Showing posts with label Tag Post. Show all posts
Showing posts with label Tag Post. Show all posts

Wednesday, May 5, 2010

“လူချွန်လူကောင်း”


ဖွားမေ့ (ခေါ်) မက်မက် က မြန်မာသံစဉ်စစ်စစ်သီချင်း ဆိုပြီး တက်ဂ်ထားပါတယ်။ စည်းကမ်းချက် ငါးခုနဲ့ပါ..။

“မြန်မာသံစဉ် စစ်စစ် ဖြစ်ရမယ်” တဲ့.. (ဘောင်ဝင်မယ် ထင်ပါတယ်)

“ဗုဒ္ဓဝင်တေး မဖြစ်ရဘူး၊ ရှေးသီချင်းဆိုလည်း ရတယ်” ဆိုတော့ ကျွန်တော် ကြိုက်တဲ့ ကိုအံ့ကြီး သီချင်းတွေပဲ ပြေးမြင်မိပါတယ်...
ဦးဆုံး ကသစ်ပန်း ကို တင်မယ်ဆို ပို့စ် ပြင်ဆင်ပြီးကာမှ နောက်ကား ကျော်တက်ခြင်း ခံလိုက်ရတဲ့အတွက် လူချွန်လူကောင်း သီချင်းကိုပဲ တင်မယ် ဆုံးဖြတ်လိုက်တယ်...

“အချစ်တေးသီချင်းသာ (အလွမ်း၊ အဆွေး နှစ်သက်ရာ) ဖြစ်ရမယ်” သတ်မှတ်ထားပေမဲ့ ကျွန်တော် တင်ချင်တဲ့ သီချင်းက စည်းကမ်း ဖောက်သလို ဖြစ်နေပါရောလား......

“ပို့စ် ခေါင်းစဉ်က သီချင်း ခေါင်းစဉ် ဖြစ်ရမယ်” ..... ဒါတော့

“သီချင်းစာသား ပါ ရမယ်” လို့ စည်းကမ်း ထုတ်ထားတော့.. ဒီသီချင်းရဲ့ စာသား ရှာမရလို့ သီချင်းဖွင့် နားထောင်ပြီး.... နားထဲ ကြားမိသမျှ ချရေးရတာပေါ့..။ အမှားများ ပါခဲ့ရင်လဲ ပြင်ဆင်ပေးခဲ့ကြပါခင်ဗျာ.....

ကျွန်တော်တို့ မြန်မာတွေ အမျိုးကောင်းသား/သမီးများ..... “လူချွန်လူကောင်း” များ.... အဖြစ် နိုင်ငံတကာမှာ လက်မထောင် မော်ကြွားနိုင်သူတွေ ဖြစ်ကြပါစေ......။











“လူချွန်လူကောင်း


တေးရေး = မြို့ မငြိမ်း
တေးဆို = ကိုအံ့ကြီး



ရှုမဆုံးတော့သည်.......
စိမ်းလဲ့လဲ့ နှစ်စဉ်.. လယ်ကွင်းတွေက တမျှော်တခေါ် စိုပြေလွင်...
ရိတ်သိမ်းချိန် ဆိုပြန်လျှင်...ဝင်းမှည့်ရွှေစင်အိသို့ပင်....
စပါးနှံတွေနဲ့ အသီးတွေ သန်မြန်အောင်.. မြင်......။
မနက်ခင်း စိတ်ရွှင်... လန်း..ကြစေ ဆွဲငင်....ဥသြသံနွဲ့ နာပျော်.. ကြည်ကြည်လင်...
လုပ်ငန်းခွင် ကိုယ်စီဝင်.... စက်ရုံပြည်နယ် အရပ်ရပ်တွင်....
ကျည်း.. ရေ... တစ်ခွင်က... ရောင်းဝယ် စုန်ဆန်..သာစည်ပင်....။
လူချွန်လူကောင်းများတို့... ပေါင်းစုအားတွင်...
ကျွန်တော့်မိတ်ဆွေတွေကို... ကြည်ညိုစွာ.. မြင်... လိုက်ချင်....
ဗမာ့သားကောင်းများကို... အဆိုအတီးမှုနဲ့ပင်... ရို.. သေ.. ခင်မင်...
အား.. တက်... အလေးပြုလျှက်ပဲ... အ... စဉ်.........။

ရှုမဆုံးတော့သည်.......
စိမ်းလဲ့လဲ့ နှစ်စဉ်.. လယ်ကွင်းတွေက တမျှော်တခေါ် စိုပြေလွင်...
ရိတ်သိမ်းချိန် ဆိုပြန်လျှင်...ဝင်းမှည့်ရွှေစင်အိသို့ပင်....
စပါးနှံတွေနဲ့ အသီးတွေ သန်မြန်အောင်.. မြင်......။
မနက်ခင်း စိတ်ရွှင်... လန်း..ကြစေ ဆွဲငင်....ဥသြသံနွဲ့ နာပျော်.. ကြည်ကြည်လင်...
လုပ်ငန်းခွင် ကိုယ်စီဝင်.... စက်ရုံပြည်နယ် အရပ်ရပ်တွင်....
ကျည်း.. ရေ... တစ်ခွင်က... ရောင်းဝယ် စုန်ဆန်..သာစည်ပင်....။
လူချွန်လူကောင်းများတို့... ပေါင်းစုအားတွင်...
ကျွန်တော်တို့မိတ်ဆွေတွေကို... ကြည်ညိုစွာ.. မြင်... လိုက်ချင်....
ဗမာ့သားကောင်းများကို... အဆိုအတီးမှုနဲ့ပင်... ရို.. သေ.. ခင်မင်...
အား.. တက်... အလေးပြုလျှက်ပဲ... အ... စဉ်.........။


ကစားခုန်စား စွမ်းအားဘက်တွင်.... စံချိန်ရင်ဘောင် တန်းလိုက်လျက်ပင်.....
ခေတ်မှီမှီ ကမ္ဘာကြီး ကြည့်မြင်... သန်မြန်ယောက်ျားဘသားလျှင်...
လျှပ်စစ်အား အသုံးများတဲ့အပြင်... တွင်တွင်ကျယ်ကျယ် ထက်အောက်မြေတခွင်...
သစ်ပင်တွေ.. မြေတွင်း ဓာတ်တွေ.... ဖော်ယူနိုင်စွမ်း တတ်ကျွမ်းကျင်...၊
ကမ္ဘာမြေ ပထဝီဝင်.... ကမ္ဘာ့သမိုင်း.. ရာဇဝင်........ သုံး.. သပ် လေ့လာ.. သင်.....
အကြံဥာဏ် ဝေဖန်.. မျှော်လို့.. မြင်...... ငါတို့ပြည်ထောင်စုတွင်....
ကမ္ဘာ့ရေကြောင်း.. သင်္ဘော မောင်းနှင်.....၊ ရေပြင် ရေပြင် နှံ့စပ်စုံလင်...
တို့ လူချွန်လူကောင်း တစ်စုတွင်... ပါဝင် တစ်ယောက်ဆို တစ်အား..ပင်.....။

ဆရာဝန် ပညာတွေကိုသင်....ခေတ်ရော ရှေးမှီ သမားကျော်များပင်...
လူထုကို ကိုယ်နဲ့ထပ်တူ..ချစ်ခင်.. ရင်ဝယ်... ထား......
ညွှန်ကြား... ညွှန်ကြား...... သန်ထွားကျန်းမာ ကြံ့ခိုင်အားအင်........
ခလေးလေးတွေ ပညာရရှိဖို့တော့... အဖမည် ပုံတွင်.... အာစရိတွေပင်....
ခလေးလေးတွေ ပညာရရှိဖို့တော့... အဖမည် ပုံတွင်.... အာစရိတွေပင်....
လူချွန်လူကောင်းလေးတွေဖြစ်အောင်... မြေတောင်.. မြှောက်ကာ မြင့်တင်...

ကစားခုန်စား စွမ်းအားဘက်တွင်.... စံချိန်ရင်ဘောင် တန်းလိုက်လျက်ပင်.....
ခေတ်မှီမှီ ကမ္ဘာကြီး ကြည့်မြင်... သန်မြန်ယောက်ျားဘသားလျှင်...
လျှပ်စစ်အား အသုံးများတဲ့အပြင်... တွင်တွင်ကျယ်ကျယ် ထက်အောက်မြေတခွင်...
သစ်ပင်တွေ.. မြေတွင်း ဓာတ်တွေ.... ဖော်ယူနိုင်စွမ်း တတ်ကျွမ်းကျင်...၊
ကမ္ဘာမြေ ပထဝီဝင်.... ကမ္ဘာ့သမိုင်း.. ရာဇဝင်........ သုံး.. သပ် လေ့လာ.. သင်.....
အကြံဥာဏ် ဝေဖန်.. မျှော်လို့.. မြင်...... ငါတို့ပြည်ထောင်စုတွင်....
ကမ္ဘာ့ရေကြောင်း.. သင်္ဘော မောင်းနှင်.....၊ ရေပြင် ရေပြင် နှံ့စပ်စုံလင်...
တို့ လူချွန်လူကောင်း တစ်စုတွင်... ပါဝင် တစ်ယောက်ဆို တစ်အား..... ပင်........။






မေတ္တာဖြင့်
မိုးကုတ်သား

Wednesday, March 17, 2010

“မျောက်စိတ်တို” မေးသော မိုးကုတ်သား (စနေသား) ရဲ့ “ခုတလော”




“ခုတလော” ဆိုတာကို “မျောက်စိတ်တို” တက်ဂ်လာလို့ ရေးမယ် ကြံတော့မှ အရင်က “စနေသား နဲ့ ခုတလောများ....” ကို သွား သတိရတယ်။ အဲဒီထဲက “ခုတလော” တွေနဲ့ အခုလက်ရှိ “ခုတလော” တွေက မတူကြတော့ဘူး။ အင်း.. ဒါကြောင့်လဲ ကျွန်တော်က အပြောင်းအလဲ များတယ် သတ်မှတ်ခံရတာ မဆန်းပါဘူး..။ တကယ်တမ်းကတော့ အရာရာတိုင်းက စက္ကန့်နဲ့အမျှ ပြောင်းလဲနေကြတာ မဟုတ်လား..။ တရားသဘောနဲ့ လိုရာဆွဲပြောပါတယ်....။ ဟဲ... ဟဲ..။

လက်ရှိ “ခုတလော” မှာ ကျွန်တော် ဘာတွေလုပ်၊ ဘာတွေတွေးပြီး.. ဘာတွေ ဖြစ်နေပါလိမ့်။ တစ်ခါမှ ကိုယ့်ကိုယ်ကိုယ် ပြန်မစဉ်းစားတာ ကြာပြီ။ လူနဲ့စိတ်နဲ့....အင်း..... ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် အခန့်မသင့်လို့ ခွာပြဲနေတာလဲ ကြာပေါ့။ “မျောက်စိတ်တို” လက်တို့မေးမှ လူနဲ့စိတ်နဲ့ ပြန်ပေါင်းဖက်ဖို့ သတိရတော့တယ်။ အဲဒီအတွက် ကျေးဇူးပါ..။


“ခုတလော”

တွေးမိနေတာက

ကိုယ် နားမလည်နိုင်တဲ့ ကိုယ့်စိတ်တွေအကြောင်းပါ။ စိတ်တွေ အလိုလိုက်တာ များပြီ..။ ဖြစ်သင့်တာ.. လုပ်သင့်တာထက်.. ကိုယ့်စိတ်ပျော်ရွှင်မှုတွေနောက်သာ တတမ်းတမ်းစွဲလိုက်နေရင်း.. ပျော်ရွှင်လိုက်.. ဝမ်းနည်းလိုက်....။ တွေးကြည့်မိတော့.. အရာအားလုံးက အကောင်းအဆိုး ဒွန်တွဲနေကြတာချည်းပဲ..။ စိတ်ပျော်ရွှင်မှုနောက် လိုက်ချင်ရင် စိတ်ဆင်းရဲမှုတွေကိုလဲ ကြုံရ၊ လက်ခံရမယ်။ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်လာအောင် ကြီုးစားလို့ မရတဲ့ တစ်ချို့သော ကိစ္စတွေမှာ.. လက်လွှတ်သင့်တာ.. လက်လွှတ်ရမယ်။ လောဘသိပ်မကြီးနဲ့။ အပျော်အပါး မမက်နဲ့..။ အဲဒီလို ကိုယ့်ဘာသာ သတိ ခဏခဏပေးဖို့ တွေးနေမိတယ်။

နောက်တစ်ခုက.. လူတွေကို ကိုယ်ကချည်းပဲ ချစ်ခင်နေရရင် ကျေနပ်နေတတ်ခဲ့တဲ့ ကျွန်တော် ဟာ... ခုတော့...... တစ်ဦးတည်း.. တစ်ယောက်တည်းဆီက အချစ်ခံရဖို့..၊ တန်ဖိုးထား၊ မြတ်နိုးမှုကို .... ငတ်မွတ်နေတတ်သူ တစ်ယောက်အဖြစ် ဘာတွေက ပြောင်းလဲသွားစေတာလဲ..။ တွေးမရတာကို ထပ်.. ထပ် တွေးနေမိတယ်..။


ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက

“အချစ်မှာ ကျွန်တော်က အတ္တကြီးတယ်” တဲ့..။


ကျန်းမာရေး

လူက ကျန်းမာတယ်။ စိတ်ကတော့ မကျန်းမာဘူး.. (ဆေးရုံတော့ မတက်ခိုင်းကြနဲ့။...။ ကိုယ့်ရောဂါအတွက် ပျောက်စေဆရာ ရှိတယ်.. ဟဲဟဲ)

ဖတ်ဖြစ်နေတာက

ကိုယ့်စိတ်ကိုယ်...။ ခုတလော ထူးထူးဆန်းဆန်း.. မကြုံဖူးတာတွေ သူ့ထဲက ထွက်ထွက်လာလို့..။ (သို့သော်.. ဖတ်သာဖတ်တယ်..။ နားမလည်...။)

ဒီနေ့မနက် ဖတ်ဖြစ်တာက ဥယာဉ်မှူးလေး ဇက် ရဲ့ “ဟာသနဲ့ဆန့်ထွက်တွေးခြင်း (၂)” ပါ။ ရင်ဘတ်ထဲ ရောက်လာတဲ့ ဇက် ရဲ့ အတွေးတွေကို ဒီကနေ မျှပေးချင်ပါတယ်။

လူနာ ။ ။ ဆရာ ... ကျွန်မ ကော်ဖီသောက်တိုင်း မျက်လုံးအောင့်တယ်။
ဆရာဝန်။ ။ ဇွန်းကို ဖယ်ပြီးသောက်ပါ။

.... ဟာသက တိုတိုလေးပဲ ...။ ဒါပေမယ့် အရှည်ကြီးတွေးမိတယ်။ ဇွန်းမဖယ်ဘဲ သောက်ခဲ့တဲ့ ကော်ဖီခွက်တွေနဲ့ တူတဲ့ တခြားအရာတွေ။ ... အဲဒီတုန်းက ဒီဟာသကို တစ်သက်လုံး မှတ်မိနေမယ်လို့ မသိခဲ့သေးဘူး။ ဒါပေမယ့် ဒီဟာသရဲ့ လွှမ်းမှိုးမှုက တော်တော်လေး ရှိခဲ့ပါတယ်။ သူငယ်ချင်း တစ်ယောက်လည်း ဒီဟာသကို အရမ်းကြိုက်ပါတယ်။ သူ စိတ်ညစ်စရာ မဟုတ်တာကို စိတ်ညစ်နေတဲ့ အခါတိုင်းမှာ "ဇွန်းဖယ်လိုက်ပါ" လို့ပြောပြီး သတိပေးလေ့ ရှိပါတယ်။ .... ဒီဟာသလေးဟာ တကယ်ပဲ အသုံးဝင်ခဲ့ပါတယ်။ ... ဒီနေ့လည်း ဟာသလေးတစ်ပုဒ် ဖတ်လိုက်ရပါတယ်။

ကုန်စုံဆိုင်ဖွင့်ဖူးတဲ့ ဆရာဝန်ကြီးတစ်ယောက်ဟာ အံ့မခန်း ကုသမှုတွေကြောင့် နာမည်ကြီးနေတယ်။
အဘွားအိုတစ်ယောက် တောင်ဝှေးကို ကိုင်ပြီး တုန်ချိတုန်ချိနဲ့ ကုသခန်းထဲ ဝင်သွားတယ်။ မကြာဘူး မတ်မတ်ကြီး ပြန်လျှောက်ပြီး ထွက်လာတယ်။ ကုသခံဖို့ထိုင်စောင့်နေတဲ့ သူတွေက ၀ိုင်းမေးတယ်။
ဆရာကြီးက အဘွားကို ဘယ်လို ကုပေးလိုက်တာလဲ ။
"အော် တောင်ဝှေးပိုရှည်တာ လဲပေးလိုက်တယ်လေ"

အဲဒါလေးဖတ်ပြီး တော်တော်သဘောကျနေပါတယ်။ တစ်ခါတစ်ခါ ထင်ထားတာက ပြဿနာမဟုတ်ဘူး။ ပြဿနာက ကိုယ့်ရဲ့ တောင်ဝှေးအပုလေးပဲ။ အဲဒီ တောင်ဝှေးအပုလေးကြောင့် ခါးကိုင်းနေတာမျိုးဖြစ်နေတတ်တယ်။ စိတ်ထဲမှာ ကိုင်ထားတဲ့ တန်ဖိုးထားမှုတွေဟာ အဘွားအိုကိုင်ထားခဲ့တဲ့ တောင်ဝှေးပုလေးတွေဖြစ်နေတတ်တယ်။ ကိုယ့်ဒုက္ခကိုယ်ရှာထားသလိုမျိုး တန်ဖိုးထားမှု အလွဲတွေကြောင့် ကိုယ်ပဲပင်ပန်းတယ်။

ဒီနေ့ရော သင်စိတ်ချမ်းသာရဲ့လား။ တောင်ဝှေး ပိုရှည်တာလဲကြည့်ပါလား။

Z


ရောက်နေတဲ့နေရာက

ကိုးဆယ့်ရှစ်ဖြာသော မင်္ဂလာနဲ့ ပြည့်စုံတဲ့အရပ်... ဘုံ သုံးရာ့ကိုးခု ရဲ့ ခုနှစ်ထပ်မှာ ရှိတယ်..။ (ဘယ်လို မင်္ဂလာတွေလဲ လာမေးကြရင်တော့.... ဒွတ်ခ...)


မုန်းနေမိတာက

ကိုယ့်ကိုယ်ကိုယ်...။


ချစ်နေတာက

အရာရာ.. အားလုံးကို... (ကိုယ့်ကိုယ်ကိုယ်မှ လွဲ၍)


စိတ်ပျက်နေမိတာက

အင်း.. အဲတာလဲ ကိုယ့်ကိုယ်ကိုယ် ပဲ...။


နားထောင်နေမိတဲ့သီချင်း

တစ်ပုဒ်ထဲ.. မပြောင်းမလဲ..... (သီချင်းတော့ မဟုတ်ဘူး)


တမ်းတနေမိတာက

အိမ် ထမင်း.. ဟင်း...။ (ရုံးတက်ရက် နေ့လည်ဖက်တွေကျ ခါတိုင်း.. စားနေကျ.. ဆိုင်က အစားအသောက်တွေ စားလို့ မျိုမကျတော့လို့)


စွဲလမ်းနေမိတာက

ဝက်ကမ် (web cam) လေးထဲက ပုံရိပ်တစ်ခု...။


မေ့လျှော့ပြစ်နေတာက

အချိန်တွေလေ...။ သိပ်မြန်မြန်ဆန်ဆန် ကုန်နေတာ သိသိကြီးနဲ့ မေ့.. မေ့.... ထားမိတယ်။


လိုအပ်နေတာက

ပိုက်ဆံ (လ မကုန်ခင် သူက အရင် ကုန်ကုန်သွားလို့)
နားလည်မှု (လွဲလွဲ နေတတ်လို့)


စားဖြစ်နေတာက

ချစ်ညီ..၊ ညီမလေးတွေ ဖျော်တိုက်တဲ့ ကော်ဖီ ရယ်... ချက်ကျွေးတဲ့ ထမင်း၊ ဟင်းတွေ..ရယ်..။


လွမ်းနေမိတာက

အင်း..... အဲတာကလဲ...... ဝက်ကမ် (web cam) လေးထဲက ပုံရိပ်တစ်ခု... ပါပဲ.....။
(အရင်လို အဖေ၊အမေ. မိသားစု.. ၊ အိမ်ရှိရာ ကျွန်တော် ချစ်လှစွာသော မြို့ကလေးကိုလည်း လွမ်းဆဲ.. လွမ်းမြဲ.. ပါ...)


သနားနေမိတာက

သနားသင့်၊ သနားထိုက်သော အရာ အားလုံးးးးး.... (ကိုယ့်ကိုယ်ကိုယ် မပါ)


တောင်းမိတဲ့ဆု

သတ္တ၀ါ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။ ဆန္ဒ နဲ့ ဘ၀ တစ်ထပ်ထည်း ကျကြပါစေ။ (အဲတာကတော့ ဘယ်တော့မှ မပြောင်းလဲဘူး...။ အပြောင်းအလဲ များတယ် လာမပြောနဲ့။ ဒီတစ်ချက်နဲ့ ကြေပြီ..)


ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက

((((((((((((((((((ချစ်တယ်)))))))))))))))))))))))


ကြိတ်ပြီး ချီးကျုးနေတာက

ကိုယ် ယုံကြည်ရာ လမ်းကို ဇွဲ မလျှော့စတမ်း၊ ရိုးသား မြင့်မြတ်စွာ လျှောက်လှမ်းနေကြသူများ။ (အဲတာလဲ မပြောင်းမလဲ...)


ကြိတ်ပြီးအထင်သေးနေမိတာက

မရှိပါ (ဒါလဲ မပြောင်းမလဲ... လူအားလုံး...၊ အရာ.. အားလုံးဟာ သူ့ တန်ဖိုးနဲ့သူ.. ရှိနေခဲ့ပြီးသား... အဲတာကို... မြင်တတ်ဖို့ပဲ လိုတယ်)


ဝန်ခံချင်တာက

မျောက်စိတ်တို ချီးပေါက်ရုံမက.. အခန့်မသင့်လျှင် သူ၏ နှပ်ချေးလုံးစာ မိမည် စိုးသောကြောင့် “ခုတလော” ကို အမြန် ရေးရပါသည်။ ကျေနပ်နိုင်ပါစေ..။


မေတ္တာဖြင့်
မိုးကုတ်သား

Thursday, October 29, 2009

အာကာသထဲ ပျောက်ကျသွားတော့မည့် ဂြိုလ်ပြာ


အရာအားလုံးဟာ ဖြစ်ပြီးရင် ပျက်ကြတာကြီးပါပဲ။ တည်မြဲတယ် ဆိုတာ ဖြစ်လာတာဟာ ပျက်ဖို့”ဆိုတဲ့ ဓမ္မတာ တစ်ခုလို့ ဆိုရမဲ့ သဘောပဲပေါ့။ ဒီတော့ ဖြစ်လာချိန်၊ တည်ရှိနေချိန်လေးမှာ ဘ၀ကို ဘယ်လို ကိုယ်တို့တွေ ပုံဖော်၊ လက်ခံ၊ ဖြတ်သန်းကြမလဲ ဆိုတာပါပဲ။ "ကမ္ဘာပျက်ခါနီး တစ်လလောက်အလို" ဆိုတဲ့ အကြောင်းကို အမ အိန္ဒြာ က တည်တည်တံ့တံ့ကြီးကို စဉ်းစားမိပြီး စပ်စုထား အဲလေ တက်ဂ်ထားတော့မှ ကျွန်တော်လဲ ကိုယ် မဆုံချင်တဲ့ အကြောင်းအရာတွေဆီ တည့်တည့် မျက်နှာချင်း ဆိုင်ရပါတော့တယ်။



ဆူနာမီတွေ ဖြစ်တုန်းက၊ ငလျှင်တွေ အကြီးအကျယ်လှုပ်တုန်းက၊ မီးတောင်တွေ ပေါက်ကွဲပြီး မြို့တွေ ပျက်တုန်းက၊ နောက်ပြီး နာဂစ် ၀င်မွှေသွားတုန်းက ကိုယ်တိုင် ကြုံတွေ့ ခံစားကြရသူတိုင်းဟာ အဲဒီအချိန်မှာတော့ သူတို့ အတွက် ကမ္ဘာပျက်နေတာပါပဲ။ ကိုယ်တို့တွေ အိမ်ဆောက် နေထိုင်ခဲ့ကြတဲ့ မိခင် အိမ်မ ဂြိုလ်ပြာကြီးကတော့ဖြင့် ကျန်းမာရေးမကောင်းလို့ အပူရှိန်တွေ တရိပ်ရိပ်တက်စ ပြုလာတာ၊ ၀င်ရိုးစွန်းက ရေခဲပြင်တွေ တအိအိနဲ့ အရည်ပျော်ကျပြီး ပင်လယ် ရေမျက်နှာပြင်တွေ မြင့်မြင့်တက်လာနေတာ၊ ရာသီဥတုတွေ ဖောက်လွှဲဖောက်ပြန် ဖြစ်နေခဲ့တာ၊ တုန်ရီလှုပ်ခတ်နေခဲ့တာ ကြာပါပြီ။ ဒီဂြိုလ်ပြာကြီးဟာ အာကာသထဲမှာ ပျောက်ကျသွားသလို ပျက်စီးပျောက်ကွယ် မသွားဘူး လို့ ဘယ်သူ အာမခံနိုင်ပါသလဲ။ မိုးပြိုမှာကို တွေးကြောက်ဖို့ မဟုတ်ပါဘူး။ တကယ် ကြုံလာရမယ်ဆိုရင် ကိုယ်တွေ ဘယ်လို ပြင်ဆင်ထားသင့်သလဲ ဆိုတဲ့ အတွေးလေးတွေ ၀င်လာတဲ့ ခဏမှာ လောဘ၊ ဒေါသ၊ မောဟတွေနောက် လိုက်နေခဲ့ကြတဲ့ ကိုယ့်ကိုကိုယ် “ဒါတွေဟာ ဘာမှ မဟုတ်ပါလား၊ ဂြိုလ်ပြာကြီး ပဲ ပျက်ပျက်၊ မပျက်ပျက် ကိုယ်တွေကတော့ သေရအုံးမယ်။ ဒီတော့ အဲ့ဒီသေခြင်းတရားကို မျက်နှာချင်းဆိုင်ဖို့ ဘယ်လို သတ္တိ မွေးကြရမလဲ” ဆိုတဲ့ အတွေးတွေ ဖြစ်စေခဲ့ပါတယ်။

ကဲ၊ ဆိုကြပါစို့။ ၂၀၁၂ မှာ ဂြိုလ်ပြာကြီး အာကသထဲ ကျပျောက်သွားသလို ပျက်သုဉ်းသွားမယ် ထားပါတော့။


(၁)။ ဘယ်သူတွေနဲ့ရှိနေချင်လဲ..

ဖေ၊ မေ၊ မောင်နှမသားချင်း၊ ချစ်သူ၊ ခင်မင်သူ၊ မိသားစု ပေါ့။ တစ်ယောက်လက်တစ်ဖက်စီကို တစ်ယောက်လက်တစ်ဖက်စီက ဆုပ်ကိုင်ထားပြီး အတူ ရှိနေကြမယ်လေ။ နောက်ဆုံး အချိန်အထိ....

(၂)။ ဘာတွေခံစားနေရမလဲ..

ရင်တွေ ခုန်နေကျ ပုံမှန်အတိုင်းထက်တော့ ပိုပြီး ခုန်နေလိမ့်မယ်။ စိတ်တွေ သိပ်ပြီး လှုပ်ရှားနေလေမလား။ သေချာတာကတော့ ကြောက်နေမှာပဲ။

(၃)။ ဘာတွေပြင်ဆင်ထားမလဲ..

ရုပ်ဝတ္ထုပစ္စည်းတွေကတော့ သေရင် ပါသွားမဲ့ အရာတွေ မဟုတ်တဲ့အတွက် အဲတာတွေကိုတော့ ပြင်ဆင်ထားမှာ မဟုတ်ပေဘူး။ စိတ်တွေကိုတော့ ပြင်ဆင်ထားရပေလိမ့်မပေါ့။ တုန်လှုပ်နေမဲ့ ကြောက်စိတ်လေးတွေကို တည်ငြိမ်အောင်ထိန်းသိမ်းနိုင်ဖို့၊ ကိုယ့်ဘေးမှာ ရှိတဲ့ သူတွေကို အားပေးနိုင်ဖို့၊ သေခြင်းတရားတွေကို လက်ခံ ရင်ဆိုင်နိုင်ဖို့။ (တစ်နေ့ သေရမှာပဲ ဆိုတဲ့ အသိ ဘယ်လောက်ပင် ရှိထားလဲ သေရမှာတော့ အရူးတောင် ကြောက်တယ်ဟုတ်)

(၄)။ ၀မ်းနည်းမိမှာက..

ဝမ်းနည်းစရာတော့ မရှိလှပေမဲ့ သေချာ တွေးကြည့်ရင်တော့ ကြေကွဲစရာ။ ဘယ်သူတွေ ဘယ်လို သေခြင်းတရားကို ကြုံကြမလဲ ကိုယ်တွေ မျက်ဝါးထင်ထင် မြင်တွေ့နေရချင် နေရမှာလေ။ နောက်ပြီး ကိုယ်တို့တွေတင်မက ကိုယ်တို့ သက်ရှိအရာတွေအားလုံး အစဉ်အဆက် နေထိုင်ခွင့် ပေးထားခဲ့တဲ့ ဂြိုလ်ပြာကြီး ပျက်သုဉ်းသွားရတော့မှာ။

(၅)။ ကြောက်လန့်မိတာက..

သေရမှာပါဆို ကြောက်တာပေါ့။ ဒါကိုပဲ ထပ်ပြီး ကြောက်ခိုင်းရုံမက လန့်ဖို့ပါ သတိပေးနေသေးတယ်။ “အနိစ္စ၊ ဒုက္ခ၊ အနတ္တ” ဆိုတာကို ဆင်ခြင်နိုင်စိတ်လေး ပျောက်နေမှာတော့ ကြောက်လန့်မိသား။

(၆)။ ဆောင်ထားချင်တာ..

“၀ိပဿနာ” တရား၊ “မေတ္တာ” နှလုံးသား နဲ့ “ဥပေက္ခာ” စိတ်

(၇)။ ဘာတွေရေးမိမလဲ..

ဘာတွေမှ ရေးဖြစ်မယ် မထင်ဘူး

(ဂ)။ တွေးမိတွေးရာ အတွေး..

အတွေးတွေလဲ ဘာဘာညာညာ တွေးမိတွေးရာ တွေးနေဖြစ်မယ်မထင်ဘူး။ ကိုယ်က ချန်ထားခဲ့သူ လဲ မဖြစ်ချင်ဘူး။ ကိုယ့်ကို တသပြီး ကျန်နေခဲ့ကြမဲ့ ချစ်ခင်သူတွေကို မပူဆွေးစေချင်လို့။ ကျန်ရစ်နေခဲ့သူလဲ မဖြစ်ချင်ဘူး။ ချန်ထားရစ်ခဲ့တဲ့ ချစ်ခင်သူတွေကို တသပြီး ဘ၀ကို မဖြတ်သန်းချင်လို့။ တကယ်တော့ တကမ္ဘာလုံး ပျက်သုဉ်းမှာ၊ အဲတော့ ဘာမှ ကျန်နေခဲ့မှာ မဟုတ်ကြဘူးလေ။ အင်း၊ ကိုယ်တွေ ဆောင်ထားချင်တဲ့ “၀ိပဿနာ” တရား၊ “မေတ္တာ” နှလုံးသား နဲ့ “ဥပေက္ခာ” စိတ် တွေ အဲဒီအချိန် တကယ် ဆောင်ထားနိုင်ပါ့မလား ဆိုတာပဲ။ ဆောင်မထားနိုင်ရင်တော့............ အတွေးနဲ့တင် ကြောက်စရာမို့ ဆက်မတွေးတော့ဘူး။ တော်ဘီ။

(၉)။ ဂုဏ်ယူချင်တာက..

ကိုယ်ဟာ ကမ္ဘာပေါ်မှာ ဘာမှ မဟုတ်တဲ့ လူတစ်ယောက် ။ ဒါပေမဲ့ ဆန်ကုန်မြေလေးတော့ မဟုတ်ခဲ့ပေဘူး။ ကမ္ဘာကြီးကို ကယ်တင်ဖို့ ကျွန်တော့်လက်နဲ့ အပင်တွေ စိုက်ခဲ့ဖူးတယ်။ ရေမြောင်းတွေ ဆယ်ခဲ့၊ ရှင်းခဲ့ဖူးတယ်။ (အဲလောက်တော့ လူတိုင်းနီးပါး ဂြိုလ်ပြာကြီးပေါ်မှာ ကောင်းကျိုးပြုခဲ့ဖူးကြမှာပါလေ။ အားလုံး ဂုဏ်ယူနိုင်ကြစေ)

(၁၀)။ ရှာကြံဖြေသိမ့်မိတာက..

လူ့ဘ၀မှာ ကိုယ်ဟာ အလင်းတစ်ချို့ကို ထိတွေ့ခွင့် ရခဲ့တယ်

(၁၁)။ ကျူးရင့်ချင်တဲ့ ဥဒါန်း..

တစ်နေ့တော့ “ငါ” သည် မုချ သေရမည်။



*******************************


ကဲဗျာ၊ အခု လင့်ခ်ထားတဲ့ ဒီ ဗွီဒီယိုလေးနမူနာလေး ကြည့်ပြီး အဲဒီအထဲမှာ အစမ်း ခံစားကြည့်ကြပါအုံး။




ကိုယ်တွေကတော့ ဒီကား ရုံတင်မှ သွားကြည့်ရင်း သံဝေဂ ပွားများလိုက်အုံးမယ်။ ကြောက်တတ်သူများ မကြည့်ရ။ :-P


မေတ္တာဖြင့်
မိုးကုတ်သား




Tuesday, October 13, 2009

ဟန်တစ်လုံးနဲ့ ကျွန်တော်ဘိုဘို



1. What is your name – Han Tun Naing

2. A four letter word – Harp

3. A boy’s name – Hymenaeus (God of Weddings and Getting Married) ;-P

4. A girl’s name – Helen (A daughter of Zeus)

5. An occupation – House Designer

6. A color – Hoary

7. Something you’ll wear –Hat

8. A food – Hot pot

9. Something found in the bathroom – Hair Gel

10. A place – Home

11. A reason for being late – Hospitalized

12. Something you’d shout – Hahhhhhhhhhhhhh!!!!!!

13. A movie title – Hairspray

14. Something you drink – Hawaiian Punch

15. A musical group – Hoodoo Gurus

16. An animal – Hamadryad

17. A street name – Harley street (London, UK)

18. A type of car – Honda

19. The title of the song – Hotel California

20. A verb – Hug!!!! Hug!!! Hug!!!





1. What is your name – ဘိုဘို

2. A four letter word – ဘာမသိဘူး

3. A boy’s name – ဘိုဘို

4. A girl’s name – ဘေဘီနွဲ့

5. An occupation – ဘာဘာညာညာ

6. A color – ဘဲခေါင်းစိမ်း၊

7. Something you’ll wear – ဘောင်းဘီ

8. A food – ဘဲကင်

9. Something found in the bathroom – ဘီး

10. A place – ဘယ်ဆီဘယ်ဝယ်

11. A reason for being late – ဘာတွေ ရှုပ်နေမှန်းမသိဘူး

12. Something you’d shout – ဘာာာာာာာာာာာာာာာာာာာာာာာာ

13. A movie title – ဘီလူး

14. Something you drink – ဘာဘရာ ရက်ဒ် ၀ိုင် (Barbera Red Wine)

15. A musical group – ဘီးတဲလ် (Beatles)

16. An animal – ဘလူးဂျေး (Blue Jay)

17. A street name – ဘုရင့်နောင်လမ်း

18. A type of car – ဘီအမ်ဒဗလျူ (BMW)

19. The title of the song – ဘာ့ဒ်ဒေး (Birthday, by Beatles )

20. A verb – ဘရုတ်ကျတယ်




တစ်ချို့ စာလုံးတွေက ဘားဂလစ် တွေ ဖြစ်နေတာ သည်းခံပေးကြပါခင်ဗျာ။ ခုတလော ဘာစာမှ မရေးချင် ဖြစနေတုန်း ပေါ့ပေါ့ပါးပါး ရေးစရာလေးတွေ ရေးခိုင်းတဲ့ အမ မနော်ဟရီ နဲ့ ကိုဂျေး (မင်းကို ချစ်တဲ့သူ) တို့ ကျေနပ်နိုင်ကြမယ် ထင်ပါရဲ့။ H Version အတွက် စာလုံးတွေ ၀ိုင်းကူစဉ်းစားပေးတဲ့ ချစ်ညီလေး မျောက်မျောက် ကိုလဲ ကျေးဇူးတင်ပါတယ်။


မေတ္တာဖြင့်
မိုးကုတ်သား

Tuesday, August 4, 2009

စနေသား နဲ့ ခုတလော ... များ





ခုတလောမှာမှ လုပ်ချင်တာတွေ အများကြီး၊ ဖတ်ချင်တဲ့စာအုပ်တွေ၊ ကြည့်ချင်တဲ့ ရုပ်ရှင်တွေ အများကြီး၊ သွားချင်တဲ့ နေရာတွေ အများကြီး၊ စားချင်တာတွေ အများကြီး။ ဒီကြားထဲ ကြွားချင်တဲ့ ရောဂါက ပြင်းနေပြန်တယ်။ ဒီတော့ သတိလေး ထားပီး ရေးပါမှပဲ။


ခုတလော

တွေးနေမိတာက

စိတ်တွေအကြောင်း
( ကိုယ့်စိတ်ကိုယ် တောင် နားမလည်တာ။ သူတပါး စိတ်တွေ လိုက် နားလည်ပေး ချင်နေမိတယ်။ )


ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက

အချိန်တွေ သိပ်ပြီး ဖြုန်းတီးနေတယ်။


ကျန်းမာရေး

ကိုယ်၊ စိတ် ဖျားနာနေသူတွေကို အားပေးဖို့ ကိုယ်တိုင်က ကျန်းမာဖို့ လိုတယ်။ ကျန်းမာအောင် နေ နေပါတယ်။

ဖတ်ဖြစ်တဲ့စာအုပ်တွေက

ပိတောက်ပွင့်သစ်
မစန္ဒာ ရဲ့ ပန်းစကား ၊ အရိပ်။


ရောက်နေဖြစ်တာက

မချစ်သော်လည်း အောင့်ကာ နမ်းနေရတဲ့ အိပ်ခန်းလေး ( ၀ိဥာဉ်တစ်ခုနဲ့ အတူ နေရလို့ ခုတော့ နဲနဲ ပျော်စ ပြုလာပြီ)


ရေးဖြစ်နေတာက

လောလောဆယ် ဘာမှ မရှိသေးဘူးတဲ့


နားထောင်ဖြစ်နေတာက

Cry On My Shoulder
( ချမ်းသာတာက ချစ်ခြင်းမေတ္တာပဲလေ။ ဒါပေမဲ့ ကျွန်တော့် ပခုံးက သိပ်မကျယ်လှတော့လဲ ခက်သားလား။ )




ရွတ်နေမိတဲ့ကဗျာက

သင်တို့သည် ဘုရားကျောင်း၏ တိုင်လုံးများလို
အတူတကွ သီးခြား ရပ်တည်ကြပါ။
( ဆရာတာရာမင်းဝေ ဘာသာပြန်ထားတဲ့ ကဗျာလေး။ အရင်က အဲဒီကဗျာလေး အလွတ်ရနေအောင်ကို ရွတ်မိတတ်ပီး ခု မရွတ်တာ ကြာလို့ မေ့သွားတဲ့ ဒီခေါင်း၊ ရိုက်ခွဲပစ်ဖို့ပဲ ကောင်းတယ်။ ခါလီဂျီဘရမ်ရဲ့ ကဗျာ မူရင်းကိုတော့ Z က ရှာဖွေတင်ထားပေးတဲ့ အတွက် ကျေးဇူးပါ။ )




ဖြစ်ချင်နေတာက

မဆုံးတဲ့ အိပ်မက်တွေကို မက်ရင်း အိပ်မက်ကနေ ခဏ၊ ခဏ နိုးထဖို့ သတိတရ ရှိဖို့ပေါ့။ ( ကိုယ်ဘာဖြစ်ချင်နေမှန်း မသိတော့ဘူး။ ဖြစ်ချင်တာတွေ များလို့ မေ့တွားဘီ။ ဖြစ်ချင်တာလေး ရေးမယ်ဆို အမှတ်ရမိတာက အမည် မသိ သူတယောက် ပြောတဲ့ စကား။ သူက သူ့အိမ်မက်တွေကိုတောင် သူ့ဗိသုကာ ပညာတွေနဲ့ ထုဆစ်လို့မပြီးစီးသေး။ တဲ့ )

စားဖြစ်နေတတ်တာက

ခေါက်ဆွဲခြောက်ထုပ်တွေ ( အသီးအရွက် စိမ်းစိမ်း၊ လတ်လတ်ဆတ်ဆတ်ဆတ်တွေ ဆာလိုက်ထာ။ ကိုယ်တိုင် ချက်စားရတာ ပျင်းလို့ ခုတော့ သူတပါး ချက်တာ လိုက်စားနေပါတယ် )


သနားနေမိတာက

မျက်နှာဖုံးတွေ ပြောင်းပြောင်းပီး စွပ်နေရတဲ့ မျက်နှာတွေ


လွမ်းနေမိတာက

ထုံးစံအတိုင်း၊ အဖေ၊အမေ အိမ်ရှိရာ ကျွန်တော် ချစ်လှစွာသော မြို့ကလေးပေါ့


မေ့လျော့ပစ်နေမိတာက

အသက် နဲ့ ရက်စွဲများ


ခါးသက်နေမိတာက

အရိုးမရှိတဲ့ လျှာ တွေ


တမ်းတနေမိတာက

အမေ့ရဲ့ ရှမ်းထမင်းချဉ်၊ အဖေ့ရဲ့ ၀က်ခြေထောက် စွပ်ပြုတ်၊ ဘာဘူကြီး ဆိုင်က နံပြားနဲ့ မလိုင်၊ ဆိုက်ပရပ်စ်က စားဖိုမှူးတစ်ယောက်ရဲ့ စပါဂတီ (လေထဲမှာပဲ စားဖူးသေးတယ်) ၊ ဂရုဏာရှင်မလေးရဲ့ ၀က်သားမွကြော်၊ ကဗျာဆရာမရဲ့ ငါးခူနိုင်းချင်းနဲ့ မုန့်ဟင်းခါး၊ အမောင်ငယ်ရဲ့ ဒညင်းသီး လက်ဖက်၊ ကြက်သား ကလေးဖေချက် (အင်းးး၊ ဆက်ရေးရင် ဘယ်လောက် ငတ်လဲ ပို ပေါ်လွင်တော့မယ်)
အိမ်နဲ့ မြို့ကလေးကို တမ်းတနေမိတာ ရေးရရင် စာက ရှည်မယ်။
လျှောက်ခဲ့တဲ့ လမ်းလေး တစ်ခုတော့ တမ်းတနေမိတယ်။ သုံးနှစ်ကျော်လောက် နေ့တိုင်းလျှောက်ခဲ့တဲ့ အဓိပတိ လမ်းမပေါ်က တစ်ယောက်ထဲသော ညတွေဆီ။


ကြိတ်ပြီးချီးကျူးနေမိတာက

တဖြည်းဖြည်း ခက်ခဲ ကျပ်တည်းပြီး၊ ပူလောင်မွန်းကျပ်လာတဲ့ ဘ၀တွေမှာ ကိုယ် ယုံကြည်ရာ လမ်းကို ဇွဲ မလျှော့စတမ်း၊ ရိုးသား မြင့်မြတ်စွာ လျှောက်လှမ်းနေကြသူများ။


ကြိတ်ပြီးအထင်သေးနေမိတာက

မရှိပါ


ဆန္ဒမရှိတဲ့နေရာ

ဆေးရုံ


ဆန္ဒရှိနေတဲ့ကိစ္စ

Face Book ထဲက လယ်ကွက်ထဲမှာ ရတဲ့ ပိုက်ပိုက်တွေ၊ မာဖီးယား ဂိုဏ်း ၀င်မိလို့ ပိုင်ထားတဲ့ ပိုက်ပိုက်တွေ အပြင်မှာ တကယ်ထုတ်သုံးလို့ ရရင် ကမ္ဘာကြီး ငြိမ်းချမ်းရေးကို ၀ယ်ပီး လူတွေ အကုန် ပေးပလိုက် ချင်တယ်။ ကမ္ဘာကြီး စိမ်းလန်း စိုပြေစေချင်တယ်။


မုန်းတီးနေမိတာက

ကမ္ဘာကြီးကို ဖျက်စီးနေကြသူများ


ချစ်နေတာက

လယ်တောလေးး
ကိုယ်ပိုင်လယ်တောလေး အပြင်၊ မကြီးက မျောက်တစ်ကောင်ကို အမွေပေးထားမိတဲ့ လယ်တောလေး သွား သွားပြီး ထိန်းသိမ်းပေးရင်း ခု ချစ်စရာက လယ်နှစ်ကွက် ဖြစ်နေဘီ။


စိတ်ပျက်နေမိတာက

ကိုယ့် ကိုယ်ကိုယ်
(ဘာတွေ လျှောက်လုပ်နေမှန်းမသိဘူး...)


စွဲလန်းနေမိတာက

သဘာဝ လောကကြီးကို


သဘောကျနေမိတာက (မပါလဲ ရေးချင်လို့ ထည့်လိုက်ပါတယ်ခင်ဗျာ)

ဂျီကျ ကောက်လိမ်ပြရင်း ကလေးပေါကြီး လုပ်ကာ စိတ်ဆိုးပြီး ငိုတိုင်း မျောက်အိုကြီးနှင့် တူနေတတ်သော တစ်ယောက်ကို ကြည့်ကြည့်ပြီး ထိုင်၊ ထိုင် ရယ်နေရတာ (သူတပါး ငိုတာကို အနော်က ရယ်စရာ ဖြစ်နေတာက ကောင်းတော့ မကောင်းဘူးပေါ့ဏော)


လိုအပ်နေတာက

အချိန်
( မိတ်ဆွေ၊ သယ်ရင်းတွေကို သူတို့ လိုအပ်ချိန်တိုင်း၊ သတိတရ ရှိချိန်တိုင်း အတူ ရှိပေးချင်တယ်။ မအားဘူး ပြောရလွန်းလို့ စိတ်ဆိုးသူတွေ များနေဘီ။ )


တောင်းနေမိတဲ့ဆု

သတ္တ၀ါ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။ ဆန္ဒ နဲ့ ဘ၀ တစ်ထပ်ထည်း ကျကြပါစေ။


ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက

အိမ်ပြန်ချင်တယ်


ဝန်ခံချင်တာက

ဂဂျိုးညီနောင် ဂဂျောင် တစ်ယောက် အမတော် မဂေါက်နဲ့ ညီမတော် မယ်ပေါက် ထက် အရင် ဦးအောင် မကြီးနော် (မနော်ဟရီ) ရဲ့ Tag Post ကို ပေါ့ပေါ့ပါးပါး၊ အပြေးအလွှား တင်လိုက်ကြောင်းပါ ခင်ဗျား။

မကြီးနော် ကျေနပ်နိုင်မယ် မျှော်လင့်ပါတယ်။


အချစ်အကြောင်း ရေးဖို့ ပြောထားတာ မရေးပေးသေးတဲ့ အတွက် ချစ်ညီမလေး မက်မက် ရေ၊ ရေးပေးမှာပါဏော။ ချိတ်ချိုးနဲ့။ (ခုလောလောဆယ် အချစ်နဲ့ ဝေးဝေး နေချင် နေမိလို့ပါကွယ်)
ခုတလော ဘာတွေများ လုပ်နေကြသလဲ ကျွန်တော် သိချင်နေသူတွေကတော့

၁။ ချစ်ခင်လေးစားရပါသော ဆရာမ အပြုံးပန်း

၂။ ကဗျာဆရာလေး ညိမ်းညို (ရေးဖို့ အချိန်အားလေး ရှိမယ်ဆိုရင်ပေါ့ နယ်ရေ)

၃။ ညီလေး မင်းအိမ်ဖြူ (အမြန်ဆုံး ရေးပေးပါ)

၎။ စာဖတ်အားကောင်း၊ စာရေးကောင်းသလောက် စာကို ဇိမ်ဆွဲ ရေးတတ်လေသော ဖန်သကြိုး

၅။ ကျွန်တော့်ကြောင့် ခရမ်းရောင်ဘ၀ ပြောင်းသွားရ ရှာလေသော ကောင်းကင်ပြာ

၆။ လလခ လို့ ကျနော်ခေါ်တဲ့ ညီမလေး မေလေး

၇။ ကလေးအဖေ သီဟသစ်

၈။ ရေးချင်တာလေးတွေ ရေးနေတဲ့ ညီမလေး နောင့်

၉။ မော်လမြိုင်သားလေး တလနွန်

ဆက်ပြီး Tag ရရင်ဖြင့် ရှည်ရော့မယ်။ ကိုးန၀င်းနဲ့တင် ချေထားလိုက်ပါတယ်။

ဆက် tag တဲ့ထဲမှာ မပါလို့ စိတ်ဆိုးကြမဲ့ မိတ်ဆွေတွေ ....

ဒီအောက်ထိ ဆက်ဖတ်လာပြီးကတည်းက တက်ဂ်ပီးသား ပါ တဲ့ ခင်ဗျားးးးးးးးးးးးး။

tag မှာပဲ၊ tag မှာပဲ.. အနော့်ကို လာမတားနဲ့..... :-P

အားလုံးရဲ့ ခုတလော တွေကို သိချင်နေတဲ့

မေတ္တာဖြင့်
မိုးကုတ်သား

Monday, June 29, 2009

စနေသားနဲ့ သူ့အိမ်မက်များ


“အရောင်လက်ကြိုးစများ”
တဲ့။ ညီမလေး မယ်ကိုး ဖွဲ့ချည်တဲ့ ကြိုးလေးတစ်စ။
ရေးချင်လှတာ ကြာနေတဲ့အထဲ ပထမဆုံး အတက်ဂ် ခံရတဲ့ အကြောင်းအရာ ဆိုတော့ အလုပ်မအားတာ၊ လူရောစိတ်ပါ ဖျားနာနေတာတွေ ဘေးဖယ်ပြီး ကျနော် အိပ်မက်တွေကို တူးဖော်ကြည့်မိတယ်။
အိပ်မက်ဆိုတာတွေက ခဏတာမက်ပီး ပျောက်သွားတာတွေလဲ ရှိရဲ့။ မမှတ်မိတဲ့ အိပ်မက်တွေလဲ ရှိရဲ့။ စွဲလန်းမိတဲ့ အိပ်မက်တွေလဲ ရှိရဲ့။ အဲ့ဒီထဲကမှ အရောင်လက် ကြိုးစတွေလို ပြိုးပျက်နေတဲ့ အိမ်မက်ကြိုးတွေ လိုက် စီရရီ ကြည့်မိတော့ ပကတိ ပုံရိပ်တစ်ခု ထွက်လာတယ်။
ငယ်စဉ်အခါက ကျနော်ဟာ ဖေ့ မျိုးဆက်သွေးတွေတော့ ပါခဲ့ပါရဲ့။ ဖေ့ ဖေဖေက တယောနဲ့ စန္ဒရား အတီးကောင်းပြီး ဖေ့ မေမေက သီချင်းဆို အင်မတန်ကောင်းသူပေါ့။ ဖေကတော့ ဘင်ဂျိုနဲ့ ဂစ်တာ အတီးကောင်းသလို သီချင်းဆိုလဲ ကောင်းလေတယ်။ ဖေ့အမတွေ ညီမတွေ အကုန်လုံးလဲ သီချင်းဆို ကောင်းကြသူတွေပါ။ ဂီတကို မြတ်နိုးပေမဲ့ ကျနော် ကျမှ အသံကလဲ မကောင်း၊ ဘာ ဂီတ တူရိယာမှလဲ မတီးတတ်ပါပဲ ရူးသွပ်ခဲ့တဲ့ အိမ်မက်တစ်ခုက “က” တာ။ ငယ်ငယ်ကတော့ “ဘရိတ်ဒန့်စ်” တွေ ခောတ်စားတဲ့အချိန်မှာလဲ ရူးသွပ်၊ “ပါရာနာဝေ၊ ပါရာနဝေ့ ပါရနာ” ဆိုပီး သိုင်းကွက်နဲ့ ကတာတွေ ခောတ်စားတော့လဲ လိုက်ကခဲ့တာပေါ့။ မအားတဲ့ကြားက အဲဒီပိုးက ရှစ်တန်း၊ ကိုးတန်းထိ တော်တော် ပြင်းတုန်း။ “ငါကြီးလာရင် Professional Dancer လုပ်မယ်” လို့ အိပ်မက်တွေ မက်ထားခဲ့ဖူးတာပေါ့။ ဒါပေမဲ့ ဆယ်တန်းမှာ အိမ်မိသားစု စီးပွားရေးတွေ တစ်စတစ်စ တာဝန် ယူလာရတော့ ဒါဟာ စိတ်ကူးယဉ် အိပ်မက် တစ်ခုလိုသာ ကျနော် လွှတ်ချ ပစ်ခဲ့ရတော့တယ်။ (ခုတော့ တခါတလေ အားကစားသင်တန်းမှာ ကျန်းမာရေး အကြောင်းပြ သွားသွားပြီး “က” ဖြစ်နေလေရဲ့ တခါတခါလဲ ကလပ်ထဲ သွားသွားပြီး မမုးပဲ “က” နေတတ်ပါတယ်ခင်ဗျ။ )
နောက် အိပ်မက်တစ်ခုကတော့ ဓာတ်ပုံတွေ။ ကျနော်က တစ်နေရာရာရောက်ရင် အဲ့ဒီ အချိန်လေးတွေကို အမှတ်တရ ပုံလေးတွေအဖြစ် သိမ်းထားချင်ခဲ့တယ်။ ကျနော်တို့ မိသားစုက နှစ်စဉ် နှစ်တိုင်း မြို့ကလေးမှာ ကျင်းပတဲ့ တပေါင်းပွဲတော်မှာ မိသားစု ဓာတ်ပုံ ရိုက်လေ့ရှိတယ်။ ငွေစလေးတွေ ရွှင်နေတဲ့ နှစ်တွေမှာပေါ့။ ဓာတ်ပုံရိုက်ဖို့ ငွေပိုလျှံမရှိတဲ့ နှစ်တွေမှာ ကျနော်က တပေါင်းပွဲမှာ မပျော်ရလို့ ၀မ်းနည်းတာထက် မိသားစု အတူတူ ဓာတ်ပုံ တွဲ မရိုက်ရတဲ့အပေါ်မှာသာ စိတ်မကောင်းတွေ ဖြစ်နေရော။ ကျောင်းတွေ တက်လို့ အိမ်နဲ့ ခွဲနေရချိန်တွေမှာ ကျနော်က အဲ့ဒီ မိသားစု ဓာတ်ပုံလေးတွေနဲ့ အိမ်ကို အလွမ်း ဖြေရတာပေါ့။ ရူးသွပ်တဲ့ စွဲလန်းမှု တစ်ခုလို့ ဆိုချင်ဆို၊ ခု ချိန်ထိ ဓာတ်ပုံလေးတွေ ပြန်ကြည့်တိုင်း အဲ့ဒီ အချိန်တွေကို ပြန်ပြန် ရောက်သွား တတ်တယ်။ ကျနော်ဟာ အဲဒီ ဘ၀အခိုက်အတန့် အမှတ်တရချိန်လေးတွေ တန်ဖိုးထားသလို သူတပါးတွေ အဲ့ဒီလို အမှတ်တရအချိန်တွေ ကြုံရတိုင်း ကိုယ်က မှတ်တမ်းတင်ပေးနိုင်သူ ဖြစ်ချင်တဲ့ အိပ်မက်တစ်ခုလဲ အဲ့ဒီ အချိန်ထဲက ရင်ထဲ တိတ်တဆိတ် အိပ်မက် မက်ခဲ့ဖူးတာပေါ့။ (ခုတော့ အခြေအနေလေး ပေးလို့ ကင်မရာလေး တစ်လုံး လက်ဝယ် ရှိတဲ့အခါ အဲဒီ အိပ်မက်လေးတွေကို အကောင်အထည်ဖော်ခွင့် ရခဲ့တယ်။ ဓာတ်ပုံ ပညာအကြောင်း ဘာမှ သိပ်နားမလည်ပေမဲ့ ကျနော် ဓာတ်ပုံ ရိုက်ပေးလို့ သူငယ်ချင်းတွေ အမှတ်တရ ဖြစ်ကျန်ခဲ့ရင်၊ ပျော်နေကြရင်ပဲ ကျနော်က ၀မ်းတွေသာလို့ပေါ့ဗျာ။ ကျနော်ဟာ နာမည်ကြီး ဓာတ်ပုံဆရာတော့ မဟုတ်ပါဘူး။ အပျော်တမ်း ဓာတ်ပုံ ၀ါသနာရှင် တစ်ယောက်ပါ။ လိုအပ်ချက်တွေအများကြီး ရှိပေမဲ့ ကျနော် ကျေနပ်ပါတယ်။)
နောက်ပြီး ကျနော် ငယ် ကတည်းက စာတွေဖတ်၊ ပန်းချီတွေ စိတ်ကူးပေါက်ရာဆွဲ၊ ကဗျာတွေ စာတွေရေး။ အဲတာတွေလဲ ၀ါသနာ ပါခဲ့တာပါပဲ။ စိတ်တွေ ပျော်တိုင်း၊ ညစ်တိုင်း၊ လွတ်လပ်တိုင်း၊ မွန်းကျပ်တိုင်း ဒိုင်ယာရီဆန်ဆန် စာတွေ ရေးမှတ်ထားတတ်တယ်။ ကျနော့်ကိုယ် ကျနော် ပျောက်ဆုံးတဲ့ အခါတိုင်း အဲဒီ ဒိုင်ယာရီတွေ ဖတ်ပြီး ကိုယ့်ကိုယ်ကို ပြန်ပြန် တည်ဆောက် ယူခဲ့ရတာပေါ့။ (ခုတော့ ဒီ Wonderful Universe မှာ စာတွေ၊ ကဗျာတွေ ချပြီး ရေးဖြစ်နေပြန်တယ်။ ကျနော့် အိပ်မက်လေးတစ်ခု ဒီနေရာမှာ ခင်းကျင်းပြထားတာ စာဖတ်သူတွေအတွက် စိတ်အပန်း မပြေအုံးတောင် အဆိပ်အတောက်တော့ မဖြစ်လောက်ဘူး ယုံကြည်ထားပါရစေ။)
တဖြည်းဖြည်းနဲ့ ဘ၀ပင်လယ်ထဲမှာ လှော်ရင်းခတ်ရင်း အိမ်မက်တွေလဲ ကျနော်ချစ်တဲ့ တိမ်တိုက်တွေလို အသွင်ပြောင်းလာ ခဲ့တော့တယ်။ မန္တလေး စက်မှုတက္ကသိုလ် ကို ရောက်လာတော့မှ “ဗိသုကာ” ဆိုတာနဲ့ ကျွမ်းဝင်ထိတွေ့ခွင့် ရခဲ့တဲ့သူ။ လျှပ်စစ်အင်ဂျင်နီယာကြီး လုပ် ဆိုပီး အိမ်က လွှတ်လိုက်တဲ့ ကျနော်၊ ပထမနှစ် စာမေးပွဲ ဖြေအပြီးမှာ “ဗိသုကာ” ဘာသာရပ်အတွက် ၀င်ခွင့်လျှောက်လွှာတင်ပြီး အိမ်ကို ပြန်တယ်။ အိမ်ကတော့ သူတို့ စီစဉ်ပေးထားတဲ့ ဘာသာရပ်ကို မယူပဲ တခြားဘာသာရပ်ကို ယူခဲ့တော့ စိတ်ဆိုးချင်နေတာ၊ Mechanical Engineer ဖြစ်သူ ဦလေးတစ်ယောက်က “မင်း ကျောင်းပြီးရင် ဘာလုပ်စားမှာလဲ။ အဲဒီဘာသာ ယူတဲ့သူတွေ တော်တော်များများက လမ်းဘေးမှာ ဆိုင်းဘုတ်ရေးနေရတာ” တဲ့။ စိတ်ဓာတ်တွေတောင် ကျ ချင်သွားတော့တယ်။ အဲ့ဒီအချိန်တုန်းက မြို့ကလေးမှာ “ဗိသုကာ” ဆိုတာ ဘယ်လို ထင်ကြသလဲ။ လူတယောက်က “ အော်၊ ဗိသုကာ ဆိုတော့ ပန်းပုတွေ ထုရမှာပေါ့နော် ” တဲ့။ “ ဘုန်းကြီးကျောင်းတွေ ဆောက်ရမှာပေါ့ ” လို့ ပြောကြတာက အနီးစပ်ဆုံးလို့ ပြောလို့ ရခဲ့တာပေါ့။ ဒါပေမဲ့ “ဗိသုကာ” ဘာသာရပ်တွေကို စပြီး သင်ကြားလာရ ကတည်းက ကျနော် ရွေးချယ်မှု မှန်သွားခဲ့ပြီဆိုတာ သိလာတော့တယ်။ ကျောင်းမှာ သင်ရတဲ့ ဘာသာရပ်ပိုင်းဆိုင်ရာတွေ၊ စာအုပ်တွေ၊ လုပ်ရတဲ့ ပရောဂျက်နဲ့ ဒီဇိုင်း ချဉ်းကပ်စဉ်းစားရတာတွေ ကြားမှာ တခါတရံ ကျနော် ထမင်းမေ့၊ဟင်းမေ့၊ အချိန်နာရီမေ့ နစ်မျောလို့ နေတတ်ပြီ။ သို့သော် အဆောက်အဦး ဗိသုကာဘာသာရပ်နဲ့ အဝေးကြီး ဝေးတဲ့အရပ်ကနေ လာခဲ့သူ ကျနော်ဟာ၊ သင်ကြားရတဲ့၊ မြင်တွေ့ရတဲ့ အသစ်အဆန်းတွေနောက် မနည်း မှီအောင် လိုက်ရတယ်။ နဂိုကလည်း ခပ်ညံ့ညံ့ဆိုတော့ ပိုပြီး ကြိုးစားရတာပေါ့။ “ဗိသုကာ” ဘာသာရပ်တွေကို လေ့လာနေရတဲ့ ကျောင်းတက်ချိန် တလျှောက်မှာတော့ “ဗိသုကာပညာရှင်” ဆိုတဲ့ အိပ်မက်တစ်ခု ကျနော့်ဘ၀ထဲ တိုးဝင်လာခဲ့ပါရော။
ကျောင်းတွေ ပြီးပြန်တော့ အိပ်မက်နဲ့ ဆက်နွယ်ပတ်သက်နေတဲ့ “ဗိသုကာ” နယ်ပယ်မှာပဲ အလုပ် လုပ်ခွင့် ရခဲ့တာ အင်မတန် ကံကောင်းပါတယ်။ လုပ်ငန်းခွင် ၀င်တော့မှ ကျယ်ပျံ့လာတဲ့ အမြင်တွေထဲ တဖြည်းဖြည်း တွေးမိလာတာက ကိုယ်တွေ ဒီပညာကို သင်ကြားတာဟာ လူချမ်းသာတွေအတွက် သက်သက်ပဲလား ဆိုတဲ့ အတွေးတစ်ခုပါ။ ပိုမို ကောင်းမွန်တဲ့ လူ့ဘောင်လောကကြီးကို တစ်ထောင့်တနေရာက ဖန်တီးခွင့်ရမယ်လို့ ထင်ထားတဲ့ အိပ်မက်တွေဟာ တပိုင်းတစမှာတင် ရပ်တန့်လို့ နေတော့တယ်။ အဆောက်အဦး တစ်ခုကို ငွေကြေးချမ်းသာသူတွေမှ အကောင်းမွန်ဆုံး ဆောက်လုပ်နေထိုင်ခွင့် ရသတဲ့လား။ တန်ဖိုးကြီး၊ အဖိုးတန် ပစ္စည်းတွေနဲ့ ဆင်ယင်ပြီး ထူးခြားဆန်းပြားမှ မျက်စိ ပသာဒဖြစ်မှ ဗိသုကာတစ်ဦးရဲ့ တာဝန် ကျေသတဲ့လား။ အလုပ်တွေထဲ နစ်မြှုပ်ရင်းက ကျနော့်အိပ်မက်က တစ်ခုထဲမှာပဲ အဆင် ကွဲထွက်သွားပြန်တော့တယ်။ “ဗိသုကာ ပညာရှင်” တစ်ယောက်ဟာ လူတွေ အပန်းဖြေ မျက်စိပသာဒ ဖြစ်စရာ အဆောက်အဦးတွေကိုပဲ ဖန်တီးဖို့ တာဝန် တစ်ခုထဲ ရှိတာမဟုတ်။ ပိုမို ကောင်းမွန်တဲ့ လူ့ဘောင်လောကကြီးကိုလည်း ဖန်တီးပေးနိုင်ဖို့ အခွင့်အရေးတွေ ရှိနေတယ်။ ကျနော်တို့တတွေဟာ လူချမ်းသာတွေ အတွက်သာမက လူတန်းစားမရွေး လူ့ဘောင်လောက တစ်ခုလုံး သာယာလှပအောင် ဖန်တီး ပေးနိုင်ရမယ်။ အခုလို Green Architecture တွေ ပေါ်လာတာ၊ စွမ်းအင် ချွေတာ သုံးစွဲနိုင်ပြီး သဘာဝအရင်းမြစ်တွေ မပြုန်းတီးစေနိုင်တဲ့ ဆောက်လုပ်ရေး နည်းစနစ်တွေ ထွန်းကားစ ပြုလာတာ၊ အဲတာတွေက ကျနော့် အနာဂါတ် လူ့ဘောင်လောကကြီး အတွက် မက်ခဲ့တဲ့ အိပ်မက်လေး လက်တွေ့ ဖြစ်လာနိုင်ဖို့ ယုံကြည်ချက်တွေ အားဖြည့်ပေးနေခဲ့ပါတယ်။ အဲဒီအကြောင်းတွေကို အကျယ်တ၀င့် ကျနော် ဒီမှာ မရေးတော့ဘူး။ ခုတောင် တော်တော် လေကြော ရှည်နေမိပြီ။ ခု လောလောဆယ်မှာတော့ ကျနော့် အိပ်မက်တွေထဲက တစ်ခုဖြစ်တဲ့ “ဗိသုကာ” ပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်းခွင့် ရထားတာ ကံကောင်းလှပါပြီ။
လိုအပ်တာကတော့ အိပ်မက်တွေ အမှန်တကယ် လှပ ဖို့ရာအတွက် ကျနော် အများကြီး ဆက် ကြိုးစားကာ နေရပါဦးမယ်။
အိပ်မက်တွေ (၁) မှာ ကျနော် ရေးခဲဖူးသလိုပေါ့။ ကျွန်တော်တို့ ဘ၀တွေမှာ ဖြစ်လာခဲ့သော အိပ်မက်တွေ ရှိသလို ဖြစ်မလာခဲ့သော အိပ်မက်သေတွေလဲ ရှိသည်။ တစ်ချို့ အိပ်မက်တွေက အိပ်မက်သက်သက်မျှသာ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အိပ်မက်တွေ မမက်လို့ မဖြစ်။ အိပ်မက်တွေ ဆက်မက်နေဖို့ လိုအပ်သည်။
အစကို ပြန်ကောက်ရမယ် ဆိုရင်တော့ ကျွန်တော် သီကြည့်မိတဲ့ အရောင်လက် ကြိုးစတွေလို ပြိုးပျက်နေတဲ့ အိမ်မက်ကြိုးတွေ ရဲ့ ပကတိ ပုံရိပ်လွှာက အနုပညာ ဆိုတာပါပဲ။ အဆင်ကွဲပေမဲ့ မိတ်ဆွေတို့ အားလုံးနဲ့ တစ်အိမ်မက် တူနေတာ အနုပညာဆိုတဲ့ ကျနော့်ရဲ့ ၀ါသနာပါ။

ကဲ၊ ကျနော့် ချစ်မိတ်ဆွေများလဲ ကျနော့် ၀ါသနာ တစ်ဖြစ်လဲ စနေသားရဲ့ အိပ်မက်တွေကို ခပ်ယူ မြည်းစမ်း ကြည့်ပြီးကြရောပေါ့။
ဒီနေရာလေးကနေ ဖိတ်ခေါ်ချင်တာကတော့ “က” ချင်သူ ကောင်မလေးများ စာရင်းပေးကြပါ လို့။ စနေသား အခမဲ့ ကူညီကာ ကလပ် ခေါ်ပါမည်။ (မိန်းခလေးတွေဆို ကလပ်က ပိုက်ဆံ ပေးဝင်စရာ မလိုဘူးတဲ့၊ ဒါကြောင့် မိန်းခလေးများကို ရွေးခေါ်တာ အထင် မလွဲကြစေလို။)
မင်္ဂလာဆောင် ဧည့်ခံပွဲတွေမှာ ပဲ ဖြစ်ဖြစ်၊ အမှတ်တရ တစ်ခုခုအတွက် ဓာတ်ပုံ ရိုက်လို သူများကိုလဲ “အပျော်တမ်း ဓာတ်ပုံရိုက်သူ” ကျနော် ကြိုဆိုပါတယ်။ မော်ဒယ်ဂဲလ် လေးတွေလဲ စိတ်ဝင်စားရင် ဆက်သွယ် လိုက်ပါခင်ဗျ။ မေတ္တာဖြင့် အခမဲ့ လိုက်လံ ရိုက်ကူးပေးပါတယ်။ အဲဒီအတွက် ကင်မရာ Zoom Lens တွေ လက်ဆောင် ပြန်ဝယ်ပေးကြတယ် ဆိုရင်ဖြင့် မေတ္တာကို စေတနာနဲ့ တုံ့ပြန်တာ ဆိုကာ အားနာနာနဲ့ လက်ခံပါ့မယ်။
ချစ်ခင်ရသော မိတ်ဆွေတွေ တကယ်လို့များ အိမ်၊တိုက်တာ၊ အဆောက်အဦးတွေ ပုံစံအတွက် စိတ်ကူးများ လိုအပ်ပါက “ဗိသုကာ” ပိုင်း ဆိုင်ရာ ရှုထောင့်ကနေ ကူညီပေးဖို့ အဆင်သင့်ပါ။ ကျနော်ကတော့ ညီမလေး မယ်ကိုးလို လျှော့ဈေးနဲ့ ဒီဇိုင်း မဆွဲပေးပါဘူး။ ခင်မင်မှုအရ ငွေကြေး လက်ခံမယူပဲ အလကား ဆွဲပေးမှာပါ။ ကျနော် ပုံစံ ထုတ်ပေးတဲ့ အဆောက်အဦး ကုန်ကျစားရိတ် အတိုင်းအဆ အတိုင်း သာ တိုက်ခန်း၊ မြေကွက် စတာတွေကို အလိုက်သတိ လက်ဆောင်ပေးကြမယ် ဆိုရင်ဖြင့် အစောနက ပြောသလို အားနာနာလေးနဲ့ပဲ လက်ခံပေးပါရစေ။
(လိုချင် ရချင်လို့ ပြောတာမဟုတ်ပါဘူး။ တစ်ချို့က ၀ယ်ပေးချင်လျက် အပြောခက်သူတွေ ရှိနေကြလို့ပါ။ :-P )

ဟဲဟဲ။ ကျနော် စသလို၊ နောက်သလို၊ အတည်လို ပြောသွားတာတွေက မိတ်ဆွေတို့ကို ပြုံးစေချင်လို့ စနောက် မိတာပါ။ ခုတလော ကျနော်တင်သမျှတွေ ဖတ်ဖတ်ပြီး စိတ်ညစ် ပြန်ရတဲ့ မိတ်ဆွေတွေကို အားလဲ နာတယ်။ ကျေးဇူးလဲ တင်ပါတယ်ခင်ဗျ။
ခု တကယ် အတည် ပြောလိုတာက ဘာသာရေး၊ လူမှုရေး ကိစ္စရပ်တွေမှာ ကျွန်တော် တတ်ကျွမ်းတဲ့ ပညာရပ်လေး အနည်းငယ်မျှနဲ့ပဲ ဖြစ်ဖြစ် ကုသိုလ်ပြုနိုင်ခွင့် ရမယ် ဆိုရင် အချိန်မရွေးသာ လက်တို့လိုက်ပါ။ ဥပမာအားဖြင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ အဲ့ဒီလို အဆောက်အဦးတွေ ဆောက်လုပ်ဖို့ ဗိသုကာပုံစံတွေ လိုအပ်တဲ့ အခါမျိုးပေါ့။ ကျနော် စနေသား ကိုယ့် အတတ်ပညာနဲ့ တတ်စွမ်းသလောက် ကုသိုလ်ပြုရမှာလဲ ၀ါသနာ ပါ ပါတယ်ခင်ဗျား။

(ဒီ ပို့စ်လေးကို ရေးဖြစ်ဖို့ ဖိတ်ခေါ်တဲ့ ညီမလေး မယ်ကိုး ကို ကျေးဇူး အထူးတင်ပါတယ်။ ညီမလေးကို စာထဲ ထည့်သွင်း နောက်ပြောင်မိတာလဲ စိတ်မဆိုးဘူး ထင်ရဲ့။ အကိုလဲ ညီမလေးလို စာဖတ်သူတွေ ပျော်စေချင်လို့ပါ။
ဒီပို့စ်လေးကို အတော်များများ ရေးပြီး နေကြပါပြီ။ ဆရာမ အပြုံးပန်း ကို ညီမလေး မယ်ကိုးက တက်ဂ်ထားပြီးပေမဲ့ ကျနော် ပြန်ပီး ဖိတ်ခေါ်ပါရစေခင်ဗျာ။ ထပ်ပြီး ကျနော် သိချင်တဲ့ ၀ါသနာအိပ်မက် ပိုင်ရှင်လေးတွေ ကတော့ ညီလေး ဖိုးစိန်နေဒေးညီမင်းအိမ် နဲ့ ညီမ မေလေးမမီး (မိုးသောက်ကြယ်) တို့ပါပဲ။ ညီလေး၊ ညီမလေးတွေရဲ့ ၀ါသနာအိပ်မက်လေးတွေ မျှဝေပေးကြမယ် မျှော်လင့်ပါတယ်။)
ဆရာမ အပြုံးပန်း က တနေ့တော့ အိမ်အလည်ခေါ်ချင်တယ် လို့ ဖိတ်ခေါ်ထားတာလေး ဒီစာ ရေးပြီးမှ တွေ့လို့ပါ။ လာဗျာ။ ကျနော်နဲ့အတူ ဆရာမရဲ့ “မြတ်လေးရုံ” ကို လည်လည်သွားစို့ရဲ့။

မေတ္တာဖြင့်
မိုးကုတ်သား