Wednesday, May 26, 2010

ထိုတစ်နေ့



" ထိုတစ်နေ့ " မစတင်ခင်ကရင်း.... အမှတ်တရ ကဗျာလေး တင်ဖို့ လုပ်နေရင်း.... ဖြတ်သန်းခဲ့တဲ့ မွေးနေ့တွေအကြောင်း နောက်ပြန်တွေးနေမိတယ်...။

ငယ်ဘဝမှာ မွေးနေ့ပွဲဆိုတာ မလုပ်ဖြစ်သလောက် ရှိရုံမက မွေးနေ့ဆိုတာကို မေ့ မေ့နေဖြစ်တဲ့ နှစ်တွေက အများသားရယ်...။

တကယ်လို့ မွေးနေ့ကို အမှတ်ရရင်လဲ ဘုန်းကြီးဆွမ်းကပ်၊ ဆွမ်းလောင်း အဲဒီလောက်ပဲပေါ့....။

မွေးနေ့ဆိုတာကို တခုတ်တရ သိပ်မရှိလှပေမဲ့ အမှတ်တရ ရှိသွားတဲ့ မွေးနေ့လေးတွေတော့ ကြုံဖူးခဲ့တယ်..။

မှတ်မှတ်ရရ... Design 2000 မှာ မေလဖွား ညီမလေးတစ်ယောက်နဲ့ မွေးနေ့ ကို စုပေါင်းပြီး လုပ်ဖြစ်ကြတာမျိုး....

နောက်တော့ 2007မှာ သယ်ရင်းတွေကို ရှမ်းခေါက်ဆွဲ ကျွေးဖြစ်ခဲ့တာ.... အဲဒီ သယ်ရင်းတွေ အားလုံးက ကျွန်တော့် မွေးနေ့ကို ရှမ်းခေါက်ဆွဲနဲ့ တွဲ အမှတ်တရ ဖြစ်သွားတဲ့ထိ လက်ရာကောင်းခဲ့တာကိုး.. (မယုံ မေးကြည့်ကြပါ :-P )

2008မှာတော့ ကျွန်တော် မေ့လျေားနေခဲ့တဲ့ မွေးနေ့ကို ကျွန်တော့် ချစ်လှစွာသော အမေသုံးယောက်ရယ် တီချယ်နှစ်ယောက်ရယ် သယ်ရင်းတစ်ချို့ရယ် တိတ်တဆိတ် စီစဉ်ပြီး လုပ်ပေးတဲ့ ပါတီလေးတစ်ခုနဲ့ ပျော်ရွှင်စေခဲ့တယ်။

2009မှာတော့ ကျွန်တော့်ဘဝထဲ အမြဲအမှတ်တရ ဖြစ်စေမဲ့ ညီငယ်လေးတစ်ယောက်ကို ကျွန်တော့်မွေးနေ့ နဲ့ ပတ်သက်ပြီး အမှတ်တရ.. ကောက်ရခဲ့တယ်......

ခု 2010မှာရော......


" ထိုတစ်နေ့ " က... ထုံးစံအတိုင်း လကုန်ခါနီးရက်ဆိုတော့ ရေခန်းနေတဲ့ အချိန်ပေါ့....

ကိုယ်ကချစ်တဲ့ ကိုယ့်ကိုချစ်တဲ့ သယ်ရင်းတွေ.. မောင်နှမတွေကို ကျွေးမွေးချင်စိတ်ရှိပေမဲ့ ဆန္ဒကို အသာ ဘေးချထားရတဲ့ နေ့ပေါ့....

အလုပ်ကလဲ ထွက်ထားတဲ့ လ.....

သယ်ရင်းတွေက စိတ်လိုက်မာန်ပါ ကျွန်တော် အလုပ်ထွက်ခဲ့လို့ စိတ်ပူပြီး အလုပ်သစ်ကို ဝိုင်းရှာပေးနေကြတယ်..

သယ်ရင်းတွေရဲ့ စေတနာမေတ္တာနဲ့ ရင်ထဲ နွေးထွေးခွန်အားရှိရချိန်မှာ..

အလုပ်သစ်ကလဲ အဆင်ပြေပါ့မလား.. ရင်နဲနဲ ပူနေရတဲ့အချိန်မှာ......

" မွေးနေ့ ဘာကျွေးမှာလဲ... "

" မိန်းမယူဖို့ အချိန်သိပ်နောက်ကျနေမယ်နော်.. "

" မစွံသေးဘူးလား " ဆိုတဲ့ မေးခွန်းတွေက ကျွန်တော့်ကို စိတ်ဓာတ်တော့ နဲနဲ ကျနေစေခဲ့တာ အမှန်

နောက်တော့ မွေးနေ့မတိုင်ခင်မှာ မွေးနေ့ အမှတ်တရအတွက် ကျွန်တော့် ချစ်သော ညီငယ်လေး ဖိုးစိန်က ပို့စ်တစ်ပုဒ်ရေးတင်ခဲ့တယ်...

" မွေးနေ့အတွက် လက်ဆောင်က အဲတာ အပြီးပဲနော် " လို့လဲ တစ်ဆက်တည်း ဖိုးစိန်က ပြောထားသေးတယ်....

ကျွန်တော် မွေးနေ့ မလုပ်နိုင်ပေမဲ့ အဲဒီ ပို့စ်လေးနဲ့ ကြည်နူး ပီတိ ဖြစ်ခဲ့ရတာပေါ့...။

၂၄ရက် ကနေ ၂၅ရက်ကို ကူးပြောင်းတဲ့ အချိန် ည ၁၂နာရီ ဒေါင်ကနဲကနေ.. ဖုန်းဆက်ပြီး မွေးနေ့ဆုတောင်းပေးသူတွေ၊ ဖုန်းနဲ့တစ်မျိုး မေးလ်နဲ့တစ်မျိုး စာပို့ ဆုတောင်းပေးတဲ့ သူတွေကို ဖုန်းဖြေရင်း၊ စာပြန်ပို့ရင်း၊ နောက် အမှတ်တရ ကဗျာလေးတွေ တင်ဖို့လုပ်ရင်း အလုပ်များနေတဲ့ ကျွန်တော့်ကို အိမ်က မောင်နှမတွေက ကြည့်မရကြတော့ဘူး ထင်ပါရဲ့။

" မွေးနေ့လေး ရောက်တာများ ဘာထူးဆန်းတာ ကျလို့၊ မျက်စိကို နောက်တယ် " လို့ ပြောနေကြသေးသည်...

ထူးဆန်းတာက... ကျွန်တော့် အနီးအနားမှာ ရှိနေတဲ့မောင်နှမတွေရော.. ခပ်လှမ်းလှမ်းက မောင်နှမတွေဆီကရော အသံတွေ တိတ်နေကြတာပဲ... မျိုးနဲ့ ဆောင်းဆီက ဖုန်းထဲ ဝင်လာတဲ့ ဆုတောင်းစာက လွဲရင် အကုန်လုံး အသံတွေ တိတ်နေကြသေးတာ...

" ကြည့်စမ်း.. ကိုကို့ကို ချစ်ပါတယ်.. ခင်ပါတယ်ဆိုတဲ့ မောင်နှမတွေ ဘယ်သူကများ ကိုကို့ မွေးနေ့ကို သတိရကြလဲ.. စာလေးတစ်စောင်တောင် လှမ်းပို့ကြသလား.... ချစ်ညီမ ဆိုတာကလဲ အစောကြီး ဝင်အိပ်တာ သိုးနေလောက်ပီ.. ဟက်ပီဘာ့သ်ဒေးလေးတောင် မလုပ်နိုင်ဘူးးး.. ချစ်ကြတာ.. ချစ်ကြတာ...."

ဖိုးစိန်ပြောမှပဲ လူက စိတ်မကောင်းချင်ချင် ဖြစ်လာတော့တယ်...

ဟုတ်ပါရဲ့ဗျာ..... ဘရက်ဒယ် မောင်နှမတွေ အကုန်လုံးက တစ်ယောက်ယောက်မွေးနေ့ဆို စုစည်းဆူညံ ပျော်ရွှင်နေကြတာ.. ကိုယ့်မွေးနေ့ကျမှ အိမ်ကို ဘယ်သူမှလဲ မလာ.. ဆုတောင်းလေးတောင် ဖုန်းနဲ့ လှမ်းပြောဖော် မရကြဘူးးး

ခုမှ တကယ် စိတ်ထဲ မကောင်းဖြစ်သွားသလိုလို.......

အလုပ်ကနေ သန်းခေါင်ကျော်ထိ မပီးသေးလို့ မနက်လင်းခါနီး လေးနာရီခွဲလောက်မှ အလုပ်ကနေ ပြန်လာရတဲ့ ၊ အကိုတော်ကို ချစ်လှပါချည်ရဲ့ ပြောလွန်းတဲ့ ညီမလေးကလဲ သူ ပြန်မလာမချင်း စိတ်ပူပီး အိပ်မပျော်ဖြစ်နေတဲ့ ကျွန်တော်.. သူပြန်လာလို့ အိမ်တံခါး ထဖွင့်ပေးတော့တောင် ဟက်ပီဘာ့သ်ဒေး တစ်ခွန်းမပြော..

အို ... အရင်ကလဲ မွေးနေ့ဆိုတာ ဒီလိုပဲ ကျော်ဖြတ်သွားခဲ့တာပဲမဟုတ်လား.. ဘာကြောင့် ဒီတစ်နှစ်ကျမှ စိတ်ထဲ ဝမ်းနည်းချင်နေရတာပါလိမ့်....

ကြိုးစားပြီး အိပ်ပေမဲ့ ထိုတစ်နေ့၏ အစဦးမှာ ကျွန်တော့်ရင်ထဲ တစုံတရာက လွတ်ဟာလို့ နေခဲ့တာ....

" ကိုကို.. ထတော့လေ.. ဘုန်းကြီးကျောင်းသွားမှာဆို... သွေး သွားလှူမယ်ဆို.. ရုံးကလဲ ခေါ်ထားသေးတယ်ဆို...."

ကျွန်တော့် မွေးနေ့ကို ဂရုမစိုက်ပဲ၊ နောက်ပြီး... ကျွန်တော့်ဘေးမှာ အတူ မလိုက်ပေးပဲ ဒီနေ့မှ ကျောင်းမှာ ပရောဂျက်ရှိလို့ ညရှစ်နာရီအထိ နေရမယ် ပြောတဲ့ ဖိုးစိန်ကိုလဲ စိတ်က သိပ်မကျေနပ်.. သို့သော်... မွေးနေ့ အမှတ်တရ ပို့စ်လေး တင်ပေးပြီးတုန်းကရင်း မွေးနေ့မှာ ဘာလက်ဆောင်မှ မလိုတော့ဘူး ကျေနပ်ပီ ပြောထားခဲ့ပြီးသား.. အင်းလေ ဘယ်တတ်နိုင်မှာလဲ..

ကျွန်တော်တစ်ယောက်တည်း သွားရုံပေါ့....

မသွားချင် သွားချင်နှင့် အချိန်ဆွဲနေသော ကျွန်တော့်ကို ပြာဂျီးနှင့် ဖိုးစိန်က စိတ်မရှည်တော့...

" သွားတော့လေ.. အိမ်ကို ဘယ်အချိန် ပြန်ရောက်မှာလဲ... အိမ်ပြန်လာဖို့ အချိန်မရရင်လဲ ညနေကျ စီးတီးဟောမှာ စောင့်နေ.. မောင်ကိုကို နဲ့လဲ ကော်ဖီဆိုင်မှာ ချိန်းထားသေးတယ်မလား.. အဲတာပြီးမှ အိမ်ပြန်လာခဲ့ပေါ့....."

ဇွတ်အတင်း အိမ်ကနေ နှင်ထုတ်နေတော့ ကျွန်တော်လည်း စိတ်သိပ်မပါလှစွာ အိမ်ကနေ ထွက်ခဲ့တယ်...

တော်ပါသေးရဲ့..... မျိုးက အလုပ်ကနေ ခွင့်ယူထားပြီး ကျွန်တော် သွားလေရာ ဘေးမှာ အဖော်လိုက်ပေးတော့ ငြိမ်ချက်သား ကောင်းစွာ တိတ်ဆိတ်နေကြသော မောင်နှမတွေကြောင့် စိတ်မကောင်းဖြစ်ချင်နေတာတွေက အနည်းငယ် သက်သာရာ ရသေးသည်..။

ထိုနေ့က အိမ်ကနေထွက်တော့ နေ့လည် ဆယ့်တစ်နာရီခွဲ လို့ နေခဲ့ပြီ..။ ဘုန်းကြီးကျောင်းသွားကာ တစ်ခုခု လှူချင်သော်လည်း ရုံးက ခေါ်ထားတာ နေ့လည် ဆယ့်နှစ်နာရီခွဲ.. အချိန်က သိပ်မလောက်တော့..။ ဒီတော့ ဘုန်းကြီးကျောင်းကို မသွားသေးပဲ ရုံးဘက် အရင် သွားလိုက်သည်...။ ကျွန်တော် ထင်ထားသည့်အတိုင်း.. ရုံးက သူဌေးနှင့် လုပ်ဖော်ကိုင်ဖက်တွေက ကျွန်တော့် မွေးနေ့အတွက် အမှတ်တရ နေ့စာကို စားသောက်ဆိုင်တစ်ခုမှာ ခေါ်ကျွေးကြခြင်း ဖြစ်သည်..။ ကျွန်တော့်အတွက် မွေးနေ့ ဆုတောင်းပေးကြ၊ စကားတွေ ပြောကြနှင့် စားသောက်ဆိုင်က ထွက်လာတော့ နေ့ နှစ်နာရီခွဲကျော်နေခဲ့ပြီ..။ သောကြာနေ့အတွက် ဒန်ပေါက်မှာဖို့ ကိစ္စ.. သွေးသွားလှူဖို့ ကိစ္စ.. ဘုန်းကြီးကျောင်းသွားဖို့ ကိစ္စတွေနှင့် လူက စိတ်လောနေရသေးသော်လည်း ဘရာဒဲ မိသားစုတွေဆီ စိတ်က ရောက်သွားတိုင်း ကျွန်တော့် မွေးနေ့ကို နေနိုင်လိုက်ကြတာ ဟု စိတ်က မကောင်းဖြစ်နေချေသေး၏။

ဘယ်သူကမှလဲ ဖုန်းမဆက်ကြသလို ဘယ်ရောက်နေလဲ ဘာလုပ်နေလဲဆိုတာကအစ အရင်လို ဖုန်းဆက်မေးကြသူတွေ မရှိ... တကယ့်ကို အသံတွေ တိတ်နေကြတာကတော့ နားမလည်နိုင်..။

ဒန်ပေါက်မှာသည့် ကိစ္စ ပြီးတော့ သွေးသွားလှူဖို့ ဆေးရုံကို သွားသည်။ အမှန်အတိုင်း ပြောရလျှင်တော့ ကျွန်တော့်မှာ သွေးမြင်လျှင် မူးတတ်သော ရောဂါ ရှိပါသည်။ ကျွန်တော် ငယ်ငယ်က ဆေးထိုးအပ် မြင်တိုင်း ကြောက်တတ်ပြီး ဆေးထိုးပေးလျှင် လူတစ်ကိုယ်လုံး အကြောတွေ တောင့်တင်းနေတတ်သောကြောင့် ဆရာဝန်တွေ ဆေးထိုးတိုင်း ကျွန်တော့်ကြောင့် စိတ်ညစ်ရစမြဲ..။ အသားနားမှာ ဆေးထိုးအပ် နီးကပ်လာတိုင်း စိတ်တွေ ဘယ်လောက် မကြောက်အောင် လျှော့ထားထား ကြွက်သားနှင့် အကြောတွေက သူ့ဘာသာ တောင့်တင်းသွားတတ်တာက ကျွန်တော် ဘယ်လိုမှ မတတ်နိုင်..။ ကဲ.. ဘယ်လို ဖြစ်ဖြစ် ထိုနေ့အတွက် သွေးလှူဖို့ ကျွန်တော် ဆန္ဒ ရှိနေခဲ့ပြီးပြီပဲ..။ ဖြစ်အောင် လုပ်ရမည်..။ ဖိုးစိန်နှင့် ပြာဂျီးကလည်း မျိုး ဘေးမှာ ပါသောကြောင့် သွေးလှူပြီး မူးလဲနေမှာ စိတ်မပူရတော့ဘူး ဆိုကာ လိုက်မလာကြတော့။ အစကတော့ သွေးသွားလှူရင် လိုက်ခဲ့ဖို့ စီးတီးဟောမှာ ချိန်းထားပြီးသား..။

သွေးလှူနေရင်း ညက ကောင်းကောင်း အိပ်မပျော်ထားသောကြောင့် လူက မူးဝေလာ၏။ သွေးလှူပြီးတော့ နှုတ်ခမ်းတွေ ပြာနေသော ကျွန်တော့်ကို နာ့စ်မလေးတွေက ကုတင်ပေါ်မှာ ဆယ့်ငါးမိနစ်လောက် အနားယူခိုင်းထားရသည်။ ဖြူလျော်သွားသော အသားတွေ ပြန်ကြည်လာပြီး နှုတ်ခမ်းအရောင်က ပုံမှန် ပြန်ဖြစ်လာမှ အခန်းထဲက ပေးထွက်၏။ အပြင်မှာ စောင့်နေသော မျိုးက သွေးလှူတာ ကြာနေသော ကျွန်တော့်ကို စိတ်ပူလို့နေပြီ...။ အိမ်ကလူတွေလဲ ကျွန်တော် သွေးလှူပြီး အခြေအနေ ကောင်းလား၊ အားနည်းပြီး မူးနေသလား စိတ်ပူပြီး မေးထားတာတွေကြောင့် ဖုန်းဆက်ပြီး စိတ်မပူဖို့ အကြောင်းကြားရသေးသည်။

ဆေးရုံကနေ ပြန်ထွက်လာတော့ ငါးနာရီခွဲနေခဲ့ပြီ..။ မျိုးကလဲ သူ့ကောင်မလေးကို ကျောင်းသွားကြိုရအုံးမည်။ သွေးလှူပြီးကာစ ကျွန်တော့်ကို တစ်ယောက်တည်း ပြန်လွှတ်ရမှာကလဲ စိတ်မချ။ ဒီတော့ မျိုးကို ကျွန်တော် တစ်ယောက်တည်း သွားနိုင်ကြောင်း အားပြန်ပြည့်လာပြီ ဖြစ်ကြောင်း.. နောက်ပြီး မောင်ကိုကိုနှင့် နောက် တစ်နာရီလောက်ကျ ကော်ဖီဆိုင်မှာ ချိန်းထားသည့်အတွက် အဲအချိန်ကျ ကျွန်တော့်ဘေးမှာ လူရှိနေပြီ ဖြစ်သည့်အတွက် စိတ်မပူဖို့ ပြောပြီး ကျွန်တော်လမ်းခွဲထွက်ခဲ့သည်။

ဖုန်းလှမ်းဆက်ပြီး ကျွန်တော် အိမ်ပြန်နားမယ် ပြောတော့ ဖိုးစိန်က " အိမ်မှာ ဘယ်သူမှ မရှိဘူး၊ ပြန်မလာနဲ့တော့၊ ညီကလဲ ကျောင်းမှာ.. မမပြာ ကလဲ ကျောင်းကနေ အင်တာဗျူး ဆက်သွားပြီ.. သူငယ်ချင်းနဲ့ ချိန်းထားတာကလဲ အချိန်နီးနေပြီမလား တစ်နေရာရာမှာပဲ ခန နားနေလိုက်လေ.. သွားလိုက် ပြန်လိုက်နဲ့ အချိန်ကုန်ပြီး လူပင်ပန်းတာပဲ ရှိတယ် " ဆိုလေသောကြောင့် အိမ်လည်း မပြန်ချင်တော့။

ဒီလိုနဲ့ ကျွန်တော် စီးတီးဟောမှာ ခဏ ဝင်နားကာ မောင်ကိုကို ရုံးဆင်းချိန်ကို စောင့်နေရတော့သည်.။ တကယ်တော့ ကျွန်တော် အိမ်ပြန် နားချင်နေပြီ။ နားထဲက လေတွေ ထွက်ပြီး လူကလဲ မူးရိပ်ရိပ် ဖြစ်ကာ အိပ်လဲ အိပ်ချင်နေပြီ။ ဖြစ်နိုင်လျှင် ကော်ဖီဆိုင်မှာ ဆုံဖို့ ပေးထားသော ကတိကို ဖျက်ကာ အိမ်ပြန် အိပ်ပလိုက်ချင်သည်။ သို့သော်.. မောင်ကိုကိုက ပေးထားသော ကတိကို တည်မှ.. မတည်ပဲ ပျက်ကွက်လျှင် အင်မတန် စိတ်ဆိုးတတ်သည့်သူ..။ ဒီတော့လဲ ကတိအတိုင်း စောင့်ရုံသာ ရှိတော့သည်..။ ကော်ဖီဆိုင်မှာ ထိုင်ကာ ကော်ဖီသောက်ရင်း စကားပြောရင်း အချိန်က ည ခုနှစ်နာရီ ခွဲ ကျော်လာပြီ..။ ကောက်ဖီဆိုင်က အဲကွန်းဒဏ်ကြောင့် ကျွန်တော်လည်း ချမ်းလွန်းလှပြီ..။ ကျောင်းကနေ အပြန် ကျွန်တော်တို့ဆီ ဝင်လာပြီး အိမ်ကို အတူ ပြန်မယ် ပြောထားသော မျောက်ဖိုးစိန် ကလဲ ပေါ်မလာ။ စောင့်နေရတာ စိတ်မရှည်တော့ ကျောင်းခန်းထဲပဲ ဖြစ်ဖြစ်ကွာ ဖုန်းဆက်မယ် ဆိုကာ ဖုန်းခေါ်တော့ " လမ်းမှာ... လာနေဘီ " တဲ့..

ဒါနဲ့ ကျွန်တော်နှင့်မောင်ကိုကိုလည်း အချမ်းဒဏ် မခံနိုင်သည့်အဆုံး ဆိုင်ထဲမှ ထွက်ကာ ဈေးဆိုင်တွေဘက် ပတ်နေကြသေးသည်။ လူက ဗိုက်လဲဆာ၊ ခေါင်းလဲမူး.. အားလည်း နည်းချင်နေသောကြောင့ပြန်နားချင်လှပြီ...။ ဖိုးစိန်ကလည်း တစ်နေရာကနေ တစ်နေရာ ပြောင်း ချိန်းနေသည်မှာ ဒိနေ့ညအဖို့ အိမ်ပြန်နိုင်ပါ့မလား စိတ်မရှည်ရသည်အထိ...။ မောင်ကိုကိုခမျာလည်း ရထားပေါ်မှာ တစ်လမ်းလုံး ဖုန်းတစ်လုံးနှင့် သူနှင့် အလုပ်တွေ ရှုပ်နေလေသည်...။ ကျွန်တော်လည်း စကား မပြောနိုင်၊ ပင်ပန်းသလိုလို အိပ်ချင်သလိုလို ဖြစ်နေသောကြောင့် မျက်စိကိုမှိတ်ကာ အနားယူနေရသည်။

အိမ်ကိုရောက်လို့ အိမ်သော့ဖွင့်ကာ ဝင်တော့ တစ်အိမ်လုံး ဘယ်သူမှ မရှိကြ။ အိမ်က မီးမှောင် ကျလို့။ မီးဖိုခန်းထဲမှာလဲ ဘယ်သူမှ မရှိ.. အိပ်ခန်းထဲလဲ လူမရှိ.. မောင်ကိုကိုကတော့ မီးတောင် မဖွင့်နိုင်ပဲ ဧည့်ခန်းမှာ ငုတ်တုတ် ထိုင်နေသည်။ အိမ်ပြန်ရောက်လျှင် အလုပ်သွားသူတွေ ပြန်မရောက်ကြသေးလျှင်တောင် အနည်းဆုံး ပြာဂျီးနှင့် ဖိုးစိန်ကတော့ အမြဲ ရှိနေကျ.. ဒီနေ့မှ ဘယ်လိုဖြစ်ပြီး တစ်အိမ်လုံး ရှိသမျှလူတွေ ပျောက်နေကြတာပါလိမ့်....

အိမ်ရှေ့ဘက်ခြမ်းရှိ အိပ်ခန်းကလဲ လော့ခ် ကျနေသေးသည်။ ဒီအခန်းက အမြဲ အဲဒီလို လော့ခ် အလိုလို ကျနေကျ ဖြစ်သောကြောင့် အိပ်ခန်းသော့ကို အလွယ်တကူ ဖွင့်နိုင်ဖို့ ဧည့်ခန်းမှာ ထား ထားရသည်။

ဒီအခန်းသော့ကလဲ ပြင်အုံးမှ....

(အခန်းသော့ သူ့ဘာသာ ကျသွားတိုင်း တွေးနေကျ ဖြစ်သော်လည်း ဘယ်တော့မှ မပြင်ဖြစ်ပါ)

အခန်းသော့ကို ဖွင့်ဝင်လိုက်တော့

((((((Happy Birthday!!!!!!)))))))

တစ်ဖောင်းဖောင်းသော ဗျောက်အိုးသံ လက်ခုပ်သံများ.....


ရုတ်တရက် မမျှော်လင့်ပဲ ကြားလိုက်ရသော အသံပြိုင်ကြောင့် ကျွန်တော် လန့်သွားသေး၏။ ပြီးတော့ နွေးထွေးသော ပျော်ရွှင်မှုတို့က တစ်ကိုယ်လုံးကို လျှင်မြန်စွာ လှည့်ပတ် စီးဆင်းသွားကြကာ ကြက်သီးမွှေးညှင်းတို့ပင် ထလာသလို...။

မီးမှောင်မှောင်ထဲမှာ.... မွေးနေ့ ဖယောင်းတိုင်မီးလေးတွေ ထွန်းပြီး စောင့်နေကြသော ကျွန်တော်ကချစ်ပြီး ကျွန်တော့်ကို ချစ်သော မောင်နှမများ...
ကျွန်တော့်မွေးနေ့ကို ဘာ ဆုတောင်းမှ မလုပ်ပဲ တစ်နေကုန် ပစ်ထားကြသော အသည်းကျော်များ....

ခုန်ပေါက်ပျော်မြူးနေကြသော သူတို့၏ ရင်ခုန်ပျော်ရွှင်မှုများက ကျွန်တော့်ထံ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြသည်။

" Happy Birthday to you " သီချင်းကို သံပြိုင်ဆိုနေကြသံများအောက်မှာ ပျော်ရွှင်မှုလှိုင်းတွေက တလိမ့်လိမ့်.... တိုးလာ၏။

အစောနက မူးဝေနောက်ကျိနေကာ အိပ်ချင်လောက်အောင် ပင်ပန်းနေသော စိတ်တွေ က ဘယ်မှာမှ အစ ရှာမရတော့...

တစ်ယောက်ပြီးတစ်ယောက် ဝိုင်းပေးကြသော မွေးနေ့ အနမ်းတွေက စိတ်ကို အားသစ် ဖြည့်လောင်းနေသလို............

" လက်ဆောင်တွေ ဖောက်ကြည့်အုံးလေ....."

" ပို့စ်တွေ တင်ထားတယ်.. သွားဖတ်..."

" ဓာတ်ပုံရိုက်မယ်လေ.. ဓာတ်ပုံ...."

" စောင့်နေရတာ ကြာလှပြီ.. ဗိုက်ဆာလှပြီ.. ကိတ်မုန့် လှီးပါတော့ဗျို့....."

" မွေးနေ့ရှင်တော့မသိ.. တို့တွေကတော့ စောင့်ရင်း ရင်တွေကို ခုန်လို့...."

တစ်ယောက်တစ်ပေါက် ဆူညံနေသော အသံတွေအောက်မှာ ကျွန်တော် သွားတွေ အကုန်ပေါ်အောင် ရယ်ဖြီးနေမိတာ ပါးစပ် ပိတ်လို့ မရတော့ပါ.....

နောက်မှ သိရသည်က မွေးနေ့ပွဲကို ရုတ်တရက် အံ့သြပျော်ရွှင်သွားအောင် လုပ်ဖို့ စနစ်တကျ အကွက်ချ စီစဉ်ခဲ့လေသူက ကျွန်တော့်အသည်းကျော် ညီလေး ဒါရိုက်တာကြီး ဖိုးစိန်..... ပံ့ပိုးကူညီကြသူတွေကတော့ ကျွန်တော့်မွေးနေ့ကို ဆုတောင်း သေးသေးလေးပင် မလုပ်ခဲ့ကြပဲ တိုတစ်နေ့လုံး ပစ်ထားကြသည့် ကျန် မောင်နှမများ.....




ကျွန်တော့်မွေးနေ့ ရောက်ချိန်ကနေ စပြီး ဘယ်သူမှ ကျွန်တော့်ကို မွေးနေ့ဆုမတောင်းရ.. မသိသလို နေရမည်... မည်သူမျှ ကျွန်တော့်ကို မဆက်သွယ်ရ...။ ကျွန်တော်က ထိုအခါကျ တစ်နေကုန် စိတ်မကောင်းဖြစ်နေလိမ့်မည်..။ မျိုးက တစ်နေကုန် ကျွန်တော့်ဘေးမှာ ရှိနေတော့ သူလည်း ဒီ အစီအစဉ်ကို မသိဘူးလား .... ကျွန်တော့်အထင် လွဲပါသည်။ မျိုးကလဲ ဒါတွေ အားလုံးကို သိနေသည်တဲ့။ မောင်ကိုကိုကရော.... သူကတော့ ထိုတစ်နေ့က ကျွန်တော့်ကို ဇွတ် ဂျီကျကာ ကော်ဖီဆိုင်မှာ အအေးပတ်ခံ အချိန်ဆွဲကာ အိမ်မှာ လူစုံလို့ အချက်ပေးချိန်မှ ကျွန်တော့်ကို အိမ်ပြန်ခေါ်လာဖို့ တာဝန်ယူထားခြင်းပင်..။ အားလုံးက ပိပိရိရိ.. ကျွန်တော် ဘယ်ရောက်နေတယ်.. ဘာဖြစ်နေတယ်ဆိုတာကို ဘေးမှ ထိုနှစ်ယောက်က တစ်ချိန်လုံး ကျန်တဲ့သူများနှင့် အချိန်အဆက်လုပ် ပြောနေကြတာလဲ ကျွန်တော် နဲနဲမှ မရိပ်မိခဲ့..။ ပိရိကြပါသည်..။

ကျွန်တော် ပျော်ပါသည်။

မွေးနေ့လက်ဆောင်တွေကို ဖွင့်ဖောက် ရင်ခုန်ရင်းလည်း ကျွန်တော် ပျော်ပါသည်..။

ကိတ်မုန့်လှီးကာ တစ်ယောက်စီကို ခွံ့ကျွေးနေရင်းက သူ့အရင် ငါ့အရင် လုနေကြသော မောင်နှမများကို ကြည့်ရင်းလဲ ကျွန်တော် ပျော်ပါသည်..။

အဆာခံကာ ကျွန်တော် ပြန်လာသည်အထိ ဘာမစားပဲ တိတ်တဆိတ် အမှောင်ထဲမှာ စောင့်နေကြသော မောင်နှမများ ဆာဆာနှင့် ဖိုးစိန် ချက်ထားသော ညစာကို ပျော်ပါးညံစီစွာ စားနေတာ ကြည့်နေရင်းလည်း ကျွန်တော်ပျော်ပါသည်...

အုပ်စုလိုက် အမှတ်တရ ဓာတ်ပုံ ရိုက်သောအခါ နေရာလုကြ၊ တစ်ယောက်တစ်မျိုးစီ ပဲတွေ ပေးနေကြရင်း ရယ်သံတွေ ညံစီစီကို နားထောင်နေရတာလည်း ကျွန်တော် ပျော်ပါသည်.....

ကျွန်တော်နှင့် မောင်နှမတွေအားလုံး တစ်ယောက်အပျော် တစ်ယောက်ကူးစက်ရင်း ရင်ခုန် စိတ်လှုပ်ရှားဖွယ်ရာ မွေးနေ့လေးတစ်ခုကို ထိုတစ်နေ့မှာ ပိုင်ဆိုင်ခွင့် ရခဲ့သည်။

ကျွန်တော် ရင်ခုန်ပျော်ရွှင်ခဲ့သလို မောင်နျမများ အားလုံးလည်း ထပ်တူ ပျော်ရွှင်ရင်ခုန်နေကြတာ ကျွန်တော် ခံစားရပါသည်..။

မွေးနေ့ပွဲလေးကို ခုလို စိတ်လှုပ်ရှားဖွယ် ဖြစ်အောင် ဝိုင်းဝန်း ကူညီ ပံ့ပိုးပေးကြသော မောင်နှမများ အားလုံးကို ကျွန်တော် အင်မတန် ကျေးဇူးတင်မိပါသည်..။

အလုပ်ကနေ ခွင့်ယူပြီး တစ်နေကုန် ကျွန်တော့်နောက် တကောက်ကောက် လိုက်ပေးသော မျိုး နှင့် ညနေဘက်မှာ အစီအစဉ်အတိုင်း အဆင့်သင့်မဖြစ်မှီ ကျွန်တော်အိမ်မပြန်ဖြစ်အောင် အချိန်ဆွဲထားပေးသော မောင်ကိုကို တို့၏ ပိရိသေသပ်မှုကိုလည်း ချီးကျူးကာ ကျေးဇူးတင်ပါသည်။

စီစဉ် အကွက်ချထားသည့်အတိုင်း ကျွန်တော့်ကို တစ်နေကုန် စိတ်မကောင်းအောင် နှိပ်စက်ထားကာ မထင်မှတ်ထားသည့် ထောင့်ချိုးမှ မကြုံရဖူးသော ပျော်ရွှင်မှုကို မွေးနေ့လက်ဆောင်အဖြစ် ဖန်တီးပေးခဲ့သော ချစ်ညီ ဖိုးစိန်ကိုလည်း အင်မတန် ကျေးဇူးတင်ပါသည်။



အဝေးကနေရော အနီးအနားကနေပါ မွေးနေ့ကို သတိတရ ဆုတောင်းပေးကြ.. ပို့စ်တင်ပေးကြ ကဗျာရေးပေးကြသော သယ်ရင်းများ၊ မောင်နှမများကိုလဲ ကျေးဇူးတင်ပါသည်။

" ထိုတစ်နေ့ " က အပျော်က ခုချိန်ထိ အရှိန် မသေသေးသောကြော်င့ ကျွန်တော့်အပျော်များကကိုလည်း အားလုံးနှင့် မျှဝေလိုက်ပါသည်ခင်ဗျား......။ ။

ကျွန်တော့်ဘဝမှာ ကျွန်တော့်အပေါ် ဒုက္ခပေး အကောက်ကြံပြီး နောက်ကျော ဓားနှင့်ထိုးတတ်သော မိတ်ဆွေများထက် ကျွန်တော်က ချစ်သော နားလည်သော၊ ကျွန်တော့်အပေါ်ချစ်ခင်နားလည်ကြသော မိတ်ဆွေ သယ်ရင်းများနှင့်သာ ကြုံဆုံခဲ့ရခြင်းမှာ မင်္ဂလာတစ်ပါးပင် မဟုတ်ပါလား.....


" ထိုတစ်နေ့ " အတွက်တင်မဟုတ်.. နောက်နောင် နေ့ရက်တွေမှာလဲ ထို မင်္ဂလာသည် ကျွန်တော်နှင့်အတူ ထာဝရ ရှိနေမည် ယုံကြည်လျက်...


25.05.2010 အမှတ်တရ


အားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်ရင်း

မေတ္တာဖြင့်

မိုးကုတ်သား



Tuesday, May 25, 2010

“တောင်တန်းတစ်ခုရဲ့အိပ်မက်”




“တောင်တန်းတစ်ခုရဲ့အိပ်မက်”



မရေရာမှုတွေနဲ့ စနေနဂါး တစ်ဖြစ်လဲ သစ်သားကျားဟာ သက်ဝင်နိုးထခဲ့တယ်
နဂါးတစ်လှည့် ကျားတစ်လှည့် အပူသင့်တဲ့ ကျိန်စာတစ်ခုဟာ.... ငါ.. .တဲ့

ဒေါသတစ်ဝက်.. လောဘတစ်ဝက်နဲ့ သွေးပျက်တဲ့ နေ့ညတွေထဲမှာ
ငယ်ရွယ်ခြင်းတွေဟာ..ခြောက်ခြောက်ချားချား
ငါဟာ... မီးတစ်စ တဲ့လား...


အားကိုးတကြီး ဖက်တွယ်မိတာ...
တစ်ရက်မှာ တစ်ခါသာတဲ့.. နေနဲ့လရဲ့ရင်ခွင်ပေါ့

နေကြတ်တဲ့နေ့ နဲ့ လကွယ်ညတွေမှာ

ငါ့ အိပ်မက်ထဲ လက်ညှိုးပေါင်းအထောင်အသောင်းရှိတဲ့ နတ်ဆိုးတွေကမင်းမူ..

အို.. ငါ့ကို မငြူစူကြပါနဲ့.....

နေနဲ့လအတွက် ငါ အသက်ဆက်ခဲ့တာပါ
နောက်တော့ ငါ့နံဘေးမှာ ကြယ်ကလေးတစ်ချို့
သူတို့...လင်းလက်စေဖို့.....
နဂါးလို ဒေါသ.. ကျားလို လောဘ..
နောက်တော့ ငါ...ဆိုတဲ့ အတ္တတွေ မီးသင်္ဂြိုလ်လိုက်တယ်..
လောကဓံ လှိုင်းတံပိုးတွေကြား... သူတို့ဟာ... ငါ့...ခွန်အား......။


နဂါးတစ်ကောင်လို မာန်တင်း..ထားတယ်...
ကျားကုပ်ကျားခဲ ကြိုးပမ်းတယ်...

နောက်.. သိုးတစ်ကောင်လို ငါ့ကိုယ်ငါ သိမ်မွေ့အောင် ထိန်းကျောင်းတယ်...

ဘဝမှာ.. တန်ဆာဆင်စရာ အလှ မရှိပေမဲ့...

ငါ့တောတောင်တန်းကလေးမှာတော့.. ငါဟာ... ခန်း...နား... လို့

တောကပဲ နက်သလား...
လမ်းကပဲ ကြမ်းသလား.....

တောင်တန်းကပဲ သိပ် မြင့်နေသလား...
သွားရင်း.. နားရင်း..
အဲဒီ...တောင်ထိပ်ဖျားနဲ့...

နီးလာလိုက် ဝေးသွားလိုက်....

ခြေချော်လဲလိုက်.. ထူမတ်လိုက်...

တစ်ခါတစ်ခါ.. အချစ်ဆိုတဲ့ မာယာထောင်ချောက်မှာ.. ငါ ပိတ်မိလား ပိတ်မိရဲ့..
..
ရခဲ့သမျှဒဏ်ရာတွေဟာ.... သင်ခန်းစာတွေ ဖြစ်လိုဖြစ်....
အချစ်ဆိုတာလဲ ဝဋ်နာကံနာ တစ်မျိုးသာ ဖြစ်ခဲ့လေတော့


ချက်ကြိုးဖြတ်တုန်းက.. အမှတ်သည်းခြေပါ.. ပါသွားတဲ့ငါ....

နဂါးတစ်ကောင် ဖြစ်ခဲ့တာလဲ မေ့

ကျားတစ်ကောင်ဖြစ်ခဲ့တာလဲမေ့

အဲဒီလို.. ငါ့ကိုယ်ငါ မေ့... ပစ်ရင်း...
သိုးလေး ဘဝမှာ..... ပျော်မွေ့နေတတ်ခဲ့ရင်း...

ငါခန်းနားရာ တောတောင်တန်းတွေဆီ....
စိမ်းစို နွေးထွေးစေရင်း.....


ငါ့ခြေဖဝါးအောက်မှာ

နတ်ဆိုးကင်းတဲ့ အိပ်မက်တစ်ခုသာ ဖြစ်ထွန်းချင်ခဲ့တယ်...၊

လမ်းဆုံးမှာ...
တောင်တန်းဟာ... ထီးတည်းငြိမ်သက်ဆီးကြိုလို့....။ ။





၂၀၁၀ခုနှစ်
မေလ ၂၅ ရက် အတွက် အမှတ်တရ.....


မေတ္တာဖြင့်
မိုးကုတ်သား











မိုးကုတ်


ရတနာ မြေသြဇာနဲ့မို့
တောင်နေကြာတွေ ၀င်းဝါနေသလိုမျိုး
လမ်းဘေးကျောက်စရစ်ခဲလေးတွေတောင်
အသွေးတကျ လှပနေသလိုမျိုး
ဘုရားသခင်ပေးသနားရာ မြေသားမြေဆိုင်မှာ
အိပ်မက်တွေ အရိုးခံအတိုင်း ရှင်သန်ဖူးပွင့်နေသလိုမျိုး

မြူခိုးဝေေ၀မြင်ကွင်းတွေ
အလွမ်းနဲ့ရင့်ကျက်ယဉ်ပါး နေသလိုမျိုး
အပူပိုင်းဥတုမြေမျက်နှာသွင်ပြင်မှာ
ရာသီကို အချိုးတကျအေးမြနေစေသလိုမျိုး
ဘယ်လောက် ဒဏ်ရာတွေရရ..
သွေးစက်က ပတ္တမြားပွင့်ပြတတ်သလိုမျိုး

လင်းလက်ခြင်း နာမတစ်ခုနဲ့
ခန့်ငြားမှု လည်ဆွဲရတနာ

သူဟာ..
တောတောင်တွေခြံရံထားတဲ့ နန်းတော် မှာ
ငြိမ်းချမ်းတည်ကြည်စွာ..
တော်ဝင်ခမ်းနား နေခဲ့ပေါ့..။



"" အကောင်းဆုံးဆိုတဲ့ ဆန္ဒဆုမွန်များစွာဖြင့်""


မိုးကုတ်ဆန်သော မိုးကုတ်သားအတွက် မွေးနေ့အတွက် အမှတ်တရ



အိန္ဒြာ
(၂၃-၅-၂၀၁၀)


“မဆောင်မယောင်နှင်းဆီရှင်”


အသွယ်သွယ်အလဲ့လဲ့ကန်ရေပြင်လို
သူ့ဘဝလမ်းဟာမငြိမ်မွေ့မကြည်စင်ပေမယ့် ...
ခပ်ဖြောင့်ဖြောင့်ရထားသံလမ်းတွေကိုတော့
သူ့နေ့စွဲကြမ်းကြမ်းတွေက ဖြူး...ဖြောင့်...ဆန့်...ကျင်...လို့...
တိမ်လွှာတောင်တွေမျက်မှောင်ကျုံ့ရင်
သူ့မျက်ဝန်းတွေလက်ဖြာဝေ့ဝဲလာတတ်တယ်
ပုံသေကားချပ် မမတ်တမတ်ရပ်ဝန်းထဲမှာ
နှလုံးအိမ်ဖြူဖြူကို.. သူဆုပ်ကိုင်ထားရင်းနဲ့ပဲ
လှမ်းလင့်ငံ့မောနေတဲ့ သူ့ရဲ့ကြမ္မာရောင်လက်အဆုံဟာ
ကရုဏာရနံ့သစ်တွေသာ တစ်ရက်ပြီးတစ်ရက်တိုးချဲ့စိုက်ပျိုးလို့
မလှပနေ(သေး)တဲ့ မနက်ဖြန်ရဲ့အရုဏ်ဦးလေပြည်ထဲ
သူ ... မစူးမရဲစွာ အနာဂတ်ကိုစုပ်ထွေးခြွေငင်လိမ့်ဦးမယ်။ ။


့ “ဦးဘိုမွေးနေ့အတွက် ညီလေးမှ အမှတ်တရ...”



Craton
(25.05.2010)


Thursday, May 13, 2010

ချစ်သော ညီမလေးရဲ့ မွေးနေ့ အမှတ်တရ

ချစ်ဖို့ အင်မတန်ကောင်းတဲ့ ညီမလေးတစ်ယောက် မွေးနေ့အတွက်.... သူရေးတဲ့စာလေး တစ်ပုဒ်ကို မွေးနေ့ အမှတ်တရအနေနဲ့ ကျွန်တော့်ဘလော့လေးမှာ တင်ထားချင်လို့ပါ။ မွေးနေ့ရှင်ကတော့ သူ့ပို့စ် တစ်ပုဒ်ကို တင်မယ် ဆိုတာ သိထားပေမဲ့ ဘယ်ပို့စ်လဲ ဆိုတာ မသိပါဘူး..။ ဒါပေမဲ့ မွေးနေ့နဲ့ သက်ဆိုင်တဲ့ ဒီပို့စ်လေး ဖြစ်လိမ့်မယ်ဆိုတာ ကြိုသိချင် သိနေမှာ...။

လာလည်ကြတဲ့ မိတ်ဆွေတွေထဲမှာ မွေးနေ့ရှင်ညီမလေးရဲ့ ဒီစာလေးကို ဖတ်ဖူးသူတွေ ပါချင်ပါမယ်..။ (ပြန်အားပေးသွားကြပါခဗျာ)..။ မဖတ်ဖူးသေးတဲ့ သူတွေအတွက်တော့ ကျွန်တော်က မွေးနေ့ရှင် ညီမလေးရဲ့ ဝတ္ထုတို ချိုချိုလေးကို မျှဝေပေးတာပေါ့...။

မွေးနေ့ရှင်ဘယ်သူ ဆိုတာကို ချက်ချင်းသိသူတွေ ရှိချင်ရှိမယ်။ မသိတဲ့သူတွေကလဲ ဘယ်သူဆိုတာကို ပို့စ်အောက်ရောက်တဲ့အခါ သိလာမှာပါ (အင်း အောက်ကို ကျော်ဆင်း ဖတ်ကြတော့မယ် ထင်တယ်) :-)))) ။



****************************





ငယ်စဉ်ကတည်းကကြောက်ရွံ့ခဲ့ရတဲ့အရာတွေထဲမှာ ကိန်းဂဏန်းတွေလည်းပါခဲ့တယ် .. ဂဏန်းသင်္ချာနဲ့ပတ်သက်ပြီး အကျိုးမပေးတဲ့အပြင် ကျွန်မသိပ်ကြောက်ရတဲ့ ကိန်းဂဏန်းတစ်လုံး ..

နံပါတ် ၁၃ တဲ့ .. ၁၃ ဂဏန်းဟာ ကျွန်မအတွက်ကံဆိုးစေတဲ့ဂဏန်း .. ကျွန်မရဲ့ဘ၀ ကျွန်မရဲ့တစ်သက်တာမှာ ကံဆိုးခြင်းတွေကိုသာ သယ်ဆောင်လာပေးတဲ့နေ့ရက်တိုင်းဟာ ၁၃ ရက်နေ့ ဖြစ်နေတတ်တယ် ..

၁၃.၄.၁၉၉၈ ရက်လေးကတော့ တစ်ရက်တည်းပါပဲ .. အဲဒီနေ့ကစလို့ ကျွန်မရဲ့ ကံကြမ္မာက စုန်းကဝေမတစ်ကောင် အဆက်မပြတ် ကြိမ်စာတွေကိုရွတ်ဆိုနေသလို ကျွန်မအတွက် ကြမ္မာဆိုးတွေစတင်ခဲ့တဲ့နေ့ တစ်နေ့ ဖြစ်ခဲ့တယ် ..

တိုက်ဆိုင်စွာ အဲဒီနေ့ကလည်း ကျွန်မရဲ့ ၁၃နှစ်မြောက်မွေးနေ့ဖြစ်ခဲ့ပြန်တယ် ..

ကျွန်မရဲ့ ၁၃ နှစ်ပြည့်တဲ့နေ့မှာ မွေးနေ့ပွဲကို ဖေဖေပြန်မရောက်လာခဲ့ဘူး ..

ကျွန်မရဲ့မွေးနေ့ပွဲဟာ မေမေတို့ ဖွားဖွားတို့ရဲ့ ငိုသံတွေနဲ့ အဆုံးသတ်ခဲ့ရတယ် ..



& & & & & & & & &



ဖေဖေမရှိတော့တဲ့နောက်ပိုင်း ကျွန်မအတွက် မွေးနေ့ပွဲဆိုတာပါ လိုက်ပါသေဆုံးခဲ့တယ် ..


& & & & & & & & &


၁၃.၄.၂၀၀၀ (ကျွန်မအားကိုးရာ မှီခိုရာ အရိပ်တစ်ခုနဲ့ ဝေးကွာသွားတဲ့နေ့)

ကျွန်မအသက် ၁၅နှစ်

ကျွန်မရဲ့ ဒုတိယ အားကိုးရာ ဖြစ်တဲ့ မေမေ နောက်တစ်အိုးတစ်အိမ်ထူထောင်ခဲ့တဲ့နေ့ပေါ့ ..

ကျွန်ဘ၀မှာ ဘယ်သူမှမရှိတော့ဘူး .. ကိုယ့်ကိုယ်ကိုယ်သာအားကိုးရတော့မယ်ဆိုတဲ့အသိစိတ်ကိန်းအောင်းခဲ့တယ် ..

နောက်တော့ ကျွန်မ မေ့မေ့ကို နားလည်ပေးနိုင်ခဲ့ပါတယ် .. မိန်းမသားဆိုတာ အားကိုးရှာတတ်တဲအမျိုးပဲလေ ..



& & & & & & & & &


၁၃.၄.၂၀၀၅ (ကျွန်မ အသက် ၂၀ ပြည့်ပြီ)

မွေးနေ့ပွဲတိုင်းကို ရင်တထိတ်ထိတ်နဲ့ တိတ်ဆိတ်စွာ ဖြတ်သန်းရင်းနဲ့ အသက်၂၀ ပြည့်မွေးနေ့မှာတော့ သူငယ်ချင်းတွေနဲ့ လျှောက်လည်ခဲ့တယ် .. အိမ်ပြန်ရောက်တော့ ပြသနာက ဆီးကြိုနေတယ်လေ ..

ပထွေးလုပ်သူနဲ့ ပြသနာအကြီးအကျယ်တက်ပြီး မေ့မေ့ မျက်ရည်တွေကိုကျောခိုင်းပြီး အိမ်ပေါ်က ဆင်းခဲ့တယ် ..

ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တော့မယ်လို့ စိတ်ဆုံးဖြတ်ခဲ့တယ် ..

ကျွန်မနောက်ထပ်ဖြတ်သန်းရမယ့်နေ့ရက်တိုင်းက ခြောက်ကပ်မှု အထီးကျန်မှုတွေနဲ့ ကြိုဆိုနေတယ် ..

ကျွန်မအတွက် ပျော်ရွှင်မှုဆိုတဲ့အရာရဲ့ နောက်မှာ အမြဲတမ်း အငိုနဲ့ အဆုံးသတ်ခဲ့ရတာချည်းပဲ .. ဒါကြောင့် ကျွန်မပျော်ရမှာကြောက်လာတယ် .. ကျွန်မ မပျော်ရဲတော့ဘူး ..



& & & & & & & & &



ကျွန်မရဲ့မွေးနေ့တိုင်းမပျော်ရွှင်ဖို့ စိတ်ဆင်းရဲစွာနဲ့ ဖြတ်သန်းဖို့ ဘယ်နတ်ဆိုးကများ ကြိမ်စာတိုက်ခဲ့ပါလိမ့်နော် .. ကျွန်မဘ၀ကို နာကျည်းမှုတွေ နဲ့ သာဖြတ်သန်းခဲ့ရတယ် ..

မနက်ဖြန်ဆို ကျွန်မအသက် ၂၁ ပြည့်ပြီ .. ဘယ်လိုကံကြမ္မာဆိုးကများစောင့်ကြိုနေသေးလဲ .. ကျွန်မ ရင်ထိတ်စွာနဲ့ ကျော်ဖြတ်ရဦးမယ် ..


& & & & & & & & &


၁၃.၄.၂၀၀၆

နာရီက ည ၁၂ နာရီထိုးဖို့ကို တစ်ရွေ့ရွေ့ ခရီးဆက်နေတယ် .. ကျွန်မတိတ်ဆိတ်စွာ တစ်ယောက်တည်းအထီးကျန်စွာ ၁၃ ရက်နေ့ကုန်ဆုံးသွားဖို့ဆုတောင်းနေမိတယ် ..

ကျွန်မအိပ်ပျော်သွားတယ် ..

နောက်တစ်နေ့ သင်္ကြန်ရက်တွေကို သူငယ်ချင်းတွေနဲ့ ကုန်ဆုံးခဲ့တယ် .. အဲဒီပထမဆုံး လည်ဖြစ်တဲ့သင်္ကြန်မှာပဲ ကျွန်မအသည်းလေး အအေးမိသွားတယ် ..

ကျွန်မဘ၀အတွက် အရေးပါဆုံးလူတစ်ယောက်ကို ဘုရားသခင်က ကျွန်မရှေ့ပို့ပေးခဲ့တယ် ..


& & & & & & & & &


ကိုကိုနဲ့ ကျွန်မဆုံတွေ့ခဲ့ကြတယ် .. ထူးထူးဆန်းဆန်းမဟုတ်ပါဘူး .. ဒီလိုပဲ သင်္ကြန်မှာ နှလုံးသားချင်း ခလုတ် တိုက်မိကြတယ်ပေါ့ ..

ကိုကိုနဲ့ခင်မင်ရင်းနှီးခဲ့တယ် .. နောက်တော့ တဖြည်းဖြည်း ခင်မင်တာထက်ပိုခဲ့တယ် .. သံယောဇဉ်တွေ အထပ်ထပ် ရစ်နှောင်မိကြတယ် ..

နောက်မွေးနေ့တွေကြုံတိုင်းစိုးရွံ့ မိပေမယ့် ကိုကိုအနားမှာရှိတာကြောင့် ကံကြမ္မာနတ်ဆိုး မနှောင့်ယှက်နိုင်ခဲ့ဘူးထင်တယ် .. ပျော်ရွှင်ခဲ့ရတယ် ..

ကျွန်မကိုကို့ကိုယုံကြည်ကိုးကွယ်မိတယ် .. ကျွန်မဘ၀အတွက် အားကိုးရာဟာ ကိုကိုဆိုတာကိုလည်း ကျွန်မ နားလည်လိုက်တယ် .. တစ်ခုပဲမျှော်လင့်မိပါတယ် .. ကိုကိုသာကျွန်မအနား ထာဝရရှိနေခွင့်ပေးပါ ..


& & & & & & & & &

ကိုကိုနဲ့ချစ်သူသက်တမ်း ၁နှစ်ရှိတော့မယ် .. ချစ်သူသက်တမ်းတစ်လျှောက် ကျွန်မရွေးချယ်မှု မှန်ကန်တယ်လို့ ယုံကြည်ခဲ့တယ် .. ကိုကိုဟာ ကြင်နာတတ်သူတစ်ယောက် .. အမြဲတမ်းလည်း ဂရုတစ်စိုက်နဲ့ အရိပ်တကြည့်ကြည့် ကျွန်မကိုချစ်ခဲ့တယ် .. ကျွန်မဟာ အချစ်ငတ်သူတစ်ယောက်ဖြစ်လို့ ကိုကိုသာ ကျွန်မရဲ့ တစ်ကမ္ဘာဖြစ်ခဲ့တယ် .. ကျွန်မရဲ့ ကျိန်စာတွေကို ပျက်ပျယ်စေခဲ့သူဟာလည်း ကိုကိုပဲ ဖြစ်လိမ့်မယ် .. ကျွန်မ သိပ်ကျေးဇူးတင်ပါတယ် ကိုကိုရယ် ..

& & & & & & & & &


ကိုကို့ရဲ့ အချစ်တွေမှာ ပျော်မွေ့နေပြီး လှည့်စားတတ်တဲ့ ကံကြမ္မာကို ကျွန်မ မေ့နေတယ်လေ .. ဒါပေမယ့် တစ်နေ့မှာတော့ .. ကျွန်မရုံးပြန်တိုင်း မပျက်မကွက် အချိန်မှန်လာကြိုနေကျ ကိုကိုမရောက်လာတဲ့နေ့မှာတော့ ကျွန်မ စိတ်ပူပြီးကိုကို့ ဖုန်းကိုလှမ်းဆက်လိုက်တယ် .. ဆက်သွယ်မှုဧရိယာပြင်ပကိုရောက်နေတယ်တဲ့ ..စိတ်လေးလံစွာနဲ့အိမ်ကိုပြန်လာခဲ့တယ် .. အဲဒီနေ့ တစ်ညလုံးကိုကို့ဆီဖုန်းခေါ်လို့မရခဲ့ဘူး .. ပြက္ခဒိန် ကိုကြည့်မိတော့ ၁၃.၃.၂၀၀၇


& & & & & & & & &

နောက်တစ်နေ့မှာ သူငယ်ချင်းတစ်ယောက်ဖုန်းဆက်ခဲ့တယ် .. ကိုကို့ကို ကားပေါ်မှာ ကောင်မလေးတစ်ယောက်နဲ့ တွေ့ခဲ့တယ်တဲ့ .. ကျွန်မရင်တွေပူလှပြီ .. ဖုန်းလည်းဆက်လို့မရ .. ဘာတွေများဖြစ်နေတာလဲ ကိုကိုရယ် ..နေ့လည်ကျတော့ ကိုကိုဖုန်းဆက်တယ် .. သူ့အဖွားအသည်းအသန်ဖြစ်လို့ ဆေးရုံသွားနေရတယ်တဲ့ .. ကိုကိုဘာပြောပြော ကျွန်မယုံကြည်ပေးနေမှာပါ .. ကိုကို့ကို သိပ်ချစ်လို့ပေါ့ ..အဲဒီနေ့က ကျွန်မ တစ်ခွန်းတော့ပြောလိုက်တယ် .."ကိုကို ငယ်လေးကို ခွဲမသွားပါနဲ့နော် .. ကိုကိုခွဲသွားရင် ငယ်လေးသေမှာ" လို့ပြောတော့ကိုကိုက ဘယ်တော့မှခွဲမသွားဘူးလို့ ကတိပေးခဲ့တယ် .. ကျွန်မယုံကြည်နေပါတယ် ..


& & & & & & & & &


အဲဒီနောက်ပိုင်း အကြောင်းပြချက်အမျိုးမျိုးနဲ့ ကိုကို့ပျက်ကွက်မှုတွေများလာတယ် ..ကျွန်မရဲ့ စိုးရိမ်မှုဒီရေဟာလည်း ပိုမိုမြင့်တက်လာတယ် .. တစ်ယောက်တည်းရူးနေရတဲ့ရက်တွေ အိပ်မပျော်တဲ့ညတွေ .. အိပ်ပျော်သွားရင်လည်း အိပ်မက်ဆိုးတွေကြောင့်လန့်နိုးခဲ့ရတဲ့ညတွေ များလာတယ် ..ကိုကို့ကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ပဲ ကျွန်မသံသယတွေကို မောင်းထုတ်ပစ်ခဲ့တယ် .. ကိုကိုကျွန်မကလွဲပြီး ဘယ်သူ့မှချစ်မှာမဟုတ်ဘူး .. နောက်တစ်နေ့မနက် အိပ်ရာနိုးတော့ ကျွန်မတစ်ကိုယ်လုံးကိုက်ခဲနေတယ် .. ဒီနေ့တော့ ကျွန်မရုံးသွားဖို့ မဖြစ်နိုင်တော့ဘူး .. ကိုကို့ဆီဖုန်းဆက်တော့ ကိုကိုဖုန်းပိတ်ထားပြန်တယ် .. ရင်မောလိုက်တာနော် ..နေ့လည်ကျတော့ အိမ်တရားခေါက်သံကြားလို့ အပြင်ထွက်ကြည့်တော့ ကိုကိုဖြစ်နေတယ် .. ကိုကို့ကို မြင်မှ ကျွန်စိတ်တွေဘယ်လိုဖြစ်မှန်းမသိဘူး .. တစ်ချိန်လုံးတင်းထားခဲ့သမျှ ကိုကို့ရင်ခွင်ထဲဝင်ပြီး ၀မ်းပမ်းတနည်းငိုမိတယ် .. ကျွန်မ ကိုကိုမရှိရင် သိပ်အားငယ်တာပဲ .. ညနေစောင်းကျတော့ ကမ်းစပ်ကို နှစ်ယောက်သား လမ်းလျှောက်ထွက်ခဲ့ကြတယ် .. ကိုကို့မျက်နှာမှာ သောက အရိပ်တွေ ကျွန်မ မြင်နေရတယ် .. ဘာမှန်းမသိပေမယ့် ကျွန်မခံစားရတာက .. ရင်တွေပူလိုက်တာ .."ကို ငယ်လေးကိုပြောစရာရှိတယ် .. ဟိုခုံလေးမှာ ခဏထိုင်ရအောင် .." ကျွန်မငြိမ်သက်စွာနဲ့ကိုကိုနောက်ကလိုက်ပါလာခဲ့တယ် ..ကျွန်မကိုလူတွေလှည့်လှည့်ကြည့်သွားကြတယ် .. ကျွန်မ ရင်ခုန်သံတွေသိပ်ကျယ်လို့ထင်တယ် ..


& & & & & & & & &

ကန်စပ်မှာထိုင်နေတာတော်တော်ကြာပြီ .. ကိုကိုကစကားမစသလို ကျွန်မလည်း ဘာစကားမှပြောမထွက်ခဲ့ဘူး .. ကျွန်မရင်တွေခုန်လှပြီကိုကိုရယ် ..ကိုကိုတစ်ခုခုကိုဆုံးဖြတ်ပြီးတဲ့ပုံနဲ့ ကျွန်မဘက်လှည့်ကြည့်တယ် .. ပြီးတော့

"ငယ်လေး .."

"ရှင် .. ကိုကိုပြောပါ .. ငယ်လေးနားထောင်နေပါတယ် .."

"ငယ်လေး ပိန်သွားတယ်နော် .."

"ထင်လို့ပါ .."

"ငယ်လေးကိုပြောစရာရှိတယ် .. ပြောဖို့လည်း စိတ်မကောင်းဘူး .. ကိုကိုအိမ်က သဘောတူစေ့စပ်ထားတဲ့ ၀ဒီဆိုတဲ့ မိန်းကလေးနဲ့ ကိုကိုလက်ထပ်ရတော့မယ် .. ငယ်လေးကို ကြိုမပြောခဲ့မိတာခွင့်လွှတ်ပါ .. ၀ဒီနဲ့က ငယ်လေးနဲ့မတွေ့ခင်ကတည်းက လူကြီးချင်းစေ့စပ်ထားတာ .. ၀ဒီ နိုင်ငံခြားကို ပညာတော်သင်သွားနေတုန်း ငယ်လေးကိုတွေ့ခဲ့တာ .. ကို့ကိုယ်ခွင့်လွှတ်ပါကွာ .."

"………….." ကျွန်မပါးစပ်က အာစေးကပ်သလို ဘာစကားလုံးမှ မထွက်ကျလာတော့ဘူး ..

"ကိုကိုငယ်လေးကိုချစ်ပါတယ် .. ဒါပေမယ့် ၀ဒီကိုပဲ လက်ထပ်ရလိမ့်မယ် .. ငယ်လေးကို စိတ်ထဲမှာ အမြဲတမ်း သတိရနေမှာပါ .. ကို ငယ်လေးကို သိပ်ချစ်ပါတယ် .. ပြောဖို့လည်းအကြိမ်ကြိမ်စဉ်းစားခဲ့ပါတယ် .. ကိုယ်ပြောမထွက်ခဲ့ဘူး .."

သြော် ကိုကိုရယ် ဒါက မိန်းမတစ်ယောက်ကို လမ်းခွဲခါနီး နှစ်သိမ့်တဲ့စကားလုံးဆိုတာ ငယ်လေးသိတာပေါ့ .. ကိုကိုက ကျွန်မကို လှည့်စားနေခဲ့တာပဲ .. ကိုကို့အကြင်နာတွေအားလုံးဟာအတုအယောင်တွေပဲ .. ဒီနောက်ပိုင်းလည်း ကိုကိုစကားတွေအများကြီးပြောခဲ့တယ် .. ကျွန်မ ကြားတစ်ချက် မကြားတစ်ချက် ကျွန်မ လောကကြီးနဲ့ အဆက်အသွယ် ခဏပြတ်သွားတယ် .. ကျွန်မသတိရတဲ့အချိန်မှာ ကျွန်မ ဆေးရုံပေါ်ရောက်နေပြီ .. ဘေးနားမှာ နပ်စ်မလေးတစ်ယော်ကလွဲပြီး ဘယ်သူမှမရှိဘူး .. ကျွန်မ အားငယ်လိုက်တာ ကိုကိုရယ် .. ကိုကို့ကိုပဲ တမ်းတနေမိတယ် .. ကိုကိုမရှိပဲ ကျွန်မဘ၀ကို ဘယ်လိုရှေ့ဆက်ရမလဲ .. တွေးရင်း မျက်ရည်ကျမိတယ် ..


& & & & & & & & &


ကျွန်မ ဆေးရုံမှာ ရှိနေတဲ့အချိန်တွေ .. ကိုကိုတစ်ရက်မှရောက်မလာခဲ့ဘူး .. ကျွန်မရင်ဘတ်က တဖြစ်ဖြစ်နဲ့ မီးတောက်နေသလိုပဲ .. ကျွန်မအသည်းတွေ ကျွမ်းတော့မယ် .. တစ်ယောက်တည်းရှိနေစဉ်တွေမှာ ကိုကို့အကြောင်းစဉ်းစားတိုင်း ရင်နာရတယ် .. ယုံကြည်မှုကို အလွဲသုံးစားသူတစ်ယောက်အဖြစ် ကိုကို့ကို မုန်းတီးနေမိတယ် .. ကျွန်မ မခံစားနိုင်တော့ဘူး .. ရူးတော့မယ် ..


& & & & & & & & &


၁၃.၄.၂၀၀၇

ဆေးရုံဆင်းခွင့်ရပြီတဲ့ .. ကိုကို့ကို ဆေးရုံအခန်းပေါက်ဝမှာတွေ့လိုက်တယ် ..

"ငယ်လေး .. ဆေးရုံဆင်းလို့ရပြီ .. ကိုယ်လိုက်ပို့ပေးမယ် .." ကိုကို့အပြုံးကတော့ အရင်လို နူးညံ့တုန်းပါပဲ .. မနူးညံ့တော့တာ ကျွန်မရဲ့ စိတ်ပဲ ..လမ်းတစ်လျှောက်လုံး ကိုကိုက ဘာမှမဖြစ်သလို စကားတွေရွှန်းရွှန်းဝေအောင်ပြောလာခဲ့တယ် .. အိမ်ရောက်တော့ ပစ္စည်းတွေချပြီးတာနဲ့ ..


"ငယ်လေး .. ကိုကို နောက်အပတ်ထဲမှာ လက်ထပ်တော့မယ် .. ငယ်လေးကို တစ်ခါတည်း နှုတ်ဆက်ခဲ့တယ်နော် .. နောက်ဆို အခုလိုတွေ့ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး .. ငယ်လေး ကိုကို့ကို နားလည်တယ်မလား .."

သြော် ကိုကိုက ကျွန်မကြောင့် သူနဲ့ဝဒီတို့ရဲ့ ဆက်ဆံရေးပျက်ပြားမှာ စိုးရိမ်နေပုံပဲ .. ဘယ်အချိန်က စပြီး ကိုကို့အတွက် ကျွန်မက အမှိုက်တစ်စ ဖြစ်သွားပါလိမ့်နော် .. ကျွန်မက အရှုပ်ထုပ်ပေါ့ .. ရင်နာလိုက်တာ .. ရင်ဘတ်ထဲကအောင့်အောင့်နေတာ ရောဂါကြောင့်ကို ကျွန်မထင်ခဲ့တာ .. ခုမှ သိတယ် .. ကိုကို့ကြောင့်ကိုး .. ကျွန်မရင်ထဲကတော့ ကိုကိုကရော ဘာလို့ ငယ်လေးကို နားမလည်ခဲ့တာလဲ .. လို့ပြောနေမိတယ် ..

"ကိုပြန်တော့မယ်နော် .. ၀ဒီကို ဈေးမှာ သွားကြိုပေးရဦးမယ် .." ပြောပြီးမှ ကိုကိုစကားမှားသွားသလို ၀ရံတာဖက်မျက်နှာလှည့်သွားတယ် ..ကျွန်မ ကိုကို့နောက်က သိုင်းဖက်လိုက်တယ် ..


"ခဏလေးပါကိုကိုရယ် .. ခဏလေးဒီအတိုင်းနေနေပါနော် .." ပြောရင်း ကျွန်မ မျက်ရည်တွေ အတားအဆီးမရှိကျလာခဲ့တယ် ..


& & & & & & & & &

ခဏနေတော့ ကျွန်မကပဲ ကိုကို့ကို သိုင်းဖက်ထားတဲ့ လက်တွေရုတ်လိုက်တယ် .. ပြီးတော့ ..

"ကိုကို ခဏလေးနော် .. ကော်ဖီလေးတော့သောက်သွားပါဦး .. ခဏလေးပါ .." ကိုကိုခေါင်းညိမ့်ပြတယ် ..ကျွန်မ နောက်ဖေးကိုဝင်ပြီး ကော်ဖီဖျော်လိုက်တယ် ..အိမ်ရှေ့ထွက်လာပြီး ကိုကို့ကိုကော်ဖီခွက်ပေးတဲ့လက်တွေ တုန်နေတယ် .. ကိုကိုလှမ်းယူပြီးပြုံးပြတယ် .. ကိုကို့မျက်နှာကအပြုံးကတော့ နွေးထွေးဆဲပါပဲ ..နောက်ဆုံးလက်ကျန်ကော်ဖီကို ကိုကို မော့ချလိုက်တယ် ..

"ကိုကိုသွားတော့မယ်နော် .." တဲ့တခါးဝအရောက်မှာ ကိုကိုယိုင်သွားတယ် .. ကျွန်မကိုလှည့်ကြည့်တယ် .. ကျွန်မရဲ့ အသိစိတ်ကင်းမဲ့နေတဲ့ မျက်လုံးတွေကိုမြင်ပြီး ကျွန်မကို ..

"မင်း ကော်ဖီထဲမှာ ဘာတွေထည့်ထားလဲ .." ကိုကိုကျွန်မဆီကိုလျှောက်လာတယ် .. ကျွန်မအနားမရောက်ခင်ပဲ ကြမ်းပြင်ပေါ်ကိုကို လဲကျသွားတယ် .. ကျွန်မ အသိပြန်ဝင်လာတယ် .. ကိုကို့ကိုလည်း အရမ်းစိုးရိမ်သွားတယ် ..

"ကိုကို .. ကိုကို .. " ကျွန်မ အဆက်မပြတ် ရေရွတ်နေမိတယ် ..


& & & & & & & & &


"ကိုကို .. ကိုကို .. "

"ငယ်လေး .. သတိရလာပြီလား .. "

"ကိုကို .. ကိုကိုမသေဘူးနော် .. "


"အာာ .. ငယ်လေးကလည်း ဘာတွေလျှောက်ပြောနေတာလဲ .. ငယ်လေး အဖျားကြီးပြီး သတိလစ်နေတာလေ .. ခုဆို တစ်ပတ်တောင်ရှိတော့မယ် .. ကိုကို့မှာ အဖွားနေမကောင်းတာတောင် မပြုစုအားဘူး .. ငယ်လေးဘေးမှာ တစ်ချိန်လုံးရှိနေတာ .. ငယ်လေး အရမ်းအားနည်းနေတယ် .. ကိုကို့အပြစ်တွေပါ .. အဖွားကိုဂရုစိုက်နေတာနဲ့ ငယ်လေးအပေါ်လစ်ဟင်းသွားတယ် .. ငယ်လေးခုလိုဖြစ်တာလည်း ကိုကို့ကြောင့် .. ကိုကို့ကို ခွင့်လွှတ်နော် .. ငယ်လေး ကို သိပ်ချစ်တယ် .. " ကိုကို့အနမ်းတစ်ပွင့် ကျွန်မနှဖူးပေါ် ဖွဖွလေး .."ကိုကို ငယ်လေးကို တစ်သက်လုံးခွဲမသွားပါနဲ့နော် .. ""ခုတစ်သက်လည်းမခွဲဘူး .. နောက်ဘ၀ဆက်တိုင်းလည်း ငယ်လေးနဲ့ တွေ့ပါစေလို့ ဆုတောင်းတယ် .. ငယ်လေးအတွက် ကိုကို လိုအပ်တယ် .. ကိုကိုသိတယ် .. ငယ်လေးနားက တစ်ဖ၀ါးမှ မခွာတော့ဘူးနော် .. "


& & & & & & & & &


တံခါးခေါက်သံတစ်ချက် ဖြည်းငြင်းစွာ ပေါ်လာပြီး တံခါးပွင့်သွားတယ် .. ဂျူတီကုတ်နဲ့ ဆရာဝန်မလေးတစ်ယောက် လက်ထဲမှာ ပန်းစီးတစ်စီးကိုင်လို့ မတ်တပ်ရပ်နေတယ် ..

ကိုကို က "နှင်း .. ၀င်လာလေ .." ပြီးတော့ ငယ်လေးဘက်မျက်နှာမူပြီး

"ငယ်လေး .. ဒါ ကိုကို့ညီမ ၀မ်းကွဲလေး .. ဒီဆေးရုံမှာ အလုပ်ဝင်နေတာလေ .. ဖွားဖွားကိုလည်း သူပဲ ပြုစု ပြီး တာဝန်ယူပေးနေတာပေါ့ .."

နှင်းဆိုတဲ့ မိန်းကလေးက မျက်နှာလေးပြုံးရွှင်စွာနဲ့ ..

"နှင်း လာလိုက်လို့ အနှောင့်အယှက်ဖြစ်သွားပြီထင်တယ် .. မွေးနေ့မှာ ပျော်ရွှင်ပါစေ ငယ်လေးရေ .." ဆိုပြီး လက်ထဲက ပန်းစည်းကမ်းလာတယ် ..

အို .. ဟုတ်သားပဲ .. အမှတ်တမဲ့ ပြက္ခဒိန်ကို လှမ်းကြည့်လိုက်တော့ ကျွန်မမွေးနေ့ (၁၃.၄.၂၀၀၇) တဲ့ .. ကျွန်မယုံကြည်လိုက်ပါပြီ .. ကျွန်မအတွက် ကံဆိုးခြင်းတွေ လွန်မြောက်ခဲ့ပြီ ..






****************************


ချစ်သော ညီမလေး “မိုးခါး” ... မျောက်အခေါ် “ချိုတူးခါး”.. ပေါက်ပေါက်အခေါ် “ပေါက်ဖော်မ”... မောင့်အခေါ် “သဲသဲ” တစ်ယောက်... မေလ ဆယ့်ငါးရက်နေ့မှာ ကျရောက်လာမဲ့ ပျော်ရွှင်ချမ်းမြေ့ဖွယ် မွေးနေ့လေးကို ချစ်ခင်သော သူများနဲ့ အတူ ဖြတ်သန်း..ပြီး........ ဘဝတစ်လျှောက်လုံးမှာ ငြိမ်းချမ်းပျော်ရွှင်ပါစေ။ ဆန္ဒ နဲ့ ဘ၀ တစ်ထပ်ထည်း ကျပါစေ။ ကောင်းကျိုးလိုရာဆန္ဒ.. တစ်လုံးတစ်ဝတည်း ပြည့်စုံပါစေ......။


ဆန္ဒမွန်ဖြင့်
မိုးကုတ်သား

Saturday, May 8, 2010

“တက္ကစီ”



“တက္ကစီ



ကျွန်တော့် တက္ကစီကို ဘွတ်ကင်လုပ်ထားတဲ့ ခရီးသည်တစ်ယောက်ရဲ့ လိပ်စာအတိုင်း သူ့အိမ်ရှေ့ကို အချိန်အတိအကျ ကျွန်တော် ရောက်သွားခဲ့တယ်။ ဟွန်းတီးပြီး ခေါ်ပေမဲ့ ဘယ်သူကမှ အိမ်ထဲကနေ ထွက်မလာကြပါဘူး။ စောင့်နေရင်း မကြာခဏ ဟွန်းတီး ခေါ်ပေမဲ့ အိမ်ထဲမှာ လူရိပ်လူခြေတောင် မတွေ့ရတဲ့အတွက် ကျွန်တော် လှည့်ပြန်ချင်စိတ် ပေါက်သွားခဲ့တယ်။ ဒါပေမဲ့ ဘာကြောင့်ရယ်မှန်း မသိပဲ ကျွန်တော်ဟာ အဲဒီ အိမ်တံခါးဝက လူခေါ် ခေါင်းလောင်းကို နှိပ်မိရက်သား ဖြစ်နေခဲ့ပြီ။

“ခဏလောက် စောင့်ပါအုံး”

အင်မတန်မှ အားနည်း ဖျော့တော့ပြီး အိုစာနေတဲ့ အသံတစ်ခု အိမ်ထဲကနေ ထွက်ပေါ်လာခဲ့တယ်။

တစုံတရာကို ကြမ်းပြင်ပေါ်မှာ ဒရွတ်တိုက် ဆွဲလာတဲ့ အသံကိုလည်း တစ်ဆက်တည်း ကြားနေရပါတယ်။

တော်တော်လေး ကြာတော့မှ.. အိမ်တံခါးမကြီး ပွင့်လာတယ်။ တံခါးဝမှာတော့ အင်မတန် သေးကွေးပြီး အသက်ကိုးဆယ်လောက် ရှိမဲ့ အဖွားအိုတစ်ဦး ရပ်လို့..။

လွန်ခဲ့တဲ့ ၁၉၄၀လောက်တုန်းက ရုပ်ရှင်တွေထဲမှာ တွေ့ရတဲ့ ဦးထုပ် နဲ့ အဝတ်အစားတွေကို ဝတ်ဆင်ထားတဲ့ သူမအသွင်ဟာ အင်မတန်မှကို ရှေးကျလွန်းလှတယ်။

သူမရဲ့ဘေးမှာတော့ နိုင်လွန်နဲ့ ချုပ်ထားတဲ့ ခရီးဆောင်အိတ်လေး တစ်လုံး....။

အိမ်ကို ကြည့်ရတာ နှစ်ပေါင်းများစွာ လူနေတဲ့ဟန်လဲ မရှိပါဘူး..။ အိမ်ထောင်ပရိဘောဂတွေ အားလုံးကို ပိတ်ဖြူစတွေနဲ့ လွှမ်းအုပ်ထားတယ်။

နံရံတွေမှာလဲ နာရီနဲ့တူတာဆိုလို့ ဘာတစ်ခုမှ မရှိဘူး။ အလှပြပစ္စည်းတွေ ထားတဲ့ နေရာမှာလဲ ဘာတစ်ခုမှ တန်ဆာ ဆင်ထားတာ မတွေ့ရဘူး။ အိမ်သုံး ပစ္စည်းတွေ၊ မီးဖိုသုံး ပစ္စည်းတွေတောင် ဘာတစ်ခုမှ ရှိပုံ မရပါဘူး..။

အခန်းထောင့် တစ်နေရာမှာတော့ ဓာတ်ပုံတွေရယ်..၊ ဖန်ထည်ပစ္စည်းတွေရယ်ကို ပုံးလွတ်တစ်ခုထဲ စုပြုံ ထည့်ထားတာ တွေ့ရတယ်။

“အဖွားရဲ့အိတ်ကို သယ်ပေးနိုင်မလား”

အဖွားအိုရဲ့ အသံကို ကြားမှ ကျွန်တော်လဲ စပ်စပ်စုစု ကြည့်နေမိတာကို သတိရပြီး ကပျာကရာ သူ့အိတ်ကို ကားထဲ အပြေး သွားထားလိုက်ရတယ်။ နောက်တော့.... အဖွားအိုကို တွဲကူဖို့ ပြန်လာခဲ့တယ်။

အဖွားအိုက ကျွန်တော့် လက်မောင်းကို ဆွဲကိုင်ပြီး ကျွန်တော့် တက္ကစီ ရပ်ထားရာကို ဖြည်းဖြည်းချင်း လျှောက်လာခဲ့တယ်။

ကားဆီ သွားရာ လမ်းတစ်လျှောက်လုံး အဖွားအိုက သူ့အပေါ် ကြင်နာတဲ့အတွက် ကျွန်တော့်ကို ကျေးဇူးတင်စကားတွေ တဖွဖွ ပြောလာခဲ့ပါတယ်။

“ဒါ.. ဘာမှ မဖြစ်စလောက်လေးပါ အဖွားရယ်”

“ကျွန်တော့် အမေ၊ ကျွန်တော့် မိသားစုဝင်တွေကို ပြုစုစောင့်ရှောက် သလိုမျိုး .. ခရီးသည်တွေကို ဆက်ဆံတာဟာ ကျွန်တော့်အကျင့် ဖြစ်နေပါပြီ”

“အို..... လိမ္မာလိုက်တဲ့ လူလေးရယ်”

အဖွားအိုက ကျွန်တော့်လက်မောင်းကို တင်းတင်းဆုပ်ကိုင်ရင်း ကျေကျေနပ်နပ် ရေရွတ်လိုက်တယ်။

ကျွန်တော့်ကားထဲမှာ အဖွားအိုကို နေရာချထားပြီး နောက်တော့ သူမက လိပ်စာတစ်ခု ကျွန်တော့ကို ပေးတယ်။

“မြို့ထဲကနေ ပတ်ပြီး မောင်းပေးပါလား လူလေးရယ်” လို့လဲ တောင်းတောင်းပန်ပန် လေသံနဲ့ ပြောနေပါတယ်။

“အဲတာဆို လမ်းကြောရှည်သွားမှာပေါ့ အဖွားရဲ့၊ အဖွား သွားချင်တဲ့ နေရာကို ဘယ် မြန်မြန် ရောက်နိုင်ပါ့မလဲ”

အဲဒီလို ခပ်သွက်သွက် ကျွန်တော် ပြန်ဖြေလိုက်တော့ အဖွားအိုက သက်ပြင်း တစ်ချက်ကို ခပ်လေးလေးချရင်း အဝေးတစ်နေရာကို ငေးကြည့်ပြီး ပြောတယ်..။

“အဖွားက လူအိုရုံကို သွားရမှာလေ လူလေးရဲ့...။ အဲဒီတော့ အဖွား အလျဉ်လိုစရာ ကိစ္စ ဘာမှ မရှိပါဘူးကွယ်...”

နောက်ကြည့်မှန်ကနေ တဆင့် အဖွားအိုကို ကျွန်တော် လှမ်းကြည့်မိတော့ အဖွားအိုရဲ့ မျက်လုံးထဲမှာ နာကျင်ဝမ်းနည်းရိပ်တွေကို တွေ့မြင်နေရတယ်..

“အဖွားမှာ မိသားစုလဲ မရှိတော့ဘူး..။ ဆရာဝန်ကလဲ အဖွားကို အချိန်သိပ်မကျန်တော့ဘူး.. လို့ နောက်ဆုံးစကား ပြောထားခဲ့ပြီးပြီ...”

ကြေကြေကွဲကွဲ ပြောနေတဲ့ အဖွားအိုရဲ့ စကားသံ အဆုံးမှာ ကားထဲက မီတာဖတ်တဲ့ စက်ကလေးကို ကျွန်တော် ပိတ်ပလိုက်တယ်...။

“ဒါဆိုရင်လဲ အဖွား ဘယ်လမ်းမကြီးအတိုင်း သွားချင်ပါသလဲခင်ဗျာ...”

နောက်နှစ်နာရီလုံးလုံး အဖွားအို သွားချင်တဲ့ နေရာမှန်သမျှ.. လမ်းမှန်သမျှကို ကျွန်တော် ကားမောင်း ပို့ခဲ့ပါတယ်...။

သူမ ယခင်က ဓာတ်လှေကား ထိန်းချုပ်ရေးမှူးအဖြစ် အလုပ်လုပ်ခဲ့တဲ့ အဆောက်အဦးကိုလည်း ပြတယ်။

သူမတို့ လက်ထပ်ပြီးကာစမှာ သူမနဲ့ သူမအမျိုးသား နေထိုင်ခဲ့ဖူးတဲ့ ရပ်ကွက်ကိုလဲ လိုက်ပြတယ်။

ဂိုဒေါင်ကြီး တစ်ခုဆီ ကားကို မောင်းပို့ခိုင်းပြီး.. အဲဒီ အဆောက်အဦးဟာ သူမ ငယ်ငယ်တုန်းက.. အကသင်တန်းကျောင်း ဖြစ်ခဲ့တာတွေရယ်.. အကသင်တန်းတက်ရင်း ပျော်မြူးခဲ့တဲ့ ခလေးမလေးဘဝရယ်..ကို ပြောပြနေပြန်တယ်..။

တစ်ခါတစ်ခါမှာတော့ အဖွားအိုဟာ သာမာန် မထူးခြားတဲ့ အဆောင်အဦးရှေ့မှာ.. ဒါမှ မဟုတ် လမ်းချိုးလမ်းကွေ့လေး တစ်ခုရှေ့မှာ ကားကို ဖြည်းဖြည်း မောင်းခိုင်းချင် မောင်းခိုင်းမယ်..။ ဒါမှ မဟုတ် ခဏ ရပ်ခိုင်းချင် ရပ်ခိုင်းမယ်...။ ပြီးရင်.. ဘာစကားမှ မပြောပဲ အမှောင်ထဲကို လှမ်းကြည့်နေတဲ့ မျက်လုံးတွေနဲ့ ငေးမော နှုတ်ဆိတ်နေပြန်တယ်...။

နေလုံးကြီးက အနောက်ဘက်မှာ မေးတင်နေခဲ့ပြီး ညနေဆည်းဆာချိန်ကို ရောက်လာတော့မှ အဖွားအိုက..

“အဖွား ပင်ပန်းနေပြီကွယ်.. အဖွားသွားမဲ့ နေရာကို ပို့ပေးလို့ ရပါပြီ” လို့ ရုတ်တရက် ပြောလိုက်တယ်..။

အဖွားအို ပေးထားတဲ့ လိပ်စာအတိုင်း ကားကို ဦးတည်မောင်းနှင်နေရင်း ကျွန်တော်တို့ နှစ်ယောက်လုံး ဘာစကားမှ မပြောဖြစ်ကြတော့ပဲ တိတ်ဆိတ်နေခဲ့ကြတယ်..။

အဖွားအိုရဲ့ လိပ်စာဟာ ကျယ်ဝန်းလှတဲ့ တစ်ထပ်တိုက် ပုပုလေး ရှိတဲ့ ခြံကျယ်ထဲမှာ အဆုံးသတ်တယ်..။ နေရာလေးက ကျန်းမာရေး ပြုစုစောင့်ရှောက်ဖို့ လိုအပ်နေတဲ့ ဘိုးဘွားရိပ်သာလေးနဲ့ မတူပဲ အေးငြိမ်းချမ်းမြပြီး သာသာယာယာ ရှိတာကို ခြံဝင်းထဲ ကားမောင်း ဝင်သွားရင်း ကျွန်တော် သတိထားမိတယ်..။

ကားကို ပေါ်တီကို အောက်မှာ ရပ်လိုက်တဲ့ အချိန်.. အဆောက်အဦးထဲက အမျိုးသမီးနှစ်ဦး ထွက်လာပြီး အဖွားအိုကို ဆီးကြိုကြတယ်..။

နှစ်ယောက်လုံးဟာ အဖွားအိုကို အရိပ်တကြည့်ကြည့် နဲ့ ကြင်နာ ဖေးမကြပြီး.. ရောက်သင့်ချိန်မှာ မရောက်လာတဲ့အတွက် စိတ်ပူပန် စိုးရိမ်နေကြဟန်ကိုလဲ တွေ့ရပါတယ်..။

ကားနောက်ဖုံးက ခရီးဆောင်အိတ်ကို ယူပြီး ကျွန်တော် အပေါက်ဝနားရောက်ချိန်မှာ အဖွားအိုက ဧည့်ကြိုခန်းမထဲက စက်တပ်ဘီးကုလားထိုင်ပေါ်မှာ ရောက်နေခဲ့ပြီ..။

”လူလေးကို တက္ကစီခ အဖွား ဘယ်လောက်ပေးရမလဲ....”

အဖွားအိုက သူ့ ပိုက်ဆံအိပ်ကလေးကို ဖွင့်ရင်း ကျွန်တော့်ကို မေးတယ်..။

“ဘယ်လောက်မှ မပေးပါနဲ့ အဖွားရယ်..”

“အို.. မဟုတ်တာ..၊ လူလေးမှာ စားဝတ်နေရေးက ရှိသေးတယ်လေကွယ်....”

“တခြား ခရီးသည်တွေ ဆီက ကျွန်တော် ယူမှာပေါ့ အဖွားရဲ့”

ကျွန်တော်က ရယ်မောပစ်လိုက်ရင်း အဖွားအိုကို ပြောလိုက်တယ်..။

နောက်တော့ ကြိုတင်ရည်ရွယ်မထားပါပဲ အဖွားအိုကို ကျွန်တော် နွေးနွေးထွေးထွေး ပွေ့ဖက်မိသွားတယ်..။

အဖွားအိုကလဲ ကျွန်တော့်ကို တင်းတင်းကျပ်ကျပ် ပြန်ဖက်လို့ထားတယ်..။

“အင်မတန် ကြည်နူးချမ်းမြေ့ဖို့ ကောင်းတဲ့ နေ့တစ်နေ့ကို လူလေးက အဖွားကြီး တစ်ယောက်အတွက် ပေးခဲ့ပြီ”

ကျွန်တော့်ကျောပြင်ကို ဖွဖွလေး ပုတ်ရင်း အဖွားအိုက ခပ်တိုးတိုး ပြောတယ်..။

“လူလေးကို သိပ်ကျေးဇူးတင်ပါတယ်.. သေသည်အထိ အဖွား ဒီနေ့လေးကို အမှတ်ရနေမှာပါ”

အဖွားအိုရဲ့ လက်ကို ခပ်ဖွဖွ ဆုပ်ကိုင်ပြီး ကျွန်တော် ပြုံးပြလိုက်တယ်..။ နောက်တော့ မှောင်ရီစပြုနေတဲ့ ညခင်းထဲ တိုးထွက်လာခဲ့ပါတယ်..။ အပြင်ရောက်တော့ ကျွန်တော့် နောက်ကျောဖက်ကနေ တံခါးပိတ်သံတိုးတိုးကို ကြားလိုက်ရတယ်..။

အလို.... အဲဒီ အသံဟာ.. ဘဝတစ်ခုကို ပိတ်ပစ်လိုက်တဲ့ အသံလေလား......။

ဘယ်ခရီးသည်ကိုမှ မတင်တော့ပဲ ကားကို ဦးတည်ရာမဲ့ မောင်းနေရင်း အတွေးတွေထဲ ကျွန်တော် လွင့်မျောနေမိတယ်..။ အချိန်အတိုင်းအတာ တစ်ခုထိ ကျွန်တော် ဘယ်သူနဲ့မှ စကား ပြောနိုင်မှာ မဟုတ်တော့ဘူး ဆိုတာလဲ ကိုယ့်ဘာသာ သိနေတယ်..။

တကယ်လို့များ အဖွားအိုဟာ.. ဒေါသကြီးတတ်..၊ စိတ်မရှည်တတ်တဲ့ တက္ကစီမောင်းသူနဲ့ တွေ့များ တွေ့ခဲ့ရင်..။ တကယ်လို့များ ကျွန်တော်က ဟွန်း တစ်ခါ နှစ်ခါလောက်ပဲ တီးပြီး အဖွားအိုရဲ့ အိမ်တံခါးကို သွားမခေါက်ပဲ လှည့်ပြန်သွားခဲ့ရင်...။

ဖြတ်ခနဲ ကျွန်တော် စဉ်းစားမိတာက.. ကျွန်တော်ဟာ ကျွန်တော့်ဘဝအတွက် လုပ်သင့်လုပ်ထိုက်တာတွေကို မလုပ်ရသေးဘူး...။

ကျွန်တော်တို့ရဲ့ ဘဝတွေဟာ အင်မတန် ကြီးကျယ်မြင့်မြတ် ခမ်းနားတဲ့ အချိန်တွေရှိမှန်း သိဖို့ အခြေအနေတွေ အများကြီး ရှိပါတယ်..။ ဒါပေမဲ့ အဲဒီ ခမ်းနားတဲ့ အချိန်တွေကို ကျွန်တော်တို့က မသိလိုက် မသိဖာသာ ဖြတ်သန်းချင် ဖြတ်သန်းသွားမိတတ်ကြတယ်..။ တစ်ချို့ကျပြန်တော့ လှလှပပ ထုပ်ပိုးထားတဲ့ အသေးအမွှား ပစ္စည်းလေး တစ်ခုလိုပဲ ဖြစ်နေပါလိမ့်မယ်..။

လူတွေက ကျွန်တော်တို့ ဘာလုပ်ခဲ့တယ်.. ဘာပြောခဲ့တယ်ဆိုတာကို အမှတ်ရချင်မှ ရမယ်..။ ဒါပေမဲ့ ကျွန်တော်တို့က သူတို့ကို ဘာတွေခံစားစေခဲ့လဲ ဆိုတာတော့ အမြဲ အမှတ်ရကြပါလိမ့်မယ်..။

ဘဝဆိုတာ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ ပျော်ရွှင်စရာ ဇာတ်ခုံတစ်ခု ဖြစ်ချင်မှ ဖြစ်နိုင်လိမ့်မယ်..။ သို့သော်... ကျွန်တော်တို့ အားလုံးဟာ အဲဒီ ဇာတ်ခုံပေါ်မှာ ကျရာနေရာကနေ ပါဝင် ကပြနေရအုံးမှာပါ....။


*****************

ဖတ်ထားဖူးတဲ့ စာလေးတစ်ပုဒ်ကို နားလည်သလို ဘာသာပြန်ထားတာပါ...။


မေတ္တာဖြင့်
မိုးကုတ်သား

Wednesday, May 5, 2010

“လူချွန်လူကောင်း”


ဖွားမေ့ (ခေါ်) မက်မက် က မြန်မာသံစဉ်စစ်စစ်သီချင်း ဆိုပြီး တက်ဂ်ထားပါတယ်။ စည်းကမ်းချက် ငါးခုနဲ့ပါ..။

“မြန်မာသံစဉ် စစ်စစ် ဖြစ်ရမယ်” တဲ့.. (ဘောင်ဝင်မယ် ထင်ပါတယ်)

“ဗုဒ္ဓဝင်တေး မဖြစ်ရဘူး၊ ရှေးသီချင်းဆိုလည်း ရတယ်” ဆိုတော့ ကျွန်တော် ကြိုက်တဲ့ ကိုအံ့ကြီး သီချင်းတွေပဲ ပြေးမြင်မိပါတယ်...
ဦးဆုံး ကသစ်ပန်း ကို တင်မယ်ဆို ပို့စ် ပြင်ဆင်ပြီးကာမှ နောက်ကား ကျော်တက်ခြင်း ခံလိုက်ရတဲ့အတွက် လူချွန်လူကောင်း သီချင်းကိုပဲ တင်မယ် ဆုံးဖြတ်လိုက်တယ်...

“အချစ်တေးသီချင်းသာ (အလွမ်း၊ အဆွေး နှစ်သက်ရာ) ဖြစ်ရမယ်” သတ်မှတ်ထားပေမဲ့ ကျွန်တော် တင်ချင်တဲ့ သီချင်းက စည်းကမ်း ဖောက်သလို ဖြစ်နေပါရောလား......

“ပို့စ် ခေါင်းစဉ်က သီချင်း ခေါင်းစဉ် ဖြစ်ရမယ်” ..... ဒါတော့

“သီချင်းစာသား ပါ ရမယ်” လို့ စည်းကမ်း ထုတ်ထားတော့.. ဒီသီချင်းရဲ့ စာသား ရှာမရလို့ သီချင်းဖွင့် နားထောင်ပြီး.... နားထဲ ကြားမိသမျှ ချရေးရတာပေါ့..။ အမှားများ ပါခဲ့ရင်လဲ ပြင်ဆင်ပေးခဲ့ကြပါခင်ဗျာ.....

ကျွန်တော်တို့ မြန်မာတွေ အမျိုးကောင်းသား/သမီးများ..... “လူချွန်လူကောင်း” များ.... အဖြစ် နိုင်ငံတကာမှာ လက်မထောင် မော်ကြွားနိုင်သူတွေ ဖြစ်ကြပါစေ......။











“လူချွန်လူကောင်း


တေးရေး = မြို့ မငြိမ်း
တေးဆို = ကိုအံ့ကြီး



ရှုမဆုံးတော့သည်.......
စိမ်းလဲ့လဲ့ နှစ်စဉ်.. လယ်ကွင်းတွေက တမျှော်တခေါ် စိုပြေလွင်...
ရိတ်သိမ်းချိန် ဆိုပြန်လျှင်...ဝင်းမှည့်ရွှေစင်အိသို့ပင်....
စပါးနှံတွေနဲ့ အသီးတွေ သန်မြန်အောင်.. မြင်......။
မနက်ခင်း စိတ်ရွှင်... လန်း..ကြစေ ဆွဲငင်....ဥသြသံနွဲ့ နာပျော်.. ကြည်ကြည်လင်...
လုပ်ငန်းခွင် ကိုယ်စီဝင်.... စက်ရုံပြည်နယ် အရပ်ရပ်တွင်....
ကျည်း.. ရေ... တစ်ခွင်က... ရောင်းဝယ် စုန်ဆန်..သာစည်ပင်....။
လူချွန်လူကောင်းများတို့... ပေါင်းစုအားတွင်...
ကျွန်တော့်မိတ်ဆွေတွေကို... ကြည်ညိုစွာ.. မြင်... လိုက်ချင်....
ဗမာ့သားကောင်းများကို... အဆိုအတီးမှုနဲ့ပင်... ရို.. သေ.. ခင်မင်...
အား.. တက်... အလေးပြုလျှက်ပဲ... အ... စဉ်.........။

ရှုမဆုံးတော့သည်.......
စိမ်းလဲ့လဲ့ နှစ်စဉ်.. လယ်ကွင်းတွေက တမျှော်တခေါ် စိုပြေလွင်...
ရိတ်သိမ်းချိန် ဆိုပြန်လျှင်...ဝင်းမှည့်ရွှေစင်အိသို့ပင်....
စပါးနှံတွေနဲ့ အသီးတွေ သန်မြန်အောင်.. မြင်......။
မနက်ခင်း စိတ်ရွှင်... လန်း..ကြစေ ဆွဲငင်....ဥသြသံနွဲ့ နာပျော်.. ကြည်ကြည်လင်...
လုပ်ငန်းခွင် ကိုယ်စီဝင်.... စက်ရုံပြည်နယ် အရပ်ရပ်တွင်....
ကျည်း.. ရေ... တစ်ခွင်က... ရောင်းဝယ် စုန်ဆန်..သာစည်ပင်....။
လူချွန်လူကောင်းများတို့... ပေါင်းစုအားတွင်...
ကျွန်တော်တို့မိတ်ဆွေတွေကို... ကြည်ညိုစွာ.. မြင်... လိုက်ချင်....
ဗမာ့သားကောင်းများကို... အဆိုအတီးမှုနဲ့ပင်... ရို.. သေ.. ခင်မင်...
အား.. တက်... အလေးပြုလျှက်ပဲ... အ... စဉ်.........။


ကစားခုန်စား စွမ်းအားဘက်တွင်.... စံချိန်ရင်ဘောင် တန်းလိုက်လျက်ပင်.....
ခေတ်မှီမှီ ကမ္ဘာကြီး ကြည့်မြင်... သန်မြန်ယောက်ျားဘသားလျှင်...
လျှပ်စစ်အား အသုံးများတဲ့အပြင်... တွင်တွင်ကျယ်ကျယ် ထက်အောက်မြေတခွင်...
သစ်ပင်တွေ.. မြေတွင်း ဓာတ်တွေ.... ဖော်ယူနိုင်စွမ်း တတ်ကျွမ်းကျင်...၊
ကမ္ဘာမြေ ပထဝီဝင်.... ကမ္ဘာ့သမိုင်း.. ရာဇဝင်........ သုံး.. သပ် လေ့လာ.. သင်.....
အကြံဥာဏ် ဝေဖန်.. မျှော်လို့.. မြင်...... ငါတို့ပြည်ထောင်စုတွင်....
ကမ္ဘာ့ရေကြောင်း.. သင်္ဘော မောင်းနှင်.....၊ ရေပြင် ရေပြင် နှံ့စပ်စုံလင်...
တို့ လူချွန်လူကောင်း တစ်စုတွင်... ပါဝင် တစ်ယောက်ဆို တစ်အား..ပင်.....။

ဆရာဝန် ပညာတွေကိုသင်....ခေတ်ရော ရှေးမှီ သမားကျော်များပင်...
လူထုကို ကိုယ်နဲ့ထပ်တူ..ချစ်ခင်.. ရင်ဝယ်... ထား......
ညွှန်ကြား... ညွှန်ကြား...... သန်ထွားကျန်းမာ ကြံ့ခိုင်အားအင်........
ခလေးလေးတွေ ပညာရရှိဖို့တော့... အဖမည် ပုံတွင်.... အာစရိတွေပင်....
ခလေးလေးတွေ ပညာရရှိဖို့တော့... အဖမည် ပုံတွင်.... အာစရိတွေပင်....
လူချွန်လူကောင်းလေးတွေဖြစ်အောင်... မြေတောင်.. မြှောက်ကာ မြင့်တင်...

ကစားခုန်စား စွမ်းအားဘက်တွင်.... စံချိန်ရင်ဘောင် တန်းလိုက်လျက်ပင်.....
ခေတ်မှီမှီ ကမ္ဘာကြီး ကြည့်မြင်... သန်မြန်ယောက်ျားဘသားလျှင်...
လျှပ်စစ်အား အသုံးများတဲ့အပြင်... တွင်တွင်ကျယ်ကျယ် ထက်အောက်မြေတခွင်...
သစ်ပင်တွေ.. မြေတွင်း ဓာတ်တွေ.... ဖော်ယူနိုင်စွမ်း တတ်ကျွမ်းကျင်...၊
ကမ္ဘာမြေ ပထဝီဝင်.... ကမ္ဘာ့သမိုင်း.. ရာဇဝင်........ သုံး.. သပ် လေ့လာ.. သင်.....
အကြံဥာဏ် ဝေဖန်.. မျှော်လို့.. မြင်...... ငါတို့ပြည်ထောင်စုတွင်....
ကမ္ဘာ့ရေကြောင်း.. သင်္ဘော မောင်းနှင်.....၊ ရေပြင် ရေပြင် နှံ့စပ်စုံလင်...
တို့ လူချွန်လူကောင်း တစ်စုတွင်... ပါဝင် တစ်ယောက်ဆို တစ်အား..... ပင်........။






မေတ္တာဖြင့်
မိုးကုတ်သား