Tuesday, January 15, 2013

ပါးစပ် ရာဇဝင်လေး ရှိခဲ့ဖူးတယ်


ပါးစပ် ရာဇဝင်လေး ရှိခဲ့ဖူးတယ်

ပတ္တမြားမှန်ရင် အပြစ်အနာအဆာ တစ်ခုတော့ ရှိစမြဲ။ အပြစ်တစ်စုံတရာမရှိ စင်းလုံးချော ကောင်းနေရင်တော့ ဒီပတ္တမြားဟာ အစစ်မဟုတ်နိုင် အတုဖြစ်ဖို့ရာခိုင်နှုန်း ပိုများတယ် လို့ ဆိုတတ်ကြတယ်။
  
တခါတုန်းက သူဆင်းရဲ တစ်ယောက်ဟာ သူရင်းငှားအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းမှု ပြုနေရတယ်။ တစ်နေ့တော့ တောထဲ ထင်းခုတ်သွားရင်း သစ်ဥသစ်ဖုတစ်ချို့ကို ဝမ်းစာအတွက် တူးဆွ ရှာရာက အပြစ်အနာအဆာကင်းကာ အရောင်အသွေး အင်မတန် လှပတဲ့ စင်းလုံးချောပတ္တမြား တစ်ပွင့်ကို ရခဲ့တယ်တဲ့။ သူဆင်းရဲဟာ ငါတော့ သူဌေးဖြစ်ပြီကွ ဆိုကာ မြို့ထဲ ဒုန်းပြေးကာ သူ အလုပ်လုပ်ရာ သူဌေးဆီကို ပတ္တမြား သွားရောင်းတယ်။ သူဌေးက အပြစ်အနာအဆာ မရှိတဲ့ ဒီ ပတ္တမြားကို အတုဖြစ်မှာ စိုးလို့ မဝယ်ရဲဘူး။ သူ့ မိတ်ဆွေ တခြား သူဌေးတွေ ရှိရာ လမ်းညွှန်လို့ သူဆင်းရဲဟာ ပတ္တမြားကို ကိုင်ကာ သူဌေးအိမ်တွေ တစ်အိမ်ပြီးတစ်အိမ်   လိုက်ရောင်းလို့ မြို့ထဲမှာရှိတဲ့ လူချမ်းသာအိမ်တွေသာကုန်ရော။ ဘယ်သူမှ မဝယ်ရဲကြဘူး တဲ့။

ဒီလိုနဲ့ သူဆင်းရဲဟာ ပြည်တန် ပတ္တမြားကို သူ့အသက်လို စောင့်ရှောက်ကာ ဝယ်ယူမဲ့သူကိုသာ မျှော်လင့်နေရတယ်။   ဒါဟာ ပြည်တန်ပတ္တမြားဆိုတာလည်း သူသိလေတော့ ဈေးကို ပေါပေါပဲပဲ လည်း သူ လုံးဝ မရောင်းတော့ဘူး လို့ ဆုံးဖြတ်ထားလိုက်တယ်။ ဒီတော့ စစ်စစ် တုတု ဈေးပေါပေါနဲ့ ရ ဝယ်ထားလိုက်မယ် ဆုံးဖြတ်ပြီး သူ့ဆီ ပတ္တမြား လာတောင်းဝယ်သူတွေကိုလဲ သူလိုချင်တဲ့ဈေးမရပဲ သူဆင်းရဲဟာ လုံးဝ မရောင်းတော့ဘူး။
သူ့မှာ သူပိုင်တဲ့ ဒီပတ္တမြားကို ခိုးသူဓားပြရန်ကလည်း ကြောက်လေတော့ အရင်လိုလဲ အပူအပင် ကင်းကင်း မအိပ်နိုင် မစားနိုင်ရှာဘူး။ သွားလေရာရာ သူ့ ပတ္တမြားကို ခါးပုံစထဲ ကျစ်ကျစ်ပါ ထည့်စည်းကာ အလုပ် လုပ်နေရင်းလည်း ဒီပတ္တမြားကို ပြုတ်ကျကျန်လေမလား  ခနခန စမ်းကာ နေ နေရသတဲ့။ နောက်ဆုံးတော့ ပတ္တမြားကို ဝယ်ယူနိုင်သူလဲ ရှာမတွေ့  တနေ့ ဝယ်သူ ပေါ်လာနိုး မျှော်ကိုးရင်း ဘာ အနာအဆာမှ မရှိ စင်းလုံးချောမွတ်နေတဲ့ ဒီ ပတ္တမြားကြီးကို စောင့်ရှောက်နေရတာ တဖြည်းဖြည်း စိတ်ပင်ပန်း ချိနဲ့ကာ             အိပ်ယာထဲ လဲပါလေရော။

အလုပ် မလုပ်နိုင်တော့ ဒုက္ခဖြစ်ရှာတဲ့ သူဆင်းရဲဟာ စိတ်တွေ ထွေကာ အဖျားတက်နေချိန် စိတ်ရူးနဲ့ ငါ ခုလိုဖြစ်ရတာ နင့်ကြောင့် ဆိုကာ ပတ္တမြားတုံးကြီးကို အစိတ်စိတ်အမွှာမွှာ ရိုက်ခွဲပစ်လိုက်ပါလေရော။ နောက်တော့ သူဟာ အဖျားဒဏ်နဲ့ သေဆုံးသွားသတဲ့။

သူ့ အလုပ်သမား ပေါ် မလာလို့ အိမ်လိုက်လာတဲ့ သူဌေးရောက်လာမှ သူဆင်းရဲ သေဆုံးသွားမှန်း သိကြရတယ်။ နောက်ပြီး သူ တစ်ချိန်လုံး လိုက်ရောင်းနေတဲ့ အပြစ်အနာကင်းတဲ့ စင်းလုံးချော ပတ္တမြားတုံးဟာ ခုလို အစိတ်စိတ်အမွှာမွှာ ကွဲနေတော့မှ ပတ္တမြား အစစ်ဖြစ်မှန်း လူတွေ သိကြတော့တယ်တဲ့။

ဒါနဲ့ သူ့သူဌေးဟာ ကွဲကြေသွားတဲ့ ပတ္တမြား အစိတ်အပိုင်းတွေထဲက ရောင်းလို့ရတဲ့ အပိုင်းအစလေးတွေကို ရောင်းချကာ သူဆင်းရဲအတွက် ရည်စူးကာ စေတီလေးတစ်ဆူ ဆောက်လုပ်ကာ လှူဒါန်းပေးလိုက်ရသတဲ့ကွယ်။

ပုံပြင်လေးကတော့ ဒါပါပဲခဗျာ။

မေတ္တာဖြင့်
မိုးကုတ်သား

Friday, January 4, 2013

လွဲရလေတယ် မိုးကုတ်သားရယ်



လွဲရလေတယ် မိုးကုတ်သားရယ်

ဒီနေ့ မိုးကုတ်သားတို့ နိုင်ခြံဂါးကြီးကို သွားရဖို့အရေးအတွက် ဆေးရုံ ရောက်နေပါတယ်။ တစ်လွဲ မတွေးကြပါနဲ့။ သယ်ရင်းတွေက ဆေးစစ်ချက်တွေ အကုန် ယူလာခဲ့ ဆိုလို့ အထူးကုဆေးခန်းမှာ ဆေးသွားစစ်ရတာပါ။
ဘာအမွေမှ မပေးပဲ ကျွန်တော့် အုပ်ထိန်းသူ ရာထူးကို အပိုင်စား ယူထားတဲ့ ညီမ သုံးယောက်ကလဲ သားတော်မောင်ကြီး ကို အားငယ်ရှာမှာ စိုးရိမ်ပြီး အထူးကုဆေးခန်းကို အဖော် လိုက်လာခဲ့ကြတယ်။ (သူတို့က ဟို ကောင်မလေးနဲ့ သဘောမတူဘူး။ ဒီကောင်မလေးနဲ့ သဘောမတူဘူး ဖျက်ကြလွန်းလို့ ခုထိ ကျွန်တော့်မှာ သတို့သမီး ရှာမရသေးပါဘူး။ မျောက်စိန် လို အတင်းပြောပြီး ကြော်ငြာဝင်တာ။ အမေတို့က ဒီဘလော့မှာ စာလာမဖတ်ဘူးလေ။ အမေတို့ကို သွားမပြောရဘူးနော်။ သိရင် တစ်ခါမှ မပေးဖူးတဲ့ အမွေတွေ ပြန်သိမ်းခံထိနေမှာ)
အဲဒီနေ့က ဆေးရုံမှာ လူက ခပ်ရှင်းရှင်း။ ကျွန်တော်ရယ်၊ အသက်လေးဆယ်အရွယ် အမတစ်ယောက်ရယ်၊ အသက် နှစ်ဆယ်ကျော်လောက် ရှိမဲ့ ကောင်မလေးတစ်ယောက်ရယ်။ စုစုပေါင်း သုံးယောက်ပေါ့။ ဆရာဝန်နဲ့ တွေ့ပြီး ဘာအတွက် ဆေးစစ်ရတဲ့အကြောင်း ဖြေပြီးတော့ ကျွန်တော့် အလှည့်ကို စောင့်ရအုံးမယ်တဲ့။ တုံကင်ပြားလေး ထုတ်ပေးတယ်။ ဒါနဲ့ အမေသုံးယောက်ကလည်း လ္ဘည့်ရည်ဆိုင်ကနေပဲ ထိုင်စောင့်နေမယ် ပြောပီး ထွက်သွားခဲ့ကြပြီ။
ကျွန်တော့် အလှည့်မှာ သွေး နမူနာ ယူဖို့ သွေးဖောက်တော့ နဲနဲ နာရုံလောက်၊ အေးဆေးပေါ့။ ကျွန်တော် က အပြုံး မပျက်။ အဲ စတာက အီးစီဂျီလား အိပ်စ်ရေး လား ရိုက်ဖို့ ဆိုတာကနေပေါ့ဗျာ။ ကျွန်တော့်ကို အခန်းတစ်ခုထဲ ခေါ်သွားရော။ ပြီးတော့ စက်ကြီး တစ်ခုရှေ့မှာ ရင်ဘတ်ကြီး ကပ်နေအောင် ကျွန်တော့်နောက်ကျောကို အတင်းတွန်းဖိထားပြီး ရပ်ခိုင်းပါလေရော။ ကျွန်တော်ကလဲ အဲဒီ ကပ်ထားရတဲ့ စက်ကြီးထဲက ရောင်ခြည်တွေ ဘာတွေ ထွက်လာပြီး ဗိုက်တွေ ရင်ဘတ်တွေ ဖောက်မလား ဇောချွေးတွေ ပျံလာပါရော။ ဘာလုပ်မှာလဲ ဆိုတာလဲ အဲဒီ အမကြီးက မပြောဘူး။ ရင်ဘတ်ကို မသိမသာ ခွာလိုက်မိတဲ့ ကျွန်တော့်ကို “ဟဲ့၊ ရင်ဘတ်ကို ဇွတ်ဖိ ကပ်ထားပါဆို” လို့ ပြောလဲပြော၊ ကျွန်တော့်ကိုလဲ ဆွဲစိထားပြန်ရော။ ရင်ဘတ်ကြီးနဲ့ သူကပ်ခိုင်းထားတဲ့ စက်ကြီး စိနေအောင် ဆွဲကပ်ထားတာ ပြောတာနော်။ ဗမာစကားကလဲ အနှောင့်အသွားက မလွတ်တလွတ်ဆိုတော့ သတိထားရတယ်။ အဲလို ဆွဲစိထားပြီး သူမက ခလုတ်တွေ တဂျောက်ဂျောက်နှိပ်နေသလား ကျွန်တော် မမြင်တော့ဘူး။ မျက်စိမှိတ်ထားတယ်လေ။ သူ လွှတ်မယ်ဆိုတဲ့ ရောင်ခြည်တန်းက ဖွင့်ထားတဲ့ မျက်စိထဲ ၀င်ပြီး တစ်ခုခု ဖြစ်သွားရင် ခက်သားလား။ သူမ က “ရပြီ” ပြောမှ ကျွန်တော် မျက်စိကိုဖွင့်၊ အသက် ၀၀ ရှူရဲတော့တယ်။
အီးစီဂျီဆိုလား အိပ်စ်ရေးဆိုလား အဲတာ ရိုက်ပြီးတော့ မပီးသေးဘူး။ ဆီးတဲ့.....။ ဆီး စစ်ရအုံးမယ်တဲ့။ အမလေးဗျာ ၊ ကျွန်တော် ရှက်တာပေါ့။ အစောနက အိပ်စ်ရေး ရိုက်ပေးတဲ့ အမရယ် ကောင်တာက ကောင်မလေးရယ် ရှေ့မှာ ဆီး စစ်ရရင် တစ်သက်လုံး ဖုံးထားသမျှ အရှက် ဆီးစစ်ချက်နဲ့ ပေါ်ရတော့မယ် ဆို ရှက်သိန်းတွေ (ရှက်လို့ ကြက်သီး တွေ ထတာ ပြောတာပါ) ဖြန်းဖြန်း ထပြီး ပါးတွေ နားတွေကို ရဲနွေးလို့။ အဲတာနဲ့ ဟို အမကြီးက “ဟဲ့၊ ဒီ ပုလင်းလေးထဲ ထည့်ခဲ့ရမှာ။ ဒီနေရာမှာ ဆီး ယူမှာ မဟုတ်ဘူး။ အနောက်ဘက်မှာ အိမ်သာ ရှိတယ်။ ဒီပုလင်းပြည့်အောင် ကိုယ့်ကိစ္စကို ကိုယ့်ဘာသာ ဖြေရှင်းခဲ့” လို့ ပြောတော့မှ ရှက်မျက်နှာ နောက်ထားပြီး “အဟီး” ဆို ဟင်းခနဲ သက်ပြင်း ကျိတ်ချနိုင်တော့တယ်။
အဲဒီမှာ ပြဿနာက စတာပါပဲ။ အိမ်သာထဲ ရောက်တော့ ညစ်ပတ်နံစော် ပေပွ။ ဘောင်းဘီ ဇစ်ဖြုတ်ဖို့လက်ထဲက ပုလင်းကို ဘေဇင်ပေါ်မှာ တင်မယ် ဆိုတော့လဲ ဘေဇင်က ပေပွနေတော့ စိတ်ကမသန့်ချေဘူး။ ပုလင်းလေး ကြည့်လိုက်တော့လဲ လက်မလောက်တောင် မရှည်သလို ဖန်ပြွန်သာသာ အပေါက်နဲ့။ ဘယ်လို ကိစ္စ ရှင်းရပါ့. ကျွန်တော် ခေါင်းစားနေပြီ။ အိမ်သာကလဲ အနံ့ဆိုးဝါးလွန်းတော့ မခံနိုင်။ မဖြစ်ချေတော့ဘူး။ ဒီ ကိစ္စ မြန်မြန်ရှင်းမှ ပေါ့။ မဟုတ်ရင် လူလဲ ဆီးမစစ်နိုင်ပဲ အိမ်သာခန်းထဲ ငုတ်တုတ် မေ့လဲတော့မယ်။ ဒါနဲ့ ဖြစ်ချင်ရာ ဖြစ်ချေတော့ဆို ဖျစ်ညှစ်ပီး ကိစ္စ ရှင်းရတာပေါ့။ ဟိုက်၊ ဟိုက် သေပြီဆရာ...။ ပုလင်းလေးထဲက လျှံကျကုန်ပြီ။ ဟို အမျိုးသမီးကလည်း ပုလင်းအပြည့်ယူလာခဲ့ ဆိုလေတော့ ပုလင်းလှုပ်ပီး စင်မှာ စိုးတာ တစ်မျိုး၊ လက်ကို ရှင်းလက်စ ဆီးတွေ ပေပွမှာ စိုးတာ တစ်မျိုး။ နောက်ဆုံးတော့ လက်ပဲ အပေခံလိုက်မယ်၊ ပုလင်းတော့ အလျှော့မခံနိုင်ဘူးဆို မျက်စိမှိတ်နေရတော့တာပါ့။ လက်က ပြန်ဆေးလို့ ရတယ်လေ။ ဒီလိုနဲ့ ကိစ္စ အောင်မြင်စွာ ပြီးဆုံးလေတော့ ၀မ်းသာအားရ ဘေဇင်မှာ ရေကိုလဲ ဖွင့်ရော ရေကမလာဘူး။ သေပြီဆရာ။ ဘီလိုလုပ်ရပါ့။ ကျွန်တော်လဲ ပြူးပြူးပြာပြာ ဘေးဘီ ၀ဲယာ ကြည့်တော့ ရေချောင်တစ်လုံးနဲ့ရေခွက်တစ်ခွက်။ ရေကတော့ တစ်ဝက်လောက် ရှိနေသေးတယ်။ ၀မ်းသာလို့က မရဘူး။ ရေခွက်က ချေးအထပ်ထပ် မဲတူးလို့။ နောက်ပြီး ရေက ဘာရေတွေမှန်းမသိ။ နောက်ကျိကျိ။ လက်တစ်ဖက်က ပုလင်းကိုကိုင်၊ လက်တစ်ဖက်က အဲဒီ ညစ်ပတ်နေတဲ့ ရေကို ခပ်.....။ ပြီးတော့မှ “ဟယ်၊ ထူးပါဘူး” ဆို ဘေဇင်မှာ ပုလင်းလေး အသာ တင်ပီ လက်ဆေးရတယ်။ အသက်ကလဲ အောင့်ထားရလွန်းလို့ လူလဲ လေပြတ်တော့မယ်။ ဒါနဲ့ ..... အိမ်သာထဲက အသာထွက် (ပြေးထွက်ရင် ပုလင်းလှုပ်ပြီး အပြည့် မပါရကောင်းလား ထပ်ပေါက်ခိုင်းမှာ စိုးလို့)၊ ခြေတစ်လှမ်း ကုဋေ တစ်သန်း ဟန်နဲ့ ကောင်တာကို သွားပေးရတယ်။ ၀ဋ်ကလေး ကျွတ်လို့ လေကောင်းလေသန့်လေး ရှူရပြီဟဲ့ဆို သူတို့ စောင့်ခိုင်းတဲ့ ဧည့်ခန်းမထဲ ထိုင်မယ် အသွားမှာ အစောနက ကျနော့်ထက် အရင် ရောက်နေတဲ့ အမျိုး သမီးရယ် ကောင်မလေးရယ်က ဧည့်ခန်းမထဲမှာ ရှိနေကြတုန်း။ သူတို့လဲ ကျွန်တော့်လိုပဲ စောင့်နေကြရတာ ထင်ပါရဲ့လေပေါ့။
အမျိုးသမီးက ကျွန်တော် လှမ်းလာတာ မြင်တော့ စိပ်ပုတီးကို တစ်ဂျောက်ဂျောက် စိတ်နေရင်းက မျက်လွှာ တစ်ချက် လှန်ကြည့်တယ်။ နောက် သူမ မျက်နှာက တစ်မျိုး ဖြစ်သွားရော။ ကောင်မလေးလည်း ထိုနည်းလည်းကောင်း.၊ဂျာနယ် ဖတ်နေရာက ကျွန်တော့်ကို လှမ်းကြည့်ပြီး ပြုံးစိစိနဲ့ ခေါင်းငုံ့သွားရော။ ထိုင်ခုံတွေဆီ လှမ်းနေတဲ့ ကျွန်တော့် ခြေလှမ်းတွေ လမ်းမှာ ရပ်တန့်သွားတယ်။ နဲနဲ ရှက်သွားလို့။ ဒါနဲ့ ကျွန်တော် မထိုင်တော့ပဲ အဲဒီနေရာမှာ ရပ်ပြီး ပြူတင်းက မြင်နေရတဲ့ လမ်းမကြီးဆီ အကြည့်တွေ ပို့ထားရတယ်။ ဒါတောင် မျက်စိထောင့်ကနေ ပုတီးစိပ်နေတဲ့ အမျိုးသမီးက ကျွန်တော့်ကို ခဏခဏ ခိုးခိုးကြည့်နေတာ၊ ကောင်မလေးက တစ်ချက် တစ်ချက် လှမ်းကြည့်ရင်း ရှက်စနိုး ဖြစ်နေတာရယ်ကြောင့် ဘာမှန်းမသိ မျက်နှာတွေ ပူနွေးလာပြီး ရင်တွေလဲ ခုန်နေတယ်။ ရှက်တာရော ကျေနပ်တာရောပေါ့။ ဆန်ကျင်ဘက် လိင်တွေက ကိုယ့်ကို စိတ်ဝင်တစား ကြည့်တာ ဘယ်သူက မကျေနပ် မသာယာပဲ နေမလဲဗျာ နော်။ ကျွန်တော်လည်း ပုထုဇဉ် လူသားပေပဲကိုး။ သိပ် ကျေနပ်နေတာပေါ့။ ဒါနဲ့ ပဲလေး အပြည့်နဲ့ သူတို့ရှေ့နား မလှမ်းမကမ်းမှာပဲ အသာ ရပ်နေလိုက်တယ်။ သူတို့တွေ ကြည့်နေတာ မသိသလို ဟန်ဆောင်ရင်းပေါ့။ ပုတီး စိပ်နေတဲ့ အမျိုးသမီးကလဲ ကျွန်တော့်ကို တစ်ချက်တစ်ချက် လှမ်းကြည့်ရင်း တစ်ခုခု ပြောချင်သလို ဖြစ်နေ။ ကောင်မလေးကလဲ ထိုနည်းလည်းကောင်းဆိုတော့ ကျွန်တော်လဲ နေရခက်လာတာနဲ့ အမေသုံးယောက် ထိုင်နေတဲ့ လ္ဘည့်ရည်ဆိုင်ဘက် ထွက်လာခဲ့လိုက်တယ်။ လ္ဘည့်ရည်ဆိုင်ကလဲ ဆေးခန်းဘေး ကပ်ရက် ဖြစ်နေလို့သာပေပဲပေါ့။ ကျွန်တော့်ကို မြင်တာနဲ့ အမေသုံးယောက်ရဲ့မျက်နှာက ရဲခနဲ။ သုံးယောက်သား မျက်နှာတွေ ဇွတ်လွှဲနေကြတယ်။ ရော်၊ ဘာဖြစ်ကြတာလဲ။ မေးတာလဲ မဖြေပဲ လက်ညှိုးတွေက ကျွန်တော့်ဘက်မကြည့်ပဲ ထိုးမိထိုးရာ ထိုးပြနေကြတော့ ကျွန်တော်က နားမလည်ဘူး။ ဘာဖြစ်တာလဲ သဘောမပေါက်သေးဘူး။ သုံးယောက်သား ပြိုင်တူ ခေါင်းကို တဗျင်းဗျင်း ကုပ်ပြီး ချီတုံချတုံနဲ့ ပြောရမလို မပြောရမလို ပါးစပ်တွေ ဟစိဟစိ ဖြစ်နေကြတယ်။ နောက်တော့မှ မထူးတော့ပါဘူး ဆိုတဲ့ အိုက်တင်နဲ့ အမေပု (သူက အရပ်တော်တော်ပုလို့) က “ဘောင်းဘီ ဇစ် ပြုတ်ပြီး ဟ၀ှာထွက်နေတယ်” လို့ ရှက်ရဲရဲ ပြောတော့မှ “ဟိုက်” ခနဲ လူတစ်ကိုယ်လုံး ငရဲမီးနဲ့ ပက်ခံလိုက်ရသလို ရှက်စိတ်တွေ ဖျဉ်းခနဲ ရဲတက်သွားတော့တယ်။ သူပြောမှ ကျွန်တော့်မှာ ခေါင်းကို တူနဲ့ထုချလိုက်သလို ကိုယ့်ဘာသာတောင် ငုံ့မကြည့်ရဲတော့ဘူး။ လူလဲ ရှက်စိတ်နဲ့ မွှန်ထူပီး အဲနားမှာ လဲသာ သေလိုက်ချင်တော့တယ်။ ရှက်ရှက်နဲ့ ငုံ့ကြည့်တော့မှ နဲနဲ သက်သာရာရသွားတယ်။ တော်ပါသေးရဲ့။ ဘောင်းဘီဇစ်အပြင်ထွက်နေတာက ကျနော်ဝတ်ထားတဲ့ ရှပ်အင်္ကျီစကြီး ဖြစ်နေပေလို့။ အဲဒီတော့မှ သူတို့တွေ မသိအောင် သက်ပျင်းကျိတ်ချရင်း ပြာယီးပြာရာ ဇစ်ကို ပြန်တပ်ရတော့တယ်။ ဟို အမျိုးသမီးနဲ့ ကောင်မလေးရဲ့ အကြည့်တွေကို ရင်ခုန်ခဲ့မိ၊ ဘ၀င်လေဟပ်မိတဲ့ ကိုယ့်အဖြစ်ကိုယ် တွေးတွေးကာ ရှက်လိုက်ရတာ။ ဆေးခန်းထဲတောင် ပြန် မ၀င်ရဲတော့ပါဘူးဗျာ။ “လွဲရလေတယ် မိုးကုတ်သားရယ်” လို့သာ ကိုယ့်နဖူးကိုယ် ပြန် ပြန်ရိုက်ပီး ဟစ်လိုက်ချင်တော့တာပါပဲ။
မိုးကုတ်သားတို့ လွဲတတ်ပုံများတော့ အဲဒီလို၊ အဲဒီလိုပါပဲ ဗျာ။


*****************************************
NOTE: မိုးလေ၀သ ကြောင့် မောပြန်သွားရတဲ့ မိတ်ဆွေတွေကို အမောပြေဆေးလေး နဲနဲ တိုက်ကျွေးတာပါ။ တစ်ခါပြုံး၊ အမော တစ်ရာပြေစေသော်ဝ်။

မေတ္တာဖြင့်
မိုးကုတ်သား