Sunday, August 29, 2010

မိုးကုတ်သား နဲ့ လက်ဗွေ




ကျွန်တော် စာမရေးဖြစ်တာ အတော်ကြာသွားခဲ့ပြီ။ တစ်လကို စာလေး တစ်ပုဒ်တောင် အနိုင်နိုင် ကြိုးစား ရေးနေဖြစ်တော့ အိမ်ကလေးလဲ ဖုန်တွေ အထပ်ထပ် တက်လို့ နေမှာပဲ။
“မိုးကုတ်သားရေ.. စာတွေရေးပါအုံး” တို့
“စာရေးတွေ ကျဲနေတယ်။ စာလေးဘာလေးရေးပါအုံး.. မျှော်နေတယ်” တို့.... ဘယ်သူမှ မပြောကြတော့လဲ တွန်းအား မရှိဘူးပေါ့ဗျာ... (အားနာပါးနာများ မေးကြ ပြောကြမလား ... မသိဘူး...)

ကျွန်တော် အလုပ်သစ်ပြောင်းသွားတော့ နေရာသစ်မှာ နေသား မကျသေးတာရယ်.. အလုပ်သစ်မှာ ကိုယ် မသိတာတွေ များလို့ လေ့လာနေရတာတွေရယ်ကြောင့်ပဲ စာရေးဖို့ ခြေဦး မလှည့်နိုင်တာ ပြောပြန်ရင်လဲ အကြောင်းသိတွေက ရယ်နေကြအုံးမယ်...။ အဲ.. စကားကြော ရှည်နေတာနဲ့ ပြောပြချင်တာလေးတောင် ခုထိ မစရသေးဘူးရယ်။

အလုပ်အသစ် ပြောင်းတော့ အလုပ်လုပ်ခွင့်ကဒ် အသစ်လဲရပါတယ်။ အဲဒီလို လဲတော့ ဘာကြောင့်မှန်းမသိ ကြာနေပြန်ကော။ ကဒ်ပြား မရမချင်း လူက စိတ်ပူရ..၊ အဆင်မပြေခဲ့သည်ရှိသော် ဆိုပြီး တခြားအလုပ်တွေ ဆက်ရှာရ နဲ့ အလုပ်မဝင်ခင် စပ်ကြား ဗျာများနေခဲ့တာ..။ ဟော.... အလုပ်လုပ်ခွင့်ကဒ် ထုတ်လို့ ရတော့မယ် ဆိုတော့မှ လက်ဗွေ နှိပ်ဖို့ လုပ်ရကော။ အဲဒီတော့မှ လူပေါင်း သန်းချီရှိတာ ဒီ လက်ဗွေတွေက တစ်ယောက်နဲ့တစ်ယောက် ဘာကြောင့် မတူကြတာလဲ ငယ်တုန်းက ထူးဆန်းခဲ့ဖူးတာ ပြန်သတိရမိတယ်။ ဒါပေသည့် ကျွန်တော့်လက်ဗွေဟာ တစ်ခြားတစ်ယောက်ယောက်နဲ့ ထပ်တူ လုံးဝ ကျနိုင်လား၊ မကျနိုင်ဘူးလား။ ဒီကမ္ဘာပေါ်မှာ ကျွန်တော်နဲ့ လက်ဗွေ တစ်ထပ်တည်း တူတဲ့သူရော မရှိနိုင်ဘူးလား အူကြောင်ကြောင် တော့ ပြန် တွေးမိသွားသေးတယ်။

နောက်တစ်ခုက အကျင့် နဲ့ မသိစိတ်ရဲ့ မှတ်သားထားမှု..။ လက်ဗွေနှိပ်မယ်ဆို လူက အလိုလို လက်မကို ထိုးပေးမိတာ..။ လက်မက လက်ဗွေကိုပဲ ပေးရမယ်လို့ ဘယ်တုန်းကရင်း မသိစိတ်က ဘာကြောင့် မှတ်သားထားခဲ့မှန်း စဉ်းစားမရဘူး။ အလုပ်သမားကဒ်ရုံးက လက်ဗွေယူတော့ လက်မကိုပဲ ထိုးပေးမိတယ်။ လက်ဗွေယူတဲ့ အမျိုးသမီးက လက်မရော၊ လက်ညှိုးရော ဘယ်ညာ နှစ်ဘက်လုံးကို ယူသွားရော..။ လက်ဗွေကို မျက်နှာပြင်အပြည့်ယူချင်လို့လားမသိ... ကျွန်တော့်လက်မနဲ့ လက်ညှိုးကို တည့်တည့်နှိပ်ရယုံတင်မကဘူး... ဘယ်စောင်းလိုက် ညာစောင်းလိုက်နဲ့ဖိသေးတာ။ သူ စိတ်ကျေနပ်မှ လက်ကို လွှတ်တော့တယ်။ ထားတော့...။ လူတစ်ယောက်ကို မှတ်ပုံတင်ချင်ရင် လက်ဗွေက အရေးကြီးမှန်း ဘယ်သူက ရှာဖွေ တွေ့ရှိခဲ့သလဲ.. ဘာလဲ...၊ လူတစ်ယောက်ရဲ့ ရပ်တည်မှုဟာ လက်ဗွေပေါ်မှာလဲ တည်မှီနေမှန်း ဘာမှန်း.. ဆက်မစဉ်းစားတော့ဘူး။ အရေးကြီးတာ ကဒ်ပြားရဖို့..။ အဲတာရမှ အလုပ်စဆင်းလို့ ရမှာကိုး...။

ဒီလိုနဲ့... ကဒ်ရတော့ အလုပ်စဆင်းရော ဆိုပါတော့။ အလုပ်မှာကလဲ ကိုယ့် ကိုယ်ပိုင်နံပါတ်နဲ့..၊ ကိုယ့်လက်ဗွေနဲ့ နှိပ်ပြီးဝင်မှ ရုံးထဲကို ဝင်ခွင့်ရတာ..။ အော်.. ဒီ လက်ဗွေက အဲလောက် အရေးပါတာကိုးလို့ ထပ်တွေးမိသွားပြန်ကော..။ အလုပ်ဝင်စမှာတော့ လက်ဗွေ မှတ်ပုံ မတင်ရသေးလို့ သူတစ်ပါး ဝင်တဲ့ အချိန်စောင့်ပြီး လိုက်ဝင်ရတယ်။ ဒါမှမဟုတ် တံခါးစောင့်တဲ့သူ ရှိနေရင် သူက ဖွင့်ပေးတယ်။ ဝင်ချိန်..၊ ထွက်ချိန်.. လက်မှတ်ထိုးရုံပဲ...။ ဒါကို ဒုက္ခမခံနိုင်တော့ မန်နေဂျာ မမကို လက်ဗွေနှိပ်ဖို့.. ကျွန်တော့် ကိုယ်ပိုင်နံပါတ်ပေးဖို့ သွား သွားပြီး ဂျီကျနေတာ..။ တစ်ပါတ်ကျော်လောက် စောင့်မှ.. ကျွန်တော့် ကိုယ်ပိုင်နံပါတ်ရပြီး လက်ဗွေနှိပ်ဖို့ ရုံးအဝင်တံခါးက စက်လေးဆီ သွားရတယ်။ ကျွန်တော်ရယ်..နောက်ထပ် ဝန်ထမ်းအသစ် သုံးယောက်ရယ်..။ သူတို့က အသစ် ဆိုပေမဲ့ ကျွန်တော့်ထက် အလုပ်ဝင်တာ ပိုစောကြတယ်။ ကျွန်တော်တို့ လေးယောက်..အပေါက်ဝမှာ မန်နေဂျာမမ ပြောတဲ့ ကိုယ့် ကိုယ်ပိုင်နံပါတ်ရယ် လက်ဗွေရယ်ကို စက်ကလေးမှာ မှတ်ပုံတင်ရတယ်။ မှတ်ပုံတင်တယ်ဆိုတာကလည်း.. ကိုယ့်ကိုယ်ပိုင်အမှတ်ကို စက်ကလေးမှာ ခလုပ်နှိပ်ပြီး ရိုက်ထည့်၊ ပြီးရင် လက်ဗွေဖတ်တဲ့ မှန်ပြားလေးပေါ် ကိုယ့်လက်ဗွေကို နှိပ်၊ စက်က လက်ဗွေကို ဖတ်ပြီးသွားရင် ကိုယ့် ကိုယ်ပိုင်အမှတ်နဲ့ ကိုယ့်လက်ဗွေကို တွဲမှတ်သွားတာ။ ကိုယ်က ရုံးထဲ ဝင်ချင်ရင် ကိုယ့် ကိုယ်ပိုင်အမှတ် ကို ရိုက်ထည့်. စက်က လက်ဗွေတောင်းရင် ကိုယ့်လက်ဗွေလေးကို လက်ဗွေနှိပ်တဲ့ နေရာပေါ်တင်လိုက်..။ မှန်ရင် တံခါးဖွင့်တယ်။ မမှန်ရင်တော့ သင့်မှာ ဝင်ခွင့်မရှိဘူး လို့ စက်က ပြန်ဖြေပြီး တံခါးက ပွင့်မယ် မဟုတ်ဘူး။ သူတပါးတွေက လက်ဗွေ နှိပ်ရင် လက်ညှိုးကိုပဲ ထိုးပေးကြတာသတိထားမိပေမဲ့ ကျွန်တော့်ကလှည့်ရောက်တော့ ထုံးစံအတိုင်း လက်မပဲ ထွက်လာတယ်။ စက်ကလေးကလည်း... လက်မက... လက်ဗွေကို မှတ်သွားကော။ ကျွန်တော့် ကိုယ်ပိုင်အမှတ်နဲ့ လက်ဗွေကို နှိပ်ပြီး သေချာအောင် ပြန်စစ်တော့လဲ စက်လေးက တံခါးဖွင့်ပေးတယ်။ အေးဆေးပေါ့။ ရုံးကို ဝင်တာနဲ့ ကိုယ့်ကို ဘယ်အချိန်ရုံးရောက်လဲ.. ဘယ်အချိန် ရုံးပြန်လဲ ဆိုတာက အစ စက်လေးက တစ်ခါတည်း မှတ်ထားပေးတယ် ဆိုတော့ကာ... တစ်လတစ်လ ရုံးတက်ချိန်တွေ ဖြည့်ပြီး တင်ရတဲ့အခါဆို ပိုတောင်လွယ်သေး..။ ကိုယ်မမှတ်မိရင် မန်နေဂျာမမကို သွားမေးလိုက်ရုံပဲ...။

ဒီလိုနဲ့ လက်ဗွေကိစ္စက ခေါင်းထဲ ဆက်မဝင်လာပဲ အေးဆေးဖြစ်နေပြန်ကော။ အဲနေ့က ရုံးအပြန်မှာ ကိုယ့်ကိုယ်ပိုင် အမှတ်နဲ့ လက်ဗွေကိုနှိပ်ပြီး ပြန်ရတော့ စိတ်ထဲတောင် ပျော်နေမိသေး..။ ပြဿနာက နောက်ရက်မနက် ရုံးတက်တော့မှ စတော့တာပဲ..။ အဲနေ့က ဖြစ်ချင်တော့ ရုံးကို ဇွဲကောင်းကောင်းနဲ့ အစောကြီး ရောက်တယ်။ အဝင်ဝမှာ ကိုယ့် ကိုယ်ပိုင်အမှတ်ကို ရိုက်ထည့်ပြီး လက်ဗွေနှိပ်တော့ စက်က မင်းမှာ ဝင်ခွင့်မရှိဘူး။ မင်းရဲ့ ၀င်ခွင့်မှတ်ပုံတင်တာ မအောင်မြင်ဘူးပဲ တစ်ချိန်လုံး အော်နေတော့တယ်။ လက်မကို ဟိုဘက်ရွှေ့လိုက် ဒီဘက်ရွှေ့လိုက်နဲ့ အမျိုးမျိုးလုပ်ကြည့်ပေမဲ့ မအောင်မြင်ဘူး။ ငါးမိနစ်၊ ဆယ်မိနစ်လောက် ကြာတော့ လူလည်း ချွေးပြန်နေပြီ။ တံခါးစောင့်တဲ့ သူကလည်း မရှိ။ ရုံးကို တစ်ခြားလူတွေလဲ တဖွဲဖွဲ ရောက်လာကြပြီ။ သူတို့တွေ ဝင်သွားတော့ စက်က အေးအေးဆေးဆေးပဲ။ လက်ဗွေဖတ်တဲ့ မှန်ပြားလေးကို သေချာကြည့်မှ လက်ညှိုးလေးတစ်ပြားစာ သေးသေးလေးရယ်.....။ ကျွန်တော့်လက်မက အဲဒီ မျက်နှာပြင်က ဖတ်နိုင်တဲ့ အကွက်လေးထက် ပိုပြီး ကြီးနေတယ်။ မနေ့က ဘယ်နေရာကိုများ သွားတင်မိပါလိမ့်.. စဉ်းစားလို့ မမှတ်မိတော့ဘူး။ ဘာကြောင့်များ သူတပါးတွေလို လက်ညှိုးကို မှတ်ပုံမတင်မိပဲ ဒီလက်မကြီးပဲ သွားထိုးပေးမိတာပါလိမ့်.. ကိုယ့်ဘာသာပဲ အပြစ် တင်နေမိတော့တယ်။ သယ်သူကမှ လက်မ တစ်ခုထဲနဲ့ပဲ လက်ဗွေ ယူလို့ ရတယ် ပြောမထားပါပဲ...။ လက်မကို အားကြိုးမာန်တက် ဟို ဒီ ရွှေ့ပြီး နှိပ်တော့မှ နေရာမှန်သွားလို့ ထင်ပါရဲ့။ အောင်မြင်သွားတယ်။ ဝမ်းသာအားရ ဝင်ပြီးမှ အစောနက လက်မရဲ့ ဘယ်အပိုင်းက နေရာအမှန်လဲ မှတ်မထားမိတာ သတိထားမိပြီး အပြန်အတွက် စိတ်လေသွားရပြန်ပါရော..။
အဲနေ့က တစ်နေ့လုံး ဒီ လက်ဗွေကိစ္စပဲ စိတ်ထဲ ရောက်နေတော့တာ။ လူတွေ တစ်ယောက်နဲ့ တစ်ယောက် လက်ဗွေချင်း လုံးဝ မတူကြတာ မထူးဆန်းတဲ့ ကိစ္စပဲ ထားပါအုံးတော့။ ဒီလူတစ်ယောက်ထဲရဲ့ လက်ဗွေကိုမှ ခုလို စက်က ဖတ်တဲ့ နေရာ နဲနဲလွဲတာနဲ့တောင် မမှတ်မိဘူး ဆိုလေတော့ကာ..။ လက်ဗွေ ဆိုတိုင်း ပေးချင်အုံးဟဲ့ ဒီလက်မ လို့သာ ကိုယ့်ဘာသာ စိတ်တိုနေမိတော့တယ်..။
ရုံးက သူငယ်ချင်းတွေကတော့ စက်က တစ်ခါတစ်ခါ ကြောင်တတ်တယ် ပြောတယ်။ တစ်ယောက်ဆို သူ့လက်က အသားတွေ ခဏခဏ ကွာတတ်တဲ့အခါကျတော့ ရုံးထဲ ၀င်တဲ့အခါဆို သူ့လက်ဗွေကို စက်က မမှတ်မိဘူးတဲ့. အမြဲ ဒုက္ခရောက်ရတယ် ပြောတယ်။ တစ်ချို့လူတွေကျတော့ သူတို့ မှတ်ပုံတင် အတု၊ အသစ်လုပ်တဲ့အခါ လက်ဗွေပြောင်းးအောင် လက်က အသားတွေကို လှီးထုတ်ပစ်တတ်ကြတယ်တဲ့။ လက်မှာ အသားအသစ် တက်လာတဲ့အခါကျ လက်ဗွေကလဲ ပြောင်းသွားတယ် ပြောတာ ကြားဖူးရဲ့။

အရင်ကတော့ လက်ဗွေတွေဟာ လူတစ်ယောက်နဲ့တစ်ယောက်မှာ... မတူကြသလို.. ကွဲပြားကြသလို.. လူ့ စိတ်သဘောထားတွေဟာလဲ မတူနိုင်ကြတာ၊ တူမယောင်ယောင်နဲ့ ကွဲပြားနေကြတာပဲလေ ဆိုပြီး လက်ဗွေကို မှတ်ပုံတင်မှတ်ဖို့ထက် ပိုပြီး နက်နက်နဲနဲ ဆက်မတွေးဖြစ်ခဲ့ဘူး..။ ခုနောက်ပိုင်းတော့....

အော်.. လက်ဗွေ.. လက်ဗွေ.. တော်တော် အရေးကြီးတဲ့ လက်ဗွေပါလား..။ လက်မလေး တစ်ပြားစာ အကွာအဝေးကိုတောင်မှ စက်က မှတ်ထားတဲ့ နေရာကို အတော် ကြိုးစား ရှာရပါလား..။ ခက်ခဲနေခဲ့ရင်လဲ မန်နေဂျာမမကို လက်ဗွေ ပြန်မှတ်ခိုင်းမယ်။ ဒီတစ်ခါ လက်ဗွေမှတ်ရင်တော့ စက်က အပြည့်ဖတ်နိုင်တဲ့ လက်ညှိုးကိုပဲ ပေးတောမယ်လို့ စဉ်းစားထားလိုက်တယ်။ ဒါပေမဲ့ နောက်ဆုံးတော့ စက်က မှတ်ထားတဲ့ ကျွန်တော့်လက်မရဲ့ လက်ဗွေ အနေအထား နေရာမှန်ကို ရှာဖွေ တွေ့ရှိသွားတယ်။ ခုတော့လဲ ရုံး အဝင်အထွက်တိုင်း လက်မရဲ့ လက်ဗွေနေရာအမှန်ကို ရှာစရာ မလိုတော့ဘူး။ သူ့အလိုလို လက်မက နေရာမှန်ကို တင်ပေးမိလျက်သား...။


မေတ္တာဖြင့်
မိုးကုတ်သား

Sunday, August 1, 2010

တနင်္ဂနွေ


တနင်္ဂနွေသည် တနင်္ဂနွေတစ်ခုသာ ဖြစ်သည် ဆိုပါစို့။ သူက ဘာမှ မပြောင်းမလဲသယောင် ရှိနေလိမ့်မည်။ သို့သော် ပြက္ခဒိန်ပေါ်က ရက်စွဲများ၊ သက္ကရာဇ်များကတော့ ပြောင်းလဲသွားခဲ့ပြီးပြီ...။ တနင်္ဂနွေချင်း တူသော်လည်း သေချာတာ တစ်ခုကတော့ ဒီ တနင်္ဂနွေသည် ယခင်က တနင်္ဂနွေနေ့ရက်များ မဟုတ်တော့။ နောင် ရှေ့ဆက် ကြုံရမည့် တနင်္ဂနွေများနှင့်လည်း ကွဲလွဲချက်တွေ ရှိနေပါအုံးမည်။ မပြောင်းလဲတာကတော့ မသိမသာ ပြောင်းလဲခြင်းများနှင့် သိသိသာသာ ပြောင်းလဲခြင်းများ သိသိသာသာရော မသိလိုက်ဘာသာရော ရှိခဲ့ခြင်း ဖြစ်သည်။ ဆက်လက်ရှိနေလိမ့်အုံးမည်။

တနင်္ဂနွေတစ်နေ့က ကျွန်တော် သူငယ်ချင်းများနှင့် အတူ လျှောက်လည် ဖြစ်ဖူးသည်။

တနင်္ဂနွေတစ်နေ့က ကျွန်တော် ရယ်မော ပျော်ရွှင်ခဲ့ဖူးသည်။

လွန်ခဲ့သော တနင်္ဂနွေတွေ အတော်များများမှာ မြင်မြင်သမျှ ကျွန်တော် စိတ်ဝင်စားတာတွေ့လျှင် ကင်မရာတစ်လုံးနှင့် လျှောက်ရိုက်ခဲ့ဖူးသည်။

တနင်္ဂနွေတွေမှာ ကျွန်တော် စိမ်းလန်းဖူးသလို တနင်္ဂနွေတွေမှာ ကျွန်တော် တိတ်တဆိတ် သွေ့ခြောက်ခဲ့ဖူးသည်။

တနင်္ဂနွေတစ်နေ့က ကျွန်တော့်ဘ၀မှာ တစုံတရာ ကောက်ရခဲ့ဖူးပြီး တစုံတရာ ပျောက်ရှခဲ့ဖူးသည်။

တခါတခါမှာတော့ တနင်္ဂနွေက ကျွန်တော့်ကို စိတ်ကောက်ဖူးပြီး ကျွန်တော်က တနင်္ဂနွေကို စကားမပြောသော အ၀ါရောင် တနင်္ဂနွေ နေ့ရက်များလည်း ရှိသည်။

တနင်္ဂနွေတစ်နေ့က ချစ်သူ စိတ်ဆိုးပြီး ကျွန်တော့်လက်ဖျံကို သွေးထွက်အောင် ဆိတ်ဆွဲခဲ့ဖူးကြောင်း အမာရွတ်တစ်ခု သက်သေရှိခဲ့သည်။ ကေးဝဋ်ပုဏ္ဏားလို အငြိုးစိတ်၊ နာကျည်းစိတ်နှင့်တော့ တစ်ခါဖူးမျှ ထိုအမာရွတ်ကို မကြည့်ဖူးကြောင်း အမာရွတ်ကို ခပ်ဖွဖွ နမ်းရင်း တနင်္ဂနွေတိုင်း ကျွန်တော်တိုင်တည်နေမိသည်။

`အိုကေ အာဘွားတစ်သောင်းနေရာအနှံ့
ဘတ်ဒေးပရဲဆန့် ´
တနင်္ဂနွေတစ်နေ့က ချစ်သူဆီမှ ရခဲ့ဖူးသော ထို.. မွေးနေ့လက်ဆောင်.. အနမ်းများသည် တနင်္ဂနွေတစ်နေ့မှာပဲ ပြန်ရုပ်သိမ်းသွားတာ ခံခဲ့ရဖူးသည်။ မှတ်မှတ်ရရ ထိုနေ့က ကျွန်တော့် စပယ်ရုံလေး သေဆုံးသွားသော နေ့တစ်နေ့လည်း ဖြစ်သည်။

တနင်္ဂနွေတစ်နေ့၏ အလင်းစစ်စစ်များအောက်မှာ ကျွန်တော်က အိပ်မက်နေခဲ့ပြီး အလင်းတုတွေ တောက်ပနေချိန်မှ နိုးထလာခဲ့ဖူးသည်။

တနင်္ဂနွေတစ်နေ့က မိတ်ဆွေတစ်ချို့နှင့် မိတ်ဆွေတစ်ယောက်၏ မင်္ဂလာဆောင်မှာ ဆုံဖြစ်ခဲ့ကြပြီး `မင်းရော.. ဘယ်တော့ မုန့်ကျွေးမှာလဲ´ ဆိုသည့် မေးခွန်းတစ်ခုကို ကြားကြားမိချင်း စားလက်စ ရေခဲမုန့် သီးသွားခဲ့ဖူးသည်။ မိတ်ဆွေများက ကျွန်တော် အားငယ်သွားတာဟု ထင်သွားကြ၏။ ကျွန်တော်က ဆုပ်ကိုင်နွေးထွေးခဲ့ဖူးသော လက်တစ်စုံကို တမ်းတမိသွားကြောင်း သူတို့ကို မပြောပြခဲ့ပါ..။ ချစ်သူကို လွမ်းဆွတ်စေသော ထိုမင်္ဂလာပွဲများကို ကျွန်တော်... မသွားချင်သော်လည်း ရှောင်ဖို့လည်း မကြိုးစားခဲ့..။

တနင်္ဂနွေတစ်နေ့က အသက် ဆယ့်ကိုးနှစ်အရွယ် ကျွန်တော့် ဆွေမျိုးတစ်ယောက် ငယ်ငယ်လေးနှင့် ဘာရောဂါမှ မရှိပဲ ရုတ်တရက် ဆုံးပါးသွားသည့်သတင်းကြောင့် လိမ္မာရေးခြားရှိလွန်းသည့် ခလေးတစ်ယောက်ကို နှမျောစိတ်နှင့် ၀မ်းနည်းကြေကွဲခဲ့ရဖူးသည်။

နောက်ပြီး တနင်္ဂနွေတစ်နေ့မှာပဲ ရေမကူးတတ်သော ကျွန်တော် ရေဆော့ကောင်းပြီး ပင်လယ်ရေနက်ထဲ မျောပါကာ ကံသီလို့ သေတွင်းက လွတ်ခဲ့ရဖူးသည်။ သေခြင်းတရားသည် အချိန်မရွေးရောက်လာတတ်မှန်း တနင်္ဂနွေမှမဟုတ်.. နေ့တိုင်း အသိရှိနေပါက ရှင်သန်ရခြင်း၏ ဒုက္ခ၊ သုခများကို ခံနိုင်ရည် ရှိလာမည်လား။ ဘ၀တစ်ခုကို အနိုင်ပိုင်းခြင်းသည် သေခြင်းတရားသာ ဖြစ်ကြောင်း ယုံကြည်သူများထဲမှာ ကျွန်တော် မပါဝင်ခဲ့ကြောင်း ထို.. တနင်္ဂနွေတစ်နေ့က ပြောပြခဲ့ဖူးပါသည်။

တနင်္ဂနွေနေ့ရက်တစ်ချို့မှာ ကျွန်တော် အားလပ်နေခဲ့ဖူးသည်။ သို့သော် ဘယ်ဘက်နှာခေါင်းပေါက်က အသက်ရှူသလား.. ညာဘက်နှာခေါင်းပေါက်က အသက်ရှူသလား... တနင်္ဂနွေနေ့ရက်ကို ၀င်လေရှူရှိုက်ခြင်းဖြင့် စတင်မိလိုက်သလား.. ထွက်လေကို မှုတ်ထုတ်လိုက်ရင်း စတင်မိလိုက်သလား ခွဲခြမ်းစိတ်ဖြာနိုင်လောက်သည်အထိတော့ သမာဓိအား မကောင်းသေးပါ။ သို့သော် စိတ်အခန့်မသင့်မှုများ၊ ဒေါသသင့်စေမှုများကြောင့် စွန်းပေသွားသော ကျန်ခြောက်ရက်လုံးက စိတ်အညစ်အကျေးတွေကို တနင်္ဂနွေတွေမှာ ကျွန်တော် ပြန်လျှော်ဖွပ်နိုင်သည်။

တခါတရံမှာ ကျွန်တော့်ခံစားချက်များသည် ပတ်ဝန်းကျင်နှင့် တိုက်ရိုက်အချိုးကျနေခဲ့ပြီး ကျွန်တော် ကိုယ်တိုင်၏ ဖြစ်တည်မှုများ မှုန်ဝါးသွားတတ်ခဲ့ရခြင်းများမှာ ကျွန်တော်၏ အားနည်းချက် သက်သက်သာ ဖြစ်ပြီး တနင်္ဂနွေနှင့် မှမဟုတ်၊ မည်သည့်နေ့များနှင့်မှ တစ်စွန်းတစ်ပါဒမျှ မသက်ဆိုင်ကြောင်း မမေ့မလျှော့ သတိလေး ရှိနေတတ်ခဲ့ပြီ။ နောက်ကျောမှ ဓားများအကြောင်းကို တနင်္ဂနွေတွေမှာ တဖွဖွကြားနေရသော်လည်း ကျွန်တော့်ကျောပြင်မှာ ဒဏ်ရာဒဏ်ချက်ရှိလား စစ်ဆေးဖို့ တစ်ခါဖူးမျှ သတိတရ မရှိတတ်ခဲ့ပါ။ တနင်္ဂနွေကတော့ ဓားတစ်လက် မဟုတ်တာ အင်မတန် သေချာပါသည်။

သိပ်ပြီး အားလပ်နေသော တနင်္ဂနွေများတွင်တော့ တနင်္ဂနွေသာ စကားပြောတတ်ပါက သူ ကျွန်တော့်အပေါ် ဘာတွေခံစားနေ၊ တွေးနေ၊ သုံးသပ်နေမိမှာပါလိမ့် ဟု ပေါက်ပေါက်ရှာရှာ စိတ်ကူးမိတတ်သည်။

တနင်္ဂနွေတွေကြောင့် ကျွန်တော်ပျော်ရွှင်ရခြင်း၊၀မ်းနည်းရခြင်း အပေါ် သူ ဘာတွေ ပြောချင်မှာပါလိမ့်။

တနင်္ဂနွေကို လိုအပ်စွာ ချစ်ခင်မိတတ်သလို တနင်္ဂနွေကို မလိုလားစွာ ခါးသီးမိခဲ့ခြင်းတွေအပေါ် သူဘာတွေ တုံ့ပြန်ချင်မှာပါလိမ့်။

တနင်္ဂနွေကို ရိုးရိုးသားသား ဖြတ်သန်းကြသူများ၊ မရိုးမသား ဖြတ်သန်းကြသူများ၏ တနင်္ဂနွေအပေါ် အမြင်များသည် သူနှင့်လုံးဝ မသက်ဆိုင်ကြောင်း၊ ကာယကံရှင်နှင့်သာ တိုက်ရိုက်သက်ဆိုင်ကြောင်း ရှင်းလင်းချက်များ ထုတ်ပြန်နေမှာလား.... ။ ကျွန်တော်တို့၏ တနင်္ဂနွေအပေါ် အမြင်ကြည်မှု မကြည်မှုတွေကို ခပ်မဆိတ်...မတုန်မလှုပ် လက်ပိုက်ကာ ပြုံးကြည့်နေမှာလား...... ။

တနင်္ဂနွေကတော့ သူ့ကို ဘုရားသခင်က ဖန်ဆင်းခဲ့တာလား.. လူတွေကသာ သူ့ကို ပြဋ္ဌာန်းခဲ့လား သိသိကြီးနှင့် ရေငုံနှုတ်ပိတ်နေပါလိမ့်မည်။ တနင်္ဂနွေက တစ်ခုခုတော့ ကျွန်တော်တို့ကို ပြောပါလိမ့်မည်....။ တနင်္ဂနွေ၏ အရောင်များကို ကျွန်တော် ခွဲခြမ်းဖို့ စိတ်မကူးမိသလို ကျွန်တော်ကြိုက်သော အစိမ်းရောင်တွေချည်းသာလည်း တနင်္ဂနွေကို ဆေးခြယ်ဖို့ ကြိုးစားမိမည် မဟုတ်ပါ...။

ဒီတနင်္ဂနွေမှာတော့ ကျွန်တော့် မှာ ဘာလျှို့ဝှက်ချက်မျှ မရှိကြောင်း တနင်္ဂနွေက မမေးပါပဲ ဖြောင့်ချက်တွေ ပေးနေမိသည်။ ကျွန်တော် ဖုံးကွယ်လိမ်ညာထားမှုများ ရှိပါက ထိုအရာများသည် သူတပါးအတွက် အကျိုးမရှိသော အရာများ.. တချို့က အကျိုးယုတ်စေသောအရာများသာ ဖြစ်ကြောင်း တိတ်တဆိတ် တောင်းပန် ပြောနေမိသော်လည်း တနင်္ဂနွေက အရာရာကို သဘောပေါက်နားလည်သည့် မျက်လုံးများဖြင့်သာ နားထောင်နေခဲ့၏။ ကျွန်တော့်သမိုင်း၏ ကောင်းကျိုး၊ ဆိုးကျိုးမှာ ကျွန်တော့် ကိုယ်ပိုင် လုပ်ဆောင်ချက်များ၊ ခံစားချက်များ၊ တုံ့ပြန်မှုများ.. အမြင်များနှင့်သာ တိုက်ရိုက်သက်ဆိုင်ကြောင်း ဘာသာ သိနေခဲ့ပြီးပြီ။ ထို့ကြောင့် အမှားမကင်းသော ရက်စွဲများအတွက် တနင်္ဂနွေကို နောင်တစကားတော့ မဆိုမိပါ။ သူတပါးကို ပေါ်ပေါ်တင်တင်ရော၊ ခြုံခိုလျက်ကော တိုက်ခိုက်တတ်သော သူတစ်ယောက် မဟုတ်ကြောင်း၊ နောက်ပြီး တစ်ချို့သော နောက်ကျောများကို ထိုးစိုက်ချဖို့အတွက် ကိုယ့်ကိုယ်ကို တသသ သွေးနေသော ဓားတစ်လက်မဟုတ်ခြင်းအတွက်တော့ တနင်္ဂနွေကို ရဲရဲဝံ့ဝံ့ ကျွန်တော် ပြောပြနိုင်ပါသည်။

တနင်္ဂနွေက ကျွန်တော့်ကို စကားတစ်လုံးသာ ပြန်ပြောလိုက်သည်။ ထိုအခါ ကျွန်တော့်စိတ်သည် လင်းပွင့်လို့ သွား၏။ တနင်္ဂနွေက သူ ကျွန်တော့်ကို ဘာပြောခဲ့သလဲ.. ဘယ်သူ့ကိုမျှ ပြန်မပြောပြဖို့ အထပ်ထပ် မှာကာ သူ၏ နံနက်ခင်းကို မိုးစက်များဖြင့် နိုးထစေလိုက်သည်။

တနင်္ဂနွေသည် တနင်္ဂနွေတစ်ခုသာ ဖြစ်သည်။ သူက ဘာမှ မပြောင်းမလဲသယောင် ရှိနေလိမ့်မည်။ သို့သော် ပြက္ခဒိန်ပေါ်က ရက်စွဲများ၊ သက္ကရာဇ်များကတော့ ပြောင်းလဲသွားခဲ့ပြီးပြီ...။ တနင်္ဂနွေချင်း တူသော်လည်း သေချာတာ တစ်ခုကတော့ ဒီ တနင်္ဂနွေသည် ယခင်က တနင်္ဂနွေနေ့ရက်များ မဟုတ်တော့။ နောင် ရှေ့ဆက် ကြုံရမည့် တနင်္ဂနွေများနှင့်လည်း ကွဲလွဲချက်တွေ ရှိနေပါအုံးမည်။ မပြောင်းလဲတာကတော့ မသိမသာ ပြောင်းလဲခြင်းများနှင့် သိသိသာသာ ပြောင်းလဲခြင်းများ သိသိသာသာရော မသိလိုက်ဘာသာရော ရှိခဲ့ခြင်း ဖြစ်သည်။ ဆက်လက်ရှိနေလိမ့်အုံးမည်။

ဒီတနင်္ဂနွေအတွက် စခဲ့သော ထို အတွေးများကို ပြန်သတိရမိသောအခါ ကျွန်တော် မရည်ရွယ်ပဲ မေးခွန်းတစ်ခု တနင်္ဂနွေကို မေးမိသွားသည်။ ခလေးဆန်သော ထိုမေးခွန်းအတွက်လဲ အားနာကာ... ကျွန်တော့်ကိုယ် ကျွန်တော် ရှက်သွားမိသေးသည်။

`တကယ်လို့များ ဒီနေ့ကို တနင်္ဂနွေလို့ မသတ်မှတ်ပဲ တစ်ခြား တစ်ခုခု သတ်မှတ်ခဲ့ရင် တနင်္ဂနွေဆိုတာ ရှိလာမယ် ခင်ဗျား ထင်သလား´

တနင်္ဂနွေက သူဖြေဆိုရန် မလိုအပ်သော ကျွန်တော့် မေးခွန်းကို အသာအယာ ခေါက်သိမ်းထားလိုက်ပြီး ဒီတစ်နေ့အတွက် လက်ကျန် မိုးရေစက်များကို ခါချနေခဲ့သည်။ ကျွန်တော်ကလည်း ဒီတနင်္ဂနွေ သူငယ်ချင်းအိမ် သွားကာ နေ့စာစားဖို့အတွက် ရွာနေသော မိုးကို မြန်မြန်တိတ်စေချင်ကြောင်း တနင်္ဂနွေကို ပြောပြမနေတော့ပါ။


မကြီး မနော်ဟရီ ရဲ့ တနင်္ဂနွေစီးချင်း ကို ဖတ်ပြီး စာမရေးဖြစ်တာ အတော်ကြာသွားတဲ့ ကျွန်တော် ဒီ စာစုလေး အမှတ်တရ ရေးဖြစ်သွားပါတယ်။ ဒီစာစုလေး ရေးဖြစ်စေဖို့ စိတ်ကူး..စပေးခဲ့တဲ့ မကြီး နဲ့ ဇက် ကို ကျေးဇူးတင်ပါတယ်...။



မေတ္တာဖြင့်
မိုးကုတ်သား