Showing posts with label Essay. Show all posts
Showing posts with label Essay. Show all posts

Friday, May 4, 2012

အ၀ါရောင် ည

အ၀ါရောင် ည


လေပြည်တွေက ရူးရူးသုတ်သုတ်နဲ့ ကန်ဘောင်လျှောက်လမ်းမှာ ပြေးလွှားလို့ နေကြသည်။ အိမ်က ထွက်လာစမှာ အိုက်လို့ ဖြုတ်ထားတဲ့ အင်္ကျီကြယ်သီးတွေကို လည်ပင်း ပိတ်လုံသည်ထိ ဆွဲစိပစ်လိုက်ရသေးသည်။ ညကြီးသန်းခေါင်မှာမှ အဝေးပြေးလမ်းမကြီးမှာ ကားတွေ များလိုက်တာ။
တဝေါဝေါနှင့် ဖြတ်သန်းသွားသော ကားများက ညသန်းခေါင်း အဝေးပြေးလမ်းမကြီးမှာ တစ်ယောက်ထဲ လမ်းလျှောက်နေသော ကျွန်တော့်ကို အရူးလို့ ထင်ကောင်းထင်နေကြလေမလား..။
အဝေးပြေးကားလမ်းမကြီး နံဘေးမှာ ဖြတ်စီးနေသော မြစ်ပြင်ကို ငေးကြည့်ရင်းက ကျွန်တော့် မြင်ကွင်းတွေထဲ အ၀ါရောင်တွေ သိပ်များနေတာ သတိထားမိလာသည်။
ညောင်းညာလာသော ခြေလှမ်းတို့ကို ရပ်တန့် အနားပေးဖို့ လိုအပ်လာတော့ ကျွန်တော်က လူနေအိမ်တွေနှင့် ဝေးဝေးမှာ ရောက်နေခဲ့ပြီ။ ကျွန်တော် နင်းလျှောက်နေသော မြက်ခင်းပေါ်ပဲ ထိုင်ချ အနားယူရမလား စဉ်းစားရင်း တဝေါဝေါ ဖြတ်သန်းသွားနေသော ကားများက ကျွန်တော့် မြင်ကွင်းကို နင်းဖြတ်နေသလို ခံစားနေရသောကြောင့် မြစ်ကမ်းနံဘေးကို ဆင်းကာ ထိုင်ဖို့ ဆုံးဖြတ်လိုက်သည်။

တကယ်တမ်းတော့ ခု ကျွန်တော် ရပ်တန့်နေရာ မြက်ခင်းပြင်နှင့် သစ်ပင်တန်းတွေဘေးမှာ မြစ်ကမ်းဘေးကို ဆင်းမရအောင် ကာထားသော ခါးလောက် မြင့်သည့် သံတိုင်တွေ ရှိသည်။
ဟိုတစ်ဘက်ကို ဖြတ်ကျော်လျှင် ဒဏ်ရိုက်ခံရမည်လား မစဉ်းစားမိလောက်အောင်ပင် မြစ်ပြင်က ကျွန်တော့်အား ညှို့ငင်လို့ သွားခဲ့ပါသည်။
သံတိုင်တွေကို ကျွန်တော် ဘယ်လို ခုန်ကျော် ဖြတ်ခဲ့လိုက်သည်လည်း ကျွန်တော် မသိ.. သံတိုင်ဘေးက ရေနှုတ်မြောင်းကို ဘယ်လို ကူးခဲ့လေသလဲ ကျွန်တော် မသိ။ ကျွန်တော့် အာရုံသည် အ၀ါရောင်များဖြင့် ပြည့်နေခဲ့သည်။ ဖြတ်သွားသော ကားများဆီက အလင်းတန်းများ၏ အ၀ါရောင်များကလည်း သူတို့၏ တဝေါဝေါ အသံများကိုပါ အ၀ါရောင် စွန်းပေသွားစေသည်။ နေ့ခင်းဘက်က ခရမ်းပြာရောင် တောက်တောက် ရှိနေကြသော စက္ကူပန်းရုံများကလည်း နီယွန်မီးတွေဆီက အ၀ါရောင်တွေ ကူးစက်ကာ အ၀ါတွေ စွန်းကုန်ကြပြီ..။ ဟိုး ဝေးဝေး တမျှော်စာက လူနေတိုက်ခန်း မြင့်မြင့်မားမား တွေကလည်း မီးရောင်များကြောင့် အ၀ါရောင် ဖြစ်လို့ နေသည်..။
ပတ်ဝန်းကျင်တစ်ခုလုံး အ၀ါရောင် ဖုံးလို့ နေတော့ မြစ်ပြင်ထဲမှာ အရိပ်လာထင်သော ပုံရိပ်များကလည်း အ၀ါရောင်တွေ..။ ဒီတော့ မြစ်ရေပြင်လည်း အ၀ါရောင်များသာ လွှမ်းလို့ နေ၏။
တစ်ချက်တစ်ချက် ကြားရသော ပုရစ်အော်သံ၊ ၊ ဖားအော်သံတွေကအစ အ၀ါရောင်တွေ ဖြတ်ခနဲ လင်းပွင့်လာသလို ည၏ တိတ်ဆိတ်မှုကို ထိုးခွဲနေကြလေတော့သည်.။
အ၀ါရောင် မြင်ကွင်းထဲ ကျွန်တော် အဘယ်မျှ လွှင့်မျောသွားသည်လည်းမသိ..။ တောင့်တင်းလာသော ခြေသလုံးများကြောင့် အသိဝင်လာတော့ စက္ကူပန်းရုံနံဘေးမှာ ကျွန်တော်က မလှုပ်မယှက် ငြိမ်သက်ရပ်တန့်လို့။
စက္ကူပန်းရုံကို ကျော်ဖြတ်ကာ မြစ်ဆိပ်နှင့် နီးနီးဆီ ဆင်းသွားရမလား။
အပူရောင်လို့ ကျွန်တော် သတ်မှတ်ထားသော အ၀ါရောင်တွေက ခုချိန်မှာ ကျွန်တော့်ကို ညှို့ငင်ဖမ်းစားနိုင်နေတာတော့ အသေအချာ။
အ၀ါရောင်တွေ တလက်လက်ပြေးနေသော ရေပြင်မှာ လေလှိုင်းကြက်ခွပ်လေးတွေ ကခုန်နေပုံက ကျွန်တော့်ကို သူတို့နှင့်အတူ လာကဖို့ ဖိတ်ခေါ်နေသလား။ ကျွန်တော့် ခြေလှမ်းတို့ ရှေ့လှမ်းမယ် ပြင်ပြီးကာမှ ကျောရိုးတစ်လျှောက် စိမ့်ခနဲ ဖြစ်လို့သွားခဲ့သေးသည်။
ကြည်နူးဆွတ်ပျံ့ဖွယ်သော..၊ ငြိမ်းချမ်းအေးမြဖွယ် အဆင်းရှိသော ထိုရွှေဝါရောင်သန်းသည့် မြင်ကွင်းနှင့် မြစ်ပြင်က ကျွန်တော့်လို လူတွေကို ဘယ်နှစ်ယောက်များ ဖျားယောင်းသွေးဆောင်ခဲ့ပြီးပြီလဲ.. ကျွန်တော် မသိနိုင်။
ကျွန်တော် ကျော်ဖြတ်ခဲ့သော သံတံတိုင်းနှင့် ရေနှုတ်မြောင်းကို ပိုက်ဆံအကုန်ခံပြီး တမင် ကာဆီးထားတာ မဟုတ်မှန်း သေချာလာသည်..။
သို့သော် ကျွန်တော်က တားဆီးထားသော စည်းတစ်ခုကို ဖြတ်သန်း ကျော်ဖြတ်ခဲ့ပြီးပြီ။
ယစ်မူးဖွယ် အ၀ါရောင်ညကို ကျွန်တော့်အာရုံမှာ သုတ်လိမ်းမိခဲ့ပြီ။
နောက်တစ်ခေါက် ဒီနေရာ ထပ်လာလို့ ခုလို ပြည့်စုံလှပသော အ၀ါရောင်ညကို နောက်တစ်ကြိမ် ထပ်ရနိုင်ဖို့ သေချာ မျှော်လင့်ထားလို့ မရ..။
အ၀ါရောင် ညမြင်ကွင်းနှင့် အ၀ါရောင် လူးလွန့်လက်ဖြာနေသော လှိုင်းကြက်ခွပ်များ..။ နောက်ပြီး.... မြစ်ပြင်မှာ ၀ိုးတ၀ါးထင်နေသော တိမ်တိုက်များနှင့် ကောင်းကင်ကြီးသည်လည်း အ၀ါရောင် သန်းနေမလား။ ဘာကြောင့်မှန်းမသိပဲ ကောင်းကင်ကြီးကို မော့မကြည့်ရဲတော့။ သေချာသည်မှာ... ကောင်းကင်ကြီးပါ အ၀ါရောင်တွေ လွှမ်းနေခဲ့လျှင် ခန်းနားသော၊ ကြီးကျယ်သော ရွှေရောင်လွှမ်းသည့် ညချမ်းမှာ ကျွန်တော် သေးနုပ် ပျောက်ကွယ်သွားမှာ စိုးရိမ်မိနေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မည်။
ထူးဆန်းသည်ကတော့ အ၀ါရောင်ညသည် ကျွန်တော့်ကို ဖြတ်သန်းစီးဆင်းနေသည့် မြစ်တစ်စင်းအဖြစ် ရုတ်ခြည်း ပြောင်းလဲသွားခဲ့ခြင်းပဲ ဖြစ်သည်..။
နောက်တစ်နေ့ နံနက်ခင်းမှာ အရာရာဟာ ပုံမှန်အတိုင်း လည်ပတ်စီးဆင်းနေလိမ့်မည် ဆိုတာကိုလည်း ကျွန်တော် သတိမရနိုင်တော့..။ ကိုယ့်ကိုကိုယ် အ၀ါရောင်အဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့သော ကျွန်တော်သည်..... အ၀ါရောင်ည.. အ၀ါရောင်လေပြည်.. အ၀ါရောင် လှိုင်းတွေကြား ကျွန်တော့်ကိုယ် ကျွန်တော် ဒလိမ့်ခေါက်ကွေး စီးဆင်းပြစ်လိုက်လေတော့သည်။ ။

မေတ္တာဖြင့်

မိုးကုတ်သား

Saturday, October 2, 2010

တောင်တန်းများကို ဖြတ်ကျော်ခြင်း

ကျွန်တော်က တောင်တန်းတွေနှင့်အတူ ကြီးပြင်းလာခဲ့တဲ့သူတစ်ယောက်။ တောင်တန်းတွေဟာ ဘယ်တော့မှ ကျွန်တော်နဲ့ စိမ်းမနေခဲ့ပါ။ တစ်ချို့တောင်တန်းတွေက ကျွန်တော့် သူငယ်ချင်းတွေ.. မိတ်ဆွေတွေတောင် ဖြစ်သေးရဲ့။ သူတို့မှာ မာယာ မရှိဘူး။ ထောင်ချောက်တွေ မရှိဘူး။ တစ်ချို့တောင်တန်းတွေက စိမ်းစိုလှပတဲ့ တောအုပ်.. တောတန်းတွေနဲ့..။ တစ်ချို့တောင်တန်းတွေက သစ်ပင်ကျိုးတိုးကျဲတဲ.. သွေ့သွေ့ခြောက်ခြောက်..။ တစ်ချို့တောင်တန်းတွေက ကျောက်စိုင်ကျောက်သားတွေနဲ့... အသွင်တွေ မတူကြဘူး။ သဘာဝ မတူကြဘူး။ သားရဲပေါကာ အန္တရယ်ပျွမ်းသည့် တောအုပ်တွေ ကြီးစိုးသော တောင်တန်းတွေ ရှိချင်ရှိမည်။ စိမ့်စမ်းရေတံခွန်တွေနှင့် သာယာပျော်ရွှင်ဖွယ် အတိပြီးသော ပြည့်စုံလှပသည့် တောင်တန်းတွေလဲ ရှိမည်။ လှပသလောက် ဘေးအန္တရယ် များသည့် တောင်တန်းတွေလဲ ရှိမည်။ သေချာတာတစ်ခုကတော့ သူတို့မှာ မာယာမရှိ၊ ပရိယာယ် မရှိကြပါ။ အဲတာဟာ ကျွန်တော် တောင်တန်းတွေကို ချစ်ခင်မြတ်နိုးရခြင်းရဲ့ အဓိက အချက်ပဲဖြစ်သည်..။ ကျွန်တော် တောင်တန်းတွေကို ချစ်သည်။ မြင်မြင်သမျှ တောင်တန်းတွေဟာ ကျွန်တော့်အတွက်တော့ ချစ်ဖို့ကောင်းနေတတ်ပါသည်..။

ငယ်စဉ်ကတည်းကရင်း ကျွန်တော်က တောင်တက်ရတာ ၀ါသနာ ပါသည်။ မြို့ကလေးမှာ နေစဉ်က ဘေးပတ်လည် တောင်တွေ ၀ိုင်းနေလေတော့ မကြာခဏ ကျွန်တော် တောင်တက်ဖြစ်တာ မဆန်းပါ။ တောင်တန်းတွေပေါ် နင်းဖြတ်မိတိုင်း လွတ်လပ်သော သိမ်မွေ့သည့် ကြည်နူးမှုတွေကို ရသည်။ သဘာဝတရားနှင့် ကိုယ်က ပို နီးစပ်လာသလိုလည်း အမြဲ ခံစားရသည်။ တောင်အမြင့်ပိုင်းသို့ရောက်လေ... သန့်စင်သောလေထုကို ပိုပြီး ရှူရှိုက်ရလေ... စိတ်နှလုံးက ပိုပြီး ငြိမ်သက်ကြည်လင်လေ ဖြစ်လာသည်ဟုလည်း ခံစားရသေးသည်။ နောက်ပြီး တောင်ထိပ်ပေါ်ကနေ သဘာဝလောကကြီး၏ အလှတရားကို အသွင်တစ်မျိုးနှင့် စီးမိုးကြည့်ရသည့် အရသာ..ကိုရော..... ကျွန်တော် ချစ်သည့် တိမ်တိုက်တွေနှင့် ပိုပြီး နီးနီးကပ်ကပ် ရှိနေရသည့် အတွက်ကြောင့်ရော.... တောင်တက်ရခြင်းကို ကျွန်တော် ခုံမင်ခြင်းလည်း ဖြစ်ပါလိမ့်မည်။

လမ်းထွင်ပြီးသား တောင်တန်းများကို ဖြတ်သန်းသွားတိုင်း လမ်းထွင်ခဲ့သူတွေ၏ စွန့်စား ကြိုးပမ်းမှုကို ကျွန်တော် အားကျသည်။ ရှုမောဖွယ်ရာ လှပသော ရှုခင်းနေရာလေးတွေမှာ... အပန်းဖြေအနားယူဖို့ နေရာလေးတွေ ဖန်တီးထားပေးတာ တွေ့တိုင်း ရှာဖွေတွေ့ရှိကာ ဆောက်လုပ်ပေးခဲ့သောသူ၏ စိတ်ကူးစေတနာကို ကျေးဇူးတင် ကြည်နူးရသည်။ တခါတရံ ရေချမ်းစင်ကလေးများကို လမ်းခရီးမှာ တွေ့ရတတ်သေးသည်။ ဘယ်သူမှ တာဝန် ပေးမထားပါပဲ တောင်တက်လာသူတွေ အမောပြေစေဖို့ စေတနာသက်သက်ဖြင့် အပင်ပန်းခံ ရေဖြည့်ပေးထားသူများ၏ မေတ္တာကို တုံ့ပြန်ဆုတောင်းပေးဖို့ ကျွန်တော် မမေ့လျော့ခဲ့ပါ။

တခါတလေတော့ ကျွန်တော်တို့ သူငယ်ချင်းတွေ စုပြီး အပျော်တမ်း တောင်တက်ဖြစ်ကြသည်။ မြင့်မာပြီး တက်ရန်ခက်ခဲသော..၊ လမ်းရယ်လို့ သတ်သတ်မှတ်မှတ်မရှိပဲ စမ်းတ၀ါးဝါး ကိုယ့်လမ်းကိုယ် ထွင်ကာ သွားရသော တောင်တန်းများကို သူငယ်ချင်းများနှင့် အတူတက်ရသည်က ကျွန်တော့်အတွက်တော့ ရင်ခုန် စိတ်လှုပ်ရှားဖွယ်ရာ အကောင်းဆုံးနှင့် အပျော်ဆုံး အချိန်တွေ ဖြစ်လေသည်။ ခက်ခဲသော လမ်းတွေမှာ တစ်ယောက်လက်ကို တစ်ယောက် တွဲကူကြသည်။ လမ်းပျောက်လို့ စိတ်ဓာတ်တွေကျချင်ချင် ဖြစ်နေချိန်မှာ အချင်းချင်း အားပေး နွေးထွေးကြသည်။ မျှော်ကြည့်လိုက်တိုင်း ဝေးဝေးမှာ တောင်ထိပ်ကို မြင်နေရပြီး “ဘယ်တော့မှ မရောက်နိုင်ဘူး ထင်ပါရဲ့” လို့ ဇွဲ မလျှော့ဖြစ်အောင် ဘေးမှ တောင်တက်ဖော် သူငယ်ချင်းများက တစ်ယောက်စိတ်ကို တစ်ယောက် တက်ကြွစေသည်။ တစ်ယောက်က ရေဗူး၊ တစ်ယောက်က ထမင်းဗူး.. တစ်ယောက်က အသီးအနှံ...အားလုံး အတူ ဝေမျှ စားသောက်ကြသည်။ တောင်ထိပ်သို့ ရောက်ခါနီးတိုင်း လမ်းခရီးမှာ ရင်ဆိုင်လာရသမျှသော ဘေးဒုက္ခတွေက ပြန်ပြောရင်း ရယ်စရာတွေ ဖြစ်ကုန်ကြပြန်သည်။ တောင်ထိပ်ကို ခြေချမိသည်နှင့် “ဟေး” ခနဲ ပြိုင်တူ အော်ဟစ်လိုက်ရလျှင်တော့ မောခဲ့သမျှတို့ ပြေပြီ...။ ပန်းတိုင်ရောက်ပြီ... အောင်မြင်မှုတစ်ခုကိုရပြီ...။ ထိုအခါ.. နောက်ထပ် ဒီ့ထက် ပို မြင့်မားသော တောင်တန်းတွေကို ဖြတ်ကျော်နိုင်ဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပိုဖြစ်လာရသည်။ တောက်တက်ခဲ့စဉ်က ရင်ဆိုင်ခဲ့ဖူးသော ဘေးဒုက္ခ၊ အခက်အခဲများသည်.. နောက်တစ်တောင်ကို ဖြတ်သန်းဖို့အတွက် အတွေ့အကြုံနှင့် စိတ်ခွန်အားတွေ ဖြစ်သွားကြသည်။ တောင်တက်ဖော်သူငယ်ချင်းတွေ ပိုရင်းနှီးချစ်ခင်သွားကြသည်။ ကျွန်တော့်အတွက် အပိုဆုကတော့ ဖြတ်သန်းခဲ့သော တောင်တန်းနှင့်ပါ စိတ်ထဲ ပိုမို ရင်းနှီးခင်မင်သွားခြင်းပင် ဖြစ်သည်။ သူတို့ပြောသော စကားသံများနှင့် သူတို့၏ ဖြစ်တည်မှုကို ကျွန်တော် ယခင်ကထက် ပိုလို့ ဂရုစိုက် တန်ဖိုးထားဖြစ်သွားသည်။ နောက်တစ်ကြိမ် ထပ် ရောက်မလာဖြစ်ခဲ့လျှင်တောင် ကျွန်တော့် မိတ်ဆွေဟောင်းများ အဖြစ် အမြဲ အမှတ်ရနေတတ်ပါသည်။

တောင်တန်းတိုင်း လှပရမည်ဟု မျှော်လင့်ထားလို့ မရပါ..။ လှပစေလိုစိတ်တွေ ရှိနေခဲ့လျင်တောင် တောင်တန်းတိုင်း မလှပရလေခြင်းဟု လောကကြီးကို အပြစ်တင်ခွင့် ရှိပါသလား။ ကျွန်တော် ဖြတ်သန်းမည့် တောင်တက်လမ်းတိုင်း ချောမွေ့ အဆင်ပြေရလိမ့်မည်ဟုလည်း ယုံကြည်စိတ်ချထားလို့ မဖြစ်ပါ။ လမ်းဖောက်ပြီးသော တောင်တန်းတစ်ခုကို လွယ်လွယ်ကူကူ ဖြတ်သန်းရချိန်တွေလဲ ရှိသည်။ ခက်ခဲကြမ်းတမ်းသော တောင်တန်းတွေကို ဖြတ်သန်းရချိန်တွေလည်း ရှိသည်။ ဘေးအန္တရယ်များသော တောင်တန်းတွေကိုလည်း လမ်းထွင်ဖောက်ကာ ဖြတ်သန်းချင် ဖြတ်သန်းမိမည်။ အခက်အခဲများစွာနှင့် ဖြတ်သန်းတိုင်း ဘေးမှ တောင်တက်ဖော် သူငယ်ချင်း၊ မိတ်ဆွေများ၏ တွဲလက်များကို ဆုပ်ကိုင်မိတိုင်း ကံကောင်းသည်ဟု ကျေနပ်စွာ ကျွန်တော်တွေးမိသည်။

အမြင့်ဆုံးသော တောင်တန်းတိုင်းသည် တောင်ထိပ်ကို ရောက်ဖို့ အလွယ်တကူ ဖြတ်သန်းသွားနိုင်မည် မဟုတ်တာကိုတော့ မေ့လျော့ထား၍ မဖြစ်ပါ။ အမြင့်ဆုံးတောင်တန်းတွေကို ဖြတ်သန်းဖို့ ကျွန်တော်တို့မှာ လုံလောက်သော စိတ်ဓာတ်၊ သတ္တိ နှင့် ဇွဲ၊ ဝိရိယ တို့ သေသေချာချာကြီးကို လိုအပ်ပါသည်။

တောင်တန်းတွေကို ကျွန်တော်ချစ်သည်။ အခါအခွင့်ရတိုင်း ကျွန်တော် တောင်တန်းတွေကို ဖြတ်သန်းဖို့ စိတ်ကူးရှိသည်။ တောင်ထိပ်တစ်ခုကို ခြေချမိတိုင်း “ဟေး” ခနဲ ကျွန်တော့် မိတ်ဆွေတွေ ခရီးသွားဖော်တွေနှင့် ပျော်ရွှင်စွာ အော်ဟစ်ချင်သည်။ ဘဝတစ်လျှောက်လုံးမှာ ဖြတ်သန်းမကုန်နိုင်သော တောင်တန်းများစွာ ဒီကမ္ဘာမှာ လုံလုံလောက်လောက်ကြီး ရှိနေပါသည်။ ထိုတောင်တန်းများက ကျွန်တော်တို့ကို အမြဲ ဆီးကြိုနေပါလိမ့်မည်။
မေတ္တာဖြင့်
မိုးကုတ်သား


"The Climb" ဆိုတဲ့ သီချင်းလေးကို ကြားဖြစ်နေတာ ကြာတော့ ကျွန်တော် ချစ်တဲ့ တောင်တန်းတွေအတွက် စာကလေးတစ်ပုဒ် ချရေးချင်လာတာနဲ့ ရေးဖြစ်သွားခြင်းပါ။ ခုတလော ကြားဖြစ်နေတဲ့ ဒီသီချင်းလေးကို နားထောင်ပြီးကြမှာပါပဲ..။ ကျွန်တော်နဲ့ အတူတူ ထပ်ပြီး နားထောင်ကြည့်ရအောင်လား...။

Miley Cyrus - The Climb







The Climb
Songwriters: Alexander, J; Mabe, J;

I can almost see it
That dream I am dreaming
But there's a voice inside my head saying
"You'll never reach it"

Every step I'm taking
Every move I make feels
Lost with no direction
My faith is shaking

But I gotta keep trying
Gotta keep my head held high

There's always gonna be another mountain
I'm always gonna wanna make it move
Always gonna be a uphill battle
Sometimes I'm gonna have to lose

Ain't about how fast I get there
Ain't about what's waiting on the other side
It's the climb

The struggles I'm facing
The chances I'm taking
Sometimes might knock me down
But no, I'm not breaking

I may not know it
But these are the moments that
I'm gonna remember most, yeah
Just gotta keep going

And I, I got to be strong
Just keep pushing on

'Cause there's always gonna be another mountain
I'm always gonna wanna make it move
Always gonna be a uphill battle
Sometimes I'm gonna have to lose

Ain't about how fast I get there
Ain't about what's waiting on the other side
It's the climb, yeah!

There's always gonna be another mountain
I'm always gonna wanna make it move
Always gonna be an uphill battle
Somebody's gonna have to lose

Ain't about how fast I get there
Ain't about what's waiting on the other side
It's the climb, yeah!

Keep on moving, keep climbing
Keep the faith, baby
It's all about, it's all about the climb
Keep the faith, keep your faith, whoa

Sunday, August 1, 2010

တနင်္ဂနွေ


တနင်္ဂနွေသည် တနင်္ဂနွေတစ်ခုသာ ဖြစ်သည် ဆိုပါစို့။ သူက ဘာမှ မပြောင်းမလဲသယောင် ရှိနေလိမ့်မည်။ သို့သော် ပြက္ခဒိန်ပေါ်က ရက်စွဲများ၊ သက္ကရာဇ်များကတော့ ပြောင်းလဲသွားခဲ့ပြီးပြီ...။ တနင်္ဂနွေချင်း တူသော်လည်း သေချာတာ တစ်ခုကတော့ ဒီ တနင်္ဂနွေသည် ယခင်က တနင်္ဂနွေနေ့ရက်များ မဟုတ်တော့။ နောင် ရှေ့ဆက် ကြုံရမည့် တနင်္ဂနွေများနှင့်လည်း ကွဲလွဲချက်တွေ ရှိနေပါအုံးမည်။ မပြောင်းလဲတာကတော့ မသိမသာ ပြောင်းလဲခြင်းများနှင့် သိသိသာသာ ပြောင်းလဲခြင်းများ သိသိသာသာရော မသိလိုက်ဘာသာရော ရှိခဲ့ခြင်း ဖြစ်သည်။ ဆက်လက်ရှိနေလိမ့်အုံးမည်။

တနင်္ဂနွေတစ်နေ့က ကျွန်တော် သူငယ်ချင်းများနှင့် အတူ လျှောက်လည် ဖြစ်ဖူးသည်။

တနင်္ဂနွေတစ်နေ့က ကျွန်တော် ရယ်မော ပျော်ရွှင်ခဲ့ဖူးသည်။

လွန်ခဲ့သော တနင်္ဂနွေတွေ အတော်များများမှာ မြင်မြင်သမျှ ကျွန်တော် စိတ်ဝင်စားတာတွေ့လျှင် ကင်မရာတစ်လုံးနှင့် လျှောက်ရိုက်ခဲ့ဖူးသည်။

တနင်္ဂနွေတွေမှာ ကျွန်တော် စိမ်းလန်းဖူးသလို တနင်္ဂနွေတွေမှာ ကျွန်တော် တိတ်တဆိတ် သွေ့ခြောက်ခဲ့ဖူးသည်။

တနင်္ဂနွေတစ်နေ့က ကျွန်တော့်ဘ၀မှာ တစုံတရာ ကောက်ရခဲ့ဖူးပြီး တစုံတရာ ပျောက်ရှခဲ့ဖူးသည်။

တခါတခါမှာတော့ တနင်္ဂနွေက ကျွန်တော့်ကို စိတ်ကောက်ဖူးပြီး ကျွန်တော်က တနင်္ဂနွေကို စကားမပြောသော အ၀ါရောင် တနင်္ဂနွေ နေ့ရက်များလည်း ရှိသည်။

တနင်္ဂနွေတစ်နေ့က ချစ်သူ စိတ်ဆိုးပြီး ကျွန်တော့်လက်ဖျံကို သွေးထွက်အောင် ဆိတ်ဆွဲခဲ့ဖူးကြောင်း အမာရွတ်တစ်ခု သက်သေရှိခဲ့သည်။ ကေးဝဋ်ပုဏ္ဏားလို အငြိုးစိတ်၊ နာကျည်းစိတ်နှင့်တော့ တစ်ခါဖူးမျှ ထိုအမာရွတ်ကို မကြည့်ဖူးကြောင်း အမာရွတ်ကို ခပ်ဖွဖွ နမ်းရင်း တနင်္ဂနွေတိုင်း ကျွန်တော်တိုင်တည်နေမိသည်။

`အိုကေ အာဘွားတစ်သောင်းနေရာအနှံ့
ဘတ်ဒေးပရဲဆန့် ´
တနင်္ဂနွေတစ်နေ့က ချစ်သူဆီမှ ရခဲ့ဖူးသော ထို.. မွေးနေ့လက်ဆောင်.. အနမ်းများသည် တနင်္ဂနွေတစ်နေ့မှာပဲ ပြန်ရုပ်သိမ်းသွားတာ ခံခဲ့ရဖူးသည်။ မှတ်မှတ်ရရ ထိုနေ့က ကျွန်တော့် စပယ်ရုံလေး သေဆုံးသွားသော နေ့တစ်နေ့လည်း ဖြစ်သည်။

တနင်္ဂနွေတစ်နေ့၏ အလင်းစစ်စစ်များအောက်မှာ ကျွန်တော်က အိပ်မက်နေခဲ့ပြီး အလင်းတုတွေ တောက်ပနေချိန်မှ နိုးထလာခဲ့ဖူးသည်။

တနင်္ဂနွေတစ်နေ့က မိတ်ဆွေတစ်ချို့နှင့် မိတ်ဆွေတစ်ယောက်၏ မင်္ဂလာဆောင်မှာ ဆုံဖြစ်ခဲ့ကြပြီး `မင်းရော.. ဘယ်တော့ မုန့်ကျွေးမှာလဲ´ ဆိုသည့် မေးခွန်းတစ်ခုကို ကြားကြားမိချင်း စားလက်စ ရေခဲမုန့် သီးသွားခဲ့ဖူးသည်။ မိတ်ဆွေများက ကျွန်တော် အားငယ်သွားတာဟု ထင်သွားကြ၏။ ကျွန်တော်က ဆုပ်ကိုင်နွေးထွေးခဲ့ဖူးသော လက်တစ်စုံကို တမ်းတမိသွားကြောင်း သူတို့ကို မပြောပြခဲ့ပါ..။ ချစ်သူကို လွမ်းဆွတ်စေသော ထိုမင်္ဂလာပွဲများကို ကျွန်တော်... မသွားချင်သော်လည်း ရှောင်ဖို့လည်း မကြိုးစားခဲ့..။

တနင်္ဂနွေတစ်နေ့က အသက် ဆယ့်ကိုးနှစ်အရွယ် ကျွန်တော့် ဆွေမျိုးတစ်ယောက် ငယ်ငယ်လေးနှင့် ဘာရောဂါမှ မရှိပဲ ရုတ်တရက် ဆုံးပါးသွားသည့်သတင်းကြောင့် လိမ္မာရေးခြားရှိလွန်းသည့် ခလေးတစ်ယောက်ကို နှမျောစိတ်နှင့် ၀မ်းနည်းကြေကွဲခဲ့ရဖူးသည်။

နောက်ပြီး တနင်္ဂနွေတစ်နေ့မှာပဲ ရေမကူးတတ်သော ကျွန်တော် ရေဆော့ကောင်းပြီး ပင်လယ်ရေနက်ထဲ မျောပါကာ ကံသီလို့ သေတွင်းက လွတ်ခဲ့ရဖူးသည်။ သေခြင်းတရားသည် အချိန်မရွေးရောက်လာတတ်မှန်း တနင်္ဂနွေမှမဟုတ်.. နေ့တိုင်း အသိရှိနေပါက ရှင်သန်ရခြင်း၏ ဒုက္ခ၊ သုခများကို ခံနိုင်ရည် ရှိလာမည်လား။ ဘ၀တစ်ခုကို အနိုင်ပိုင်းခြင်းသည် သေခြင်းတရားသာ ဖြစ်ကြောင်း ယုံကြည်သူများထဲမှာ ကျွန်တော် မပါဝင်ခဲ့ကြောင်း ထို.. တနင်္ဂနွေတစ်နေ့က ပြောပြခဲ့ဖူးပါသည်။

တနင်္ဂနွေနေ့ရက်တစ်ချို့မှာ ကျွန်တော် အားလပ်နေခဲ့ဖူးသည်။ သို့သော် ဘယ်ဘက်နှာခေါင်းပေါက်က အသက်ရှူသလား.. ညာဘက်နှာခေါင်းပေါက်က အသက်ရှူသလား... တနင်္ဂနွေနေ့ရက်ကို ၀င်လေရှူရှိုက်ခြင်းဖြင့် စတင်မိလိုက်သလား.. ထွက်လေကို မှုတ်ထုတ်လိုက်ရင်း စတင်မိလိုက်သလား ခွဲခြမ်းစိတ်ဖြာနိုင်လောက်သည်အထိတော့ သမာဓိအား မကောင်းသေးပါ။ သို့သော် စိတ်အခန့်မသင့်မှုများ၊ ဒေါသသင့်စေမှုများကြောင့် စွန်းပေသွားသော ကျန်ခြောက်ရက်လုံးက စိတ်အညစ်အကျေးတွေကို တနင်္ဂနွေတွေမှာ ကျွန်တော် ပြန်လျှော်ဖွပ်နိုင်သည်။

တခါတရံမှာ ကျွန်တော့်ခံစားချက်များသည် ပတ်ဝန်းကျင်နှင့် တိုက်ရိုက်အချိုးကျနေခဲ့ပြီး ကျွန်တော် ကိုယ်တိုင်၏ ဖြစ်တည်မှုများ မှုန်ဝါးသွားတတ်ခဲ့ရခြင်းများမှာ ကျွန်တော်၏ အားနည်းချက် သက်သက်သာ ဖြစ်ပြီး တနင်္ဂနွေနှင့် မှမဟုတ်၊ မည်သည့်နေ့များနှင့်မှ တစ်စွန်းတစ်ပါဒမျှ မသက်ဆိုင်ကြောင်း မမေ့မလျှော့ သတိလေး ရှိနေတတ်ခဲ့ပြီ။ နောက်ကျောမှ ဓားများအကြောင်းကို တနင်္ဂနွေတွေမှာ တဖွဖွကြားနေရသော်လည်း ကျွန်တော့်ကျောပြင်မှာ ဒဏ်ရာဒဏ်ချက်ရှိလား စစ်ဆေးဖို့ တစ်ခါဖူးမျှ သတိတရ မရှိတတ်ခဲ့ပါ။ တနင်္ဂနွေကတော့ ဓားတစ်လက် မဟုတ်တာ အင်မတန် သေချာပါသည်။

သိပ်ပြီး အားလပ်နေသော တနင်္ဂနွေများတွင်တော့ တနင်္ဂနွေသာ စကားပြောတတ်ပါက သူ ကျွန်တော့်အပေါ် ဘာတွေခံစားနေ၊ တွေးနေ၊ သုံးသပ်နေမိမှာပါလိမ့် ဟု ပေါက်ပေါက်ရှာရှာ စိတ်ကူးမိတတ်သည်။

တနင်္ဂနွေတွေကြောင့် ကျွန်တော်ပျော်ရွှင်ရခြင်း၊၀မ်းနည်းရခြင်း အပေါ် သူ ဘာတွေ ပြောချင်မှာပါလိမ့်။

တနင်္ဂနွေကို လိုအပ်စွာ ချစ်ခင်မိတတ်သလို တနင်္ဂနွေကို မလိုလားစွာ ခါးသီးမိခဲ့ခြင်းတွေအပေါ် သူဘာတွေ တုံ့ပြန်ချင်မှာပါလိမ့်။

တနင်္ဂနွေကို ရိုးရိုးသားသား ဖြတ်သန်းကြသူများ၊ မရိုးမသား ဖြတ်သန်းကြသူများ၏ တနင်္ဂနွေအပေါ် အမြင်များသည် သူနှင့်လုံးဝ မသက်ဆိုင်ကြောင်း၊ ကာယကံရှင်နှင့်သာ တိုက်ရိုက်သက်ဆိုင်ကြောင်း ရှင်းလင်းချက်များ ထုတ်ပြန်နေမှာလား.... ။ ကျွန်တော်တို့၏ တနင်္ဂနွေအပေါ် အမြင်ကြည်မှု မကြည်မှုတွေကို ခပ်မဆိတ်...မတုန်မလှုပ် လက်ပိုက်ကာ ပြုံးကြည့်နေမှာလား...... ။

တနင်္ဂနွေကတော့ သူ့ကို ဘုရားသခင်က ဖန်ဆင်းခဲ့တာလား.. လူတွေကသာ သူ့ကို ပြဋ္ဌာန်းခဲ့လား သိသိကြီးနှင့် ရေငုံနှုတ်ပိတ်နေပါလိမ့်မည်။ တနင်္ဂနွေက တစ်ခုခုတော့ ကျွန်တော်တို့ကို ပြောပါလိမ့်မည်....။ တနင်္ဂနွေ၏ အရောင်များကို ကျွန်တော် ခွဲခြမ်းဖို့ စိတ်မကူးမိသလို ကျွန်တော်ကြိုက်သော အစိမ်းရောင်တွေချည်းသာလည်း တနင်္ဂနွေကို ဆေးခြယ်ဖို့ ကြိုးစားမိမည် မဟုတ်ပါ...။

ဒီတနင်္ဂနွေမှာတော့ ကျွန်တော့် မှာ ဘာလျှို့ဝှက်ချက်မျှ မရှိကြောင်း တနင်္ဂနွေက မမေးပါပဲ ဖြောင့်ချက်တွေ ပေးနေမိသည်။ ကျွန်တော် ဖုံးကွယ်လိမ်ညာထားမှုများ ရှိပါက ထိုအရာများသည် သူတပါးအတွက် အကျိုးမရှိသော အရာများ.. တချို့က အကျိုးယုတ်စေသောအရာများသာ ဖြစ်ကြောင်း တိတ်တဆိတ် တောင်းပန် ပြောနေမိသော်လည်း တနင်္ဂနွေက အရာရာကို သဘောပေါက်နားလည်သည့် မျက်လုံးများဖြင့်သာ နားထောင်နေခဲ့၏။ ကျွန်တော့်သမိုင်း၏ ကောင်းကျိုး၊ ဆိုးကျိုးမှာ ကျွန်တော့် ကိုယ်ပိုင် လုပ်ဆောင်ချက်များ၊ ခံစားချက်များ၊ တုံ့ပြန်မှုများ.. အမြင်များနှင့်သာ တိုက်ရိုက်သက်ဆိုင်ကြောင်း ဘာသာ သိနေခဲ့ပြီးပြီ။ ထို့ကြောင့် အမှားမကင်းသော ရက်စွဲများအတွက် တနင်္ဂနွေကို နောင်တစကားတော့ မဆိုမိပါ။ သူတပါးကို ပေါ်ပေါ်တင်တင်ရော၊ ခြုံခိုလျက်ကော တိုက်ခိုက်တတ်သော သူတစ်ယောက် မဟုတ်ကြောင်း၊ နောက်ပြီး တစ်ချို့သော နောက်ကျောများကို ထိုးစိုက်ချဖို့အတွက် ကိုယ့်ကိုယ်ကို တသသ သွေးနေသော ဓားတစ်လက်မဟုတ်ခြင်းအတွက်တော့ တနင်္ဂနွေကို ရဲရဲဝံ့ဝံ့ ကျွန်တော် ပြောပြနိုင်ပါသည်။

တနင်္ဂနွေက ကျွန်တော့်ကို စကားတစ်လုံးသာ ပြန်ပြောလိုက်သည်။ ထိုအခါ ကျွန်တော့်စိတ်သည် လင်းပွင့်လို့ သွား၏။ တနင်္ဂနွေက သူ ကျွန်တော့်ကို ဘာပြောခဲ့သလဲ.. ဘယ်သူ့ကိုမျှ ပြန်မပြောပြဖို့ အထပ်ထပ် မှာကာ သူ၏ နံနက်ခင်းကို မိုးစက်များဖြင့် နိုးထစေလိုက်သည်။

တနင်္ဂနွေသည် တနင်္ဂနွေတစ်ခုသာ ဖြစ်သည်။ သူက ဘာမှ မပြောင်းမလဲသယောင် ရှိနေလိမ့်မည်။ သို့သော် ပြက္ခဒိန်ပေါ်က ရက်စွဲများ၊ သက္ကရာဇ်များကတော့ ပြောင်းလဲသွားခဲ့ပြီးပြီ...။ တနင်္ဂနွေချင်း တူသော်လည်း သေချာတာ တစ်ခုကတော့ ဒီ တနင်္ဂနွေသည် ယခင်က တနင်္ဂနွေနေ့ရက်များ မဟုတ်တော့။ နောင် ရှေ့ဆက် ကြုံရမည့် တနင်္ဂနွေများနှင့်လည်း ကွဲလွဲချက်တွေ ရှိနေပါအုံးမည်။ မပြောင်းလဲတာကတော့ မသိမသာ ပြောင်းလဲခြင်းများနှင့် သိသိသာသာ ပြောင်းလဲခြင်းများ သိသိသာသာရော မသိလိုက်ဘာသာရော ရှိခဲ့ခြင်း ဖြစ်သည်။ ဆက်လက်ရှိနေလိမ့်အုံးမည်။

ဒီတနင်္ဂနွေအတွက် စခဲ့သော ထို အတွေးများကို ပြန်သတိရမိသောအခါ ကျွန်တော် မရည်ရွယ်ပဲ မေးခွန်းတစ်ခု တနင်္ဂနွေကို မေးမိသွားသည်။ ခလေးဆန်သော ထိုမေးခွန်းအတွက်လဲ အားနာကာ... ကျွန်တော့်ကိုယ် ကျွန်တော် ရှက်သွားမိသေးသည်။

`တကယ်လို့များ ဒီနေ့ကို တနင်္ဂနွေလို့ မသတ်မှတ်ပဲ တစ်ခြား တစ်ခုခု သတ်မှတ်ခဲ့ရင် တနင်္ဂနွေဆိုတာ ရှိလာမယ် ခင်ဗျား ထင်သလား´

တနင်္ဂနွေက သူဖြေဆိုရန် မလိုအပ်သော ကျွန်တော့် မေးခွန်းကို အသာအယာ ခေါက်သိမ်းထားလိုက်ပြီး ဒီတစ်နေ့အတွက် လက်ကျန် မိုးရေစက်များကို ခါချနေခဲ့သည်။ ကျွန်တော်ကလည်း ဒီတနင်္ဂနွေ သူငယ်ချင်းအိမ် သွားကာ နေ့စာစားဖို့အတွက် ရွာနေသော မိုးကို မြန်မြန်တိတ်စေချင်ကြောင်း တနင်္ဂနွေကို ပြောပြမနေတော့ပါ။


မကြီး မနော်ဟရီ ရဲ့ တနင်္ဂနွေစီးချင်း ကို ဖတ်ပြီး စာမရေးဖြစ်တာ အတော်ကြာသွားတဲ့ ကျွန်တော် ဒီ စာစုလေး အမှတ်တရ ရေးဖြစ်သွားပါတယ်။ ဒီစာစုလေး ရေးဖြစ်စေဖို့ စိတ်ကူး..စပေးခဲ့တဲ့ မကြီး နဲ့ ဇက် ကို ကျေးဇူးတင်ပါတယ်...။



မေတ္တာဖြင့်
မိုးကုတ်သား

Thursday, June 17, 2010

“ဟောဒီက ငှက်ပျောပေါင်း”



“ ဟောဒီက ငှက်ပျောပေါင်း ”

သူမရဲ့ အသံကို ကြားပြီ ဆိုတာနဲ့ သူမ ၀င်လာတဲ့ လမ်းကြီး လမ်းငယ် အသွယ်သွယ်မှာ ခလေးတွေ ဆူညံသွားကြစမြဲ။
သူမရဲ့ ငှက်ပျောပေါင်းကို ကြိုက်လို့ အားပေးကြသလို ပျော်တတ်သော၊ စနောက်လို့ ကောင်းသော သူမကိုလည်း ကလေးတွေရော လူကြီးတွေပါ ချစ်ခင်ကြသည်။ အားပေးကြသည်။ ငှက်ပျောပေါင်း ရောင်းလာတာ နှစ်တွေ အတော်ကြာခဲ့ပြီ။ သို့သော် လူတွေက သူမ ငှက်ပျောပေါင်းကို ရိုးမသွားကြ။ တခါတလေ ရောင်းကုန်သွားလို့ တစ်ချို့ မရောက်ဖြစ်တဲ့ လမ်းတွေဆို သူမကို မျှော်လို့ နေတတ်ကြသူတွေလဲ ရှိရဲ့။
သူမ ရောင်းတဲ့ ငှက်ပျောပေါင်းနဲ့ အိမ်က ခလေးသုံးကောင် ကို ကျောင်းထား ပေးနိုင်သလို နာတာရှည်ရောဂါသည် အိမ်ဦးနတ်ကိုလဲ ဆေးမီးတိုလေးတွေနှင့် ကုသနိုင်သည်။ သူမတို့ တမိသားစုလုံးရဲ့ ထမင်းအိုးလေး ဆိုလဲဟုတ်၊ တခုတည်းသော ၀င်ငွေလေး ရှိရာ လုပ်ငန်းလေး ဆိုလဲ မမှားပါ။
သားတွေ သမီးတွေကလည်း ကျောင်းအားချိန်တွေမှာ ကူဖော်လောင်ဘက် ရတော့ သူမက ဒီလုပ်ငန်းလေးကို ဇောက်ချ လုပ်နိုင်သည်။ ရပ်တကာ၊ ရွာတရိုး ဈေးတောင်း ခေါင်းရွက်ကာ ရောင်းရသလောက် တခုတည်းသော ဒီဝင်ငွေလေးက စုမိဆောင်းမိသည်တော့ မရှိလှချေ။
နောက်ပြီး သူမမှာ အကျင့်ဆိုး တစ်ခုက ရှိသေးသည်။ ဒါကတော့ ခါးတို့တိုင်း ယောင်တတ်ခြင်းပင်။
“ အမေအေးရေ က၊ က ”
တစ်ယောက်ယောက်က သူမ ခါးကို တို့ပြီး အဲလို မပြောလိုက်နှင့်။ သူမက ဈေးတောင်းကို ခေါင်းပေါ်က ချကာ ကွေးနေအောင် ကတတ်သည်။
“ အမေအေးရေ သီချင်းဆိုပြ ”
ခါးတို့ကာ အဲလို ခိုင်းလိုက်လျှင်ဖြင့် သူမက “ ဟောဒီက ငှက်ပျောပေါင်း ” လို့ အော်မည့်အစား သိချင်းသံတွေသာ သံနေသံထားနှင့် ဆိုပြ မိတော့သည်။
“ အမေအေးရေ ကြီး ကြီး လှီးပေး ”
ငှက်ပျောပေါင်းကို ၀ယ်သည့် အဖိုးအလိုက် သူမ အပိုင်းလေးတွေ လှီးဖြတ်ပေးချိန်မှာ တစ်ယောက်ယောက်က ခါးတို့ကာ ပြောလိုက်ရင်ဖြင့် သူမက “အေး၊ အေး” ဟုဆိုကာ ခေါင်းတငြိမ့်ငြိမ့်နှင့် အတုံး အကြီးကြီးကိုလှီးဖြတ် ပေးမိတတ်မြဲ။ သူမရဲ့ ထိုအားနည်းချက်ကို သိကြသော ခလေးငယ်များက အဲဒီလို သူမကို စနောက်ကာ ငှက်ပျောပေါင်းတုံး အကြီးကြီးကို ကိုင်လျက် ပျော်ရွှင်စွာ ထွက်သွားကြလျှင်တော့ သူမက ထို ခလေးများနှင့် လိုက်ပျော်ကာ ကြည်နူးရလေသည်။ ကွယ်၊ သူမသာ ချမ်းသာလျှင်တော့ သူတို့ ကြိုက်လှသော ငှက်ပျောပေါင်းကို အလကား ကျွေးပလိုက်ချင်သည်။ လျော့သွားသော အမြတ်ငွေလေးတွေ အတွက်လဲ သူမက နှမျောတသ မနေတတ်ပါ။
တစ်နေ့တော့ သူမ အိမ်ဦးနတ်က အမောတွေ ဖောက်ကာ ဆေးခန်းပြရသည်။ ဆေးဖိုးတွေ အတော်ကုန်ကာ လက်ထဲမှာ ရှိသမျှ ငွေစတွေက နောက်ရက်အတွက် အရင်းမျှပင် မကျန်ချင်။ မတတ်နိုင်တော့ ၊ သူမ နေ့ပြန်တိုး ယူကာ လိုအပ်တာတွေ ၀ယ်ရသည်။ တင်သွားတဲ့ အကြွေးတွေကို မြန်မြန်ကျေဖို့ သူမက ငှက်ပျောပေါင်းကို ပိုလုပ်ကာ ရောင်းရမည်လေ။
ထိုနေ့က အိမ်ဦးနတ်ကို တညလုံး ပြုစုတားရသောကြောင့် အိပ်ရေးက သိပ် မ၀ချင်။ အခါတိုင်း လုပ်နေကျထက် ငှက်ပျောပေါင်းကို တစ်ဗန်းစာမျှ ပိုလုပ်ထားရသောကြောင့်လည်း လူက နွမ်းနယ်ချင်နေသည်။ သို့သော် သူမ ဈေးတောင်း ခေါင်းရွက်ကာ အားတင်းပြီး အိမ်က ထွက်၏။ တင်သွားသော အကြွေးကို သူမ အမြန် ပြန်ဆပ်နိုင်မှ ဖြစ်မည်။
တစ်လမ်းဝင် တစ်လမ်းထွက် အော်ကာ ရောင်းရင်း ထုံးစံအတိုင်း အထက်တန်းကျောင်းရှေ့သို့ နံနက်ခင်း ကျောင်းမတက်ချိန် အမှီ သူမ ရောက်လာ၏။ ကျောင်းသားလေးတွေက နံနက်စာကို သူမရဲ့ “ငှက်ပျော်ပေါင်း” မှ စားချင်သူတွေ ရှိသည်မဟုတ်လား။ ရောဂါဖောက်နေသော အိမ်ဦးနတ်ကို အိမ်မှာ တယောက်ထဲ ထားခဲ့ရတာလဲ စိတ်က သိပ်မဖြောင့်လှ။ “ ဒီနေ့ မြန်မြန် ရောင်းကုန်ပါစေ ” စိတ်ထဲက တိတ်တဆိတ် ဆုတောင်းရင်း ကျောင်းရှေ့မှာ ဈေးဗန်းကို ချကာထိုင်ရောင်းမယ်အလုပ်
“ အမေအေးရေ၊ ဗန်းကြီး မှောက်ချလိုက် ”
ခါးမှာ ကျင်ခနဲ ဖြစ်သွားပြီးနောက် သူမ အယောင်ယောင်အမှားမှား ဈေးတောင်းကို မှောက်ချပစ်မိသည်။ သူမ သတိဝင်လာချိန်မှာတော့ ဈေးတောင်းထဲက ငှက်ပျောပေါင်း ဗန်းလေးတွေက ပလက်ဖောင်းပေါ်မှာ စီရရီ မှောက်လျက်သား။ တစ်ဗန်းတစ်လေများ အကောင်းအတိုင်း ကျန်မလား မျှော်လင့်ချက်နှင့် သူမ ဗန်းတွေကို ကြည့်ကာ လက်တွေ တုန်ရီလို့လာသည်။ ဗန်းတိုင်းမှာက ပလက်ဖောင်းပေါ်မှ ဖုန်တွေ၊ သဲတွေ တလျှပ်လျှပ်နှင့်လေ။ အခုမှ အရင်းကျေဖို့ မပြောနှင၊့် ဈေးဦးလေး ပေါက်ကာစမှာ။ ခုတော့ အမြတ်ငွေမပြောနှင့် မနက်ဖြန်အတွက် အရင်းပင် မကျန်တော့။ နေ့ပြန်တိုးငွေတွေ ဘယ်လို ဆပ်ရမှာပါလိမ့်။ အိမ်က အိမ်ဦးနတ် အားလေးရှိအောင် ကြက်စွပ်ပြုတ်လေး လုပ်ကာ တိုက်မဟဲ့ ဆိုတဲ့ မျှော်လင့်ချက်လေးလဲ သဲထဲရေသွန်။
သူမကို စနောက်သွားသော ကျောင်းသားလေးကလဲ ပြေးပြီ။ ကျောင်းတက် ခေါင်းလောင်းလဲ ထိုးပြီ။ ကျောင်းရှေ့ လမ်းဘေး ပလက်ဖောင်းပေါ်မှာ သူမ တစ်ယောက်သာ အမှိုက်ဖြစ်သွားရရှာသော သူမရဲ့ ငှက်ပျောပေါင်း ဗန်းလေးတွေကို ဈေးတောင်းထဲ စီထည့်ရင်း မျက်ရည်တွေ တတွေတွေ ကျနေလေတော့သည်။ သူမ ငိုရုံက လွဲပြီး ဘာတတ်နိုင်ပါ့မည်နည်း။
တစ်ချို့တွေ အတွက်ကတော့ တချက်လေး စိတ်ပျော်ဖို့အတွက် စနောက်လိုက်ခြင်းသည် အစအနောက် ခံလိုက်ရသည့် တစ်ချို့ သော ဘ၀တွေအတွက်တော့ မိုးပြိုသည်ထက် ဆိုးတတ်မှန်း ထိုခလေးငယ် ဘယ်သိလိမ့်မလဲလေ။

မေတ္တာဖြင့်
မိုးကုတ်သား

Wednesday, April 28, 2010

စံပယ်ငုံ နဲ့ စံပယ်ရုံ



ဟိုး ခပ်ဝေးဝေးဆီက ရထားဥဩသံက တရုန်းရုန်းနဲ့ တိတ်တဆိတ် ပွင့်ကြွေတဲ့ စံပယ်ရုံလေးကို လှုပ်နှိုးသွားတယ်။


နံနက်ခင်းရဲ့ လေပြည်တွေက သူ့ရနံ့ကို ခိုးယူသွားမလား။ တထိတ်တလန့်နဲ့ သူ့ခမျာ မရဲတရဲ ပွင့်လို့။
ကောင်းကင် ပြာပြာမှာ ပြေးလွှားနေတဲ့ တိမ်ဖြူတွေကို မော့ကြည့်ရင်း သူ့ရဲ့ ဖြူလွှလွှ ပွင့်ဖတ်လေးတွေက နူးညံ့စင်ကြယ်မှုကိုတုပြိုင်ချင်နေလေသလား။ သူ့ပွင့်ဖတ်လေးတွေ တလွှာချင်းစီ ဖြန့်ခင်းချရင်းက တွေးနေမိသေးရဲ့။






သူ့ပွင့်ဖတ်လေးတွေ ပိုမို သန့်စင်စေမဲ့ မိုးကိုလဲ သူ မျှော်တတ်သလို နံနက်ခင်းမှာ သူ့ကို အေးမြစွာ ထိတွေ့ ခိုတွဲတတ်တဲ့ နှင်းစက်လေးတွေကိုလဲ ချစ်မြတ်နိုးတတ်ပြန်တယ်။ နေခြည်နုထွေးရဲ့ နမ်းရှိုက်မှုကိုလဲ သူက သာယာချင်သေး။









သူ့ဝတ်ဆံ ၀ါဝါလေးတွေကို ပျားပိတုန်းတွေ၊ လိပ်ပြာလေးတွေ ရစ်ဝဲ ကြည်စယ်ကြလေမလား။ အတွေးနဲ့တင် သူက ရင်ခုန်တိမ်းမူးလို့။ အခန့်မသင့်လို့ ခူးခြွေလက်တွေထဲ ပါသွားရင်တောင် ဘုရားတန်ဆောင်မှာ စီရရီ သီကုံး မွှေးမြပြခွင့်ရရင် အင်မတန် ကံကောင်းမှာပဲ။







နေရှိန်မြင့်လာလို့ သူ သိပ်ပူလောင် မလာခင် ဖြတ်ခနဲ ခုန်ချ ကြွေကျပစ်ချင်လဲ ကြွေကျလိုက်မယ်လေ။ တခဏ လောက် လောကကြီးကို အလှဆင်ခွင့် ရတယ် ဆိုတဲ့ အသိလေးနဲ့တင် သူက ကြွေကျနွမ်းခြောက်လိုက်ဖို့ ရဲဝံ့လို့ နေလေတယ်။ သူ ပွင့်ကြွေခဲ့တဲ့ စံပယ်ရုံလေးကတော့နောက်ထပ် သူ့လို စံပယ်ဖြူလေးတွေ ထပ်ပြီး ဖူးပွင့်ဝေဆာပေးလို့ နေပါအုံးမယ်။










ဘာပဲဖြစ်ဖြစ် စံပယ်ရုံလေး သူ့ကိုသတိထား အမှတ်ရသည် ဖြစ်စေ၊ လွမ်းဆွတ်သည်ဖြစ်စေ၊ မေ့လျော့သည်ဖြစ်စေ၊ သူကတော့ ခေတ္တ ပွင့်ဝေခွင့်ရသော စံပယ်ရုံလေးကို သူ နွမ်းကြွေသည်အထိ သစ္စာရှိစွာ မွှေးမြ ဖြူဆွတ်ပြလို့ နေပါဦးမည်လေ။









ပုံလေးတွေအားလုံးကို Flickr ကနေ ယူထားတာပါခင်ဗျာ။
( အိမ်က စံပယ်ရုံလေး အတွက် အမှတ်တရ)

မေတ္တာဖြင့်
မိုးကုတ်သား

Thursday, April 15, 2010

“လိုအပ်သော......... ရင်ခွင် အနွေးဓာတ်”


.
..
...

“လိုအပ်သော......... ရင်ခွင် အနွေးဓာတ်”



ခင်မင်တွယ်တာမှု၊ သံယောဇဉ်တို့ကို တန်ဖိုးထားတတ်သူများ အတွက်တော့ တွေ့ဆုံခြင်းသည် စိတ်နှလုံး ကြည်မွေ့ချမ်းမြေ့စေနိုင်သလောက်... ခွဲခွာခြင်း၏ လောင်ကျွမ်းမှုသည်လည်း ထပ်တူကျနိုင်မှန်း ကျွန်တော် နားလည်သော်လည်း မေ့လျော့ထားခဲ့မိသည်။ ကျွန်တော်ကိုယ်တိုင်ကလည်း သံယောဇဉ်ကြီးတတ်သူ ဖြစ်သောကြောင့် ကိုယ် တွယ်တာသော သူများနှင့် ခွဲခွာရခြင်းကို နှစ်သက်နေတတ်နိုင်ခဲ့သူ မဟုတ်ခဲ့ပါ။

ဒီနေ့သည် ကျွန်တော်တို့ ရုံးမှ ကျွန်တော်နှင့် အလုပ် အတူ လုပ်ဖော်ကိုင်ဘက်များထဲက နှင်းကို နှုတ်ဆက်ပွဲ လုပ်ရမည့်နေ့ ဖြစ်သည်။


"ကောင်းသော နံနက်ခင်းပါ..."

ရုံးနောက်ကျနေသော ကျွန်တော် ဝင်လာတော့ ပြုံးရွှင်သော မျက်နှာဖြင့် ဆီးကြိုနှုတ်ဆက်တတ်သူမှာ နှင်း တစ်ယောက်သာ..။ အင်း..... နောက်ရက်တွေမှာတော့ ရုံးကလေးသည် ကျွန်တော့်အား ဆီးကြိုသူမဲ့စွာ အဘယ်မျှ အေးစက်သွားလိမ့်မည်လဲ..။

ပြန်ပြုံးပြလိုက်သော ကျွန်တော့်အပြုံးတို့က အရင်နေ့တွေကလို လန်းဆန်းတက်ကြွမလာနိုင်ခဲ့...။

"ဟားးး.......... နိုင်"

ကျွန်တော့် အလုပ်ခုံမှာ ကွန်ပျူတာကို ဖွင့်နေတုန်း နှင်းက ကျွန်တော့်ဘေးတွင် လာရပ်ကာ ကျွန်တော့်ပခုံးတစ်ဘက်အား တင်းတင်း ဖျစ်ညှစ်ရင်း တစ်ချက်ခေါ်၏။ သူ၏လက်ချောင်းများမှ သံယောဇဉ်လျှပ်စီးများက ကျွန်တော့် ဘယ်ဘက် ပခုံးမှတစ်ဆင့် တစ်ကိုယ်လုံးသို့ ပျံ့ဝင်သွားသလို...။ ခွဲရမည်ဆိုသော အသိတို့ဖြင့် နှင်းသည်လည်း ကျွန်တော့်လို စိတ်မကောင်းဖြစ်နေတာ နားလည်ပါသည်..။

ရုံးသို့ စရောက်လာကာစမှာ ဂျစ်ကန်ကန်ပုံစံရှိသော နှင်း ကို ကျွန်တော် ချက်ချင်း ရင်းနှီးခင်မင်စိတ် မရှိခဲ့သေးပါ။ နေ့စာ စားချိန် ရောက်တိုင်း စီနီယာများက နှင်းအား စကားစမည် ပြောကြသော်လည်း မှုန်ကုပ်ကုပ်နှင့် စကားပြန်ပြောချင်သလို မပြောချင်သလိုပုံစံ ရှိသော သူ့အသွင်ကြောင့် ကြာတော့ သူ့ကို စကား သိပ်မပြောဖြစ်ကြတော့ပဲ အချင်းချင်းသာ စကားပြောဖြစ်ကြတော့သည်။

ကျွန်တော်ကတော့ ဘယ်သူ ဘာပြောပြော နားထောင်သူသက်သက်..၊ တစ်ခွန်းမေးမှ တစ်ခွန်းဖြေတတ်သူ ဆိုတာ တစ်ရုံးလုံး သိပြီးကြသောကြောင့် ကျွန်တော် စကားမပြောခြင်းသည် သူတို့အတွက် ဘာမဖြစ်သော်လည်း.. စကားဝိုင်းထဲ ဝင်မပါပဲ တစ်ခါတစ်ရံ ထမင်းစားပြီး ဆိုင်မှာ အိပ်ငိုက်နေတတ်သော နှင်းကို ရုံးကလူတွေ နားမလည်ကြ။ မခင်လျင် ဘာမှ သိပ်ဂရုမစိုက်တတ်သော ကျွန်တော်ပင် “မာနကြီးလေသလား” တွေးမိသည်အထိ နှင်းက ကျွတ်ဆတ်ဆတ်နိုင်ကာ ထီမထင်သောပုံ ပေါက်နေခဲ့သည်။

တစ်ရုံးလုံးမှာ အပြုံးနှင့် နှုတ်ဆက်တတ်သူက ကျွန်တော်တစ်ယောက်တည်းမို့ ထင်သည်။ တစ်ယောက်တည်း ဆိတ်ဆိတ်နေ နေ တတ်သော နှင်းက ကျွန်တော့်ကိုတော့ စကားပြောဖို့ ကြိုးစားတတ်သည်။ မနက် ရုံးရောက်ပြီး ကျွန်တော် ကော်ဖီဖျော် မနက်စာစားရာ အခန်းလေးထဲ သူ့ရေဗူးကို ရေလာဖြည့်ရင်း နှင်းက ကျွန်တော့်ကို စကားပြောတတ်သည်။ ရုံးခန်းထဲ ပြန်ရောက်လျှင်တော့ သူက သူ့နေရာမှာ တိတ်တဆိတ်ထိုင်ကာ သဌေး ဒါမှမဟုတ် စီနီယာတစ်ယောက်ယောက်က ပေးထားသော အလုပ်ကို လုပ်နေတတ်၏။

ရုံးက လုပ်ငန်းသဘောတရားနှင့် ပတ်သက်တာတွေကို သူ ဆက်မလုပ်တတ်လျှင်တော့ ကျွန်တော် ရေဗူး ရေထဖြည့်သည့်အခါမျိုးမှာ နောက်က လိုက်လာပြီး မေးတတ်သည်..။ သူ သိလိုသည်များကို ပြောပြတိုင်း

"ကျေးဇူးတင်ပါတယ်" ဟု လှိုက်လှိုက်လှဲလှဲ ပြောတတ်သော နှင်းအား ကျွန်တော် တဖြည်းဖြည်း ခင်သွား၏။ နောက်တော့ သူ့မှာ ဘာသာစကား အခက်အခဲကြောင့် တခြားသူများနှင့် စကားပြောဖို့ စိုးရွံ့နေတာမှန်း ကျွန်တော် သိသွားခဲ့သည်။

ကိုယ် နားမလည်တာ ရှိလျှင် ပြန်မေးဖို့၊ ကိုယ် တတ်သမျှ စကားလုံးများနှင့် စကားကို ကြိုးစားပြောဖို့...၊ ကျွန်တော် ရုံးကို ရောက်ကာစ အတွေ့အကြုံများကို ပြန်ပြောပြရင်း... ကျွန်တော်သည် နှင်းအတွက် အကောင်းဆုံး သူငယ်ချင်းတစ်ယောက် ဖြစ်လာခဲ့၏။

နောက်ပိုင်းမှာတော့ နှင်းသည် ရုံးက တခြားသူများနှင့် အဆင်ပြေစွာ ပေါင်းသင်းဆက်ဆံတတ်လာသည်။

တစ်ရက်မှာတော့... သူ့ခံစားချက်တစ်ချို့ကို ကျွန်တော် လှစ်ခနဲ လှမ်းမြင်လိုက်ကာ နှင်းကို ပို ခင်တွယ်သွား၏။

ထိုနေ့က သဌေးအိမ်မှာ ရုံးသူရုံးသား အားလုံး တီဗွီစုကာ ကြည့်ဖြစ်ကြသည်။

မှတ်မှတ်ရရ American Idol (အမေရိကားမှ သီချင်းဆိုပြိုင်ပွဲ) နောက်ဆုံး စကာတင်နှစ်ယောက် သီချင်းဆိုသည့် တီဗွီ အစီအစဉ်။

ဝယ်ထားသော မုန့်တွေစားလိုက်၊ ဘီယာသောက်လိုက်၊ ဆိုသွားသော သီချင်းတွေကို ဝေဖန်လိုက်..၊ ဘယ်သူ ပထမ ရမလဲ ခန့်မှန်းရင်း ငြင်းခုန်လိုက်ဖြင့် အားလုံး ရယ်မော ပျော်ရွှင်နေကြပြီး အလုပ်ချိန်မှာ စိတ်ပင်ပန်းခဲ့ရမှုတွေက သက်သာရာလည်း ရကာ ပေါ့ပါးသွားခဲ့ရ၏။

အစီအစဉ်ပြီးတော့ ကျန်တဲ့သူတွေက တစ်ယောက်ပြီး တစ်ယောက် ပြန်သွားသော်လည်း နှင်းက မပြန်ချင်သေး။ သောက်လက်စ ဘီယာကို ဇိမ်ဆွဲကာ ကုန်အောင် သောက်ချင်နေသေးသည်။ သူဌေးကလည်း သူ၏ ခွေးတွေကို လမ်းလျှောက်ထွက်ပေးဖို့ အပြင်ထွက်အုံးမည်။ ဒီတော့ နှင်းက ကျွန်တော့်ကိုမပြန်ပဲ ခဏနေပေးဖို့ ပြော၏။

ကျွန်တော် မနေချင်ပါ။ ဒီအချိန်ဆို ချစ်သူက အင်တာနက်မှာ ကျွန်တော့်ပုံရိပ်ကို WebCam ထဲကနေ မြင်ရဖို့ ၊ ကျွန်တော့်ကို စကားပြော အလွမ်းသယ်ဖို့ စောင့်နေတော့မည်။ အိမ်ပြန်နောက်ကျနေလို့ မဖြစ်သေး။ နောက်ပြီး ကျွန်တော့်မှာ.. ချစ်သူနှင့် ဆုံနေကျ ထိုအချိန်လေးသာ ချမ်းမြေ့ကြည်နူးရသည်မဟုတ်လား။

ငြင်းလိုက်ရမှာ အားနာစိတ်တို့နှင့် တွေဝေနေဆဲ...

“အိမ်ပြန်ရောက်ရင် ငါတစ်ယောက်တည်း အထီးကျန်နေလို့ပါ...”

ထိုစကားတစ်ခွန်းက အိမ်ပြန်ချင်နေသော ကျွန်တော့်ခြေလှမ်းတွေကို တုပ်ဆွဲထားကြသည်။

မိသားစုကို ခွဲခွာထွက်ပြီး ရေမြေရပ်ခြားမှာ အလုပ်လာလုပ်နေရသူချင်းမို့ သူ့ခံစားချက်ကို ကျွန်တော် အသေအချာ နားလည်သည်။ ဒီတော့ အင်တာနက်မှာ စောင့်နေမည့် ချစ်သူကို ကျွန်တော် အိမ်ပြန် နောက်ကျမည့်ကြောင်း သတင်းပို့ထားလိုက်ရတော့သည်။

“ငါ.. ဒီမှာ.. အလုပ်လုပ်လာတာ အချိန် အတော်ကြာလာပြီ။ ဒီနေ့လိုမျိုးက ငါအပျော်ဆုံးပဲ”

စကားရပ်ကာ ဘီယာကို မျှင်းသောက်နေသော နှင်း၏ မျက်နှာက စိတ်ချမ်းမြေ့ပျော်ရွှင်မှုတွေကို အထင်းသား မြင်နေရ၏။

“မင်းသိလား...၊ ရုံးမှာ တစ်ချိန်လုံး.. အလုပ်.. အလုပ် နဲ့.. အားလုံး ရှုပ်နေကြရတာ။ ငါတို့က အလုပ်လုပ်ဖို့ပဲ ခေါင်းထဲ ရှိတဲ့ စက်ရုပ်တွေလား။ ငါတို့ရဲ့ ကိုယ်ပိုင်ခံစားမှုဘဝ အတွက် အချိန်က အလုပ်ချိန် ပြင်ပ တစ်ခုတည်းလား”

ဘီယာ သုံးလေးဗူးလောက် သောက်ပြီး နှင်းများ မူးနေသလား ကျွန်တော် ကြည့်မိတော့ မူးနေဟန်လဲ မတွေ့ရပါ။

“ငါတို့ ရုံးကိုလာတယ်။ တစ်ချိန်လုံး အလုပ်အကြောင်းပြောကြ.. တစ်နေကုန် အလုပ် လုပ်ကြ.... ဘယ်မှာလဲ နွေးထွေးတဲ့ ခင်မင်မှုတွေ..၊ ဒီနေ့ ဒီအချိန်မှာ.. ငါ လိုချင်တဲ့ နွေးထွေးမှုတွေကို ရတယ်။ ငါတို့ အားလုံး မိသားစု လို့ စိတ်ထဲမှာ ခံစားရတယ်။ အဲဒီအတွက် ငါ ဒီနေ့ သိပ်ပျော်တယ်”

မိသားစု...၊ နွေးထွေးမှု.....

ထိုစကား နှစ်ခွန်းက ကျွန်တော့် အာရုံထဲမှာ အရိုက်ခတ်နိုင်ဆုံး...

ကျွန်တော်တို့ ရုံးမှာ အားလုံးလိုလိုက တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်လေ့မရှိကြ။ ရုံးထဲ ဝင်လာလျှင် ကိုယ့်စားပွဲမှာ ကိုယ်ထိုင်ကာ အလုပ်လုပ်ကြပြီး ရုံးဆင်းချိန်မှာလည်း ကိုယ့်ပစ္စည်းကိုယ် သိမ်းကာ ပြန်ကြသည်။ ရုံးချိန်အတွင်းမှာ အလုပ်ကိစ္စနှင့် ပတ်သက်သည်များသာ စကားပြောဖြစ်ကြပြီး တရုံးလုံးက ကိုယ့်အသံ ကိုယ် ပြန်လန့်ရလောက်အောင် တိတ်ဆိတ်လို့ နေတတ်မြဲ။

ရောက်တတ်ရာရာ၊ ထွေရာလေးပါး စကားများကို ပြောဖြစ်ကြချိန်တွေက နေ့စာ ထမင်းထွက်စားချိန် တစ်ခုတည်းသာ။

ကျွန်တော့်မှာ ရုံးက ပြန်လာလျှင် စကားပြောစရာ မိတ်ဆွေသူငယ်ချင်းတွေ ရှိသည်။ ကျွန်တော် တန်ဖိုးထား အချိန်ပေးရသည့် ချစ်သူလည်း ရှိသည်။ နှင်းရော ဒီနိုင်ငံမှာ သူငယ်ချင်း မရှိဘူးလား။ ဘယ်တုန်းကရင်း ဒီလို အထီးကျန်နေတဲ့ ဝေဒနာကို တစ်ယောက်တည်း ခံစားနေရတာပါလိမ့်။

ကျွန်တော် နှင်းကို ငေးမောကြည့်ကာ တွေးနေမိသည်။ နှင်းက သောက်လက်စ ဘီယာဗူးကို လက်စသပ်ကာ ဗြုန်းခနဲ သူထိုင်နေရာ ခုံမှ ထလာပြီး ကျွန်တော့်ထိုင်ခုံရှိရာဘက်သို့လာကာ ပုခုံးကို တင်းတင်း ဖက်ပွေ့၏။

"ငါတို့က မိသားစုတွေ..။ ဟုတ်တယ်နော် ဘရားသား"

နှင်းကို ကျွန်တော် အလိုက်သင့် ပြန်ပွေ့ဖက်ထားရင်း သူ့ကျောပြင်ကို ညင်သာဖွဖွ ပွတ်ပေးမိသည်။ ကျွန်တော် ခေါင်းလဲ မညိတ်.. ခေါင်းလဲမခါ... ပြန်လဲ မဖြေဖြစ်ပါ......။ သို့သော် ကျွန်တော့်ရင်ဘတ်ထဲမှ နွေးထွေးသော မေတ္တာကိုတော့ နှင်း ခံစားရပါလိမ့်မည်။

ကျွန်တော့်ထံပါးမှ ခွာပြီး သူ့နေရာမှာသူ ပြန်သွားထိုင်နေသော နှင်းကိုသာ ကျွန်တော် ကြည့်နေမိသည်...။ နှင်း မျက်ဝန်းမှာ မျက်ရည်ကြည်စ တစ်ချို့က ဝေ့ဝဲလို့...။

“မင်း မိသားစုကို လွမ်းနေတာလား”

မေးချင်သော မေးခွန်းကို ပြန်သိမ်းဆည်းကာ ကျွန်တော့်ကို စိုက်ကြည့်နေသော နှင်းအား တစ်ချက် ပြုံးပြလိုက်သည်။

မိသားစုကို ခင်တွယ်သော...၊ နွေးထွေးကြင်နာမှုကို ပေးဆပ်... လိုအပ်တတ်သော.....၊ နောက်ပြီး ချစ်ခြင်းမေတ္တာတရား စစ်စစ်တွေ....ကို... ငတ်မွတ်နေသော၊ မိသားစုအဝေးမှာ ဘဝကို ကျင်လည် လှုပ်ရှားနေရသော.... အထီးကျန် နှလုံးသားပေါင်း ဘယ်လောက်များများ ဒီခောတ်ကြီးမှာ... ရှိနေကြပြီလဲ..။

ထိုနေ့နောက်ပိုင်းမှ စပြီး နှင်းကို ကျွန်တော် မိသားစုတစ်ယောက်လို နွေးထွေးစွာ ဆက်ဆံ ဂရုစိုက်ဖြစ် သွားတော့သည်။ ညနေစာ စားချိန်တွေမှာလဲ တခါတရံ နှင်းနှင့်အတူ ယိုးဒယားစာ လိုက်စားဖြစ်သလို နှင်းကလည်း ကျွန်တော်တို့ မြန်မာ အစားအစာတွေကို လိုက်စားဖြစ်သည်။

ရုံးမှာ ထမင်းစားနားချိန်..၊ ကော်ဖီသောက်ချိန်တွေမှာ တစ်ယောက်ကို တစ်ယောက် စနောက်ရင်း..၊ ဘဝရည်မှန်းချက် စိတ်ကူးအိမ်မက်များကို တိုင်ပင်ဆွေးနွေးရင်း.. နားလည်မှု.. ရင်းနှီးမှုတွေက ခိုင်မာလာကြ၏။

တစ်နှစ်နှင့် ဆယ့်တစ်လတိတိ တစ်ရုံးထဲ အတူ အလုပ်လုပ်ခဲ့ကြရင်း အပြောင်းအလဲ ဖြစ်စဉ်များ ဖြစ်လာမှာကို ကျွန်တော် မေ့နေခဲ့မိ၏။ အင်း...... အခုတော့ ခွဲခွာရပြန်အုံးတော့မည်....။

“မင်းရှိနေတဲ့အတွက် ရုံးမှာ ငါ့စိတ်တွေ နွေးထွေး လုံခြုံခဲ့ရတယ်..။ ငါ့ရဲ့ အထီးကျန် အားငယ်မှုတွေ သက်သာရာ ရခဲ့တယ်။ အဲဒီအတွက် ငါမင်းကို သိပ် ကျေးဇူးတင်ပါတယ်”

နှင်းကို နှုတ်ဆက်ပွဲညစာ စားအပြီး လူစုခွဲကာ အိမ်ပြန်ကြတော့ ကျွန်တော် ကားစောင့်ရမည့် ဘတ်စ်ကားဂိတ်ထိ ကျွန်တော့်ပခုံးကို မလွှတ်တမ်းဖက်ထားလျက် နှင်းက လိုက်လာကာ ကားအတူ စောင့်ပေးရင်း ပြောလေသည်။

“မနက်ဖန် မနက်လေယာဉ်နဲ့ ငါ ပြန်ရတော့မှာ..။ ဒါက ငါ့ကို ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်၊ ဒါက ငါ့ရဲ့ အီးမေးလ် လိပ်စာ၊ အဆက်အသွယ် မပြတ်ပါနဲ့....”

“ဘိုင်..”

ကျွန်တော် စီးရမည့် ကား ရောက်လာတော့ နှင်းက ကျွန်တော့်လက်ကို တင်းတင်းဖြစ်ညှစ်ရင်း နှုတ်ဆက်သည်။

“ဘိုင်..”

နှင်း မျက်ဝန်းမှ ဝေ့ဝဲဝဲ မျက်ရည်စများကို မသိကျိုးကျဉ်ရင်း နှင်းကို ကျွန်တော် နှုတ်ဆက်လိုက်သည်။

ဘတ်စ်ကား ထွက်သွားရာထိ မျက်စိတဆုံး နှင်း ငေးကြည့်ကျန်ခဲ့မည်မှန်း ကျွန်တော် သိနေပါသည်။

မိသားစု...၊ နွေးထွေးမှု.....

နှင်း၏ အသံ တစ်ချို့ကို ကျွန်တော် ပြန်ကြားယောင်ရင်း ဆုံတွေ့ခြင်း၊ ပိုင်ဆိုင်ခြင်း အရာရာ အားလုံးသည် တစ်ချိန်တော့ ခွဲခွာခြင်း၊ ဆုံးရှုံးခြင်း၊ စွန့်လွှတ်ရခြင်း များနှင့် ရင်ဆိုင်ရမှာမှန်း ကိုယ့်ကိုယ်ကို အထပ်ထပ် သတိပေးနေရ၏။ အတိတ်တွေက ပြန်မရနိုင်သလို အနာဂါတ်ဆိုသည်မှာလဲ တစ်ခါတစ်ခါ ကိုယ် မျှော်လင့်ထားသည်များအား လွဲချော်စေတတ်သည်။ သေချာသည်က ပစ္စုပ္ပန် တစ်ခုတည်းသာ...။ ဒီတော့ ဆုံတွေ့ချိန်မှာ ဒီ သံယောဇဉ်တွေကို တွယ်တာမြတ်နိုးပြီး.... ပိုင်ဆိုင်ချိန်မှာ တန်ဖိုးထားတတ်ဖို့သာ လိုအပ်သည် မဟုတ်လား။

ဘတ်စ်ကားက တရိပ်ရိပ်ပြေးနေ၏။ မှတ်တိုင်တွေမှာ လူတွေ တက်လာကြသည်။ ဆင်းသွားကြသည်..။

ခရီးသွားနေသူတွေထဲမှာ.....

မိသားစု...၊ နွေးထွေးမှု..... တွေကို လိုအပ်နေသော အထီးကျန် နှလုံးသားပေါင်း အဘယ်မျှ ရှိနေမည်လဲ...။


သံသရာက ထိန်းကျောင်းပေးခဲ့သော ၀တ်မှုန်အချို များ
အာရုံကို အာရုံချင်းချိတ်ဆက်ယှက်သွယ်ထားလိုက် ပုံ
...........................
ဆန်းပြားတယ်.။

မေတ္တာနဲ့နူးညံ့နေတဲ့ စိတ်ခင်းကဗ္ဗလာ
မေတ္တာနဲ့ သွေးလေလည်ပတ်မှုအနွေး
ခံစားနားလည်ပေးနိုင်မှုချင်း ထုံကူးကြ

နှလုံးသားတွေနွေးထွေးရင် ဒါဟာလည်းအိမ်.... ဆိုတဲ့ ဖတ်ခဲ့ဖူးသော ကဗျာလေးထဲက တစ်ပိုင်းတစ်စကို ရွတ်ရင်း......


ကိုယ့်နှလုံးသားကိုယ် ပြန်ငုံ့ကြည့်မိတော့ ဒဏ်ရာတစ်ချို့က နွေးထွေးစွာ ပြုံးပြလို့...။



မေတ္တာဖြင့်

မိုးကုတ်သား

Friday, January 22, 2010

မြတ်နိုးခြင်း သစ်ပင်







အခန်းလေးက လိုအပ်တာထက် ပိုမို မှောင်လဲ့နေလေသလား။ ကျွန်တော့် အာရုံတွေကပဲေ၀၀ါးနေလေသလား။ မသေချာပါ။ အချိန်က ညနေ နေ၀င်ရီတရောလား၊ မှောင်စပြုနေပြီလား။ ဟင့်အင်း.. ကျွန်တော် မမှတ်မိချင်တော့ဘူး။ ခုချိန်မှာ ကျွန်တော် ရှာဖွေနေတာက ဒီအခန်းလေးထဲမှာ ကျွန်တော်နှင့်အတူ အမြဲ ရှိနေခဲ့သော သစ်ပင်လေးသာ ဖြစ်သည်။

ထိုသစ်ပင်လေးကို ဒီအခန်းထဲ ပြောင်းရွှေ့လာကာစကရင်း ကျွန်တော် စိုက်ပျိုးထားခဲ့သည်။ မနက်ခင်း အလုပ်မသွားခင်မှာ ကျွန်တော်က “ကောင်းသော နံနက်ခင်းပါ” လို့ ထိုသစ်ပင်လေးကို အမြဲ နှုတ်ဆက်တတ်သည်။ ညနေ အခန်းထဲသို့ ကျွန်တော် ပြန်ရောက်လျှင်လည်း ထိုသစ်ပင်လေး၏ အရွက်တွေ ၀ါကျင်နေသလား၊ ရေလိုသလား..။ အမြဲ ဂရုစိုက် ကြည့်တတ်ပါသည်။
တစ်နေ့တစ်ခြား ရှင်သန်လှပလာသော ထို သစ်ပင်လေးကို အမြတ်တနိုး စောင့်ကြည့် ကြည်နူးရသည့် အရသာကို ကျွန်တော် စာဖွဲ့ မပြတတ်ပါ။ ခိုင်းနှိုင်းစရာတွေ အပုံအပင်ရှိသော်လည်း ကြည်နူးရိပ်ကိုမျှ မှီအောင် မညွှန်းနိုင်မှန်း ကျွန်တော် ဆိုပါက “ သစ်ပင်လေးတစ်ပင် စိုက်တာများကွာ၊ ဘာများ ကြီးကျယ်တာ ကျလို့ ” ဟု လှောင်ကြပါလိမ့်မည်။

သို့သော် ကိုယ်တွယ်တာ ချစ်ခင်သော၊ သံယောဇဉ်ငြိတွယ်သော၊ မြတ်နိုးတန်ဖိုးထားစွာ စောင့်ရှောက်နေသော သစ်ပင်လေးတစ်ပင် ကျန်းမာသန်စွမ်းစွာ ရှင်သန်လှပနေတာ မြင်ရတိုင်း စိတ်ချမ်းသာမှုတစ်ခုကို ကျွန်တော် ရသည်။ တစ်ယောက်တည်း အထီးကျန်မှုတွေလည်း သက်သာရာ ရကြောင်း ၀န်ခံပါသည်။

ကျွန်တော်၏ တစ်ကိုယ်ရည် သွေ့ခြောက်မှုများကို ထိုသစ်ပင်လေး၏ စိမ်းစိုမှုတို့က ဖြေဖျောက်ပေးခဲ့သည်။ ကျွန်တော်၏ စိတ်ဖိစီးမှုများ၊ ပင်ပန်းမှုများကို ထိုသစ်ပင်လေး၏ နူးညံ့သော ရနံ့တစ်မျိုးက လန်းဆတ်ငြိမ်သက်စေခဲ့သည်။ ကျွန်တော် အထီးကျန်လာတိုင်း ထိုသစ်ပင်လေးက ကျွန်တော် ရင်ဖွင့်သမျှ နားထောင်ပေးခဲ့သလို သူ၏ သစ်ရွက်လေးတွေကို ရေဆေးသန့်စင်ပေးရင်း ယုယစွာ ကျွန်တော် နမ်းမွှေးလိုက်တိုင်းလဲ မငြင်းဆန်တတ်ခဲ့ပါ။ ရုံးပိတ်ရက်တွေမှာ (တစ်ခါတစ်ရံ) သူလိုအပ်မည်ထင်သည့် အလင်းကို ထိတွေ့ခွင့် ပေးထားရင်း၊ နေရောင်အောက်မှာ ကြည်မြသော အရွက်စိမ်းလေးများ တောက်ပနေတာ ထိုင်ကြည့်နေရင်းလဲ ကျွန်တော်က စိတ်ကြည်နူးတတ်ပြန်သေးသည်။ နူးညံ့လှပသလောက် ထိခိုက်ပွန်းရှလွယ်သော ထိုသစ်ပင်ကလေးကို တန်ဖိုးထားလွန်းစွာ အရိပ်တကြည့်ကြည့် စောင့်ရှောက်နေရခြင်းကပင် ကျွန်တော့်အတွက် အနုပညာတစ်ခု ဖြစ်နေခဲ့လေသည်လား...။

ထိုသစ်ပင်ကလေးနှင့် ကျွန်တော်၏ ငြိတွယ်မှု သံယောဇဉ် မည်မျှ ခိုင်မြဲနေသည်လည်း သေသေချာချာ သိရချိန်မှာတော့ အရာရာသည် နောက်ကျသွားခဲ့ပြီ။ ဆယ်ရက်တာမျှ ကြာသော ခရီးတစ်ခုကို ကျွန်တော် ထွက်သွားတော့ သစ်ပင်လေးကို စောင့်ရှောက်ဖို့ အတူနေ သူငယ်ချင်းတွေဆီ ကျွန်တော် အပ်မထားခဲ့မိ။ သူ့အတွက် ဆယ်ရက်စာ လိုအပ်မည့် ရေပမာဏကို သစ်ပင်လေး၏ အမြစ်တွေ ရေ မြှုပ်သည် အထိ လောင်းထားပေးခဲ့သည်။

ခရီးကနေ ပြန်ရောက်လာတော့ အခန်းထဲ ၀င်ဝင်ချင်း ကျွန်တော် ပြေးကြည့်မိသည်က ထို သစ်ပင်လေးဆီသို့။ ၀ါကျင်စ ပြုနေသော အရွက်တစ်ချို့ကို တယုတယ ကျွန်တော် ချွေချပေးရင်း သစ်ပင်လေး၏ ရွက်သစ်လေးတွေ အရင်လို စိမ်းမြ စိုလက်မနေတော့တာ သတိထားမိသည်။ သို့သော် ကျွန်တော် ပြန်ပြီး ဂရုစိုက်လျှင် အရင်လို စိမ်းစိုလန်းဆန်းလာမည်ဟုသာ ထင်ခဲ့မိလေသည်။

ခရီးကနေ ပြန်ရောက်ကတည်းက အပင်လေးကို ကျွန်တော် တသသ စောင့်ကြည့် ယုယခဲ့သည်။ နေရောင်ကို သေချာပြသည်။ ရေထည့်ပေးထားခဲ့တာ များသွားသောကြောင့် ဆွေးရိသွားသော အမြစ်တွေနှင့်ရိုးတံတစ်ချို့ကို သေချာဖယ်ထုတ်လိုက်သည်။ သို့သော် သစ်ပင်လေး၏ သစ်ရွက်တွေက တစ်နေ့ထက်တစ်နေ့ ၀ါလို့သာ လာတော့သည်။ သူ၏ ပင်စည်သည်လည်း အရင်လို မကြံ့ခိုင်တော့။ လုံးဝ ခြောက်သွေ့သွားသော ရွက်ဝါတစ်ချို့ကို ဖယ်ရှားတိုင်း ပင်စည်လေး မထိခိုက်မိစေရန် ကျွန်တော် အတော်လေး ဂရုစိုက်ကာ ခြွေရလေသည်။

တစ်နေ့ထက်တစ်နေ့ ခြောက်သွေ့လာသော သစ်ပင်လေးကို ထိုင်ကြည့်ရင်း၊ ရွက်နုစိမ်းတွေ စည်ဝေမလာနိုင်တော့တာမှန်း သိရက်နှင့် အရွက်သစ်လေးတွေ ထွက်လာမလား မျှော်လင့်ရင်း ၊တစ်နေ့တစ်ခြား ၀မ်းနည်းစိတ်တွေကသာ ပို တိုးလို့ လာ၏။ ၀ါကျင်ညှိုးခြောက်သွားသော သစ်ရွက်လေးတွေကို ဖဲ့ချွေရတိုင်း ကျွန်တော့်ရင်မှာ နာကျင်လွန်းလှသည်။ သစ်ပင်လေး ပြန် မရှင်သန်လာတော့ဘူးလား။ ကျွန်တော် သူ့ကို ဘယ်လိုမှ မကယ်တင်နိုင်တော့ဘူးလား။ တစ်နေ့တစ်ခြား ခြောက်သွေ့သေဆုံးသွားတော့မယ့် ထိုသစ်ပင်လေးကို ကျွန်တော် ဘယ်လိုစိတ်နဲ့ ကြည့်နေနိုင်ရမှာပါလိမ့်။

“ ဖြစ်ချိန်တန်ဖြစ်၊ ပျက်ချိန်တန်ပျက် ” လို့ ဘယ်လိုပင် တရားချချ၊ နှလုံးသားထဲက တစ်ဆစ်ဆစ် ကိုက်ခဲနေသော ဝေဒနာကို ဘယ်လိုမှ ဖြေသာမရနိုင်တော့။

“ ရေတွေ အများကြီး မလောင်းထားခဲ့ရင် သစ်ပင်လေး ခုလို သေရမှာမဟုတ်ဘူး ”

“ သူငယ်ချင်းတစ်ယောက်ဆီမှာ အပ်ထားခဲ့မိရင် သူ ရှင်သန်ခွင့်ရချင်ရနေအုံးမှာ ”

နောင်တတွေ တပွေ့တပိုက်နှင့် ကျွန်တော့်ကိုယ် ကျွန်တော် ခွင့်မလွှတ်နိုင် ဖြစ်ရသော်လည်း သစ်ပင်လေးကတော့ ပြန်လည် စိမ်းစိုလန်းဆန်း မလာတော့ပါ။ သူ သွေ့ခြောက်သေဆုံးသွားရခြင်းသည် ကျွန်တော့် အပြစ် လုံးလုံးလျားလျားသာ ဖြစ်၏။ ထိုအသိက ကျွန်တော့်ရင်ကို အစိတ်စိတ်အမွှာမွှာ ကွဲကြေစေခဲ့ပြီ။ အရာရာသည် တစ်က ပြန်စလို့မရတော့။ အားလုံးပြီးခဲ့ပြီ။ ကျွန်တော် ပြုစုစောင့်ရှောက်ချင်သော၊ မြတ်နိုးတွယ်တာသော၊ နောက်ပြီး ချစ်သော ထိုသစ်ပင်လေး တဖြည်းဖြည်း သေဆုံးသွားတာကို ဘာမှမတတ်နိုင်ပဲ ထိုင်ကြည့်နေရသော အဖြစ်လောက် ကြေကွဲစရာကောင်းတာမျိုး ကျွန်တော် တစ်ခါမျှ မခံစားဖူးခဲ့မှန်း သစ်ပင်လေး သိနိုင်မည်မဟုတ်ပါ။ ဆယ်ရက်တာမျှ သူ့ကို ဂရုမစိုက်ပဲ ပျောက်သွားခဲ့လေသော ကျွန်တော့်ကိုများ.. သူ.. နာကျည်းနေလေမည်လား..။ သူ ကျွန်တော့်ကို နေ့စဉ် မျှော်လင့်စောင့်စား နေခဲ့လေမလား။ ဒါမှမဟုတ်.... သူ့ရေသောက်မြစ်တွေ မွန်းကျပ်သေဆုံးစေသည်ထိ ရေဖြည့်ခဲ့မိသော ကျွန်တော့်ကို... မုန်းတီးသွားလေပြီလား။ သူ ဘယ်လောက်တောင် ဒုက္ခအတိ ရောက်ခဲ့ရပါလိမ့်။ အတွေးတွေနှင့် ခါးသီးစွာ ပူလောင်ရင်း သစ်ပင်လေး၏ နောက်ဆုံး သစ်ရွက် ကြွေသည်ထိ၊ သူ့ပင်စည်လေး အားအင်ကုန်ဆုံးလဲပြိုကျသည်ထိ ကျွန်တော် မျက်ရည်စက်လက်နှင့် စောင့်ကြည့်နေနိုင်ပါ့မည်လား။ သို့သော်... သစ်ပင်လေး ကျွန်တော့် မြင်ကွင်းမှ လုံးဝ ပျောက်ကွယ်သွားချိန်ထိ သူ..... ပြန်ရှင်သန်လာလေမလား ... မျှော်လင့်နေချင်ပါသေးသည်။

အခန်းလေးက လိုအပ်တာထက် ပိုမို မှောင်လဲ့နေလေသလား။ ကျွန်တော့ အာရုံတွေကပဲေ၀၀ါးနေလေသလား။ မသေချာပါ။ အချိန်က ညနေ နေ၀င်ရီတရောလား၊ မှောင်စပြုနေပြီလား။ ဟင့်အင်း.. ကျွန်တော် မမှတ်မိချင်တော့ဘူး။ ခုချိန်မှာ ကျွန်တော် ရှာဖွေနေတာက ဒီအခန်းလေးထဲမှာ ကျွန်တော်နှင့်အတူ အမြဲ ရှိနေခဲ့သော သစ်ပင်လေးသာ ဖြစ်သည်။
တစ်ခါတစ်ခါ မြတ်နိုးခြင်းသံယောဇဉ်များသည် အိပ်မက်များထဲတွင်ပင် ထာဝရ မတည်မြဲနိုင်သည်ကို အိမ်မက်ထဲမှာရော၊ တကယ့်ဘဝမှာပါ ကျွန်တော်က မေ့လျော့နေတတ်ပါသည်။ အိပ်မက်ထဲမှာသာ ပြန်ရှာတွေ့နိုင်တော့မည့် သစ်ပင်လေးအတွက်... ကျွန်တော့် အလွမ်းတို့ကတော့.. ထာဝရ..... နောင်တတို့ဖြင့်သာ.......။ ။



မေတ္တာဖြင့်
မိုးကုတ်သား


Thursday, December 24, 2009

ကော်ဖီတစ်ခွက်၊ နံနက်ခင်း တစ်ခု


ကျွန်တော်တို့ နေ့စဉ်နှင့်အမျှ နံနက်ခင်းများကို ဖြတ်သန်းကြရသည်။

မျက်စိနှစ်လုံးဖွင့်လိုက်သည်နှင့် ကျနော်တို့ အသက်ရှူခွင့် ရနေသေးမှန်း ကျေနပ် ၀မ်းမြောက် မိဖို့ထက် အလုပ်မှီဖို့၊ ကျောင်းမှီဖို့ ပြေးလွှားနေရသော နံနက်ခင်းတွေ ဘယ်လောက် နွမ်းနယ်နေခဲ့ပြီလဲ။ တက်ကြွနေခဲ့ပြီလဲ။

တနင်္လာနေ့ နံနက်ခင်းသည် အခါများစွာကလို မောပန်းတကြီး မဖြစ်တော့တာ ကြာပြီ။ ကော်ဖီတစ်ခွက်ကို အေးအေးလူလူ သောက်ရင်း လမ်းမပေါ်မှ လူတွေကို ထိုင်ငေးနေတတ်သော အကျင့်တို့က ကော်ဖီတစ်ခွက် စွဲသလို စွဲ နေခဲ့တာလဲ တစ်နှစ်နီးပါး ကြာခဲ့ပြီ။

လုံးဝန်းလှပပြီး သာမာန်ကော်ဖီခွက်ထက် တစ်ဆခွဲမျှ ကြီးသော ကော်ဖီခွက်လေးဆီမှ မစ်ကီမောက်စ်ကလေးက ကျွန်တော့်ကို ပြုံးပြနေတာ ကြည့်ရင်း နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်မိသည်။ ဒီကော်ဖီခွက်လေးနှင့် ကော်ဖီဖျော်သောက်မိတိုင်း စာလေး တစ်ပုဒ်ကို ကျွန်တော် အမြဲ အမှတ်ရမိသည်။ စာကို သေချာ မမှတ်မိတော့။

ကျောင်းသားဟောင်းတွေ အုပ်စု ကျောင်းက ဆရာတစ်ယောက်အိမ်မှာ တွေ့ဆုံပွဲလေး တစ်ခုလုပ်ကြသည်။ အားလုံးက အလုပ်နှင့် စိတ်ဖိစီးမှုများ အကြောင်းကို ပြောဆိုနေကြ၏။ တွေ့ဆုံပွဲလေးမှာ ကော်ဖီနှင့် ဆရာလုပ်သူက ဧည့်ခံလေသည်။ ကျောင်းသားဟောင်းများက တန်ဖိုးကြီးပြီး လှပသော ကော်ဖီခွက်များ သူ့ထက်ငါ ရွေးယူကာ ကော်ဖီကို ထည့်သောက်ကြသည်။ အဖိုးနည်းပြီး မလှပသော ကော်ဖီခွက်တစ်ချို့သာ အရွေး မခံရပဲ ကျန်နေရစ်ခဲ့ကြသည်။

"လှပပြီး တန်ဖိုးကြီးတဲ့ ခွက်တွေသာ အရွေးခံရပြီး မလှပ၊ အဖိုးသိပ်မတန်တဲ့ ခွက်လေးတွေသာ ကျန်နေခဲ့ကြတာ သတိထားမိကြလား။ လူဆိုတာ ဘယ်သူမဆို ကိုယ့်အတွက် အကောင်းဆုံး ဆိုတာတွေ လိုချင်ကြတာ သဘာဝပါပဲ။ ဒါဟာ မင်းတို့ဘ၀ရဲ့ ပြဿနာနဲ့ စိတ်ဖိစီးမှု ဆိုတာတွေအတွက် အရင်းအမြစ်ပါပဲ။ ဈေးအကြီးဆုံး၊ အကောင်းဆုံး အလှဆုံး ခွက်တွေကိုပဲ ရချင်လိုချင်ပီး သူတပါး လက်ထဲက ခွက်တွေနဲ့ နှိုင်းယှဥြ်ကည့်တတ်ကြတယ်။ ခွက်တွေအပေါ်မှာပဲ အာရုံတွေ ရောက်နေတော့ ကော်ဖီရဲ့ အရသာကို ခံစားဖို့ဆိုတာ နောက်တန်းမှာ ရောက်နေတတ်ကြတယ်။
ဘ၀ဟာ ကော်ဖီ ဆိုပါစို့။ အလုပ်၊ ငွေကြေး၊ ရာထူးနဲ့ လူမှုဝန်းကျင်က ကော်ဖီခွက်တွေနဲ့ တူတယ်။ အဲတာတွေအားလုံးက ဘ၀ကို အရသာခံ ထည့်သောက် ကြည့်ဖို့ ပဲလေ။ ကော်ဖီရဲ့ အရသာထက် ကော်ဖီထည့်တဲ့ ခွက်အပေါ် အာရုံများသွားတဲ့ အချိန်ကျ ကော်ဖီရဲ့ အရသာကို ခံစားဖို့ အခွင့်အရေး ဆုံးရှုံးတတ်တယ်"

ဒီစာပိုဒ်ကလေးက ကျွန်တော့ အလွတ်နီးပါး ရနေသော စာပိုဒ်ကလေး ဖြစ်သည်။

ကျွန်တော်လဲ ကော်ဖီခွက်ထဲက ကော်ဖီ အရသာကို မြည်းစမ်းဖို့ထက် လှပသော ကော်ဖီခွက်တွေကို ပိုင်ဆိုင်ဖို့ လုံးပန်းနေမိသော နံနက်ခင်းတွေ ဘယ်လောက် များနေခဲ့ပြီလဲ။

မရေရာသေးသော အနာဂါတ်တွေကို ကော်ဖီနှင့်အတူ သောက်သုံး ပစ်လိုက်ရင်း တနင်္လာနေ့ နံနက်ခင်းကို စားသုံးမိနေဆဲ။ ရောင့်ရဲတတ်ခြင်းတွေက ကော်ဖီအရသာကို ပိုမို ခံစားရစေမည်လား။ ၀ိုးတ၀ါး တွေးနေမိရင်းက ကျွန်တော်သည် ကော်ဖီသောက်သုံးသူ မဟုတ်တော့ပဲ ကော်ဖီခွက်ကလေး ဖြစ်သွားပြန်၏။

ကျွန်တော်သည် တန်ဖိုးမကြီးသော၊ မလှပသော ကော်ဖီခွက်တစ်လုံးသာ ဖြစ်သည်။ ဘ၀ခရီးကို မလှမပ ဖြတ်သန်းခဲ့ရခြင်းများသည် ကော်ဖီတစ်ခွက်ကို ပို..... ခါးသက်စေတတ်မှန်းလည်း သိတတ်နားလည်ခဲ့ပြီ။ မလှပသော အဖိုးမကြီးသော ကော်ဖီခွက်ကလေး သန့်စင်သပ်ရပ်နေဖို့သာ ကျွန်တော် တတ်နိုင်လိမ့်မည်။

သို့သော်... တကယ်တမ်းတော့ ကော်ဖီခွက်ထဲမှ ကော်ဖီကို ကျွန်တော်ဆိုသည့် ခွက်ကလေးက ပိုမို ခါးသက်အောင်၊ ချိုမြိန်အောင် စွမ်းဆောင်နိုင်လိမ့်မည်မဟုတ်ပါ။ အမှတ်မထင် သင်.... ဒီကော်ဖီခွက်လေးကို ရွေးချယ်မိပါက မိမိသောက်သုံးမည့် ကော်ဖီကို မိမိကိုယ်တိုင် စိတ်ကြိုက် ဖျော်စပ်တတ်ရမည်သာဖြစ်၏။ ပရီးမီးယားကော်ဖီ ထည့်ဖျော်ပြီး စတားဘတ်ခ်မှ ကော်ဖီဖြစ်အောင် ကျွန်တော် ပြောင်းလဲပေးနိုင်မည်မဟုတ်။ ထို့အပြင် ကျွန်တော်ဆိုသည့် ကော်ဖီခွက်လေးအတွက်လည်း သင်...... ဂုဏ်တက်စရာ ဘာမျှ မရှိပါ။ သို့သော် သင်ဖျော်စပ်ထားသော ကော်ဖီအရသာလေးအတိုင်း သန့်ရှင်းစွာ ရှိနေနိုင်ခြင်း၊ ကော်ဖီကို ထိန်းသိမ်းနိုင်ခြင်း ဆိုသည့် တန်ဖိုးတစ်ခုတော့ ကော်ဖီခွက်လေးများ၏ တာဝန်အတိုင်း ကျေပြွန်စွာ ရှိနေနိုင်ပါလိမ့်မည်။

ကျွန်တော်သည် အသက်ရှိသော ကော်ဖီခွက်တစ်ခွက်သာ ဖြစ်သောကြောင့် သင် သုံးလိုက တန်ဖိုးထားပါ။ သင် မသုံးလိုက မထိကိုင်မိစေရန် သတိပြုပါ။ ကျွန်တော်၏ ကော်ဖီခွက်ကလေး မစွန်းထင်းမညစ်ပေစေရန်ကတော့ ကျွန်တော်ကိုယ်တိုင်၏ တာဝန်သာ ဖြစ်သည်။



ဖြူစင်စစ်မှန်သော ခင်မင်မှုများဖြင့်သာ မစ်ကီးမောက်စ် ရုပ်လေးလို ကျွန်တော်....... ထာဝရ သင်တို့ကို ပြုံးပြလျက် သင်တို့၏ င်္နနက်ခင်းများကို လှပနေစေချင်ပါသည်။

:-)

မေတ္တာဖြင့်
မိုးကုတ်သား



ဒီစာလေးကို 20.07.2009 တနင်္လာနေ့ မနက်ခင်းမှာ ကော်ဖီတစ်ခွက် ထိုင်သောက်နေရင်း ထုံးစံအတိုင်း လမ်းမကြီးပေါ် ငေးနေမိရာက စိတ်ကူးရပြီး ရေးထားခဲ့ခြင်းပါ။ ဒီနှစ်ကုန်ရင်တော့ 2009 တစ်နှစ်လုံးလို တနင်္လာနေ့ ရုံးမတက်ပဲ နေလို့ မရတော့ပါဘူး။ 2010မှာ ထုံးစံအတိုင်း တစ်ပါတ် ငါးရက် ရုံးပြန်တက်ရတော့မှာမို့ 2009ခုနှစ်ရဲ့ ရုံးတက်ရက် နောက်ဆုံးနေ့ဖြစ်တဲ့ 24.12.2009 မှာ အမှတ်တရ တင်ဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါတယ်။

ဒီနေ့ နေ့တစ်ပိုင်းကနေစလို့ နောက်နှစ် ဇန်န၀ါရီလ သုံးရက်နေ့အထိ ရုံးပိတ်တော့မှာ ဖြစ်တဲ့အတွက် ခရစ်စမတ်ဆုတောင်းလေး မိတ်ဆွေတို့ အားလုံးကို ဆုတောင်းပေးလိုက်ပါတယ်။




MERRY CHRISTMAS and HAPPY NEW YEAR TO YOU ALL....



ကဒ်လေးအတွက် BERN ကို ကျေးဇူးအထူးတင်ရှိကြောင်းပါ။


မိတ်ဆွေအားလုံးကို ချစ်ခင်လျက်

မိုးကုတ်သား

Wednesday, November 18, 2009

ရနံ့စိမ်း



ရနံ့စိမ်း


မြတ်နိုးအမှတ်တရ ရှိမှုတွေမှာ အမည်သညာ သတ်မှတ်စရာ မလိုအပ်ကြောင်း ကျွန်တော် သဘော ပေါက်ခဲ့အောင် သင်ကြားပေးခဲ့တာ သစ်ပင်တစ်ပင် ဖြစ်နေခဲ့မည် ဆိုပါက မိတ်ဆွေတို့ အံ့ဩကြမည် ထင်ပါသည်။

ထိုနေ့ ညနေခင်းက မိုးတွေ သည်းသည်းထန်ထန် ရွာနေခဲ့သည်။ အလုပ်က အပြန် ဘတ်စ်ကားပေါ်တက်ရင်း ညနေခင်း ဘယ်မှ မသွားတော့ပဲ ကော်ဖီတစ်ခွက်နှင့် စာတစ်အုပ်ကို ဖတ်ဖို့ စိတ်ကူးကာ အိမ်တန်းပြန်ဖို့ ဆုံးဖြတ်လိုက်သည်။
ဘတ်စ်ကား မှန်မှတဆင့် သည်းကြီးမဲကြီး ၇ွာနေသော မိုးကောင်းကင်ကြီးကို ငေးမော ကြည့်ရင်း၊ တစ်ချက်တစ်ချက် ၀င်းပသွားတတ်သော တိမ်ညိုမဲမဲများကြားမှ လျှပ်ရောင်တန်းများ၏ အလှကို ခံစားရင်း တစ်နာရီမျှ ကြာအောင် စီးရသော ခရီးစဉ်က ဘယ်သို့ ကုန်သွားသည်မသိ။ ကျွန်တော် ဆင်းရမည့် မှတ်တိုင်ရောက်မှ လူက စီးလာသော နှစ်ထပ်ကား၏ အပေါ်ထပ်မှာ ရောက်နေတော့ အပြေးအလွှား ဆင်းရတော့သည်။
ဘတ်စ်ကားပေါ်ကဆင်းဆင်းခြင်း မိုးမှုန်တွေ သယ်လာသော လေနှင့်အတူ ကျွန်တော် ဖြတ်ခနဲ သတိထားမိသည်က မွှေးရနံ့ တစ်ခု။ ရနံ့ သင်းသလောက် ပြင်းရှ ချိုအီသော ထို မွှေးရနံ့ လာရာကို ဝေ့၀ဲကာ ကျွန်တော် ရှာမိတော့ ဘယ်က လာမှန်း ကျွန်တော် မသိပါ။ ဒီ ဘတ်စ်ကားဂိတ် အနီးအနားမှာ ဘာပန်းပင်ကိုမှလဲ ကျွန်တော် မတွေ့မိ။ သတိများ မထားမိလို့လား။ ဘတ်စ်ကားဂိတ် အမိုးအောက်မှာ ခဏ နားခိုရင်း မွှေးမြလှသော ပန်းရနံ့၏ ဖြစ်တည်ရာ အရပ်ကို ကျွန်တော် ရှာဖွေကြည့်မိသော်လည်း မတွေ့ပါ။ အိုး ဒီတစ်လမ်းလုံးကို ထို မွှေးရနံ့က လွှမ်းခြုံထားပါလား။ ဘတ်စ်ကားဂိတ်မှ လူအများကတော့ ထို ပန်းရနံ့ကို သတိမျှပင် ထားမိကြပုံ မရပါ။ အားလုံးကိုယ်စီ၏ မျက်နှာမှာ သည်းမည်းနေသော မိုး အပေါ် စိတ်ပျက်မှုများ၊ အိမ်ပြန်ချင်စိတ် စောနေမှုများသာ ဆင်မြန်းထားကြ၏။
ကျွန်တော်လဲ မထူးပါ။ မွှေးမြသော ပန်းရနံ့ကို ဆက်ကာ ရှုရှိုက်ချင်သော်လည်း သံစုံ မြည်နေသော ဗိုက်ကို ဖြည့်တင်းဖို့ အိမ်ပြန်ရောက်မှ ဖြစ်မည်လေ။ သည်းနေသောမိုးကိုလဲ စဲအောင် မစောင့်ချင်။ အိမ်နှင့်ဆက်ထားသော အမိုးရှိသည့် လူလျှောက်လမ်းလေးကနေ တကွေ့ကြီး ပတ်သွားရမှာ ကလည်း ပျင်းသေးသည်။ ဒီတော့ ကားဂိတ်မှ ဟိုတဘက် လမ်းသွယ်လေးကို ကူးလိုက်ရုံမျှနှင့် အိမ်ဘက်ကို ရောက်သွားနိုင်သည့် သွားနေကျ ပလက်ဖောင်းလမ်းအတိုင်း ပြေးရုံပေါ့။
သည်းထန်နေသော မိုးရေထဲ ပြေးထွက်လိုက်သည် နှင့် မွှေးရနံ့က ပိုပြီး ပြင်းရှလို့လာသည်။ ဘတ်စ်ကားဂိတ်မှ လှေကားထစ် လေးတွေပေါ်က ပြေးဆင်းလာပြီး လူလျှောက်ပလက်ဖောင်းပေါ် အရောက်မှာ နင်းမိနေကျ ပလက်ဖောင်း၏ အမာသားကို ထိတွေ့မခံစားရ။ နူးညံ့သော အထိအတွေ့က ဖိနပ်တွေမှတဆင့် ကျွန်တော့် ခြေဖ၀ါးသို့ စီးဝင်လာသည်။ ပြီးနောက် မွှေးရနံ့တွေက ထိုခြေဖ၀ါး အထိမှသည် တကိုယ်လုံး ပျံ့နှံ့ စိမ့်ဝင်သွားလေသည်လား။ မိုးရေထဲမှာ ပြေးလွှားရင်းက အောက်ကို ငုံ့ကြည့်မိတော့ ဘုရားရေ။ ကျွန်တော်ခြေစုံ ရပ်လိုက်မိသည်။ ကျွန်တော်ဖိနင်း ပြေးလွှားရာ ပလက်ဖောင်းအပြည့်ကို ပန်းပွင့်ကြွေလေးတွေ အပြည့် ဖုံးလွှမ်းလို့ပါလား။ ကျွန်တော် ရှာဖွေနေခဲ့မိသော မွှေးရနံ့တွေကလည်း ထိုပန်းကြွေလေးတွေ ဆီကပါလား။ ဒီပန်းလေးတွေ ကြွေကျလာရာက ကျွန်တော့် ခေါင်းထိပ် တည့်တည့်က အပင်ကြီးဆီကပဲ။ ကပျာကရာ မော့ကြည့်မိတော့ သည်းထန်လှသော မိုးစက်မှုန်တွေကြားမှာ သစ်ပင်ကြီးကို ၀ိုးတ၀ါးသာ ကျွန်တော့် မျက်စိထဲ မြင်ရလေသည်။ ကြည့်စမ်းပါအုံး။ ဒီလောက်ကြီးမားတဲ့ သစ်ပင်ကြီးက လက်သန်း၏ လက်သည်းခွံလောက်ပင် မရှိသော ပန်းပွင့်သေးသေးလေးတွေ ပွင့်သတဲ့။ ပြီးတော့ ထို ပန်း ပွင့်သေးသေးလေးတွေဆီမှာ ကျွန်တော် တခါမျှ မရဘူးသော မွှေးမြသည့် ရနံ့ချိုချိုတွေ ရှိနေသေးရဲ့။
ဖြတ်ခနဲသော စိတ်အာရုံ ကြည်နူးမှုလေးထဲ ကျွန်တော် ရပ်တန့် မိန်းမော မိသွားသည့် မိနစ်ပိုင်းလောက်မှာပင် ကျွန်တော့် တစ်ကိုယ်လုံး မိုးရေတို့ စိုစို ရွှဲလို့ သွားခဲ့ပြီ။ နူးညံ့လှသော ပန်းပွင့်သေးသေးလေးများစွာကတော့ မိုးရေတွေအောက်က ပလက်ဖောင်းလေးပေါ်မှာ ကူကယ်ရာမဲ့ အတုံးအရုံး လဲပြိုလို့။
အခု ကျွန်တော့်လို အမှုအမှတ်မဲ့ သူတို့ကို နင်းဖြတ်သွားသော ခြေထောက်များ ဘယ်နှစ်စုံ ရှိနေခဲ့ပြီလဲ။ ပန်းကြွေလေးတွေဆီ လက်ကရောက်သွားပြီး ပြန်ရုပ်လိုက်တော့ ပန်းပွင့်သေးသေးလေး နှစ်ပွင့်က လက်ထဲ ပါလာခဲ့သည်။ စိုရွှဲနေသော မိုးရေတွေကို ကျွန်တော် ဂရုမစိုက်မိတော့။ " ခွင့်လွှတ်ပါ ပန်းပွင့်လေးတွေရယ်။ မင်းတို့ကို ငါ နာကျင်စေဖို့ မရည်ရွယ်ပါဘူး " ရှေ့ဆက်လျှောက်ရမည့် လမ်းပေါ်မှာ နင်းဖြတ်ရမည့် ပန်းကြွေလေးတွေ မနာကျင်အောင် ခြေလှမ်းတွေကို ညင်သာဖွဖွလျှောက်ရင်း စိတ်ထဲက တိတ်တဆိတ် တောင်းပန်နေမိသည်။
ကျွန်တော့်လက်ဖ၀ါးပေါ်မှာတော့ အစောနကမှ လွင့်ကြွေခဲ့ဟန် ရှိသော ပန်းပွင့်သေးသေးလေး နှစ်ပွင့်က ခုထိ လန်းဆတ်နေဆဲ။ မွှေးရှူကြည့်တော့ အဖော်အပေါင်းများစွာ ရှိစဉ်ကလို သူ့ ရနံ့က မပြင်းပျတော့။ မွှေးရနံ့ သေးသေးလေးကို ထိုပန်းပွင့်သေးသေးလေးထံမှ ရသည်။ အားပါးတရ ရှူရှိုက်လိုက်ချင်သော်လည်း နူးညံ့လှသော ထိုပန်းပွင့် သေးသေးလေးတွေ၏ ပွင့်လွှာချပ်လေးတွေကို ကျွန်တော် သနားလှသည်။
ကားလမ်းသွယ်လေးကို ကူးဖြတ်ပြီး ကျွန်တော် နေထိုင်ရာ တိုက်တန်းတွေဘက်က လှေကားထစ်တွေပေါ် ပြေးတက်ရင်း လက်ဖ၀ါးထဲမှ ပန်းပွင့်လေး နှစ်ပွင့်ကိုကြည့်မိတော့ ကျွန်တော် ကောက်ယူလာကာစ ကလို လန်းဆတ်မနေတော့။ ညှိုးဖျော့လို့ နေကြလေပြီ။ ဘာကြောင့်ရယ်မှန်းမသိ၊ ကျွန်တော့် စိတ်ထဲ ၀မ်းနည်းမိသွားသည်။ လက်ဖ၀ါးထဲ ဆုပ်ကိုင် ယူလာမိသောကြောင့် ထိုပန်းကလေး နှစ်ပွင့် သည်မျှ မြန်မြန်ဆန်ဆန် နွမ်းကြေသွားရလေသည်လား။ အိမ်ထဲရောက်လျှင် ထိုပန်းသေးသေးလေးနှစ်ပွင့်ကို ဓာတ်ပုံ အနီးကပ်ရိုက်ပြီး မှတ်တမ်းတင်ထားချင်သော စိတ်လေးကို လျှော့လိုက်သည်။ ညှိုးနွမ်းစ ပြုနေသော ပန်းကြွေလေး နှစ်ပွင့်ကို တချက် ဖွဖွ နမ်းရှိုက်ရင်း လျှောက်လမ်းလေးဘေးမှ မြက်ခင်းပြင်ပေါ် သို့ တယုတယ တင်လိုက်သည်။ နေရစ်ခဲ့တော့ ပန်းကလေးတွေရယ်။ ပြူတင်းသေးသေးလေးသာ ရှိပြီး လုံပိတ်နေတဲ့ ငါ့အခန်းကျဉ်းလေးထဲမှာ မင်းတို့ မွန်းကျပ်နေရမှာ ထက်စာရင် ဒီ မြက်ခင်းပြင်က မင်းတို့ အတွက် ပိုမို လွတ်လပ် သင့်လျော်ပါတယ်။ ငါကတော့ မင်းတို့ ပေးတဲ့ ရနံ့မွှေးတွေကြောင့် သိမ်မွေ့ကြည်နူးသွားရတဲ့ တဒင်္ဂလေးကို အမြဲ အမှတ်တရ ရှိနေတော့မှာပါ။ အဲဒီအတွက် ကျေးဇူးပါ ပန်းပွင့်လေးတွေရေ။

ထိုနောက်ပိုင်းရက်များမှာတော့ ကျွန်တော် ဘတ်စ်ကားပေါ်မှ ဆင်းကာ အိမ်ဘက်သို့ လျှောက်လာတိုင်း ထို သစ်ပင်ကြီးကို မော့ကြည့်ကာ ပြုံးပြနှုတ်ဆက်တတ်သော အကျင့်တစ်ခု ရခဲ့လေတော့သည်။ ထိုအပင်ကြီးကို ဘာပင်ခေါ်သလဲ ကျွန်တော် မသိပါ။ ထိုပန်းပွင့်လေးတွေကိုလည်း မည်သို့ ခေါ်ဆိုရမည် ကျွန်တော် မသိပါ။ အခါများစွာ ထိုအပင်အောက်မှာ အမှုအမှတ်မဲ့ ဖြတ်လျှောက်မိခဲ့သော နေ့ရက်ပေါင်း များစွာအတွက်လဲ ကျွန်တော် နှမျောတသ မဖြစ်မိပါ။ သေချာတာ တခုကတော့ မိုးညတညမှာ ရခဲ့သော ထိုပန်းပွင့်ကြွေလေးများ၏ မွှေးရနံ့ကို ကျွန်တော် အမြဲ အမှတ်ရနေတော့မည် ဆိုတာပါပဲ။

မြတ်နိုးအမှတ်တရ ရှိမှုတွေမှာ အမည်သညာ သတ်မှတ်စရာ မလိုအပ်ကြောင်း ကျွန်တော် သဘော ပေါက်ခဲ့အောင် သင်ကြားပေးခဲ့တာ သစ်ပင်တစ်ပင် ဖြစ်နေခဲ့မည် ဆိုပါက မိတ်ဆွေတို့ အံ့ဩကြမည် ထင်ပါသည်။

မေတ္တာဖြင့်
မိုးကုတ်သား

ပုံကလေးကို ဒီက ယူထားတာပါခင်ဗျာ။
လှပတဲ့ ခေါင်းစဉ်လေးအတွက် အမအိန္ဒြာ ကို ကျေးဇူး အထူး တင်ပါတယ် ခင်ဗျား။

Tuesday, November 3, 2009

ပန်းဥယျာဉ်လေးများ




ပန်းဥယျာဉ်လေးများ

ပန်း ဆိုကတည်းက နူးညံ့သိမ်မွေ့သော ခံစားချက်တစ်ခုကို ကျွန်တော်တို့တစ်တွေ ခံစားတတ်ကြရမြဲ။ ဥယျာဉ်ဆိုသည်ကတော့ ကျွန်တော်တို့ လူတွေ အထူးပြုလုပ်ဖန်တီးထားသော မြေခင်းအလှဆင်ယင်မှု သဘောတွေ ပါဝင်နေလေပြီ။ သူတို့ဘာသာ အလေ့ကျ ပေါက်ရောက်နေသော ပန်းရိုင်းများစွာတို့ တည်ရှိနေသော်လည်း စန်စတကျ ပြုစုပျိုးထောင်ခြင်း မရှိပါက ထိုအရာ သည် ပန်းဥယျာဉ် မမည်၊ ပန်းရိုင်းတောသာ ဖြစ်နေပေလိမ့်မည်။

ပန်းချစ်သူများက သူတို့နှစ်သက်ရာ ပန်းကလေးများကို စိုက်ပျိုးကြသည့်အခါ ပန်းဥယျာဉ်ကလေးများ ဖြစ်လာကြသည်။ နှင်းဆီပန်းချစ်သူတွေက နှင်းဆီပင်တွေချည်း စိုက်ပျိုးသည့်အခါ နှင်းဆီဥယျာဉ်ဖြစ်လာမည်။ ကျူးလစ်ပန်းတွေချည်း အသွေးအရောင်စုံ စိုက်ပျိုးထားသည့် ဥယျာဉ်မှာ ကျူးလစ်ပန်းရောင်စုံများ တွေ့နိုင်မည်။ ကိုယ်နှစ်သက်ရာ ပန်းမျိုးစုံကို စနစ်တကျ စိုက်ပျိုးထားသည့် ပန်းမျိုးစုံ ဥယျာဉ်များလည်း ရှိမည်။ ထိုပန်းဥယျာဉ်များထဲတွင် လှပမွှေးမြသော ပန်းများ၊ လှပသော်လည်း ရနံ့မမွှေးသောပန်းများ၊ မလှပသော်လည်း ရနံ့ မွှေးသောပန်းများ၊ လှလဲမလှ ရနံ့လည်း မမွှေးသောပန်းများ၊ ဆေးဘက်ဝင်သော ဂမုန်းနွယ်ပင် ပန်းများ၊ အဆိပ်ရှိသောပန်းများ၊ အင်းဆက်ပိုးမွှားများကို စားသော အသားစားပန်းများ စသည့်စသည့် အမျိုးအနွယ်ပေါင်းများစွာသော ပန်းများကို စိုက်ပျိုးနိုင်ကြသည်။


ပန်းဥယျာဉ်တစ်ခု ဖန်တီးဖို့အတွက် ဥယျာဉ်မှူးလိုသည်။ ထိုဥယျာဉ်မှူး စီရင်ခင်ကျင်း စိုက်ပျိုးသမျှ ထိုပန်းဥယျာဉ်မှာ သီးပွင့်ကြမည်။ တစ်ချို့ ဥယျာဉ်မှူးများက သူတို့ ဥယျာဉ် ပိုမို သာယာလှပအောင် သံသာတေးတို့ဖြင့် သီဆို စီးဆင်းနေသော စမ်းချောင်းလေးများ၊ အပန်းဖြေ အနားယူနိုင်ရန်အတွက် ဇရပ်လို အဆောင်ငယ်လေးများ၊ ဗဟုသုတဖြစ်စေလိုသော အကြောင်းအရာများကို ပုံဖော်ပြောပြပေးမည့် ပြတိုက်ကလေးများ ဖန်တီးထားပေးကြသည်။ တစ်ချို့ ပန်းဥယျာဉ်များက ဘ၀အမောတို့ ဖြင့် ပြည့်နှက်နေသော လူ့ဝန်းကျင်လောက ကြီးမှ ခေတ္တထွက်ပြီး အပန်းဖြေအနားယူဖို့ကောင်းသည့် ပျော်ပွဲစားထွက်ရာ နေရာများ ဖြစ်လာကြသည်။ တစ်ချို့ ပန်းဥယျာဉ်များကတော့ ညှို့မှိုင်းရီဝေအုပ်ဆိုင်းကာ လွမ်းမောဖွယ် အသွင်ကို ဆောင်ကြသည်။ တစ်ချို့ ပန်းဥယျာဉ်များကတော့ ခြောက်သွေ့သော နွေကန္တာရပင်များဖြင့် အထီးကျန်မှုကို ခင်းကျင်းပြသထားသည်။
တစ်ချို့ ပန်းဥယျာဉ်များမှာတော့ ဥယျာဉ်မှူးများက ပန်းဥယျာဉ်ကို ထိပါးမည့်သူများရန်မှ ကာကွယ်နိုင်ရန် ပြင်ဆင်ထားကြရသည်။ အဖိုးတန်ပန်းများ အခိုးခံရမှာ၊ ချိုးဖဲ့ချွေချ ခံရမှာ စိုးရိမ်ရသည် မဟုတ်လား။ တစ်ချို့ပန်းဥယျာဉ်များမှာတော့ ပန်းပင်များကို ဖျက်ဆီးတတ်သော အင်းဆက်ပိုးမွှားများ ရန်မှ ကာကွယ်ရန် အသားစား ပန်းများကို ထည့်သွင်း စိုက်ပျိုးထားတတ်ကြသည်။ တစ်ခါတစ်ခါမှာတော့ ပန်းဥယျာဉ်ထဲ လာလည်သူများကို အသက်အန္တရယ် ပြုစေတတ်သည့် ကြီးမားလှပသော အသားစား ပန်းပွင့်ကြီးများကို အလှပြထည့်သွင်း စိုက်ပျိုးထားတတ်ကြသည်။ ထိုပန်းပင်များ၏ အန္တရယ် ကြီးမားပုံကို ဥယျာဉ်မှူးမှလွဲပြီး အလည်ရောက်လာသူတွေ မသိရှိကြတတ်တာမျိုးတွေလည်း ရှိသည်။ တစ်ချို့သော ပန်းဥယျာဉ်များကတော့ အလည်အပတ်လာကြသူများ အမှိုက်ရှုပ်သွားကြလို့သော် လည်းကောင်း၊ ကိုယ်တိုင်က ပေါင်းသင်မြက်နှုတ်ခြင်း မရှိလို့သော်လည်းကောင်း ပေပွရှုပ်ထွေးစွာ ရှိနေတတ်ကြပြန်သည်။

သို့သော် ကိုယ် ဖန်တီးတည်ဆောက်ထားသော ပန်းဥယျာဉ်ထဲသို့ တမင်တကာဖြစ်စေ၊ မျက်စိလည်လမ်းမှားပြီးဖြစ်စေ ရောက်ရှိလာကြသော ပန်းချစ်သူများ အမြင်တွင် တင့်တယ်လှပသော ပန်းဥယျာဉ်၊ အန္တရယ် အဆိပ်အတောက်ကင်းသော ပန်းဥယျာဉ်၊ ငြိမ်းချမ်းအေးမြသောပန်းဥယျာဉ်၊ ပျော်ရွှင်ဖွယ်ကောင်းသော နွေးထွေးသည့် ပန်းဥယျာဉ်၊ လွမ်းဆွတ်တမ်းမောဖွယ်ကောင်းသော ပန်းဥယျာဉ်၊ ဗဟုသုတဖြစ်စေသော ပြတိုက်လို ပန်းဥယျာဉ် စသည်ဖြင့် ရသစုံ၊ ဗဟုသုတစုံ မြင်တွေ့ ပေးဆပ်နိုင်သော ပန်းဥယျာဉ်ကလေးများ ဖြစ်လာကြစေရန် အတွက်ကတော့ ထို ပန်းဥယျာဉ်များကို ဖန်တီးဆောက်တည်နေကြသော ဥယျာဉ်မှူးများ၏ တာဝန်သာ ဖြစ်ပါသည်။

ပန်းဥယျာဉ်လေးများ ရေရှည်တည်တံ့နိုင်ကြပါစေ။ ပန်းဥယျာဉ်မှူးတို့၏ စိတ်စေတနာများဖြင့် အပင်ပန်းခံ စိုက်ပျိုးထားသော ပန်းဥယျာဉ်များထဲ ပွင့်သောပန်းများအားလုံး မွှေးမြ လှပကြပါစေ။

*****************************************


နောက်ဆက်တွဲ

ဘာရယ်မဟုတ်ပါဘူး။ “၀တ်လစ်စလစ်ရေးတဲ့စာ” ကို ဖတ်ပြီး ကျွန်တော့မှာ ရှော့ရှိလား၊ ဘာဖြစ်နေလဲ လာမေးကြတဲ့ မိတ်ဆွေတွေ၊ အဲဒီစာကို ကျွန်တော်ရေးတာမှ ဟုတ်ရဲ့လား မယုံကြည်နိုင်အောင် အံ့ဩကြရတဲ့ မိတ်ဆွေတွေကို ကျွန်တော့်မှာ ဘာ “ရှော့” မှ မရှိကြောင်း၊ စိတ်ထဲ ဘယ်သူ့ဘယ်သူကိုမှ မုန်းတီးမှုနဲ့ ရေးတာ မဟုတ်ကြောင်း၊ အဲဒီစာမှာ မြင်တွေ့နေရတဲ့ မိတ်ဆွေအပေါင်းအသင်း ဘလော့ဂါတွေ စိတ်ညစ်နေကြတာ၊ စိတ်ပျက်နေကြတာတွေ မညစ်ကြ၊ မပျက်ကြစေလိုတဲ့ စိတ်ဆန္ဒသက်သက်နဲ့ စိတ်ထဲ ရှိတာလေး ချရေးတာဖြစ်ကြောင်း ပြောပြချင်ပါတယ်။
(ဘလော့ပုဂ္ဂိုလ်စွဲတွေ၊ ခင်မင်မှုအစွဲတွေ အကုန် ချွတ်ချပြီး ရေးထားတာကို ဆိုလိုချင်ပေမဲ့ “၀တ်လစ်စလစ်ရေးတဲ့စာ” လို့ ခေါင်းစဉ်တပ်ထားမိလေတော့ တစ်ချို့တစ်ချို့က ဘာတွေထင်ပီး လာဖတ်ကြသည်မသိ။ ဘလော့လေးထဲ လူဝင်တာ အခါတိုင်းထက် ပိုများသွားပါတယ်။ အောင်မြင်တာပေါ့လေ.. ဟေဟေ့။ ဤကား စကားချပ် ;-P )

နောက်တော့ မနေ့ညက ညီလေးတစ်ယောက်နဲ့ ဘလော့ဂါတွေ ရပ်တည်မှုအကြောင်း ပြောဖြစ်ကြရင်း သူက ဘလော့လောက တိုးတက်ရေး ရှေးရှုပြီး စာတစ်ပုဒ်ရေးချင်ကြောင်း ဆွေးနွေးဖြစ်ကြပါတယ်။ ကျွန်တော်ကလည်း ဘလော့လောကကြီးက ရောင်စုံဖူးပွင့်နေတဲ့ ပန်းဥယျာဉ်ကြီးနဲ့တူကြောင်း၊ ဘာညာ ပေါ့ဗျာ ပွားမိရင်း အခု ဒီစာလေး ချရေးဖြစ်ပါတယ်။
ဒီစာလေးက အရင်ပို့စ်နဲ့ အသံတူ အကြောင်းကွဲ တစ်ပုဒ်ပါပဲ။ ဘာလို့ အကြောင်းအရာတူကို ထပ်ရေးသလဲ မမေးကြခင် တစ်ခါထဲ ဖြေခဲ့ချင်လို့ပါ။
စာဆိုတာ ပုံစံမျိုးစုံ၊ နည်းမျိုးစုံနဲ့ ရေးလို့ ရပါတယ်။ ပြောတာတော့လွယ်မယ်။ ဒါပေမဲ့ တကယ်ချရေးတဲ့အခါ ခက်ပါတယ်။ ကျွန်တော် စာရေးဆရာ မဟုတ်ပါဘူး။ ဘလော့ဂါ လို့လဲ မခံယူထားပါဘူး။ စာလေးတွေ ၀ါသနာအရ ချရေးမိတယ်။ နောက် ကိုယ်ရေးတာလေးတွေ မိတ်ဆွေတွေ ဖတ်လို့ရအောင် တင်ဆက်ခွင့် ရတဲ့ နေရာလေး ရှိတယ်။ ဒီတော့ ပန်းဥယျာဉ်လေးတစ်ခု ဖန်တီးစိုက်ပျိုးမိတယ် ဆိုပါစို့။ ခင်မင်လို့ ဖြစ်ဖြစ်၊ မျက်စိလည် လမ်းမှားပြီးပဲ ဖြစ်ဖြစ် အလည်ရောက်လာတဲ့ မိတ်ဆွေ အားလုံးကို ကျွန်တော် ရေးချင်တာရေးမယ်။ ဖတ်ချင်ရင် လာဖတ် ဆိုတဲ့ စိတ်စေတနာ စိုးစဉ်းမှ မရှိပဲ စာရေးလိုစိတ်သက်သက်နဲ့ စိုက်ပျိုးခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို စာရေးလိုစိတ်သက်သက်နဲ့ ကျွန်တော့်လို မတောက်တခေါက် စာရေးကြသူတွေလဲ ရှိကြမှာပါ။ ဆိုလိုတာက ကျွန်တော်တို့ ရေးတဲ့စာတွေဟာ စာဖတ်သူတွေ အဆိပ်အတောက်ကင်းတဲ့စာတွေ ဖြစ်ဖို့ လိုအပ်ပါတယ်။ ဘလော့ဂါတွေအချင်းချင်းပဲ နားလည်ပြီး အပြင်စာဖတ်ပရိတ်သတ်တွေ နားမလည်တဲ့စာမျိုးတွေ ပေါများလာရင် ဘလော့ဂါတွေရဲ့ တန်ဖိုး ကျသွားစေနိုင်တယ် ဆိုတာလဲ မှန်ပါတယ်။ ကျွန်တော့်လို စာမရေးရ မနေနိုင်တဲ့သူကတော့ (ကျွန်တော်ရေးသမျှ နာမည်ကြီးတာ တစ်ပုဒ်မှ မပါသေးပါဘူး၊ နာမည်ကြီးဖို့လဲ မလိုအပ်ပါဘူး။ ဘာလို့ဆက်ရေးနေလဲ ဆိုရင်လဲ စာလေးတွေ ရေးချင်လို့ ရေးဖြစ်နေတာပါ။ ၀ါသနာ ပါလို့ ရေးနေတာပါ လို့ပဲ အမှန်အတိုင်း ဖြေမှာပါ။) ကိုယ် စာရေးမကောင်းတာနဲ့ မိတ်ဆွေတွေ ဖတ်ဖို့ဆိုပြီး ဘလော့ပေါ်မှာ စာတင် မရေးသင့်တဲ့ အနေအထားပါ။ အရည်မရ၊ အဖတ်မရ ရေးနေတာဟာလဲ စာလာဖတ်သူ မိတ်ဆွေတွေကိုစော်ကားလိုစိတ် လုံးဝ မပါခဲ့ပါဘူး။
ကျွန်တော်လက်ခံထား တဲ့ “ကိုယ်ရေးတဲ့စာ ကိုယ်တာဝန် ယူရမယ်” ဆိုသလိုပေါ့။ ရေးတဲ့အခါ အကြောင်းအရာတစ်ခုကို ချဉ်းကပ်ရေးဖွဲ့ တင်ပြဖို့ ထောင့်ပေါင်းစုံကနေ ရွေးချယ်ခွင့် ရှိပါတယ်။ ကိုယ် ဘယ်လိုရေးရေး၊ ရေးချင်သလို ရေးလို့ ရတယ်ဆိုပေမဲ့ စာဖတ်သူတွေကို စော်ကားတဲ့ စာမျိုး ဘယ်သူကမှ ရေးချင်ကြမယ် မဟုတ်ပါဘူး။ (ကျွန်တော့် စိတ်ရင်းနဲ့ ပြောတာပါ)။ ဒီတော့ ကျွန်တော် စာလေးတွေ ဆက်ရေးနေပါရစေ။ ၀ါသနာလေးပါလို့ အချိန်ကုန်ခံ ရေးခဲ့တာလေးတွေ သူတပါးအတွက် အကျိုးမဲ့ ဖြစ်စေမယ်ဆိုရင်လဲ အမိုက်အမဲလေးမို့ နားလည်ပေးကြပါ လို့..... ။


မေတ္တာဖြင့်
မိုးကုတ်သား

Thursday, October 22, 2009

ကျွန်တော့်ညနေခင်း ပန်းချီကားမှာ ရေးခြစ်ခဲ့သော အလင်းဖွဲ့ တိမ်တိုက်တစ်ခု






Photo Credit to : Norm Shockley Sr.



ညနေခင်း တစ်ခုရဲ့…
နေဝင်စ ကောင်းကင်
တစ်ဆုပ်တစ်ခဲ ဖွဖွလေးကျဲနေတဲ့ တိမ်တိုက်တစ်ခု
အရောင်တွေ ပြောင်းလို့ ပုံသဏ္ဍန်တွေ ရွေ့နေတယ်…
ဒါကောင်းကင် ကြီးရဲ့ ရင်ခွင်အောက်မှာပါ…
အဆုံးအစမရှိတဲ့ သက်ရှိအိမ်မက်တစ်ခု အဖြစ် အသက်ဝင်နေလေရဲ့..။







ညနေခင်းတစ်ခုတဲ့လား။ ဖြတ်သန်းခဲ့ရတဲ့ ကျွန်တော့် အလင်းမဲ့ ညနေခင်းတွေဟာ နေ၀င်ပီး မိုးချုပ်နေတတ်ခဲ့တာ ကြာခဲ့ပြီကော။




မှတ်မှတ်ရရပေါ့။ ငါတို့ချစ်ခြင်းဖွဲ့ ရာဇ၀င်တွေရဲ့ အစမော်ကွန်းကို ရေးထိုးထားခဲ့တဲ့ မိန်ရာသီ အရိပ်အာဝါသအောက်က ၁၂ လုံးတန်း လမ်းမလေးပေါ်မှာ၊ ၂၂ ခုမြောက်သော ညနေခင်းလေးတစ်ခုဟာ နူးနူးညံ့ညံ့ဖူးပွင့်လို့...။ အဲဒီ့ ညနေခင်းလေးရဲ့ ကောင်းကင်မှာ.. တိမ်တိုက်ကလေးတစ်ခု... ညင်သာဖွဖွ ရင်ခုန်ဖွယ်ရာ ရွေ့လျားနေခဲ့တာကို အမိအရ ပုံတူပန်းချီ ရေးဆွဲဖို့ ကျွန်တော် စတင်ပြီး ကြိုးစားမိခဲ့တော့တယ်။ တိမ်ဆိုတဲ့သဘောက အသွင်အရောင် ပြောင်းတတ်တာ၊ ပုံသဏ္ဍန်တွေ အမျိုးမျိုးဆောင်တတ်တာ ကျွန်တော် သိထားပေမဲ့။ အဲ့ဒီ တိမ်တိုက်တစ်ခုကို ကျွန်တော့် ညနေခင်းတွေထဲမှာ တယုတယနဲ့ ကျွန်တော်ကိုယ်တိုင်ပဲ အိပ်မက်တွေ သီဝေ စေခဲ့တော့တာ။ ရှိသမျှ ကြယ်တွေ၊ လတွေ၊ တိမ်တိုက်တွေ၊ နောက်ပြီး နေမင်းပါမကျန် သူ့ရင်ခွင်အပြည့် ပန်းချီရေးခြယ်ထားတဲ့ ကောင်းကင်ကြီးကို မလိုတမာ ကျွန်တော် လှမ်းကြည့်ရင်းက တိမ်တွေ အသွင်အမျိုးမျိုး ပြောင်းရတာ သူ့ကြောင့်လို့ စွဲချက်တွေ တင်နေမိတယ်။ အင်းလေ၊ ဘ၀ဆိုတဲ့ သက်ရှိ အိပ်မက်ကြီး ထဲမှာ ဘယ်အရာတွေ ကရော ဘယ်လောက် တည်မြဲ နေသေးလို့လဲ။ ဒီတော့ ကျနော်ဟာ အသွင်ပြောင်းနေတဲ့ တိမ်တိုက်တွေကို ဖမ်းဆုပ်သိမ်းဆည်း နေရင်းက သူ့ဘာသာ လွတ်လပ်စွာ လွင့်မျော နေတာကိုပဲ စောင့်ကြည့် ကျေနပ်နိုင်ရမှာပေါ့။





ဒီ ညနေခင်းရဲ့ ကောက်ရိတ်သိမ်း သီချင်းသံတွေကြား
မင်းခြေလှမ်းတွေ အတွက်
သွေးစွန်းနေတဲ့ ငါ့ဝိဥာဉ်မီးအိမ်လေးက လမ်းပြလို့
မင်းနှုတ်ခမ်းပေါ်ရောက်ရင် ချိုမြမယ့်
ငါ့ရဲ့ခါးသက်သက် အမောပြေ ဝိုင်တစ်ခွက် ရှိတယ်.




တရိပ်ရိပ်နဲ့ ရီဝေမူးယစ်စေတဲ့ ၀ိုင်တစ်ခွက်ဟာ မင်းပဲပေါ့။ ညနေခင်း အလုပ်တွေပြီးဆုံးချိန်မှာ ငါ့အိမ်အပြန်လမ်းတွေက မင်းကို တွေ့ရတော့မယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ တက်ကြွလှပလို့။ မင်းနှုတ်ဖျားက ထွက်ကျလာတဲ့ စကားလုံးတိုင်းဟာ ငါ့အတွက်တော့ ချိုမြတဲ့ ဆည်းလည်း သံစဉ်လေးတွေ၊ တစ်နေ့တာ အမောကို ဖြေဖျောက်ပေးနိုင်မဲ့ အားဆေးတွေပဲလေ။ ခါးသက်သက် ချိုမြမြ ၀ိုင်တစ်ခွက်ကို စွဲလန်းတာမျိုးထက် ပိုပြီးတော့ကို မင်းကို ငါက လိုအပ်နေခဲ့သူပါ။ ငါ့ နှလုံးသွေးတွေနဲ့ လောင်စာဖြည့်ထင်းထားတဲ့ ချစ်ခြင်း အလင်းတွေအောက်မှာ ငါ့ဝိဥာဉ်တွေ လင်းချင်းခဲ့ရတော့တာ။




တဖြည်းဖြည်း… မှောင်ရိပ်တွေ ပျိုးလို့
ညရောက်တော့မယ်လေ…။
ငါ့ကို ဒီအသိတွေက လုယက်တိုက်ခိုက်နေတယ်
ဒီလိုနဲ့ ညတွေမှာ….
ငိုကြွေးနေတတ်တဲ့ ငါ့မျက်ဝန်းရဲ့
ထောင့်စွန်းနား မင်းဝိဥာဉ် ကို မွေးဖွားခဲ့တယ်
ကျလာမယ့် မျက်ရည်တွေက မင်းအတွက်လှပမယ့်
ညအိပ်မက်တွေကို အလိုတကျ ဖန်ဆင်ပေးဖို့ပေါ့…




အလင်းတွေကို တတိတိ ခြွေခူးနေတဲ့ အမှောင်တွေက ညနက်ထဲ ဆွဲခေါ်နေကြတယ်။ ကျွန်တော့်ရဲ့ မီးအိမ်လေး မီးစာကုန်ခမ်းသွားမှာ စိုးလှပါရဲ့။ ငါ့နှလုံးသွေးတွေရဲ့ မီးစာဟာ မင်းဆီက အကြင်အနာတွေကနေ အသက်ဆက်နေခဲ့တာပါ။ မင်းသာ ငါ့ကို မချစ်တော့ရင်၊ မင်းသာ ငါ့ကိုထားသွားရင် ဆိုတဲ့ ပူပန်မှုတွေနဲ့ ကျွန်တော့်ရဲ့စိတ် တိုက်ခိုက်ခံရတိုင်း လေပွေဝှေ့ခံရသလို မီးစာလေးက လှုပ်ခတ် တုန်ရင်ရပြန်တယ်။ ငါ့ကို မင်းရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ လုံခြုံနွေးထွေးပေးလှည့်ပါ။ ငါ့ညခင်းတွေရဲ့ အလင်းကို ပြုစုပျိုးထောင်ပေးပါ။ မင်းနဲ့ မတွေ့ရတဲ့ နေ့ရက်တွေတိုင်းမှာ ငါ့ရဲ့ ညနေခင်းတွေ သွေးပျက်စရာ ကောင်းလောက်အောင် ခြောက်ခြောက်ခြားခြား နိုင်လွန်းလှလေတယ်။ ဒီလိုနဲ့ အခါများစွာ ကျွန်တော် ငိုကြွေးမိတတ်ပြန်ရော။ ချစ်သူလေး၊ ငါ့ဝိဥာဉ်ရဲ့ တစ်ခုတည်းသော အလင်းရောင်၊ ငါ့ဘ၀ရဲ့ အရာခပ်သိမ်းဟာ မင်း။ ဒီလိုနဲ့ ကျွန်တော်ဟာ လင်းတလှည့် မှောင်တချီ၊ ချစ်သူရဲ့ အိပ်မက်ရာသီတွေ လှပကြည်နူးစေဖို့ တေးတွေသီလို့....။




ဒါပေမယ့်….
ငါချစ်တဲ့ ငါ့ရင်ခွင်က တိမ်လေးတွေ ပျောက်ဆုံးသွားစေမယ့်
သီချင်းသံတွေနဲ့ ဝေးသွားစေမယ့်…
ညတွေ ရောက်မှာကိုတော့ မုန်းမိတယ်။။။။




တိမ်တွေက လေနှင်ရင် လွင့်ပါးသွားတတ်ကြတယ်။
တိမ်တွေက မိုင်းညှို့ အုံ့ဆိုင်းပြီးရင် မိုးအဖြစ်ရွာမချပဲ ပျောက်သွားတတ်ကြ ပြန်သေးတယ်။
တိမ်တွေက မဲမဲမှောင်မှောင်ဘ၀ကနေ မိုးရေစက်တွေ အသွင်ပြောင်းသွားပြီးရင်လဲ ကောင်းကင်ထဲမှာ သူ့အရိပ် အကျွင်းအကျန်လေးတောင် ခြေရာချန်ထားရစ်ဖို့ မေ့လျှော့ချင် မေ့လျှော့တတ်သေးတာ။
တိမ်တွေက အပြောင်းအလဲ မြန်တယ်။
တိမ်တွေက.....
.........
.....
ဆယ့်နှစ်လုံးတန်း လမ်းမပေါ်က နှစ်ဆယ့်နှစ်ခုသော ညနေခင်းလေးတစ်ခုမှာ ကျွန်တော့်ရင်ဘတ်ထဲ အမှတ်တရ ရေးခြစ်ခဲ့တဲ့ တိမ်တိုက်လေးရေ....ဘယ်လို လေပြင်းမုန်တိုင်း တိုက်တိုက် မင်း မလွင့်ပျယ်သွားပါနဲ့။ ပြိုမယောင် ညာသံပေးပြီးတော့မှလဲ မင်း ထွက်ပြေးမသွားပါနဲ့။ မင်း ငါ့ကို စွတ်စိုအောင် သည်းသည်းထန်ထန် ရွာချချင် ရွာချလိုက်ပါ။ ဒါပေမဲ့ ခြေရာလေးတွေတော့ မင်း မချန်ရစ်ခဲ့ပဲ ငါ့အပါးက စွန့်ခွာ မသွားပါနဲ့။
ပြောခဲ့ဖူးတာကိုပဲ အဖန်တလဲလဲ ငါ ပြန်ပြောပါရစေ။
မင်းအတွက်ငါ အိပ်ယာဝင်တေးတွေ သီဆိုပေးပါရစေ။ မင်းရဲ့ချစ်ခြင်းတွေ၊ မင်းကို ချစ်ခြင်းတွေနဲ့ ထွန်းညှိလင်းချင်းခဲ့တဲ့ ငါ့ဝိညာဉ်အတွက် ငါ့နှလုံးသွေးလောင်စာကို ဖြည့်တင်းပေးလှည့်ပါ။
ဒီလိုနဲ့ ကွန်တော်ဟာ ချစ်သူမရှိတဲ့ ညနေခင်းတွေ၊ ညတွေကို မုန်းတီးတတ်လာခဲ့တော့တယ်။
သေချာတယ်။ ငါ့ဝိဥာဉ်ဟာ မင်းမရှိရင် အလင်းမဲ့စွာ ပျောက်ဆုံးရပြန်အုံးတော့မယ်။


##############



ချစ်သော ညီလေး မျောက်မျောက် က ချစ်ခြင်းတည်ရာ (သို့မဟုတ်) ချစ်ခြင်းဖွဲ့ ရာသီ ဆိုတဲ့ ပို့စ်လေးမှာ သူ့ကဗျာလေးကို စကားပြေ ပြန်ရေးထားတာ သဘောကျပြီး သူ့ကဗျာလေး နောက်ထပ် တစ်ပုဒ်ကို စကားပြေ ရေးပေးဖို့ ပြောထားတာ ကြာပါပြီ။ အခုမှပဲ တင်ဖြစ်တော့တယ်။ ညီလေးမျောက်မျောက် ကျေနပ်နိုင်ပါစေဗျား။ စာလေးရေးဖြစ်ဖို့ ကဗျာလေး စပ်ပေးတဲ့ အတွက်လဲ ကျေးဇူးတင်ပါတယ်။ စာလာဖတ်သူ မိတ်ဆွေရောင်းရင်းများကိုလဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
Italic


မေတ္တာဖြင့်
မိုးကုတ်သား

Sunday, October 18, 2009

ချစ်ခြင်းတည်ရာ (သို့မဟုတ်) ချစ်ခြင်းဖွဲ့ ရာသီ



ချစ်ခြင်းတည်ရာ
(သို့မဟုတ်) ချစ်ခြင်းဖွဲ့ ရာသီ



ခရမ်းပြာ ကောင်းကင်ရဲ့အောက်
မှိုင်းညို့ညို့တိမ်ပျိုတွေကို ငေးလို့
ညင်သာငြိမ့်ညောင်းစွာ စီးဆင်နေတဲ့မြစ်ပြာပြာတစ်စင်းက
ကျုပင်တွေ ကြားနစ်မျောသွားဖို့ အဆင်သင့်ပေါ့…။

ညနေခင်းတစ်ခုရဲ့ ခရမ်းရောင် မိုးသားကောင်းကင်က မှော်ပဉ္စလက်ဆန်ဆန် လှပ လို့နေတယ်။ ငေးမောနေမိတဲ့ ခပ်ဝေးဝေးက တိမ်ညိုတွေတောင် ဘာကြောင့်ရယ်မှန်းမသိ ကျွန်တော့်ရင်ကို ဗလောင်ဆူနေ စေပြန်ကော။
တံတားဘောင်ဘေးမှာ ခြေဆင်းချ ထိုင်ပီး လေကို တ၀ ရှူရှိုက်မိတော့ မြစ်ပြင်ကို ဖြတ်တိုက်လာတဲ့ လေထဲမှာ ရနံ့တချို့ ရလိုက်တယ်။ တငြိမ့်ငြိမ့်စီးနေတဲ့ မြင်ပြင်ဟာ ညနေခင်း နေခြည်အောက်မှာ အပြာရောင်တွေ လက်လက်ထလို့။ ပင်လယ်ထဲ တိုးမ၀င်ခင် အစပ်ဖျားက ကျူပင်ရိုင်းတွေကြား နစ်လျှိုးကွယ်ပျောက်ဖို့ အဆင်သင့် ဖြစ်နေသလိုမျိုး ညင်သာစွာ စီးမျောလို့နေလေရဲ့။
ကျွန်တော့်စိတ်တွေဟာလဲ တစ်စုံတစ်ယောက်ဆီ စီးမျောရင်း အာရုံတွေ နစ်ကျွံ ပျောက်ကွယ်လုနေတာ အလန့်တကြား တွေ့ရတယ်။ သူက ခုတလောမှာမှ တစတစ ကျွန်တော့် ဘ၀ကို စိုးမိုးနိုင်လွန်းတာ ဘာသာ သိနေတာ့ ကွန်တော် တုန်လှုပ်မိတာ သိပ်ဆန်းကြယ်တယ် မထင်ပါ။ ဆန်းကြယ်တာက ထို စိုးရွံ့စိတ်တွေသည် ကျွန်တော့် ခြေလှမ်းတွေကို နောက်ပြန် မဆုတ်စေပဲ ရှေ့တိုးလို့သာ ရင်ခုန်ကြည်နူးလို့ နေချင်တာပါပဲ။

ဆာလောင်မွတ်သိပ်တဲ့ အချစ်တွေမှာ
အဆုံးမသတ်တဲ့ နာကျင်မှုတွေ လိုအပ်လိမ့်မယ်ဆိုရင်…
သွေးထားတဲ့သင်တုံးဓားက
ငါ့ရဲ့ ဝိညာဉ်တွေကို သွေးထွက်သံယို ဖြစ်စေတော့မယ်။

အချစ်တစ်ခု ဆိုတာကို ကျွန်တော့် နှလုံးသားက ဒီလောက် မွတ်သိပ်ခဲ့တတ်မယ် မှန်း မသိခဲ့ရိုး အမှန်ပါ။
သူ့ကို သတိရတိုင်း ဘယ်အချိန် အဆုံး သတ်တော့မလဲ ဆိုတဲ့ စိုးစိတ်တွေနဲ့ နာကျင်ပူလောင်ရတာ အတွေးစတွေတောင် မွမွကြေလို့ နေတတ်ခဲ့ပြီ။
အချိန်တို အတောအတွင်းမှာပဲ သူက ကျွန်တော့်နှလုံးသားမှာ ချစ်တယ် ဆိုတဲ့ မြည်တမ်းမှုတွေကို ကျောက်စာ တစ်ချပ်လိုအဖန်ဖန် အထပ်ထပ် ရေးထိုးထားခဲ့ပြီ။
ဒီ့ထက်ဒီသာ စူးနစ်ချစ်မိတော့မယ် ဆိုရင်တော့ ကျွန်တော်ဟာ သွေးသင်ထားတဲ့ သင်တုံးဓား တစ်လက်ကို စိတ်နှလုံးနဲ့ ဆုပ်ကိုင်မိသလိုမျိုး ချစ်တတ်တဲ့ စိတ်ဝိညာဉ်ဟာ ဒဏ်ရာ အနာတရ ဖြစ်တော့မယ်ထင်ရဲ့။
စိုးစိတ်တ၀က် ချစ်စိတ် တ၀က်နဲ့ ကျနော့်အိပ်မပျော် ညတွေက လင်းတလှည့် မှောင်တချီ။ မှုန်ရီ ပြာလဲ့လို့နေတယ်။


ဘယ်တော့မှ အသက်ရှင်ဖို့ မကြိုးစားတဲ့
တုန့်ပြန်မှုမဲ့ စိတ်ဝိညာဉ်ကလဲ
သေဆုံးမှာကိုကြောက်နေမိတယ်..

တကယ်ပါ။ ဘယ်အရာကိုမဆို ပေါ့ပေါ့ပါးပါး၊ ပျော်ပျော်ရွှင်ရွှင် ရွက်လွှင့်ချင်ခဲ့တဲ့ ကျွန်တော့် စိတ်ဝိဉာဉ် ဟာ ချစ်ခြင်းဆိုတာကို အသက်သွင်းဖို့ မကြိုးစားခဲ့ဖူးပါဘူး။
ခံစားပွန်းရှလွယ်တဲ့၊ အစွဲအလန်း ကြီးတတ်လွန်းတဲ့ နှလုံးသားလေး အနာတရ ဖြစ်မှာ ကြောက်လွန်းလှလို့ အချစ်ဆိုတာနဲ့ ဝေးဝေးမှာ ကျွန်တော် နေထိုင်ခဲ့ပါတယ်။
ခုတော့ အဆိပ်သင့်မှာစိုးလို့ မစားရဲခဲ့တဲ့ သစ်သီး တစ်လုံးဆီကို ကျွန်တော့်လက်တွေ လှမ်းလို့ နေမိပြီ။
အမှတ်တမဲ့တွေကနေ အမှတ်တရတွေ ဖြစ်လာတော့မှ ထိရှတတ်တဲ့ ဓားသွားထက်မှာ ကျွန်တော့်ချစ်လိပ်ပြာလေး သေဆုံးသွားမှာ တုန်လှုပ်ကြောက်ရွံ့ နေတယ်။

ရှည်လျားလှတဲ့ ညတွေမှာ လမ်းကျဉ်းလေးတစ်ခု
အထီးကျန်တာ ဆန်းသလား...
ငိုခဲ့ရတဲ့ င့ါရဲ့ညမှာ
ခဏပေါင်းများစွာ သာခဲ့တဲ့လ
ဒီညတော့ ဘ၀တစ်ပါးရောက်နေသလား...

အထီးကျန်တဲ့ ညတာတွေက ကျွန်တော့ အတွက်တော့ ခုမှ ရှည်လျားလွန်းနေ လေသလား။ တစ်ယောက်ထဲ ဘ၀မှာ နေသားတကျ ရှိခဲ့ချိန်တွေက အခုအခါများမှာတော့ အထီးကျန်ခြင်း ဝေဒနာတွေကို ပွေ့ပိုက်ထုပ်ပိုးရင်း လမ်းကျဉ်းလေးကို ဖြတ်သန်းကာ အိမ်ပြန်နေရတယ်။ လမ်းကလေးဆုံးရင် အခါများစွာ တယောက်တည်း အိပ်စက်ခဲ့တဲ့ ကျွန်တော့် အခန်းလေးထဲကို ရောက်မယ်။ ခုတော့ ဝေးဝေးက လင်းပ သာယာ ပြနေတဲ့ လမင်းလေးကို ငေးကြည့်ရင်းလဲ အခန်းလေးထဲမှာ တစ်ယောက်ထဲ ကျွန်တော် တိတ်တဆိတ် မျက်ရည်ကျတတ်နေပြီ။ လမင်းလေး မသာတဲ့ ဒီတညမှာလဲ ကျွန်တော် ငိုကြွေးရပြန်တာပါပဲလေ။ သူ ဘယ်တွေ သွားနေလဲ။ သူ ဘာတွေ လုပ်နေလဲ။ သူ ဘယ်သူတွေနဲ့ ရှိနေမလဲ။ ကျွန်တော် ကြိုက်လွန်းလှတဲ့ လေးဖြူရဲ့ သီချင်းတစ်ပုဒ်က အခုတော့ ကျွန်တော့်ကို ပိုပြီး ကျွမ်းလောင်မြိုက်နေစေခဲ့ပေါ့။
သိပ်ချစ်လွန်းရင် အခုလိုပဲ စိတ်မချစွာ ပူပန်စေတတ်၊ သ၀န်တိုစေတတ်ပါသလား။
"ဘယ်သွားသေနေလဲ မသိဘူး" စောင့်ဆိုင်းခြင်းတွေကို စိတ်မရှည်နိုင်တော့ အဲ့ဒီလို စိတ်ချဉ်ပေါက်တွေးရင်း သက်ပြင်းတွေ တချချ။ သေချာတယ်။ ဒီညလဲ ကျွန်တော် အိပ်ပျော်နိုင်မည် မဟုတ်တော့။

တစ်ခါတစ်ရံ ခေါမ စစ်ချီသံကို ကြားရသလိုလို...
တစ်ခါတစ်ရံ သိုသိပ်စွာ ထွက်ပေါ်လာမယ့်
ပန်တျာ ဘုရင်မရဲ့ စည်သံကနားစည်ဝကိုရောက်လာသလိုလို...

သူ့ကို မြင်ရတဲ့ ညအခါများစွာတိုင်း ကျွန်တော့် ရင်ဟာ ချစ်ခြင်းနဲ့ လွမ်းဆွတ်ခြင်းတွေ တိုက်ပွဲဝင်ဖို့ စစ်ချီတဲ့ တေးသံလို ထောင်းလမောင်းခတ် မြည်ကျွေးတတ်တယ်။ သူ ကျနော့်ကို မြင်ရင် ခေါ်လိုက်မလား။ မီးနီလေး ပြရင်း တိတ်တဆိတ် စောင့်စားနေရတာကိုပဲ ကျွန်တော်က ရင်တွေ ခုန်လို့။ သူ ကျွန်တော့်ကို လှမ်းခေါ်လိုက်တဲ့ အခါတိုင်း ပန်တျာဘုရင်မ တီးခတ်လိုက်တဲ့ စည်တော်သံကို ကြားလိုက်ရသလိုမျိုး ရင်ထဲ ကြည်မြ အေးချမ်းသွားတတ်ပေမဲ့ အချိန်အတော်ကြာ မခေါ်ပဲ နေရင်တော့ စွန့်ပစ်ခံရတဲ့ သားငယ်တယောက်လို ကျနော်က ၀မ်းပန်းတနည်း ငိုကြွေးချင်မိတယ်။
တဆိတ်တော့ ကျွန်တော် သူ့အပေါ် ချစ်စိတ်တွေ လွန်ကဲနေပြီ ထင်ရဲ့။ သူနဲ့ ပါတ်သက်ရင် ကျွန်တော်က သိပ် ပွန်းရှ လွယ်လို့ နေတယ်။
သူ့ကို တွေ့ရဖို့ ကျွန်တော့် အိပ်ချိန်တွေဖဲ့ခြွေရင်း စောင့်ဆိုင်းနေခဲ့သလို သူ့ကို မြင်ရပြန်တော့ ကျွန်တော့်ညတွေကို အိပ်စက်ပစ်လိုက်ဖို့ နှမျောနေပြန်တယ်။ ဒီလိုနဲ့ ကျွန်တော်လဲ အအိပ်ပျက် အစားပျက် ကြာရင် သေရချည်ရဲ့။


ဘယ်တော့မှ ပိုင်ဆိုင်ခွင့် ထပ်မရမယ့် အိပ်မက်ချိုချိုက
နိုးထဖို့ကို ကြောက်မိပြန်တယ်…

သူ့ကို ချစ်မိလေ၊ သူ မချစ်ပဲ ချစ်ဟန်ဆောင် လှည့်စားလေမလား တွေးကြောက်လေလေ။ သူ့ကို ကျွန်တော် တစ်ယောက်ထဲ ပိုင်ဆိုင်ချင်တယ်။ သူ့ကို ကျွန်တော် ဆုံးရှုံးရမှာ သိပ်ကြောက်တယ်။
တဖြည်းဖြည်း နစ်ကျွံလာတဲ့ ချစ်ခြင်းတွေအောက်မှာ ကျွန်တော့်ကိုယ် ကျွန်တော် ပျောက်ဆုံး ရပြန်တယ်။ ကျွန်တော့်ဘ၀မှာ သူ မရှိလို့ မဖြစ်တော့ဘူး။ သူ မချစ်ရင် ကျွန်တော် သေသွားနိုင်တယ်။ အဲဒီ အတွေးတွေ ၀င်လာတိုင်း ကျနော်ဟာ ခြောက်အိပ်မက် တစ်ခုက နိုးထ လာသလို တုန်လှုပ် မောပန်းနေတယ်။
တစ်ခါတစ်ခါမှာတော့ သူ့ကို ချစ်ရတာ အိပ်မက်တစ်ခုသာ ဖြစ်လိုက်ပါတော့လို့ တွေးမိတတ်တယ်။ သိပ်ကို ချိုမြလွန်းတဲ့ အဲ့ဒီ အိပ်မက်ချိုချိုတွေထဲ ကျွန်တော် ထာဝရ အိပ်စက် ပစ်လိုက်ချင်မိရဲ့။ နိုးထလာလို့ အိပ်မက်ကလေး ပျောက်ဆုံးသွားမှာ ကျွန်တော် သိပ်ကြောက်ပါတယ်။

ဘယ်တော့ မှ ကခုန်ဖို့ မသင်ယူပဲ
အသဲကွဲမှာကို ကြောက်နေတဲ့ နှလုံးသားဟာ
တွယ်တာခြင်းကို လက်ယပ်ခေါ်ငင်
အကြင်နာနွယ်မျှင်တွေကို ပြုံးပြလို့
အချစ်တစ်ခုတည်းခံစားမယ်ဆိုရင်ပေါ့…

အခုတော့ ကျွန်တော် စိုးကြောက်လှတဲ့ သံယောဇဉ်တွေကို ကြိုးလိုကျစ်ပြီး ကိုယ့်ကိုယ်ကို နှောင်ဖွဲ့လိုက်တယ်။ လွတ်လပ်ခြင်းတွေ ဆုံး ရှုံးချင် ဆုံးရှုံးစေတော့။ သူ့အပေါ် မြတ်နိုး တွယ်တာမိတဲ့စိတ်တွေက ရစ်ပတ်လာမဲ့ သူ့ကြင်နာမှုတွေကို တပ်မက်မောစွာ ဖိတ်ခေါ်လို့ အပြုံးနဲ့ ဆီးကြို နေမိပြီ။
"ကျွန်တော် လိုချင်တာ အချစ်တစ်ခုတည်းပါ။"
" ကျွန်တော့်ကို ချစ်ပါနော်။"
" ကျွန်တော့်ကို ထားမသွားပါနဲ့နော်။"
ဒီလိုတွေ ပြောနေတာ ကျွန်တော်မှ ဟုတ်ရဲ့လား။
အသည်းကွဲ ဝေဒနာကို ကြောက်လွန်းလှလို့ ဘယ်တုန်းကမှ ချစ်ခြင်းရင်ခုန်မှုတွေနဲ့ ယဉ်ပါးဖို့ မကြိုးစားခဲ့တဲ့ ကျွန်တော့် နှလုံးသားက သူနဲ့ကျမှ တိမ်းမူး ကခုန်လို့။ ချစ်ခြင်းတွေကို တစ်နေ့ပြီး တစ်နေ့ သင်အံလို့ နေလေရဲ့။


ကံကောင်းခြင်းတွေ ရှိနေဖို့အတွက်
လွမ်းမှန်းမသိ လွမ်းနေတဲ့ ငါ့ရဲ့ပန်းခင်းထဲက
ပန်းလေးတစ်ပွင့်သာ ချစ်ခြင်းဆိုရင်
မင်းလေးက ထိုပန်းလေးတစ်ပွင့်အတွက် မျိုးစေ့လေးပါ…

တကယ်လို့များ ကျွန်တော်ဟာ ဥယျာဉ်တစ်ခု ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော့် ပန်းခင်းလေးဟာ သူ့ကို လွမ်းမှန်းမသိ လွမ်းနေခဲ့ပြီ။
ကျွန်တော် သူ့ကို အချိန်တိုင်း လွမ်းနေတယ်။ သတိရနေတယ်။ တစ်ယောက်တည်း နေသားတကျ ဘ၀ဟာ ခုမှ ရုတ်ချည်း အသွင်ပြောင်းလို့ သူ့ချစ်ခြင်းမေတ္တာကို အသက်ဆက်ရာ မိုးရေစက်တွေလို ငတ်မွတ်မျှော်လင့် နေလေရဲ့။ သူ့ကြင်နာယုယမှုတွေကိုလဲ နေရောင် လရောင်လို ကျွန်တော် လိုအပ်နေတာပါပဲ။
သူ့အသံကို မကြားရတဲ့ နံနက်ခင်းတွေ ညတွေမှာ ကျွန်တော်က အောက်စီဂျင် မ၀သလို အသက်ရှူကျပ်နေတတ်တယ်။
ဒါဟာ အချစ်တဲ့လား။
ချစ်ခြင်းဆိုတဲ့ ပန်းကလေးတစ်ပွင့် ကျွန်တော့် ရင်ခွင် ဥယျာဉ်မှာ ဖူးပွင့်ခဲ့တယ်ဆိုရင် အဲဒီ ပန်းကလေးကို မျိုးစေ့ ချပေးခဲ့တာ သူပဲပေါ့။
ကံတရားက ဖေးမခဲ့မယ်ဆိုရင်တော့ အဲ့ဒီ အချစ်ပန်းကလေးဟာ ကျွန်တော့် ရင်တခွင်လုံး မွှေးမြ လန်းဆတ်လာအောင် ဝေေ၀ဆာဆာ ပွင့်ဖူး လာပါလိမ့်မယ်။



နှင်းခါးဖြူဖြူတွေ တစ်ဆုပ်တစ်ခဲ ကျတဲ့ ဆောင်းရာသီမှာ
လဲလျောင်းနေတဲ့ မျိုးစေ့လေဟာ
နွေးထွေးတဲ့ နေရောင်ခြည် ရဲ့ ချစ်ခင်ယုယမှုအောက်
နွေဦးရာသီမှာ
ပန်းလေးတပွင့် ဖြစ်လာမှာပါ။

ဆောင်းရဲ့ နှင်းပွင့်ဖြူဖြူတွေနဲ့ အတူ ကြွေကျခဲ့တဲ့ ချစ်ခြင်းမျိုးစေ့လေးရေ၊ နှင်းခါးလို အေးခဲ နာကျင်စေတဲ့ အလွမ်းပွင့်တွေကြောင့် သေဆုံးမသွားအောင် ကျွန်တော့်ကို ထိန်းသိမ်းစောင့်ရှောက်ခွင့် ပေးပါ။
တစ်ယောက်ထဲ နေ့တွေညတွေမှာ အထီးကျန်မှု ဝေဒနာတွေနဲ့ ငိုကြွေးနေရတဲ့ ရက်တွေ မနည်းတော့ပါဘူး။ ခုတော့ သူဟာ ကျွန်တော့်ရဲ့ အထီးကျန်ညတွေကို ဖြေဖျောက်ပေးသူလဲ ဖြစ်ရဲ့။ ကျွန်တော့် အနာဂါတ်တွေကို မျှော်လင့်ချက်တွေနဲ့ တောက်ပစေသူလဲ ဖြစ်ရဲ့။ လွမ်းလို့ ကျမိတဲ့ မျက်ရည်တွေအပေါ် ကျေနပ်စေသူလဲ ဖြစ်ရဲ့။
ချစ်ခြင်းမျိုးစေ့လေးကို ကျွန်တော့် ရင်ခွင် ဥယျာဉ်မှာ စိုက်ပျိုးပေးသွားသူဟာ တခြားသူတွေကိုရော အဲ့ဒီလို မျှော်လင့်ချက်တွေ ပေးထားတတ်လေမလား။ ပူလောင်စေတဲ့ အတွေးတွေက တခါတရံမှာ ကျွန်တော့်ကို နှိပ်စက်လာတိုင်း သူ့ကို ကျွန်တော် တယောက်ထည်း ပိုင်ချင်စိတ်တွေနဲ့ ပို အထီးကျန် မောပန်းရပြန်တယ်။
လွမ်းစိတ်၊ သူ့ကို စိတ်မချစိတ်တွေနဲ့ မယုံမရဲ ဖြစ်နေတဲ့ ကျွန်တော်ဟာ နွေဦးရာသီရဲ့ နွေးထွေးတဲ့ နေရောင်ခြည်အောက်မှာ အချစ်ပန်းကလေး ဖူးပွင့်ဝေဆာပြီး ကျွန်တော့် ဥယျာဉ် တစ်ခုလုံး လွှမ်းခြုံ မွှေးမြသွားစေဖို့ မျှော်လင့်အိပ်မက်နေမိတယ်။


မေတ္တာဖြင့်
မိုးကုတ်သား


ချစ်ညီလေး ဖိုးစိန်ရဲ့ မွေးနေ့ အမှတ်တရ အနေနဲ့ သူရဲ့ ကဗျာလေး တစ်ပုဒ်ကို စကားပြေ ဖန်တီးပြီး ရေးဖွဲ့ထားတာပါခင်ဗျာ။
မွေးနေ့ရှင်ရဲ့ ခံစားချက်ကို အပြည့်အ၀ ပုံဖော်နိုင်စွမ်း မရှိပေမဲ့ မွေးနေ့ရှင် ကျေနပ်မယ် လို့ မျှော်လင့်ပါတယ်။
အခု အချိန်တော့ မွေးနေ့ရှင်လဲ ကျွန်တော် ပို့ပေးထားတဲ့ ဒီလင့်ခ်က ဟောဒီ မွေးနေ့ဆုတောင်းလေး ကို ကြည့်ပီး စူပွပွ ခုန်ဆွဆွ ဖြစ်နေလောက်ပြီ ထင်တယ်။

Friday, October 16, 2009

တိမ်တိုက်တွေ










ကျွန်တော်က စိတ်ကူးယဉ် ဆန်လွန်းတယ်ပဲ ပြောကြလေမလား။ ငယ်စဉ်ကရင်း ခုချိန်ထိ တိမ်တိုက်တွေကိုမော့ကြည့် ငေးမောကာ တိမ်ရုပ်လေးတွေ ရေးနေမိတုန်း။ ကျွန်တော် ကောင်းကင်ကြီးကို မော့ကြည့်လိုက်တိုင်း သူတို့ကို တွေ့ရသည့် အသွင်က ဘယ်တော့မှ မတူပါ။ တခါတရံ ငေးမောနေရင်းက ပင် ထုသွင် ပြောင်းသွားကြပြန်သည်။ တခါတရံ တိမ်ကင်းစင်အောင် ကြည်လင်နေသည့် ကောင်းကင်ကြီးကို မြင်ရတိုင်း ကျွန်တော်က တိမ်တွေကို ဟိုတကွက် ဒီတကွက် တွေ့ရလေမလား လိုက်လံရှာဖွေ လွမ်းဆွတ်တတ်ပြန်သေးသည်။ တိမ်တွေရဲ့ ထုသွင်က တခါတရံ ချစ်ခင်ဖွယ်၊ တခါတရံ ကြည်နူးဖွယ်၊ တခါတခါမှာတော့ လွမ်းဆွတ်ဖွယ် ရှိနေတတ်ပြီး တခါတခါမှာတော့ ခြောက်ခြားဖွယ် ဖြစ်လို့ နေတတ်ပြန်သည်။ လေအရှိန်နှင့် တရိပ်ရိပ် ပြေးလွှားနေသော တိမ်တွေကို မြင်ရလျှင်တော့ ကျွန်တော် အင်မတန် ပျော်ပါသည်။ တယောက်သောသူကတော့ ပြေးလွှားနေသော တိမ်တွေကို ကျွန်တော်နျင့်အတူ လိုက်ကြည့်ကာ မူးလိုက်တာ ဟုဆိုရင်း ကျွန်တော့်ရင်ခွင်ထဲ နွဲ့မှီခဲ့ဖူးသည်။ တခါတရံမှာတော့ အဲဒီတိမ်တွေက ကျွန်တော် ချစ်သော လမင်းကြီးကို ကျွန်တော့် ထံပါးကနေ ဖွက်ထား တတ်ကြသေးသည်။ သူတို့ ကလှူသလို၊ မြှူသလို ခဏဖွက်ထားလျှင်တော့် ကျွန်တော်က သဘောကျတတ်သော်လည်း အချိန်အကြာကြီး ဖွက်ထားလျှင်တော့ တိမ်တွေကို ကျွန်တော် စိတ်ဆိုးရလေသည်။ သို့သော် ကျွန်တော်က တိမ်တိုက်တွေကို ကြာကြာ စိတ်မကွက်နိုင်ပါ။ အခါအားလျော်စွာ သူတို့ကို စောင့်ကြည့် ငေးမောနေတတ်သည်သာ။
တိမ်တိုက်တွေကို မိုးပေါ် မော့ကြည့် ငေးမောတတ်သော ကျွန်တော် တိမ်တိုက်တွေရဲ့ ထိတွေ့မှု၊ တိမ်တိုက်တွေရဲ့ ရနံ့တွေကို ရှူရှိုက်ခွင့် ရခဲ့တာ အင်မတန် ကံကောင်းသည်။ ထိုစဉ်က မြို့ကလေးမှာ ကျွန်တော် ရှိနေခဲ့ပြီး တောင်တက်ခဲ့ကြစဉ်က ဖြစ်သည်။ တိမ်တိုက်တွေနှင့် နီးနီးကပ်ကပ် ထိတွေ့ခွင့် တင်မက တစ်ချို့ တိမ်တိုက်တွေက ကျွန်တော်တို့ ဟိုဘက် အောက်ခြေမှာ။ တချို့တိမ်တိုက်တွေက ကျွန်တော်တို့ကို တိုးဝှေ့ ပွတ်တိုက်သွားကြသည်။ လေနှင့်လွင့်လာသော တိမ်တိုက်တချို့ကို ကျွန်တော် ပျော်ရွှင်စွာ ရင်ဖွင့်ကြိုဆိုရင်း ထွေးပွေ့ နမ်းရှိုက်ခဲ့ရတာ ဘယ်လောက် ကြည်နူးဖို့ ကောင်းလိုက်ပါသလဲ။
ထိုစဉ်ကရင်း ကျွန်တော် တိမ်တွေကို အပေါ်ကနေ စီးမိုးငေးမော ကြည့်ချင်စိတ်တွေ ဖြစ်ခဲ့ရသည်။
ထိုအိပ်မက်ကလေး အမှန်တကယ် ဖြစ်ခဲ့ပါသည်။ ကျွန်တော် တကယ်ပဲ တိမ်တိုက်တွေကို အပေါ်က စီးမိုးကြည့်ခွင့် ရခဲ့သည်။ ကျွန်တော် မျှော်လင့်ထားသည့်အတိုင်း တိမ်တိုက်တွေကို ရင်သပ်ရှုမော ငေးမောနေခဲ့မိ၏။ ဂွမ်းစိုင်၊ ဂွမ်းလိပ်လေးတွေလို နူးညံ့လှသော တိမ်တွေကို အများကြီး မြင်တွေ့ခွင့် ရသော်လည်း မှန်ပြူတင်း ခြားထားသောကြောင့် တောင် တက်တုန်းကလိုတော့ သူတို့ကို ထိတွေ့ခွင့် မရခဲ့ပါ။ သို့သော် ကျွန်တော် ကျေနပ်ပါသည်။
တချို့ တိမ်တိုက်တွေက စုစုဝေးဝေး၊ တချို့က ဟိုတစု ဒီတစု၊ တချို့က ကောင်းကင်ပေါ်မှာ မြစ်တစ်စင်း စီးဆင်းနေသလို သွယ်သွယ်တန်းတန်း၊ တခါတလေမှာလဲ ကျယ်ပျောလှသော တိမ်ပင်လယ်ကြီးတွေ။ တစ်ချို့တိမ်တိုက်တွေက နေရောင်မှာ စိုလက်တောက်ပလို့။ တစ်ချို့ တိမ်တိုက်တွေကတော့ နူးညံ့လှသော ကတ္တီပါ လွင်ပြင်ကြီးတွေလို။ ပြူတင်းတံခါးကို ဖွင့်ပြီး တိမ်တိုက်တွေပေါ် ခုန်ချ ပြေးလွှားချင်စိတ်တွေ ခဏခဏ ပေါ်လာအောင် အခါများစွာ သူတို့က ကျွန်တော့်ကို ဖျားယောင်းနိုင်ခဲ့ပါသည်။ ဘယ်လောက်အထိ ဖျားယောင်းနိုင်ခဲ့သလဲဆို သူတို့ကို မော့ကြည့်ခဲ့ဖူးစဉ်က အမျိုးမျိုး ပုံဖော်ရေးခဲ့သော တိမ်ရေးရုပ်တွေကို ရေးကြည့်ဖို့ စိတ်ကူးကို မေ့လျော့ စေခဲ့သည့် အထိပါပဲ။
တိမ်တိုက်တွေက အတည်တကျ ရှိချင်မှ ရှိလိမ့်မည်။ ဖမ်းဆုပ်ထိတွေ့ခွင့် ရချင်မှ ရနိုင်မည်။ တခါတရံ နှစ်လိုဖွယ်အသွင်ရှိပြီး တခါတရံ ကြောက်မက်ဖွယ်ကောင်းမည်။ မည်သို့ပင်ဖြစ်စေ၊ ကောင်းကင်ကြီးမှာ တိမ်တိုက်တွေကို မြင်တွေ့နေရလျှင်ပဲ ကျွန်တော် ကျေနပ်ပါသည်။





ပြာလဲ့လဲ့မိုးသားနဲ့ တိမ်တိုက်တွေ







စိုလက်တောက်ပနေတဲ့တိမ်တိုက်တွေ








တချို့တိမ်တိုက်တွေက ဟိုတစု ဒီတစု






ဒီလိုတိမ်ဂွမ်းဆိုင်တွေ ပေါ့။ ကျွန်တော် ခုန်ချပြီး တိမ်တွေပေါ်ပြေးလွှားချင်ခဲ့တာ

တိမ်တိုက်တွေကြားက မြို့တော် ရန်ကုန်


မေတ္တာဖြင့်
ရေးသားသူ - မိုးကုတ်သား