Saturday, January 30, 2010

မြစ်ကမ်း၊ တံတား၊ ထိုင်ခုံလေးနှင့် အထီးကျန် လူတစ်ယောက်


မနေ့ကမှ ချစ်သူတွေ ဖြစ်သွားကြတဲ့ စုံတွဲ အသစ်စက်စက် သူငယ်ချင်းနှစ်ယောက်နဲ့ ရထား အတူတူ စီးပြီး ပြန်လာမိတာကပဲ မှားလေသလား။ သူငယ်ချင်းစုံတွဲနှစ်ဦး.... ချစ်ကြည်နူးနေတာ မြင်နေရတုန်းကတော့ ကြည်နူးပီတိ ဖြစ်နေခဲ့တာ အသေအချာပါ။ ကိုယ့်အိမ် သူ့အိမ် ပြန်ဖို့လမ်းခွဲတဲ့အခါ တစ်ယောက်တည်း ဖြစ်သွားတော့မှ ဗြုန်းခနဲ အထီးကျန်တဲ့ စိတ်တွေက နိုးထလာခဲ့သည်။

“ ဟားးး....”

သက်ပြင်းမောကို ဖွဖွ တစ်ချက် မှုတ်ထုတ်ပစ်လိုက်ရင်း.... “မထူးဆန်းပါဘူး” လို့ ကိုယ့်ကိုယ်ကို နှစ်သိမ့်သော်လည်း ဒါဟာ ကိုယ့်ကိုယ်ကို လှည့်စားခြင်း ဆိုတာ ဘာသာ သိနေပြန်သည်။ ကိုယ့် စိတ်ကို ကိုယ် ဘယ်လိုပဲ အားတင်းထားပေမဲ့ ဒီလမ်းကို ဖြတ်လျှောက်တိုင်း ပိုလို့ လွမ်း... လွမ်းနေမိနေခဲ့တာ....။ အရင်ကလိုနင့်နင့်နဲနဲ မျက်ရည်ဝဲမတတ် မနာကျင်တတ်တော့သော်လည်း တစ်ခါတစ်လေမှာတော့ လွမ်းဆွတ်နေတတ်ပါသည်။
အထူးသဖြင့် အခုလို ညမျိုးတွေမှာပေါ့........။

ချစ်သူနဲ့အတူ ကြည်နူးစွာလျှောက်ခဲ့ဖူးသော လမ်းကလေးသည် ခုတော့ သိပ်ကို ခြောက်သွေ့ အထီးကျန်ဆန်လွန်းလှသည်။ တစ်ချိန်တစ်ခါက ချိုမြိန်ယစ်မူးခဲ့ဖူးသော သူမ၏ ချစ်ခြင်းတွေက မာယာတွေတဲ့လား...။ ခုချိန်ထိ ကျွန်တော် မယုံကြည်နိုင်ခဲ့သေး...။ ဘေးမှာ အတူရှိမနေနိုင်တော့သော သူမကို လွမ်းဆွတ်တမ်းတစွာဖြင့် ဒီလမ်းကလေးပေါ်မှာ သစ်ရွက်လေးတစ်ရွက်လို လွင့်မျောစိတ်တွေနှင့် တစ်ယောက်ထဲ ဖြတ်သန်းလာရသော ညတွေက ကြာရှည်နေခဲ့ပြီ။

တီတီတာတာ ပြောခဲ့သော စကားများ၊ ကျွန်တော့ရင်တစ်ခွင်လုံးကို သိမ်မွေ့သော ငလျင်တစ်ခု ဖန်ဆင်းပေးနိုင်သော အပြုံးများ..၊ ချိုချိုလွင်လွင် ရယ်သံများ.......၊ အရာရာအားလုံးသည် မိုးသားကောင်းကင်ထက်က တိမ်တိုက်များလို လွင့်မျောပျောက်ကွယ်လို့ သွားခဲ့ကြပြီ။
သူမထံမှ ယုယကြင်နာမှုများ၊ မြတ်နိုးမှုများ.. နောက်ပြီး အချစ်တွေ.... “ရူးမတတ် ချစ်ရပါတယ်” ဆိုလေခဲ့သော သူမ၏ အချစ်တွေလေ.... ဒါတွေကို သူမရင်ထဲမှာ ကျွန်တော် ပြန်လည်ရှာဖွေလို့ ဘယ်တော့မှ မရနိုင်တော့ဘူး..။ သေချာတယ်...။ သူမရင်ထဲမှာ ကျွန်တော် ဆိုတာ ရှိမနေတော့ဘူးးးး...။

ကျွန်တော် မြတ်နိုးစွာ... မက်မောခဲ့သော သူမ၏ အနမ်းများကို သတိရမိတော့ လူက လမ်းလျှောက်လို့မရအောင် ဒူးတွေ ခွေညွှတ်ကျချင်လာသည်။

သူမနှင့် အတူ ဖြတ်သန်းနေကျ တံတားလေးတစ်ခုကို လှမ်းမြင်နေရပြီ..။ အဲ့ဒီ တံတားလေးကို မဖြတ်ခင် မြစ်ကမ်း နံဘေးက ခုံတန်းလေးပေါ်မှာ အိမ်ပြန်ချင်စိတ် မပေါ်မချင်း ကျွန်တော်တို့နှစ်ယောက် အမြဲထိုင်ခဲ့ကြဖူးသည်။ ထိုခုံတန်းလေးရှိရာသို့ ကျွန်တော့်ကိုယ် ကျွန်တော် ဇွတ်အတင်း ဆွဲခေါ်သွားရင်း ခုံလေးနားရောက်တော့ လူက အရုပ်ကျိုးပြတ်....။
မြစ်ပြင်ကို ဖြတ်တိုက်လာသော လေနုအေးကလည်း အရင်လို ကျွန်တော့်စိတ်တွေကို လန်းဆန်းနိုင်ဖို့ မစွမ်းနိုင်တော့...။
ဒီခုံကလေးပေါ်မှာပေါ့.. သူမနဲ့ ကျွန်တော်တို့ရဲ့ ညချမ်းတွေကို အေးအေးလူလူ၊ နောက်ပြီး ပျော်ပျော်ရွှင်ရွှင် အတူထိုင်ပြီး စကားတွေ ဖောင်ဖွဲ့ခဲ့ကြတာ။
ဒီခုံကလေးပေါ်မှာပေါ့။ ကျွန်တော့်ပခုံးပေါ် ခေါင်းမှီနေတတ်တဲ့....၊ ကျွန်တော့် ပေါင်ပေါ် ခေါင်းတင်ရင်း မှေးစက်နေခဲ့ဖူးတဲ့...... သူမရဲ့ နဖူး၊ သူမရဲ့ပါးပြင် တွေကို ကျွန်တော် မြတ်မြတ်နိုးနိုး.. ညင်သာဖွဖွ နမ်းရှိုက်ခဲ့ဖူးတာ။ တခါတရံမှာ နှုတ်ခမ်းလေးတွေဆီ အနမ်းတွေ နယ်ကျွံမိရင်တော့ “ကိုကိုနော်၊ လူမြင်ကွင်းမှာ သိပ်ကဲမနေနဲ့” ဟု သူမက စိတ်ဆိုးတတ်သေးသည်...။ ထိုအခါတိုင်း ကျွန်တော်က သူမ၏ ဆံပင်လေးတွေကို ဆွဲဖွကာ “ကိုယ့်ချစ်သူ ကိုယ်နမ်းတာပဲကွာ၊ နောက်ပြီး ဒီအချိန်ကြီး ဘယ်သူမှ ဒီနားလာ လမ်းမလျှောက်ဘူး” လို့ ဆင်ခြေပေးလျှင်တော့ ကျွန်တော့်ကို အမြဲ အရည်ဖျော်ချတတ်သော မျက်စောင်းလှလှကို စူတူတူနှုတ်ခမ်းနှင့် အတူ သူမက ပေးလေသည်။

“အသည်းယားအောင် မလုပ်နဲ့”

အဲဒီလို ကျွန်တော်က အံကြိတ်ကာ ပြောလျှင်တော့ သူမက မျက်နှာကို လက်ဖဝါးနှစ်ဘက်နှင့် အုပ်ကာ သဘောကျစွာ ရယ်တတ်ပါသည်။

သူမ၏ ရယ်သံလွင်လွင်ကိုပါ ဖြတ်ခနဲ ပြန်ကြားမိတော့မှ မှိတ်ထားသော မျက်လုံးအစုံကို ကပျာကယာ ဖွင့်ကြည့်မိတော့ အနီးအနားမှာ ဘယ်သူမျှ မရှိ..။

ကျွန်တော်တစ်ယောက်တည်းသာ...။

“ ဟားးး....”

ခေါင်းကို နောက်သို့ လှန်ချပစ်လိုက်ရင်း သူမထံပါး စီးမျောသွားသော စိတ်တွေကို ကသောကမျော လိုက်သိမ်းဖို့ ကျွန်တော် ကြိုးစားမိသည်။

လွမ်းတယ် ကောင်မလေး... ရယ်.......။ အရာရာ ယုံကြည်ထားမိခဲ့သမျှ နှလုံးသားတွေ တဖဲ့ဖဲ့ကြွေအောင် တမင်လုပ်ရက်ခဲ့လေသလား...။ ခုတော့ တစ်ယောက်တည်း အထီးကျန် ဝေဒနာကို ကြိတ်မှိတ် ခံစားရင်း အလွမ်းတွေသာ ကိုယ့်အဖော် ဖြစ်နေခဲ့ပေါ့။

နှလုံးသား ဒဏ်ရာကို အစားထိုးတစ်ခုနဲ့ရော ဖြေသိမ့်နိုင်မတဲ့လား.....။
နားထောင်ဖြစ်တဲ့ သီချင်းတွေတိုင်းမှာ သူမက ပါနေသည်။ ဖတ်နေမိတဲ့ ကဗျာတွေ၊ စာတွေထဲမှာလဲ သူမကို တွေ့နေရပြန်သည်။ စာတွေရေးဖြစ်ရင်လဲ သူမ အကြောင်းတွေပဲ။ အလုပ် လုပ်နေလဲ သူမပုံရိပ်တွေက တဝဲလည်လည်..။ စားလဲ ဒီစိတ်၊ သွားလဲ ဒီစိတ်... ဒီလိုနဲ့ လူလဲ တစ်ဖြည်းဖြည်း လုံးပါးပါးတော့မယ် ထင်ရဲ့။
စိတ်တွေက ထိန်းချုပ်လေ.. ပိုတင်းကျပ်လာလေ........။

နာကျည်းပစ်လိုက်စမ်း...၊ မေ့ပစ်လိုက်စမ်း... ဘယ်လိုပဲ စိတ်အားတင်းတင်း... တစ်ချိန်က သူမရဲ့ ချစ်ခြင်းတွေကိုသာ တမ်းတလွမ်းမောလို့..။ သူမရဲ့ ပုံရိပ်တွေထဲမှာ ကျွန်တော့် အသိအာရုံတွေ အတုံးအရုံး ကျဆုံးလို့...။ ကျွန်တော့်စိတ်ဝိဥာဉ်ဟာလဲ ကြွေကျသွားတဲ့ သစ်ရွက်တစ်ရွက်လို သူမရှိရာ အတိတ်တွေထဲသာ လွင့်မျောနေတော့တယ်။ ဒီလမ်းလေးထဲကို ဖြတ်သန်းလာရတိုင်း........၊ ဒီခုံတန်းလေးမှာ ထိုင်နေမိတိုင်း.... အရင်လို နှစ်ကိုယ်တူ ချစ်ခဲ့တဲ့ စိတ်တွေကို ပြန်ပြန်လွမ်းကာ ဖြေ မပြေသာနိုင်ခဲ့....။

“ ဟားးး....”

နှလုံးသား တစ်ခုလုံး မောဟိုက်ပင်ပန်းလွန်းလှတယ်။ စိုစွတ်စ ပြုလာတဲ့ ဒီမျက်ဝန်းတွေကိုသာ ကျွန်တော် တူးတူးခါးခါး နာကျည်းနေပေမဲ့ တိတ်တဆိတ် စွန့်ခွာသွားခဲ့သော သူမကိုတော့ ကျွန်တော် မနာကျည်းနိုင်ပါ။

ခုတော့ အလွမ်းတွေမစဲ.. တစ်ယောက်တည်း... တစ်ကယ်ကို တစ်ယောက်တည်း.......

“အရင်လို ချစ်တဲ့စိတ်တွေကို လွမ်းတယ်........”


_______________________________________________


ဝန်ခံချက်။ ။ “ဇော်ဝင်းထွဋ်” ရဲ့ “အထီးကျန်” ဆိုတဲ့ သီချင်းလေးကို ခံစား ရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။ MP3 ကို ဒီမှာ 01 A Htee Kyan.mp3 သွားနားထောင်လို့ ရသလို အောက်မှာလဲ ဖွင့်ပြီး နားဆင်လို့ ရပါတယ်ခင်ဗျာ။


Get this widget | Track details | eSnips Social DNA



မေတ္တာဖြင့်
မိုးကုတ်သား

Thursday, January 28, 2010

မမဝါ မေးတဲ့ နောင်လာမယ့် ၅ နှစ်

နောင်လာမယ့် ၅ နှစ်မှာ....

၁။ ဘာအလုပ်လုပ်ဖို့ ရည်ရွယ်ထားပါသလဲ......

မမ၀ါက မေးလာပါတယ်။

ကျွန်တော်က အင်မတန်မှ အလုပ် လုပ်ဖို့ ပျင်းသူတစ်ယောက် ဖြစ်လေတော့ ငယ်ကတည်းက ကျွန်တော် သိပ်လုပ်ချင်တဲ့ အလုပ်ဆိုတာ ရှားရှားပါးပါး တစ်ခု၊နှစ်ခုလောက်ပဲ ရှိခဲ့ပါတယ်။ အဲတာကတော့ ခြံစိုက်ခြင်းပါ။ ပထမကတော့ ကော်ဖီကြိုက်တတ်တဲ့ ကျွန်တော် ကော်ဖီခြံလေး တစ်ခြံ ပိုင်ဖို့ အင်မတန် ဆန္ဒရှိပါတယ်။ ဒုတိယကတော့ လ္ဘက်ခြံပါ။ ကျွန်တော်တို့ မိုးကုတ်မြို့လေးမှာ လ္ဘက် စိုက်ပျိုးခြင်းဟာလည်း အရေးပါတဲ့ စီးပွားရေး ဈေးကွက်တစ်ခု ဖြစ်ပါတယ်။ လ္ဘက် ခူးချိန် နဲ့ ကျောင်းပိတ်ရက် ကြုံတိုင်း သူငယ်ချင်းတွေ စုပြီး လ္ဘက်ခြံ တစ်ခြံခြံမှာ လ္ဘက် လိုက်ခူးကြ၊ ရိုးရာ ပေါင်းဖိုကြီးတွေနဲ့ ပေါင်းတန်ပေါင်း၊ စိုတန်စို၊ ခြောက်တန်ခြောက်...... လ္ဘက်ခြံထဲမှာ သိပ်ကို ပျော်ခဲ့ရဖူးပါတယ်။ နောက်ပြီးတော့ ကျွန်တော့် ခြံလေးထဲမှာ ရာသီစာ သီးပင်၊ စားပင်လေးတွေနဲ့ ဥယျာဉ်လေးတစ်ခု (တစ်ချိန်မှာများ နိုင်ငံခြားခရီးသွားလာရေး လုပ်ငန်းတွေ မြန်မာပြည်မှာ စည်ပင်တိုးတက်လာတဲ့အခါကျ... ) ကျွန်တော်တို့ မိုးကုတ်မြို့ကလေးရဲ့ သဘာဝ ရှုခင်းအလှတွေကို လာရောက် ခံစားကြတဲ့အခါ ကျွန်တော့် ဥယျာဉ်ခြံလေးဟာ ရိုးရာလဲမပျက်၊ ခောတ်နဲ့လဲ ညီတဲ့ Tourist Attraction နေရာလေး တစ်ခု ဖြစ်အောင် ကြိုးစား ဖန်တီးချင်ပါတယ်။

နောက်ပြီး ခြံထွက်သီးနှံတွေနဲ့ အတူ သဘာဝ အသီးဖျော်ရည် အအေးစုံနဲ့ ခြံထွက် ကော်ဖီမှုန့် လက်ရွေးစင်ကို သီးသန့် သုံးထားတဲ့ ကော်ဖီဆိုင်လေး တစ်ဆိုင်ကိုလည်း တွဲဖက် ဖွင့်ထားချင်ပါသေးတယ်။ အဲဒီ ဆိုင်ကလေးဟာ ငြိမ်းချမ်းအေးဆေးတဲ့ ပတ်ဝန်းကျင်နဲ့ ခြံ ရှုခင်းအလှကို ခံစားရင်း ကော်ဖီတစ်ခွက်၊ အအေးတစ်ခွက်ကို စိတ်ကြည်နူးကျေနပ်စွာ အပန်းဖြေ အနားယူနိုင်တဲ့ နေရာလေး တစ်ခု ဖြစ်စေရမှာပေါ့။

နောက်တစ်ခုကတော့ ကျွန်တော် မြတ်နိုးလွန်း၊ ၀ါသနာ ပါလွန်းလို့ ဆည်းပူး လေ့လာခဲ့တဲ့ ဗိသုကာပညာရပ်ပါ။ ဗိသုကာ ပညာရပ်ကို လိုက်စားလေ၊ ပိုပြီး တန်ဖိုးထားမိလေပါပဲ။ အင်မတန်မှ နက်နဲ ကျယ်ဝန်းသလို စိတ်လဲ အင်မတန် ကြည်စင် ငြိမ်းချမ်းစေတဲ့ အလုပ်တစ်ခုပါ။ ကိုယ်ရည်မှန်းထားတဲ့ ဘ၀လေး တစ်ခုကို အစပျိုးမိပြီ ဆိုတာနဲ့ ဗိသုကာပညာရပ်နဲ့ ဖန်တီးထားတဲ့ လူနေအိမ်ပုံစံလေးတွေကို အေးအေးဆေးဆေး စိတ်ကူးယဉ် ပုံဖော်ပြီး ဆောက်ပေးချင်ပါတယ်။ ကမ္ဘာကျော် ဗိသုကာပညာရှင် ဖြစ်ဖို့ အစတည်းက မမျှော်မှန်းခဲ့ပေမဲ့ ကိုယ် ဒီဇိုင်းဖန်တီးပေးထားတဲ့ အဆောက်အဦးကို အသုံးချတဲ့သူတွေ အားလုံး အဆင်ပြေပျော်ရွှင်နေကြရင် ကျေနပ်ပါပြီ။


၂။ မိမိရဲ့စိတ်ကူးထဲက အိမ်ထောင်ဖက် (သို့)စိတ်ကူးထဲက အိမ်ထောင်ရေး .....


ဒီမေးခွန်းကတော့ အသက်သုံးဆယ်ကျော် လူပျိုသိုးကြီးအတွက် ဖြေရ အတော်ခက်တဲ့ မေးခွန်းပါ။

ငယ်ငယ်ကတော့

၁။ စိတ်ထားဖြူစင် ရိုးသားရမယ် (ထွေလီကာလီ၊ မူယာမာယာတွေ မရှိတဲ့ စိတ်ရှင်းရှင်း မိန်းခလေးမျိုးပေါ့)
၂။ ဗုဒ္ဒဘာသာကို ကိုင်းရှိုင်းရိုသေသူ ဖြစ်ရမယ် (တရားသိရုံနဲ့ မရ၊ တရားရှိသူလဲ ဖြစ်ရမယ်)
၃။ ဆံပင်ရှည်ရမယ် (ဆံပင်ရှည်ကို မပေမရှုပ်၊ မနံစော်အောင်ထိန်းသိမ်းနိုင်သူလဲ ဖြစ်ရမယ်)
၎။ အရပ်မြင့်ရမယ် (ကျွန်တော့်နားရွက်ထိ မှီတဲ့အရပ်လောက်ဆို ရပြီ)
၅။ အသားဖြူရမယ် (ငယ်ကတည်းက အသားမဲတဲ့သူများဆို အနားကို အကပ်မခံတာ.. ငယ်ကျင့်မပျောက်တာ ခက်တယ်.. :-P )
၆။အချောအလှထိပ်ခေါင် ဖြစ်စရာမလိုပေမဲ့ ချောတော့ ချောရမယ် (မချောရင် ကျွန်တော်နဲ့ တွဲသွားတဲ့အခါ ကျွန်တော်ချည်းပဲ ထင်ရှားနေမှာပေါ့ :-P )

နောက် အချက်အချက်တွေ အများကြီး ကျန်သေးတယ်.. မမှတ်မိတော့ပါဘူးး။ (မှတ်မိလို့ ဆက်ရေးရင်လဲ အဆဲခံရတော့မယ်။ အခု အချက် ခြောက်ချက်နဲ့တင် အမြင်ကတ်ခံနေရလောက်ပီ...။)
အဲဒီလို စိတ်ကူး ယဉ်ခဲ့ဖူးပါတယ်။

စိတ်ကူးတွေဟာ အသက်အရွယ်အလိုက်ပဲ ပြောင်းလဲသွားသလားး။

ဒီခု အချိန်မှာတော့ အဲဒီ စံတွေ ဘာမှ မရှိတော့ပဲ ကျွန်တော့် နှလုံးသားက ဘာသာဗေဒနဲ့ သူ့နှလုံးသားက ဘာသာဗေဒ သဘောတူညီမျှဖို့နဲ့ တစ်ဦးကိုတစ်ဦး နားလည်နိုင်ကြဖို့ပဲ စိတ်ထဲ ကျန်ပါတော့တယ်။

ငယ်ငယ်ကတော့အချစ်မှာ အချစ်တစ်ခုတည်းရှိနေရုံနဲ့ ခိုင်မြဲပြီ လို့ ယုံကြည်ခဲ့ဖူးပေမဲ့ အချစ်ရဲ့ နောက်ဆက်တွဲ ကိစ္စတွေက အတော်လေး ရှုပ်ထွေးပါလား ဆိုတဲ့ အတွေးတစ်ခုက (အဲလိုတွေးမိတာ ကျွန်တော် ညံ့လို့ပဲ နေမှာပါ) ၀င်နေပေမဲ့ အချစ်စစ်ကိုတော့ တန်ဖိုးထားတတ်ဆဲပါ။

ခုလောလောဆယ်မှာတော့ ချစ်သူနဲ့ အိမ်ထောင်ဘက်ကို တစ်ယောက်တည်းပဲ ဖြစ်စေချင်ဆဲ။ (ဒါပေသည့် ကုသိုလ်ကြမ္မာ မမှီပါခဲ့ ပေါ့ဗျာ) ။ နောင်လာမည့် ငါးနှစ်ထိ ဒီ မိုးကုတ်သားဟာ ဘ၀ပင်လယ်ကြီး ဘယ်သောင်ဘယ်ကမ်းမှာ ဆိုက်ကပ် ရပ်နားမလဲ.... ကိုယ်တိုင်တောင်...... မသိနိုင်သေးတဲ့အတွက်.....


မမဝါ တို့လို အောင်မြင်တဲ့ အိမ်ထောင်ရေးတွေကို အားကျနေရုံကလွဲပြီး............


ကဲ.. မမဝါရေ....
ဒီလောက်နဲ့ပဲ ကျေနပ်ပါ လို့......


မေတ္တာဖြင့်
မိုးကုတ်သား

Monday, January 25, 2010

ညီမလေး လိမ္မော်ချစ်သူ ရဲ့ ကဗျာလေးတွေ




မျောပါခြင်း

မနက်.....
နိုးလာတယ်
အိပ်ရေးတော့မဝဘူး
သွားတယ်...လာတယ်
လူတွေ လူတွေ
တိုးတိုး ကြိတ်ကြိတ်ပါပဲ
စက်ရုံထဲဝင်ဖို့ တန်းစီနေသလိုမျိုးပေါ့။

နေ့လည်....
စားပါတယ်
ဆန္ဒတော့ သိပ်မပါဘူး
ကိုယ့်အကြိုက် ကိုယ့်စရိုက်မဟုတ်ပေမယ့်
လူတွေ လူတွေ
တိုးတိုး ကြိတ်ကြိတ်ပါပဲ
ဒီအချိန်မှာပဲ အပြီးစားရမှာကိုး။

ညနေ......
ပြန်ဖို့ဟန်ပြင်တယ်
ပျော်ပျော်ရွှင်ရွှင်ပေါ့
ကိုယ့်အိမ်လို မနွေးထွေးပေမယ့်
ဒါဟာလက်ရှိ ကိုယ့်အိမ်မို့
ဒီကိုပဲ ပြန်ရဦးမယ်
လူတွေ လူတွေ
တိုးတိုး ကြိတ်ကြိတ်ပါပဲ
အသိုက်အမြုံဆီ ပြန်နေကြပါပေါ့။

သြော်.....ဒီလိုနဲ့ပဲ
ရက်တွေလပြောင်း
လတွေနှစ်ပြောင်းလို့
ရာသီဘယ်နှစ်ခု ပြောင်းခဲ့ပြီလဲ
ငါ့မှာတော့ အသားမကျနိုင်ခဲ့။

ဟိုစဉ် အတိတ်ဘဝ
ပြန်ကာ ရလေမလားရယ်လို့
မျှော်လဲ မျှော်မိပါရဲ့။
လက်တစ်ဆုပ်စာ
ကျွန်းပိစိလေးမှာ
စက်ရုပ် တစ်ရုပ်ပမာ
ဒါဟာ ငါပဲပေါ့။

အများသူငှာလဲ
ဒီလို ပါပဲရယ်လို့
ရသေ့စိတ်ဖြေ
ငါ.....ကြိတ်မှိတ်နေရတယ်။

ကိုယ့်ဘဝကိုယ်ကျောင်း
ကိုယ့်လမ်းကိုယ်ဖောက်လို့
ကိုယ့်အိပ်မက်ကိုယ်မက်လို့
ဆန္ဒစိတ်ကူး
အရူးအမူးဖြစ်ခဲ့လဲ
တစ်ခါတစ်ရံမှာ ဒဏ်ရာရ
ငါ.......မှားခဲ့လေပြီလားကွယ်.....။ ။

လိမ္မော်ချစ်သူ



ရီမောခြင်း
အလွမ်း အဆွေးတွေနဲ့
ငါ့နှလုံးသားက
တစ်ဖြည်းဖြည်း ပါးပါးလာတယ်။ ။
မျှော်လင့်ခြင်း အလင်းရောင်နဲ့
အရုဏ်ဦး မနက်ခင်းတွေလဲ
တစ်ဖြည်းဖြည်း မှေးမှိန်။ ။
နေဝင်ရီ တစ်ရော
ညနေခင်း အလင်းတွေလဲ
အိပ်မက်လှလှတွေ မဖန်ဆင်းနိုင်ခဲ့။ ။
အပြောလွယ်သလောက်
လုပ်ရခက်တဲ့
"နားလည်ခြင်း" ဆိုတဲ့
ဝေါဟာရ တစ်ခုဟာ
ငါ့နှလုံးသားကို ဝါးမြို
ငါ့သွေးသားထဲ စိမ့်ဝင်လို့
လှပစွာ......ငါ.....ပြုံးတတ်ခဲ့ပြီလေ။ ။

လိမ္မော်ချစ်သူ


ဝေး

စွယ်တော်တစ်ခက်နဲ့
အလွမ်းမပျက်ခဲ့တဲ့
ပန်းတစ်ပွင့်.......ငါ
နွေဦးတေးသီတဲ့
ဥသြလေးတွေက
လှောင်ပြောင် နေကြပြီလား? ။

စွယ်တော်တစ်ခက်နဲ့
ဘဝင်မှာ မက်စေတဲ့
ငါ့လမင်းလေး.....မင်း
ပူပူဆွေးဆွေး
အတွေးအေးအေးနဲ့
အနေဝေးဝေး ဖြစ်ခဲ့ကြပြီလေ။

စွယ်တော်တစ်ခက်နဲ့
ဘဝ အဆက်ဆက်
မခွဲတစ်သက်လို့
တူတူဟစ်ကြွေး
ချစ်တေးတွေသီခဲ့လည်း......
ကံကြမ္မာရယ်
မ , ဖန်လာတော့
ငါတို့တွေ........ဝေးဝေး.....ဝေးခဲ့ပြီပေါ့ကွယ်။ ။

လိမ္မော်ချစ်သူ




ကျွန်တော့် ညီမလေး လိမ္မော်ချစ်သူ အတွက် သူရေးထားတဲ့ ကဗျာလေးတွေ အမှတ်တရ တင်လိုက်ပါတယ်။ အသစ် တင်စရာမရှိတော့ ဆားချက်ခြင်း တစ်မျိုးပေါ့.....။ :-P

(“ဓာတ်ပုံ” လေးတွေက အင်တာနက်က ရှာပီး သိမ်းထားတာတွေပါ။ လင့်ခ်တွေ မှတ်ဖို့ မေ့သွားတဲ့အတွက် ခရက်ဒစ် မပေးနိုင်တော့ပါဘူး။)
မေတ္တာဖြင့်
မိုးကုတ်သား

Friday, January 22, 2010

မြတ်နိုးခြင်း သစ်ပင်







အခန်းလေးက လိုအပ်တာထက် ပိုမို မှောင်လဲ့နေလေသလား။ ကျွန်တော့် အာရုံတွေကပဲေ၀၀ါးနေလေသလား။ မသေချာပါ။ အချိန်က ညနေ နေ၀င်ရီတရောလား၊ မှောင်စပြုနေပြီလား။ ဟင့်အင်း.. ကျွန်တော် မမှတ်မိချင်တော့ဘူး။ ခုချိန်မှာ ကျွန်တော် ရှာဖွေနေတာက ဒီအခန်းလေးထဲမှာ ကျွန်တော်နှင့်အတူ အမြဲ ရှိနေခဲ့သော သစ်ပင်လေးသာ ဖြစ်သည်။

ထိုသစ်ပင်လေးကို ဒီအခန်းထဲ ပြောင်းရွှေ့လာကာစကရင်း ကျွန်တော် စိုက်ပျိုးထားခဲ့သည်။ မနက်ခင်း အလုပ်မသွားခင်မှာ ကျွန်တော်က “ကောင်းသော နံနက်ခင်းပါ” လို့ ထိုသစ်ပင်လေးကို အမြဲ နှုတ်ဆက်တတ်သည်။ ညနေ အခန်းထဲသို့ ကျွန်တော် ပြန်ရောက်လျှင်လည်း ထိုသစ်ပင်လေး၏ အရွက်တွေ ၀ါကျင်နေသလား၊ ရေလိုသလား..။ အမြဲ ဂရုစိုက် ကြည့်တတ်ပါသည်။
တစ်နေ့တစ်ခြား ရှင်သန်လှပလာသော ထို သစ်ပင်လေးကို အမြတ်တနိုး စောင့်ကြည့် ကြည်နူးရသည့် အရသာကို ကျွန်တော် စာဖွဲ့ မပြတတ်ပါ။ ခိုင်းနှိုင်းစရာတွေ အပုံအပင်ရှိသော်လည်း ကြည်နူးရိပ်ကိုမျှ မှီအောင် မညွှန်းနိုင်မှန်း ကျွန်တော် ဆိုပါက “ သစ်ပင်လေးတစ်ပင် စိုက်တာများကွာ၊ ဘာများ ကြီးကျယ်တာ ကျလို့ ” ဟု လှောင်ကြပါလိမ့်မည်။

သို့သော် ကိုယ်တွယ်တာ ချစ်ခင်သော၊ သံယောဇဉ်ငြိတွယ်သော၊ မြတ်နိုးတန်ဖိုးထားစွာ စောင့်ရှောက်နေသော သစ်ပင်လေးတစ်ပင် ကျန်းမာသန်စွမ်းစွာ ရှင်သန်လှပနေတာ မြင်ရတိုင်း စိတ်ချမ်းသာမှုတစ်ခုကို ကျွန်တော် ရသည်။ တစ်ယောက်တည်း အထီးကျန်မှုတွေလည်း သက်သာရာ ရကြောင်း ၀န်ခံပါသည်။

ကျွန်တော်၏ တစ်ကိုယ်ရည် သွေ့ခြောက်မှုများကို ထိုသစ်ပင်လေး၏ စိမ်းစိုမှုတို့က ဖြေဖျောက်ပေးခဲ့သည်။ ကျွန်တော်၏ စိတ်ဖိစီးမှုများ၊ ပင်ပန်းမှုများကို ထိုသစ်ပင်လေး၏ နူးညံ့သော ရနံ့တစ်မျိုးက လန်းဆတ်ငြိမ်သက်စေခဲ့သည်။ ကျွန်တော် အထီးကျန်လာတိုင်း ထိုသစ်ပင်လေးက ကျွန်တော် ရင်ဖွင့်သမျှ နားထောင်ပေးခဲ့သလို သူ၏ သစ်ရွက်လေးတွေကို ရေဆေးသန့်စင်ပေးရင်း ယုယစွာ ကျွန်တော် နမ်းမွှေးလိုက်တိုင်းလဲ မငြင်းဆန်တတ်ခဲ့ပါ။ ရုံးပိတ်ရက်တွေမှာ (တစ်ခါတစ်ရံ) သူလိုအပ်မည်ထင်သည့် အလင်းကို ထိတွေ့ခွင့် ပေးထားရင်း၊ နေရောင်အောက်မှာ ကြည်မြသော အရွက်စိမ်းလေးများ တောက်ပနေတာ ထိုင်ကြည့်နေရင်းလဲ ကျွန်တော်က စိတ်ကြည်နူးတတ်ပြန်သေးသည်။ နူးညံ့လှပသလောက် ထိခိုက်ပွန်းရှလွယ်သော ထိုသစ်ပင်ကလေးကို တန်ဖိုးထားလွန်းစွာ အရိပ်တကြည့်ကြည့် စောင့်ရှောက်နေရခြင်းကပင် ကျွန်တော့်အတွက် အနုပညာတစ်ခု ဖြစ်နေခဲ့လေသည်လား...။

ထိုသစ်ပင်ကလေးနှင့် ကျွန်တော်၏ ငြိတွယ်မှု သံယောဇဉ် မည်မျှ ခိုင်မြဲနေသည်လည်း သေသေချာချာ သိရချိန်မှာတော့ အရာရာသည် နောက်ကျသွားခဲ့ပြီ။ ဆယ်ရက်တာမျှ ကြာသော ခရီးတစ်ခုကို ကျွန်တော် ထွက်သွားတော့ သစ်ပင်လေးကို စောင့်ရှောက်ဖို့ အတူနေ သူငယ်ချင်းတွေဆီ ကျွန်တော် အပ်မထားခဲ့မိ။ သူ့အတွက် ဆယ်ရက်စာ လိုအပ်မည့် ရေပမာဏကို သစ်ပင်လေး၏ အမြစ်တွေ ရေ မြှုပ်သည် အထိ လောင်းထားပေးခဲ့သည်။

ခရီးကနေ ပြန်ရောက်လာတော့ အခန်းထဲ ၀င်ဝင်ချင်း ကျွန်တော် ပြေးကြည့်မိသည်က ထို သစ်ပင်လေးဆီသို့။ ၀ါကျင်စ ပြုနေသော အရွက်တစ်ချို့ကို တယုတယ ကျွန်တော် ချွေချပေးရင်း သစ်ပင်လေး၏ ရွက်သစ်လေးတွေ အရင်လို စိမ်းမြ စိုလက်မနေတော့တာ သတိထားမိသည်။ သို့သော် ကျွန်တော် ပြန်ပြီး ဂရုစိုက်လျှင် အရင်လို စိမ်းစိုလန်းဆန်းလာမည်ဟုသာ ထင်ခဲ့မိလေသည်။

ခရီးကနေ ပြန်ရောက်ကတည်းက အပင်လေးကို ကျွန်တော် တသသ စောင့်ကြည့် ယုယခဲ့သည်။ နေရောင်ကို သေချာပြသည်။ ရေထည့်ပေးထားခဲ့တာ များသွားသောကြောင့် ဆွေးရိသွားသော အမြစ်တွေနှင့်ရိုးတံတစ်ချို့ကို သေချာဖယ်ထုတ်လိုက်သည်။ သို့သော် သစ်ပင်လေး၏ သစ်ရွက်တွေက တစ်နေ့ထက်တစ်နေ့ ၀ါလို့သာ လာတော့သည်။ သူ၏ ပင်စည်သည်လည်း အရင်လို မကြံ့ခိုင်တော့။ လုံးဝ ခြောက်သွေ့သွားသော ရွက်ဝါတစ်ချို့ကို ဖယ်ရှားတိုင်း ပင်စည်လေး မထိခိုက်မိစေရန် ကျွန်တော် အတော်လေး ဂရုစိုက်ကာ ခြွေရလေသည်။

တစ်နေ့ထက်တစ်နေ့ ခြောက်သွေ့လာသော သစ်ပင်လေးကို ထိုင်ကြည့်ရင်း၊ ရွက်နုစိမ်းတွေ စည်ဝေမလာနိုင်တော့တာမှန်း သိရက်နှင့် အရွက်သစ်လေးတွေ ထွက်လာမလား မျှော်လင့်ရင်း ၊တစ်နေ့တစ်ခြား ၀မ်းနည်းစိတ်တွေကသာ ပို တိုးလို့ လာ၏။ ၀ါကျင်ညှိုးခြောက်သွားသော သစ်ရွက်လေးတွေကို ဖဲ့ချွေရတိုင်း ကျွန်တော့်ရင်မှာ နာကျင်လွန်းလှသည်။ သစ်ပင်လေး ပြန် မရှင်သန်လာတော့ဘူးလား။ ကျွန်တော် သူ့ကို ဘယ်လိုမှ မကယ်တင်နိုင်တော့ဘူးလား။ တစ်နေ့တစ်ခြား ခြောက်သွေ့သေဆုံးသွားတော့မယ့် ထိုသစ်ပင်လေးကို ကျွန်တော် ဘယ်လိုစိတ်နဲ့ ကြည့်နေနိုင်ရမှာပါလိမ့်။

“ ဖြစ်ချိန်တန်ဖြစ်၊ ပျက်ချိန်တန်ပျက် ” လို့ ဘယ်လိုပင် တရားချချ၊ နှလုံးသားထဲက တစ်ဆစ်ဆစ် ကိုက်ခဲနေသော ဝေဒနာကို ဘယ်လိုမှ ဖြေသာမရနိုင်တော့။

“ ရေတွေ အများကြီး မလောင်းထားခဲ့ရင် သစ်ပင်လေး ခုလို သေရမှာမဟုတ်ဘူး ”

“ သူငယ်ချင်းတစ်ယောက်ဆီမှာ အပ်ထားခဲ့မိရင် သူ ရှင်သန်ခွင့်ရချင်ရနေအုံးမှာ ”

နောင်တတွေ တပွေ့တပိုက်နှင့် ကျွန်တော့်ကိုယ် ကျွန်တော် ခွင့်မလွှတ်နိုင် ဖြစ်ရသော်လည်း သစ်ပင်လေးကတော့ ပြန်လည် စိမ်းစိုလန်းဆန်း မလာတော့ပါ။ သူ သွေ့ခြောက်သေဆုံးသွားရခြင်းသည် ကျွန်တော့် အပြစ် လုံးလုံးလျားလျားသာ ဖြစ်၏။ ထိုအသိက ကျွန်တော့်ရင်ကို အစိတ်စိတ်အမွှာမွှာ ကွဲကြေစေခဲ့ပြီ။ အရာရာသည် တစ်က ပြန်စလို့မရတော့။ အားလုံးပြီးခဲ့ပြီ။ ကျွန်တော် ပြုစုစောင့်ရှောက်ချင်သော၊ မြတ်နိုးတွယ်တာသော၊ နောက်ပြီး ချစ်သော ထိုသစ်ပင်လေး တဖြည်းဖြည်း သေဆုံးသွားတာကို ဘာမှမတတ်နိုင်ပဲ ထိုင်ကြည့်နေရသော အဖြစ်လောက် ကြေကွဲစရာကောင်းတာမျိုး ကျွန်တော် တစ်ခါမျှ မခံစားဖူးခဲ့မှန်း သစ်ပင်လေး သိနိုင်မည်မဟုတ်ပါ။ ဆယ်ရက်တာမျှ သူ့ကို ဂရုမစိုက်ပဲ ပျောက်သွားခဲ့လေသော ကျွန်တော့်ကိုများ.. သူ.. နာကျည်းနေလေမည်လား..။ သူ ကျွန်တော့်ကို နေ့စဉ် မျှော်လင့်စောင့်စား နေခဲ့လေမလား။ ဒါမှမဟုတ်.... သူ့ရေသောက်မြစ်တွေ မွန်းကျပ်သေဆုံးစေသည်ထိ ရေဖြည့်ခဲ့မိသော ကျွန်တော့်ကို... မုန်းတီးသွားလေပြီလား။ သူ ဘယ်လောက်တောင် ဒုက္ခအတိ ရောက်ခဲ့ရပါလိမ့်။ အတွေးတွေနှင့် ခါးသီးစွာ ပူလောင်ရင်း သစ်ပင်လေး၏ နောက်ဆုံး သစ်ရွက် ကြွေသည်ထိ၊ သူ့ပင်စည်လေး အားအင်ကုန်ဆုံးလဲပြိုကျသည်ထိ ကျွန်တော် မျက်ရည်စက်လက်နှင့် စောင့်ကြည့်နေနိုင်ပါ့မည်လား။ သို့သော်... သစ်ပင်လေး ကျွန်တော့် မြင်ကွင်းမှ လုံးဝ ပျောက်ကွယ်သွားချိန်ထိ သူ..... ပြန်ရှင်သန်လာလေမလား ... မျှော်လင့်နေချင်ပါသေးသည်။

အခန်းလေးက လိုအပ်တာထက် ပိုမို မှောင်လဲ့နေလေသလား။ ကျွန်တော့ အာရုံတွေကပဲေ၀၀ါးနေလေသလား။ မသေချာပါ။ အချိန်က ညနေ နေ၀င်ရီတရောလား၊ မှောင်စပြုနေပြီလား။ ဟင့်အင်း.. ကျွန်တော် မမှတ်မိချင်တော့ဘူး။ ခုချိန်မှာ ကျွန်တော် ရှာဖွေနေတာက ဒီအခန်းလေးထဲမှာ ကျွန်တော်နှင့်အတူ အမြဲ ရှိနေခဲ့သော သစ်ပင်လေးသာ ဖြစ်သည်။
တစ်ခါတစ်ခါ မြတ်နိုးခြင်းသံယောဇဉ်များသည် အိပ်မက်များထဲတွင်ပင် ထာဝရ မတည်မြဲနိုင်သည်ကို အိမ်မက်ထဲမှာရော၊ တကယ့်ဘဝမှာပါ ကျွန်တော်က မေ့လျော့နေတတ်ပါသည်။ အိပ်မက်ထဲမှာသာ ပြန်ရှာတွေ့နိုင်တော့မည့် သစ်ပင်လေးအတွက်... ကျွန်တော့် အလွမ်းတို့ကတော့.. ထာဝရ..... နောင်တတို့ဖြင့်သာ.......။ ။



မေတ္တာဖြင့်
မိုးကုတ်သား


Wednesday, January 13, 2010

ဘဲငန်းတစ်ကောင်ရဲ့ စိတ်

ဆောင်းဦး ရာသီတွေမှာ တောင်ဘက်ကို ဦးတည်ပြီး ပျံသန်းနေတဲ့ ကျွန်တော်တို့အုပ်စုကို တွေ့ရင် သတိထား ကြည့်မိကြ၊ တွေးမိကြလား မသိဘူး။ ကျွန်တော်တို့က 'V' ပုံသဏ္ဌာန် ပျံသန်း နေကြတာလေ၊ ကျွန်တော်တို့ ဘာလို့ အဲ့ဒီလို ပျံသန်း နေကြတာလဲ။ သိပ္ပံနည်းကျ ပြောမယ် ဆိုရင်တော့ ငှက် တစ်ကောင် ချင်းစီက တောင်ပံခတ်လိုက်တိုင်း သူ့ အနောက်က လိုက်ပါလာတဲ့ ငှက်တွေကို အလွယ်တကူ ပျံသန်းနိုင်မဲ့ အားအဟုန်တွေ ဖြစ်စေတယ်။ အဲ့ဒီလို V ပုံသဏ္ဌာန် ပျံသန်းတဲ့အခါမှာ ငှက်တစ်အုပ်လုံးရဲ့ ပျံသန်းမှု နှုံးဟာ ငှက်တစ်ကောင် ချင်းစီ ပျံသန်း တာထက် ၇၁ ရာခိုင်နှုံး ပိုပြီး ခရီး ရောက်စေတယ်။
အသင်းအဖွဲ့စိတ် အပြည့်နဲ့ အတူတကွ ခရီးသွားကြမယ်၊ တစ်ယောက်အပေါ် တစ်ယောက် ယုံကြည်မှု အပြည့်နဲ့ ကူညီ စောင့်ရှောက်ကြမယ်ဆိုရင် လိုရာပန်းတိုင်ကို မြန်မြန် ရောက်နိုင် တယ်ဆိုတာ ကျွန်တော်တို့ သိတယ်။ ကျွန်တော်တို့ ထဲက တစ်ကောင်ကောင်က ဖွဲ့စည်းမှု ပုံသဏ္ဌာန် (formation) ထဲကနေ အပြင် ရောက်သွားပြီဆိုရင် ပျံသန်းရာမှာ ခက်ခဲ လေးလံမှု၊ နှေးကွေးမှုတွေကို ချက်ချင်း ခံစားရတတ်တဲ့ အတွက် ငှက်အုပ်ထဲကို အမြန် ပြန်ဝင် ပေါင်းစည်းပြီး ရှေ့က ခေါင်းဆောင်ငှက် ဆီက ရတဲ့ မြှင့်တင်ခြင်း စွမ်းအား (lifting power) အထောက်အပံ့ကို ရယူ အားပြုပြီး ပျံသန်းကြတယ်။ ကျွန်တော်တို့က စုစည်းညီညွတ်စိတ် ရှိကြမယ်ဆို သွားရာ၊ ဦးတည်ရာချင်း တူတဲ့ သူတွေနဲ့ အတူသွားရင် ပိုမြန်လိမ့်မယ် ဆိုတာ နားလည်ကြတယ်။
ထိပ်ဆုံးကနေ ဦးဆောင် ပျံသန်းနေတဲ့ ဘဲငန်းက မောလာပြီဆိုရင် အုပ်စုရဲ့ နောက်တောင်ပံ ဘက်ဆီ ဆုတ်သွားပီး တခြား ငှက်တစ်ကောင်က အဲ့ဒီနေရာကို အစားထိုး နေရာယူပြီး ပျံသန်းကြတယ်။ တာဝန်ကို အလှည့်ကျ ယူကြပါတယ်။ ဒါဟာ စဉ်းစား ချင့်ချိန်မှုတွေနဲ့ ၀ီရိယအထူးစိုက်ထုတ်ပြီး စိတ်ရောကိုယ်ပါ ပါဝင် လှုပ်ရှားကြတဲ့ ကျွန်တော်တို့ တစ်တွေရဲ့အသင်းအဖွဲ့ စုစည်းမှုပဲပေါ့။
ကျွန်တော်တို့တစ်တွေဟာ ရှေ့က ဦးဆောင် ပျံသန်းနေတဲ့ ငှက်ကို ခွန်အား အပြည့်နဲ့ ပျံသန်းနိုင်ဖို့ နောက်ကနေ ဟစ်အော် အားပေးကြတယ်။ သင်တို့ ရော အနောက်ကနေ ဟစ်အော် ကြတဲ့အခါ ဘာတွေများ အားပေးစကား အဖြစ် ပြောကြ ဖူးပါသလဲ။
V ပုံသဏ္ဌာန် ပျံသန်းခြင်းရဲ့ နောက်ထပ် အကျိုးကျေးဇူးက ကျွန်တော်တို့ တစ်တွေ အားလုံး တစ်ကောင်နဲ့ တစ်ကောင် မြင်နေနိုင် တယ်လေ။ ဒီတော့ အုပ်စုထဲက တစ်ကောင်ကောင် အနောက်မှာ ပြတ်ကျန်ခဲ့တာ၊ အကူအညီ လိုအပ်တာရှိရင် အလွယ်တကူ သတိထားမိ နိုင်တာပေါ့။
နောက်ဆုံးနဲ့ အရေးအကြီးဆုံး အချက်က ကျွန်တော်တို့ အုပ်စုထဲက တစ်ကောင်ကောင်ဟာ နာမကျန်းလို့၊ ပင်ပန်းလို့ပဲ ဖြစ်ဖြစ်၊ သေနတ်နဲ့်ပစ်ခံရလို့ ဒဏ်ရာရ သွားတာပဲ ဖြစ်ဖြစ်၊ ဖွဲ့စည်းမှု ပုံသဏ္ဌာန်ထဲက အပြင်ကို ရောက်သွားတဲ့အခါ တစ်ခြား ဘဲငန်းနှစ်ကောင်က အုပ်စုထဲက ခွဲထွက်ပီး အဲ့ဒီငှက်ကို အကူအညီပေး ကာကွယ်ကြတယ်။ သူတို့က အဲ့ဒီဘဲငန်း ခွန်အားပြည့်လို့ ပျံသန်းလာနိုင်တဲ့အထိ၊ ဒါမှမဟုတ် သေဆုံးသွားတဲ့အထိ အတူတူ ရှိပေးကြတယ်။ နောက်မှ သူတို့ဖာသာ ဆက်လက် ပျံသန်းပြီး၊ ဒါမှမဟုတ် တခြား ငှက်အုပ်တွေနဲ့ ပေါင်းစည်းပြီး သူတို့ အုပ်စုဟောင်း ရှိရာကို မှီအောင် လိုက်ပါ ပျံသန်း သွားကြတယ်။
ဒါဟာ teamwork လို့ခေါ်တဲ့ အသင်းအဖွဲ့ ပေါင်းစည်းလုပ်ရှားမှုနဲ့ ကျွန်တော်တို့ရဲ့ ခရီးရှည်ကြီးကို အမြန်ဆုံး၊ အထိရောက်ဆုံး အောင်အောင်မြင်မြင် လှမ်းနိုင်ခဲ့တဲ့ လျှို့ဝှက်ချက်ပဲပေါ့။

"Coming together is a beginning.
Keeping together is progress.
Working together is success. "
~ Henry Ford

"Teamwork divides the task and multiplies the success. "
~ Unknown


"Talent wins games, but teamwork and intelligence wins championships. "
~ Michael Jordan

A SENSE OF A GOOSE ကို ခံစား ရေးဖွဲ့ပါသည်။
မိုးကုတ်သား

Saturday, January 9, 2010

သုခရိပ်မြုံ HIV ကူးစက်ခံမိဘမဲ့ကလေးများဂေဟာ (၃)



သုခရိပ်မြုံ HIV ကူစက်ခံမိဘမဲ့ကလေးငယ်များ ဂေဟာအတွက်
၂၀၀၉ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့ကနေစပြီး အလှူခံပေးနေခဲ့တာ
ခုဆို စာရင်းပိတ်မယ်လို့ပြောထားတဲ့ ၂၀၁၀ခုနှစ် ဇန်န၀ါရီ ၁၀ ရက်နေ့နားနီးလာခဲ့ပါပြီ။
လှူဒါန်းထားကြတဲ့ လက်ဝယ်ငွေရရှိပြီးထားတဲ့ အလှူရှင်တွေရဲ့ စာရင်းကို မုဒိတာပွားနိုင်ဖို့ ထပ်မံဖေါ်ပြပေးလိုက်ပါတယ်။
စုစုပေါင်း သိန်း(၄၀)ပတ်ဝန်းကျင်ရရှိပြီးဖြစ်ပါတယ်။
သိန်း(၅၀)လောက်ရအောင်လှူချင်ပါသေးတယ်။
စာရင်းမပိတ်ခင်လှူချင်ကြသူများရှိဦးမလားပေါ့ ၊
မလှူလိုက်ရမရှိလေအောင် နိဗ္ဗာန်ဆော်ထပ်လုပ်လိုက်ပါတယ်။
အခုဆို အမေရိကား၊ စင်ကာပူ၊မလေးရှားနဲ့ထိုင်းနိုင်ငံတွေက
အလှူရှင်တွေစုပေါင်းထားတာဖြစ်ပါတယ်။
ကိုရီးယားနိုင်ငံကတော့ သုခရိပ်မြုံကို
တိုက်ရိုက်ဆက်သွယ်လှူဒါန်းလိုက်တယ်လို့ အကြောင်းကြားထားပါတယ်။

အားလုံးကိုကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောနေရတာများနေပြီဖြစ်ပေမယ့်
ကျေးဇူးတင်တဲ့ အကြောင်းထပ်ပြောပါရစေဦး။

အခုလို စိတ်ပါလက်ပါ မေးမြန်းကြ ဆက်သွယ်လှူဒါန်းကြ မေးလ်တွေဖေါ်ဝပ်လုပ်ပြီး အလှူငွေကောက်ခံပေးကြသူ နိုင်ငံအရပ်ရပ်က ညီအကိုမောင်နှမ မိတ်ဆွေ သူငယ်ချင်းအားလုံး ကို
အိန္ဒြာက သုခရိပ်မြုံကိုယ်စား ရောဂါကူးစက်ခံ မိဘမဲ့ကလေးလေးတွေကိုယ်စား
ကျေးဇူးအထူးတင်ရှိပါကြောင်း
စိတ်၏ကိုယ်၏ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။

ဒီနေ့အထိလက်ဝယ်ငွေသားရရှိထားပြီးတဲ့ စာရင်းလေးကိုဖေါ်ပြပေးလိုက်ပါတယ်။
1) ကိုမင်းသုခ- S$ 100
2) မ မနော်ဟရီ-- S$ 100
3) မိုးကုတ်သား- S$ 50
4) ဖိုးစိန် - S$100
5) ကိုဝင်းဇော်လှိုင် + အိန္ဒြာ - S$100
6) Mr. Neo+ Ms. Lucy - S$ 200
7) မနန်းဧကရီ - S$100
8) မေသူ - S$50
9) မေဇင် - S$20
10) ကိုဇော်မျိုးအောင် - S$50
11) ကိုဇင်မင်းသူ+မခိုင်ခိုင်ဇာ - S$50
12) ငွေအိမ်စံ - S$150
13) မမီး(မိုးသောက်ကြယ်) - S$50
14) လိမ္မော်+ချစ်သူ - S$30
15) နန်းသန္တာ - S$25
16) အဆိပ်ခွက် - S$20
17) နွေးနေခြည် - S$20
18) မြတ်ဖုန်းမို - S$50
19) Zephyr - S$100
20) ယဉ်ယဉ်ထွန်း -S$30
21) Khant Khant Chein - S$50
22) မယ်လိုဒီမောင် - S$ 50
23) ကိုသုခ+မမေကဆုန် - S$20
24) MHZ+KZPK - S$30
25) သက်နိုင် - S$10
26) ကိုသောင်းစံ+မပိုးရည်မွန် - S$30
27) ကိုမင်းမင်း+မအေးလေး- S$30
28) ဟန်သီဆု - S$50
29) ကိုဇာနည်+ယုယု S$ 100
30) သိရိထွန်း - S$ 100
31) ကိုရန်နိုင်+ မနေခြည်ပွင့် - S$ 15
32) ဖန်နေ၀န်း - S$ 30
33) အိုင်လွယ်ပန်+အမရာ US$ 30
34) နီနီနိုင် S$ 100
35) မို့မို့ရှိန် S$ 30
36) ဒေါက်တာ ဥာဏ်+မ၀ါဝါခိုင်မင်း မိသားစု (ဂျပန်) -S$ 70
37) Major SawMyat Min(Retired)+Daw Khin Lin Min Family - S$50
38) ယုယုထက် - S$50
39) ကိုလင်းသန့် + မထက်ရီ - S$50
40) ပိုင်သူချစ် - S$50
41) အေးယုမွန် - S$50
42) မြတ်သန္တာအောင် - S$50
43) ကိုဗညာသိန်း - S$50
44) အေမွန်အောင် - S$50
45) ကိုပိုင်စိုးအောင်+မ၀င်းကြည်တင် - S$50
46) ခိုင်ဇာမွန် - S$70
47) ဇော်မျိုးမင်း - S$25
48) တိုးတိုးထိုက်လင်း - S$50
49) ကိုနောင်နောင်လတ်+လဲ့မိုးသွင် - S$50
50) ကိုမင်းရဲဖုန်း+မနိုင်နိုင်ထွန်း - S$10
51) မသင်းသက်အေး S$10
52) မနီလာထက်ထက်အောင် S$10
53) မမိုးမိုးထိုက်လင်း S$10
54) ကိုဖြိုးမောင်မောင်ဝင်း S$10
55) မခိုင်စန္ဒာလှမြင့် S$10
56) ကိုဝင်းနိုင်+မခင်မာချို မိသားစု S$50
57) ဥမ္မာကျော် S$20
58) ပွင့်လေးညို S$15
59) ကိုဥာဏ်ဝင်း+မနန္ဒာထွန်း S$ 50
60) နှင်းနွယ်ရွှေ S$1ဝ
61) သန္တာလှိုင် S$1ဝ
62) ကိုလှဝင်းအောင် + မယဉ်ယဉ်မြင့်
63) စိမ်းစိမ်းမိုး S$5ဝ
64) ကိုနှင်းမြိုင်+ မသီတာဝင်း S$50
65) ရီနိုမာန် S$3ဝ
66) မိုးခါး S$3ဝ
67) ဆောင်းချမ်းမိုး S$2ဝ
68) ဦးခင် S$50
69) မဥမ္မာထွန်း S$50
70) ကိုမင်းမင်းဦး S$50
71) နန်းအေးမြတ်မွန် S$30
72) ကိုမောင်မောင်ညွန့်S$20
73) နှစ်နှစ်-S$25
74) ရေတမာ S$20
75) ဦးပေါ S$50
76) ကိုသစ်ကောင်းအိမ် US$100
77) ကိုဆောင်းယွန်းလ US$50
78) ခရေတွန် US$500
79) မယ်ကိုး S$90
80) မြစ်ကျိုးအင်း S$100
81) အဖြူရောင်နတ်သမီး S$100
82) ကိုဝဏ္ဏ၀င်း+မမေဇော်ဦး S$50
83) ကိုတင့်လွင် နှင့် ဇနီး S$30
84) ပန်ဒိုရာ S$50
85) ကိုနိုင်ဝင်း (ခ) ကိုဝင်းငယ် US$50
86) ကိုသန်းစိုးနှင့်မဒါလီသိန်း US$50
87) ကိုသိန်းအောင်ကျော် (ခ) ကိုရဲ US$50
88) မသိင်္ဂီ (ခ) မမီးငယ် US$30
89) Karen Bendaer US$20
90) ကိုအောင်ဌေး US$40
91) ကိုဇော်ဝင်း US$50
92) ထွန်းနောင်မြင့် + သဲဆုမွန် S$100
93) ထိုက်သင်ဇာဝင်း S$50
94) သမီးလေးဇွန်သဲဆု S$50
95) မမေဇင်ဦးလွင် S$120
96) ညိုမီညွန့် S$20
97) Julian S$100
98) စင်ကာပူ ဘလော်ကာမောင်နှမများ S$70
99) ဦးဇော်မင်း+ဒေါ်မြင့်မြင့်ခိုင် S$50





စုစုပေါင်း အလှူရှင် (၁၀၀) ဦးထံက အမေရိကန်ဒေါ်လာ (၁၁၆၀) စင်ကာပူဒေါ်လာ(၄၂၁၅)တိတိ ရရှိထားပြီးဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
သိန်း(၅၀)ရရင်စာရင်းပိတ်မှာဖြစ်ပါတယ်း)
လှူဒါန်းတဲ့သတင်းကိုလည်းမေးလ်မှာရောဘလော့မှာပါအသေးစိပ်သတင်းရေးပြီး အလှူရှင်များအတွက်ကျေးဇူးတင်မှတ်တမ်းကိုလည်း ပေးပို့ပေးမှာဖြစ်ပါတယ်။



အားလုံးကို လေးစားခင်မင်စွာ

အိန္ဒြာ ( 065 91796542)eaindra.mm@gmail.com
(ကူးယူဖော်ပြသူ : မိုးကုတ်သား)

Tuesday, January 5, 2010

"အရပ်"


ကျွန်တော် စာမရေးဖြစ်တာ၊ ဘလော့လေးကို ပြစ်ထားတာ ကြာခဲ့ပြီ။ ခရီးထွက်လိုက်၊ ပြန်ရောက်တော့လဲ လည်လိုက်၊ပတ်လိုက်.... ဒီလိုနဲ့ ရုံးပိတ်ရက်တွေ ကုန်လို့ ဒီနေ့ ရုံးတက်မှပဲ ကိုယ့် ဘလော့လေး ကိုယ် သေချာ ၀င်နိုင်တော့တယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ မနေ့ညနေခင်းမှာ အကို MTK က ကဗျာလေး တစ်ပုဒ်ရေးထားတာ ရှိတယ် ပြောတာနဲ့ 2010ရဲ့ ပထမဦးဆုံး ပို့စ်လေးကို အကို MTK ရဲ့ ကဗျာလေးနဲ့ စဖွင့်ခွင့် ရခဲ့ပါတယ်။ ( “ကကြိုးမဲ့ အိပ်မက်” ဆိုတဲ့ ၀တ္ထုတိုလေး တစ်ပုဒ်ကို ဖတ်ဖူးသူ မိတ်ဆွေတိုင်း အကို MTK ကို မှတ်မိနေကြမှာပါ။ ) ကိုယ့်အရပ်၊ အမေ့အိမ်ကို လွမ်းနေသူတိုင်းအတွက် ကိုယ်စား ဒီကဗျာလေးကို ဘလော့မှာ တင်ခွင့်ပေးတဲ့ အကို MTK ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။


"အရပ်"

သံသရာ အပိုင်းအစတွေထဲက
ဘဝကို ခိုးယူပေါင်းသင်းလာခဲ့တာ
ကံနာဝဋ်နာ အထုပ်အပိုးက
အကြိမ်ကြိမ် လက်ပူးလက်ကျပ်ကိုမိခဲ့တော့

အယူခံမရပဲ နယ်နှင်ဒဏ်အဖြစ်
ဒီကျွန်းသေးသေးလေးမှာ
မျှော်လင့်ချက်တွေ ပြန်ပေးဆွဲထားရင်း
ဘယ်သူမှလာမရွေးသေးသရွေ့
အလင်းထဲမှာ အလင်းငတ်နေခဲ့တာ

အိပ်တန်းပြန်ဝင်ရအောင်လဲ
အမှောင်ထဲက အမေ့အိမ်က လပြည့်ညတောင်
တိမ်ဖုံးနေတတ်တော့
ပြောရရင်..
သွေးဆုံးနေတဲ့ ကောင်းကင်အောက်မှာ
ဥာဏ်ရည်နိမ့်ကလေးတွေ တသားပြီးတသားကျ
သမိုင်းတွေ တစ်စစပြိုကျနေတာ...

ဘယ်လိုမှ မျှားယူလို့မရတဲ့
တွင်းအောင်းငါးတစ်ကောင်က
အဇာတသတ်လက်နဲ့ ကပ်ခဲ့တဲ့ဆွမ်းလို
အပ်ရာပရပွနဲ့ ကုထုံးလက်လွန်နေတဲ့အရပ်
ရေတံခွန်ဘေးမှာ လက်ယက်တွင်းတူးနေတဲ့အရပ်
ပုံပြောကောင်းတဲ့ ဘကြီးအောင်တွေ ဗေဒင်ဟောတဲ့အရပ်
မတ်တပ်ကြီးသေနေတဲ့ ဓာတ်တိုင်တွေနဲ့အရပ်
ကဲ ထပ်ပြီးဖြတ်ပြောမယ်
အမ္ဗပါလိ ကြောင့် ဝေသာလီပြည်စည်ကားတာကိုအတုယူတဲ့
အရပ်
သာတဝတီ ကြောင့်ရာဇဂြိုဟ်ပြည် စည်ကားတာကို အတုယူတဲ့အရပ်
ဘဝတွေ ဘွန်ဆိုင်းလုပ်ခံနေရတဲ့ အရပ်

ဒီစာသားတွေက သော့ခတ်ထားတာ
နောက်တစ်ခေါက်ပြန်မဖတ်နဲ့
ခင်ဗျားနားမလည်ရင် ဘေးမှာအသာရပ်နေ
ကျုပ်က ဦးဏှောက်ကင်ဆာဖြစ်နေတဲ့ အရပ်မှာ
ခြေဖဝါးတစ်စုံချဖို့ လက်ကအကုသိုလ်တွေ မ..မ.. ထားရတာ
ကိုယ့်ချွေးနဲ့ကိုယ်ရေတိမ်နစ်နေတာ
ဆယ်လမွန်ငါးတစ်ကောင်လို!!
ဆယ်လမွန်ငါးတစ်ကောင်လို!!
ဘာဖြစ်ဖြစ် အမေ့အိမ်တော့ တမှာပဲ...။ ။

MTK(04.01.10)



နှစ်သစ်မှာ ကောင်းခြင်းမင်္ဂလာ အဖြာဖြာနဲ့ ပြည့်စုံကြပါစေ....။ ။

မေတ္တာဖြင့်
မိုးကုတ်သား