Tuesday, November 3, 2009

ပန်းဥယျာဉ်လေးများ




ပန်းဥယျာဉ်လေးများ

ပန်း ဆိုကတည်းက နူးညံ့သိမ်မွေ့သော ခံစားချက်တစ်ခုကို ကျွန်တော်တို့တစ်တွေ ခံစားတတ်ကြရမြဲ။ ဥယျာဉ်ဆိုသည်ကတော့ ကျွန်တော်တို့ လူတွေ အထူးပြုလုပ်ဖန်တီးထားသော မြေခင်းအလှဆင်ယင်မှု သဘောတွေ ပါဝင်နေလေပြီ။ သူတို့ဘာသာ အလေ့ကျ ပေါက်ရောက်နေသော ပန်းရိုင်းများစွာတို့ တည်ရှိနေသော်လည်း စန်စတကျ ပြုစုပျိုးထောင်ခြင်း မရှိပါက ထိုအရာ သည် ပန်းဥယျာဉ် မမည်၊ ပန်းရိုင်းတောသာ ဖြစ်နေပေလိမ့်မည်။

ပန်းချစ်သူများက သူတို့နှစ်သက်ရာ ပန်းကလေးများကို စိုက်ပျိုးကြသည့်အခါ ပန်းဥယျာဉ်ကလေးများ ဖြစ်လာကြသည်။ နှင်းဆီပန်းချစ်သူတွေက နှင်းဆီပင်တွေချည်း စိုက်ပျိုးသည့်အခါ နှင်းဆီဥယျာဉ်ဖြစ်လာမည်။ ကျူးလစ်ပန်းတွေချည်း အသွေးအရောင်စုံ စိုက်ပျိုးထားသည့် ဥယျာဉ်မှာ ကျူးလစ်ပန်းရောင်စုံများ တွေ့နိုင်မည်။ ကိုယ်နှစ်သက်ရာ ပန်းမျိုးစုံကို စနစ်တကျ စိုက်ပျိုးထားသည့် ပန်းမျိုးစုံ ဥယျာဉ်များလည်း ရှိမည်။ ထိုပန်းဥယျာဉ်များထဲတွင် လှပမွှေးမြသော ပန်းများ၊ လှပသော်လည်း ရနံ့မမွှေးသောပန်းများ၊ မလှပသော်လည်း ရနံ့ မွှေးသောပန်းများ၊ လှလဲမလှ ရနံ့လည်း မမွှေးသောပန်းများ၊ ဆေးဘက်ဝင်သော ဂမုန်းနွယ်ပင် ပန်းများ၊ အဆိပ်ရှိသောပန်းများ၊ အင်းဆက်ပိုးမွှားများကို စားသော အသားစားပန်းများ စသည့်စသည့် အမျိုးအနွယ်ပေါင်းများစွာသော ပန်းများကို စိုက်ပျိုးနိုင်ကြသည်။


ပန်းဥယျာဉ်တစ်ခု ဖန်တီးဖို့အတွက် ဥယျာဉ်မှူးလိုသည်။ ထိုဥယျာဉ်မှူး စီရင်ခင်ကျင်း စိုက်ပျိုးသမျှ ထိုပန်းဥယျာဉ်မှာ သီးပွင့်ကြမည်။ တစ်ချို့ ဥယျာဉ်မှူးများက သူတို့ ဥယျာဉ် ပိုမို သာယာလှပအောင် သံသာတေးတို့ဖြင့် သီဆို စီးဆင်းနေသော စမ်းချောင်းလေးများ၊ အပန်းဖြေ အနားယူနိုင်ရန်အတွက် ဇရပ်လို အဆောင်ငယ်လေးများ၊ ဗဟုသုတဖြစ်စေလိုသော အကြောင်းအရာများကို ပုံဖော်ပြောပြပေးမည့် ပြတိုက်ကလေးများ ဖန်တီးထားပေးကြသည်။ တစ်ချို့ ပန်းဥယျာဉ်များက ဘ၀အမောတို့ ဖြင့် ပြည့်နှက်နေသော လူ့ဝန်းကျင်လောက ကြီးမှ ခေတ္တထွက်ပြီး အပန်းဖြေအနားယူဖို့ကောင်းသည့် ပျော်ပွဲစားထွက်ရာ နေရာများ ဖြစ်လာကြသည်။ တစ်ချို့ ပန်းဥယျာဉ်များကတော့ ညှို့မှိုင်းရီဝေအုပ်ဆိုင်းကာ လွမ်းမောဖွယ် အသွင်ကို ဆောင်ကြသည်။ တစ်ချို့ ပန်းဥယျာဉ်များကတော့ ခြောက်သွေ့သော နွေကန္တာရပင်များဖြင့် အထီးကျန်မှုကို ခင်းကျင်းပြသထားသည်။
တစ်ချို့ ပန်းဥယျာဉ်များမှာတော့ ဥယျာဉ်မှူးများက ပန်းဥယျာဉ်ကို ထိပါးမည့်သူများရန်မှ ကာကွယ်နိုင်ရန် ပြင်ဆင်ထားကြရသည်။ အဖိုးတန်ပန်းများ အခိုးခံရမှာ၊ ချိုးဖဲ့ချွေချ ခံရမှာ စိုးရိမ်ရသည် မဟုတ်လား။ တစ်ချို့ပန်းဥယျာဉ်များမှာတော့ ပန်းပင်များကို ဖျက်ဆီးတတ်သော အင်းဆက်ပိုးမွှားများ ရန်မှ ကာကွယ်ရန် အသားစား ပန်းများကို ထည့်သွင်း စိုက်ပျိုးထားတတ်ကြသည်။ တစ်ခါတစ်ခါမှာတော့ ပန်းဥယျာဉ်ထဲ လာလည်သူများကို အသက်အန္တရယ် ပြုစေတတ်သည့် ကြီးမားလှပသော အသားစား ပန်းပွင့်ကြီးများကို အလှပြထည့်သွင်း စိုက်ပျိုးထားတတ်ကြသည်။ ထိုပန်းပင်များ၏ အန္တရယ် ကြီးမားပုံကို ဥယျာဉ်မှူးမှလွဲပြီး အလည်ရောက်လာသူတွေ မသိရှိကြတတ်တာမျိုးတွေလည်း ရှိသည်။ တစ်ချို့သော ပန်းဥယျာဉ်များကတော့ အလည်အပတ်လာကြသူများ အမှိုက်ရှုပ်သွားကြလို့သော် လည်းကောင်း၊ ကိုယ်တိုင်က ပေါင်းသင်မြက်နှုတ်ခြင်း မရှိလို့သော်လည်းကောင်း ပေပွရှုပ်ထွေးစွာ ရှိနေတတ်ကြပြန်သည်။

သို့သော် ကိုယ် ဖန်တီးတည်ဆောက်ထားသော ပန်းဥယျာဉ်ထဲသို့ တမင်တကာဖြစ်စေ၊ မျက်စိလည်လမ်းမှားပြီးဖြစ်စေ ရောက်ရှိလာကြသော ပန်းချစ်သူများ အမြင်တွင် တင့်တယ်လှပသော ပန်းဥယျာဉ်၊ အန္တရယ် အဆိပ်အတောက်ကင်းသော ပန်းဥယျာဉ်၊ ငြိမ်းချမ်းအေးမြသောပန်းဥယျာဉ်၊ ပျော်ရွှင်ဖွယ်ကောင်းသော နွေးထွေးသည့် ပန်းဥယျာဉ်၊ လွမ်းဆွတ်တမ်းမောဖွယ်ကောင်းသော ပန်းဥယျာဉ်၊ ဗဟုသုတဖြစ်စေသော ပြတိုက်လို ပန်းဥယျာဉ် စသည်ဖြင့် ရသစုံ၊ ဗဟုသုတစုံ မြင်တွေ့ ပေးဆပ်နိုင်သော ပန်းဥယျာဉ်ကလေးများ ဖြစ်လာကြစေရန် အတွက်ကတော့ ထို ပန်းဥယျာဉ်များကို ဖန်တီးဆောက်တည်နေကြသော ဥယျာဉ်မှူးများ၏ တာဝန်သာ ဖြစ်ပါသည်။

ပန်းဥယျာဉ်လေးများ ရေရှည်တည်တံ့နိုင်ကြပါစေ။ ပန်းဥယျာဉ်မှူးတို့၏ စိတ်စေတနာများဖြင့် အပင်ပန်းခံ စိုက်ပျိုးထားသော ပန်းဥယျာဉ်များထဲ ပွင့်သောပန်းများအားလုံး မွှေးမြ လှပကြပါစေ။

*****************************************


နောက်ဆက်တွဲ

ဘာရယ်မဟုတ်ပါဘူး။ “၀တ်လစ်စလစ်ရေးတဲ့စာ” ကို ဖတ်ပြီး ကျွန်တော့မှာ ရှော့ရှိလား၊ ဘာဖြစ်နေလဲ လာမေးကြတဲ့ မိတ်ဆွေတွေ၊ အဲဒီစာကို ကျွန်တော်ရေးတာမှ ဟုတ်ရဲ့လား မယုံကြည်နိုင်အောင် အံ့ဩကြရတဲ့ မိတ်ဆွေတွေကို ကျွန်တော့်မှာ ဘာ “ရှော့” မှ မရှိကြောင်း၊ စိတ်ထဲ ဘယ်သူ့ဘယ်သူကိုမှ မုန်းတီးမှုနဲ့ ရေးတာ မဟုတ်ကြောင်း၊ အဲဒီစာမှာ မြင်တွေ့နေရတဲ့ မိတ်ဆွေအပေါင်းအသင်း ဘလော့ဂါတွေ စိတ်ညစ်နေကြတာ၊ စိတ်ပျက်နေကြတာတွေ မညစ်ကြ၊ မပျက်ကြစေလိုတဲ့ စိတ်ဆန္ဒသက်သက်နဲ့ စိတ်ထဲ ရှိတာလေး ချရေးတာဖြစ်ကြောင်း ပြောပြချင်ပါတယ်။
(ဘလော့ပုဂ္ဂိုလ်စွဲတွေ၊ ခင်မင်မှုအစွဲတွေ အကုန် ချွတ်ချပြီး ရေးထားတာကို ဆိုလိုချင်ပေမဲ့ “၀တ်လစ်စလစ်ရေးတဲ့စာ” လို့ ခေါင်းစဉ်တပ်ထားမိလေတော့ တစ်ချို့တစ်ချို့က ဘာတွေထင်ပီး လာဖတ်ကြသည်မသိ။ ဘလော့လေးထဲ လူဝင်တာ အခါတိုင်းထက် ပိုများသွားပါတယ်။ အောင်မြင်တာပေါ့လေ.. ဟေဟေ့။ ဤကား စကားချပ် ;-P )

နောက်တော့ မနေ့ညက ညီလေးတစ်ယောက်နဲ့ ဘလော့ဂါတွေ ရပ်တည်မှုအကြောင်း ပြောဖြစ်ကြရင်း သူက ဘလော့လောက တိုးတက်ရေး ရှေးရှုပြီး စာတစ်ပုဒ်ရေးချင်ကြောင်း ဆွေးနွေးဖြစ်ကြပါတယ်။ ကျွန်တော်ကလည်း ဘလော့လောကကြီးက ရောင်စုံဖူးပွင့်နေတဲ့ ပန်းဥယျာဉ်ကြီးနဲ့တူကြောင်း၊ ဘာညာ ပေါ့ဗျာ ပွားမိရင်း အခု ဒီစာလေး ချရေးဖြစ်ပါတယ်။
ဒီစာလေးက အရင်ပို့စ်နဲ့ အသံတူ အကြောင်းကွဲ တစ်ပုဒ်ပါပဲ။ ဘာလို့ အကြောင်းအရာတူကို ထပ်ရေးသလဲ မမေးကြခင် တစ်ခါထဲ ဖြေခဲ့ချင်လို့ပါ။
စာဆိုတာ ပုံစံမျိုးစုံ၊ နည်းမျိုးစုံနဲ့ ရေးလို့ ရပါတယ်။ ပြောတာတော့လွယ်မယ်။ ဒါပေမဲ့ တကယ်ချရေးတဲ့အခါ ခက်ပါတယ်။ ကျွန်တော် စာရေးဆရာ မဟုတ်ပါဘူး။ ဘလော့ဂါ လို့လဲ မခံယူထားပါဘူး။ စာလေးတွေ ၀ါသနာအရ ချရေးမိတယ်။ နောက် ကိုယ်ရေးတာလေးတွေ မိတ်ဆွေတွေ ဖတ်လို့ရအောင် တင်ဆက်ခွင့် ရတဲ့ နေရာလေး ရှိတယ်။ ဒီတော့ ပန်းဥယျာဉ်လေးတစ်ခု ဖန်တီးစိုက်ပျိုးမိတယ် ဆိုပါစို့။ ခင်မင်လို့ ဖြစ်ဖြစ်၊ မျက်စိလည် လမ်းမှားပြီးပဲ ဖြစ်ဖြစ် အလည်ရောက်လာတဲ့ မိတ်ဆွေ အားလုံးကို ကျွန်တော် ရေးချင်တာရေးမယ်။ ဖတ်ချင်ရင် လာဖတ် ဆိုတဲ့ စိတ်စေတနာ စိုးစဉ်းမှ မရှိပဲ စာရေးလိုစိတ်သက်သက်နဲ့ စိုက်ပျိုးခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို စာရေးလိုစိတ်သက်သက်နဲ့ ကျွန်တော့်လို မတောက်တခေါက် စာရေးကြသူတွေလဲ ရှိကြမှာပါ။ ဆိုလိုတာက ကျွန်တော်တို့ ရေးတဲ့စာတွေဟာ စာဖတ်သူတွေ အဆိပ်အတောက်ကင်းတဲ့စာတွေ ဖြစ်ဖို့ လိုအပ်ပါတယ်။ ဘလော့ဂါတွေအချင်းချင်းပဲ နားလည်ပြီး အပြင်စာဖတ်ပရိတ်သတ်တွေ နားမလည်တဲ့စာမျိုးတွေ ပေါများလာရင် ဘလော့ဂါတွေရဲ့ တန်ဖိုး ကျသွားစေနိုင်တယ် ဆိုတာလဲ မှန်ပါတယ်။ ကျွန်တော့်လို စာမရေးရ မနေနိုင်တဲ့သူကတော့ (ကျွန်တော်ရေးသမျှ နာမည်ကြီးတာ တစ်ပုဒ်မှ မပါသေးပါဘူး၊ နာမည်ကြီးဖို့လဲ မလိုအပ်ပါဘူး။ ဘာလို့ဆက်ရေးနေလဲ ဆိုရင်လဲ စာလေးတွေ ရေးချင်လို့ ရေးဖြစ်နေတာပါ။ ၀ါသနာ ပါလို့ ရေးနေတာပါ လို့ပဲ အမှန်အတိုင်း ဖြေမှာပါ။) ကိုယ် စာရေးမကောင်းတာနဲ့ မိတ်ဆွေတွေ ဖတ်ဖို့ဆိုပြီး ဘလော့ပေါ်မှာ စာတင် မရေးသင့်တဲ့ အနေအထားပါ။ အရည်မရ၊ အဖတ်မရ ရေးနေတာဟာလဲ စာလာဖတ်သူ မိတ်ဆွေတွေကိုစော်ကားလိုစိတ် လုံးဝ မပါခဲ့ပါဘူး။
ကျွန်တော်လက်ခံထား တဲ့ “ကိုယ်ရေးတဲ့စာ ကိုယ်တာဝန် ယူရမယ်” ဆိုသလိုပေါ့။ ရေးတဲ့အခါ အကြောင်းအရာတစ်ခုကို ချဉ်းကပ်ရေးဖွဲ့ တင်ပြဖို့ ထောင့်ပေါင်းစုံကနေ ရွေးချယ်ခွင့် ရှိပါတယ်။ ကိုယ် ဘယ်လိုရေးရေး၊ ရေးချင်သလို ရေးလို့ ရတယ်ဆိုပေမဲ့ စာဖတ်သူတွေကို စော်ကားတဲ့ စာမျိုး ဘယ်သူကမှ ရေးချင်ကြမယ် မဟုတ်ပါဘူး။ (ကျွန်တော့် စိတ်ရင်းနဲ့ ပြောတာပါ)။ ဒီတော့ ကျွန်တော် စာလေးတွေ ဆက်ရေးနေပါရစေ။ ၀ါသနာလေးပါလို့ အချိန်ကုန်ခံ ရေးခဲ့တာလေးတွေ သူတပါးအတွက် အကျိုးမဲ့ ဖြစ်စေမယ်ဆိုရင်လဲ အမိုက်အမဲလေးမို့ နားလည်ပေးကြပါ လို့..... ။


မေတ္တာဖြင့်
မိုးကုတ်သား

24 comments:

မိုးမောင် said...

ဘလောဂ့်ရေးသူတိုင်း စာရေးဆရာတွေလို စာရေးကောင်းရမယ်လို့ မဆိုလိုပေမယ့်။ စာကို ကောင်းကောင်းရေးစေဖို့ တိုက်တွန်းထားတဲ့ နှိုးဆော်စာလေးပေါ့။

အခု ဘလောဂ့်စာမျက်နှာတွေပေါ် လိုအပ်နေတဲ့အချက်လေးတွေကို ဥယျာဉ်တစ်ခုနဲ့ ဥပမာပေးပြီး သုံးသပ်ပြသွားတာ သိပ်သဘောကျတယ် နောင်ကြီး။ အဲသလို လိမ္မာယဉ်ပါးတဲ့ အရေးအသားတွေ ဘလောဂ့်ဥယျာဉ်ကြီးထဲ တိုးတက်ထွန်းကားစေချင်ပါတယ်။

ခင်မင်လျက်...

MANORHARY said...

ဘာပင်တွေများ စိုက်ထားမိပါလိမ့်...
..................:)

Angel Shaper said...

အကိုရေ...
ကိုယ့်ရဲ့ ပန်းဥယျာဉ်လေး အန္တရာယ်အဆိပ်အတောက် ကင်းပြီး၊ငြိမ်းချမ်းအေးမြ နွေးထွေးတဲ့ ပျော်ရွှင်ဖွယ် ပန်းဥယျာဉ်လေး ဖြစ်နိုင်ဖို့ ကြိုးစားတည်ဆောက်ရင်း ပန်းချစ်သူတို့အတွက် အကျိုးရှိမဲ့ ပန်းလေးတွေသာ ပွင့်လန်းပေးနိုင်ဖို့ ကြိုးစားရမယ်။
အသိတရား ပေးလိုက်တဲ့ ပိုစ့်လေးအတွက် ကျေးဇူးပါ အကို။

မယ့်ကိုး said...

မမနော်လိုပဲ မယ်လည်း ဘာတွေစိုက်နေမိပါလိမ့်လို့ တွေးမိတယ် =)
ဒုက္ခမိုးစက်အောက် ပျိုးခဲ့တဲ့ ပန်းတွေလည်း လှချင်လွန်းလည်း...

ကိုရင်နော်ခင်လေးငယ် said...

စေတနာတွေနဲ့ ရေးထားတဲ့ စာလေးကို သေချာ ဖတ်သွားပါတယ်..

သူများဥယျာဉ်လေးတွေ ဘယ်လို လှတယ်.. ပန်းလေးတွေ ဘယ်လို မွှေးနေတယ် ဆိုတာ သွားသွား ကြည့်ပြီး အားကျနေမိတယ်.. ကိုယ့်ဥယျာဉ်လေးလည်း သူတို့လို လှပမွှေးကြူချင်လို့.. ဒါပေမဲ့..

ကိုယ်တွေကတော့ ပန်းသစ်လေးတွေ မစိုက်ပျိုးနိုင်သူမို့ ပန်းဟောင်းလေးတွေ မခြောက်သွေ့ပါစေနဲ့လို့ပဲ ဆုတောင်းနေရသူပါ..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်

T2A said...

စာရေးစာဖတ်တာကို ဝါသနာမပါပဲနဲ.တော့ ဘလော့တစ်ခုကို ကြာကြာရေးနေနိုင်မည်မထင်ပါ ။ အနည်းဆုံးလိုအပ်ချက်လို.ပဲထင်မိပါတယ် ။
ပန်းတိုင်းပွင့်၍ ပွင့်သောပန်းတိုင်း မွှေးနေရင်တော့ အကောင်းဆုံး ဖြစ်မှာပါ ။

kaungkinpyar said...

စာအရေးအသားတော်တော်ကောင်းပါတယ် ကိုကိုမိုးကုတ်ရယ်၊ ဖတ်ပြီး ပြောစရာ စကားတောင် ရှာမတွေ့ဘူး၊ ကိုယ့်ဥယျာဉ်လဲ ဘာဖြစ်နေလဲ ပြန်ကြည့်လိုက်ဦးမယ်၊ တန်းပလိပ်ကြီး ပျက်နေတာတော့ သေချာတယ်၊ မလုပ်တတ်လို့ ဒီတိုင်းကြီး ထားထားတယ်....း)

မျက်မှန်လေး said...

ကိုယ့်ပန်းဥယျာဉ်လေးထဲမှာတောင် ပန်းတွေမစိုက် ဖြစ်တာကြာပြီ။

ပြန်စိုက်ဦးမှ ....

စည်သူ said...

အင်း...

အမိုက်မဲလေးကို ခွင့်လွတ်ပါတယ်..းP

တင်ပြချက်တွေ ကောင်းပါတယ် ကိုမိုးကုတ်ရေ..
အခုလို တင်ပြတွားတာကို ဖတ်လိုက်ရတော့ ကျွန်တော်တို့လည်း ကိုယ့်ဥယာဉ်မှာ ရှိတဲ့ ပန်းလေးတွေ ဘယ်သူတွေအတွက် အိပ်အတောက် ဖြစ်နိုင်မလဲ..

အဆိပ်အတောက် ဖြစ်နိုင်မယ် ပန်းလေးတေ ရှိချင်လည်း ရှိမယ်လေ..

အခုလိုတင်ပြသွားတာ ကျေးဇူးပါ ကိုမိုးကုတ်ရေ..

ခင်မင်လေးစားစွာဖြင့်
စည်သူ

မိုးခါး said...

ပွင့်သော ပန်းတိုင်း မွှေးစေ ပေါ့နော် ..း))

Lucifer said...

မမီးကတော့ သစ်ပင်စိုက်တာ ဝါသနာပါတယ်... အဆိပ်ပင်လည်း စိုက်မိချင်စိုက်မိနေမှာ... သေခြာပြန်ကြည့်အုံးမှ...

Anonymous said...

ရှိပြီးသားစာအုပ်တွေထဲမှာ...
စာကြီးပေကြီးတွေထဲမှာ...
ရှာမတွေ့နိုင်တဲ့

ကိုယ်တိုင်ရဲ့ စိတ်နှလုံးထဲက ထွက်အံကျလာတာတဲ့ စကားလုံးတွေပျိုးထားတဲ့ ဥယျာဉ်လေးတခုပေါ့ဟယ်။

ဘလော့ဂ်ပေါ်မှာ စာရေးတဲ့လူ အတော်များများလည်း ဒီလို ခံယူမယ်လို့ထင်ပါတယ်။ (ကိုယ်တော့ အဲဒီလိုပဲ လက်ကိုင်ထားပြီးရေးနေတာပဲ)။

မြစ်ကျိုးအင်း said...

ချစ်ကိုရေ ပုံမှန်အားဖြင့်တော့ စာမှာ အသံတွေ အနံ့တွေ မရှိဘူးထင်ရပေမယ့် စာဖတ်သူနဲ့ ဆက်သွယ်ထားတဲ့ အရာ တခုရှိပါတယ်။

ချစ်ကိုလည်း ကြုံဖူးမှာပါ စာတပုဒ် ဖတ်နေရင်းနဲ့ ဒီစာကို စေတနာပါပါရေးတာလား ပို့စ်တပုဒ် အဖြစ် လက်တန်းချရေးတာလားဆိုတာ မြင်မိတာတွေ ရှိတယ်

ဘာပဲရေးရေး ခံစားချက်ကိုပဲ ရင်ဖွင့်ဖွင့်
သေသေသပ်သပ်နဲ့ ပိုပြီးကြိုးစားအားထုတ်စေချင်တာ စာဖတ်သူနဲ့ ဘလောဂါတွေကို အဆင်ပြေစွာ ပေါင်းကူး ပေးစေချင်တဲ့ စိတ်ကြောင့်ပါပဲ။

ချစ်ကိုရေးတာ ဖတ်ပြီးတော့ ကျနော် ရေးဘို့ မလိုအပ် လောက်တော့ဘူး ထင်တာပဲ :)

အိန္ဒြာ said...

မိုးကုတ်သားရေ..

ဘာကို ဆိုလိုတယ် စေတနာဘယ်လိုပါတယ်ဆိုတာ..
သိသာပါတယ်..။
အရင်ကဗျာကလည်းကရုဏာဒေါသောသံလေးကြောင့်
နည်းနည်းလေသံပြင်းသွားတယ်ထင်ပါရဲ့

ဖတ်သူတွေဘက်ကလည်း..
ဘာတွေပေးချင်လို့
ဘာတွေရေးသွားတယ်ဆိုတာ...
နောက် ရေးသူရဲ့ စိတ်နေစိတ်ထား ဘယ်လိုရှိနေတယ်ဆိုတာ..
သူ့ပိုစ့် တစ်ပုဒ်နှစ်ပုဒ်လောက်ဖတ်ဖူးရင်ကို သိသာနေပါပြီ..။

သမိုင်းဆိုတာ..
ကိုယ့်အပြုအမူတွေက
ကိုယ့်ကိုချရေးပေးသွားတာ..

တန်ဖိုးဆိုတာ.
ကိုယ်တိုင် တံဆိပ်ကပ်လို့မဖြစ်နိုင်တဲ့
စာဖတ်သူ ပရိတ်သတ်တွေရဲ့ ခံစားမှုစံချိန်စံညွှန်းတစ်ခုပါ..

အရေးကြီးတာက
ကိုယ့်ဥယျဉ်ထဲ
ပဒိုင်းတွေ..ပျိုးမကျဲမိစေဖို့..

ခင်ခင်မင်မင်

အိန္ဒြာ

Sein Lyan Tun said...

ပန်းကလေးများ ပွင့်တော့မည်

ဖူးတံ ဝင့်လို ချီ

နေခြည်မှာ ရွှေရည်လောင်း

ငါတို့ ဘလော့ ဂါအကြောင်း


ချစ်ခင်လေးစားခြင်း များ များ များ များ များစွာဖြင့်

ညီ

မျောက်ငို

Sein Lyan Tun said...

ကိုမောင်ဟန်ရေ

ကော့မန့် မရေးတော့ဘူးလို့ ဆုံးဖြတ်ထားတယ်...

တကယ်ဒီပိုစ့်ကို မကြိုက်ဘူး... မကြိုက်ဘူးဆိုတာကို ပြောမယ်နော်...

မနေ့ညက ညီလေးတစ်ယောက်နဲ့ ဘလော့ဂါတွေ ရပ်တည်မှုအကြောင်း ပြောဖြစ်ကြရင်း သူက ဘလော့လောက တိုးတက်ရေး ရှေးရှုပြီး စာတစ်ပုဒ်ရေးချင်ကြောင်း ဆွေးနွေးဖြစ်ကြပါတယ်။ ကျွန်တော်ကလည်း ဘလော့လောကကြီးက ရောင်စုံဖူးပွင့်နေတဲ့ ပန်းဥယျာဉ်ကြီးနဲ့တူကြောင်း၊ ဘာညာ ပေါ့ဗျာ ပွားမိရင်း အခု ဒီစာလေး ချရေးဖြစ်ပါတယ်။


ဘလော့ လောကကြီးက ကိုမောင်ဟန်တို့  ကျနော်တို့ ရှိနေလို့ ရပ်တည်နေတာမဟုတ်ပါဘူး... အရင်ကတည်းကရပ်တည်နေခဲ့တာပါ...

ခုတော့ ချောက်ကပ်နေပီး... မသင့်မြတ်ကျတော့ဘူ... ဘာညာနဲ့ ဘလော့လောက စိုပြည်တာတွေ ဘာတွေနဲ့...

နည်းနည်းများ စကားကြီး စကားကျယ်နိုင်နေသလားလို့...

ထင်တာပါ...

စာရေးသူကလဲ သူ့ စာမျက်နှာပေါ်မှာ ရေးတယ်..
စာဖတ်သူကလဲ သူ့ အကြိုက်ကိုရှာမယ်...

ဒီလိုပဲ သူ့ အကြိုက် ကိုယ့် အကြိုက်ပေါ့...

စာဖတ်သူ ဘက်က ဆိုတာကလဲ တကယ်စာကောင်းဖတ်တဲ့သူတွေက စာအုပ်တွေ ဝယ်စု ဖတ်မှတ်ကြမှာပဲ.. ဘလော့ပေါ်မှာပဲ စာကောင်းရှိတယ် ဆိုတာ ဘယ်သူမှ အပြည့်အဝ မထောက်ခံပါဘူး... ဘလော့ပေါ်မှာ ဆိုတာက ကိုယ်ချပြချင်တဲ့ အကြောင်း အရာကို ချပြမိမှာပဲ.. ဒီတော့ ဘဘောထားလွဲတာရှိမယ်..ဒါကြောင့် ဘာရေးရေး... ဘယ်သူဖတ်ဖတ်... ကိုယ်ဘက်က လုပ်ရမှာက ကိုယ်ရေးချင်တာကိုဆက်ရေး.. ကြိုက်ရင်ဖတ်..
မကြိုက်ရင် မဖတ်နဲ့ မမန့် နဲ့...

ဒါပဲလိုအပ်တယ်..

ကိုမောင်ဟန် အရင်ရေးနေသလိုပဲ စာတွေရေးပါ...

စာရေးတာပဲကောင်းပါတယ်...
လူတိုင်း စာရေးနေရင်တော့ စာပေဘလော့သမိုင်းက မပျက်စီးပါဘူးဗျာ..


ဘာဖြစ်ဖြစ် အမိုက်အမဲမို့ နားလည်ပါ...

စာရေးမတတ်လို့ ပါ...

ဘာညာ ဘာညာကလဲ ဘလော့လောက ကို ကျဆင်းစေသလားလို့...

မြင်သလိုပြောသွာတယ်..

ဘဘောထားက အစကတည်းက ကွဲလွဲ ပြီးသားမို့ 

စိတ်ဆိုးရင်လဲ အာဘွားပဲရမယ်..

ချစ်ခင်လေးစားခြင်းများစွာဖြင့်

ချစ်ဆုံး

ညီ

မျောက်ငို

ကောင်းကင်ပြာ said...

ကိုကိုမိုးကုတ် နောက်တခေါက် လာဖတ်တာ အဟီးးး စိန့်  ကွန်မန့် ဖတ်ပြီး လန့်လို့ ပြန်ပြေးပီ....

မေလေး said...

ကိုယ်လိုအညတြကဘာပြောရမှာတုန်းးးး
အဆင်ပြေပါစေ။

မိုးမောင် said...

ကြိုက်လို့ ထပ်လာဖတ်တယ်။ စာဖတ်သူအတွက် စေတနာဆိုတာ ဘလောဂ့်ဂါတွေမှာမွေးမြူသင့်တဲ့ စိတ်ဓာတ်လို့ အပြည့်အ၀ယုံကြည်ထားတယ်။ အဲလိုစေတနာမျိုးရှိတဲ့ ဘလောဂ့်ရေးသူကိုလည်း လေးစားတယ်၊ အားကျတယ်။ ကိုယ်ရေးချင်တာရေးမယ် မဖတ်ချင်ရင် ကျော်သွားဆိုတဲ့ ဘလောဂ့်ဂါတွေနဲ့တော့ တန်းမတူဘူးပေါ့။ ဒါက စာဖတ်သူအပေါ်ထားတဲ့ သူ့စေတနာပဲ။

ဘလောဂ့်ရေးသူများ အချင်းချင်းဖတ်စာအပြင် စာဖတ်သူအတွက်အကျိုးပြုနိုင်ကြပါစေ။ (ဖြစ်နိုင်ရင်ပေါ့လေ)

Sein Lyan Tun said...

ကိုမိုးမောင်ရေးတဲ့ ကော့မန့် ကို ဖတ်ပြီးပြန်လာပြောတာ.

ဘလော့က စာရေးသူတွေ စာဖတ်သူတွေကို စေတနာထားတယ်ဆိုတာ စာရေးသူတွေက ကိုယ်အားသန်တဲ့ ပုံစံတွေနဲ့ရေးပြီး စာဖတ်သူတွေကို ချပြတာပါ... ရေးခါစက မတတ်ပေမယ့် စာဖတ်သူတွေ အပေါ်ထားပြီး ရေးတဲ့ စေတနာကြောင့် စာရေးကောင်းလာကြပါတယ်... ဒီလိုစိတ်ဓာတ်က စာရေးသူတွေတိုင်းမှာ အနည်းအများရှိပါတယ်... ဒါပေမယ့် စာရေးသူ အချင်းချင်း ပိုစ့်တင်ပြီး သရော်စာတွေ ရေး မကျေနပ်တာကို ကော့မန့် မှာ ရေး တာတွေတော့ မပါဘူးပေါ့..

ဒါကြောင့် ဘာရေးရေး... ဘယ်သူဖတ်ဖတ်.. ကိုယ့်ဘက်က လုပ်ရမှာက ကိုယ်ရေးချင်တာကို ဆက်ရေး.. ကြိုက်ရင်ဖတ်... မကြိုက်ရင် မဖတ်နဲ့.. မမန့်နဲ့... လို့ရေးခဲ့တယ်..

ကိုယ်ရေးချင်တာကို ဆက်ရေးဖို့ အားပေးတာပါ..ကိုယ်ရေးတဲ့စာမှာ ကိုယ့်စေတနာပါမပါ စာဖတ်သူကသာ ဆုံးဖြတ်မှာ ဖြစ်လို့ စေတနာထားပါတယ်ဆိုတဲ့ အကြောင်း ဟစ်ဖို့ မလိုတာပါ...


“ဘလော့ရေးသူများ အချင်းချင်းဖတ်စာအပြင်”.....
ဘလော့စရေးတုန်းကတော့ ဒီဘလော့ဂါသိ ဟိုဘလော့ဂါသိ ဒီဘလောဂါဖတ်စေ ဟိုဘလော့ဂါ ဖတ်စေဆိုပြီးတော့ မရေးကြဖူးထင်တာပဲ...


ခုထိတော့ ကျနော်ကိုယ်တိုင် ဘလော့ဂါတွေ ဖတ်စေဆိုတဲ့စာထက် ကိုယ်တိုင် တင်ချင်လို့ စိတ်က ဖြစ်လာတဲ့ ပိုစ့်ကိုတင်တယ်...

ပိုစ့်နဲ့ ဘလော့ဂါ အချင်းချင်းနစ်နာအောင်မဆော်ဘူး...
ပိုစ့်နဲ့ ဘလော့ဂါ အချင်းချင်း သရော်စာမရေးဘူး...

ဘလော့ပေါ်မှာ ဆရာဝင် နေရာဝင်မယူဘူး..
စာရေးမယ်.. ကြိုက်ရင် ဝင်ဖတ်မယ်..

မကြိုက်ရင်မဖတ်ဘူး.. မမန့်ဘူး... ဒီလိုစိတ်ရှိဖို့ အပေါ်ကကော့မန့်ကိုရေးခဲ့တာပါ...


ကိုမိုးကုတ်သားရေးတဲ့ပိုစ့်မှာ ပထမအပိုင်းကို ကြိုက်နှစ်သက်ပေမယ့်

နောက်ဆက်တွဲမှာ ဘလော့လောက စည်ပင်ရေးအတွက် ဆွေးနွေးတယ်ဆိုတဲ့ စကားကြီးစကားကျယ်ကို သဘောမကျတာပါ...

လက်တစ်ဆုပ်စာ လောက်ဖြစ်နေတဲ့ မြန်မာဘလော့လောကမှာ ဘလော့စည်ပင်ရေးဆိုပြီး စကားကြီး စကားကျယ်ပိုစ့်တွေတင်မှ အပြင်က စာဖတ်သူတွေက သို့ လော သို့လောနဲ့ ကမ္ဘာ ပျက်မယ်ဆိုတဲ့ပိုစ့်လို ထင်နေကြပါအုံးမယ်...

ပထမဆုံးစတက်ဂ်တဲ့ သူက ကမ္ဘာ ပျက်တော့မယ်ဆိုပြီး စတက်ဂ်ခဲ့တာ မဟုတ်တာတောင် ကမ္ဘာက ပျက်ချင်ချင်း....

ခုလဲ ဘလော့လောကက မသိမသာ လေး အဆင်မပြော ဖြစ်နေတာကို စကားကြီးစကားကျယ် သုံးနှုန်းထားတဲ့ ဆွေးနွေးမှုကြီးကို မကြိုက်လို့ လာပြောတာပါ....

ကျနော်ကတော့ ဘယ်အတန်းစားထဲမှာပါလဲတော့မ သိဘူး.. ဒါပေမယ့် ကိုယ်ဘာလုပ်နေလဲ ကိုယ်ဘာတွေးရေးနေလဲဆိုတာ ကိုယ်တော့သိတယ်...


ကျနော် နားလည်မိတဲ့ ကိုမိုးကုတ်သား ပြောချင်တဲ့ ပထမ အပိုဒ်က အဆိပ်အတောက်ကင်းပီး အချင်းချင်းဖဲ့စား ၀ါးမျိုတာတွေ မရေးဖို့။ ကိုယ့်ခြံလေးကို ရှင်းလင်းဖို့ပဲပြောတာ
ဟိုစာ မရေးရ ဒီစာ မရေးရ မပါဘူးလေ ကိုယ်စာရေးမကောင်းတော့ ဘလော့ပေါ်မတင်ရအောင် ဖြစ်ရမဲ့ ကိစ္စ။ ရေးချင်တာလေးတော့ ရေးပါရစေ ပြောထားတာ လို့ နားလည်မိတယ်..


နောက်ဆက်တွဲကတော့ လုံးဝ ညင်းဆန်တယ်.. ဘလော့စည်ပင်သာယာ ဝပြောရေးတဲ့လား... ရယ်ချင်လို့ပါ....



စာရေးသူ ရေးတာကို စာဖတ်သူ နားလည်အောင် ဖတ်တတ်ပါစေဗျာ...

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

မိုးမောင် said...

ကိုမိုးမောင်ရေးတဲ့ ကော့မန့် ကို ဖတ်ပြီးပြန်လာပြောတာ

ကျနော်ရဲ့လွတ်လပ်စွာသဘောထားကွဲလွဲခွင့်မှာ ပုဂ္ဂိုလ်ရေးကင်းပါတယ်။ တကယ်လို့ ကျနော့်ကွန့်မန့်ကြောင့် မကျေမနပ်ဖြစ်ရတယ်ဆိုရင် Sorry ပါ။ ကိုမိုးကုတ်သားနဲ့ မဆိုင်လောက်ဖူးထင်လို့ ကျနော့်မေးလ်ကို ပေးခဲ့ပါတယ်။ ကျနော့်ကွန့်မန့်အတွက် mooremaung@gmail.comမှာ ဆွေးနွေးနိုင်ပါတယ်။ လူငယ်တွေပဲ ချစ်ချစ်ခင်ခင်ပေါ့။

ရွှင်လန်းချမ်းမြေ့ပါစေ

Thandar said...

ko bo yay..

after reading your recent post and comments, i feel a bit hesitate to launch my blog. :(

ဆောင်းချမ်းမိုး said...

မင်္ဂလာပါ.. ကိုကြီးဘို
လူတိုင်းပန်းကလေးတွေကိုချစ်တတ်ပါစေ
ပန်းကလေးတွေကလည်းအမြဲမွှေးပျံ့လှပနေပါစေ..

ချစ်သောဆောင်း

Libratun said...

My bad, I only want the good gardeners. :) nevertheless, It's ok to have different types of gardeners, I can adapt to them and most to most I will just have to leave some behind.
Because I only want the good ones.
:)