Monday, June 29, 2009

စနေသားနဲ့ သူ့အိမ်မက်များ


“အရောင်လက်ကြိုးစများ”
တဲ့။ ညီမလေး မယ်ကိုး ဖွဲ့ချည်တဲ့ ကြိုးလေးတစ်စ။
ရေးချင်လှတာ ကြာနေတဲ့အထဲ ပထမဆုံး အတက်ဂ် ခံရတဲ့ အကြောင်းအရာ ဆိုတော့ အလုပ်မအားတာ၊ လူရောစိတ်ပါ ဖျားနာနေတာတွေ ဘေးဖယ်ပြီး ကျနော် အိပ်မက်တွေကို တူးဖော်ကြည့်မိတယ်။
အိပ်မက်ဆိုတာတွေက ခဏတာမက်ပီး ပျောက်သွားတာတွေလဲ ရှိရဲ့။ မမှတ်မိတဲ့ အိပ်မက်တွေလဲ ရှိရဲ့။ စွဲလန်းမိတဲ့ အိပ်မက်တွေလဲ ရှိရဲ့။ အဲ့ဒီထဲကမှ အရောင်လက် ကြိုးစတွေလို ပြိုးပျက်နေတဲ့ အိမ်မက်ကြိုးတွေ လိုက် စီရရီ ကြည့်မိတော့ ပကတိ ပုံရိပ်တစ်ခု ထွက်လာတယ်။
ငယ်စဉ်အခါက ကျနော်ဟာ ဖေ့ မျိုးဆက်သွေးတွေတော့ ပါခဲ့ပါရဲ့။ ဖေ့ ဖေဖေက တယောနဲ့ စန္ဒရား အတီးကောင်းပြီး ဖေ့ မေမေက သီချင်းဆို အင်မတန်ကောင်းသူပေါ့။ ဖေကတော့ ဘင်ဂျိုနဲ့ ဂစ်တာ အတီးကောင်းသလို သီချင်းဆိုလဲ ကောင်းလေတယ်။ ဖေ့အမတွေ ညီမတွေ အကုန်လုံးလဲ သီချင်းဆို ကောင်းကြသူတွေပါ။ ဂီတကို မြတ်နိုးပေမဲ့ ကျနော် ကျမှ အသံကလဲ မကောင်း၊ ဘာ ဂီတ တူရိယာမှလဲ မတီးတတ်ပါပဲ ရူးသွပ်ခဲ့တဲ့ အိမ်မက်တစ်ခုက “က” တာ။ ငယ်ငယ်ကတော့ “ဘရိတ်ဒန့်စ်” တွေ ခောတ်စားတဲ့အချိန်မှာလဲ ရူးသွပ်၊ “ပါရာနာဝေ၊ ပါရာနဝေ့ ပါရနာ” ဆိုပီး သိုင်းကွက်နဲ့ ကတာတွေ ခောတ်စားတော့လဲ လိုက်ကခဲ့တာပေါ့။ မအားတဲ့ကြားက အဲဒီပိုးက ရှစ်တန်း၊ ကိုးတန်းထိ တော်တော် ပြင်းတုန်း။ “ငါကြီးလာရင် Professional Dancer လုပ်မယ်” လို့ အိပ်မက်တွေ မက်ထားခဲ့ဖူးတာပေါ့။ ဒါပေမဲ့ ဆယ်တန်းမှာ အိမ်မိသားစု စီးပွားရေးတွေ တစ်စတစ်စ တာဝန် ယူလာရတော့ ဒါဟာ စိတ်ကူးယဉ် အိပ်မက် တစ်ခုလိုသာ ကျနော် လွှတ်ချ ပစ်ခဲ့ရတော့တယ်။ (ခုတော့ တခါတလေ အားကစားသင်တန်းမှာ ကျန်းမာရေး အကြောင်းပြ သွားသွားပြီး “က” ဖြစ်နေလေရဲ့ တခါတခါလဲ ကလပ်ထဲ သွားသွားပြီး မမုးပဲ “က” နေတတ်ပါတယ်ခင်ဗျ။ )
နောက် အိပ်မက်တစ်ခုကတော့ ဓာတ်ပုံတွေ။ ကျနော်က တစ်နေရာရာရောက်ရင် အဲ့ဒီ အချိန်လေးတွေကို အမှတ်တရ ပုံလေးတွေအဖြစ် သိမ်းထားချင်ခဲ့တယ်။ ကျနော်တို့ မိသားစုက နှစ်စဉ် နှစ်တိုင်း မြို့ကလေးမှာ ကျင်းပတဲ့ တပေါင်းပွဲတော်မှာ မိသားစု ဓာတ်ပုံ ရိုက်လေ့ရှိတယ်။ ငွေစလေးတွေ ရွှင်နေတဲ့ နှစ်တွေမှာပေါ့။ ဓာတ်ပုံရိုက်ဖို့ ငွေပိုလျှံမရှိတဲ့ နှစ်တွေမှာ ကျနော်က တပေါင်းပွဲမှာ မပျော်ရလို့ ၀မ်းနည်းတာထက် မိသားစု အတူတူ ဓာတ်ပုံ တွဲ မရိုက်ရတဲ့အပေါ်မှာသာ စိတ်မကောင်းတွေ ဖြစ်နေရော။ ကျောင်းတွေ တက်လို့ အိမ်နဲ့ ခွဲနေရချိန်တွေမှာ ကျနော်က အဲ့ဒီ မိသားစု ဓာတ်ပုံလေးတွေနဲ့ အိမ်ကို အလွမ်း ဖြေရတာပေါ့။ ရူးသွပ်တဲ့ စွဲလန်းမှု တစ်ခုလို့ ဆိုချင်ဆို၊ ခု ချိန်ထိ ဓာတ်ပုံလေးတွေ ပြန်ကြည့်တိုင်း အဲ့ဒီ အချိန်တွေကို ပြန်ပြန် ရောက်သွား တတ်တယ်။ ကျနော်ဟာ အဲဒီ ဘ၀အခိုက်အတန့် အမှတ်တရချိန်လေးတွေ တန်ဖိုးထားသလို သူတပါးတွေ အဲ့ဒီလို အမှတ်တရအချိန်တွေ ကြုံရတိုင်း ကိုယ်က မှတ်တမ်းတင်ပေးနိုင်သူ ဖြစ်ချင်တဲ့ အိပ်မက်တစ်ခုလဲ အဲ့ဒီ အချိန်ထဲက ရင်ထဲ တိတ်တဆိတ် အိပ်မက် မက်ခဲ့ဖူးတာပေါ့။ (ခုတော့ အခြေအနေလေး ပေးလို့ ကင်မရာလေး တစ်လုံး လက်ဝယ် ရှိတဲ့အခါ အဲဒီ အိပ်မက်လေးတွေကို အကောင်အထည်ဖော်ခွင့် ရခဲ့တယ်။ ဓာတ်ပုံ ပညာအကြောင်း ဘာမှ သိပ်နားမလည်ပေမဲ့ ကျနော် ဓာတ်ပုံ ရိုက်ပေးလို့ သူငယ်ချင်းတွေ အမှတ်တရ ဖြစ်ကျန်ခဲ့ရင်၊ ပျော်နေကြရင်ပဲ ကျနော်က ၀မ်းတွေသာလို့ပေါ့ဗျာ။ ကျနော်ဟာ နာမည်ကြီး ဓာတ်ပုံဆရာတော့ မဟုတ်ပါဘူး။ အပျော်တမ်း ဓာတ်ပုံ ၀ါသနာရှင် တစ်ယောက်ပါ။ လိုအပ်ချက်တွေအများကြီး ရှိပေမဲ့ ကျနော် ကျေနပ်ပါတယ်။)
နောက်ပြီး ကျနော် ငယ် ကတည်းက စာတွေဖတ်၊ ပန်းချီတွေ စိတ်ကူးပေါက်ရာဆွဲ၊ ကဗျာတွေ စာတွေရေး။ အဲတာတွေလဲ ၀ါသနာ ပါခဲ့တာပါပဲ။ စိတ်တွေ ပျော်တိုင်း၊ ညစ်တိုင်း၊ လွတ်လပ်တိုင်း၊ မွန်းကျပ်တိုင်း ဒိုင်ယာရီဆန်ဆန် စာတွေ ရေးမှတ်ထားတတ်တယ်။ ကျနော့်ကိုယ် ကျနော် ပျောက်ဆုံးတဲ့ အခါတိုင်း အဲဒီ ဒိုင်ယာရီတွေ ဖတ်ပြီး ကိုယ့်ကိုယ်ကို ပြန်ပြန် တည်ဆောက် ယူခဲ့ရတာပေါ့။ (ခုတော့ ဒီ Wonderful Universe မှာ စာတွေ၊ ကဗျာတွေ ချပြီး ရေးဖြစ်နေပြန်တယ်။ ကျနော့် အိပ်မက်လေးတစ်ခု ဒီနေရာမှာ ခင်းကျင်းပြထားတာ စာဖတ်သူတွေအတွက် စိတ်အပန်း မပြေအုံးတောင် အဆိပ်အတောက်တော့ မဖြစ်လောက်ဘူး ယုံကြည်ထားပါရစေ။)
တဖြည်းဖြည်းနဲ့ ဘ၀ပင်လယ်ထဲမှာ လှော်ရင်းခတ်ရင်း အိမ်မက်တွေလဲ ကျနော်ချစ်တဲ့ တိမ်တိုက်တွေလို အသွင်ပြောင်းလာ ခဲ့တော့တယ်။ မန္တလေး စက်မှုတက္ကသိုလ် ကို ရောက်လာတော့မှ “ဗိသုကာ” ဆိုတာနဲ့ ကျွမ်းဝင်ထိတွေ့ခွင့် ရခဲ့တဲ့သူ။ လျှပ်စစ်အင်ဂျင်နီယာကြီး လုပ် ဆိုပီး အိမ်က လွှတ်လိုက်တဲ့ ကျနော်၊ ပထမနှစ် စာမေးပွဲ ဖြေအပြီးမှာ “ဗိသုကာ” ဘာသာရပ်အတွက် ၀င်ခွင့်လျှောက်လွှာတင်ပြီး အိမ်ကို ပြန်တယ်။ အိမ်ကတော့ သူတို့ စီစဉ်ပေးထားတဲ့ ဘာသာရပ်ကို မယူပဲ တခြားဘာသာရပ်ကို ယူခဲ့တော့ စိတ်ဆိုးချင်နေတာ၊ Mechanical Engineer ဖြစ်သူ ဦလေးတစ်ယောက်က “မင်း ကျောင်းပြီးရင် ဘာလုပ်စားမှာလဲ။ အဲဒီဘာသာ ယူတဲ့သူတွေ တော်တော်များများက လမ်းဘေးမှာ ဆိုင်းဘုတ်ရေးနေရတာ” တဲ့။ စိတ်ဓာတ်တွေတောင် ကျ ချင်သွားတော့တယ်။ အဲ့ဒီအချိန်တုန်းက မြို့ကလေးမှာ “ဗိသုကာ” ဆိုတာ ဘယ်လို ထင်ကြသလဲ။ လူတယောက်က “ အော်၊ ဗိသုကာ ဆိုတော့ ပန်းပုတွေ ထုရမှာပေါ့နော် ” တဲ့။ “ ဘုန်းကြီးကျောင်းတွေ ဆောက်ရမှာပေါ့ ” လို့ ပြောကြတာက အနီးစပ်ဆုံးလို့ ပြောလို့ ရခဲ့တာပေါ့။ ဒါပေမဲ့ “ဗိသုကာ” ဘာသာရပ်တွေကို စပြီး သင်ကြားလာရ ကတည်းက ကျနော် ရွေးချယ်မှု မှန်သွားခဲ့ပြီဆိုတာ သိလာတော့တယ်။ ကျောင်းမှာ သင်ရတဲ့ ဘာသာရပ်ပိုင်းဆိုင်ရာတွေ၊ စာအုပ်တွေ၊ လုပ်ရတဲ့ ပရောဂျက်နဲ့ ဒီဇိုင်း ချဉ်းကပ်စဉ်းစားရတာတွေ ကြားမှာ တခါတရံ ကျနော် ထမင်းမေ့၊ဟင်းမေ့၊ အချိန်နာရီမေ့ နစ်မျောလို့ နေတတ်ပြီ။ သို့သော် အဆောက်အဦး ဗိသုကာဘာသာရပ်နဲ့ အဝေးကြီး ဝေးတဲ့အရပ်ကနေ လာခဲ့သူ ကျနော်ဟာ၊ သင်ကြားရတဲ့၊ မြင်တွေ့ရတဲ့ အသစ်အဆန်းတွေနောက် မနည်း မှီအောင် လိုက်ရတယ်။ နဂိုကလည်း ခပ်ညံ့ညံ့ဆိုတော့ ပိုပြီး ကြိုးစားရတာပေါ့။ “ဗိသုကာ” ဘာသာရပ်တွေကို လေ့လာနေရတဲ့ ကျောင်းတက်ချိန် တလျှောက်မှာတော့ “ဗိသုကာပညာရှင်” ဆိုတဲ့ အိပ်မက်တစ်ခု ကျနော့်ဘ၀ထဲ တိုးဝင်လာခဲ့ပါရော။
ကျောင်းတွေ ပြီးပြန်တော့ အိပ်မက်နဲ့ ဆက်နွယ်ပတ်သက်နေတဲ့ “ဗိသုကာ” နယ်ပယ်မှာပဲ အလုပ် လုပ်ခွင့် ရခဲ့တာ အင်မတန် ကံကောင်းပါတယ်။ လုပ်ငန်းခွင် ၀င်တော့မှ ကျယ်ပျံ့လာတဲ့ အမြင်တွေထဲ တဖြည်းဖြည်း တွေးမိလာတာက ကိုယ်တွေ ဒီပညာကို သင်ကြားတာဟာ လူချမ်းသာတွေအတွက် သက်သက်ပဲလား ဆိုတဲ့ အတွေးတစ်ခုပါ။ ပိုမို ကောင်းမွန်တဲ့ လူ့ဘောင်လောကကြီးကို တစ်ထောင့်တနေရာက ဖန်တီးခွင့်ရမယ်လို့ ထင်ထားတဲ့ အိပ်မက်တွေဟာ တပိုင်းတစမှာတင် ရပ်တန့်လို့ နေတော့တယ်။ အဆောက်အဦး တစ်ခုကို ငွေကြေးချမ်းသာသူတွေမှ အကောင်းမွန်ဆုံး ဆောက်လုပ်နေထိုင်ခွင့် ရသတဲ့လား။ တန်ဖိုးကြီး၊ အဖိုးတန် ပစ္စည်းတွေနဲ့ ဆင်ယင်ပြီး ထူးခြားဆန်းပြားမှ မျက်စိ ပသာဒဖြစ်မှ ဗိသုကာတစ်ဦးရဲ့ တာဝန် ကျေသတဲ့လား။ အလုပ်တွေထဲ နစ်မြှုပ်ရင်းက ကျနော့်အိပ်မက်က တစ်ခုထဲမှာပဲ အဆင် ကွဲထွက်သွားပြန်တော့တယ်။ “ဗိသုကာ ပညာရှင်” တစ်ယောက်ဟာ လူတွေ အပန်းဖြေ မျက်စိပသာဒ ဖြစ်စရာ အဆောက်အဦးတွေကိုပဲ ဖန်တီးဖို့ တာဝန် တစ်ခုထဲ ရှိတာမဟုတ်။ ပိုမို ကောင်းမွန်တဲ့ လူ့ဘောင်လောကကြီးကိုလည်း ဖန်တီးပေးနိုင်ဖို့ အခွင့်အရေးတွေ ရှိနေတယ်။ ကျနော်တို့တတွေဟာ လူချမ်းသာတွေ အတွက်သာမက လူတန်းစားမရွေး လူ့ဘောင်လောက တစ်ခုလုံး သာယာလှပအောင် ဖန်တီး ပေးနိုင်ရမယ်။ အခုလို Green Architecture တွေ ပေါ်လာတာ၊ စွမ်းအင် ချွေတာ သုံးစွဲနိုင်ပြီး သဘာဝအရင်းမြစ်တွေ မပြုန်းတီးစေနိုင်တဲ့ ဆောက်လုပ်ရေး နည်းစနစ်တွေ ထွန်းကားစ ပြုလာတာ၊ အဲတာတွေက ကျနော့် အနာဂါတ် လူ့ဘောင်လောကကြီး အတွက် မက်ခဲ့တဲ့ အိပ်မက်လေး လက်တွေ့ ဖြစ်လာနိုင်ဖို့ ယုံကြည်ချက်တွေ အားဖြည့်ပေးနေခဲ့ပါတယ်။ အဲဒီအကြောင်းတွေကို အကျယ်တ၀င့် ကျနော် ဒီမှာ မရေးတော့ဘူး။ ခုတောင် တော်တော် လေကြော ရှည်နေမိပြီ။ ခု လောလောဆယ်မှာတော့ ကျနော့် အိပ်မက်တွေထဲက တစ်ခုဖြစ်တဲ့ “ဗိသုကာ” ပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်းခွင့် ရထားတာ ကံကောင်းလှပါပြီ။
လိုအပ်တာကတော့ အိပ်မက်တွေ အမှန်တကယ် လှပ ဖို့ရာအတွက် ကျနော် အများကြီး ဆက် ကြိုးစားကာ နေရပါဦးမယ်။
အိပ်မက်တွေ (၁) မှာ ကျနော် ရေးခဲဖူးသလိုပေါ့။ ကျွန်တော်တို့ ဘ၀တွေမှာ ဖြစ်လာခဲ့သော အိပ်မက်တွေ ရှိသလို ဖြစ်မလာခဲ့သော အိပ်မက်သေတွေလဲ ရှိသည်။ တစ်ချို့ အိပ်မက်တွေက အိပ်မက်သက်သက်မျှသာ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အိပ်မက်တွေ မမက်လို့ မဖြစ်။ အိပ်မက်တွေ ဆက်မက်နေဖို့ လိုအပ်သည်။
အစကို ပြန်ကောက်ရမယ် ဆိုရင်တော့ ကျွန်တော် သီကြည့်မိတဲ့ အရောင်လက် ကြိုးစတွေလို ပြိုးပျက်နေတဲ့ အိမ်မက်ကြိုးတွေ ရဲ့ ပကတိ ပုံရိပ်လွှာက အနုပညာ ဆိုတာပါပဲ။ အဆင်ကွဲပေမဲ့ မိတ်ဆွေတို့ အားလုံးနဲ့ တစ်အိမ်မက် တူနေတာ အနုပညာဆိုတဲ့ ကျနော့်ရဲ့ ၀ါသနာပါ။

ကဲ၊ ကျနော့် ချစ်မိတ်ဆွေများလဲ ကျနော့် ၀ါသနာ တစ်ဖြစ်လဲ စနေသားရဲ့ အိပ်မက်တွေကို ခပ်ယူ မြည်းစမ်း ကြည့်ပြီးကြရောပေါ့။
ဒီနေရာလေးကနေ ဖိတ်ခေါ်ချင်တာကတော့ “က” ချင်သူ ကောင်မလေးများ စာရင်းပေးကြပါ လို့။ စနေသား အခမဲ့ ကူညီကာ ကလပ် ခေါ်ပါမည်။ (မိန်းခလေးတွေဆို ကလပ်က ပိုက်ဆံ ပေးဝင်စရာ မလိုဘူးတဲ့၊ ဒါကြောင့် မိန်းခလေးများကို ရွေးခေါ်တာ အထင် မလွဲကြစေလို။)
မင်္ဂလာဆောင် ဧည့်ခံပွဲတွေမှာ ပဲ ဖြစ်ဖြစ်၊ အမှတ်တရ တစ်ခုခုအတွက် ဓာတ်ပုံ ရိုက်လို သူများကိုလဲ “အပျော်တမ်း ဓာတ်ပုံရိုက်သူ” ကျနော် ကြိုဆိုပါတယ်။ မော်ဒယ်ဂဲလ် လေးတွေလဲ စိတ်ဝင်စားရင် ဆက်သွယ် လိုက်ပါခင်ဗျ။ မေတ္တာဖြင့် အခမဲ့ လိုက်လံ ရိုက်ကူးပေးပါတယ်။ အဲဒီအတွက် ကင်မရာ Zoom Lens တွေ လက်ဆောင် ပြန်ဝယ်ပေးကြတယ် ဆိုရင်ဖြင့် မေတ္တာကို စေတနာနဲ့ တုံ့ပြန်တာ ဆိုကာ အားနာနာနဲ့ လက်ခံပါ့မယ်။
ချစ်ခင်ရသော မိတ်ဆွေတွေ တကယ်လို့များ အိမ်၊တိုက်တာ၊ အဆောက်အဦးတွေ ပုံစံအတွက် စိတ်ကူးများ လိုအပ်ပါက “ဗိသုကာ” ပိုင်း ဆိုင်ရာ ရှုထောင့်ကနေ ကူညီပေးဖို့ အဆင်သင့်ပါ။ ကျနော်ကတော့ ညီမလေး မယ်ကိုးလို လျှော့ဈေးနဲ့ ဒီဇိုင်း မဆွဲပေးပါဘူး။ ခင်မင်မှုအရ ငွေကြေး လက်ခံမယူပဲ အလကား ဆွဲပေးမှာပါ။ ကျနော် ပုံစံ ထုတ်ပေးတဲ့ အဆောက်အဦး ကုန်ကျစားရိတ် အတိုင်းအဆ အတိုင်း သာ တိုက်ခန်း၊ မြေကွက် စတာတွေကို အလိုက်သတိ လက်ဆောင်ပေးကြမယ် ဆိုရင်ဖြင့် အစောနက ပြောသလို အားနာနာလေးနဲ့ပဲ လက်ခံပေးပါရစေ။
(လိုချင် ရချင်လို့ ပြောတာမဟုတ်ပါဘူး။ တစ်ချို့က ၀ယ်ပေးချင်လျက် အပြောခက်သူတွေ ရှိနေကြလို့ပါ။ :-P )

ဟဲဟဲ။ ကျနော် စသလို၊ နောက်သလို၊ အတည်လို ပြောသွားတာတွေက မိတ်ဆွေတို့ကို ပြုံးစေချင်လို့ စနောက် မိတာပါ။ ခုတလော ကျနော်တင်သမျှတွေ ဖတ်ဖတ်ပြီး စိတ်ညစ် ပြန်ရတဲ့ မိတ်ဆွေတွေကို အားလဲ နာတယ်။ ကျေးဇူးလဲ တင်ပါတယ်ခင်ဗျ။
ခု တကယ် အတည် ပြောလိုတာက ဘာသာရေး၊ လူမှုရေး ကိစ္စရပ်တွေမှာ ကျွန်တော် တတ်ကျွမ်းတဲ့ ပညာရပ်လေး အနည်းငယ်မျှနဲ့ပဲ ဖြစ်ဖြစ် ကုသိုလ်ပြုနိုင်ခွင့် ရမယ် ဆိုရင် အချိန်မရွေးသာ လက်တို့လိုက်ပါ။ ဥပမာအားဖြင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ အဲ့ဒီလို အဆောက်အဦးတွေ ဆောက်လုပ်ဖို့ ဗိသုကာပုံစံတွေ လိုအပ်တဲ့ အခါမျိုးပေါ့။ ကျနော် စနေသား ကိုယ့် အတတ်ပညာနဲ့ တတ်စွမ်းသလောက် ကုသိုလ်ပြုရမှာလဲ ၀ါသနာ ပါ ပါတယ်ခင်ဗျား။

(ဒီ ပို့စ်လေးကို ရေးဖြစ်ဖို့ ဖိတ်ခေါ်တဲ့ ညီမလေး မယ်ကိုး ကို ကျေးဇူး အထူးတင်ပါတယ်။ ညီမလေးကို စာထဲ ထည့်သွင်း နောက်ပြောင်မိတာလဲ စိတ်မဆိုးဘူး ထင်ရဲ့။ အကိုလဲ ညီမလေးလို စာဖတ်သူတွေ ပျော်စေချင်လို့ပါ။
ဒီပို့စ်လေးကို အတော်များများ ရေးပြီး နေကြပါပြီ။ ဆရာမ အပြုံးပန်း ကို ညီမလေး မယ်ကိုးက တက်ဂ်ထားပြီးပေမဲ့ ကျနော် ပြန်ပီး ဖိတ်ခေါ်ပါရစေခင်ဗျာ။ ထပ်ပြီး ကျနော် သိချင်တဲ့ ၀ါသနာအိပ်မက် ပိုင်ရှင်လေးတွေ ကတော့ ညီလေး ဖိုးစိန်နေဒေးညီမင်းအိမ် နဲ့ ညီမ မေလေးမမီး (မိုးသောက်ကြယ်) တို့ပါပဲ။ ညီလေး၊ ညီမလေးတွေရဲ့ ၀ါသနာအိပ်မက်လေးတွေ မျှဝေပေးကြမယ် မျှော်လင့်ပါတယ်။)
ဆရာမ အပြုံးပန်း က တနေ့တော့ အိမ်အလည်ခေါ်ချင်တယ် လို့ ဖိတ်ခေါ်ထားတာလေး ဒီစာ ရေးပြီးမှ တွေ့လို့ပါ။ လာဗျာ။ ကျနော်နဲ့အတူ ဆရာမရဲ့ “မြတ်လေးရုံ” ကို လည်လည်သွားစို့ရဲ့။

မေတ္တာဖြင့်
မိုးကုတ်သား


Thursday, June 25, 2009

အညတြ (၁)



ရနံ့မမွှေးပေမဲ့
အလှပေးတဲ့သူပါ။

အသွေးစုံ အသွင်ကြွသော်လည်း
ဝင့်ကြွားကာ မမော်နိုင်သူမို့
ပင်ဖျားမှာပဲ ဖူးပွင့်ကြွေ။






ရက်လချိန် ရာသီတိုင်းမရွေး
ဝေဆာကာ ပွင့်ဖူးပေးခဲ့တာ
အဖိုးမဲ့စေသတဲ့လားကွယ်။

ပွင့်သောပန်းတိုင်း မမွှေးကြပေမဲ့
ပွင့်တဲ့ပန်းတိုင်း အသွေးကြွ
လောကအလှ ဆင်ကြရဲ့လေ။ ။



မေတ္တာဖြင့်
မိုးကုတ်သား

Thursday, June 18, 2009

သူနဲ့ မာဇရာတီ အပူ


သူဟာ လှပတဲ့ ဇိမ်ခံကားတွေကို အင်မတန် သဘောကျသူ တစ်ယောက်ပေါ့။
မလှပတဲ့ သူ့ငယ်ဘ၀လေးက စပြီး သူဟာ ကားလှလှလေးတွေကို မြင်တိုင်း လိုချင်မက်မောစွာ ငေးမောလို့ ကြည့်နေတတ်ခဲ့တယ်။
ခုတော့လဲ သူ့ ကြိုးစားမှုတွေကြောင့် ကားလှလှလေးတွေကို သူ ထည်လဲ စီးနိုင်ခဲ့ပြီ။ ကားတွေ တစ်မျိုးပြီး တစ်မျိုး ပြောင်းလဲ စီးခဲ့ပြီးတဲ့နောက်မှာတော့ သူက အင်မတန် ရှားပါးပြီး လူတိုင်းမစီးနိုင်တဲ့ ကားကောင်း ကားသန့် လေးတွေသာ ရွေးချယ်ပြီး ၀ယ်စီးတော့တယ်။
အခုလက်ရှိ မာဇရာတီလေး မတိုင်ခင်က သူ့မှာ ဂျက်ဂွာ အမျိုးအစား ကားလေးတစ်စီးကို နှစ်နှစ်ကျော် စီးခဲ့တယ်။ လုံးဝန်းလှပပြီး တစ်ခြားကားတွေနဲ့ အဆင်မတူတဲ့ သူ့ကားက သူ့ကို ပိုပြီး ထင်ရှားစေသလိုပဲ။ တစ်နိုင်ငံလုံးမှာ တစ်စီးထဲ ရှိတဲ့ သူ့ကားကို မြင်ရုံမျှနဲ့ သူ့ကို လူတွေ သိနေကြပြီ။ အဲဒီမှာပဲ သူရဲ့ ကားရောဂါဟာ ပိုပြီး ရင့်ခဲ့တာ ဖြစ်တယ်။ ကားပေါ်မှာ ကားမောင်းနေရချိန်၊ ကားပေါ်က ဆင်းလာလို့ လူတွေက အားကျတဲ့ မျက်လုံးတွေနဲ့ ကြည့်ကြချိန်တွေက သူ့သွေးတွေကို နားထင်ရောက်အောင် မြောက်ကြွစေတယ်။
ဂျက်ဂွာလေးကို သူ ဒီ မာဇရာတီလေးနဲ့ အလဲအပြောင်း စီးလိုက်တာ ဘာကြောင့်လဲ။ မာဇရာတီရဲ့ အင်ဂျင် စက်သံက ပြိုင်ကား တစ်စင်းလိုပဲ။ သူ့မှာ ထူးခြားတဲ့၊ မာန်ပြင်းတဲ့ အသံ ရှိတယ်။ နောက်ပြီး ဂျက်ဂွာထက် ပို ခောတ် ရှေ့ပြေး၊ သွက်လက်တဲ့ ဒိဇိုင်း နဲ့ လေ။ အင်ဂျင်၊ ဖွဲ့စည်း တည်ဆောက်မှု၊ သက်တောင့်သက်သာ ရှိမှု၊ ပုံစံ ဒီဇီုင်း၊ နောက်ပြီး ဆန်းသစ်တဲ့ နည်းပညာတွေနဲ့ သူ့ မာဇရာတီ ကားသစ်လေးက သူ့တန်ဖိုး အထားဆုံးအရာ ဖြစ်လာခဲ့ပြီ။ ဂျက်ဂွာကားလေးကို တခါတခါ သတိရမိစေပေမဲ့ သူ မလွမ်းမိဘူး။ အခုဆို သူ့ကားသံကို အဝေးက ကြားရုံနဲ့ လူကိုမပြောနဲ့၊ ကားကိုတောင် မမြင်ရသေးဘူး။ ဒါဟာ သူပဲ လို့ လူတွေ မှတ်မိ နေကြပြီ။ သူ ကားပေါ်က ဆင်းလိုက်တာနဲ့ ပါးစပ်အဟောင်းသား ငေးမောကြည့်နေတဲ့ သူတစ်ချို့ကို မြင်တိုင်း သူ့ခြေလှမ်းတွေ မြှောက်ကြွလို့ပေါ့။ ဘယ်လောက် ဂုဏ်ယူစရာ ကောင်းလိုက်သလဲ။
သူဟာ မာဇရာတီကားသစ်လေးကို အမြဲ တသသ အရိပ်လို ကြည့်နေမိတော့တယ်။ တရက်သားမှာတော့ သူ့ကားလေးကို သနေတုန်း ခြစ်ရာ အသေးလေးတစ်ခု ကားကိုယ်ထည်မှာ တွေ့လိုက်တယ်။ မဖြစ်ချေဘူး။ ဒီကားကို သေးသေးလေးတောင် အပွန်း မခံနိုင်ဘူး။ ဒါနဲ့ သူ့ကားကို သွားပြီး ဆေးပြန်တင်တယ်။ ဘုရားရေ... အိတ်ထဲက ဒေါ်လာ အတော်များများကို အဲဒီ ခြစ်ရာ သေးသေးလေးက ၀ါးမျို သွားပါပေါ့။ အိတ်ထဲက အထပ်လိုက် ခုန်ပျံထွက်သွားတဲ့ ဒေါ်လာတွေကို သူ နှမျောတသရင်း ဘယ်သူ လက်ကမျင်းပြီး ငါ့ကားကို လာခြစ်သွားပါလိမ့် ဆိုတဲ့ အတွေးတစ်စက သူ့ဒေါသတွေကို ဆူဝေစေတော့တယ်။ သူ့ ရုံးခန်းဘေးက ဘီယာဘားပိုင်ရှင်များ တမင် လာလုပ်လေသလား။ အဲ့ဒီလူနဲ့ သူက သိပ်အစေးကပ်လှတာ မဟုတ်။ ညဘက်မိုးချုပ်တွေမှာ အဲ့ဒီ ဘီယာဆိုင်က ဆူညံသံတွေ မခံနိုင်တဲ့အတွက် ခဏခဏ သူ ရဲတိုင်တာများ မကျေနပ်လို့ ပညာပြလေသလား။ ဒါမှ မဟုတ် ဘီယာလာသောက်တဲ့ သူတွေ သံဗူးကို သူကား ရပ်နားရာဘက် စည်းကမ်းမဲ့ လွင့်ပစ်လို့ပဲ ခြစ်ရာထင်လေသလား။ သံသယ အတွေးတွေနဲ့ သူ့စိတ်က ဒေါသ ဒီဂရီတွေ တက်လို့လာတယ်။ မဖြစ်ချေဘူး။ လက်ပူးလက်ကျပ် မိအောင် သူ တစ်ခုခု စီစဉ်မှ ဖြစ်မယ်။ ဒီလိုနဲ့ သူ့ ရုံးဆိုလဲ ဟုတ် အိမ်ဆိုလဲ ဟုတ်တဲ့ သူ့အိမ်ဘက်ခြမ်း အ၀င်မှာ CCTVလေး တစ်လုံး တပ်တယ်။ တစ်နေ့တစ်နေ့ သူ အိပ်မပျော်လောက်အောင် တရားခံကို စောင့်ဖမ်းရတာ လူတောင် အိပ်ရေးတော်တော် ပျက်လို့။ CCTV တပ်တော့မှ ဖြစ်နိုင်ချေ ရှိတဲ့ တရားခံတွေက များလာပါပေါ့။ တခါတခါ သူ့ရုံးအိမ်ရှေ့ အမှိုက် လာလာ ကောက်တတ်တဲ့ အရူးက သူ့ကားနား ရစ်သီရစ်သီ လာလုပ်တာ မြင်တိုင်း လက်မဆော့ရဲအောင် ထွက်ထွက်ပြီး လူလုံးပြရသည်။ တခြား ကားတစ်စီးစီးက လမ်းမပေါ်မှာ အရှိန်ပြင်ပြင်း ဖြတ်မောင်းသွားတဲ့အခါ လမ်းပေါ်က ဂဲစလေးတွေ လွင့်လာပြီး သူ့ကားကို ထိခိုက်မိတာလဲ ဖြစ်နိုင်တာပဲ။ သူအိပ်မပျော်ခင် အချိန်ထိ နေ့နေ့ညည CCTVက မြင်နေရတဲ့ ပုံရိပ်တွေကို ကြည့်နေရသည်။ သူ အိပ်ပျော်သွားရင်လည်း ပုံရိပ်ဖမ်းယူ သိမ်းထားကာ နိုးလာတာနဲ့ ပြန်ပြီး စစ်ဆေးကြည့်ရတာက တစ်လုပ်။
တခါသားတော့ ဟိုဘက် ဘီယာဆိုင်မှ သံဗူးတစ်လုံး လွင့်လာတာကို သူ ပုံရိပ်ဖမ်းယူပြီး ရဲကို သက်သေပြေ တိုင်ကြားနိုင်ခဲ့သည်။ ဒီတော့မှ ဟိုဘက်ဆိုင်က သကောင့်သား၊ သူ့စားသုံးသူတွေ ဒီဘက်ကို အမှိုက် ပစ်စလက်ခတ် မပစ်အောင် ကာတာ ပြုတာတွေ လုပ်တော့သည်။ အင်း၊ တစ်ရန်တော့အေးပြီ။
သို့သော် ကောင်းကောင်းမှ စိတ်မအေးရသေး၊ သူ့ကားမှာ အစင်းရာကြီးက အကြောင်းလိုက် တွေ့ရပြန်သည်။ တစ်ယောက်ယောက်က တမင် ဆွဲခြစ်သွားတာ အသိသာကြီး။ ဒီတစ်ခါလဲ သူ ငွေတော်တော် ကုန်သွားပြန်သည်။ ထိုစဉ်ကစလို့ သူ့မှာ CCTV စောင့်ကြည့်သည့် အလုပ်အပြင် တခြား အလုပ်ပိုတွေပါ တိုးလာလေတော့သည်။ အပြင်သွားလို့ သူ့ကားကို ရပ်စရာနေရာ ရှာလျှင် ထောင့်ဆုံးနံရံနှင့် ကပ်လျက်နေရာကို မရရအောင် ရှာရသည်က အမော။ မရလို့ကတော့ ကားရပ်နားစရာ အကွက်နှစ်နေရာစာ အလယ်မှာ ကားကို ရပ်ထားလိုက်သည်။ ဒါမှ ဘေးက ကားတွေနဲံ ထိခိုက်မိတာတွေ မဖြစ်တော့မှာ။ ဒဏ်ငွေဆောင်ရတာက ဆေးသစ်တင်ရတာလောက် မှ မကုန်ပဲလေ။ လူထူထပ်တဲ့ လမ်းဘေးနေရာတွေမှာ မတတ်သာလို့ ကားခဏ ရပ်ထားခဲ့ရလျှင်လည်း သူ ပြန်မောင်းမထွက်ခင် ကားကို တစ်ပတ်လောက် ပတ်ကြည့်စစ်ဆေးသည့် အကျင့် ရလာသည်။
သို့သော် သူ့ကားကို မပွန်းပဲ့အောင် ထိန်းသိမ်းရတာ ဘယ်လောက်ပဲ စိတ်ပင်ပန်းပါစေ။ သူ့ကားသံကို အဝေးကနေ ကြားကတည်းက လူတွေ ငေးမောစောင့်ကြည့် နေတတ်ကြတာ၊ ပါးစပ်ကလေးတွေ အဟောင်းသားနဲ့ အားကျစွာ ကြည့်တဲ့ အကြည့်တွေကို မြင်ရတာ သူ ကျေနပ်သည်။ မိတ်ဆွေ အပေါင်းအသင်းတွေက သူ့ကားကို သဘောတကျ ချီးကျူးလျှင် သူက ၀င့်ကြွားစွာ ပြုံးနိုင်သည်။ ဒီလို ရှားပါးကောင်းမွန်ပြီး လှပတဲ့ ကားတစ်စီးကို သူတစ်ယောက်သာ ပိုင်ဆိုင်ထားတဲ့ အတွက်လည်း သူ အင်မတန် ဂုဏ်ယူပါသည်။

မေတ္တာဖြင့်
မိုးကုတ်သား





Wednesday, June 17, 2009

အတွေးလိပ်ပြာ
















 အတွေးလိပ်ပြာ


နေခြည်၊လေပြည်၊ ဆည်းဆာ
အရာရာ လှုပ်ခတ်သွားခဲ့တာ
အဲ့ဒီ ပုဇွန်ဆီရောင် နှုတ်ခမ်းလေးထက်မှာပေါ့။
နေ့ခင်းရယ် နေမင်းရယ်
ညချမ်းနဲ့ ကြယ်လများ
တေးသွားတွေ သံပြိုင်သီခဲ့
မင်းရဲ့ မျက်နက်ဝန်းတွေမှာ ကဗျာတွေဖွဲ့တယ်။
နီးလာလိုက် ဝေးသွားလိုက်
မှောင်မိုက်လိုက် လင်းချင်းလိုက်
ကျည်စယ်လိုက် ချော့မြူလိုက်
အရှိုက်ခက်ပေမဲ့ အငိုလွယ်သူပေါ့
သူခေါင်းမော့ပြုံးဖို့
ငါ့နှလုံးကို သီကုံးပေးခဲ့တယ်။ ။



ပုံလေးကို ဒီက ယူထားပါတယ်။ Picture Credit to

မေတ္တာဖြင့်
မိုးကုတ်သား

Monday, June 15, 2009

မိုးကုတ် သမိုင်းကြောင်း ဆီသို့ လှမ်းမျှော်ကြည့်ရာဝယ်


မိုးကုတ် မိသားစုကလေးကနေ ဒီ youtube လေးကို တွေ့ရလို့ မိတ်ဆွေ အားလုံးနဲ့ ပြန်ပြီး မျှဝေလိုက်ပါတယ် ခင်ဗျာ။


သမိုင်းထဲက မိုးကုတ်





မိုးကုတ်ထာပွဲ





မေတ္တာဖြင့်
မိုးကုတ်သား

Sunday, June 14, 2009

ဖေဖေသို့တမ်းချင်း


ဒီနေ့ အဖေများနေ့လို့ ညီလေး ရီနို က ရေးထားတယ်။ ရေးထားတာ မရှိတော့ ဖေဖေ့ မွေးနေ့အတွက် ရေးတင်ခဲ့ဖူးတာလေးနဲ့ပဲ ဆားချက်လိုက်ပါရစေခင်ဗျာ။



ဖေဖေ့မွေးနေ့ရောက်တော့မယ်။ ကျွန်တော့်အာရုံတွေက ဖေဖေ့ပုံရိပ်တွေဆီ ပြေးလွှားလို့နေတယ်။ ငယ်စဉ်က ချောမောပြေပြစ်သော ဖေဖေသည် ယခုအခါမှာတော့ လောက
ဓာဏ်၏ ထုထောင်းမှု၊ ဇရာ၏ လွှမ်းမိုးမှုတို့ဖြင့် ရှိရင်းစွဲအသက်ထက် ပိုပြီးရင့်ရော်လို့နေ၏။ ဘဝကို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ဖြတ်သန်းလိုသော၊ လွတ်လပ်မှုကိုမြတ်နိုး၍ အနုပညာကို ဝါသနာထုံသော ဖေဖေဟာ ‘အိမ်ထောင်ဦးစီး ဖခင်' တစ်ဦးရဲ့ တာဝန်များကြားဝယ် သူ၏ ဝါသနာနှင့် လွတ်လပ်မှုတို့ကို စတေးပစ်ခဲ့ရတာ ဘယ်လောက်ကြာခဲ့ပြီလဲ။

ဖေဖေငယ်စဉ်ကပုံရိပ်
၂၀၀၈ခုနှစ်၊ ဇန်နဝါရီလ က ဖေဖေ့ပုံရိပ်

ငယ်စဉ်က သံမဏိဆိုတဲ. အိမ်နာမည်နဲ့လိုက်အောင် အင်မတန် မာကျောခဲ့တဲ့ ကျွန်တော့်ဖေဖေ ဦးသောင်းထူး (ကျွန်တော့် သူငယ်ချင်းတွေနဲ့ ဖေဖေ့ လူငယ် မိတ်ဆွေတွေကတော့ လေးလေးထူး၊ လေးထူး လို့ ခေါ်ကြတယ်) ဟာ မိသားစု၊သားသမီးတွေ အပေါ်မှာတော့ အင်မတန် နူးညံ့သိမ်မွေ့ခဲ့ပါတယ်။ သူ့ရဲ့ သံမဏိစိတ်ဓာတ်တွေကို ကျွန်တော်တို့အပေါ် ထားတဲ့ မေတ္တာတွေနဲ့ အရည် ဖျော်ချပစ်ရဲတဲ့ အထိ မိသားစုအပေါ် အချစ်ကြီး ချစ်တတ်ခဲ့သူပါ။
မိုးလင်းက မိုးချုပ် ပင်ပင်ပန်းပန်း ကျောက်တွင်း တူးရသော်လည်း နံနက် လေးနာရီ ဒေါင်ကနဲ မည်တာနဲ့ အာခေါင်ခြစ်ငိုကာ နို့တောင်းတတ်သော သားဦး ကျွန်တော့်ကို မငြီးမငြူ နို့ဗူးဖျော်ကာ တိုက်ခဲ့သော၊ ချူချာသော ကျွန်တော် တိုက်ဖွိုက်ဖြစ်ပြီး ညကြီးသန်းခေါင် အဖျားတက် မေ့မျောတော့ ဝေးလံလှသော ဆေးရုံသို့ ချီပိုး ပြေးခဲ့သော၊ စာမေးပွဲ မဖြေလိုက်ရမှာ စိုးရိမ်နေသော ငါးတန်းကျောင်းသား ကျွန်တော့်ကို ကုန်းပိုးလျှက် ရေကြီးနေသော ရပ်ကွက်ကိုဖြတ်၊ ရေလျှံပြီး အရှိန်ပြင်းပြင်း စီးနေသော ရေနီချောင်းတံတားကို ကျော်ကာ မိုးကြီးလေကြီးကြား ကျောင်း လိုက်ပို့ပေးခဲ့သောဖေဖေ၊ နွမ်းပါးသော်လည်း သားသမီးတွေ လိုချင်တာ မှန်သမျှ ဖြည့်ဆည်းပေးလိုခဲ့သော ဖေဖေ၊ သားသမီးတွေကို သူ့လို ကျောက်တွင်းတူးသမား မဖြစ်စေလိုဘဲ ပညာတတ် ဖြစ်စေလိုခဲ့သော ဖေဖေ၊ ကျောက်တွင်းတူးရင်း ခါးရိုးပေါ်တည့်တည့် တူပြုတ်ကျကာ အတွင်းဒဏ်ရပြီး အလုပ်ကြမ်းလုပ်ခွင့် မသင့်တော့တာကို မမှုအားဘဲ မိသားစုဝမ်းရေး၊ ချမ်းသာရေးအတွက် ကျောက်တွင်း အလုပ်ကို မစွန့်လွှတ်ဘဲ လောကဓာဏ်ကို အံတုခဲ့သောဖေဖေ၊ ကျောရိုးမှအတွင်းဒဏ် ဆိုးရွားလာပြီး ကျောက်တွင်းလုပ်ငန်းကို လုံးဝစွန့်လွှတ်လိုက်ရတော့ မိသားစုချမ်းသာရေးဆိုတဲ့ မျှော်လင့်ချက်ကို ဆုံးရှုံးခဲ့သောဖေဖေ၊ ဘယ်တော့မှ သူတစ်ပါးလက်အောက်မှာ မလုပ်လိုဘဲ လွတ်လပ်စွာ ရပ်တည်လိုသော်လည်း မိသားစုအတွက် သူ၏ မာနကို ဖယ်ချကာ ဝန်ထမ်း လုပ်ခဲ့ရသောဖေဖေ၊
....ဖေဖေ့ကျေးဇူးတရားများက စာဖွဲ့လို့မကုန်ပါ။ ဖေဖေ့ရဲ့ကြီးမားလှသော မေတ္တာနှင့် ချစ်ခြင်းတို့ကြောင့် ကျွန်တော်တို့ ငယ်ဘဝက လုံခြုံနွေးထွေးခဲ့ပါတယ်။
မိုးကုတ်မြို့မှာ ဖေဖေတူးခဲ့သမျှ မြေတွေသာ ကျောက်အောင်ခဲ့မယ် ဆိုရင်တော့ ကျွန်တော်တို့ သားစဉ်မြေးဆက် စား၍ ကုန်နိုင်မယ်မထင်။ ကံမကောင်းသော ဖေဖေ့မှာတော့ နှစ်ပေါင်းများစွာ ကျောက်တွင်း တူးခဲ့သော်လည်း ထမင်းစားကျောက်မှလွဲ၍ သူဋ္ဌေးဖြစ်ကျောက် တစ်ခါမှ မရဘူးခဲ့။ ဖေဖေ့ဘဝ၏ ရှုံးနိမ့်ခဲ့ရမှုပေါင်း များစွာကို ဘယ်လို ဖြတ်သန်းခဲ့ပါသလဲ။
အချိန်တန် အရွယ်ရောက်လို့ သားသမီးတွေ တစ်နေရာစီ ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့သွားကြတော့ ဖေဖေ ဘယ်လောက် လွမ်းနေမလဲ။ သားသမီးတွေ ဆက်သွယ်မလာတာကြာလို့ သူ့ကိုများ မေ့လျှော့ သွားကြပြီလား တွေးထင်မိတဲ့ အခါတိုင်း ဖေဖေ ဘယ်လောက် ဝမ်းနည်းနေရှာမလဲ။
ကျွန်တော့်ကို လုံခြုံနွေးထွေးစေသော ဖေဖေ့ရင်ခွင်၊ ကျွန်တော် အားကိုးတစ်ကြီး ဖက်တွယ်ခဲ့ဖူးသော
ဖေဖေ့လက်မောင်းများ၊ ချစ်ခြင်းမေတ္တာအပြည့် ပျော်ဝင်နေသော ဖေဖေ့အနမ်းများ၊ ဖေဖေပြောပြခဲ့သော အိပ်ယာဝင်ပုံပြင်များ၊ ဖေဖေ့ဂစ်တာသံနှင့် သီဆိုပြခဲ့သော သီချင်းများ၊ ဖေဖေရေးသော စာတိုပေစနှင့် ကဗျာများ၊ သားသမီးတွေရဲ့ အပြုံးအပျော် မျက်နှာများကို မြင်ရုံမျှနှင့် ဘဝအမောများကို အံတုရင်ဆိုင်နိုင်ခဲ့သော ဖေဖေ့ စိတ်ခွန်အားများ၊.....ပြန်တမ်းတတိုင်း အဝေးက ဖေဖေဟာ ကျွန်တော့်ဘေးမှာ အမြဲရှိနေခဲ့ပါတယ်။

လောကဓာဏ်ရဲ့ ရိုက်ပုတ်ကြည်စယ်မှုများကို ဘယ်တော့မှ အရှုံးမပေးဘဲ အပြုံးနှင့် ရင်ဆိုင်နိုင်ဖို့ရာ စိတ်ခွန်အားများစွာကို ဖေဖေ့ဆီမှရခဲ့ပါတယ်။ ဘဝအခက်အခဲ မှန်သမျှတို့ကို ရင်ဆိုင်နိုင်ဖို့ရာအတွက် လုံလောက်သော ချစ်ခြင်း မေတ္တာတရားကို ဖေဖေ့ဆီက ရခဲ့ပါတယ်။
ဘဝမှာ ငွေကြေးနဲ့ ဘယ်တော့မှ ဝယ်ယူမရတဲ့ ဒီစစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ၊ လုံခြုံနွေးထွေးမှုတွေကို ဘဝတစ်သက်စာ အမွေအဖြစ် ဖေဖေက ကျွန်တော့်ကို ပေးခဲ့ပါတယ်။
တစ်မြေခြားမှာ အလုပ်လုပ်နေရတဲ့ ကျွန်တော့်အတွက်တော့ ဖေဖေ့မေတ္တာများက ငယ်စဉ်ကလို နွေးထွေးဆဲ၊ ဖေဖေ့ချစ်ခြင်းများမှာ ကျွန်တော့်ဘဝက လုံခြုံဆဲ၊ ဖေဖေ့ မျှော်လင့်ချက်များက ကျွန်တော့်ဘဝကို အလင်းပေး လမ်းပြနေဆဲသာ။ အဝေးကနေ ငွေကြေးထောက်ပံ့နေရုံနဲ့ သားသမီးဝတ္တရား ကြေတယ် ကျွန်တော် မယူဆပါ။ ဖေဖေ့ရဲ့ ညအိပ်ယာဝင် ပုံပြင်များ နားထောင်ရင်း၊ ဖေဖေ့ဘဝ အမောများကို မျှဝေ ခံစားရင်း ဖေဖေ့ အထီးကျန်ရက်စွဲများကို ဖြေဖျောက်ပေးချင်သည်။ ဖေဖေ့ ချစ်ခြင်းမေတ္တာများ အောက်မှာ ကျွန်တော့်ဘဝ လုံခြုံနွေးထွေးခဲ့သလို ဖေဖေ့ဘဝကို လုံခြုံနွေးထွေးစေသော သားတစ်တယာက်အဖြစ် ဖေဖေ့ဘေးမှာ စောင့်ရှောက်မှုတွေ ပေးချင်သည်။
ကျွန်တော့်ဖေဖေသည် မိုးကုတ်မြို့ကလေးမှ မထင်မရှား သာမာန် လူတစ်ယောက်သာ၊ ဖေဖေ ကောင်းတာတွေလဲ ရှိမည်၊ ဆိုးတာတွေလဲ ရှိမည်။ ဘာပဲဖြစ်ဖြစ် ဖေဖေသည် ကျွန်တော့် ဘဝ၏ ကောင်းကင်ထက်တွင် အလင်းလက်ဆုံး ကြယ်တစ်ပွင့် အဖြစ် ထာဝရ ရှိနေပါလိမ့်မည်။ ထိုကြယ်ကလေး လင်းလက်ရာ အဖေ့အိမ်ကလေးသို့ အရောက် ကျွန်တော်ခရီးနှင်နေပါသည်။


၂၀၀၈၊အောက်တိုဘာဆယ်ရက်မှာ အသက် (၆၂)နှစ်ပြည့်မဲ့ ဖေဖေ့ကို လွမ်းဆွတ်နေတဲ့ သားတစ်ယောက်ရဲ့ တမ်းချင်းပါ။ ဖေဖေတစ်ယောက် ကျန်းမာချမ်းသာခြင်းများနဲ့ ပြည့်စုံပါစေ။ ဘဝရဲ့ အစစ်အမှန်တရားကိုရှာတွေ့ခဲ့ပြီဆိုတဲ့ ဖေဖေတစ်ယောက် ဓမ္မရိပ်မှာ ငြိမ်းချမ်းအေးမြနိုင်ပါစေ။




Father & Son [Cat Stevens]




Rod Stewart

Father And Son

[Originally by Cat Stevens]

Father
It's not time to make a change,
Just relax, take it easy.
You're still young, that's your fault,
There's so much you have to know.
Find a girl, settle down,
If you want you can marry.
Look at me, I am old, but I'm happy.

I was once like you are now, and I know that it's not easy,
To be calm when you've found something going on.
But take your time, think a lot,
Why, think of everything you've got.
For you will still be here tomorrow, but your dreams may not.

Son
How can I try to explain, when I do he turns away again.
It's always been the same, same old story.
From the moment I could talk I was ordered to listen.
Now there's a way and I know that I have to go away.
I know I have to go.

Father
It's not time to make a change,
Just sit down, take it slowly.
You're still young, that's your fault,
There's so much you have to go through.
Find a girl, settle down,
If you want you can marry.
Look at me, I am old, but I'm happy.

Son
All the times that I cried, keeping all the things I knew inside,
It's hard, but it's harder to ignore it.
If they were right, I'd agree, but it's them you know not me.
Now there's a way and I know that I have to go away.
I know I have to go.




မေတ္တာဖြင့်
မိုးကုတ်သား

An Everyday Survival Kit

An Everyday Survival Kit




to remind you to pick out the good qualities in others.

to remind you to heal hurt feelings, yours or someone else.

to remind you to list your blessings everyday.

to remind you that everyone makes mistakes, and its okay.

to remind you to relax daily and go over that list of your blessings.



e-mailထဲက ချစ်စရာကောင်းတဲ့ ဒါကလေးကို တွေ့လို့ မျှဝေခြင်းပါခင်ဗျာ။

မေတ္တာဖြင့်
မိုးကုတ်သား

အကျိုးအပဲ့များ (၁)


အတူရှိပေမဲ့
အထီးကျန်ခြင်းဝေဒနာတွေနဲ့
မင့်အနမ်းမှာ
ငါ့နှုတ်ခမ်းတွေ ခါးသက်လို့

(အတူရှိလျက် ဝေးကွာနေတာက ဝေးကွာနေချိန် လွမ်းရတာထက် ပိုဆိုးတယ်)

စိတ်ထဲပေါ်လာတတ်တဲ့ တပိုင်းတစတွေကို ဟိုခြစ် ဒီခြစ် ထားခဲ့တာလေးတွေ ဒီမှာ အမှတ်တရ သိမ်းထားချင်လို့ပါခင်ဗျာ။

Photos Credit to Marcelgermain


ရေးသားသူ
မိုးကုတ်သား

Friday, June 12, 2009

ချစ်သူ အနမ်း၊ အလှမ်းမတော် ဒဏ်ငွေ ငါးရာ

Wednesday, June 10, 2009

လုပ်ကြပါအုံး ကွယ်ရို့။
မနေ့ညကပဲ မေလေး ရေးတဲ့ စာကို ဖတ်ပီး အော်.. အဲဒီလိုတွေလဲ ရှိတတ်ပါလား တွေးနေမိတာ။ မေလေး တွေ့တဲ့သူကိုလဲ ဘယ်လောက်များ အရှက်နဲပြီး နှမသားချင်း မစာနာတတ်သူ လဲလို့။ ကိုယ်တွေ ယောက်ျားလေးတိုင်း အဲဂလိုတော့ မဟုတ်ကြပါဘူး စိတ်ထဲ ပြောနေမိတာ။
ဒီနေ့မနက်မှာတော့ ထုံးစံအတိုင်း ရထားကို လူကျပ်သိပ်နဲ့ စီးရပြန်ပါတယ်။ ရထားပေါ်ရောက်ပြီး သိပ်မကြာဘူး။ ဖုန်းကလာရော။ နံပါတ်မပေါ်တော့ မြန်မာပြည်ကနေ ချစ်သူဆက်တာလား ဆိုပြီး ဖုန်းကို မကိုင်ပဲ မနေရဲဘူး။ တော်ကြာ ဖုန်းမကိုင် စိတ်ကောက်နေရော့မယ်။ ဒါနဲ့ ဖုန်းကိုင်လိုက်တော့ ထင်တဲ့အတိုင်း ချစ်သူ့ဖုန်း။
ချစ်သူ့ အသံလေးကြားတော့ ကျနော် လောကကြီးနဲ့ အဆက်အသွယ် ပြတ်သွားတယ်။ ရှေ့မှာ၊ ဘေးမှာ ကျပ်ညှပ်နေတဲ့ လူအုပ်ကြီးတွေနေရာ ပျားပိတုန်းနဲ့ ရောင်စုံပန်းခင်းလေးတွေ၊ စိမ့်စမ်းရေတံခွန်၊ ရေကန်လေးတွေနဲ့ ကောင်းကင်ပြာပြာတွေထဲ ရောက်သွားလိုက်ထာ။
ချစ်သူက ကျနော့်အသံ တိုးနေတယ် မကြားရဘူး ဆိုတာနဲ့ လေသံကိုလဲ နဲနဲ မြင့် ပြောနေရသေးတယ်။
ဖုန်းချခါနီးတော့ ချစ်သူက တောင်းဆိုတယ်။ “အာဘွားပေး” တဲ့ဗျာ။ ကျနော် အခက်တွေ့ရော။ ခုမှ ရထားပေါ်မှာဆိုတာ သွား သတိရတော့တာကိုး။
ရထားပေါ်မှာ လူတွေ အများကြီးနဲ့မို့ ပေမရဘူး ပြောတာကို ချစ်သူက “မရဘူး၊ ပေးရမယ်။ အာဘွားဆိုပီးလဲ မပြောရဘူး။ ပြွတ်ခနဲပေးရမှာ” တဲ့ ဂျီကျပါလေရော။
ရော် ခက်ကပြီ။ အဲတာမှ။ ကျနော် ပြွတ် လိုက်တာနဲ့ ဘေးလူတွေက ၀ိုင်းကြည့်ကြအုံးမယ်။ ဒါနဲ့
“လူတွေ ကျပ်ညှပ်နေတာ၊ လှုပ်လို့ မရဘူး ချစ်ရ။ အဲလို အသံကြားချင် ရှေ့က ကောင်မလေးကို နမ်းမှ ရမယ်” လို့ ပြောလိုက်မိပါတယ်။ ပြောရင်းေ၇ှ့ကို ကြည့်လိုက်တော့ တကယ်ပဲ ကျနော့်ရှေ့မှာ တရုတ်မလေးတစ်ယောက်။ ကျနော်က သူ့ကို ရည်ရွယ်ပြီး ပြောတာလဲ မဟုတ်တော့ သတိလဲ မထားမိပါဘူး။ ချစ်သူက အူတိုပီး “အဲလိုဆိုလဲ ပီးရော။ သူတပါးကို သွား မနမ်းရဘူးနော်” ဘာညာ ဖြစ်သွားတာပေါ့။ ကဲ၊ ကျနော့် အကြံမပိုင်လား ဆိုပြီး ကိုယ့်ကိုကိုယ် ဘ၀င်မြင့်လို့ မဆုံးသေးဘူး။ ဘေးက သူငယ်ချင်းက ပြောတယ်။
“အကို့ရှေ့က ကောင်မလေးက မြန်မာလား မသိဘူး။ အကို ဖုန်းပြောနေတာကို နားလည်တယ်ထင်တယ်။ ပြုံး ပြုံး နေတယ်ဗျ” တဲ့။
ဒီတော့မှ ကျနော့်ရှေ့က ကျောပေးထားတဲ့ ကောင်မလေးကို ရှေ့မှာ ရှိတဲ့ မှန်ကနေ တဆင့် ကြည့်မိတော့ တရုတ်မ လှလှလေး တစ်ယောက်။ မြန်မာ ဟုတ်မဟုတ်တော့ မသိဘူး။ ဒါပေမဲ့ စိတ်ထဲလဲ လိပ်ပြာသန့်ပါတယ်။ သူ့ ရည်ရွယ်ပြစ်မှားပြီး ပြောတာမှ မဟုတ်တာ ပေါ့ဗျာ။
အဲဒီအချိန်မှာ ဖြတ်ခနဲ ခေါင်းထဲ ပေါ်လာတာက မေလေး။ မေလေးက သူ့ကိုယ်သူ တရုတ်စစ်စစ်လို့ ပြောထားတယ်။ အင်း၊ မေလေးသာဆိုရင်တော့ ကျနော့် ဘယ်လိုမြင်ပီး ဘယ်လို ပြောခံရမယ် မသိတော့ဘူး။
ဒါနဲ့ မနေနိုင်မထိုင်နိုင် မရည်ရွယ်ပဲလဲ အဲလိုတွေ ဖြစ်တတ်ကြောင်း မေလေး အိမ်မှာ သွားပြောမိပါတယ်ဗျာ။
အားးး လားးးးး မားးးးးးး။ ကျနော့် စီပုံးကို ကြည့်ပြီး ခေါင်းနဘမ်း ကြီးကော။
ဖတ်သာ ကြည့်ကြပါတော့။ ကောင်းကြသေးရဲ့လား ကွယ်ရို့ရေ။ သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်၊ ပလပ်ပေါက်သာ ပြေးကိုင်လိုက်ချင်တော့တယ်။

မေလေး "အကို မိုးကုတ်သားရေ"
"ကြည့်လုပ်ပါဗျို့...ချစ်သူကို လဲမှာထားပေါ့ စင်ကာပူမှာနောက်ဥပဒေထပ်ထုတ်မှနဲ့တူရဲ့"
"ရထားပေါ် ကားပေါ်တွင် လေလှိုင်းထဲမှ အာပွားမပေးရ ဒဏ်ငွေ ၅၀၀ လို့လေ"
"မကောင်းဘူးလား"
"တကယ်လို့ ချစ်သူကပြောမရရင်လဲ ရှေ့ ၇ ဘေးကလူတော့ မပေးလိုက်ပါနဲ့"
"ဒီလိုလေးလုပ်လေ မေလေးသူငယ်ချင်းလိုပေါ့"
"ဘွားဘွားဘွားးးးးးးးးးးးး"
"အဲလို ပေးလိုက်နော်"
"မနက် ကမေလေးတော့ထင်သား နောက်ကလူကို မြင်ဘူးတယ်မှတ်တာ အကို မိုးကုတ်သားကို
...ဒီလိုမှန်း သိ မနက်စာ လိုက်ကျွေးခိုင်းပါတယ်"
"နောက် တွေ့ရင်ခေါ်လေ...မုန့်လိုက်ကျွေး..ဒါဘဲနော်"
မိုးကုတ်သား "တကယ် မေလေး လား။ သေဘီဆရာ"
"ကျနော်မျိုး ကျားရှေ့ မှောက်ရက်လဲပါပေါ့"
"ဗမာပြည်ကဆက်တော့ လိုင်းမကောင်းလို့ လေသံ နဲနဲ မြင့်ပီး ပြောနေရတာ.. အီးဟီးးးဟီးး။
ပြာစရော၊ ပြောစရာထဲ ပါတွားဘီ...."

နောက်ဆို အဲလို “ဘွားဘွားဘွား” ပဲ ပေးဖို့ မှတ်သားသွားပါပြီ ခင်ဗျာ။
မေလေးရေ၊ တကယ် မေလေး အစစ်သာ အဲဒီ တရုတ်မလေး ဖြစ်မယ် ဆိုရင်လဲ ကျနော် နှမသားချင်း မစာနာ ဘာမှ မပြောဘူး ဆိုတာ သိမှာပါဗျာ။ အဲဒီ တရုတ်မ လှလှလေးရဲ့ ချစ်သူကလဲ အင်မတန် ကံကောင်းသူ ဖြစ်ပါလိမ့်မယ်။
ကျနော့်ကို မေလေးက လာနောက်သွားတယ် ဆိုရင်လဲ မေလေး ပို့ခိုင်းတဲ့ KFC တစ်ဗူး ကျနော့်ကိုသာ ပို့ပေးပါဗျို့။
ခု လောလောဆယ်တော့ မေလေး ဒီအကြောင်း မရေးခင် ကျနော် အပြေး တင်လိုက်ပါပြီခင်ဗျားးးး။ ။

အားလုံး ပြုံးပျော်နိုင်ကြပါစေ။
မေတ္တာဖြင့်
မိုးကုတ်သား
့်

Wednesday, June 10, 2009

ကျွန်တော်တို့ရဲ့ အိမ်












Lake Powell, Utah, USA













Boats in the port of Mopti on the Niger River, Mali



စိတ်တောင်ပံတွေကို
လွှင့်ထုတ်ပျံသန်းရင်း
မြင့်နိုင်သမျှ အမြင့်ဆုံးကို လွှင့်တင်လိုက်
တိမ်တိုက်တွေက ချော့မြူကြည်စယ်။




Great Barrier Reef, Queensland, Australia













Iguazu Falls, Misiones Province, Argentina and Brazil

မြေပြင်တခွင်ကို အုပ်မိုးကြည့်တော့
ပင်လယ်ကပြာ
ခင်တန်းကစိမ်းညို့
မခို့တရို့ မြစ်နဒီတွေက
တောရိပ်တောင်စွယ်ကို
ကနွဲ့ကလျ ပတ်ခွေစီးဆင်း
နေခြည်မှာ လင်းလက်လို့။

Pantanal wetlands near Corumba, Mato Grosso do Sul, Brazil





စိုက်ပျိုးရေးခေတ်ကနေ
ကျွန်တော့်စိတ်တွေ လွင့်ဝဲ ပျံသန်းသွားလိုက်တဲ့အခါ
အေးတငြိမ့်ငြိမ့် မြူးတသိမ့်သိမ့်။




Wheat Harvest, Nepal



သက္ကရာဇ်တွေကို ဖြတ်ကျော် ပျံသန်းသွားလိုက်တာ
လောင်စာတွေ မရှိမဖြစ်တဲ့ ခေတ်ကာလကို ရောက်လေတော့
ရပ်တန့်သွားတဲ့ ဇီဝဖြစ်စဉ်များ


Caravan of dromedaries near Tichit, Mauritania





အလို......
ဟိုး မြောက်ဝင်ရိုးစွန်းက ရေခဲတောင်တွေ အရည်ပျော်ကျ
နေထိုင်ရာ ဂြိုလ်ကမ္ဘာကြီးက ပူနွေးဆူဝေလာ



Graphic Formation on frozen Lake baikl, Siberia, Russia






သွားလေရာရာ လောင်စာဆီ၊ လောင်စာဆီ
မိခင်ရဲ့ ရင်းမြစ်တွေကို မညှာမတာ ထုတ်ယူသုံးစွဲကြလေတော့





Blue Lagoon, Svartsengi geothermal power plant, near Grandavik, Rekjanes Peninsula, Iceland








အမေ့ ရင်ခွင်လဲ ဖုန်းဆိုးသဲတောတွေ ပြည့်နှက်
ကူကယ်ရာမဲ့တဲ့ ဒုက္ခသည်တွေက
မြို့ပြတွေ လင်းလက်ဖို့ အစတေးခံရ
လူလူချင်း သားကောင်ချနင်းနေလိုက်ပုံများ။


Landfill for oil residue from the Athabasca Oil Sands, Fort McMurray, Alberta, Canada






ကျယ်ပျံ့လာတဲ့ ကန္တာရမှာ
နားခိုစရာ အိုအေစစ်ကို ရှာရင်း
ပျံသန်းနေတဲ့ ကျွန်တော့် စိတ်တွေတောင်
လောင်စာဆီ ကုန်လုပေါ့။ ။



A well near Khudiala, Rajasthan, India













Lakagigar Volcanic System, Iceland





YOUTUBE ကနေ Home Projects Channel ကို ကြည့်မိပြီး ရင်ထဲ ရောက်လာတဲ့ အတွေးတွေပါ။





Grand Prismatic Spring, Yellowstone national Park, Wyoming, USA


တစ်နာရီသုံးဆယ့်သုံးမိနစ်နဲ့ ဆယ့်ရှစ်စက္ကန့် ကြာတဲ့ ဒီ ပြကွက်လေး တစ်ခုက ကျွန်တော့် စိတ်တွေကို ဆွဲခေါ်သွား ခဲ့ပါတယ်။ ကျွန်တော်တို့ လူသားတွေ အကျိုးအတွက်ကိုသာ တိုးတက်ဖို့ ကြိုးစားရင်း နေထိုင်ရာ ရိပ်မြုံကမ္ဘာကြီးကို အသုံးချနေခဲ့ကြတာ။ မိခင်ကမ္ဘာကြီး ဘယ်လောက် ချိနဲ့နေရှာပြီလဲ ဆိုတာ ကွက်ကွက်ကွင်းကွင်း မီးမာင်းထိုး ပြလိုက်သလိုပါပဲ။
ကျွန်တော်တို့ နေထိုင်ရာ ရိပ်မြုံလေးကို ဘယ်လို ကာကွယ်ထိန်းသိမ်းကြမလဲ။ အမိကမ္ဘာမြေကို ကယ်တင်ဖို့ အသည်းအသန် လုံးပမ်းနေကြချိန်မှာ ကျွန်တော်တို့တတွေ တတ်စွမ်းသမျှ တစ်ထောင့် တစ်နေရာက ဘယ်လို ပါဝင်ကြမလဲ။
ကျွန်တော်တို့အားလုံးမှာ အမိကမ္ဘာမြေကို ကယ်တင်ဖို့ တာဝန်တွေ ရှိကြပါတယ်။





ကျွန်တော် ပျံသန်းကြည့်မိတဲ့ ဒီ ပြကွက်ကလေးကို ဒီကနေတဆင့် ကြည့်လို့ရအောင် ချိတ်ထား ပေးပါ တယ်ခင်ဗျာ။



Tree of Life, Tasvo national park, Kenya

မိတ်ဆွေတို့ရော ဘယ်လို ခံစားရသလဲ။ ဘယ်လို မြင်သလဲ။ ဘာတွေ လုပ်ကြမလဲ။ တတ်နိုင်သမျှ လက်ဆင့် ကမ်းပေးကြပါခင်ဗျာ။

အောက်က စာပိုဒ်ကတော့ Yann Arthus-Bertrand ရဲ့ စာပိုဒ်ကို တိုက်ရိုက် ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါတယ်ခင်ဗျာ။


homeproject

We are living in exceptional times. Scientists tell us that we have 10 years to change the way we live, avert the depletion of natural resources and the catastrophic evolution of the Earth's climate.


The stakes are high for us and our children. Everyone should take part in the effort, and HOME has been conceived to take a message of mobilization out to every human being.


For this purpose, HOME needs to be free. A patron, the PPR Group, made this possible. EuropaCorp, the distributor, also pledged not to make any profit because Home is a non-profit film.


HOME has been made for you : share it! And act for the planet.


Yann Arthus-Bertrand



Photos credits to home-2009.com & GoodPlanet.org


ကျွန်တော်တို့ နေထိုင်ရာ အိမ်ဖြစ်တဲ့ အမိကမ္ဘာမြေကို တစ်ထောင့်တစ်နေရာက ကယ်တင်နိုင်ကြပါစေ။
မေတ္တာဖြင့်
မိုးကုတ်သား

Friday, June 5, 2009

ကကြိုးပျောက်သူများ




လွမ်းတငွေငွေ့
ဆွေးးတမြေ့မြေ့
မိုးနေ့လကွယ်
ဒေါင်းသငယ်တွေ
ကရေး မကြွယ်လေတော့။ ။






(ဓာတ်ပုံလေးကို ဒီကနေ ယူထားပါတယ်ခင်ဗျာ။)

မွေးဖွားလာကတည်းက ကျွန်တော်တို့ အမြင့်ကို မပျံနိုင်ခဲ့ကြဘူး။
အတု ဖန်ဆင်းပေးထားတဲ့ ကောင်းကင်ကြီးက ကျွန်တော်တို့ ပျံသန်းဖို့ အတွက် နိမ့်လွန်းလှတယ်။
ကျွန်တော်တို့ ကိုယ်ပေါ်မှာ လှပတဲ့ အရောင်စုံ အမြီးလေးတွေ ရှိတယ်။
ကျွန်တော်တို့ ပျံသန်းလွတ်မြောက်မှာ စိုးလို့တဲ့။
တစ်လွှာချင်းစီကို သူတို့ စိမ်ပြေနပြေ ချိုးချထားလိုက်ထာများ။
အမေ မွေးကတည်းက သင်ကြားတတ်မြောက်လာမယ့် ကျွန်တော်တို့ ကကွက်တွေကိုတောင် မေ့လို့။
တချို့ကျတော့လဲ ဗီဇ သဘာဝက ပါရမီအခံလေးတွေပါတော့ ကကြိုးကကွက်တွေကို မသင်ကြားပဲ တတ်မြောက်ကြပါရဲ့။ သူတို့ကျ အမွှေးအတောင်တွေ အကုန် ဆွဲနှုတ်ခံလိုက်ကြရရော။
တချို့ကျ သူတို့ရဲ့ ကောင်းကင်အတုကို ဖောက်ထွင်းပြီး ပျံသန်းလွတ်မြောက်သွားကြတယ်။
အတောင်အလက်တွေ နှောင်ဖွဲ့ခံထားရတဲ့ အမေ့ကို သူတို့ သတိတရ ရှိ၊ မရှိ ဘုရားနဲ့ သူတို့ကိုယ်တိုင်မှ သိနိုင်မှာပ။
တခါတခါကျ ကကြိုးပျောက်တဲ့ ဒေါင်းသငယ်တွေ ရင်ထဲမှာ ဘာတွေ ခံစား နာကျည်းရမလဲ။
တနေ့တနေ့ လှောင်အိမ်လေးထဲ ရှင်သန် အသက်ဆက်ရဖို့၊ လှပတဲ့ အမွှေးအတောင်တွေ ဆွဲနှုတ်မခံရဖို့ ကြိုးစား ရှောင်တိမ်း နေကြရပြန်ရော။
ပျံသန်းလွတ်မြောက်သွားတဲ့ ဒေါင်းသငယ်တွေ အိမ်ကလေးကို လွမ်းဆွတ်နေကြမလား၊ မေ့လျော့နေကြမလား။
အမွှေးအတောင်တွေ အကုန် နှုတ်ခံထားရတဲ့ ဒေါင်းသငယ်တွေရော လှပသစ်လွင်တဲ့ သူတို့ အမြီးလေးတွေ အသစ် တဖန် ပြန်မွေးဖွားလာနိုင်ကြပါ့မလား။
အမေ့သားသမီးတွေထဲက ဒေါင်းတကောင် ရွှေဝါရောင်ကကြိုးကို ငေးမော အိပ်မက်ရင်း မျက်ရည်ကျနေတယ်။
အမေ့ အနှောင်အဖွဲ့တွေ အမြန်လွတ်မြောက်ပါစေ။ မျက်စိစုံမှိတ်ရင်း တစ်မိနစ်စာ အမေ့ကို ငြိမ်သက်အာရုံပြုပြီး ကောင်းကင်ကြီးကို မော့ကြည့်တော့ ကွန်တစ်ခုက သူ့ကို ဆီးကြိုလို့။ တကယ်ပါ။ သူဟာလည်း သတ္တိနည်းတဲ့ အမေ့ရဲ့ ဒေါင်းတကောင်။
အပြင်မှာ မိုးတွေသည်းနေတယ်။ ကောင်းကင်မှာ နေရောင်လရောင်က ကွယ်လို့။ ဒါဟာ အခိုက်အတန့်ပါလို့ ဒေါင်းသငယ် ယုံကြည်နေသေးတယ်။


မေတ္တာဖြင့်
မိုးကုတ်သား

Tuesday, June 2, 2009

ကျွန်တော်နှင့် “ဗြိကနဲ” ကမ်းခြေ

ကျွန်တော် ဒီ ကျွန်းကလေးကို ရောက်ကာစ ကပေါ့။ ကျွန်တော့် ချစ်သူငယ်ချင်းများက ဆင်တိုးစား ကို လိုက်ပို့ပေးမယ် ဆိုတော့ ချိန်းထားတဲ့နေရာမှာ သွားဆုံကြတယ်။ ကျွန်တော် ၀တ်လာတဲ့ ဂျင်းဘောင်းဘီနဲ့ ရှူးဖိနပ်ကြောင့် ရေထဲဘယ်လို ဆင်းဆော့မှာလဲ ၀ိုင်းပြောကြတော့မှ ဆင်တိုးစား ဆိုတာ ပင်လယ်ကမ်းခြေမှန်း သိတော့တယ်။ ကျွန်တော်က အဲဒီလောက်ကို တုံးတာ အတာလေ။
သယ်ရင်းတွေ အများကြီး ပျော်ပွဲစားထွက်သလို ဂျိုင့်ကြီး၊ ဂျိုင့်ငယ် စားဖွယ်စုံစုံနဲ့ အဲ့ဒီ ကမ်းခြေကို ချီတက်ကြတယ်။ ကျွန်တော်ကလည်း ခွဲနေခဲ့ရတဲ့ သယ်ရင်းတွေ အတော်များများကို ခုလို ပြန်တွေ့ရတော့ ပျော်လို့။ အလုပ်လာရှာတယ်ဆိုတာတောင် မေ့ချင်ချင် ဖြစ်သွားတယ်။
ကမ်းခြေရောက်တော့ လည်ကြ၊ ပတ်ကြ စားသောက်ပြီး အပန်းဖြေကြ။ ဓာတ်ပုံတွေ ရိုက်ကြ၊ စကြ နောက်ကြနဲ့ ပျော်မဆုံးပေါ့။ ပင်လယ်ထဲ သယ်ရင်းတွေ ရေဆင်းဆော့ကြတော့ အ၀တ်ပို မပါတဲ့ ကျွန်တော်လည်း ရေဆင်းဆော့ချင်လို့ ဆင်းဆော့တာပေါ့ဗျာ။ အဲဒီမှာ ဇာတ်လမ်းက စတာပဲ။ ၀တ်ထားတာက ဂျင်းစ အသားပျော့ပျော့ ပါးပါး ဘောင်းဘီ။ ရေတွေ စိုတော့ ဘောင်းဘီက အသားမှာ ကပ်နေရော။ နေပူတယ်ဆို ခြောက်သွားမှာပဲပေါ့။ အဲဒီလိုပဲ ကျွန်တော်က မျှော်လင့်ထားခဲ့တာ။ ရေတွေဆော့လို့ အားရပြီး ချမ်းလာတော့မှ တံတားလေးတစ်ခုကို ဖြတ်ပြီး အနားယူရင်း ပင်လယ် ရှုခင်းကြည့်ဖို့ ဆောက်ထားပေးတဲ့ မျှော်စင်ပေါ်တက်ကာ လဘက်သုပ်စား အနားယူကြတယ်။ ရေစိုပြီးကပ်နေတဲ့ ဂျင်းဘောင်းဘီကြောင့် ကျွန်တော်က ထိုင်ရတာ အဆင်မပြေဘူး။ ဒါနဲ့ ခြေဖျားကိုထောက်၊ ခြေသလုံးသားကို အားပြုပြီး ကုန်းကွကွနဲ့ လဘက်ပန်းကန်ကို နှိုက်နေတာ။ အစားငမ်းနေတဲ့ ကျွန်တော့်ကို ကြည့်မရတဲ့ သယ်ရင်းတစ်ယောက်က စနောက်ချင်လာတယ် ထင်ပါရဲ့ဗျာ။ ဘာစိတ်ကူး ပေါက်မှန်းမသိဘူး။ ဖြုန်းဆို ကျွန်တော့် ပခုံးပေါ် လာပြီး သူ့ကိုယ်လုံးကြီးနဲ့ ထိုင်ချလိုက်ကော။ သူက အုပ်စုထဲမှာ အရပ်အရှည်ဆုံး၊ အထွားကျိုင်းဆုံး ပုဂ္ဂိုလ်လေး။ နဂိုကမှ ရေစိုပြီး အသားမှာ ကပ်ကျပ်နေတဲ့ ဂျင်းဘောင်းဘီလေးခမျာ သူဖိချလိုက်တဲ့ အလေးချိန်ကို မခံနိုင်ရှာဘူး။ “ဗြိကနဲ” ညာသံပေးပြီး နှစ်ခြမ်း ကွဲသွားရှာတော့တယ်။ အဲဒီ “ဗြိ” ဆိုတဲ့ အသံက တကယ့်ကို အကျယ်ကြီး။ ဆူင်္ညပွက်လောရိုက်နေတဲ့ တအုပ်စုလုံး ကောင်းကောင်းကြားလိုက်ရတယ်။
“ဘာဖြစ်တာလဲ၊ ဘာသံလဲ” သယ်ရင်းအားလုံး အသံတိတ်သွားတယ်။ အသံထွက်လာရာ ကျွန်တော့ဆီကို ၀ိုင်းပြီး ပြူးပြဲကြည့် လာကြတော့ ကျွန်တော့်မှာ ရှက်ရှက်နဲ့ သွားကလေး ဖြီးပီး “အဟီး၊ ဘောင်းဘီ ဖင်ကွဲသွားဘီ” လို့ လေသံလေးနဲ့ တိုးတိုးလေး ပြောတာတောင် ဒီတအုပ်လုံးက ကြားတယ်။
“အင်း၊ ဖြစ်ရမယ်” ဆိုပြီး တဟားဟားနဲ့ ၀ိုင်းရယ်ကြတာ ဆူလို့ညံလို့။ ကျွန်တော်လဲ ရှက်ရှက်နဲ့ ရယ်နေရတာပေါ့ဗျာ။ ဘောင်းဘီဖင်ကွဲကို ၀ိုင်းကြည့်ကြလို့ ကျွန်တော့်မှာ အင်္ကျီနဲ့ မနည်း ဆွဲဖုံးထားရတယ်။ ဘောင်းဘီဂျင်းသားကလဲ ကောင်းလိုက်ပုံများတော့ တင်ပါးကနေ ဟိုးပေါင်လည်ထိ ကွဲသွားလိုက်တာ။ အင်္ကျီနဲ့ ဆွဲဖုံးထားတာတောင် မလုံဘူး။ အင်္ကျီနဲ့ ဖုံး ဖုံးပြီး လမ်းလျှောက်နေရတဲ့ ကျွန်တော့်ကို သယ်ရင်းတွေက တခွိခွိနဲ့ ရယ်လို့မဆုံး။ အဲဒီ “ဗြိ” ကနဲ ထွက်လာတဲ့ အသံကိုလဲ ကျွန်တော့်မြင်တိုင်း ပြန်ပြီး ကြားနေလားမသိ။ မျက်နှာပိုးကို မသတ်နိုင်ကြတော့ဘူး။ အင်္ကျီကို အောက်ဘက် များများရောက်အောင် ဆွဲဆွဲဖုံးပြီး လမ်းလျှောက်နေရတော့ ကျွန်တော်လဲ ကိုယ်ကို နောက်ဘက်လှန်ထားရတဲ့ အတွက် ကော့တော့ကြီး ဖြစ်နေပီး ခါးတွေတောင် ညောင်းနေဘီ။ ရှက်တတ်တဲ့ ကိုယ့်မှ လာဖြစ်ရတယ်။ ငါ့နှယ်နော်။ ပြောချင်ဘူး။ ပင်လယ်လေလေးက တဟူးဟူးတိုက်တိုင်း ကွဲနေတဲ့ ဘောင်းဘီက လေသလပ်ပြီး တဖြတ်ဖြတ်များတောင် မြည်နေသေး။ အင်း.. စိတ်ကြီးရယ် ညစ်လှပါလားဏော်။ သွားရလာရတာ ဖုံးဖုံးဖိဖိနဲ့ အဆင်က မပြေတော့ အဲဒီမှာရောင်းတဲ့ ဘောင်းဘီ ၀ယ်ဖို့သွားမေးတာက ဈေးကြီးလွန်းလို့ မ၀ယ်နိုင်ဘူး။ သယ်ရင်းတွေက ၀ယ်ပေးမယ်ဆို ကျွန်တော်က အားနာတော့ ရပါတယ်ဆိုပြီး ဒီအတိုင်းပဲ ဖုံးဖုံးဖိဖိလေး လျှောက်နေရတော့တာပေါ့ဗျာ။ သယ်ရင်းတွေကလဲ ကျွန်တော့် ကြည့်ကြည့်ပြီး တခွိခွိနဲ့ ဖြစ်နေကြတာ။ နောက်တခါများ ဆင်တိုးစား သွားမယ်ဆို ရာဇ၀င်ကို တွင်ရော။ “ကျွန်တော်နှင့်ဖင်ကွဲကမ်းခြေ” ဆိုပြီး တွေ့တိုင်း ခုချိန်ထိ စခံရတုန်း။ နှစ်နှစ်ကျော် သုံးနှစ်နီးပါး ကြာလာတာတောင် အဲ့ဒီကမ်းခြေသွားတိုင်း “ဘောင်းဘီဖင်ကွဲနေအုံးမယ်ဏော်၊သတိထားသွား” ဆိုပြီး အရယ်ခံနေရတုန်းပဲဗျာ။

(ဘာရယ်မဟုတ်ပါဘူး။ ဘ၀အမောတွေ ညည်းချင်းချခံထားရတော့ လာဖတ်ပြီး စိတ်မော ပြန်ရတဲ့မိတ်ဆွေတွေ နည်းနည်း စိတ်ပေါ့ပါး ပြုံးစေချင်လို့ ကျွန်တော့် တလွဲတချော်လေးတွေထဲက တစ်ခုကို ရေးပြီး တင်လိုက်တာပါ။ ခေါင်းစဉ်ကိုတော့ သယ်ရင်းတွေ ပြောပြောရယ်နေတဲ့ “ကျွန်တော်နှင့်ဖင်ကွဲကမ်းခြေ” ဆိုတာ ပေးမလို့ပါ။ အကြောင်းမသိရင် မိုက်ရိုင်းတယ် ထင်ခံရမစိုးလို့ ကျွန်တော်နှင့် ဗြိကနဲ ကမ်းခြေ လို့ ပေးလိုက်ရပါတယ်။ ဒါလဲ သယ်ရင်းတွေက တွေ့တိုင်း ပြောပြီး ရီကြတဲ့ထဲမှာ ပါတဲ့ စကားတစ်ခွန်းကို ယူထားတာပါ။ “ဘောင်းဘီကွဲသွားလိုက်တာများ ဗြိကနဲ” ဆို ပြောပြောပြီး ရီခံရတယ်လေ။ ပြောချင်ဘူး၊ ပြောကို မပြောချင်ဘူး။ မပြောချင်လွန်းလို့ ဆင်တိုးစားမှာ ထပ်ဖြစ်တဲ့ နောက်တစ်မှုကို ပြောပြအုံးမှာ။ ခုတော့.. ပြောချင်ဘူး။ ပြောကို ပြောချင်ဘူး။)

မိတ်ဆွေများအားလုံး ပျော်ရွှင်ကြပါစေ။
မေတ္တာဖြင့်
မိုးကုတ်သား

Monday, June 1, 2009

ကျွန်တော့် သတို့သမီး

30.05.2009 Saturday

မောလိုက်ထာဗျာ။ တနေကုန် ပြေးပြေးလွှားလွှား သွားနေရတာ လူ့ကို ဟိုက်နေတာပဲ။ လျှောက်လိုက်ရတဲ့ လမ်းခရီးတွေကလဲ မနည်းပဲကိုး။ ပြုံးပြရတာလဲ ပါးတွေတောင် ညောင်းရော။ဒါပေမဲ့ဗျာ.. ကျွန်တော် ပျော်ပါတယ်။
ကြည့်လေ။ ကျွန်တော့် သတို့သမီး... မလှဘူးလား။




ဟားဟား။ မျက်စိတွေ လည်ကုန်ကြဘီ။ သယ်ရင်းတွေကို သူတို့မင်္ဂလာဆောင် အကြို ဓာတ်ပုံလိုက်ရိုက်ပေးရင်း အေးချမ်းတဲ့ မျက်နှာလေးပိုင်ရှင် ဒီ သတို့ သမီးကို အဲ့ဒီနေရာလေးမှာ တွေ့ပြီး သဘောကျလို့၊ ခွင့်တောင်း ရိုက်ယူထားတာပါ။
စနေနေ့ မနက် ရှစ်နာရီကနေ ထွက်လိုက်ထာ။ ည ကိုးနာရီလောက်မှ အိမ်ပြန်ရောက်တော့တယ်။
သယ်ရင်း သတို့သား၊ သတို့သမီး အလောင်းအလျာတွေကတော့ ဘယ်လိုနေမယ်မသိ။ ကျွန်တော်တို့ကတော့ အိမ်ရောက်တာနဲ့ ကင်မရာတောင် ပြန် မကြည့်နိုင်တော့။ ရေနွေးနွေးနဲ့ ရေလည်း ချိုးပြီးရော။ ခဏ နားမယ် လှဲလိုက်ထာ။ မိုးလင်းကောဗျာ။


ဘာရယ်ဟုတ်ပါဘူး။ သယ်ရင်း သတို့သမီးလောင်းလျာကို ရိုက်ထားပေးတဲ့ ပုံတွေထဲက တစ်ပုံပါ။
ဝါသနိ ၀ါသနာတွေထဲမှာ ဓာတ်ပုံရိုက်တာလဲ ကျွန်တော် ၀ါသနာ ပါသေးတယ်။ (သယ်ရင်းတွေကတော့ ဓာတ်ပုံရိုက်ထွက်တိုင်း ကျွန်တော့်ကိုယ် ကျွန်တော်ချည်း ရိုက်ခိုင်း နေလို့ ဓာတ်ပုံရိုက် ၀ါသနာထက် ဓာတ်ပုံ အရိုက်ခံတာက ပိုတယ် ပြောကြတာပဲ။ အဲလောက် ၀ါသနာ ကြီးတာ။ တကယ်၊ တကယ်)
ကိုယ် ရိုက်ပေးတဲ့ ပုံလေးတွေ ဓာတ်ပုံ အရိုက်ခံသူတွေအတွက် အမှတ်တရ အချိန်လေးတွေ ဖြစ်ကျန်ခဲ့မယ်ဆို ကျွန်တော်က ကျေနပ်ပြီး ပျော်နေတတ်ထာရယ်။
ဓာတ်ပုံ အရိုက်ခံချင်သူများ ဆက်သွယ်ကြပါလို့။
(အိမ်လာ မလည်တဲ့သူတွေ ရိုက်ပေးဘူး။ ကွိကွိ။ အဲလို အဲလို ညစ်တာ။ စိတ် ပြောတာပါ။ :-P )

မေတ္တာဖြင့်
မိုးကုတ်သား