Showing posts with label ကဗျာမဟုတ်စာမဟုတ်. Show all posts
Showing posts with label ကဗျာမဟုတ်စာမဟုတ်. Show all posts

Sunday, November 1, 2009

ဝတ်လစ်စလစ်ရေးတဲ့စာ



*၀တ်လစ်စလစ်ရေးတဲ့စာ*



ခင်ဗျားတို့ သိကြရဲ့လား
ဘလော့ရပ်ဝန်းဆိုတာ
သူတလူ ငါတစ်မင်း
“စကား စစ်” ခင်းနေတဲ့
သွေးဆာနေတဲ့ သတ်ကွင်းမဟုတ်ဘူး။

ခင်ဗျားတို့ သိကြရဲ့လား
ဘလော့ရပ်ဝန်းဆိုတာ
ကိုယ့်အတ္တတွေကို သွန်မှောက်ပြ
ကိုယ့်ဘ၀တွေကို လေလံတင်ရောင်းချ
“လှည့်ကွက်” များနဲ့ ကြာကြာ ကျော်ကြားလို့ ရတာ မဟုတ်ဘူး။

ခင်ဗျားတို့ သိကြရဲ့လား
ဘလော့ရပ်ဝန်းဆိုတာ
“ဟိုအကြောင်း ဒီအကြောင်း”
သောင်းပြောင်းထွေလာ ပြောချင်ပြောကြမယ်
ဒါပေမဲ့ သူ့မှာ သူတပါး အပုပ်အခတ်ကင်း
အဆိပ်အတောက်ရှင်းတဲ့
“ကိုယ့်အကြောင်းကိုယ်” ရိုးရှင်းခင်းကျင်း ပြချင်ပြမယ်
အရေမရ အဖတ်မရ စာတွေ ဖြစ်ချင်ဖြစ်မယ်
ဒါပေမဲ့ ရိုးသားနွေးထွေးတယ်
အိမ်ဆန်တယ်
အိမ်သာတော့ ဧည့်လာမယ်
ဒါ.. မနာလိုစရာ ပုတ်ခတ်စရာအကြောင်းမရှိ။


ခင်ဗျားတို့ သိကြရဲ့လား
ဘလော့ရပ်ဝန်းဆိုတာ
“ဗဟုသုတမျှဝေခြင်း” သက်သက်ဆန်မယ်
ကိုယ်တိုင်ဖန်တီးမထားပေမဲ့
ဘာသာပြန်တွေမှာလဲ အားစိုက်ထုတ်မှုတစ်ခုပါတယ်
စေတနာမေတ္တာပါတယ်
အနုပညာမဆန်ပေမဲ့
“စိတ်အင်အား ဖြည့်တင်း” ဖို့အသိ
လာသူတိုင်းရရှိလို့
သူ့ဘလော့လေး အားပေးသူတွေ ၀ိုင်းဝိုင်းလည်နေတာ
ဒါ....မနာလိုစရာ ပုတ်ခတ်စရာအကြောင်းမရှိ။

ခင်ဗျားတို့ သိကြရဲ့လား
ဘလော့ရပ်ဝန်းဆိုတာ
ကဗျာတွေ ပါချင်ပါမယ်
စာစုတွေလဲ ပါမယ်
“အနုပညာဖန်တီးမှုတွေ သီးပွင့်ရာ” ဖြစ်ချင်ဖြစ်မယ်
အနုပညာကို မြေစမ်းခရမ်းပျိုးသူတွေ ပါမယ်
အနုပညာ ဩဇာကြီးမားသူများက
သူ့ “အနုပညာ” နဲ့သူ ရပ်တည်မယ်
တစ်ခါတစ်ခါ လူသားဆန်စွာ သူတို့ ပေါ့ပါးကြမယ်
ဒါဟာ... အနုပညာကို စော်ကားတာမဟုတ်
ဒါ... မနာလို ပုတ်ခတ်စရာအကြောင်းမရှိ။

ခင်ဗျားတို့သိကြရဲ့လား
ဘလော့ရပ်ဝန်းဆိုတာ
“ဘာသာရေး” တွေနဲ့ စီးမျောချင်စီးမျောမယ်
မတူညီတဲ့ ဘာသာတွေကြား
“ချစ်ကြည်ရေးပေါင်းကူး” ခင်းတဲ့
တံတားတစ်စင်းလဲ ဖြစ်ချင်ဖြစ်နိုင်မယ်
ဘာသာရေးအမြင်တွေ ဖလှယ်ရာဒေသလဲ ဖြစ်ကောင်းဖြစ်မယ်
တူရာတရား နာကြားသူတွေရဲ့ ဘုရားကျောင်းလဲ ဖြစ်ချင် ဖြစ်နိုင်သေးတယ်
ဘာသာရေးသဘောတရား ဆွေးနွေးငြင်းခုန် “သတ်ပုံတွေလဲ မှားသွားနိုင်တယ်”
ဒါ.. မနာလို ပုတ်ခတ်စရာအကြောင်းမရှိ။


ခင်ဗျားတို့သိကြရဲ့လား
ဘလော့ရပ်ဝန်းဆိုတာ
“နိုင်ငံရေး” တွေ ဆွေးနွေးချင်ဆွေးနွေးမယ်
“သတင်း” တွေ ရေးချင်ရေးမယ်
“သမိုင်းအစစ်အမှန်” တွေကို ခင်းကျင်းပြချင်လဲ ပြမယ်
“ဗမာ့သွေး” တွေနဲ့ ရဲရဲတောက်ပြချင်တောက်ပြမယ်
ကမ္ဘာကသိတဲ့ “ပြည်တွင်းသတင်းမီဒီယာ” တွေအဖြစ်နဲ့
သူတို့ရဲ့ လွတ်လပ်ခြင်းနာရီတွေကို စတေးစွန့်လွှတ်ပြီး
ကြယ်တစ်ပွင့်လို သမိုင်းတွင်ရစ်ကြမယ်
ဒါ....မနာလိုစရာ ပုတ်ခတ်စရာအကြောင်းမရှိ။

ခင်ဗျားတို့ သိကြရဲ့လား
ဘလော့ရပ်ဝန်းဆိုတာ
“ဝေဖန်ရေး” တွေ ရေးချင်ရေးမယ်
“အညှီအဟောက်” တွေ ရေးချင်ရေးမယ်
အနုပညာ ပေတံကြီး “ဟန်ပြ” တပ်တပ်ပြီး
ဟိုစောင်းနင်း ဒီစောင်းနင်း
ကလောင်တံပြင်းပြင်းနဲ့ နှက်ချင်က နှက်နိုင်တယ်
“ပုဂ္ဂလိကရေးရာ တိုက်ခိုက်မှု” တွေလား
လာထား ရေးလို့ရသေးတယ်
“အနုပညာ လွတ်လပ်ခွင့်” လို့ အမည်တပ်လိုက တပ်နိုင်ကြသေးတယ်
ဘယ်သူမှ ဘာမှ တားပိုင်ခွင့်မရှိ
မနာလိုလို့ ပုတ်ခတ်တဲ့စာ၊ မနာလိုစရာလဲ အကြောင်းမရှိ
စေတနာ ပါပါ မပါပါ၊ အနုပညာ ပါပါ မပါပါ
ဝေဖန်လေကန်ကာ အချိန်ကုန်ခံစရာ အကြောင်းမရှိ
“ကိုယ့်စေတနာကံ ကိုယ့်ထံ ပြန်လာလိမ့်မယ်။”

ခင်ဗျားတို့သိကြရဲ့လား
ဘလော့ရပ်ဝန်းဆိုတာ
စာပေစီစစ်ရေးတွေ တင်စရာမလို
ကိုယ်ရေးတဲ့စာ ကိုယ်ဘာသာကိုယ်
တံခါးမရှိ ဓားမရှိ၊ အီးမေးလ်တစ်ခုရှိရုံနဲ့
ဖွင့်ဝင်လို့ ရတဲ့ဒေသ
ဒီရပ်ဝန်းဒေသမှာ
ကိုယ်တိုင်က ဇာတ်လိုက်
ကိုယ်တိုင်က စာရေးဆရာ
ကိုယ်တိုင်က အယ်ဒီတာ
ကိုယ်တိုင်က စာပေစိစစ်ရေး...
ကိုယ့်ချွေး ကိုယ့်သွေးနဲ့ ကိုယ့်ထမင်းကိုယ်စားပြီး
ခြူးတပြားမရ
မီတာခ အတက်ခံ၊ အချိန်ကုန်ခံ၊ ထမင်းစားပျက်ခံ၊ အအိပ်ပျက်ခံရေးကြတာ
အဲတာ “ဝဋ်နာ ကံနာ” တစ်မျိုးပေါ့
အဖြစ်ဆိုးရင် အဆဲအဆို အစောင်းအမြောင်းခံ ရေးကြ
တစ်ချိန်တော့ ဒါတွေအားလုံးက ဟာသအဖြစ် ကျန်ရစ်ချင်ကျန်ရစ်လိမ့်မယ်
သမိုင်းတစ်ခောတ်တွင်ရစ်ချင် တွင်ရစ်လိမ့်မယ်
ကြယ်တစ်ပွင့်အဖြစ် အလင်းနှစ်ပေါင်းများစွာ တောက်ပချင်တောက်ပလိမ့်မယ်
နိဗ္ဗာန်ကို လှမ်းတဲ့ ဓမ္မပန်းတွေ ပွင့်လန်းချင် ပွင့်လန်းမယ်
ငရဲခန်းကိုမှ လှမ်းချင်သူတွေက မစ္ဆရိယပန်းတွေလဲ လှိုင်လှိုင် ညှီလိမ့်မယ်
ဒေသတိုင်းဟာ သူ့ရေခံမြေခံအတွက် သူစိုက်ပျိုးရာ သူ သီးပွင့်ကြမယ်
ကိုယ့်ရေခံမြေခံမှာ ဘာစေတနာနဲ့ ဘာကို စိုက်ပျိုးခဲ့သလဲ။
ကိုယ်ရေးတဲ့ စာတစ်လုံးတိုင်းဟာ ကိုယ့်သမိုင်းတစ်ခုဆိုတာ ရေးသူတိုင်းသိတယ်
နောက်ပြီး ဖတ်သူတိုင်း သိတယ်
ဘလော့ဂါရပ်ဝန်းမှာ ကိုယ်ရေးတဲ့စာ ကိုယ်ပဲ တာဝန်ယူလို့ရတယ်
ခင်ဗျားတို့ မြဲမြဲ မှတ်ထားကြ
“ကိုယ့်စေတနာကံ ကိုယ့်ထံ ပြန်လာလိမ့်မယ်။”

ဘလော့ရပ်ဝန်းဟာ “ချစ်ကြည်မှုတွေ ဖလှယ်ရာ”
နွေးထွေးမှုတွေနဲ့ “ခေတ္တနားခိုရာ”
ကမ္ဘာတစ်ဘက်ခြမ်းနဲ့ တစ်ဘက်ခြမ်းကို “နီးစပ်ရင်းနှီးစေတဲ့နေရာ”
လူ့အဖိုးတန်တွေအတွက်တော့ ဘလော့ရပ်ဝန်းဟာ
တခါတခါ အရေမရ၊ အဖတ်မရတွေနဲ့ ပြည့်နှက်ချင် ပြည့်နှက်နေမယ်
ဒါတွေ သူတို့ ကျော်ဖတ်သွားကြပေမပေါ့
အနုပညာ ချစ်သူတွေက အနုပညာဘလော့ရပ်ဝန်းကို ရွေးချယ်ဖတ်ကြ
ခင်မင်နွေးထွေးမှု လိုလားသူတွေက နွေးထွေးပျော်ရွင်ဖွယ်ရာအိမ်လေးတွေမှာ ရယ်မောဆူညံကြ
နိုင်ငံရေးသမားတွေက နိုင်ငံတကာ သတင်းတွေစုံရာ ဘလော့ရပ်ဝန်းတွေမှာ တွေ့ဆုံကြ
ဘာသာရေးသမားတွေက ဓမ္မရပ်ဝန်းမှာ မွေ့လျော်ပျော်ပိုက်ကြ
စိတ်ခွန်အားလိုသူတွေက ဘ၀ကိုတိုက်ပွဲဝင်ဖို့ ခွန်အားတွေပေးရာ ဘလော့ရပ်ဝန်းမှာ အားသစ်တွေယူကြ
ပျော်ရွှင်လိုသူတွေက လူ့ဖြစ်ပုံကို သရော်ရေးတဲ့ ဟာသတွေ စုံရာ ဘလော့ရပ်ဝန်းတွေကို မြည်းစမ်းကြ
တကိုယ်ရည် အာသာပြေ ချင်နေတဲ့စိတ် ရှိသူတွေက အိပ်ယာပေါ် ချစ်တင်းနှောကိစ္စတွေရှိရာရပ်ဝန်းသို့ သွားကာ ကိစ္စက ထိပ်ဝ ရောက်ခါနီးကြ
ရန်ဖြစ်ရတာ ၀ါသနာပါသူတွေက အမည်ဖော်/မဖော် အတိအလင်း၊ တစေ့တစောင်းတိုက်ခိုက်ကြ
ဒီလိုနဲ့ ကိုယ့်လမ်းကိုယ်နင်းရင်း
သဘောထားတွေကွဲလွဲကြ၊ အမြင်မကြည်လင်စရာတွေဖြစ်လာကြ၊ ဇာတ်တွေရှုပ်ကြ
နောက်ဆုံးတော့ ကျန်ခဲ့တာက ကိုယ်ရေးခဲ့တဲ့စာ ကိုယ်ပြောခဲ့တဲ့စကားများ...
စိတ်စေတနာကံ မှန်သူတွေက သူ့လုပ်ရပ်သူတာဝန်ယူရင်း သူ့ခရီးသူဆက်
စိတ်ဝေဒနာမခံလိုသူတွေက ရပ်တန့်တွေဝေ
စိတ်စေတနာကံ မမှန်သူတွေက သူ့လုပ်ရပ်သူမရှက် ဆက်လက်ချီတက်
ကိုယ့်စာတစ်လုံး ကိုယ်ဘယ်လောက်ထိ ချွေးထွက်ခဲ့သတုန်း
ကိုယ်ရေးတဲ့ စာတစ်လုံးတိုင်းဟာ ကိုယ့်သမိုင်းတစ်ခုဆိုတာ ရေးသူတိုင်းသိတယ်
နောက်ပြီး ဖတ်သူတိုင်း သိတယ်
ဘလော့ဂါရပ်ဝန်းမှာ ကိုယ်ရေးတဲ့စာ ကိုယ်ပဲ တာဝန်ယူလို့ရတယ်
ခင်ဗျားတို့ မြဲမြဲ မှတ်ထားကြ
“ကိုယ့်စေတနာကံ ကိုယ့်ထံ ပြန်လာလိမ့်မယ်။

ဒါ ဘလော့ရပ်ဝန်းမှာ စာတကာစုံ လိုက်ဖတ်နေတဲ့
(ဒါတောင် ပညာမစုံ၊ ဘလော့အိမ် မကုန်နိုင်သေးတဲ့)
ကျွန်တော် မိုးကုတ်သား
စိတ်အစွဲတွေချွတ်လွှတ်
“၀တ်လစ်စလစ်” ရေးထားတဲ့စာ
မကောင်းကိုယ် ခံ၊ ကောင်းကိုယ်စံမယ်။ ။


**************************************************************


(ခုတလော.. ဘလော့ရပ်ဝန်းမှာ အော်ကြ၊ ဟစ်ကြ၊ ရန်ဖြစ်ကြ၊ စောင်းမြောင်းကြနဲ့ ယခင်က ငြိမ်းချမ်းခဲ့တဲ့ ဘလော့ရပ်ဝန်းလေး ချစ်ကြည်ရေးတွေ ပျက်ကြမှာမျိုး မမြင်ချင်လို့ပါခင်ဗျာ။ ကိုယ့် အတွင်းရန်သူ ကိုယ်သာ သတ်လို့ ရပါတယ်။ ကျွန်တော့်စာထဲမှာ ရိုင်းပျမှုတွေ ရှိနေခဲ့မယ်ဆို ဒီနေရာကနေ အနူးအညွတ်တောင်းပန်ပါတယ်။ မည်သူ့ကိုမျှ ထိခိုက်နစ်နာစေရန် မရည်ရွယ်ပါ။)

ဝန်ခံချက်။ ဖုန်းမြင့်ရဲ့ အပျင်းပြေ အပျော်ဖတ် ကဗျာမှ စာတစ်ကြောင်းကို အငှားသုံးထားပါတယ်။
“တကိုယ်ရည် အာသာပြေ ချင်နေတဲ့စိတ်
ကိစ္စက ထိပ်ဝ ရောက်ခါနီး”
အဲဒါတွေကို ခွင့်မတောင်းပဲ စကားလုံး ငှားသုံးမိတဲ့အတွက် ဒီနေရာကနေပဲ ငှားသုံးကြောင်း ၀န်ခံပါရစေ။


စကားမစပ် ကျနော်လေးစားတဲ့ မှော်ဝင် စာရေးဆရာ ဘာသာပြန်ထားတဲ့ ကဗျာလေးထဲက စာတစ်ကြောင်းကို ပို့စ်လေး အသိမ်းမှာ သတိ သွားရမိတယ်။

“သင်တို့သည် ဘုရားကျောင်းမှ တိုင်လုံးများလို အတူတကွ သီးခြားရပ်တည်ကြပါ”
တဲ့..။

လူအချင်းချင်း မေတ္တာ၊ စေတနာ၊ မုဒိတာ ပွားများနိုင်ကြပါစေ။ ကောင်းကျိုး လိုလား အပြုသဘောထားများ မွေးမြူနိုင်ကြပါစေ။



မေတ္တာဖြင့်
မိုးကုတ်သား

Sunday, October 18, 2009

ချစ်ခြင်းတည်ရာ (သို့မဟုတ်) ချစ်ခြင်းဖွဲ့ ရာသီ



ချစ်ခြင်းတည်ရာ
(သို့မဟုတ်) ချစ်ခြင်းဖွဲ့ ရာသီ



ခရမ်းပြာ ကောင်းကင်ရဲ့အောက်
မှိုင်းညို့ညို့တိမ်ပျိုတွေကို ငေးလို့
ညင်သာငြိမ့်ညောင်းစွာ စီးဆင်နေတဲ့မြစ်ပြာပြာတစ်စင်းက
ကျုပင်တွေ ကြားနစ်မျောသွားဖို့ အဆင်သင့်ပေါ့…။

ညနေခင်းတစ်ခုရဲ့ ခရမ်းရောင် မိုးသားကောင်းကင်က မှော်ပဉ္စလက်ဆန်ဆန် လှပ လို့နေတယ်။ ငေးမောနေမိတဲ့ ခပ်ဝေးဝေးက တိမ်ညိုတွေတောင် ဘာကြောင့်ရယ်မှန်းမသိ ကျွန်တော့်ရင်ကို ဗလောင်ဆူနေ စေပြန်ကော။
တံတားဘောင်ဘေးမှာ ခြေဆင်းချ ထိုင်ပီး လေကို တ၀ ရှူရှိုက်မိတော့ မြစ်ပြင်ကို ဖြတ်တိုက်လာတဲ့ လေထဲမှာ ရနံ့တချို့ ရလိုက်တယ်။ တငြိမ့်ငြိမ့်စီးနေတဲ့ မြင်ပြင်ဟာ ညနေခင်း နေခြည်အောက်မှာ အပြာရောင်တွေ လက်လက်ထလို့။ ပင်လယ်ထဲ တိုးမ၀င်ခင် အစပ်ဖျားက ကျူပင်ရိုင်းတွေကြား နစ်လျှိုးကွယ်ပျောက်ဖို့ အဆင်သင့် ဖြစ်နေသလိုမျိုး ညင်သာစွာ စီးမျောလို့နေလေရဲ့။
ကျွန်တော့်စိတ်တွေဟာလဲ တစ်စုံတစ်ယောက်ဆီ စီးမျောရင်း အာရုံတွေ နစ်ကျွံ ပျောက်ကွယ်လုနေတာ အလန့်တကြား တွေ့ရတယ်။ သူက ခုတလောမှာမှ တစတစ ကျွန်တော့် ဘ၀ကို စိုးမိုးနိုင်လွန်းတာ ဘာသာ သိနေတာ့ ကွန်တော် တုန်လှုပ်မိတာ သိပ်ဆန်းကြယ်တယ် မထင်ပါ။ ဆန်းကြယ်တာက ထို စိုးရွံ့စိတ်တွေသည် ကျွန်တော့် ခြေလှမ်းတွေကို နောက်ပြန် မဆုတ်စေပဲ ရှေ့တိုးလို့သာ ရင်ခုန်ကြည်နူးလို့ နေချင်တာပါပဲ။

ဆာလောင်မွတ်သိပ်တဲ့ အချစ်တွေမှာ
အဆုံးမသတ်တဲ့ နာကျင်မှုတွေ လိုအပ်လိမ့်မယ်ဆိုရင်…
သွေးထားတဲ့သင်တုံးဓားက
ငါ့ရဲ့ ဝိညာဉ်တွေကို သွေးထွက်သံယို ဖြစ်စေတော့မယ်။

အချစ်တစ်ခု ဆိုတာကို ကျွန်တော့် နှလုံးသားက ဒီလောက် မွတ်သိပ်ခဲ့တတ်မယ် မှန်း မသိခဲ့ရိုး အမှန်ပါ။
သူ့ကို သတိရတိုင်း ဘယ်အချိန် အဆုံး သတ်တော့မလဲ ဆိုတဲ့ စိုးစိတ်တွေနဲ့ နာကျင်ပူလောင်ရတာ အတွေးစတွေတောင် မွမွကြေလို့ နေတတ်ခဲ့ပြီ။
အချိန်တို အတောအတွင်းမှာပဲ သူက ကျွန်တော့်နှလုံးသားမှာ ချစ်တယ် ဆိုတဲ့ မြည်တမ်းမှုတွေကို ကျောက်စာ တစ်ချပ်လိုအဖန်ဖန် အထပ်ထပ် ရေးထိုးထားခဲ့ပြီ။
ဒီ့ထက်ဒီသာ စူးနစ်ချစ်မိတော့မယ် ဆိုရင်တော့ ကျွန်တော်ဟာ သွေးသင်ထားတဲ့ သင်တုံးဓား တစ်လက်ကို စိတ်နှလုံးနဲ့ ဆုပ်ကိုင်မိသလိုမျိုး ချစ်တတ်တဲ့ စိတ်ဝိညာဉ်ဟာ ဒဏ်ရာ အနာတရ ဖြစ်တော့မယ်ထင်ရဲ့။
စိုးစိတ်တ၀က် ချစ်စိတ် တ၀က်နဲ့ ကျနော့်အိပ်မပျော် ညတွေက လင်းတလှည့် မှောင်တချီ။ မှုန်ရီ ပြာလဲ့လို့နေတယ်။


ဘယ်တော့မှ အသက်ရှင်ဖို့ မကြိုးစားတဲ့
တုန့်ပြန်မှုမဲ့ စိတ်ဝိညာဉ်ကလဲ
သေဆုံးမှာကိုကြောက်နေမိတယ်..

တကယ်ပါ။ ဘယ်အရာကိုမဆို ပေါ့ပေါ့ပါးပါး၊ ပျော်ပျော်ရွှင်ရွှင် ရွက်လွှင့်ချင်ခဲ့တဲ့ ကျွန်တော့် စိတ်ဝိဉာဉ် ဟာ ချစ်ခြင်းဆိုတာကို အသက်သွင်းဖို့ မကြိုးစားခဲ့ဖူးပါဘူး။
ခံစားပွန်းရှလွယ်တဲ့၊ အစွဲအလန်း ကြီးတတ်လွန်းတဲ့ နှလုံးသားလေး အနာတရ ဖြစ်မှာ ကြောက်လွန်းလှလို့ အချစ်ဆိုတာနဲ့ ဝေးဝေးမှာ ကျွန်တော် နေထိုင်ခဲ့ပါတယ်။
ခုတော့ အဆိပ်သင့်မှာစိုးလို့ မစားရဲခဲ့တဲ့ သစ်သီး တစ်လုံးဆီကို ကျွန်တော့်လက်တွေ လှမ်းလို့ နေမိပြီ။
အမှတ်တမဲ့တွေကနေ အမှတ်တရတွေ ဖြစ်လာတော့မှ ထိရှတတ်တဲ့ ဓားသွားထက်မှာ ကျွန်တော့်ချစ်လိပ်ပြာလေး သေဆုံးသွားမှာ တုန်လှုပ်ကြောက်ရွံ့ နေတယ်။

ရှည်လျားလှတဲ့ ညတွေမှာ လမ်းကျဉ်းလေးတစ်ခု
အထီးကျန်တာ ဆန်းသလား...
ငိုခဲ့ရတဲ့ င့ါရဲ့ညမှာ
ခဏပေါင်းများစွာ သာခဲ့တဲ့လ
ဒီညတော့ ဘ၀တစ်ပါးရောက်နေသလား...

အထီးကျန်တဲ့ ညတာတွေက ကျွန်တော့ အတွက်တော့ ခုမှ ရှည်လျားလွန်းနေ လေသလား။ တစ်ယောက်ထဲ ဘ၀မှာ နေသားတကျ ရှိခဲ့ချိန်တွေက အခုအခါများမှာတော့ အထီးကျန်ခြင်း ဝေဒနာတွေကို ပွေ့ပိုက်ထုပ်ပိုးရင်း လမ်းကျဉ်းလေးကို ဖြတ်သန်းကာ အိမ်ပြန်နေရတယ်။ လမ်းကလေးဆုံးရင် အခါများစွာ တယောက်တည်း အိပ်စက်ခဲ့တဲ့ ကျွန်တော့် အခန်းလေးထဲကို ရောက်မယ်။ ခုတော့ ဝေးဝေးက လင်းပ သာယာ ပြနေတဲ့ လမင်းလေးကို ငေးကြည့်ရင်းလဲ အခန်းလေးထဲမှာ တစ်ယောက်ထဲ ကျွန်တော် တိတ်တဆိတ် မျက်ရည်ကျတတ်နေပြီ။ လမင်းလေး မသာတဲ့ ဒီတညမှာလဲ ကျွန်တော် ငိုကြွေးရပြန်တာပါပဲလေ။ သူ ဘယ်တွေ သွားနေလဲ။ သူ ဘာတွေ လုပ်နေလဲ။ သူ ဘယ်သူတွေနဲ့ ရှိနေမလဲ။ ကျွန်တော် ကြိုက်လွန်းလှတဲ့ လေးဖြူရဲ့ သီချင်းတစ်ပုဒ်က အခုတော့ ကျွန်တော့်ကို ပိုပြီး ကျွမ်းလောင်မြိုက်နေစေခဲ့ပေါ့။
သိပ်ချစ်လွန်းရင် အခုလိုပဲ စိတ်မချစွာ ပူပန်စေတတ်၊ သ၀န်တိုစေတတ်ပါသလား။
"ဘယ်သွားသေနေလဲ မသိဘူး" စောင့်ဆိုင်းခြင်းတွေကို စိတ်မရှည်နိုင်တော့ အဲ့ဒီလို စိတ်ချဉ်ပေါက်တွေးရင်း သက်ပြင်းတွေ တချချ။ သေချာတယ်။ ဒီညလဲ ကျွန်တော် အိပ်ပျော်နိုင်မည် မဟုတ်တော့။

တစ်ခါတစ်ရံ ခေါမ စစ်ချီသံကို ကြားရသလိုလို...
တစ်ခါတစ်ရံ သိုသိပ်စွာ ထွက်ပေါ်လာမယ့်
ပန်တျာ ဘုရင်မရဲ့ စည်သံကနားစည်ဝကိုရောက်လာသလိုလို...

သူ့ကို မြင်ရတဲ့ ညအခါများစွာတိုင်း ကျွန်တော့် ရင်ဟာ ချစ်ခြင်းနဲ့ လွမ်းဆွတ်ခြင်းတွေ တိုက်ပွဲဝင်ဖို့ စစ်ချီတဲ့ တေးသံလို ထောင်းလမောင်းခတ် မြည်ကျွေးတတ်တယ်။ သူ ကျနော့်ကို မြင်ရင် ခေါ်လိုက်မလား။ မီးနီလေး ပြရင်း တိတ်တဆိတ် စောင့်စားနေရတာကိုပဲ ကျွန်တော်က ရင်တွေ ခုန်လို့။ သူ ကျွန်တော့်ကို လှမ်းခေါ်လိုက်တဲ့ အခါတိုင်း ပန်တျာဘုရင်မ တီးခတ်လိုက်တဲ့ စည်တော်သံကို ကြားလိုက်ရသလိုမျိုး ရင်ထဲ ကြည်မြ အေးချမ်းသွားတတ်ပေမဲ့ အချိန်အတော်ကြာ မခေါ်ပဲ နေရင်တော့ စွန့်ပစ်ခံရတဲ့ သားငယ်တယောက်လို ကျနော်က ၀မ်းပန်းတနည်း ငိုကြွေးချင်မိတယ်။
တဆိတ်တော့ ကျွန်တော် သူ့အပေါ် ချစ်စိတ်တွေ လွန်ကဲနေပြီ ထင်ရဲ့။ သူနဲ့ ပါတ်သက်ရင် ကျွန်တော်က သိပ် ပွန်းရှ လွယ်လို့ နေတယ်။
သူ့ကို တွေ့ရဖို့ ကျွန်တော့် အိပ်ချိန်တွေဖဲ့ခြွေရင်း စောင့်ဆိုင်းနေခဲ့သလို သူ့ကို မြင်ရပြန်တော့ ကျွန်တော့်ညတွေကို အိပ်စက်ပစ်လိုက်ဖို့ နှမျောနေပြန်တယ်။ ဒီလိုနဲ့ ကျွန်တော်လဲ အအိပ်ပျက် အစားပျက် ကြာရင် သေရချည်ရဲ့။


ဘယ်တော့မှ ပိုင်ဆိုင်ခွင့် ထပ်မရမယ့် အိပ်မက်ချိုချိုက
နိုးထဖို့ကို ကြောက်မိပြန်တယ်…

သူ့ကို ချစ်မိလေ၊ သူ မချစ်ပဲ ချစ်ဟန်ဆောင် လှည့်စားလေမလား တွေးကြောက်လေလေ။ သူ့ကို ကျွန်တော် တစ်ယောက်ထဲ ပိုင်ဆိုင်ချင်တယ်။ သူ့ကို ကျွန်တော် ဆုံးရှုံးရမှာ သိပ်ကြောက်တယ်။
တဖြည်းဖြည်း နစ်ကျွံလာတဲ့ ချစ်ခြင်းတွေအောက်မှာ ကျွန်တော့်ကိုယ် ကျွန်တော် ပျောက်ဆုံး ရပြန်တယ်။ ကျွန်တော့်ဘ၀မှာ သူ မရှိလို့ မဖြစ်တော့ဘူး။ သူ မချစ်ရင် ကျွန်တော် သေသွားနိုင်တယ်။ အဲဒီ အတွေးတွေ ၀င်လာတိုင်း ကျနော်ဟာ ခြောက်အိပ်မက် တစ်ခုက နိုးထ လာသလို တုန်လှုပ် မောပန်းနေတယ်။
တစ်ခါတစ်ခါမှာတော့ သူ့ကို ချစ်ရတာ အိပ်မက်တစ်ခုသာ ဖြစ်လိုက်ပါတော့လို့ တွေးမိတတ်တယ်။ သိပ်ကို ချိုမြလွန်းတဲ့ အဲ့ဒီ အိပ်မက်ချိုချိုတွေထဲ ကျွန်တော် ထာဝရ အိပ်စက် ပစ်လိုက်ချင်မိရဲ့။ နိုးထလာလို့ အိပ်မက်ကလေး ပျောက်ဆုံးသွားမှာ ကျွန်တော် သိပ်ကြောက်ပါတယ်။

ဘယ်တော့ မှ ကခုန်ဖို့ မသင်ယူပဲ
အသဲကွဲမှာကို ကြောက်နေတဲ့ နှလုံးသားဟာ
တွယ်တာခြင်းကို လက်ယပ်ခေါ်ငင်
အကြင်နာနွယ်မျှင်တွေကို ပြုံးပြလို့
အချစ်တစ်ခုတည်းခံစားမယ်ဆိုရင်ပေါ့…

အခုတော့ ကျွန်တော် စိုးကြောက်လှတဲ့ သံယောဇဉ်တွေကို ကြိုးလိုကျစ်ပြီး ကိုယ့်ကိုယ်ကို နှောင်ဖွဲ့လိုက်တယ်။ လွတ်လပ်ခြင်းတွေ ဆုံး ရှုံးချင် ဆုံးရှုံးစေတော့။ သူ့အပေါ် မြတ်နိုး တွယ်တာမိတဲ့စိတ်တွေက ရစ်ပတ်လာမဲ့ သူ့ကြင်နာမှုတွေကို တပ်မက်မောစွာ ဖိတ်ခေါ်လို့ အပြုံးနဲ့ ဆီးကြို နေမိပြီ။
"ကျွန်တော် လိုချင်တာ အချစ်တစ်ခုတည်းပါ။"
" ကျွန်တော့်ကို ချစ်ပါနော်။"
" ကျွန်တော့်ကို ထားမသွားပါနဲ့နော်။"
ဒီလိုတွေ ပြောနေတာ ကျွန်တော်မှ ဟုတ်ရဲ့လား။
အသည်းကွဲ ဝေဒနာကို ကြောက်လွန်းလှလို့ ဘယ်တုန်းကမှ ချစ်ခြင်းရင်ခုန်မှုတွေနဲ့ ယဉ်ပါးဖို့ မကြိုးစားခဲ့တဲ့ ကျွန်တော့် နှလုံးသားက သူနဲ့ကျမှ တိမ်းမူး ကခုန်လို့။ ချစ်ခြင်းတွေကို တစ်နေ့ပြီး တစ်နေ့ သင်အံလို့ နေလေရဲ့။


ကံကောင်းခြင်းတွေ ရှိနေဖို့အတွက်
လွမ်းမှန်းမသိ လွမ်းနေတဲ့ ငါ့ရဲ့ပန်းခင်းထဲက
ပန်းလေးတစ်ပွင့်သာ ချစ်ခြင်းဆိုရင်
မင်းလေးက ထိုပန်းလေးတစ်ပွင့်အတွက် မျိုးစေ့လေးပါ…

တကယ်လို့များ ကျွန်တော်ဟာ ဥယျာဉ်တစ်ခု ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော့် ပန်းခင်းလေးဟာ သူ့ကို လွမ်းမှန်းမသိ လွမ်းနေခဲ့ပြီ။
ကျွန်တော် သူ့ကို အချိန်တိုင်း လွမ်းနေတယ်။ သတိရနေတယ်။ တစ်ယောက်တည်း နေသားတကျ ဘ၀ဟာ ခုမှ ရုတ်ချည်း အသွင်ပြောင်းလို့ သူ့ချစ်ခြင်းမေတ္တာကို အသက်ဆက်ရာ မိုးရေစက်တွေလို ငတ်မွတ်မျှော်လင့် နေလေရဲ့။ သူ့ကြင်နာယုယမှုတွေကိုလဲ နေရောင် လရောင်လို ကျွန်တော် လိုအပ်နေတာပါပဲ။
သူ့အသံကို မကြားရတဲ့ နံနက်ခင်းတွေ ညတွေမှာ ကျွန်တော်က အောက်စီဂျင် မ၀သလို အသက်ရှူကျပ်နေတတ်တယ်။
ဒါဟာ အချစ်တဲ့လား။
ချစ်ခြင်းဆိုတဲ့ ပန်းကလေးတစ်ပွင့် ကျွန်တော့် ရင်ခွင် ဥယျာဉ်မှာ ဖူးပွင့်ခဲ့တယ်ဆိုရင် အဲဒီ ပန်းကလေးကို မျိုးစေ့ ချပေးခဲ့တာ သူပဲပေါ့။
ကံတရားက ဖေးမခဲ့မယ်ဆိုရင်တော့ အဲ့ဒီ အချစ်ပန်းကလေးဟာ ကျွန်တော့် ရင်တခွင်လုံး မွှေးမြ လန်းဆတ်လာအောင် ဝေေ၀ဆာဆာ ပွင့်ဖူး လာပါလိမ့်မယ်။



နှင်းခါးဖြူဖြူတွေ တစ်ဆုပ်တစ်ခဲ ကျတဲ့ ဆောင်းရာသီမှာ
လဲလျောင်းနေတဲ့ မျိုးစေ့လေဟာ
နွေးထွေးတဲ့ နေရောင်ခြည် ရဲ့ ချစ်ခင်ယုယမှုအောက်
နွေဦးရာသီမှာ
ပန်းလေးတပွင့် ဖြစ်လာမှာပါ။

ဆောင်းရဲ့ နှင်းပွင့်ဖြူဖြူတွေနဲ့ အတူ ကြွေကျခဲ့တဲ့ ချစ်ခြင်းမျိုးစေ့လေးရေ၊ နှင်းခါးလို အေးခဲ နာကျင်စေတဲ့ အလွမ်းပွင့်တွေကြောင့် သေဆုံးမသွားအောင် ကျွန်တော့်ကို ထိန်းသိမ်းစောင့်ရှောက်ခွင့် ပေးပါ။
တစ်ယောက်ထဲ နေ့တွေညတွေမှာ အထီးကျန်မှု ဝေဒနာတွေနဲ့ ငိုကြွေးနေရတဲ့ ရက်တွေ မနည်းတော့ပါဘူး။ ခုတော့ သူဟာ ကျွန်တော့်ရဲ့ အထီးကျန်ညတွေကို ဖြေဖျောက်ပေးသူလဲ ဖြစ်ရဲ့။ ကျွန်တော့် အနာဂါတ်တွေကို မျှော်လင့်ချက်တွေနဲ့ တောက်ပစေသူလဲ ဖြစ်ရဲ့။ လွမ်းလို့ ကျမိတဲ့ မျက်ရည်တွေအပေါ် ကျေနပ်စေသူလဲ ဖြစ်ရဲ့။
ချစ်ခြင်းမျိုးစေ့လေးကို ကျွန်တော့် ရင်ခွင် ဥယျာဉ်မှာ စိုက်ပျိုးပေးသွားသူဟာ တခြားသူတွေကိုရော အဲ့ဒီလို မျှော်လင့်ချက်တွေ ပေးထားတတ်လေမလား။ ပူလောင်စေတဲ့ အတွေးတွေက တခါတရံမှာ ကျွန်တော့်ကို နှိပ်စက်လာတိုင်း သူ့ကို ကျွန်တော် တယောက်ထည်း ပိုင်ချင်စိတ်တွေနဲ့ ပို အထီးကျန် မောပန်းရပြန်တယ်။
လွမ်းစိတ်၊ သူ့ကို စိတ်မချစိတ်တွေနဲ့ မယုံမရဲ ဖြစ်နေတဲ့ ကျွန်တော်ဟာ နွေဦးရာသီရဲ့ နွေးထွေးတဲ့ နေရောင်ခြည်အောက်မှာ အချစ်ပန်းကလေး ဖူးပွင့်ဝေဆာပြီး ကျွန်တော့် ဥယျာဉ် တစ်ခုလုံး လွှမ်းခြုံ မွှေးမြသွားစေဖို့ မျှော်လင့်အိပ်မက်နေမိတယ်။


မေတ္တာဖြင့်
မိုးကုတ်သား


ချစ်ညီလေး ဖိုးစိန်ရဲ့ မွေးနေ့ အမှတ်တရ အနေနဲ့ သူရဲ့ ကဗျာလေး တစ်ပုဒ်ကို စကားပြေ ဖန်တီးပြီး ရေးဖွဲ့ထားတာပါခင်ဗျာ။
မွေးနေ့ရှင်ရဲ့ ခံစားချက်ကို အပြည့်အ၀ ပုံဖော်နိုင်စွမ်း မရှိပေမဲ့ မွေးနေ့ရှင် ကျေနပ်မယ် လို့ မျှော်လင့်ပါတယ်။
အခု အချိန်တော့ မွေးနေ့ရှင်လဲ ကျွန်တော် ပို့ပေးထားတဲ့ ဒီလင့်ခ်က ဟောဒီ မွေးနေ့ဆုတောင်းလေး ကို ကြည့်ပီး စူပွပွ ခုန်ဆွဆွ ဖြစ်နေလောက်ပြီ ထင်တယ်။

Sunday, August 23, 2009

တံခါးများ

သွားနေလာနေကျပါပဲ
ဧည့်ခန်းလေးထဲ ခွန်းတုံ့စကားမဆို
စကားပိုတွေ မပြောပေမဲ့
အသံမဲ့ သံစဉ်တွေကြား
စည်းဝါးလိုက်ရင်း ရင်ခုန်ကြည့်မွေ့။

အပြုံးတွေနဲ့ နှုတ်ဆက်ချင်မှ နှုတ်ဆက်မယ်
နှလုံးအိမ်ထဲမှာတော့ နှစ်လိုဖွယ် စေတနာတွေ အပြည့်နဲ့ရယ်
မပီမသ မထင်မရှား
ဧည့်ဆောင်တံခါးဝမှာ
အခါခါ သွားလာလည်ပတ်လို့။

သံယောဇဉ်တွေက တစစပတ်ရစ်ပေမဲ့
ဖြူစင်တဲ့ ရှင်းသန့်ခြင်းတွေနဲ့ရယ်ပါ
မျက်ကွယ်မှာ ပျက်ရယ်တွေလဲ မပြုခဲ့ပါဘူး
ကျောရိုးစူးစေမဲ့ နောက်ကွယ်ကဓားချက်တွေနဲ့
မထိုးနှက်ခဲ့ပါဘူး။

တစ်ချို့ဧည့်ခန်းမတွေက
တံခါးပိတ်တိတ်ဆိတ်သွားတဲ့အခါ
မျှော်လင့်ခြင်းတွေနဲ့လူးလားခေါက်တုန့်
ဖြတ်လျှောက်လိုက် ရပ်စောင့်လိုက်
တိတ်တဆိတ် နားဆင်ခဲ့တဲ့
သူတို့ရဲ့သံစဉ်တွေကို
နှစ်လိုတမ်းတသူတွေ ရှိနေခဲ့တာ
သိနိုင်ခဲ့ပါရင်.....။ ။


(It doesn't look like you have been invited to read this blog. If you think this is a mistake, you might want to contact the blog author and request an invitation.)

You're signed in as #########@####.com - Sign in with a different account

အသေအချာ သွားရောက်ပြီး တိတ်တဆိတ် လည်ပတ်ဖူးတဲ့ ဧည့်ခန်းလေးတစ်ချို့ဆီ သွားတိုင်း ဒီစာလေးက တံခါးဝမှာ ချိပ်ပိတ်ကာ တားဆီးထားလေတော့

ပုံကလေးကို ဒီက ယူထားပါတယ်ခင်ဗျာ


မေတ္တာဖြင့်
မိုးကုတ်သား

Sunday, June 14, 2009

အကျိုးအပဲ့များ (၁)


အတူရှိပေမဲ့
အထီးကျန်ခြင်းဝေဒနာတွေနဲ့
မင့်အနမ်းမှာ
ငါ့နှုတ်ခမ်းတွေ ခါးသက်လို့

(အတူရှိလျက် ဝေးကွာနေတာက ဝေးကွာနေချိန် လွမ်းရတာထက် ပိုဆိုးတယ်)

စိတ်ထဲပေါ်လာတတ်တဲ့ တပိုင်းတစတွေကို ဟိုခြစ် ဒီခြစ် ထားခဲ့တာလေးတွေ ဒီမှာ အမှတ်တရ သိမ်းထားချင်လို့ပါခင်ဗျာ။

Photos Credit to Marcelgermain


ရေးသားသူ
မိုးကုတ်သား

Wednesday, June 10, 2009

ကျွန်တော်တို့ရဲ့ အိမ်












Lake Powell, Utah, USA













Boats in the port of Mopti on the Niger River, Mali



စိတ်တောင်ပံတွေကို
လွှင့်ထုတ်ပျံသန်းရင်း
မြင့်နိုင်သမျှ အမြင့်ဆုံးကို လွှင့်တင်လိုက်
တိမ်တိုက်တွေက ချော့မြူကြည်စယ်။




Great Barrier Reef, Queensland, Australia













Iguazu Falls, Misiones Province, Argentina and Brazil

မြေပြင်တခွင်ကို အုပ်မိုးကြည့်တော့
ပင်လယ်ကပြာ
ခင်တန်းကစိမ်းညို့
မခို့တရို့ မြစ်နဒီတွေက
တောရိပ်တောင်စွယ်ကို
ကနွဲ့ကလျ ပတ်ခွေစီးဆင်း
နေခြည်မှာ လင်းလက်လို့။

Pantanal wetlands near Corumba, Mato Grosso do Sul, Brazil





စိုက်ပျိုးရေးခေတ်ကနေ
ကျွန်တော့်စိတ်တွေ လွင့်ဝဲ ပျံသန်းသွားလိုက်တဲ့အခါ
အေးတငြိမ့်ငြိမ့် မြူးတသိမ့်သိမ့်။




Wheat Harvest, Nepal



သက္ကရာဇ်တွေကို ဖြတ်ကျော် ပျံသန်းသွားလိုက်တာ
လောင်စာတွေ မရှိမဖြစ်တဲ့ ခေတ်ကာလကို ရောက်လေတော့
ရပ်တန့်သွားတဲ့ ဇီဝဖြစ်စဉ်များ


Caravan of dromedaries near Tichit, Mauritania





အလို......
ဟိုး မြောက်ဝင်ရိုးစွန်းက ရေခဲတောင်တွေ အရည်ပျော်ကျ
နေထိုင်ရာ ဂြိုလ်ကမ္ဘာကြီးက ပူနွေးဆူဝေလာ



Graphic Formation on frozen Lake baikl, Siberia, Russia






သွားလေရာရာ လောင်စာဆီ၊ လောင်စာဆီ
မိခင်ရဲ့ ရင်းမြစ်တွေကို မညှာမတာ ထုတ်ယူသုံးစွဲကြလေတော့





Blue Lagoon, Svartsengi geothermal power plant, near Grandavik, Rekjanes Peninsula, Iceland








အမေ့ ရင်ခွင်လဲ ဖုန်းဆိုးသဲတောတွေ ပြည့်နှက်
ကူကယ်ရာမဲ့တဲ့ ဒုက္ခသည်တွေက
မြို့ပြတွေ လင်းလက်ဖို့ အစတေးခံရ
လူလူချင်း သားကောင်ချနင်းနေလိုက်ပုံများ။


Landfill for oil residue from the Athabasca Oil Sands, Fort McMurray, Alberta, Canada






ကျယ်ပျံ့လာတဲ့ ကန္တာရမှာ
နားခိုစရာ အိုအေစစ်ကို ရှာရင်း
ပျံသန်းနေတဲ့ ကျွန်တော့် စိတ်တွေတောင်
လောင်စာဆီ ကုန်လုပေါ့။ ။



A well near Khudiala, Rajasthan, India













Lakagigar Volcanic System, Iceland





YOUTUBE ကနေ Home Projects Channel ကို ကြည့်မိပြီး ရင်ထဲ ရောက်လာတဲ့ အတွေးတွေပါ။





Grand Prismatic Spring, Yellowstone national Park, Wyoming, USA


တစ်နာရီသုံးဆယ့်သုံးမိနစ်နဲ့ ဆယ့်ရှစ်စက္ကန့် ကြာတဲ့ ဒီ ပြကွက်လေး တစ်ခုက ကျွန်တော့် စိတ်တွေကို ဆွဲခေါ်သွား ခဲ့ပါတယ်။ ကျွန်တော်တို့ လူသားတွေ အကျိုးအတွက်ကိုသာ တိုးတက်ဖို့ ကြိုးစားရင်း နေထိုင်ရာ ရိပ်မြုံကမ္ဘာကြီးကို အသုံးချနေခဲ့ကြတာ။ မိခင်ကမ္ဘာကြီး ဘယ်လောက် ချိနဲ့နေရှာပြီလဲ ဆိုတာ ကွက်ကွက်ကွင်းကွင်း မီးမာင်းထိုး ပြလိုက်သလိုပါပဲ။
ကျွန်တော်တို့ နေထိုင်ရာ ရိပ်မြုံလေးကို ဘယ်လို ကာကွယ်ထိန်းသိမ်းကြမလဲ။ အမိကမ္ဘာမြေကို ကယ်တင်ဖို့ အသည်းအသန် လုံးပမ်းနေကြချိန်မှာ ကျွန်တော်တို့တတွေ တတ်စွမ်းသမျှ တစ်ထောင့် တစ်နေရာက ဘယ်လို ပါဝင်ကြမလဲ။
ကျွန်တော်တို့အားလုံးမှာ အမိကမ္ဘာမြေကို ကယ်တင်ဖို့ တာဝန်တွေ ရှိကြပါတယ်။





ကျွန်တော် ပျံသန်းကြည့်မိတဲ့ ဒီ ပြကွက်ကလေးကို ဒီကနေတဆင့် ကြည့်လို့ရအောင် ချိတ်ထား ပေးပါ တယ်ခင်ဗျာ။



Tree of Life, Tasvo national park, Kenya

မိတ်ဆွေတို့ရော ဘယ်လို ခံစားရသလဲ။ ဘယ်လို မြင်သလဲ။ ဘာတွေ လုပ်ကြမလဲ။ တတ်နိုင်သမျှ လက်ဆင့် ကမ်းပေးကြပါခင်ဗျာ။

အောက်က စာပိုဒ်ကတော့ Yann Arthus-Bertrand ရဲ့ စာပိုဒ်ကို တိုက်ရိုက် ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါတယ်ခင်ဗျာ။


homeproject

We are living in exceptional times. Scientists tell us that we have 10 years to change the way we live, avert the depletion of natural resources and the catastrophic evolution of the Earth's climate.


The stakes are high for us and our children. Everyone should take part in the effort, and HOME has been conceived to take a message of mobilization out to every human being.


For this purpose, HOME needs to be free. A patron, the PPR Group, made this possible. EuropaCorp, the distributor, also pledged not to make any profit because Home is a non-profit film.


HOME has been made for you : share it! And act for the planet.


Yann Arthus-Bertrand



Photos credits to home-2009.com & GoodPlanet.org


ကျွန်တော်တို့ နေထိုင်ရာ အိမ်ဖြစ်တဲ့ အမိကမ္ဘာမြေကို တစ်ထောင့်တစ်နေရာက ကယ်တင်နိုင်ကြပါစေ။
မေတ္တာဖြင့်
မိုးကုတ်သား

Friday, June 5, 2009

ကကြိုးပျောက်သူများ




လွမ်းတငွေငွေ့
ဆွေးးတမြေ့မြေ့
မိုးနေ့လကွယ်
ဒေါင်းသငယ်တွေ
ကရေး မကြွယ်လေတော့။ ။






(ဓာတ်ပုံလေးကို ဒီကနေ ယူထားပါတယ်ခင်ဗျာ။)

မွေးဖွားလာကတည်းက ကျွန်တော်တို့ အမြင့်ကို မပျံနိုင်ခဲ့ကြဘူး။
အတု ဖန်ဆင်းပေးထားတဲ့ ကောင်းကင်ကြီးက ကျွန်တော်တို့ ပျံသန်းဖို့ အတွက် နိမ့်လွန်းလှတယ်။
ကျွန်တော်တို့ ကိုယ်ပေါ်မှာ လှပတဲ့ အရောင်စုံ အမြီးလေးတွေ ရှိတယ်။
ကျွန်တော်တို့ ပျံသန်းလွတ်မြောက်မှာ စိုးလို့တဲ့။
တစ်လွှာချင်းစီကို သူတို့ စိမ်ပြေနပြေ ချိုးချထားလိုက်ထာများ။
အမေ မွေးကတည်းက သင်ကြားတတ်မြောက်လာမယ့် ကျွန်တော်တို့ ကကွက်တွေကိုတောင် မေ့လို့။
တချို့ကျတော့လဲ ဗီဇ သဘာဝက ပါရမီအခံလေးတွေပါတော့ ကကြိုးကကွက်တွေကို မသင်ကြားပဲ တတ်မြောက်ကြပါရဲ့။ သူတို့ကျ အမွှေးအတောင်တွေ အကုန် ဆွဲနှုတ်ခံလိုက်ကြရရော။
တချို့ကျ သူတို့ရဲ့ ကောင်းကင်အတုကို ဖောက်ထွင်းပြီး ပျံသန်းလွတ်မြောက်သွားကြတယ်။
အတောင်အလက်တွေ နှောင်ဖွဲ့ခံထားရတဲ့ အမေ့ကို သူတို့ သတိတရ ရှိ၊ မရှိ ဘုရားနဲ့ သူတို့ကိုယ်တိုင်မှ သိနိုင်မှာပ။
တခါတခါကျ ကကြိုးပျောက်တဲ့ ဒေါင်းသငယ်တွေ ရင်ထဲမှာ ဘာတွေ ခံစား နာကျည်းရမလဲ။
တနေ့တနေ့ လှောင်အိမ်လေးထဲ ရှင်သန် အသက်ဆက်ရဖို့၊ လှပတဲ့ အမွှေးအတောင်တွေ ဆွဲနှုတ်မခံရဖို့ ကြိုးစား ရှောင်တိမ်း နေကြရပြန်ရော။
ပျံသန်းလွတ်မြောက်သွားတဲ့ ဒေါင်းသငယ်တွေ အိမ်ကလေးကို လွမ်းဆွတ်နေကြမလား၊ မေ့လျော့နေကြမလား။
အမွှေးအတောင်တွေ အကုန် နှုတ်ခံထားရတဲ့ ဒေါင်းသငယ်တွေရော လှပသစ်လွင်တဲ့ သူတို့ အမြီးလေးတွေ အသစ် တဖန် ပြန်မွေးဖွားလာနိုင်ကြပါ့မလား။
အမေ့သားသမီးတွေထဲက ဒေါင်းတကောင် ရွှေဝါရောင်ကကြိုးကို ငေးမော အိပ်မက်ရင်း မျက်ရည်ကျနေတယ်။
အမေ့ အနှောင်အဖွဲ့တွေ အမြန်လွတ်မြောက်ပါစေ။ မျက်စိစုံမှိတ်ရင်း တစ်မိနစ်စာ အမေ့ကို ငြိမ်သက်အာရုံပြုပြီး ကောင်းကင်ကြီးကို မော့ကြည့်တော့ ကွန်တစ်ခုက သူ့ကို ဆီးကြိုလို့။ တကယ်ပါ။ သူဟာလည်း သတ္တိနည်းတဲ့ အမေ့ရဲ့ ဒေါင်းတကောင်။
အပြင်မှာ မိုးတွေသည်းနေတယ်။ ကောင်းကင်မှာ နေရောင်လရောင်က ကွယ်လို့။ ဒါဟာ အခိုက်အတန့်ပါလို့ ဒေါင်းသငယ် ယုံကြည်နေသေးတယ်။


မေတ္တာဖြင့်
မိုးကုတ်သား

Monday, May 11, 2009

လရောင်ခမ်းတဲ့ည




လမင်းကိုမှ
သူကမျှော်ကြည့် မျှော်လင့်မိ။
ရွှန်းပ ကြည်မြလွန်းလှတော့
ငြိမ်းချမ်းမှုတွေနဲ့ လရင်ခွင်မှာ မှေးစက်ခဲ့သူ။
လဆိုတာ
နေအလင်းကြောင့် လင်းရတာ
သူမသိလို့
နေမင်းကြီးကို သူ့ကောင်းကင်က
ဆွဲဖြုတ်လိုက်တဲ့အခါ။ ။





တစ်ခါတစ်ခါမှာတော့ ဘ၀ဆိုတာ မမြင်ရတဲ့ ကံကြမ္မာတွေကို သယ်ဆောင်လာတတ်တယ်။
အိပ်မက်တွေတိုင်းသာ ဖြစ်ခွင့်ရရင် လို့ မမျှော်လင့်မိတော့ပေမဲ့ ထုပ်ပိုး သိမ်းဆည်းထားတဲ့ အိပ်မက်လေးတွေကို လွယ်ပိုးထားနေမိဆဲ။ ကောင်းကင်တိုင်းဟာ နေရောင်ခြည်နဲ့ နွေးထွေးလင်းလက်ပြီး လရိပ်နဲ့ အေးမြငြိမ်းချမ်း စေဖို့တော့ (မပြည့်လည်း) တိတ်တဆိတ် တောင်းဆုခြွေရင်း ကောင်းကင်ကြီးကို မော့ကြည့်လိုက်တော့ ပြိုမယောင် တိမ်မဲညိုတွေက အုံလိုက်ကျင်းလိုက် ထိုးဆင်းလို့။ ပင်လယ်ကြီးဆီကတောင် ခြောက်ခြောက်ခြားခြား ညည်းညူသံတွေ မြည်တမ်းနေလေသလား။ အောက်စီဂျင် မ၀တဲ့ အာရုံတွေက ခြောက်လှန့်တာပဲ နေမှာပါလေ။

ဓာတ်ပုံလေးကို ဒီက ယူထားတာပါ။

မေတ္တာဖြင့်
ရေးသားသူ - မိုးကုတ်သား