Monday, March 23, 2009

အိပ်မက်တွေ (၁)

အခုတလော ကျွန်တော် အိပ်မက်တွေ မက်ပြီး အစောကြီး နိုးနိုးနေတတ်သည်။ များသောအားဖြင့် အိပ်မက်တွေက ဖေဖေ၊ မေမေ၊ ညီ၊ ညီမလေးတွေနဲ့ မြို့ကလေး၊ အဲ့တာတွေ ဆီကိုပဲပေါ့။ မထူးဆန်းလှဘူး ဆိုသော်လည်း ကျွန်တော် အိမ်ကို လွမ်းနေပါသည်။ ခု နောက်ပိုင်းမှာတော့ သူတို့တွေရဲ့ အိပ်မက်က ဘာ တွေလဲ။ ကျွန်တော် သိချင်နေသည်။ ဖေဖေ၊ မေမေတို့ရဲ့ အိပ်မက်တွေက ဘာလဲ။ ညီ၊ ညီမလေးတွေရဲ့ အိပ်မက်တွေကဘာလဲ။ သူတို့အိပ်မက်တွေအတိုင်း ဘာတွေကို အကောင်အထည် ဖော်နိုင်ခဲ့ပြီး ဘာတွေကတော့ ဘယ်တော့မှ ဖြစ်မလာနိုင်တော့မဲ့ အိပ်မက်တွေလဲ။ ကျွန်တော့်အိပ်မက်ကတော့ ခုလောလောဆယ်မှာ ရှင်းရှင်းလေး။ အချိန်တန်လျှင် အိမ်ပြန်ပီး မိသားစုတွေ သိုက်သိုက်ဝန်းဝန်း ပြန်နေကြဖို့၊ ဖေဖေနဲ့ မေမေကို ပြုစုဖို့။ နောက်ပြီး သူတို့တတွေရဲ့ အိပ်မက်တွေကို ကျွန်တော် တတ်နိုင်သမျှ ကူညီ အကောင် အထည်ဖော်ပေးဖို့။
ကျွန်တော် အိပ်မက်များစွာ မက်ခဲ့ဖူးပါသည်။ ဖြစ်လာခဲ့သည့် အိပ်မက်တွေလဲ ရှိသည်။ ဖြစ်မလာခဲ့သည့် အိပ်မက်တွေလဲ ရှိသည်။ နောက်ပြီး မေ့လျော့သွားသော အိပ်မက်တွေလဲ ရှိခဲ့သည်။ လက်တွေ့ဘ၀အတွက် ဖြစ်နိုင်ချေရှိသော အိပ်မက်တွေလဲ ရှိသလို ဖြစ်ချင်စိတ်သက်သက်နှင့် စိတ်ကူးယဉ် ဆန္ဒအိပ်မက် သက်သက် တွေလဲ ရှိသည်။
ကျွန်တော့် အိပ်မက်တွေကို ခဏ လွှတ်ချထားရင်း ဖေဖေ၊ မေမေနဲ့ ညီလေး၊ ညီမလေးတွေရဲ့ အိပ်မက်တွေကို ကျွန်တော် လိုက်လံ ဖမ်းဆုပ်နေမိသည်။ အဲတာတွေနှင့် ပတ်သက်ပြီး ကျွန်တော့်ဆီ စာရေးဖို့ မှာထားသည်။ ၀မ်းကွဲညီမလေး သယ်လာသော အိမ်ကစာ တစ်ထပ်ကြီးကို ၀မ်းသာအားရ ဖတ်ရင်း ကျွန်တော် အိမ်အလွမ်းတချို့ သက်သာရာ ရသွား၏။ နောက်တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။ အိပ်မက်တွေ မမက် တော့သော်လည်း ထုံးစံအတိုင်း နံနက်စောစော နိုးလာတော့ ပျောက်ဆုံးနေသော ကျွန်တော့်ကိုယ် ကျွန်တော် ပြန်တွေ့ ရသလို ခံစားရသည်။
ကျွန်တော်တို့ ဘ၀တွေမှာ ဖြစ်လာခဲ့သော အိပ်မက်တွေ ရှိသလို ဖြစ်မလာခဲ့သော အိပ်မက်သေတွေလဲ ရှိသည်။ တစ်ချို့ အိပ်မက်တွေက အိပ်မက်သက်သက်မျှသာ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အိပ်မက်တွေ မမက်လို့ မဖြစ်။ အိပ်မက်တွေ ဆက်မက်နေဖို့ လိုအပ်သည်။ ဒါတွေကို ဖေဖေနဲ့ မေမေ၊ ညီ၊ ညီမလေးတွေ သိအောင် ကျွန်တော် ပြောပြချင်ပါသေးသည်။ အဲဒါတွေကို ပြောပြနိုင်ဖို့အတွက် သူတို့ အိပ်မက်တွေကို ကျွန်တော် အရင် သိအောင်လုပ်ရပါအုံးမည်။
ရေးသားသူ - ဖိုးတာ

3 comments:

Anonymous said...

အရေးအဖွဲ့ကောင်းတယ်၊
အိပ်မက်တွေကို မြတ်နိုးတဲ့သူဟာ
နှလုံးသားလှပသူသာ ဖြစ်လိမ့်မယ်။

Lucifer said...

မျှော်လင့်ချက်ကြီးပါပေတယ်.. အကို့စိတ်ကူးတိုင်းက မိသားစုနဲ့ကင်း လွတ်တယ်မရှိသလို.. မိသားစုအတွက်အမြဲးရှေ့ကနေရပ်နေတတ်တဲ့ အကို့ရဲ့ကြိုးစားမှုတွေအတွက်ဂုဏ်ယူပါတယ်..

နွေးနေခြည် said...

ခံစားချက်တွေကို တိုက်ရိုက်မဖော်ပြပဲ သွယ်ဝိုက်သောနည်းနဲ့ ဖော်ပြထားတာပဲ.. ကောင်းတယ် အကိုမိုးကုတ်