Sunday, November 1, 2009

ဝတ်လစ်စလစ်ရေးတဲ့စာ



*၀တ်လစ်စလစ်ရေးတဲ့စာ*



ခင်ဗျားတို့ သိကြရဲ့လား
ဘလော့ရပ်ဝန်းဆိုတာ
သူတလူ ငါတစ်မင်း
“စကား စစ်” ခင်းနေတဲ့
သွေးဆာနေတဲ့ သတ်ကွင်းမဟုတ်ဘူး။

ခင်ဗျားတို့ သိကြရဲ့လား
ဘလော့ရပ်ဝန်းဆိုတာ
ကိုယ့်အတ္တတွေကို သွန်မှောက်ပြ
ကိုယ့်ဘ၀တွေကို လေလံတင်ရောင်းချ
“လှည့်ကွက်” များနဲ့ ကြာကြာ ကျော်ကြားလို့ ရတာ မဟုတ်ဘူး။

ခင်ဗျားတို့ သိကြရဲ့လား
ဘလော့ရပ်ဝန်းဆိုတာ
“ဟိုအကြောင်း ဒီအကြောင်း”
သောင်းပြောင်းထွေလာ ပြောချင်ပြောကြမယ်
ဒါပေမဲ့ သူ့မှာ သူတပါး အပုပ်အခတ်ကင်း
အဆိပ်အတောက်ရှင်းတဲ့
“ကိုယ့်အကြောင်းကိုယ်” ရိုးရှင်းခင်းကျင်း ပြချင်ပြမယ်
အရေမရ အဖတ်မရ စာတွေ ဖြစ်ချင်ဖြစ်မယ်
ဒါပေမဲ့ ရိုးသားနွေးထွေးတယ်
အိမ်ဆန်တယ်
အိမ်သာတော့ ဧည့်လာမယ်
ဒါ.. မနာလိုစရာ ပုတ်ခတ်စရာအကြောင်းမရှိ။


ခင်ဗျားတို့ သိကြရဲ့လား
ဘလော့ရပ်ဝန်းဆိုတာ
“ဗဟုသုတမျှဝေခြင်း” သက်သက်ဆန်မယ်
ကိုယ်တိုင်ဖန်တီးမထားပေမဲ့
ဘာသာပြန်တွေမှာလဲ အားစိုက်ထုတ်မှုတစ်ခုပါတယ်
စေတနာမေတ္တာပါတယ်
အနုပညာမဆန်ပေမဲ့
“စိတ်အင်အား ဖြည့်တင်း” ဖို့အသိ
လာသူတိုင်းရရှိလို့
သူ့ဘလော့လေး အားပေးသူတွေ ၀ိုင်းဝိုင်းလည်နေတာ
ဒါ....မနာလိုစရာ ပုတ်ခတ်စရာအကြောင်းမရှိ။

ခင်ဗျားတို့ သိကြရဲ့လား
ဘလော့ရပ်ဝန်းဆိုတာ
ကဗျာတွေ ပါချင်ပါမယ်
စာစုတွေလဲ ပါမယ်
“အနုပညာဖန်တီးမှုတွေ သီးပွင့်ရာ” ဖြစ်ချင်ဖြစ်မယ်
အနုပညာကို မြေစမ်းခရမ်းပျိုးသူတွေ ပါမယ်
အနုပညာ ဩဇာကြီးမားသူများက
သူ့ “အနုပညာ” နဲ့သူ ရပ်တည်မယ်
တစ်ခါတစ်ခါ လူသားဆန်စွာ သူတို့ ပေါ့ပါးကြမယ်
ဒါဟာ... အနုပညာကို စော်ကားတာမဟုတ်
ဒါ... မနာလို ပုတ်ခတ်စရာအကြောင်းမရှိ။

ခင်ဗျားတို့သိကြရဲ့လား
ဘလော့ရပ်ဝန်းဆိုတာ
“ဘာသာရေး” တွေနဲ့ စီးမျောချင်စီးမျောမယ်
မတူညီတဲ့ ဘာသာတွေကြား
“ချစ်ကြည်ရေးပေါင်းကူး” ခင်းတဲ့
တံတားတစ်စင်းလဲ ဖြစ်ချင်ဖြစ်နိုင်မယ်
ဘာသာရေးအမြင်တွေ ဖလှယ်ရာဒေသလဲ ဖြစ်ကောင်းဖြစ်မယ်
တူရာတရား နာကြားသူတွေရဲ့ ဘုရားကျောင်းလဲ ဖြစ်ချင် ဖြစ်နိုင်သေးတယ်
ဘာသာရေးသဘောတရား ဆွေးနွေးငြင်းခုန် “သတ်ပုံတွေလဲ မှားသွားနိုင်တယ်”
ဒါ.. မနာလို ပုတ်ခတ်စရာအကြောင်းမရှိ။


ခင်ဗျားတို့သိကြရဲ့လား
ဘလော့ရပ်ဝန်းဆိုတာ
“နိုင်ငံရေး” တွေ ဆွေးနွေးချင်ဆွေးနွေးမယ်
“သတင်း” တွေ ရေးချင်ရေးမယ်
“သမိုင်းအစစ်အမှန်” တွေကို ခင်းကျင်းပြချင်လဲ ပြမယ်
“ဗမာ့သွေး” တွေနဲ့ ရဲရဲတောက်ပြချင်တောက်ပြမယ်
ကမ္ဘာကသိတဲ့ “ပြည်တွင်းသတင်းမီဒီယာ” တွေအဖြစ်နဲ့
သူတို့ရဲ့ လွတ်လပ်ခြင်းနာရီတွေကို စတေးစွန့်လွှတ်ပြီး
ကြယ်တစ်ပွင့်လို သမိုင်းတွင်ရစ်ကြမယ်
ဒါ....မနာလိုစရာ ပုတ်ခတ်စရာအကြောင်းမရှိ။

ခင်ဗျားတို့ သိကြရဲ့လား
ဘလော့ရပ်ဝန်းဆိုတာ
“ဝေဖန်ရေး” တွေ ရေးချင်ရေးမယ်
“အညှီအဟောက်” တွေ ရေးချင်ရေးမယ်
အနုပညာ ပေတံကြီး “ဟန်ပြ” တပ်တပ်ပြီး
ဟိုစောင်းနင်း ဒီစောင်းနင်း
ကလောင်တံပြင်းပြင်းနဲ့ နှက်ချင်က နှက်နိုင်တယ်
“ပုဂ္ဂလိကရေးရာ တိုက်ခိုက်မှု” တွေလား
လာထား ရေးလို့ရသေးတယ်
“အနုပညာ လွတ်လပ်ခွင့်” လို့ အမည်တပ်လိုက တပ်နိုင်ကြသေးတယ်
ဘယ်သူမှ ဘာမှ တားပိုင်ခွင့်မရှိ
မနာလိုလို့ ပုတ်ခတ်တဲ့စာ၊ မနာလိုစရာလဲ အကြောင်းမရှိ
စေတနာ ပါပါ မပါပါ၊ အနုပညာ ပါပါ မပါပါ
ဝေဖန်လေကန်ကာ အချိန်ကုန်ခံစရာ အကြောင်းမရှိ
“ကိုယ့်စေတနာကံ ကိုယ့်ထံ ပြန်လာလိမ့်မယ်။”

ခင်ဗျားတို့သိကြရဲ့လား
ဘလော့ရပ်ဝန်းဆိုတာ
စာပေစီစစ်ရေးတွေ တင်စရာမလို
ကိုယ်ရေးတဲ့စာ ကိုယ်ဘာသာကိုယ်
တံခါးမရှိ ဓားမရှိ၊ အီးမေးလ်တစ်ခုရှိရုံနဲ့
ဖွင့်ဝင်လို့ ရတဲ့ဒေသ
ဒီရပ်ဝန်းဒေသမှာ
ကိုယ်တိုင်က ဇာတ်လိုက်
ကိုယ်တိုင်က စာရေးဆရာ
ကိုယ်တိုင်က အယ်ဒီတာ
ကိုယ်တိုင်က စာပေစိစစ်ရေး...
ကိုယ့်ချွေး ကိုယ့်သွေးနဲ့ ကိုယ့်ထမင်းကိုယ်စားပြီး
ခြူးတပြားမရ
မီတာခ အတက်ခံ၊ အချိန်ကုန်ခံ၊ ထမင်းစားပျက်ခံ၊ အအိပ်ပျက်ခံရေးကြတာ
အဲတာ “ဝဋ်နာ ကံနာ” တစ်မျိုးပေါ့
အဖြစ်ဆိုးရင် အဆဲအဆို အစောင်းအမြောင်းခံ ရေးကြ
တစ်ချိန်တော့ ဒါတွေအားလုံးက ဟာသအဖြစ် ကျန်ရစ်ချင်ကျန်ရစ်လိမ့်မယ်
သမိုင်းတစ်ခောတ်တွင်ရစ်ချင် တွင်ရစ်လိမ့်မယ်
ကြယ်တစ်ပွင့်အဖြစ် အလင်းနှစ်ပေါင်းများစွာ တောက်ပချင်တောက်ပလိမ့်မယ်
နိဗ္ဗာန်ကို လှမ်းတဲ့ ဓမ္မပန်းတွေ ပွင့်လန်းချင် ပွင့်လန်းမယ်
ငရဲခန်းကိုမှ လှမ်းချင်သူတွေက မစ္ဆရိယပန်းတွေလဲ လှိုင်လှိုင် ညှီလိမ့်မယ်
ဒေသတိုင်းဟာ သူ့ရေခံမြေခံအတွက် သူစိုက်ပျိုးရာ သူ သီးပွင့်ကြမယ်
ကိုယ့်ရေခံမြေခံမှာ ဘာစေတနာနဲ့ ဘာကို စိုက်ပျိုးခဲ့သလဲ။
ကိုယ်ရေးတဲ့ စာတစ်လုံးတိုင်းဟာ ကိုယ့်သမိုင်းတစ်ခုဆိုတာ ရေးသူတိုင်းသိတယ်
နောက်ပြီး ဖတ်သူတိုင်း သိတယ်
ဘလော့ဂါရပ်ဝန်းမှာ ကိုယ်ရေးတဲ့စာ ကိုယ်ပဲ တာဝန်ယူလို့ရတယ်
ခင်ဗျားတို့ မြဲမြဲ မှတ်ထားကြ
“ကိုယ့်စေတနာကံ ကိုယ့်ထံ ပြန်လာလိမ့်မယ်။”

ဘလော့ရပ်ဝန်းဟာ “ချစ်ကြည်မှုတွေ ဖလှယ်ရာ”
နွေးထွေးမှုတွေနဲ့ “ခေတ္တနားခိုရာ”
ကမ္ဘာတစ်ဘက်ခြမ်းနဲ့ တစ်ဘက်ခြမ်းကို “နီးစပ်ရင်းနှီးစေတဲ့နေရာ”
လူ့အဖိုးတန်တွေအတွက်တော့ ဘလော့ရပ်ဝန်းဟာ
တခါတခါ အရေမရ၊ အဖတ်မရတွေနဲ့ ပြည့်နှက်ချင် ပြည့်နှက်နေမယ်
ဒါတွေ သူတို့ ကျော်ဖတ်သွားကြပေမပေါ့
အနုပညာ ချစ်သူတွေက အနုပညာဘလော့ရပ်ဝန်းကို ရွေးချယ်ဖတ်ကြ
ခင်မင်နွေးထွေးမှု လိုလားသူတွေက နွေးထွေးပျော်ရွင်ဖွယ်ရာအိမ်လေးတွေမှာ ရယ်မောဆူညံကြ
နိုင်ငံရေးသမားတွေက နိုင်ငံတကာ သတင်းတွေစုံရာ ဘလော့ရပ်ဝန်းတွေမှာ တွေ့ဆုံကြ
ဘာသာရေးသမားတွေက ဓမ္မရပ်ဝန်းမှာ မွေ့လျော်ပျော်ပိုက်ကြ
စိတ်ခွန်အားလိုသူတွေက ဘ၀ကိုတိုက်ပွဲဝင်ဖို့ ခွန်အားတွေပေးရာ ဘလော့ရပ်ဝန်းမှာ အားသစ်တွေယူကြ
ပျော်ရွှင်လိုသူတွေက လူ့ဖြစ်ပုံကို သရော်ရေးတဲ့ ဟာသတွေ စုံရာ ဘလော့ရပ်ဝန်းတွေကို မြည်းစမ်းကြ
တကိုယ်ရည် အာသာပြေ ချင်နေတဲ့စိတ် ရှိသူတွေက အိပ်ယာပေါ် ချစ်တင်းနှောကိစ္စတွေရှိရာရပ်ဝန်းသို့ သွားကာ ကိစ္စက ထိပ်ဝ ရောက်ခါနီးကြ
ရန်ဖြစ်ရတာ ၀ါသနာပါသူတွေက အမည်ဖော်/မဖော် အတိအလင်း၊ တစေ့တစောင်းတိုက်ခိုက်ကြ
ဒီလိုနဲ့ ကိုယ့်လမ်းကိုယ်နင်းရင်း
သဘောထားတွေကွဲလွဲကြ၊ အမြင်မကြည်လင်စရာတွေဖြစ်လာကြ၊ ဇာတ်တွေရှုပ်ကြ
နောက်ဆုံးတော့ ကျန်ခဲ့တာက ကိုယ်ရေးခဲ့တဲ့စာ ကိုယ်ပြောခဲ့တဲ့စကားများ...
စိတ်စေတနာကံ မှန်သူတွေက သူ့လုပ်ရပ်သူတာဝန်ယူရင်း သူ့ခရီးသူဆက်
စိတ်ဝေဒနာမခံလိုသူတွေက ရပ်တန့်တွေဝေ
စိတ်စေတနာကံ မမှန်သူတွေက သူ့လုပ်ရပ်သူမရှက် ဆက်လက်ချီတက်
ကိုယ့်စာတစ်လုံး ကိုယ်ဘယ်လောက်ထိ ချွေးထွက်ခဲ့သတုန်း
ကိုယ်ရေးတဲ့ စာတစ်လုံးတိုင်းဟာ ကိုယ့်သမိုင်းတစ်ခုဆိုတာ ရေးသူတိုင်းသိတယ်
နောက်ပြီး ဖတ်သူတိုင်း သိတယ်
ဘလော့ဂါရပ်ဝန်းမှာ ကိုယ်ရေးတဲ့စာ ကိုယ်ပဲ တာဝန်ယူလို့ရတယ်
ခင်ဗျားတို့ မြဲမြဲ မှတ်ထားကြ
“ကိုယ့်စေတနာကံ ကိုယ့်ထံ ပြန်လာလိမ့်မယ်။

ဒါ ဘလော့ရပ်ဝန်းမှာ စာတကာစုံ လိုက်ဖတ်နေတဲ့
(ဒါတောင် ပညာမစုံ၊ ဘလော့အိမ် မကုန်နိုင်သေးတဲ့)
ကျွန်တော် မိုးကုတ်သား
စိတ်အစွဲတွေချွတ်လွှတ်
“၀တ်လစ်စလစ်” ရေးထားတဲ့စာ
မကောင်းကိုယ် ခံ၊ ကောင်းကိုယ်စံမယ်။ ။


**************************************************************


(ခုတလော.. ဘလော့ရပ်ဝန်းမှာ အော်ကြ၊ ဟစ်ကြ၊ ရန်ဖြစ်ကြ၊ စောင်းမြောင်းကြနဲ့ ယခင်က ငြိမ်းချမ်းခဲ့တဲ့ ဘလော့ရပ်ဝန်းလေး ချစ်ကြည်ရေးတွေ ပျက်ကြမှာမျိုး မမြင်ချင်လို့ပါခင်ဗျာ။ ကိုယ့် အတွင်းရန်သူ ကိုယ်သာ သတ်လို့ ရပါတယ်။ ကျွန်တော့်စာထဲမှာ ရိုင်းပျမှုတွေ ရှိနေခဲ့မယ်ဆို ဒီနေရာကနေ အနူးအညွတ်တောင်းပန်ပါတယ်။ မည်သူ့ကိုမျှ ထိခိုက်နစ်နာစေရန် မရည်ရွယ်ပါ။)

ဝန်ခံချက်။ ဖုန်းမြင့်ရဲ့ အပျင်းပြေ အပျော်ဖတ် ကဗျာမှ စာတစ်ကြောင်းကို အငှားသုံးထားပါတယ်။
“တကိုယ်ရည် အာသာပြေ ချင်နေတဲ့စိတ်
ကိစ္စက ထိပ်ဝ ရောက်ခါနီး”
အဲဒါတွေကို ခွင့်မတောင်းပဲ စကားလုံး ငှားသုံးမိတဲ့အတွက် ဒီနေရာကနေပဲ ငှားသုံးကြောင်း ၀န်ခံပါရစေ။


စကားမစပ် ကျနော်လေးစားတဲ့ မှော်ဝင် စာရေးဆရာ ဘာသာပြန်ထားတဲ့ ကဗျာလေးထဲက စာတစ်ကြောင်းကို ပို့စ်လေး အသိမ်းမှာ သတိ သွားရမိတယ်။

“သင်တို့သည် ဘုရားကျောင်းမှ တိုင်လုံးများလို အတူတကွ သီးခြားရပ်တည်ကြပါ”
တဲ့..။

လူအချင်းချင်း မေတ္တာ၊ စေတနာ၊ မုဒိတာ ပွားများနိုင်ကြပါစေ။ ကောင်းကျိုး လိုလား အပြုသဘောထားများ မွေးမြူနိုင်ကြပါစေ။



မေတ္တာဖြင့်
မိုးကုတ်သား

24 comments:

Sein Lyan Tun said...
This comment has been removed by the author.
Dream said...

ဘလော့ကာအသိုင်းအ၀ိုင်းကလူတွေရော စာဖတ်သူတွေရော (လူသားအားလုံး)ကို

အရာရာကို နားလည်မှုတွေ ရှိစေချင်တယ်။

အရာရာကို ငြိမ်းချမ်းရေးတွေ ယူကုန်စေချင်တယ်။

အရာရာကို ခွင့်လွတ်စိတ်နဲ့ အကောင်းမြင် စိတ်ဓာတ်လေးတွေ ရစေချင်တယ်။

အရာရာကို တိုက်ခိုက်မှုတွေ ကင်းကင်းနဲ့ ချစ်ခင်စေချင်တယ်။

ဒါတွေအားလုံးက ရင်ထဲက ဖြစ်ချင်တဲ့ စေသနာ အမှန်ပါ.........

ဘလော့ရပ်ဝန်းမှ လူသားအားလုံး အားလုံး ငြိမ်းချမ်းပါစေ....

မိုးခါး said...

တကယ်တော့ လူဘ၀ဆိုတာ တိုတိုလေးပါ
ဒီ အချိန်တိုတိုလေးမှာ တယောက်ကိုတယောက် အမုန်းတွေ မပွားပဲ ညီညီညွတ်ညွတ် ချစ်ချစ်ခင်ခင်နေနိုင်ကြရင် ကောင်းမယ်
ဘာက အရေးကြီးတယ် ဘာက အရေးမကြီးဘူး ခွဲခြားတတ်ရင် ကောင်းမယ်
ကိုယ် ဘာလုပ်နေတယ် ဆိုတဲ့ လုပ်ရပ်ကို ကိုယ်တိုင်နားလည်ဖို့ လိုမယ်
ကိုယ် ဘာလုပ်ချင်တာလဲ ဘာကို ရည်ရွယ်နေလဲ ကိုယ့် လမ်းကြောင်း ဘယ်ကို ရောက်နေပြီလဲ
ကိုယ်လုပ်တာ မှန်တယ် ထင်ရင်တောင် ဘယ်သူ့ကိုမှ မထိခိုက်သင့်ဘူး
ကိုယ့်စကားက ဝေဖန်တာလား တိုက်ခိုက်တာလား ကိုယ်တိုင်ကရော ဝေဖန်ချင်တာလား တိုက်ခိုက်ချင်တာလား ကိုယ်တိုင် သိနေဖို့တော့ လိုလိမ့်မယ်

(ဒီနေ့ တန်ဆောင်မုန်း လပြည့်နော် ..း))
အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ
ဘလော့ရေးတဲ့လူ အများစုက ကိုယ့် အမိမြေနဲ့ခွဲနေရသူတွေ များပါတယ်
လူချင်း မမြင်ဘူးလို့ မြင်စရာ မရှိလို့ ဂရုစိုက်စရာ မလိုဘူး ဘယ်သူမှ မသိနိုင်ဘူး ထင်ရင်တောင် ကိုယ်တိုင် နဲ့ ကိုယ့် ကိုယ်စောင့်နတ် သိတယ်ဆိုတာတော့ ......................

khin oo may said...

စိတ်ချမ်းသာလို့ရေးတာပါ. စိတ်မညစ်ချင်

SongChanMoe said...

ကောင်းလိုက်တဲ့စာသားတွေပါ..အကိုရေ..
ဘလော့ရပ်ဝန်းဆိုတာ ဘာလဲ ဆိုတာ မသိတဲ့လူတွေ
သိရက်နဲ့ တမင်နှောက်ယှက်နေတဲ့လူတွေ
ဒီပို့စ်လေးကို ဖတ်ပြီး သဘောပေါက်နားလည်နိုင်ကြပါစေ...

လေးစားစွာဖြင့်
ဆောင်းချမ်းမိုး

မယ့်ကိုး said...

ဒီတစ်ခေါက်နဲ့ဆို ဒီစာကို ဖတ်တာ ငါးခေါက်မြောက်ပေါ့ ...
တစ်ခောတ်က တစ်ခေတ် လားလို့ .... =)

JulyDream said...

တချို့နေရာတွေမှာတော့ တိုက်ခိုက်မှုကို ပြန်လည် တွန်းလှန်ရတဲ့ သဘောလေးတွေ ရှိပါတယ်။ အမြဲတမ်း ခေါင်းငုံခံနေလို့လည်း မကောင်းဘူးလေ။

မေတ္တာရှေ့ထားတာ ကောင်းတယ် ဆိုပေမယ့် ကိုယ်တွေက ဘုရားလောင်း မဟုတ်သလို ဟိုကောင်တွေကလည်း ဘုရား ချွတ်တောင် ကျွတ်မယ့် ကောင်တွေ မဟုတ်ပြန်ဘူး။ သဘာဝအရ အနိုင်ကျင့်လို့ ရရင် အမြဲတမ်း အနိုင်ကျင့်ချင်ပါတယ်။ အဲဒီတော့ တော်လှန်ရေးပဲ ကောင်းပါတယ်လေ။

ငြိမ်းချမ်းရေးဆိုတာလည်း အဲဒီလို တော်လှန်ရေးတွေ ပြီးမှ ထွက်လာတဲ့ အဖြေ တစ်ခုပဲ မဟုတ်လား ခင်ဗျ။

ဘာပဲဖြစ်ဖြစ် ငြိမ်းငြိမ်းချမ်းချမ်း ရှိတာပဲ ကောင်းလှပါတယ်။ ကျီး ဘုတ် ရိုသေကြပေါ့။ အပြန်အလှန် လေးစားကြပေါ့။

ကိုနဗန စကား ယူသုံးရမယ် ဆိုရင်... အားလုံး ပျော်ပျော်ပါးပါး ပေါ့ဗျာ။ =)

Anonymous said...

ဖတ်ရင်းဖတ်ရင်းနဲ့ မိုးကုတ်သားမှ ဟုတ်ပါလေစ လို့တွေးမိတယ်။
ကိုယ်စားရေးပေးတဲ့အတွက် ကျေးဇူးတင်တယ်။

ညီညီ said...

ကိုမိုးကုတ်သားရေ. အစ်ကို့စာက တစ်ကယ်ကို အားမာန်ပါတယ်. မာနပါတယ်. ခိုင်မာတဲ့ ရည်ရွယ်ချက်တွေပါတယ်. အကျိုးပြုလိုစိတ်တွေ မြင်နေရတယ်..။

ဒီဘလော့ ရပ်ဝန်းလေး အစဉ်အမြဲ သာယာပါစေ..

ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)

ကိုရင်နော်ခင်လေးငယ် said...

MBS ရဲ့ ဆောင်ပုဒ်က
WE BLOG - WE UNITE လို့ ဆိုထားတာပဲလေ..

ကျနော်တို့ အတူတကွ (ချစ်ချစ်ခင်ခင်) ပေါင်းစည်းပြီး ခြေလှမ်းညီညီ ဆက်လျှောက်ကြတာပေါ့..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်

တောင်ပေါ်သား said...

ကိုရင်နော် ပြောသလိုပါပဲ အကိုရေ .. သိပ်တော့ မပြောချင်ပါဘူး။ နေရာတကာမှာ ကောင်းခြင်း ဆိုခြင်းတွေ ရှိနေတတ်ပါတယ်။ မကောင်းမူကို ပြင်နိုင်ဖို့က ကိုယ့်ရဲ့ စိတ်သာ အဓိကမလား။ လူတိုင်းအကောင်းမြင်တတ်တဲ့ စိတ်လေးတွေ ရှိနေကြပါစေလို့ပဲ ဆုတောင်းမိပါတယ်။

လေးစားလျက်
တောင်ပေါ်သား

ရွှေရတုမှတ်တမ်း said...

ရဲရဲရင့်ရင့် စိတ်ထဲ ရှိတာတင်ပြသွားတာ ကြိုက်တယ်ဗျာ
ကျနော်တို့ ဗမာထုံးစံက အားနာနေတာနဲ့ ထောက်ထားနေရတာနဲ့ ..ကျနောတို့်ဓလေ့ထုံးစံတွေကြောင့်
တချို့ကိစ္စတွေမှာ တိုးတက်သင့်သလောက် မတိုးတက်ဘူး..လို့ထင်မြင်ယူဆမိကြောင်းပါ ခင်ဗျာ..
နောက်တခုက ဗမာတွေက လက်ညှိုးထောင်ခေါင်းငြိမ့် စံနစ်နဲ့ နှစ် ၅၀ လောက် အသားကျလာတော့ မပြောရဲမဆိုရဲကြတဲ့ အကျင့်ကလဲပါလာကြတယ်ဗျာ

အိန္ဒြာ said...

မိုးကုတ်သားရေ...

တစ်ယောက်နဲ့တစ်ယောက်..
စာပေ အကြောင်းအရာ အဖွဲ့အနွဲ့ စိတ်ကူးစိတ်သန်း နဲ့ တင်ပြပုံတွေကို..
ဝေဖန်ကြတာထက်
ပုဂ္ဂိုလ်ရေးဆန်ဆန် နာသွားရင်ပြီးရော..
မိုက်မိုက်ရိုင်းရိုင်းတွေပြောဆိုနေကြတာ
တော်တော်ဝမ်းနည်းစရာကောင်းလှပါတယ်...။

သင်တို့သည် ဘုရားကျောင်းမှ တိုင်လုံးများလို အတူတကွ သီးခြားရပ်တည်ကြပါ” တဲ့..

သိပ်မှန်ပြီး..သိပ်ကောင်းတာပဲ...

လွတ်လပ်စွာသဘောထားကွဲလွဲခွင့်တွေရှိပါတယ်..
လွတ်လပ်စွာစော်ကားပုတ်ခတ်လိုမှုတွေတော့မရှိသင့်ပါဘူးးးးးး

ရန်သူတွေမှ မဟုတ်ပဲကွယ်...
တစ်လှေတည်းစီး တစ်ခရီးထဲ ဆန် နေကြသူတွေ..

စည်သူ said...

ဘယ်သူမကောင်း ကောင်းကောင်းကောင်း တို့ကတော့ ကောင်း..

ဘယ်သူမကြောက် ကြောက်ကြောက် တို့ကတော့ မကြောက်..

ဘယ်သူ ဘာပြော ပြောပြော တို့ကတော့ ဘာမှ ပြန်မပြော..

ဘယ်သူရန်မူမူ မမူမူ တို့ကတော့ မေတ္တာကူ..

ဘယ်သူ လာတိုက်တိုက် မတိုက်တိုက် ဒါက သူ့ရဲ့စရိုက်...

လာကြလာကြ.. လက်တွဲကာ ဝိုင်းလို့ကူ .. တို့ရန်သူကို စေတနာထား မေတ္တာဖြင့် အနိုင်ယူစို့လား

ခင်မင်လေးစားစွာဖြင့်
စည်သူး

မေဇင် said...

မှန်၏ ... ဦးဘို ရေးတာမှ ဟုတ်ပါလေစ လို့... တကယ်ကောင်းတယ်......မှန်တယ်။

kaungkinpyar said...

အမှန်ဆုံးတွေ ရေးတယ် ကြိုက်စ်...

မေလေး said...

ပြောသွားကြတာလဲ စုံပီ
ဟုတ်ပ ကိုဘိုရေးတာမှ ဟုတ်ရဲ့ လားလို့
သံသယတောင် ဝင်မိပါတယ်။
ဒီရက်ပိုင်းလေး ဘာတွေဖြစ်ကုန်ကြတာလဲ
လိုက်လို့ကိုမမှီတော့တာ။

နွေးနေခြည် said...

စာထဲမှာ မာန်အပြည့်ပါလား ကိုမိုးကုတ်သားရေ...
ဖတ်ရတာ အသက်ဝင်လိုက်တာ...

လူအချင်းချင်း မေတ္တာ၊ စေတနာ၊ မုဒိတာ ပွားများနိုင်ကြပါစေ။ ကောင်းကျိုး လိုလား အပြုသဘောထားများ မွေးမြူနိုင်ကြပါစေ။
လို့ ထပ်ဆုတောင်းလိုက်ပါတယ်။

ခရေညို said...

ဝတ်လစ်စလစ်ရေးတဲ့စာ ကို နှစ်ခါတောင်ဖတ်သွားပါတယ် ။ အရေးအသားက အရမ်းကောင်းတယ်

စိုင်းစိုင်းလားရှိုး said...

ကိုဘိုဘို

ရပ်တည်မှုတစ်ခုကို အညမည နဲ့ ရှေ့ဆက်ကြစို့နော်..

Angel Shaper said...

အကိုရေ...
ဘလော့ဆိုတာ ချစ်စရာကောင်းတဲ့ မောင်နှမများနဲ့ ပျော်စံရာအိမ်။ ရင်ထဲက အရာအားလုံး သွန်ချလို့ရတဲ့ နေရာ၊ ရင်ခုန်သံတူသူတွေ ဖေးမမဲ့နေရာ... ဟိဟိ
ပေါက်ကရလာအော်သွားတယ် ဗျာ...
အကိုရေ... ဘလော့တစ်ခွင် ငြိမ်းချမ်းပါစေ။
ဒါမှ သမီးလဲ အေးအေးချမ်းချမ်းသောင်းကျန်းလို့ရမပေါ့။ ဟဲဟဲ...

သုဒြေ္န said...

ညီလေးေ၇းတဲ့  ၀စ်လစ်စလစ် ရေးတဲ့ စာ ကို ဟစ်ဟော့ တို့  ၇ပ်တို့  လို သံစဉ်မျိုး အသံနေ အသံထားနဲ့  အသံထွက်ပြီး ဖတ်ကြည့် တော့  အတော်ကောင်းသားလားကွာ ကိုယ်တိုင် အဲသလို အသံထွက်ပြီးတခေါက်ဖတ်ကြည့် ပါ လို့ အကြံပေးလိုက်ပါတယ် ထူးခြားတဲ့  ခံစားမှု တမျိုးရလိမ့် မယ် တကယ်ပြောတာစမ်းကြည့်  ခင်တဲ့  အကို သုဒြေ္န

Libratun said...

awesome :)
this will be your masterpiece.
ဝတ်လစ်စလစ် ko bo bo.
:)
thu myar tway thi pyaw hmar soe loh, nout sone ma lar yay tar :D

မငုံ said...

အားလုံး ချစ်ချစ်ခင်ခင်နဲ့ ပျော်ပျော်ရွှင်ရွှင် နေကြတာပေါ့။ တယောက်ရဲ့ ဝေမျှပေးတာတွေကို တယောက် ခံစားပေးလိုက်ကြရအောင်လားနော်။