Showing posts with label အတွေးစများ. Show all posts
Showing posts with label အတွေးစများ. Show all posts

Tuesday, October 20, 2009

အတွေးစများ (၂)

နံနက် လင်းသစ်စ နေခြည်တို့က ခန်းဆီးစကို ထိုးဖောက်လို့ လွန့်လူး ၀င်ရောက် လာကြသည်။ နှိုးစက်သံအစား ငှက်ကလေးတွေ စိုးစီစိုးစီ အသံကို ကြားရ၏။ ဒီနေ့က တနင်္လာနေ့။ ရုံးသွားစရာ မလိုမှန်း အမှတ်ရတော့ အိပ်ယာထဲမှာ ဆက်လှဲ နေချင်မိသည်။ သို့သော် မထိတွေ့ရတာ ကြာပြီ ဖြစ်သော နံနက်ခင်းနေရောင်ကို လွမ်းဆွတ်စိတ်တို့ဖြင့် အိပ်ယာမှ လူးလဲထရင်း ကိုယ်လက် သန့်ရှင်းရေး လုပ်သည်။ နောက်တော့ အိမ်ရှေ့ ကားလမ်းမကြီး ရှိရာဘက်သို့ ဆင်းလျှောက်ကာ နေစာလှုံရင်း သရက်ပင်တန်းတွေ အောက်က ခုံတန်းတစ်ခုပေါ် ကျွန်တော် ခပ်ဖျော့ဖျော့ မှီထိုင်လိုက်မိ၏။ ကြည့်စမ်းပါအုံး။ အခုလို မထိတွေ့ ရတာ ကြာပြီ ဖြစ်တဲ့ နံနက်ခင်း နေရောင်ခြည်က ကျွန်တော် လွမ်းဆွတ်လှတဲ့ မြို့ကလေးဆီက နေရောင်ခြည် ပါပဲ။ ဒီနေရောင်ခြည်တွေက သူ့တနေ့တာတွေအတွက် ခွန်အားကို အရင်လို ဖြစ်နေစေတုန်းပဲ။ လန်းဆန်းတက်ကြွစေတုန်းပဲ။
နံနက်ခင်းမှာ တနေ့တာ လုပ်ငန်းစဉ်တွေအတွက် ခြေကုန်သုတ်ကာ သွားလာနေကြသော လူများကို ကျွန်တော် မြင်နေရသည်။ ကျွန်တော် သည်လဲ ဘာထူးပါသလဲ။ နံနက် ခုနှစ်နာရီမှာ အိပ်ယာကထ၊ ရေမိုးချိုး မနက်စာ စားပြီးလျင် ရုံးချိန်အမှီရောက်ဖို့ ဘတ်စ်ကားဂိတ်၊ ရထားဂိတ်ကို ပြေးရတာပါပဲ။ ရုံးမှာ တနေ့တာအတွက် အလုပ် ပြီးလျှင်လဲ ဘယ်မှ မသွားပဲ အိမ်တန်း ပြန်လျင် အိမ်ရောက်ချိန်က ည ရှစ်နာရီ။ သူငယ်ချင်းတွေနှင့် တွေ့ပြီး ဟိုဟိုဒီဒီ သွား၊ ဒါမှ မဟုတ် ညစာအတူစား၊ စကားစမည် ပြောပြီးမှ ပြန်လာမည် ဆိုရင်တော့ ည ဆယ်နာရီဆိုတာ အစောဆုံး ပြန်ရောက်ချိန်သာ ဖြစ်သည်။ အိမ်ပြန်ရောက်လျှင်လဲ ခဏတာနားပြီး ဂျီတော့ခ်ထဲဝင်၊ ဟိုအိမ် ဒီအိမ်လည်ကာ စာမျိုးစုံ ၀င်မြည်းကာ အော်ချင်တာတွေ အော်ခဲ့မည်။
ဒီလိုနဲ့ တနေ့တာ ကုန်ဆုံးသွားလျှင်တော့ ညဆိုတာ ရောက်လာအုံးမည်။ အို၊ ကြည့်စမ်းပါအုံး။ ည ဆိုတာနဲ့ ကျွန်တော် နှစ်ခြိုက်သော လရောင်ကို မထိတွေ့ပဲ မေ့လျော့လို့ နေခဲ့တာ ဘယ်လောက်တောင် ကြာနေခဲ့ပါလိမ့်။ လရောင်ဆမ်းတဲ့ ညတွေမှာ ကျွန်တော်က လရောင်အောက်မှာ ခိုလှုံရင်း စိတ်တွေ အေးချမ်း သိမ်မွေ့လို့ နေတတ်ခဲ့တာ အခုမှ အမှတ်ရသည်။ အခု နံနက်ခင်း နေရောင်ခြည် တွေကို မေ့လျော့နေသလိုမျိုး ကျွန်တော် လရောင်တွေကိုလဲ မေ့လျော့လို့ နေခဲ့သည်။ ကျွန်တော် အများကြီးကို မေ့လျော့ခဲ့တာပါလား။ ဟိုတနေ့ညက မိုးတွေ သည်းထန်စွာ ရွာရုံမက မိုးကြိုးလျှပ်စစ်တွေ တ၀င်းဝင်း၊ မိုးချုန်းသံတွေ တဂျိမ်းဂျိမ်းမှာ ကျွန်တော် ကြိုက်လှတဲ့ American Idol ကို ကြည့်ရင်း မြို့ကလေးမှာ ဒီအချိန်ဆို မိသားစု စုံစုံညီညီနဲ့ စကားဝိုင်းဖွဲ့ကောင်းတုန်း၊ မိုးခြိမ်းလျှင် ကြောက်တတ်သော မေမေနှင့် ညီမလေးကို စနောက် ပျော်ရွှင်နေခဲ့တာတွေ အမှတ်ရပြီး လွမ်းဆွတ်လို့ သွားခဲ့သည်။ သို့သော် ကျွန်တော် မြတ်နိုးလှသော မိုးမှုန်တွေပါသည့် လေအေးအေးတွေကို တမေ့တမောကြီး ရှူရှိုက်လိုက်ဖို့ ကိုတော့ မေ့လျော့နေခဲ့မိသည်။ မြို့ကလေးရှိ မြို့လည်အင်း ဘေးမှာ သွားသွားထိုင်ပြီး ကန်ရေပြင်ကို ငေးမောရင်း စိတ်ကူးတွေ လေနှင်ရာ လွှင့်တင်ခဲ့ဖူးတာ အမြဲ အမှတ် ရလို့ နေခဲ့သည်။ သို့သော် အိမ်နားကနေ ဆယ့်ငါးမိနစ်လောက် ကား စီးသွားလိုက်လျှင် ရောက်သော ကန်ကျယ်ကြီး တစ်ခုသို့ ဓာတ်ပုံရိုက်ရန် မကြာခဏ သွားဖူးသော်လည်း ကန်ရေပြင်နံဘေးမှာ ငေးမောရင်း စိတ်တွေကို လွှင့်တင်ဖို့ မေ့လျော့ နေခဲ့သည်။ လျှပ်စစ်မီး ရှားပါးလှသော မြို့ကလေး ၏ ကြယ်တွေစုံတဲ့ ညတွေမှာ ကျွန်တော် အိမ်ပြင်ထွက်ပြီး မြက်ခင်းပေါ်မှာ လဲလျောင်းရင်း ကြယ်တွေကိုတိတ်တဆိတ် ကြည့်နေတတ်ခဲ့သည်။ ခုတော့ မီးရောင် ထိန်ထိန်ညီးကာ ညကို နေ့ထင်လောက်အောင် တောက်ပနေသော မြို့ပြ ညတွေမှာ ကြယ်တွေကို တိတ်တဆိတ် ငေးမောဖို့ မပြောနှင့်။ ကောင်းကင်မှာ ကြယ်တွေ ရှိလား မော့ကြည့်ဖို့တောင် မေ့လျော့လို့ နေခဲ့တာပါလား။
တကယ်ပါပဲ။ ကျွန်တော် မေ့လျော့စွာ ဖြတ်သန်း နေမိတဲ့ နေ့ရက်၊ ညတာတွေ များလွန်းနေခဲ့ပြီလား။ ဘာတွေ မေ့လျော့ထားမိခဲ့ပြီး ဘာတွေကို ဆက်လက် မေ့လျော့စွာ ဖြတ်သန်း နေမိအုံးမှာပါလိမ့်။ ကျွန်တော် ဒီသရက်ပင်တန်း အောက်က ခုံတန်းလေးတွေမှာ ထိုင်ရင်း ကြယ်တွေကို ငေးမောချင်လာသည်။ သူတို့လေးတွေကို အရင်လို လင်းလက်တောက်ပစွာနဲ့ တွေ့နိုင်ပါအုံး မည်လား။ လင်းလွန်းလှသည့် နီယွန်မီးတွေကို သူတို့အလင်းတွေ ထွင်းဖောက်နိုင်ကြပါ့မလား။ ကျွန်တော် မသေချာပါ။ လသာညများမှာတော့ လရောင်ကို ကောင်းကောင်း ခံစားလို့ ရနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါသည်။
အိုး၊ ကျွန်တော် သတိရသွား ပြန်ဘီ။ ဟိုတနေ့ နံနက်စောစောက သူငယ်ချင်းမလေး တစ်ယောက် သူနဲ့ အတူ အပြေးလေ့ကျင့်ခန်း လုပ်ဖို့ လှမ်းခေါ်သည်။ ကျွန်တော်က အပျင်းထူပြီး မလိုက်။ ပြီးတော့ ဆက်အိပ်လို့လည်း မရတော့တာနဲ့ မြို့ကလေးရဲ့ ဆောင်းနံနက်ခင်းတွေကို လွမ်းလို့ နေပြန်သည်။ လမ်းကို ကောင်းကောင်း မမြင်ရလောက်အောင် ထူပိတ်သော နှင်းထုတွေကို ထိုးခွဲပြီး ပြေးတိုင်း ကျွန်တော့် မျက်နှာကို ထိခတ်သည့် နှင်းမှုန်အေးအေးလေးတွေကို ကျွန်တော် ချစ်သည်။ ဒီမှာတော့ ကျွန်တော်ချစ်သည့် နှင်းမှုန်လေးတွေကို ထိတွေ့ခွင့် မရသော်လည်း စိမ်းလန်းတဲ့ ရှုခင်းနှင့် ပြေးလမ်းရှိနေသည်ပဲ။ တခါမှ ထ မပြေးကြည့်ဘူးပဲ မြို့ကလေးဆီက ဆောင်းနံနက်ခင်းကိုသာ လွမ်းဆွတ်နေမိသည့် ကျွန်တော့်ကိုယ် ကျွန်တော် ရယ်ချင်မိသွား၏။
တခါတရံမှာတော့ ဘ၀ဆိုတာကြီးမှာ ကိုယ် လိုချင်တာတွေချည်း အကုန်မရနိုင်တာ ကျွန်တော် သိသည်။ တခါတရံမှာ တခုလိုချင်လျှင် တစ်ခုကို စွန့်လွှတ်ရ တတ်သည်။ အရေးကြီးတာက ဘယ်အချိန် စွန့်လွှတ်ရမည်မှန်း မသိခင် ကိုယ်က အတတ်နိုင်ဆုံး တန်ဖိုးထား ခင်တွယ်ဖို့ပဲ မဟုတ်လား။ ဒီလိုမှ မဟုတ်လျှင်တော့ ကျွန်တော်တို့ အတိတ်လမ်းတွေကို ပြန် လျှောက်တိုင်း လွမ်းဆွတ် ကြည်နူးဖွယ်ရာ အချိန်လေးတွေ ပါးလျလို့ နေပါလိမ့်မည်။
လက်မောင်းပြင်မှာ စူးခနဲ။ ကြည့်လိုက်တော့ ခြင်တကောင်က ကျွန်တော့် လက်မောင်းသွေးတွေကို သူ့နံနက်စာ အဖြစ် အားရပါးရ သောက်င်္သုးနေသည်။ ကြည့်စမ်း၊ နံနက်ခင်း လင်းလင်း ခြင်းခြင်းမှာတောင် ဒီမျှ အတင့်ရဲနေလျှင် ညဘက်တော့ ပြောဖွယ်မရှိ။ သိုသော် ကျွန်တော်က ကြယ်တွေကို ငေးချင်သည်။ လရောင်ကို ခံစားချင်သည် မဟုတ်လား။ ဒီတော့ ဒီနေရာလေးမှာ လာထိုင် ငေးမောတိုင်း ခြင်ကိုက်တာလောက်ကို ခံနိုင်ရည် ရှိရ မည်ပေါ့။
ခုံတန်းလေးပေါ်ကထပြီး သရက်ပင်တန်းတွေ အောက်က ထွက်လိုက်သည်။ အရိပ်ကနေထွက်မှ အပြင်မှာ နေအပူချိန် တော်တော်ပြင်းနေမှန်း သိရ၏။ နေ့အလင်း စူးစူးကို မကြည့်ဖြစ်တာ ကြာတော့ ကျွန်တော့် မျက်လုံးတွေက ကျိန်းရှေ၀၀ါး သွားသည်။ ကမ္ဘာကြီး ဘယ်လောက်ပူနွေးဆူဝေလာပြီလဲ။ အဲဒီအတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲ။ ကျွန်တော်ကရော ဒီကမ္ဘာမြေကြီးကို ဘယ်လောက် ပြန်လည် စောင့်ရှောက်ခဲ့ ပြီလဲ။ တော်ပြီ။ ဆက်မတွေးချင်တော့။ ကျွန်တော့်အခန်းလေး ရှိရာဘက်ဆီ ပြန်လာခဲ့သည်။ လှေခါးထစ်တွေ အများကြီး။ တက်လိုက်ဆင်းလိုက်။ တ၀ဲဝဲ လည်ပြီး ဝေ့မသွားအောင် ကြိုးစားရအုံးမည်။ ဟိုးရှေ့မှာတော့ စိမ်းစိုလန်းဆတ်သည့် လောကကြီးက သူ့ဟာသူ နေ့၊ည၊ ရက်၊ လ၊ ရာသီ တွေကို ပုံမှန် ခုတ်မောင်းလို့။

ရေးသားသူ - မိုးကုတ်သား

Monday, March 23, 2009

အိပ်မက်တွေ (၁)

အခုတလော ကျွန်တော် အိပ်မက်တွေ မက်ပြီး အစောကြီး နိုးနိုးနေတတ်သည်။ များသောအားဖြင့် အိပ်မက်တွေက ဖေဖေ၊ မေမေ၊ ညီ၊ ညီမလေးတွေနဲ့ မြို့ကလေး၊ အဲ့တာတွေ ဆီကိုပဲပေါ့။ မထူးဆန်းလှဘူး ဆိုသော်လည်း ကျွန်တော် အိမ်ကို လွမ်းနေပါသည်။ ခု နောက်ပိုင်းမှာတော့ သူတို့တွေရဲ့ အိပ်မက်က ဘာ တွေလဲ။ ကျွန်တော် သိချင်နေသည်။ ဖေဖေ၊ မေမေတို့ရဲ့ အိပ်မက်တွေက ဘာလဲ။ ညီ၊ ညီမလေးတွေရဲ့ အိပ်မက်တွေကဘာလဲ။ သူတို့အိပ်မက်တွေအတိုင်း ဘာတွေကို အကောင်အထည် ဖော်နိုင်ခဲ့ပြီး ဘာတွေကတော့ ဘယ်တော့မှ ဖြစ်မလာနိုင်တော့မဲ့ အိပ်မက်တွေလဲ။ ကျွန်တော့်အိပ်မက်ကတော့ ခုလောလောဆယ်မှာ ရှင်းရှင်းလေး။ အချိန်တန်လျှင် အိမ်ပြန်ပီး မိသားစုတွေ သိုက်သိုက်ဝန်းဝန်း ပြန်နေကြဖို့၊ ဖေဖေနဲ့ မေမေကို ပြုစုဖို့။ နောက်ပြီး သူတို့တတွေရဲ့ အိပ်မက်တွေကို ကျွန်တော် တတ်နိုင်သမျှ ကူညီ အကောင် အထည်ဖော်ပေးဖို့။
ကျွန်တော် အိပ်မက်များစွာ မက်ခဲ့ဖူးပါသည်။ ဖြစ်လာခဲ့သည့် အိပ်မက်တွေလဲ ရှိသည်။ ဖြစ်မလာခဲ့သည့် အိပ်မက်တွေလဲ ရှိသည်။ နောက်ပြီး မေ့လျော့သွားသော အိပ်မက်တွေလဲ ရှိခဲ့သည်။ လက်တွေ့ဘ၀အတွက် ဖြစ်နိုင်ချေရှိသော အိပ်မက်တွေလဲ ရှိသလို ဖြစ်ချင်စိတ်သက်သက်နှင့် စိတ်ကူးယဉ် ဆန္ဒအိပ်မက် သက်သက် တွေလဲ ရှိသည်။
ကျွန်တော့် အိပ်မက်တွေကို ခဏ လွှတ်ချထားရင်း ဖေဖေ၊ မေမေနဲ့ ညီလေး၊ ညီမလေးတွေရဲ့ အိပ်မက်တွေကို ကျွန်တော် လိုက်လံ ဖမ်းဆုပ်နေမိသည်။ အဲတာတွေနှင့် ပတ်သက်ပြီး ကျွန်တော့်ဆီ စာရေးဖို့ မှာထားသည်။ ၀မ်းကွဲညီမလေး သယ်လာသော အိမ်ကစာ တစ်ထပ်ကြီးကို ၀မ်းသာအားရ ဖတ်ရင်း ကျွန်တော် အိမ်အလွမ်းတချို့ သက်သာရာ ရသွား၏။ နောက်တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။ အိပ်မက်တွေ မမက် တော့သော်လည်း ထုံးစံအတိုင်း နံနက်စောစော နိုးလာတော့ ပျောက်ဆုံးနေသော ကျွန်တော့်ကိုယ် ကျွန်တော် ပြန်တွေ့ ရသလို ခံစားရသည်။
ကျွန်တော်တို့ ဘ၀တွေမှာ ဖြစ်လာခဲ့သော အိပ်မက်တွေ ရှိသလို ဖြစ်မလာခဲ့သော အိပ်မက်သေတွေလဲ ရှိသည်။ တစ်ချို့ အိပ်မက်တွေက အိပ်မက်သက်သက်မျှသာ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အိပ်မက်တွေ မမက်လို့ မဖြစ်။ အိပ်မက်တွေ ဆက်မက်နေဖို့ လိုအပ်သည်။ ဒါတွေကို ဖေဖေနဲ့ မေမေ၊ ညီ၊ ညီမလေးတွေ သိအောင် ကျွန်တော် ပြောပြချင်ပါသေးသည်။ အဲဒါတွေကို ပြောပြနိုင်ဖို့အတွက် သူတို့ အိပ်မက်တွေကို ကျွန်တော် အရင် သိအောင်လုပ်ရပါအုံးမည်။
ရေးသားသူ - ဖိုးတာ

Thursday, March 19, 2009

အတွေးစများ (၁)

မနက် အိပ်ယာထ နောက်ကျ ပြန်ပြီ။ အလောသုံးဆယ် ရေမိုးချိုးပြီး ထွက်လာတော့ ပုံမှန် အိမ်က ထွက်ချိန်ထက် မိနစ်နှစ်ဆယ်လောက် နောက်ကျနေသည်။ ဘတ်စ်ကားကလဲ တော်တော်နှင့်ရောက်မလာတော့ လူက စိတ်သိပ် မရှည်ချင်တော့။ လမ်းလျှောက်ပြီး ဘူတာကို သွားလိုက်ရမလား စဉ်းစားပြန်တော့ ဆယ့်ငါးမိနစ်လောက် လမ်းလျှောက်ရအုံးမည်။ ကဲ မထူးတော့။ ကားသာ စိတ်ရှည်ရှည်ထားပြီး စောင့်ပေတော့။ ဆယ်မိနစ်ကျော်လောက်မှ ကားရောက်လာတော့ စိတ်က တော်တော်နှင့်မလာနိုင်သော ကားအပေါ် မရှိတော့။ နှိုးစက်ပိတ်ပြီး ဆက်အိပ်နေမိသော ကိုယ့်ကိုကိုယ်သာ အပြစ်တင်ရမည် မဟုတ်လား။ ဘူတာရောက်တော့ ကားပေါ်က အပြေးအလွှား ဆင်းမိပြန်သည်။ ခု လာနေသည့်ရထား လွတ်သွားလျှင် နောက် လာမည့် ရထားကို လေး၊ ငါးမိနစ် လောက် ဆက်စောင့်နေရ အုံးမည်လေ။
"ဒေါက်"
ကားပေါ်က အဆင်းမှာ ကြားလိုက်ရသော အသံကြောင့် အသံလာရာကို ကြည့်တော့ ကျွန်တော့်ဖုန်းကလေး။ ဖုန်းအိတ်ထဲက လွှင့်ကျသွားခြင်း ဖြစ်သည်။ သွားပါဘီ။ ကွန်ကရိ ကြမ်းပြင်ပေါ် လွှင့်ကျမှတော့ တခုခု ဖြစ်ပီပေါ့။ ဖုန်းအိတ်ကလေးက ခုတလော ခပ်ချောင်ချောင် ဖြစ်နေတာကို မေ့နေမိတာကိုး။ လွှင့်ကျသွားသောဖုန်းကို ပြန်ကောက်ပြီး ဘူတာဘက် သုတ်ချေတင်ရင်း စစ်ဆေးကြည့်တော့ ဖုန်းဆားဗစ်စ်က အလုပ်လုပ်နေသေးသည်။ တော်ပါသေးရဲ့။ ဒါပေမဲ့ ဖုန်းထောင့်နားက အဖြူရောင် မက်တယ်လ်နှင့် အနက်ရောင် ဘော်ဒီမှာတော့ တော်တော်လေး ပွန်းရှသွား ခဲ့ပြီ။ ဘယ်လိုမှ အရင်လို အပြစ်အနာအဆာ ကင်းကင်း ပြန် မဖြစ်နိုင်တော့။ တခါတခါမှာတော့ ကျွန်တော်တို့တစ်တွေ အဲဒီလို မတော်တဆဖြစ်မှုတွေနှင့် အမှားတစ်ချို့ လုပ်မိရင်း ဘ၀မှာ ခုလို ပွန်းပဲ့ရာ အပြစ်အနာအဆာတွေ ကြုံရတတ်သည်။ ထို အနာအဆာများကို ကျွန်တော်တို့ တိုက်ချွတ်ဆေးကြောလို့ ရတာတွေ ရှိသည်။ ခု ဖုန်းကလေးလို တိုက်ချွတ်ဆေးကြောမရပဲ ထာဝရ ပွန်းပဲ့ စွန်းထင်း သွားရတာလဲ ရှိမည်။ အဲဒီလို တိုက်ချွတ် ဆေးကြောမရတော့သော အနာအဆာတွေ များမလာအောင် ကျွန်တော်ကိုယ်တိုင်က သတိပြု နေထိုင်ရမည် မဟုတ်လား။ သို့သော် ကျွန်တော်က ယခုကဲ့သို့ အခါများစွာ နမော်နမဲ့နိုင် မေ့လျော့တတ်လွန်းပါသည်။
မရည်ရွယ်ပဲ ဖြစ်တတ်ခဲ့သော အမှားများအတွက် ဆင်ခြင်တွေးတောစရာ စာတိုလေးတွေကို ဖတ်နိုင်အောင် ဒီနေရာလေးမှာ လာသိမ်းထားပါတယ်။

Mistakes are a part of being human. Appreciate your mistakes for what they are: precious life lessons that can only be learned the hard way. Unless it's a fatal mistake, which, at least, others can learn from.
Al Franken, "Oh, the Things I Know", 2002

The greatest mistake you can make in life is to be continually fearing you will make one.
Elbert Hubbard (1856 - 1915)

Experience is that marvelous thing that enables you to recognize a mistake when you make it again.
Franklin P. Jones

When you make a mistake, don't look back at it long. Take the reason of the thing into your mind and then look forward. Mistakes are lessons of wisdom. The past cannot be changed. The future is yet in your power.
Hugh White (1773 - 1840)

If you have made mistakes, even serious ones, there is always another chance for you. What we call failure is not the falling down but the staying down.
Mary Pickford (1893 - 1979)

To avoid situations in which you might make mistakes may be the biggest mistake of all.
Peter McWilliams, Life 101

Creativity is allowing yourself to make mistakes. Art is knowing which ones to keep.
Scott Adams (1957 - ), 'The Dilbert Principle'

မျှဝေခံစားသူ - မိုးကုတ်သား