Saturday, November 7, 2009

တစ်နှစ်သား “စာဥယျာဉ်” ထဲမှာ ဖူးပွင့်နေတဲ့ “ကဗျာပန်း” များ


တစ်ယောက်စိတ်မှာ..တစ်ယောက်ကနေထိုင်လို့
တစ်ယောက်ဟာ...တစ်ယောက်ရဲ့..အိမ်
တစ်ယောက်..ရယ်မောသံမှာ...တစ်ယောက်ဒေါမနဿတွေက..အငွေ့ပျံ
တစ်ယောက်ခြေသံနဲ့..တစ်ယောက်ခရီးဆက်ခဲ့ကြ
အချစ်ဆိုတာ..ရာသီစာလို..ဖေဖေါ်ဝါရီရောက်မှ..ထပွင့်ပြတဲ့..ပန်းမဟုတ်
တစ်ဘ၀စာ..စိုက်ပျိုးထားတဲ့..စိတ်ဥယာဉ်ထဲမှာ...
အသိမ်မွေ့ဆုံး..ပျံ့သင်းနေတဲ့..........ကဗျာ..။

အိန္ဒြာ


ဒီကဗျာလေးနဲ့ ကဗျာဆရာမ မ“အိန္ဒြာ” က သူမရဲ့ စာဥယျာဉ်လေးကို 2008ခုနှစ် နိုဝင်ဘာလ ရှစ်ရက်နေ့မှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။
ကျွန်တော်က မဂ္ဂဇင်းတွေ၊ စာအုပ်စာပေတွေနဲ့ ဝေးဝေးမှာ ရောက်နေခဲ့တာ ကြာခဲ့ပြီ ဆိုတော့ အထက်တန်းကျောင်းသားဘ၀ တုန်းကလို၊ တက္ကသိုလ်ကျောင်းသား ဘ၀တွေတုန်းကလို ရသစာပေတွေ ကဗျာတွေနဲ့ အလှမ်းဝေးနေခဲ့တာ ဆယ်စုနှစ်ကျော် ကြာခဲ့ပြီဆိုတော့ ကဗျာဆရာမ မ“အိန္ဒြာ” ကို မသိခဲ့ဖူးပါဘူး။ နောက်တော့ သူမရဲ့ စာဥယျာဉ်လေးကို ကျွန်တော် မျက်စိလည် လမ်းမှားပြီး ရောက်သွားတော့ ကြယ် အ "တေး" ဆိုတဲ့ ကဗျာလေးနဲ့ စသိခဲ့ပြီး ကျွန်တော့်အကြိုက် ကဗျာဆရာတွေထဲက ကဗျာဆရာမတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ကြယ် အ "တေး"

ငါဟာ...
နင့်ကောင်းကင်..အစွန်အဖျားက
အမှုန်အမွှား..ကြယ်စင်တစ်စင်းပါ..
ငါ...တလဲ့လဲ့..ထွန်းလင်းရွှန်းပချင်သလောက်
နင်တဖွဖွ..အုံ့ဆိုင်းမှိုင်းရီ..ခဲ့..

ငါ့..ခမျာ
ဖြေဆိုခွင့် မရတဲ့..စာပြန်ပွဲမှာမှ..
အမှတ်ရာပြည့် ရချင်နေသူလေ..
ရာသီဥတုကို အလိုက်သိတတ်လွန်းပြန်လို့
ရွယ်ရုံနဲ့..ကွဲချင်နေတဲ့..အိုးတစ်လုံးလိုမျိုး
ငါ့..ရင်ဘတ်ကိုငါ..ရိုသေသိမ်းဆည်းခဲ့..

ငါက..
နင့်စောင်းကြိုးမျှင်ကိုမှ..တလွင်လွင် ချိုမြချင်သူလေ..
မှတ်တိုင်ပျောက်နေတဲ့ ခရီးကို..တက်စီးလာခဲ့မိလိုက်တာ
ရွေးချယ်မှုတွေပဲ...မှားယွင်းခဲ့တာလား...
(မဟုတ်ဘူး)
ရွေးချယ်မှုတွေက..ငါ့ကို..မှားယွင်းသွားခဲ့တာ..
ငါ့ ကို...ချိုးဖဲ့..ဖူးပွင့်ပါ..
ငါ့ ကို...ဆုတ်ဖြဲသစ်လွင်ပါ..
ငါ့ ကို...ခပ်ယူချမ်းမြေ့ပါ..
ငါ့ကိုယ်ငါ..ကျစ်ခဲထားလေသမျှ..
ဘယ်သူ့ကို..ဝေမျှ ကြေကွဲရမလဲ..
ပွဲမစခင်ကတည်းက..ခြေခေါက် ချော်နှင့်ပြီးသား..
ဘယ်လောက် ဆိုးဝါးထားသလဲကွယ်..

ငါ့..ဆေးဘက်ဝင် အလွမ်းခါးခါးကြီးတွေနဲ့
နင့်ဘ၀ကို..မလေးလံစေဖို့
ငါ့စည်းမျဉ်းနဲ့ငါ..ဘောင်ခပ်ကြပ်ကျဉ်း..
ငါ့သက်ပြင်းနဲ့ငါ...ဆင်းရဲတွင်းနက်ခဲ့

တကယ်ပါ...
နင့်..သံသရာအထိ..အနှောက်အယှက်နေမလား...
ငါ့ဆုတောင်းကိုငါ....ရွေးချယ်မှောင်မိုက်ပေါ့...

ငါ့..ရူးသွပ်မှုတွေ..နင်..မောင်းနှင်ခဲ့တာ..
ငါ့..နက်ရှိုင်းမှုတွေ..မိုးလို..ရွာမပြနိုင်ပေမယ့်...

ငါ့..ဘက်က..ပြိုကျသွားလေသမျှ
နင့်..ဘက်..မှာ..သောင်..ထွန်း..ပါ..စေ..သား...။ ။

အိန္ဒြာ

{၂၀၀၃ခုနှစ် သြဂုတ်လထုတ်.. မြားနတ်မောင်မဂ္ဂဇင်း (အမှတ်-၁၃၄)မှာ ပုံနှိပ် ဖေါ်ပြခဲ့ပြီး..၊ ဂီတမိတ်မှာပြုလုပ်ခဲ့တဲ့.. ကဗျာ..ရွတ်ပွဲလေးတစ်ခုမှာ..ရွတ်ဆိုခဲ့ဘူးပါတယ်..။}



အဲဒီကဗျာလေးက အစပြု ပြီး ကဗျာဆရာမ မ“အိန္ဒြာ” ရဲ့ စာဥယျာဉ်လေးထဲကို ကျွန်တော် မကြာမကြာ ရောက်ဖြစ်ပါတော့တယ်။ ကျွန်တော် အကြိုက်ဆုံး ကဗျာလေးတွေအပြင် ကျွန်တော် ကြိုက်တဲ့ ၀တ္ထုတိုလေးတွေကိုလဲ ဒီ စာဥယျာဉ်လေးထဲမှာ ဖတ်ခွင့် ရခဲ့ပါတယ်။


ကဗျာဆရာမ မအိန္ဒြာ” ရဲ့ ကဗျာတွေ ၀တ္ထုတိုတွေထဲမှာ ကျွန်တော့် နှလုံးသားကို ကျင်ခနဲ စူးစိုက်စေတဲ့ မြှားတွေ တွေ့တယ်။ ကျောထဲ စိမ့်ခနဲကနေ တစ်ကိုယ်လုံးသွေးကြောတွေထိ လှိုက်လှဲစေတဲ့ ကလောင်တံတွေ ရှိတယ်။


ဖိုးမှိုက်နဲ့..ဖွားရေတိုက် လို ဘ၀ထဲက အမောတွေ၊ ဒေါင်လိုက် ဖြတ်တိုက်သွားတဲ့ လေ လို အနုပညာနဲ့ မိသားစုဘ၀တွေ၊ သူမ ကောင်းကင်ယံထဲက ကျွန်တော့်ဆွံ့အ ကြယ် သူမကို အသစ်ပြန်စိုက်လိုက်တဲ့ သစ်ပင် နှင့် သက်တန့် အိပ်မက် တို့လို ချစ်ခြင်းဖွဲ့တွေ၊ အခိုးအငွေ့တံတား.. နှင့် ငါ့မျက်ရည်နဲ့ ကျစ်တဲ့ကြိုး တို့လို ရသပညာပေး ၀တ္ထုတိုတွေ ကိုလည်း ရေးခဲ့ပါတယ်။ ကျွန်တော် အကြိုက်ဆုံးကတော့ သေနေတဲ့ နာရီ ဆိုတဲ့ ၀တ္ထုတိုလေးပါ။ အကြိုက်ချင်းတော့ တူချင်မှ တူကြမှာ ဖြစ်ပေမဲ့ အဲ့ဒီ ၀တ္ထုတိုလေး ဖတ်တိုင်း မွန်းကျပ်တဲ့ လှောင်အိမ်တစ်ခုထဲမှာ လွတ်လပ်မှုကို ဆေးခြယ်ဖို့ ကြိုးစားနေတဲ့၊ အမှန်တရားတွေ ကို လှပရိုးစင်းတဲ့ နိမိတ်ပုံတွေနဲ့ ဖွဲ့ပြတယ်။ တစ်ချို့အရာတွေက ကျွန်တော်တို့ရဲ့လက်တစ်ကမ်းမှာ ရှိနေပေမဲ့ လက်လှမ်းလို့ မရတဲ့ တံတိုင်းတွေ၊ သံတိုင်တွေက ခြားနားထားသလိုမျိုးပေါ့။ လွတ်လပ်မှုကို တပင်တစ်ပန်း ဆုပ်ကိုင်ဖို့ ကြိုးစားနေရင်းက ကုန်သွားရတဲ့ နှမျောစရာ အချိန်တွေဟာ သေနေတဲ့ နာရီတွေလား။ အတွေး သိပ်များစေခဲ့တဲ့အတွက် ကြိုက်တာပါ။

“မအိန္ဒြာ”က ကဗျာတွေကို မြတ်နိုးတတ်ဟန် ရှိသလို ကဗျာဆရာတစ်ယောက် ဖြစ်ရတာကိုလဲ ကျေနပ်နှစ်သက်မှန်း သူ့ကဗျာတစ်ချို့မှာ သိနိုင်ပါတယ်။ နာမကျန်းခြင်း တေးသံ လို ကဗျာမျိုး တွေမှာပေါ့။


ကမ္ဘာဦးလေသန့်ကို ရှူရှိုက်ဖို့
သံသရာဆိုတာ ဘယ်လောက်ရှည်ကြာလိမ့်ဦးမလဲ
ပျက်ကို ပျက်ရမှာကတော့ သေချာတယ်။

ရေကြီးလွှမ်းလွှမ်း၊ မီးကြီးလောင်လောင်
ကမ္ဘာတစ်ခုပျက်လို့ နောက် ကမ္ဘာသစ်တည်ကြရင်
အဲဒီ့ကမ္ဘာကို ကဗျာဆရာတွေနဲ့ ပြန်စမယ်။

ကဗျာဆရာဆိုတာ စိတ်က လှမ်းလှမ်းခွပ်သမျှ
အနေအထိုင် မတတ်ပြတာလေးကလွဲလို့ ရိုးသားတယ်
ကဗျာဆရာတွေက ကိုယ့်နှလုံးသားကို ကိုယ်
ရဲရဲဝံ့ဝံ့ ဖွင့်လှစ်ပြ၀ံ့သူတွေလည်းဖြစ်တယ်
ကဗျာဆရာ့ ဥပဇာမှာ ဗြဟ္မစိုရ်တရားတွေထွန်းကားပြီး
ကဗျာရေးတဲ့လက်တွေဟာ ဘယ်တော့မှ စစ်မက်တွေကိုမရေးချယ်တတ်ဘူး
ကဗျာရေးခြင်းအတတ်မှာ High techမလိုသလို
ကဗျာရေးခြင်းစွမ်းရည်အတွက် လောင်စာဆီတွေမလိုဘူး

ကဗျာဆရာတွေက
အလေ့ကျပေါက်ပင်တွေ ဖြစ်ပေမယ့်
ဆေးဖက်တော့ဝင်တယ်
ကဗျာဆိုတာ ကဗျာဆရာတွေရဲ့ သစ္စာဓိဌာန်
အဲဒီ့ သစ္စာဓိဌာန်က ကမ္ဘာဦးတေးသံ ဖြစ်လိမ့်မယ်။

ကဲ... အကုသိုလ်တွေ ခဏအောင့်ရအောင်
ဘ၀ဆိုတာ
တနင်္လာဆန်ဆန် နှစ်ခါ ပြန်ရ ဖို့ မလွယ်ဘူးလေ..။

သင်က
မနေ့က၀င်သွားခဲ့တဲ့ နေမင်းကြီးပဲမဟုတ်လား..
ကျွန်ုပ်တို့ အပူငွေ့တွေလှုံပြီး
ရဲရဲတောက် ကျန်းမာနေတဲ့ပုံ။ ။



အိန္ဒြာ
( ပိတောက်ပွင့်သစ်မဂ္ဂဇင်း)



မ“အိန္ဒြာ”ရဲ့ ကဗျာလေးတွေကို ပြန်တူးဆွကြည့်တော့ ကျွန်တော် ကြိုက်တဲ့ ကဗျာတွေ အတော်များများကို တွေ့ရပါတယ်။ “စနေ အနီ လို ကဗျာမျိုးမှာပေါ့။ တိုက်ပွဲဝင်လိုတဲ့ ရဲရင့်ရင့် သွေးတွေ...

စနေ အနီ

အနီတွေ ရင့်နေအောင် ရွာတယ်........

ဖျတ်ခနဲ--
မျက်တောင်တစ်ချက် ခတ်လိုက်မိတယ် ဆိုရုံလေး
ခြေလှမ်းတိုင်းရဲ့ မျက်နှာစာဟာ
သတ် ကွင်း လုံး လုံး ဖြစ် ခဲ့ ပေါ့။

ခိုဖြူတွေ လန့် ပြီးထပျံတယ်။
အမေတွေရဲ့ အသည်းနှလုံးအစုံစုံ ကျကွဲတယ်။
ကမ္ဘာမြေ က မျက်နှာလွှဲလိုက်တယ်။
ကောင်းကင်က သည်းကနဲ ငိုချတယ်။

တစ်ချက်ကလေး တို့ထိလိုက်မယ့် လက်ညှိုးသေးသေးမှာ
ဘယ်လိုအာဃာတတွေ
ပွားစီးနေခဲ့လည်း.................?????.

အနီတွေ........
အနီရောင်တွေ....၊
အဲဒီ့ စနေရဲ့ ကောင်းကင်ကို ခွစီးထားတဲ့ အနီတွေ...........

ရက်ရက်စက်စက်
တကယ့်
အဖြူသက်သက်တွေပေါ်ကိုမှ
သွန်ချတယ်။ ။

အိန္ဒြာ(၇.၅.၂၀၀၅)


ကောင်လေး တူး နေတဲ့ နေ့ လို မိခင်မေတ္တာဖွဲ့ ကဗျာလေးတွေ


ဘယ်တော့မှ မတိမ်ကောဘူး
ကျွန်တော်က.... ကျေကျေနပ်နပ်..စီးဆင်းနေတဲ့ ချောင်းကလေး...။

ကျွန်တော့်..တစ်ကိုယ်ရည်ပွဲတော်ကို ..ကျွန်တော်ပြင်ဆင်
ကျွန်တော့်..ယဉ်ကျေးမှုကို ..ကျွန်တော်ထုတ်ပိုးပြီး
ကျွန်တော့်မေမေကို ..ကျွန်တော်လက်ဆောင်ပေးချင်တယ်။

အဲဒီ့နေ့မှာ
ကျွန်တော့် ကောင်းကင် ..ဘာ .ရောင်ဆောင်..ထား..ထား..
ကျွန်တော့်မေမေကတော့... ပြာလွင်နေမှာ..သေချာပေါ့။

ကျွန်တော်က..ကျွန်တော့် အားနည်းချက်နံရံလေးထဲမှာ
သေသေ၀ပ်ဝပ်...နွေးထွေးခဲ့သူပါ
မေမေ.....!!!
ကောင်းကင်က..ကြယ်တွေ..ကြွေတာ..တွေ့တိုင်း..
တင်းတင်းဆုတ်ထားတဲ့..လက်ဖ၀ါးနှစ်ဖက်နဲ့
သား... ဘာတွေ..ဆုတောင်းတတ်ခဲ့လဲ.....သိလား..?

ကျွန်တော့် ခန္တာကိုယ်ထဲမှာ
တဒီးဒီး...လှည့်ပတ်နေကြတဲ့
သွေးမျိုးဆက်တွေအတွက် ..ကျေးဇူးတင်လိုက်တာ....
အဲဒီ့နေ့.....
မေမေ့...သားချော့တေးချင်းရဲ့
နောက်ခံတီးလုံးလေးက ..ကျွန်တော်ပဲပေါ့.....။

ကျွန်တော်..့ကိုယ်..ကျွန်တော်..တူးဆွ
ကျွန်တော့်..ကိုယ် ..ကျွန်တော်..ကျင်ယူခဲ့သမျှ
ကျွန်တော့်..အိမ်မက်တွေ ..အောင်တဲ့နေ့...

အဲဒီ့နေ့မှာ....
ကျွန်တော်ဟာ .....ကဗျာတစ်ပုဒ်ဖြစ်ကြောင်း...
အလှပဆုံး..ရွတ်သီပေးပါ...မေမေရယ်.....။ ။

အိန္ဒြာ


( ကဗျာဆရာမ မအိရဲ့သား...၊ ကဗျာဆရာညိုနွယ်ထွန်းရဲ့ မွေးနေ့အမှတ်တရ ကဗျာစာအုပ်လေးမှာ.
.လက်ဆောင်အဖြစ် ရေးဖွဲ့ပေးခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ပါ.။)

နောက်ပြီး အရှိမဲ့မေတ္ထာတော် လို ကဗျာလေးတွေ။ ဒီကဗျာကတော့ ဘာကြောင့်ရေးခဲ့သလဲ ဆိုတာလေးပါ သိရရင် ပိုပြီး ဖတ်လို့ ကောင်းမယ် ထင်တဲ့အတွက် မူရင်း အတိုင်း ဖော်ပြပေးချင်ပါတယ်။





ဒီဇင်ဘာ(၁)ရက်နေ့လေးက ကမ္ဘာ့AIDSနေ့ဖြစ်တဲ့အတွက် ကိုယ်တတ်နိုင်သ လောက်လေးနဲ့ အားဖြည့်ပါဝင်ချင် မိပါတယ်။ မြန်မာပြည်မှာ HIVကူးစက်ခံ မိဘမဲ့ကလေးငယ်များအတွက် သုခရိပ်မြုံဆိုတဲ့ ဂေဟာလေးတစ်ခုကို ဒဂုံမြို့ သစ်အရှေ့ပိုင်း တပင်ရွှေထီးလမ်းမှာ ဖွင့်လှစ်ထားခဲ့ပြီး အဲဒီ့ရိပ်မြုံလေးအတွက် အဖြူရောင်သက်တန့်ဆိုတဲ့ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ အနုပညာရှင်တွေ ပါဝင်တဲ့အဖွဲ့လေးက ကဗျာရွတ်ပွဲလေးတွေ ပြုလုပ်ပြီး အလှူခံငွေ ကောက်ခံ ပေးခဲ့ကြပါတယ်.။ အဖြူရောင်သက်တန့်အဖွဲ့လေး ဘယ်လိုတွေဆောင်ရွက်ခဲ့သလဲ..၊ ဘာတွေပြုလုပ် ခဲ့ကြသလဲ ဆိုတာကိုတော့ အခုပေးထားတဲ့ link လေးက တဆင့်ဝင်ရောက်ပြီး ကရုဏာတွေသက်..၊ မုဒိတာပွား..သာဓုတွေခေါ်နိုင်ပြီး သဒ္ဒါပေါက်ခဲ့ရင် ကုသိုလ်ပါဝင်နိုင်ကြပါတယ်လို့လဲ.. တိုက်တွန်း နှိုးဆော်လိုက်ပါ တယ်။

အနာတရတွေနဲ့ ကျန်ရစ်မဲ့ သူတို့ရဲ့ရင်သွေးငယ်လေးတွေကို ထားရစ်ပြီး တမလွန်ကို ထွက်ခွာသွားရမယ့် အမေ တွေရဲ့ခံစားချက်ကို ရေးဖွဲ့ထားတဲ့ ကဗျာလေးဖြစ်ပါတယ်လို့ အစချီပြီး ၂၀၀၇ခုနှစ် ဇွန်လ၆ ရက်နေ့ နေ့လည် တစ်နာရီခွဲ အချိန်မှာ ဆရာစံလမ်းရှိ Mr.Guitar Cafe တွင် ကျင်းပခဲ့တဲ့ အဖြူရောင်သက်တံ ကဗျာရွတ်ဆိုပွဲ
( White Rainbow Poetry Performace ) မှာရွတ်ဆိုခဲ့တဲ့.. ကဗျာလေးဖြစ်ပါတယ်။

“အရှိမဲ့မေတ္ထာတော်”

ငါတို့ သွေးသားတွေကိုတောင်
ကမ္ဘာမြေက လက်မခံနိုင်တော့ဘူး
ဒီပြစ်မှုကို ဘယ်လိုစီရင်ကြသလဲ သိချင်တယ်...

ကျေးလက်စားကျက်ကွင်းတွေမှာ
နွားတစ်ရှဉ်းနဲ့ ထယ်တစ်စင်းနဲ့
သူ့လက်ဖျံပေါ်မှာ.. အမြတ်နိုးဆုံးနှင်းနဲ့
သူ့ဘေးနားမှာ အိမ်ရှင်ချစ်သူမလေးနဲ့
ယာသမားလေး ရိုးသားအေးဆေးရှာခဲ့တာ
သူ့ဘ၀မှာ.. ဆန်းကျယ်တာဆိုလို့
ချစ်သူ့နာမည်ကို အရေပြားပေါ် ဆေးဆိုးခဲ့တာပဲရှိတယ်တဲ့..။

ဟော့ဒီမှာ
အနန္တငါးပါးကို.. ညွှတ်တွား ကိုးကွယ်ခဲ့တဲ့လက်
ခင်ပွန်းသည်ကို ယုယတွဲကူခဲ့တဲ့လက်
ရင်သွေးငယ်လေးကို ပိုက်ထွေးချော့မြှူခဲ့တဲ့လက်
သနပ်ခါးနံ့တွေနဲ့ချည်း မွှေးပျံ့သင်းကြူခဲ့တဲ့လက်
အဲဒီ့လက်မှာ
ဝဋ်နာကံနာတွေ ဗရပွ
ဘယ်ကစဘယ်မှာဆုံးမယ်မှန်း မသိတဲ့ သံသရာအမှောင်ထဲ
နာကျင်ကြေကွဲခြင်းတွေနဲ့ချည်း.. ခရီးဆက်..။

ဘယ်လိုလော်လီမှုမျိုးမှ မစွက်ဖက်
ဝိဘက်ကြမ္မာ ချည်းသက်သက်ဘဝ
တော်လဲ.. ကျီးပြို..
တိမ်မည်းညိုတွေ အဆုတ်လိုက်အဆုတ်လိုက်..
နှင်းခါးရိုက်တဲ့ညမှာမှ
ဟောဒီ့သားလေးကို.. ဆွဲခေါ်မိခဲ့တော့...

သွေးရူးသွေးတမ်းဆန်ဆန်
အရာရာကိုတောင်းပန်...
နောက်အရာရာကို လက်လျော့..
အဖြူသက်သက်ဘ၀တွေထက်
ဆေးအနက်တွေ ကျဲပက်လိုက်သလိုမျိုး
ကံကြမ္မာဆိုတာ.. တောင်းပန်တိုးလျိုးလို့မရတဲ့
လက်မရွံ့အာဏာသားတဲ့ကွယ်..။

အတိတ်တွေကို ပြန်လှည့်မကြည့်ဝံ့ဘူး
အနာဂါတ်ကို လှမ်းမျှော်မကြည့်ဝံ့ဘူး..
ဝေဒနာနဲ့ငါ...
ပစ္စပ္ပုန်တည့်တည့်မှာပဲ စီးချင်းထိုးကြတဲ့ပွဲပေါ့
အံခဲ.. ဇွဲသံ...
အားမတန်သော်မှ လျော့လို့မရတဲ့ မာန်တွေနဲ့
ဒီလူမမယ်ကလေးလေးအတွက် ကြောင့်ကြ
အမေ....ဆိုတဲ့ရင်ဝမှာ...
မီးကျီး မီးခဲလို ပူလှပေါ့..။

သားရေ..
မင်းကိုပွတ်မွှေးထားတဲ့ လေပြည်မှာ
မေမေ့သောကတွေနဲ့များ ပူလောင်နေခဲ့သေးလားကွယ်...

အခု.. သားလေးရဲ ပြတင်းဝက..
အရောင်လှလှလိပ်ပြာလေးက မေမေပေါ့
သားလေးကိုလှုံထွေးထားတဲ့ နေခြည်နွေးနွေးဟာလဲ.. မေမေပေါ့..
သားလေးမက်နေဆဲ မသဲမကွဲအိပ်မက်တွေထဲမှာ
သားလေးကိုချီပိုး..
သားလေးကိုချော့မြှူ
သားလေးကိုနမ်းမွှေး
သားလေးကို ပိုက်ထွေးထားရင်း
သီလက်စသားချော့တေးတွေ တစ်ဝက်တစ်ပျက်
ဘယ်သုဂတိဘုံကိုမှ... ခရီးမဆက်နိုင်ပဲ
နှလုံးသားကွဲအက်နေတဲ့ တစ္ဆေ...
မေမေလေ....။

အပြစ်လုံးလုံးမရှိပေမယ့်
အပြစ်ဒဏ်ဆိုတာ ရှိတတ်တဲ့လောကမှာ
နာကျည်းခါးသီးစရာတွေကို.. မသိ
ရှက်ရွံ့သိမ်ငယ်စရာဆိုတာကို.. မသိ
တုန်လှုပ်ကြောက်လန့်စရာဆိုတာလည်း.. မသိ
ကိုယ့်အနာတရကိုတောင်မှ.. ကိုယ်မသိ
ဘာဆိုဘာမှမသိတဲ့
ပကတိဖြူစင်ရွှင်လန်း.. ကျမ်းမာသန်စွမ်းဆဲ.. သားလေး.....

အားတင်းထား သားရေ.....
ဟောဒီ့ အဖြူရောင်သက်တန့်ကြီးရဲ့နောက်..
ကိုယ်ယောင်ဖျောက်ထားတဲ့..မေမေ
မင်း....ဘယ်တော့မှ..
မ တွေ့ ချင် လေ နဲ့..။ ။

အိန္ဒြာ

နောက်တော့ ကျွန်တော် ကြိုက်တဲ့ အချစ်ကဗျာလေးတွေထဲက အောက်ချင်း စကား ဆိုတဲ့ ကဗျာလေး


အောက်ချင်း စကား

အတောင်ပံအစုံကို ရုပ်ပြီး
မြေပြင်နဲ့ ပစ်ဆောင့်လိုက်သလိုမျိုး
င့ါရဲ့ ကျဆုံးခြင်းက
အထိနာပေမယ့် ခမ်းနားနေခဲ့တယ်။

ဒါဟာ မိုက်ရူးရဲဆန်တာမဟုတ်ဘူး
သစ္စာတရားကို သွေးနဲ့ ရေးချယ်ပြလိုက်တာ
ဒါဟာ ရူးသွပ်မှုမဟုတ်ဘူး
ချစ်ခြင်းမေတ္တာအတွက်
အရက်စက်ဆုံး သက်သေတည်လိုက်တာ။

ကောင်းကင်ဆီထိုးပျံလိုက်တဲ့
တောင်ပံဖျားက ဗျာပါရတွေက အစ
မြေပြင်ဆီ လှမ်းမျှော်ကြည့်လိုက်တဲ့
မျက်ဝန်းအစုံက မျက်ရည်ပူတွေ အလယ်
လေထုထဲ ပဲ့တင်ရိုက်သွားတဲ့
နှုတ်သီးဝက ရင်ကွဲနာသံ အဆုံး
အားလုံးဟာ တည်ငြိမ် ရဲရင့် နေခဲ့တယ်။

ဒါ ...ဆုံးဖြတ်ချက်
ဒါ ...ကလဲ့စား
ဒါ ...အမှန်တရား
ဒါ ...ထွက်ပေါက်
ဒါဟာ... လွတ်မြောက်မှု

အဲဒီနေရာမှာ....
ဓါးတစ်လက်နဲ့ တရိရိ မွှန်းဖြတ်နေသလိုမျိုး
ဘ၀တိုင်း နာကျဉ်နေရမယ့်
နောင်တတရားတွေကို အပင်ပေါက်စေရမယ်။
အဲဒီနေရာမှာ....
ကိုယ့်မျက်နှာကိုယ်ပြန်မကြည့်ရဲလောက်အောင်
ကိုယ့် လိပ်ပြာ ကိုယ် ပြန်ပြန်လန့်စေမယ့်
ကိုယ်ကျင့်သိက္ခာဆိုတာကို မော်ကွန်းထူထားပစ်ခဲ့မယ်။
အဲဒီနေရာမှာ....
နှောင်ဖွဲ့ချိုမြိန်မှုတွေရဲ့
အနှစ်သာရ စစ်စစ်ကို သံခိတ်ရေးပြီး ချန်ရစ်မယ်။

အဲဒီနေရာမှာ....ပေါ့
သေခြင်းတရားဆိုတာ
ထင်တာထက် ပေါ့ပါး နေခဲ့တာ။ ။

အိန္ဒြာ
(အလင်္ကာဝတ်ရည်ဂျာနယ်)


ဖုန်းထဲကနေ "မောင့်" ကို ခဏခဏ ရွတ်ပြမိတဲ့ကဗျာလေးပါ..။ တဲ့.......... ;-)


(အဲ့ဒီလိုလဲ ကဗျာအောက်မှာ ကြော်ပြာက ၀င်တတ်လေသေးတယ်။ ;-P ထပ် ကြော်ပြာပေးလိုက်ပီ။)


အလိုလေးလေး၊ ကြိုက်တာလေးတွေ ပြန်ဖတ်လိုက်၊ တင်လိုက် လုပ်နေတာနဲ့ ပို့စ်က တော်တော် ၇ှည်နေပါရောလား။ လာလည်တဲ့ မိတ်ဆွေတွေလဲ မျက်စိပဲ မူးသွားမလား။ စုစည်းတင်ပြထားတဲ့ စာတွေကို ဖတ်ပြီး ကျေနပ်ကြမလားတော့ မသိပါဘူးဗျာ။ ကဗျာဆရာမ အိန္ဒြာ” ကတော့ သူ့ဘလော့လေး တစ်နှစ်ပြည့်မှာ ခုလို သူ့စာလေးတွေ အမှတ်တရ တင်ပေးတဲ့ အတွက် ကျေနပ်နိုင်မယ် ထင်ပါတယ်။


ဘလော့လေး တစ်နှစ်ပြည့်မှသည် နှစ်ပေါင်းများစွာ အိန္ဒြာ” ဆိုတဲ့ ကဗျာ ကလောင်တံကို မြဲမြဲ စွဲကိုင်ရင်း ကြယ်တစ်ပွင့်လို လင်းလက် တောက်ပပါစေ။ နောက်ပြီး.........

ဆန္ဒအတ္တတွေ..လှိုင်းတံပိုးထန်တဲ့မြစ်ထဲမှာ
အကြိမ်ကြိမ် ရေချိုးမှားခဲ့သူ
ကဗျာတွေသွေးလိုစီးနေတဲ့..ခန္တာ..ပါးပါးနဲ့
ဘယ်တော့မှ..ယုံကြည်ချက်ကမ်းပါးကို..မဆိုက်ကပ်ရဲတဲ့
လှေတစ်စင်းလို..လူပေါ့လေ..


အဲဒီလို လှေကလေးက ဘယ်သောင်ကမ်းပါးမှာမှ မဆိုက်ကပ် မရပ်နားပဲ အချစ်နဲ့.နှင်တဲ့.ခရီး ကို ရွက်လွှင့်နေရင်း လာမဲ့ နိုဝင်ဘာ ၂၆ ရက်နေ့မှာ ဆယ့်ခုနှစ်နှစ် တင်းတင်းပြည့်မဲ့ ကဗျာဆရာမနဲ့ ချစ်သူ “မောင်” တို့ သက်ဆုံးတိုင် ချစ်ခင်ကြင်နာနိုင်ကြပါစေ၊ အမြန်ဆုံး ပြန်လည်ဆုံဆည်းကြပါစေ လို့..... ဆန္ဒပြုရင်း .................

( ကဗျာဆရာမရေ၊ ဖွထည့်လိုက်ပီနော်။ :-P )



မေတ္တာဖြင့်
မိုးကုတ်သား

10 comments:

Sein Lyan Tun said...

မမ ရေးးးးးး



တစ်နှစ်ပြည့်မှာ တစ်ယူပြီး

ဆုတောင်းပေးပါတယ်...


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Sein Lyan Tun said...

မမ တစ်နှစ်ပြည့်ဘလော့ကနေ နှစ်တရာတိုင် ကဗျာတွေ စာတွေဆက်ရေးရင်း ပျော်ရွင်နိုင်ပါစေ..

ကဗျာတွေ အစဉ်တည်တံ့ပါစေ...


ချစ်ခင်လေးစားစွာဖြင့်

မျောက်မျောက်

အိန္ဒြာ said...

မိုးကုတ်သားရေ...

တကယ်ကြီးပါလား

လာဖတ်တဲ့သူတွေ စိတ်ညစ်တော့မှာပဲ...။း)

အခုလိုကိုယ်ရေးတဲ့စာတွေကိုသေသေချာချာဖတ်တဲ့ ပရိတ်သတ်ရှိနေတာအတွက် ဂုဏ်ယူမိပါတယ်.ကြည်နူးကျေနပ်မိပါတယ်..။

အမှတ်ရအဖြစ်ပိုစ့်တင်ပေးတာကလည်း..တန်ဖိုးမဖြတ်နိုင်တဲ့လက်ဆောင်ပါပဲ...
(ဖွတာလေးကလွဲလို့ပေါ့နော်..)

မိုးကုတ်သားရေ
ကျေးဇူတင်တဲ့အကြောင်း စကားလုံးရှာရရင်လာပြောမယ်..သိလား..

ချစ်ခင်ရင်းနှီးစွာ

Lucifer said...

ကဗျာလေးတွေက ဖတ်လို့ကောင်းပါတယ်
မမီးဖတ်နေတာတော်တော်ကြာသွားတယ်..
အမှတ်တရလေးတွေပေါ့နော်..
နောင်တစ်ချိန်လဲးပြန်သတိရနိုင်တဲ့ အရာလေးတွေပါ

MANORHARY said...

ကဗျာတွေ
ကဗျာတွေ
စကားလုံးနဲ့တည်ဆောက်ထုဆစ်ထားနဲ့
နှလုံးသွေးကဗျာတွေ ...
စီးဆင်းသွားရာတလျှောက် သင်ရှာဖွေတဲ့အခါ
ကဗျာဆရာ(မ)ကိုသင်တွေ့ရလိမ့်မယ်..
နှစ်အဆက်ဆက် ခေတ်အဆက်ဆက်
စီးဆင်းစေ တည်မြဲစေ ...

မယ့်ကိုး said...

အစ်ကိုက မမရဲ့ ကဗျာကောင်းတွေ တင်သွားပေးတယ်ဆိုပေမယ့် မယ့်အကြိုက်ဆုံးကဗျာတစ်ပုဒ်ကျန်ခဲ့လို့ ထပ်ဖြည့်ပါရစေ...=)


“ စိတ် ကစားတဲ့ကွင်း ”


တကယ်ဆို
ဖိုသတ္တ၀ါရဲ့ နံရိုးလောက်ပါပဲ..

ဒီ ဘ၀မှာတော့..
နေ့စဉ်လှုံလှုံနေရတဲ့ ခရမ်းလွန်ရောင်ခြည်နဲ့
တဖြည်းဖြည်း ကျွတ်ဆတ်လာတဲ့ မိန်းမ တစ်ယောက်အဖြစ် တည်နေခဲ့..။

သင်ရော..
ကံကံ၏ အကျိုးဆိုတာကိုယုံကြည်လား..
သင့်ကိုယ်သင်
တစ်ထစ်ချင်းနင်းပြီး
ဆင်းကြည့်ဖူးသလား..
သင်လွန်ကျူးမိသမျှ
အမှားယွင်း အကျအပေါက်တွေကို..
စနစ်တကျ စာရင်းပြုစုကြည့်ဖူးလား...

ကိုယ့်ကိုယ်ကို
ကာကွယ် ထုချေ ဖြေရှုင်းနိုင်သေးသ၍
သိပ်မဆိုးသေးဘူးလို့
ကျွန်မတို့
ယုံ ကြည် ပေါ့ ပါး လိုက်ရအောင်...

အဲဒီလိုမျိုး...
တစ်ဘ၀လုံးလုံး...
စိတ်က ကိုယ့် ကို
စိတ်ရှိသလို ကစားပစ်ခဲ့တာ..။ ။

အိန္ဒြာ
(၅.၇.၂၀၀၉)

ချစ်မလေးရေ....ထပ်မံဆုမွန်ခြွေပါရစေ။
နှလုံးသားလှတဲ့ မမစိုက်ခဲ့တဲ့ တင့်တယ်လှပလွန်းတဲ့ အနုပညာပန်းတွေဟာ ထာဝစဉ်ထာဝရမွှေးပျံနေမယ် ဆိုတာ အမြဲယုံပါတယ်။

ကိုရင်နော်ခင်လေးငယ် said...

မအိန္ဒြာ မှတဆင့် ကောက်ရခဲ့တဲ့ ညီငယ် မိုးကုတ်သားကိုလည်း မဟားဒယားကို ခင်ပါတယ်..း)

ချစ်ခင်စွာဖြင့်
ကိုဂျိုး

မြစ်ကျိုးအင်း said...

ချစ်ကိုရေ ကဗျာလေးတွေ တမေ့တမော ဖတ်မိတယ်

ရင်ထဲထိရောက်တဲ့ စာတွေ ကဗျာတွေအတွက် ဖတ်ရတဲ့ အချိန်ကာလ ကြာမြင့်မှုဆိုတာမရှိပါဘူး။

ကျနော်တို့တွေပဲ ရင်ဘတ်ချင်းတူတာလား ကဗျာဆရာမ ကပဲ ရင်ထဲထိမြင်အောင်ရေးတာလား

မကြိုက်တဲ့ ကဗျာတပုဒ်တောင် ရှာမရခဲ့ဘူး

မအိန္ဒြာ ရဲ့ ဘလော့သက်တမ်း တနှစ်ပြည့်ကနေ နောက်ထပ်နှစ်ပေါင်းများစွာ စာဖတ်သူတွေအတွက် ဒီလို ရသ စာလေးတွေ ထပ်ပေးဆပ်နိင်ပါစေဗျာ...။

ဘလော့လောကမှာ ဒီလို သပ်သပ်ရပ်ရပ် လေးရေးတဲ့ ဘလော့တွေ များစွာ ပေါ်ထွန်းစေချင်ပါတယ်။
ဒါကျနော် ဆုပ်ကိုင်ထားတဲ့ ခံယူချက်ပါပဲ။

တခါတလေ အမြင်လွဲနိင်တာတွေ ရှိနိင်ပါတယ် ကျနော့်စိတ်အာရုံထဲမှာ စာဖတ်သူတွေအတွက်ဆိုတဲ့ အတွေးပဲ ရှိနေခဲ့လို့ပါ။

Orange Chit Thu said...

ကိုဘိုရေ....
ဟိုတစ်ခါ "ဝတ်လစ်စလစ်ရေးတဲ့စာ" ကတည်းကမန့်မလို့ဟာ...ခုမှ ပေါင်းပြီးမန့်လိုက်ပြီ။
ကိုဘိုက...ဆရာမရဲ့ အမာခံပရိတ်သတ်ပဲ....ကဗျာတွေက ရင်ဘတ်နဲ့ရေးထားမှန်း သိသာလွန်းလှပါတယ်။
အပေါ်က Blogger ရဲ့ Comment လို "ဘလော့လောကမှာ ဒီလို သပ်သပ်ရပ်ရပ် လေးရေးတဲ့ ဘလော့တွေ များစွာ ပေါ်ထွန်းစေချင်ပါတယ်။" ဟုတ်ပါတယ်။ အဲ့ဒီ့လိုဆန္ဒမျိုး စာဖတ်သူတွေမှာလဲ ရှိပါတယ်။ အကြောင်းအရာ တူတူပေမဲ့ ရေးဟန်ကွဲတော့ အသွေးအရောင်လဲ ကွဲသွားရော။ အသံတွေလဲ မတူတော့ဘူး။ ဒါပေမယ့်စေတနာ ပါမပါကိုတော့ စာဖတ်သူတွေလဲ ခံစားလို့ရပါတယ်။
စာဖတ်သူတွေကို ဂရုမစိုက်ဖူးဆိုလဲ ရတာပါပဲ (ဒါကလဲစာရေးသူရဲ့ လွတ်လပ်ခွင့်ပါပဲ)။ စာဖတ်သူဘက်ကလဲ အလကားရတဲ့ Blogspot မှာ အလကား ဝင်ဖတ်နေတာမျိုး မဟုတ်ပဲ တကယ်ခံစားပြီးဖတ်တယ်....တကယ်ခံစားပြီး Comment ရေးတဲ့ လူတွေ အများကြီးရှိပါတယ် လို့ပဲပြောပြချင်တာပါ။
တစ်ချို့စာရေးကောင်း တဲ့လူတွေ...မြင်ကွင်းလေးတစ်ခုကိုဝတ္တုတိုတစ်ပုဒ် / ကဗျာတစ်ပုဒ် ဖန်တီးနိုင်ကျတယ်။ တစ်ချို့ (သူ့ဟာသူဖတ်ရင် ရပါရက်နဲ့) ဘာသာပြန်တယ် Blog ပေါ်တင်ပေးတယ်....ကောင်းတာတွေကို မျှဝေပေးတယ်။ တစ်ချို့ တစ်ပင်တစ်ပန်းရိုက်ထားတဲ့ ဓါတ်ပုံလေးတွေကို ပိုက်ဆံမရတဲ့ Blog မှာအနုပညာ မျှဝေပေးတယ်။ အစုံပါပဲ....ပြောချင်တာက စာဖတ်သူက ရပါတယ်...စာရေးသူ ပေးတာတွေ ရပါတယ်။ အဲဒီလို စာရေးသူ တွေကိုလဲ Appreciate လုပ်ပါတယ်။
ကိုဘိုရဲ့..."ဝတ်လစ်စလစ်ရေးတဲ့စာ" ကပြင်းသွားလို့ကိုဘိုလို့တောင်မထင်ရဘူး :)....ဒါပေမယ့်အဲဒီထဲမှာ စေတနာတွေ တော့ပါတယ်လေ။ "ပန်းဥယျာဉ်လေးများ" ကတော့ ကိုဘိုအစစ်ပြန်ဖြစ်သွားတာ...:P။
အော်....မန့်တာရှည်တောင်သွားပြီ။ Post သုံးခုစာမန့်သွားတယ်လို့ သဘောထားလိုက်ပါနော်။
တော်ကြာ...လူအမြင်ကတ် သွားမှာလဲစိုးတယ်။ စာဖတ်သူရဲ့ Feeling ကို ပြောပြချင်ရုံ သက်သက်ပါနော်။

မငုံ said...

ကဗျာလေး အားလုံး ကြိုက်တယ်။ မအိန္ဒြာရဲ့ ဘလော့ဂ်တနှစ်ပြည့်လေးမှ ပိုပြီး ကဗျာပေါင်းများစွား ဆက်လက်ရေးသားပါဦးလို့။