Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Tuesday, February 5, 2013

အညတြ (၃)

အညတြ (၃)


တကယ်တော့ ကိုယ်ဟာ အကောင်းဆုံးတွေကိုပဲ ပေးဆပ်ချင်ခဲ့တဲ့ကောင်ရယ်ပါ။
    
မှောင်မဲစုတ်ပြတ်နေတဲ့ ဘဝထဲ အလင်းလေးတစ်ခုမျှ ကိုယ် မပေးနိုင်မှတော့ 
မင်းဆီက အလင်းရောင်လည်း ကိုယ် မမျှော်လင့်ပါဘူး။
လရောင်ကို ချစ်ပေမဲ့ ကိုယ်က နေလိုကျင့်ချင်သူပဲလေ။
ဒီလိုနဲ့  အလင်းမဖြစ်လာတဲ့ အပူတွေနဲ့သာ
                                 
ငါ့ကိုယ်ငါ လောင်မြိုက်    
မှောင်မိုက်လိုက်ပါရစေတော့ ချစ်သူ . . .။



မေတ္တာဖြင့်
မိုးကုတ်သား

Thursday, August 11, 2011

ONS vs LLR



ONS vs LLR



မိုးတိမ်တွေထဲ

အချစ်က အရောင်ပြောင်းခဲ့..။


အပျော်တမ်းတစ်ကြိမ် သူရွာချလိုက်တာ.....

ငါ့မှာ တစ်ဘ၀လုံးစာ စွတ်စိုခဲ့ရ..


ခုတော့ ငါ့ညာလက်ဖ၀ါးဟာ ငါ့ညာလက်ဖမိုးကို

ထိတွေ့နမ်းရှိုက်ခွင့်မရှိသလိုမျိုးပေါ့...

တို့တွေ... အနီးကပ်ဆုံး ဝေးကွာခဲ့ရပြီ..။


ငါ့ရဲ့ အဖိုးတန်ပန်းကလေးရေ..

ငါမြတ်နိုးတဲ့ ပန်းပွင့်ကလေးရေ........

မိုးတိမ်တွေနဲ့ ဆော့ကစားဖို့အတွက်

မင်းကိုယ်မင်း ခြွေချပစ်လိုက်တာ....

ငါ... ရင်နာလွန်းလှချည့်...။


မင်းရင်ထဲက မီးလင်းဖိုလေး ငါ့ကို

ဘာကြောင့် မှုတ်ငြိမ်းပစ်ချင်ခဲ့လေသလဲ....

နောက်ဆုံးတော့ ငါ့မှာ..

အဆိပ်သင့်မီးခိုးတွေ နဲ့

အူဝေအုံဖွဲ့ ကျန်ရစ်ခဲ့ရပေါ့ကွယ်။



မေတ္တာဖြင့်


မိုးကုတ်သား


ဆက်ဆစ်အဖွင့်


ONS = One Night Stand

LLR = Life Long Relationship




Monday, July 11, 2011

အမှောင်


(Art work by Hein Minn)


အမှောင်

အမြင်လွှာရုံတစ်ချက်အမှိတ်မှာ
အရောင်စုံမျက်နှာတွေက လက်ဖြာလို့
“အဲတာ...အလင်းစစ်စစ်တွေမဟုတ်ဘူးကွဲ့၊ ကလေးရဲ့”
အဆင်းမဲ့အလင်းနဲ့လိပ်ပြာက တီးတိုးသတိပေးချိန်မှာ
အန္ဓဟာ... ဆေးဆိုးပန်းရိုက်ကောင်းတုန်းပေါ့။


မေတ္တာဖြင့်
မိုးကုတ်သား

Saturday, April 30, 2011

ဧပရယ် အပြာ သို့မဟုတ် ဧပရယ်သစ္စာ

“ဧပရယ် အပြာ သို့မဟုတ် ဧပရယ်သစ္စာ”


တံခါးတစ်ချပ် ဖြတ်ခနဲအပြီးတိုင်ပိတ်ချိန်မှာ

ပိတောက်ဟာ သူ့အဝါစစ်စစ်အတိုင်း 

ပွင့်ခဲ့၊ ပွင့်ဆဲ၊ ပွင့်မြဲ....သာ။


မေတ္တာဖြင့်

မိုးကုတ်သား

Monday, July 19, 2010

ဆန္ဒ


မုန်းလို့မှမဟုတ်ပဲကွယ်

အေးစက်စက် မျက်နှာဖုံးတစ်ခုနဲ့

ငါ့ရဲ့ရင်ဘတ်ကို လိမ်ညာခဲ့ရုံပါ...

ချစ်ရတာ.. ပင်ပန်းနေရှာတဲ့မင်းကို...

မမောစေလိုတဲ့ဆန္ဒတွေနဲ့

ရင်ထဲက နှစ်သိမ့်ရင်း....

ငါလဲ အမုန်းတွေနဲ့ လုံးပါး ပါးခဲ့ရပေါ့............။


မေတ္တာဖြင့်

မိုးကုတ်သား

Tuesday, May 25, 2010

“တောင်တန်းတစ်ခုရဲ့အိပ်မက်”




“တောင်တန်းတစ်ခုရဲ့အိပ်မက်”



မရေရာမှုတွေနဲ့ စနေနဂါး တစ်ဖြစ်လဲ သစ်သားကျားဟာ သက်ဝင်နိုးထခဲ့တယ်
နဂါးတစ်လှည့် ကျားတစ်လှည့် အပူသင့်တဲ့ ကျိန်စာတစ်ခုဟာ.... ငါ.. .တဲ့

ဒေါသတစ်ဝက်.. လောဘတစ်ဝက်နဲ့ သွေးပျက်တဲ့ နေ့ညတွေထဲမှာ
ငယ်ရွယ်ခြင်းတွေဟာ..ခြောက်ခြောက်ချားချား
ငါဟာ... မီးတစ်စ တဲ့လား...


အားကိုးတကြီး ဖက်တွယ်မိတာ...
တစ်ရက်မှာ တစ်ခါသာတဲ့.. နေနဲ့လရဲ့ရင်ခွင်ပေါ့

နေကြတ်တဲ့နေ့ နဲ့ လကွယ်ညတွေမှာ

ငါ့ အိပ်မက်ထဲ လက်ညှိုးပေါင်းအထောင်အသောင်းရှိတဲ့ နတ်ဆိုးတွေကမင်းမူ..

အို.. ငါ့ကို မငြူစူကြပါနဲ့.....

နေနဲ့လအတွက် ငါ အသက်ဆက်ခဲ့တာပါ
နောက်တော့ ငါ့နံဘေးမှာ ကြယ်ကလေးတစ်ချို့
သူတို့...လင်းလက်စေဖို့.....
နဂါးလို ဒေါသ.. ကျားလို လောဘ..
နောက်တော့ ငါ...ဆိုတဲ့ အတ္တတွေ မီးသင်္ဂြိုလ်လိုက်တယ်..
လောကဓံ လှိုင်းတံပိုးတွေကြား... သူတို့ဟာ... ငါ့...ခွန်အား......။


နဂါးတစ်ကောင်လို မာန်တင်း..ထားတယ်...
ကျားကုပ်ကျားခဲ ကြိုးပမ်းတယ်...

နောက်.. သိုးတစ်ကောင်လို ငါ့ကိုယ်ငါ သိမ်မွေ့အောင် ထိန်းကျောင်းတယ်...

ဘဝမှာ.. တန်ဆာဆင်စရာ အလှ မရှိပေမဲ့...

ငါ့တောတောင်တန်းကလေးမှာတော့.. ငါဟာ... ခန်း...နား... လို့

တောကပဲ နက်သလား...
လမ်းကပဲ ကြမ်းသလား.....

တောင်တန်းကပဲ သိပ် မြင့်နေသလား...
သွားရင်း.. နားရင်း..
အဲဒီ...တောင်ထိပ်ဖျားနဲ့...

နီးလာလိုက် ဝေးသွားလိုက်....

ခြေချော်လဲလိုက်.. ထူမတ်လိုက်...

တစ်ခါတစ်ခါ.. အချစ်ဆိုတဲ့ မာယာထောင်ချောက်မှာ.. ငါ ပိတ်မိလား ပိတ်မိရဲ့..
..
ရခဲ့သမျှဒဏ်ရာတွေဟာ.... သင်ခန်းစာတွေ ဖြစ်လိုဖြစ်....
အချစ်ဆိုတာလဲ ဝဋ်နာကံနာ တစ်မျိုးသာ ဖြစ်ခဲ့လေတော့


ချက်ကြိုးဖြတ်တုန်းက.. အမှတ်သည်းခြေပါ.. ပါသွားတဲ့ငါ....

နဂါးတစ်ကောင် ဖြစ်ခဲ့တာလဲ မေ့

ကျားတစ်ကောင်ဖြစ်ခဲ့တာလဲမေ့

အဲဒီလို.. ငါ့ကိုယ်ငါ မေ့... ပစ်ရင်း...
သိုးလေး ဘဝမှာ..... ပျော်မွေ့နေတတ်ခဲ့ရင်း...

ငါခန်းနားရာ တောတောင်တန်းတွေဆီ....
စိမ်းစို နွေးထွေးစေရင်း.....


ငါ့ခြေဖဝါးအောက်မှာ

နတ်ဆိုးကင်းတဲ့ အိပ်မက်တစ်ခုသာ ဖြစ်ထွန်းချင်ခဲ့တယ်...၊

လမ်းဆုံးမှာ...
တောင်တန်းဟာ... ထီးတည်းငြိမ်သက်ဆီးကြိုလို့....။ ။





၂၀၁၀ခုနှစ်
မေလ ၂၅ ရက် အတွက် အမှတ်တရ.....


မေတ္တာဖြင့်
မိုးကုတ်သား











မိုးကုတ်


ရတနာ မြေသြဇာနဲ့မို့
တောင်နေကြာတွေ ၀င်းဝါနေသလိုမျိုး
လမ်းဘေးကျောက်စရစ်ခဲလေးတွေတောင်
အသွေးတကျ လှပနေသလိုမျိုး
ဘုရားသခင်ပေးသနားရာ မြေသားမြေဆိုင်မှာ
အိပ်မက်တွေ အရိုးခံအတိုင်း ရှင်သန်ဖူးပွင့်နေသလိုမျိုး

မြူခိုးဝေေ၀မြင်ကွင်းတွေ
အလွမ်းနဲ့ရင့်ကျက်ယဉ်ပါး နေသလိုမျိုး
အပူပိုင်းဥတုမြေမျက်နှာသွင်ပြင်မှာ
ရာသီကို အချိုးတကျအေးမြနေစေသလိုမျိုး
ဘယ်လောက် ဒဏ်ရာတွေရရ..
သွေးစက်က ပတ္တမြားပွင့်ပြတတ်သလိုမျိုး

လင်းလက်ခြင်း နာမတစ်ခုနဲ့
ခန့်ငြားမှု လည်ဆွဲရတနာ

သူဟာ..
တောတောင်တွေခြံရံထားတဲ့ နန်းတော် မှာ
ငြိမ်းချမ်းတည်ကြည်စွာ..
တော်ဝင်ခမ်းနား နေခဲ့ပေါ့..။



"" အကောင်းဆုံးဆိုတဲ့ ဆန္ဒဆုမွန်များစွာဖြင့်""


မိုးကုတ်ဆန်သော မိုးကုတ်သားအတွက် မွေးနေ့အတွက် အမှတ်တရ



အိန္ဒြာ
(၂၃-၅-၂၀၁၀)


“မဆောင်မယောင်နှင်းဆီရှင်”


အသွယ်သွယ်အလဲ့လဲ့ကန်ရေပြင်လို
သူ့ဘဝလမ်းဟာမငြိမ်မွေ့မကြည်စင်ပေမယ့် ...
ခပ်ဖြောင့်ဖြောင့်ရထားသံလမ်းတွေကိုတော့
သူ့နေ့စွဲကြမ်းကြမ်းတွေက ဖြူး...ဖြောင့်...ဆန့်...ကျင်...လို့...
တိမ်လွှာတောင်တွေမျက်မှောင်ကျုံ့ရင်
သူ့မျက်ဝန်းတွေလက်ဖြာဝေ့ဝဲလာတတ်တယ်
ပုံသေကားချပ် မမတ်တမတ်ရပ်ဝန်းထဲမှာ
နှလုံးအိမ်ဖြူဖြူကို.. သူဆုပ်ကိုင်ထားရင်းနဲ့ပဲ
လှမ်းလင့်ငံ့မောနေတဲ့ သူ့ရဲ့ကြမ္မာရောင်လက်အဆုံဟာ
ကရုဏာရနံ့သစ်တွေသာ တစ်ရက်ပြီးတစ်ရက်တိုးချဲ့စိုက်ပျိုးလို့
မလှပနေ(သေး)တဲ့ မနက်ဖြန်ရဲ့အရုဏ်ဦးလေပြည်ထဲ
သူ ... မစူးမရဲစွာ အနာဂတ်ကိုစုပ်ထွေးခြွေငင်လိမ့်ဦးမယ်။ ။


့ “ဦးဘိုမွေးနေ့အတွက် ညီလေးမှ အမှတ်တရ...”



Craton
(25.05.2010)


Thursday, April 22, 2010

“သေစေညွှန်းသူသို့”




“သေစေညွှန်းသူသို့”



မကြာခဏ

သစ်စိမ်းလို ချိုးခံရတဲ့ မာနတွေ

မင်း... နင်းခြွေပစ်လိုက်စမ်းပါ......

ငါ.... ဆိုတာ...... မင်းအတွက်

ဘယ်တော့မှ မပေါက်ကွဲတော့မဲ့ မီးတောင်သေတစ်လုံးသာ.....။

ငါ့ အတ္တမီးတွေ.. ငြိမ်းသေဖို့

ငါ့ အစွယ် ငါချိုး

ငါ့အဆိပ် ငါပြန်မျိုရင်း

မင်းဘက်က..အခါခါ စစ်ခင်းသမျှ

ငါ့ဘက်က..အလံဖြူ တလူလူလွှင့်ခဲ့တယ်....။ ။


မေတ္တာဖြင့်
မိုးကုတ်သား

Tuesday, April 13, 2010

စိမ်းမြနေတဲ့ ဧပရယ် သစ္စာ.... အဝါ





“စိမ်းမြနေတဲ့ ဧပရယ်သစ္စာ ... အဝါ”


ဟိုမှာကြည့်စမ်း
ပိတောက်ပန်းတွေ ထီးတည်း ပွင့်လို့...
ရွှေဝါရောင်တွေနဲ့ စိမ်းမြ နေလိုက်ပုံ...

မိုးပြေး တစ်ပြိုက်
နမ်းရှိုက်လေပြန်တော့
စိမ်းမြရွက်တွေကြားမှာ.. အဝါတွေ

နှစ်ကူး.. လေရူးး
ဝူးဝူးဝါးဝါး ခြွေတော့လည်း
လမ်းကလေးထဲမှာ အဝါတွေ....

ဒီတန်ခူးး...
မိုးပြေးလေးလဲ မစဲတုန်း
လေပြည်လေးလဲ ရူးတုန်း
ရွှေဝါရောင်တွေလဲ..မင်မကျဲ.. လှမြဲ
အပြောင်းအလဲတွေထဲက..
မပြောင်းလဲတဲ့သစ္စာ..
.........

ပိတောက်ရွှေဝါ

......

...


သင်္ကြန် အကြိုနေ့မှာ.. ရုံးဝင်ပေါက်က ပိတောက်ပင်ကြီး တစ်ပင်လုံး ဝါထိန်အောင် ပွင့်လို့။

ဒီရုံးမှာ သင်္ကြန် သုံးခါရှိနေခဲ့ပြီ.....။

နှစ်တိုင်း ဒီအချိန်မှာပဲ အမြဲ ပွင့်နေတတ်တယ်......။

ကိုယ့်လူမျိုးရဲ့ နှစ်ကူး အထိမ်းအမှတ်မှာ မပါမဖြစ်တဲ့ ပိတောက်ပန်းဟာ.. ဒီနိုင်ငံမှာလဲ အဝါပါပဲ..။

ရနံ့ မွှေးပျံ့တာကလဲ အတူတူပါပဲ...။

ဧပရယ်တစ်လထဲမှာမှ.. နောက်ပြီး မြန်မာ နှစ်ကူးချိန်မှ ပွင့်တာလဲ တူတူပါပဲ...

ကွဲလွဲနေတာက... တန်ဖိုး......

ပိတောက်ပန်းတိုင်း မြတ်နိုးမခံရတတ်တာ မှန်ပေမဲ့.....

ပိတောက်ပန်းတိုင်းဟာ သူ့အချိန် သူ့အခါတိုင်းမှာ.. သူ့တာဝန်သူ ထမ်းဆောင် ပွင့်ဝေ မွှေးမြနေဆဲပါ....

ကျွန်တော့် ဧပရယ်မှာ ပိတောက်ဝါဝါတွေ အမြဲ စိမ်းစိုမွှေးမြနေအုံးမယ်........

(ဧပရယ်မှာ မွေးတဲ့.. ကျွန်တော့် ညီအကို မောင်နှမများဟာလဲ... ကျွန်တော့်ရင်ထဲ.. ထာဝရ မွှေးနေပါလိမ့်အုံးမယ်)


မေတ္တာဖြင့်
မိုးကုတ်သား




Monday, March 29, 2010

အလွမ်းတွေ ထည့်ဝှက်ထားတဲ့ နွေဦးလင်္ကာ






အလွမ်းတွေ ထည့်ဝှက်ထားတဲ့ နွေဦးလင်္ကာ

အဆိပ်သင့် ညနေခင်းမှာ
အသည်းကွဲ ဒိုင်ယာရီတွေ လမ်းလျှောက်ထွက်ကြ ။
ငါ့လည်ပင်းပေါက်ထဲ ခေါင်းလျှိုလိုက်တဲ့
အလွမ်းတွေ ၊ အလွမ်းတွေ ။
စကားမဲ့နေတယ် ။ အလွမ်းတွေ စကားမဲ့နေတယ် ။
စကားဝါပန်းတွေ ပွင့်နေပေမယ့်
အလွမ်းတွေ စကားမဲ့နေတယ် ။

မျက်စိကိုတအားမှိတ်လိုက်တော့

ခြေသံတွေထဲ သစ်အိုပင်က သေရွာမှပြန်ထ
လွမ်းတယ်ဆိုတာ စကားပြောမတတ်တဲ့
အတိတ်မေ့ခြင်း ဆည်းဆာတွေ ငါသောက်သုံး
တစ်ဘ၀လုံး စမ်းချောင်းထဲ စကားလုံးတွေမျောခဲ့ ... ။

(၁) လွမ်းတယ် ။
(၂) လွမ်းတယ် ။
(၃) လွမ်းတယ် ။
လွမ်းတယ် ဆိုတဲ့ စကားကို ပြောလိုက်ဖို့
ငါ့ အလွမ်းကို ငါ ပြန်လွမ်းနေရ ။
လွတ် / လွဲ / လွမ်း ။
လွတ်ထွက်သွားတဲ့ လမ်းတွေမှာ
အလွဲတွေနဲ့ နေသားကျနေတဲ့ကောင်တစ်ယောက်
မင်းကို လွမ်းနေတယ် ။
(၃) လွမ်းတယ် ။
(၂) လွဲတယ် ။
(၁) လွတ်တယ် ။

ဒီမှာရပ်
ငါ့နှလုံးသားကို စက္ကန့်အစဉ်အတိုင်းဖြတ်ထုတ်
လွမ်းတယ်ဆိုတာကို ရုပ်သေးလုပ်ပစ်မယ်
အင်္ဂါနေ့ထူးမှာ မီးခိုး,ကခြေသည်ကလေးရဲ့ခြေဖ၀ါး
ငါ့အလွမ်းနာကျဒဏ်ရာနဲ့
၁။ လွတ်တယ်
၂။ လွဲတယ်
၃။ လွမ်းတယ် ....
စိတ္တဇကိုပျိုးပြီး စည်းကျော်လွမ်းခြင်းတွေ
ခေါင်းငုံ့မော့ငေး ... ဖုန်သဲတွေ ငါ့ကိုဝါးမျိုဆွေးနေကြတယ်...။

ဟုတ်တယ် ။
လာခြင်းမကောင်းတဲ့ နတ်ပျိုမ ။
နင်က လာခြင်းမကောင်းတဲ့ နတ်ပျိုမ ။
အလွမ်းတွေသာ ဆုလာဘ်ပေးသနားခဲ့တာ ။
မလွန်လွန်းဘူးလားကွယ် ။
တစ်ရစ်ထက် တစ်ရစ် တက်လာတဲ့ အလွမ်းတွေ
(၁) (၂) (၃) ............ ။
ပြီးရင် ... ဘာလာမလဲ ။
ဘာတွေလာပြီးမလဲ ။
ဘာတွေလာဖြီးမလဲ ။
အလွမ်း (၁)
အလွမ်း (၂)
အလွမ်း (၃)
အလွမ်းနဲ့ စ ၊ အလွမ်းနဲ့ ဆုံး ။
ဒီနွေ ပူတယ်ဆိုတာ ၊ အရင်နွေတွေလိုပါပဲ ။
ထူးမခြားနား ။


သရုပ်ပေါ်အောင် နင့်ကိုခေါ်ရရင် နတ်တွေငိုလိမ့်မယ် ...
"အ"ချင်ယောင်ဆောင်သွားတဲ့ နွေဦးနန်းတော်မှာ
ပူလောင်ခြင်းအခန်းကျဉ်းထဲ အလွမ်းတွေအသိုက်အုံဖွဲ့
အကျိုးအပဲ့တွေနဲ့ မိုးကောင်းကင်ကို
ငါ့အလွမ်းတွေလွှတ်တင်ရင် မိုးခေါင်သွားလိမ့်မယ်
နောက်ဆုံးလာမယ့် လမ်းတစ်ခုမှာ
အလွမ်းဆိပ်မိထားတဲ့ကိုယ်တစ်ခြမ်းကို ....
ငါက
ဘာကိုလွမ်းနေရဦးမလဲ ... ။

ကောင်းကင် အကျိုးအပဲ့ထက်မှ ကျလာသော
နတ်တွေ ငိုချလိုက်တဲ့ မျက်ရည်နက်တွေ ။
အကာလ ( “အ” ကာလ ) ညဥ့်ဦးယံမှာ
စည်းကျော်သွားသော မိုးခေါင်လွမ်းခြင်းများ ။
လွတ် / လွဲ / လွမ်း ။
မီးခိုး,ကခြေသည်ကလေး ရေ .. ။
ငါ့ နတ်ပျိုမကို ပြောပေးစမ်းပါ ။
စက္ကန့်နဲ့အမျှ လွမ်းနေတဲ့ ဆည်းဆာတွေ
စကားလုံးထဲ မျောခဲ့ ။
စကားလုံးတွေ မောခဲ့ ။
စကားပြော မတတ်လို့ လွမ်းတာပါ ။
စကားမပြောတတ်လို့ လွမ်းတာပါ ။
ဖွဲ့ စရာ စကားလုံး မရှိတော့လို့ လွမ်းတာပါ ။
ဖွက်စရာ စကားလုံး မရှိတော့လို့ လွမ်းတာပါ ။
မျက်စိကို တအား မှိတ်လိုက်တော့ .... ။
ရှင်လျက်နှင့် ရှင်ပြန်ထမြောက်သော သစ်ပင်အို ၏
ဦးတည်ရာမဲ့ ခြေသံ ။ ။



နီလေး ၊ ဆူးခက်မင်း
29.3.2010


ဒီကဗျာလေးကို ကဗျာဆရာ ညီငယ်လေးတစ်ယောက်ဆီက တွေ့ပြီး ကြိုက်သွားတဲ့အတွက်... လာလည်သူ စာပေမိတ်ဆွေတစ်ချို့ကို မျှဝေပေးချင်လို့ ခွင့်တောင်းပီး ကူးယူလာခဲ့တာပါ။ ( ခွင့်တောင်းထားပေမဲ့ ကဗျာပိုင်ရှင်က အကြောင်းပြန်တာ ဆက်မစောင့်နိုင်တော့လို့ တင်ထားလိုက်ပီ... :-P)

နောက်ဆက်တွဲ

ဒီ ကဗျာလေးကို ကျွန်တော့် ညီငယ် ကဗျာဆရာလေးရဲ့ မျက်နှာစာအုပ်ပေါ်ကနေ ကူးယူဖော်ပြထားတာပါ။ ခုလေးတင်ပဲ ညီမလေးတစ်ယောက်က နီလေး ရဲ့ ဘလော့ခ်လင့်ခ်ကို ပေးသွားတဲ့အတွက် ဒီကဗျာလေးရဲ့ ခရက်ဒစ်ကို နီလေးဘလော့ခ်နဲ့ ပေးထားလိုက်ပါတယ်..။


မေတ္တာဖြင့်
မိုးကုတ်သား

Monday, March 22, 2010

“တိတ်တဆိတ် အေးခဲစွာ သေဆုံးသွားသော နေ့ရက်များ”






“ တိတ်တဆိတ် အေးခဲစွာ သေဆုံးသွားသော နေ့ရက်များ




ကိုယ်က..
မင်းရဲ့ညတွေမှာ လင်းဖြာခွင့်မရတဲ့ လရောင်

ကိုယ်က..
မင်းရဲ့ကောင်းကင်က ဖယ်ရှားခံရတဲ့ နေ့အလင်း

ကိုယ်က..
မင်း ရှောင်ကွင်းသွားချင်တဲ့ မြစ်တစ်စင်းပေါ့။


အဲဒီလို တငြိမ့်ငြိမ့် စီးဆင်းရင်းး

ကိုယ့် ဈာပနကိုယ်ခင်းကျင်း

ဟော့ဒီ ပြာလွင်လွင်ပင်လယ်ခံတွင်းထဲ

(တစ်စတစ်စ) စိမ့်ဝင်ခါးသက်ခဲ့တော့တယ် ။ ။


မေတ္တာဖြင့်
မိုးကုတ်သား

Monday, January 25, 2010

ညီမလေး လိမ္မော်ချစ်သူ ရဲ့ ကဗျာလေးတွေ




မျောပါခြင်း

မနက်.....
နိုးလာတယ်
အိပ်ရေးတော့မဝဘူး
သွားတယ်...လာတယ်
လူတွေ လူတွေ
တိုးတိုး ကြိတ်ကြိတ်ပါပဲ
စက်ရုံထဲဝင်ဖို့ တန်းစီနေသလိုမျိုးပေါ့။

နေ့လည်....
စားပါတယ်
ဆန္ဒတော့ သိပ်မပါဘူး
ကိုယ့်အကြိုက် ကိုယ့်စရိုက်မဟုတ်ပေမယ့်
လူတွေ လူတွေ
တိုးတိုး ကြိတ်ကြိတ်ပါပဲ
ဒီအချိန်မှာပဲ အပြီးစားရမှာကိုး။

ညနေ......
ပြန်ဖို့ဟန်ပြင်တယ်
ပျော်ပျော်ရွှင်ရွှင်ပေါ့
ကိုယ့်အိမ်လို မနွေးထွေးပေမယ့်
ဒါဟာလက်ရှိ ကိုယ့်အိမ်မို့
ဒီကိုပဲ ပြန်ရဦးမယ်
လူတွေ လူတွေ
တိုးတိုး ကြိတ်ကြိတ်ပါပဲ
အသိုက်အမြုံဆီ ပြန်နေကြပါပေါ့။

သြော်.....ဒီလိုနဲ့ပဲ
ရက်တွေလပြောင်း
လတွေနှစ်ပြောင်းလို့
ရာသီဘယ်နှစ်ခု ပြောင်းခဲ့ပြီလဲ
ငါ့မှာတော့ အသားမကျနိုင်ခဲ့။

ဟိုစဉ် အတိတ်ဘဝ
ပြန်ကာ ရလေမလားရယ်လို့
မျှော်လဲ မျှော်မိပါရဲ့။
လက်တစ်ဆုပ်စာ
ကျွန်းပိစိလေးမှာ
စက်ရုပ် တစ်ရုပ်ပမာ
ဒါဟာ ငါပဲပေါ့။

အများသူငှာလဲ
ဒီလို ပါပဲရယ်လို့
ရသေ့စိတ်ဖြေ
ငါ.....ကြိတ်မှိတ်နေရတယ်။

ကိုယ့်ဘဝကိုယ်ကျောင်း
ကိုယ့်လမ်းကိုယ်ဖောက်လို့
ကိုယ့်အိပ်မက်ကိုယ်မက်လို့
ဆန္ဒစိတ်ကူး
အရူးအမူးဖြစ်ခဲ့လဲ
တစ်ခါတစ်ရံမှာ ဒဏ်ရာရ
ငါ.......မှားခဲ့လေပြီလားကွယ်.....။ ။

လိမ္မော်ချစ်သူ



ရီမောခြင်း
အလွမ်း အဆွေးတွေနဲ့
ငါ့နှလုံးသားက
တစ်ဖြည်းဖြည်း ပါးပါးလာတယ်။ ။
မျှော်လင့်ခြင်း အလင်းရောင်နဲ့
အရုဏ်ဦး မနက်ခင်းတွေလဲ
တစ်ဖြည်းဖြည်း မှေးမှိန်။ ။
နေဝင်ရီ တစ်ရော
ညနေခင်း အလင်းတွေလဲ
အိပ်မက်လှလှတွေ မဖန်ဆင်းနိုင်ခဲ့။ ။
အပြောလွယ်သလောက်
လုပ်ရခက်တဲ့
"နားလည်ခြင်း" ဆိုတဲ့
ဝေါဟာရ တစ်ခုဟာ
ငါ့နှလုံးသားကို ဝါးမြို
ငါ့သွေးသားထဲ စိမ့်ဝင်လို့
လှပစွာ......ငါ.....ပြုံးတတ်ခဲ့ပြီလေ။ ။

လိမ္မော်ချစ်သူ


ဝေး

စွယ်တော်တစ်ခက်နဲ့
အလွမ်းမပျက်ခဲ့တဲ့
ပန်းတစ်ပွင့်.......ငါ
နွေဦးတေးသီတဲ့
ဥသြလေးတွေက
လှောင်ပြောင် နေကြပြီလား? ။

စွယ်တော်တစ်ခက်နဲ့
ဘဝင်မှာ မက်စေတဲ့
ငါ့လမင်းလေး.....မင်း
ပူပူဆွေးဆွေး
အတွေးအေးအေးနဲ့
အနေဝေးဝေး ဖြစ်ခဲ့ကြပြီလေ။

စွယ်တော်တစ်ခက်နဲ့
ဘဝ အဆက်ဆက်
မခွဲတစ်သက်လို့
တူတူဟစ်ကြွေး
ချစ်တေးတွေသီခဲ့လည်း......
ကံကြမ္မာရယ်
မ , ဖန်လာတော့
ငါတို့တွေ........ဝေးဝေး.....ဝေးခဲ့ပြီပေါ့ကွယ်။ ။

လိမ္မော်ချစ်သူ




ကျွန်တော့် ညီမလေး လိမ္မော်ချစ်သူ အတွက် သူရေးထားတဲ့ ကဗျာလေးတွေ အမှတ်တရ တင်လိုက်ပါတယ်။ အသစ် တင်စရာမရှိတော့ ဆားချက်ခြင်း တစ်မျိုးပေါ့.....။ :-P

(“ဓာတ်ပုံ” လေးတွေက အင်တာနက်က ရှာပီး သိမ်းထားတာတွေပါ။ လင့်ခ်တွေ မှတ်ဖို့ မေ့သွားတဲ့အတွက် ခရက်ဒစ် မပေးနိုင်တော့ပါဘူး။)
မေတ္တာဖြင့်
မိုးကုတ်သား

Tuesday, January 5, 2010

"အရပ်"


ကျွန်တော် စာမရေးဖြစ်တာ၊ ဘလော့လေးကို ပြစ်ထားတာ ကြာခဲ့ပြီ။ ခရီးထွက်လိုက်၊ ပြန်ရောက်တော့လဲ လည်လိုက်၊ပတ်လိုက်.... ဒီလိုနဲ့ ရုံးပိတ်ရက်တွေ ကုန်လို့ ဒီနေ့ ရုံးတက်မှပဲ ကိုယ့် ဘလော့လေး ကိုယ် သေချာ ၀င်နိုင်တော့တယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ မနေ့ညနေခင်းမှာ အကို MTK က ကဗျာလေး တစ်ပုဒ်ရေးထားတာ ရှိတယ် ပြောတာနဲ့ 2010ရဲ့ ပထမဦးဆုံး ပို့စ်လေးကို အကို MTK ရဲ့ ကဗျာလေးနဲ့ စဖွင့်ခွင့် ရခဲ့ပါတယ်။ ( “ကကြိုးမဲ့ အိပ်မက်” ဆိုတဲ့ ၀တ္ထုတိုလေး တစ်ပုဒ်ကို ဖတ်ဖူးသူ မိတ်ဆွေတိုင်း အကို MTK ကို မှတ်မိနေကြမှာပါ။ ) ကိုယ့်အရပ်၊ အမေ့အိမ်ကို လွမ်းနေသူတိုင်းအတွက် ကိုယ်စား ဒီကဗျာလေးကို ဘလော့မှာ တင်ခွင့်ပေးတဲ့ အကို MTK ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။


"အရပ်"

သံသရာ အပိုင်းအစတွေထဲက
ဘဝကို ခိုးယူပေါင်းသင်းလာခဲ့တာ
ကံနာဝဋ်နာ အထုပ်အပိုးက
အကြိမ်ကြိမ် လက်ပူးလက်ကျပ်ကိုမိခဲ့တော့

အယူခံမရပဲ နယ်နှင်ဒဏ်အဖြစ်
ဒီကျွန်းသေးသေးလေးမှာ
မျှော်လင့်ချက်တွေ ပြန်ပေးဆွဲထားရင်း
ဘယ်သူမှလာမရွေးသေးသရွေ့
အလင်းထဲမှာ အလင်းငတ်နေခဲ့တာ

အိပ်တန်းပြန်ဝင်ရအောင်လဲ
အမှောင်ထဲက အမေ့အိမ်က လပြည့်ညတောင်
တိမ်ဖုံးနေတတ်တော့
ပြောရရင်..
သွေးဆုံးနေတဲ့ ကောင်းကင်အောက်မှာ
ဥာဏ်ရည်နိမ့်ကလေးတွေ တသားပြီးတသားကျ
သမိုင်းတွေ တစ်စစပြိုကျနေတာ...

ဘယ်လိုမှ မျှားယူလို့မရတဲ့
တွင်းအောင်းငါးတစ်ကောင်က
အဇာတသတ်လက်နဲ့ ကပ်ခဲ့တဲ့ဆွမ်းလို
အပ်ရာပရပွနဲ့ ကုထုံးလက်လွန်နေတဲ့အရပ်
ရေတံခွန်ဘေးမှာ လက်ယက်တွင်းတူးနေတဲ့အရပ်
ပုံပြောကောင်းတဲ့ ဘကြီးအောင်တွေ ဗေဒင်ဟောတဲ့အရပ်
မတ်တပ်ကြီးသေနေတဲ့ ဓာတ်တိုင်တွေနဲ့အရပ်
ကဲ ထပ်ပြီးဖြတ်ပြောမယ်
အမ္ဗပါလိ ကြောင့် ဝေသာလီပြည်စည်ကားတာကိုအတုယူတဲ့
အရပ်
သာတဝတီ ကြောင့်ရာဇဂြိုဟ်ပြည် စည်ကားတာကို အတုယူတဲ့အရပ်
ဘဝတွေ ဘွန်ဆိုင်းလုပ်ခံနေရတဲ့ အရပ်

ဒီစာသားတွေက သော့ခတ်ထားတာ
နောက်တစ်ခေါက်ပြန်မဖတ်နဲ့
ခင်ဗျားနားမလည်ရင် ဘေးမှာအသာရပ်နေ
ကျုပ်က ဦးဏှောက်ကင်ဆာဖြစ်နေတဲ့ အရပ်မှာ
ခြေဖဝါးတစ်စုံချဖို့ လက်ကအကုသိုလ်တွေ မ..မ.. ထားရတာ
ကိုယ့်ချွေးနဲ့ကိုယ်ရေတိမ်နစ်နေတာ
ဆယ်လမွန်ငါးတစ်ကောင်လို!!
ဆယ်လမွန်ငါးတစ်ကောင်လို!!
ဘာဖြစ်ဖြစ် အမေ့အိမ်တော့ တမှာပဲ...။ ။

MTK(04.01.10)



နှစ်သစ်မှာ ကောင်းခြင်းမင်္ဂလာ အဖြာဖြာနဲ့ ပြည့်စုံကြပါစေ....။ ။

မေတ္တာဖြင့်
မိုးကုတ်သား