Sunday, June 23, 2013

Forever Young

*But People don't die from being out of love*

************************

အချစ်ဆိုတာ တချို့တွေအတွက် ပျော်ရွှင်ဖွယ်ရာ ဗိမ္မာန်၊ အဖိုးတန်ရတနာ၊ မြင့်မြတ်ကြီးကျယ်ခန်းနားသော သစ္စာတို့ တည်ရာမြေ... မျှော်လင့်ခြင်း မိုးကောင်းကင်
အချစ်ဆိုတာ တချို့တွေအတွက် ရယူပိုင်ဆိုင်လိုမှုတွေ စစ်ခင်းတဲ့ပွဲ၊ အပျော်သက်သက် စိတ်ကစားတဲ့ကွင်း၊ လှည့်စားခြင်းတွေနဲ့ မျက်နှာဖုံးများ တပ်ဆင်ထားတဲ့ ပွဲတော်
အချစ်ဆိုတာ တချို့တွေအတွက် ငရဲခန်း ၊ ယုံကြည်မှုနဲ့ ဘ၀အဓိပ္ပါယ်တွေ ခမ်းခြောက်သွားတဲ့မြစ်၊ ရက်စက်ခြင်းတွေနဲ့ လောင်ကျွမ်းခြင်းခံလိုက်ရတဲ့ တောအုပ်တောင်တန်းများ
အချစ်ဆိုတာ တချို့တွေအတွက် ၊ လူမသိသူမသိ တသက်လုံး မြတ်နိုးနေရတဲ့ ပန်းစည်းလေး၊ စွန့်လွှတ်ပေးဆပ်ခြင်းတွေနဲ့ ဘာကိုမှ မနှောင်ဖွဲ့ထားသော လေပြည်၊
အချစ်ဟာ ဒီကမ္ဘာတည်သရွေ့ ကျွန်တော်တို့တွေ လက်ဆင့်ကမ်းပြောသွားရမဲ့ မဆုံးတဲ့ ပုံပြင်တစ်ပုဒ်ပေါ့

Friday, June 21, 2013

မီးခိုးရောင် ရက်စွဲများးး



မီးခိုးရောင် ရက်စွဲများးး


ဒီကနေ့ မနက်ခင်းမှာ အသက်ရှူရကျပ်ပီး လန့်နိုးလာခဲ့တယ်။
မီးခိုးနံ့တွေ မွှန်ထူနေတာ စိတ်များ စွဲနေလို့လား၊ အိပ်မက်ကနေ မနိုးသေးလို့လား။ မရေရာသေးခင်မှာ အဲကွန်းကို ပိတ် လေသန့်စင်စက်ကို ပိတ်ပီး အိပ်ပျော်သွားခဲ့မှန်း အမှတ်ရသွားတယ်။
အဲကွန်းကိုဖွင့် လေသန့်စင်စက်ကို ရေအသစ်လဲပေးဖို့ အိမ်နောက်ဖက်ကို အသွားမှာ ဧည့်ခန်း၊ မီးဖိုခန်း အကုန်လုံးဟာ မီးခိုးနံ့တွေ မွှန်ထူလို့။ သေချာပြီ။ ဒါဟာ... အိပ်ချင်မူးတူးနဲ့ စိတ်စွဲနေတဲ့ စိုးရိမ်မှုကြောင့်မဟုတ်တော့ဘူး။
ဒါနဲ့ ကမန်းကတန်း လေထုတိုင်းတာတဲ့ အခြေအနေပြဇယားကို ကြည့်လိုက်တော့ ပြန်ပီး ဇဝေဇ၀ါ ဖြစ်သွားပြန်တယ်။ တိုင်းတာမှုဟာ နံနက် ခြောက်နာရီမှာ 110 တဲ့။ အပြင်ကို တံခါးဖွင့်ပီး ကြည့်လိုက်တော့ မနေ့က 361ဆိုတဲ့ တိုင်းတာမှုထက်တောင် မီးခိုးမြူတွေက ပိုမို ထူထပ်သိပ်သည်းကာ မီးခိုးနံ့တွေက ပိုပြင်းရှလို့။
ချောင်းတွေ တဟွတ်ဟွတ် ဆိုးလာတာနဲ့ ကမန်းကတန်း ပြူတင်းတံခါးကို ပြန်ပိတ်။ ခန်းစည်းတွေကို အလုံ လိုက်ပိတ်ထားလိုက်ရတယ်။
တစ်ခုခုတော့ လွဲနေပြီ။ သေသေချာချာ လွဲနေပြီ။ ကျွန်ောတကပဲ အဖြစ်သည်းသလား၊ သူတို့ တိုင်းတာချက်ကပဲ လွဲနေသလား။
ကျွန်တော်ဟာ ရုံးတက်ဖို့အတွက် အဆင်သင့်မဖြစ်သေးဘူး။ ဒါနဲ့ ရုံးကို ဆေးခွင့်ရထားတဲ့ စာနဲ့အတူ အိမ်မှာဆက်နားနေဖို့ခွင့်တင်လိုက်တယ်။
နောက်တော့ သောက်ထားတဲ့ ဆေးရှိန် မပြယ်သေးလို့ ဆက်အိပ်ပျော်သွားတယ်။ မအိပ်ပျော်ခင်မှာ ပြန်မနိုးလာတော့ရင်ဆိုတဲ့ အတွေးကိုတောင် တခုတ်တရ ပူပန်မနေနိုင်တော့ဘူး။
ပြန်နိုးလာတော့ မနေ့က အပြေးအလွှား လုယက်ပီး ၀ယ်လာတဲ့ OSIM က ထုတ်တဲ့ uMist baby (Hydrating ultrasonic humidifier) ခပ်လွယ်လွယ် လေသန့်စက်ပဲ ဆိုပါစို့.. ရဲ့ အကူအညီကြောင့် ထင်ပါရဲ့။ အသက်ရှူရတာ မခက်ခဲတော့သလို လည်ပင်းတွေလဲ အသက်ရှူတိုင်း ရှမနေဘူး။ နှာခါင်း အတွင်းပိုင်းမှာလဲ နှပ်ချေးခြောက်နဲ့ သွေးစတွေ ပိတ်ဆို့ ခြောက်ကပ်မနေတော့ဘူး။ 
PSI ဇယားကို စစ်လိုက်တော့ သူတို့တိုင်းတာချက်ဟာ လေထုညစ်ညမ်းမှုအဆင့် လေးရာတဲ့။ မဖြစ်မနေ မျက်နှာဖုံးစွပ် ၀ယ်မှ ဖြစ်တော့မှာပဲ. အစိုးရကလဲ ဒီက ဆေးဆိုင်တွေမှာ မျက်နှာဖုံးတွေ လုံလုံလောက်လောက် ၀ယ်ယူနိုင်ပါပြီ လို့ ကြေညာထားတယ်တဲ့။ ခုချိန်ထိတော့ အပြင်ထွက်ဖို့ စိတ်က မရဲတင်းသေးဘူး။ နှာခေါင်းမှာ သွေးစတွေခဲနေတတ်တာ အသက်ရှူလမ်းကြောင်း တစ်ခုလုံး ခြောက်ကပ် ရှတနေတာ.. အပြင်ဘက်ထွက်ရင် ပိုဆိုးသွားမလား။
မျက်နှာဖုံးကြီးတပ်ပီး အပြင်မှာ လျှောက်သွားနေရင်လဲ ခောတ်မှီအောင် ပေါ်ပင် လိုက်လုပ်တယ် လှောင်ချင်သူများရဲ့ စကားတင်းကို ကြို ရှက်နေရပြန်သေးတယ်။
မဖြစ်သေးပါဘူး။ ကိုယ့်ဝမ်းနာ ကိုယ်သာသိ။ ဒီတော့ ထွက်ဝယ်မှဖြစ်မယ် ဆိုပြီး အိမ်တံခါးဖွင့်တော့ ဇဝေဇ၀ါ ပြန်ဖြစ်ပြန်ရော။ မျှော်လင့်ထားတာက မီးခို့ငွေ့တွေ ပိန်းပိတ်နေမယ်လို့လေ။ ဒါပေမဲံ အပြင်မှာ နေရောင် မြင်နေရတယ်။ တံခါးပေါက်ကနေ တိုးဝင်လာတဲ့ လေထုထဲမှာလဲ မီးခို့န့တွေက မနက်ကလောက် မွှန် မနေတော့ဘူး။ တစ်ခုခုတော့ လွဲနေပြန်ပြီ။
လွဲနေတာ ဂရုမစိုက်အားဘူး၊ အပြင်လေရှူလို့ သိပ်ဆိုးဆိုးဝါးဝါးအခြေအနေ မဟုတ်သေးချိန် အမြန်ထွက်ဝယ်ဖို့ ဆုံးဖြတ်ပီး နီးစပ်ရာ ကုန်တိုက်ဆီ ချီတက်သွားတယ်။
မျက်နှာဖုံးစွပ်တွေလုံလုံလောက်လောက် ရနိုင်ပါပြီလို့ အစိုးရက ကြေငြာထားတဲ့ ဆိုင်တစ်ဆိုင်ရှေ့ရောက်တော့ မနဲမနော လူအုပ်ကြီးကို တွေ့လိုက်ရတယ်။
ဆေးကောင်တာမှာ သွားပြီး မျက်နှာဖုံး ၀ယ်ချင်လို့ပါဆိုတော့ အဲ့ဒီ လူအုပ်ကြီးဘက် လက်ညှိုးထိုးပြပြီး သွားတန်းစီပါတဲ့။ စိတ်လေသွားတယ်။
ကိုယ်တွေလိုပဲ မျက်နှာဖုံးကို အပြေးအလွှား လာဝယ်သူတွေ မနဲမနောပဲကိုး။ ဒီလိုနဲ့ တန်းစီနေတုန်း မကြာပါဘူး။ မျက်နှာဖုံးတွေ ကုန်သွားပြီတဲ့။ ကြိုတင်မှာယူထားဖို့ ဖောင် ဖြည့်ထားခဲ့ပါတဲံ.
ဟမ်.. ကြေငြာထားတော့ လုံလုံလောက်လောက် ၀ယ်ယူနိုင်ပါပြီ ဆို ဆို ဆို........။
ဒီကနေ့တော့ အကုန် တလွဲတွေပဲ ကြုံနေရပါလား။ လူတန်းရှည်ကြီးထဲ တစ်နာရီ နီးပါး ရပ်စောင့်လိုက်ရတော့မှ... ကိုယ့်အလှည့်. ၀မ်းသာအားရ ကျနော့်အတွက်ပါမက သယ်ရင်းတွေအတွက်ပါ တခါထဲ ပိုမှာလိုက်မယ်ဆို..... လူတစ်ယောက်ဟာ တစ်ဗူးပဲ မှာလို့ ရပါတယ် ဆိုပါလား။ တခြားသူအတွက်ရော မှာပေးလို့မရဘူးလား။ သူတို့အိုင်စီ နဲ့ ဆက်သွယ်ဖို့ ဖုန်းနံပါတ်ပါ ငါပေးခဲ့မယ်လေ ဆိုတော့လဲ နိုး နိုးးး နိုးးးးးး ပါပဲ။
နောက်ဆုံးတော့ ကိုယ့် ကိုယ်တာ ရနိုင်တဲ့ တစ်ဗူးပဲ မှာခဲ့လိုက်ရပါတယ်။
မှာပီးလို့မှ မဆုံးသေးဘူး ဖုန်းထဲ စာတစ်စောင် ၀င်လာပြန်တယ်။
ထီးကြီးကြီးကို ဆောင်ထားပြီး အပြင်ထွက်ကြပါတဲ့။ အစိုးရဟာ တိမ်အတုတွေ ဖန်တီးပြီး မိုးအတုရွာချဖို့ စီစဉ်ပေးနေပါတယ်ဆိုပဲ။
အင်း.... မိုးရွာလိုက်ရင် ဒီ မီးခိုးငွေ့တွေ လွင့်ပါးသွားမှာ ပျော်စရာပေါ့။
စာကို ဆက်ဖတ်လိုက်ောတ့ ဒီမိုးအတုဟာ လူတွေရဲ့ အရေပြားကို ထိခိုက်ပျက်စီးစေတယ် တဲ့။ အောင်မလေးဗျ... မိုးရွာရင် မိုးရေချိုးမယ် ဆိုပြီး တပျော်ကြီး မိုးရေထဲ ဆင်းပြေးဆော့ဖို့ မကြိုးစားပါနဲ့။
ဒါတင်ပဲလား၊ ဟုတ်သေးဘူး။ အဲဒီ မိုး အတု ရွာစေတဲ့အခါ ဓာတုဗေဒ ပါဝင်ပစ္စည်းတွေထဲ ရေမှာ မပျော်ဝင်နိုင်တဲ့ ဓာတ်ပေါင်းတစ်ချို့ ပါရှိနေတယ်။
နှာခေါင်းထဲမှာ အကာအရံအဖြစ်ရှိနေတဲ့ အမွှေးတွေ ကြွက်သားတွေကို ဖြတ်သန်းပြီး အဲဒီ ဓာတ်တွေဟာ အဆုတ်ထဲကို ရောက်သွားနိုင်ပါတယ်တဲ့။
ရောက်သွားတော့ ဘာဖြစ်လာမလဲ။ အဲတာတေံား အဆုတ်ထဲမှာ ခိုအောင်းနေပြီး ကင်ဆာဆဲလ်တွေအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်တဲ့။
ဘုရားဘုရားး.......

*တတ်နိုင်သမျှ အပြင် မထွက်ပဲ နေဖို့၊ နောက်ပြီး N95 အမျိုးအစား မျက်နှာဖုံးအကာတွေကို ၀တ်ထားဖို့၊ တကယ်လို့များ မိုးရွာလာရင် မိုးရေတွေ မထိစေဖို့၊ မိုးငွေ့တွေကို မရှုရှိုက်မိစေဖို့....
နောက်ပြီး နောက်ပြီး......  ဘာတွေ .. ဘ.ယ် လို...... ဖြစ်လာမလဲ...။*

ခု နေသာနေတယ်။ မီးခိုးနံ့တွေဟာ အိမ်ပြန် လမ်းတလျှောက် ခပ်ပါးပါးလေးသာ ရနေတော့ အသက်ကို ပြင်းပြင်း မရှူရဲပေမဲ့ နေသာထိုင်သာ ရှိနေတယ်။
အိမ်ပြန်ရောက်တော့ အလုံ ပိတ်ထားတာ ကြာပြီဖြစ်တဲ့ အိမ်ပြူတင်းပေါက်တွေ အကုန် ဖွင့်နိုင်သမျှ ကျယ်ကျယ် ဖွင့်ပြစ်လိုက်တယ်။ တံခါးမကြီးပါ မကျန် အကုန်ဖွင့်ပြီး လေတွေကို ဖြတ်သန်းသွားလာခွင့် ပေးလိုက်တယ်။
ဝယ်လာတဲ့ ဘုရားပန်းကို လဲရင်း ဘုရားသောက်တော်ရေလဲတာ ဘာညာ လုပ်တယ်။
အိမ်ထဲကဖုန်တေါကို လှဲကျင်း သုပ်သင်တယ်။
အခန်းထဲ အလှစိုက်တဲ့ ပန်းပင်တစ်ပင် ၀ယ်လာသေးတာကို သတိရလို့ အခန်းထဲက နေရောင်၇တဲ့ နေရာမှာ ထားလိုက်တယ်။ အခန်းထဲ အလှဆင်တာထက် သူဟာ အခန်းထဲမှာ လေထုကို ဘယ်လောက်သန့်စင်ပေးနိုင်မယ် မသိပေမဲ့ အနည်းဆုံးတော့ လေထုဟာ သဘာဝကျနေမယ်လို့ ကျွန်တော့်စိတ်ကို လှည့်စားပေးနိုင်ပါတယ်။

ညနေမှာ PSI rate (လွယ်လွယ်ဆို လေထုညစ်ညမ်းမှုနှုန်းတွေ) ဟာ ပိုသိပ်သည်းလာတတ်တယ်။
ဘယ်လောက်ထိ ဆိုးရွားလာမလဲ.. ဘယ်အချိန်မှာမှ လေထုဟာ နဂိုအခြေအနေကို ပြန်ရောက်လာမလဲ.. ဘယ်သူမှ အပ်ကျမတ်ကျ မပြောနိုင်ဘူး။ ခုချိန်မှာ ကိုယ့်တနိုင်တပိုင် သန့်စင်နိုင်သမျှ လေထုကို သန့်စင်နိုင်ဖို့ပဲ ရှိတယ်။
မနက်ဖြန် မပြောနဲ့ ဒီနေ့ နေ့လည်နဲ့ ညနေခင်းတောင် အခြေအနေက ချက်ချင်း ပြောင်းလဲ သွားနိုင်သေးတာမဟုတ်လား။

အလကားရတိုင်း ရှူနေရတဲ့ လေထုဟာ ကျွန်တော်တို့အတွက် ဘယ်လောက် အရေးပါသလဲ။ နောက်ပြီး အရင်က သန့်သန့်စင်စင် ကောက်လာရတဲ့ ရေတွေဟာ ခုတော့ ရေသန့်ဆိုပြီး ၀ယ်သောက်နေရတဲ့ အဖြစ်မျိုး ဟိုး ရှေးက လူတွေ ဘယ်တုန်းကမှ တွေးခဲ့ကြမယ် မထင်ဘူး။ နောင်တစ်ချိန်မှာ လေသန့်ကို ၀ယ်ယူသုံးစွဲနေရရင် ခက်ပါပေါ့လား။

အလို.. မီးခိုးနံ့တွေဟာ တချက်တချက် ပြန်ရလာပါပေါ့။

တတ်နိုင်သမျှ အပြင်မထွက်ပါနဲ့..
မျက်နှာဖုံးအကာများ အသုံးပြုပါ
တကယ်လို့များ ရုတ်တရက် မိုးရွာချလာခဲ့မယ်ဆို မိုးရေထိ မခံပါနဲ့.. မိုးငွေ့တွေ အဆုတ်ထဲ အရောက်မခံပါနဲ့

ဘယ်အရာမှ မသန့်ရှင်း မစင်ကြယ်တော့ဘူး

ခုချန်မှာ လေထုကိုလဲ မယုံရဘူး

ရေထုကိုလဲ မယုံရဘူး

ငါ့ကိုလဲ မယုံရဘူး

မင်း ကိုလဲ မယုံရဘူး

သတင်းတွေလဲ မယုံရတော့ဘူးးး

အားလုံး သတိရှိကြပါ

ဘေးကင်းကြပါစေ။   ။


မေတ္တာဖြင့်

မိုးကုတ်သား