သူမ၏ အနာဂါတ်တွေက မှုန်ဝါးကာ ဖမ်းဆုပ်နိုင်ဖို့ ခက်ခဲတော့မည်ဆိုတာ တွေးတော ၀မ်းနည်းနေရင်း တစ်ညလုံး ကျောခိုင်းကာ အသံတိတ် ငိုကြွေးနေမိတော့သည်။ ကိုကိုလည်း တစ်ညလုံး အိပ်မပျော်တာ သူမ သိပါသည်။
ကိုကိုရော သူမလို တိတ်တဆိတ် ငိုကြွေးနေလေသလား....။
သူမတို့ အခန်းလေးကဖြင့် မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ပင် တိတ်ဆိတ် အေးစက်သွားခဲ့ပြီ...။


အခန်း ၇။

နောက်ရက်တွေမှာတော့ ကိုကိုက ထုံးစံအတိုင်း သူမကို ချစ်ခင်ယုယမြဲ။ ယခင်ထက်ပင် ပိုလို့ ဂရုစိုက်ကာ သူမမျက်နှာ အရိပ်အကဲကို ဂရုစိုက် စောင်ကြည့်နေသေးသည်။ သူမ ယခင်လို ရွှင်ရွှင်ပြပြ မရှိတော့တာကြောင့် ကိုကိုကလည်း စိတ်မကောင်း ဖြစ်နေဟန်ရှိသည်။ သို့သော် သူမ မတတ်နိုင်ပါ။ သူမ စိတ်တွေက ရှုပ်ထွေးနေသေးသည်။ ကိုကို့ကိုလဲ မကျေနပ်နိုင်သေး။
ကိုကို ရောဂါဖြစ်ရသည့် အကြောင်းအရင်းကလည်း တကယ် အစစ်အမှန် ဟုတ်မဟုတ် ကိုကိုမှ သိနိုင်မှာပဲ။ ဒါကို တွေးမိတော့ ကိုကို့ကို သူမ ပို စိတ်နာချင်သည်.....။
သို့သော် သူမ ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ။ ဒါက သူမ ပြောင်းလဲလို့ ရသည့်အရာမဟုတ်၊ တတ်နိုင်သည့် အရာမဟုတ်....။ ရှေ့ဆက် ဘယ်လို ရင်ဆိုင်ရမလဲ ဆိုတာကသာ သူမ တတ်နိုင်သည့် အရာ....။
သူမကို ကိုကို နမ်းမွှေးလာတိုင်း အရင်လို ရင်ခုန်စိတ်လှုပ်ရှားမှုအစား စိုးရွံ့စိတ်တွေနှင့် သူမနှုတ်ခမ်းတွေတင်မက တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားတတ်သည်။
အနမ်းများကို ရုပ်သိမ်းပြီး သက်ပျင်းတစ်ချက် ချကာ ကိုကို ငိုင်တွေနေလျှင်တော့ သူမ စိတ်မကောင်း ဖြစ်ရပြန်သည်....။
သူမကလည်း စိတ်ဆင်းရဲမှုတို့ကြောင့် မစားမသောက်နိုင်၊ အိပ်မပျော်နိုင်သလို ကိုကိုလည်း ထိုနည်းလည်းကောင်းသာ ဖြစ်၏။
နောက်တော့...... သူမတို့နှစ်ဦးကြားက အေးစက်နေမှုကို ကိုကို သည်းမခံနိုင်တော့၍ ထင်သည်။ အလုပ်အကြောင်းပြကာ ခွင့်ရက် မကုန်ခင်မှာပဲ ခရီးထွက်သွားလေသည်။
ကိုကို မရှိတော့မှ သူမသည် တစ်ယောက်တည်း ခံနိုင်ရည်အား မဲ့လာလေတော့သည်။ ကိုကိုက “ဘာမှ မစိုးရိမ်ပါနဲ့။ နှင်းဘာမှ မဖြစ်စေရပါဘူး......” ဟု ဘယ်လောက်ပြောခဲ့၊ ပြောခဲ့ သူမစိတ်တွေ လုံခြုံမှု မရခဲ့ပါ။
သူမနှင့် ကိုကို့ ဘ၀အတွက် နတ်ဆိုးတစ်ကောင်က ကျိန်စာတိုက်ခဲ့ပြီ.....။
သူမသည် ထို ကျိန်စာကို အိပ်မက်တစ်ခုသာ ဖြစ်လိုက်ချင်သည်...။
နောက်တစ်နေ့ နံနက် နိုးထလာတဲ့အခါ ဒါတွေဟာ အိပ်မက်ဆိုးတွေ အဖြစ်သာ ပျောက်ပျက်သွားမလား ၊ ဒီကျိန်စာဆိုးက လွတ်မြောက်နိုင်မလား......သူမ မျှော်လင့်နေချင်သေးသည်။
အမှန်တရားတွေကို သူမ လက်မခံနိုင်သေး.......
နောက်ပြီး သူမရင်ဆိုင်ရမည့် အနာဂါတ်ကိုလည်း မတွေးရဲသေးပါ။
ကျိန်စာဆိုးအဖြစ် ရောက်လာသော ဒီရောဂါသည် သူမအတွက်တော့ နားမလည်နိုင်သော ဘာသာရပ်တစ်ခု ဖြစ်သည်.....။
ကိုကို သယ်ထားသော ထိုရောဂါသည် သူမကို ကူးစက်နေပြီလား။ မကူးစက်သေးဘူးလား။ သူမ မသိသလို ကိုကိုလဲ အပြည့်အ၀ အာမ မခံနိုင်။
သူမက ကိုကို့အပေါ် ခွင့်လွှတ်နိုင်ခဲ့သည်ထား....... ဘယ်လောက် လုံခြုံအောင် သူမတို့နေခဲ့ နေခဲ့။ ထိုရောဂါသည် သူမကို မကူးစက်နိုင်ဘူးဆိုတာ ဟုတ်၊ မဟုတ် လေ့လာရတော့မည်။
အိပ်ရေး ပျက်၊ အစားပျက်တာ တစ်ပါတ်ကျော်နေပြီ ဖြစ်၍ လူက လည်ချောင်းတွေ နာကာ ကိုယ်ပူချင်သလိုလို ရှိသောကြောင့် ဒီနေ့ သူမဆေးခွင့်ယူထားသည်.....။
တစစ်စစ်ကိုက်နေသောခေါင်းကို ထူမတ်ထားရင်း ကိုကိုက အင်တာနက်မှာ ရှာဖတ် ဟု ဆိုကာ စာအုပ်ထဲ ရေးပေးထားခဲ့သော ၀က်ဘ်ဆိုဒ်လိပ်စာလေးကို လက်ညှိုးနှင့် ထိတွေ့ပွတ်သပ်နေရင်းက..... ဗြုန်းဆို ကွန်ပျူတာဆီ သွားကာ အလွတ်ရနေပြီ ဖြစ်သော လိပ်စာကို အမြန် ရိုက်ထည့်လိုက်သည်။
လာမဲ့ဘေး ပြေးတွေ့တာပဲ ကောင်းတယ်..။
ဖြစ်လာသမျှ သူမ ကြိုးစားရင်ဆိုင်ရမည်လေ....။


အခန်း ၈။


http://health.ngoinmyanmar.org/

ကျလာသော စာမျက်နှာတွေထဲက HIV / AIDS ဆိုတဲ့ စာစုတွေဆီ ကလစ်ခေါက်ဖို့ လက်ကို ရွှေ့ရင်းက သူမ တွေဝေနေမိသည်...။
ဒါတွေ သိတော့ သူမ ဘာလုပ်ရမှာလဲ.....
ကိုကို ပြောသမျှ ယုံထားလိုက်ပြီး သူမ ဘာအန္တရယ်မှ မရှိဘူး လို့ စိတ်ထဲ သိထားတာပဲ သူမအတွက် မကောင်းဘူးလား....။
ဟင့်အင်း........
သူမရင်ဆိုင်ရမည့် ဒီရောဂါကို သေချာ နားလည်မှ သူမ ကိုကို့ကို ကူညီနိုင်မည်...။
နောက်ပြီး သူမကိုယ် သူမလည်း ကာကွယ်နိုင်လိမ့်မည်။
HIV ဆိုသည်မှာ Human Immunodeficiency Virus ကို အတို ကောက် ခေါ်ဆိုတာ ဖြစ်ပြီး AIDS ဆိုသည် မှာ HIV ဗိုင်းရပ်စ် ကြောင့် ဖြစ်ပွား သော ရောဂါ လက္ခဏာ စု (Acquired Immuno-Deficiency Syndrome) ကို ခေါ်ဆို တာဖြစ် ပါတယ်.. HIV ဗိုင်းရပ်စ် ဟာ Retroviridae အုပ်စု ၀င် ဖြစ်ပြီး HIV-1 နဲ့ HIV-2 ဆိုပြီး မျိုးကွဲ နှစ်မျိုး ရှိပါတယ်.. HIV-1 ဟာ ပိုမို ပြင်းထန် ကူးစက် လွယ်ပြီး တစ်ကမ္ဘာ လုံး ပျံ့နှံ့ ကူးစက် နေတဲ့ အမျိုး အစား ဖြစ်ပါတယ်.. HIV-2 ကတော့ ကူးစက် မှုနှုန်း နည်းပါး ပြီး အဓိက အားဖြင့် အနောက် အာဖရိက မှာ အတွေ့ များပါတယ်...
ထားတော့။ ဒါက ရောဂါရဲ့ ရှင်းလင်းချက်တစ်ခုမို့ သူမ အမြန်ဖတ်လိုက်သည်။
HIV ဗိုင်းရပ်စ် ကူးစက် ခံရ ပြီဆိုလျှင် လူ့ခန္ဓာ ကိုယ်တွင်း ခုခံမှု စနစ် (Immune System) တွင်ရှိ CD4 Cell (Helper T Cells) ကို အဓိက ကူးစက် ဖျက်ဆီး ပါတယ်.. ပုံမှန် ကျန်းမာသော လူတွင် CD4 Cell အရေ အတွက် ဟာ သွေး တစ် မိုက်ခရို လီတာ မှာ ၁၂၀၀ (1200 cells/μl) ရှိပါတယ်.. HIV ဗိုင်းရပ်စ် က CD4 Cell များကို နည်းလမ်း (၃) သွယ် ဖြင့် တိုက်ခိုက် လျော့နည်း စေပြီး ခန္ဓာကိုယ် ခုခံမှု စနစ် ကို ကျဆင်း စေပါတယ်..
HIV ဗိုင်းရပ်စ် က CD4 Cell ကို တိုက်ရိုက် ကူးစက် ဖျက်ဆီး ခြင်း (Direct Viral Killing)
HIV ဗိုင်းရပ်စ် ကူးစက် ခံရသော CD4 Cell များ၏ သက်တမ်း ကုန်ဆုံး မှုမြန် လာခြင်း (Increased rates of apoptosis in infected cells)
HIV ကူးစက် ခံရသော CD4 Cell များကို CD8 Cell များက ရန်သူ ပိုးမွှား ထင်မှတ် ပြီး မှားယွင်း တိုက်ခိုက်ခြင်း (Killing of infected CD4 T Cells by CD8 cytotoxic cells that recognize infected cells) တို့ကြောင့် CD4 Cell များ လျော့နည်း ကျဆင်း လာစေ ပါတယ်...
ဒါက ကိုကို ပြောပြဖူးတဲ့ CD4 ဆိုတာ။
ဒီ Cell တွေ လျှော့မသွားအောင် ထိန်းသိမ်းနိုင်သလား........။
ကိုကိုကတော့ ဆေးရှိတယ် ပြောဖူးပါတယ်....။
နောက်ပြီး ကျန်းမာရေးလိုက်စားကာ ဂရုစိုက်နေမည် ဆိုပါက မကျအောင် ထိန်းထားနိုင်ကြောင်းလဲ ပြောပြဖူးသည်..။
HIV ပိုးဝင် ရောက်ပြီး ချိန်မှ HIV antibody စတင် စစ်ဆေး တွေ့ရှိ ချိန်ထိ ကာလကို Window period ဟု ခေါ်ပါတယ်.. ဒီကာလ မှာ ဆိုရင် HIV ကူးစက် ခံရ မှန်း မသိ နိုင်တဲ့ အချိန် ဖြစ်ပြီး ထပ်မံ ၍ အခြား သူသို့ လည်း ကူးစက် နိုင်စွမ်း ရှိပါတယ်.. ၉၉% သော HIV ကူးစက် ခံရသူ များသည် ကူးစက် ခံရပြီး ၃ လ အကြာတွင် HIV antibody (HIV test) စစ်ဆေး တွေ့ရှိ နိုင်ပါတယ်။
သုံးလအတွင်း.......။
ဘုရား..... ဘုရား။
ကိုကိုနဲ့ လက်ထပ်ခဲ့တာ ခြောက်လကျော်ခဲ့ပြီ....။
တကယ်လို့ သူမမှာ ကူးစက်နေခဲ့ပြီဆိုရင် ခုချိန်ဆို ရောဂါ စစ်ဆေးတဲ့အခါ တွေ့နေနိုင်ပြီပေါ့။
နောက်လထဲမှာ သူမ ဒီနိုင်ငံထဲ နေထိုင်ခွင့်သက်တမ်း တိုးဖို့ စာ ရောက်လာတော့မည်။
ထိုအခါကျ သူမ သွေးစစ်ရတော့မည်။
ဘုရား.... ကယ်တော်မူပါ..။
ကိုက်နေသော ခေါင်းက ပိုပြီး စူးရှပြင်းထန်လာသလို လည်ချောင်းတွေ ခြောက်ကပ်ကာ ပိုနာလာသည်....။
ဒါဆို ဒီရောဂါပိုး ကူးစက်ခံရရင် ဘယ်လို သိနိုင်မှာတဲ့လဲ..။
သူမ စိတ်တွေ ပို လှုပ်ရှားလာသည်...။
  1. ရောဂါပျိုးခြင်း (Incubation Period)

    ဒီကာလ ဟာ ခန္ဓာကိုယ် တွင်း ရောဂါ ပိုးဝင် ရောက်ပြီး နောက် ၂ ပတ်မှ ၄ ပတ် အတွင်း ရောဂါ ပျိုးချိန် (Incubation Period) ဖြစ်ပါတယ်.. ဒီအချိန် မှာဆို ရင် ဘာလက္ခ ဏာမှ မပြ တတ်ပါဘူး..

  2. လတ်တလော HIV ပိုး ၀င်ရောက်ပြီး လက္ခဏာများ (Acute HIV Infection)

    HIV ဗိုင်းရပ်စ် ပိုးကူးစက် ခံရပြီး ၂ ပတ်မှ ၄ ပတ် အတွင်း ဖြစ်ပွား တတ်ပါတယ်.. ကူးစက် ခံရ သူများ ၏ ၈၀% မှ ၉၀% သည် ဖျားခြင်း၊ အကျိတ်များ ပေါ်လာခြင်း၊ လည်ပင်း နာလာခြင်း၊ ကြွက်သား နာကျင် ကိုက်ခဲခြင်း၊ နုံးခွေ တတ်ခြင်း၊ ပါးစပ် နှင့် လည်ချောင်း တစ်ဝိုက် နာကျင် တတ်ခြင်း စသည့် တုပ်ကွေး လက္ခဏာ ကဲ့သို့ ဖြစ်ပွား တတ်ပြီး အနည်းဆုံး တစ်ပတ် မှ ၄ ပတ်ထိ ကြာတတ် ပါတယ်.. ဒီလို လက္ခဏာ တွေဟာ တုပ်ကွေးနဲ့ အခြား ရောဂါ ပိုးဝင် လက္ခဏာ တွေနဲ့ တူတာ ကြောင့် HIV ပိုး ကူးစက် ခံရ မှန်း ကွဲကွဲ ပြားပြား မသိနိုင် ပါဘူး..
ဖတ်နေရင်းမှာပဲ.. သူမ လည်ချောင်းနာနေတာ၊ ဖျားနေတာ ယခင်ကလို ရိုးရိုးသားသားမှ ဟုတ်ရဲ့လား တွေးပူလာရင်း လူက နုံးခွေချင်လာသည်။
ကိုကို.... ကိုကိုရော ဒီရောဂါ ဖြစ်မှန်း သိစက ဘယ်လို ရင်ဆိုင်ခဲ့သလဲ...။
အဲဒီနေ့ရက်တွေကို ဘယ်လို ကျော်ဖြတ်ပြီး ခုလို အင်န်ဂျီအိုမှာ ရာထူးတစ်ခုနဲ့ အခြေကျအောင် ဘယ်လို ကြိုးစားခဲ့ရသလဲ....။
ကိုကိုသာ ရှိလျင်တော့ သူမ ကိုကို့ကို သနားကြင်နာစွာ မေးမိမည် ထင်ပါသည်.....။
အလို.. သူမ ကိုကို့ကို ခွင့်လွှတ်နိုင်လိုက်ပြီလား......။
မသေချာသော်လည်း သူမ ကိုကို့ကို လွမ်းနေတာကတော့ သိပ်သေချာပါသည်။
HIV ပိုးရှိပြီး လက္ခဏာ မပြသသော ကာလ (Latency Stage)ဒီကာလ မှာဆိုရင် ခန္ဓာကိုယ် ကိုယ်ခံအား ကောင်းမွန် လာလို့ ဗိုင်းရပ်စ် အကောင်ရေ လျော့နည်း နေသော အချိန် ဖြစ်ပြီး ကူးစက် ခံရသူ ၏ ကိုယ်ခံ အား အခြေ အနေ အရပ်ရပ် ပေါ် မူတည်ပြီး ၂ ပတ်မှ နှစ် ၂၀ ထိ ကြာမြင့် နိုင်ပါတယ်..
ကိုကိုကတော့ ရောဂါရှိမှန်း သိနေခဲ့တာ သုံးနှစ်ရှိပြီတဲ့..။
ထိုအချိန်က တက္ကသိုလ်ပြီးကာစ အသက် နှစ်ဆယ့်သုံးနှစ်အရွယ် လူငယ်လေး တစ်ယောက်သည် နိုင်ငံခြားထွက်၊ ကျောင်းဆက်တက်ပြီး ဘ၀ရည်မှန်းချက် အိပ်မက်တွေ အပြည့်နှင့်မို့ တက်ကြွနေခဲ့ပါလိမ့်မည်....။
ထိုစဉ်က ကိုကိုသည်လည်း သူမ အရွယ်ပဲပေါ့။
ကိုကို့ အိမ်မက်တွေ လဲပြိုခဲ့ရမှာပေါ့။
ကိုကို စိတ်ဓာတ်တွေ ကျနေခဲ့သလား....။
သူမသာ ကိုကို့ဘေးမှာ ရှိနေခဲ့လျှင်တော့ စိတ်ဓာတ်မကျအောင် အားပေးနိုင်ခဲ့ကောင်းရဲ့။
ဒီစာထဲကလို နှစ်နှစ်ဆယ်ထိ ကိုကိုသာ နေနိုင်ခဲ့ရင် သိပ်....ကောင်းမှာ........
(AIDS)ဒီအချိန် မှာ ဆိုရင် CD4 Cell အရေ အတွက် ဟာ သွေး တစ်မိုက် ခရို လီတာ မှာ ၂၀၀ အောက် ရောက်လာ ပြီး ခန္ဓာကိုယ် ခုခံအား လည်း ကျဆင်းလာ ပါတယ်.. အခုလို ခုခံအား ကျဆင်း လာချိန်မှာ အခြား သော အခွင့် အခါသင့် ရောဂါ များ (Opportunistic Infections) ပေါ်ပေါက် လာပြီး အသက် အန္တရာယ် ကို ခြိမ်းခြောက် လာပါတယ်.. တီဘီ (TB)၊ ခုခံအား ကျဆင်းချိန် ဖြစ်ပွား သော နမိုးနီးယား (PCP)၊ ရေယုန် (Herpes simplex)၊ မှက္ခရု (Oral Candidiasis)၊ အူလမ်း ကြောင်း ပိုးဝင် ခြင်း (Bacterial Enteric Infection)၊ အကျိတ် ကင်ဆာ များ (Non-Hodgkin Lymphoma & Kaposi's sarcoma) အစ ရှိသဖြင့် အခွင့် အခါ သင့်ရောဂါ များ ဖြစ်ပွား လာပါတယ်.. ခုခံအား ကျဆင်း ချိန်တွင် အများစု ခံစားရ သော ရောဂါ လက္ခ ဏာများမှာ ကိုယ်အ လေးချိန် မူလထက် ၁၀% ကျော် ကျဆင်းခြင်း၊ တစ်လ ထက်ကျော် ၍၀မ်း လျှောခြင်း၊တစ်လ ထက်ကျော် ၍ ဖျားခြင်း၊(တစ်သ မတ်တည်း (သို့) အတက် အကျ အားဖြင့် ဖျားတတ် ပါတယ်)မှက္ခရု ပေါက်လာခြင်း၊ ကြာရှည်စွာ ချောင်းဆိုးခြင်း၊ မောလာခြင်း၊အကျိတ်များ ထွက်လာခြင်း၊ အစ ရှိသဖြင့် ဖြစ်တတ် ပါတယ်..
ဖတ်နေရင်းက သူမ အာခေါင်တွေ ပိုပြီး ခြောက်သွေ့လာသည်...။
ဒီရောဂါအဆင့်သို့ ရောက်လာလျင်တော့ ထိန်းသိမ်းဖို့ မလွယ်ကူတော့ဘူးပေါ့။
ကိုကို့မှာ CD4 count ဘယ်လောက်များများ ကျန်နေသေးလဲ။
ကိုကို ပြောပြနေစဉ်က ငါးရာကျော် ကျန်သေးသည်တဲ့....။
ကိုကို ဖုန်းဆက်လာလျှင်တော့ ဘယ်လောက် ကျန်သေးလဲ မေးရဦးမည်...။
သူမရော.......။
သက်ပျင်းတစ်ချက်ကိုသာ ခပ်မောမော ချမိရင်း ဒီအချိန်မှာ သူမဆီ ကူးစက်နေပြီလား ဘာလားတွေ လျှောက်မတွေးမိအောင် ကြိုးစားကာ အာရုံတွေကို ပြန်စုစည်း ယူနေရ၏။

HIV ဗိုင်းရပ်စ် ကူးစက် နိုင်သော နည်းလမ်း များမှာ အများ သိရှိ ပြီးဖြစ်တဲ့ အတိုင်း ရောဂါ ပိုးရှိသူ နှင့် လိင်တူ လိင်ကွဲ ဆက်ဆံ ခြင်း၊ ရောဂါ ပိုးပါ သော သွေးသွင်း မိခြင်း၊ ရောဂါ ပိုးရှိ သူနှင့် ဆေးထိုး အပ် ဆေးထိုး ပြွန် မျှဝေ သုံးစွဲ ခြင်း - ဆေးမင် ကြောင် ထိုးခြင်း - ဓါတ်အပ် စိုက်ခြင်း၊ ရောဂါ ပိုးရှိသော သွေး/ ခန္ဓာကိုယ် အရည် များမှ ထိခိုက် ဒဏ်ရာ သို့ ထိမိ၍ ကူးစက်ခြင်း (ဥပမာ - ဆေးထိုး အပ်စူး မိခြင်း၊ ခန္ဓာ ကိုယ်ရှိ ပြတ်ရှ ဒဏ်ရာ - အခြား ဒဏ်ရာ များကို သွေးထိ မိခြင်း၊ မုတ်ဆိတ် ရိပ်ဓား မှ တစ်ဆင့် ထိရှ ကူးစက်ခြင်း)၊ ကိုယ်ဝန် ဆောင် မိခင် မှ ကလေး သို့ကူး စက်ခြင်း၊ စသည် တို့ ဖြစ် ပါတယ်..

ကိုကို့လက်ကို တံဇဉ်းထိုးမိတုန်းက သွေးတိတ်အောင် သူမက ကိုကို့လက်အား ငုံမိတော့ ကိုကိုက ကြောက်လန့်တကြား သူမကို တွန်းပစ်ခဲ့တာ၊ ကိုကို့ရဲ့ မုတ်ဆိတ်ရိတ်ဒါးကို သူမ ဆေးကြောပေးမည်ဆိုတော့ လုံးဝ အထိမခံခဲ့တာတွေ သတိပြန်ရလာသည်။
ကိုကိုလည်း သူမ ရောဂါပိုး ကူးမည်ကို သိပ် စိုးရိမ်နေခဲ့မှာပေါ့။
ဒါပေမဲ့ ကိုကိုက ဘာလို့.. သူမနဲ့.......
သူမ ဆက်မတွေးချင်တော့......။
ကိုကို ကိုယ်တိုင်က သူမကို ချစ်ရတာ သူမဘ၀ကို ဆွဲနှစ်နေတာမှန်း သေချာမှ စဉ်းစားမိပါလေစ။
စာတွေ ဖတ်ရင်း သူမမှာလည်း မကူးစက်နိုင်ဘူး ဆိုသည့် ရာခိုင်နှုံးက အပြည့်အ၀ မရှိတာ သေချာလာခဲ့ပြီ။
ကွန်ဒုံး သုံးနေလျက်က မတော်တဆ ကိုယ်ဝန်ရလာနိုင်သေးတာ သူမ ကြားဖူးသည်....။
ဒါဆို ကိုကို ဘယ်လောက်ပဲ ဒီ ကွန်ဒုံးကို သုံး ..သုံး....... အပြည့်အ၀ လုံခြုံမှု ရှိနိုင်မည်တဲ့လား။
HIV ကူးစက် ခံရ ခြင်းကို လုံးဝ ပျောက်ကင်း စေနိုင် သော ဆေးဝါး များ ယခု အချိန် ထိမ ပေါ်သေးပါ..
အောက်မှာ ရေးထားသော ရောဂါတားဆေးတွေကတော့ သူမ နားမလည်သည့်အတွက် ဖတ်ရုံတင် ဖတ်ထားပြီး ဘာမှ မသိ။
ဆေးကုသသည့် အပိုင်းတွေထဲမှ စာတစ်ပိုဒ်ကိုသာ သူမ အာရုံထဲ စွဲနေတော့သည်.....။

  1. HIV လူနာ တွင် သုံးသော ဆေးထိုး အပ် (သို့) ချွန်သော အရာဖြင့် ထိခိုက် စူးဝင် မိခြင်း၊
  2. HIV လူနာ မှ သွေး (သို့) အရည် များ ပါးစပ်၊ မျက်စိ စသည့် နူးညံ့ အရေပြား (Mucous membrane) သို့ စင်မိခြင်း၊
  3. HIV လူနာ မှ သွေး (သို့) အရည် များ ဒဏ်ရာ မရှိ သော ပုံမှန် အရေ ပြားသို့ များပြား စွာ ထိစင် မိခြင်း၊
  4. HIV လူနာ မှ သွေး (သို့) အရည် နှင့် ဒဏ်ရာ ရထားသော အရေပြား သို့ အနည်းငယ် သာ ထိမိခြင်း၊

ဒီလို မတော်တဆတွေကို အချိန်မရွေး သူမကြုံရနိုင်သည်....။
ကိုကိုလဲ သတိမထားမိ၊ သူမလဲ မသိလိုက်ပါပဲ ကြုံချင် ကြုံခဲ့မည်.....။
သူမမှာ ရောဂါ မကူးစက်နိုင်ပါဘူး ဆိုတာက၊ ကိုကို ပြောတဲ့ ရာခိုင်နှုံး နည်းပါတယ် ဆိုတာက ဘယ်လောက်ထိလဲတဲ့ကွယ်.....။
ခုချိန်မှာ သူမ ရောဂါမကူးပဲ လူကောင်းပကတိပါဆိုတာ သေချာသိရဖို့က သွေးစစ်ဖို့ပဲ ရှိတော့မည်ပေါ့။
အထက်ပါ အခြေ အနေ (၄) မျိုးတွင် ပထမ (၂) မျိုးသည် ဆေးသောက် ကာကွယ် ဖို့ လိုအပ်ပြီး ဒုတိယ (၂) မျိုးမှာ အခြေ အနေပေါ် မူတည်ပြီး စဉ်းစား ဆုံးဖြတ် ရမှာ ဖြစ်ပါတယ်... ဆေး (၃) မျိုး ကို ၄ ပတ်ကြာ သောက်ရ မှာ ဖြစ်ပြီး မတော် တဆ ထိတွေ့ မိပြီး ၂ နာရီ မှ ၂၄ နာရီ အတွင်း စသောက် ရပါမယ်.. အကယ်၍ ဆေးရ ရှိမှု အဆင်သင့် မဖြစ် ပါက ၄၈ နာရီ မှ ၇၂ နာရီ ထက် နောက်မကျ စေဘဲ ဆေးသောက် သင့်ပါတယ်.. ဆေးရဲ့ ဘေးထွက် ဆိုးကျိုး ရှိသဖြင့် ဆေးသောက် ရာမှာ လည်း နားလည် တတ်ကျွမ်း သော ဆရာဝန် ၏ ကြီးကြပ် စောင့်ကြည့် မှုအောက် တွင်သာ သုံးစွဲ သင့်ပါတယ်
ဒီလို ကာကွယ်ဖို့ နည်းလမ်းတွေ ရှိနေခဲ့ပေမဲ့ ချွတ်ချော်မှု တစ်ခုခုကြောင့် မသိခဲ့လျှင် ဘယ်သူက ဘာတတ်နိုင်ပါ့မည်လဲ....။
သွေးစစ်ပြီး ကံကောင်းထောက်မစွာနှင့် သူမမှာ ဘာရောဂါမှ မရှိခဲ့ဘူး ထားပါအုံး...။
သူမ.... ကိုကိုနှင့် ဟိုကိစ္စ မပြောနှင့်၊ နမ်းရှိုက်ရမှာပင် ကြောက်နေရတော့မည်။
နောက်ဆောင်းပါးတစ်ပုဒ်ကို ဖတ်ရတော့ သူမ ကံကောင်းနိုင်ပါ့မလား ဆိုသည့် မျှော်လင့်ချက်တွေက ပါးလျသွားရပြန်တော့သည်။
ပြည်ပရုပ်ရှင်ဗီဒီယို များတွင် တွေ့မြင်ရလေ့ရှိသည့် နှုတ်ခမ်းခြင်း ထိတေ့၍ ကြင်နာပေးခြင်းမှာ HIV/AIDS ရောဂါ ကူးစက်နိုင်ကြောင်း ဝေဘာဂီဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်လွင် ကပြောသည်။ လူ၏ တံတွေးတွင် HIV/AIDS ပါဝင်သည် ဟုဆိုသော်လည်း ရာခိုင်နှုန်းမှာ အလွန်နည်းကြောင်း၊ ပါးစပ်တွင် အနာရှိခြင်း၊ နှုတ်ခမ်းခြင်း တေ့စုပ်ချိန်တွင် အလွယ်တကူ သွားဖုံးသွေးယိုခြင်းတို့ဖြင့် HIV/AIDS အလွယ်တကူ ကူးစက်နိုင်ကြောင်း အဆိုပါပုဂ္ဂိုလ်က ပြောသည်။

ဘုရားသခင်...။
သူမ ပိုပြီး တုန်လှုပ်လာသည်။
ငယ်ကတည်းကရင်း သွားဖုံးမကောင်းသော သူမ၊ နည်းနည်းလေး ထိခိုက်မိရုံမျှနှင့် သွားဖုံးက သွေးထွက်တတ်သည်။
မှတ်မိသေးသည်...။
တစ်ခါသားမှာ ကိုကို့ အနမ်းတွေက မွတ်သိပ်မှု အပြည့်ဖြင့် ပြင်းရှလာတော့ သူမ သွားဖုံးနှင့် နှုတ်ခမ်းတို့က သွေးထွက်ခဲ့ဖူးသည်....။
ထိုစဉ်ကတည်းက ကိုကိုသည် သူမကို နမ်းလျှင် အမြဲ သတိထားကာ နမ်းတတ်တော့တာ သူမ သတိထားမိခဲ့သား။
ဒါဆိုရင်.... သူမ..... ဆက်မတွေးရဲအောင်ပင် ကြောက်စိတ်တို့က ကျောရိုးမမှတဆင့် တစ်ကိုယ်လုံး ပျံ့နှံနေတော့သည်။
ဘယ်လိုမှ မသေချာနိုင်တော့ဘူး.....။
သူမမှာ ဒီရောဂါသာ ရှိနေခဲ့ရင်... ဘုရား.. ဘုရား.......။
နာကျင်လာသော ရင်ဘတ်ကို လက်နှင့် ခပ်တင်းတင်း ဖိထားရင်းက သူမ မောဟိုက်လာသည်။

HIV+ အမျိုးသားနဲ့ HIV- အမျိုးသမီး လင်မယား၊ ခလေးယူရင် ရနိုင်လား.. မရနိုင်ဘူးလား သူမ ရှာကြည့်သေးသည်။ စိတ်ကျေနပ်လောက်သော အဖြေကို မတွေ့ရ...။
သူမမျှော်လင့်ထားသော မိသားစုနှင့် သိုက်သိုက်ဝန်းဝန်းဆိုသော ဘ၀လေးက လေထဲမှာတင် လွင့်ပါး ပျောက်ကွယ်သွားတဲ့ စိတ်ကူးမြူငွေ့တစ်ခုသာသာတဲ့လား..။
သူမ မှာသာရောဂါ ရှိခဲ့လျှင်၊ ရောဂါရှိလျက် ကိုယ်ဝန်ဆောင်မိခဲ့လျှင်.. ကလေး လေးကို ကူးစက်ဖို့ ၃၀% ရှိသည်တဲ့။ ကလေးကို ဗိုက်ခွဲမွေးမှ၊ နို့ချို မတိုက်ကျွေးမှ...၊ ဆရာဝန်နှင့် အမြဲ တိုင်ပင်ဆွေးနွေးနေပြီး ကာကွယ်ရေး စီမံချက် ဆေးဝါးတွေသောက်သုံးမှ ကလေးလေး အတွက် စိတ်ချနိုင်မည်တဲ့....။
အို.... ဒီလိုအခြေအနေမျိုးမှာ ကလေးယူဖို့ စဉ်းစားနေမိခဲ့ရင် သူမလောက် ရူးသွပ်မိုက်မဲသူ၊ ရက်စက်သွေးအေးတဲ့သူ... ရှိမှာ မဟုတ်တော့ဘူး....။
၇၀% က ကလေးအတွက် ကံကောင်းနိုင်သော်လည်း... သူမ ဘယ်လိုနည်းနှင့်မျှ မစွန့်စားရဲပါ..။
သူမက ကိုကို့လောက်တော့ အတ္တမကြီးနိုင်တာဖြင့် သေချာသည်။


အိတ်အိုင်ဗွီ ကာကွယ်ရေး နည်းလမ်းတစ်ခုဖြစ်တဲ့ လိင်ကိစ္စကိုရှောင်ကြဉ်ပါ(Abstinence) ။ သစ္စာရှိပါ (Be Faithful)။ ကွန်ဒုံးသုံးပါ (Use Condoms) တို့ရဲ့ အတိုကောက် ABC လို့ခေါ်တာပါ။ ဒီနည်းဟာ ထုံးတမ်းစဉ်လာ တန်ဖိုးတွေကို အလေးမူတဲ့အတွက် ကိုယ်ကျင့်တရား ထိန်းသိမ်းဖို့ လက်ခံတဲ့လူတွေ နှစ်သက်ကြပြီး အခြားသူတွေကတော့ ဒါဟာ သဘာဝမကျဘူး ကွန်ဒုံးသုံးရေးပေါ်မှာ ပိုပြီး အလေးပေး သင့်တယ်လို့ ပြောဆိုကြပါတယ်။
ဟင့်အင်း...။
ဒီရောဂါဆိုးကြီးဟာ လူတွေ သစ္စာရှိခဲ့ကြရင် ဒီလောက် ပျံ့ပွားစရာ အကြောင်း မရှိခဲ့ဘူး မဟုတ်လား။
ကိုယ့်ရဲ့ ကိုယ်ကျင့်တရားကို မထိန်းသိမ်းတဲ့ သူတွေကြောင့် အပြစ်မဲ့တဲ့ အိမ်ထောင်ဘက်တွေ ဘယ်လောက် ဒုက္ခရောက်ခဲ့ကြပြီလဲ.....။
လိင် ဖောက်ပြားလို့ မဟုတ်ပဲ တခြားသော နည်းလမ်းတွေနဲ့ ကူးစက်ခံရသူတွေ ဘယ်လောက်များပြီလဲ။
နောက်ပြီး သွေးလိုနေတဲ့ လူနာတွေအတွက် အရေးပေါ်သွေးကို သွေးလှူရှင်ရဲ့ သွေး သန့်၊ မသန့် မစစ်ဆေးပဲ ကိုကို့ လို ကူးစက်ခံရမှုတွေရော ရှိနေခဲ့မယ်ဆိုရင်......
သူမသည် တွေးရင်း၊ တွေးရင်းက ကံကြမ္မာကို နာကျည်းလာသည်။
သစ္စာမဲ့သော သူတွေကို မုန်းတီးလာသည်...။
ဒီရောဂါရဲ့ အစ တရားခံက ဘယ်သူလဲ။
သူမတို့ဆီကို ဒီလို ကျိန်စာဆိုးကြီး ဘာကြောင့် စေလွှတ်လိုက်ရသလဲ......။
ဟင့်အင်း.... နောက်ဆုံး အဖြေရှာ မရတော့ စားပွဲခုံပေါ် မျက်နှာ မှောက်ချလျက် သည်းသည်းထန်ထန်သာ ငိုကြွေးလိုက်တော့သည်။


အခန်း ၉။

လေပြည်တစ်ချက်က ဝေ့ခနဲ တိုက်လာ၏။
လေထဲမှာ မိုးနံ့ကို ရလိုက်သလား။
မိုး ရွာတော့မှာလား။ သူမ မသေချာပါ။
အိမ်မပြန်ချင်သေး....။
ဒီကန်လေး ရှိရာ ဥယျာဉ်လေးကနေ မိနစ်နှစ်ဆယ်လောက် လမ်းလျှောက်လိုက်ရုံမျှနှင့် သူမတို့ နေထိုင်ရာ တိုက်ခန်းသို့ ရောက်နိုင်သည်။
မနက်ဖြန်တော့ ကိုကို ပြန်လာတော့မည်....။
သူမ သွေးသွားစစ်သည့်အခါ သူမဘေးမှာ ကိုကို ရှိချင်သည်၊ အားပေးချင်သည် တဲ့။
ကိုကိုလည်း သူမလို စိတ်လှုပ်ရှားနေမှာလား။
ကိုကို ထွက်မသွားခင်က ပြောသွားသော စကားတွေကို ပြန် အမှတ်ရလာသည်။

“ကိုကိုလည်း သွေးနဲ့ သားနဲ့ တည်ဆောက်ထားတဲ့သူ၊ နှင်းလဲ သွေးနဲ့ ကိုယ် သားနဲ့ ကိုယ်ပဲလေ။ လင်မယားကြားမှာ ကိုယ်ခန္ဒာချင်း ရင်းနှီးဖို့ ဆိုတာ လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခု။ နှင်းရဲ့သွေးသား၊ ကိုကို့ရဲ့ သွေးသားတွေက ဘယ်လောက် ထိန်းချုပ်ထား ထား။ တစ်ခါတစ်လေတော့ စိတ်ဆန္ဒ ရှိကြ၊ တောင့်တ မိကြမှာပဲ။ ကိုကိုတို့က အာသဝေါ ကုန်ခမ်းနေတဲ့ ရဟန္တာတွေမှ မဟုတ်ကြတာ။ ခုလို ကိုကိုက နှင်းကို တောင်းဆိုမိတဲ့အခါ ၊ နှင်း တစ်ခါ ငြင်းပယ်လိုက်တိုင်း ကိုကို ဘယ်လောက် နာကျင်ရလဲ။ အားငယ်ရလဲ ဆိုတာ နှင်း သိရဲ့လား။ ကိုကို့ ရောဂါအကြောင်း နှင်း သိသွားလို့ အရင်လို နှင်း ကိုကို့ အပေါ် မချစ်တော့ဘူးလို့ ခံစားရတယ်။ ကိုကို့စိတ်တွေ ထိန်းချုပ်နိုင်အောင် နှင်းနဲ့ ဝေးဝေးမှာ ကိုကို ခဏဖြစ်ဖြစ် နေမှ ရမယ်”

ကိုကိုက “ဘာရောဂါမှ မကူးစေရဘူး စိတ်ချ” လို့ ဘယ်လောက်ပြောပြော သူမက ကြောက်နေမိတာ မှားသလား...။
ဒါဟာ နှင်းက ကိုကို့အပေါ် တကယ် မချစ်လို့၊ ကိုယ့်ကိုကိုယ် ပိုချစ်တဲ့ အတ္တစိတ် ရှိလို့ဆိုပြီး ကိုကို အပြစ်ယူချင်သလား....။
ဒါဆို နှင်းအတွက် အန္တရယ် ရှိမှန်း သိသိနဲ့ ဆုံးဖြတ်ခွင့်မပေးပဲ ကိုကိုနှင်းကို လက်ထပ်ခဲ့တာဟာလည်း ကိုကို အတ္တကြီးလို့ပဲပေါ့.....။
ကိုကိုနဲ့ အဲဒီလို မနေနိုင်တာ နှင်း ကိုကို့ကို မချစ်တော့လို့မှ မဟုတ်တာ။
ကိုကို ဘာကြီးပဲ ဖြစ်နေ၊ ဖြစ်နေ နှင်း ကိုကို့ ကို စွန့်လွှတ်သွားမှာ မဟုတ်ဘူး..။
သိသိချင်းမှာ နာကျည်းမိပေမဲ့၊ ကိုကို့ရဲ့နှင်းအပေါ်ချစ်တဲ့စိတ်၊ နှင်းရဲ့ ကိုကို့အပေါ် ချစ်တဲ့ စိတ်တွေက နှင်းကို မုန်းခွင့် မပေးခဲ့ဘူး.....။
ကိုကို့ကို နောက်ဆုံး အချိန်ထိ နှင်း ပြုစုစောင့်ရှောက်သွားမှာပါ။
နှင်း ကတိပေးပါတယ်.....................။
နှင်းရဲ့ အချစ်၊ နှင်းရဲ့သစ္စာ၊ ကိုကို့အပေါ်ထားတဲ့ နှင်းရဲ့ မေတ္တာကို တစ်နေ့တော့ ကိုကို နားလည်လာပါလိမ့်မယ်.....။
သူမ တတွတ်တွတ် ပြောနေမိသော စကားလုံးများက လည်ချောင်းဝက ထွက်မလာနိုင်ခဲ့ကြပဲ စိတ်ထဲမှာသာ ဆူဝေပေါက်ကွဲ နေခဲ့သည်။

ကိုကို ထွက်မသွားခင်ကလို အအိပ်ပျက်၊ အစားပျက်နှင့်များ ဒီတစ်လလုံးလုံး နေလေသလား။
ကိုကိုဖုန်းဆက်လာတုန်း သူမက မေးကြည့်တော့ “ကိုကို့မှာ CD4 Count က လေးရာ့ခုနှစ်ဆယ်နီးပါးပဲ ကျန်တော့တယ်။ ဒီတစ်လအတွင်း တစ်ရာနီးပါး ကျသွားတယ်” တဲ့....။
သူမ စိုးရိမ်ကာ ကျန်းမာရေးကို ဂရုစိုက်ဖို့ မှာရသေးသည်။
ကိုကို့ကို နှင်း အချစ်မပြယ်တာ သိစမ်းပါကွယ်....။

“နှင်း ကိုကို့ကို ချစ်နေသေးတယ် ဆိုရင် ကိုကို ကျန်းမာပါတယ်။ နှင်းအတွက် ကိုကို အသက်ရှင်နေတာပါ”

သူမသည် ကိုကို့ကို လွမ်းဆွတ်စွာဖြင့် ငိုကြွေးမိသေးသည်....။
တကယ်လို့များ ကိုကို လာသည့်အခါ တောင်းဆိုလာပါက ကိုကို့စိတ်ချမ်းသာဖို့အတွက် သူမ လိုက်လျောလိုက်တော့မည်....။
စိတ်ဓာတ်ကျဆင်းကာ ကြေမွနေသော ကိုကို့ မျက်နှာကို သူမ မကြည့်ရက်နိုင်တော့ပါ။
သို့သော် သူမ၏ စိတ်တို့က ထိုအချိန်မျိုးတွေတိုင်း ယခင်ကလို စိတ်ကျေနပ်မှုတို့ထက် ခြောက်ခြားလှသော အိပ်မက်ဆိုးတို့ မက်နေရမှာကိုတော့ ကိုကို နားလည်ပေးနိုင်ရပါလိမ့်မည်....။
မနက်ဖြန်ကျ သွားစစ်ရမည့် ဆေးစစ်ချက်၏ အဖြေလွှာသည် အကောင်းလဲ ဖြစ်ချင်ဖြစ်မည်...။
အဆိုးလဲ ဖြစ်ချင်ဖြစ်မည်။ ဘာပဲဖြစ်ဖြစ် ထိုအဖြေကို သူမ လက်ခံနိုင်ရမည်....။
ထိုသို့ လက်ခံနိုင်ဖို့အတွက် ကို့ကို့ လက်ဖ၀ါးများနှင့် သူမကို နွေးထွေးစွာ ဆုပ်ကိုင်ထားပေးဖို့တော့ လိုပါလိမ့်မည်။

သို့သော်....အရာ အားလုံးသည် ဘာမှ မသေချာတော့။
သူမ၏ အနာဂါတ်ထဲမှ မိသားစု ကမ္ဘာ ပုံရိပ်လေးများစွာလည်းေ၀၀ါးလို့ သွားခဲ့ကြပြီ...။
သူမ ဖေဖေ၊ မေမေ၊ မိသားစုနှင့် ပါတ်ဝန်းကျင် အသိုင်းအ၀ိုင်းတွေကို ဘယ်လိုရင်ဆိုင်ရမည်လဲ။
လိမ္မာတဲ့ သမီးဟု အမြဲ လက်မထောင်နိုင်ခဲ့သော ဖေဖေနှင့် မေမေ...
အပြစ်မဲ့သော သူမ၏ မိသားစု သူတပါး တံတွေးပင်လယ်ခွက်ထဲ မျောသွားရနိုင်သည်။
မျက်ရည်များက ပူလောင်ခါးသီးစွာဖြင့် စိမ့်အိုင်ကျလာပြန်သည်...။

“တပည့်တော်မသည် သိတတ်စ အရွယ်ကတည်းက မိဘကို လုပ်ကျွေးပြုစုခဲ့သူ ဖြစ်ပါသည်။ ဤမှန်သော သစ္စာစကားတို့ကြောင့် တပည့်တော်မထံသို့ မည်သည့် ဘေးအန္တရယ်မျှ မကျရောက်ပါစေနဲ့ ဘုရား

နောက်ဆုံးတော့ သူမသည် ကံကြမ္မာ ဇာတ်ဆရာ ကခိုင်းသည့် အတိုင်းသာ ရှေ့ဆက် ကပြရတော့မည်ထင်ရဲ့။
ခလုတ်ထိမှ အမိတ... သလို အရှင်မြတ်စွာဘုရားသခင်ကို စိတ်တွင်းမှ လက်အုပ်ချီ ကန်တော့ရင်း တစ်ခါမှ မပြုခဲ့ဖူးသော သစ္စာ တစ်ခုကို တိုင်တည်မိလေတော့သည်။



**********************

ညက တဖြည်းဖြည်း ရင့်ရော်လာခဲ့ပြီ...။
ပန်းခြံလဲ ပိတ်ပြီ....။
လျှောက်လှမ်းရမည့် လမ်းကို မျှော်ကြည့်လိုက်တော့ လရောင်အောက်မှာ ၀ိုးတ၀ါး....
ဖျတ်ကနဲ ဆွဲမွှေ့လိုက်တဲ့ လေရူးနဲ့အတူ ဆတ်ဆတ်ခါနေအောင် ဆောက်တည်ရာမရနေမိသော စိတ်က ရူးသွပ်ချင်စရာကောင်းလွန်းလှသည်..။
ဖြစ်နိုင်လျှင်..အကျယ်ကြီးဟစ်အော်ပစ်လိုက်ချင်သည်..။
ဖြစ်နိုင်လျှင်... အဲသည် ၀ိုးတ၀ါး မမြင်သာသည့် လမ်းမမှာ.. တစ်ယောက်တည်း အတားအဆီးမဲ့ ထွက်ပြေးလိုက်ချင်သည်..။
အို..... လွတ်မြောက်မယ်မှန်းမသေမချာပေမယ့်ပေါ့..လေ..။
ဖြစ်နိုင်လျှင်..ဘာတွေဖြစ်နေချင်သေးလဲ...
ဖြစ်နိုင်လျှင်..အရာအားလုံးကို ဘာမှမဖြစ်စေ့ချင်သလို
ဖြစ်နိုင်လျှင် ဖြစ်ခဲ့တာတွေကို အဆုံးသတ်ပစ်ချင်လှပါသည်..။
အားးးးး............ဖြစ်နိုင်လျှင် မနက်ဖန်ဆိုတာ မရှိချင်တော့တာပါလေ....။
ကောင်းကင်ဆီမော်ကြည့်လိုက်တော့ လမင်းကရွှန်းလက်နေခဲ့သည်..။
လရောင်ရဲ့အေးမြမှုက သူမကိုနည်းနည်းလေးမှ သက်ရောက်နိုင်စွမ်းမရှိတော့။
လရောင်အောက်မှာ တမေ့တမော ထိုင်ပြီး ငြိမ်းအေးနေရသော အရသာကို သူမ သိပ်ကို စွဲလမ်းခဲ့ဖူးပါသည်..။
အဲဒီလို အေးမြသည့် အလင်းရောင်တွေ ပေးနိုင်တဲ့ နတ်သမီးလေးများ ဖြစ်ခဲ့ရင်.....
ဒါမှမဟုတ်... အဲဒီ လရောင်ကို သူမရဲ့ အိမ်တံစက်မြိတ်မှာ ချိတ်ဆွဲထားလိုက်ရရင်.... သူမ စိတ်ကူးတွေ သိပ် ယဉ်တတ်ခဲ့ဖူးသည်။
ကန်ရေထဲမှာ..နောက်လတစ်စင်းက အေးချမ်းတည်ငြိမ်လွန်းစွာ လင်းပလို့နေသည်..။
ဒါ ဟာလည်း..လမင်းတစ်စင်းပါပဲ..
သူမကို ကဝေလို အမြဲညှို့ယူဖမ်းစားနေခဲ့တဲ့ လရောင်ပါကွယ်..။
လေပြေသံစဉ်လှိုင်းမှာ လှိုင်းကြက်ခွပ်လေးတွေနှင့်အတူ လူးလွန့်သွားသော လရိပ်အလင်းရောင်က ကဝေတစ်ကောင်ကနေသလို ခြောက်ခြား ညွှတ်နူးဖွယ်ရာ ကောင်းလွန်းလှသည်..။
သူမ ကန်ရေထဲ တိတ်တဆိတ်လေးဆင်းပြီး လမင်းကို ဆယ်ယူချင်တာများလား.....
အို.....အဲသည့် အရိပ်အယောင်လေးပဲရှိတဲ့ လမင်းကိုတောင် သူမပိုင်ဆိုင်ခွင့်မရှိခဲ့ပါ...
အရိပ်အယောင်လေး....
အဲသလိုအရိပ်အယောင်ပြနေသည့် ကဝေတစ်ကောင်၏ကကြိုးကွက်ထဲမှာ..သူမက အဆုံးစွန်အထိ မူးမိုက် ရူးနှမ်းနေပုံကို သူမကိုယ်တိုင် တူးတူးခါးခါး မုန်းတီးနေမိသည်..။
ဟုတ်တယ်..
ဒီအချိန်မှာ သူမ အမုန်းဆုံးနဲ့ သူမ အသနားနေမိဆုံးကတော့ သူမကိုယ်သူမသာ ဖြစ်နေခဲ့သည်လေ...။

###### ပြီးပါပြီ ######

1st December 2009, World AIDS Day အတွက် အမှတ်တရ ရေးဖွဲ့ပါသည်။

မိုးကုတ်သား





ဤ၀တ္ထုပါ အကြောင်းအရာသည် စာရေးသူ၏ စိတ်ကူးသက်သက်ဖြင့် ရေးဖွဲ့ထားခြင်း ဖြစ်ပါသည်.။ မည်သူ့ကိုမျှ မရည်ရွယ်ပါ။
ဤ ၀တ္ထုထဲတွင် မှားယွင်းစွာ ဖော်ပြထားသည့် အချက်အလက်များ ရှိပါက စာရေးသူ၏ အမှားသက်သက်သာ ဖြစ်ကြောင်း......။
(စာကို အဆုံးထိ ဖတ်ပေးကြတဲ့အတွက်လဲ မိတ်ဆွေတို့ကို...ကျေးဇူးတင်ပါတယ်..။ တော်တော်လေး ကြိုးစားအားထုတ်ပီး ရေးထားရတဲ့ စာလေး ဆိုတော့ ရှည်နေတဲ့အတွက် အဆုံးထိ မဖတ်ကြမှာ စိုးလို့ပါ။)

ကျွန်တော် အင်တာဗျူးသမျှ စိတ်ရှည်လက်ရှည်နဲ့ သေချာ ဖြေပေးခဲ့ကြသော မောင်နှမများကိုလည်း ကျေးဇူး အထူး တင်ရှိကြောင်း ပြောချင်ပါတယ်။
HIV / AIDS အတွက် လိုအပ်နေသည့် သတင်းအချက်အလက်များကို ဖြည့်စွက် အသိပေးကြမည် ဆိုပါကလည်း ကျေးဇူး အထူး တင်ရှိပါတယ်ခင်ဗျား။


လူသားအားလုံး AIDS ရောဂါကို ကာကွယ်တားဆီးနိုင်ကြပါစေ။

နောက်ဆက်တွဲ



(နှင်း နဲ့ ကိုကို လို ဘ၀မျိုးတွေ ဘယ်လောက် များနိုင်မလဲ...။ နောက်..... ကျန်းမာရေးနဲ့ ပက်သက်ပြီး ဗဟုသုတ နည်းခဲ့ကြလို့ အချိန်မှီ ကြိုတင်ကာကွယ်နိုင်မှူမရှိခဲ့ကြတဲ့ ရောဂါရှင်မိဘတွေက မွေးဖွားလာခဲ့ ကြရတဲ့ ၊ မွေးကတည်းက ဘာမှန်းမသိလိုက်ရပဲ ရောဂါဆိုးကြီး အမွေဆက်ခံထားကြရသော ကလေးငယ်လေးတွေရဲ့ ဘ၀ဟာ အင်မတန် သနားစရာ ကောင်းလွန်းလှပါတယ်။ အဲဒီလို အပြစ်မဲ့ ခလေးငယ်တွေ လူ့လောကထဲ ဘယ်လောက်များများတောင် ရောက်လာခဲ့ကြရရှာပြီလဲ.......။ သူတို့လေးတွေအတွက် ကျွန်တော်တို့ တတ်နိုင်သမျှလေး ကူညီစောင့်ရှောက်ကြပါစို့လားခင်ဗျာ...။)



လူသားအချင်းချင်း စာနာကူညီခြင်း မေတ္တာဖြင့် အားလုံး ငြိမ်းချမ်းနိုင်ကြပါစေ။ ။



မေတ္တာဖြင့်
မိုးကုတ်သား

Wednesday, May 26, 2010

ထိုတစ်နေ့



" ထိုတစ်နေ့ " မစတင်ခင်ကရင်း.... အမှတ်တရ ကဗျာလေး တင်ဖို့ လုပ်နေရင်း.... ဖြတ်သန်းခဲ့တဲ့ မွေးနေ့တွေအကြောင်း နောက်ပြန်တွေးနေမိတယ်...။

ငယ်ဘဝမှာ မွေးနေ့ပွဲဆိုတာ မလုပ်ဖြစ်သလောက် ရှိရုံမက မွေးနေ့ဆိုတာကို မေ့ မေ့နေဖြစ်တဲ့ နှစ်တွေက အများသားရယ်...။

တကယ်လို့ မွေးနေ့ကို အမှတ်ရရင်လဲ ဘုန်းကြီးဆွမ်းကပ်၊ ဆွမ်းလောင်း အဲဒီလောက်ပဲပေါ့....။

မွေးနေ့ဆိုတာကို တခုတ်တရ သိပ်မရှိလှပေမဲ့ အမှတ်တရ ရှိသွားတဲ့ မွေးနေ့လေးတွေတော့ ကြုံဖူးခဲ့တယ်..။

မှတ်မှတ်ရရ... Design 2000 မှာ မေလဖွား ညီမလေးတစ်ယောက်နဲ့ မွေးနေ့ ကို စုပေါင်းပြီး လုပ်ဖြစ်ကြတာမျိုး....

နောက်တော့ 2007မှာ သယ်ရင်းတွေကို ရှမ်းခေါက်ဆွဲ ကျွေးဖြစ်ခဲ့တာ.... အဲဒီ သယ်ရင်းတွေ အားလုံးက ကျွန်တော့် မွေးနေ့ကို ရှမ်းခေါက်ဆွဲနဲ့ တွဲ အမှတ်တရ ဖြစ်သွားတဲ့ထိ လက်ရာကောင်းခဲ့တာကိုး.. (မယုံ မေးကြည့်ကြပါ :-P )

2008မှာတော့ ကျွန်တော် မေ့လျေားနေခဲ့တဲ့ မွေးနေ့ကို ကျွန်တော့် ချစ်လှစွာသော အမေသုံးယောက်ရယ် တီချယ်နှစ်ယောက်ရယ် သယ်ရင်းတစ်ချို့ရယ် တိတ်တဆိတ် စီစဉ်ပြီး လုပ်ပေးတဲ့ ပါတီလေးတစ်ခုနဲ့ ပျော်ရွှင်စေခဲ့တယ်။

2009မှာတော့ ကျွန်တော့်ဘဝထဲ အမြဲအမှတ်တရ ဖြစ်စေမဲ့ ညီငယ်လေးတစ်ယောက်ကို ကျွန်တော့်မွေးနေ့ နဲ့ ပတ်သက်ပြီး အမှတ်တရ.. ကောက်ရခဲ့တယ်......

ခု 2010မှာရော......


" ထိုတစ်နေ့ " က... ထုံးစံအတိုင်း လကုန်ခါနီးရက်ဆိုတော့ ရေခန်းနေတဲ့ အချိန်ပေါ့....

ကိုယ်ကချစ်တဲ့ ကိုယ့်ကိုချစ်တဲ့ သယ်ရင်းတွေ.. မောင်နှမတွေကို ကျွေးမွေးချင်စိတ်ရှိပေမဲ့ ဆန္ဒကို အသာ ဘေးချထားရတဲ့ နေ့ပေါ့....

အလုပ်ကလဲ ထွက်ထားတဲ့ လ.....

သယ်ရင်းတွေက စိတ်လိုက်မာန်ပါ ကျွန်တော် အလုပ်ထွက်ခဲ့လို့ စိတ်ပူပြီး အလုပ်သစ်ကို ဝိုင်းရှာပေးနေကြတယ်..

သယ်ရင်းတွေရဲ့ စေတနာမေတ္တာနဲ့ ရင်ထဲ နွေးထွေးခွန်အားရှိရချိန်မှာ..

အလုပ်သစ်ကလဲ အဆင်ပြေပါ့မလား.. ရင်နဲနဲ ပူနေရတဲ့အချိန်မှာ......

" မွေးနေ့ ဘာကျွေးမှာလဲ... "

" မိန်းမယူဖို့ အချိန်သိပ်နောက်ကျနေမယ်နော်.. "

" မစွံသေးဘူးလား " ဆိုတဲ့ မေးခွန်းတွေက ကျွန်တော့်ကို စိတ်ဓာတ်တော့ နဲနဲ ကျနေစေခဲ့တာ အမှန်

နောက်တော့ မွေးနေ့မတိုင်ခင်မှာ မွေးနေ့ အမှတ်တရအတွက် ကျွန်တော့် ချစ်သော ညီငယ်လေး ဖိုးစိန်က ပို့စ်တစ်ပုဒ်ရေးတင်ခဲ့တယ်...

" မွေးနေ့အတွက် လက်ဆောင်က အဲတာ အပြီးပဲနော် " လို့လဲ တစ်ဆက်တည်း ဖိုးစိန်က ပြောထားသေးတယ်....

ကျွန်တော် မွေးနေ့ မလုပ်နိုင်ပေမဲ့ အဲဒီ ပို့စ်လေးနဲ့ ကြည်နူး ပီတိ ဖြစ်ခဲ့ရတာပေါ့...။

၂၄ရက် ကနေ ၂၅ရက်ကို ကူးပြောင်းတဲ့ အချိန် ည ၁၂နာရီ ဒေါင်ကနဲကနေ.. ဖုန်းဆက်ပြီး မွေးနေ့ဆုတောင်းပေးသူတွေ၊ ဖုန်းနဲ့တစ်မျိုး မေးလ်နဲ့တစ်မျိုး စာပို့ ဆုတောင်းပေးတဲ့ သူတွေကို ဖုန်းဖြေရင်း၊ စာပြန်ပို့ရင်း၊ နောက် အမှတ်တရ ကဗျာလေးတွေ တင်ဖို့လုပ်ရင်း အလုပ်များနေတဲ့ ကျွန်တော့်ကို အိမ်က မောင်နှမတွေက ကြည့်မရကြတော့ဘူး ထင်ပါရဲ့။

" မွေးနေ့လေး ရောက်တာများ ဘာထူးဆန်းတာ ကျလို့၊ မျက်စိကို နောက်တယ် " လို့ ပြောနေကြသေးသည်...

ထူးဆန်းတာက... ကျွန်တော့် အနီးအနားမှာ ရှိနေတဲ့မောင်နှမတွေရော.. ခပ်လှမ်းလှမ်းက မောင်နှမတွေဆီကရော အသံတွေ တိတ်နေကြတာပဲ... မျိုးနဲ့ ဆောင်းဆီက ဖုန်းထဲ ဝင်လာတဲ့ ဆုတောင်းစာက လွဲရင် အကုန်လုံး အသံတွေ တိတ်နေကြသေးတာ...

" ကြည့်စမ်း.. ကိုကို့ကို ချစ်ပါတယ်.. ခင်ပါတယ်ဆိုတဲ့ မောင်နှမတွေ ဘယ်သူကများ ကိုကို့ မွေးနေ့ကို သတိရကြလဲ.. စာလေးတစ်စောင်တောင် လှမ်းပို့ကြသလား.... ချစ်ညီမ ဆိုတာကလဲ အစောကြီး ဝင်အိပ်တာ သိုးနေလောက်ပီ.. ဟက်ပီဘာ့သ်ဒေးလေးတောင် မလုပ်နိုင်ဘူးးး.. ချစ်ကြတာ.. ချစ်ကြတာ...."

ဖိုးစိန်ပြောမှပဲ လူက စိတ်မကောင်းချင်ချင် ဖြစ်လာတော့တယ်...

ဟုတ်ပါရဲ့ဗျာ..... ဘရက်ဒယ် မောင်နှမတွေ အကုန်လုံးက တစ်ယောက်ယောက်မွေးနေ့ဆို စုစည်းဆူညံ ပျော်ရွှင်နေကြတာ.. ကိုယ့်မွေးနေ့ကျမှ အိမ်ကို ဘယ်သူမှလဲ မလာ.. ဆုတောင်းလေးတောင် ဖုန်းနဲ့ လှမ်းပြောဖော် မရကြဘူးးး

ခုမှ တကယ် စိတ်ထဲ မကောင်းဖြစ်သွားသလိုလို.......

အလုပ်ကနေ သန်းခေါင်ကျော်ထိ မပီးသေးလို့ မနက်လင်းခါနီး လေးနာရီခွဲလောက်မှ အလုပ်ကနေ ပြန်လာရတဲ့ ၊ အကိုတော်ကို ချစ်လှပါချည်ရဲ့ ပြောလွန်းတဲ့ ညီမလေးကလဲ သူ ပြန်မလာမချင်း စိတ်ပူပီး အိပ်မပျော်ဖြစ်နေတဲ့ ကျွန်တော်.. သူပြန်လာလို့ အိမ်တံခါး ထဖွင့်ပေးတော့တောင် ဟက်ပီဘာ့သ်ဒေး တစ်ခွန်းမပြော..

အို ... အရင်ကလဲ မွေးနေ့ဆိုတာ ဒီလိုပဲ ကျော်ဖြတ်သွားခဲ့တာပဲမဟုတ်လား.. ဘာကြောင့် ဒီတစ်နှစ်ကျမှ စိတ်ထဲ ဝမ်းနည်းချင်နေရတာပါလိမ့်....

ကြိုးစားပြီး အိပ်ပေမဲ့ ထိုတစ်နေ့၏ အစဦးမှာ ကျွန်တော့်ရင်ထဲ တစုံတရာက လွတ်ဟာလို့ နေခဲ့တာ....

" ကိုကို.. ထတော့လေ.. ဘုန်းကြီးကျောင်းသွားမှာဆို... သွေး သွားလှူမယ်ဆို.. ရုံးကလဲ ခေါ်ထားသေးတယ်ဆို...."

ကျွန်တော့် မွေးနေ့ကို ဂရုမစိုက်ပဲ၊ နောက်ပြီး... ကျွန်တော့်ဘေးမှာ အတူ မလိုက်ပေးပဲ ဒီနေ့မှ ကျောင်းမှာ ပရောဂျက်ရှိလို့ ညရှစ်နာရီအထိ နေရမယ် ပြောတဲ့ ဖိုးစိန်ကိုလဲ စိတ်က သိပ်မကျေနပ်.. သို့သော်... မွေးနေ့ အမှတ်တရ ပို့စ်လေး တင်ပေးပြီးတုန်းကရင်း မွေးနေ့မှာ ဘာလက်ဆောင်မှ မလိုတော့ဘူး ကျေနပ်ပီ ပြောထားခဲ့ပြီးသား.. အင်းလေ ဘယ်တတ်နိုင်မှာလဲ..

ကျွန်တော်တစ်ယောက်တည်း သွားရုံပေါ့....

မသွားချင် သွားချင်နှင့် အချိန်ဆွဲနေသော ကျွန်တော့်ကို ပြာဂျီးနှင့် ဖိုးစိန်က စိတ်မရှည်တော့...

" သွားတော့လေ.. အိမ်ကို ဘယ်အချိန် ပြန်ရောက်မှာလဲ... အိမ်ပြန်လာဖို့ အချိန်မရရင်လဲ ညနေကျ စီးတီးဟောမှာ စောင့်နေ.. မောင်ကိုကို နဲ့လဲ ကော်ဖီဆိုင်မှာ ချိန်းထားသေးတယ်မလား.. အဲတာပြီးမှ အိမ်ပြန်လာခဲ့ပေါ့....."

ဇွတ်အတင်း အိမ်ကနေ နှင်ထုတ်နေတော့ ကျွန်တော်လည်း စိတ်သိပ်မပါလှစွာ အိမ်ကနေ ထွက်ခဲ့တယ်...

တော်ပါသေးရဲ့..... မျိုးက အလုပ်ကနေ ခွင့်ယူထားပြီး ကျွန်တော် သွားလေရာ ဘေးမှာ အဖော်လိုက်ပေးတော့ ငြိမ်ချက်သား ကောင်းစွာ တိတ်ဆိတ်နေကြသော မောင်နှမတွေကြောင့် စိတ်မကောင်းဖြစ်ချင်နေတာတွေက အနည်းငယ် သက်သာရာ ရသေးသည်..။

ထိုနေ့က အိမ်ကနေထွက်တော့ နေ့လည် ဆယ့်တစ်နာရီခွဲ လို့ နေခဲ့ပြီ..။ ဘုန်းကြီးကျောင်းသွားကာ တစ်ခုခု လှူချင်သော်လည်း ရုံးက ခေါ်ထားတာ နေ့လည် ဆယ့်နှစ်နာရီခွဲ.. အချိန်က သိပ်မလောက်တော့..။ ဒီတော့ ဘုန်းကြီးကျောင်းကို မသွားသေးပဲ ရုံးဘက် အရင် သွားလိုက်သည်...။ ကျွန်တော် ထင်ထားသည့်အတိုင်း.. ရုံးက သူဌေးနှင့် လုပ်ဖော်ကိုင်ဖက်တွေက ကျွန်တော့် မွေးနေ့အတွက် အမှတ်တရ နေ့စာကို စားသောက်ဆိုင်တစ်ခုမှာ ခေါ်ကျွေးကြခြင်း ဖြစ်သည်..။ ကျွန်တော့်အတွက် မွေးနေ့ ဆုတောင်းပေးကြ၊ စကားတွေ ပြောကြနှင့် စားသောက်ဆိုင်က ထွက်လာတော့ နေ့ နှစ်နာရီခွဲကျော်နေခဲ့ပြီ..။ သောကြာနေ့အတွက် ဒန်ပေါက်မှာဖို့ ကိစ္စ.. သွေးသွားလှူဖို့ ကိစ္စ.. ဘုန်းကြီးကျောင်းသွားဖို့ ကိစ္စတွေနှင့် လူက စိတ်လောနေရသေးသော်လည်း ဘရာဒဲ မိသားစုတွေဆီ စိတ်က ရောက်သွားတိုင်း ကျွန်တော့် မွေးနေ့ကို နေနိုင်လိုက်ကြတာ ဟု စိတ်က မကောင်းဖြစ်နေချေသေး၏။

ဘယ်သူကမှလဲ ဖုန်းမဆက်ကြသလို ဘယ်ရောက်နေလဲ ဘာလုပ်နေလဲဆိုတာကအစ အရင်လို ဖုန်းဆက်မေးကြသူတွေ မရှိ... တကယ့်ကို အသံတွေ တိတ်နေကြတာကတော့ နားမလည်နိုင်..။

ဒန်ပေါက်မှာသည့် ကိစ္စ ပြီးတော့ သွေးသွားလှူဖို့ ဆေးရုံကို သွားသည်။ အမှန်အတိုင်း ပြောရလျှင်တော့ ကျွန်တော့်မှာ သွေးမြင်လျှင် မူးတတ်သော ရောဂါ ရှိပါသည်။ ကျွန်တော် ငယ်ငယ်က ဆေးထိုးအပ် မြင်တိုင်း ကြောက်တတ်ပြီး ဆေးထိုးပေးလျှင် လူတစ်ကိုယ်လုံး အကြောတွေ တောင့်တင်းနေတတ်သောကြောင့် ဆရာဝန်တွေ ဆေးထိုးတိုင်း ကျွန်တော့်ကြောင့် စိတ်ညစ်ရစမြဲ..။ အသားနားမှာ ဆေးထိုးအပ် နီးကပ်လာတိုင်း စိတ်တွေ ဘယ်လောက် မကြောက်အောင် လျှော့ထားထား ကြွက်သားနှင့် အကြောတွေက သူ့ဘာသာ တောင့်တင်းသွားတတ်တာက ကျွန်တော် ဘယ်လိုမှ မတတ်နိုင်..။ ကဲ.. ဘယ်လို ဖြစ်ဖြစ် ထိုနေ့အတွက် သွေးလှူဖို့ ကျွန်တော် ဆန္ဒ ရှိနေခဲ့ပြီးပြီပဲ..။ ဖြစ်အောင် လုပ်ရမည်..။ ဖိုးစိန်နှင့် ပြာဂျီးကလည်း မျိုး ဘေးမှာ ပါသောကြောင့် သွေးလှူပြီး မူးလဲနေမှာ စိတ်မပူရတော့ဘူး ဆိုကာ လိုက်မလာကြတော့။ အစကတော့ သွေးသွားလှူရင် လိုက်ခဲ့ဖို့ စီးတီးဟောမှာ ချိန်းထားပြီးသား..။

သွေးလှူနေရင်း ညက ကောင်းကောင်း အိပ်မပျော်ထားသောကြောင့် လူက မူးဝေလာ၏။ သွေးလှူပြီးတော့ နှုတ်ခမ်းတွေ ပြာနေသော ကျွန်တော့်ကို နာ့စ်မလေးတွေက ကုတင်ပေါ်မှာ ဆယ့်ငါးမိနစ်လောက် အနားယူခိုင်းထားရသည်။ ဖြူလျော်သွားသော အသားတွေ ပြန်ကြည်လာပြီး နှုတ်ခမ်းအရောင်က ပုံမှန် ပြန်ဖြစ်လာမှ အခန်းထဲက ပေးထွက်၏။ အပြင်မှာ စောင့်နေသော မျိုးက သွေးလှူတာ ကြာနေသော ကျွန်တော့်ကို စိတ်ပူလို့နေပြီ...။ အိမ်ကလူတွေလဲ ကျွန်တော် သွေးလှူပြီး အခြေအနေ ကောင်းလား၊ အားနည်းပြီး မူးနေသလား စိတ်ပူပြီး မေးထားတာတွေကြောင့် ဖုန်းဆက်ပြီး စိတ်မပူဖို့ အကြောင်းကြားရသေးသည်။

ဆေးရုံကနေ ပြန်ထွက်လာတော့ ငါးနာရီခွဲနေခဲ့ပြီ..။ မျိုးကလဲ သူ့ကောင်မလေးကို ကျောင်းသွားကြိုရအုံးမည်။ သွေးလှူပြီးကာစ ကျွန်တော့်ကို တစ်ယောက်တည်း ပြန်လွှတ်ရမှာကလဲ စိတ်မချ။ ဒီတော့ မျိုးကို ကျွန်တော် တစ်ယောက်တည်း သွားနိုင်ကြောင်း အားပြန်ပြည့်လာပြီ ဖြစ်ကြောင်း.. နောက်ပြီး မောင်ကိုကိုနှင့် နောက် တစ်နာရီလောက်ကျ ကော်ဖီဆိုင်မှာ ချိန်းထားသည့်အတွက် အဲအချိန်ကျ ကျွန်တော့်ဘေးမှာ လူရှိနေပြီ ဖြစ်သည့်အတွက် စိတ်မပူဖို့ ပြောပြီး ကျွန်တော်လမ်းခွဲထွက်ခဲ့သည်။

ဖုန်းလှမ်းဆက်ပြီး ကျွန်တော် အိမ်ပြန်နားမယ် ပြောတော့ ဖိုးစိန်က " အိမ်မှာ ဘယ်သူမှ မရှိဘူး၊ ပြန်မလာနဲ့တော့၊ ညီကလဲ ကျောင်းမှာ.. မမပြာ ကလဲ ကျောင်းကနေ အင်တာဗျူး ဆက်သွားပြီ.. သူငယ်ချင်းနဲ့ ချိန်းထားတာကလဲ အချိန်နီးနေပြီမလား တစ်နေရာရာမှာပဲ ခန နားနေလိုက်လေ.. သွားလိုက် ပြန်လိုက်နဲ့ အချိန်ကုန်ပြီး လူပင်ပန်းတာပဲ ရှိတယ် " ဆိုလေသောကြောင့် အိမ်လည်း မပြန်ချင်တော့။

ဒီလိုနဲ့ ကျွန်တော် စီးတီးဟောမှာ ခဏ ဝင်နားကာ မောင်ကိုကို ရုံးဆင်းချိန်ကို စောင့်နေရတော့သည်.။ တကယ်တော့ ကျွန်တော် အိမ်ပြန် နားချင်နေပြီ။ နားထဲက လေတွေ ထွက်ပြီး လူကလဲ မူးရိပ်ရိပ် ဖြစ်ကာ အိပ်လဲ အိပ်ချင်နေပြီ။ ဖြစ်နိုင်လျှင် ကော်ဖီဆိုင်မှာ ဆုံဖို့ ပေးထားသော ကတိကို ဖျက်ကာ အိမ်ပြန် အိပ်ပလိုက်ချင်သည်။ သို့သော်.. မောင်ကိုကိုက ပေးထားသော ကတိကို တည်မှ.. မတည်ပဲ ပျက်ကွက်လျှင် အင်မတန် စိတ်ဆိုးတတ်သည့်သူ..။ ဒီတော့လဲ ကတိအတိုင်း စောင့်ရုံသာ ရှိတော့သည်..။ ကော်ဖီဆိုင်မှာ ထိုင်ကာ ကော်ဖီသောက်ရင်း စကားပြောရင်း အချိန်က ည ခုနှစ်နာရီ ခွဲ ကျော်လာပြီ..။ ကောက်ဖီဆိုင်က အဲကွန်းဒဏ်ကြောင့် ကျွန်တော်လည်း ချမ်းလွန်းလှပြီ..။ ကျောင်းကနေ အပြန် ကျွန်တော်တို့ဆီ ဝင်လာပြီး အိမ်ကို အတူ ပြန်မယ် ပြောထားသော မျောက်ဖိုးစိန် ကလဲ ပေါ်မလာ။ စောင့်နေရတာ စိတ်မရှည်တော့ ကျောင်းခန်းထဲပဲ ဖြစ်ဖြစ်ကွာ ဖုန်းဆက်မယ် ဆိုကာ ဖုန်းခေါ်တော့ " လမ်းမှာ... လာနေဘီ " တဲ့..

ဒါနဲ့ ကျွန်တော်နှင့်မောင်ကိုကိုလည်း အချမ်းဒဏ် မခံနိုင်သည့်အဆုံး ဆိုင်ထဲမှ ထွက်ကာ ဈေးဆိုင်တွေဘက် ပတ်နေကြသေးသည်။ လူက ဗိုက်လဲဆာ၊ ခေါင်းလဲမူး.. အားလည်း နည်းချင်နေသောကြောင့ပြန်နားချင်လှပြီ...။ ဖိုးစိန်ကလည်း တစ်နေရာကနေ တစ်နေရာ ပြောင်း ချိန်းနေသည်မှာ ဒိနေ့ညအဖို့ အိမ်ပြန်နိုင်ပါ့မလား စိတ်မရှည်ရသည်အထိ...။ မောင်ကိုကိုခမျာလည်း ရထားပေါ်မှာ တစ်လမ်းလုံး ဖုန်းတစ်လုံးနှင့် သူနှင့် အလုပ်တွေ ရှုပ်နေလေသည်...။ ကျွန်တော်လည်း စကား မပြောနိုင်၊ ပင်ပန်းသလိုလို အိပ်ချင်သလိုလို ဖြစ်နေသောကြောင့် မျက်စိကိုမှိတ်ကာ အနားယူနေရသည်။

အိမ်ကိုရောက်လို့ အိမ်သော့ဖွင့်ကာ ဝင်တော့ တစ်အိမ်လုံး ဘယ်သူမှ မရှိကြ။ အိမ်က မီးမှောင် ကျလို့။ မီးဖိုခန်းထဲမှာလဲ ဘယ်သူမှ မရှိ.. အိပ်ခန်းထဲလဲ လူမရှိ.. မောင်ကိုကိုကတော့ မီးတောင် မဖွင့်နိုင်ပဲ ဧည့်ခန်းမှာ ငုတ်တုတ် ထိုင်နေသည်။ အိမ်ပြန်ရောက်လျှင် အလုပ်သွားသူတွေ ပြန်မရောက်ကြသေးလျှင်တောင် အနည်းဆုံး ပြာဂျီးနှင့် ဖိုးစိန်ကတော့ အမြဲ ရှိနေကျ.. ဒီနေ့မှ ဘယ်လိုဖြစ်ပြီး တစ်အိမ်လုံး ရှိသမျှလူတွေ ပျောက်နေကြတာပါလိမ့်....

အိမ်ရှေ့ဘက်ခြမ်းရှိ အိပ်ခန်းကလဲ လော့ခ် ကျနေသေးသည်။ ဒီအခန်းက အမြဲ အဲဒီလို လော့ခ် အလိုလို ကျနေကျ ဖြစ်သောကြောင့် အိပ်ခန်းသော့ကို အလွယ်တကူ ဖွင့်နိုင်ဖို့ ဧည့်ခန်းမှာ ထား ထားရသည်။

ဒီအခန်းသော့ကလဲ ပြင်အုံးမှ....

(အခန်းသော့ သူ့ဘာသာ ကျသွားတိုင်း တွေးနေကျ ဖြစ်သော်လည်း ဘယ်တော့မှ မပြင်ဖြစ်ပါ)

အခန်းသော့ကို ဖွင့်ဝင်လိုက်တော့

((((((Happy Birthday!!!!!!)))))))

တစ်ဖောင်းဖောင်းသော ဗျောက်အိုးသံ လက်ခုပ်သံများ.....


ရုတ်တရက် မမျှော်လင့်ပဲ ကြားလိုက်ရသော အသံပြိုင်ကြောင့် ကျွန်တော် လန့်သွားသေး၏။ ပြီးတော့ နွေးထွေးသော ပျော်ရွှင်မှုတို့က တစ်ကိုယ်လုံးကို လျှင်မြန်စွာ လှည့်ပတ် စီးဆင်းသွားကြကာ ကြက်သီးမွှေးညှင်းတို့ပင် ထလာသလို...။

မီးမှောင်မှောင်ထဲမှာ.... မွေးနေ့ ဖယောင်းတိုင်မီးလေးတွေ ထွန်းပြီး စောင့်နေကြသော ကျွန်တော်ကချစ်ပြီး ကျွန်တော့်ကို ချစ်သော မောင်နှမများ...
ကျွန်တော့်မွေးနေ့ကို ဘာ ဆုတောင်းမှ မလုပ်ပဲ တစ်နေကုန် ပစ်ထားကြသော အသည်းကျော်များ....

ခုန်ပေါက်ပျော်မြူးနေကြသော သူတို့၏ ရင်ခုန်ပျော်ရွှင်မှုများက ကျွန်တော့်ထံ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြသည်။

" Happy Birthday to you " သီချင်းကို သံပြိုင်ဆိုနေကြသံများအောက်မှာ ပျော်ရွှင်မှုလှိုင်းတွေက တလိမ့်လိမ့်.... တိုးလာ၏။

အစောနက မူးဝေနောက်ကျိနေကာ အိပ်ချင်လောက်အောင် ပင်ပန်းနေသော စိတ်တွေ က ဘယ်မှာမှ အစ ရှာမရတော့...

တစ်ယောက်ပြီးတစ်ယောက် ဝိုင်းပေးကြသော မွေးနေ့ အနမ်းတွေက စိတ်ကို အားသစ် ဖြည့်လောင်းနေသလို............

" လက်ဆောင်တွေ ဖောက်ကြည့်အုံးလေ....."

" ပို့စ်တွေ တင်ထားတယ်.. သွားဖတ်..."

" ဓာတ်ပုံရိုက်မယ်လေ.. ဓာတ်ပုံ...."

" စောင့်နေရတာ ကြာလှပြီ.. ဗိုက်ဆာလှပြီ.. ကိတ်မုန့် လှီးပါတော့ဗျို့....."

" မွေးနေ့ရှင်တော့မသိ.. တို့တွေကတော့ စောင့်ရင်း ရင်တွေကို ခုန်လို့...."

တစ်ယောက်တစ်ပေါက် ဆူညံနေသော အသံတွေအောက်မှာ ကျွန်တော် သွားတွေ အကုန်ပေါ်အောင် ရယ်ဖြီးနေမိတာ ပါးစပ် ပိတ်လို့ မရတော့ပါ.....

နောက်မှ သိရသည်က မွေးနေ့ပွဲကို ရုတ်တရက် အံ့သြပျော်ရွှင်သွားအောင် လုပ်ဖို့ စနစ်တကျ အကွက်ချ စီစဉ်ခဲ့လေသူက ကျွန်တော့်အသည်းကျော် ညီလေး ဒါရိုက်တာကြီး ဖိုးစိန်..... ပံ့ပိုးကူညီကြသူတွေကတော့ ကျွန်တော့်မွေးနေ့ကို ဆုတောင်း သေးသေးလေးပင် မလုပ်ခဲ့ကြပဲ တိုတစ်နေ့လုံး ပစ်ထားကြသည့် ကျန် မောင်နှမများ.....




ကျွန်တော့်မွေးနေ့ ရောက်ချိန်ကနေ စပြီး ဘယ်သူမှ ကျွန်တော့်ကို မွေးနေ့ဆုမတောင်းရ.. မသိသလို နေရမည်... မည်သူမျှ ကျွန်တော့်ကို မဆက်သွယ်ရ...။ ကျွန်တော်က ထိုအခါကျ တစ်နေကုန် စိတ်မကောင်းဖြစ်နေလိမ့်မည်..။ မျိုးက တစ်နေကုန် ကျွန်တော့်ဘေးမှာ ရှိနေတော့ သူလည်း ဒီ အစီအစဉ်ကို မသိဘူးလား .... ကျွန်တော့်အထင် လွဲပါသည်။ မျိုးကလဲ ဒါတွေ အားလုံးကို သိနေသည်တဲ့။ မောင်ကိုကိုကရော.... သူကတော့ ထိုတစ်နေ့က ကျွန်တော့်ကို ဇွတ် ဂျီကျကာ ကော်ဖီဆိုင်မှာ အအေးပတ်ခံ အချိန်ဆွဲကာ အိမ်မှာ လူစုံလို့ အချက်ပေးချိန်မှ ကျွန်တော့်ကို အိမ်ပြန်ခေါ်လာဖို့ တာဝန်ယူထားခြင်းပင်..။ အားလုံးက ပိပိရိရိ.. ကျွန်တော် ဘယ်ရောက်နေတယ်.. ဘာဖြစ်နေတယ်ဆိုတာကို ဘေးမှ ထိုနှစ်ယောက်က တစ်ချိန်လုံး ကျန်တဲ့သူများနှင့် အချိန်အဆက်လုပ် ပြောနေကြတာလဲ ကျွန်တော် နဲနဲမှ မရိပ်မိခဲ့..။ ပိရိကြပါသည်..။

ကျွန်တော် ပျော်ပါသည်။

မွေးနေ့လက်ဆောင်တွေကို ဖွင့်ဖောက် ရင်ခုန်ရင်းလည်း ကျွန်တော် ပျော်ပါသည်..။

ကိတ်မုန့်လှီးကာ တစ်ယောက်စီကို ခွံ့ကျွေးနေရင်းက သူ့အရင် ငါ့အရင် လုနေကြသော မောင်နှမများကို ကြည့်ရင်းလဲ ကျွန်တော် ပျော်ပါသည်..။

အဆာခံကာ ကျွန်တော် ပြန်လာသည်အထိ ဘာမစားပဲ တိတ်တဆိတ် အမှောင်ထဲမှာ စောင့်နေကြသော မောင်နှမများ ဆာဆာနှင့် ဖိုးစိန် ချက်ထားသော ညစာကို ပျော်ပါးညံစီစွာ စားနေတာ ကြည့်နေရင်းလည်း ကျွန်တော်ပျော်ပါသည်...

အုပ်စုလိုက် အမှတ်တရ ဓာတ်ပုံ ရိုက်သောအခါ နေရာလုကြ၊ တစ်ယောက်တစ်မျိုးစီ ပဲတွေ ပေးနေကြရင်း ရယ်သံတွေ ညံစီစီကို နားထောင်နေရတာလည်း ကျွန်တော် ပျော်ပါသည်.....

ကျွန်တော်နှင့် မောင်နှမတွေအားလုံး တစ်ယောက်အပျော် တစ်ယောက်ကူးစက်ရင်း ရင်ခုန် စိတ်လှုပ်ရှားဖွယ်ရာ မွေးနေ့လေးတစ်ခုကို ထိုတစ်နေ့မှာ ပိုင်ဆိုင်ခွင့် ရခဲ့သည်။

ကျွန်တော် ရင်ခုန်ပျော်ရွှင်ခဲ့သလို မောင်နျမများ အားလုံးလည်း ထပ်တူ ပျော်ရွှင်ရင်ခုန်နေကြတာ ကျွန်တော် ခံစားရပါသည်..။

မွေးနေ့ပွဲလေးကို ခုလို စိတ်လှုပ်ရှားဖွယ် ဖြစ်အောင် ဝိုင်းဝန်း ကူညီ ပံ့ပိုးပေးကြသော မောင်နှမများ အားလုံးကို ကျွန်တော် အင်မတန် ကျေးဇူးတင်မိပါသည်..။

အလုပ်ကနေ ခွင့်ယူပြီး တစ်နေကုန် ကျွန်တော့်နောက် တကောက်ကောက် လိုက်ပေးသော မျိုး နှင့် ညနေဘက်မှာ အစီအစဉ်အတိုင်း အဆင့်သင့်မဖြစ်မှီ ကျွန်တော်အိမ်မပြန်ဖြစ်အောင် အချိန်ဆွဲထားပေးသော မောင်ကိုကို တို့၏ ပိရိသေသပ်မှုကိုလည်း ချီးကျူးကာ ကျေးဇူးတင်ပါသည်။

စီစဉ် အကွက်ချထားသည့်အတိုင်း ကျွန်တော့်ကို တစ်နေကုန် စိတ်မကောင်းအောင် နှိပ်စက်ထားကာ မထင်မှတ်ထားသည့် ထောင့်ချိုးမှ မကြုံရဖူးသော ပျော်ရွှင်မှုကို မွေးနေ့လက်ဆောင်အဖြစ် ဖန်တီးပေးခဲ့သော ချစ်ညီ ဖိုးစိန်ကိုလည်း အင်မတန် ကျေးဇူးတင်ပါသည်။



အဝေးကနေရော အနီးအနားကနေပါ မွေးနေ့ကို သတိတရ ဆုတောင်းပေးကြ.. ပို့စ်တင်ပေးကြ ကဗျာရေးပေးကြသော သယ်ရင်းများ၊ မောင်နှမများကိုလဲ ကျေးဇူးတင်ပါသည်။

" ထိုတစ်နေ့ " က အပျော်က ခုချိန်ထိ အရှိန် မသေသေးသောကြော်င့ ကျွန်တော့်အပျော်များကကိုလည်း အားလုံးနှင့် မျှဝေလိုက်ပါသည်ခင်ဗျား......။ ။

ကျွန်တော့်ဘဝမှာ ကျွန်တော့်အပေါ် ဒုက္ခပေး အကောက်ကြံပြီး နောက်ကျော ဓားနှင့်ထိုးတတ်သော မိတ်ဆွေများထက် ကျွန်တော်က ချစ်သော နားလည်သော၊ ကျွန်တော့်အပေါ်ချစ်ခင်နားလည်ကြသော မိတ်ဆွေ သယ်ရင်းများနှင့်သာ ကြုံဆုံခဲ့ရခြင်းမှာ မင်္ဂလာတစ်ပါးပင် မဟုတ်ပါလား.....


" ထိုတစ်နေ့ " အတွက်တင်မဟုတ်.. နောက်နောင် နေ့ရက်တွေမှာလဲ ထို မင်္ဂလာသည် ကျွန်တော်နှင့်အတူ ထာဝရ ရှိနေမည် ယုံကြည်လျက်...


25.05.2010 အမှတ်တရ


အားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်ရင်း

မေတ္တာဖြင့်

မိုးကုတ်သား