Sunday, June 14, 2009

ဖေဖေသို့တမ်းချင်း


ဒီနေ့ အဖေများနေ့လို့ ညီလေး ရီနို က ရေးထားတယ်။ ရေးထားတာ မရှိတော့ ဖေဖေ့ မွေးနေ့အတွက် ရေးတင်ခဲ့ဖူးတာလေးနဲ့ပဲ ဆားချက်လိုက်ပါရစေခင်ဗျာ။



ဖေဖေ့မွေးနေ့ရောက်တော့မယ်။ ကျွန်တော့်အာရုံတွေက ဖေဖေ့ပုံရိပ်တွေဆီ ပြေးလွှားလို့နေတယ်။ ငယ်စဉ်က ချောမောပြေပြစ်သော ဖေဖေသည် ယခုအခါမှာတော့ လောက
ဓာဏ်၏ ထုထောင်းမှု၊ ဇရာ၏ လွှမ်းမိုးမှုတို့ဖြင့် ရှိရင်းစွဲအသက်ထက် ပိုပြီးရင့်ရော်လို့နေ၏။ ဘဝကို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ဖြတ်သန်းလိုသော၊ လွတ်လပ်မှုကိုမြတ်နိုး၍ အနုပညာကို ဝါသနာထုံသော ဖေဖေဟာ ‘အိမ်ထောင်ဦးစီး ဖခင်' တစ်ဦးရဲ့ တာဝန်များကြားဝယ် သူ၏ ဝါသနာနှင့် လွတ်လပ်မှုတို့ကို စတေးပစ်ခဲ့ရတာ ဘယ်လောက်ကြာခဲ့ပြီလဲ။

ဖေဖေငယ်စဉ်ကပုံရိပ်
၂၀၀၈ခုနှစ်၊ ဇန်နဝါရီလ က ဖေဖေ့ပုံရိပ်

ငယ်စဉ်က သံမဏိဆိုတဲ. အိမ်နာမည်နဲ့လိုက်အောင် အင်မတန် မာကျောခဲ့တဲ့ ကျွန်တော့်ဖေဖေ ဦးသောင်းထူး (ကျွန်တော့် သူငယ်ချင်းတွေနဲ့ ဖေဖေ့ လူငယ် မိတ်ဆွေတွေကတော့ လေးလေးထူး၊ လေးထူး လို့ ခေါ်ကြတယ်) ဟာ မိသားစု၊သားသမီးတွေ အပေါ်မှာတော့ အင်မတန် နူးညံ့သိမ်မွေ့ခဲ့ပါတယ်။ သူ့ရဲ့ သံမဏိစိတ်ဓာတ်တွေကို ကျွန်တော်တို့အပေါ် ထားတဲ့ မေတ္တာတွေနဲ့ အရည် ဖျော်ချပစ်ရဲတဲ့ အထိ မိသားစုအပေါ် အချစ်ကြီး ချစ်တတ်ခဲ့သူပါ။
မိုးလင်းက မိုးချုပ် ပင်ပင်ပန်းပန်း ကျောက်တွင်း တူးရသော်လည်း နံနက် လေးနာရီ ဒေါင်ကနဲ မည်တာနဲ့ အာခေါင်ခြစ်ငိုကာ နို့တောင်းတတ်သော သားဦး ကျွန်တော့်ကို မငြီးမငြူ နို့ဗူးဖျော်ကာ တိုက်ခဲ့သော၊ ချူချာသော ကျွန်တော် တိုက်ဖွိုက်ဖြစ်ပြီး ညကြီးသန်းခေါင် အဖျားတက် မေ့မျောတော့ ဝေးလံလှသော ဆေးရုံသို့ ချီပိုး ပြေးခဲ့သော၊ စာမေးပွဲ မဖြေလိုက်ရမှာ စိုးရိမ်နေသော ငါးတန်းကျောင်းသား ကျွန်တော့်ကို ကုန်းပိုးလျှက် ရေကြီးနေသော ရပ်ကွက်ကိုဖြတ်၊ ရေလျှံပြီး အရှိန်ပြင်းပြင်း စီးနေသော ရေနီချောင်းတံတားကို ကျော်ကာ မိုးကြီးလေကြီးကြား ကျောင်း လိုက်ပို့ပေးခဲ့သောဖေဖေ၊ နွမ်းပါးသော်လည်း သားသမီးတွေ လိုချင်တာ မှန်သမျှ ဖြည့်ဆည်းပေးလိုခဲ့သော ဖေဖေ၊ သားသမီးတွေကို သူ့လို ကျောက်တွင်းတူးသမား မဖြစ်စေလိုဘဲ ပညာတတ် ဖြစ်စေလိုခဲ့သော ဖေဖေ၊ ကျောက်တွင်းတူးရင်း ခါးရိုးပေါ်တည့်တည့် တူပြုတ်ကျကာ အတွင်းဒဏ်ရပြီး အလုပ်ကြမ်းလုပ်ခွင့် မသင့်တော့တာကို မမှုအားဘဲ မိသားစုဝမ်းရေး၊ ချမ်းသာရေးအတွက် ကျောက်တွင်း အလုပ်ကို မစွန့်လွှတ်ဘဲ လောကဓာဏ်ကို အံတုခဲ့သောဖေဖေ၊ ကျောရိုးမှအတွင်းဒဏ် ဆိုးရွားလာပြီး ကျောက်တွင်းလုပ်ငန်းကို လုံးဝစွန့်လွှတ်လိုက်ရတော့ မိသားစုချမ်းသာရေးဆိုတဲ့ မျှော်လင့်ချက်ကို ဆုံးရှုံးခဲ့သောဖေဖေ၊ ဘယ်တော့မှ သူတစ်ပါးလက်အောက်မှာ မလုပ်လိုဘဲ လွတ်လပ်စွာ ရပ်တည်လိုသော်လည်း မိသားစုအတွက် သူ၏ မာနကို ဖယ်ချကာ ဝန်ထမ်း လုပ်ခဲ့ရသောဖေဖေ၊
....ဖေဖေ့ကျေးဇူးတရားများက စာဖွဲ့လို့မကုန်ပါ။ ဖေဖေ့ရဲ့ကြီးမားလှသော မေတ္တာနှင့် ချစ်ခြင်းတို့ကြောင့် ကျွန်တော်တို့ ငယ်ဘဝက လုံခြုံနွေးထွေးခဲ့ပါတယ်။
မိုးကုတ်မြို့မှာ ဖေဖေတူးခဲ့သမျှ မြေတွေသာ ကျောက်အောင်ခဲ့မယ် ဆိုရင်တော့ ကျွန်တော်တို့ သားစဉ်မြေးဆက် စား၍ ကုန်နိုင်မယ်မထင်။ ကံမကောင်းသော ဖေဖေ့မှာတော့ နှစ်ပေါင်းများစွာ ကျောက်တွင်း တူးခဲ့သော်လည်း ထမင်းစားကျောက်မှလွဲ၍ သူဋ္ဌေးဖြစ်ကျောက် တစ်ခါမှ မရဘူးခဲ့။ ဖေဖေ့ဘဝ၏ ရှုံးနိမ့်ခဲ့ရမှုပေါင်း များစွာကို ဘယ်လို ဖြတ်သန်းခဲ့ပါသလဲ။
အချိန်တန် အရွယ်ရောက်လို့ သားသမီးတွေ တစ်နေရာစီ ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့သွားကြတော့ ဖေဖေ ဘယ်လောက် လွမ်းနေမလဲ။ သားသမီးတွေ ဆက်သွယ်မလာတာကြာလို့ သူ့ကိုများ မေ့လျှော့ သွားကြပြီလား တွေးထင်မိတဲ့ အခါတိုင်း ဖေဖေ ဘယ်လောက် ဝမ်းနည်းနေရှာမလဲ။
ကျွန်တော့်ကို လုံခြုံနွေးထွေးစေသော ဖေဖေ့ရင်ခွင်၊ ကျွန်တော် အားကိုးတစ်ကြီး ဖက်တွယ်ခဲ့ဖူးသော
ဖေဖေ့လက်မောင်းများ၊ ချစ်ခြင်းမေတ္တာအပြည့် ပျော်ဝင်နေသော ဖေဖေ့အနမ်းများ၊ ဖေဖေပြောပြခဲ့သော အိပ်ယာဝင်ပုံပြင်များ၊ ဖေဖေ့ဂစ်တာသံနှင့် သီဆိုပြခဲ့သော သီချင်းများ၊ ဖေဖေရေးသော စာတိုပေစနှင့် ကဗျာများ၊ သားသမီးတွေရဲ့ အပြုံးအပျော် မျက်နှာများကို မြင်ရုံမျှနှင့် ဘဝအမောများကို အံတုရင်ဆိုင်နိုင်ခဲ့သော ဖေဖေ့ စိတ်ခွန်အားများ၊.....ပြန်တမ်းတတိုင်း အဝေးက ဖေဖေဟာ ကျွန်တော့်ဘေးမှာ အမြဲရှိနေခဲ့ပါတယ်။

လောကဓာဏ်ရဲ့ ရိုက်ပုတ်ကြည်စယ်မှုများကို ဘယ်တော့မှ အရှုံးမပေးဘဲ အပြုံးနှင့် ရင်ဆိုင်နိုင်ဖို့ရာ စိတ်ခွန်အားများစွာကို ဖေဖေ့ဆီမှရခဲ့ပါတယ်။ ဘဝအခက်အခဲ မှန်သမျှတို့ကို ရင်ဆိုင်နိုင်ဖို့ရာအတွက် လုံလောက်သော ချစ်ခြင်း မေတ္တာတရားကို ဖေဖေ့ဆီက ရခဲ့ပါတယ်။
ဘဝမှာ ငွေကြေးနဲ့ ဘယ်တော့မှ ဝယ်ယူမရတဲ့ ဒီစစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ၊ လုံခြုံနွေးထွေးမှုတွေကို ဘဝတစ်သက်စာ အမွေအဖြစ် ဖေဖေက ကျွန်တော့်ကို ပေးခဲ့ပါတယ်။
တစ်မြေခြားမှာ အလုပ်လုပ်နေရတဲ့ ကျွန်တော့်အတွက်တော့ ဖေဖေ့မေတ္တာများက ငယ်စဉ်ကလို နွေးထွေးဆဲ၊ ဖေဖေ့ချစ်ခြင်းများမှာ ကျွန်တော့်ဘဝက လုံခြုံဆဲ၊ ဖေဖေ့ မျှော်လင့်ချက်များက ကျွန်တော့်ဘဝကို အလင်းပေး လမ်းပြနေဆဲသာ။ အဝေးကနေ ငွေကြေးထောက်ပံ့နေရုံနဲ့ သားသမီးဝတ္တရား ကြေတယ် ကျွန်တော် မယူဆပါ။ ဖေဖေ့ရဲ့ ညအိပ်ယာဝင် ပုံပြင်များ နားထောင်ရင်း၊ ဖေဖေ့ဘဝ အမောများကို မျှဝေ ခံစားရင်း ဖေဖေ့ အထီးကျန်ရက်စွဲများကို ဖြေဖျောက်ပေးချင်သည်။ ဖေဖေ့ ချစ်ခြင်းမေတ္တာများ အောက်မှာ ကျွန်တော့်ဘဝ လုံခြုံနွေးထွေးခဲ့သလို ဖေဖေ့ဘဝကို လုံခြုံနွေးထွေးစေသော သားတစ်တယာက်အဖြစ် ဖေဖေ့ဘေးမှာ စောင့်ရှောက်မှုတွေ ပေးချင်သည်။
ကျွန်တော့်ဖေဖေသည် မိုးကုတ်မြို့ကလေးမှ မထင်မရှား သာမာန် လူတစ်ယောက်သာ၊ ဖေဖေ ကောင်းတာတွေလဲ ရှိမည်၊ ဆိုးတာတွေလဲ ရှိမည်။ ဘာပဲဖြစ်ဖြစ် ဖေဖေသည် ကျွန်တော့် ဘဝ၏ ကောင်းကင်ထက်တွင် အလင်းလက်ဆုံး ကြယ်တစ်ပွင့် အဖြစ် ထာဝရ ရှိနေပါလိမ့်မည်။ ထိုကြယ်ကလေး လင်းလက်ရာ အဖေ့အိမ်ကလေးသို့ အရောက် ကျွန်တော်ခရီးနှင်နေပါသည်။


၂၀၀၈၊အောက်တိုဘာဆယ်ရက်မှာ အသက် (၆၂)နှစ်ပြည့်မဲ့ ဖေဖေ့ကို လွမ်းဆွတ်နေတဲ့ သားတစ်ယောက်ရဲ့ တမ်းချင်းပါ။ ဖေဖေတစ်ယောက် ကျန်းမာချမ်းသာခြင်းများနဲ့ ပြည့်စုံပါစေ။ ဘဝရဲ့ အစစ်အမှန်တရားကိုရှာတွေ့ခဲ့ပြီဆိုတဲ့ ဖေဖေတစ်ယောက် ဓမ္မရိပ်မှာ ငြိမ်းချမ်းအေးမြနိုင်ပါစေ။




Father & Son [Cat Stevens]




Rod Stewart

Father And Son

[Originally by Cat Stevens]

Father
It's not time to make a change,
Just relax, take it easy.
You're still young, that's your fault,
There's so much you have to know.
Find a girl, settle down,
If you want you can marry.
Look at me, I am old, but I'm happy.

I was once like you are now, and I know that it's not easy,
To be calm when you've found something going on.
But take your time, think a lot,
Why, think of everything you've got.
For you will still be here tomorrow, but your dreams may not.

Son
How can I try to explain, when I do he turns away again.
It's always been the same, same old story.
From the moment I could talk I was ordered to listen.
Now there's a way and I know that I have to go away.
I know I have to go.

Father
It's not time to make a change,
Just sit down, take it slowly.
You're still young, that's your fault,
There's so much you have to go through.
Find a girl, settle down,
If you want you can marry.
Look at me, I am old, but I'm happy.

Son
All the times that I cried, keeping all the things I knew inside,
It's hard, but it's harder to ignore it.
If they were right, I'd agree, but it's them you know not me.
Now there's a way and I know that I have to go away.
I know I have to go.




မေတ္တာဖြင့်
မိုးကုတ်သား

6 comments:

Anonymous said...

ဖခင်တစ်ယောက်အပေါ် တန်ဖိုးထားတတ်တဲ့ လူတစ်ယောက်ရဲ့ ခံစားချက်ကိုဖတ်လိုက်ရတော့ စိတ်ထဲ ကျေနပ်ဝမ်းသာမိတယ် ... အဖေများနေ့မှာ သားသမီးအပေါ် တာဝန်ကျေပွန်ခဲ့သော ... ကျေပွန်ရန် ကြိုးစားနေခဲ့ကြသော ... နောင်တစ်ချိန်တွင်လည်း တာဝန်ကျေပွန်နေကြဦးမယ့် အဖေများအားလုံး ပျော်ရွှင်အေးချမ်းနိုင်ပါစေ ...
နေဒေးသစ်။

ဖိုးသင်္ကြန် said...

သီချင်းလေးဝေမျှတာ ကျေးဇူးပါအကိုရေ။

မယ့်ကိုး said...

ဗီဒီယိုက ကြည့်လို့ မရဘူးဖြစ်နေတယ်။ ဒီစာလေးက ဖတ်ပြီးသားပေမယ့် ကြိုက်လို့  ထပ်ဖတ်ဖြစ်ပါတယ်။

မေလေး said...

ကိုကြီးမိုးကုတ်သားရေ အဖေ အပေါ်တန်ဖိုးထားတာ ကိုကြီး လိုအင် ဟူသမျှ ပြည့်ဝ ပါစေနော်
ခင်တဲ့
ညီမလေး
မေလေး

Mogok Thar said...

ညီလေး နေဒေး.. ပေးတဲ့ဆုနဲ့ ပြည့်ပါစေ။
ညီလေး ဖန်သကြိုး... Link က သေနေတယ်ပြောလို့ ပြင်ရအုံးမယ်။
ညီမလေး မယ်ကိုးရေ.. မအားလပ်တဲ့ကြားက ပြန်လာဖတ်ပေးတာ ကျေးကျေး...
ညီမ မေလေး..... ပေးတဲ့ ဆုနဲ့ ပြည့်ပါစေ။

မင်းအိမ်ဖြူ Minn Eain Phyu said...

ကိုကြီးမိုးကုတ်သားရေ လာရောက်ဖတ်ရှူသွားပါကြောင်း ...
ဖခင်အပေါ်သိတက်သလို... ကိုယ့်အလှည့်မှာလည်း တာန်ကျေနိုင်ပါစေဗျာ ...
ဒါဟာ အရေးကြီးဆုံးပါပဲ ..... ကျွန်တော်ဆိုလိုတာက မိဘအပေါ်သိတက်သလို နောင်ကိုယ့်ရဲ့ မျိုးဆက်အတွက်လည်း ကိုယ်ပြန်ပေးဆပ်ဖို. ၊ ဆောင်ရွက်ပေးဖို.ပါ ......(ဟဲဟဲ ဆရာလုပ်တာဟုတ်ဘူးနော် စိတ်ရှိနဲ. )
ပျော်ရွှင်ပါစေ