Thursday, December 25, 2008

ခေါင်းစဉ်မသိ

အခုတလော အိမ်ရှာရ၊ ထုပ်ပိုး သိမ်းဆည်းရ နဲ့ Christmas နဲ့ New year ကို ဖြတ်သန်းနေရတယ်။ ဒါတွေနဲ့ ဘာမှ မဆိုင်ပဲ စာအုပ် အဟောင်းထဲမှာ ကူးမှတ်ထားဖူးတဲ့ ကဗျာလေးတွေကို စာအုပ်တွေ သိမ်းရင်း တွေ့မိတော့ တစ်ချို့ကို အားလုံးနဲ့ မျှဝေခံစားချင်လို့ တင်ထားလိုက်ပါတယ်။ အခုကဗျာလေးက ဆရာ တာရာမင်းဝေ ရေးတာ ထင်တယ်။ ခေါင်းစဉ်လဲ မမှတ်ထား၊ စာရေးသူလဲ မမှတ်ထားနဲ့ ဆိုတော့။ ဖတ်ဖူးမှတ်ဖူးသူတွေက မှတ်မိလို့ အဲ့ဒါလေးတွေကို ပြောပြနိုင်မယ် ဆိုရင်တော့ ကျေးဇူးပါပဲဗျာ...။ အားလုံး ပျော်ရွှင်ငြိမ်ူချမ်းကြပါစေ။

ကောင်းကင်ဟာ.....
သူ့ရင်ခွင်ကညကို
တကယ်မှ ချစ်ရဲ့လား..။
လရဲ့ဆွဲအားနဲ့
ကျွန်တော့်နှလုံးသားဟာ
ကြွတက်လာတဲ့အချိန်
ရင်ထဲကလျှံကျလာတဲ့
စံပယ်ပန်းတွေ
ဘယ်သူယူမလဲ...။
ပျော်ရွှင်စွာ၊ ကြည်နူးစွာ
ဆွတ်ဆွတ်ဖြူလို့
တဖိတ်ဖိတ်လက်နေပေမဲ့
တေးသံစဉ်မထွက်နိုင်တဲ့
ကြယ်ကလေးရေ...
မင်း ပျော်ရဲ့လားကွယ်..။
ကြင်နာစွာ၊ မြတ်နိုးစွာ
ဆွတ်ဆွတ်ဖြူလို့
ကြည်လင်စွာ၊ သန့်ရှင်းစွာ
ဆွတ်ဆွတ်ဖြူလို့
တမုဟုတ်ချင်း
သန်းခေါင်ယံတွေလင်းစေမတဲ့
ယုံကြည်စွာ၊မျှော်လင့်စွာ
ဆွတ်ဆွတ်ဖြူလို့
စင်တော်ဖွင့်အမှီ
သမုဒ္ဒရာကို ဖြတ်သန်းလာတဲ့
အနမ်းတစ်ခုဟာ ကျွန်တော်ပေါ့။
နှင်းထက်လေးတဲ့အလွမ်း
ပန်းထက်မွှေးတဲ့လိပ်ပြာ
ကဗျာထက်ဖွဲ့တဲ့ညနေ
အားလုံးကိုရွှေဖြစ်အောင် ဘယ်သူချစ်ဖူးလဲ...။
လရောင်စစ်စစ်ကိုချစ်တယ်...
မွှေးရနံ့စစ်စစ်ကိုချစ်တယ်...
မေတ္တာစစ်စစ်ကိုချစ်တယ်...
သီချင်းတစ်ပုဒ်အဖြစ်နဲ့
မင်းရဲ့ရင်ခွင်နွေးမှာ
(ကျွန်တော်) ခိုဝင်လာပါရစေလား....။ ။

မျှဝေသူ - မိုးကုတ်သား


Wednesday, December 24, 2008

MERRY CHRISTMAS & HAPPY NEW YEAR 2009



WISHING YOU AND YOUR FAMILY A MERRY CHRISTMAS AND

A WONDERFUL NEW YEAR 2009!!!



Thanks to all of my FRIENDS. It's just a simple wish for you all.


Thursday, December 18, 2008

ကျောင်းသား ဟာသများ (၁)

ရူပဗေဒဆရာ - "နယူတန်က ပန်းသီးပင်အောက်မှာ ထိုင်နေရင်း ပန်းသီး ကြွေကျတာကို အတွေးပွားမိရာက ကမ္ဘာမြေရဲ့ ဆွဲငင်အားကို ရှာတွေ့ခဲ့တယ်။ ဘယ်လောက် တော်လိုက်သလဲ"
တပည့် - "ဟုတ်ပါတယ် ဆရာ။ သူသာ ကျွန်တော်တို့လို စာသင်ခန်းထဲ ထိုင်ပီး ဒီစာအုပ်တွေ ဖတ်နေရမယ် ဆိုရင် အဲ့ဒီ အကြောင်းအရာကို သူ ရှာဖွေတွေ့လိမ့်မယ်လို့ ကျွန်တော်တော့ မထင်ဘူး"


ဆရာမ - "ဘီလီ၊ မင်း ဘာဖြစ်လို့ ငါ ပေးထားတဲ့ အိမ်စာတွေ မပြသေးတာလဲ"
ဘီလီ - "အိမ်စာ လုပ်ထားတာတွေကို စက္ကူလေယာဉ် လုပ်ပြီး လွှတ်လိုက်တာ လမ်းမှာ အနုကြမ်း စီးခံလိုက် ရလို့ပါ"


ဖခင် - "သားရေ၊ သားရဲ့ စာမေးပွဲအောင်မှတ်က ဘယ်လို ရှိလဲ"
သား - "အားလုံး ရေအောက်မှာပါ ဖေဖေ"
ဖခင် - "ဟေ၊ ရေအောက်မှာဆိုတာ ဘာကို ဆိုလိုတာလဲ"
သား - "အော်၊ စီရဲ့ အောက်မှာ ရှိတာကို ပြောတာပါ"


ဆရာမ - "မင်း ဘာလို့ ကျောင်းနောက်ကျနေရတာလဲ"
တပည့် - "ဆိုင်းဘုတ် တစ်ခုကြောင့်ပါ"
ဆရာမ - "မင်း ကျောင်းနောက်ကျတာနဲ့ ဆိုင်းဘုတ်က ဘာဆိုင်လို့လဲ"
တပည့် - "ရှေ့မှာ ကျောင်းရှိသည်။ ဖြေးဖြေး ဆိုလို့ပါ"


ဆရာ - "တပည့်တို့၊ အပင်တစ်ခုရဲ့ အပြင်ဘက်ဆုံး အပိုင်း (သစ်ခေါက်) ကို ဘယ်လို ခေါ်လဲ"
တပည့် - "မသိပါဘူး ဆရာ"
ဆရာ - "Bark, ငါ့တပည့်၊ Bark"
တပည့် - "ဝုတ်၊ ဝုတ်၊ ဝုတ်"


တစ်ရက်က အင်ဂျင်နီယာ ကျောင်းသား နှစ်ယောက် လမ်းမှာ ဆုံတော့ အချင်းချင်း နှုတ်ဆက်ကြတယ်။

ပထမကျောင်းသား - "ဟား၊ စက်ဘီးက မိုက်လှချည်လား။ ဘယ်က ရလာတာလဲ"

ဒုတိယကျောင်းသား - "အေးကွ။ ငါမနေ့က ကျောင်းကိုလာတုန်း တော်တော်လှတဲ့ ကောင်မလေး တစ်ယောက်နဲ့ လမ်းမှာ ဆုံတယ်ကွာ။ ငါ့ကို မြင်တော့ စက်ဘီး ပေါ်က ခုန်ဆင်းပြီး သူ့ အပေါ် အနွေးထည်ကို ချွတ်ရင်း ငါ့ကို ပြောတယ်။ ငါ့ဆီက နင်ကြိုက်တာ ယူနိုင်တယ်တဲ့။ ဒါနဲ့ ငါလဲ ဒီ စက်ဘီးကို ယူလာတာ"

ပထမကျောင်းသား - "ဟာ၊ အရွေးတော်လိုက်တာ မင်းက။ သူ့ အနွေးထည်ကြီးသာ ရွေးမိရင် မင်းတော့ ဝတ်လို့ ရမှာ မဟုတ်ဘူးကွ"


ဆေးပညာအကြောင်း သင်ကြားချိန်မှာ ဆရာက လက်တွေ့ လေ့ကျင့်ခန်း တစ်ခု သင်ပေးနေတယ်။ ကိုယ့် အလုပ်အပေါ် ဘယ်လောက် စူးစမ်းလေ့လာမှု ရှိလဲ စမ်းသပ်တဲ့ လေ့ကျင့်ခန်းပေါ့။ ဆရာက သူ့ အိတ်ထဲကနေ အဝါရောင် အရည်တွေ ထည့်ထားတဲ့ ဖန်ပုလင်း တစ်ခု ထုတ်လိုက်တယ်။

"ဒါက ဆီး(ကျင်ငယ်ရေ) တွေ။ ဆရာဝန် ဖြစ်ဖို့အတွက် အရေးကြီးတာက အရောင်၊ အနံ့၊ အမြင်၊ အရသာ အားလုံးကို သေချာ စူးစမ်း လေ့လာဖို့ လိုတယ်"

အဲ့ဒီလို ပြောပြီး ဆရာက သူ့ လက်ချောင်း တစ်ချောင်းကို ဖန်ပုလင်းထဲ နှစ်လိုက်ပီး သူ့ ပါးစပ်ထဲကို ထည့်လိုက်တယ်။ တစ်တန်းလုံး အံ့ဩတကြီးနဲ့ ဆရာ့ကို ကြည့်နေကြတာပေါ့။ အားလုံးက တော်တော် ရွံရှာတဲ့စိတ်၊ အံချင်စိတ်တွေ ဖြစ်ကုန်တယ်။ ဒါပေမဲ့ လိမ္မာကြိုးစားတဲ့ ကျောင်းသားကောင်းတွေ ဖြစ်ချင်ကြတော့ တစ်ယောက်ပြီး တစ်ယောက် ဖန်ပုလင်းကို လက်ဆင့် ကမ်းပြီး လက်ချောင်းလေးတွေ ဖန်ပုလင်းထဲ ထည့်နှစ်၊ ပြီး အဲ့ဒီ လက်ချောင်းကို ပါးစပ်ထဲ ထည့်ကြရတော့တာပေါ့။ နောက်ဆုံး ကျောင်းသားရဲ့ အလှည့် ပြီးသွားတော့ ဆရာက ခေါင်းတယမ်းယမ်းနဲ့ ပြောလိုက်တယ်။

"အင်း၊ တကယ်လို့များသာ မင်းတို့က သေချာ စူးစမ်းလေ့လာ တတ်ကြမယ် ဆိုရင်တော့ ငါ့ရဲ့ လက်ညှိုးကို ဖန်ပုလင်းထဲ ထည့်ပြီး ငါ့ လက်ခလည်ကိုပဲ ပါးစပ်ထဲ ထည့်တာ သတိထားမိ ကြမှာပဲ၊ ခုတော့ကွာ..."



ဘာသာပြန်သူ - မိုးကုတ်သား
အပျင်းပြေ၊ ပြုံးစေ၊ ပျော်စေသောဝ်

Wednesday, December 17, 2008

အိပ်မက်ချိန်

ချစ်ခြင်းဆိုတဲ့ နယ်မြေမှာ

မြတ်နိုးခြင်းတွေကို
ထွန်ယက်စိုက်ပျိုးခဲ့လိုက်တာ၊
သုံးရာသီပြောင်းတဲ့ထိတိုင်ပေါ့။
အလွမ်းတွေ ကို ရိတ်သိမ်း နေရတာနဲ့ တင်
မောလွန်းလှလို့ ထင်ရဲ့။
နှလုံးသားဟာ
အိပ်မောကျ သွားလိုက်တာ။
ခုချိန်ထိ မနိုးတော့ဘူး။


ဘာရယ်မဟုတ်ပါဘူး။ စိတ်ထဲ ပေါ်လာတာလေး ချရေးထားရင်း ဒီ စာမဟုတ်၊ ကဗျာမဟုတ်ကို မေ့သွားမှာ စိုးလို့ Post အဖြစ် တင်ထားလိုက်ပါတယ်။

ရေးသားသူ - မိုးကုတ်သား

အပြောင်းအလဲ တစ်ခု

တစ်ခုသော ညနေခင်း ဆည်းဆာမှာ ကျွန်တော် မက္ကဆီကန်က ကမ်းခြေတစ်ခုဆီ လမ်းလျှောက် ထွက်လာခဲ့တယ်။ ကမ်းခြေအတိုင်း လျှောက်သွားရင်း ခပ်ဝေးဝေးမှာ လူတစ်ယောက်ကို တွေ့တယ်။ အဲ့ဒီလူနဲ့ တစ်ဖြည်းဖြည်း နီးလာတော့ သူဟာ သဲသောင်ပြင်ပေါ်က တစ်ခုခုကို ကုန်းကောက်လိုက်၊ ရေထဲကို လွှင့်ပစ်လိုက် လုပ်နေတာကို တွေ့တော့ တော်တော် စိတ်ဝင်စားသွားတယ်။ ကျွန်တော် ကြည့်မိလိုက်တဲ့ အချိန်တိုင်းလိုလို အဲ့ဒီ လူက သောင်ပြင်ပေါ်မှာ ကုန်းကောက်လိုက်၊ ရေထဲ လွှင့်ပစ်လိုက် လုပ်နေတာကိုပဲ တွေ့နေရတယ်။ ကျွန်တော် သူနဲ့ တော်တော် နီးလာတော့မှ ဒီလူက ကြယ်ငါးတွေကို တစ်ကောင်ပြီး တစ်ကောင် ကောက်ပြီး ပင်လယ်ထဲ လွှင့်ပစ်နေတာကိုး။ ကြည့်ရတာတော့ ဒီနယ်သား ပုံစံမျိုး ပါပဲ။ ကျွန်တော်လဲ တော်တော် အံ့ဩသွားတာနဲ့ သူ့ကို မေးကြည့်တယ်။
“ကောင်းသော ညနေခင်းပါ ခင်ဗျာ။ ခင်ဗျား ဘာတွေလုပ်နေတာပါလိမ့်လို့ ကျွန်တော် စဉ်းစားနေတာ”
“ငါလား၊ ဒီ ကြယ်ငါးလေးတွေကို ပင်လယ်ထဲ ပြန် ပို့ပေးနေတာလေ။ ဒီရေတွေ ကျနေတာ မင်း မြင်တယ်မလား။ တကယ်လို့ ငါသာ သူတို့ကို ပင်လယ်ထဲ ပြန် လွှင့်မပစ်ရင် သူတို့ ဒီ သောင်ပြင်ပေါ်မှာ အောက်စီဂျင် ပြတ်ပြီး သေကုန်ကြမှာပေါ့”
“ငါသိပီ” ကျွန်တော် သူ့ကို ပြန်ပြောလိုက်တယ်။
“ဒါပေမဲ့ ဒီနေရာမှာတောင် ကြယ်ငါးတွေ ထောင်နဲ့ ချီပြီး ရှိနေတာ။ ဒီ အနီးအနား တစ်ဝိုက်က ကမ်းခြေ တွေမှာလဲ အတူတူပဲ ရှိမှာပေါ့။ ခင်ဗျား ဒီလို လုပ်နေရုံနဲ့ ဒါတွေ အကုန်လုံးကို ပြောင်းလဲလို့ မရဘူးဆိုတာတော့ နားလည်ရမှာပေါ့”
ရွာခံ လူက တစ်ချက် ပြုံးလိုက်တယ်။ ခါးကို ကိုင်းညွှတ်ပြီး နောက်ထပ် ကြယ်ငါးတစ်ကောင်ကို ကောက်ယူပြီး ပင်လယ်ထဲ လွှင့်ပစ်လိုက်ရင်း ကျွန်တော့်ကို ပြန်ပြောတယ်။
“ကဲ ဒီတစ်ကောင်ကိုတော့ ငါ ပြောင်းလဲလိုက်ပြီ”

Everyone thinks of changing the world, but no one thinks of changing himself. ~Leo Nikolaevich Tolstoy

I have found the paradox that if I love until it hurts, then there is no hurt, but only more love. ~Mother Teresa

Nobody can do everything, but everyone can do something. ~Author Unknown

To put the world right in order, we must first put the nation in order; to put the nation in order, we must first put the family in order; to put the family in order, we must first cultivate our personal life; we must first set our hearts right. ~Confucius

သင့်လျော်အောင် ဘာသာပြန်ပါသည်။
ဘာသာပြန်သူ - မိုးကုတ်သား

Friday, December 12, 2008

ဒုက္ခတွေကို အိမ် မသယ်နဲ့- ဒုက္ခသစ်ပင်


ကျွန်တော့် လယ်ထဲက အိမ်ကလေးကို ပြုပြင် မွန်းမံဖို့ လက်သမား တစ်ယောက်ကို ခေါ်လိုက်တယ်။ စစချင်း တစ်ရက်မှာပဲ အခြေခံ အလုပ် တော်တော်များများ ပြီးသွား ခဲ့ပြီ။ ဒါတောင် ပြားကပ်နေတဲ့ သူ့ ကားတာယာကို ပြင်နေရတာ တစ်နာရီလောက် အချိန် ပုပ်သွားပေလို့။ အခုတော့ သူ့ရဲ့ အိုဟောင်းနေတဲ့ ပစ်ကပ်ကားလေးက စက်စ နှိုးဖို့ ငြင်းဆန် နေပြန်ပြီ။
ဒါနဲ့ ကျွန်တော်လဲ သူ့ကို ကျွန်တော့်ကားနဲ့ ပြန်လိုက်ပို့ပေးတော့ သူက ကျောက်တုံးကြီး ချထားသလို တိတ်တိတ် ဆိတ်ဆိတ် ထိုင်ပြီး လိုက်လာ ခဲ့တယ်။ သူ့အိမ်ကို ရောက်တော့ သူ့မိသားစုနဲ့ မိတ်ဆက်ပေးချင်တယ် ဆိုတာနဲ့ ကျွန်တော်လဲ သူ့အိမ်ထဲ လိုက်သွားတယ်။ အိမ်တံခါးဝဆီကို လျှောက်နေတုန်း သူ့အိမ် အဝင်လမ်းကလေးရဲ့ ဘေးက သစ်ပင်တစ်ပင် အနားရောက်တော့ သူက သစ်ကိုင်းတစ်ကိုင်းကို လက်နှစ်ဘက်နဲ့ ဆုပ်ကိုင် ဆွဲယူပြီး မျက်စိတွေကို မှိတ်ထားလိုက်ရင်း အသက်ကို တစ်ဝကြီး ခပ်ပြင်ပြင်း ရှူလိုက်သေးတယ်။
သူ့အိမ်တံခါးကို တွန်းဖွင့်ပြီး စဝင်ကတည်းက သူ့မျက်နှာက အစောနကလို မဟုတ်တော့ဘူး။ အံ့ဩစရာ ကောင်းလောက်အောင်ကို ပြောင်းလဲသွားတယ်။ စိတ်ရှုပ်ထွေးနေတဲ့ သူ့မျက်နှာက ခုတော့ ပြုံးရွှင် ချိုမြလို့။ သူ့ ခလေးလေး နှစ်ယောက်ကို ဖက်ပွေ့ နှုတ်ဆက်တယ်။ ပြီးတော့ သူ့မိန်းမကို အနမ်း တစ်ပွင့်နဲ့ နှုတ်ဆက် လိုက်သေးတယ်။ သူ ကျွန်တော့် ကားနားကို ပြန်လိုက်ပို့တော့ သိချင်စိတ်ကို ဘယ်လိုမှ ချုပ်တည်းလို့ မရတော့ဘူး။ ဒါနဲ့ လတ်တလော တွေ့မြင် လိုက်ရတာ တွေကို မေးကြည့်မိတယ်။
"အိုးဟိုး၊ ဒါက ငါ့ရဲ့ ဒုက္ခ သစ်ပင်ပေါ့" သူအိမ်အဝင် မှာတုန်းက ဆွဲကိုင်ခဲ့တဲ့ သစ်ပင်ကို ညွှန်ပြတယ်။
"ငါ့ အလုပ်မှာ အဆင်မပြေမှုတွေ၊ ဒုက္ခတွေနဲ့ မလွဲမရှောင်သာ ကြုံရမယ် ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ သေချာတာ တစ်ခုက အဲ့ဒီ ဒုက္ခတွေ၊ အဆင်မပြေမှုတွေက အိမ်မှာရှိတဲ့ ငါ့မိန်းမ၊ ခလေးတွေနဲ့ ဘာမှ မဆိုင်ဘူးလေ။ ဒါကြောင့် ငါ အိမ်ကို ပြန်လာတိုင်း အဲ့ဒီ ဒုက္ခတွေကို ဒီ ဒုက္ခသစ်ပင်မှာ ချိတ်ဆွဲ ချန်ထားခဲ့ပြီးမှ အိမ်ထဲ ငါဝင်တာ။ ပြီးတော့ မိုးလင်းလို့ ငါ အလုပ် သွားပြီ ဆိုရင် အဲ့ဒီ ဒုက္ခတွေကို ငါ ပြန်သယ်သွားတယ်။ ရီစရာ ကောင်းတာ တစ်ခုက..." သူက တစ်ချက် ပြုံးလိုက်ရင်း ဆက်ပြောတယ်။
"ငါ အိမ်အပြင်ရောက်လို့ ဒုက္ခသစ်ပင်မှာ ချိတ်ဆွဲထားတဲ့ အဲ့ဒီ ဒုက္ခတွေကို ပြန်ကောက် ယူလိုက်ရင် မနေ့ညက ငါ ချိတ်ဆွဲထားသလောက် သူတို့က ကျန်မနေတော့ဘူး။ တစ်ခါတစ်ခါဆို ဒီ ဒုက္ခ သစ်ပင်မှာ ဘာဒုက္ခမှကို ကျန်မနေခဲ့တော့တာ"
အမြဲ သတိရနေရမှာက....
"ပူပန်သောက ဆိုတာ လှုပ်နေတဲ့ ခုံတစ်လုံးနဲ့တူတယ်။ သူက ကိုယ့်ကို လှုပ်ရှားနေဖို့၊ အငြိမ်မနေဖို့ အလုပ် တစ်ခုခုတော့ ပေးထားမယ်။ ဒါပေမဲ့ ဘယ်တော့မှ အကျိုးရှိတဲ့ ရလာဒ်ကို မပေးဘူးလေ။"

သင့်လျော်အောင် ဘာသာပြန်ပါသည်။
ဘာသာပြန်သူ - မိုးကုတ်သား

Thursday, December 11, 2008

မိန်းမ တစ်ယောက်ရဲ့ အသက်ကို ဘယ်လို ခန့်မှန်းသလဲ



အမျိုးသမီး တစ်ယောက်ဟာ သူမရဲ့ နှစ်ငါးဆယ်ပြည့် မွေးနေ့မှာ အလှပြင်ဆိုင် သွားပြီး မျက်နှာပေါ်က အရေးအကြောင်း တွေကို ပြုပြင်လိုက်တယ်။
ဒေါ်လာ ငါးထောင်လောက် သုံးပစ်လိုက်ရပေမဲ့ အင်မတန် အကျိုးထူးတဲ့ ရလာဒ် ကြောင့် သူမ ပျော်ရွှင် နေတယ်။ အိမ်အပြန် လမ်းမှာ သတင်းစာ ဝင်ဝယ်လိုက် သေးတယ်။ သတင်းစာ ဝယ်ပြီး ပြန်မထွက်ခင် သူမက စာရေးကို မေးလိုက်တယ်။
ဒို့ တစ်ခု မေးရင် မောင်လေး စိတ် မဆိုးဘူးထင်တယ်၊ ဒို့ အသက် ဘယ်လောက်ရှိပြီလဲ ခန့်မှန်းနိုင်လား”
၃၂နှစ်လောက်ပေါ့ စာရေးက ပြန်ဖြေလိုက်တယ်။
အိုး၊ မဟုတ်သေးဘူး။ ဒို့က ဒီနေ့ပဲ ၅၀ ပြည့်တာ” အမျိုးသမီးက ပျော်ရွှင်စွာ ပြောလိုက်တယ်။
နောက်တော့ သူမက မက်ဂ်ဒေါ်နယ်ဆိုင်ထဲ ဝင်သွားပြီး ကောင်တာက ကောင်မလေးကို အဲ့ဒီ မေးခွန်း ပြန် မေးလိုက်ပြန်တယ်။
ကောင်မလေးကဖြေတယ် “၂၉နှစ်လောက်ပေါ့”
မဟုတ်ဘူး။ ၅၀ ရှိပြီ” အမျိုးသမီးက ပြောလိုက်တယ်။
ခုတော့ အမျိုးသမီးက သူမကိုယ် သူမ တော်တော်လေး ကျေနပ် နေပြီ။ သူမ လမ်းဆက် လျှောက်လာရင်း ဆေးဆိုင်တစ်ဆိုင် တွေ့တော့ ဝင်ပြီး ပူရှိန်းသကြားလုံး တစ်ချို့ ဝင်ဝယ်လိုက် ပြန်တယ်။ ကောင်တာကို ရောက်တော့ ထုံးစံအတိုင်း သူမ မေးချင် လွန်းလှတဲ့ မေးခွန်းကို မေးလိုက် ပြန်တယ်။

အိုး၊ ၃၀လို့ ထင်တယ်” ကောင်တာစာရေးက ဖြေလိုက်တယ်။
ဒို့အသက်က ၅၀ကွ၊ ဘာပဲဖြစ်ဖြစ် မင်းကို ကျေးဇူးတင်ပါတယ်” အမျိုးသမီးကပျော်ရွှင်စွာနဲ့ တုံ့ပြန်လိုက် ပြန်တယ်။
သူမ အိမ်ပြန်ဖို့ ဘတ်စ်ကား စောင့်နေတုန်း သူမဘေးမှာ ကားစောင့်နေတဲ့ အဖိုးအို တစ်ဦးကို တွေ့တော့ အဲ့ဒီ မေးခွန်းကိုပဲ ထပ်ပြီး မေးလိုက်ပြန်တယ်။
အဖိုးအိုက ပြောတယ်။ “ဒီမှာ အမျိုးသမီး။ ငါ့အသက်က ၇၈နှစ် ရှိနေပြီ။ အမြင်အာရုံတွေလဲ မွဲနေပြီ။ ဒါပေမဲ့ ငါ ငယ်ငယ်တုန်းကတော့ မိန်းမတွေရဲ့ အသက်ကို တိတိကျကျ ပြောနိုင်တဲ့ နည်းလမ်း ရှိခဲ့ဖူးတယ်။ ငါ့စကားက သိပ်ပြီး စည်းကျော် နေမလားပဲ။ မမြင်ရမေမဲ့ မင်းရဲ့ ဘော်လီ အင်္ကျီအောက်ကို ငါ လက်နှိုက် စမ်းသပ်လို့ ရမယ်ဆိုရင်တော့ မင်းရဲ့ အသက်ကို တိတိကျကျ၊ သေချာပေါက်ကို ပြောနိုင်မှာပါ”
အမျိုးသမီးက ခဏတိတ်သွားပေမဲ့ ဒီအဖိုးကြီးရဲ့ အဖြေကို ကြားချင်တဲ့ စိတ်က အနိုင်ယူ သွားခဲ့တယ်။
သူမ သိချင်စိတ်ကို ထိန်းမရတဲ့ အဆုံး အဖိုးကြီးကို စူအောင့်အောင့်နဲ့ ပြောလိုက်တယ်။
ဘာပဲ ဖြစ်ဖြစ်၊ ကောင်းပြီလေ။ စမ်းကြည့်ပေါ့”
အဖိုးအိုက အမျိုးသမီးရဲ့ရင်သားနှစ်ဖက်ကို စမ်းသပ်လိုက်၊ ဆုပ်နယ် ပွတ်သပ်လိုက်နဲ့ လုပ်နေတယ်။ အချိန် နည်းနည်းကြာတော့ အမျိုးသမီးက စိတ်မရှည်တော့ဘူး။
ဒီမှာအဖိုးကြီး၊ ကျွန်မအသက် ဘယ်လောက် ရှိပြီလဲ”
ဒီတော့မှ အဖိုးအိုက အမျိုးသမီးရဲ့ ရင်သားနှစ်ခုကို စမ်းသပ် နေရာကနေ နောက်ဆုံး အကြိမ် ဖွဖွ ဆုပ်နယ် လိုက်ပြီး လက်ကိုဖယ်ရင်း ပြောလိုက်တယ်။
ကောင်းပြီ အမျိုးသမီး၊ မင်းရဲ့ အသက်က ၅၀ မဟုတ်လား”
အမျိုးသမီးက အံ့ဩလွန်းလို့ မျက်လုံးပြူးသွားတယ်။ ကြားရတာ မယုံနိုင်ဘူး ဖြစ်နေတာပေါ့။

တကယ်ကို မယုံနိုင်စရာပဲ၊ ရှင် ဘယ်လိုလုပ် အတိအကျကို ပြောနိုင်တာလဲ”
ပြောပြရင် မင်းငါ့ကို စိတ်မဆိုးရဘူး၊ ဘာမှလဲမလုပ်ရဘူး” အဖိုးအိုက ကတိတောင်းတယ်။
ကောင်းပါပြီ၊ ကတိပေးပါတယ်” အမျိုးသမီးက ကတိပေးလိုက်တယ်။

မက်ဂ်ဒေါ်နယ် ဆိုင်မှာတုန်းက ငါ မင်းအနောက်မှာ တန်းစီနေတာလေ”

“@#$%^&*”

(အဖိုးအို ဘာကြောင့် သိသွားတာလဲ ဆိုတာ တွေးမိလောက်ရောပေါ့)

ဒီဟာသက ရိုင်းပျနေတယ် ဆိုရင်လဲ ခွင့်လွှတ်ပေးကြပါဗျာ။
သတိမမူ၊ ဂူမမြင်အောင် ဖြစ်တတ်တဲ့ သဘာဝလေးကို ပြောပြချင်လို့ပါ။
လာလည်ကြသူတွေကို စော်ကားလိုစိတ် လုံးဝမရှိပါကြောင်း..။

ရေးသားသူ - မိုးကုတ်သား

Wednesday, December 10, 2008

၃.၀ - အတိတ်က ချစ်ခြင်း ခြေရာ


“တစ်ဝက်တစ်ပျက် အိပ်မက်”

ဩဂုတ်လ ၂ရက်၊ ၂၀၀၂

လေတစ်သုတ် ဝေ့ခနဲ အတိုက်မှာ လတ်ဆတ်ပြီး ရေငွေ့ပါတဲ့ လေတွေကို ရှူရှိုက်လိုက် ရပေမဲ့ ကျွန်တော့် အာရုံတွေ မလန်းဆန်း နိုင်ခဲ့ပါဘူး။
နေခြည်၊ လေပြည်။ ဆည်းဆာ၊ လရောင်၊ ညချမ်း၊ ဒါတွေအားလုံးကို အာရုံမဲ့ ဖြတ်သန်း မိခဲ့တဲ့ နေ့ပေါ့။ ကျွန်တော့်ကိုယ် ကျွန်တော် ဘာတွေဖြစ်နေမှန်းလဲ မသိ။ အသိတွေက ဝေဝါး လွန်းလှလို့ ရင်ထဲမှာ ဘာတွေ ဖြစ်လို့နေလဲ ပြန် ဆန်းစစ် မရအောင်ကို ရှုပ်ထွေးလို့ နေတယ်။ နောင်တ ရနေမိတာလား။ သူ့ ကဗျာလေးတွေကို ဖတ်ချင်စိတ်နဲ့ ကတိတစ်ခုကို ဘာလို့ အလွယ်တကူ ပေးခဲ့ မိတာ ပါလိမ့်။ သူမရဲ့ ကဗျာလေးတွေမှာ ကျွန်တော့် ကျဆုံးခန်းတွေ ရှိနေမှာပါ။အောင်မြင်မှုကို မမက်မောပေမဲ့ ရှုံးနိမ့်မှုကိုလဲ မလိုလားတဲ့ ကျွန်တော်ဟာ ဘာတွေများ ပြောင်းလဲ သွားခဲ့တာပါလိမ့်။
သူမ ရေးဖွဲ့မဲ့ သူမနဲ့ သူမရဲ့ ချစ်သူအကြောင်း၊ ချစ်သူအပေါ် ချစ်မြတ်နိုး လွမ်းဆွတ်မှုတွေ သီကုံးထားမဲ့ သူမရဲ့ ကဗျာတွေကိုမှ ရင်ကွဲခံပြီး ဘာလို့ သူ ဖတ်ချင်နေခဲ့တာလဲ။ သူမရဲ့ ကဗျာတွေကို ကဗျာလို့ပဲ သဘောထား ဖတ်နိုင်လိမ့်မယ်လို့ ဘာလို့များ ကိုယ့်ကိုယ်ကို အထင် ကြီးထားမိတာပါလိမ့်။ သူမရေးတဲ့ ကဗျာလေးတွေကို ဖတ်ပြီး လူနဲ့ စိတ်နဲ့ မကပ်တော့တာ တော်တော် ကြာနေခဲ့ပြီ။ အဲ့ဒီ နောက်ပိုင်း ရက်တွေမှာ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို ရှာဖွေ မတွေ့နိုင်အောင် ပျောက်ဆုံးလို့ နေခဲ့တယ်။
ဟိုတစ်နေ့ကသူမ တောင်းလို့ ကျွန်တော့် ကဗျာ စာအုပ်လေးကို သတိလက်လွတ် သူမလက်ထဲ ထည့်ပေးပြီးမှ ဖျတ်ခနဲ ကျွန်တော် သတိရသွားတယ်။ စာတွေ...၊ သူမကို တမ်းတမိသမျှ၊ လွမ်းရမိသမျှ ရေးဖွဲ့ ထားခဲ့တာတွေ တစ်ပိုင်းတစ်စများ ပါသွားခဲ့ပြီလား။ ဒါတွေ သူမ သိလို့ မဖြစ်ဘူး။ စာအုပ်ကို ပြန် မစစ်မိတဲ့ ကျွန်တော် တုန်လှုပ် သွားတယ်။ သူမဆီက စာအုပ်ကို ခဏ ပြန်တောင်းတော့ သူမက ပြန်မပေးတော့ပဲ ညစ်ကျယ်ကျယ်နဲ့ ရယ်မောလို့ နေတယ်။
“မဟုတ်ဘူး၊ အဲ့ဒီထဲမှာ အခု ကျွန်တော် ရေးနေတဲ့ ဝတ္ထုထဲက စာသားတွေ ပါသွားမှာ စိုးလို့” ကျွန်တော့်စကားဟာ မုသားတစ်ဝက်၊ အမှန်တစ်ဝက်နဲ့ ဟန်ချက်တွေ ပျက်ယွင်းလို့။ စာဖတ် ဝါသနာ ပါတဲ့ သူမက အဲ့ဒီစကားကို စိတ်ဝင်စား သွားလိမ့်မယ်လို့ မတွေးခဲ့မိဘူး။ ကျွန်တော်က အဲ့ဒီလို ခပ်ညံ့ညံ့၊ ခပ်အအ ကောင်ပါ။
ကျွန်တော့် ကဗျာစာအုပ်ထဲမှာ တစ်ခုခုများ ပါသွားခဲ့ရင်...။ စာတွေကို အာရုံထဲ ပေါ်လာတိုင်း တွေ့ကရာ စာအုပ်ထဲ ချရေးတတ်တဲ့ ကိုယ့်ကိုယ်ကို ဒီတစ်ခါတော့ တော်တော်ကြီး စိတ်ပျက်မိတယ်။ သူမက စာအုပ်ကို လုံးဝ ပြန်မပေးပဲ ယူထားတော့ ကျွန်တော့်မှာ ရင် တစ်ထိတ်ထိတ်နဲ့။
ဖုန်းလာတယ် ဆိုလို့ ကိုင်လိုက်တော့ ကြားရတဲ့ သူမအသံကြောင့် လက်ထဲက ဖုန်းခွက်ကို လွှတ်ကျ မသွားအောင် အနိုင်နိုင် ကိုင်ထားရပါတယ်။ သူမနဲ့ ပတ်သက်လာရင် ကျွန်တော်က ဘာကြောင့် ဒီလောက်တောင် ပျော့ညံ့ ချင်နေ ရတာပါလဲ။
“ဝတ္ထုလဲ မပါဘူး”
အခုမှ အသက်ကို ဝဝ ရှူလို့ ရမယ်ရှိတုန်း သူမ ဆက်ပြောတဲ့ စကားကြောင့် ရင်ခုန်သံတွေ ရပ်သွားတယ်။
“အဲ့ဒီဝတ္ထုက ဘယ်မှာလဲ။ ပေးဖတ်ရမယ်။ ပေးမဖတ်ရင် လုံးဝမခေါ်ဘူး။ ဒါပဲ”
ပြောပြီး သူမက ဖုန်းချသွားတယ်။ ကျွန်တော် ခေါင်းစားရင်း အားမရှိတော့သလို ခံစားရတယ်။ စာကို အပြီးသတ် မရေးဖြစ်သေးတာ အကြောင်းပြချက် တစ်ခု ဆိုပေမဲ့ ကြာကြာ အချိန် ဆွဲထား လို့တော့ မရဘူး။
နောက်ရက်တွေမှာ သူမက ကျွန်တော့်ကို အခေါ်အပြော မပျက်ပေမဲ့ နဲနဲ အေးစက်နေပါတယ်။ စာတွေ ဆက်ရေးဖို့ သင့်မသင့် တွေဝေနေမိပေမဲ့ သူမကို မက်ဖူးတဲ့ အိမ်မက်လေးထဲက အကြောင်းတစ်ခုနဲ့ အဆုံးသတ်ဖို့ စဉ်းစားထားခဲ့ပြီးသားပါ။ မမျှော်လင့်ပဲ အဲ့ဒီအိပ်မက်က သူမရဲ့ ကဗျာလေး တစ်ပုဒ်နဲ့ သွားပြီး လိုက်ဖက်လို့နေတယ်။ တစ်ချိန်မှာ သူ သွားခဲ့ရင် ကျွန်တော်က ကျန်ရစ်နေခဲ့မဲ့ သူပဲလေ။ အစကတည်းကရင်း လှမ်းမမှီအောင် ကျန်ခဲ့ပြီးသား ဆိုပေမဲ့ ကျွန်တော်ကတော့ ဆက်ပြီး လွမ်းနေအဲုးမဲ့ ကောင်ပါ။
နောက်တော့ ကျွန်တော့် စာထဲမှာ သူမရဲ့ ကဗျာလေးကို ထည့်သုံးခွင့် ပြုဖို့ အခွင့်တောင်းလိုက်တယ်။ သူမရဲ့ ကဗျာလေးဟာ ကျွန်တော့်စာရဲ့ အဆုံးသတ် ဖြစ်ပါလိမ့်မယ်။ ကျွန်တော် ရင်ကွဲအောင် ရင်းနှီး ရေးသားခဲ့တဲ့ ဒီစာတစ်ပုဒ် အတွက် သူမ ကဗျာလေးက ပြီးပြည့်စုံတဲ့ ရသကို ပေးနေခဲ့တယ်။ အဲ့ဒီအတွက် ကျေးဇူးပါ ကောင်မလေးရယ်။
ခုတော့ ကျွန်တော့် စာတွေလဲ ပြီးဆုံးသွားခဲ့ပါပြီ။ ကတိအတိုင်းပဲ သူမကို ပေးဖတ်ရတော့မှာပါ။ တကယ်လို့များ ရေးပြီး ဘယ်တော့မှ အဆုံး မသတ်ခဲ့တဲ့ ကျွန်တော့်ရဲ့ စာပေါင်း များစွာထဲက တစ်ခုခုကို ပေးဖတ်လိုက်ရင် သူမ သိနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ချစ်သူကို အဲ့ဒီလို မသိနိုင်တဲ့ ကိစ္စမျိုးမှာတောင် မညာရက်ဘူး။ ကောင်မလေးရယ်.......
ကျွန်တော် အင်းလျားကန်ပေါင် ဘေးမှာ ထိုင်နေခဲ့တာ ဘယ်လောက် ကြာနေခဲ့ပြီလဲ။ သတိထားမိချိန် မှာတော့ ပတ်ဝန်းကျင် တစ်ခုလဲုး မှောင်မဲ တိတ်ဆတ်လို့၊ လူသူ ကင်းရှင်းလို့ နေခဲ့ပြီ။ ဘယ်နှစ်နာရီ ရှိပြီလဲ ကျွန်တော် မသိပါဘူး။ အချိန်ကာလ ဆိုတဲ့ ကန်းသတ်ချက် ဘောင်ထဲမှာတောင် မနေချင်လို့ လက်ပတ်နာရီ ဆိုတာကိုတောင် ပြတိုက်ထဲ ထည့်သိမ်းခဲ့တဲ့ ကျွန်တော်.....။ အဲ့ဒီ ကျွန်တော်က အခုတော့... အရူးအမူး ကြေကွဲလို့။
အလွမ်းတွေက ဝေဝေဆာဆာနဲ့ အလှပဆုံး ပွင့်ဖူးလို့ ကျွန်တော့် ရင်ခွင်ကို ချွေချွေ ချနေကြတယ်။ ခေါင်းကို ခပ်ကြမ်းကြမ်း ယမ်းခါပစ်ရင်း ကျွန်တော့် စိတ်တွေကို ကျွန်တော့် ကိုယ်ထဲ ဇွတ်အတင်း ဆွဲသွင်းလို့ ထိုင်ရာက ထတယ်။ မပြန်ခင်လေးတင်ပဲ သူမကို မနက်ဖြန်မှာ စာအုပ် ပေးဖတ်ဖို့ ဆုံးဖြတ်
ပြီးသွားခဲ့ပြီ။
အဆောင်ကို ပြန်ရောက်တော့ စာကြည့်စားပွဲပေါ်က ကဗျာစာအုပ် တစ်အုပ်ကို ဘာရယ်မဟုတ်ပဲ ဆွဲယူကြည့် မိတယ်။ ဟိုဟိုဒီဒီ လှန်လှောပြီး ဖွင့်လိုက်တော့ ကဗျာတစ်ပုဒ်နဲ့ ခလုတ်ဝင်တိုက်တယ်။ ကြည်အေးရဲ့ “တစ်ဝက်တစ်ပျက် အိပ်မက်” ဆိုတဲ့ ကဗျာလေးပါ။

တယ်လီဖုန်းကို
နှလုံးဒိတ်ဒိတ်တိုး၊ တစ်ရေးနိုးထင့်
စိုးရိမ်တစ်ဝက်၊ ကြိုးပမ်းဆက်လဲ
လိုင်းပျက်ထပ်ထပ်၊ နံပါတ်မှားဟန်
စကားလုံးမပြီ။ နားမလည်နိုင်
မီလုမီလု၊ ယခုတွေ့လု
သူ့နှုတ်ဆက်သံ၊ လက်လွတ်ပြန်၏။
တယ်လီဖုန်းသံ၊ ဖမ်းမိပြန်က
သူကပြောသည်
စိတ်စောမောသူ၊ မောင့်ချစ်သူလေး
“နေပူမယ်စိုး၊ နေရိပ်ထိုးတတ်”
စိုးမိုးတစ်မျိုး၊ အနားတိုးပြီး
အုပ်မိုးကာကွယ်၊ ဆံနွယ်လက်သပ်
ယုယတတ်သူ။
တယ်လီဖုန်းသံ
တဖန်ပြောင်းသစ်၊ အိပ်မက်ဖြစ်ထင့်
မြူရစ်နှင်းသည်း၊ မသဲကွဲပဲ
တွဲလွဲလွန့်ကျ၊ စိမ်းမြမြနှင့်
မိုးမခရွက်များ၊ ပခုံးဖျားပေါ်
ပါးပြင်ပွတ်သပ်၊ ပဝါခြုံထပ်ဟန်
မြစ်စပ်ကမ်းပါး
ခြေဖျားရေပက်၊ လက်ချင်းဆုပ်ထွေး
ပူနွေးနှုတ်ခမ်း၊ တွေ့ဆုံနမ်းမှ
ခုံတန်းလျားမှာ၊ ချစ်သနားစွ
စကားတူထိုင်၊ ပြောမပြီးနိုင်ခဲ့။
သိနိုးခက်လှ၊
အိပ်မက်ထဲမှ၊ ပြန်လာထပြန်
ယုယတတ်သူ၊ နှမချစ်သူကို
လူမရောက်တိုင်၊ လွမ်းအုံမှိုင်းပျ
ရစ်ဝိုင်းခွေထုံး၊ တယ်လီဖုန်းကြိုးကို
စိုးရိမ်တဝက်၊ ဆုပ်ဆွဲလက်တုန်
လိုင်းပျက်ထပ်ထပ်၊ နံပါတ်မှားထင့်
စကားလုံးမပြီ၊ နားမလည်နိုင်
မီလုမီလု၊ ယခုတွေ့လု
သူ့နှုတ်ဆက်သံ၊ လက်လွတ်ပြန်ခဲ့
ဖန်တလဲလဲ၊ အိပ်မက်လွဲမှား
မသဲကွဲသော၊ သု့စကားပြောသံ
ဆန်းကြယ်ဖန်ဆင်း၊ စိတ်ရှုပ်ရင်းပင်
ထင်လင်းတွေ့မြင်၊ သူ့ရုပ်သွင်ပင်
ကြည်လင်သိခက်၊ သတိပျက်ထင့်
တစ်ဝက်တစ်ပျက် တွေ့ဆုံခြင်း။


ကဗျာလေးကို ဖတ်ပြီး သူမဆီ ညဘက်ဖုန်းဆက်တုန်း သူမရဲ့ မောင်လေးက “ငယ်ငယ်တုန်းကခင်တယ်၊ ခုချစ်ရတဲ့ သူငယ်ချင်း ချစ်သူလေးရယ်” ဆိုတဲ့ သီချင်းကို ဂစ်တာတီးပြီး ဒီဘက်က ကျွန်တော် မကြား၊ ကြားအောင် ဆိုပြ နေခဲ့ဖူးတာ၊ တစ်ရက်ကို ဖုန်း သုံးကြိမ် ထက် မနဲ ပြောဖြစ်ခဲ့ကြတာ။ ဒါတွေအားလုံးက အာရုံထဲမှာ ရုပ်ရှင် အနှေးပြကွက်လို တစ်စချင်း ရစ်ဝဲလို့။ မျက်လုံးတွေ မှိတ်ထားလဲ အိပ်လို့မရတော့။ ကြည်အေးရဲ့ ကဗျာလေးရယ်၊ သူမရဲ့ ကဗျာလေးတွေရယ်က သိမ်းထုပ်ထားတဲ့ အလွမ်းတွေကို ဖြေဖြေချ။ လွမ်းတယ် ကောင်မလေးရယ်။

ရေးသားသူ - ဖိုးတာ

Friday, December 5, 2008

စီးပွားရေး ကပ်


စီးပွားရေး ကပ် ဆိုတာကို ကြားနေရတာတော့ ကြာပါပြီ။ နဂိုကတည်းက စီးပွားရေးဆိုတာကို စိတ်မဝင်စားတဲ့ ကျွန်တော် ကြားနေရတဲ့ သတင်းတွေကို ဂရုမစိုက်မိဘူး။ အလုပ် တစ်ချို့ လည်ပတ်မှု ရပ်ဆိုင်းသွားတယ်။ တစ်ချို့က လည်ပတ်မှု နှေးသွားတယ်။ အလုပ် နဲနဲ ပါးသွားလို့ အနားတောင် ရသေးတယ် ဆိုပြီး ပျော်တောင် နေခဲ့မိသေးတာ။ စီးပွားရေးပညာနဲ့ ဝေးပုံများတော့။ ဗြုန်းဆို သူငယ်ချင်းတွေ အလုပ်ပြုတ် သွားတဲ့ သတင်းတွေ ကြားရတော့မှ စိတ်မကောင်းတွေဖြစ်၊ ကိုယ်တိုင်လဲ ပြူးပြူးပျာပျာ ဖြစ်တော့တာပဲ။ ဒီတော့မှ အလုပ် တွေ ပိုပို ပါးလာတာကို စိုးရိမ်ရကောင်းမှန်း သိတော့တယ်။

မှတ်မှတ်ရရ အဲ့ဒီနေ့က သူဌေးရဲ့ မွေးနေ့။ ကျွန်တော်တို့ အားလုံး သူဌေးလာရင် ပေးဖို့ မွေးနေ့လက်ဆောင်ကို ထုပ်ပိုး နေကြတယ်။ စက္ကူတွေ အထပ်ထပ် ပတ်ထားတဲ့ လက်ဆောင်ထုပ်ကို ဖွင့်ရင်း စိတ်မရှည်လို့ စူပုပ်နေမဲ့ သူဌေးမျက်နှာကို မြင်ယောင်ပီး အားလုံး သဘောကျ နေကြတာပေါ့။ အဲ့ဒီအချိန်မှာပဲ သတင်းဆိုး တစ်ခုကို သယ်လာတဲ့ ဖုန်း ဝင်လာတယ်။ အလုပ်ရှင် တစ်ယောက်က သူ့အိမ်ကို ဆက် မဆောက်နိုင်တော့ဘူး။ သူ့ဘဏ်က သူလိုအပ်တဲ့ ငွေကို မပေးနိုင်တော့လို့ လို့ ဆိုပါတယ်။ ဖုန်းဖြေတဲ့ စီနီယာလဲ မျက်နှာ မကောင်းဘူး။ နောက်ထပ် ငါးမိနစ် မခြားသေးဘူး။ အလုပ်ရှင် တစ်ယောက်က စီးပွားရေး အခြေအနေတွေ တည်ငြိမ်သွားမှ သူ့အိမ်ကို ဆက်ဆောက်တော့မယ်။ အခုလောလောဆယ်တော့ မဆောက်သေးပဲ ခဏ ရပ်ထားမယ်တဲ့။ ဒီနေ့မှာမှ တိုက်တိုက်ဆိုင်ဆိုင် ဗျာ။ စီနီယာတွေလဲ သူဌေးကို ဘယ်လို ပြောရပါ့ဆို စိတ် ညစ်နေကြတယ်။ အဲ့ဒီ မတိုင်ခင်ကရင်း ရှေ့မှာ တချို့ အလုပ်တွေကလဲ နားထားရသေးတယ် ဆိုတော့ ရေရှည်အတွက် ကုမ္ပဏီကို ဘယ်လို ဆက်လည်ပတ်ကြမလဲ ဆိုတာ တွေးကို တွေးရတော့မှာပါ။
သတင်းသိရတော့ သူဌေးလဲ တော်တော် စိတ်ညစ်သွားပုံ ရပါတယ်။ ဒါပေမဲ့ သူ့ မွေးနေ့ လက်ဆောင်ထုပ် ကိုတော့ စိတ်ရှည်လက်ရှည် ဖွင့်ရင်း ကျွန်တော်တို့ကို ပြန်နောက်နေသေးတယ်။ နောက်တော့ ကျေးဇူး တင်ကြောင်း ပြောပြီး သွားခဲ့လိုက်တာ။ အပေါ်ထပ်က သူ့ ရုံးခန်းလေး ထဲကနေကို ဆင်းမလာ တော့တာ နေ့စာ ထမင်းစားချိန်ထိ။
နေ့လည်စာ ထမင်းလိုက်ကျွေးတော့ ကမ္ဘာ့ စီးပွားရေး ပြဿနာနဲ့ ပတ်သက်တဲ့ အကြောင်းတွေ ဆွေးနွေး ဖြစ်ကြတယ်။ ကျွန်တော်ကတော့ ဘာမှ မသိတော့ နားထောင်သူ ပရိတ်သတ် ပေါ့ဗျာ။
အမေရိကားမှာ ဘဏ်တွေကို ထုတ်ချေးပေးနေတဲ့ ငွေ စုစုပေါင်း ဒေါ်လာ ဘီလီယံပေါင်း လေးရာမက ရှိနေပြီး အမေရိကန် တစ်နိုင်ငံလုံးမှာ ရှိတဲ့ လူတစ်ယောက်ချင်းစီကို ဝေပေးရင်တောင် တစ်ဘီလီယံ မက ရနိုင်မယ်ဆိုတဲ့အကြောင်း၊ တရုတ်တွေလဲ မယ်လမင်းကိစ္စနဲ့ သူတို့ ထုတ်ကုန် ဈေးကွက်တွေက ပိုပြီး ကျဆင်းနေတယ် ဆိုတဲ့အကြောင်း၊ ဂျပန်လဲ သူတို့ရဲ့ အဓိက စီးပွားရေး ဈေးကွက်ဖြစ်တဲ့ ကားထုတ်လုပ်မှု ဈေးကွက်တွေ ကျဆင်းလာလို့ အခြေအနေ မကောင်းတာ၊ အိန္ဒိယ မှာလဲ စီးပွားရေးကပ် တင်မက အကြမ်းဖက်သမားတွေကြောင့် မြွေပူရာ ကင်းမှောက် ဖြစ်နေကြောင်း၊ တရှိန်ထိုး ချမ်းသာလာတဲ့ ယိုးဒယား ဘန်ကောက်လဲ မွဲစ ပြုလာပြီ ဆိုတဲ့ အေကြာင်းအရာစုံတွေ သိရတာပေါ့ဗျာ။ နောက်တော့ “ငါတို့ အစိုးရတောင်မှ သူ့လစာ ၂၀ရာခိုင်နှုန်းကို လျှော့ ယူနေရတာ၊ ငါလဲ အဲ့ဒီ စနစ်ကို ရုံးမှာ ကျင့်သုံးမှထင်တယ်။ ဒါမှ မဟုတ်လဲ ဝန်ထမ်းကို လျှော့ရလိမ့်မယ်။ အင်း၊ ဒါပေမဲ့ ရုံးမှာ လုဆယ်ယောက် ပြည့်အောင်တောင် ရှိတာ မဟုတ်တော့ လျှော့ရင်လဲ ရုံးမှာ တစေ ခြောက်ခံ နေရဦးမယ်။” သူဌေးက ရယ်ရယ် မောမောနဲ့ အတည်လိုလို၊ နောက်တာလိုလို ပြောပါတယ်။ ရုံးသားတွေ အားလုံးလဲ မျက်နှာတွေ ပျက်ကုန် ကြရော။
“ပြီးမှ ဒီအကြောင်းကို ဆက်ဆွေးနွေး တာပေါ့ကွာ။ ပျော်စရာနေ့မှာ စိတ်ညစ်စရာတွေ မပြောချင်ဘူး” သူဌေးလဲ ပျာပျာသလဲနဲ့ သူ့စကားကို လျှောချပေမဲ့ အဲ့ဒီ နေ့စာက အားလုံးအတွက် မချိုမြိန်နိုင်တော့ဘူး။
“ငါတို့ရတဲ့ လစာက အစိုးရ ရတဲ့ လစာရဲ့ အစွန်းထွက်တောင် မရှိပါဘူး။ သူ့လစာ ၂ဝရာနှုန်း လျှော့ချလိုက်လို့ ဘာမှ ဖြစ်မသွားဘူးလေ” စီနီယာ တစ်ယောက်ကလဲ ရီရီမောမော ပြန်နောက်ပေမဲ့ သူ့မျက်နှာက အီလည်လည်။

“ငစနေ ရေ၊ မင်းနဲ့ ဆွေးနွေးစရာ ရှိလို့ အစည်းအဝေး ခန်းမထဲကို ခဏ လိုက်ခဲ့ကွာ”
အဲ့ဒီကိစ္စပြီး နောက် နှစ်ရက် အကြာမှာ ကျွန်တော့် အလုပ်ခုံ ဘေးနား လာရပ်ပြီး သူဌေးက ပြောတော့ ရင်ဘတ်ထဲ ဒိန်းကနဲ။ အဆိုးဆုံးထိ တွေးထားပြီးသားမို့ အလုပ်ထုတ်ခံရလဲ ဘာဖြစ်လဲကွာ။ အသစ် ထပ်ရှာ မှာပေါ့၊ ရှာမရလဲ ပြန်ရုံရှိတာပဲ။ အဲ့ဒီလို စိတ် ဒုံးဒုံး ချထားပေမဲ့ တကယ်တမ်း ရင်ဆိုင်ရတော့ ကျွန်တော့်စိတ်က လှုပ်ရှားနေ မိတယ်။ သူဌေးရဲ့ လက်ထဲမှာလဲ ချက်လက်မှတ်နဲ့ စာရွက်တစ်ချို့။ ဘောလ်ပန်လေးတောင် ပါသေး။ လက်မှတ် ထိုးခိုင်းဖို့ အဆင်သင့် ယူလာတာနေမှာ။ ငါတော့ ထုတ်ခံရပြီ။ အလုပ်သစ် ရှာမရလို့ ပြန်ရရင် အိမ်စားရိတ် ကာမိ အောင်တောင် ငါ ရှာနိုင်ပါ့မလား။ ငါ ယောက်ျားပဲကွာ။ ဘာဖြစ်ဖြစ် အကောင်းဆုံး ဖြစ်အောင်တော့ ကြိုးစား ရမှာပဲ။ စိတ်တွေ ကျလိုက်၊ ပြန် အားတင်းလိုက်နဲ့ အစည်းအဝေး ခန်းမထဲ လိုက်သွားတယ်။
“ကဲ၊ ထိုင်ပါဦးကွာ.......... အခု စီးပွားရေး ကျဆင်းမှုတွေ တကမ္ဘာလုံး ဖြစ်နေတာ မင်းသိတယ်နော်”
“ဟုတ်ကဲ့”
“ငါလဲ အချိန်တော်တော် ကြာကြာ စဥ်းစားခဲ့ပါတယ်။ ဒါပေမဲ့ အခက်အခဲ တစ်ချို့ကြောင့် စီနီယာတွေနဲ့ တိုင်ပင်ပြီး ဆုံးဖြတ်ချက် တစ်ချို့ ချခဲ့ကြတယ်”သူဌေးက တော်တော်လေး စိတ်မကောင်း ဖြစ်နေတဲ့ အမူအယာနဲ့ ပြောတယ်။
“ဟို တစ်နေ့က ပြောသလို လစာ လျှော့ချ ဖို့တင်မကဘူး၊ အလုပ်သစ် မရှိဘဲ နောက်တစ်နှစ် အထိ ကုမ္ပဏီကို ဆက် လည်ပတ်နိုင်အောင် လူလျှော့ဖို့လဲ ဆုံးဖြတ်လိုက်တယ်” ရှေ့ဆက် ပြောဖို့ ခက်ခဲ နေသလို သူဌေးက စကားခဏ ရပ်ပြီး ကျွန်တော့်ကို အကဲခတ်တယ်။
ဒီစကားတွေ ကြားရမယ်လို့ ကြိုပြီး မျှော်လင့် ထားပေမဲ့ ကျွန်တော်က ဟန်မပျက်အောင် မနည်းထိန်းနေရတယ်။ ဘယ်က ဘယ်လို ဝင်လာမှန်းမသိတဲ့ အရှက်တရား တစ်ခုကလဲ ကျွန်တော့် ခေါင်းကို တူကြီးကြီးတဲ့ ထုနေသလိုပဲ။ ခေါင်းထဲမှာ ဆူဝေနေတယ်။ ကြည့်စမ်းပါဦး။ အကောင်းဆုံး ကျွန်တော် စွမ်းဆောင် ပေးခဲ့တာတောင် အခု ကျွန်တော် အလုပ်ထုတ် ခံရတော့မယ်။ ကျွန်တော်က တကယ်ပဲ ဒီရုံးကို အထောက်အကူ မပေးနိုင်တဲ့၊ အသုံးမကျတဲ့ လူတစ်ယောက်လား။ မျက်နှာတွေ ပူနွေးလာတယ်။ “မင်းထက် နောက်ကျပြီးမှ ဝင်လာတဲ့ လူသစ်ကို မထုတ်ပဲ မင်းကို ဘာကြောင့် ထုတ်လိုက်တာလဲ..” သူတစ်ပါးတွေဆီက ဝင်လာမဲ့ မေးခွန်းတွေကို ဘယ်လို ကျွန်တော် ရင်ဆိုင် ရမှာပါလိမ့်။ ရှက်ဖို့ ကောင်းလိုက်တာ။ စိတ်မကောင်းဖြစ်နေတာထက် ရှက်စိတ်တွေက ပိုဆိုးနေတာ အံဩစရာ။
“နောက်ပြီး အလုပ်ချိန်ကိုလဲ လျှော့ချပေးမယ်။ တနင်္လာနေ့တိုင်း ရုံးပိတ်ရက် အဖြစ် သတ်မှတ်ပြီး တစ်ပါတ်ကို ငါးရက်အစား လေးရက်ပဲ အလုပ် လုပ်ကြရမယ်။ အနားယူချိန် ပိုထွက်လာတာပေါ့ကွာ။ မဟုတ်လဲ လုပ်စရာ သိပ်မရှိတော့ ရုံးမှာ ဒီအတိုင်း ထိုင်နေရတာ ပျင်းစရာကြီး။ ဟုတ်တယ်မလား။”
သူဌေးကို ခေါင်းညိတ်ပြမိသလား၊ ခေါင်းခါပြလိုက်သလား ကျွန်တော် မသိတော့ဘူး။ သူပြောနေတာတွေကလဲ ကြားတစ်ချက်၊ မကြားတစ်ချက်။ ဘယ်အချိန် ငါ့ကို အလုပ်ထုတ်လိုက်ပြီ ပြောမလဲ။ ပြောရင်လဲ မြန်မြန် ပြောချ လိုက်တာ မဟုတ်ဘူး။ စကားတွေ အရှည်ကြီး လျှောက်ပြောနေတယ်။
“ငါ အခြေအနေ အားလုံးကို သဘောပေါက် နားလည်ပါတယ်။ ကုမ္ပဏီရဲ့ ပြဿနာက ငါတို့ အားလုံးရဲ့ ပြဿနာပဲလေ။ မင်းဆုံးဖြတ်တာကို ဘာပဲ ဖြစ်ဖြစ် ငါ လက်ခံပါတယ်။ ကျေးဇူးပြုပြီး အစည်းအဝေးက ထွက်လာတဲ့ အဖြေက ဘာလဲ ဆိုတာသာ ပြောပြပေးပါ။”
သူပြောတာတွေကို မကြားတစ်ချက်၊ ကြားတစ်ချက် ဖြစ်နေမဲ့ အတူတူ တည့်တိုးပဲ မေးချ ပစ်လိုက်တယ်။
“အေးလေ။ အခုလဲ ငါက ဆုံးဖြတ်ချက်က ထွက်လာတဲ့ အဖြေတွေကို ပြောပြနေတာ။ မင်း အခုလို နားလည် လက်ခံ ပေးတဲ့ အတွက်လဲ ကျေးဇူးတင်ပါတယ်။ လာမဲ့ ဇန်နဝါရီလကနေ စပြီး အလုပ်ချိန် လေးရက် သတ်မှတ် လိုက်ပြီ။ အလုပ်တွေ ပြန်ကောင်းလာတဲ့ အချိန်ကျမှ အရင်လို ပုံမှန် အလုပ် ပြန်လုပ်ကြတာပေါ့။ ဒီလို ဆုံးဖြတ် လိုက် ရတာ စိတ် မကောင်းပါဘူးကွာ။ ရော့၊ ဒီမှာ မင်းရဲ့လစာ ချက်။ လက်မှတ် ထိုးလိုက်ဦး။”
ဒီတော့မှပဲ ဒီကနေ့က လကုန်မဲ့ ရက်သတ္တပါတ်ရဲ့ သောကြာနေ့ ဆိုတာကို သတိရတော့တယ်။ အဲ့ဒါကို မေ့နေလောက်အောင် ထူပူသွားတဲ့ စိတ်ကို ပြန်ပြီး ရယ်ချင်ရင်း “မင်းလိုသေးတယ် ငစနေရေ” လို့ စိတ်ထဲကနေ ကိုယ့်ကိုယ်ကို အပြစ် ဖို့နေမိတယ်။ ဘယ်လောက်ပဲ ကြိုတင် ပြင်ဆင်ထားထား။ အရေးကြုံရင် စိတ်က လှုပ်ရှားနေတုန်း။ ကိုယ်တိုင်က မတည်ငြိမ်၊ မရင့်ကျက်သေးတာကိုလဲ စိတ်ပျက်နေမိတယ်။ အင်း၊ ငါ့ သူငယ်ချင်းတွေကို သူတို့ သူဌေးတွေ ခေါ်တွေ့ပြီး အလုပ်ဖြုတ်ကြောင်း ပြောတော့ သူတို့တွေ ဘယ်လို ခံစား၊ တုန့်ပြန်ကြမလဲ။ နဂိုတုန်းကတော့ သတင်းကြားရင် စိတ်မကောင်း ဖြစ်ရပေမဲ့ ခုမှပဲ လက်တွေ့ကျကျ ကိုယ်ချင်းစာ နာတတ်ခဲ့ ရပါတော့တယ်။

ရေးသားသူ - မိုးကုတ်သား

Wednesday, December 3, 2008

THE BOY AND THE APPLE TREE (ကောင်လေးနဲ့ ပန်းသီးပင်)

ဟိုး တစ်ချိန် တုန်းကပေါ့ကွယ် (ဟီးဟီး၊ ပုံပြောဆရာ လေသံနဲ့ ပြောကြည့်တာ)။ အင်မတန် ကြီးမားတဲ့ ပန်းသီးပင်ကြီး တစ်ပင် ရှိသတဲ့။ အဲ့ဒီ ပန်းသီးပင်ကြီးကို အင်မတန် ချစ်တဲ့ ကောင်လေး တစ်ယောက်က နေ့တိုင်း ပန်းသီးပင်ကြီးနား လာလာပီး ဆော့လေ့ ရှိသတဲ့။ သစ်ပင်ကြီးထိပ်ထိ တက်ပြီး ပန်းသီးတွေ ခူးစားလိုက်၊ ဆော့ကစားလို့ မောလာရင်အပင်ရိပ်အောက်မှာ တရေးတမော အိပ်လိုက်နဲ့ပေါ့။ သူက ပန်းသီးပင်ကြီးကို ချစ်သလို ပန်းသီးပင်ကြီးကလဲ အဲ့ဒီ ကောင်လေးနဲ့ ကစားရတာ အင်မတန် နှစ်သက်ပါတယ်။ အချိန်တွေ တဖြည်းဖြည်း ကြာလာတော့ သူလဲ ကြီးပြင်းလာပြီး သစ်ပင်ကြီးဆီကို နေ့တိုင်းလာပြီး ဆော့ကစား မနေတော့ဘူး။
တစ်ခါတော့ ကောင်ကလေးက သစ်ပင်ကြီးဆီ ပြန်ရောက်လာပါတယ်။ သူ့ကို ကြည့်ရတာလဲ ဝမ်းနည်းနေပုံပါပဲ။
“ငါနဲ့ လာပြီး ကစားပါဦးကွယ်” သစ်ပင်ကြီးက ကောင်ကလေးကို ဖိတ်ခေါ်လိုက်တယ်။
“ကျွန်တော် ကလေး မဟုတ်တော့ဘူး၊ သစ်ပင်ကြီးနား ပြေးလွှား ဆော့ကစား နေရမဲ့ အရွယ်လဲ မဟုတ်တော့ဘူး”
သူက ငြင်းဆန်လိုက်တယ်။
“ကျွန်တော် အရုပ်တွေ လိုချင်တယ်။ အရုပ်တွေ ဝယ်နိုင်ဖို့ အတွက် ငွေ လိုနေတယ်”
“စိတ် မကောင်းပါဘူး ကလေးရယ်။ ငါ့မှာ မင်းလိုနေတဲ့ ငွေတော့ မရှိပါဘူး။ ဒါပေမဲ့ ငါ့ကိုယ်ပေါ်က ပန်းသီးတွေကို ခူးပြီး မင်း ဈေးထဲမှာ သွားရောင်းမယ် ဆိုရင်တော့ မင်းလိုချင်တဲ့ငွေ ရနိုင်ကောင်းပါရဲ့”
သူလဲ တော်တော် စိတ်လှုပ်ရှား ကျေနပ် သွားတယ်။ သစ်ပင်ကြီးဆီက ရှိသမျှ ပန်းသီးတွေကို ခူးဆွတ်ပြီး ပျော်ရွှင်စွာ ထွက်ခွာသွားခဲ့တယ်။ အဲ့ဒီ အချိန်ကရင်း သစ်ပင်ကြီးဆီကို ကောင်ကလေး ပြန် မလာတော့ဘူး။ သစ်ပင်ကြီးလဲ ဝမ်းနည်းရုံက လွဲပြီး ဘာမှ မတတ် နိုင်ဘူးပေါ့။
တစ်ရက်တော့ ကောင်ကလေးက ပြန်ရောက်လာပါတယ်။ လူကြီး တစ်ယောက်လို ပြောင်းလဲ သွားပြီဖြစ်တဲ့ ကောင်ကလေး ကို ကြည့်ပြီး သစ်ပင်ကြီးလဲ တော်တော် စိတ် ပျော်ရွှင်သွားတယ်။
“ငါနဲ့ လာပြီး ကစားပါဦးကွယ်” သစ်ပင်ကြီးက ဝမ်းပန်းတသာ ခေါ်လိုက်တယ်။
“ကျွန်တော့်မှာ ကစားဖို့ အချိန် မရှိဘူး၊ ကျွန်တော့် မိသားစုအတွက် အလုပ်တွေ လုပ်ရဦးမယ်။ ကျွန်တော်တို့ နေဖို့အတွက် အိမ်လိုတယ်လေ။ ခင်ဗျား ကူညီန်ုင်မလား”
“စိတ် မကောင်းပါဘူး ကလေးရယ်။ ငါ့မှာလဲ အိမ်မရှိပါဘူး။ ဒါပေမဲ့ ငါ့ရဲ့ သစ်ကိုင်းတွေကို ခုတ်ယူပြီး မင်းအိမ်ဆောက်လို့ ရတန်ကောင်းပါရဲ့နော်”
သူလဲ သစ်ကိုင်းတွေကို ဖြတ်တောက် ယူငင်ပြီး ပျော်ရွှင်စွာ ထွက်သွား ခဲ့ပြန်တယ်။ သစ်ပင်ကြီးကတော့ သူပျော်နေတာကို ကြည့်ပြီး ကြည်နူးနေပေမဲ့ သူက နောက်ထပ် ပေါ်မလာ တော့ပြန်ဘူး။ သစ်ပင်ကြီးလဲ အထီးကျန်စွာနဲ့ ပူဆွေးဝမ်းနည်း နေရ ပြန်တာပေါ့။
အလွန် ပူပြင်းတဲ့ နွေနေ့ တစ်နေ့ခင်းမှာတော့ သူ ပြန်ရောက် လာခဲ့တဲ့ အတွက် သစ်ပင်ကြီးဟာ ၀မ်းပန်းတသာ ဖြစ်သွားတယ်။
“ငါနဲ့ လာပြီး ကစားပါဦးကွယ်” သစ်ပင်ကြီးက သူ့ကို ခေါ်လိုက်တယ်။
“ကျွန်တော် အသက် ကြီးလာပြီ။ ကျွန်တော့် စိတ်တွေ အပန်းဖြေဖို့ အတွက် ပင်လယ်ထဲကို ရွက်လွှင့် သွားချင်တယ်။ ခင်ဗျား ကျွန်တော့်အတွက် လှေ တစ်စီးလောက် ပေးနိုင်မလား ” သူက မေးလိုက်တယ်။
“ဒါဆိုရင်လဲ ငါ့ရဲ့ ပင်စည်ကို အသုံးပြုပြီး လှေ တစ်စင်း ဆောက် လိုက်ပါကွယ်။ ဟိုး အဝေးကြီးကို မင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ရွက်လွှင့် သွားနိုင်မှာပါ”
ဒီလိုနဲ့ သူလဲ ပင်စည်ကို ခုတ်လှဲပြီး လှေတစ်စီး ဆောက်လိုက်တယ်။ နောက်ပြီး အဝေးကြီးကို ရွက်လွှင့် သွားလိုက်တာ၊ အချိန် အကြာကြီး အထိ ပြန်ကို ပေါ်မလာ တော့ဘူး။
နောက်ဆုံးမှာတော့ နှစ်ပေါင်းများစွာ အကြာမှာ သူက ပြန်ရောက်လာပြန်ပါတယ်။
“စိတ် မကောင်းပါဘူး ကလေးရယ်။ အခုတော့ ငါ့မှာ မင်းအတွက် ပေးစရာ ဘာမှ မကျန်တော့ ပါလားကွယ်။ မင်းအတွက် ပန်းသီးတွေလဲ မသီး ပေးနိုင်တော့ပါဘူး” သစ်ပင်ကြီးက ပြောလိုက်တယ်။
“ကိစ္စမရှိပါဘူးဗျာ၊ ကျွန်တော့်မှာလဲ ကိုက်စရာ သွား တစ်ချောင်းမှ မကျန်တော့ပါဘူး” သူက ပြန်ပြော လိုက်တယ်။
“မင်း အရင်လို တက်ဆော့ဖို့ ပင်စည်တွေလဲ မရှိတော့ဘူး လူလေးရဲ့”
“ကျွန်တော်ကလဲ သစ်ပင်ပေါ် မတက် နိုင်တော့လောက်အောင်ကို အို နေခဲ့ပါပြီဗျာ”
“ငါ့မှာတကယ်ပဲ မင်းကို ပေးစရာ ဘာမှ မရှိတော့ဘူး၊ အခု ငါ့မှာ ကျန်နေတာ ဆိုလို့ ခြောက်သွေ့နေတဲ့ ဒီ သစ်မြစ်ဆုံ တစ်ခုပါပဲကွာ” သစ်ပင်ကြီးက မျက်ရည်လည်ရွှဲနဲ့ ဝမ်းနည်းပက်လက် ပြောလိုက်တယ်။
“အခုတော့ ကျွန်တော်လဲ ဘာမှ သိပ်ပြီး မလိုအပ် တော့ပါဘူးဗျာ။ အနားယူလို့ ရမဲ့ နေရာလေး တစ်ခုပဲ လိုတာပါ။ ဒီနှစ်တွေမှာ ကျွန်တော် တော်တော်ကြီးကို ပင်ပန်းနေခဲ့တာ” သူက ပြန်ပြောပါတယ်။
“အိုး၊ ဒါဆို ကောင်းတာပေါ့ကွယ်။ သစ်ပင်အိုတွေရဲ့ အမြစ်ဆုံတွေက လဲလျောင်း အနားယူဖို့ အကောင်းဆုံး နေရာပဲပေါ့။ ကဲ၊ ကဲ။ ငါနဲ့ အတူ လာထိုင်ပြီး အနားယူပေတော့”
သူလဲ သစ်ပင်ကြီးနဲ့အတူ ထိုင်ချ အနားယူလိုက်တယ်။ သစ်ပင်ကြီးလဲ ဝမ်းသာလွန်းလို့ မျက်ရည်စတွေနဲ့ အတူ ပြုံးလို့။

ဒီပုံပြင်ထဲက ပန်းသီးပင်ကြီးက ကျွန်တော်တို့ တစ်တွေရဲ့ မိဘနဲ့ တူပါတယ်။ ကျွန်တော်တို့ ငယ်စဉ်တုန်း ကတော့ အဖေ၊ အမေနဲ့ ဆော့ကစားရတာ အင်မတန် ပျော်ကြ ပါတယ်။ ကျွန်တော်တို့ တစ်တွေ ကြီးပြင်းလာတော့ မိဘတွေကို စွန့်ခွာ သွားကြပြီး ကိုယ် တစ်ခုခု လိုအပ်မှ၊ ဒါမှမဟုတ် ဘေးဒုက္ခ တစ်ခုခု ကြုံရမှ မိဘတွေဆီ အပူကပ် ကြတယ်။ ဘာတွေ ဘယ်လိုပဲ ဖြစ်ဖြစ် မိဘတွေကတော့ သားသမီးတွေ လိုအပ် သမျှကို တတ်နိုင်သမျှ ဖြည့်ဆည်းခွင့် ရရင်၊ သားသမီးတွေ ပျော်ရွှင်နေရင်ပဲ ကျေနပ် နေကြပါတယ်။ ကျွန်တော်တို့ကတော့ ပုံပြင်ထဲက ကောင်ကလေးကို သိပ်ပြီး ရက်စက်တယ်လို့ ထင်နေကြမှာ ပါပဲ။ ဒါပေမဲ့ ကိုယ့်မိဘတွေကို အဲ့ဒီလို ဆက်ဆံမိတဲ့ သားသမီးတွေ အများကြီးပါပဲ။ မိဘတွေရဲ့ ထောက်ပံ့မှုတွေကို ယူခဲ့ပေမဲ့ သူတို့ရဲ့ ကျေးဇူးတွေကို ပြန်ဆပ်ဖို့ရာကို တော့ သိပ် နောက်ကျပြီးမှ သတိရ တတ်ကြပါတယ်။
သင်ရော နောက်ကျခဲ့ပြီလား။ နောက်မကျသေးဘူးဆိုရင်လဲ သင့်မိဘကို ပြန်ပြီး စောင့်ရှောက်နိုင်တဲ့ သားသမီးကောင်း တစ်ယောက် ဖြစ်ဖို့ အချိန် မှီပါသေးတယ်။

သင့်လျော်အောင် ဘာသာပြန်ပါသည်။
ဘာသာပြန်သူ - မိုးကုတ်သား

Monday, December 1, 2008

Love and Time (အချစ်နဲ့ အချိန်)

တစ်ခါတုန်းက ကိုဖိုးပျော်၊ မယ်စိတ်ညစ်၊ ကိုသုတ အပါအဝင် ခံစားချက်တွေ အားလုံးဟာ ကျွန်းလေး တစ်ကျွန်းပေါ်မှာ အတူ နေထိုင်ကြသတဲ့။ အချစ်လဲ ပါတာပေါ့။ တစ်ရက်တော့ အဲ့ဒီ ခံစားချက်တွေ အားလုံးဆီကို သတင်းတစ်ခု ရောက်လာပါတယ်။ သူတို့နေတဲ့ ကျွန်းကလေးက မကြာခင် ပင်လယ်အောက်ကို နစ်မြှုပ်တော့ မယ်တဲ့။ အားလုံးလဲ ကိုယ့် ကိုယ်ပိုင် လှေ ကလေးတွေ ဆောက်ပြီး ကျွန်းကလေးကို ခွဲခွာသွားဖို့ စီစဉ်ကြတယ်။ ဒါပေမဲ့ အချစ်က မဆောက်ဘူး။ ဒီကျွန်းလေးကို သူ မခွဲနိုင်ဘူးလေ။ ဒီကျွန်းကလေးနဲ့ အတူနေနိုင်သမျှ သူနေမယ်လို့ ဆုံးဖြတ် ထားတယ်။ ကျွန်းကလေး ပင်လယ်ထဲကို လုံးလုံးလျားလျား နစ်မြှုပ်ခါ နီးမှ သူက အကူအညီ တောင်းဖို့ ဆုံးဖြတ်လိုက်တယ်။
အင်မတန် ကြီးကျယ် ခမ်းနားတဲ့ လှေကြီးတစ်စင်းနဲ့ ဖြတ်သွားတဲ့ ဦးချမ်းသာကို တွေ့တော့ အချစ်က မေးတယ်။
“ဦးချမ်းသာရေ၊ ကျွန်တော့်ကို ခင်ဗျား လှေနဲ့ ခေါ်သွားလို့ ရမလား?”
ဦးချမ်းသာက “မရဘူး၊ ငါ ခေါ်သွားနိုင်မှာ မဟုတ်ဘူး။ ငါ့လှေထဲမှာ ရွှေတွေ၊ ငွေတွေ အပြည့် ဖြစ်နေတော့ မင်းအတွက် နေရာမရှိတော့ဘူးကွ”
အင်မတန်လှပတဲ့ လှေတစ်စီးနဲ့ သူ့ရှေ့က ဖြတ်သွားတဲ့ ဒေါ်ဝင့်ဝါကို မြင်တော့ အကူအညီတောင်းဖို့ အချစ်က ဆုံးဖြတ်လိုက်တယ်။ “ဒေါ်ဝင့်ဝါရေ၊ ကျွန်တော့်ကို ကယ်ပါဦးဗျာ!”
“ငါ မကယ်နိုင်ဘူးအချစ်ရေ၊ ကြည့်စမ်းပါဦးကွယ်။ နင့်တစ်ကိုယ်လုံး စိုရွှဲနေလိုက်တာများ။ ငါ့ရဲ့ လှေကလေးပါ ပျက်စီးသွားဦးမယ်ကွယ်” ဒေါ်ဝင့်ဝါက ပြောလိုက်တယ်။
အလို၊ မယ်စိတ်ညစ်ရဲ့ လှေကလေး နီးလာပါလား။ အကူအညီ တောင်းအုံးမှ။
“မယ်စိတ်ညစ်ရေ၊ ငါ မင်းနဲ့အတူ လိုက်ခဲ့ပါရစေ။”
“အိုး၊ အချစ်ရေ..။ ငါ ဝန်းနည်းလွန်းလှလို့ တစ်ယောက်ထဲ နေပါရစေကွယ်။”
ဒီလိုနဲ့ ကိုဖိုးပျော်ရဲ့ လှေကလေး အချစ်နားက ဖြတ်သွားပြန်တော့ သူ့ကို ခေါ်တဲ့ အသံတောင် မကြားနိုင်အောင် ပျော်ပျော်ရွှင်ရွှင်နဲ့ ရွက်လွှင့် သွားပြန်ပါတယ်။
“ဟေ့ အချစ်၊ ငါနဲ့လိုက်ခဲ့” ရုတ်တရက် ထွက်လာတဲ့ အသံကြောင့် အချစ်ကြည့်လိုက်တော့ ဖိုးဖိုး တစ်ယောက်ကို တွေ့ရတယ်။ ဘာပြောကောင်းမလဲ။ ဆုမွန်ကောင်းတစ်ခု ရလိုက် သလိုပဲ၊ အချစ်လဲ ဝမ်းသာအားရနဲ့ ဖိုးဖိုး ဦးသက်ကြီးနဲ့ လိုက်သွားလိုက်တာ။ သူတို့ဘယ်ကို သွားနေတာလဲ၊ အဖိုးအိုက ဘယ်သူလဲ ဆိုတာတွေ ကိုတောင် မေးဖို့ မေ့နေခဲ့တယ်။ ဒီလိုနဲ့ ကုန်းမြေတစ်ခုဆီ သူတို့ ရောက်သွားတော့ ဖိုးဖိုး ဦးသက်ကြီးက သူ့လမ်းသူ ဆက်သွားခဲ့ပါတယ်။
ဖိုးဖိုး ဦးသက်ကြီးရဲ့ ကျေးဇူး ဘယ်လောက် ကြီးသလဲဆိုတာ အချစ် နားလည် သဘောပေါက်တယ်။ ဒါနဲ့ လမ်းမှာ တွေ့တဲ့ နောက်ထပ် အသက်အကြီးဆုံး ဘွားပညာကို မေးလိုက်တာပေါ့။
“ကျွန်တော့်ကို ကယ်တင်သွားတာ ဘယ်သူများပါလိမ့်?”
“အဲ့ဒါ အချိန်ပေါ့” ဘွားပညာက ပြန်ဖြေတယ်။
“အချိန်၊ ဟုတ်လား” အချစ်က မေးလိုက်ပြန်တယ်။ “အချိန်က ဘာလို့ ကျွန်တော့်ကို ကယ်သွားတာပါလိမ့်”
ဘွားပညာက အမျော်အမြင် ကြီးတဲ့ အပြုံးတစ်ခုနဲ့ အချစ်ကို ကြည့်တယ်။
“ဘာလို့လဲ ဆိုတော့ အချစ်ရဲ့တန်ဖိုးက ဘယ်လောက် ကြီးသလဲဆိုတာ အချိန်တစ်ယောက်ထဲ နားလည်နိုင်လို့ ပေါ့ကွယ်”
သင့်လျော်အောင် ဘာသာပြန်ပါသည်။
ဘာသာပြန်သူ - မိုးကုတ်သား

အပေါ်က ပုံပြင်နဲ့ ဆိုင်မဆိုင်တော့ မသိဘူး။ စိတ်ရူးပေါက်လို့ နဲနဲ ကွန့်လိုက်ပြီ။
အချစ်ကြောင့် ဖြစ်တဲ့ စစ်မြေပြင်တွေ ရှိခဲ့မယ်ဆိုရင် အဲ့ဒါ.. အချစ်ကြောင့် မဟုတ်ဘူး။ ပိုင်ဆိုင်လိုစိတ်ကြောင့်။
အချစ်ကြောင့် ရူးသွပ်ရတယ်ဆိုရင် အဲ့ဒါ အချစ်ကြောင့် မဟုတ်ဘူး။ စွဲလန်းမှုကြောင့်။
အချစ်ကြောင့် ဖြစ်တဲ့ အမုန်းတွေ၊ နာကျည်းမှုတွေ ရှိခဲ့မယ်ဆို အဲ့ဒါ အချစ်ကြောင့်မဟုတ်ဘူး။ မစွန့်လွှတ်
တတ်လို့။
အချစ်ကြောင့် ပြဿနာတွေ ကြုံရတယ်ဆို၊ အဲ့ဒါ အချစ်ကြောင့်မဟုတ်ဘူး။ နားလည်မပေးလို့။
အချစ်က ဘယ်တော့မှ အရောင်မပြောင်းဘူး။ လူတွေကသာ အချစ်ကို ဆေးဆိုးပန်းရိုက် လုပ်တတ်ကြတာ။
အချစ်ရဲ့တန်ဖိုးက ဘယ်လောက်ကြီးသလဲ၊ တန်ဖိုးက ကိုးကွယ်သူရဲ့ လက်ထဲမှာ။
အချိန်က အကောင်းဆုံး သမားတော်တဲ့။ ချစ်တတ်သူတွေ အတွက်ကတော့ စက္ကန့်တိုင်းမှာ ချစ်ရတာ ကျေနပ်စရာ...။