Thursday, October 29, 2009

အာကာသထဲ ပျောက်ကျသွားတော့မည့် ဂြိုလ်ပြာ


အရာအားလုံးဟာ ဖြစ်ပြီးရင် ပျက်ကြတာကြီးပါပဲ။ တည်မြဲတယ် ဆိုတာ ဖြစ်လာတာဟာ ပျက်ဖို့”ဆိုတဲ့ ဓမ္မတာ တစ်ခုလို့ ဆိုရမဲ့ သဘောပဲပေါ့။ ဒီတော့ ဖြစ်လာချိန်၊ တည်ရှိနေချိန်လေးမှာ ဘ၀ကို ဘယ်လို ကိုယ်တို့တွေ ပုံဖော်၊ လက်ခံ၊ ဖြတ်သန်းကြမလဲ ဆိုတာပါပဲ။ "ကမ္ဘာပျက်ခါနီး တစ်လလောက်အလို" ဆိုတဲ့ အကြောင်းကို အမ အိန္ဒြာ က တည်တည်တံ့တံ့ကြီးကို စဉ်းစားမိပြီး စပ်စုထား အဲလေ တက်ဂ်ထားတော့မှ ကျွန်တော်လဲ ကိုယ် မဆုံချင်တဲ့ အကြောင်းအရာတွေဆီ တည့်တည့် မျက်နှာချင်း ဆိုင်ရပါတော့တယ်။



ဆူနာမီတွေ ဖြစ်တုန်းက၊ ငလျှင်တွေ အကြီးအကျယ်လှုပ်တုန်းက၊ မီးတောင်တွေ ပေါက်ကွဲပြီး မြို့တွေ ပျက်တုန်းက၊ နောက်ပြီး နာဂစ် ၀င်မွှေသွားတုန်းက ကိုယ်တိုင် ကြုံတွေ့ ခံစားကြရသူတိုင်းဟာ အဲဒီအချိန်မှာတော့ သူတို့ အတွက် ကမ္ဘာပျက်နေတာပါပဲ။ ကိုယ်တို့တွေ အိမ်ဆောက် နေထိုင်ခဲ့ကြတဲ့ မိခင် အိမ်မ ဂြိုလ်ပြာကြီးကတော့ဖြင့် ကျန်းမာရေးမကောင်းလို့ အပူရှိန်တွေ တရိပ်ရိပ်တက်စ ပြုလာတာ၊ ၀င်ရိုးစွန်းက ရေခဲပြင်တွေ တအိအိနဲ့ အရည်ပျော်ကျပြီး ပင်လယ် ရေမျက်နှာပြင်တွေ မြင့်မြင့်တက်လာနေတာ၊ ရာသီဥတုတွေ ဖောက်လွှဲဖောက်ပြန် ဖြစ်နေခဲ့တာ၊ တုန်ရီလှုပ်ခတ်နေခဲ့တာ ကြာပါပြီ။ ဒီဂြိုလ်ပြာကြီးဟာ အာကာသထဲမှာ ပျောက်ကျသွားသလို ပျက်စီးပျောက်ကွယ် မသွားဘူး လို့ ဘယ်သူ အာမခံနိုင်ပါသလဲ။ မိုးပြိုမှာကို တွေးကြောက်ဖို့ မဟုတ်ပါဘူး။ တကယ် ကြုံလာရမယ်ဆိုရင် ကိုယ်တွေ ဘယ်လို ပြင်ဆင်ထားသင့်သလဲ ဆိုတဲ့ အတွေးလေးတွေ ၀င်လာတဲ့ ခဏမှာ လောဘ၊ ဒေါသ၊ မောဟတွေနောက် လိုက်နေခဲ့ကြတဲ့ ကိုယ့်ကိုကိုယ် “ဒါတွေဟာ ဘာမှ မဟုတ်ပါလား၊ ဂြိုလ်ပြာကြီး ပဲ ပျက်ပျက်၊ မပျက်ပျက် ကိုယ်တွေကတော့ သေရအုံးမယ်။ ဒီတော့ အဲ့ဒီသေခြင်းတရားကို မျက်နှာချင်းဆိုင်ဖို့ ဘယ်လို သတ္တိ မွေးကြရမလဲ” ဆိုတဲ့ အတွေးတွေ ဖြစ်စေခဲ့ပါတယ်။

ကဲ၊ ဆိုကြပါစို့။ ၂၀၁၂ မှာ ဂြိုလ်ပြာကြီး အာကသထဲ ကျပျောက်သွားသလို ပျက်သုဉ်းသွားမယ် ထားပါတော့။


(၁)။ ဘယ်သူတွေနဲ့ရှိနေချင်လဲ..

ဖေ၊ မေ၊ မောင်နှမသားချင်း၊ ချစ်သူ၊ ခင်မင်သူ၊ မိသားစု ပေါ့။ တစ်ယောက်လက်တစ်ဖက်စီကို တစ်ယောက်လက်တစ်ဖက်စီက ဆုပ်ကိုင်ထားပြီး အတူ ရှိနေကြမယ်လေ။ နောက်ဆုံး အချိန်အထိ....

(၂)။ ဘာတွေခံစားနေရမလဲ..

ရင်တွေ ခုန်နေကျ ပုံမှန်အတိုင်းထက်တော့ ပိုပြီး ခုန်နေလိမ့်မယ်။ စိတ်တွေ သိပ်ပြီး လှုပ်ရှားနေလေမလား။ သေချာတာကတော့ ကြောက်နေမှာပဲ။

(၃)။ ဘာတွေပြင်ဆင်ထားမလဲ..

ရုပ်ဝတ္ထုပစ္စည်းတွေကတော့ သေရင် ပါသွားမဲ့ အရာတွေ မဟုတ်တဲ့အတွက် အဲတာတွေကိုတော့ ပြင်ဆင်ထားမှာ မဟုတ်ပေဘူး။ စိတ်တွေကိုတော့ ပြင်ဆင်ထားရပေလိမ့်မပေါ့။ တုန်လှုပ်နေမဲ့ ကြောက်စိတ်လေးတွေကို တည်ငြိမ်အောင်ထိန်းသိမ်းနိုင်ဖို့၊ ကိုယ့်ဘေးမှာ ရှိတဲ့ သူတွေကို အားပေးနိုင်ဖို့၊ သေခြင်းတရားတွေကို လက်ခံ ရင်ဆိုင်နိုင်ဖို့။ (တစ်နေ့ သေရမှာပဲ ဆိုတဲ့ အသိ ဘယ်လောက်ပင် ရှိထားလဲ သေရမှာတော့ အရူးတောင် ကြောက်တယ်ဟုတ်)

(၄)။ ၀မ်းနည်းမိမှာက..

ဝမ်းနည်းစရာတော့ မရှိလှပေမဲ့ သေချာ တွေးကြည့်ရင်တော့ ကြေကွဲစရာ။ ဘယ်သူတွေ ဘယ်လို သေခြင်းတရားကို ကြုံကြမလဲ ကိုယ်တွေ မျက်ဝါးထင်ထင် မြင်တွေ့နေရချင် နေရမှာလေ။ နောက်ပြီး ကိုယ်တို့တွေတင်မက ကိုယ်တို့ သက်ရှိအရာတွေအားလုံး အစဉ်အဆက် နေထိုင်ခွင့် ပေးထားခဲ့တဲ့ ဂြိုလ်ပြာကြီး ပျက်သုဉ်းသွားရတော့မှာ။

(၅)။ ကြောက်လန့်မိတာက..

သေရမှာပါဆို ကြောက်တာပေါ့။ ဒါကိုပဲ ထပ်ပြီး ကြောက်ခိုင်းရုံမက လန့်ဖို့ပါ သတိပေးနေသေးတယ်။ “အနိစ္စ၊ ဒုက္ခ၊ အနတ္တ” ဆိုတာကို ဆင်ခြင်နိုင်စိတ်လေး ပျောက်နေမှာတော့ ကြောက်လန့်မိသား။

(၆)။ ဆောင်ထားချင်တာ..

“၀ိပဿနာ” တရား၊ “မေတ္တာ” နှလုံးသား နဲ့ “ဥပေက္ခာ” စိတ်

(၇)။ ဘာတွေရေးမိမလဲ..

ဘာတွေမှ ရေးဖြစ်မယ် မထင်ဘူး

(ဂ)။ တွေးမိတွေးရာ အတွေး..

အတွေးတွေလဲ ဘာဘာညာညာ တွေးမိတွေးရာ တွေးနေဖြစ်မယ်မထင်ဘူး။ ကိုယ်က ချန်ထားခဲ့သူ လဲ မဖြစ်ချင်ဘူး။ ကိုယ့်ကို တသပြီး ကျန်နေခဲ့ကြမဲ့ ချစ်ခင်သူတွေကို မပူဆွေးစေချင်လို့။ ကျန်ရစ်နေခဲ့သူလဲ မဖြစ်ချင်ဘူး။ ချန်ထားရစ်ခဲ့တဲ့ ချစ်ခင်သူတွေကို တသပြီး ဘ၀ကို မဖြတ်သန်းချင်လို့။ တကယ်တော့ တကမ္ဘာလုံး ပျက်သုဉ်းမှာ၊ အဲတော့ ဘာမှ ကျန်နေခဲ့မှာ မဟုတ်ကြဘူးလေ။ အင်း၊ ကိုယ်တွေ ဆောင်ထားချင်တဲ့ “၀ိပဿနာ” တရား၊ “မေတ္တာ” နှလုံးသား နဲ့ “ဥပေက္ခာ” စိတ် တွေ အဲဒီအချိန် တကယ် ဆောင်ထားနိုင်ပါ့မလား ဆိုတာပဲ။ ဆောင်မထားနိုင်ရင်တော့............ အတွေးနဲ့တင် ကြောက်စရာမို့ ဆက်မတွေးတော့ဘူး။ တော်ဘီ။

(၉)။ ဂုဏ်ယူချင်တာက..

ကိုယ်ဟာ ကမ္ဘာပေါ်မှာ ဘာမှ မဟုတ်တဲ့ လူတစ်ယောက် ။ ဒါပေမဲ့ ဆန်ကုန်မြေလေးတော့ မဟုတ်ခဲ့ပေဘူး။ ကမ္ဘာကြီးကို ကယ်တင်ဖို့ ကျွန်တော့်လက်နဲ့ အပင်တွေ စိုက်ခဲ့ဖူးတယ်။ ရေမြောင်းတွေ ဆယ်ခဲ့၊ ရှင်းခဲ့ဖူးတယ်။ (အဲလောက်တော့ လူတိုင်းနီးပါး ဂြိုလ်ပြာကြီးပေါ်မှာ ကောင်းကျိုးပြုခဲ့ဖူးကြမှာပါလေ။ အားလုံး ဂုဏ်ယူနိုင်ကြစေ)

(၁၀)။ ရှာကြံဖြေသိမ့်မိတာက..

လူ့ဘ၀မှာ ကိုယ်ဟာ အလင်းတစ်ချို့ကို ထိတွေ့ခွင့် ရခဲ့တယ်

(၁၁)။ ကျူးရင့်ချင်တဲ့ ဥဒါန်း..

တစ်နေ့တော့ “ငါ” သည် မုချ သေရမည်။



*******************************


ကဲဗျာ၊ အခု လင့်ခ်ထားတဲ့ ဒီ ဗွီဒီယိုလေးနမူနာလေး ကြည့်ပြီး အဲဒီအထဲမှာ အစမ်း ခံစားကြည့်ကြပါအုံး။




ကိုယ်တွေကတော့ ဒီကား ရုံတင်မှ သွားကြည့်ရင်း သံဝေဂ ပွားများလိုက်အုံးမယ်။ ကြောက်တတ်သူများ မကြည့်ရ။ :-P


မေတ္တာဖြင့်
မိုးကုတ်သား




28 comments:

Sein Lyan Tun said...

တစ်

MANORHARY said...

အလင်းတချို့ကို ထိတွေ့ခွင့် ရခဲ့တယ်တဲ့လား
.........................................

အိန္ဒြာ said...

မိုးကုတ်သားရေ..

ကိုယ်ပြောချင်တာကို သေသေချာချာနားလည်သဘောပေါက်ပေးတာအတွက်ရော
အခုလို ထဲထဲဝင်ဝင်တွေးပြီးလေးလေးနက်နက်ဖြေပေးတာအတွက်ရော..
ကျေးဇူးတင်ပါတယ်..။
ငါသည် တစ်နေ့သေရမည်...တဲ့
လူတွေမေ့မေ့နေတတ်တဲ့ အရာလေ..

ခင်ခင်မင်မင်

Sein Lyan Tun said...

ကမ္ဘာကြီး ပျက်မယ်ဆိုတဲ့ သတင်းက ဟုတ်သည် ဖြစ်စေ မဟုတ်သည် ဖြစ်စေ..

ဖြစ်ခဲ့ရင်ဆိုတဲ့ ဖြစ်နိုင်ချေ အတွေးတစ်ခုကို မမဒါက ချပေးခဲ့တယ်..

စိတ်ထဲက သရုပ်မှန်ကို ဖော်ထုတ်ပေးတာလေ..

နောင်ဖြစ်လာမယ့် အဖြစ်အပျက်ဆိုပေမယ့် ဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးနဲ့ စိတ်ထဲရှိတာ တစ်ခုက ချပြလိုက်တာဟာ လောလောဆယ်ရှိနေတဲ့စိတ်ပါ...

မမဒါက ခုလောလောဆယ် ရှိနေတဲ့ စိတ်တွေကို လိုက်ဖတ်နေတယ်ထင်ပါရဲ့ ... တော်လိုက်တာ.. တွေးတတ်လိုက်တဲ့ မမ...

ကိုမောင်ဟန်ရေးထားတာကလဲ ဖတ်ရတော့ ကိုမောင်ဟန့်စိတ်ကိုဖတ်မိ ခံစားမိပါတယ်......

တနေ့လူတိုင်းသေရမှာကို တွေးမိပါရဲ့ ဒါပေမယ့် အဲဒီအချိန် တစ်ယောက်ကို တစ်ယောက် ချစ်ချစ်ခင်ခင်နေနိုင်ကြပါ့မလား.. တယောက်ကိုတစ်ယောက် ကောင်းကျိုးမကြည့်ပဲ လောဘ ဒေါသ မောဟတွေနဲ့ အသက်ရှင်ဖို့ ကြိုးစားရင်း ကမ္ဘာမပျက်ခင် လူတွေ စိတ်ဓာတ်များပျက်စီးနေကြ ပြီးလားလို့ လို့ တွေးမိရင်းး

ကမ္ဘာပျက်ပိုစ့်တွေက အတွေးစတစ်ခုကိုပေးတာကို ဖတ်ရင်းး...


ချစ်ခင်လေးစားခြင်းများစွာဖြင့်

ဖိုးစိန်

ကိုရင်နော်ခင်လေးငယ် said...

ညီရေ..
တလေးတစားကို ဖတ်လိုက်ပါတယ်..

ကျနော့် အမြင်လေးကိုလည်း ပြောပြချင်သေးတယ်..

ကျနော်လည်း ရေးခဲ့သမျှ တဂ်ပိုစ့် တွေထဲမှာ ဒီတဂ်ပိုစ့်ကို စိတ်အဝင်စားဆုံပဲ.. စိတ်ထဲရှိတာတွေလည်း ရေးလိုက်ရတယ်..
ဒီကမ္ဘာပျက်တဂ်ဂိမ်းက သာမန် အပျော်တဂ်နေကြတာတွေထက် ထူးခြားလေးနက်မှုတွေ ပါနေတယ်.. ဘာသာရေးသဘောတွေပါ ပါနေတယ်..

ဒီတဂ်ပိုစ့်ကို အမြင်အမျိုးမျိုးရှိနိုင်ပါတယ်..
တချို့ အပျော်ရေးနေကြတာလို့ မြင်ရင်မြင်မယ်..
တချို့လည်း လူတွေထိတ်လန့် ချောက်ချားအောင် ရေးနေကြတယ်လို့ ထင်ရင်ထင်မယ်..
တချို့တော့လည်း “ဒါဟာ သတိတရား တစ်ခု ရသင့်တာပါလား” လို့ တရားသဘောလေးနဲ့ ကြည့်ပြီး လေးလေးနက်နက် မြင်ရင် မြင်မယ်..

ဘာပဲ ဖြစ်ဖြစ် မိုးပြိုတာ ကြောက်တာမျိုးတော့ မဟုတ်ဘူးပေါ့လေ..
မိုးမပြိုဘူးပဲထား.. ကမ္ဘာကြီး မပျက်ဘူးပဲထား.. လူဆိုတဲ့ အမျိုးက ပျက် (သေ) ရမှာပဲလေ.. ကမ္ဘာမပျက်လည်း ကိုယ်ပျက်ရမှာ သေချာပေါက်ပဲ..

သေကြရဖို့ အချိန်က သိပ်မလိုတော့ပါဘူး.. မနက်ဖြန်ဆိုလည်း ဖြစ်နိုင်တာပဲ.. အဲ့ဒီ မသေခင်စပ်ကြားမှာ ဘယ်လို ကောင်းအောင်နေသင့်သလဲ ဆိုတာ တွေးတော ဆင်ခြင်ဖို့က အရေးကြီးတာပဲလေ.. မဟုတ်ဘူးလား..

ပျက်စီးခြင်းသဘောနဲ့ သေခြင်းတရားကို ဒီတဂ်ပိုစ့်လေးက ပုံဖော်ပေးနေတာပဲ.. “ဘာလုပ်မှာလဲကွာ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ သေကြရတော့မှာပဲ” လို့ သေခြင်းတရားကို သတိကပ်မိစေတာ မကောင်းဘူးလား..

နောက်ဆုံးမှာ ကျူးရင့်ထားတဲ့..
“တစ်နေ့တော့ “ငါ” သည် မုချ သေရမည်” ဆိုတာက ဒီပိုစ့်ရဲ့.. ဒီတဂ်ဂိမ်းရဲ့ အနှစ်လို့ပဲ မြင်တယ်..

“ငါ” ဆိုတဲ့ အတ္တတွေ....
တော်ပါပြီလေ.. ရေးနေမိတာ များသွားပြီ..း)

ညီရေ.. ဒီပိုစ့်လေးက တန်ဖိုးရှိတဲ့ ပိုစ့်လေးပါပဲလို့ လေးလေးစားစားကို ပြောလိုက်ပါတယ်..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်

မယ့်ကိုး said...

သံဝေဂရပေမယ့် ငိုပြိး ပြန်သွားပါတယ်။ ...ကျူးရင့်ချင်နေတာ တူနေလို့ =)

ခရေညို said...

အခုက တော့ဘလောက်ဂါတိုင်းကမ္ဘာပျက်နေကြပြီနော်။ တစ်ယောက်နဲ့ တစ်ယောက် ကမ္ဘာပျက်ပုံ ပဲကွာတယ်။ လေးလေးစားစားကိုအသေအခြာ ဖတ်သွားပါတယ်။ ကြောက်တတ်သူများ မကြည့်ရဆိုတဲ့ နမူနာ လေးကို ကြောက်ပေမဲ့ လဲ ကြည့်ချင်စိတ်ကများနေလို့ ကြည့်မိသွားတယ်။ ကျောထဲကိုစိမ့်သွားတာပဲ။

ရေတမာ said...

လေးစားပါတယ်

Thandar said...

Bro, I'm waiting for this post cuz i knew that you've been tagged.
I do respect your opinions. I feel the same way too.
As koyinnaw said, the last fact is the most important thing we should note in our mind. We have forgotten about 'death' in usual days of life unless we have experienced by ourselves or someone who related with us faces that time.
Thanks to Ma Endra for initiating this post and thanks for sharing too.

Have a nice day! :)

နွေးနေခြည် said...

“၀ိပဿနာ” တရား၊ “မေတ္တာ” နှလုံးသား နဲ့ “ဥပေက္ခာ” စိတ်

မှန်လိုက်လေ အကိုတော်ရေ...
ကမ္ဘာပျက်ပျက် မပျက်မပျက် ဆောင်ထားသင့်တာပဲနော်..

ရုပ်ရှင်လည်း သွားကြည့်ဦးမယ်း)

တလနွန် said...

လေးလေးစားစား ဖတ်သွားပါတယ်ခင်ဗျာ။

“တစ်နေ့ တော့လည်း ကျွန်တော်တို့ လည်း မုချသေရမည်။”


ခင်မင်လျက်
တလနွန်

ပုံ့မေ said...

စိတ်ထဲနှစ်ဝင်ပြီးကိုဖတ်သွားတယ် ကိုဘိုရေ...

“၀ိပဿနာ” တရား၊ “မေတ္တာ” နှလုံးသား နဲ့ “ဥပေက္ခာ” စိတ် တွေနဲ့ ပြည့်လျမ်းနေအောင် ကြိုးစားရဦးမယ်.. :)

မြရေလျဉ် said...

မသေခင် ကိုမိုးကုတ် Nikon လေးနဲ့
ဓါတ်ပုံလေးတွေရိုက်ပြီး ထားခဲ့ပါလားလို့..။

ကြောက်လို့ စိတ်ဖြေပြီး လာနောက်တာပါ။

တကယ်ကြုံရမယ် ဆိုရင်တော့..


ဟီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး...........။

Orange Chit Thu said...

ကိုဘိုရေ.....
အရမ်းသဘောကျသွားလို့ဝင်ရေးသွားပါတယ်။
အပေါ်ကမြရေလျဉ် Comment ကသဘောကျစရာလေး။
ဟုတ်တယ်...ကိုဘိုဓါတ်ပုံရိုက်ရဦးမှာပေါ့။
ဖိုးစိန်ဆိုတဲ့တစ်ယောက်ကလဲ....
ကိုဘိုကို....ကိုမောင်ဟန်တဲ့။
သူပဲစဉ်းစားတတ်တယ်...
အဲ့လို ခေါ်ဖို့။ ဟီး ဟီး။
"လူ့ဘ၀မှာ ကိုယ်ဟာ အလင်းတစ်ချို့ကို ထိတွေ့ခွင့် ရခဲ့တယ်"....
ဒီစကားလေး....ရေလည်ခိုက်တယ်။
အလင်းတစ်ချို့မဟုတ်ပါဘူး.....
အလင်းများစွာပါ....

မေဇင် said...

“၀ိပဿနာ” တရား၊ “မေတ္တာ” နှလုံးသား နဲ့ “ဥပေက္ခာ” စိတ် အဲ့ဒါတွေက .... ငါ သည် တစ်နေ့ မုချ သေရမည်လို့ သိတဲ့ သူတိုင်း ပွားများရမယ့်/ သင့်တဲ့ စိတ်တွေ ပါပဲ....ဦးဘို ရေ...။ လူတွေကတော့..ကမ္ဘာကြီး တကယ်မပျက်လဲ... ကိုယ့် ကမ္ဘာလေး တွေ ကိုယ် ပျက်နေတဲ့ သူတွေ ရှိကြတာပါပဲ...ဥပမာ...သေမင်းနဲ့ တိုက်ပွဲဝင်နေရတဲ့ ရောဂါသည်တွေပေါ့... သူတို့အတွက်ကတော့...အဲ့ဒါ ကမ္ဘာပျက်ခါနီး အချိန်ပဲလေ..။

တောင်ပေါ်သား said...

လုပ်ထားဝေးးးးးးးး ကမ္ဘာပျက်မပျက်တော့ မသိဘူး ဘလော့ပေါ်မှာတော့ ၂၀၁၂ တွေချည်းပါပဲလား တူတူ ပျက်လိုက်ကြစို့းဝ



လေးစားလျက်
တောင်ပေါ်သား

မေလေး said...

ပူပါနဲ့ အကိုတော်ရ
အဖော်တွေအများကြီးနဲ့တူတူသေရမှာ ပျော်စရာကြီးးး
ဟိ
အသံတွေတော့ တုန်နေပီ
အင်းးးးး ဂယ်ကြိးဆိုတော့လဲ ကြိုပြင်ဆင်ချိန်ရတာပေါ့လေ။
ရာတမေပေါသလိုဘဲ လေးစားပါဒယ်
မတက်ခ့်လို့းP

ဒဏ္ဍာရီ said...

ကိုဘိုဘို ရေးထားတဲ့ ဒီတဂ့်ပိုစ့်လေးကို အသိတရားနဲ့ ယှဉ်ပြီး ဖတ်သွားပါတယ်။ မသေခင် နေတတ်ဖို့နဲ့ သေတော့ရော ဘာဖြစ်ရမလဲ ဆိုတဲ့ အတွေးလေးလည်း ရသွားတယ်။ လူတွေဟာ မသေခင်မှာ ဒေါသ၊ မောဟ၊ မာန်မာနတွေ အတ္တတွေနဲ့ ဖုံးလွှမ်းနေကြတာကို သိရက်နဲ့ မသိဟန်ဆောင်နေခဲ့ကြတယ်။ ဒီတော့ နေတတ်ဖို့ထက် သေတတ်ဖို့က ပိုပြီး အရေးကြီးနေပါတယ်။ ဒီတဂ့်ပိုစ့်လေးရဲ့ စာရေးသူတွေရဲ့ မတူညီတဲ့ အတွေးတွေနဲ့ သုတလေးတွေကို မှတ်သားသွားကြောင်းပါ။

ခင်မင်လေးစားလျှက်

စည်သူ said...

အောင်မယ်လေး
ဖတ်ရင်းနဲ့ ချွေးတွတောင် ပြန်လာတယ် ကိုဘိုဘိုရေ့

အရမ်းကောင်းတဲ့ပို့စ်လေးပဲ.
အသိရော.. အရှိပါ ပြသွားတယ်..

မရှိကို အရှိလို့ ထင်နေတာတွေလည်း ပေါ်လွင်စေတယ်

လေးစားစွာဖြင့်
စည်သူ။

WWKM said...

ဘိုဘိုရေ..
ပို့စ်လေးဖတ်ပြီး တော်လိုက်တာ ရေးတတ်လိုက်တာလို့
ချီးကျုးမိပါတယ်.း)

အချိန်မရွေးသေနိုင်တဲ့သတ္တ၀ါတွေအတွက် လာမယ့်
၂၀၁၂ ကိုကြိုတွေးမပူပဲ အခုကတည်းက အသေတတ်ဖို့
ကြိုတင် ကျင့်ကြံအားထုတ်ထားနိုင်ကြရင် အချိန်မရွေးသေရမှာကို မကြောက်ကြတော့ဘူးပေါ့နော်..

အစ်မကတော့ သေရမှာကို မကြောက်ပေမယ့် ဥပစ္ဆေဒကကံနဲ့ သေရမှာကိုတော့ ကြောက်မိတယ်.း)

ငါသည်မုချသေရမည် အချိန်ပိုင်းသာလိုတော့သည်။

မိုးမောင် said...

ကျနော်လည်း အဲဒီကားတင်ရင် သွားကြည့်အုံးမယ်ဗျာ။ :) သံဝေဂလေးဘာလေး ရပြီ ကျွတ်တန်းဝင်မလားလို့ပါ။

ခင်မင်လျက်..

ကောင်းကင်ပြာ said...

ကြောက်နေပေမဲ့ မလွဲမသွေ ကြုံရမှာပါပဲ..

မြစ်ကျိုးအင်း said...

ချစ်ကိုရေ စာလည်းဖတ်သွားတယ်

နမူနာလေးလဲ ကြည့်သွားတယ်

သေချာတာတော့ အဲဒီကား ရုံတင်ရင် လူကြိတ်ကြိတ် တိုးကြအုံးမှာပဲ ။ကျနော်လည်း ၀င်တိုးရမှာပါပဲ....။

Ree Noe Mann said...

အကိုရေ

တွေ့တုန်းလေး ပျော်ပျော်နေကြရအောင်ဗျာ။

မတွေးချင်ဘူး

ချစ်တဲ့ ညီရီနို

ညီညီ said...

"တစ်နေ့တော့ “ငါ” သည် မုချ သေရမည်။"

လေးစားပါတယ် အစ်ကိုရေ . တစ်ကယ့်ကို အနှစ်သာရ ပါပါရေးထားတာ. အလေးအနက်ဖတ်သွားပါတယ်။

ခင်မင်လေးစာလျှက်

ညီညီ(အနာဂါတ်သံစဉ်)

ဆောင်းနှင်းရွက် said...

အဲ့ဒီ့ ဇာတ်ကားကြည့်ချင်တယ် .. .. ။
Nice Movie by camera trade .!

မိုးခါး said...

တနေ့နေ့ တချိန်ချိန်မှာတော့ ပျက်စီးခြင်းတရားက တွေ့ရမှာပဲနော်
အမှန်အတိုင်းပြောရရင်တော့ အဲလိုကြီး ကြုံရမှာတော့ ရင်မဆိုင်ရဲဘူး
ကြောက်တယ်
အသေလည်း မဖြောင့်လောက်ဘူး
သေပြီးရင်ရော
ကောင်းတဲ့နေရာရောက်ဖို့ တော်တော်ခက်မှာ ..း(((

အာဟင့်
ကျောင်းချာကြီးး(((

Angel Shaper said...

အကို...
တနေ့ ဧကန်မုချ သေရမည်။ တဲ့လားးးးးး
ခုတောင် ဖုတ်လှိုက်၊ ဖုတ်လှိုက် ဖြစ်နေပြီ။ ဟိဟိ
ဖတ်သွားတယ်။ ဗီဒီယိုလင့်လေးပါ ကြည့်ပြီး သံဝေဂတရားတွေရလို့ ငြိမ်ငြိမ်လေး ဆုတောင်းနေလိုက်တယ်။