Saturday, October 2, 2010

တောင်တန်းများကို ဖြတ်ကျော်ခြင်း

ကျွန်တော်က တောင်တန်းတွေနှင့်အတူ ကြီးပြင်းလာခဲ့တဲ့သူတစ်ယောက်။ တောင်တန်းတွေဟာ ဘယ်တော့မှ ကျွန်တော်နဲ့ စိမ်းမနေခဲ့ပါ။ တစ်ချို့တောင်တန်းတွေက ကျွန်တော့် သူငယ်ချင်းတွေ.. မိတ်ဆွေတွေတောင် ဖြစ်သေးရဲ့။ သူတို့မှာ မာယာ မရှိဘူး။ ထောင်ချောက်တွေ မရှိဘူး။ တစ်ချို့တောင်တန်းတွေက စိမ်းစိုလှပတဲ့ တောအုပ်.. တောတန်းတွေနဲ့..။ တစ်ချို့တောင်တန်းတွေက သစ်ပင်ကျိုးတိုးကျဲတဲ.. သွေ့သွေ့ခြောက်ခြောက်..။ တစ်ချို့တောင်တန်းတွေက ကျောက်စိုင်ကျောက်သားတွေနဲ့... အသွင်တွေ မတူကြဘူး။ သဘာဝ မတူကြဘူး။ သားရဲပေါကာ အန္တရယ်ပျွမ်းသည့် တောအုပ်တွေ ကြီးစိုးသော တောင်တန်းတွေ ရှိချင်ရှိမည်။ စိမ့်စမ်းရေတံခွန်တွေနှင့် သာယာပျော်ရွှင်ဖွယ် အတိပြီးသော ပြည့်စုံလှပသည့် တောင်တန်းတွေလဲ ရှိမည်။ လှပသလောက် ဘေးအန္တရယ် များသည့် တောင်တန်းတွေလဲ ရှိမည်။ သေချာတာတစ်ခုကတော့ သူတို့မှာ မာယာမရှိ၊ ပရိယာယ် မရှိကြပါ။ အဲတာဟာ ကျွန်တော် တောင်တန်းတွေကို ချစ်ခင်မြတ်နိုးရခြင်းရဲ့ အဓိက အချက်ပဲဖြစ်သည်..။ ကျွန်တော် တောင်တန်းတွေကို ချစ်သည်။ မြင်မြင်သမျှ တောင်တန်းတွေဟာ ကျွန်တော့်အတွက်တော့ ချစ်ဖို့ကောင်းနေတတ်ပါသည်..။

ငယ်စဉ်ကတည်းကရင်း ကျွန်တော်က တောင်တက်ရတာ ၀ါသနာ ပါသည်။ မြို့ကလေးမှာ နေစဉ်က ဘေးပတ်လည် တောင်တွေ ၀ိုင်းနေလေတော့ မကြာခဏ ကျွန်တော် တောင်တက်ဖြစ်တာ မဆန်းပါ။ တောင်တန်းတွေပေါ် နင်းဖြတ်မိတိုင်း လွတ်လပ်သော သိမ်မွေ့သည့် ကြည်နူးမှုတွေကို ရသည်။ သဘာဝတရားနှင့် ကိုယ်က ပို နီးစပ်လာသလိုလည်း အမြဲ ခံစားရသည်။ တောင်အမြင့်ပိုင်းသို့ရောက်လေ... သန့်စင်သောလေထုကို ပိုပြီး ရှူရှိုက်ရလေ... စိတ်နှလုံးက ပိုပြီး ငြိမ်သက်ကြည်လင်လေ ဖြစ်လာသည်ဟုလည်း ခံစားရသေးသည်။ နောက်ပြီး တောင်ထိပ်ပေါ်ကနေ သဘာဝလောကကြီး၏ အလှတရားကို အသွင်တစ်မျိုးနှင့် စီးမိုးကြည့်ရသည့် အရသာ..ကိုရော..... ကျွန်တော် ချစ်သည့် တိမ်တိုက်တွေနှင့် ပိုပြီး နီးနီးကပ်ကပ် ရှိနေရသည့် အတွက်ကြောင့်ရော.... တောင်တက်ရခြင်းကို ကျွန်တော် ခုံမင်ခြင်းလည်း ဖြစ်ပါလိမ့်မည်။

လမ်းထွင်ပြီးသား တောင်တန်းများကို ဖြတ်သန်းသွားတိုင်း လမ်းထွင်ခဲ့သူတွေ၏ စွန့်စား ကြိုးပမ်းမှုကို ကျွန်တော် အားကျသည်။ ရှုမောဖွယ်ရာ လှပသော ရှုခင်းနေရာလေးတွေမှာ... အပန်းဖြေအနားယူဖို့ နေရာလေးတွေ ဖန်တီးထားပေးတာ တွေ့တိုင်း ရှာဖွေတွေ့ရှိကာ ဆောက်လုပ်ပေးခဲ့သောသူ၏ စိတ်ကူးစေတနာကို ကျေးဇူးတင် ကြည်နူးရသည်။ တခါတရံ ရေချမ်းစင်ကလေးများကို လမ်းခရီးမှာ တွေ့ရတတ်သေးသည်။ ဘယ်သူမှ တာဝန် ပေးမထားပါပဲ တောင်တက်လာသူတွေ အမောပြေစေဖို့ စေတနာသက်သက်ဖြင့် အပင်ပန်းခံ ရေဖြည့်ပေးထားသူများ၏ မေတ္တာကို တုံ့ပြန်ဆုတောင်းပေးဖို့ ကျွန်တော် မမေ့လျော့ခဲ့ပါ။

တခါတလေတော့ ကျွန်တော်တို့ သူငယ်ချင်းတွေ စုပြီး အပျော်တမ်း တောင်တက်ဖြစ်ကြသည်။ မြင့်မာပြီး တက်ရန်ခက်ခဲသော..၊ လမ်းရယ်လို့ သတ်သတ်မှတ်မှတ်မရှိပဲ စမ်းတ၀ါးဝါး ကိုယ့်လမ်းကိုယ် ထွင်ကာ သွားရသော တောင်တန်းများကို သူငယ်ချင်းများနှင့် အတူတက်ရသည်က ကျွန်တော့်အတွက်တော့ ရင်ခုန် စိတ်လှုပ်ရှားဖွယ်ရာ အကောင်းဆုံးနှင့် အပျော်ဆုံး အချိန်တွေ ဖြစ်လေသည်။ ခက်ခဲသော လမ်းတွေမှာ တစ်ယောက်လက်ကို တစ်ယောက် တွဲကူကြသည်။ လမ်းပျောက်လို့ စိတ်ဓာတ်တွေကျချင်ချင် ဖြစ်နေချိန်မှာ အချင်းချင်း အားပေး နွေးထွေးကြသည်။ မျှော်ကြည့်လိုက်တိုင်း ဝေးဝေးမှာ တောင်ထိပ်ကို မြင်နေရပြီး “ဘယ်တော့မှ မရောက်နိုင်ဘူး ထင်ပါရဲ့” လို့ ဇွဲ မလျှော့ဖြစ်အောင် ဘေးမှ တောင်တက်ဖော် သူငယ်ချင်းများက တစ်ယောက်စိတ်ကို တစ်ယောက် တက်ကြွစေသည်။ တစ်ယောက်က ရေဗူး၊ တစ်ယောက်က ထမင်းဗူး.. တစ်ယောက်က အသီးအနှံ...အားလုံး အတူ ဝေမျှ စားသောက်ကြသည်။ တောင်ထိပ်သို့ ရောက်ခါနီးတိုင်း လမ်းခရီးမှာ ရင်ဆိုင်လာရသမျှသော ဘေးဒုက္ခတွေက ပြန်ပြောရင်း ရယ်စရာတွေ ဖြစ်ကုန်ကြပြန်သည်။ တောင်ထိပ်ကို ခြေချမိသည်နှင့် “ဟေး” ခနဲ ပြိုင်တူ အော်ဟစ်လိုက်ရလျှင်တော့ မောခဲ့သမျှတို့ ပြေပြီ...။ ပန်းတိုင်ရောက်ပြီ... အောင်မြင်မှုတစ်ခုကိုရပြီ...။ ထိုအခါ.. နောက်ထပ် ဒီ့ထက် ပို မြင့်မားသော တောင်တန်းတွေကို ဖြတ်ကျော်နိုင်ဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပိုဖြစ်လာရသည်။ တောက်တက်ခဲ့စဉ်က ရင်ဆိုင်ခဲ့ဖူးသော ဘေးဒုက္ခ၊ အခက်အခဲများသည်.. နောက်တစ်တောင်ကို ဖြတ်သန်းဖို့အတွက် အတွေ့အကြုံနှင့် စိတ်ခွန်အားတွေ ဖြစ်သွားကြသည်။ တောင်တက်ဖော်သူငယ်ချင်းတွေ ပိုရင်းနှီးချစ်ခင်သွားကြသည်။ ကျွန်တော့်အတွက် အပိုဆုကတော့ ဖြတ်သန်းခဲ့သော တောင်တန်းနှင့်ပါ စိတ်ထဲ ပိုမို ရင်းနှီးခင်မင်သွားခြင်းပင် ဖြစ်သည်။ သူတို့ပြောသော စကားသံများနှင့် သူတို့၏ ဖြစ်တည်မှုကို ကျွန်တော် ယခင်ကထက် ပိုလို့ ဂရုစိုက် တန်ဖိုးထားဖြစ်သွားသည်။ နောက်တစ်ကြိမ် ထပ် ရောက်မလာဖြစ်ခဲ့လျှင်တောင် ကျွန်တော့် မိတ်ဆွေဟောင်းများ အဖြစ် အမြဲ အမှတ်ရနေတတ်ပါသည်။

တောင်တန်းတိုင်း လှပရမည်ဟု မျှော်လင့်ထားလို့ မရပါ..။ လှပစေလိုစိတ်တွေ ရှိနေခဲ့လျင်တောင် တောင်တန်းတိုင်း မလှပရလေခြင်းဟု လောကကြီးကို အပြစ်တင်ခွင့် ရှိပါသလား။ ကျွန်တော် ဖြတ်သန်းမည့် တောင်တက်လမ်းတိုင်း ချောမွေ့ အဆင်ပြေရလိမ့်မည်ဟုလည်း ယုံကြည်စိတ်ချထားလို့ မဖြစ်ပါ။ လမ်းဖောက်ပြီးသော တောင်တန်းတစ်ခုကို လွယ်လွယ်ကူကူ ဖြတ်သန်းရချိန်တွေလဲ ရှိသည်။ ခက်ခဲကြမ်းတမ်းသော တောင်တန်းတွေကို ဖြတ်သန်းရချိန်တွေလည်း ရှိသည်။ ဘေးအန္တရယ်များသော တောင်တန်းတွေကိုလည်း လမ်းထွင်ဖောက်ကာ ဖြတ်သန်းချင် ဖြတ်သန်းမိမည်။ အခက်အခဲများစွာနှင့် ဖြတ်သန်းတိုင်း ဘေးမှ တောင်တက်ဖော် သူငယ်ချင်း၊ မိတ်ဆွေများ၏ တွဲလက်များကို ဆုပ်ကိုင်မိတိုင်း ကံကောင်းသည်ဟု ကျေနပ်စွာ ကျွန်တော်တွေးမိသည်။

အမြင့်ဆုံးသော တောင်တန်းတိုင်းသည် တောင်ထိပ်ကို ရောက်ဖို့ အလွယ်တကူ ဖြတ်သန်းသွားနိုင်မည် မဟုတ်တာကိုတော့ မေ့လျော့ထား၍ မဖြစ်ပါ။ အမြင့်ဆုံးတောင်တန်းတွေကို ဖြတ်သန်းဖို့ ကျွန်တော်တို့မှာ လုံလောက်သော စိတ်ဓာတ်၊ သတ္တိ နှင့် ဇွဲ၊ ဝိရိယ တို့ သေသေချာချာကြီးကို လိုအပ်ပါသည်။

တောင်တန်းတွေကို ကျွန်တော်ချစ်သည်။ အခါအခွင့်ရတိုင်း ကျွန်တော် တောင်တန်းတွေကို ဖြတ်သန်းဖို့ စိတ်ကူးရှိသည်။ တောင်ထိပ်တစ်ခုကို ခြေချမိတိုင်း “ဟေး” ခနဲ ကျွန်တော့် မိတ်ဆွေတွေ ခရီးသွားဖော်တွေနှင့် ပျော်ရွှင်စွာ အော်ဟစ်ချင်သည်။ ဘဝတစ်လျှောက်လုံးမှာ ဖြတ်သန်းမကုန်နိုင်သော တောင်တန်းများစွာ ဒီကမ္ဘာမှာ လုံလုံလောက်လောက်ကြီး ရှိနေပါသည်။ ထိုတောင်တန်းများက ကျွန်တော်တို့ကို အမြဲ ဆီးကြိုနေပါလိမ့်မည်။
မေတ္တာဖြင့်
မိုးကုတ်သား


"The Climb" ဆိုတဲ့ သီချင်းလေးကို ကြားဖြစ်နေတာ ကြာတော့ ကျွန်တော် ချစ်တဲ့ တောင်တန်းတွေအတွက် စာကလေးတစ်ပုဒ် ချရေးချင်လာတာနဲ့ ရေးဖြစ်သွားခြင်းပါ။ ခုတလော ကြားဖြစ်နေတဲ့ ဒီသီချင်းလေးကို နားထောင်ပြီးကြမှာပါပဲ..။ ကျွန်တော်နဲ့ အတူတူ ထပ်ပြီး နားထောင်ကြည့်ရအောင်လား...။

Miley Cyrus - The Climb







The Climb
Songwriters: Alexander, J; Mabe, J;

I can almost see it
That dream I am dreaming
But there's a voice inside my head saying
"You'll never reach it"

Every step I'm taking
Every move I make feels
Lost with no direction
My faith is shaking

But I gotta keep trying
Gotta keep my head held high

There's always gonna be another mountain
I'm always gonna wanna make it move
Always gonna be a uphill battle
Sometimes I'm gonna have to lose

Ain't about how fast I get there
Ain't about what's waiting on the other side
It's the climb

The struggles I'm facing
The chances I'm taking
Sometimes might knock me down
But no, I'm not breaking

I may not know it
But these are the moments that
I'm gonna remember most, yeah
Just gotta keep going

And I, I got to be strong
Just keep pushing on

'Cause there's always gonna be another mountain
I'm always gonna wanna make it move
Always gonna be a uphill battle
Sometimes I'm gonna have to lose

Ain't about how fast I get there
Ain't about what's waiting on the other side
It's the climb, yeah!

There's always gonna be another mountain
I'm always gonna wanna make it move
Always gonna be an uphill battle
Somebody's gonna have to lose

Ain't about how fast I get there
Ain't about what's waiting on the other side
It's the climb, yeah!

Keep on moving, keep climbing
Keep the faith, baby
It's all about, it's all about the climb
Keep the faith, keep your faith, whoa

10 comments:

အိန္ဒြာ said...

တိမ်တွေကို ဆုတ်ကိုင်ရလိမ့်နိုး..
တောင်ထိပ်ဆီ အရောက်တက်လာခဲ့..
ရည်ရွယ်ချက်ဆိုတာ ဇွဲသတ္တိနဲ့မျှားယူရတဲ့
ဆုလာဘ်တစ်မျိုးပေါ့ကွယ်......
ဘာမှ ဘ၀မှာ မကျန်ရစ်ခဲ့ရင်နေ...
တောင်ကြီးက ငါ့ ဖ၀ါးအောက်..
တစ်ကြိမ်တော့ ရောက်ဖူးရမယ့်ပေါ့..


ခင်မင်စွာ

Sein Lyan Tun said...
This comment has been removed by the author.
Sein Lyan Tun said...

သီချင်းကိုတော့ နားထောင်ဖြစ်နေခဲ့တာမနှစ်ကတည်းကပဲ။ခုထိ မရိုးနိုင်အောင်ကြိုက်တုန်း။

တောင်တန်းတွေနဲ့ မရင်းနှီးခဲ့ဘူးတော့တောင်တန်းတွေရဲ့ ရိုးသားမှုမာယာတွေကိုသိပ်နားမလည်ဘူး။

တောင်တက်တာကို ဝါသနာပါမယ်မထင်ဘူး။တောရိပ်တောင်ရိပ် အပင်တွေကြားမှာ တရေးတမောအိပ်ဆိုရင်တော့အိပ်ချင်တယ်။

ဂျစ်ညီ

ကဖစ

အတွေးကမ္ဘာ..မှတ်တမ်း said...
This comment has been removed by the author.
အတွေးကမ္ဘာ..မှတ်တမ်း said...

တိုက်ဆိုင်မှုပါပဲ..ကျွန်တော်သိပ်ကြိုက်တဲ့..မြန်မာကဗျာလည်း ရှိတယ်.. ဖွင့်ဆိုပုံခြင်းကွာပေမဲ့..ပေးချင်တဲ့ သဘောလေးကတော့ အတူတူပဲထင်တယ်.."ထိပ်ဆုံး..သို့" ဆိုတဲ့ ကဗျာပါ... အားလုံးလဲ သိပြီးသားမို့ ကဗျာတော့ ပြန်မရေးချင်တော့ဘူး... အမြင့်ကိုရောက်ချင်မိလို့ သာ တောင်ဆိုတာမျိုး တက်မိကြတာပါ.. တက်မိမှတော့ မောမှာပါပဲ.. အခက်အခဲ ဆိုတာတွေ့ရမှာပါပဲ.. အဲဒါလေးတွေ ကို လွှဲဖယ်မသွားဘဲ.. ကြိုးစားနိုင်ပါမှ.. ဇွဲကြီး နိုင်ပါမှ.. ထိပ်ဆုံးကိုရောက်နိုင်မယ်.. တောင်အောက်က တောင်လယ်က သူတွေမမြင်ရနိုင်တဲ့ပြည့်စုံတဲ့ ရှင်းလင်းတဲ့ မြင်ကွင်းတွေကို မြင်ရမယ်... သြော်..အလွယ်တကူ ကြိုးစားလို့ ရလာတာ မဟုတ်ပါလား ဆိုတဲ့ မိမိ ရဲ့ အောင်မြင်မှု ကို ပြည့်ဝစွာ ခံစားနိုင်မယ်... ကိုမိုးကုတ် ရဲ့ စာကို ကျွန်တော်တော့ အဲလိုခံစားသွားတယ် ဗျ...

noblemoe said...

တောင်တက်တာမိုးလည်းသဘောကျတယ်။ တောင်ဆိုလို့ ကျိုက်ထီးရိုးဘုရား ဖူးတုန်းက ပဲတက်ဖူးတာ။ ဒါတောင်အိမ်ကလမ်းတဝက်ကပဲပေးတက်လို့ အစကတက်ချင်တာလေ။တောင်တက်ရတာ ပျော်ပို့ အရမ်းကောင်းတယ်နော် ဟုတ်တယ် တောင်ပေါ်က လေကိုရှူရှိုက်လိုက်ရင် စိတ်ထဲရှင်းသန့်သွားတာနော် မိုးလည်း တောင်ပေါ်ကနေကြည့်ရတဲ့မြင်ကွင်းကိုအရမ်းနှစ်သက်တာ။

လုံလောက်သော စိတ်ဓာတ်၊ သတ္တိ နှင့် ဇွဲ၊ ဝိရိယ တို့ နှင့်အတူ ကိုဘိုဘဝအမြင့်ဆုံးတောင်ထိပ်ကိုအမြန်ဆုံးရောက်နိုင်ပါစေ...

သာယာချမ်းမြေ့ပါစေရှင်း
မိုး

~ဏီလင်းညို~ said...

အပေါ်စီးကနေကြည့်ရတဲ့ မြင်ကွင်းက တစ်ကယ့်ကို ကြည်နူးစရာပါပဲအစ်ကို.....။
(အဲ.......ဘ၀မှာတော့ ထိပ်ရောက်လို့ အနေအထိုင်မတတ်ရင် ကျတဲ့အခါ...အတော်နာမယ်ထင်တယ်.......း))

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

Libratun said...

တွေ့ပြီဗျား ။။။ :P
ကျွန်တော်လည်း တောင်တက်ရတာ ကြိုက်တယ်။ လမ်းမရှိတဲ့ နေရာ သွားရတာ ပိုကြိုက်တယ်။ (အဲဒါနဲ့ ခပ်ဆင်ဆင် ခက်ခဲသလောက် ခွန်အားဖြစ်စေနိုင်တဲ့ လမ်းလျှောက်ရင်း လမ်းပျောက်သွားတာလည်း ကြုံဖူးတယ်။ ငယ်တုန်းအချိန် ဒေးစွန်ပါ ဘုရား သွားတုန်းကပေါ့။) အပေါ်ရောက်သွားရင် အေးချမ်းသွားတယ်၊ ပြီးပြည့်စုံသွားသလို ခံစားရတယ်။ ပြန်မဆင်းချင်ပေမယ့် နောက်တတောင်တက်ဖို့တော့ ဒီတခုကနေပြန်ဆင်းရမှာပေါ့လေ။ အကျနာဖို့တော့ မစဉ်းစားဘူး၊ ကြောက်လည်း မကြောက်ဘူး။ ဘာကြောင့်ကျသလဲ စဉ်းစားပြီး ပြန်တက်ဦးမှာပဲ။

ဇွန်မိုးစက် said...

တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့ တစ်လုံးကျန်ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ် ကြိုးလျှောက်ရပြန် ...

ဖတ်နေရင်းနဲ့ ငွေတာရီရဲ့ ထိပ်ဆုံးသို့ ကဗျာလေးကို သွားသတိရတယ်။

သီချင်းလေး နားမထောင်ကြည့်ရသေးဘူး။ အက်ဆေးကောင်းလေး တစ်ပုဒ်ပါပဲ။ ဇွန်လည်း ဒူးမနာတော့ရင် တောင်တက်ချင်တယ်။ ကိုတာကင်တာဘာလူးက တောင်ကို သွားတက်မလား စိတ်ကူးနေတာ။ :D

ဒါနဲ့ အနက်ရောင်ခံ template နဲ့ ဖတ်ရတာ တစ်မျိုးကြီးပဲ။း(

သံလွင် HeRo said...

တောင်လာတက်တယ်ဗျး)