Showing posts with label About Me. Show all posts
Showing posts with label About Me. Show all posts

Friday, January 4, 2013

လွဲရလေတယ် မိုးကုတ်သားရယ်



လွဲရလေတယ် မိုးကုတ်သားရယ်

ဒီနေ့ မိုးကုတ်သားတို့ နိုင်ခြံဂါးကြီးကို သွားရဖို့အရေးအတွက် ဆေးရုံ ရောက်နေပါတယ်။ တစ်လွဲ မတွေးကြပါနဲ့။ သယ်ရင်းတွေက ဆေးစစ်ချက်တွေ အကုန် ယူလာခဲ့ ဆိုလို့ အထူးကုဆေးခန်းမှာ ဆေးသွားစစ်ရတာပါ။
ဘာအမွေမှ မပေးပဲ ကျွန်တော့် အုပ်ထိန်းသူ ရာထူးကို အပိုင်စား ယူထားတဲ့ ညီမ သုံးယောက်ကလဲ သားတော်မောင်ကြီး ကို အားငယ်ရှာမှာ စိုးရိမ်ပြီး အထူးကုဆေးခန်းကို အဖော် လိုက်လာခဲ့ကြတယ်။ (သူတို့က ဟို ကောင်မလေးနဲ့ သဘောမတူဘူး။ ဒီကောင်မလေးနဲ့ သဘောမတူဘူး ဖျက်ကြလွန်းလို့ ခုထိ ကျွန်တော့်မှာ သတို့သမီး ရှာမရသေးပါဘူး။ မျောက်စိန် လို အတင်းပြောပြီး ကြော်ငြာဝင်တာ။ အမေတို့က ဒီဘလော့မှာ စာလာမဖတ်ဘူးလေ။ အမေတို့ကို သွားမပြောရဘူးနော်။ သိရင် တစ်ခါမှ မပေးဖူးတဲ့ အမွေတွေ ပြန်သိမ်းခံထိနေမှာ)
အဲဒီနေ့က ဆေးရုံမှာ လူက ခပ်ရှင်းရှင်း။ ကျွန်တော်ရယ်၊ အသက်လေးဆယ်အရွယ် အမတစ်ယောက်ရယ်၊ အသက် နှစ်ဆယ်ကျော်လောက် ရှိမဲ့ ကောင်မလေးတစ်ယောက်ရယ်။ စုစုပေါင်း သုံးယောက်ပေါ့။ ဆရာဝန်နဲ့ တွေ့ပြီး ဘာအတွက် ဆေးစစ်ရတဲ့အကြောင်း ဖြေပြီးတော့ ကျွန်တော့် အလှည့်ကို စောင့်ရအုံးမယ်တဲ့။ တုံကင်ပြားလေး ထုတ်ပေးတယ်။ ဒါနဲ့ အမေသုံးယောက်ကလည်း လ္ဘည့်ရည်ဆိုင်ကနေပဲ ထိုင်စောင့်နေမယ် ပြောပီး ထွက်သွားခဲ့ကြပြီ။
ကျွန်တော့် အလှည့်မှာ သွေး နမူနာ ယူဖို့ သွေးဖောက်တော့ နဲနဲ နာရုံလောက်၊ အေးဆေးပေါ့။ ကျွန်တော် က အပြုံး မပျက်။ အဲ စတာက အီးစီဂျီလား အိပ်စ်ရေး လား ရိုက်ဖို့ ဆိုတာကနေပေါ့ဗျာ။ ကျွန်တော့်ကို အခန်းတစ်ခုထဲ ခေါ်သွားရော။ ပြီးတော့ စက်ကြီး တစ်ခုရှေ့မှာ ရင်ဘတ်ကြီး ကပ်နေအောင် ကျွန်တော့်နောက်ကျောကို အတင်းတွန်းဖိထားပြီး ရပ်ခိုင်းပါလေရော။ ကျွန်တော်ကလဲ အဲဒီ ကပ်ထားရတဲ့ စက်ကြီးထဲက ရောင်ခြည်တွေ ဘာတွေ ထွက်လာပြီး ဗိုက်တွေ ရင်ဘတ်တွေ ဖောက်မလား ဇောချွေးတွေ ပျံလာပါရော။ ဘာလုပ်မှာလဲ ဆိုတာလဲ အဲဒီ အမကြီးက မပြောဘူး။ ရင်ဘတ်ကို မသိမသာ ခွာလိုက်မိတဲ့ ကျွန်တော့်ကို “ဟဲ့၊ ရင်ဘတ်ကို ဇွတ်ဖိ ကပ်ထားပါဆို” လို့ ပြောလဲပြော၊ ကျွန်တော့်ကိုလဲ ဆွဲစိထားပြန်ရော။ ရင်ဘတ်ကြီးနဲ့ သူကပ်ခိုင်းထားတဲ့ စက်ကြီး စိနေအောင် ဆွဲကပ်ထားတာ ပြောတာနော်။ ဗမာစကားကလဲ အနှောင့်အသွားက မလွတ်တလွတ်ဆိုတော့ သတိထားရတယ်။ အဲလို ဆွဲစိထားပြီး သူမက ခလုတ်တွေ တဂျောက်ဂျောက်နှိပ်နေသလား ကျွန်တော် မမြင်တော့ဘူး။ မျက်စိမှိတ်ထားတယ်လေ။ သူ လွှတ်မယ်ဆိုတဲ့ ရောင်ခြည်တန်းက ဖွင့်ထားတဲ့ မျက်စိထဲ ၀င်ပြီး တစ်ခုခု ဖြစ်သွားရင် ခက်သားလား။ သူမ က “ရပြီ” ပြောမှ ကျွန်တော် မျက်စိကိုဖွင့်၊ အသက် ၀၀ ရှူရဲတော့တယ်။
အီးစီဂျီဆိုလား အိပ်စ်ရေးဆိုလား အဲတာ ရိုက်ပြီးတော့ မပီးသေးဘူး။ ဆီးတဲ့.....။ ဆီး စစ်ရအုံးမယ်တဲ့။ အမလေးဗျာ ၊ ကျွန်တော် ရှက်တာပေါ့။ အစောနက အိပ်စ်ရေး ရိုက်ပေးတဲ့ အမရယ် ကောင်တာက ကောင်မလေးရယ် ရှေ့မှာ ဆီး စစ်ရရင် တစ်သက်လုံး ဖုံးထားသမျှ အရှက် ဆီးစစ်ချက်နဲ့ ပေါ်ရတော့မယ် ဆို ရှက်သိန်းတွေ (ရှက်လို့ ကြက်သီး တွေ ထတာ ပြောတာပါ) ဖြန်းဖြန်း ထပြီး ပါးတွေ နားတွေကို ရဲနွေးလို့။ အဲတာနဲ့ ဟို အမကြီးက “ဟဲ့၊ ဒီ ပုလင်းလေးထဲ ထည့်ခဲ့ရမှာ။ ဒီနေရာမှာ ဆီး ယူမှာ မဟုတ်ဘူး။ အနောက်ဘက်မှာ အိမ်သာ ရှိတယ်။ ဒီပုလင်းပြည့်အောင် ကိုယ့်ကိစ္စကို ကိုယ့်ဘာသာ ဖြေရှင်းခဲ့” လို့ ပြောတော့မှ ရှက်မျက်နှာ နောက်ထားပြီး “အဟီး” ဆို ဟင်းခနဲ သက်ပြင်း ကျိတ်ချနိုင်တော့တယ်။
အဲဒီမှာ ပြဿနာက စတာပါပဲ။ အိမ်သာထဲ ရောက်တော့ ညစ်ပတ်နံစော် ပေပွ။ ဘောင်းဘီ ဇစ်ဖြုတ်ဖို့လက်ထဲက ပုလင်းကို ဘေဇင်ပေါ်မှာ တင်မယ် ဆိုတော့လဲ ဘေဇင်က ပေပွနေတော့ စိတ်ကမသန့်ချေဘူး။ ပုလင်းလေး ကြည့်လိုက်တော့လဲ လက်မလောက်တောင် မရှည်သလို ဖန်ပြွန်သာသာ အပေါက်နဲ့။ ဘယ်လို ကိစ္စ ရှင်းရပါ့. ကျွန်တော် ခေါင်းစားနေပြီ။ အိမ်သာကလဲ အနံ့ဆိုးဝါးလွန်းတော့ မခံနိုင်။ မဖြစ်ချေတော့ဘူး။ ဒီ ကိစ္စ မြန်မြန်ရှင်းမှ ပေါ့။ မဟုတ်ရင် လူလဲ ဆီးမစစ်နိုင်ပဲ အိမ်သာခန်းထဲ ငုတ်တုတ် မေ့လဲတော့မယ်။ ဒါနဲ့ ဖြစ်ချင်ရာ ဖြစ်ချေတော့ဆို ဖျစ်ညှစ်ပီး ကိစ္စ ရှင်းရတာပေါ့။ ဟိုက်၊ ဟိုက် သေပြီဆရာ...။ ပုလင်းလေးထဲက လျှံကျကုန်ပြီ။ ဟို အမျိုးသမီးကလည်း ပုလင်းအပြည့်ယူလာခဲ့ ဆိုလေတော့ ပုလင်းလှုပ်ပီး စင်မှာ စိုးတာ တစ်မျိုး၊ လက်ကို ရှင်းလက်စ ဆီးတွေ ပေပွမှာ စိုးတာ တစ်မျိုး။ နောက်ဆုံးတော့ လက်ပဲ အပေခံလိုက်မယ်၊ ပုလင်းတော့ အလျှော့မခံနိုင်ဘူးဆို မျက်စိမှိတ်နေရတော့တာပါ့။ လက်က ပြန်ဆေးလို့ ရတယ်လေ။ ဒီလိုနဲ့ ကိစ္စ အောင်မြင်စွာ ပြီးဆုံးလေတော့ ၀မ်းသာအားရ ဘေဇင်မှာ ရေကိုလဲ ဖွင့်ရော ရေကမလာဘူး။ သေပြီဆရာ။ ဘီလိုလုပ်ရပါ့။ ကျွန်တော်လဲ ပြူးပြူးပြာပြာ ဘေးဘီ ၀ဲယာ ကြည့်တော့ ရေချောင်တစ်လုံးနဲ့ရေခွက်တစ်ခွက်။ ရေကတော့ တစ်ဝက်လောက် ရှိနေသေးတယ်။ ၀မ်းသာလို့က မရဘူး။ ရေခွက်က ချေးအထပ်ထပ် မဲတူးလို့။ နောက်ပြီး ရေက ဘာရေတွေမှန်းမသိ။ နောက်ကျိကျိ။ လက်တစ်ဖက်က ပုလင်းကိုကိုင်၊ လက်တစ်ဖက်က အဲဒီ ညစ်ပတ်နေတဲ့ ရေကို ခပ်.....။ ပြီးတော့မှ “ဟယ်၊ ထူးပါဘူး” ဆို ဘေဇင်မှာ ပုလင်းလေး အသာ တင်ပီ လက်ဆေးရတယ်။ အသက်ကလဲ အောင့်ထားရလွန်းလို့ လူလဲ လေပြတ်တော့မယ်။ ဒါနဲ့ ..... အိမ်သာထဲက အသာထွက် (ပြေးထွက်ရင် ပုလင်းလှုပ်ပြီး အပြည့် မပါရကောင်းလား ထပ်ပေါက်ခိုင်းမှာ စိုးလို့)၊ ခြေတစ်လှမ်း ကုဋေ တစ်သန်း ဟန်နဲ့ ကောင်တာကို သွားပေးရတယ်။ ၀ဋ်ကလေး ကျွတ်လို့ လေကောင်းလေသန့်လေး ရှူရပြီဟဲ့ဆို သူတို့ စောင့်ခိုင်းတဲ့ ဧည့်ခန်းမထဲ ထိုင်မယ် အသွားမှာ အစောနက ကျနော့်ထက် အရင် ရောက်နေတဲ့ အမျိုး သမီးရယ် ကောင်မလေးရယ်က ဧည့်ခန်းမထဲမှာ ရှိနေကြတုန်း။ သူတို့လဲ ကျွန်တော့်လိုပဲ စောင့်နေကြရတာ ထင်ပါရဲ့လေပေါ့။
အမျိုးသမီးက ကျွန်တော် လှမ်းလာတာ မြင်တော့ စိပ်ပုတီးကို တစ်ဂျောက်ဂျောက် စိတ်နေရင်းက မျက်လွှာ တစ်ချက် လှန်ကြည့်တယ်။ နောက် သူမ မျက်နှာက တစ်မျိုး ဖြစ်သွားရော။ ကောင်မလေးလည်း ထိုနည်းလည်းကောင်း.၊ဂျာနယ် ဖတ်နေရာက ကျွန်တော့်ကို လှမ်းကြည့်ပြီး ပြုံးစိစိနဲ့ ခေါင်းငုံ့သွားရော။ ထိုင်ခုံတွေဆီ လှမ်းနေတဲ့ ကျွန်တော့် ခြေလှမ်းတွေ လမ်းမှာ ရပ်တန့်သွားတယ်။ နဲနဲ ရှက်သွားလို့။ ဒါနဲ့ ကျွန်တော် မထိုင်တော့ပဲ အဲဒီနေရာမှာ ရပ်ပြီး ပြူတင်းက မြင်နေရတဲ့ လမ်းမကြီးဆီ အကြည့်တွေ ပို့ထားရတယ်။ ဒါတောင် မျက်စိထောင့်ကနေ ပုတီးစိပ်နေတဲ့ အမျိုးသမီးက ကျွန်တော့်ကို ခဏခဏ ခိုးခိုးကြည့်နေတာ၊ ကောင်မလေးက တစ်ချက် တစ်ချက် လှမ်းကြည့်ရင်း ရှက်စနိုး ဖြစ်နေတာရယ်ကြောင့် ဘာမှန်းမသိ မျက်နှာတွေ ပူနွေးလာပြီး ရင်တွေလဲ ခုန်နေတယ်။ ရှက်တာရော ကျေနပ်တာရောပေါ့။ ဆန်ကျင်ဘက် လိင်တွေက ကိုယ့်ကို စိတ်ဝင်တစား ကြည့်တာ ဘယ်သူက မကျေနပ် မသာယာပဲ နေမလဲဗျာ နော်။ ကျွန်တော်လည်း ပုထုဇဉ် လူသားပေပဲကိုး။ သိပ် ကျေနပ်နေတာပေါ့။ ဒါနဲ့ ပဲလေး အပြည့်နဲ့ သူတို့ရှေ့နား မလှမ်းမကမ်းမှာပဲ အသာ ရပ်နေလိုက်တယ်။ သူတို့တွေ ကြည့်နေတာ မသိသလို ဟန်ဆောင်ရင်းပေါ့။ ပုတီး စိပ်နေတဲ့ အမျိုးသမီးကလဲ ကျွန်တော့်ကို တစ်ချက်တစ်ချက် လှမ်းကြည့်ရင်း တစ်ခုခု ပြောချင်သလို ဖြစ်နေ။ ကောင်မလေးကလဲ ထိုနည်းလည်းကောင်းဆိုတော့ ကျွန်တော်လဲ နေရခက်လာတာနဲ့ အမေသုံးယောက် ထိုင်နေတဲ့ လ္ဘည့်ရည်ဆိုင်ဘက် ထွက်လာခဲ့လိုက်တယ်။ လ္ဘည့်ရည်ဆိုင်ကလဲ ဆေးခန်းဘေး ကပ်ရက် ဖြစ်နေလို့သာပေပဲပေါ့။ ကျွန်တော့်ကို မြင်တာနဲ့ အမေသုံးယောက်ရဲ့မျက်နှာက ရဲခနဲ။ သုံးယောက်သား မျက်နှာတွေ ဇွတ်လွှဲနေကြတယ်။ ရော်၊ ဘာဖြစ်ကြတာလဲ။ မေးတာလဲ မဖြေပဲ လက်ညှိုးတွေက ကျွန်တော့်ဘက်မကြည့်ပဲ ထိုးမိထိုးရာ ထိုးပြနေကြတော့ ကျွန်တော်က နားမလည်ဘူး။ ဘာဖြစ်တာလဲ သဘောမပေါက်သေးဘူး။ သုံးယောက်သား ပြိုင်တူ ခေါင်းကို တဗျင်းဗျင်း ကုပ်ပြီး ချီတုံချတုံနဲ့ ပြောရမလို မပြောရမလို ပါးစပ်တွေ ဟစိဟစိ ဖြစ်နေကြတယ်။ နောက်တော့မှ မထူးတော့ပါဘူး ဆိုတဲ့ အိုက်တင်နဲ့ အမေပု (သူက အရပ်တော်တော်ပုလို့) က “ဘောင်းဘီ ဇစ် ပြုတ်ပြီး ဟ၀ှာထွက်နေတယ်” လို့ ရှက်ရဲရဲ ပြောတော့မှ “ဟိုက်” ခနဲ လူတစ်ကိုယ်လုံး ငရဲမီးနဲ့ ပက်ခံလိုက်ရသလို ရှက်စိတ်တွေ ဖျဉ်းခနဲ ရဲတက်သွားတော့တယ်။ သူပြောမှ ကျွန်တော့်မှာ ခေါင်းကို တူနဲ့ထုချလိုက်သလို ကိုယ့်ဘာသာတောင် ငုံ့မကြည့်ရဲတော့ဘူး။ လူလဲ ရှက်စိတ်နဲ့ မွှန်ထူပီး အဲနားမှာ လဲသာ သေလိုက်ချင်တော့တယ်။ ရှက်ရှက်နဲ့ ငုံ့ကြည့်တော့မှ နဲနဲ သက်သာရာရသွားတယ်။ တော်ပါသေးရဲ့။ ဘောင်းဘီဇစ်အပြင်ထွက်နေတာက ကျနော်ဝတ်ထားတဲ့ ရှပ်အင်္ကျီစကြီး ဖြစ်နေပေလို့။ အဲဒီတော့မှ သူတို့တွေ မသိအောင် သက်ပျင်းကျိတ်ချရင်း ပြာယီးပြာရာ ဇစ်ကို ပြန်တပ်ရတော့တယ်။ ဟို အမျိုးသမီးနဲ့ ကောင်မလေးရဲ့ အကြည့်တွေကို ရင်ခုန်ခဲ့မိ၊ ဘ၀င်လေဟပ်မိတဲ့ ကိုယ့်အဖြစ်ကိုယ် တွေးတွေးကာ ရှက်လိုက်ရတာ။ ဆေးခန်းထဲတောင် ပြန် မ၀င်ရဲတော့ပါဘူးဗျာ။ “လွဲရလေတယ် မိုးကုတ်သားရယ်” လို့သာ ကိုယ့်နဖူးကိုယ် ပြန် ပြန်ရိုက်ပီး ဟစ်လိုက်ချင်တော့တာပါပဲ။
မိုးကုတ်သားတို့ လွဲတတ်ပုံများတော့ အဲဒီလို၊ အဲဒီလိုပါပဲ ဗျာ။


*****************************************
NOTE: မိုးလေ၀သ ကြောင့် မောပြန်သွားရတဲ့ မိတ်ဆွေတွေကို အမောပြေဆေးလေး နဲနဲ တိုက်ကျွေးတာပါ။ တစ်ခါပြုံး၊ အမော တစ်ရာပြေစေသော်ဝ်။

မေတ္တာဖြင့်
မိုးကုတ်သား

Tuesday, May 1, 2012

အိပ်တန်းပျံငှက်ရဲ့ ဒိုင်ယာရီ

အိပ်တန်းပျံငှက်ရဲ့ ဒိုင်ယာရီ

(၁)

အိမ်ပြန်ရတော့မယ်.........။
လေယာဉ်ကွင်းကို စထွက်လာကတည်းက ရင်ထဲမှာ အပျော်တွေနဲ့ ပြည့်သိပ် လှုပ်ခုန်လို့..။ အိပ်ယာက မထနိုင်၊ လိုက်မပို့နိုင်တဲ့သူတွေကိုလည်း စိတ်ဆိုးချင်ယောင် မဆောင်အားသလို နှုတ်ဆက်စကားတွေ ချွေဖို့ရာလည်း သတိမရ။ အိပ်ချင်မူးတူးနဲ့ လေဆိပ် လိုက်ပို့ပေးရလို့ ဘေးမှာ စူပုပ်ပွနေတဲ့ မျောက်မျက်နှာကိုလည်း ဂရုမပြုမိတော့ပါ။
MAI/ JETSTAR က ယနေ့ခရီးစဉ်မှာ ခရီးသည် အပြည့် စီးနင်းလိုက်ပါသောကြောင့် ခရီးဆောင်အိတ်များကို အဆင်မပြေပါက နောက်လေယာဉ်ဖြင့် သယ်ဆောင်ပေးပါမည် ဆိုတာကြောင့်လဲ စိတ်အနှောက်အယှက် ကြာကြာ မဖြစ်လိုက်ပါ။  အိမ်.... အိမ်ကို မြန်မြန် ပြန်ရောက်ချင်ပြီလေ.....။ ဖေ နဲ့ မေရေ သား ပြန်လာပြီ လို့ စိတ်ထဲကနေ အကြိမ်ကြိမ် အော်ဟစ်ရင်း.......

ရန်ကုန်လေဆိပ်ရောက်တော့ အားလုံးက ချောချောမောမော... တစ်ခုပဲ အူကြောင်ကြောင် ဖြစ်ရသည်က အင်မီဂရေးရှင်းမှာ တန်းစီနေတုန်း လေဆိပ်က တာဝန်ကျသူ သမီးပျိုလေးတစ်ဦးက "Sir, this is only for Myanmar Passport Holder, Foreigners are over there" လို့ လာပြောတာ တစ်ခု ပါပဲ။ :-P

ဖေ နဲ့ မေကို ပင်ပန်းမှာစိုးလို့ လေဆိပ်မှာ လာမကြိုဖို့ ပြောထားမိလေတော့ ရန်ကုန်မြေပေါ် ခြေချချချင်းမှာ ဖေနဲ့ မေ့ကို မတွေ့ရပါ။ ညီမလေး နှင့် ညီလေး... နောက်ပြီး သူငယ်ချင်းတစ်ချို့ကို တွေ့ကတည်းက ကျွန်တော်က ပျော်နေနှင့်ပြီ။ အငှားကားပေါ်မှာ မောင်နှမတွေ ဗျောင်းဆန်အောင် သောင်းကျန်းကာ စကားတွေ ရေပက်မ၀င် ပြောနေကြလေတော့ ကားမောင်းသူပင် အပျော်တွေ ကူးစက်လို့...။

ကားရပ်ရပ်ချင်းမှာပဲ အိပ်ပေါက်ဝ ထိပ်မှာ စောင့်နေတဲ့ ဖေ့ကို တွေ့ရပါပြီ။ သိပ် ဒရမာ ဆန်တာပဲ မဝေဖန်ကြပါနဲ့။ ကားပေါ်က ပြေးဆင်းပြီး ဖေ့ကို ပြေးဖက်မွှေ့ရမ်း နမ်းပစ်လိုက်တယ်။ ဖေကပဲ ပိန်သေးသေးလေး ဖြစ်သွားတာလား၊ ကျနော်ကပဲ ဗလကြီးလာတာလား.. ဖေ့ကိုယ်ပေါ့ပေါ့လေးကို ချီမြှောက်ရင်း.... အရင်က ကျနော် ခိုစီးခဲ့ရတဲ့ ဖေ့လက်မောင်းကို ပြန်သတိရမိတော့.. ငယ်ဘ၀ကို လွမ်းသွားပြန်ပါတယ်။
ဖေက ငါလည်း သန်မာပါသေးတယ် ဆိုတာကို သက်သေပြချင်လို့ထင်ရဲ့.... အထုပ်အပိုးတွေ ဇွတ်မ နေလို့ မနည်းတားရပါသေးတယ်။ သားတို့ ခိုစီးခဲ့တဲ့ လက်မောင်းတွေလေ လို့ အရင်လိုပဲ ရွှတ်နောက်နောက်နဲ့ ဖေပြောတော့ အလွမ်းတစ်ချို့ ပြေလျော့လို့သွားတယ်။

အိမ်ပေါ်မှာ စောင့်နေတဲ့ မေ့ဆီကို လှေကားတွေပေါ် ၀ရုန်းသုန်းကား ပြေးတက်ပစ်လိုက်ရင်း ပါးစပ်ကလဲ မေရေ.. သားပြန်လာပြီ လို့ တကျော်ကျော်အော်ရင်း.. အပေါက်ဝလဲရောက်ရော မေက ဒေါက်ခနဲ ခေါင်းခေါက်ပြီး ကြိုလေတော့တယ်။

ဟဲ့ မကြီးမငယ်နဲ့ အဲလောက်အော်လာရသလား၊ ဘေးအိမ်တွေ အားနာစရာ တဲ့လေ။

နဖူးအတော်နာသွားပေမဲ့ ချိုမြန်လှတယ်။ နဖူးကို ပွတ်ရင်း နာတာ မေရာ လို့ ပြောတော့ ထုံးစံအတိုင်း မေက ဘုကြည့်ကြည့်ရင်း ပိုကိုပိုတယ် လို့ ပြောပေမဲ့ မေ့မျက်လုံးတွေက ပျော်ရွှင်ကြည်နူးရိပ်တွေက ကျွန်တော့်ကို အမောပြေ အလွမ်းဖြေပေးနေပါတယ်။

(ဒိုင်ယာရီက ဆက်ရန် ကျန်ပါသေးတယ်။ အပျင်းလဲမပြေ အပျော်ဖတ်လဲမဟုတ်တဲ့ စာတွေ ဆက်လက်ရေးသားနေပါအုံးမယ်ခင်ဗျားးး)

မေတ္တာဖြင့်

မိုးကုတ်သား

Sunday, November 21, 2010

မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်

တန်ဆောင်မုန်းလပြည့်ညဟာ ဆေးပေါင်းခတဲ့ညလို့လဲ ကြားဖူးရဲ့။ သူခိုးည လို့လဲ သိဖူးရဲ့။
မြို့ကလေးမှာ နေစဉ်တုန်းကတော့ ဆွေမျိုးမောင်နှမသားချင်းတွေ..၊ ကာလသား ကာလသမီးတွေ စုဆုံကြပြီး မယ်ဇလီဖူးတွေ သုပ်စားကြ၊ မီးပုံလေးတွေ ဖိုကာ မီးပုံပွဲလုပ်ကြ၊ သီချင်းဆိုကြ ကကြနှင့် ပျော်စရာ ညလည်း ဖြစ်သည်။
ည ဆယ့်နှစ်နာရီ ကျော်လျှင်တော့ ကာလသားတွေ စုပြီး သူ့အိမ် ကိုယ့်အိမ်က ခိုးလာတဲ့ ဆန်၊ ဆီ၊ ဘာညာ သာရကာတွေရယ်နဲ့တင်.. မလုံလောက်သေး၊ ရပ်ကွက်ထဲက ကြက်ခြံတွေမှာ ကြက်တွေ သွားခိုးကာ ကြက်သားကာလသားဟင်း ချက်လိုက်ကြသေးသည်။ ကြံချောင်းတွေ၊ လိမ္မော်သီးတွေကိုလည်း... အဆစ် ခိုးလာတတ်ကြပြန်သေးသည်။ ခြံရှင်တွေ မိုးအေးအေးမှာ ခေါင်းအေးအေးနှင့် ငြိမ်းငြိမ်းချမ်းချမ်း မကွေးရပဲ ကင်းစောင့်ကျသည့် ညလဲ ဖြစ်သည်။ ဒီကြားထဲမှာမှ ကျွန်တော်တို့ ကာလသားတွေက အခွင့်ကောင်း ချောင်းကာ ရအောင် ခိုးကြ၏။ တစ်ချို့ ခြံရှင်တွေကတော့ သိသိကြီးနှင့် တမင် လွှတ်ပေးကာ အခိုးခံပြီး အလှူ လုပ်ကြသည်။ တစ်ချို့ လူကြီးတွေကတော့ ပံ့သကူပစ်ကြသည်။ အထူးသဖြင့် ထီ၊ နှစ်လုံး၊ သုံးလုံး မကြာခဏ ပေါက်တတ်ကြသောသူများ..။ ပံ့သကူ ပစ်ခြင်း ကုသိုလ်ကြောင့် ထီပေါက်ကံ ပါကြောင်း အယူတွေလဲ ရှိသည် မဟုတ်လား။ ကျွန်တော်တို့ကတော့ ဘာရယ်မဟုတ်... မီးပုံးလေးတွေ ကိုယ်စီနှင့် ပံ့သကူလည်း လိုက်ရှာကြသေးသည်။ မောလာလျှင်တော့ ခိုးလာသည့် စားဖွယ်စုံနှင့် ချက်ပြုတ်ထားသည်များကို မီးပုံဘေး ၀ိုင်းဖွဲ့ထိုင်ပြီး စားသောက်ကာ ဂစ်တာတီးကြ၊ သီချင်းဆိုကြ။

ရပ်ကွက်ထဲက ခလေးတွေကလည်း `ရွှေတံခါးကြီး ဖွင့်ပါအုံး´ ဟု တစ်အိမ်ဝင်၊ တစ်အိမ်ထွက် မုန့်ဖိုးတောင်းကြသည်။

လမ်းထိပ်က သမ၀ါယမဆိုင် ဆိုင်းဘုတ်ကြီးက ရပ်ကွက်လူကြီး အိမ်ပေါက်ဝမှာ ရောက်နေပြီး... ဓာတ်ဆီဆိုင် ဆိုင်းဘုတ်က ပဲပြုတ်သည်ဆိုင်မှာ အခန့်သား..။ လမ်းဘေး ရေအိုးစင်သာမက... လေထိုးကျွတ်ဖာဆိုင်က ဆိုင်းဘုတ်တွေ၊ တာယာကွင်းတွေခမျာလည်း အငြိမ်မနေကြရပါပဲ... သူတပါးအိမ်တွေမှာ တိုးလို့တွဲလောင်းချိတ်လျက်သား..။ မိုးလင်းလာလျှင် ကိုယ့်ခြံထဲက ဘာတွေ ပါသွားလဲ... ကိုယ့်အိမ်ရှေ့ ဘာရောက်နေမလဲ ရင်ထိတ်နေရသော်လည်း ဘာကြောင့်ဖြစ်ဖြစ် ထိုညမှာတော့ ရင်ခုန်စရာလည်းကောင်း၊ ပျော်စရာလည်းကောင်းနေကြပြန်သည်။

ဒီ တန်ဆောင်မုန်း လပြည့်မှာတော့ ဒီကျွန်းကလေးသည် ထင်မှတ်ထားတာထက် ပိုပျော်စရာ ကောင်းသွားခဲ့ပါသည်။ ဒီနေ့ မနက် မိုးမလင်းတလင်းထဲက အိမ်မှာ ရှိသမျှ လူကုန် နိုးနေကြပြီ။ အရင် စနေ၊ တနင်္ဂနွေတွေလို နေ့လည် ဆယ့်နှစ်နာရီကျော်မှ ထကြသော သူများက (ကျွန်တော်အပါအ၀င်) ဆမ်ဘာဝမ် ဘုန်းကြီးကျောင်းကို၊ ထိုမှ တဆင့် ဆမ်ဘာဝမ် ပန်းခြံကို ချီတက်ကြဖို့ အားလုံး တက်ကြွနေကြသည်။ ဘယ်သူတွေ ဘယ်တော့ရောက်မှာလဲ ဖုန်းတွေ ကိုယ်စီနှင့် ဟိုလူ့ ခေါ်ပါအုံး၊ ဒီလူကို လှမ်းနှိုးပါအုံး။ ဘယ်နေရာက စောင့်မှာလဲ.. အသံတွေ မျိုးစုံ ညံစီနေကြပြီ။ ဆမ်ဘာဝမ် ဖုန်းကြီးကျောင်းသို့ ရောက်သော ဘတ်စ်ကားဂိတ်မှာပင် လူတွေက အတော်များများ ရှိနေပြီး။ စောစော သွားကြတာကိုပင် ကျွန်တော်တို့တွေ နောက်ကျနေပြီလား... စိတ်ပူသွားရသေး၏။

`စောစော သွားမှဟ၊ နေ့လည်မှဆို ဘာမှ မကျန်ပဲနေလိမ့်မယ်´

ဘေးနားက လူတစ်ချို့ဆီမှ ထိုစကားသံတွေကို တလေတည်း ကြားနေရတော့ ပြုံးမိရသေး၏။ ကျွန်တော်တို့ မောင်နှမတွေထဲက တစ်ချို့ ဘုန်းကြီးကျောင်းကို လူစုခွဲဆင်းသွားကြသည်။ မှာထားသော အစားအသောက်တွေကို စောင့်သယ်ဖို့ ဖြစ်၏။ ကျွန်တော်တို့ကတော့ ပန်းခြံထဲ တစ်ခါတည်း သွားလိုက်ကြသည်။ ကိုယ်တွေ ဘာမှ မပြင်ဆင်ရသေးခင်ပင် လူတွေ စည်နေကြပြီလား...။ ခုချိန်ထိ ကိုယ်တွေ အဖွဲ့က ဘယ်နေရာမှာ ကျမှန်းလည်း မသိ..။ နေရာထိုင်ခင်းတွေလဲ မစီစဉ်ရသေး။ သယ်လာတာတွေ ဘယ်မှာ ထားရမှာမှန်းမသိ..။ ဒီလိုနှင့် ပန်းခြံထဲ စ၀င်သွားတော့ လူအုပ်က မနည်းမနော ရောက်နှင့်နေကြပြီ..။ ပန်းခြံဝမှာကတည်းက ကြားလိုက်ရသော မြန်မာ့ဆိုင်းဝိုင်းသံကြောင့် လူက စိတ်ပျော်လို့ လာပြီ..။ မနက် ကိုးနာရီကျော်မှာပင် လူတွေက အတော် စည်ကားနေကြပြီပဲ..။

ဟော... ဟိုမှာ တွေ့ပါပြီ.....။ ဆိုင်းဘုတ်ကြီး...။
ကျွန်တော်တို့အဖွဲ့က (၂၀၁၀) ဆမ်ဘာဝမ်း တန်ဆောင်တိုင်ပွဲတော် မှာ စတုဒိသာ ကျွေးဖို့သွားနေကြခြင်း ဖြစ်သည်..။ စားပွဲခုံလေးသာ ရှိပြီး နေရာထိုင်ခင်းမှာ ကျွန်တော်တို့တွေက မရောက်ကြသေး...။ ဈေးတန်းတွေ ရှေ့မှာကတော့ လူတွေ တိုးလို့ နေကြပြီ..။

ကျွန်တော်တို့ အဖွဲ့ ရောက်လာသည်နှင့် ဘုန်းကြီးကျောင်းမှ ဝေယျာဝစ္စ အဖွဲ့သားတွေ အပြေး ရောက်လာကြပြီး လိုအပ်သမျှ ခုံတွေ၊ နေရာထိုင်ခင်းတွေ စီစဉ်ပေးကြသည်။ ဘာလိုအပ်သလဲ မေးကာ လိုလေသေးမရှိ စီစဉ်ပေးကြတော့ ကျွန်တော်တို့တွေ ဘာမှ ကြို မစီစဉ်ထားသော်လည်း အားလုံးက အဆင်သင့်ပင် ဖြစ်နေ၏။

`ကော်ဖီ တစ်ခွက်´
`ကျွန်တော်က လဖ္ဘည့်ရည် တစ်ခွက်´
`သမီးကို ကြက်ဥပူတင်းပေးပါ´
`မောင်လေးရေ.. အမတို့အတွက်က ဆနွင်းမကင်း´

ကျွန်တော်တို့ကတော့ သွားလေးတွေ အဖြီးသား..။

`ခုမှ ရေနွေးအိုးတည်ရမှာခဗျ... မုန့်တွေ မှာထားတာ မရောက်သေးလို့ ခဏလေး သည်းခံစောင့်ပေးပါခင်ဗျာ´
မျက်နှာ ပူပူနှင့် ဖြေကာ နေရပြီ။

အဖျော်ဆရာ တွေက ရေနွေးအိုး ပြေးတည်ကြ.. ညကတည်းက နွားနို့ ကြိုကာ တစ်ညလုံး လုပ်ထားရသော မလိုင်တွေကို ကုန်မသွားရ (အဲလေ) မှောက်မသွားလေအောင် သေချာ နေရာချရသေးသည်။ (မှတ်ချက်... ကော်ဖီနှင့် လဖ္ဘက်ရည် လက်မလည်အောင် ဖျော်နေရသည်မှာ မလိုင် ကျိုသူ အဖျော်ဆရာတစ်ယောက်က သူ့စေတနာတွေဟု တွင်တွင် ပြောလေသောကြောင့် တမင် ပို့စ်ထဲ မလိုင်ပါအောင် ထည့်ရေးရခြင်း ဖြစ်သည်။ ဤကား စကားချပ်)။ ခွက်တွေ အထုပ်တွေ နေရာချပြီးချိန်မှာပဲ ဘုန်းကြီးကျောင်းမှာ ဆင်းသွားသော မောင်နှမတတွေက မှာထားသောဆနွင်းမကင်း၊ ပူတင်းတွေနှင့် အတူ ရောက်လာကြပြီ။

`ကော်ဖီတွေ၊ လဖ္ဘည့်ရည်တွေ၊ ဆနွင်းမကင်း ပူတင်းတွေ ရပြီနော်´

ရေနွေးမှ မဆူသေးခင်၊ မုန့်တွေမှ မလှီးရသေးခင် ဖိုးအော်ချင် နှစ်ယောက်က ထအော်လေတော့ အဖျော်ဆရာတွေရော.... မုန့်ဝေသည့် ကျွန်တော်တို့ပါ ကျောက ချွေး ဒီးဒီး ကျအောင် အလုပ်တွေ များကုန်ကြရသည်။

`ရေနွေးဆူပြီလား၊ မြန်မြန်လေး.. မြန်မြန်လေး´

`မုန့်လှီးဖို့ ဓား အပို မပါရင် လိုက်ငှားပေးကြပါအုံး´ တွေ ဖြစ်ကုန်ကြသည်။

မှာထားသည့် ရွှေကြည် ဆနွင်းမကင်း၊ မုန်လာဥနီ ဆနွင်းမကင်း၊ ကွေကာအုပ်ဆနွင်းမကင်း နှင့် ကြက်ဥပူတင်း မုန့်တွေကတော့ ရောက်ပြီး ဘာမကြာသေး..။ မိနစ်နှစ်ဆယ်အတွင်းမှာပဲ ပြောင်သလင်းခါလို့ သွားပြီ။
မုန့်တွေ အပြေးအလွှားထပ်မှာတော့ ကြို မှာမထားလို့ မရတော့ လက်လျှော့လိုက်ရသည်။ မုန့်တွေ လှီးရင်း အမြင်မလှလို့ ဘေးဖယ်ထားသော မုန့်တွေကအစ `ရတယ်၊ ဘာမဖြစ်ဘူး.. စားလို့ ရတာပဲ´ ဆိုကာ ယူသွားကြလေတော့ ကျွန်တော်တို့မှာ ဓာတ်ပုံလေး ရိုက်ပြီး ပို့စ်မှာ တင်ဖို့ ဝေးလေစွ၊ ဘယ်မုန့်က ဘယ်လိုကောင်းတယ်ဆိုတာ ပြောဖို့ပင် မတတ်ပဲ ဖြစ်သွားရလေတော့သည်။
မုန့်လှီးသည့် ညီမကတော့ မုန့်တွေ အစောကြီး ကုန်သွား၍ ခုန်ပေါက်ကာ ပျော်နေ၏။
`ညီမ စားချင်တာတွေ ဈေးတန်းထဲ လိုက်ပတ်စားလို့ ရပြီ´ ဆိုကာ ပျော်နေခြင်း ဖြစ်လေသည်။

`အကိုတို့ ကော်ဖီနဲ့ ကျွန်တော်တို့ မုန့်ဟင်းခါး လဲစားရအောင်´ ဆိုကာ မုန့်ဟင်းခါးတွေ လာပို့သွားသူများ၊ ရှိသလို...
`ပူတင်း ဆနွင်းမကင်းတွေ လာယူတာ၊ ဒီမှာ အမတို့ဆီက မုန့်တီသုပ်တွေ လာပို့တယ်.. ကောင်းမှကောင်းပဲ´ ဆိုသော အမတွေကို မျက်နှာပူပူနှင့် `ဟီး.. ကော်ဖီ၊ လဖ္ဘက်ရည်ပဲ ကျန်တော့တယ်..၊ မုန့်တွေက ကုန်ပြီ အမရေ´ ဟု အားနာနာနှင့် ပြန်ဖြေရတာတွေလည်း ရှိသည်။

`ဒီက အကိုက ကျွန်မတို့ဆီက အကြော်တွေ ခဏ၊ ခဏ လာယူတယ်.. ကျွန်မတို့ကို ကော်ဖီ ပိုဖျော်ထည့်ပေးရမယ်... ဒါပဲ´ ဟု လာ လာ နောက်သော သူများ..၊ အားလုံးက မသိကျွမ်းဖူးကြပေမဲ့ တစ်စိတ်တစ်ဝမ်းတည်း ပျော်ရွှင်ရင်းနှီးနေကြပြီ..။

`ဟောဒီက ရွှေရင်အေး ချိုချိုမွှေးမွှေး အေးအေးလေးတွေ ရမယ်နော်´ လို့ ဘေးဆိုင်က အော်တိုင်း ကျွန်တော်တို့မောင်နှမတွေထဲက ဖိုးအော်ချင်နှစ်ယောက်က `ဒီမှာလည်း ကော်ဖီ၊ လဖ္ဘက်ရည် ပူပူနွေးနွေးလေးတွေ သုံးဆောင်နိုင်ပါပြီခဗျ´ ဟု အပြိုင်ထထအော်လေတော့ ရေနွေးမလောက်လို့ စောင့်၇သော လူတန်းက ရှည် ရှည်သွားရသလို အဖျော်ဆရာတွေလဲ ချွေးပြန်ကာ အမောဖောက်အောင် ဖျော်ရ အော်ရလေသည်။ သူတို့အော်သည်က `ဟေ့ရောင်တွေ.. ရေနွေးဆူမှ အော်ပါဟ အော်ကောင်းတိုင်း စွတ်ရွတ်အော်မနေနဲ့၊ မင်းတို့ လူခေါ်ကောင်းတာနဲ့ အဖျော်ဆရာတွေလဲ အမောဆို့တော့မယ်´.. အော်သာအော်သော်လည်း အပျော်အပြုံးတွေနှင့်သာ...။

ဘေးက ကြာဇံကြော်မှာလည်း လက်မလည်အောင် အိုးကြီး အိုးငယ် အသွယ်သွယ်နှင့် ကြော်နေရသလို... ၊ ရွှေရင်အေးအဖွဲ့မှာလည်း အိုးကြီး လေးလုံးနှင့်အပြည့်ကို နှစ်နာရီ သုံးနာရီအတွင်း ကုန်သွားလေပြီ။

ကျွန်တော်တို့တွေလဲ.. မုန့်ဟင်းခါး၊ ကြာဇံဟင်းခါး၊ ရခိုင်မုန့်တီ..၊ တိုဟူးသုပ်၊ ဆမူစာသုပ်၊ သီးစုံအအေး တွေကို... လာ လာပို့တာ စားလိုက်၊ ဈေးတန်းပတ်ကာ စားလိုက်ဖြင့် ဗိုက်ထဲ စုံပလုံ စိနေကြ၏။ ကျွန်တော်ကတော့ ပြဇာတ်နှင့် အငြိမ့်ကိုလည်း အားလျင်အားသလို ပြေးပြေးကြည့်ကာ ဓာတ်ပုံရိုက်ထွက်လိုက်သေးသည်။

ပြဇာတ်နှင့်အငြိမ့်ကလည်း အားပေးသူ ပွဲကြည့်ပရိတ်သတ်များသလို ကျွန်တော်တို့ မြန်မာ့ရိုးရာကိုလည်း လှစ်ဟပြနိုင်သည်မှာ ကျေနပ်စရာ ကောင်းလှသည်။ တစ်ချို့သော သူများ စည်းကမ်းမဲ့ စွန့်ပစ်သွားသော အမှိုက်တွေကို ဝေယျာဝစ္စ အဖွဲ့သားများက လိုက်လံ သိမ်းဆည်းနေကြသောကြောင့်လားမသိ.. လူ အတော်များများက အမှိုက်တွေ ပစ္စလက္ခတ် မပစ်ကြတော့ချေ။ ပွဲလာသူအားလုံး စည်းကမ်းသေ၀ပ်စွာ၊ ယဉ်ကျေးလိမ္မာစွာဖြင့် ပျော်ရွှင်နေကြသည်မှာ.. အပျော်လှိုင်းတွေ စုကာ ဆင့်ကာ ကျေနပ်စရာ၊ ပီတိဖြစ်စရာ ကောင်းလှသည်။

မိုးတွေ ၀ုန်းဒိုင်းကျဲကာ ရွာချလိုက်သော်လည်း လူတွေက အပျော်အပြုံးမပျက်.. လွတ်ရာ ဈေးဆိုင်တန်းတွေထဲ ပြေးဝင် မိုးခိုကာ မိုးတွေ သည်းလာလိုက် `ဝေး´ ခနဲ စုပြုံအော်ဟစ်လိုက်နှင့် အပျော်တွေ မပြတ်တော့ချေ။ မိုးစဲသွားတော့ ဈေးတန်းတွေလဲ လူတွေ ပြန်စည်လာသလို ကျွန်တော်တို့ အဖျော်ဆရာတွေလည်း လက်မလည်အောင် အလုပ်များကြရပြန်သည်။ (ကျွန်တော်ကတော့ ပါးစပ်ရော လက်ပါ မအား.ရတော့ပါ။ . ကင်မရာကိုင်ကာ လိုက်ရိုက်လိုက် ဆာလာလျှင် မုန့်ဝင်စားလိုက်နှင့် ပွဲဈေးပတ်နေသောကြောင့်ဖြစ်သည်။)

ညနေ သုံးနာရီထိုးကျော်တော့မှ ကျွန်တော်တို့လည်း ဆိုင်သိမ်းပြီး ကထိန်သင်္ကန်းပရိက္ခရာရှစ်ပါး ကို သုံးစုံ ကပ်လှူကာ ပြန်လာခဲ့ကြသည်။ အပြန်လမ်းတလျှောက်လုံး ပွဲဈေး အတွေ့အကြုံများကို သူ့ထက်ငါ လုပြောကြရင်း အပျော်တွေ စားမြုံ့ပြန်လာခဲ့ကြသည်။




ဒီ တန်ဆောင်မုန်း လပြည့်မှာတော့ ဒီကျွန်းကလေးသည် ထင်မှတ်ထားတာထက် ပိုပျော်စရာ ကောင်းသွားခဲ့ပါသည်။ (အဘယ်ကြော်င့ဆိုသော်... ::)))... ဆမ်ဘာဝမ် ပန်းခြံထဲမှာ ကျင်းပသော (၂၀၁၀) ဆမ်ဘာဝမ်း တန်ဆောင်တိုင်ပွဲတော် စတုဒိသာကျွေးပွဲမှာ ကျွန်တော်တို့မောင်နှမတတွေ စုပေါင်းအလှူလေးတစ်ခု ပျော်ရွှင် အောင်မြင်သွားခဲ့သောကြောင့် ဖြစ်၏။ ပျော်ရွှင်ဖွယ်ရာ နေ့လေးကို ကျွန်တော်တို့နှင့်ထပ်တူ ပျော်ရွှင်ကာ သာဓု ခေါ်ကြည်နူးကြစေဖို့ မျှဝေလိုက်ရင်း အချိန်အကြာကြီး ဖုန်တက်နေသော အိမ်ကလေးကို ကုသိုလ်မှုလေး တစ်ခုဖြင့် ဆေးပေါင်းခတဲ့ညမှာ အမှတ်တရ တင်လိုက်ခြင်းလည်း ဖြစ်ပါသည်။



နောက်ဆက်တွဲ သတင်း

လာမည့် ဒီဇင်ဘာလထဲမှာ ၇န်ကုန်မြို့ ဝေဘာဂီဆေးရုံရှိ အေအိုင်ဒီအက်စ် ဝေဒနာရှင်များအတွက် စုပေါင်းအလှူတစ်ခု လုပ်နီုင်ဖို့ စီစဉ်နေပါသည်။ အလှူငွေ ထည့်ဝင်လိုသူများအတွက် ကြိုတင်သတင်းကောင်း ပါးထားရခြင်း ဖြစ်ပါကြောင်း.........





မေတ္တာဖြင့်
မိုးကုတ်သား



Sunday, August 29, 2010

မိုးကုတ်သား နဲ့ လက်ဗွေ




ကျွန်တော် စာမရေးဖြစ်တာ အတော်ကြာသွားခဲ့ပြီ။ တစ်လကို စာလေး တစ်ပုဒ်တောင် အနိုင်နိုင် ကြိုးစား ရေးနေဖြစ်တော့ အိမ်ကလေးလဲ ဖုန်တွေ အထပ်ထပ် တက်လို့ နေမှာပဲ။
“မိုးကုတ်သားရေ.. စာတွေရေးပါအုံး” တို့
“စာရေးတွေ ကျဲနေတယ်။ စာလေးဘာလေးရေးပါအုံး.. မျှော်နေတယ်” တို့.... ဘယ်သူမှ မပြောကြတော့လဲ တွန်းအား မရှိဘူးပေါ့ဗျာ... (အားနာပါးနာများ မေးကြ ပြောကြမလား ... မသိဘူး...)

ကျွန်တော် အလုပ်သစ်ပြောင်းသွားတော့ နေရာသစ်မှာ နေသား မကျသေးတာရယ်.. အလုပ်သစ်မှာ ကိုယ် မသိတာတွေ များလို့ လေ့လာနေရတာတွေရယ်ကြောင့်ပဲ စာရေးဖို့ ခြေဦး မလှည့်နိုင်တာ ပြောပြန်ရင်လဲ အကြောင်းသိတွေက ရယ်နေကြအုံးမယ်...။ အဲ.. စကားကြော ရှည်နေတာနဲ့ ပြောပြချင်တာလေးတောင် ခုထိ မစရသေးဘူးရယ်။

အလုပ်အသစ် ပြောင်းတော့ အလုပ်လုပ်ခွင့်ကဒ် အသစ်လဲရပါတယ်။ အဲဒီလို လဲတော့ ဘာကြောင့်မှန်းမသိ ကြာနေပြန်ကော။ ကဒ်ပြား မရမချင်း လူက စိတ်ပူရ..၊ အဆင်မပြေခဲ့သည်ရှိသော် ဆိုပြီး တခြားအလုပ်တွေ ဆက်ရှာရ နဲ့ အလုပ်မဝင်ခင် စပ်ကြား ဗျာများနေခဲ့တာ..။ ဟော.... အလုပ်လုပ်ခွင့်ကဒ် ထုတ်လို့ ရတော့မယ် ဆိုတော့မှ လက်ဗွေ နှိပ်ဖို့ လုပ်ရကော။ အဲဒီတော့မှ လူပေါင်း သန်းချီရှိတာ ဒီ လက်ဗွေတွေက တစ်ယောက်နဲ့တစ်ယောက် ဘာကြောင့် မတူကြတာလဲ ငယ်တုန်းက ထူးဆန်းခဲ့ဖူးတာ ပြန်သတိရမိတယ်။ ဒါပေသည့် ကျွန်တော့်လက်ဗွေဟာ တစ်ခြားတစ်ယောက်ယောက်နဲ့ ထပ်တူ လုံးဝ ကျနိုင်လား၊ မကျနိုင်ဘူးလား။ ဒီကမ္ဘာပေါ်မှာ ကျွန်တော်နဲ့ လက်ဗွေ တစ်ထပ်တည်း တူတဲ့သူရော မရှိနိုင်ဘူးလား အူကြောင်ကြောင် တော့ ပြန် တွေးမိသွားသေးတယ်။

နောက်တစ်ခုက အကျင့် နဲ့ မသိစိတ်ရဲ့ မှတ်သားထားမှု..။ လက်ဗွေနှိပ်မယ်ဆို လူက အလိုလို လက်မကို ထိုးပေးမိတာ..။ လက်မက လက်ဗွေကိုပဲ ပေးရမယ်လို့ ဘယ်တုန်းကရင်း မသိစိတ်က ဘာကြောင့် မှတ်သားထားခဲ့မှန်း စဉ်းစားမရဘူး။ အလုပ်သမားကဒ်ရုံးက လက်ဗွေယူတော့ လက်မကိုပဲ ထိုးပေးမိတယ်။ လက်ဗွေယူတဲ့ အမျိုးသမီးက လက်မရော၊ လက်ညှိုးရော ဘယ်ညာ နှစ်ဘက်လုံးကို ယူသွားရော..။ လက်ဗွေကို မျက်နှာပြင်အပြည့်ယူချင်လို့လားမသိ... ကျွန်တော့်လက်မနဲ့ လက်ညှိုးကို တည့်တည့်နှိပ်ရယုံတင်မကဘူး... ဘယ်စောင်းလိုက် ညာစောင်းလိုက်နဲ့ဖိသေးတာ။ သူ စိတ်ကျေနပ်မှ လက်ကို လွှတ်တော့တယ်။ ထားတော့...။ လူတစ်ယောက်ကို မှတ်ပုံတင်ချင်ရင် လက်ဗွေက အရေးကြီးမှန်း ဘယ်သူက ရှာဖွေ တွေ့ရှိခဲ့သလဲ.. ဘာလဲ...၊ လူတစ်ယောက်ရဲ့ ရပ်တည်မှုဟာ လက်ဗွေပေါ်မှာလဲ တည်မှီနေမှန်း ဘာမှန်း.. ဆက်မစဉ်းစားတော့ဘူး။ အရေးကြီးတာ ကဒ်ပြားရဖို့..။ အဲတာရမှ အလုပ်စဆင်းလို့ ရမှာကိုး...။

ဒီလိုနဲ့... ကဒ်ရတော့ အလုပ်စဆင်းရော ဆိုပါတော့။ အလုပ်မှာကလဲ ကိုယ့် ကိုယ်ပိုင်နံပါတ်နဲ့..၊ ကိုယ့်လက်ဗွေနဲ့ နှိပ်ပြီးဝင်မှ ရုံးထဲကို ဝင်ခွင့်ရတာ..။ အော်.. ဒီ လက်ဗွေက အဲလောက် အရေးပါတာကိုးလို့ ထပ်တွေးမိသွားပြန်ကော..။ အလုပ်ဝင်စမှာတော့ လက်ဗွေ မှတ်ပုံ မတင်ရသေးလို့ သူတစ်ပါး ဝင်တဲ့ အချိန်စောင့်ပြီး လိုက်ဝင်ရတယ်။ ဒါမှမဟုတ် တံခါးစောင့်တဲ့သူ ရှိနေရင် သူက ဖွင့်ပေးတယ်။ ဝင်ချိန်..၊ ထွက်ချိန်.. လက်မှတ်ထိုးရုံပဲ...။ ဒါကို ဒုက္ခမခံနိုင်တော့ မန်နေဂျာ မမကို လက်ဗွေနှိပ်ဖို့.. ကျွန်တော့် ကိုယ်ပိုင်နံပါတ်ပေးဖို့ သွား သွားပြီး ဂျီကျနေတာ..။ တစ်ပါတ်ကျော်လောက် စောင့်မှ.. ကျွန်တော့် ကိုယ်ပိုင်နံပါတ်ရပြီး လက်ဗွေနှိပ်ဖို့ ရုံးအဝင်တံခါးက စက်လေးဆီ သွားရတယ်။ ကျွန်တော်ရယ်..နောက်ထပ် ဝန်ထမ်းအသစ် သုံးယောက်ရယ်..။ သူတို့က အသစ် ဆိုပေမဲ့ ကျွန်တော့်ထက် အလုပ်ဝင်တာ ပိုစောကြတယ်။ ကျွန်တော်တို့ လေးယောက်..အပေါက်ဝမှာ မန်နေဂျာမမ ပြောတဲ့ ကိုယ့် ကိုယ်ပိုင်နံပါတ်ရယ် လက်ဗွေရယ်ကို စက်ကလေးမှာ မှတ်ပုံတင်ရတယ်။ မှတ်ပုံတင်တယ်ဆိုတာကလည်း.. ကိုယ့်ကိုယ်ပိုင်အမှတ်ကို စက်ကလေးမှာ ခလုပ်နှိပ်ပြီး ရိုက်ထည့်၊ ပြီးရင် လက်ဗွေဖတ်တဲ့ မှန်ပြားလေးပေါ် ကိုယ့်လက်ဗွေကို နှိပ်၊ စက်က လက်ဗွေကို ဖတ်ပြီးသွားရင် ကိုယ့် ကိုယ်ပိုင်အမှတ်နဲ့ ကိုယ့်လက်ဗွေကို တွဲမှတ်သွားတာ။ ကိုယ်က ရုံးထဲ ဝင်ချင်ရင် ကိုယ့် ကိုယ်ပိုင်အမှတ် ကို ရိုက်ထည့်. စက်က လက်ဗွေတောင်းရင် ကိုယ့်လက်ဗွေလေးကို လက်ဗွေနှိပ်တဲ့ နေရာပေါ်တင်လိုက်..။ မှန်ရင် တံခါးဖွင့်တယ်။ မမှန်ရင်တော့ သင့်မှာ ဝင်ခွင့်မရှိဘူး လို့ စက်က ပြန်ဖြေပြီး တံခါးက ပွင့်မယ် မဟုတ်ဘူး။ သူတပါးတွေက လက်ဗွေ နှိပ်ရင် လက်ညှိုးကိုပဲ ထိုးပေးကြတာသတိထားမိပေမဲ့ ကျွန်တော့်ကလှည့်ရောက်တော့ ထုံးစံအတိုင်း လက်မပဲ ထွက်လာတယ်။ စက်ကလေးကလည်း... လက်မက... လက်ဗွေကို မှတ်သွားကော။ ကျွန်တော့် ကိုယ်ပိုင်အမှတ်နဲ့ လက်ဗွေကို နှိပ်ပြီး သေချာအောင် ပြန်စစ်တော့လဲ စက်လေးက တံခါးဖွင့်ပေးတယ်။ အေးဆေးပေါ့။ ရုံးကို ဝင်တာနဲ့ ကိုယ့်ကို ဘယ်အချိန်ရုံးရောက်လဲ.. ဘယ်အချိန် ရုံးပြန်လဲ ဆိုတာက အစ စက်လေးက တစ်ခါတည်း မှတ်ထားပေးတယ် ဆိုတော့ကာ... တစ်လတစ်လ ရုံးတက်ချိန်တွေ ဖြည့်ပြီး တင်ရတဲ့အခါဆို ပိုတောင်လွယ်သေး..။ ကိုယ်မမှတ်မိရင် မန်နေဂျာမမကို သွားမေးလိုက်ရုံပဲ...။

ဒီလိုနဲ့ လက်ဗွေကိစ္စက ခေါင်းထဲ ဆက်မဝင်လာပဲ အေးဆေးဖြစ်နေပြန်ကော။ အဲနေ့က ရုံးအပြန်မှာ ကိုယ့်ကိုယ်ပိုင် အမှတ်နဲ့ လက်ဗွေကိုနှိပ်ပြီး ပြန်ရတော့ စိတ်ထဲတောင် ပျော်နေမိသေး..။ ပြဿနာက နောက်ရက်မနက် ရုံးတက်တော့မှ စတော့တာပဲ..။ အဲနေ့က ဖြစ်ချင်တော့ ရုံးကို ဇွဲကောင်းကောင်းနဲ့ အစောကြီး ရောက်တယ်။ အဝင်ဝမှာ ကိုယ့် ကိုယ်ပိုင်အမှတ်ကို ရိုက်ထည့်ပြီး လက်ဗွေနှိပ်တော့ စက်က မင်းမှာ ဝင်ခွင့်မရှိဘူး။ မင်းရဲ့ ၀င်ခွင့်မှတ်ပုံတင်တာ မအောင်မြင်ဘူးပဲ တစ်ချိန်လုံး အော်နေတော့တယ်။ လက်မကို ဟိုဘက်ရွှေ့လိုက် ဒီဘက်ရွှေ့လိုက်နဲ့ အမျိုးမျိုးလုပ်ကြည့်ပေမဲ့ မအောင်မြင်ဘူး။ ငါးမိနစ်၊ ဆယ်မိနစ်လောက် ကြာတော့ လူလည်း ချွေးပြန်နေပြီ။ တံခါးစောင့်တဲ့ သူကလည်း မရှိ။ ရုံးကို တစ်ခြားလူတွေလဲ တဖွဲဖွဲ ရောက်လာကြပြီ။ သူတို့တွေ ဝင်သွားတော့ စက်က အေးအေးဆေးဆေးပဲ။ လက်ဗွေဖတ်တဲ့ မှန်ပြားလေးကို သေချာကြည့်မှ လက်ညှိုးလေးတစ်ပြားစာ သေးသေးလေးရယ်.....။ ကျွန်တော့်လက်မက အဲဒီ မျက်နှာပြင်က ဖတ်နိုင်တဲ့ အကွက်လေးထက် ပိုပြီး ကြီးနေတယ်။ မနေ့က ဘယ်နေရာကိုများ သွားတင်မိပါလိမ့်.. စဉ်းစားလို့ မမှတ်မိတော့ဘူး။ ဘာကြောင့်များ သူတပါးတွေလို လက်ညှိုးကို မှတ်ပုံမတင်မိပဲ ဒီလက်မကြီးပဲ သွားထိုးပေးမိတာပါလိမ့်.. ကိုယ့်ဘာသာပဲ အပြစ် တင်နေမိတော့တယ်။ သယ်သူကမှ လက်မ တစ်ခုထဲနဲ့ပဲ လက်ဗွေ ယူလို့ ရတယ် ပြောမထားပါပဲ...။ လက်မကို အားကြိုးမာန်တက် ဟို ဒီ ရွှေ့ပြီး နှိပ်တော့မှ နေရာမှန်သွားလို့ ထင်ပါရဲ့။ အောင်မြင်သွားတယ်။ ဝမ်းသာအားရ ဝင်ပြီးမှ အစောနက လက်မရဲ့ ဘယ်အပိုင်းက နေရာအမှန်လဲ မှတ်မထားမိတာ သတိထားမိပြီး အပြန်အတွက် စိတ်လေသွားရပြန်ပါရော..။
အဲနေ့က တစ်နေ့လုံး ဒီ လက်ဗွေကိစ္စပဲ စိတ်ထဲ ရောက်နေတော့တာ။ လူတွေ တစ်ယောက်နဲ့ တစ်ယောက် လက်ဗွေချင်း လုံးဝ မတူကြတာ မထူးဆန်းတဲ့ ကိစ္စပဲ ထားပါအုံးတော့။ ဒီလူတစ်ယောက်ထဲရဲ့ လက်ဗွေကိုမှ ခုလို စက်က ဖတ်တဲ့ နေရာ နဲနဲလွဲတာနဲ့တောင် မမှတ်မိဘူး ဆိုလေတော့ကာ..။ လက်ဗွေ ဆိုတိုင်း ပေးချင်အုံးဟဲ့ ဒီလက်မ လို့သာ ကိုယ့်ဘာသာ စိတ်တိုနေမိတော့တယ်..။
ရုံးက သူငယ်ချင်းတွေကတော့ စက်က တစ်ခါတစ်ခါ ကြောင်တတ်တယ် ပြောတယ်။ တစ်ယောက်ဆို သူ့လက်က အသားတွေ ခဏခဏ ကွာတတ်တဲ့အခါကျတော့ ရုံးထဲ ၀င်တဲ့အခါဆို သူ့လက်ဗွေကို စက်က မမှတ်မိဘူးတဲ့. အမြဲ ဒုက္ခရောက်ရတယ် ပြောတယ်။ တစ်ချို့လူတွေကျတော့ သူတို့ မှတ်ပုံတင် အတု၊ အသစ်လုပ်တဲ့အခါ လက်ဗွေပြောင်းးအောင် လက်က အသားတွေကို လှီးထုတ်ပစ်တတ်ကြတယ်တဲ့။ လက်မှာ အသားအသစ် တက်လာတဲ့အခါကျ လက်ဗွေကလဲ ပြောင်းသွားတယ် ပြောတာ ကြားဖူးရဲ့။

အရင်ကတော့ လက်ဗွေတွေဟာ လူတစ်ယောက်နဲ့တစ်ယောက်မှာ... မတူကြသလို.. ကွဲပြားကြသလို.. လူ့ စိတ်သဘောထားတွေဟာလဲ မတူနိုင်ကြတာ၊ တူမယောင်ယောင်နဲ့ ကွဲပြားနေကြတာပဲလေ ဆိုပြီး လက်ဗွေကို မှတ်ပုံတင်မှတ်ဖို့ထက် ပိုပြီး နက်နက်နဲနဲ ဆက်မတွေးဖြစ်ခဲ့ဘူး..။ ခုနောက်ပိုင်းတော့....

အော်.. လက်ဗွေ.. လက်ဗွေ.. တော်တော် အရေးကြီးတဲ့ လက်ဗွေပါလား..။ လက်မလေး တစ်ပြားစာ အကွာအဝေးကိုတောင်မှ စက်က မှတ်ထားတဲ့ နေရာကို အတော် ကြိုးစား ရှာရပါလား..။ ခက်ခဲနေခဲ့ရင်လဲ မန်နေဂျာမမကို လက်ဗွေ ပြန်မှတ်ခိုင်းမယ်။ ဒီတစ်ခါ လက်ဗွေမှတ်ရင်တော့ စက်က အပြည့်ဖတ်နိုင်တဲ့ လက်ညှိုးကိုပဲ ပေးတောမယ်လို့ စဉ်းစားထားလိုက်တယ်။ ဒါပေမဲ့ နောက်ဆုံးတော့ စက်က မှတ်ထားတဲ့ ကျွန်တော့်လက်မရဲ့ လက်ဗွေ အနေအထား နေရာမှန်ကို ရှာဖွေ တွေ့ရှိသွားတယ်။ ခုတော့လဲ ရုံး အဝင်အထွက်တိုင်း လက်မရဲ့ လက်ဗွေနေရာအမှန်ကို ရှာစရာ မလိုတော့ဘူး။ သူ့အလိုလို လက်မက နေရာမှန်ကို တင်ပေးမိလျက်သား...။


မေတ္တာဖြင့်
မိုးကုတ်သား

Sunday, August 1, 2010

တနင်္ဂနွေ


တနင်္ဂနွေသည် တနင်္ဂနွေတစ်ခုသာ ဖြစ်သည် ဆိုပါစို့။ သူက ဘာမှ မပြောင်းမလဲသယောင် ရှိနေလိမ့်မည်။ သို့သော် ပြက္ခဒိန်ပေါ်က ရက်စွဲများ၊ သက္ကရာဇ်များကတော့ ပြောင်းလဲသွားခဲ့ပြီးပြီ...။ တနင်္ဂနွေချင်း တူသော်လည်း သေချာတာ တစ်ခုကတော့ ဒီ တနင်္ဂနွေသည် ယခင်က တနင်္ဂနွေနေ့ရက်များ မဟုတ်တော့။ နောင် ရှေ့ဆက် ကြုံရမည့် တနင်္ဂနွေများနှင့်လည်း ကွဲလွဲချက်တွေ ရှိနေပါအုံးမည်။ မပြောင်းလဲတာကတော့ မသိမသာ ပြောင်းလဲခြင်းများနှင့် သိသိသာသာ ပြောင်းလဲခြင်းများ သိသိသာသာရော မသိလိုက်ဘာသာရော ရှိခဲ့ခြင်း ဖြစ်သည်။ ဆက်လက်ရှိနေလိမ့်အုံးမည်။

တနင်္ဂနွေတစ်နေ့က ကျွန်တော် သူငယ်ချင်းများနှင့် အတူ လျှောက်လည် ဖြစ်ဖူးသည်။

တနင်္ဂနွေတစ်နေ့က ကျွန်တော် ရယ်မော ပျော်ရွှင်ခဲ့ဖူးသည်။

လွန်ခဲ့သော တနင်္ဂနွေတွေ အတော်များများမှာ မြင်မြင်သမျှ ကျွန်တော် စိတ်ဝင်စားတာတွေ့လျှင် ကင်မရာတစ်လုံးနှင့် လျှောက်ရိုက်ခဲ့ဖူးသည်။

တနင်္ဂနွေတွေမှာ ကျွန်တော် စိမ်းလန်းဖူးသလို တနင်္ဂနွေတွေမှာ ကျွန်တော် တိတ်တဆိတ် သွေ့ခြောက်ခဲ့ဖူးသည်။

တနင်္ဂနွေတစ်နေ့က ကျွန်တော့်ဘ၀မှာ တစုံတရာ ကောက်ရခဲ့ဖူးပြီး တစုံတရာ ပျောက်ရှခဲ့ဖူးသည်။

တခါတခါမှာတော့ တနင်္ဂနွေက ကျွန်တော့်ကို စိတ်ကောက်ဖူးပြီး ကျွန်တော်က တနင်္ဂနွေကို စကားမပြောသော အ၀ါရောင် တနင်္ဂနွေ နေ့ရက်များလည်း ရှိသည်။

တနင်္ဂနွေတစ်နေ့က ချစ်သူ စိတ်ဆိုးပြီး ကျွန်တော့်လက်ဖျံကို သွေးထွက်အောင် ဆိတ်ဆွဲခဲ့ဖူးကြောင်း အမာရွတ်တစ်ခု သက်သေရှိခဲ့သည်။ ကေးဝဋ်ပုဏ္ဏားလို အငြိုးစိတ်၊ နာကျည်းစိတ်နှင့်တော့ တစ်ခါဖူးမျှ ထိုအမာရွတ်ကို မကြည့်ဖူးကြောင်း အမာရွတ်ကို ခပ်ဖွဖွ နမ်းရင်း တနင်္ဂနွေတိုင်း ကျွန်တော်တိုင်တည်နေမိသည်။

`အိုကေ အာဘွားတစ်သောင်းနေရာအနှံ့
ဘတ်ဒေးပရဲဆန့် ´
တနင်္ဂနွေတစ်နေ့က ချစ်သူဆီမှ ရခဲ့ဖူးသော ထို.. မွေးနေ့လက်ဆောင်.. အနမ်းများသည် တနင်္ဂနွေတစ်နေ့မှာပဲ ပြန်ရုပ်သိမ်းသွားတာ ခံခဲ့ရဖူးသည်။ မှတ်မှတ်ရရ ထိုနေ့က ကျွန်တော့် စပယ်ရုံလေး သေဆုံးသွားသော နေ့တစ်နေ့လည်း ဖြစ်သည်။

တနင်္ဂနွေတစ်နေ့၏ အလင်းစစ်စစ်များအောက်မှာ ကျွန်တော်က အိပ်မက်နေခဲ့ပြီး အလင်းတုတွေ တောက်ပနေချိန်မှ နိုးထလာခဲ့ဖူးသည်။

တနင်္ဂနွေတစ်နေ့က မိတ်ဆွေတစ်ချို့နှင့် မိတ်ဆွေတစ်ယောက်၏ မင်္ဂလာဆောင်မှာ ဆုံဖြစ်ခဲ့ကြပြီး `မင်းရော.. ဘယ်တော့ မုန့်ကျွေးမှာလဲ´ ဆိုသည့် မေးခွန်းတစ်ခုကို ကြားကြားမိချင်း စားလက်စ ရေခဲမုန့် သီးသွားခဲ့ဖူးသည်။ မိတ်ဆွေများက ကျွန်တော် အားငယ်သွားတာဟု ထင်သွားကြ၏။ ကျွန်တော်က ဆုပ်ကိုင်နွေးထွေးခဲ့ဖူးသော လက်တစ်စုံကို တမ်းတမိသွားကြောင်း သူတို့ကို မပြောပြခဲ့ပါ..။ ချစ်သူကို လွမ်းဆွတ်စေသော ထိုမင်္ဂလာပွဲများကို ကျွန်တော်... မသွားချင်သော်လည်း ရှောင်ဖို့လည်း မကြိုးစားခဲ့..။

တနင်္ဂနွေတစ်နေ့က အသက် ဆယ့်ကိုးနှစ်အရွယ် ကျွန်တော့် ဆွေမျိုးတစ်ယောက် ငယ်ငယ်လေးနှင့် ဘာရောဂါမှ မရှိပဲ ရုတ်တရက် ဆုံးပါးသွားသည့်သတင်းကြောင့် လိမ္မာရေးခြားရှိလွန်းသည့် ခလေးတစ်ယောက်ကို နှမျောစိတ်နှင့် ၀မ်းနည်းကြေကွဲခဲ့ရဖူးသည်။

နောက်ပြီး တနင်္ဂနွေတစ်နေ့မှာပဲ ရေမကူးတတ်သော ကျွန်တော် ရေဆော့ကောင်းပြီး ပင်လယ်ရေနက်ထဲ မျောပါကာ ကံသီလို့ သေတွင်းက လွတ်ခဲ့ရဖူးသည်။ သေခြင်းတရားသည် အချိန်မရွေးရောက်လာတတ်မှန်း တနင်္ဂနွေမှမဟုတ်.. နေ့တိုင်း အသိရှိနေပါက ရှင်သန်ရခြင်း၏ ဒုက္ခ၊ သုခများကို ခံနိုင်ရည် ရှိလာမည်လား။ ဘ၀တစ်ခုကို အနိုင်ပိုင်းခြင်းသည် သေခြင်းတရားသာ ဖြစ်ကြောင်း ယုံကြည်သူများထဲမှာ ကျွန်တော် မပါဝင်ခဲ့ကြောင်း ထို.. တနင်္ဂနွေတစ်နေ့က ပြောပြခဲ့ဖူးပါသည်။

တနင်္ဂနွေနေ့ရက်တစ်ချို့မှာ ကျွန်တော် အားလပ်နေခဲ့ဖူးသည်။ သို့သော် ဘယ်ဘက်နှာခေါင်းပေါက်က အသက်ရှူသလား.. ညာဘက်နှာခေါင်းပေါက်က အသက်ရှူသလား... တနင်္ဂနွေနေ့ရက်ကို ၀င်လေရှူရှိုက်ခြင်းဖြင့် စတင်မိလိုက်သလား.. ထွက်လေကို မှုတ်ထုတ်လိုက်ရင်း စတင်မိလိုက်သလား ခွဲခြမ်းစိတ်ဖြာနိုင်လောက်သည်အထိတော့ သမာဓိအား မကောင်းသေးပါ။ သို့သော် စိတ်အခန့်မသင့်မှုများ၊ ဒေါသသင့်စေမှုများကြောင့် စွန်းပေသွားသော ကျန်ခြောက်ရက်လုံးက စိတ်အညစ်အကျေးတွေကို တနင်္ဂနွေတွေမှာ ကျွန်တော် ပြန်လျှော်ဖွပ်နိုင်သည်။

တခါတရံမှာ ကျွန်တော့်ခံစားချက်များသည် ပတ်ဝန်းကျင်နှင့် တိုက်ရိုက်အချိုးကျနေခဲ့ပြီး ကျွန်တော် ကိုယ်တိုင်၏ ဖြစ်တည်မှုများ မှုန်ဝါးသွားတတ်ခဲ့ရခြင်းများမှာ ကျွန်တော်၏ အားနည်းချက် သက်သက်သာ ဖြစ်ပြီး တနင်္ဂနွေနှင့် မှမဟုတ်၊ မည်သည့်နေ့များနှင့်မှ တစ်စွန်းတစ်ပါဒမျှ မသက်ဆိုင်ကြောင်း မမေ့မလျှော့ သတိလေး ရှိနေတတ်ခဲ့ပြီ။ နောက်ကျောမှ ဓားများအကြောင်းကို တနင်္ဂနွေတွေမှာ တဖွဖွကြားနေရသော်လည်း ကျွန်တော့်ကျောပြင်မှာ ဒဏ်ရာဒဏ်ချက်ရှိလား စစ်ဆေးဖို့ တစ်ခါဖူးမျှ သတိတရ မရှိတတ်ခဲ့ပါ။ တနင်္ဂနွေကတော့ ဓားတစ်လက် မဟုတ်တာ အင်မတန် သေချာပါသည်။

သိပ်ပြီး အားလပ်နေသော တနင်္ဂနွေများတွင်တော့ တနင်္ဂနွေသာ စကားပြောတတ်ပါက သူ ကျွန်တော့်အပေါ် ဘာတွေခံစားနေ၊ တွေးနေ၊ သုံးသပ်နေမိမှာပါလိမ့် ဟု ပေါက်ပေါက်ရှာရှာ စိတ်ကူးမိတတ်သည်။

တနင်္ဂနွေတွေကြောင့် ကျွန်တော်ပျော်ရွှင်ရခြင်း၊၀မ်းနည်းရခြင်း အပေါ် သူ ဘာတွေ ပြောချင်မှာပါလိမ့်။

တနင်္ဂနွေကို လိုအပ်စွာ ချစ်ခင်မိတတ်သလို တနင်္ဂနွေကို မလိုလားစွာ ခါးသီးမိခဲ့ခြင်းတွေအပေါ် သူဘာတွေ တုံ့ပြန်ချင်မှာပါလိမ့်။

တနင်္ဂနွေကို ရိုးရိုးသားသား ဖြတ်သန်းကြသူများ၊ မရိုးမသား ဖြတ်သန်းကြသူများ၏ တနင်္ဂနွေအပေါ် အမြင်များသည် သူနှင့်လုံးဝ မသက်ဆိုင်ကြောင်း၊ ကာယကံရှင်နှင့်သာ တိုက်ရိုက်သက်ဆိုင်ကြောင်း ရှင်းလင်းချက်များ ထုတ်ပြန်နေမှာလား.... ။ ကျွန်တော်တို့၏ တနင်္ဂနွေအပေါ် အမြင်ကြည်မှု မကြည်မှုတွေကို ခပ်မဆိတ်...မတုန်မလှုပ် လက်ပိုက်ကာ ပြုံးကြည့်နေမှာလား...... ။

တနင်္ဂနွေကတော့ သူ့ကို ဘုရားသခင်က ဖန်ဆင်းခဲ့တာလား.. လူတွေကသာ သူ့ကို ပြဋ္ဌာန်းခဲ့လား သိသိကြီးနှင့် ရေငုံနှုတ်ပိတ်နေပါလိမ့်မည်။ တနင်္ဂနွေက တစ်ခုခုတော့ ကျွန်တော်တို့ကို ပြောပါလိမ့်မည်....။ တနင်္ဂနွေ၏ အရောင်များကို ကျွန်တော် ခွဲခြမ်းဖို့ စိတ်မကူးမိသလို ကျွန်တော်ကြိုက်သော အစိမ်းရောင်တွေချည်းသာလည်း တနင်္ဂနွေကို ဆေးခြယ်ဖို့ ကြိုးစားမိမည် မဟုတ်ပါ...။

ဒီတနင်္ဂနွေမှာတော့ ကျွန်တော့် မှာ ဘာလျှို့ဝှက်ချက်မျှ မရှိကြောင်း တနင်္ဂနွေက မမေးပါပဲ ဖြောင့်ချက်တွေ ပေးနေမိသည်။ ကျွန်တော် ဖုံးကွယ်လိမ်ညာထားမှုများ ရှိပါက ထိုအရာများသည် သူတပါးအတွက် အကျိုးမရှိသော အရာများ.. တချို့က အကျိုးယုတ်စေသောအရာများသာ ဖြစ်ကြောင်း တိတ်တဆိတ် တောင်းပန် ပြောနေမိသော်လည်း တနင်္ဂနွေက အရာရာကို သဘောပေါက်နားလည်သည့် မျက်လုံးများဖြင့်သာ နားထောင်နေခဲ့၏။ ကျွန်တော့်သမိုင်း၏ ကောင်းကျိုး၊ ဆိုးကျိုးမှာ ကျွန်တော့် ကိုယ်ပိုင် လုပ်ဆောင်ချက်များ၊ ခံစားချက်များ၊ တုံ့ပြန်မှုများ.. အမြင်များနှင့်သာ တိုက်ရိုက်သက်ဆိုင်ကြောင်း ဘာသာ သိနေခဲ့ပြီးပြီ။ ထို့ကြောင့် အမှားမကင်းသော ရက်စွဲများအတွက် တနင်္ဂနွေကို နောင်တစကားတော့ မဆိုမိပါ။ သူတပါးကို ပေါ်ပေါ်တင်တင်ရော၊ ခြုံခိုလျက်ကော တိုက်ခိုက်တတ်သော သူတစ်ယောက် မဟုတ်ကြောင်း၊ နောက်ပြီး တစ်ချို့သော နောက်ကျောများကို ထိုးစိုက်ချဖို့အတွက် ကိုယ့်ကိုယ်ကို တသသ သွေးနေသော ဓားတစ်လက်မဟုတ်ခြင်းအတွက်တော့ တနင်္ဂနွေကို ရဲရဲဝံ့ဝံ့ ကျွန်တော် ပြောပြနိုင်ပါသည်။

တနင်္ဂနွေက ကျွန်တော့်ကို စကားတစ်လုံးသာ ပြန်ပြောလိုက်သည်။ ထိုအခါ ကျွန်တော့်စိတ်သည် လင်းပွင့်လို့ သွား၏။ တနင်္ဂနွေက သူ ကျွန်တော့်ကို ဘာပြောခဲ့သလဲ.. ဘယ်သူ့ကိုမျှ ပြန်မပြောပြဖို့ အထပ်ထပ် မှာကာ သူ၏ နံနက်ခင်းကို မိုးစက်များဖြင့် နိုးထစေလိုက်သည်။

တနင်္ဂနွေသည် တနင်္ဂနွေတစ်ခုသာ ဖြစ်သည်။ သူက ဘာမှ မပြောင်းမလဲသယောင် ရှိနေလိမ့်မည်။ သို့သော် ပြက္ခဒိန်ပေါ်က ရက်စွဲများ၊ သက္ကရာဇ်များကတော့ ပြောင်းလဲသွားခဲ့ပြီးပြီ...။ တနင်္ဂနွေချင်း တူသော်လည်း သေချာတာ တစ်ခုကတော့ ဒီ တနင်္ဂနွေသည် ယခင်က တနင်္ဂနွေနေ့ရက်များ မဟုတ်တော့။ နောင် ရှေ့ဆက် ကြုံရမည့် တနင်္ဂနွေများနှင့်လည်း ကွဲလွဲချက်တွေ ရှိနေပါအုံးမည်။ မပြောင်းလဲတာကတော့ မသိမသာ ပြောင်းလဲခြင်းများနှင့် သိသိသာသာ ပြောင်းလဲခြင်းများ သိသိသာသာရော မသိလိုက်ဘာသာရော ရှိခဲ့ခြင်း ဖြစ်သည်။ ဆက်လက်ရှိနေလိမ့်အုံးမည်။

ဒီတနင်္ဂနွေအတွက် စခဲ့သော ထို အတွေးများကို ပြန်သတိရမိသောအခါ ကျွန်တော် မရည်ရွယ်ပဲ မေးခွန်းတစ်ခု တနင်္ဂနွေကို မေးမိသွားသည်။ ခလေးဆန်သော ထိုမေးခွန်းအတွက်လဲ အားနာကာ... ကျွန်တော့်ကိုယ် ကျွန်တော် ရှက်သွားမိသေးသည်။

`တကယ်လို့များ ဒီနေ့ကို တနင်္ဂနွေလို့ မသတ်မှတ်ပဲ တစ်ခြား တစ်ခုခု သတ်မှတ်ခဲ့ရင် တနင်္ဂနွေဆိုတာ ရှိလာမယ် ခင်ဗျား ထင်သလား´

တနင်္ဂနွေက သူဖြေဆိုရန် မလိုအပ်သော ကျွန်တော့် မေးခွန်းကို အသာအယာ ခေါက်သိမ်းထားလိုက်ပြီး ဒီတစ်နေ့အတွက် လက်ကျန် မိုးရေစက်များကို ခါချနေခဲ့သည်။ ကျွန်တော်ကလည်း ဒီတနင်္ဂနွေ သူငယ်ချင်းအိမ် သွားကာ နေ့စာစားဖို့အတွက် ရွာနေသော မိုးကို မြန်မြန်တိတ်စေချင်ကြောင်း တနင်္ဂနွေကို ပြောပြမနေတော့ပါ။


မကြီး မနော်ဟရီ ရဲ့ တနင်္ဂနွေစီးချင်း ကို ဖတ်ပြီး စာမရေးဖြစ်တာ အတော်ကြာသွားတဲ့ ကျွန်တော် ဒီ စာစုလေး အမှတ်တရ ရေးဖြစ်သွားပါတယ်။ ဒီစာစုလေး ရေးဖြစ်စေဖို့ စိတ်ကူး..စပေးခဲ့တဲ့ မကြီး နဲ့ ဇက် ကို ကျေးဇူးတင်ပါတယ်...။



မေတ္တာဖြင့်
မိုးကုတ်သား

Wednesday, May 26, 2010

ထိုတစ်နေ့



" ထိုတစ်နေ့ " မစတင်ခင်ကရင်း.... အမှတ်တရ ကဗျာလေး တင်ဖို့ လုပ်နေရင်း.... ဖြတ်သန်းခဲ့တဲ့ မွေးနေ့တွေအကြောင်း နောက်ပြန်တွေးနေမိတယ်...။

ငယ်ဘဝမှာ မွေးနေ့ပွဲဆိုတာ မလုပ်ဖြစ်သလောက် ရှိရုံမက မွေးနေ့ဆိုတာကို မေ့ မေ့နေဖြစ်တဲ့ နှစ်တွေက အများသားရယ်...။

တကယ်လို့ မွေးနေ့ကို အမှတ်ရရင်လဲ ဘုန်းကြီးဆွမ်းကပ်၊ ဆွမ်းလောင်း အဲဒီလောက်ပဲပေါ့....။

မွေးနေ့ဆိုတာကို တခုတ်တရ သိပ်မရှိလှပေမဲ့ အမှတ်တရ ရှိသွားတဲ့ မွေးနေ့လေးတွေတော့ ကြုံဖူးခဲ့တယ်..။

မှတ်မှတ်ရရ... Design 2000 မှာ မေလဖွား ညီမလေးတစ်ယောက်နဲ့ မွေးနေ့ ကို စုပေါင်းပြီး လုပ်ဖြစ်ကြတာမျိုး....

နောက်တော့ 2007မှာ သယ်ရင်းတွေကို ရှမ်းခေါက်ဆွဲ ကျွေးဖြစ်ခဲ့တာ.... အဲဒီ သယ်ရင်းတွေ အားလုံးက ကျွန်တော့် မွေးနေ့ကို ရှမ်းခေါက်ဆွဲနဲ့ တွဲ အမှတ်တရ ဖြစ်သွားတဲ့ထိ လက်ရာကောင်းခဲ့တာကိုး.. (မယုံ မေးကြည့်ကြပါ :-P )

2008မှာတော့ ကျွန်တော် မေ့လျေားနေခဲ့တဲ့ မွေးနေ့ကို ကျွန်တော့် ချစ်လှစွာသော အမေသုံးယောက်ရယ် တီချယ်နှစ်ယောက်ရယ် သယ်ရင်းတစ်ချို့ရယ် တိတ်တဆိတ် စီစဉ်ပြီး လုပ်ပေးတဲ့ ပါတီလေးတစ်ခုနဲ့ ပျော်ရွှင်စေခဲ့တယ်။

2009မှာတော့ ကျွန်တော့်ဘဝထဲ အမြဲအမှတ်တရ ဖြစ်စေမဲ့ ညီငယ်လေးတစ်ယောက်ကို ကျွန်တော့်မွေးနေ့ နဲ့ ပတ်သက်ပြီး အမှတ်တရ.. ကောက်ရခဲ့တယ်......

ခု 2010မှာရော......


" ထိုတစ်နေ့ " က... ထုံးစံအတိုင်း လကုန်ခါနီးရက်ဆိုတော့ ရေခန်းနေတဲ့ အချိန်ပေါ့....

ကိုယ်ကချစ်တဲ့ ကိုယ့်ကိုချစ်တဲ့ သယ်ရင်းတွေ.. မောင်နှမတွေကို ကျွေးမွေးချင်စိတ်ရှိပေမဲ့ ဆန္ဒကို အသာ ဘေးချထားရတဲ့ နေ့ပေါ့....

အလုပ်ကလဲ ထွက်ထားတဲ့ လ.....

သယ်ရင်းတွေက စိတ်လိုက်မာန်ပါ ကျွန်တော် အလုပ်ထွက်ခဲ့လို့ စိတ်ပူပြီး အလုပ်သစ်ကို ဝိုင်းရှာပေးနေကြတယ်..

သယ်ရင်းတွေရဲ့ စေတနာမေတ္တာနဲ့ ရင်ထဲ နွေးထွေးခွန်အားရှိရချိန်မှာ..

အလုပ်သစ်ကလဲ အဆင်ပြေပါ့မလား.. ရင်နဲနဲ ပူနေရတဲ့အချိန်မှာ......

" မွေးနေ့ ဘာကျွေးမှာလဲ... "

" မိန်းမယူဖို့ အချိန်သိပ်နောက်ကျနေမယ်နော်.. "

" မစွံသေးဘူးလား " ဆိုတဲ့ မေးခွန်းတွေက ကျွန်တော့်ကို စိတ်ဓာတ်တော့ နဲနဲ ကျနေစေခဲ့တာ အမှန်

နောက်တော့ မွေးနေ့မတိုင်ခင်မှာ မွေးနေ့ အမှတ်တရအတွက် ကျွန်တော့် ချစ်သော ညီငယ်လေး ဖိုးစိန်က ပို့စ်တစ်ပုဒ်ရေးတင်ခဲ့တယ်...

" မွေးနေ့အတွက် လက်ဆောင်က အဲတာ အပြီးပဲနော် " လို့လဲ တစ်ဆက်တည်း ဖိုးစိန်က ပြောထားသေးတယ်....

ကျွန်တော် မွေးနေ့ မလုပ်နိုင်ပေမဲ့ အဲဒီ ပို့စ်လေးနဲ့ ကြည်နူး ပီတိ ဖြစ်ခဲ့ရတာပေါ့...။

၂၄ရက် ကနေ ၂၅ရက်ကို ကူးပြောင်းတဲ့ အချိန် ည ၁၂နာရီ ဒေါင်ကနဲကနေ.. ဖုန်းဆက်ပြီး မွေးနေ့ဆုတောင်းပေးသူတွေ၊ ဖုန်းနဲ့တစ်မျိုး မေးလ်နဲ့တစ်မျိုး စာပို့ ဆုတောင်းပေးတဲ့ သူတွေကို ဖုန်းဖြေရင်း၊ စာပြန်ပို့ရင်း၊ နောက် အမှတ်တရ ကဗျာလေးတွေ တင်ဖို့လုပ်ရင်း အလုပ်များနေတဲ့ ကျွန်တော့်ကို အိမ်က မောင်နှမတွေက ကြည့်မရကြတော့ဘူး ထင်ပါရဲ့။

" မွေးနေ့လေး ရောက်တာများ ဘာထူးဆန်းတာ ကျလို့၊ မျက်စိကို နောက်တယ် " လို့ ပြောနေကြသေးသည်...

ထူးဆန်းတာက... ကျွန်တော့် အနီးအနားမှာ ရှိနေတဲ့မောင်နှမတွေရော.. ခပ်လှမ်းလှမ်းက မောင်နှမတွေဆီကရော အသံတွေ တိတ်နေကြတာပဲ... မျိုးနဲ့ ဆောင်းဆီက ဖုန်းထဲ ဝင်လာတဲ့ ဆုတောင်းစာက လွဲရင် အကုန်လုံး အသံတွေ တိတ်နေကြသေးတာ...

" ကြည့်စမ်း.. ကိုကို့ကို ချစ်ပါတယ်.. ခင်ပါတယ်ဆိုတဲ့ မောင်နှမတွေ ဘယ်သူကများ ကိုကို့ မွေးနေ့ကို သတိရကြလဲ.. စာလေးတစ်စောင်တောင် လှမ်းပို့ကြသလား.... ချစ်ညီမ ဆိုတာကလဲ အစောကြီး ဝင်အိပ်တာ သိုးနေလောက်ပီ.. ဟက်ပီဘာ့သ်ဒေးလေးတောင် မလုပ်နိုင်ဘူးးး.. ချစ်ကြတာ.. ချစ်ကြတာ...."

ဖိုးစိန်ပြောမှပဲ လူက စိတ်မကောင်းချင်ချင် ဖြစ်လာတော့တယ်...

ဟုတ်ပါရဲ့ဗျာ..... ဘရက်ဒယ် မောင်နှမတွေ အကုန်လုံးက တစ်ယောက်ယောက်မွေးနေ့ဆို စုစည်းဆူညံ ပျော်ရွှင်နေကြတာ.. ကိုယ့်မွေးနေ့ကျမှ အိမ်ကို ဘယ်သူမှလဲ မလာ.. ဆုတောင်းလေးတောင် ဖုန်းနဲ့ လှမ်းပြောဖော် မရကြဘူးးး

ခုမှ တကယ် စိတ်ထဲ မကောင်းဖြစ်သွားသလိုလို.......

အလုပ်ကနေ သန်းခေါင်ကျော်ထိ မပီးသေးလို့ မနက်လင်းခါနီး လေးနာရီခွဲလောက်မှ အလုပ်ကနေ ပြန်လာရတဲ့ ၊ အကိုတော်ကို ချစ်လှပါချည်ရဲ့ ပြောလွန်းတဲ့ ညီမလေးကလဲ သူ ပြန်မလာမချင်း စိတ်ပူပီး အိပ်မပျော်ဖြစ်နေတဲ့ ကျွန်တော်.. သူပြန်လာလို့ အိမ်တံခါး ထဖွင့်ပေးတော့တောင် ဟက်ပီဘာ့သ်ဒေး တစ်ခွန်းမပြော..

အို ... အရင်ကလဲ မွေးနေ့ဆိုတာ ဒီလိုပဲ ကျော်ဖြတ်သွားခဲ့တာပဲမဟုတ်လား.. ဘာကြောင့် ဒီတစ်နှစ်ကျမှ စိတ်ထဲ ဝမ်းနည်းချင်နေရတာပါလိမ့်....

ကြိုးစားပြီး အိပ်ပေမဲ့ ထိုတစ်နေ့၏ အစဦးမှာ ကျွန်တော့်ရင်ထဲ တစုံတရာက လွတ်ဟာလို့ နေခဲ့တာ....

" ကိုကို.. ထတော့လေ.. ဘုန်းကြီးကျောင်းသွားမှာဆို... သွေး သွားလှူမယ်ဆို.. ရုံးကလဲ ခေါ်ထားသေးတယ်ဆို...."

ကျွန်တော့် မွေးနေ့ကို ဂရုမစိုက်ပဲ၊ နောက်ပြီး... ကျွန်တော့်ဘေးမှာ အတူ မလိုက်ပေးပဲ ဒီနေ့မှ ကျောင်းမှာ ပရောဂျက်ရှိလို့ ညရှစ်နာရီအထိ နေရမယ် ပြောတဲ့ ဖိုးစိန်ကိုလဲ စိတ်က သိပ်မကျေနပ်.. သို့သော်... မွေးနေ့ အမှတ်တရ ပို့စ်လေး တင်ပေးပြီးတုန်းကရင်း မွေးနေ့မှာ ဘာလက်ဆောင်မှ မလိုတော့ဘူး ကျေနပ်ပီ ပြောထားခဲ့ပြီးသား.. အင်းလေ ဘယ်တတ်နိုင်မှာလဲ..

ကျွန်တော်တစ်ယောက်တည်း သွားရုံပေါ့....

မသွားချင် သွားချင်နှင့် အချိန်ဆွဲနေသော ကျွန်တော့်ကို ပြာဂျီးနှင့် ဖိုးစိန်က စိတ်မရှည်တော့...

" သွားတော့လေ.. အိမ်ကို ဘယ်အချိန် ပြန်ရောက်မှာလဲ... အိမ်ပြန်လာဖို့ အချိန်မရရင်လဲ ညနေကျ စီးတီးဟောမှာ စောင့်နေ.. မောင်ကိုကို နဲ့လဲ ကော်ဖီဆိုင်မှာ ချိန်းထားသေးတယ်မလား.. အဲတာပြီးမှ အိမ်ပြန်လာခဲ့ပေါ့....."

ဇွတ်အတင်း အိမ်ကနေ နှင်ထုတ်နေတော့ ကျွန်တော်လည်း စိတ်သိပ်မပါလှစွာ အိမ်ကနေ ထွက်ခဲ့တယ်...

တော်ပါသေးရဲ့..... မျိုးက အလုပ်ကနေ ခွင့်ယူထားပြီး ကျွန်တော် သွားလေရာ ဘေးမှာ အဖော်လိုက်ပေးတော့ ငြိမ်ချက်သား ကောင်းစွာ တိတ်ဆိတ်နေကြသော မောင်နှမတွေကြောင့် စိတ်မကောင်းဖြစ်ချင်နေတာတွေက အနည်းငယ် သက်သာရာ ရသေးသည်..။

ထိုနေ့က အိမ်ကနေထွက်တော့ နေ့လည် ဆယ့်တစ်နာရီခွဲ လို့ နေခဲ့ပြီ..။ ဘုန်းကြီးကျောင်းသွားကာ တစ်ခုခု လှူချင်သော်လည်း ရုံးက ခေါ်ထားတာ နေ့လည် ဆယ့်နှစ်နာရီခွဲ.. အချိန်က သိပ်မလောက်တော့..။ ဒီတော့ ဘုန်းကြီးကျောင်းကို မသွားသေးပဲ ရုံးဘက် အရင် သွားလိုက်သည်...။ ကျွန်တော် ထင်ထားသည့်အတိုင်း.. ရုံးက သူဌေးနှင့် လုပ်ဖော်ကိုင်ဖက်တွေက ကျွန်တော့် မွေးနေ့အတွက် အမှတ်တရ နေ့စာကို စားသောက်ဆိုင်တစ်ခုမှာ ခေါ်ကျွေးကြခြင်း ဖြစ်သည်..။ ကျွန်တော့်အတွက် မွေးနေ့ ဆုတောင်းပေးကြ၊ စကားတွေ ပြောကြနှင့် စားသောက်ဆိုင်က ထွက်လာတော့ နေ့ နှစ်နာရီခွဲကျော်နေခဲ့ပြီ..။ သောကြာနေ့အတွက် ဒန်ပေါက်မှာဖို့ ကိစ္စ.. သွေးသွားလှူဖို့ ကိစ္စ.. ဘုန်းကြီးကျောင်းသွားဖို့ ကိစ္စတွေနှင့် လူက စိတ်လောနေရသေးသော်လည်း ဘရာဒဲ မိသားစုတွေဆီ စိတ်က ရောက်သွားတိုင်း ကျွန်တော့် မွေးနေ့ကို နေနိုင်လိုက်ကြတာ ဟု စိတ်က မကောင်းဖြစ်နေချေသေး၏။

ဘယ်သူကမှလဲ ဖုန်းမဆက်ကြသလို ဘယ်ရောက်နေလဲ ဘာလုပ်နေလဲဆိုတာကအစ အရင်လို ဖုန်းဆက်မေးကြသူတွေ မရှိ... တကယ့်ကို အသံတွေ တိတ်နေကြတာကတော့ နားမလည်နိုင်..။

ဒန်ပေါက်မှာသည့် ကိစ္စ ပြီးတော့ သွေးသွားလှူဖို့ ဆေးရုံကို သွားသည်။ အမှန်အတိုင်း ပြောရလျှင်တော့ ကျွန်တော့်မှာ သွေးမြင်လျှင် မူးတတ်သော ရောဂါ ရှိပါသည်။ ကျွန်တော် ငယ်ငယ်က ဆေးထိုးအပ် မြင်တိုင်း ကြောက်တတ်ပြီး ဆေးထိုးပေးလျှင် လူတစ်ကိုယ်လုံး အကြောတွေ တောင့်တင်းနေတတ်သောကြောင့် ဆရာဝန်တွေ ဆေးထိုးတိုင်း ကျွန်တော့်ကြောင့် စိတ်ညစ်ရစမြဲ..။ အသားနားမှာ ဆေးထိုးအပ် နီးကပ်လာတိုင်း စိတ်တွေ ဘယ်လောက် မကြောက်အောင် လျှော့ထားထား ကြွက်သားနှင့် အကြောတွေက သူ့ဘာသာ တောင့်တင်းသွားတတ်တာက ကျွန်တော် ဘယ်လိုမှ မတတ်နိုင်..။ ကဲ.. ဘယ်လို ဖြစ်ဖြစ် ထိုနေ့အတွက် သွေးလှူဖို့ ကျွန်တော် ဆန္ဒ ရှိနေခဲ့ပြီးပြီပဲ..။ ဖြစ်အောင် လုပ်ရမည်..။ ဖိုးစိန်နှင့် ပြာဂျီးကလည်း မျိုး ဘေးမှာ ပါသောကြောင့် သွေးလှူပြီး မူးလဲနေမှာ စိတ်မပူရတော့ဘူး ဆိုကာ လိုက်မလာကြတော့။ အစကတော့ သွေးသွားလှူရင် လိုက်ခဲ့ဖို့ စီးတီးဟောမှာ ချိန်းထားပြီးသား..။

သွေးလှူနေရင်း ညက ကောင်းကောင်း အိပ်မပျော်ထားသောကြောင့် လူက မူးဝေလာ၏။ သွေးလှူပြီးတော့ နှုတ်ခမ်းတွေ ပြာနေသော ကျွန်တော့်ကို နာ့စ်မလေးတွေက ကုတင်ပေါ်မှာ ဆယ့်ငါးမိနစ်လောက် အနားယူခိုင်းထားရသည်။ ဖြူလျော်သွားသော အသားတွေ ပြန်ကြည်လာပြီး နှုတ်ခမ်းအရောင်က ပုံမှန် ပြန်ဖြစ်လာမှ အခန်းထဲက ပေးထွက်၏။ အပြင်မှာ စောင့်နေသော မျိုးက သွေးလှူတာ ကြာနေသော ကျွန်တော့်ကို စိတ်ပူလို့နေပြီ...။ အိမ်ကလူတွေလဲ ကျွန်တော် သွေးလှူပြီး အခြေအနေ ကောင်းလား၊ အားနည်းပြီး မူးနေသလား စိတ်ပူပြီး မေးထားတာတွေကြောင့် ဖုန်းဆက်ပြီး စိတ်မပူဖို့ အကြောင်းကြားရသေးသည်။

ဆေးရုံကနေ ပြန်ထွက်လာတော့ ငါးနာရီခွဲနေခဲ့ပြီ..။ မျိုးကလဲ သူ့ကောင်မလေးကို ကျောင်းသွားကြိုရအုံးမည်။ သွေးလှူပြီးကာစ ကျွန်တော့်ကို တစ်ယောက်တည်း ပြန်လွှတ်ရမှာကလဲ စိတ်မချ။ ဒီတော့ မျိုးကို ကျွန်တော် တစ်ယောက်တည်း သွားနိုင်ကြောင်း အားပြန်ပြည့်လာပြီ ဖြစ်ကြောင်း.. နောက်ပြီး မောင်ကိုကိုနှင့် နောက် တစ်နာရီလောက်ကျ ကော်ဖီဆိုင်မှာ ချိန်းထားသည့်အတွက် အဲအချိန်ကျ ကျွန်တော့်ဘေးမှာ လူရှိနေပြီ ဖြစ်သည့်အတွက် စိတ်မပူဖို့ ပြောပြီး ကျွန်တော်လမ်းခွဲထွက်ခဲ့သည်။

ဖုန်းလှမ်းဆက်ပြီး ကျွန်တော် အိမ်ပြန်နားမယ် ပြောတော့ ဖိုးစိန်က " အိမ်မှာ ဘယ်သူမှ မရှိဘူး၊ ပြန်မလာနဲ့တော့၊ ညီကလဲ ကျောင်းမှာ.. မမပြာ ကလဲ ကျောင်းကနေ အင်တာဗျူး ဆက်သွားပြီ.. သူငယ်ချင်းနဲ့ ချိန်းထားတာကလဲ အချိန်နီးနေပြီမလား တစ်နေရာရာမှာပဲ ခန နားနေလိုက်လေ.. သွားလိုက် ပြန်လိုက်နဲ့ အချိန်ကုန်ပြီး လူပင်ပန်းတာပဲ ရှိတယ် " ဆိုလေသောကြောင့် အိမ်လည်း မပြန်ချင်တော့။

ဒီလိုနဲ့ ကျွန်တော် စီးတီးဟောမှာ ခဏ ဝင်နားကာ မောင်ကိုကို ရုံးဆင်းချိန်ကို စောင့်နေရတော့သည်.။ တကယ်တော့ ကျွန်တော် အိမ်ပြန် နားချင်နေပြီ။ နားထဲက လေတွေ ထွက်ပြီး လူကလဲ မူးရိပ်ရိပ် ဖြစ်ကာ အိပ်လဲ အိပ်ချင်နေပြီ။ ဖြစ်နိုင်လျှင် ကော်ဖီဆိုင်မှာ ဆုံဖို့ ပေးထားသော ကတိကို ဖျက်ကာ အိမ်ပြန် အိပ်ပလိုက်ချင်သည်။ သို့သော်.. မောင်ကိုကိုက ပေးထားသော ကတိကို တည်မှ.. မတည်ပဲ ပျက်ကွက်လျှင် အင်မတန် စိတ်ဆိုးတတ်သည့်သူ..။ ဒီတော့လဲ ကတိအတိုင်း စောင့်ရုံသာ ရှိတော့သည်..။ ကော်ဖီဆိုင်မှာ ထိုင်ကာ ကော်ဖီသောက်ရင်း စကားပြောရင်း အချိန်က ည ခုနှစ်နာရီ ခွဲ ကျော်လာပြီ..။ ကောက်ဖီဆိုင်က အဲကွန်းဒဏ်ကြောင့် ကျွန်တော်လည်း ချမ်းလွန်းလှပြီ..။ ကျောင်းကနေ အပြန် ကျွန်တော်တို့ဆီ ဝင်လာပြီး အိမ်ကို အတူ ပြန်မယ် ပြောထားသော မျောက်ဖိုးစိန် ကလဲ ပေါ်မလာ။ စောင့်နေရတာ စိတ်မရှည်တော့ ကျောင်းခန်းထဲပဲ ဖြစ်ဖြစ်ကွာ ဖုန်းဆက်မယ် ဆိုကာ ဖုန်းခေါ်တော့ " လမ်းမှာ... လာနေဘီ " တဲ့..

ဒါနဲ့ ကျွန်တော်နှင့်မောင်ကိုကိုလည်း အချမ်းဒဏ် မခံနိုင်သည့်အဆုံး ဆိုင်ထဲမှ ထွက်ကာ ဈေးဆိုင်တွေဘက် ပတ်နေကြသေးသည်။ လူက ဗိုက်လဲဆာ၊ ခေါင်းလဲမူး.. အားလည်း နည်းချင်နေသောကြောင့ပြန်နားချင်လှပြီ...။ ဖိုးစိန်ကလည်း တစ်နေရာကနေ တစ်နေရာ ပြောင်း ချိန်းနေသည်မှာ ဒိနေ့ညအဖို့ အိမ်ပြန်နိုင်ပါ့မလား စိတ်မရှည်ရသည်အထိ...။ မောင်ကိုကိုခမျာလည်း ရထားပေါ်မှာ တစ်လမ်းလုံး ဖုန်းတစ်လုံးနှင့် သူနှင့် အလုပ်တွေ ရှုပ်နေလေသည်...။ ကျွန်တော်လည်း စကား မပြောနိုင်၊ ပင်ပန်းသလိုလို အိပ်ချင်သလိုလို ဖြစ်နေသောကြောင့် မျက်စိကိုမှိတ်ကာ အနားယူနေရသည်။

အိမ်ကိုရောက်လို့ အိမ်သော့ဖွင့်ကာ ဝင်တော့ တစ်အိမ်လုံး ဘယ်သူမှ မရှိကြ။ အိမ်က မီးမှောင် ကျလို့။ မီးဖိုခန်းထဲမှာလဲ ဘယ်သူမှ မရှိ.. အိပ်ခန်းထဲလဲ လူမရှိ.. မောင်ကိုကိုကတော့ မီးတောင် မဖွင့်နိုင်ပဲ ဧည့်ခန်းမှာ ငုတ်တုတ် ထိုင်နေသည်။ အိမ်ပြန်ရောက်လျှင် အလုပ်သွားသူတွေ ပြန်မရောက်ကြသေးလျှင်တောင် အနည်းဆုံး ပြာဂျီးနှင့် ဖိုးစိန်ကတော့ အမြဲ ရှိနေကျ.. ဒီနေ့မှ ဘယ်လိုဖြစ်ပြီး တစ်အိမ်လုံး ရှိသမျှလူတွေ ပျောက်နေကြတာပါလိမ့်....

အိမ်ရှေ့ဘက်ခြမ်းရှိ အိပ်ခန်းကလဲ လော့ခ် ကျနေသေးသည်။ ဒီအခန်းက အမြဲ အဲဒီလို လော့ခ် အလိုလို ကျနေကျ ဖြစ်သောကြောင့် အိပ်ခန်းသော့ကို အလွယ်တကူ ဖွင့်နိုင်ဖို့ ဧည့်ခန်းမှာ ထား ထားရသည်။

ဒီအခန်းသော့ကလဲ ပြင်အုံးမှ....

(အခန်းသော့ သူ့ဘာသာ ကျသွားတိုင်း တွေးနေကျ ဖြစ်သော်လည်း ဘယ်တော့မှ မပြင်ဖြစ်ပါ)

အခန်းသော့ကို ဖွင့်ဝင်လိုက်တော့

((((((Happy Birthday!!!!!!)))))))

တစ်ဖောင်းဖောင်းသော ဗျောက်အိုးသံ လက်ခုပ်သံများ.....


ရုတ်တရက် မမျှော်လင့်ပဲ ကြားလိုက်ရသော အသံပြိုင်ကြောင့် ကျွန်တော် လန့်သွားသေး၏။ ပြီးတော့ နွေးထွေးသော ပျော်ရွှင်မှုတို့က တစ်ကိုယ်လုံးကို လျှင်မြန်စွာ လှည့်ပတ် စီးဆင်းသွားကြကာ ကြက်သီးမွှေးညှင်းတို့ပင် ထလာသလို...။

မီးမှောင်မှောင်ထဲမှာ.... မွေးနေ့ ဖယောင်းတိုင်မီးလေးတွေ ထွန်းပြီး စောင့်နေကြသော ကျွန်တော်ကချစ်ပြီး ကျွန်တော့်ကို ချစ်သော မောင်နှမများ...
ကျွန်တော့်မွေးနေ့ကို ဘာ ဆုတောင်းမှ မလုပ်ပဲ တစ်နေကုန် ပစ်ထားကြသော အသည်းကျော်များ....

ခုန်ပေါက်ပျော်မြူးနေကြသော သူတို့၏ ရင်ခုန်ပျော်ရွှင်မှုများက ကျွန်တော့်ထံ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြသည်။

" Happy Birthday to you " သီချင်းကို သံပြိုင်ဆိုနေကြသံများအောက်မှာ ပျော်ရွှင်မှုလှိုင်းတွေက တလိမ့်လိမ့်.... တိုးလာ၏။

အစောနက မူးဝေနောက်ကျိနေကာ အိပ်ချင်လောက်အောင် ပင်ပန်းနေသော စိတ်တွေ က ဘယ်မှာမှ အစ ရှာမရတော့...

တစ်ယောက်ပြီးတစ်ယောက် ဝိုင်းပေးကြသော မွေးနေ့ အနမ်းတွေက စိတ်ကို အားသစ် ဖြည့်လောင်းနေသလို............

" လက်ဆောင်တွေ ဖောက်ကြည့်အုံးလေ....."

" ပို့စ်တွေ တင်ထားတယ်.. သွားဖတ်..."

" ဓာတ်ပုံရိုက်မယ်လေ.. ဓာတ်ပုံ...."

" စောင့်နေရတာ ကြာလှပြီ.. ဗိုက်ဆာလှပြီ.. ကိတ်မုန့် လှီးပါတော့ဗျို့....."

" မွေးနေ့ရှင်တော့မသိ.. တို့တွေကတော့ စောင့်ရင်း ရင်တွေကို ခုန်လို့...."

တစ်ယောက်တစ်ပေါက် ဆူညံနေသော အသံတွေအောက်မှာ ကျွန်တော် သွားတွေ အကုန်ပေါ်အောင် ရယ်ဖြီးနေမိတာ ပါးစပ် ပိတ်လို့ မရတော့ပါ.....

နောက်မှ သိရသည်က မွေးနေ့ပွဲကို ရုတ်တရက် အံ့သြပျော်ရွှင်သွားအောင် လုပ်ဖို့ စနစ်တကျ အကွက်ချ စီစဉ်ခဲ့လေသူက ကျွန်တော့်အသည်းကျော် ညီလေး ဒါရိုက်တာကြီး ဖိုးစိန်..... ပံ့ပိုးကူညီကြသူတွေကတော့ ကျွန်တော့်မွေးနေ့ကို ဆုတောင်း သေးသေးလေးပင် မလုပ်ခဲ့ကြပဲ တိုတစ်နေ့လုံး ပစ်ထားကြသည့် ကျန် မောင်နှမများ.....




ကျွန်တော့်မွေးနေ့ ရောက်ချိန်ကနေ စပြီး ဘယ်သူမှ ကျွန်တော့်ကို မွေးနေ့ဆုမတောင်းရ.. မသိသလို နေရမည်... မည်သူမျှ ကျွန်တော့်ကို မဆက်သွယ်ရ...။ ကျွန်တော်က ထိုအခါကျ တစ်နေကုန် စိတ်မကောင်းဖြစ်နေလိမ့်မည်..။ မျိုးက တစ်နေကုန် ကျွန်တော့်ဘေးမှာ ရှိနေတော့ သူလည်း ဒီ အစီအစဉ်ကို မသိဘူးလား .... ကျွန်တော့်အထင် လွဲပါသည်။ မျိုးကလဲ ဒါတွေ အားလုံးကို သိနေသည်တဲ့။ မောင်ကိုကိုကရော.... သူကတော့ ထိုတစ်နေ့က ကျွန်တော့်ကို ဇွတ် ဂျီကျကာ ကော်ဖီဆိုင်မှာ အအေးပတ်ခံ အချိန်ဆွဲကာ အိမ်မှာ လူစုံလို့ အချက်ပေးချိန်မှ ကျွန်တော့်ကို အိမ်ပြန်ခေါ်လာဖို့ တာဝန်ယူထားခြင်းပင်..။ အားလုံးက ပိပိရိရိ.. ကျွန်တော် ဘယ်ရောက်နေတယ်.. ဘာဖြစ်နေတယ်ဆိုတာကို ဘေးမှ ထိုနှစ်ယောက်က တစ်ချိန်လုံး ကျန်တဲ့သူများနှင့် အချိန်အဆက်လုပ် ပြောနေကြတာလဲ ကျွန်တော် နဲနဲမှ မရိပ်မိခဲ့..။ ပိရိကြပါသည်..။

ကျွန်တော် ပျော်ပါသည်။

မွေးနေ့လက်ဆောင်တွေကို ဖွင့်ဖောက် ရင်ခုန်ရင်းလည်း ကျွန်တော် ပျော်ပါသည်..။

ကိတ်မုန့်လှီးကာ တစ်ယောက်စီကို ခွံ့ကျွေးနေရင်းက သူ့အရင် ငါ့အရင် လုနေကြသော မောင်နှမများကို ကြည့်ရင်းလဲ ကျွန်တော် ပျော်ပါသည်..။

အဆာခံကာ ကျွန်တော် ပြန်လာသည်အထိ ဘာမစားပဲ တိတ်တဆိတ် အမှောင်ထဲမှာ စောင့်နေကြသော မောင်နှမများ ဆာဆာနှင့် ဖိုးစိန် ချက်ထားသော ညစာကို ပျော်ပါးညံစီစွာ စားနေတာ ကြည့်နေရင်းလည်း ကျွန်တော်ပျော်ပါသည်...

အုပ်စုလိုက် အမှတ်တရ ဓာတ်ပုံ ရိုက်သောအခါ နေရာလုကြ၊ တစ်ယောက်တစ်မျိုးစီ ပဲတွေ ပေးနေကြရင်း ရယ်သံတွေ ညံစီစီကို နားထောင်နေရတာလည်း ကျွန်တော် ပျော်ပါသည်.....

ကျွန်တော်နှင့် မောင်နှမတွေအားလုံး တစ်ယောက်အပျော် တစ်ယောက်ကူးစက်ရင်း ရင်ခုန် စိတ်လှုပ်ရှားဖွယ်ရာ မွေးနေ့လေးတစ်ခုကို ထိုတစ်နေ့မှာ ပိုင်ဆိုင်ခွင့် ရခဲ့သည်။

ကျွန်တော် ရင်ခုန်ပျော်ရွှင်ခဲ့သလို မောင်နျမများ အားလုံးလည်း ထပ်တူ ပျော်ရွှင်ရင်ခုန်နေကြတာ ကျွန်တော် ခံစားရပါသည်..။

မွေးနေ့ပွဲလေးကို ခုလို စိတ်လှုပ်ရှားဖွယ် ဖြစ်အောင် ဝိုင်းဝန်း ကူညီ ပံ့ပိုးပေးကြသော မောင်နှမများ အားလုံးကို ကျွန်တော် အင်မတန် ကျေးဇူးတင်မိပါသည်..။

အလုပ်ကနေ ခွင့်ယူပြီး တစ်နေကုန် ကျွန်တော့်နောက် တကောက်ကောက် လိုက်ပေးသော မျိုး နှင့် ညနေဘက်မှာ အစီအစဉ်အတိုင်း အဆင့်သင့်မဖြစ်မှီ ကျွန်တော်အိမ်မပြန်ဖြစ်အောင် အချိန်ဆွဲထားပေးသော မောင်ကိုကို တို့၏ ပိရိသေသပ်မှုကိုလည်း ချီးကျူးကာ ကျေးဇူးတင်ပါသည်။

စီစဉ် အကွက်ချထားသည့်အတိုင်း ကျွန်တော့်ကို တစ်နေကုန် စိတ်မကောင်းအောင် နှိပ်စက်ထားကာ မထင်မှတ်ထားသည့် ထောင့်ချိုးမှ မကြုံရဖူးသော ပျော်ရွှင်မှုကို မွေးနေ့လက်ဆောင်အဖြစ် ဖန်တီးပေးခဲ့သော ချစ်ညီ ဖိုးစိန်ကိုလည်း အင်မတန် ကျေးဇူးတင်ပါသည်။



အဝေးကနေရော အနီးအနားကနေပါ မွေးနေ့ကို သတိတရ ဆုတောင်းပေးကြ.. ပို့စ်တင်ပေးကြ ကဗျာရေးပေးကြသော သယ်ရင်းများ၊ မောင်နှမများကိုလဲ ကျေးဇူးတင်ပါသည်။

" ထိုတစ်နေ့ " က အပျော်က ခုချိန်ထိ အရှိန် မသေသေးသောကြော်င့ ကျွန်တော့်အပျော်များကကိုလည်း အားလုံးနှင့် မျှဝေလိုက်ပါသည်ခင်ဗျား......။ ။

ကျွန်တော့်ဘဝမှာ ကျွန်တော့်အပေါ် ဒုက္ခပေး အကောက်ကြံပြီး နောက်ကျော ဓားနှင့်ထိုးတတ်သော မိတ်ဆွေများထက် ကျွန်တော်က ချစ်သော နားလည်သော၊ ကျွန်တော့်အပေါ်ချစ်ခင်နားလည်ကြသော မိတ်ဆွေ သယ်ရင်းများနှင့်သာ ကြုံဆုံခဲ့ရခြင်းမှာ မင်္ဂလာတစ်ပါးပင် မဟုတ်ပါလား.....


" ထိုတစ်နေ့ " အတွက်တင်မဟုတ်.. နောက်နောင် နေ့ရက်တွေမှာလဲ ထို မင်္ဂလာသည် ကျွန်တော်နှင့်အတူ ထာဝရ ရှိနေမည် ယုံကြည်လျက်...


25.05.2010 အမှတ်တရ


အားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်ရင်း

မေတ္တာဖြင့်

မိုးကုတ်သား



Tuesday, May 25, 2010

“တောင်တန်းတစ်ခုရဲ့အိပ်မက်”




“တောင်တန်းတစ်ခုရဲ့အိပ်မက်”



မရေရာမှုတွေနဲ့ စနေနဂါး တစ်ဖြစ်လဲ သစ်သားကျားဟာ သက်ဝင်နိုးထခဲ့တယ်
နဂါးတစ်လှည့် ကျားတစ်လှည့် အပူသင့်တဲ့ ကျိန်စာတစ်ခုဟာ.... ငါ.. .တဲ့

ဒေါသတစ်ဝက်.. လောဘတစ်ဝက်နဲ့ သွေးပျက်တဲ့ နေ့ညတွေထဲမှာ
ငယ်ရွယ်ခြင်းတွေဟာ..ခြောက်ခြောက်ချားချား
ငါဟာ... မီးတစ်စ တဲ့လား...


အားကိုးတကြီး ဖက်တွယ်မိတာ...
တစ်ရက်မှာ တစ်ခါသာတဲ့.. နေနဲ့လရဲ့ရင်ခွင်ပေါ့

နေကြတ်တဲ့နေ့ နဲ့ လကွယ်ညတွေမှာ

ငါ့ အိပ်မက်ထဲ လက်ညှိုးပေါင်းအထောင်အသောင်းရှိတဲ့ နတ်ဆိုးတွေကမင်းမူ..

အို.. ငါ့ကို မငြူစူကြပါနဲ့.....

နေနဲ့လအတွက် ငါ အသက်ဆက်ခဲ့တာပါ
နောက်တော့ ငါ့နံဘေးမှာ ကြယ်ကလေးတစ်ချို့
သူတို့...လင်းလက်စေဖို့.....
နဂါးလို ဒေါသ.. ကျားလို လောဘ..
နောက်တော့ ငါ...ဆိုတဲ့ အတ္တတွေ မီးသင်္ဂြိုလ်လိုက်တယ်..
လောကဓံ လှိုင်းတံပိုးတွေကြား... သူတို့ဟာ... ငါ့...ခွန်အား......။


နဂါးတစ်ကောင်လို မာန်တင်း..ထားတယ်...
ကျားကုပ်ကျားခဲ ကြိုးပမ်းတယ်...

နောက်.. သိုးတစ်ကောင်လို ငါ့ကိုယ်ငါ သိမ်မွေ့အောင် ထိန်းကျောင်းတယ်...

ဘဝမှာ.. တန်ဆာဆင်စရာ အလှ မရှိပေမဲ့...

ငါ့တောတောင်တန်းကလေးမှာတော့.. ငါဟာ... ခန်း...နား... လို့

တောကပဲ နက်သလား...
လမ်းကပဲ ကြမ်းသလား.....

တောင်တန်းကပဲ သိပ် မြင့်နေသလား...
သွားရင်း.. နားရင်း..
အဲဒီ...တောင်ထိပ်ဖျားနဲ့...

နီးလာလိုက် ဝေးသွားလိုက်....

ခြေချော်လဲလိုက်.. ထူမတ်လိုက်...

တစ်ခါတစ်ခါ.. အချစ်ဆိုတဲ့ မာယာထောင်ချောက်မှာ.. ငါ ပိတ်မိလား ပိတ်မိရဲ့..
..
ရခဲ့သမျှဒဏ်ရာတွေဟာ.... သင်ခန်းစာတွေ ဖြစ်လိုဖြစ်....
အချစ်ဆိုတာလဲ ဝဋ်နာကံနာ တစ်မျိုးသာ ဖြစ်ခဲ့လေတော့


ချက်ကြိုးဖြတ်တုန်းက.. အမှတ်သည်းခြေပါ.. ပါသွားတဲ့ငါ....

နဂါးတစ်ကောင် ဖြစ်ခဲ့တာလဲ မေ့

ကျားတစ်ကောင်ဖြစ်ခဲ့တာလဲမေ့

အဲဒီလို.. ငါ့ကိုယ်ငါ မေ့... ပစ်ရင်း...
သိုးလေး ဘဝမှာ..... ပျော်မွေ့နေတတ်ခဲ့ရင်း...

ငါခန်းနားရာ တောတောင်တန်းတွေဆီ....
စိမ်းစို နွေးထွေးစေရင်း.....


ငါ့ခြေဖဝါးအောက်မှာ

နတ်ဆိုးကင်းတဲ့ အိပ်မက်တစ်ခုသာ ဖြစ်ထွန်းချင်ခဲ့တယ်...၊

လမ်းဆုံးမှာ...
တောင်တန်းဟာ... ထီးတည်းငြိမ်သက်ဆီးကြိုလို့....။ ။





၂၀၁၀ခုနှစ်
မေလ ၂၅ ရက် အတွက် အမှတ်တရ.....


မေတ္တာဖြင့်
မိုးကုတ်သား











မိုးကုတ်


ရတနာ မြေသြဇာနဲ့မို့
တောင်နေကြာတွေ ၀င်းဝါနေသလိုမျိုး
လမ်းဘေးကျောက်စရစ်ခဲလေးတွေတောင်
အသွေးတကျ လှပနေသလိုမျိုး
ဘုရားသခင်ပေးသနားရာ မြေသားမြေဆိုင်မှာ
အိပ်မက်တွေ အရိုးခံအတိုင်း ရှင်သန်ဖူးပွင့်နေသလိုမျိုး

မြူခိုးဝေေ၀မြင်ကွင်းတွေ
အလွမ်းနဲ့ရင့်ကျက်ယဉ်ပါး နေသလိုမျိုး
အပူပိုင်းဥတုမြေမျက်နှာသွင်ပြင်မှာ
ရာသီကို အချိုးတကျအေးမြနေစေသလိုမျိုး
ဘယ်လောက် ဒဏ်ရာတွေရရ..
သွေးစက်က ပတ္တမြားပွင့်ပြတတ်သလိုမျိုး

လင်းလက်ခြင်း နာမတစ်ခုနဲ့
ခန့်ငြားမှု လည်ဆွဲရတနာ

သူဟာ..
တောတောင်တွေခြံရံထားတဲ့ နန်းတော် မှာ
ငြိမ်းချမ်းတည်ကြည်စွာ..
တော်ဝင်ခမ်းနား နေခဲ့ပေါ့..။



"" အကောင်းဆုံးဆိုတဲ့ ဆန္ဒဆုမွန်များစွာဖြင့်""


မိုးကုတ်ဆန်သော မိုးကုတ်သားအတွက် မွေးနေ့အတွက် အမှတ်တရ



အိန္ဒြာ
(၂၃-၅-၂၀၁၀)


“မဆောင်မယောင်နှင်းဆီရှင်”


အသွယ်သွယ်အလဲ့လဲ့ကန်ရေပြင်လို
သူ့ဘဝလမ်းဟာမငြိမ်မွေ့မကြည်စင်ပေမယ့် ...
ခပ်ဖြောင့်ဖြောင့်ရထားသံလမ်းတွေကိုတော့
သူ့နေ့စွဲကြမ်းကြမ်းတွေက ဖြူး...ဖြောင့်...ဆန့်...ကျင်...လို့...
တိမ်လွှာတောင်တွေမျက်မှောင်ကျုံ့ရင်
သူ့မျက်ဝန်းတွေလက်ဖြာဝေ့ဝဲလာတတ်တယ်
ပုံသေကားချပ် မမတ်တမတ်ရပ်ဝန်းထဲမှာ
နှလုံးအိမ်ဖြူဖြူကို.. သူဆုပ်ကိုင်ထားရင်းနဲ့ပဲ
လှမ်းလင့်ငံ့မောနေတဲ့ သူ့ရဲ့ကြမ္မာရောင်လက်အဆုံဟာ
ကရုဏာရနံ့သစ်တွေသာ တစ်ရက်ပြီးတစ်ရက်တိုးချဲ့စိုက်ပျိုးလို့
မလှပနေ(သေး)တဲ့ မနက်ဖြန်ရဲ့အရုဏ်ဦးလေပြည်ထဲ
သူ ... မစူးမရဲစွာ အနာဂတ်ကိုစုပ်ထွေးခြွေငင်လိမ့်ဦးမယ်။ ။


့ “ဦးဘိုမွေးနေ့အတွက် ညီလေးမှ အမှတ်တရ...”



Craton
(25.05.2010)


Monday, July 27, 2009

စနေသား ရဲဖမ်းခံရခြင်း




ကျွန်တော့် ဥပဓိ နဲ့ ဆိုင်တဲ့ အတွက် ဒီအကြောင်းကို ရေးရမလား၊ မရေးရဘူးလား စဉ်းစားနေတာ ကြာပါဘီ။
နောက်ဆုံးတော့ မိတ်ဆွေတို့ ပြုံးရယ်ဖို့အတွက် ကိုယ့်ပေါင်ကိုယ်ပဲ လှန်ထောင်းလိုက်ပါ့မယ်။ (တကယ်တမ်းတော့ သိပ်ကို ပြောချင်နေလို့ပါ :-P )

ကျွန်တော့် ဥပဓိ ခန့်ညားပုံမျိုးတော့ အင်းး ဘယ်လို ပေါ်လွင်အောင် ပြောရပါ့မလဲ။ ဘယ်သူမှ နောက်ကနေ စောင့်ကြည့်မခံရပါဘူး ဆိုတဲ့ ဒီနိုင်ငံက ကုန်တိုက်ကြီးတွေမှာတောင် ၀န်ထမ်းတွေ နောက်ကနေ လိုက်လံ စောငြ့်ကပ်ခြင်း ခံရတဲ့ ရုပ်မျိုးပါ။ ကျွန်တော်ကတော့ အကူအညီ လိုရင် ပေးဖို့ လိုက်တယ်ပဲ မှတ်ပါတယ်။ အဲလောက် ဥပဓိ ခံ့ညားတာခင်ဗျ။

တစ်ချို့ကလဲ ချောချက်ကတော့ ကောင်းမြတ်နဲ့ ချစ်ကောင်း နှစ်ယောက် ပေါင်းထားသလိုပဲတဲ့။ ဘိန်းစားရုပ်တဲ့။ အင်းးး တယ်ခက်တာကိုးးး နော်။ မော်ဒယ်လ် ပိန်၊ ပိန်တာကိုများ သူတို့တွေ အမှန် မမြင်နိုင်ကြဘူးး။ ဖြိုးငွေစိုးတို့ ရဲတိုက်တို့မှ ချောတယ် မြင်ကြတာကိုး။

ဒီလောက်ကလေး အရိပ် ပြရုံနဲ့ ကျွန်တော့် ဥပဓိ ဘယ်လောက်ကောင်းလဲ ခန့်မှန်းမိကြရောပေါ့။ ဒါကို ပြောပြနေရတာက အကြောင်းရှိပါတယ်။ အဖြစ်အပျက်က ဒီလိုပါခင်ဗျာ။ အဟမ်း အဟမ်း။
(အောင်မလေး၊ ပြောမှာများ စကားပလ္လင်က တယ်ခံသကိုး။ ပရိတ်သတ်ကြီး လေသံ)


နာရီနှိုးစက်သံ ဆူညံညံက ကျွန်တော့် အိပ်ကောင်းခြင်းတွေကို ဖျက်စီးပစ်လိုက်သည်။ ကျိန်းစပ်နေသော မျက်လုံးများကို မဖွင့်နိုင်သေးပဲ နှိုးစက်ကို လှမ်းပိတ်ရင်း တစ်ဘက်ကုတင်မှ ညီဝမ်းကွဲကို လှမ်းနိုးကာ မျက်နှာသစ်ဖို့ ပြေးရသည်။ အိပ်မှုံစုံမွှားနှင့်မျက်လုံးတွေကို မဖွင့်နိုင်သေး။ ရေကို အမြန်ချိုးကာ အ၀တ်အစားလဲရင်း ညီဝမ်းကွဲကို လောရသေးသည်။ အခါတိုင်း နားထောင်နေကျ နံနက်လင်းစ ငှက်ကလေးတွေ စိုးစီသံကိုပင် စကြား နေရသော်လည်း သိပ်ပီး ကြည်နူး မနေနိုင်အားတော့။ နောက်ကျနေဘီလား။ သူငယ်ချင်းတွေကို ဖုန်းဆက်ကြည့်တော့ သူတို့က ရထားပေါ် ရောက်နေကြပြီ။
သူငယ်ချင်းမလေးက ဒီနေ့ ရန်ကုန်ပြန်မည်လေ။ အိမ်အတွက် ၀ယ်ထားသော ပစ္စည်းတွေကို ထိုသူငယ်ချင်းနှင့် လူကြုံ ထည့်ပေးရင်း လေဆိပ်ကိုလဲ လိုက်ပို့ပေးဖို့ ကျွန်တော် ပြောထားခဲ့သည်။ ကျွန်တော့်အိမ်နှင့် နီးသော ဘူတာမှတ်တိုင်သို့ သူတို့ မရောက်ခင် ကျွန်တော်က အရောက်သွားပြီး လေဆိပ်ကို အတူဆက်သွားဖို့ မနေ့ညကရင်း ပြောထားခဲ့ပြီးသား။
ညီဝမ်းကွဲကို စောင့်နေရသောကြောင့် အချိန်က အနည်းငယ် နောက်ကျချင်နေပြီ။ သို့သော် သူငယ်ချင်းတွေက ဖုန်းဆက်မလာသေးတော့ အေးအေးဆေးဆေးသာ။ သူတို့ကို အိမ်နား မရောက်ခင် ရထားဘူတာ သုံးမှတ်တိုင် အလိုရောက်လျှင် ကျွန်တော့်ဆီ ဖုန်းဆက်ခေါ်ဖို့ မှာထားသည်မဟုတ်လား။ အိမ်ကနေ ထွက်လာပြီး တိုက်တန်းများကို ဖြတ်ကာ ကျွန်တော်တို့ ညီအကိုနှစ်ယောက် အေးအေးလူလူ စကားပြောပြီး သွားနေတုန်း ဖုန်းဝင်လာသည်။
"..ငါတို့ ...... မှတ်တိုင်ရောက်နေပြီ။ ဘူတာမှာ ရောက်နေပြီလား.." တဲ့။
သူတို့ပြောသည့် မှတ်တိုင်က ကျွန်တော် စောင့်မည့် ဘူတာနှင့် တစ်မှတ်တိုင်မျှသာ ကွာတော့သည်။ ထိုမှတ်တိုင်မှ ကျွန်တော်စောင့်မည့် မှတ်တိုင်သို့ ရထားကြာချိန်က နှစ်မိနစ်မျှသာ။ ကျွန်တော်တို့ လမ်းလျှောက်ကာ ဘူတာသို့ သွားပါက လေးမိနစ်ခန့် ကြာအုံးမည်။ လမ်းလျှောက်လို့ မမှီ နိုင်တော့ ပြေးရုံပေါ့။
တိုက်တန်းတွေကြားမှာ ပြေးလွှားကာ ဖြတ်ရင်း ကားလမ်းမကြီးဘက် ဆင်းရာ လှေကားကနေ ကျွန်တော် ပြေးဆင်းသည်။ အနောက်က ကျွန်တော့် ညီဝမ်းကွဲကိုလဲ မြန်မြန်လာဖို့ အော်ရသေးသည်။ ကားလမ်းမကြီး ကို ဖြတ်ကာ လမ်းဘေး လူသွားလမ်းတစ်လျှောက် ကျွန်တော် ပြေးတော့ ကျွန်တော့် ညီကလဲ နောက်က နေ မှီအောင် ပြေးလိုက် နေရလေတော့သည်။ အိမ်ကို ပေးမည့် အထုပ်ကြီးကို ဆွဲပြီး ရှေ့ကနေ ကျွန်တော်က အသားကုန်ပြေး။ အနောက်မှ ကျွန်တော့်ညီက သူ့ကို စောင့်ဖို့ တကြော်ကြော်အော်ရင်း အနောက်ကနေ ပြေးလိုက်လာကာ စနောက်လို့။ မောရကောင်းမှန်းပင် ကျွန်တော် တို့ သတိမရ။
ဗြုန်းဆို ရဲကားတစ်စီးက ကျွန်တော့်ကို ကျော်တက်ကာ ရှေ့ခပ်လှမ်းလှမ်းမှာ ရပ်သွားသည်။ ရဲသား နှစ်ယောက်က ပြေးဆင်းလာကာ ကျွန်တော့်ကို ဖမ်းချုပ်ကြ၏။ တစ်ယောက်က ကျွန်တော့်ကို ဆွဲချုပ်ထားပြီး တစ်ယောက်က ကျွန်တော့်လက်ထဲမှ အိတ်ကို လုယူသည်။ နံနက်လင်းစ လူရှင်းတုန်း လမ်းပေါ်မှာ ရဲဝတ်စုံတွေ အားကိုးနှင့် ဒီရဲစုတ်တွေ ကျွန်တော့်ကို ဓားပြတိုက်ကြသည်လား။ ကျွန်တော်က လက်ထဲမှ အိတ်ကို လွှတ်မပေးနိုင်ပဲ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ကုန်ကြသည်။ ဘေးမှ လမ်းသွားလမ်းလာ တစ်ချို့က ကျွန်တော်တို့ကို ရပ်ကြည့်နေကြပြီ။ ရှက်လာတော့ ကျွန်တော့်လက်မှ အိတ်ကို လွှတ်ပေးလိုက်ပြီး ဘာကြောင့် ကျွန်တော့်ကို ဖမ်းရသလဲ မေးဖို့လုပ်တုန်း နောက်မှ ကျွန်တော့်ညီက ကျွန်တော့်ကို မှီလာခဲ့သည်။
"..ရော့။ မင်းအိတ်ထဲမှာ ပစ္စည်းတွေ ပြည့်စုံရဲ့ လား စစ်လိုက်အုံး.."
ကျွန်တော့်အိတ်ကို ယူထားသော ရဲသားက ကျွန်တော့်ညီဝမ်းကွဲဆီ အိတ်ကို ပစ်ပေးလိုက်ရင်း ပြောတော့မှ ဘာကြောင့်လဲဆိုတာ ကျွန်တော် သဘောပေါက်တော့သည်။ သေလိုက်စမ်းပါတော့။ သူတို့ နောက်ပြန်ချုပ်ကာ ၀တ်ပေးထားသော စတီးလက်ကောက်ကြီးကြောင့် တစ်ဂွမ်ဂွမ် မြည်နေသော ဖုန်းကိုလဲ ကျွန်တော့်မှာ ဖြေလို့မရ။ သူငယ်ချင်းတွေ ဘူတာမှာ ကျွန်တော့်ကို မတွေ့လို့ ဆင်းစောင့်နေကြသလား။ သွားနှင့်ကြပြီလား စိတ်တွေက ပူလာသည်။ ဘုမသိ ဘမသိ အဖမ်းခံထိသော အမှုက ဘာကြောင့်လဲဆိုတာ သိရတော့လဲ စိတ်ထဲ ရှင်းသွားခဲ့ပြီ။
ဘာဖြစ်မှန်း မသိသော ကျွန်တော့် ညီ ၀မ်းကွဲကလဲ အထုပ်လေး ပိုက်ကာ ရပ်လျက်သား။ အဖမ်းခံထိနေသော ကျွန်တော့်ကို တလှည့်၊ ရဲနှစ်ယောက်ကိုတလှည့် နားမလည်နိုင်သော မျက်လုံးများနှင့် အူကြောင်ကြောင် ကြည့်လို့။ ကျွန်တော်ကလဲ မမေးမမြန်းပဲ လာဖမ်းသော ရဲတွေကို စိတ်ဆိုးလှပြီ။ ရထားလဲ ထွက်ရောပေါ့။
"..မင်းတို့မှားနေပြီ။ ငါက လူကောင်းပါ။ သူက ငါ့ညီ.." အဲလို ပြောကာ ရှင်းပြဖို့ ကြိုးစားတော့မှ ညီတော်မောင်က သဘော ပေါက်ကာ တစ် "..ရက်စ်.." ထဲ ထ "..ရက်စ်.." လေတော့သည်။
"..မင်းတို့က ဘာဖြစ်လို့ ပြေးတာတုန်း.." အရစ်ရှည်သော ရဲတစ်ယောက်က သူတို့ စတီးလက်ကောက်ကြီးကို ဖြုတ်ပေးချင်ဟန် မရှိသလို သင်္ကာမကင်း ကျွန်တော့်ကို မေးလေသည်။
"..ငါတို့ သူငယ်ချင်း တစ်ယောက်ကို လေဆိပ်လိုက်ပို့ပေးဖို့ နောက်ကျနေလို့ ရထားဘူတာကို ပြေးလာတာ။ လူသွားလမ်းပေါ်မှာ မပြေးရဘူး ဆိုတဲ့ ဥပဒေ လဲ ငါမကြားမိပါဘူး။ တခြားသူတွေလဲ ဒီလို ပြေးနေကြတာ ငါ့ကျမှ ဘာလို့ ဖမ်းတာတုန်း။ မင်းတို့ကြောင့် ငါ အခု နောက်ကျသွားပြီ။ ဒါကို မင်းတို့ ဘယ်လို ဖြေရှင်းပေးမလဲ.." ဆိုလေတော့မှ ရဲ နှစ်ယောက်လဲ ကျွန်တော့်ညီကို "..သူပြောတာ ဟုတ်သလား.." ဆိုတဲ့ အကြည့်နှင့် ကြည့်ကြ၏။
ကျွန်တော့်ညီကတော့ ခေါင်းကို ပုတ်သင်ညိုလို တဆတ်ဆတ် ငြိမ့်နေရင်း ရယ်ချင်ပက်ကျိ ဖြစ်နေသော မျက်နှာပိုးကို သတ်မရတော့။ ဒီတော့မှ အင်မတန်တော်လှသော ရဲမင်းကြီးနှစ်ကောင် ကျွန်တော့်ကို သူတို့ရဲ့ စတီး လက်ကောက်ကြီး ဖြုတ်ပေးလေတော့သည်။
တာဝန်အရ လုပ်ရသောကြောင့် သူတို့ကို နားလည်ပေးဖို့ အထပ်ထပ် တောင်းပန်ရင်း လေဆိပ်ကို သူတို့ကားနှင့် လိုက်ပို့ပေးပါရစေ လောကွတ်က ချော်နေသေးသည်။ တော်ပါဘီ။ လိုက်ပါဘူး။ ရဲကားပေါ် တက်လိုက်သွားမှ ဘေးမှာ ရပ်ကြည့်နေသူတွေ အနော် အဖမ်းခံထိတယ်ဖြစ်ကာ အထင်တွေ လွဲနေကြအုံးမည်။
ကျွန်တော့်ညီ လက်ထဲက အထုပ်ကို ပြန်ဆွဲယူလိုက်ရင်း
"..နောက်ကို ပြေးခွင့် လိုင်စင်တင်ထားမယ်။ မဖမ်းခင် ဥပဓိလဲ သေချာ အကဲခတ်အုံး.."
ကွန်ပလိန်း တက်ဖို့ အချိန်မရတော့ ဒေါပွပွနဲ့ ကျွန်တော် ပြောပီး ရထားဘူတာဘက် ဆက်ပြေးတော့ ရဲသား နှစ်ယောက်က နောက်မှ "..ဆောရီးဆာ၊ ဆောရီးဆာ.." နှင့် တဆာဆာ ခါးကိုင်းအော်ကာ ကျန်နေရစ်ခဲ့ကြလေသည်။
ဒီလောက် ခန့်တဲ့ ဥပဓိကိုများဗျာ၊ အလစ်သုတ် ပြေးတဲ့လူနဲ့ မှားရတယ်လို့။ ဒီကရဲတွေ ညံ့ချက်များတော့ ပြောချင်တော့ဘူးး။
ခုတော့ ဘေးကနေ ပြေးလိုက်လာရင်း တခွိခွိ ရယ်နေတဲ့ ညီတော်မောင်ကိုသာ စိတ်ရှိလက်ရှိ ဖနောင့်နဲ့ ပေါက်ချင်နေတော့တယ်။

(အနော့် ဥပဓိ ကောင်းကြောင်းတော့ ပရိတ်သတ်တွေ သိကုန်ကြပြီ။ ဒါပေမဲ့ နဲနဲလေး ပြုံးမိတယ်ဆိုရင်ကို စိတ်ပျက်လက်ပျက် ရယ်ရမလို၊ ငိုရမလို ဖြစ်ခဲ့တာလေး ပြန်ပြောပြရကျိုး နပ်ပါတယ်ဗျာ။ တနင်္လာနေ့ မှာ အလုပ်တက်ရသူ မိတ်ဆွေတွေ အားလုံးကို ပြုံးပျော်စေချင်လို့ပါ။)

မေတ္တာဖြင့်
မိုးကုတ်သား





Monday, June 29, 2009

စနေသားနဲ့ သူ့အိမ်မက်များ


“အရောင်လက်ကြိုးစများ”
တဲ့။ ညီမလေး မယ်ကိုး ဖွဲ့ချည်တဲ့ ကြိုးလေးတစ်စ။
ရေးချင်လှတာ ကြာနေတဲ့အထဲ ပထမဆုံး အတက်ဂ် ခံရတဲ့ အကြောင်းအရာ ဆိုတော့ အလုပ်မအားတာ၊ လူရောစိတ်ပါ ဖျားနာနေတာတွေ ဘေးဖယ်ပြီး ကျနော် အိပ်မက်တွေကို တူးဖော်ကြည့်မိတယ်။
အိပ်မက်ဆိုတာတွေက ခဏတာမက်ပီး ပျောက်သွားတာတွေလဲ ရှိရဲ့။ မမှတ်မိတဲ့ အိပ်မက်တွေလဲ ရှိရဲ့။ စွဲလန်းမိတဲ့ အိပ်မက်တွေလဲ ရှိရဲ့။ အဲ့ဒီထဲကမှ အရောင်လက် ကြိုးစတွေလို ပြိုးပျက်နေတဲ့ အိမ်မက်ကြိုးတွေ လိုက် စီရရီ ကြည့်မိတော့ ပကတိ ပုံရိပ်တစ်ခု ထွက်လာတယ်။
ငယ်စဉ်အခါက ကျနော်ဟာ ဖေ့ မျိုးဆက်သွေးတွေတော့ ပါခဲ့ပါရဲ့။ ဖေ့ ဖေဖေက တယောနဲ့ စန္ဒရား အတီးကောင်းပြီး ဖေ့ မေမေက သီချင်းဆို အင်မတန်ကောင်းသူပေါ့။ ဖေကတော့ ဘင်ဂျိုနဲ့ ဂစ်တာ အတီးကောင်းသလို သီချင်းဆိုလဲ ကောင်းလေတယ်။ ဖေ့အမတွေ ညီမတွေ အကုန်လုံးလဲ သီချင်းဆို ကောင်းကြသူတွေပါ။ ဂီတကို မြတ်နိုးပေမဲ့ ကျနော် ကျမှ အသံကလဲ မကောင်း၊ ဘာ ဂီတ တူရိယာမှလဲ မတီးတတ်ပါပဲ ရူးသွပ်ခဲ့တဲ့ အိမ်မက်တစ်ခုက “က” တာ။ ငယ်ငယ်ကတော့ “ဘရိတ်ဒန့်စ်” တွေ ခောတ်စားတဲ့အချိန်မှာလဲ ရူးသွပ်၊ “ပါရာနာဝေ၊ ပါရာနဝေ့ ပါရနာ” ဆိုပီး သိုင်းကွက်နဲ့ ကတာတွေ ခောတ်စားတော့လဲ လိုက်ကခဲ့တာပေါ့။ မအားတဲ့ကြားက အဲဒီပိုးက ရှစ်တန်း၊ ကိုးတန်းထိ တော်တော် ပြင်းတုန်း။ “ငါကြီးလာရင် Professional Dancer လုပ်မယ်” လို့ အိပ်မက်တွေ မက်ထားခဲ့ဖူးတာပေါ့။ ဒါပေမဲ့ ဆယ်တန်းမှာ အိမ်မိသားစု စီးပွားရေးတွေ တစ်စတစ်စ တာဝန် ယူလာရတော့ ဒါဟာ စိတ်ကူးယဉ် အိပ်မက် တစ်ခုလိုသာ ကျနော် လွှတ်ချ ပစ်ခဲ့ရတော့တယ်။ (ခုတော့ တခါတလေ အားကစားသင်တန်းမှာ ကျန်းမာရေး အကြောင်းပြ သွားသွားပြီး “က” ဖြစ်နေလေရဲ့ တခါတခါလဲ ကလပ်ထဲ သွားသွားပြီး မမုးပဲ “က” နေတတ်ပါတယ်ခင်ဗျ။ )
နောက် အိပ်မက်တစ်ခုကတော့ ဓာတ်ပုံတွေ။ ကျနော်က တစ်နေရာရာရောက်ရင် အဲ့ဒီ အချိန်လေးတွေကို အမှတ်တရ ပုံလေးတွေအဖြစ် သိမ်းထားချင်ခဲ့တယ်။ ကျနော်တို့ မိသားစုက နှစ်စဉ် နှစ်တိုင်း မြို့ကလေးမှာ ကျင်းပတဲ့ တပေါင်းပွဲတော်မှာ မိသားစု ဓာတ်ပုံ ရိုက်လေ့ရှိတယ်။ ငွေစလေးတွေ ရွှင်နေတဲ့ နှစ်တွေမှာပေါ့။ ဓာတ်ပုံရိုက်ဖို့ ငွေပိုလျှံမရှိတဲ့ နှစ်တွေမှာ ကျနော်က တပေါင်းပွဲမှာ မပျော်ရလို့ ၀မ်းနည်းတာထက် မိသားစု အတူတူ ဓာတ်ပုံ တွဲ မရိုက်ရတဲ့အပေါ်မှာသာ စိတ်မကောင်းတွေ ဖြစ်နေရော။ ကျောင်းတွေ တက်လို့ အိမ်နဲ့ ခွဲနေရချိန်တွေမှာ ကျနော်က အဲ့ဒီ မိသားစု ဓာတ်ပုံလေးတွေနဲ့ အိမ်ကို အလွမ်း ဖြေရတာပေါ့။ ရူးသွပ်တဲ့ စွဲလန်းမှု တစ်ခုလို့ ဆိုချင်ဆို၊ ခု ချိန်ထိ ဓာတ်ပုံလေးတွေ ပြန်ကြည့်တိုင်း အဲ့ဒီ အချိန်တွေကို ပြန်ပြန် ရောက်သွား တတ်တယ်။ ကျနော်ဟာ အဲဒီ ဘ၀အခိုက်အတန့် အမှတ်တရချိန်လေးတွေ တန်ဖိုးထားသလို သူတပါးတွေ အဲ့ဒီလို အမှတ်တရအချိန်တွေ ကြုံရတိုင်း ကိုယ်က မှတ်တမ်းတင်ပေးနိုင်သူ ဖြစ်ချင်တဲ့ အိပ်မက်တစ်ခုလဲ အဲ့ဒီ အချိန်ထဲက ရင်ထဲ တိတ်တဆိတ် အိပ်မက် မက်ခဲ့ဖူးတာပေါ့။ (ခုတော့ အခြေအနေလေး ပေးလို့ ကင်မရာလေး တစ်လုံး လက်ဝယ် ရှိတဲ့အခါ အဲဒီ အိပ်မက်လေးတွေကို အကောင်အထည်ဖော်ခွင့် ရခဲ့တယ်။ ဓာတ်ပုံ ပညာအကြောင်း ဘာမှ သိပ်နားမလည်ပေမဲ့ ကျနော် ဓာတ်ပုံ ရိုက်ပေးလို့ သူငယ်ချင်းတွေ အမှတ်တရ ဖြစ်ကျန်ခဲ့ရင်၊ ပျော်နေကြရင်ပဲ ကျနော်က ၀မ်းတွေသာလို့ပေါ့ဗျာ။ ကျနော်ဟာ နာမည်ကြီး ဓာတ်ပုံဆရာတော့ မဟုတ်ပါဘူး။ အပျော်တမ်း ဓာတ်ပုံ ၀ါသနာရှင် တစ်ယောက်ပါ။ လိုအပ်ချက်တွေအများကြီး ရှိပေမဲ့ ကျနော် ကျေနပ်ပါတယ်။)
နောက်ပြီး ကျနော် ငယ် ကတည်းက စာတွေဖတ်၊ ပန်းချီတွေ စိတ်ကူးပေါက်ရာဆွဲ၊ ကဗျာတွေ စာတွေရေး။ အဲတာတွေလဲ ၀ါသနာ ပါခဲ့တာပါပဲ။ စိတ်တွေ ပျော်တိုင်း၊ ညစ်တိုင်း၊ လွတ်လပ်တိုင်း၊ မွန်းကျပ်တိုင်း ဒိုင်ယာရီဆန်ဆန် စာတွေ ရေးမှတ်ထားတတ်တယ်။ ကျနော့်ကိုယ် ကျနော် ပျောက်ဆုံးတဲ့ အခါတိုင်း အဲဒီ ဒိုင်ယာရီတွေ ဖတ်ပြီး ကိုယ့်ကိုယ်ကို ပြန်ပြန် တည်ဆောက် ယူခဲ့ရတာပေါ့။ (ခုတော့ ဒီ Wonderful Universe မှာ စာတွေ၊ ကဗျာတွေ ချပြီး ရေးဖြစ်နေပြန်တယ်။ ကျနော့် အိပ်မက်လေးတစ်ခု ဒီနေရာမှာ ခင်းကျင်းပြထားတာ စာဖတ်သူတွေအတွက် စိတ်အပန်း မပြေအုံးတောင် အဆိပ်အတောက်တော့ မဖြစ်လောက်ဘူး ယုံကြည်ထားပါရစေ။)
တဖြည်းဖြည်းနဲ့ ဘ၀ပင်လယ်ထဲမှာ လှော်ရင်းခတ်ရင်း အိမ်မက်တွေလဲ ကျနော်ချစ်တဲ့ တိမ်တိုက်တွေလို အသွင်ပြောင်းလာ ခဲ့တော့တယ်။ မန္တလေး စက်မှုတက္ကသိုလ် ကို ရောက်လာတော့မှ “ဗိသုကာ” ဆိုတာနဲ့ ကျွမ်းဝင်ထိတွေ့ခွင့် ရခဲ့တဲ့သူ။ လျှပ်စစ်အင်ဂျင်နီယာကြီး လုပ် ဆိုပီး အိမ်က လွှတ်လိုက်တဲ့ ကျနော်၊ ပထမနှစ် စာမေးပွဲ ဖြေအပြီးမှာ “ဗိသုကာ” ဘာသာရပ်အတွက် ၀င်ခွင့်လျှောက်လွှာတင်ပြီး အိမ်ကို ပြန်တယ်။ အိမ်ကတော့ သူတို့ စီစဉ်ပေးထားတဲ့ ဘာသာရပ်ကို မယူပဲ တခြားဘာသာရပ်ကို ယူခဲ့တော့ စိတ်ဆိုးချင်နေတာ၊ Mechanical Engineer ဖြစ်သူ ဦလေးတစ်ယောက်က “မင်း ကျောင်းပြီးရင် ဘာလုပ်စားမှာလဲ။ အဲဒီဘာသာ ယူတဲ့သူတွေ တော်တော်များများက လမ်းဘေးမှာ ဆိုင်းဘုတ်ရေးနေရတာ” တဲ့။ စိတ်ဓာတ်တွေတောင် ကျ ချင်သွားတော့တယ်။ အဲ့ဒီအချိန်တုန်းက မြို့ကလေးမှာ “ဗိသုကာ” ဆိုတာ ဘယ်လို ထင်ကြသလဲ။ လူတယောက်က “ အော်၊ ဗိသုကာ ဆိုတော့ ပန်းပုတွေ ထုရမှာပေါ့နော် ” တဲ့။ “ ဘုန်းကြီးကျောင်းတွေ ဆောက်ရမှာပေါ့ ” လို့ ပြောကြတာက အနီးစပ်ဆုံးလို့ ပြောလို့ ရခဲ့တာပေါ့။ ဒါပေမဲ့ “ဗိသုကာ” ဘာသာရပ်တွေကို စပြီး သင်ကြားလာရ ကတည်းက ကျနော် ရွေးချယ်မှု မှန်သွားခဲ့ပြီဆိုတာ သိလာတော့တယ်။ ကျောင်းမှာ သင်ရတဲ့ ဘာသာရပ်ပိုင်းဆိုင်ရာတွေ၊ စာအုပ်တွေ၊ လုပ်ရတဲ့ ပရောဂျက်နဲ့ ဒီဇိုင်း ချဉ်းကပ်စဉ်းစားရတာတွေ ကြားမှာ တခါတရံ ကျနော် ထမင်းမေ့၊ဟင်းမေ့၊ အချိန်နာရီမေ့ နစ်မျောလို့ နေတတ်ပြီ။ သို့သော် အဆောက်အဦး ဗိသုကာဘာသာရပ်နဲ့ အဝေးကြီး ဝေးတဲ့အရပ်ကနေ လာခဲ့သူ ကျနော်ဟာ၊ သင်ကြားရတဲ့၊ မြင်တွေ့ရတဲ့ အသစ်အဆန်းတွေနောက် မနည်း မှီအောင် လိုက်ရတယ်။ နဂိုကလည်း ခပ်ညံ့ညံ့ဆိုတော့ ပိုပြီး ကြိုးစားရတာပေါ့။ “ဗိသုကာ” ဘာသာရပ်တွေကို လေ့လာနေရတဲ့ ကျောင်းတက်ချိန် တလျှောက်မှာတော့ “ဗိသုကာပညာရှင်” ဆိုတဲ့ အိပ်မက်တစ်ခု ကျနော့်ဘ၀ထဲ တိုးဝင်လာခဲ့ပါရော။
ကျောင်းတွေ ပြီးပြန်တော့ အိပ်မက်နဲ့ ဆက်နွယ်ပတ်သက်နေတဲ့ “ဗိသုကာ” နယ်ပယ်မှာပဲ အလုပ် လုပ်ခွင့် ရခဲ့တာ အင်မတန် ကံကောင်းပါတယ်။ လုပ်ငန်းခွင် ၀င်တော့မှ ကျယ်ပျံ့လာတဲ့ အမြင်တွေထဲ တဖြည်းဖြည်း တွေးမိလာတာက ကိုယ်တွေ ဒီပညာကို သင်ကြားတာဟာ လူချမ်းသာတွေအတွက် သက်သက်ပဲလား ဆိုတဲ့ အတွေးတစ်ခုပါ။ ပိုမို ကောင်းမွန်တဲ့ လူ့ဘောင်လောကကြီးကို တစ်ထောင့်တနေရာက ဖန်တီးခွင့်ရမယ်လို့ ထင်ထားတဲ့ အိပ်မက်တွေဟာ တပိုင်းတစမှာတင် ရပ်တန့်လို့ နေတော့တယ်။ အဆောက်အဦး တစ်ခုကို ငွေကြေးချမ်းသာသူတွေမှ အကောင်းမွန်ဆုံး ဆောက်လုပ်နေထိုင်ခွင့် ရသတဲ့လား။ တန်ဖိုးကြီး၊ အဖိုးတန် ပစ္စည်းတွေနဲ့ ဆင်ယင်ပြီး ထူးခြားဆန်းပြားမှ မျက်စိ ပသာဒဖြစ်မှ ဗိသုကာတစ်ဦးရဲ့ တာဝန် ကျေသတဲ့လား။ အလုပ်တွေထဲ နစ်မြှုပ်ရင်းက ကျနော့်အိပ်မက်က တစ်ခုထဲမှာပဲ အဆင် ကွဲထွက်သွားပြန်တော့တယ်။ “ဗိသုကာ ပညာရှင်” တစ်ယောက်ဟာ လူတွေ အပန်းဖြေ မျက်စိပသာဒ ဖြစ်စရာ အဆောက်အဦးတွေကိုပဲ ဖန်တီးဖို့ တာဝန် တစ်ခုထဲ ရှိတာမဟုတ်။ ပိုမို ကောင်းမွန်တဲ့ လူ့ဘောင်လောကကြီးကိုလည်း ဖန်တီးပေးနိုင်ဖို့ အခွင့်အရေးတွေ ရှိနေတယ်။ ကျနော်တို့တတွေဟာ လူချမ်းသာတွေ အတွက်သာမက လူတန်းစားမရွေး လူ့ဘောင်လောက တစ်ခုလုံး သာယာလှပအောင် ဖန်တီး ပေးနိုင်ရမယ်။ အခုလို Green Architecture တွေ ပေါ်လာတာ၊ စွမ်းအင် ချွေတာ သုံးစွဲနိုင်ပြီး သဘာဝအရင်းမြစ်တွေ မပြုန်းတီးစေနိုင်တဲ့ ဆောက်လုပ်ရေး နည်းစနစ်တွေ ထွန်းကားစ ပြုလာတာ၊ အဲတာတွေက ကျနော့် အနာဂါတ် လူ့ဘောင်လောကကြီး အတွက် မက်ခဲ့တဲ့ အိပ်မက်လေး လက်တွေ့ ဖြစ်လာနိုင်ဖို့ ယုံကြည်ချက်တွေ အားဖြည့်ပေးနေခဲ့ပါတယ်။ အဲဒီအကြောင်းတွေကို အကျယ်တ၀င့် ကျနော် ဒီမှာ မရေးတော့ဘူး။ ခုတောင် တော်တော် လေကြော ရှည်နေမိပြီ။ ခု လောလောဆယ်မှာတော့ ကျနော့် အိပ်မက်တွေထဲက တစ်ခုဖြစ်တဲ့ “ဗိသုကာ” ပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်းခွင့် ရထားတာ ကံကောင်းလှပါပြီ။
လိုအပ်တာကတော့ အိပ်မက်တွေ အမှန်တကယ် လှပ ဖို့ရာအတွက် ကျနော် အများကြီး ဆက် ကြိုးစားကာ နေရပါဦးမယ်။
အိပ်မက်တွေ (၁) မှာ ကျနော် ရေးခဲဖူးသလိုပေါ့။ ကျွန်တော်တို့ ဘ၀တွေမှာ ဖြစ်လာခဲ့သော အိပ်မက်တွေ ရှိသလို ဖြစ်မလာခဲ့သော အိပ်မက်သေတွေလဲ ရှိသည်။ တစ်ချို့ အိပ်မက်တွေက အိပ်မက်သက်သက်မျှသာ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အိပ်မက်တွေ မမက်လို့ မဖြစ်။ အိပ်မက်တွေ ဆက်မက်နေဖို့ လိုအပ်သည်။
အစကို ပြန်ကောက်ရမယ် ဆိုရင်တော့ ကျွန်တော် သီကြည့်မိတဲ့ အရောင်လက် ကြိုးစတွေလို ပြိုးပျက်နေတဲ့ အိမ်မက်ကြိုးတွေ ရဲ့ ပကတိ ပုံရိပ်လွှာက အနုပညာ ဆိုတာပါပဲ။ အဆင်ကွဲပေမဲ့ မိတ်ဆွေတို့ အားလုံးနဲ့ တစ်အိမ်မက် တူနေတာ အနုပညာဆိုတဲ့ ကျနော့်ရဲ့ ၀ါသနာပါ။

ကဲ၊ ကျနော့် ချစ်မိတ်ဆွေများလဲ ကျနော့် ၀ါသနာ တစ်ဖြစ်လဲ စနေသားရဲ့ အိပ်မက်တွေကို ခပ်ယူ မြည်းစမ်း ကြည့်ပြီးကြရောပေါ့။
ဒီနေရာလေးကနေ ဖိတ်ခေါ်ချင်တာကတော့ “က” ချင်သူ ကောင်မလေးများ စာရင်းပေးကြပါ လို့။ စနေသား အခမဲ့ ကူညီကာ ကလပ် ခေါ်ပါမည်။ (မိန်းခလေးတွေဆို ကလပ်က ပိုက်ဆံ ပေးဝင်စရာ မလိုဘူးတဲ့၊ ဒါကြောင့် မိန်းခလေးများကို ရွေးခေါ်တာ အထင် မလွဲကြစေလို။)
မင်္ဂလာဆောင် ဧည့်ခံပွဲတွေမှာ ပဲ ဖြစ်ဖြစ်၊ အမှတ်တရ တစ်ခုခုအတွက် ဓာတ်ပုံ ရိုက်လို သူများကိုလဲ “အပျော်တမ်း ဓာတ်ပုံရိုက်သူ” ကျနော် ကြိုဆိုပါတယ်။ မော်ဒယ်ဂဲလ် လေးတွေလဲ စိတ်ဝင်စားရင် ဆက်သွယ် လိုက်ပါခင်ဗျ။ မေတ္တာဖြင့် အခမဲ့ လိုက်လံ ရိုက်ကူးပေးပါတယ်။ အဲဒီအတွက် ကင်မရာ Zoom Lens တွေ လက်ဆောင် ပြန်ဝယ်ပေးကြတယ် ဆိုရင်ဖြင့် မေတ္တာကို စေတနာနဲ့ တုံ့ပြန်တာ ဆိုကာ အားနာနာနဲ့ လက်ခံပါ့မယ်။
ချစ်ခင်ရသော မိတ်ဆွေတွေ တကယ်လို့များ အိမ်၊တိုက်တာ၊ အဆောက်အဦးတွေ ပုံစံအတွက် စိတ်ကူးများ လိုအပ်ပါက “ဗိသုကာ” ပိုင်း ဆိုင်ရာ ရှုထောင့်ကနေ ကူညီပေးဖို့ အဆင်သင့်ပါ။ ကျနော်ကတော့ ညီမလေး မယ်ကိုးလို လျှော့ဈေးနဲ့ ဒီဇိုင်း မဆွဲပေးပါဘူး။ ခင်မင်မှုအရ ငွေကြေး လက်ခံမယူပဲ အလကား ဆွဲပေးမှာပါ။ ကျနော် ပုံစံ ထုတ်ပေးတဲ့ အဆောက်အဦး ကုန်ကျစားရိတ် အတိုင်းအဆ အတိုင်း သာ တိုက်ခန်း၊ မြေကွက် စတာတွေကို အလိုက်သတိ လက်ဆောင်ပေးကြမယ် ဆိုရင်ဖြင့် အစောနက ပြောသလို အားနာနာလေးနဲ့ပဲ လက်ခံပေးပါရစေ။
(လိုချင် ရချင်လို့ ပြောတာမဟုတ်ပါဘူး။ တစ်ချို့က ၀ယ်ပေးချင်လျက် အပြောခက်သူတွေ ရှိနေကြလို့ပါ။ :-P )

ဟဲဟဲ။ ကျနော် စသလို၊ နောက်သလို၊ အတည်လို ပြောသွားတာတွေက မိတ်ဆွေတို့ကို ပြုံးစေချင်လို့ စနောက် မိတာပါ။ ခုတလော ကျနော်တင်သမျှတွေ ဖတ်ဖတ်ပြီး စိတ်ညစ် ပြန်ရတဲ့ မိတ်ဆွေတွေကို အားလဲ နာတယ်။ ကျေးဇူးလဲ တင်ပါတယ်ခင်ဗျ။
ခု တကယ် အတည် ပြောလိုတာက ဘာသာရေး၊ လူမှုရေး ကိစ္စရပ်တွေမှာ ကျွန်တော် တတ်ကျွမ်းတဲ့ ပညာရပ်လေး အနည်းငယ်မျှနဲ့ပဲ ဖြစ်ဖြစ် ကုသိုလ်ပြုနိုင်ခွင့် ရမယ် ဆိုရင် အချိန်မရွေးသာ လက်တို့လိုက်ပါ။ ဥပမာအားဖြင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ အဲ့ဒီလို အဆောက်အဦးတွေ ဆောက်လုပ်ဖို့ ဗိသုကာပုံစံတွေ လိုအပ်တဲ့ အခါမျိုးပေါ့။ ကျနော် စနေသား ကိုယ့် အတတ်ပညာနဲ့ တတ်စွမ်းသလောက် ကုသိုလ်ပြုရမှာလဲ ၀ါသနာ ပါ ပါတယ်ခင်ဗျား။

(ဒီ ပို့စ်လေးကို ရေးဖြစ်ဖို့ ဖိတ်ခေါ်တဲ့ ညီမလေး မယ်ကိုး ကို ကျေးဇူး အထူးတင်ပါတယ်။ ညီမလေးကို စာထဲ ထည့်သွင်း နောက်ပြောင်မိတာလဲ စိတ်မဆိုးဘူး ထင်ရဲ့။ အကိုလဲ ညီမလေးလို စာဖတ်သူတွေ ပျော်စေချင်လို့ပါ။
ဒီပို့စ်လေးကို အတော်များများ ရေးပြီး နေကြပါပြီ။ ဆရာမ အပြုံးပန်း ကို ညီမလေး မယ်ကိုးက တက်ဂ်ထားပြီးပေမဲ့ ကျနော် ပြန်ပီး ဖိတ်ခေါ်ပါရစေခင်ဗျာ။ ထပ်ပြီး ကျနော် သိချင်တဲ့ ၀ါသနာအိပ်မက် ပိုင်ရှင်လေးတွေ ကတော့ ညီလေး ဖိုးစိန်နေဒေးညီမင်းအိမ် နဲ့ ညီမ မေလေးမမီး (မိုးသောက်ကြယ်) တို့ပါပဲ။ ညီလေး၊ ညီမလေးတွေရဲ့ ၀ါသနာအိပ်မက်လေးတွေ မျှဝေပေးကြမယ် မျှော်လင့်ပါတယ်။)
ဆရာမ အပြုံးပန်း က တနေ့တော့ အိမ်အလည်ခေါ်ချင်တယ် လို့ ဖိတ်ခေါ်ထားတာလေး ဒီစာ ရေးပြီးမှ တွေ့လို့ပါ။ လာဗျာ။ ကျနော်နဲ့အတူ ဆရာမရဲ့ “မြတ်လေးရုံ” ကို လည်လည်သွားစို့ရဲ့။

မေတ္တာဖြင့်
မိုးကုတ်သား