Wednesday, November 18, 2009

ရနံ့စိမ်း



ရနံ့စိမ်း


မြတ်နိုးအမှတ်တရ ရှိမှုတွေမှာ အမည်သညာ သတ်မှတ်စရာ မလိုအပ်ကြောင်း ကျွန်တော် သဘော ပေါက်ခဲ့အောင် သင်ကြားပေးခဲ့တာ သစ်ပင်တစ်ပင် ဖြစ်နေခဲ့မည် ဆိုပါက မိတ်ဆွေတို့ အံ့ဩကြမည် ထင်ပါသည်။

ထိုနေ့ ညနေခင်းက မိုးတွေ သည်းသည်းထန်ထန် ရွာနေခဲ့သည်။ အလုပ်က အပြန် ဘတ်စ်ကားပေါ်တက်ရင်း ညနေခင်း ဘယ်မှ မသွားတော့ပဲ ကော်ဖီတစ်ခွက်နှင့် စာတစ်အုပ်ကို ဖတ်ဖို့ စိတ်ကူးကာ အိမ်တန်းပြန်ဖို့ ဆုံးဖြတ်လိုက်သည်။
ဘတ်စ်ကား မှန်မှတဆင့် သည်းကြီးမဲကြီး ၇ွာနေသော မိုးကောင်းကင်ကြီးကို ငေးမော ကြည့်ရင်း၊ တစ်ချက်တစ်ချက် ၀င်းပသွားတတ်သော တိမ်ညိုမဲမဲများကြားမှ လျှပ်ရောင်တန်းများ၏ အလှကို ခံစားရင်း တစ်နာရီမျှ ကြာအောင် စီးရသော ခရီးစဉ်က ဘယ်သို့ ကုန်သွားသည်မသိ။ ကျွန်တော် ဆင်းရမည့် မှတ်တိုင်ရောက်မှ လူက စီးလာသော နှစ်ထပ်ကား၏ အပေါ်ထပ်မှာ ရောက်နေတော့ အပြေးအလွှား ဆင်းရတော့သည်။
ဘတ်စ်ကားပေါ်ကဆင်းဆင်းခြင်း မိုးမှုန်တွေ သယ်လာသော လေနှင့်အတူ ကျွန်တော် ဖြတ်ခနဲ သတိထားမိသည်က မွှေးရနံ့ တစ်ခု။ ရနံ့ သင်းသလောက် ပြင်းရှ ချိုအီသော ထို မွှေးရနံ့ လာရာကို ဝေ့၀ဲကာ ကျွန်တော် ရှာမိတော့ ဘယ်က လာမှန်း ကျွန်တော် မသိပါ။ ဒီ ဘတ်စ်ကားဂိတ် အနီးအနားမှာ ဘာပန်းပင်ကိုမှလဲ ကျွန်တော် မတွေ့မိ။ သတိများ မထားမိလို့လား။ ဘတ်စ်ကားဂိတ် အမိုးအောက်မှာ ခဏ နားခိုရင်း မွှေးမြလှသော ပန်းရနံ့၏ ဖြစ်တည်ရာ အရပ်ကို ကျွန်တော် ရှာဖွေကြည့်မိသော်လည်း မတွေ့ပါ။ အိုး ဒီတစ်လမ်းလုံးကို ထို မွှေးရနံ့က လွှမ်းခြုံထားပါလား။ ဘတ်စ်ကားဂိတ်မှ လူအများကတော့ ထို ပန်းရနံ့ကို သတိမျှပင် ထားမိကြပုံ မရပါ။ အားလုံးကိုယ်စီ၏ မျက်နှာမှာ သည်းမည်းနေသော မိုး အပေါ် စိတ်ပျက်မှုများ၊ အိမ်ပြန်ချင်စိတ် စောနေမှုများသာ ဆင်မြန်းထားကြ၏။
ကျွန်တော်လဲ မထူးပါ။ မွှေးမြသော ပန်းရနံ့ကို ဆက်ကာ ရှုရှိုက်ချင်သော်လည်း သံစုံ မြည်နေသော ဗိုက်ကို ဖြည့်တင်းဖို့ အိမ်ပြန်ရောက်မှ ဖြစ်မည်လေ။ သည်းနေသောမိုးကိုလဲ စဲအောင် မစောင့်ချင်။ အိမ်နှင့်ဆက်ထားသော အမိုးရှိသည့် လူလျှောက်လမ်းလေးကနေ တကွေ့ကြီး ပတ်သွားရမှာ ကလည်း ပျင်းသေးသည်။ ဒီတော့ ကားဂိတ်မှ ဟိုတဘက် လမ်းသွယ်လေးကို ကူးလိုက်ရုံမျှနှင့် အိမ်ဘက်ကို ရောက်သွားနိုင်သည့် သွားနေကျ ပလက်ဖောင်းလမ်းအတိုင်း ပြေးရုံပေါ့။
သည်းထန်နေသော မိုးရေထဲ ပြေးထွက်လိုက်သည် နှင့် မွှေးရနံ့က ပိုပြီး ပြင်းရှလို့လာသည်။ ဘတ်စ်ကားဂိတ်မှ လှေကားထစ် လေးတွေပေါ်က ပြေးဆင်းလာပြီး လူလျှောက်ပလက်ဖောင်းပေါ် အရောက်မှာ နင်းမိနေကျ ပလက်ဖောင်း၏ အမာသားကို ထိတွေ့မခံစားရ။ နူးညံ့သော အထိအတွေ့က ဖိနပ်တွေမှတဆင့် ကျွန်တော့် ခြေဖ၀ါးသို့ စီးဝင်လာသည်။ ပြီးနောက် မွှေးရနံ့တွေက ထိုခြေဖ၀ါး အထိမှသည် တကိုယ်လုံး ပျံ့နှံ့ စိမ့်ဝင်သွားလေသည်လား။ မိုးရေထဲမှာ ပြေးလွှားရင်းက အောက်ကို ငုံ့ကြည့်မိတော့ ဘုရားရေ။ ကျွန်တော်ခြေစုံ ရပ်လိုက်မိသည်။ ကျွန်တော်ဖိနင်း ပြေးလွှားရာ ပလက်ဖောင်းအပြည့်ကို ပန်းပွင့်ကြွေလေးတွေ အပြည့် ဖုံးလွှမ်းလို့ပါလား။ ကျွန်တော် ရှာဖွေနေခဲ့မိသော မွှေးရနံ့တွေကလည်း ထိုပန်းကြွေလေးတွေ ဆီကပါလား။ ဒီပန်းလေးတွေ ကြွေကျလာရာက ကျွန်တော့် ခေါင်းထိပ် တည့်တည့်က အပင်ကြီးဆီကပဲ။ ကပျာကရာ မော့ကြည့်မိတော့ သည်းထန်လှသော မိုးစက်မှုန်တွေကြားမှာ သစ်ပင်ကြီးကို ၀ိုးတ၀ါးသာ ကျွန်တော့် မျက်စိထဲ မြင်ရလေသည်။ ကြည့်စမ်းပါအုံး။ ဒီလောက်ကြီးမားတဲ့ သစ်ပင်ကြီးက လက်သန်း၏ လက်သည်းခွံလောက်ပင် မရှိသော ပန်းပွင့်သေးသေးလေးတွေ ပွင့်သတဲ့။ ပြီးတော့ ထို ပန်း ပွင့်သေးသေးလေးတွေဆီမှာ ကျွန်တော် တခါမျှ မရဘူးသော မွှေးမြသည့် ရနံ့ချိုချိုတွေ ရှိနေသေးရဲ့။
ဖြတ်ခနဲသော စိတ်အာရုံ ကြည်နူးမှုလေးထဲ ကျွန်တော် ရပ်တန့် မိန်းမော မိသွားသည့် မိနစ်ပိုင်းလောက်မှာပင် ကျွန်တော့် တစ်ကိုယ်လုံး မိုးရေတို့ စိုစို ရွှဲလို့ သွားခဲ့ပြီ။ နူးညံ့လှသော ပန်းပွင့်သေးသေးလေးများစွာကတော့ မိုးရေတွေအောက်က ပလက်ဖောင်းလေးပေါ်မှာ ကူကယ်ရာမဲ့ အတုံးအရုံး လဲပြိုလို့။
အခု ကျွန်တော့်လို အမှုအမှတ်မဲ့ သူတို့ကို နင်းဖြတ်သွားသော ခြေထောက်များ ဘယ်နှစ်စုံ ရှိနေခဲ့ပြီလဲ။ ပန်းကြွေလေးတွေဆီ လက်ကရောက်သွားပြီး ပြန်ရုပ်လိုက်တော့ ပန်းပွင့်သေးသေးလေး နှစ်ပွင့်က လက်ထဲ ပါလာခဲ့သည်။ စိုရွှဲနေသော မိုးရေတွေကို ကျွန်တော် ဂရုမစိုက်မိတော့။ " ခွင့်လွှတ်ပါ ပန်းပွင့်လေးတွေရယ်။ မင်းတို့ကို ငါ နာကျင်စေဖို့ မရည်ရွယ်ပါဘူး " ရှေ့ဆက်လျှောက်ရမည့် လမ်းပေါ်မှာ နင်းဖြတ်ရမည့် ပန်းကြွေလေးတွေ မနာကျင်အောင် ခြေလှမ်းတွေကို ညင်သာဖွဖွလျှောက်ရင်း စိတ်ထဲက တိတ်တဆိတ် တောင်းပန်နေမိသည်။
ကျွန်တော့်လက်ဖ၀ါးပေါ်မှာတော့ အစောနကမှ လွင့်ကြွေခဲ့ဟန် ရှိသော ပန်းပွင့်သေးသေးလေး နှစ်ပွင့်က ခုထိ လန်းဆတ်နေဆဲ။ မွှေးရှူကြည့်တော့ အဖော်အပေါင်းများစွာ ရှိစဉ်ကလို သူ့ ရနံ့က မပြင်းပျတော့။ မွှေးရနံ့ သေးသေးလေးကို ထိုပန်းပွင့်သေးသေးလေးထံမှ ရသည်။ အားပါးတရ ရှူရှိုက်လိုက်ချင်သော်လည်း နူးညံ့လှသော ထိုပန်းပွင့် သေးသေးလေးတွေ၏ ပွင့်လွှာချပ်လေးတွေကို ကျွန်တော် သနားလှသည်။
ကားလမ်းသွယ်လေးကို ကူးဖြတ်ပြီး ကျွန်တော် နေထိုင်ရာ တိုက်တန်းတွေဘက်က လှေကားထစ်တွေပေါ် ပြေးတက်ရင်း လက်ဖ၀ါးထဲမှ ပန်းပွင့်လေး နှစ်ပွင့်ကိုကြည့်မိတော့ ကျွန်တော် ကောက်ယူလာကာစ ကလို လန်းဆတ်မနေတော့။ ညှိုးဖျော့လို့ နေကြလေပြီ။ ဘာကြောင့်ရယ်မှန်းမသိ၊ ကျွန်တော့် စိတ်ထဲ ၀မ်းနည်းမိသွားသည်။ လက်ဖ၀ါးထဲ ဆုပ်ကိုင် ယူလာမိသောကြောင့် ထိုပန်းကလေး နှစ်ပွင့် သည်မျှ မြန်မြန်ဆန်ဆန် နွမ်းကြေသွားရလေသည်လား။ အိမ်ထဲရောက်လျှင် ထိုပန်းသေးသေးလေးနှစ်ပွင့်ကို ဓာတ်ပုံ အနီးကပ်ရိုက်ပြီး မှတ်တမ်းတင်ထားချင်သော စိတ်လေးကို လျှော့လိုက်သည်။ ညှိုးနွမ်းစ ပြုနေသော ပန်းကြွေလေး နှစ်ပွင့်ကို တချက် ဖွဖွ နမ်းရှိုက်ရင်း လျှောက်လမ်းလေးဘေးမှ မြက်ခင်းပြင်ပေါ် သို့ တယုတယ တင်လိုက်သည်။ နေရစ်ခဲ့တော့ ပန်းကလေးတွေရယ်။ ပြူတင်းသေးသေးလေးသာ ရှိပြီး လုံပိတ်နေတဲ့ ငါ့အခန်းကျဉ်းလေးထဲမှာ မင်းတို့ မွန်းကျပ်နေရမှာ ထက်စာရင် ဒီ မြက်ခင်းပြင်က မင်းတို့ အတွက် ပိုမို လွတ်လပ် သင့်လျော်ပါတယ်။ ငါကတော့ မင်းတို့ ပေးတဲ့ ရနံ့မွှေးတွေကြောင့် သိမ်မွေ့ကြည်နူးသွားရတဲ့ တဒင်္ဂလေးကို အမြဲ အမှတ်တရ ရှိနေတော့မှာပါ။ အဲဒီအတွက် ကျေးဇူးပါ ပန်းပွင့်လေးတွေရေ။

ထိုနောက်ပိုင်းရက်များမှာတော့ ကျွန်တော် ဘတ်စ်ကားပေါ်မှ ဆင်းကာ အိမ်ဘက်သို့ လျှောက်လာတိုင်း ထို သစ်ပင်ကြီးကို မော့ကြည့်ကာ ပြုံးပြနှုတ်ဆက်တတ်သော အကျင့်တစ်ခု ရခဲ့လေတော့သည်။ ထိုအပင်ကြီးကို ဘာပင်ခေါ်သလဲ ကျွန်တော် မသိပါ။ ထိုပန်းပွင့်လေးတွေကိုလည်း မည်သို့ ခေါ်ဆိုရမည် ကျွန်တော် မသိပါ။ အခါများစွာ ထိုအပင်အောက်မှာ အမှုအမှတ်မဲ့ ဖြတ်လျှောက်မိခဲ့သော နေ့ရက်ပေါင်း များစွာအတွက်လဲ ကျွန်တော် နှမျောတသ မဖြစ်မိပါ။ သေချာတာ တခုကတော့ မိုးညတညမှာ ရခဲ့သော ထိုပန်းပွင့်ကြွေလေးများ၏ မွှေးရနံ့ကို ကျွန်တော် အမြဲ အမှတ်ရနေတော့မည် ဆိုတာပါပဲ။

မြတ်နိုးအမှတ်တရ ရှိမှုတွေမှာ အမည်သညာ သတ်မှတ်စရာ မလိုအပ်ကြောင်း ကျွန်တော် သဘော ပေါက်ခဲ့အောင် သင်ကြားပေးခဲ့တာ သစ်ပင်တစ်ပင် ဖြစ်နေခဲ့မည် ဆိုပါက မိတ်ဆွေတို့ အံ့ဩကြမည် ထင်ပါသည်။

မေတ္တာဖြင့်
မိုးကုတ်သား

ပုံကလေးကို ဒီက ယူထားတာပါခင်ဗျာ။
လှပတဲ့ ခေါင်းစဉ်လေးအတွက် အမအိန္ဒြာ ကို ကျေးဇူး အထူး တင်ပါတယ် ခင်ဗျား။

25 comments:

အိန္ဒြာ said...

ဝေးးးးးးးးးး

ဘယ့်နှယ့်ကျေးဇူးတင်စကားတွေတင်ထားရတာတုန်း...

အကြံပေးတာကို..

ကောင်းတယ်ဆိုတာ ထပ်ပြောရဦးမလား..

အရေးအသားရော.၊ ပေးချင်တဲ့ Message လေးပါ သိပ်လှပါတယ်..

ဒီလို ရသအက်ဆေးလေးတွေ များများရေးနိုင်ဖို့ ဆုတောင်းမျှော်လင့်နေပါတယ်..။

ခင်ခင်မင်မင်

Lucifer said...

အကိုကောက်လာတာ ပန်းလေးက ၂ ပွင့် မမီးဒီနေ့ကျောင်းကအပြန်ကောက်လာတာ ၉ ပွင့်တောင်..

william said...

hmmm... In fact you are more romantic than I am.

I just wanna say that nobody can resist the Law of Nature. Just let them come and go when time's up...

OK?

Sein Lyan Tun said...

ရနံ့စိမ်း


မိုးတွေသည်းနေတုန်းပေါ့...

နူးညံ့တဲ့ တိမ်ရိပ်တွေ လေနဲ့အတူလွင့်ပါနေချိန်...

အမှတ်မထင်တဲ့မွေးရနံ့လေး ရင်ထဲတိုးလို့

ဝင်လာခဲ့တယ်.

ဒါပေမယ့်
သူတို့ဟာ တချိန်က ငါ့

သတိမထားခဲ့တဲ့ခရီးသွားတွေပါလား

မိုးရေစက်တွေကို ချိုမြစွာ သောက်ခဲ့တုန်းက

ကောင်းကင်က ငါ့အတွက် ငိုနေတာမသိလိုက်ခဲ့။

ငါ့ရင်ကိုအေးမြ ဖို့ ပန်းပွင့်လေးတွေ

မွေးရနံ့ပေးတာကို သတိမထားခဲ့...

လှမ်းယူလို့ကောက်နမ်း

သိမ်းဖို့ရန်ကြံရွယ်တုန်းက

အမြတ်မထုတ်ပေမဲ့ မင်းအတွက်အရာမ၀င်


မင်းနာကျင်စေဖို့မရည်ရွယ်ပါဘူး...

ဒါပေမယ့် မင်းလာရာလမ်း မင်း ပြန်လှမ်းလို့

မင်းပျော်ရာ မင်းသွားစေပေါ့....


( မင်းရှိရင် ငါကျေနပ်နေမယ်... ဒါပေမယ့်

ငါမရှိရင် မင်းပို လွတ်လပ်သွားမလား..

မြတ်နိုးစွာတွယ်ကပ်ရင်း

ကြိုးစားရှင်သန်နေတဲ့ ငါဟာ မှားလား...

ဒီမွေးရနံ့ စိမ်းလေးကို အမှတ်ရနေတဲ့

ငါ ဟာ ကပ်ပါးတစ်ပင်မျှသာ

ကိုကို့ အက်ဆေးလေးကို ဖတ်ပြီး ရေးချင်တဲ့

ကဗျာလေး ကို

မတောက်တခေါက်ရေးသွားတယ်... ဟဲဟဲ...

ချစ်တဲ့

ညီ

မယ့်ကိုး said...

အစ်ကိုရေ... စာလေးက အရမ်းလှတာပဲ...
အကြာကြီးစောင့်နေရတာ တန်သွားပြီ။:)

တလနွန် said...

အရမ်းကောင်းလွန်းတဲ့ အရေးနှင့်အတွေးတစ်ပြိုက်နက် ပေးတဲ့ ပိုစ့်လေးပါ။ မြတ်နိုးအမှတ်တရ ရှိမှုတွေမှာ အမည်သညာ သတ်မှတ်စရာမလိုဘူးဆိုတဲ့ အသုံးအနှုန်းလေးက ရင်ထဲ ထိတယ်ဗျာ. ဆက်ပြီးတော့ စာကောင်းလေးတွေ မျှော်နေပါ့မယ်.

ခင်မင်ခြင်းနှင့်
တလနွန်

Dream said...

ရေးချက်က လန်ထွက်နေတာပဲ.... ရနံ့စိမ်းစိမ်းလေးပေါ့လေ....

စာပေအရေးအသား ထိရှတယ်...

ခင်တဲ့
မက်မက်

နွေးနေခြည် said...

မြတ်နိုးမှု အမှတ်တရတွေမှာ အမည်နာမ သတ်မှတ်စရာလိုဘူးတဲ့လား...

ဟုတ်မှာပါ။

မေလေး said...

အရေးအသားလေးရော အတွေးအခေါ်လေးရော အရမ်းနူးညံတာဘဲနော်။ အိမ်လာလည်ရင် အဲဒီအပင်လိုက်ပြ။
“ မင်းတို့ ပေးတဲ့ ရနံ့မွှေးတွေကြောင့် သိမ်မွေ့ကြည်နူးသွားရတဲ့ တဒင်္ဂလေးကို အမြဲ အမှတ်တရ ရှိနေတော့မှာပါ။ ”
တဒင်္ဂလေး တွေများနေပီထင်တယ်နော်။

လပြည့်ရိပ် said...

အဲဒါဘာပင်လို့ခေါ်လဲဟင် ......

မင်းအိမ်ဖြူ Minn Eain Phyu said...

စာအရေးအသား အရမ်းကိုညက်တယ်ကိုကြီး

ကျွန်တော်လည်းရေးတက်ချင်လိုက်တာ

ပျော်ရွှင်ပါစေ

Yu Ya said...

“မြတ်နိုးအမှတ်တရ ရှိမှုတွေမှာ အမည်သညာ သတ်မှတ်စရာ မလိုအပ်ကြောင်း ကျွန်တော် သဘော ပေါက်ခဲ့အောင် ....”

နှလုံးသားသိများ အဓွန့်ရှည် တည်တန့်ခိုင်မြဲပါစေဗျာ..

yu ya

Anonymous said...

ခေါင်းစဉ်ကလဲ လှ၊
ပုံလေးကလည်းလှ၊
အရေးအသားကလဲ. လှ
ဒီတော့ ရေးတဲ့သူ နှလုံးသားကလဲ လှရောပေါ့။
(ဘာပန်းလဲလို့တော့ သိချင်သွားမိတယ်)

မငုံ said...

ရေးထားတာလေး လှတယ်။ ဘာပန်းလဲဆိုတာ သိချင်တယ်။ အဆင်ပြေပျော်ရွှင်ပါစေ။

tune said...

မရည်ရွယ်ဘဲ နင်းမိတဲ့ ခြွေမိတဲ့ ပန်လေးတွေ ...
ဒီလိုပါပဲ
ပန်းတွေကတော့ ကြွေသွား .. ကြေသွားကြတာပါပဲလေ ...
be careful bro !

ကောင်းကင်ပြာ said...

အဲ့ဒီ ရနံ့စိမ်း လေး တို့လဲ ရှုချင်တယ်

သက်ပိုင်သူ said...

သစ်ပင်လေးအကြောင်းရေးထားတာ ကောင်းတယ်
ညက်တယ်

ကိုရင်နော်ခင်လေးငယ် said...

ညက်နေတဲ့ အရေးအသားတွေနဲ့
အဆုံးအထိ ဖတ်ချင်အောင် ခေါ်ယူသွားခြင်း ခံလိုက်ရတယ်...

post လေးဖတ်အပြီးမှာ....
သစ်ပင်ကြီးအောက်က ဖြတ်သွားတိုင်း သစ်ပင်ကြီးကို မော့ကြည့် ကျေးဇူးတင် ဦးညွတ် တတ်တဲ့ အမျိုးသား တစ်ယောက်ပုံစံကို မြင်မိသွားတယ်...

မြတ်နိုးအမှတ်ရမှုတွေမှာ အမည်သညာ မလိုဖူးဆိုတာ အကြွင်းမဲ့ လက်ခံမိပါတယ်

william said...

လာရောက် ဖတ်ရှုသွားပါကြောင်း...
"ရနံ့ဝါ"ကိုလည်း ဆက်လက်စောင့်မျှော်နေပါကြောင်း...

မြစ်ကျိုးအင်း said...

နုညံ့လှချည်လား ချစ်ကိုရယ်

ခံစားတတ်လွန်းသလို ရေးထားတာလေးလည်း ကောင်း လွန်းနေတယ်။

ပြေပြစ်တဲ့ အက်ဆေး လေးပါပဲ ။သဘောကျတယ်

မိုးခါး said...

နုဖတ်နေတာပါပဲလား .........................း) ကြိုက်တယ်ဗျို့း))

Thandar said...

post မလုပ်ခင် ခေါင်းစဉ်မပေးရသေးခင်တည်းက နှစ်သက်ခဲ့ရတဲ့ စာလေးပါ။ ရနံ့စိမ်းဆိုတဲ့ title နဲ့အရမ်းလိုက်ဖက်တယ်။ အဲဒီတုန်းက မမန့်လိုက်ရလို့ ခုမှ လာမန့်တာ။ သုံးခေါက်ဖတ်ပြီးပြီ။ :)

Anonymous said...

အင်း မိုးကုတ်သားစွန်မယ်ဆိုရင်ဖြင့် အထုတ်ထမ်းခိုင်း
တော့လည်း ထမ်းပေးရမှာပေါ့လေဆိုပြီး အပီအပြင်ဖတ်
နေတာ.. ဘယ်မတုန်း... သစ်ပင်ကြီးကိုပဲ ပြုံးကြည့်နေရ
ပါလား..း))
စာအရေးအသားလေးတွေက အလွန်ကောင်းပါ၏။နောက်ဆို သစ်ပင်ကြီးကိုတင်မကပဲ သစ်ပင်အောက်မှာ
အမြဲစောင့်ကြိုနေမယ့် ချစ်သူတစ်ယောက်ကို အပြုံးချိုချို
လေးတွေ အမြဲပြုံးပြနိုင်ပါစေလို့။

ည ၉ နာရီမှ လာဖတ်တော့မယ်.

မကြီးဝါ

Orange Chit Thu said...

မြတ်နိုးအမှတ်တရ ရှိမှုတွေမှာ အမည်သညာ သတ်မှတ်စရာ မလိုဘူးတဲ့လား? အင်း...ဒါကတော့ ကိုယ်နဲ့သိပ်မတူဘူး ဖြစ်သွားတယ်...ကိုယ်ကတော့ အလကားနေ အမည်တပ်တပ်မိနေတယ်လေ....
ဒီပန်းလေးတစ်ပွင့်ကို Post တစ်ခုဖြစ်သွားတာတော့ တစ်ကယ်ချီးကျုးတယ် ဦးဘိုကို။
{ဒါကအတည်ပြောတာ}
အခုက Mr. William လိုလိုက်ပြောလိုက်ဦးမယ်.....
လာရောက် ဖတ်ရှုသွားပါကြောင်း...
"လိမ္မော်ရနံ့"ကိုလည်း ဆက်လက်စောင့်မျှော်နေပါကြောင်း...
{မရေးပေးလို့ကတော့ တွေ့မယ်}

မငုံ said...

ဒီပိုစ့်လေးကို အရင်က တခါဖတ်ဖူးတယ် ထင်တယ်နော်။ ဟုတ်လား မသိဘူး။ အဲကတည်းက ဒီပိုစ့်ကို တအားကြိုက်တာ။ ထပ်ဖတ်သွားတယ်။