Monday, March 28, 2011

“အရူး” ပုံပြင်

ဒီလမ်းဟာ အန္တရယ် ရှိမှန်းလည်း သိတယ်။ ကိုယ့်ဘဝအတွက် အကျိုးမရှိရုံမက၊ အကျိုးယုတ်စေဖို့ အခြေအနေလည်း ရှိနေတယ်ဆိုတာ အတွေ့အကြုံအရ သူသိနေတယ်။ ဒါပေမဲ့ ပျော်ရွှင်လွတ်လပ်မှု တချို့က ဒီလမ်းမှာ ရှိနေပြန်တယ်။ သူရဲကောင်းဟာ အန္တရယ်လမ်းကို ရွေးချယ်တယ်။ သူရွေးချယ်တဲ့လမ်းဟာ ဆူးပြွမ်းပေမဲ့ အများကောင်းကျိုးဖြစ်တဲ့အတွက် သူဟာ သူရဲကောင်းအဖြစ် ဂုဏ်ပြုခံရတယ်။ အခုလမ်းက တော့ သူရဲကောင်းလို့ ဂုဏ်ပြုခံရမဲ့လမ်းလည်း မဟုတ်တာ၊ အခန့်မသင့်ရင် “ကိုယ်အလို့ ဒီလမ်းကိုရွေးတာ၊ ခံပေါ့” လို့ မေးငေါ့ခံရနိုင်သေးတာ သူသိနေပြန်တယ်။ ဒါပေမဲ့ မီးလျှံကိုမှ တိုးဝင်ချင်တဲ့ ပိုးဖလံလိုမျိုး သူဟာအဲဒီလမ်းကို ရွေးခြယ်ဖို့ ခြေလှမ်းပြင်လိုက်တယ်။ “အို..ဒီလမ်းဟာ.. ချစ်ခြင်းတွေရှိပါတယ်၊ သံယောဇဉ်တွေပေါပါတယ်။” အဲဒီလို သူ့ကိုယ်သူ လှည့်စားရင်း သူ့ဘာသာ၊သူ့ကိုယ်သူ အယဉ်ကျေးဆုံးဘွဲ့ထူးတခု ချီးမြှင့်ပေးလိုက်တယ်။ “အရူး” တဲ့။ပုံပြင်လေးကတော့ ဒါပါပဲကွယ်။