Showing posts with label Poem. Show all posts
Showing posts with label Poem. Show all posts

Tuesday, February 5, 2013

အညတြ (၃)

အညတြ (၃)


တကယ်တော့ ကိုယ်ဟာ အကောင်းဆုံးတွေကိုပဲ ပေးဆပ်ချင်ခဲ့တဲ့ကောင်ရယ်ပါ။
    
မှောင်မဲစုတ်ပြတ်နေတဲ့ ဘဝထဲ အလင်းလေးတစ်ခုမျှ ကိုယ် မပေးနိုင်မှတော့ 
မင်းဆီက အလင်းရောင်လည်း ကိုယ် မမျှော်လင့်ပါဘူး။
လရောင်ကို ချစ်ပေမဲ့ ကိုယ်က နေလိုကျင့်ချင်သူပဲလေ။
ဒီလိုနဲ့  အလင်းမဖြစ်လာတဲ့ အပူတွေနဲ့သာ
                                 
ငါ့ကိုယ်ငါ လောင်မြိုက်    
မှောင်မိုက်လိုက်ပါရစေတော့ ချစ်သူ . . .။



မေတ္တာဖြင့်
မိုးကုတ်သား

Thursday, August 11, 2011

ONS vs LLR



ONS vs LLR



မိုးတိမ်တွေထဲ

အချစ်က အရောင်ပြောင်းခဲ့..။


အပျော်တမ်းတစ်ကြိမ် သူရွာချလိုက်တာ.....

ငါ့မှာ တစ်ဘ၀လုံးစာ စွတ်စိုခဲ့ရ..


ခုတော့ ငါ့ညာလက်ဖ၀ါးဟာ ငါ့ညာလက်ဖမိုးကို

ထိတွေ့နမ်းရှိုက်ခွင့်မရှိသလိုမျိုးပေါ့...

တို့တွေ... အနီးကပ်ဆုံး ဝေးကွာခဲ့ရပြီ..။


ငါ့ရဲ့ အဖိုးတန်ပန်းကလေးရေ..

ငါမြတ်နိုးတဲ့ ပန်းပွင့်ကလေးရေ........

မိုးတိမ်တွေနဲ့ ဆော့ကစားဖို့အတွက်

မင်းကိုယ်မင်း ခြွေချပစ်လိုက်တာ....

ငါ... ရင်နာလွန်းလှချည့်...။


မင်းရင်ထဲက မီးလင်းဖိုလေး ငါ့ကို

ဘာကြောင့် မှုတ်ငြိမ်းပစ်ချင်ခဲ့လေသလဲ....

နောက်ဆုံးတော့ ငါ့မှာ..

အဆိပ်သင့်မီးခိုးတွေ နဲ့

အူဝေအုံဖွဲ့ ကျန်ရစ်ခဲ့ရပေါ့ကွယ်။



မေတ္တာဖြင့်


မိုးကုတ်သား


ဆက်ဆစ်အဖွင့်


ONS = One Night Stand

LLR = Life Long Relationship




Monday, July 11, 2011

အမှောင်


(Art work by Hein Minn)


အမှောင်

အမြင်လွှာရုံတစ်ချက်အမှိတ်မှာ
အရောင်စုံမျက်နှာတွေက လက်ဖြာလို့
“အဲတာ...အလင်းစစ်စစ်တွေမဟုတ်ဘူးကွဲ့၊ ကလေးရဲ့”
အဆင်းမဲ့အလင်းနဲ့လိပ်ပြာက တီးတိုးသတိပေးချိန်မှာ
အန္ဓဟာ... ဆေးဆိုးပန်းရိုက်ကောင်းတုန်းပေါ့။


မေတ္တာဖြင့်
မိုးကုတ်သား

Saturday, April 30, 2011

ဧပရယ် အပြာ သို့မဟုတ် ဧပရယ်သစ္စာ

“ဧပရယ် အပြာ သို့မဟုတ် ဧပရယ်သစ္စာ”


တံခါးတစ်ချပ် ဖြတ်ခနဲအပြီးတိုင်ပိတ်ချိန်မှာ

ပိတောက်ဟာ သူ့အဝါစစ်စစ်အတိုင်း 

ပွင့်ခဲ့၊ ပွင့်ဆဲ၊ ပွင့်မြဲ....သာ။


မေတ္တာဖြင့်

မိုးကုတ်သား

Friday, February 26, 2010

အညတြ (၂)



နူးညံ့သူအတွက်
လေပြေလေးတစ်ချက်က အားပြင်းတယ်။
ရနံ့တွေ မှ မပျယ်ခင်
အလှတွေမှ မကြွယ်ခင်
သင် ကျီစားတဲ့ တစ်ချက်အဝှေ့မှာ
ဖြတ်ခနဲသာ ငါကြွေကျရမှာလား၊
ပွင့်ဖတ်ဝတ်မှုံလေးတွေ
သင်းထုံမွှေးမြခွင့်ကိုမှ
မရတဲ့အခါ...
ကန်စပ်ကပန်းဘဝ
ရေထဲ ကြွေကျလဲ
ဝမ်းနည်းဘယ်သူ ရှိတော်မူ။ ။

( ပန်းပုံလေးက သေးနေတော့ ပုံလေးပေါ် နှိပ်ပီးကြည့်မှ ကောင်းကောင်းမြင်ရမယ်ထင်ရဲ့။ )
မေတ္တာဖြင့်
မိုးကုတ်သား

Saturday, November 7, 2009

တစ်နှစ်သား “စာဥယျာဉ်” ထဲမှာ ဖူးပွင့်နေတဲ့ “ကဗျာပန်း” များ


တစ်ယောက်စိတ်မှာ..တစ်ယောက်ကနေထိုင်လို့
တစ်ယောက်ဟာ...တစ်ယောက်ရဲ့..အိမ်
တစ်ယောက်..ရယ်မောသံမှာ...တစ်ယောက်ဒေါမနဿတွေက..အငွေ့ပျံ
တစ်ယောက်ခြေသံနဲ့..တစ်ယောက်ခရီးဆက်ခဲ့ကြ
အချစ်ဆိုတာ..ရာသီစာလို..ဖေဖေါ်ဝါရီရောက်မှ..ထပွင့်ပြတဲ့..ပန်းမဟုတ်
တစ်ဘ၀စာ..စိုက်ပျိုးထားတဲ့..စိတ်ဥယာဉ်ထဲမှာ...
အသိမ်မွေ့ဆုံး..ပျံ့သင်းနေတဲ့..........ကဗျာ..။

အိန္ဒြာ


ဒီကဗျာလေးနဲ့ ကဗျာဆရာမ မ“အိန္ဒြာ” က သူမရဲ့ စာဥယျာဉ်လေးကို 2008ခုနှစ် နိုဝင်ဘာလ ရှစ်ရက်နေ့မှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။
ကျွန်တော်က မဂ္ဂဇင်းတွေ၊ စာအုပ်စာပေတွေနဲ့ ဝေးဝေးမှာ ရောက်နေခဲ့တာ ကြာခဲ့ပြီ ဆိုတော့ အထက်တန်းကျောင်းသားဘ၀ တုန်းကလို၊ တက္ကသိုလ်ကျောင်းသား ဘ၀တွေတုန်းကလို ရသစာပေတွေ ကဗျာတွေနဲ့ အလှမ်းဝေးနေခဲ့တာ ဆယ်စုနှစ်ကျော် ကြာခဲ့ပြီဆိုတော့ ကဗျာဆရာမ မ“အိန္ဒြာ” ကို မသိခဲ့ဖူးပါဘူး။ နောက်တော့ သူမရဲ့ စာဥယျာဉ်လေးကို ကျွန်တော် မျက်စိလည် လမ်းမှားပြီး ရောက်သွားတော့ ကြယ် အ "တေး" ဆိုတဲ့ ကဗျာလေးနဲ့ စသိခဲ့ပြီး ကျွန်တော့်အကြိုက် ကဗျာဆရာတွေထဲက ကဗျာဆရာမတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ကြယ် အ "တေး"

ငါဟာ...
နင့်ကောင်းကင်..အစွန်အဖျားက
အမှုန်အမွှား..ကြယ်စင်တစ်စင်းပါ..
ငါ...တလဲ့လဲ့..ထွန်းလင်းရွှန်းပချင်သလောက်
နင်တဖွဖွ..အုံ့ဆိုင်းမှိုင်းရီ..ခဲ့..

ငါ့..ခမျာ
ဖြေဆိုခွင့် မရတဲ့..စာပြန်ပွဲမှာမှ..
အမှတ်ရာပြည့် ရချင်နေသူလေ..
ရာသီဥတုကို အလိုက်သိတတ်လွန်းပြန်လို့
ရွယ်ရုံနဲ့..ကွဲချင်နေတဲ့..အိုးတစ်လုံးလိုမျိုး
ငါ့..ရင်ဘတ်ကိုငါ..ရိုသေသိမ်းဆည်းခဲ့..

ငါက..
နင့်စောင်းကြိုးမျှင်ကိုမှ..တလွင်လွင် ချိုမြချင်သူလေ..
မှတ်တိုင်ပျောက်နေတဲ့ ခရီးကို..တက်စီးလာခဲ့မိလိုက်တာ
ရွေးချယ်မှုတွေပဲ...မှားယွင်းခဲ့တာလား...
(မဟုတ်ဘူး)
ရွေးချယ်မှုတွေက..ငါ့ကို..မှားယွင်းသွားခဲ့တာ..
ငါ့ ကို...ချိုးဖဲ့..ဖူးပွင့်ပါ..
ငါ့ ကို...ဆုတ်ဖြဲသစ်လွင်ပါ..
ငါ့ ကို...ခပ်ယူချမ်းမြေ့ပါ..
ငါ့ကိုယ်ငါ..ကျစ်ခဲထားလေသမျှ..
ဘယ်သူ့ကို..ဝေမျှ ကြေကွဲရမလဲ..
ပွဲမစခင်ကတည်းက..ခြေခေါက် ချော်နှင့်ပြီးသား..
ဘယ်လောက် ဆိုးဝါးထားသလဲကွယ်..

ငါ့..ဆေးဘက်ဝင် အလွမ်းခါးခါးကြီးတွေနဲ့
နင့်ဘ၀ကို..မလေးလံစေဖို့
ငါ့စည်းမျဉ်းနဲ့ငါ..ဘောင်ခပ်ကြပ်ကျဉ်း..
ငါ့သက်ပြင်းနဲ့ငါ...ဆင်းရဲတွင်းနက်ခဲ့

တကယ်ပါ...
နင့်..သံသရာအထိ..အနှောက်အယှက်နေမလား...
ငါ့ဆုတောင်းကိုငါ....ရွေးချယ်မှောင်မိုက်ပေါ့...

ငါ့..ရူးသွပ်မှုတွေ..နင်..မောင်းနှင်ခဲ့တာ..
ငါ့..နက်ရှိုင်းမှုတွေ..မိုးလို..ရွာမပြနိုင်ပေမယ့်...

ငါ့..ဘက်က..ပြိုကျသွားလေသမျှ
နင့်..ဘက်..မှာ..သောင်..ထွန်း..ပါ..စေ..သား...။ ။

အိန္ဒြာ

{၂၀၀၃ခုနှစ် သြဂုတ်လထုတ်.. မြားနတ်မောင်မဂ္ဂဇင်း (အမှတ်-၁၃၄)မှာ ပုံနှိပ် ဖေါ်ပြခဲ့ပြီး..၊ ဂီတမိတ်မှာပြုလုပ်ခဲ့တဲ့.. ကဗျာ..ရွတ်ပွဲလေးတစ်ခုမှာ..ရွတ်ဆိုခဲ့ဘူးပါတယ်..။}



အဲဒီကဗျာလေးက အစပြု ပြီး ကဗျာဆရာမ မ“အိန္ဒြာ” ရဲ့ စာဥယျာဉ်လေးထဲကို ကျွန်တော် မကြာမကြာ ရောက်ဖြစ်ပါတော့တယ်။ ကျွန်တော် အကြိုက်ဆုံး ကဗျာလေးတွေအပြင် ကျွန်တော် ကြိုက်တဲ့ ၀တ္ထုတိုလေးတွေကိုလဲ ဒီ စာဥယျာဉ်လေးထဲမှာ ဖတ်ခွင့် ရခဲ့ပါတယ်။


ကဗျာဆရာမ မအိန္ဒြာ” ရဲ့ ကဗျာတွေ ၀တ္ထုတိုတွေထဲမှာ ကျွန်တော့် နှလုံးသားကို ကျင်ခနဲ စူးစိုက်စေတဲ့ မြှားတွေ တွေ့တယ်။ ကျောထဲ စိမ့်ခနဲကနေ တစ်ကိုယ်လုံးသွေးကြောတွေထိ လှိုက်လှဲစေတဲ့ ကလောင်တံတွေ ရှိတယ်။


ဖိုးမှိုက်နဲ့..ဖွားရေတိုက် လို ဘ၀ထဲက အမောတွေ၊ ဒေါင်လိုက် ဖြတ်တိုက်သွားတဲ့ လေ လို အနုပညာနဲ့ မိသားစုဘ၀တွေ၊ သူမ ကောင်းကင်ယံထဲက ကျွန်တော့်ဆွံ့အ ကြယ် သူမကို အသစ်ပြန်စိုက်လိုက်တဲ့ သစ်ပင် နှင့် သက်တန့် အိပ်မက် တို့လို ချစ်ခြင်းဖွဲ့တွေ၊ အခိုးအငွေ့တံတား.. နှင့် ငါ့မျက်ရည်နဲ့ ကျစ်တဲ့ကြိုး တို့လို ရသပညာပေး ၀တ္ထုတိုတွေ ကိုလည်း ရေးခဲ့ပါတယ်။ ကျွန်တော် အကြိုက်ဆုံးကတော့ သေနေတဲ့ နာရီ ဆိုတဲ့ ၀တ္ထုတိုလေးပါ။ အကြိုက်ချင်းတော့ တူချင်မှ တူကြမှာ ဖြစ်ပေမဲ့ အဲ့ဒီ ၀တ္ထုတိုလေး ဖတ်တိုင်း မွန်းကျပ်တဲ့ လှောင်အိမ်တစ်ခုထဲမှာ လွတ်လပ်မှုကို ဆေးခြယ်ဖို့ ကြိုးစားနေတဲ့၊ အမှန်တရားတွေ ကို လှပရိုးစင်းတဲ့ နိမိတ်ပုံတွေနဲ့ ဖွဲ့ပြတယ်။ တစ်ချို့အရာတွေက ကျွန်တော်တို့ရဲ့လက်တစ်ကမ်းမှာ ရှိနေပေမဲ့ လက်လှမ်းလို့ မရတဲ့ တံတိုင်းတွေ၊ သံတိုင်တွေက ခြားနားထားသလိုမျိုးပေါ့။ လွတ်လပ်မှုကို တပင်တစ်ပန်း ဆုပ်ကိုင်ဖို့ ကြိုးစားနေရင်းက ကုန်သွားရတဲ့ နှမျောစရာ အချိန်တွေဟာ သေနေတဲ့ နာရီတွေလား။ အတွေး သိပ်များစေခဲ့တဲ့အတွက် ကြိုက်တာပါ။

“မအိန္ဒြာ”က ကဗျာတွေကို မြတ်နိုးတတ်ဟန် ရှိသလို ကဗျာဆရာတစ်ယောက် ဖြစ်ရတာကိုလဲ ကျေနပ်နှစ်သက်မှန်း သူ့ကဗျာတစ်ချို့မှာ သိနိုင်ပါတယ်။ နာမကျန်းခြင်း တေးသံ လို ကဗျာမျိုး တွေမှာပေါ့။


ကမ္ဘာဦးလေသန့်ကို ရှူရှိုက်ဖို့
သံသရာဆိုတာ ဘယ်လောက်ရှည်ကြာလိမ့်ဦးမလဲ
ပျက်ကို ပျက်ရမှာကတော့ သေချာတယ်။

ရေကြီးလွှမ်းလွှမ်း၊ မီးကြီးလောင်လောင်
ကမ္ဘာတစ်ခုပျက်လို့ နောက် ကမ္ဘာသစ်တည်ကြရင်
အဲဒီ့ကမ္ဘာကို ကဗျာဆရာတွေနဲ့ ပြန်စမယ်။

ကဗျာဆရာဆိုတာ စိတ်က လှမ်းလှမ်းခွပ်သမျှ
အနေအထိုင် မတတ်ပြတာလေးကလွဲလို့ ရိုးသားတယ်
ကဗျာဆရာတွေက ကိုယ့်နှလုံးသားကို ကိုယ်
ရဲရဲဝံ့ဝံ့ ဖွင့်လှစ်ပြ၀ံ့သူတွေလည်းဖြစ်တယ်
ကဗျာဆရာ့ ဥပဇာမှာ ဗြဟ္မစိုရ်တရားတွေထွန်းကားပြီး
ကဗျာရေးတဲ့လက်တွေဟာ ဘယ်တော့မှ စစ်မက်တွေကိုမရေးချယ်တတ်ဘူး
ကဗျာရေးခြင်းအတတ်မှာ High techမလိုသလို
ကဗျာရေးခြင်းစွမ်းရည်အတွက် လောင်စာဆီတွေမလိုဘူး

ကဗျာဆရာတွေက
အလေ့ကျပေါက်ပင်တွေ ဖြစ်ပေမယ့်
ဆေးဖက်တော့ဝင်တယ်
ကဗျာဆိုတာ ကဗျာဆရာတွေရဲ့ သစ္စာဓိဌာန်
အဲဒီ့ သစ္စာဓိဌာန်က ကမ္ဘာဦးတေးသံ ဖြစ်လိမ့်မယ်။

ကဲ... အကုသိုလ်တွေ ခဏအောင့်ရအောင်
ဘ၀ဆိုတာ
တနင်္လာဆန်ဆန် နှစ်ခါ ပြန်ရ ဖို့ မလွယ်ဘူးလေ..။

သင်က
မနေ့က၀င်သွားခဲ့တဲ့ နေမင်းကြီးပဲမဟုတ်လား..
ကျွန်ုပ်တို့ အပူငွေ့တွေလှုံပြီး
ရဲရဲတောက် ကျန်းမာနေတဲ့ပုံ။ ။



အိန္ဒြာ
( ပိတောက်ပွင့်သစ်မဂ္ဂဇင်း)



မ“အိန္ဒြာ”ရဲ့ ကဗျာလေးတွေကို ပြန်တူးဆွကြည့်တော့ ကျွန်တော် ကြိုက်တဲ့ ကဗျာတွေ အတော်များများကို တွေ့ရပါတယ်။ “စနေ အနီ လို ကဗျာမျိုးမှာပေါ့။ တိုက်ပွဲဝင်လိုတဲ့ ရဲရင့်ရင့် သွေးတွေ...

စနေ အနီ

အနီတွေ ရင့်နေအောင် ရွာတယ်........

ဖျတ်ခနဲ--
မျက်တောင်တစ်ချက် ခတ်လိုက်မိတယ် ဆိုရုံလေး
ခြေလှမ်းတိုင်းရဲ့ မျက်နှာစာဟာ
သတ် ကွင်း လုံး လုံး ဖြစ် ခဲ့ ပေါ့။

ခိုဖြူတွေ လန့် ပြီးထပျံတယ်။
အမေတွေရဲ့ အသည်းနှလုံးအစုံစုံ ကျကွဲတယ်။
ကမ္ဘာမြေ က မျက်နှာလွှဲလိုက်တယ်။
ကောင်းကင်က သည်းကနဲ ငိုချတယ်။

တစ်ချက်ကလေး တို့ထိလိုက်မယ့် လက်ညှိုးသေးသေးမှာ
ဘယ်လိုအာဃာတတွေ
ပွားစီးနေခဲ့လည်း.................?????.

အနီတွေ........
အနီရောင်တွေ....၊
အဲဒီ့ စနေရဲ့ ကောင်းကင်ကို ခွစီးထားတဲ့ အနီတွေ...........

ရက်ရက်စက်စက်
တကယ့်
အဖြူသက်သက်တွေပေါ်ကိုမှ
သွန်ချတယ်။ ။

အိန္ဒြာ(၇.၅.၂၀၀၅)


ကောင်လေး တူး နေတဲ့ နေ့ လို မိခင်မေတ္တာဖွဲ့ ကဗျာလေးတွေ


ဘယ်တော့မှ မတိမ်ကောဘူး
ကျွန်တော်က.... ကျေကျေနပ်နပ်..စီးဆင်းနေတဲ့ ချောင်းကလေး...။

ကျွန်တော့်..တစ်ကိုယ်ရည်ပွဲတော်ကို ..ကျွန်တော်ပြင်ဆင်
ကျွန်တော့်..ယဉ်ကျေးမှုကို ..ကျွန်တော်ထုတ်ပိုးပြီး
ကျွန်တော့်မေမေကို ..ကျွန်တော်လက်ဆောင်ပေးချင်တယ်။

အဲဒီ့နေ့မှာ
ကျွန်တော့် ကောင်းကင် ..ဘာ .ရောင်ဆောင်..ထား..ထား..
ကျွန်တော့်မေမေကတော့... ပြာလွင်နေမှာ..သေချာပေါ့။

ကျွန်တော်က..ကျွန်တော့် အားနည်းချက်နံရံလေးထဲမှာ
သေသေ၀ပ်ဝပ်...နွေးထွေးခဲ့သူပါ
မေမေ.....!!!
ကောင်းကင်က..ကြယ်တွေ..ကြွေတာ..တွေ့တိုင်း..
တင်းတင်းဆုတ်ထားတဲ့..လက်ဖ၀ါးနှစ်ဖက်နဲ့
သား... ဘာတွေ..ဆုတောင်းတတ်ခဲ့လဲ.....သိလား..?

ကျွန်တော့် ခန္တာကိုယ်ထဲမှာ
တဒီးဒီး...လှည့်ပတ်နေကြတဲ့
သွေးမျိုးဆက်တွေအတွက် ..ကျေးဇူးတင်လိုက်တာ....
အဲဒီ့နေ့.....
မေမေ့...သားချော့တေးချင်းရဲ့
နောက်ခံတီးလုံးလေးက ..ကျွန်တော်ပဲပေါ့.....။

ကျွန်တော်..့ကိုယ်..ကျွန်တော်..တူးဆွ
ကျွန်တော့်..ကိုယ် ..ကျွန်တော်..ကျင်ယူခဲ့သမျှ
ကျွန်တော့်..အိမ်မက်တွေ ..အောင်တဲ့နေ့...

အဲဒီ့နေ့မှာ....
ကျွန်တော်ဟာ .....ကဗျာတစ်ပုဒ်ဖြစ်ကြောင်း...
အလှပဆုံး..ရွတ်သီပေးပါ...မေမေရယ်.....။ ။

အိန္ဒြာ


( ကဗျာဆရာမ မအိရဲ့သား...၊ ကဗျာဆရာညိုနွယ်ထွန်းရဲ့ မွေးနေ့အမှတ်တရ ကဗျာစာအုပ်လေးမှာ.
.လက်ဆောင်အဖြစ် ရေးဖွဲ့ပေးခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ပါ.။)

နောက်ပြီး အရှိမဲ့မေတ္ထာတော် လို ကဗျာလေးတွေ။ ဒီကဗျာကတော့ ဘာကြောင့်ရေးခဲ့သလဲ ဆိုတာလေးပါ သိရရင် ပိုပြီး ဖတ်လို့ ကောင်းမယ် ထင်တဲ့အတွက် မူရင်း အတိုင်း ဖော်ပြပေးချင်ပါတယ်။





ဒီဇင်ဘာ(၁)ရက်နေ့လေးက ကမ္ဘာ့AIDSနေ့ဖြစ်တဲ့အတွက် ကိုယ်တတ်နိုင်သ လောက်လေးနဲ့ အားဖြည့်ပါဝင်ချင် မိပါတယ်။ မြန်မာပြည်မှာ HIVကူးစက်ခံ မိဘမဲ့ကလေးငယ်များအတွက် သုခရိပ်မြုံဆိုတဲ့ ဂေဟာလေးတစ်ခုကို ဒဂုံမြို့ သစ်အရှေ့ပိုင်း တပင်ရွှေထီးလမ်းမှာ ဖွင့်လှစ်ထားခဲ့ပြီး အဲဒီ့ရိပ်မြုံလေးအတွက် အဖြူရောင်သက်တန့်ဆိုတဲ့ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ အနုပညာရှင်တွေ ပါဝင်တဲ့အဖွဲ့လေးက ကဗျာရွတ်ပွဲလေးတွေ ပြုလုပ်ပြီး အလှူခံငွေ ကောက်ခံ ပေးခဲ့ကြပါတယ်.။ အဖြူရောင်သက်တန့်အဖွဲ့လေး ဘယ်လိုတွေဆောင်ရွက်ခဲ့သလဲ..၊ ဘာတွေပြုလုပ် ခဲ့ကြသလဲ ဆိုတာကိုတော့ အခုပေးထားတဲ့ link လေးက တဆင့်ဝင်ရောက်ပြီး ကရုဏာတွေသက်..၊ မုဒိတာပွား..သာဓုတွေခေါ်နိုင်ပြီး သဒ္ဒါပေါက်ခဲ့ရင် ကုသိုလ်ပါဝင်နိုင်ကြပါတယ်လို့လဲ.. တိုက်တွန်း နှိုးဆော်လိုက်ပါ တယ်။

အနာတရတွေနဲ့ ကျန်ရစ်မဲ့ သူတို့ရဲ့ရင်သွေးငယ်လေးတွေကို ထားရစ်ပြီး တမလွန်ကို ထွက်ခွာသွားရမယ့် အမေ တွေရဲ့ခံစားချက်ကို ရေးဖွဲ့ထားတဲ့ ကဗျာလေးဖြစ်ပါတယ်လို့ အစချီပြီး ၂၀၀၇ခုနှစ် ဇွန်လ၆ ရက်နေ့ နေ့လည် တစ်နာရီခွဲ အချိန်မှာ ဆရာစံလမ်းရှိ Mr.Guitar Cafe တွင် ကျင်းပခဲ့တဲ့ အဖြူရောင်သက်တံ ကဗျာရွတ်ဆိုပွဲ
( White Rainbow Poetry Performace ) မှာရွတ်ဆိုခဲ့တဲ့.. ကဗျာလေးဖြစ်ပါတယ်။

“အရှိမဲ့မေတ္ထာတော်”

ငါတို့ သွေးသားတွေကိုတောင်
ကမ္ဘာမြေက လက်မခံနိုင်တော့ဘူး
ဒီပြစ်မှုကို ဘယ်လိုစီရင်ကြသလဲ သိချင်တယ်...

ကျေးလက်စားကျက်ကွင်းတွေမှာ
နွားတစ်ရှဉ်းနဲ့ ထယ်တစ်စင်းနဲ့
သူ့လက်ဖျံပေါ်မှာ.. အမြတ်နိုးဆုံးနှင်းနဲ့
သူ့ဘေးနားမှာ အိမ်ရှင်ချစ်သူမလေးနဲ့
ယာသမားလေး ရိုးသားအေးဆေးရှာခဲ့တာ
သူ့ဘ၀မှာ.. ဆန်းကျယ်တာဆိုလို့
ချစ်သူ့နာမည်ကို အရေပြားပေါ် ဆေးဆိုးခဲ့တာပဲရှိတယ်တဲ့..။

ဟော့ဒီမှာ
အနန္တငါးပါးကို.. ညွှတ်တွား ကိုးကွယ်ခဲ့တဲ့လက်
ခင်ပွန်းသည်ကို ယုယတွဲကူခဲ့တဲ့လက်
ရင်သွေးငယ်လေးကို ပိုက်ထွေးချော့မြှူခဲ့တဲ့လက်
သနပ်ခါးနံ့တွေနဲ့ချည်း မွှေးပျံ့သင်းကြူခဲ့တဲ့လက်
အဲဒီ့လက်မှာ
ဝဋ်နာကံနာတွေ ဗရပွ
ဘယ်ကစဘယ်မှာဆုံးမယ်မှန်း မသိတဲ့ သံသရာအမှောင်ထဲ
နာကျင်ကြေကွဲခြင်းတွေနဲ့ချည်း.. ခရီးဆက်..။

ဘယ်လိုလော်လီမှုမျိုးမှ မစွက်ဖက်
ဝိဘက်ကြမ္မာ ချည်းသက်သက်ဘဝ
တော်လဲ.. ကျီးပြို..
တိမ်မည်းညိုတွေ အဆုတ်လိုက်အဆုတ်လိုက်..
နှင်းခါးရိုက်တဲ့ညမှာမှ
ဟောဒီ့သားလေးကို.. ဆွဲခေါ်မိခဲ့တော့...

သွေးရူးသွေးတမ်းဆန်ဆန်
အရာရာကိုတောင်းပန်...
နောက်အရာရာကို လက်လျော့..
အဖြူသက်သက်ဘ၀တွေထက်
ဆေးအနက်တွေ ကျဲပက်လိုက်သလိုမျိုး
ကံကြမ္မာဆိုတာ.. တောင်းပန်တိုးလျိုးလို့မရတဲ့
လက်မရွံ့အာဏာသားတဲ့ကွယ်..။

အတိတ်တွေကို ပြန်လှည့်မကြည့်ဝံ့ဘူး
အနာဂါတ်ကို လှမ်းမျှော်မကြည့်ဝံ့ဘူး..
ဝေဒနာနဲ့ငါ...
ပစ္စပ္ပုန်တည့်တည့်မှာပဲ စီးချင်းထိုးကြတဲ့ပွဲပေါ့
အံခဲ.. ဇွဲသံ...
အားမတန်သော်မှ လျော့လို့မရတဲ့ မာန်တွေနဲ့
ဒီလူမမယ်ကလေးလေးအတွက် ကြောင့်ကြ
အမေ....ဆိုတဲ့ရင်ဝမှာ...
မီးကျီး မီးခဲလို ပူလှပေါ့..။

သားရေ..
မင်းကိုပွတ်မွှေးထားတဲ့ လေပြည်မှာ
မေမေ့သောကတွေနဲ့များ ပူလောင်နေခဲ့သေးလားကွယ်...

အခု.. သားလေးရဲ ပြတင်းဝက..
အရောင်လှလှလိပ်ပြာလေးက မေမေပေါ့
သားလေးကိုလှုံထွေးထားတဲ့ နေခြည်နွေးနွေးဟာလဲ.. မေမေပေါ့..
သားလေးမက်နေဆဲ မသဲမကွဲအိပ်မက်တွေထဲမှာ
သားလေးကိုချီပိုး..
သားလေးကိုချော့မြှူ
သားလေးကိုနမ်းမွှေး
သားလေးကို ပိုက်ထွေးထားရင်း
သီလက်စသားချော့တေးတွေ တစ်ဝက်တစ်ပျက်
ဘယ်သုဂတိဘုံကိုမှ... ခရီးမဆက်နိုင်ပဲ
နှလုံးသားကွဲအက်နေတဲ့ တစ္ဆေ...
မေမေလေ....။

အပြစ်လုံးလုံးမရှိပေမယ့်
အပြစ်ဒဏ်ဆိုတာ ရှိတတ်တဲ့လောကမှာ
နာကျည်းခါးသီးစရာတွေကို.. မသိ
ရှက်ရွံ့သိမ်ငယ်စရာဆိုတာကို.. မသိ
တုန်လှုပ်ကြောက်လန့်စရာဆိုတာလည်း.. မသိ
ကိုယ့်အနာတရကိုတောင်မှ.. ကိုယ်မသိ
ဘာဆိုဘာမှမသိတဲ့
ပကတိဖြူစင်ရွှင်လန်း.. ကျမ်းမာသန်စွမ်းဆဲ.. သားလေး.....

အားတင်းထား သားရေ.....
ဟောဒီ့ အဖြူရောင်သက်တန့်ကြီးရဲ့နောက်..
ကိုယ်ယောင်ဖျောက်ထားတဲ့..မေမေ
မင်း....ဘယ်တော့မှ..
မ တွေ့ ချင် လေ နဲ့..။ ။

အိန္ဒြာ

နောက်တော့ ကျွန်တော် ကြိုက်တဲ့ အချစ်ကဗျာလေးတွေထဲက အောက်ချင်း စကား ဆိုတဲ့ ကဗျာလေး


အောက်ချင်း စကား

အတောင်ပံအစုံကို ရုပ်ပြီး
မြေပြင်နဲ့ ပစ်ဆောင့်လိုက်သလိုမျိုး
င့ါရဲ့ ကျဆုံးခြင်းက
အထိနာပေမယ့် ခမ်းနားနေခဲ့တယ်။

ဒါဟာ မိုက်ရူးရဲဆန်တာမဟုတ်ဘူး
သစ္စာတရားကို သွေးနဲ့ ရေးချယ်ပြလိုက်တာ
ဒါဟာ ရူးသွပ်မှုမဟုတ်ဘူး
ချစ်ခြင်းမေတ္တာအတွက်
အရက်စက်ဆုံး သက်သေတည်လိုက်တာ။

ကောင်းကင်ဆီထိုးပျံလိုက်တဲ့
တောင်ပံဖျားက ဗျာပါရတွေက အစ
မြေပြင်ဆီ လှမ်းမျှော်ကြည့်လိုက်တဲ့
မျက်ဝန်းအစုံက မျက်ရည်ပူတွေ အလယ်
လေထုထဲ ပဲ့တင်ရိုက်သွားတဲ့
နှုတ်သီးဝက ရင်ကွဲနာသံ အဆုံး
အားလုံးဟာ တည်ငြိမ် ရဲရင့် နေခဲ့တယ်။

ဒါ ...ဆုံးဖြတ်ချက်
ဒါ ...ကလဲ့စား
ဒါ ...အမှန်တရား
ဒါ ...ထွက်ပေါက်
ဒါဟာ... လွတ်မြောက်မှု

အဲဒီနေရာမှာ....
ဓါးတစ်လက်နဲ့ တရိရိ မွှန်းဖြတ်နေသလိုမျိုး
ဘ၀တိုင်း နာကျဉ်နေရမယ့်
နောင်တတရားတွေကို အပင်ပေါက်စေရမယ်။
အဲဒီနေရာမှာ....
ကိုယ့်မျက်နှာကိုယ်ပြန်မကြည့်ရဲလောက်အောင်
ကိုယ့် လိပ်ပြာ ကိုယ် ပြန်ပြန်လန့်စေမယ့်
ကိုယ်ကျင့်သိက္ခာဆိုတာကို မော်ကွန်းထူထားပစ်ခဲ့မယ်။
အဲဒီနေရာမှာ....
နှောင်ဖွဲ့ချိုမြိန်မှုတွေရဲ့
အနှစ်သာရ စစ်စစ်ကို သံခိတ်ရေးပြီး ချန်ရစ်မယ်။

အဲဒီနေရာမှာ....ပေါ့
သေခြင်းတရားဆိုတာ
ထင်တာထက် ပေါ့ပါး နေခဲ့တာ။ ။

အိန္ဒြာ
(အလင်္ကာဝတ်ရည်ဂျာနယ်)


ဖုန်းထဲကနေ "မောင့်" ကို ခဏခဏ ရွတ်ပြမိတဲ့ကဗျာလေးပါ..။ တဲ့.......... ;-)


(အဲ့ဒီလိုလဲ ကဗျာအောက်မှာ ကြော်ပြာက ၀င်တတ်လေသေးတယ်။ ;-P ထပ် ကြော်ပြာပေးလိုက်ပီ။)


အလိုလေးလေး၊ ကြိုက်တာလေးတွေ ပြန်ဖတ်လိုက်၊ တင်လိုက် လုပ်နေတာနဲ့ ပို့စ်က တော်တော် ၇ှည်နေပါရောလား။ လာလည်တဲ့ မိတ်ဆွေတွေလဲ မျက်စိပဲ မူးသွားမလား။ စုစည်းတင်ပြထားတဲ့ စာတွေကို ဖတ်ပြီး ကျေနပ်ကြမလားတော့ မသိပါဘူးဗျာ။ ကဗျာဆရာမ အိန္ဒြာ” ကတော့ သူ့ဘလော့လေး တစ်နှစ်ပြည့်မှာ ခုလို သူ့စာလေးတွေ အမှတ်တရ တင်ပေးတဲ့ အတွက် ကျေနပ်နိုင်မယ် ထင်ပါတယ်။


ဘလော့လေး တစ်နှစ်ပြည့်မှသည် နှစ်ပေါင်းများစွာ အိန္ဒြာ” ဆိုတဲ့ ကဗျာ ကလောင်တံကို မြဲမြဲ စွဲကိုင်ရင်း ကြယ်တစ်ပွင့်လို လင်းလက် တောက်ပပါစေ။ နောက်ပြီး.........

ဆန္ဒအတ္တတွေ..လှိုင်းတံပိုးထန်တဲ့မြစ်ထဲမှာ
အကြိမ်ကြိမ် ရေချိုးမှားခဲ့သူ
ကဗျာတွေသွေးလိုစီးနေတဲ့..ခန္တာ..ပါးပါးနဲ့
ဘယ်တော့မှ..ယုံကြည်ချက်ကမ်းပါးကို..မဆိုက်ကပ်ရဲတဲ့
လှေတစ်စင်းလို..လူပေါ့လေ..


အဲဒီလို လှေကလေးက ဘယ်သောင်ကမ်းပါးမှာမှ မဆိုက်ကပ် မရပ်နားပဲ အချစ်နဲ့.နှင်တဲ့.ခရီး ကို ရွက်လွှင့်နေရင်း လာမဲ့ နိုဝင်ဘာ ၂၆ ရက်နေ့မှာ ဆယ့်ခုနှစ်နှစ် တင်းတင်းပြည့်မဲ့ ကဗျာဆရာမနဲ့ ချစ်သူ “မောင်” တို့ သက်ဆုံးတိုင် ချစ်ခင်ကြင်နာနိုင်ကြပါစေ၊ အမြန်ဆုံး ပြန်လည်ဆုံဆည်းကြပါစေ လို့..... ဆန္ဒပြုရင်း .................

( ကဗျာဆရာမရေ၊ ဖွထည့်လိုက်ပီနော်။ :-P )



မေတ္တာဖြင့်
မိုးကုတ်သား

Wednesday, November 4, 2009

ချစ်သူ့လက်ဆောင်


ရာဘင်ဒြာနသ်တဂိုး
“ချစ်သူ့လက်ဆောင်”



(၃၀)

နွေဦး ပန်းပွင့်တွေဟာ
အုံ့ပုန်းချစ်ရဲ့ သောက ဝေဒနာလို
ဖျတ်ခနဲ ပွင့်လာကြတယ်။

သူတို့ရဲ့ တီးတိုးသံ နဲ့အတူ
ကိုယ့်ရဲ့ ငယ်ဘ၀က
လွမ်းသီချင်းတွေကို
အမှတ်ရမိတယ်။

ကိုယ့်နှလုံးသားဟာ
ဖြုန်းဆို
ဆန္ဒရွက်စိမ်းတွေကို ဆင်မြန်းလိုက်တယ်။

ကိုယ့်ချစ်သူကဖြင့်
ပေါ်မလာတော့ပါဘူးကွယ်။

ဒါပေမယ့်
ချစ်သူ့ အထိအတွေ့က
ကိုယ့် ကိုယ်လက်အင်္ဂါထဲမှာ
ရှိနေတယ်။

ချစ်သူ့ အသံက
ဆွတ်ပျံ့တဲ့ ကွင်းပြင်တွေကို
ဖြတ်သန်းရောက်လာတယ်။

ငေးငေးလေး ကြည့်တတ်တဲ့
ချစ်သူ့အကြည့်က
မိုးကောင်းကင်ရဲ့
ကြေကွဲဖွယ် နက်ရှိုင်းမှုထဲမှာ
တည်နေတယ်။
ဒါပေမယ့်
သူ့မျက်လုံးလေးတွေ
ဘယ်မှာလဲကွယ်။

သူ့အနမ်းတွေက
လေထဲမှာ လှစ်ခနဲ ပြေးသွားကြတယ်။
ဒါပေမယ့်
သူ့နှုတ်ခမ်းလေးတွေ
ဘယ်မှာလဲကွယ်... အချစ်ရယ်။ ။



(၃၁)

ကိုယ့်ပန်းပွင့်တွေရယ်
နို့နှစ်လို
ချိုပျားသကာလို
ဝိုင်အရက်လိုပါကွယ်။

ကိုယ်က
ပန်းပွင့်တွေကို
ပန်းစည်းဖြစ်အောင်
ရွှေကြိုးနဲ့ စုစည်းကြည့်တယ်။

ဒါပေမယ့်
ကိုယ်မလွတ်တမ်း
စောင့်ကြည့်နေတဲ့ကြားက
ပန်းကလေးတွေ
လွတ်မြောက် ထွက်ပြေးကြပြီး
ရွှေကြိုးကလေးသာ
ကြွင်းကျန်ရစ်ခဲ့တယ်။

ကိုယ့်တေးတွေရယ်
နို့နှစ်လို
ချိုပျားသကာလို
ဝိုင်အရက်လိုပါကွယ်။

ခုန်နေတဲ့ ကိုယ့်နှလုံးသား
စည်းချက်ထဲမှာ
သူ့ကို ဖွဲ့နှောင်ထားတယ်။

ဒါပေမယ့်
ပျင်းစရာ အချိန်နာရီတွေရဲ့
ချစ်သည်း ချစ်သက်ဖြစ်တဲ့
သူတို့က
တောင်ပံဖြန့်ပြီး
ပျံထွက်ပြေးတော့
ကိုယ့်နှလုံးသားဟာ
တိတ်ဆိတ်စွာ
ခုန်ကျန်ရစ်ခဲ့တယ်။

ကိုယ် မြတ်နိုးတဲ့ အလှရယ်
နို့နှစ်လို
ချိုပျားသကာလို
ဝိုင်အရက်လိုပါကွယ်။

သူ့နှုတ်ခမ်း နှစ်လွှာက
အရုဏ်နှင်းဆီ။

သူ့မျက်လုံးအစုံက
ပိတုန်းနက်။

သူထိတ်လန့်မှာစိုးလို့
ကိုယ့်နှလုံးသားကို
နှုတ်ပိတ်ထားရတယ်။

ဒါပေမယ့်

သူဟာ
ကိုယ့်ပန်းပွင့်တွေ
တေးတွေလိုပဲ
ကိုယ့်ကို
တိမ်းရှောင် စွန့်ပြေးတယ်။

ကိုယ့်အချစ်သာ
အထီးတည်း
ကြွင်းကျန်ရစ်ခဲ့ရပါတယ်။

******************************

ရာဘင်ဒြာ နသ်တဂိုး ရေးသားပြီး
မြင့်စိုးလှိုင် ဘာသာပြန်ထားတဲ့
ချစ်သူ့လက်ဆောင် ကဗျာထဲမှ
နှစ်သက်မိရာ ကဗျာပိုဒ်လေးတွေ ဖြစ်ပါတယ်။
စွဲမိတာတွေ အများကြီး။
ခုတော့ စာရိုက်ရတာ လက်ညောင်းလာလို့... ;-P ...

(ပုံလေးတွေကတော့ အီဖေကို့ လက်ရာမို့ ခရက်ဒစ် ပေးတော့ဘူး)

မေတ္တာဖြင့်
မိုးကုတ်သား


Thursday, October 1, 2009

စိတ်နဲ့မမီနိုင်သောအရပ် သို့ ခရီးဆန့်ခြင်း


စိတ်နဲ့မမီနိုင်သောအရပ် သို့ ခရီးဆန့်ခြင်း


စိတ်နဲ့ စိတ်တွေကြား တောင်စဉ်တွေ အထပ်ထပ်ခြားထားပေမဲ့
နှလုံးသားကို စီးပြီးသွားတဲ့အခါ
နှလုံးသားတံခါးတွေ ဖွင့်ထားတဲ့အခါ
ဖြူလင်းတဲ့ စိတ်ဂီတသံတွေ ကြားရမယ်။

တုန့်ပြန်မှုမဲ့ ခေါ်သံတွေကြား
အလုပ်များတဲ့ စာပို့သမားဟာ
စာလွှာတွေပျောက်တာလဲ ရှိရဲ့၊ လိပ်စာမှား ရောက်တာတွေလဲ ရှိအုံးမယ်။

မှော်ဆရာရေ
တစ်ခါတစ်လေမှ တီးခတ်ပြတဲ့
ဝိဥာဉ်ခေါ်သံ ဗုံတေးသွားမှာ
အသံတွေ အ ခဲ့ရ၊ ကကြိုးတွေ မှောက်မှားကြ။

ကြိုးပြန်ညှိမရတဲ့ ဂီတ တလွဲမှာ
စိတ်ကို အခါခါ လွှဲပစ်ရင်း
အလင်းတွေမျှားဖို့ ၊ အသံတွေကို မြုံးထောင်ဖို့
စိတ်နဲ့မမီနိုင်သောအရပ် မှာ
ငါ့ကိုယ်ငါ တရားပြနေမိတော့တယ်။

(အမ မနော်ဟရီ နဲ့ ညီလေး ဇက်တို့ လက်စွမ်းပြထားတဲ့ စိတ်နဲ့မမီနိုင်သောအရပ် ဆိုတဲ့ ကဗျာလေးကို ဖတ်ပြီး ရင်ဘတ်ထဲက ထွက်ကျလာတဲ့ ကဗျာလေးပါ။ အမ မနော်ဟရီဆီမှာ ဒီကဗျာလေး လျှံချထားခဲ့ပြီး အခု ကျနော့် အိမ်လေးထဲမှာ အမှတ်တရအနေနဲ့ သိမ်းဆည်းထားခြင်းဖြစ်ပါတယ်။)



မေတ္တာဖြင့်
မိုးကုတ်သား

Sunday, September 27, 2009

ပန်းကဗျာ

ကျွန်တော် ရိုက်ထားတဲ့ ပန်းပုံလေးတစ်ချို့ကို အမ အိန္ဒြာ က ကဗျာလေးတွေ ရေးထားပေးခြင်း ဖြစ်ပါတယ်။


ကြော်ငြာ


အဲသလို
ရေနဲ့မိုးနဲ့ ခမ်းခြောက်နေခဲ့ရ
တစ်ပွင့်တည်းပဲ..
ဒါပေမယ့်...
"ကြာ"..ပြီ..။








မြက်ပန်း

မျှော်လင့်ချက်လည်တိုင်ကိုဆန့်လို့

တိမ်တွေကိုမော်ဖူးနေပုံက အိပ်မက်ဆန်နေမယ်

မြေစာမြက်သာသာရယ်ပါ..

ဒါပေမယ့်

ပွင့်တတ် ဝေတတ်ခဲ့...









ပန်းပါးပျဉ်း


ပန်းတစ်ပွင့်ပါပဲ..
ပါးပျဉ်းနဲ့ အဆိပ်နဲ့
သူ့အကြည့်သေးသေးလေးထဲမှာ
အ၀ါတွေ
မီးလျှံလို လောင်ငြီးလင်းပလို့...။










အဖြူကြွေ

တိတ်တိတ်ကလေး

ကြွေကျပေးထားတာပဲ..ကောင်းပါတယ်

ငါ့ အားနည်းချက်ကို..က

အဖြူရောင်လေ..

ငါ့ခမျာ..

စွန်းလွယ်..ပေလွယ်..
ထိခိုက်လွယ်လွန်း..ခဲ့.။




စက္ကူလွှာ

ဟင့်အင်း

စက္ကူမဟုတ်ပါဘူး

ဟောဒီ့ရိုးတံတစ်လျှောက်မှာသာ..

အငုံ့စိတ်တွေ..စိမ်းမြနေခဲ့တာ







ပွင့်အနီ

ဒီကနေ့
ပတ္တမြားရည်မိုးတွေများ
ရွာသွန်းဖြိုးခဲ့သေးလို့လား
ပွင့်လွှာမှာ..
အနီတွေ

စီးကျမလို

စိုလက်လို့








စိန်ပန်းပြာ

အဖေါ်အသင်းနဲ့မို့

ကြွေကျဖို့ဆိုလည်း ပွင့်ရဲတယ်

အတူတကွ.

ခုန်ချလိုက်ကြတဲ့ လောကဓံပလက်ဖေါင်းပေါ်မှာ..

ဘ၀တွေ ပြာနှမ်းနေအောင်လှပနေကြပေါ့..။



မေတ္တာဖြင့်
မိုးကုတ်သား

Thursday, September 17, 2009

သုံးဆယ့်တစ်ဘုံ အလွမ်း


သုံးဆယ့်တစ်ဘုံ အလွမ်း


နွေ၊မိုး၊ ဆောင်းတွေနဲ့ ဝေးနေခဲ့တာ
အချိန်အတော်ကြာခဲ့ပြီ။
တစ်ရာသီမှာမှ တစ်ခါတောင် မပွင့်ဝေနိုင်ခဲ့
အဲ့ဒီ အိမ်မက်ဖူးတွေက စိုစွတ်လှုပ်ခါလို့။

အိပ်တန်းပြန်ငှက်တွေကို စီးနင်းပျံသန်း
အိမ်အပြန်လမ်းတွေ ငေးရီနေခဲ့ရတာ
ရာသီစာ သုံးခု ကျော်ခဲ့ပြီ။

ငါ့ အိမ်အပြန်လမ်းတွေက မခက်ခဲလှပေမဲ့
ဒုတိယ နတ်ဘုရားကျိန်စာသင့်နေခဲ့လေတော့
သုံးဆယ့်တစ်ဘုံမှာ

စိတ်တွေသာ ခြေရာကျန်ရစ်...

အော်...

........

စိတ်တွေသာ ဝေဒနာပြန်ဖြစ်ခဲ့ပေါ့။

**************

မေတ္တာဖြင့်
မိုးကုတ်သား

Thursday, September 10, 2009

ပန်း စွယ်တော်

“ပန်း စွယ်တော်”


နှစ်လွှာပေါင်းမှ တစ်ရွက် ဖြစ်တဲ့ အရိပ်လေးရေ
ချစ်မြတ်နိုးမှုတွေအတွက်
ရင်ချင်းဆက်ခဲ့တဲ့မင်း
မာန်တင်းကာ မစိမ်းလိုက်လေနဲ့။

ရင်ခြင်းဆက် အဲဒီ သစ်ရွက်လေးကြားက
ဖြူလွှလွှ ပန်းငုံလေး
ဖူးရာကငုံ
ငုံရာက ပွင့်
ပွင့်ရာက ကြွေ ရလိမ့်ပေဦးမယ်။

ရင်ချင်းဆက် သစ်ရွက်လေးလဲ
စိမ်းရာက ၀ါကျင့်
လေနှင်ရာ လွင့်ပါးရဦးမယ်။

အရိပ်လေးရေ
ရင်ချင်းဆက်နေတဲ့ ငါ့ရဲ့ အရိပ်ကလေးရေ
တို့တွေ ရင်ထဲ အချစ်တွေဖူးငုံလိုက်
ရဲရဲကြီး ပွင့်အာကြွေလွင့်လိုက်စမ်းကွဲ့
အချစ်နဲ့ စတဲ့ပန်း
အမုန်းလမ်းတွေ မခွဲကြေး
အပြုံးတွေလဲ မနွမ်းကြေး။

စင်တော်ဖွင့်အမှီပေါ့
ဟော့ဒီရင်မှာ
စွယ်တော်တွေ ပွင့်နေခဲ့ပြီ။

•.¸¸.•♥☆´¨`☆♥•.¸ ¸.•` ♥•.¸¸

(မမ၀ါ ဖန်ဆင်းသောပန်းတစ်ပွင့်ကြောင့် ကျွန်တော့်ရင်ထဲက စွယ်တော်နဲ့ သူ့ပန်းကလေး အကြောင်း တစေ့တစောင်း ပွင့်ပြထားပါတယ်။ ဒီလောက်နဲ့ပဲ မမ၀ါ ကျေနပ်နိုင်လိမ့်မယ် ထင်ပါတယ်ဗျာ။ ဓာတ်ပုံလေးကတော့ ကိုယ်တိုင် ရိုက်ထားတာ ဖြစ်လို့ ကိုယ့်ကိုကိုယ်ပဲ ခရက်ဒစ် ပေးလိုက်ပြီ။ )


မေတ္တာဖြင့်
မိုးကုတ်သား

Thursday, September 3, 2009

" IF" (အကယ်၍)




IF
‘အကယ်၍’

If you can keep your head when all about you,
Are losing theirs and blaming it on you,

အကယ်၍
မင်းအသိုင်းအ၀ိုင်းက
တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ
မင်းကြောင့်လို့
ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ
မင်းဟာ
ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်. . . . . . . .. . .။

If you can trust yourself when all men doubt you,
But make allowance for their doubting too,

အကယ်၍
အားလုံးက မင်းကို
မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှုအပြည့်ရှိမယ်ဆိုရင်. . . . . . . . .။

If you can wait and not be tired by waiting,
Or, being lied about, don’t deal in lies,
Or being hated, don’t give way to hating,
And yet don’t look too good, nor talk too wise,


အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင်…
ဒါမှမဟုတ်
မင်းရဲ့အကြောင်း
မဟုတ်တရား မုသားစကား ကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့
မတုန့်ပြန်ဘူးဆိုရင်….
ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေပြန်မပွားဘူးဆိုရင်….
ပြီးတော့
မင်းကိုမင်း လူတော်တစ်ယောက်ရယ်လို့ မမြင်ဘဲ
ပညာရှိစကားတွေလည်း မပြောဘူးဆိုရင် . . . . . . . ။

If you can dream-and not make dreams your master;
If you can think-and not make thoughts your aim;

အကယ်၍
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်…
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မယ်ဆိုရင်. . . . . . ။

If you meet with Triumph and Disaster,
And treat those two impostors just the same;

အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ ရတဲ့အခါ
တူညီသော လောကဓံ တရားတွေပါလား ရယ်လို့
ခံယူထားနိုင်မယ်ဆိုရင်. . . . . .။

If you can bear to hear the truth you’ve spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to, broken,.
And stoop and build’em up with worn-out tools:

အကယ်၍
မင်းရဲ့အမှန်စကားတွေကို
လူလိမ်လူညစ်တွေက
လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါ
မင်းဟာ
တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင်
ဒါမှမဟုတ်
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့် ဖြည့်ဆီးခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့ နောက်မှာ
အင်မတန်သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်. . . . . . . . .။

If you can make one heap of all your winnings,
And risk it on one turn of pitch-and-toss.
And lose, and start again at your beginnings,
And never breathe a word about your loss:

အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ
ကြွေတစ်လှည့် ကြက်တစ်ခုန်ပမာ
တစ်လှည့်တစ်ခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်….
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင်….
ပြီးတော့တစ်ခါ
ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူးမနေဘူးဆိုရင်. . . . . .။

If you can force your heart and nerve and sinew,
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: "Hold on!"

အကယ်၍
သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ
မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတစ်ယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားမယ်ဆိုရင်…..
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့
ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်ဓာတ်အင်အားကို
ခိုင်မာစွာနဲ့ပဲ ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆို ရင်. . . . . .။

If you can talk with crowds and keep your virtue,
Or walk with kings – nor lose the common touch,

အကယ်၍
လူတွေနဲ့ထိတွေ့ ပြောဆိုဆက်ဆံရတဲ့ အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်…..
ဒါမှမဟုတ်
မင်းဧရာဇ်တွေနဲ့ အတူလမ်းလျှောက်နေရပေမယ့်
မာန်မာန သွေးမကြွဘူးဆိုရင်….

If neither foes nor loving friends can hurt you,

အကယ်၍
ရန်သူကဖြစ်စေ၊မိတ်ဆွေကဖြစ်စေ
မင်းကိုသိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်. . . . . . ။

If all men count with you, but none too much;

အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်….

If you can fill the unforgiving minute,
With sixth seconds’ worth of distance run.

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ်
အသုံးချနိုင်မယ်ဆိုရင်. . . . .။

Yours is the Earth and everything that’s in it,
And-which is more – you’ll be a man, my son !

ငါ့သားရေ
မင်းဟာ
အရာရာရှိတဲ့၊အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့ အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့….။
အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်း တစ်ယောက်ပဲပေါ့။







ရေးသူ မည်သူ မသိပါ။ ရသောမေးလ်ကို ပြန် မျှဝေပေးခြင်းသာ ဖြစ်ပါတယ်။ မူရင်းကဗျာလေးကို ရှာကြည့်လိုက်တော့ ဒီမှာ သွားတွေ့ပါတယ်။



Its a new day (by NaPix)

Dreaming..... (by Nicolas Valentin)

Father and Son (by .Lal Khan.)




မေတ္တာဖြင့်
မိုးကုတ်သား


Friday, August 28, 2009

သံယောဇဉ်



ဒီရက်ပိုင်း အလုပ်လေး နဲနဲ ရှုပ်နေတဲ့အတွက် စာတွေလဲ မရေးဖြစ်၊ အသစ်လဲ မတင်နိုင်သေးပါဘူး။
Tag ကြွေးတွေလဲ အမြန်ဆုံး ရေးပေးပါ့မယ်ခင်ဗျာ။ ကိုရွာသားလေး Tag တဲ့ ရင်ထဲက ပန်းလေးတစ်ပွင့် အကြောင်းက ရေးနေလက်စ၊ မပီးသေးပါဘူး။ ဖွားမေ့ (အဲလေ) မက်မက် ပြောပြခိုင်းထားတဲ့ အချစ်အကြောင်းဆိုတာကတော့ ခေတ္တ သည်းခံပေးပါအုံးလို့ အနူးအညွတ်တောင်းပန်ချင်ပါတယ်။ မခင်လို့၊ အလေးမထားလို့ မရေးတင်ပေးသေးတာ မဟုတ်မှန်းလဲ နားလည်နိုင်ကြမယ် မျှော်လင့်ပါတယ်။
လာလည်ကြတဲ့ မိတ်ဆွေတွေ ဖတ်ဖို့ ကျွန်တော် ကြိုက်လို့ သိမ်းထားဖူးတဲ့ နေဆူးသစ် ရဲ့ ကဗျာလေးတစ်ပုဒ်နဲ့ ဆားချက် (ဟုတ်ပါဘူး) မျှဝေ ခံစားလိုက်ပါတယ်။





သံယောဇဉ်*




အိပ်မက်လို ပျောက်သွားခဲ့ရင်

ရယ်မောဟားတိုက်ပစ်လိုက်ချင်ရဲ့

အဲ့ဒီကြိုးနှစ်ချောင်းပူး.. ကျစ်ဆံမြီးကိုပဲ

အပ်ပေါက်ထဲ ဖြည့်စွက်ထည့်နေခဲ့ကြ...။


စက္ကူဖြူတွေလောင်ကျွမ်းသွားတဲ့မီး၊

ပြာမှုန်ဖြန့်ကျက်ဧကများ

ခဏခဏ ရေးချွတ်ခဲ့တဲ့အမှားတွေလေ...။


အတိုင်းအဆသက်သက်

အရည်အသွေးသက်သက်

ပိုင်းခြားဖို့ မဖြစ်နိုင်တဲ့

သတ်ပုံကလည်း အများသား...။


လက်ဖ၀ါး၊ ခြေဖ၀ါး၊

ပြီးတော့...

နှလုံးသား

အားလုံးကို တီးခေါက်ကြည့်မိခဲ့

သံစဉ်လှလှလေးတွေ ထွက်မထွက်...။


ချိတ်နှစ်ချောင်းနဲ့ မညီမျှ

အဓမ္မဖိစီးတဲ့ ၀မ်းတွင်းနာက

ရင်အုံတစ်ခုလုံးကို

ပြောင်းပြန်လှန်ပစ်နေတော့တယ်...။ ။



(နေဆူးသစ်)


ဓာတ်ပုံလေးကို ဒီကယူပါတယ်ဗျာ။
Photo Credit to....


မေတ္တာဖြင့်
မိုးကုတ်သား

Tuesday, August 18, 2009

အနိုင်မခံ



William Earnest Hentey ရဲ့ INVICTUS ဆိုတဲ့ ကဗျာလေးပါ တဲ့။ ဘာသာပြန်သူကိုတော့ ကျွန်တော် မသိတော့ပါဘူး။ စာအုပ်ထဲမှာ ရေးကူးထားတာ ပြန်ဖတ်ရင်း အားလုံးနဲ့ မျှဝေခံစားချင်လို့ပါ။

(တခြားသူ ဘာသာပြန်တာ မဟုတ်ဘူးနော်... သခင်အောင်ဆန်းဆိုတဲ့ ဒို့ဗိုလ်ချုပ် ဘာသာပြန်တာလို့ မှတ်သားဖူးတယ်...

အိုးဝေ မဂ္ဂဇင်းအတွဲ (၆)၊ အမှတ် (၁)၊ ၁၉၃၆ ခုနှစ်တဲ့)......

အခုလို ပြောပြပေးတဲ့အတွက် ကျေးဇူးပါ ကိုဂျိုးးး ရေ.......။ ;-)







အနိုင်မခံ

ငါ့အား ဖုံးလွှမ်းအပ်သည့်
ညဥ့်နက်သန်းခေါင်အမှောင်တွင်းမှ
အသူရာတမျှ နက်လှသော
ချောက်ကမ်းပါးအတွင်းမှ
ငါ၏ မကြောက်တရားကို ဖန်တီးထားသည့်
နတ်သိကြားများကို ငါကျေးဇူးတင်ပါ၏။

လောကဓံတရား၏ ကြမ်းကြုတ်သောလက်ဆုပ်အတွင်းသို့
ငါသက်ဆင်းကျရောက်ငြားလည်း
ငါကား မတုန်လှုပ်၊ မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်းကြောင့်
ငါ၏ဦးခေါင်းတို့သည် သွေးဖြင့်ချင်းချင်းနီ၏။
သို့သော်.. ညွှတ်ကားမညွှတ်။

လောဘ၊ ဒေါသတို့ ကြီးစိုးရာ
ဤကမ္ဘာ၏အခြားမဲ့၌
သေခြင်းတရားသည် ကြောက်ဖွယ် ငံ့လင်၏
သို့သော်.. ငါ့အား မတုန်လှုပ်သည်ကိုသာတွေ့ရအံ့။
နောင်တွင်လည်း မကြောက်ရွံ့သည်ကိုသာလျှင်
အစဉ်တွေ့ရလတ္တံ့။

သုဂတိသို့သွားရာ တံခါးဝသည်
မည်မျှပင် ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ခွေးပုရပိုဒ်တွင်
ငါ၏အပြစ်များ မည်မျှပင် ရေးခြစ်ထားစေ
ငါသာငါလျှင် ငါ့ကြမ္မာ၏အရှင်
ငါသာငါလျှင် ငါ့ဘ၀၏ သခင်ဖြစ်သည်။ ။




ကျွန်တော် ဒီကဗျာလေးကို ကူးတင်ပြီး ထုံးစံအတိုင်း Flickr မှာ ကဗျာ အတွက် ပုံလေးတွေ ရှာတော့ အပေါ်က ပုံလေးကိုတွေ့ပါတယ်။ ထုံးစံအတိုင်း ကူးလိုက်ပါတယ်။ပြီးတော့ တင်ရင်း ဘယ်သူရိုက်တဲ့ ပုံလဲ စပ်စုမိတော့ တိုက်ဆိုင်စွာပဲ အဒီပုံလေးအောက်မှာ ဘာသာပြန်ထားတဲ့ ကဗျာရဲ့ မူရင်းလေးကို သွားတွေ့ပါတယ်။ သူ ရေးထားလို့ ဒီကဗျာလေးရဲ့ ခေါင်းစဉ် Invictus က လက်တင် ဘာသာစကား ဖြစ်ပြီး unconquered လို့ အဓိပ္ပါယ် ရပါတယ်တဲ့။ အပြည့်အစုံ ဖတ်ချင်ရင်တော့ ဒီနေရာလေးကနေ သွားဖတ်ပါခင်ဗျာ။

Out of the night that covers me,
Black as the Pit from pole to pole,
I thank whatever gods may be
For my unconquerable soul.

In the fell clutch of circumstance
I have not winced nor cried aloud.
Under the bludgeonings of chance
My head is bloody, but unbowed.

Beyond this place of wrath and tears
Looms but the horror of the shade,
And yet the menace of the years
Finds, and shall find me, unafraid.

It matters not how strait the gate,
How charged with punishments the scroll,
I am the master of my fate;
I am the captain of my soul.
.................................
မေတ္တာဖြင့်
မိုးကုတ်သား


Wednesday, July 1, 2009

“အိပ်မက်ကို ချည်တဲ့ကြိုး”

“အိပ်မက်ကို ချည်တဲ့ကြိုး”

လျှို့ဝှက်ချက်တို့နဲ့ နေ၀င်ပြီးမိုးချုပ် . . .
နေ၀င်ချိန် နေထွက်ခဲ့ခြင်းတွေလို
ကိုယ့်စိတ်ဟာမပြတ်သားဘူး။
အလွမ်းတစ်အုပ်တို့နဲ့
တောရိပ်မှာ မြူယှက်လို့နွယ်
တောင်စွယ်မှာ နေကွယ်တာလား
ချစ်ရိပ်တွေ ဝေေ၀၀ါးလို့ လေ။
မပြောဘဲ ထားတဲ့စကားလို
အဓိပ္ပာယ်တွေ မှုန်ဝါးဝါးနဲ့ . . .
မပြတ်သားရဲသူ ကိုယ့်အတွက်
နေ့တွေလတွေမှာ အလွမ်းတွေနဲ့သာ . . ။
လေတိုးရင်ညည်းတတ်တဲ့ ၀ါးရုံတောလို
မပီမသ သံစဉ်တွေ ခြွေခြွေချရင်း၊
ပန်းမခင်းတဲ့ ရွက်ကြွေတော
ချစ်သူမောမှာ စိုးစိတ်တွေနဲ့
တိုးတိတ်လို့ နေခဲ့သူ။
မိုးတွေ တိုးတိုးလေးရွာနေတယ်
နှလုံးသားငိုသံက ခြိုးခြိုးချွတ်ချွတ် . . .
ငတ်မွတ်နေတဲ့ လွတ်လပ်ခြင်းတွေ
ငါ့အလွမ်းတွေကြားမှာ
အတုန်းအရုံး ကျဆုံးလို့ ... ။
နှင်းမှုန်တွေ အုံ့ဆိုင်း ရီဝေတယ်
အေးခဲမှုတွေက နာနာကျင်ကျင်
တောင်ပံတစ်စုံကို မဖြန့်နိုင်မှတော့
ပျံသန်းဖို့ စိတ်ကူးတွေလဲ
နေလာရာ နှင်းပျောက်သလိုပေါ့။
မရေရာတဲ့ စိတ္တဇနာမ်တွေနဲ့
ဘ၀ကြီးက ပရမ်းပတာခါယမ်း . . .
ဒီလိုနဲ့ပဲ
ကြယ်မစုံတဲ့ ညတွေက
ငါ့အတွက် မထူးဆန်းတော့ပါဘူး . . . ။
မသေချာတဲ့ ၀င်သက်ထွက်သက်တွေအတွက်
ပင့်သက်တွေက အားကောင်းမောင်းသန်၊
အလင်းမဲ့ ကောင်းကင်တစ်မိုးအောက်မှာ..
ငါလေ..
ကြယ်ကြွေတွေ ကောက်ဆဲ...။


ရေးသားသူ - နှင်းမွန်၊ မိုးကုတ်သား
(ပထမဆုံး တစ်ပိုဒ်ကို ညီမလေး နှင်းမွန်ရဲ့ ဂျီတော့ခ်မှာ မြင်လိုက်လို့ ကျနော်က နောက်တစ်ပိုဒ် ထပ်ရေးတယ်။ ညီမလေးနှင်းမွန်က ဆက်ရေးလိုက်၊ ကျနော်ကရေးလိုက်နဲ့..တစ်ယောက်တစ်ပိုဒ် ရေးလာလိုက်ထာ၊ ဒီကဗျာလေး ထွက်လာပါတယ်။ အပေါ်ဆုံး အပိုဒ်က သီချင်းစာသားကြီး။ ဖြုတ်လိုက် လို့ ညီမလေးနှင်းမွန်က ပြောပါတယ်။ ကျနော်က မဖြုတ်ချင်ဘူး။ ဒါနဲ့ ဘယ်သူ့သီချင်းစာသားလဲ မေးတော့ မဒီနဲ့ ဘိုဘိုရဲ့ လွဲနေတဲ့ ဆုံမှတ်များ တဲ့။ အဲ့ဒီ သီချင်းကို နားမထောင်ဖူးတာလဲမဟုတ်. ကျနော်နားထောင်ဖူးပေမဲ့ စာသားကို မသိဘူး။ နာ့နယ်နော်.. အင်္ဂလိပ်သီချင်းမို့ စာသား မသိဘူး ဆို လူကြားလို့ ကောင်းသေးတယ်။ ခုတော့...။ ဘာပဲ ဖြစ်ဖြစ်ပေါ့ဗျာ၊ သီချင်းစာသားလေးကနေ စလိုက်တာ.. ဒီကဗျာလေး ဖြစ်လာတော့ အဲဒီအပိုဒ်ကို မဖြုတ်တော့ပဲ ဒီအတိုင်း တင်လိုက်ပါတယ်။)



မေတ္တာဖြင့်
မိုးကုတ်သား

Thursday, June 25, 2009

အညတြ (၁)



ရနံ့မမွှေးပေမဲ့
အလှပေးတဲ့သူပါ။

အသွေးစုံ အသွင်ကြွသော်လည်း
ဝင့်ကြွားကာ မမော်နိုင်သူမို့
ပင်ဖျားမှာပဲ ဖူးပွင့်ကြွေ။






ရက်လချိန် ရာသီတိုင်းမရွေး
ဝေဆာကာ ပွင့်ဖူးပေးခဲ့တာ
အဖိုးမဲ့စေသတဲ့လားကွယ်။

ပွင့်သောပန်းတိုင်း မမွှေးကြပေမဲ့
ပွင့်တဲ့ပန်းတိုင်း အသွေးကြွ
လောကအလှ ဆင်ကြရဲ့လေ။ ။



မေတ္တာဖြင့်
မိုးကုတ်သား

Wednesday, June 17, 2009

အတွေးလိပ်ပြာ
















 အတွေးလိပ်ပြာ


နေခြည်၊လေပြည်၊ ဆည်းဆာ
အရာရာ လှုပ်ခတ်သွားခဲ့တာ
အဲ့ဒီ ပုဇွန်ဆီရောင် နှုတ်ခမ်းလေးထက်မှာပေါ့။
နေ့ခင်းရယ် နေမင်းရယ်
ညချမ်းနဲ့ ကြယ်လများ
တေးသွားတွေ သံပြိုင်သီခဲ့
မင်းရဲ့ မျက်နက်ဝန်းတွေမှာ ကဗျာတွေဖွဲ့တယ်။
နီးလာလိုက် ဝေးသွားလိုက်
မှောင်မိုက်လိုက် လင်းချင်းလိုက်
ကျည်စယ်လိုက် ချော့မြူလိုက်
အရှိုက်ခက်ပေမဲ့ အငိုလွယ်သူပေါ့
သူခေါင်းမော့ပြုံးဖို့
ငါ့နှလုံးကို သီကုံးပေးခဲ့တယ်။ ။



ပုံလေးကို ဒီက ယူထားပါတယ်။ Picture Credit to

မေတ္တာဖြင့်
မိုးကုတ်သား

Thursday, May 21, 2009

ဦးပုည ရဲ့ ကဗျာ တချို့


ဖတ်မိတဲ့ ဦးပုည ရဲ့ ကဗျာ တစိချို့ ကို ဒီမှာ သိမ်းထားရင်း မိတ်ဆွေတို့လည်း နှစ်သက်မယ် မျှော်လင့်ပါတယ်။


သစ္စာပျက်မှာတမ်း

သနစ်စုံ
ဖြစ်ပုံဖြင့် ခက်သား ။
မလေးခင် ပေလွှာရေးတယ်
ဝေးတရပ်ခြား ။ ။

ဦးပုည

ရှုလေယဉ်လေ

နန်းရံတရာ ပဏ္ဏာခ
မန်းမန္တလ ဗွေရိပ်စံ။
စန်းစန္ဒရ ငွေဗိမာန်လို
ပင်ရွှေထိပ်ပန် ယဉ်များပန်း။
ဂုဏ်ထူးကေလျော့ တကြော့မှန်ငယ်
မဟော့်သက်နှံ တော်လေးအမရာ့ငြမ်း။
ကပိုကရို့ သူ့အမူငယ်
ဇမ္ဗု့မတူ ပြိုင်သူလျှမ်း။
အမူ့အယူ လှိုင်ကြူပန်းသို့
ဆန်းဆိုသမျှ ခေါင်ထက်ခေါင်။
ရှုလေယဉ်လေ မြင်သူငေး
ခင်လေးခင်ခင့် ယဉ်လေးယဉ်ယဥ့်
ယဉ်တတ်ပါတဲ့နောင်။
ပန်းချီရှုံးတဲ့ တော့်ဘုန်းခေါင်ငယ်
တကျော့ထုံးနှောင် ကေသီလျော့နှင့်
သုံးထောင်ထွာကြော့ လျော့ရွှေကေခိုင်
ပိတုန်းမင်ညွန့်ဆိုင်။
စံပုံရှားတဲ့ သိကြားမှိုင်ငယ်
သနားပိုင်ပိုင် ခံစမ်းချင်လှလေး။

ဦးပုည




သစ္စာတိုင်

ကြက်ညီနောင် ရေဝယ်မျောစေတော့၊
မြကြော မင်းဝံရွှေတောင်၊
လဲတော့မရှောင်။

အာကာဘောင်၊
ကြယ်ပြောင်ကွဲ့ မြေလူး။

ပြည်ဇေယျာ၊
လေလာလျှင် မြေပါရွေ့စေတော့၊
ခင်လေ့ကို မောင်မမုန်းတယ်၊
သုံးဘဝကူး။ ။

ဦးပုည


မေတ္တာဖြင့်
မိုးကုတ်သား

Thursday, April 30, 2009

အပြန်မရှိတဲ့လမ်း


ကိုယ့်မှာ
မေတ္တာ အပြည့်ပါ ချစ်သူ။
မထိုက်ရင် မရဘူး ဆိုတဲ့စကား
ဟော့ဒီ နှလုံးသားအတွက်
အေးစက်.. ခါးသက်နေလို့။
မတန်လိုက်တာ
ဒါဟာ... ပေးဆပ်မှုတွေနောက်က
အသွားအပြန် လမ်းအတွက်ဆိုရင်တော့
ရက်စက်တဲ့ မိုင်တိုင်တခုပါ။
ကျေနပ်ပါတယ်..
မင်းပျော်မယ်ဆို ထားခဲ့ပါ့
လွမ်းတကြေကွဲနေမှာထက်
ဓားထက်ထက်နဲ့သာ
အဲ့ဒီ ကြိုးမျှင်တွေ ဖြတ်ချခဲ့ပါ။
မင်းကို လက်လွှတ်ဖို့အတွက်
ကိုယ် ရင့်ကျက်လိုက်ပါ့မယ်။

ရေးသားသူ - မိုးကုတ်သား



Saturday, April 18, 2009

ပိုးဖလံ

ပိုးဖလံ

မုသားစကား ပျားရည်စက် တွေကိုမှ
ကိုယ်က ချိုမြိန်လှချည်ရဲ့ပေါ့
ကိုယ့်ကိုယ်ကို လောင်ကျွမ်းဖို့သက်သက်
အဲဒီမီးလျှံထဲ ခုန်ခုန်ချ
အချစ်တွေနဲ့ လင်းပလာမလားရယ်။

ယုံကြည်မှုတွေ နေ၀င်သွားတဲ့
အိပ်မက်တစ်ခုထဲမှာ
ငါ့ ၀ိဥာဉ်တစ်ခု ပျောက်ဆုံးခဲ့ရ
အလင်းကွယ် ညတွေက ခါးသက်လိုက်တာ။

နာကျည်းမှုတွေ အထပ်ထပ်ကပဲ
မင်းကို မမေ့စေရော့လေသလားကွယ်
မင်းကိုမုန်းတယ်
သိပ်သည်းဆ ကြီးလွန်းလှတဲ့
အဲ့ဒီ လောင်ကျွမ်းမှုသံစဉ်ကို
ဖန်တလဲလဲ ရေရွတ်နေရင်းက
မင်းကို လွမ်းရတာများ......

ရေးသားသူ - မိုးကုတ်သား