Thursday, June 17, 2010

“ဟောဒီက ငှက်ပျောပေါင်း”



“ ဟောဒီက ငှက်ပျောပေါင်း ”

သူမရဲ့ အသံကို ကြားပြီ ဆိုတာနဲ့ သူမ ၀င်လာတဲ့ လမ်းကြီး လမ်းငယ် အသွယ်သွယ်မှာ ခလေးတွေ ဆူညံသွားကြစမြဲ။
သူမရဲ့ ငှက်ပျောပေါင်းကို ကြိုက်လို့ အားပေးကြသလို ပျော်တတ်သော၊ စနောက်လို့ ကောင်းသော သူမကိုလည်း ကလေးတွေရော လူကြီးတွေပါ ချစ်ခင်ကြသည်။ အားပေးကြသည်။ ငှက်ပျောပေါင်း ရောင်းလာတာ နှစ်တွေ အတော်ကြာခဲ့ပြီ။ သို့သော် လူတွေက သူမ ငှက်ပျောပေါင်းကို ရိုးမသွားကြ။ တခါတလေ ရောင်းကုန်သွားလို့ တစ်ချို့ မရောက်ဖြစ်တဲ့ လမ်းတွေဆို သူမကို မျှော်လို့ နေတတ်ကြသူတွေလဲ ရှိရဲ့။
သူမ ရောင်းတဲ့ ငှက်ပျောပေါင်းနဲ့ အိမ်က ခလေးသုံးကောင် ကို ကျောင်းထား ပေးနိုင်သလို နာတာရှည်ရောဂါသည် အိမ်ဦးနတ်ကိုလဲ ဆေးမီးတိုလေးတွေနှင့် ကုသနိုင်သည်။ သူမတို့ တမိသားစုလုံးရဲ့ ထမင်းအိုးလေး ဆိုလဲဟုတ်၊ တခုတည်းသော ၀င်ငွေလေး ရှိရာ လုပ်ငန်းလေး ဆိုလဲ မမှားပါ။
သားတွေ သမီးတွေကလည်း ကျောင်းအားချိန်တွေမှာ ကူဖော်လောင်ဘက် ရတော့ သူမက ဒီလုပ်ငန်းလေးကို ဇောက်ချ လုပ်နိုင်သည်။ ရပ်တကာ၊ ရွာတရိုး ဈေးတောင်း ခေါင်းရွက်ကာ ရောင်းရသလောက် တခုတည်းသော ဒီဝင်ငွေလေးက စုမိဆောင်းမိသည်တော့ မရှိလှချေ။
နောက်ပြီး သူမမှာ အကျင့်ဆိုး တစ်ခုက ရှိသေးသည်။ ဒါကတော့ ခါးတို့တိုင်း ယောင်တတ်ခြင်းပင်။
“ အမေအေးရေ က၊ က ”
တစ်ယောက်ယောက်က သူမ ခါးကို တို့ပြီး အဲလို မပြောလိုက်နှင့်။ သူမက ဈေးတောင်းကို ခေါင်းပေါ်က ချကာ ကွေးနေအောင် ကတတ်သည်။
“ အမေအေးရေ သီချင်းဆိုပြ ”
ခါးတို့ကာ အဲလို ခိုင်းလိုက်လျှင်ဖြင့် သူမက “ ဟောဒီက ငှက်ပျောပေါင်း ” လို့ အော်မည့်အစား သိချင်းသံတွေသာ သံနေသံထားနှင့် ဆိုပြ မိတော့သည်။
“ အမေအေးရေ ကြီး ကြီး လှီးပေး ”
ငှက်ပျောပေါင်းကို ၀ယ်သည့် အဖိုးအလိုက် သူမ အပိုင်းလေးတွေ လှီးဖြတ်ပေးချိန်မှာ တစ်ယောက်ယောက်က ခါးတို့ကာ ပြောလိုက်ရင်ဖြင့် သူမက “အေး၊ အေး” ဟုဆိုကာ ခေါင်းတငြိမ့်ငြိမ့်နှင့် အတုံး အကြီးကြီးကိုလှီးဖြတ် ပေးမိတတ်မြဲ။ သူမရဲ့ ထိုအားနည်းချက်ကို သိကြသော ခလေးငယ်များက အဲဒီလို သူမကို စနောက်ကာ ငှက်ပျောပေါင်းတုံး အကြီးကြီးကို ကိုင်လျက် ပျော်ရွှင်စွာ ထွက်သွားကြလျှင်တော့ သူမက ထို ခလေးများနှင့် လိုက်ပျော်ကာ ကြည်နူးရလေသည်။ ကွယ်၊ သူမသာ ချမ်းသာလျှင်တော့ သူတို့ ကြိုက်လှသော ငှက်ပျောပေါင်းကို အလကား ကျွေးပလိုက်ချင်သည်။ လျော့သွားသော အမြတ်ငွေလေးတွေ အတွက်လဲ သူမက နှမျောတသ မနေတတ်ပါ။
တစ်နေ့တော့ သူမ အိမ်ဦးနတ်က အမောတွေ ဖောက်ကာ ဆေးခန်းပြရသည်။ ဆေးဖိုးတွေ အတော်ကုန်ကာ လက်ထဲမှာ ရှိသမျှ ငွေစတွေက နောက်ရက်အတွက် အရင်းမျှပင် မကျန်ချင်။ မတတ်နိုင်တော့ ၊ သူမ နေ့ပြန်တိုး ယူကာ လိုအပ်တာတွေ ၀ယ်ရသည်။ တင်သွားတဲ့ အကြွေးတွေကို မြန်မြန်ကျေဖို့ သူမက ငှက်ပျောပေါင်းကို ပိုလုပ်ကာ ရောင်းရမည်လေ။
ထိုနေ့က အိမ်ဦးနတ်ကို တညလုံး ပြုစုတားရသောကြောင့် အိပ်ရေးက သိပ် မ၀ချင်။ အခါတိုင်း လုပ်နေကျထက် ငှက်ပျောပေါင်းကို တစ်ဗန်းစာမျှ ပိုလုပ်ထားရသောကြောင့်လည်း လူက နွမ်းနယ်ချင်နေသည်။ သို့သော် သူမ ဈေးတောင်း ခေါင်းရွက်ကာ အားတင်းပြီး အိမ်က ထွက်၏။ တင်သွားသော အကြွေးကို သူမ အမြန် ပြန်ဆပ်နိုင်မှ ဖြစ်မည်။
တစ်လမ်းဝင် တစ်လမ်းထွက် အော်ကာ ရောင်းရင်း ထုံးစံအတိုင်း အထက်တန်းကျောင်းရှေ့သို့ နံနက်ခင်း ကျောင်းမတက်ချိန် အမှီ သူမ ရောက်လာ၏။ ကျောင်းသားလေးတွေက နံနက်စာကို သူမရဲ့ “ငှက်ပျော်ပေါင်း” မှ စားချင်သူတွေ ရှိသည်မဟုတ်လား။ ရောဂါဖောက်နေသော အိမ်ဦးနတ်ကို အိမ်မှာ တယောက်ထဲ ထားခဲ့ရတာလဲ စိတ်က သိပ်မဖြောင့်လှ။ “ ဒီနေ့ မြန်မြန် ရောင်းကုန်ပါစေ ” စိတ်ထဲက တိတ်တဆိတ် ဆုတောင်းရင်း ကျောင်းရှေ့မှာ ဈေးဗန်းကို ချကာထိုင်ရောင်းမယ်အလုပ်
“ အမေအေးရေ၊ ဗန်းကြီး မှောက်ချလိုက် ”
ခါးမှာ ကျင်ခနဲ ဖြစ်သွားပြီးနောက် သူမ အယောင်ယောင်အမှားမှား ဈေးတောင်းကို မှောက်ချပစ်မိသည်။ သူမ သတိဝင်လာချိန်မှာတော့ ဈေးတောင်းထဲက ငှက်ပျောပေါင်း ဗန်းလေးတွေက ပလက်ဖောင်းပေါ်မှာ စီရရီ မှောက်လျက်သား။ တစ်ဗန်းတစ်လေများ အကောင်းအတိုင်း ကျန်မလား မျှော်လင့်ချက်နှင့် သူမ ဗန်းတွေကို ကြည့်ကာ လက်တွေ တုန်ရီလို့လာသည်။ ဗန်းတိုင်းမှာက ပလက်ဖောင်းပေါ်မှ ဖုန်တွေ၊ သဲတွေ တလျှပ်လျှပ်နှင့်လေ။ အခုမှ အရင်းကျေဖို့ မပြောနှင၊့် ဈေးဦးလေး ပေါက်ကာစမှာ။ ခုတော့ အမြတ်ငွေမပြောနှင့် မနက်ဖြန်အတွက် အရင်းပင် မကျန်တော့။ နေ့ပြန်တိုးငွေတွေ ဘယ်လို ဆပ်ရမှာပါလိမ့်။ အိမ်က အိမ်ဦးနတ် အားလေးရှိအောင် ကြက်စွပ်ပြုတ်လေး လုပ်ကာ တိုက်မဟဲ့ ဆိုတဲ့ မျှော်လင့်ချက်လေးလဲ သဲထဲရေသွန်။
သူမကို စနောက်သွားသော ကျောင်းသားလေးကလဲ ပြေးပြီ။ ကျောင်းတက် ခေါင်းလောင်းလဲ ထိုးပြီ။ ကျောင်းရှေ့ လမ်းဘေး ပလက်ဖောင်းပေါ်မှာ သူမ တစ်ယောက်သာ အမှိုက်ဖြစ်သွားရရှာသော သူမရဲ့ ငှက်ပျောပေါင်း ဗန်းလေးတွေကို ဈေးတောင်းထဲ စီထည့်ရင်း မျက်ရည်တွေ တတွေတွေ ကျနေလေတော့သည်။ သူမ ငိုရုံက လွဲပြီး ဘာတတ်နိုင်ပါ့မည်နည်း။
တစ်ချို့တွေ အတွက်ကတော့ တချက်လေး စိတ်ပျော်ဖို့အတွက် စနောက်လိုက်ခြင်းသည် အစအနောက် ခံလိုက်ရသည့် တစ်ချို့ သော ဘ၀တွေအတွက်တော့ မိုးပြိုသည်ထက် ဆိုးတတ်မှန်း ထိုခလေးငယ် ဘယ်သိလိမ့်မလဲလေ။

မေတ္တာဖြင့်
မိုးကုတ်သား