Friday, December 5, 2008

စီးပွားရေး ကပ်


စီးပွားရေး ကပ် ဆိုတာကို ကြားနေရတာတော့ ကြာပါပြီ။ နဂိုကတည်းက စီးပွားရေးဆိုတာကို စိတ်မဝင်စားတဲ့ ကျွန်တော် ကြားနေရတဲ့ သတင်းတွေကို ဂရုမစိုက်မိဘူး။ အလုပ် တစ်ချို့ လည်ပတ်မှု ရပ်ဆိုင်းသွားတယ်။ တစ်ချို့က လည်ပတ်မှု နှေးသွားတယ်။ အလုပ် နဲနဲ ပါးသွားလို့ အနားတောင် ရသေးတယ် ဆိုပြီး ပျော်တောင် နေခဲ့မိသေးတာ။ စီးပွားရေးပညာနဲ့ ဝေးပုံများတော့။ ဗြုန်းဆို သူငယ်ချင်းတွေ အလုပ်ပြုတ် သွားတဲ့ သတင်းတွေ ကြားရတော့မှ စိတ်မကောင်းတွေဖြစ်၊ ကိုယ်တိုင်လဲ ပြူးပြူးပျာပျာ ဖြစ်တော့တာပဲ။ ဒီတော့မှ အလုပ် တွေ ပိုပို ပါးလာတာကို စိုးရိမ်ရကောင်းမှန်း သိတော့တယ်။

မှတ်မှတ်ရရ အဲ့ဒီနေ့က သူဌေးရဲ့ မွေးနေ့။ ကျွန်တော်တို့ အားလုံး သူဌေးလာရင် ပေးဖို့ မွေးနေ့လက်ဆောင်ကို ထုပ်ပိုး နေကြတယ်။ စက္ကူတွေ အထပ်ထပ် ပတ်ထားတဲ့ လက်ဆောင်ထုပ်ကို ဖွင့်ရင်း စိတ်မရှည်လို့ စူပုပ်နေမဲ့ သူဌေးမျက်နှာကို မြင်ယောင်ပီး အားလုံး သဘောကျ နေကြတာပေါ့။ အဲ့ဒီအချိန်မှာပဲ သတင်းဆိုး တစ်ခုကို သယ်လာတဲ့ ဖုန်း ဝင်လာတယ်။ အလုပ်ရှင် တစ်ယောက်က သူ့အိမ်ကို ဆက် မဆောက်နိုင်တော့ဘူး။ သူ့ဘဏ်က သူလိုအပ်တဲ့ ငွေကို မပေးနိုင်တော့လို့ လို့ ဆိုပါတယ်။ ဖုန်းဖြေတဲ့ စီနီယာလဲ မျက်နှာ မကောင်းဘူး။ နောက်ထပ် ငါးမိနစ် မခြားသေးဘူး။ အလုပ်ရှင် တစ်ယောက်က စီးပွားရေး အခြေအနေတွေ တည်ငြိမ်သွားမှ သူ့အိမ်ကို ဆက်ဆောက်တော့မယ်။ အခုလောလောဆယ်တော့ မဆောက်သေးပဲ ခဏ ရပ်ထားမယ်တဲ့။ ဒီနေ့မှာမှ တိုက်တိုက်ဆိုင်ဆိုင် ဗျာ။ စီနီယာတွေလဲ သူဌေးကို ဘယ်လို ပြောရပါ့ဆို စိတ် ညစ်နေကြတယ်။ အဲ့ဒီ မတိုင်ခင်ကရင်း ရှေ့မှာ တချို့ အလုပ်တွေကလဲ နားထားရသေးတယ် ဆိုတော့ ရေရှည်အတွက် ကုမ္ပဏီကို ဘယ်လို ဆက်လည်ပတ်ကြမလဲ ဆိုတာ တွေးကို တွေးရတော့မှာပါ။
သတင်းသိရတော့ သူဌေးလဲ တော်တော် စိတ်ညစ်သွားပုံ ရပါတယ်။ ဒါပေမဲ့ သူ့ မွေးနေ့ လက်ဆောင်ထုပ် ကိုတော့ စိတ်ရှည်လက်ရှည် ဖွင့်ရင်း ကျွန်တော်တို့ကို ပြန်နောက်နေသေးတယ်။ နောက်တော့ ကျေးဇူး တင်ကြောင်း ပြောပြီး သွားခဲ့လိုက်တာ။ အပေါ်ထပ်က သူ့ ရုံးခန်းလေး ထဲကနေကို ဆင်းမလာ တော့တာ နေ့စာ ထမင်းစားချိန်ထိ။
နေ့လည်စာ ထမင်းလိုက်ကျွေးတော့ ကမ္ဘာ့ စီးပွားရေး ပြဿနာနဲ့ ပတ်သက်တဲ့ အကြောင်းတွေ ဆွေးနွေး ဖြစ်ကြတယ်။ ကျွန်တော်ကတော့ ဘာမှ မသိတော့ နားထောင်သူ ပရိတ်သတ် ပေါ့ဗျာ။
အမေရိကားမှာ ဘဏ်တွေကို ထုတ်ချေးပေးနေတဲ့ ငွေ စုစုပေါင်း ဒေါ်လာ ဘီလီယံပေါင်း လေးရာမက ရှိနေပြီး အမေရိကန် တစ်နိုင်ငံလုံးမှာ ရှိတဲ့ လူတစ်ယောက်ချင်းစီကို ဝေပေးရင်တောင် တစ်ဘီလီယံ မက ရနိုင်မယ်ဆိုတဲ့အကြောင်း၊ တရုတ်တွေလဲ မယ်လမင်းကိစ္စနဲ့ သူတို့ ထုတ်ကုန် ဈေးကွက်တွေက ပိုပြီး ကျဆင်းနေတယ် ဆိုတဲ့အကြောင်း၊ ဂျပန်လဲ သူတို့ရဲ့ အဓိက စီးပွားရေး ဈေးကွက်ဖြစ်တဲ့ ကားထုတ်လုပ်မှု ဈေးကွက်တွေ ကျဆင်းလာလို့ အခြေအနေ မကောင်းတာ၊ အိန္ဒိယ မှာလဲ စီးပွားရေးကပ် တင်မက အကြမ်းဖက်သမားတွေကြောင့် မြွေပူရာ ကင်းမှောက် ဖြစ်နေကြောင်း၊ တရှိန်ထိုး ချမ်းသာလာတဲ့ ယိုးဒယား ဘန်ကောက်လဲ မွဲစ ပြုလာပြီ ဆိုတဲ့ အေကြာင်းအရာစုံတွေ သိရတာပေါ့ဗျာ။ နောက်တော့ “ငါတို့ အစိုးရတောင်မှ သူ့လစာ ၂၀ရာခိုင်နှုန်းကို လျှော့ ယူနေရတာ၊ ငါလဲ အဲ့ဒီ စနစ်ကို ရုံးမှာ ကျင့်သုံးမှထင်တယ်။ ဒါမှ မဟုတ်လဲ ဝန်ထမ်းကို လျှော့ရလိမ့်မယ်။ အင်း၊ ဒါပေမဲ့ ရုံးမှာ လုဆယ်ယောက် ပြည့်အောင်တောင် ရှိတာ မဟုတ်တော့ လျှော့ရင်လဲ ရုံးမှာ တစေ ခြောက်ခံ နေရဦးမယ်။” သူဌေးက ရယ်ရယ် မောမောနဲ့ အတည်လိုလို၊ နောက်တာလိုလို ပြောပါတယ်။ ရုံးသားတွေ အားလုံးလဲ မျက်နှာတွေ ပျက်ကုန် ကြရော။
“ပြီးမှ ဒီအကြောင်းကို ဆက်ဆွေးနွေး တာပေါ့ကွာ။ ပျော်စရာနေ့မှာ စိတ်ညစ်စရာတွေ မပြောချင်ဘူး” သူဌေးလဲ ပျာပျာသလဲနဲ့ သူ့စကားကို လျှောချပေမဲ့ အဲ့ဒီ နေ့စာက အားလုံးအတွက် မချိုမြိန်နိုင်တော့ဘူး။
“ငါတို့ရတဲ့ လစာက အစိုးရ ရတဲ့ လစာရဲ့ အစွန်းထွက်တောင် မရှိပါဘူး။ သူ့လစာ ၂ဝရာနှုန်း လျှော့ချလိုက်လို့ ဘာမှ ဖြစ်မသွားဘူးလေ” စီနီယာ တစ်ယောက်ကလဲ ရီရီမောမော ပြန်နောက်ပေမဲ့ သူ့မျက်နှာက အီလည်လည်။

“ငစနေ ရေ၊ မင်းနဲ့ ဆွေးနွေးစရာ ရှိလို့ အစည်းအဝေး ခန်းမထဲကို ခဏ လိုက်ခဲ့ကွာ”
အဲ့ဒီကိစ္စပြီး နောက် နှစ်ရက် အကြာမှာ ကျွန်တော့် အလုပ်ခုံ ဘေးနား လာရပ်ပြီး သူဌေးက ပြောတော့ ရင်ဘတ်ထဲ ဒိန်းကနဲ။ အဆိုးဆုံးထိ တွေးထားပြီးသားမို့ အလုပ်ထုတ်ခံရလဲ ဘာဖြစ်လဲကွာ။ အသစ် ထပ်ရှာ မှာပေါ့၊ ရှာမရလဲ ပြန်ရုံရှိတာပဲ။ အဲ့ဒီလို စိတ် ဒုံးဒုံး ချထားပေမဲ့ တကယ်တမ်း ရင်ဆိုင်ရတော့ ကျွန်တော့်စိတ်က လှုပ်ရှားနေ မိတယ်။ သူဌေးရဲ့ လက်ထဲမှာလဲ ချက်လက်မှတ်နဲ့ စာရွက်တစ်ချို့။ ဘောလ်ပန်လေးတောင် ပါသေး။ လက်မှတ် ထိုးခိုင်းဖို့ အဆင်သင့် ယူလာတာနေမှာ။ ငါတော့ ထုတ်ခံရပြီ။ အလုပ်သစ် ရှာမရလို့ ပြန်ရရင် အိမ်စားရိတ် ကာမိ အောင်တောင် ငါ ရှာနိုင်ပါ့မလား။ ငါ ယောက်ျားပဲကွာ။ ဘာဖြစ်ဖြစ် အကောင်းဆုံး ဖြစ်အောင်တော့ ကြိုးစား ရမှာပဲ။ စိတ်တွေ ကျလိုက်၊ ပြန် အားတင်းလိုက်နဲ့ အစည်းအဝေး ခန်းမထဲ လိုက်သွားတယ်။
“ကဲ၊ ထိုင်ပါဦးကွာ.......... အခု စီးပွားရေး ကျဆင်းမှုတွေ တကမ္ဘာလုံး ဖြစ်နေတာ မင်းသိတယ်နော်”
“ဟုတ်ကဲ့”
“ငါလဲ အချိန်တော်တော် ကြာကြာ စဥ်းစားခဲ့ပါတယ်။ ဒါပေမဲ့ အခက်အခဲ တစ်ချို့ကြောင့် စီနီယာတွေနဲ့ တိုင်ပင်ပြီး ဆုံးဖြတ်ချက် တစ်ချို့ ချခဲ့ကြတယ်”သူဌေးက တော်တော်လေး စိတ်မကောင်း ဖြစ်နေတဲ့ အမူအယာနဲ့ ပြောတယ်။
“ဟို တစ်နေ့က ပြောသလို လစာ လျှော့ချ ဖို့တင်မကဘူး၊ အလုပ်သစ် မရှိဘဲ နောက်တစ်နှစ် အထိ ကုမ္ပဏီကို ဆက် လည်ပတ်နိုင်အောင် လူလျှော့ဖို့လဲ ဆုံးဖြတ်လိုက်တယ်” ရှေ့ဆက် ပြောဖို့ ခက်ခဲ နေသလို သူဌေးက စကားခဏ ရပ်ပြီး ကျွန်တော့်ကို အကဲခတ်တယ်။
ဒီစကားတွေ ကြားရမယ်လို့ ကြိုပြီး မျှော်လင့် ထားပေမဲ့ ကျွန်တော်က ဟန်မပျက်အောင် မနည်းထိန်းနေရတယ်။ ဘယ်က ဘယ်လို ဝင်လာမှန်းမသိတဲ့ အရှက်တရား တစ်ခုကလဲ ကျွန်တော့် ခေါင်းကို တူကြီးကြီးတဲ့ ထုနေသလိုပဲ။ ခေါင်းထဲမှာ ဆူဝေနေတယ်။ ကြည့်စမ်းပါဦး။ အကောင်းဆုံး ကျွန်တော် စွမ်းဆောင် ပေးခဲ့တာတောင် အခု ကျွန်တော် အလုပ်ထုတ် ခံရတော့မယ်။ ကျွန်တော်က တကယ်ပဲ ဒီရုံးကို အထောက်အကူ မပေးနိုင်တဲ့၊ အသုံးမကျတဲ့ လူတစ်ယောက်လား။ မျက်နှာတွေ ပူနွေးလာတယ်။ “မင်းထက် နောက်ကျပြီးမှ ဝင်လာတဲ့ လူသစ်ကို မထုတ်ပဲ မင်းကို ဘာကြောင့် ထုတ်လိုက်တာလဲ..” သူတစ်ပါးတွေဆီက ဝင်လာမဲ့ မေးခွန်းတွေကို ဘယ်လို ကျွန်တော် ရင်ဆိုင် ရမှာပါလိမ့်။ ရှက်ဖို့ ကောင်းလိုက်တာ။ စိတ်မကောင်းဖြစ်နေတာထက် ရှက်စိတ်တွေက ပိုဆိုးနေတာ အံဩစရာ။
“နောက်ပြီး အလုပ်ချိန်ကိုလဲ လျှော့ချပေးမယ်။ တနင်္လာနေ့တိုင်း ရုံးပိတ်ရက် အဖြစ် သတ်မှတ်ပြီး တစ်ပါတ်ကို ငါးရက်အစား လေးရက်ပဲ အလုပ် လုပ်ကြရမယ်။ အနားယူချိန် ပိုထွက်လာတာပေါ့ကွာ။ မဟုတ်လဲ လုပ်စရာ သိပ်မရှိတော့ ရုံးမှာ ဒီအတိုင်း ထိုင်နေရတာ ပျင်းစရာကြီး။ ဟုတ်တယ်မလား။”
သူဌေးကို ခေါင်းညိတ်ပြမိသလား၊ ခေါင်းခါပြလိုက်သလား ကျွန်တော် မသိတော့ဘူး။ သူပြောနေတာတွေကလဲ ကြားတစ်ချက်၊ မကြားတစ်ချက်။ ဘယ်အချိန် ငါ့ကို အလုပ်ထုတ်လိုက်ပြီ ပြောမလဲ။ ပြောရင်လဲ မြန်မြန် ပြောချ လိုက်တာ မဟုတ်ဘူး။ စကားတွေ အရှည်ကြီး လျှောက်ပြောနေတယ်။
“ငါ အခြေအနေ အားလုံးကို သဘောပေါက် နားလည်ပါတယ်။ ကုမ္ပဏီရဲ့ ပြဿနာက ငါတို့ အားလုံးရဲ့ ပြဿနာပဲလေ။ မင်းဆုံးဖြတ်တာကို ဘာပဲ ဖြစ်ဖြစ် ငါ လက်ခံပါတယ်။ ကျေးဇူးပြုပြီး အစည်းအဝေးက ထွက်လာတဲ့ အဖြေက ဘာလဲ ဆိုတာသာ ပြောပြပေးပါ။”
သူပြောတာတွေကို မကြားတစ်ချက်၊ ကြားတစ်ချက် ဖြစ်နေမဲ့ အတူတူ တည့်တိုးပဲ မေးချ ပစ်လိုက်တယ်။
“အေးလေ။ အခုလဲ ငါက ဆုံးဖြတ်ချက်က ထွက်လာတဲ့ အဖြေတွေကို ပြောပြနေတာ။ မင်း အခုလို နားလည် လက်ခံ ပေးတဲ့ အတွက်လဲ ကျေးဇူးတင်ပါတယ်။ လာမဲ့ ဇန်နဝါရီလကနေ စပြီး အလုပ်ချိန် လေးရက် သတ်မှတ် လိုက်ပြီ။ အလုပ်တွေ ပြန်ကောင်းလာတဲ့ အချိန်ကျမှ အရင်လို ပုံမှန် အလုပ် ပြန်လုပ်ကြတာပေါ့။ ဒီလို ဆုံးဖြတ် လိုက် ရတာ စိတ် မကောင်းပါဘူးကွာ။ ရော့၊ ဒီမှာ မင်းရဲ့လစာ ချက်။ လက်မှတ် ထိုးလိုက်ဦး။”
ဒီတော့မှပဲ ဒီကနေ့က လကုန်မဲ့ ရက်သတ္တပါတ်ရဲ့ သောကြာနေ့ ဆိုတာကို သတိရတော့တယ်။ အဲ့ဒါကို မေ့နေလောက်အောင် ထူပူသွားတဲ့ စိတ်ကို ပြန်ပြီး ရယ်ချင်ရင်း “မင်းလိုသေးတယ် ငစနေရေ” လို့ စိတ်ထဲကနေ ကိုယ့်ကိုယ်ကို အပြစ် ဖို့နေမိတယ်။ ဘယ်လောက်ပဲ ကြိုတင် ပြင်ဆင်ထားထား။ အရေးကြုံရင် စိတ်က လှုပ်ရှားနေတုန်း။ ကိုယ်တိုင်က မတည်ငြိမ်၊ မရင့်ကျက်သေးတာကိုလဲ စိတ်ပျက်နေမိတယ်။ အင်း၊ ငါ့ သူငယ်ချင်းတွေကို သူတို့ သူဌေးတွေ ခေါ်တွေ့ပြီး အလုပ်ဖြုတ်ကြောင်း ပြောတော့ သူတို့တွေ ဘယ်လို ခံစား၊ တုန့်ပြန်ကြမလဲ။ နဂိုတုန်းကတော့ သတင်းကြားရင် စိတ်မကောင်း ဖြစ်ရပေမဲ့ ခုမှပဲ လက်တွေ့ကျကျ ကိုယ်ချင်းစာ နာတတ်ခဲ့ ရပါတော့တယ်။

ရေးသားသူ - မိုးကုတ်သား

No comments: