Friday, May 29, 2009

စနေသား၊ စနေဂြိုလ်နှင့် အလောင်းအစား

သို့သော် အလုပ်ပင်ပန်းသည့်ဒဏ်၊ အစာအဟာရ မလုံလောက်သည့် ဒဏ်တို့ကြောင့် အလုပ်ဝင်ပြီး လေးလကျော်မှာ လူက ပိန်လှီကာ အားပြတ်လို့ လာပြီ။ မဖြစ်ချေသေး။ တစ်ခုခုတော့ လုပ်ရမည်။ အလုပ်သစ်ပဲ ရှာပြောင်းရမလား။ တကယ်တော့ ကျွန်တော် လက်ရှိအလုပ်မှာ ဘယ်လောက် ခက်ခဲတဲ့ ပြဿနာတွေ ရင်ဆိုင်ရပါစေ၊ ပျော်နေပြီ။ လုပ်ငန်းခွင်ကလူ၊ ရုံးကလူတွေနဲ့လဲ ခင်မင်ရင်းနှီးနေပြီ။ အလုပ်မပြောင်းချင်တော့။
ဆရာ့ကို ကျွန်တော် လစာငွေနှင့် မလောက်ငှကြောင်း ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ ဆရာက ကျွန်တော် သွားကြည့်ပေးနေသော အိမ်က အိမ်ပိုင်ရှင်တွေနှင့် တိုင်ပင်ပြီး ကျွန်တော် အဆင်ပြေအောင် ဖန်တီးပေးပါသည်။ အိမ်ရှင်တွေက ကျွန်တော် အလုပ်မထွက်အောင် သူတို့ဘက်မှ လစာ ပေးသည်။ ထိုအခါ တစ်လခြောက်သောင်း ဆိုသော ငွေနှင့် ကျွန်တော် မနက်ညစာ ပေါင်းစားရသည့်ဘ၀မှ လွတ်ခဲ့သလို အိမ်ကိုလဲ ပိုထောက်နိုင်ခဲ့ပါသည်။ ဒီလိုနှင့် ပန်းလှိုင် ဂေါက်ကွင်းမှာ အိမ်သုံးလုံးကို ဗိသုကာ ပုံစံပိုင်း ဆိုင်ရာ ကြီးကြပ်ပေးနေခဲ့တာ နှစ်နှစ်နီးပါးလောက်။
အလုပ်တွေ ဖိစီးမှုများတိုင်း မကြာခဏလည်း ကျွန်တော့်မြို့ကလေးသို့ ပြန်ကာ အေးအေးဆေးဆေး နေထိုင်ချင်စိတ်တွေ ပေါ်ခဲ့သည်။ အိမ်မှာက ဘာပဲ ဖြစ်ဖြစ် ကျွန်တော့် မိသားစုနှင့် အတူ နေရသေးသည်လေ။ အလုပ်စ၀င်စဉ်က ကြုံတွေ့ရသော ဖိနှိပ်ခံရမှုများ၊ ချောက်တွန်းခံရမှုများကြား အံခဲပြီး ကြိုးစားခဲ့ရသော ထိုစဉ်က အဖြစ်အပျက်တွေကြောင့် ကျွန်တော့်စိတ်တွေ ခံနိုင်ရည် ပိုရှိလာခဲ့သည်။ နောက်ပြီး ကျွန်တော့်ဘ၀အတွက် အရေးပါသော အကူအညီတွေ ပေးခဲ့သူများနှင့်လည်း ဆုံတွေ့ခွင့် ရခဲ့သည်။ ထိုအကြောင်းများကိုတော့ နောက်မှ သပ်သပ် ရေးချင်ပါသေးသည်။
ပန်းလှိုင်မှာ အလုပ်တွေ ပြီးသွားတော့ ကျွန်တော် ဗိုလ်အောင်ကျော်လမ်းက ရုံးမှာ အလုပ် စဆင်းသည်။ လစာလည်း တဖြည်းဖြည်း တိုးတိုးလာသလို မြင့် မြင့်တက်လာသော ကုန်ဈေးနှုန်းတွေ ကြားမှာ ကျွန်တော် မစုဆောင်းမိပါ။ သို့သော် ဆရာ့ရုံးမှာ လုပ်ရင်း ကျွန်တော့် ညီအငယ်ဆုံးကို မန္တလေးမှာ တက္ကသိုလ်တက်ဖို့ စားရိတ် ထောက်နိုင်ခဲ့သည်။ ညီမလေးအား သူဝါသနာပါသော စက်ချုပ်သင်တန်းကို မြို့ကလေးမှာ ထားပေးနိုင်ခဲ့သည်။ အိမ် စားဝတ်နေရေး တာဝန် အတော်များများကို ကျွန်တော် တာဝန်ယူ ထောက်ပံ့နိုင်ခဲ့သည်။ အဖေနှင့် အမေလည်း အရင်လို ပင်ပင်ပန်းပန်း အလုပ် လုပ်စရာ မလိုတော့။ သို့သော် ကျွန်တော့် ကျေးဇူးရှင်တွေကို ကျေးဇူးဆပ်ခွင့် မရသေးပေ။
ဆရာ့ရုံးမှာထိုင်ပြီး တစ်နှစ်ခွဲ ကျော်လောက်မှာ မမျှော်လင့်ပဲ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော် အလုပ်ပြောင်းဖြစ်သည်။ ကျွန်တော် အလုပ်ထွက်မည် ပြောတော့ ဆရာ့စကားတစ်ခွန်းကို ဘယ်တော့မှ မမေ့။
“သားသမီးတောင် အချိန်တန်ရင် မိဘကို ခွဲခွာသွား ရသေးတာ။ သားဘ၀ ပို တိုးတက်ဖို့အတွက် လုပ်တာပဲ။ ဆရာ မတားပါဘူး” တဲ့။
အဲ့ဒီအချိန်က ဆရာ မသွားပါနဲ့ တားခဲ့လျှင် ကျွန်တော် တကယ်ပဲ ထွက်ဖြစ်မှာ မဟုတ်တာ သေချာပါသည်။
ဆရာ့ရင်ဝကို ခြေစုံကန်ကာ ထွက်ခဲ့မိသော ကျွန်တော် ဒုတိယအလုပ်မှာ အခက်အခဲတွေ ထပ်ပြီး ကြုံရပြန်သည်။ နမော်နမဲ့နိုင်သော ကျွန်တော်က တမျိုး။ ကိုယ် တာဝန်ယူရသော အလုပ်တွေထဲက တစ်ချို့မှာ ဖြေရှင်းလို့ မရတာတွေက တဖုံ။ စိတ်ဖိစီးမှုတွေက ကျွန်တော့် စိတ်တွေကိုရော ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ ကိုပါ ပျက်ပြား စေခဲ့သည်။ (တစ်ခု ကံကောင်းသည်က အလုပ်ရှင် အကိုဆရာရော၊ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများ ကရော ကျွန်တော့်ကို မိသားစုတွေလို ချစ်ခင် ရင်းနှီး ကြခြင်းကြောင့် ကျွန်တော် စိတ်သက်သာရာ ရခဲ့၏။ ဆရာ့ရုံးမှာရော အခုလက်ရှိ ဆရာအကို ရုံးမှာရော လုပ်ဖော်ကိုင်ဘက် အားလုံး ကျွန်တော့်ကို ထိုသို့ ချစ်ခင်ကြခြင်းသည် အိမ်လွမ်းကာ မိသားစုနှင့် ဝေးနေသော ကျွန်တော့်အတွက် အားဆေးတွေ ဖြစ်ခဲ့သည်။ ထိုအတွက်လည်း သယ်ရင်း မိတ်ဆွေ အားလုံးကို ကျေးဇူးတင်လွန်း လှပါသည်။)

စနေသား ကျွန်တော် စနေဂြိုလ် ကျနေသလား ထင်ရအောင်ပင် အလုပ်ရော မိသားစုအရေးတွေပါ ထိုအချိန်က အတော် ကသောင်းကနင်း နိုင်ခဲ့သည်။ ကျွန်တော် စုဆောင်းထားသော ငွေကလေးတွေကို ကျွန်တော့် ညီအလတ်အတွက် တရုတ်ဆိုင်ကယ်တွေ ၀ယ်ရောင်းလုပ်ဖို့ ထုတ်ပေးထားတာတွေက အဆင်မပြေ။ ငွေရင်းလေး ပြန်ပေါ်လာနိုး လိုက်ရင်းလိုက်ရင်း ညီတော်မောင် တရုတ်ပြည်ကနေ မိုးကုတ်ကို ဆိုင်ကယ် အကူး လမ်းမှာ အဖမ်းခံရ၊ ပစ္စည်းတွေ အသိမ်းခံရနှင့် လိုက်ရွေးရတော့ ခြစ်ချုပ်စုထားတာလေးတွေ ပြောင်ပြန်၏။ ပြောင်ရုံမက အဖေ့ အိမ်ဂရံလေးပင် အဆစ်ပါသွားလိုက်သေးသည်။ ထိုအခါ ကျွန်တော့်ဝင်ငွေသည် အိမ်မိသားစု စားဝတ်နေရေး၊ ညီ ညီမတွေ သင်တန်းကြေး၊ ရန်ကုန်မှာ နေထိုင်စားရိတ်၊ တိုး တိုးလာသော အဆောင်လခများ တွေတင်မက အိမ်ဂရံပေါင်ထားတော့ တလတလ ဆပ်ရသော ငွေတိုးတွေပါ တာဝန်ပိုလာ၏။
ကျွန်တော့်ညီ အငယ်ဆုံးလေးကို ထားပေးသည့် ကွန်ပျူတာ သင်တန်းကြေးကလည်း တဖြည်းဖြည်း များများလာသည်။ ကျွန်တော် ကျောင်းတက်နေစဉ်က မျက်နှာငယ်ငယ်နှင့် ဒုက္ခတွေ ကြုံခဲ့ရသလိုမျိုး ကျွန်တော့်ညီ အငယ်ဆုံးကို မဖြစ်စေလိုပါ။ ထိုအချိန်က သူ့ကို ကျွန်တော် ရန်ကုန်မှာ ခေါ်ပြီး ကွန်ပျူတာ သင်တန်း တက်ထားခိုင်းသည်။ ကျွန်တော့် ညီအလတ်ကလည်း အရင်လို ကျောက်သွေးအလုပ်တွေရော၊ ဆိုင်ကယ်လုပ်ငန်းပါ အဆင်မပြေပဲ သူ့မိသားစုလေးနှင့် မနည်း ရုန်းကန်နေရတော့ ကျွန်တော် မထောက်ပံ့ရတာ ခံသာသေးသည်။ တတိယညီကတော့ ခုချိန်ထိ အားကိုးမရ။ ဟိုယောင်ယောင်၊ ဒီယောင်ယောင်။ ညီမလေးကတော့ သူတက်နေသော စက်ချုပ်သင်တန်းကို သင်တန်းကြေး ပေးစရာမလိုတော့ပေမဲ့ ၀င်ငွေက မရှိသေး။ မိသားစုတာဝန် အားလုံးက ကျွန်တော့် ခေါင်းပေါ်မှာ။ ခါးနာရောဂါနှင့် ပင်ပင်ပန်းပန်းဒဏ်တွေ မခံနိုင်တော့သော အဖေ့ကိုရော၊ ခြေလက်တွေ သိပ်မကောင်းတော့သည့် အမေ့ကိုရော ကျွန်တော် ဘာအလုပ်မှ မလုပ်စေချင်တော့။ နောက်ပြီး အဖေနှင့် အမေ့ကို သက်တောင့်သက်သာ နေစေချင်လှပြီ။ ဒီတော့ ကျွန်တော့်မှာ ကံကြမ္မာကို လောင်းကြေးထပ်ကာ မိုက်မိုက်ကန်းကန်း ကြံစည်မိတော့သည်။ ဒါကတော့ ကျွန်တော် စင်္ကာပူ သွားဖို့ ဆုံးဖြတ်လိုက်ခြင်းပင်တည်း။
တကယ်တမ်းတော့ ရန်ကုန်မှာပင် မပျော်ဘဲ “ပျော်ရာမှာမနေ၊ တော်ရာမှာ နေ”နေရသော ကွန်တော် အိမ်လွမ်းတိုင်း မကြာခဏတော့ ပြန်နိုင်သေးသည်။ နိုင်ငံခြား သွားမည် ဆိုလျှင်တော့ ကျွန်တော် အိမ်လွမ်းတိုင်း ပြန်နိုင်မှာတော့ မဟုတ်။ သွားလည်း မသွားချင်ပါ။ သို့သော် ကျွန်တော့် မိသားစုအတွက် သွားကိုသွားမှ ဖြစ်မည်။
သွားဖို့ ဆုံးဖြတ်လိုက်မှ ကျွန်တော့်မှာ လက်ထဲ ငွေစ အနည်းငယ်သာ ရှိ၏။ ခက်ပြီ။ မြို့ကလေးရဲ့ ကျဆင်းချွတ်ခြုံနေသော စီးပွားရေးတွေကြောင့် ကျွန်တော့်ဦးလေးတို့ မိသားစုတတွေကလည်း အဆင် သိပ်မပြေလှ။ ကျွန်တော့် စိတ်ကူးကို သူတို့ အကောင်အထည် ဖော်ပေးချင်သော်လည်း မဖြည့်ဆည်း ပေးနိုင်တော့ စိတ်မကောင်း ဖြစ်နေကြသည်။ မိုးကုတ်မှာကလည်း စီးပွားရေးလုပ်ငန်းတွေက ကောင်းမွန်လှသော စနစ်ဆိုးကြောင့် အလုပ်လက်မဲ့တွေ အများကြီး။ တကယ့်သူထေးတွေပင် ညည်းနေရလောက်အောင် စီးပွားရေးက ကောင်းလွန်းလှသည်လေ။ ဘယ်သူ့ကိုမှ ကျွန်တော်ကလည်း အကူအညီ မတောင်းရက်ပါ။ မြို့ကလေးမှ လူအားလုံးက ကိုယ့်ဒုက္ခနှင့် ကိုယ်။ အမေကတော့ ကျွန်တော့်ကို သွားစေချင်သည်။ ဒီလိုနှင့် “မင်းလိုတဲ့ငွေကို တတ်နိုင်သမျှ ငါတို့ စုပြီး စိုက်ပေးမယ်” ဆိုသော အားပေးစကားတွေကို ကျွန်တော့် သယ်ရင်း တစ်ချို့ ထံမှ ကြားရတော့ အားတော်တော် တက်သွားသည်။ အဆင်မပြေလျှင်တော့ သူတို့ကို အကူအညီ တောင်းရမှာပေါ့။
သို့သော် ကျွန်တော် တခြားနည်းလမ်း ရှာချင်သေးသည်။ ဘယ်သူ့ကိုမှ ကျွန်တော့်ကြောင့် ဒုက္ခ မဖြစ်စေချင်ပါ။ ခုလို စေတနာ ရှိကြခြင်းကိုပင် ကျေးဇူးတင်လွန်းလှပြီ။ အမေနှင့် တိုင်ပင်တော့ အမေ့မိတ်ဆွေ တချို့ထံမှ ငွေတိုးချေးဖို့ အမေက ပြောပါသည်။ ကျွန်တော် မလုပ်ရဲပါ။ မတော်တဆ အဆင် မပြေဖြစ်ခဲ့လျှင် သိန်းနှစ်ဆယ်လောက်ကို ကျွန်တော် ဘယ်လို ပြန်ဆပ်နိုင်မှာလဲ။ စိတ်တွေက ရှုပ်ထွေးလာသည်။ ချစ်သော အမိမြေကို စွန့်ပြီး ကျွန်တော် မသွားချင်သလို မိသားစု၊ ကျွန်တော်ချစ်သော မြို့ကလေးနှင့် ဝေးဝေးမှာ ကျွန်တော် မနေနိုင်။ သို့သော် ကျွန်တော် မစွန့်စားလျှင် ဘယ်လိုမှ ရေရှည် လွယ်မည် မဟုတ်တာ အသေအချာ။ ဒီတော့ ငွေတိုးချေးရုံကလွဲပြီး ကျွန်တော် တခြားနည်းလမ်းကို မတွေးတော့။
စင်္ကာပူသွားဖို့ လုပ်နေတာကိုလည်း အလုပ်ရှင် ဆရာအကို့ကို ပြောပြပြီး အလုပ် ထွက်ဖို့ ပြောတော့ အကိုက မသွားမချင်း သူ့ဆီမှာ အလုပ် လုပ်ဖို့ ပြော၏။ ကျွန်တော် ဆရာအကို့ကို ခွင့်တောင်းကာ တစ်လ ခွင့်ယူပြီး အိမ်ပြန်လိုက်သည်။ တကယ်လို့ စင်္ကာပူ သွားဖြစ်လျှင် အိမ်မှာ ပြန်နေရဖို့ လွယ်မည်မဟုတ်ပါ။ ဒီတော့ အိမ်မှာ ကျွန်တော့် မိသားစုနှင့် အေးအေးဆေးဆေး အချိန်ယူ နေချင်ပါသေးသည်။ စိတ်ပင်ပန်းရသော ဒဏ်တွေနှင့် အရိုးပေါ်အရေတင်နေသော ကျွန်တော် အိမ်ကို ပြန်သွားတော့ အိမ်ပေါက်ဝမှာ ရပ်နေသော ကျွန်တော့်ကို အမေတောင် မမှတ်မိပါ။ ဘယ်က ဘိန်းစားကောင်လဲ ဆိုတဲ့ အကြည့်မျိုးနှင့် ကြောင်ကြည့်နေတာ “အမေ” လို့ ကျွန်တော် ခေါ်မှ မှတ်မိပြီး “အောင်မလေး သားကြီးရယ်” ဆိုကာ ငိုလေတော့သည်။ ဘုန်းကြီးကျောင်းက အဖေပြန်လာတော့ ကျွန်တော့်ကို ကြည့်ပြီး ရင်တွေဆို့ကာ မျက်ရည်တွေ ၀ဲလို့။ ကျွန်တော်ကလည်း ခွင့်ရရချင်း အိမ်ကို တန်းပြီး ပြေးသွားတော့ ကြားမှာ အားပြည့်အောင် အနားမယူနိုင်ခဲ့ဘူးလေ။ အဖေနှင့် အမေ ရင်နင့်အောင် လုပ်မိသလို ဖြစ်သွားတော့ ရင်ထဲမှာ မကောင်း။ ကျွန်တော် အပူရုပ်တွေကို ဖုံးဖိကာ ကြိုးစားမယ်ဆိုတာ အဖေနှင့် အမေ့ကို ကတိပေးထားသည်။ ကိုယ်တိုင်က စိတ်ဓာတ်ကျနေလျှင် ကျွန်တော့် မှီခိုနေရသော အဖေနှင့် အမေက ဘယ်လို အားကိုးနိုင်မလဲ။ တခါတရံမှာ အဆင်မပြေလျှင်ဆိုတဲ့ အပူလုံးကြီးက ရင်ထဲ ပြည့်ကျပ်ခဲ နေသော်လည်း အိမ်ကိုတော့ ကျွန်တော် အပူတွေ မျှမပေး။ အိမ်မှာ နေတဲ့ တလအတွင်း ကျွန်တော် အဖေနှင့်အမေ့ဘေးမှာ၊ မောင်နှမတွေ ဘေးမှာ အချိန်ပြည့် လိုလို နေသည်။ ဦးလေးတွေဆီ သွားကာ လုပ်ကိုင် ကူစရာရှိသည်များ အရင်လို သွားလုပ်ပေးသည်။ ရိပ်သာကို ဆယ်ရက်စခန်း ၀င်လိုက်သေးသည်။ ရိပ်သာ မ၀င်တာ သုံးနှစ်လောက် ရှိနေခဲ့ပြီ။ နောက်ဆို ကျွန်တော် စိတ်အေးလက်အေး ၀င်ခွင့် ရမှာ မဟုတ်နိုင်ဘူး။ ရိပ်သာ ၀င်လိုက်ခြင်းကြောင့် ရင်ထဲက အပူလုံးကြီး သက်သာရာ ရသွားပါသည်။
ရိပ်သာမှ ပြန်ထွက်လာတော့ မန္တလေးမှာ နေသော အမေ့ ညီမက သူ စုဆောင်းထားသော လက်ဝတ်လက်စားတွေကို အပေါင်ခံပစ္စည်းထားဖို့ ထုတ်ပေးသည်။ ကျွန်တော် အပေါင်ခံပစ္စည်း မထားဘဲ ငွေတိုး ချေးလျှင် အတိုးတွေ အများကြီး ပေးရသောကြောင့် အမေ့ညီမက အတိုးပေးရ သက်သာရန် ကူညီပေးခြင်း ဖြစ်သည်။ ထိုမှရသောငွေ၊ ကျွန်တော့်အလုပ်ကနေ ပေးသော ဆုကြေးငွေ၊ မြစ်ကြီးနားက သယ်ရင်း ချေးပေးသော ငွေ၊ နောက်ပြီး အလုပ်မှာ မောင်နှမ လိုခင်သော အမတစ်ယောက် ထုတ်ပေးသည့် ဒေါ်လာ နှစ်ရာ။ အားလုံး ကြက်အစာ ကောက်သလို စုပေါင်းလိုက်တော့ ကျွန်တော် စင်္ကာပူသို့ ထွက်ပြီး အလုပ်ရှာနိုင်သည့် အတိုင်းအတာ ရရုံမက အိမ်ကိုလဲ သုံး၊ လေးလစာ ဖူလုံအောင် ချန်ထားပေးနိုင်ခဲ့၏။ ညီအလတ်ရဲ့ ဆိုင်ကယ်ဝယ်ရောင်း လုပ်ငန်းကလည်း အခြေအနေ ပြန်ကောင်းလာသောအခါ ထို ငွေတွေထဲက အိမ်အတွက် အစု ရှယ်ယာ အရင်း အနှီးကို ထုတ်ပေးခဲ့တော့ ငွေက စင်္ကာပူမှာ တစ်လကျော်လောက်သာ နေနိုင်သည့် အနေအထားသာ ကျန်သည်။ တကယ်လို့ ကျွန်တော်သာ အလုပ်အဆင်မပြေပဲ ပြန်လာခဲ့ရလျှင် သူ့ဝင်ငွေနှင့် အိမ်ကို ခဏ ထိန်းထားနိုင်မည်မဟုတ်လား။ အကြွေးများကို မြန်မြန် ဆပ်နိုင်ဖို့၊ အိမ်ဂရမ်နှင့် အမေ့ညီမ လက်ဝတ်လက်စားတွေ ပြန်ရွေးပေးနိုင်ဖို့ ကျွန်တော် အဲ့ဒီမှာ အလုပ်ရမှ ဖြစ်မည်။ မရလျှင် ကျွန်တော် ဘယ်လိုလုပ်ရမလဲ ဆက်မတွေးတော့။ မိုက်ရူးရဲစွာနှင့် စင်္ကာပူသို့ သွားကာ အလုပ်ရှာဖို့ ဆုံးဖြတ်လိုက်ပြီးပြီ။
ကဲ ဂြိုလ်မွှေတဲ့ စနေရေ၊ မင်းကပဲ ဂြိုလ်ဘယ်လောက်မွှေ မလဲ။ ငါကပဲ ဒီဂြိုလ်ကို အကောင်းဘက် ရောက်အောင် ဘယ်လောက် ကြိုးပမ်းနိုင်မလဲ။ ကံကြမ္မာကို လောင်းကြေးထပ်ကာ ကျွန်တော် စိန်ခေါ်တော့မည်။


(ဆက်ရေးပါဦးမယ်ခင်ဗျာ။ ကျွန်တော့် ရင်ဖွင့်သံတွေကို ခုချိန်ထိ စိတ်ရှည်လက်ရှည် ဖတ်ပေးနေကြတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားပေးကြတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်)

ပုံကလေးကို ဒီကနေ ယူထားတာပါခင်ဗျာ။


မေတ္တာဖြင့်
မိုးကုတ်သား


Thursday, May 28, 2009

သားဦးစနေ ဒုက္ခပွေ

သယ်ရင်းတွေကိုလဲ အင်မတန် ကျေးဇူး တင်သလို ဒီလို သယ်ရင်းတွေ ရှိတာကိုလဲ ၀မ်းမြောက်ရသည်။ ကျွန်တော် မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျောင်းလာတက်ပါ့မယ် ကတိ အထပ်ထပ် ပေးမှ သူတို့ ကျေနပ်ကာ ပြန်သွားကြ၏။ ကျွန်တော် ကျောင်းသွားတက်နေလျှင် အိမ်မှာ ဘယ်သူက ဦးစီးမှာလဲ။ ကျွန်တော် ကျောင်းပြန်တက်လို့ မဖြစ်ပါ။
ဒီအချိန်မှာပဲ ကံဇာတာက တက်လာသည် ပြောရမည်။ ကျွန်တော် ကျောက်သွားသွေးသော ဦးလေးတို့ အိမ်မှ မောင်နှမတွေက စုပြီး ကျွန်တော့် ကျောင်းစားရိတ်ကို တာဝန်ယူလိုက်ကြသည်။ အိမ်ခွဲနေသော ကျွန်တော့် ညီအလတ်တို့ မိသားစုကလဲ ကျွန်တော် ကျောင်းသွားတက်စဉ် သူတို့ အိမ်မှာ ပြန်လာနေပေးပြီး တတ်နိုင်သမျှ အိမ်တာဝန်တွေ ယူပေးမည်တဲ့။ ကျွန်တော် အားတွေ ပြန်ရှိကာ မျှော်လင့်ချက် ရောင်ခြည်လေး လင်းရောင် ပြန်သမ်းလာခဲ့သည်။ ပိုပြီး ကံကောင်းသည်က ကျောင်းတွေ ဖွင့်ခါနီးမှ ကျွန်တော့် ပွဲစားအလုပ်မှ ၀င်ငွေလေးက ကောင်းသွားခဲ့သေးသည်။ ကျောက်ပန်းချီက ရသောငွေ၊ ကျောက်သွေးပြီး ရသောငွေ၊ ကျောက်ပွဲစားလုပ်ပြီး ရသောငွေ အားလုံးကို အမေ့လက်ထဲ အပ်ခဲ့လိုက်တော့ ကျွန်တော့် မိသားစု လ အတော်များများ အတွက် အမာခံ ဆန်၊ဆီ၊ဆားတွေ ၀ယ်ထားပေးခဲ့နိုင်သလို အမေ့ ကျောက်လုပ်ငန်းလေးလဲ ပြန်စနိုင်ခဲ့သည်။
ကျွန်တော်ကတော့ ဦးလေးမိသားစုတို့ လစဉ် ထောက်ပံ့သော ငွေဖြင့် ကျောင်းတက် နိုင်ခဲ့သည်။ သယ်ရင်း တွေကတော့ ၀မ်းသာအားရ ဆဲလိုက်ကြသည်မှာ ပြောစရာမရှိ။ ကျောင်းမတက်တော့ဘူး ဆိုကာ သူတို့ကို စိတ်ပူအောင် လုပ်မိသည်ကိုး။ သို့သော် ကျောင်းမှာ ကျွန်တော့်ကို ပြန်မြင်ရတော့ သယ်ရင်းတွေလဲ ပျော်နေ ခဲ့ကြပါသည်။ ထိုနှစ်ကတည်းက ကျွန်တော်တို့ ကျောင်းကို မန္တလေးမှာ မတက်ရတော့။ ပြည်မှာ သွားတက်ရသည်။ ပဉ္စမနှစ်နှင့် နောက်ဆုံးနှစ်တွင် ကျောင်းပိတ်ရက်က တိုတောင်းလွန်းသောကြောင့် အိမ်ကို သင်္ကြန် တစ်ကြိမ်ပဲ ပြန်နိုင်ခဲ့သည်။
ထိုနှစ်တွေက ဒီဇိုင်းပိုင်းမှာ ညံ့သော ကျွန်တော် အတန်းထဲက သယ်ရင်းတွေကို မနည်းမှီအောင် လိုက်လုပ်နေရသည်။ ဥာဏ် မကောင်းသော၊ ထုံအသော ကျွန်တော် လူတော် မဖြစ်အုံးတောင် လူညံ့စားရင်ထဲ မပါဖို့ အတော် ကြိုးစား ယူရသည်။ သို့သော် ကျွန်တော် ထိုစဉ်က အင်မတန် လေလွင့်ခဲ့ကာ မိုက်မဲခဲ့ပါသည်။ ကျောင်းက မေဂျာ ဘာသာတွေလောက် စိတ်အာရုံထားပြီး ပရောဂျက်တွေထဲ စိတ်နှစ်မြှုပ် ရူးသွပ်ကာ ဈာန် ၀င်စားခဲ့သမျှ တွဲယူရသော မိုင်နာ ဘာသာရပ်တွေကို လှည့်လို့ပင် မကြည့်တော့ အဲဒီရမှတ်တွေက မကောင်းပါ။ စာမေးပွဲ နီးတော့ သယ်ရင်းတွေက မိုင်နာဘာသာတွေ သူတို့ စာလုပ်တိုင်း ကျွန်တော့်ကို ခေါ်ကာ ရှင်းပြပေးကြသောကြောင့် ကျွန်တော် ဖြေနိုင်ခဲ့ခြင်းသာ။ ဘွဲ့လွန်တက်ဖို့ မမျှော်မှန်းခဲ့သော ကျွန်တော် ထိုဘာသာရပ်တွေမှာ ပေါ့လျော့ခဲ့တာ အချိန်လွန်မှ နောင်တ ရ ရသည်။ (ထိုစဉ်ကတည်းကရင်း အချိန်တွေ ကုန်သွားရင် ဘယ်တော့မှ အစားပြန်ထိုးလို့ မရနိုင်တာတွေ ရှိတတ်မှန်း ကိုယ့်ကိုကိုယ် သတိ ပေးခဲ့သော်လည်း မေ့တတ်သော ကျွန်တော် ခုထိ အဲဒါကို တခါတခါ မေ့နေတတ်သေးသည်)
နောက်ဆုံးနှစ် စာမေးပွဲကြီး ပြီးသွားတော့မှ အလုပ် ဆိုတာကြီးက ဗြုန်းကနဲ ခေါင်းထဲ ရောက်လာ၏။ လုံးဝ မကျွမ်းကျင်သော အစိမ်းသက်သက် ရန်ကုန်မြေကို ခြေချတော့မှ ကျွန်တော် ဘာလုပ်ရမှန်းမသိ။ ယောင်လည်လည် ဖြစ်ရတော့သည်။ ထိုအချိန်က ခေါင်းထဲမှာ ဗလာသက်သက်ကြီး ဖြစ်ကာ နေလို့မကောင်း။ ပုံမှန် စာတွေ လုပ်နေကျ အချိန်တွေကလဲ လုံးဝ မရှိတော့ဘူး မဟုတ်လား။ အချိန်တိုင်းလိုလို အားနေသော ကျွန်တော် အလုပ်ကို အပူတပြင်း ရှာနေသော်လည်း ဘယ်သွားလို့ ဘယ်လာရမှန်း ကျွန်တော်မသိ။ ဦးလေးတွေက အလုပ်မရမချင်း သူတို့ ထောက်ပံ့ပေးမည် အာမခံထားလို့သာ စိတ်အေးနေရသည်။ သို့သော် ကျွန်တော် သူတို့ကို အားနာလွန်းလှပြီ။
ရန်ကုန်ရောက်ပြီး တလနီးပါးကြာသောအခါ မမျှော်လင့်ပဲ ကျွန်တော်တို့ ကျောင်းက ဆရာတယောက်ဆီမှာ အလုပ်ရတော့ ပျော်လိုက်သည် ဖြစ်ခြင်း။ တကယ်တမ်း အလုပ်ဝင်တော့မှ ကျွန်တော် မသိသော အပြင် လောကကြီးကို ဘွားကနဲ တွေ့လိုက်ရသလို။ သိပ်မြန်လွန်းသော အပြောင်းအလဲတွေကို နားလည်နိုင်အောင် လိုက်ရလေသည်။ ကျွန်တော် အလုပ်ဝင်ကာစက ရသည့်လစာ သုံးသောင်း။ အိမ်ကို တ၀က်ခွဲပို့၊ အိမ်လခ သုံးထောင် ပေးပြီးလျှင် လက်ထဲ တစ်သောင်းနှစ်ထောင် ကျန်သည်။ နေတာက အင်းစိန်လမ်းမ၊ မြကန်သာ အိမ်ယာ။ ရုံးက ဗိုလ်အောင်ကျော်လမ်းမှာ။ ကျွန်တော် သွားပြီး ဗိသုကာ ပုံစံ ကို ကြီးကြပ်ပေးရသည့် နေရာက ပန်းလှိုင်ဂေါက်ကွင်း အိမ်ယာ။ မနက် စောစောထပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင် (Site) ရှိရာကို ကားတတန်၊ ဆိုက်ကားတတန်နှင့် သွားရသည်။ ညနေ သုံးနာရီမှာတော့ Site ထဲကနေ ဗိုလ်အောင်ကျော်လမ်းရှိ ရုံးသို့ သတင်း (Report) သွားတင်ရသည်။ ဒီတော့ တလတလ ခရီးစားရိတ်က သုံးထောင်နီးပါး။ ကျန်သည့်ငွေနှင့် လောက်ငအောင် ချွေတာသုံးရင်း လကုန်ခါနီးရက်များမှာတော့ မနက်စာ၊ ညစာ ပေါင်းစားရသည့်အဖြစ်။ သယ်ရင်းတွေ ကောင်းလို့သာ တော်သေးသည်။ သို့သော် အတူတူ ကြိုးစား ရုန်းကန်နေရသော သူတို့ကို ကျွန်တော့်ကြောင့် ၀န်ထုပ် မဖြစ်စေချင်တော့ ကြိတ်မှိတ်ပြီး နေရပါသည်။ သူတို့ ဘီယာဆိုင်သွားလဲ ကျွန်တော် မလိုက်။ လဘည့်ရည်ဆိုင်ဆိုလဲ မလိုက်။ သယ်ရင်းတွေက ကျွန်တော် အင်မတန် ကပ်စေးနှဲသည် ထင်ကြ၏။ ကိုယ့်ဝမ်းနာ ကိုယ်သာ သိသည် မဟုတ်လား။ အခက်အခဲ ဘယ်လောက် ကြုံကြုံ အိမ်ကိုတော့ ငွေ လျော့ မပိုချင်ပါ။ အဆင်ပြေတယ်၊ စိတ်မပူနဲ့ ဟုသာ အိမ်ကို ပြောထားရသည်။ သို့သော် အလုပ်ပင်ပန်းသည့်ဒဏ်၊ အစာအဟာရ မလုံလောက်သည့် ဒဏ်တို့ကြောင့် အလုပ်ဝင်ပြီး လေးလကျော်မှာ လူက ပိန်လှီကာ အားပြတ်လို့ လာပြီ။ မဖြစ်ချေသေး။ တစ်ခုခုတော့ လုပ်ရမည်။ အလုပ်သစ်ပဲ ရှာပြောင်းရမလား။ တကယ်တော့ လက်ရှိအလုပ်မှာ ဘယ်လောက် ခက်ခဲတဲ့ ပြဿနာတွေ ရင်ဆိုင်ရပါစေ၊ ကျွန်တော် ပျော်နေပြီ။ လုပ်ငန်းခွင်ကလူ၊ ရုံးကလူတွေနဲ့လဲ ခင်မင်ရင်းနှီးနေပြီ။ အလုပ်မပြောင်းချင်တော့။

(ဆက်ပြီး ရေးပါဦးမယ်ခင်ဗျာ။ ဒီရက်ပိုင်း အလုပ်များနေပေမဲ့ ရေးချင်စိတ် ကြီးနေတာကြောင့် ချရေးလိုက်ပါတယ်။ အရေးအသားတွေ အဆင်မပြေတာ တွေ့ရင် သည်းခံပေးကြပါခင်ဗျာ။ မိတ်ဆွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့် ပွေလီတဲ့ ဒုက္ခတွေကို စိတ်ညစ်ခံပြီး ဖတ်ပေးကြတဲ့အတွက်။ စိတ်မောစရာတွေ ချရေးပြလို့ မောစရာများတဲ့ ဒီခောတ်ကာလကြီးမှာ ပိုမောအောင်လုပ်မိသလို ဖြစ်ရင် ခွင့်လွှတ်ပေးကြပါ။ အဟီး။ နောက်ဆက်မဖတ်မှာ စိုးလို့ )

မေတ္တာဖြင့်
မိုးကုတ်သား

Wednesday, May 27, 2009

သူတို့ ပိုင်တဲ့ မြန်မာ့အမွေ

ခုတလော အလုပ်များပြီး အိမ်ပြန် နောက်ကျနေတော့ စနေသား ဖြစ်စဉ်ကို အပြီးမသတ်နိုင်သေးဘူး ဖြစ်နေပါတယ်။ အဲဒီအတွက်လဲ အနူးအညွတ် တောင်းပန်ပါတယ် ခင်ဗျာ။
လောလောဆယ် ကျွန်တော် အမှတ်တရ သိမ်းဖို့ ရိုက်ထားတဲ့ ပုံလေးတွေ မိတ်ဆွေတို့နဲ့ ဝေမျှ ချင်လို့ပါ။
ဒီအပါတ်ထဲမှာ ကျွန်တော်တို့ ရုံးက ပုံစံထုတ်ပေးထားတဲ့ အိမ်တွေထဲက တစ်ချို့ အိမ်လေးတွေကို တစ်ရုံးလုံး အလည်အပတ် ထွက်ကြပါတယ်။ ဆောက်လက်စ တန်းလန်းနဲ့ အိမ်တွေရော၊ ဆောက်ပြီးသား အိမ်တွေကိုရော သွားပြီး လည်ဖြစ်ကြတာပါ။
အိမ်ရှင်တွေက ကိုယ်တို့တွေ ဖန်တီးပေးထားတဲ့ အခန်းဖွဲ့ ပုံစံ၊ အလင်းပေးမှု စနစ်တွေနဲ့ အပန်းဖြေ အနားယူဖို့ ဖွဲ့စည်းပေးထားတဲ့ ဟင်းလင်းခွင်တွေကို ကျေနပ်ပျော်ရွှင်စွာ တကယ် နှစ်နှစ်သက်သက် အသုံးပြုကြတာ မြင်ရတော့ ရင်ထဲမှ ပီတိ ဖြစ်မိပါတယ်။ နောက်ပြီး သူတို့ကို ကြည့်ရတာ အိမ်မှာ နေပျော်ပြီး အင်မတန်မှလဲ သက်တောင့်သက်သာ ရှိနေကြပုံပါ။ သူတို့တွေကို ကြည့်ပြီး ကျွန်တော်ံစိတ်ထဲ ကြည်နူးနေမိတယ်။
နောက်တစ်ခုကတော့ ကျွန်တော် မျှော်လင့်မထားတဲ့ မြင်ကွင်းတွေပါ။ တွေ့မြင်ရလို့ ၀မ်းမြောက် ကြည်နူးရတာတွေရော၊ စိတ်ထဲမှာ နှမျောတာတွေရော၊ ဘာကိုမှန်းမသိ ဒေါသ ထွက်တာတွေရော၊ နောက်ပြီး အမြတ်တနိုး ထားကြတဲ့ သူတို့လို အနုပညာ မြတ်နိုး ထိန်းသိမ်းသူတွေကို ကျေးဇူးတင်တာတွေရော။ ခံစားရတာတွေ များတော့ စာလုံးတွေနဲ့တောင် ပီပြင်အောင် မရေးပြတတ်တော့ပါဘူးဗျာ။
သူတို့ နိုင်ငံခြားသားတွေ မြတ်စွာဘုရား လက်အုပ်ချီတော် မူနေတဲ့ ဆင်းတုတော် ပုံတွေကို လှေကားထစ်တွေမှာ ဘာကြောင့် ထားတတ်ကြတာလဲ ကျွန်တော် နားမလည်သေးပါ။ တချို့က လှေကား အောက်မှာပင် ထားထားလိုက်သေးသည်။ ကျွန်တော်ကတော့ ထိုလှေကား ထစ်တွေကို ဖြတ်သန်းရတိုင်း စိတ်က ဘယ်လိုမှ သက်တောင့်သက်သာမရှိလှ။ ထားပါ။ ဒီလို အတွေ့အကြုံတွေ နောက်မှ ကျွန်တော် ပြောပြချင်ပါသည်။ ခု ကျွန်တော် ပြောပြချင်သည်က ကျွန်တော် တခါဖူးမျှ ခုလို တွေ့ရမည် မမျှော်လင့်ခဲ့သော မြန်မာ့လက်ရာ စစ်စစ်များ။ တစ်ချို့က ကိုယ် မြန်မာလူမျိုးစစ်စစ်ပင် မမြင်တွေဖူးခဲ့သည့် လက်ရာတွေ။
အမြတ်တနိုး ထိန်းသိမ်းထားသော သူတို့ကို ကျေးဇူးတင်ရင်း၊ စိတ်ထဲ နှမျောတသရင်း၊ ကျွန်တော်တို့ မထိန်းသိမ်းနိုင်ခဲ့သော အမွှေအနှစ်တွေကို ခုလို ဓာတ်ပုံရိုက်ယူ သိမ်းဆည်းထားနိုင်ခွင့်နှင့်သာ ကျွန်တော် ကျေနပ်ရပါသည်။



ကျွန်တော့်ကို ဖမ်းစားခဲ့တဲ့ ရုပ်ထုတွေပေါ့





မြန်မာမှု၊ မြန်မာ့ဟန်လေးတွေ



အိမ်အ၀င်ဝက အဲမောင်း ထမ်းထားတဲ့ မြန်မာအမျိုးသားနှစ်ဦး ရုပ်ထု။ အနောက်ဘက်က မြတ်စွာဘုရား ဆင်းတုတော်ကလည်း မြန်မာ့လက်ရာ အစစ် (ပုံက ၀ါးသွားလို့ သည်းခံပေးပါ ခင်ဗျာ)

ဒီရဲ့ ရုပ်ထုတွေကတော့ မြန်မာ့လက်ရာလို့ အိမ်ရှင်က ပြောပါတယ်။ ကျွန်တော်ကတော့ မသေချာလို့။









အားလုံးကို ချစ်ခင်လေးစားလျှက်
မေတ္တာဖြင့်
မိုးကုတ်သား


Monday, May 25, 2009

သားဦးစနေ



“သားဦးစနေ မီးလိုမွှေ” ဆိုတဲ့ စကားပုံကို ဘယ်သူ ထွင်ခဲ့သလဲ ကျွန်တော် မသိခဲ့သော်လည်း ထို စကားပုံကတော့ ကျွန်တော့်ဘ၀ကို တည့်တည့်ကြီး ခလုတ် တိုက်ခဲ့ပါသည်။
ကျွန်တော့်ကို စနေနေ့မှာ မွေးဖို့ အမေ ကြုံရတော့ စနေနေ့ ကျော်မှ မွေးဖို့ ကြိုးစားခဲ့သည်။ မနက်ကတည်းက နာနေသော ဗိုက်ကို အမေက ဘယ်လိုများ အောင့်ခဲ့သည်လဲ ကျွန်တော် မသိပါ။ (အမေက ညသန်းခေါင်ကျော်ပြီ မှတ်လို့ စိတ်လျော့လိုက်တာ ဟု ကျွန်တော် မေးစဉ်က ပြောပြဖူးသည်) အမေ့ ခံနိုင်ရည်အားတွေ ယုတ်လျော့ကာ စိတ်လျော့လိုက်တော့မှ အမေ့ဝမ်းမှ ကျွန်တော် ကျွတ်လွတ်လာတော့ 25ရက် မေလရဲ့ တစ်ခုသော စနေည 11:45 မိနစ်မှာ။ အဖေက နာရီ တစ်ခုခုများ ည သန်းခေါင် ကျော်နေလျှင် တနင်္ဂနွေသား လို့ သတ်မှတ်နိုင်ကောင်းရဲ့ ဆိုကာ လိုက်မေးတော့ ဆရာဝန်ကြီးရဲ့နာရီက အစ ဆရာဝန်မနှင့် နာ့စ်မ အန်တီကြီးတို့ နာရီတွေပါမက အချိန် မှန်ခဲလှသော ဆေးရုံကြီးမှ နာရီအဆုံး အားလုံးက တချိန်တည်း။ ဒီလိုနှင့် သားဦး စနေ မလိုချင်သော ရိုးရာစွဲ ကြီးသူတွေကြား ကျွန်တော် စနေသား စရောက်လို့လာခဲ့လေပြီ။
အဖေနှင့် အမေ့ကို သဘော မတူခဲ့သော အမေ့ဘက်က ကျွန်တော့် အဖိုးသည် ခိုက်လိမ့်မယ် ဆိုသော အယူတစ်ခုနှင့် မြေးဦး ကျွန်တော့်ကို မကြည်ဖြူခဲ့ပါ။ အဖိုးအိမ်မှာ ကျွန်တော် ငယ်စဉ်ကတည်းက အဖိုးမျက်ကွယ်ရာမှာ နေခဲ့ရသည်။ နောက် ကျွန်တော် နှစ်နှစ် မပြည့်တပြည့်မှာ အဖိုးအိမ် အကြီးအကျယ် မီးလောင်ကာ ပြာကျခဲ့သည်။ ရပ်ကွက်လူကြီး လူချမ်းသာ စာရင်းဝင် အဖိုးသည် အမှုပေါင်းများစွာ ရင်ဆိုင် ဖြေရှင်းခဲ့ရသည်။ စလောင်သည်က ဘေးအိမ် ဓာတ်ဆီဆိုင်မှ၊ အမှုလုပ် ခံရတော့ အဖိုး။ မီးလောင်စဉ် လူတွေက ပစ္စည်းတွေ သယ်ကူပေးကြရင်း ရွှေ၊ငွေ၊ ကျောက်သံပတ္တမြားတွေ ထည့်ထားသော ပုံးကြီး ပုံးငယ်တွေ တစ်ခုမှ ပြန်မရ။ ရှိတဲ့ကားကို ရောင်းချပြီး အမှုလိုက်ခဲ့ရသည်။ လူတွေကို စိတ်နာသွားသော အဖိုးက ပေါက်ကွဲရာအဖြစ် “နင့်ကလေး ဂြိုလ်ကောင်ကို ခေါ်ပြီး ငါ့အိမ်ပေါ်က ဆင်းသွား” ဟု ကံဆိုးမှုတွေ အားလုံး ကျွန်တော့် အပေါ် အထုပ် ဖြေကာ ချခဲ့လေ၏။
ကျွန်တော်တို့ မိသားစု အမေ့ မိတ်ဆွေ တစ်ယောက်၏ အိမ်အောက်ထပ်မှာ အခန်းလေးတခန်း ကန့်လျက် ငှားနေခဲ့ကြသည်။ ထိုအချိန်က ကျွန်တော့်မှာ ညီလေး တစ်ယောက် ရှိနေပြီ။ သူကတော့ မွေးကတည်းက အမေ့မိတ်ဆွေ မိသားစုက သားအရင်းလို ခေါ်မွေးထားသောကြောင့် အမေ့ဘေးမှာ ကျွန်တော် တစ်ယောက်တည်းသာ။ အမေ့ရုံးကို လိုက်သွားပြီး ငြိမ်ငြိမ် ထိုင်ခိုင်းထားသော ခုံကလေးပေါ် တိတ်တဆိတ် ထိုင်ကာနေရင်း လက်နှိပ်စက်တစ်လုံး၊ စာရင်းစာအုပ်ပုံတွေကြား အလုပ်ရှုပ်နေသော အမေ့ကို ငေးမော ကြည့်နေခဲ့တာ ကျွန်တော် မှတ်မိသေးသည်။ အမှတ်မိဆုံးက မေမေ ကျွေးသော မေမေ့ဆိုင် ရှေ့နားက ဂျုံခေါက်ဆွဲ။ နေ့စာစားဖို့ မေမေ အဲ့ဒီ ဆိုင်ကလေးဆီ ကျွန်တော့်ကို ခေါ်သွားချိန်က တနေ့တာအတွက် ကျွန်တော် အပျော်ခဲ့ဆုံး အချိန်။
ထိုသို့ ကျွန်တော့် နေ့ရက်တွေကို ဖြတ်သန်းလာခဲ့တာ လေးနှစ်ကျော်သည်ထိ။
မေမေက ကျွန်တော့်အတွက် နောက်ထပ် ညီလေးတစ်ယောက် မွေးပေးချိန်မှာ ကျွန်တော်က ထင်းမီးဖိုလဲ ကောင်းကောင်း မွှေးတတ်သလို ရေနွေးအိုးတည်၊ ဆန်ဆေး အိမ်အလုပ်တွေ ကူနေတတ်ခဲ့ပြီ။ ဘယ်လို လိမ္မာအောင် နေနေ၊ လူတွေ အမြင်မှာတော့ ကျွန်တော်က ခိုက်တတ်သော ခလေးတစ်ယောက် ဆိုတဲ့ အမြင် ပြောင်းလဲ မသွားခဲ့သေးပါ။ ကျွန်တော် ဆိုးတေမှာ စိုးရိမ်သော မေမေနှင့် ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက ကျွန်တော့်ကို ဘာတစ်ခုမှ ဆိုးတေခွင့် မပေးခဲ့ကြဘူး ထင်သည်။ ဒါကပဲ ကျွန်တော် လိမ္မာအောင် တွန်းပို့ခဲ့သည်လား။ သေချာတာကတော့ မေမေ့လက်သံ ကြိမ်တုတ်စာကို ကြောက်ပြီး လိမ္မာခဲ့တာပဲ ဖြစ်မည်။ မေမေက တတိယမြောက် ခလေးမွေးပြီးချိန်မှာ စိတ်ကြီးလှသော မေမေ့အဖေ ကျွန်တော့်အဖိုး ဘာစိတ်ပြောင်းသွားသည်မသိ။ နှစ်နှစ်ကျော် ပစ်ထားကာ အိမ်ရိပ်ပင် နင်းခွင့် မပေးသော ကျွန်တော်တို့ မိသားစုလေး ငှားနေရာ အခန်းသို့ ရောက်လာခဲ့သည်။ သူ့မြေးငယ်လေးကို ချီပိုး ပွေ့ရင်း တပြုံးပြုံး။ သမီးအချစ် မြေးအနှစ်သည် မြေးဦး ကျွန်တော့်အပေါ် မဟုတ်ပဲ တတိယမြောက် မြေးဖြစ်သော ကျွန်တော့် ထိုညီငယ်လေးဆီ စုပြုံ ကျခဲ့လေသည်။ မြေးငယ်လေးကို ချီပိုး ချော့မြှူလိုက်၊ ကုန်းပိုးပြီး ရွာထဲ လျောက်သွားလိုက်နှင့် အဖိုးကို လူတွေက သိပ်ကို ထူးဆန်းအံ့သြ ခဲ့ကြရသည်။
မြေးချစ်လေးကို မခွဲနိုင်သော အဖိုးက အမေ့ကို အိမ်ပြန်ခေါ်တော့ ကျွန်တော့်ကို လက်မခံချင်ခဲ့ပါ။ ဒီတော့ အဖေ့ ကျောက်တွင်း အလုပ်က အမေ့အဖိုးအိမ်ရှိရာ ကျပ်ပြင် (အနောက်ပိုင်း) ကနေ အဖေ့ အမေရှိရာ မိုးကုတ် (အရှေ့ပိုင်း)ကို ပြောင်းဖို့ ဖန်လာသည်က အဆင်သင့် ဖြစ်သွားခဲ့သည်။ ဒီလိုနှင့် ကျွန်တော်က အဖွားအိမ်ကို အဖေတစ်ခု သားတစ်ခု ရောက်လာခဲ့သည်။ ချစ်ခင် ကြင်နာတတ်သော အဖွားကို ကျွန်တော် အင်မတန် ချစ်ပါသည်။ အဖွားက ပုံပြောလဲ ကောင်းသလို အကြင်နာ မေတ္တာလဲ အင်မတန် ကြီးသည်။ အဖေ ကျောက်တွင်းသွားလျင် ငိုယို ကျန်ရစ်သော ကျွန်တော် အဖွားကြောင့် ပျော်ခဲ့ရသည်။ သို့သော် ထို အပျော်က တစ်နှစ်ပင် ပြည့်အောင် မခံခဲ့။ အဖွားက ရုတ်တရက် လေဖြတ်ကာ အိပ်ယာထဲ ဘုန်းဘုန်းလဲတော့ “သားဦးစနေ မီးလိုမွှေ” ဆိုသော စကားတွေက တကျော့ပြန် ကြားရပြန် လေတော့သည်။ ကျွန်တော့် စိတ်ထဲမှာ အဖွားက ကျွန်တော့်ကြောင့် အဲဒီလို ဖြစ်တာ ဆိုသော အသိစိတ်က ခလေးဘ၀ကရင်း ဘယ်လောက် အရိုး စွဲခဲ့သည်မသိ။ ခုချိန်ထိ အဖွားနှင့်ပတ်သက်တာ အိပ်မက်တိုင်း အဖွား လေဖြတ်တာ ကျွန်တော့်ကြောင့်ဆိုတဲ့ အရိပ်ဆိုးကြီးက ကျန်ရစ်လို့ နေခဲ့သည်။
ကျွန်တော် မူလတန်းတက်စကနေ ကြုံခဲ့သော သေးသေးမွှားမွှား ဂြိုလ်လေးတွေကိုတော့ မပြောတော့ပါ။ (မပြောတာ တော်သေးတာပေါ့။ မဟုတ် တထောင့်တည ပုံပြင်ထက် ဆိုးမယ်)။ ကျွန်တော် သုံးတန်းမှာ အဖွားရဲ့ အိမ် မီးလောင်ပြန်သည်။ အဖေ့ အမလတ်တို့ ဘက် အခြမ်း မီးဖိုခန်းမှ စလောင်ခြင်း ဖြစ်သည်။ မီးလှန့်သောကြောင့် အဖွားသွေးလန့်ပြီး လေဖြတ်တာ ပိုဆိုး သွားခဲ့တာ၊ အဖေ့အမလတ်တို့ မီးဖိုခန်းတစ်ခြမ်း ပြာကျခဲ့တာ “သားဦးစနေ မီးလိုမွှေ” တဲ့ ဂြိုလ်ကောင် ကျွန်တော့်ကြောင့်တဲ့လား။ တခါတခါ ထို စကားပုံက ကျွန်တော့်ကို အင်မတန် ခါးသီးစေပါသည်။ အဖေ ဘယ်လောက် ကျောက်တွင်းလုပ်လုပ် ကျောက်ကောင်း မရတာ ဂြိုလ်ကောင် ကျွန်တော့်ကြောင့် လို့ လူတွေက ဘာလို့စွပ်စွဲချင်ရတာလဲ။ အိမ်မှာတစ်ခုခု ဖြစ်တိုင်း ပတ်ဝန်းကျင်က ကျွန်တော့်ကို ကြည့်လာသော မျက်လုံးတွေကို ကျွန်တော် ရင်နာလွန်းလှသည်။ ထို မျက်လုံးတွေနှင့် ထို အမြင်ကို ကျွန်တော် ပြောင်းပြန် လှန်ပစ်ဖို့ ငယ်စဉ်ကရင်း စိတ်ထဲ တေးထားခဲ့သည်။
ကြီးလွန်းလှသော ဒေါသမာန်စွယ်တွေကို ကျွန်တော့်ဘာသာ ချိုးနှိမ်ပစ်ခဲ့သည်။ ကိုယ့်ဘက်က မှန်နေရင်တောင် ဘယ်တော့မှ ခွန်းမတုန့်အောင် မခံချင်စိတ်တွေကို နောက်မှာထားခဲ့သည်။ စနေသား ကျွန်တော် မဆိုးဘူးဆိုတာ လူတွေ သိစေရမည်လေ။ မကောင်းလွန်းလှသော မှတ်ဥာဏ်ကို သူတပါးထက် နှစ်ဆ ပိုကြိုးစားရင်း အတန်းထဲမှာ အဆင့်တစ်နှင့်သုံးကြား ဘယ်တော့မှ မဆင်းရအောင်နေခဲ့သည်။ ဂြိုလ်ကောင် ကျွန်တော့်ကြောင့် အဖေနှင့်အမေ မျက်နှာ ငယ်စရာမလိုအောင် ဂုဏ်ယူနိုင်အောင် နေခဲ့သည်။ အိမ်မှုကိစ္စတွေကို သားအကြီးဆုံး ကျွန်တော် တာဝန်ယူ လုပ်ရင်း အောက်က ညီ၊ ညီမတွေကို ထိန်းကျောင်းရင်း ဒီမိသားစု ကမ္ဘာလေးထဲမှာ ကျွန်တော် ကြီးပြင်းခဲ့သည်။ ကျွန်တော် ငါးတန်းနှစ်မှာ အဖွားဆုံးတော့ လူတွေက ကျွန်တော့်ကြောင့်ဟု မပြောကြတော့။ ရပ်ကွက်ထဲမှာ လိမ်မာသောသားတစ်ယောက် အဖြစ်သာ လူတွေ မြင်ကြပြီး ကျွန်တော် စနေသားဆိုတာ မေ့သွားကြသည် ထင်ပါသည်။
သားသုံးယောက်နှင့် သမီးတယောက် အမေ ဖြစ်နေပြီ ဖြစ်သော ကျွန်တော့် အမေက သားတွေကို ရှင်ပြုချင်သည်။ သို့သော် ရှင်ပြုဖို့ ငွေက စုလိုက် ကုန်လိုက်။ နောက်ဆုံး ကျွန်တော် ရှစ်တန်းရောက်တော့ ဗေဒင် အင်မတန်ယုံသော အမေတစ်ယောက် အလှူကိစ္စ ဘာကြောင့် မအောင်မြင်လဲ အဖြေတွေ့လေပြီ။ သားဦးစနေ ကျွန်တော်က ဂြိုလ်က လာရာက သိုက်ကလာတဲ့ ဘ၀ ပြောင်းသွားပြန်၏။ အမေ့ အလှူကိစ္စ မအောင်မြင်တာ ကျွန်တော့် သိုက်က တားထားလို့ တဲ့ဗျာ။ ကောင်းပါလေရော။ နောက်တော့ အမေက ကျွန်တော့်ကို မပြောပဲ သူ့ဘာသာ ကြိတ်မှိတ် စုဆောင်းနေတာ ကျွန်တော် ကိုးတန်းရောက်ချိန်ထိလဲ မအောင်မြင်ခဲ့။ (မပြောတာက ကျွန်တော်သိလျင် သိုက်က ကျွန်တော့် အဆက်တွေ တားမှာစိုးလို့တဲ့)
ကိုးတန်းမှာပဲ အရေးအခင်းက ဖြစ်သော အခါ ကျောင်းတွေ ပိတ်သွားသည်။ စီးပွားရေးတွေ ခက်ခဲ ကျပ်တည်းလာသည်။ တစ်လတစ်လ ကျပ်တည်းလာသော အိမ်အခြေအနေကြောင့် အမေ့ အပူတွေကိုကျွန်တော် မျှယူဖို့ ဆုံးဖြတ်လိုက်သည်။ အမေ အလှုအတွက် စုထားသော ငွေလေးတွေ တတိတိ ပြောင်လာလို့ ညှိုးနွမ်းနေသော အမေ့မျက်နှာကို မကြည့်ရက်ပါ။ အဖေက ပိန်သေးသေးနှင့် အမြဲ အားဆေး သွင်းနေရသော ကျွန်တော့်ကို သူနှင့် အတူ တွင်းလိုက်ဆင်းဖို့ အားမပေးခဲ့ပါ။ ဒိတော့ ကျွန်တော် မုန့်မောင်နှမ (မုန့်လင်မယား၊ မုန့်အုပ်ကလေး) ကို မနက်ခင်းတိုင်း ကြော်ရောင်းသည်။ ရှက်တတ်ပြီး လူပျိုပေါက် ဖြစ်နေပြီ ဖြစ်သော ကျွန်တော်က အကြော်ကို အော်ရောင်းရမှာ ရှက်တော့ ငါးနှစ်အရွယ် ကျွန်တော့်ညီမလေးကို “ဟောဒီက မုန့်မောင်နှမ ပူပူနွေးနွေး” ဟု တခါအော်လျှင် မုန့်တစ်ခုနှုန်း ပေးကာ အော်ခိုင်းရ၏။ အစားမက်သော ညီမလေးက ခဏခဏ ထထအော်တော့ တားပင် ယူရလေသည်။ မဟုတ် သူအော်တာနှင့် ကျွန်တော် အရင်း ပြုတ်နိုင်သည်။ ရပ်ကွက်ထဲကကော၊ ရပ်ကွက်ပြင်ပကရော ကျွန်တော့်ကို အားပေးကြတော့ ရောင်းကောင်းပါသည်။ မိုးရွာလို့ အိမ်ရှေ့လမ်းထိပ်မှာ ကြော်မရောင်း နိုင်လျှင်တောင် ကျွန်တော်တို့ရဲ့ အိပ်ခန်းသာသာ မိသားစု အခန်းလေးထဲက မီးဖိုခန်းမှာ ခုံကလေးတွေ ခင်းပြီးရောင်းရသည်။ ဖောက်သည်တွေက မိုးကြီးလေကြီးထဲမှာပင် ကျွန်တော့်ကို အားပေးကြပါသည်။ ညနေခင်းတွေမှာတော့ ရပ်ကွက်ထဲက လူတွေ အရက်ဆိုင် သွားတိုင်း ဖြတ်သွားလေ့ရှိသော လမ်းဆုံ မီးကင်းတဲလေးထဲမှာ ကျွန်တော်က စလုကြော်နှင့် ပဲကပ်ကြော် ရောင်းလိုက်သေးသည်။ ကျောင်းတွေ ပြန်ဖွင့်သည် အထိ ကျွန်တော် အကြော်သည် လုပ်ခဲ့သည်။ တော်ပါသေးသည်။ အရေးအခင်းဖြစ်တာ ဂြိုလ်ကောင် ကျွန်တော့်ကြောင့်ဟု ဘယ်သူကမှ မပြောပေလို့။
ကျွန်တော် ဆယ်တန်း ဒုတိယနှစ်မှာ အမေ့ခြေထောက်တွေ လမ်းလျှောက်လို့မရတော့။ အမေ့ ခြေထောက်က အကြောတွေ နာကာ ယောင်ကိုင်းပြီး အိပ်ယာထဲ လဲခဲ့သည်မှာ အကြာကြီး။ ကျွန်တော့် ညီအလတ်က ကျောင်းထွက်ကာ ကျောက်သွေးနေပြီ။ သူ့ဝင်ငွေလေးရယ် အဖေ့ဝင်ငွေရယ်က မလောက်ငှချင်။ ဒီတော့ ဆယ်တန်းကို အပြင်ဖြေ လုပ်ပြီး ကျွန်တော်လည်း ကျောက်သွေးသည့် အလုပ် ၀င်လုပ်သည်။ ထိုနှစ်မှာလဲ စာမေးပွဲ ထပ်ကျပြန်၏။ အရင်နှစ်က စာတွေ ရထားတာကို မေ့တတ်သော ကိုယ့် အကြောင်းကိုယ် မေ့ကာ စာတွေ မလုပ်ပဲ ဖြေခါနီးမှ ပြန်ကြည့်သည်ကိုး။ ပထမနှစ်က အမေမှာတဲ့ ဆန်တစ်ခွက် ငပိချက်နှင့်မလဲနိုင် လုပ်ကာ ဆေးကျောင်း မမှီနိုင်တော့ နောက်ဆုံးဘာသာကို ခြစ်ချ ပစ်ခဲ့သည်လေ။ ဆေးကျောင်းမှမရရင် နင့်ကို တက္ကသိုလ် မပို့ဘူး လို့ အမေက တချက်လွတ် ပြောထားသည်ကိုး။ နောက်ဆုံးဘာသာ ဂုဏ်ထူးမထွက်နိုင်တော့ ရမှတ်တွေကို ပေါင်းကြည့်ကာ စာမေးပွဲခန်းထဲက မထွက်ခင်လေး အဖြေလွှာကို ခြစ်ချ ပစ်ခဲ့သည်။ အိမ်ပြန်ရောက်တော့ အဖြစ်ကို သိပြီး အမေ ရိုက်လိုက်သည်မှာ ကျောကို ကော့ရော။ အစကတည်းကမှ မပြောကိုး။ အင်ဂျင်နီယာလိုင်းရလဲ တက္ကသိုလ် ပို့ပေးမယ်ဆိုတာ။ အဲ.. ဒုတိယနှစ်ကတော့ စာမေးပွဲနီးမှ စာကို ကပ်လုပ်တာ ရသမျှစာတွေက မေ့နေခဲ့ပြီ။ ဘာတစ်ခုမှ မဖြေနိုင်၊ အငိုင်သား အိမ်ပြန်လာကာ ကျပြီ အမေရေ ပြောတော့ အိပ်ယာထဲက အမေ ကျွန်တော့်ကို ထမရိုက်နိုင်ခဲ့။ မျက်ရည်တွေသာ ကျပြီး ငါ့သားကြီးကို ပညာတတ် ဖြစ်စေချင်တယ် တစ်ခွန်းသာ ပြောခဲ့သည်။ ထိုစကားတခွန်းကပဲ နောက်နှစ်မှာ စာကြိုးစားဖို့ စိတ်ခွန်အားကို ဖြည့်ပေးခဲ့ပါသည်။
ထိုနှစ်က ကံကောင်း သည်မှာ အမေ ခြေထောက် သက်သာပြီး အလုပ်ကို ပြန်လုပ်နိုင်လာသည်။ ရုံးကလဲ အပြီးထွက်ကာ ကျောက်ပွဲစား အလုပ်ကို ဇောက်ချပြီး လုပ်သည်။ ကျွန်တော်နှင့် ညီအလတ်က ကျောက်သွေးရင်း ငွေရှာသည်။ ဒီတော့ အမေက ရှင်ပြုဖို့အတွက် အလှုပစ္စည်း၊ သင်္ကန်း ပရိက္ခယာ တွေ ဖြည်းဖြည်းချင်း စုနိုင်လာ၏။ ကံဆိုးသည်ကတော့ အဖေ့ အမလတ်က ဘယ်သူမှ မသိအောင် သွားပေါင်ထားသော အိမ်ဂရံ အပေါင်ဆုံးပြီး ကျွန်တော်တို့ တပြုံလုံး နေစရာ ဘုံပျောက်ရမည့် အဖြစ်။ သို့သော် အပေါင်ခံသူက မတရားမလုပ်ခဲ့ပဲ ငွေတစ်ချို့ အမ်းကာ အိမ်ကို သိမ်းယူသွားသည်။ အမ်းငွေတွေကို ဝေပုံကျယူပြီး အရင် တစုတည်းနေလာသော အဖေ့မောင်နှမတွေ ၀ါးအစည်းပြေကာ တနေရာစီ နေကြရတော့သည်။ ဒီတော့မှ အဖေ၊ အမေနှင့် ကျွန်တော်တို့ မောင်နှမတတွေ သီးသန့် ကိုယ်ပိုင်အိမ်လေးတစ်လုံးနှင့် နေဖြစ်သွားကြသည်။
ဆယ်နှစ်ကျော်မက နေလာသော အိမ်ဟောင်းနေရာလေး ရှေ့က ဖြတ်သွားရတိုင်း ထိုအိမ်လေးကို ငေးကြည့်ရင်း ကျွန်တော် လွမ်းမောခဲံ့ရသည်။ သို့သော် ဂြိုလ်ကောင် ကျွန်တော့်ကြောင့် ဒါတွေ ဖြစ်ခဲ့တယ် ဟု မခံစားရတာ အင်မတန် ကျေနပ်ပါသည်။ အိမ်ဟောင်းလေးရှေ့က ဖြတ်သွားတိုင်း လွမ်းမောရသော်လည်း အိမ်သစ်မှာ ကျွန်တော်တို့ မိသားစု ပျော်ကြပါသည်။ လှေကား သုံးဆယ့်တစ်ထစ်ကို တက်ပြီးမှ ရောက်သောကြောင့် သုံးဆယ့်တစ်ဘုံထိပ်မှာ နေတာကွဟု ဟာသနှောကာ ရယ်စရာ လုပ်နိုင်ခဲ့သေးသည်။ အိမ်က ရေစည်တွေ ပြည့်အောင် ရေကို ခပ်ရတိုင်း လှေကားထစ်ကြီး တွေ မော့ကြည့်ကာ လျှာ အလျားလိုက် ထွက်ရသည့် အခါများမှ လွဲလို့ပေါ့။
ထိုအိမ်လေးသို့ ရောက်တော့ ဆယ်တန်းစာမေးပွဲက လေးလမျှသာ လိုတော့သည်။ အဲဒီအချိန်မှာ ကျွန်တော် ဗီဒီယို ခွေငှားဆိုင်လေး တစ်ခုတွင် ညနေပိုင်းအလုပ် ရ၏။ ထိုစဉ်က တစ်လ နှစ်ထောင့်ငါးရာ၊ သုံးထောင်သည် မိသားစုဝင် ခုနှစ်ယောက်အတွက် ဆန်၊ဆီ၊ဆား၊ မီးသွေး အမာခံ စားကုန်တွေ လုံလောက်အောင် ဖြည့်တင်းနိုင်ခဲ့သည်။ ဒိတော့ အမေ့ဝင်ငွေက ဈေးဖိုးမှလွဲပြီး ကျန်တာ အကုန် အလှူလုပ်ဖို့ စုနိုင်ခဲ့သည်။ ဆယ်တန်းစာမေးပွဲဖြေဖို့ တစ်လလောက် အလိုမှာတော့ ဆိုင်ကနေ ကျွန်တော် ထွက်ပြီး စာကိုသာ ဖိလုပ်ခဲ့သည်။ စာမေးပွဲပြီး နောက်ဆုံးနေ့မှာပဲ ဆိုင်ရှင်ဘော်ဒါတွေ အိမ်မှာ လာပြီး ခေါ်သောကြောင့် နောက်ရက်ကနေ စကာ ခွေဆိုင် ပြန်ထိုင်ရလေသည်။ နေ့လည်တွေမှာတော့ အဖေ့ညီဝမ်းကွဲ တယောက်ဆီမှာ ကျောက်သွေးတပည့်ခံရင်း ညနေမှာတော့ ခွေဆိုင်ထိုင်သည်။ ရသမျှဝင်ငွေကို အမေ့လက်ထဲ ထည့်တိုင်း အမေ့ ပီတိမျက်နှာကို ကြည့်ကာ ကျွန်တော် အင်မတန် ပျော်သည်။ ဆယ်တန်း အောင်စားရင်းထွက်တော့ ကျွန်တော် သုံးဘာသာဂုဏ်ထူးနှင့် အောင်သည်။ အဖေရော အမေရော ပျော်နေသည်မှာ ကျွန်တော့်ထက်ပင် ပိုနေပေလိမ့်မည်။ အောင်စားရင်း ထွက်ပြီး သိပ်မကြာခင်မှာပဲ အမေ သိပ်မျှော်လင့်ခဲ့သော နောက်အိပ်မက်တစ်ခု ဖြစ်လာခဲ့ပါသည်။ ကျွန်တော်တို့ကို စစ်ကိုင်းမှာ သွားပြီး ရှင်ပြုပေးနိုင်ခဲ့သည်။ အလှူရေစက်ချတော့ ရဟန်းဘောင်ဝင်မည့်အဖေနှင့် ကိုရင်လောင်း ကျွန်တော်တို့ ညီအစ်ကို လေးယောက်၊ သီလရှင်လောင်း ညီမလေးတို့ကို ကြည့်ပြီး အမေ့တစ်ကိုယ်လုံး သိမ့်သိမ့်ခါသည်ထိ ပီတိမျက်ရည်တွေ ကျလို့။
ကိုရင်လူထွက်တော့ ကျွန်တော် ထုံးစံအတိုင်း ခွေဆိုင်မှာ ပြန်ထိုင်သည်။ ဦးလေးဆီမှာ ကျောက်သွေးသည်။ ရသည့်ကျောက်သွေးခကို အိမ်အပ်ပြီး ခွေဆိုင်မှ ရသည့် လခတွေကိုတော့ ဆိုင်၇ှင် သယ်ရင်းတွေဆီမှာ အပ်ထားလိုက်တော့သည်။ ကျွန်တော့် ကျောင်းစားရိတ်အတွက် မိဘကို ၀န်မပိစေချင်ပါ။ တက္ကသိုလ် တက်ဖို့ရာကိုလဲ နှစ်ချီပြီး စောင့်ရမည် မဟုတ်လား။
ဒီလိုနှင့် တက္ကသိုလ်တွေ တက်ရတော့ ကျွန်တော်က မန္တလေး စက်မှုတက္ကသိုလ် ၀င်ခွင့်ရသည်။ အဖေနှင့် အမေကတော့ အဖေ့ မိသားစု၊ အမေ့ မိသားစု အသိုင်းအ၀ိုင်းမှာ တစ်ယောက်တည်းသော ကျွန်တော် ထွန်းထွန်းပေါက်ပေါက် ဖြစ်တော့မည် ဆိုကာ ဂုဏ်ယူ ကျေနပ်လို့။ ကျွန်တော်လည်း ထိုသို့ပင် ယုံကြည်ထားခဲ့သည်။
MITကို ရောက်တော့ ကျွန်တော် သူတပါးတွေလို ကင်တင်းမှာ မထိုင်နိုင်။ ခွေဆိုင်မှ ကျွန်တော်စုထားသော ငွေတွေကို တစ်လ သုံးထောင် ပုံမှန် လွှဲပို့ပေးသော်လည်း ထိုငွေသည် ကင်တင်းမှာ လဘည့်ရည်တစ်ခွက် မသောက်ရဲလောက်အောင် ကျွန်တော် ချွေတာရသည်။ အဆောင်က ကျွေးသော ထမင်းကြမ်းနှင့် ခရမ်းချဉ်သီးရေဘောလောမှာ ၀က်သားတစ်တုံး၊ ကြက်သားတစ်တုံး ဒါမှ မဟုတ် ကြက်ဥတစ်လုံး ထည့်ထားသော ဟင်းတစ်ခွက်ကို ဟင်းရည်ကြဲနှင့် မျောချ စားကာ ကျောင်းတက်ခဲ့ရသည်။ သို့သော် အိမ်ကိုလွမ်းသည်က လွဲပြီး အဆောင်နေ ကျောင်းသားဘ၀ကို ကျွန်တော် အင်မတန် ပျော်ခဲ့ပါသည်။ မိဘ ဖြစ်စေချင်သော၊ မြင်စေချင်သော ဘွဲ့ရ ပညာတတ်ကြီး ကျွန်တော် ဖြစ်ချင်ခဲ့သည် မဟုတ်လား။ ဘ၀မှာ ဒီ့ထက် နက်နဲတာတွေ ရှိသေးမှန်း ကျွန်တော် ထိုစဉ်ကတည်းက မတွေးတတ်ခဲ့ပါ။ ကျောင်းပြီးလျှင် ဘာလုပ်မလဲ ဆိုတာကို ကျွန်တော်မတွေး။ ကျူရှင် မယူနိုင်တော့ စာကို ကျောင်းစာသင်ခန်းထဲမှာ အမှီလိုက်ရင်း ကျောင်းစာတွေနှင့် ထွေးလုံးလို့။ စာမေးပွဲ အောင်ဖို့အရေးသာ ကျွန်တော့်အရေး ဖြစ်နေခဲ့သည်။ ဥာဏ်ထိုင်းသော ကျွန်တော့်အတွက်ကတော့ ကျောင်းစာများက အင်မတန် ခက်လှသည်လေ။ သင်္ချာ အင်မတန်ညံ့သော ကျွန်တော့်အတွက်တော့ တစ်ချိန်လုံး တွက်ချက်နေရသော ကျောင်းစာများက တကယ်ပဲ ခေါင်းစားလွန်းသည်။
ဒုတိယနှစ်မှာ ဗိသုကာ ဘာသာရပ်ကို ရတော့မှတော်သေးသည် ပြောရမည်။ ကျွန်တော် စိတ်ဝင်တစား ရွေးခဲ့သော ဘာသာရပ်မှာ သင်ကြားခွင့်ရတာ စိတ်ချမ်းသာသော်လည်း ငွေကုန်များလွန်းလှသော ဘာသာရပ်ကြောင့် တိတ်တဆိတ် ရင်မောရသည်က လတိုင်းလိုလို၏ လကုန်ခါနီး ရက်များ။ ပေ၇ာဂျက်တစ်ခုအတွက် ၀ယ်စရာတွေ လိုအပ်လာလျှင် ထိုလတော့ ည ဆာလျှင် စားဖို့ ခေါက်ဆွဲခြောက်ထုပ်တွေ မ၀ယ်နိုင်တော့။ အဆောင်က ထမင်းကို ရေနွေး မတ်ခွက်ထဲ ထည့်ဖွက် ယူထားကာ ညမှ နွားနို့တခွက်ဝယ်ပြီး ထမင်းနှင့် ဖျော်ကာ စားရလေပြီ။ လတိုင်းလဲ ပရောဂျက်တွေ ဆက်လို့ နေတော့ ညဘက်တွေမှာ အမြဲ မိုးချုပ်ရသည် မဟုတ်လား။ သို့သော် ကိုယ် စိတ်ဝင်စားသော ဘာသာရပ်အတွက် ဘယ်လောက် ပင်ပန်းချို့တဲ့ပါစေ။ ကျွန်တော် ပျော်သည်။
ဒီလိုနှင့် ကျောင်းဖွင့်လျှင် ကျောင်းပြေးတက်လိုက်။ ကျောင်းပိတ်လျှင် အိမ်ပြန်ပြီး ကျောက်သွေးလိုက်၊ ခွေဆိုင်ထိုင်လိုက်၊ ငွေစုလိုက်။ ကျောင်းပြန်ဖွင့်လျှင် ကျောင်းပြန်ပြေးတက်လိုက်။ လုံးလည်ခတ်နေခဲ့သည်မှာ တတိယနှစ်ထိ။ တတိယနှစ်မှာတော့ ကျောင်းတွေ အချိန် အတော်ကြာ ပိတ်သွားပြန်သည်။ စီးပွားရေးပဲ ဇောက်ချ လုပ်ရတော့မှာလိုလို၊ ကျောင်းကိုပဲ မျှော်ရမှာလိုလို ယက်ကန်ကန်နှင့် ကျွန်တော် ခွေဆိုင်ထိုင်လိုက်၊ ဦးလေးနှင့် ကျောက်သွေးလိုက်၊ ရိပ်သာဝင်လိုက် ယောင်ဝါးဝါး လမ်းပျောက်နေခဲ့သည်မှာ အကြာကြီး။
ထို ကျောင်းပိတ်ရက်တွေမှာပဲ အမေက ချော်လဲပြီး လက်ကျိုးကာ ခြေထောက်မှ ဒဏ်ရာကလည်း ပြန်ထသည်။ လမ်းလျှောက်မရ၊ လက်က ဘာသုံးမရပဲ အိပ်ယာထဲ လဲရပြန်၏။ ဒိတော့ ကျွန်တော့် ကျောက်သွေး အလုပ်ကို နားကာ အာလူးကြော် ရောင်းသည်။ ညနေမှာ ခွေဆိုင်ထိုင်သည်။ အာလူးကြော် ရောင်းသည်က အိမ်မှာ အာလူးကြော်ကာ အထုပ်လေးတွေ ထုပ်ပြီး ကုန်စုံဆိုင်တွေ လိုက်သွင်းခြင်းဖြစ်၏။ ခွေဆိုင်မှ ရသည့် လခကိုတော့ ကျွန်တော် တပြားမှ မထိပဲ ကျောင်းစားရိတ် စုသည်။ ညဘက် ခွေဆိုင်မှ ပြန်ရောက်လျှင် နောက်ရက် နံနက်စောစော အာလူးကြော်နိုင်အောင် အာလူး အခွံနွှာရသည်။ ရေစိမ်ပြီး စစ်ထားရသည်။ ပြီးမှ ခဏ အိပ်ကာ မနက်စောစောထ ကြော်ပြီး အထုပ် ထုပ်သည်။ ပြီးလျှင် စက်ဘီးတစ်စီးနှင့် မြို့ပတ်ကာ အာလူးကြော်ထုပ်များ သွင်းသည်။ အပြန် ဈေးဝင်ကာ လိုအပ်တာတွေ ၀ယ်ပြီးလျှင်တော့ အိမ်ထောင်ကျကာ အိမ်ခွဲနေပြီ ဖြစ်သော ညီအလတ်ဆီမှာ ကျောက်သွားသွေးသည်။ ဒါမှမဟုတ် သယ်ရင်းတစ်ယောက်၏ အိမ်မှာ ကျောက်ပန်းချီ သွားရေးပြီး လက်ခယူသည်။ ဦးလေးက အလုပ်ရှိလို့ ကျောက်သွေးဖို့ ခေါ်လျှင် ပြေးပြီး လုပ်လိုက်သေးသည်။ နံပါတ်သုံးညီက ဘာအလုပ်မှ မယ်မယ်ရရမရှိ။ အကူလဲ မရ။ ညီမလေးနှင့် ညီ အငယ်ဆုံးက ကျောင်းတက်နေဆဲ။ အဖေကလဲ ရွှေတော သွားပြီး အလုပ်လုပ်နေသည်။ အဖေပို့ပေးသော ငွေကို အမေ့ဆေးဖိုးထားပြီး မိသားစု စားဝတ်နေရေးကို ဒိုင်ခံ ကျွန်တော် ဖြေရှင်းသည်။ ဖတ်ဖတ်မောအောင် လုပ်နေရသော်လည်း ကျွန်တော် မမောပါ။ အဖေနှင့်အမေ ကျွန်တော်တို့ ငယ်စဉ်က ဘယ်လို ရှာဖွေ ကျွေးမွေးခဲ့သလဲ ပြန်စဉ်းစားရင်း ကျွန်တော် တာဝန်တွေ မကျေနိုင်မှာသာ စိတ်ပူ၏။
ကျောင်းတွေ တစ်နှစ်ခွဲ နီးပါးမျှ ပိတ်ထားလို့သာ တော်တော့သည်။ ကျောင်းတွေ ပြန်ဖွင့်ကာနီးတော့ အမေလဲ တော်တော် သက်သာလာပြီ။ အဖေလဲ ရွှေတောမှာ ငှက်ဖျား ပြန်ဖြစ်ပြီး အိမ်ပြန်ရောက်ကာ နေပြန်ကောင်းလာပြီ။ ဒိတော့ ကျွန်တော့် မဟာအာလူးကြော် စီးပွားရေးကို အဖေ နှင့် အမေ့အား အမွေ ပေးကာ ကျောင်းတော်ကြီးဆီ ကျွန်တော် ချီတက်လာခဲ့သည်။ မျှော်လင့်ချက်ပန်းတိုင်တွေကတော့ အဲဒီအချိန်တွေမှာ ယိုင်နဲ့နဲ့သာ ကျန်တော့သည်။ ဒီကျောင်းကို ကျွန်တော် ဘယ်လို ပြီးအောင် တက်နိုင်မည်လဲ မသေချာတော့။ အိမ်ကို မျက်နှာလွှဲ ခဲပစ် ထားခဲ့ရတာလဲ စိတ်က မဖြောင့်။ ကျောင်းတက်ရင်း ဘာအလုပ် ဆက်လုပ်ရမလဲ။ မန္တလေးမှာလဲ ကျွန်တော် ဘာမှ မလုပ်ကိုင်တတ်။ အဆောင်တွေကလဲ နေခွင့်မရတော့ အဖေ့ အမလတ် ၏ သမီးကြီးတို့ မိသားစု ရှိရာ နန်းရှေ့အိမ်မှာ နေပြီး ကျောင်းတက်သည်။ ယောက်ဖကလဲ ကျွန်တော့်ကို ချစ်ခင်စွာ ကြည်ကြည်ဖြူဖြူ လက်ခံရုံမက ညီအရင်းလို စောင့်ရှောက် ပေးသောကြောင့် ကျွန်တော် အခက်အခဲ သိပ်မရှိပဲ စတုတ္ထနှစ် ပြီးသည်ထိ ဖြတ်သန်းနိုင်ခဲ့၏။
ကျောင်းတွေ ရက်ရှည် ပိတ်ပြန်တော့ သယ်ရင်းတွေလို ကျောင်းပိတ်ရက်တွေမှာ သင်တန်းတက်ဖို့ စိတ်ကူးပင် မယဉ်အား။ အိမ်ကို ပြန်ပြေးကာ အိမ်တာဝန်တွေ ပခုံးပြောင်းယူရသည်။ ဒီတစ်ချီတော့ အိမ် စီးပွားရေးက တော်တော် ယိုင်နဲ့နေခဲ့ပြီ။ အာလူးကြော်ကလည်း အရင်လို အရောင်း မသွက်တော့။ အဖေကလည်း စိတ်ညစ်သည့်ဒဏ်တွေ မခံနိုင်လို့လားမသိ အရက်လေး တမြမြ ဖြစ်နေခဲ့ပြီ။ စိတ်ဓာတ်ကျဆင်းမှု တွေနှင့် ရင့်ရော်နေသော အဖေ့မျက်နှာ၊ အရင်လို မသွက်လက်နိုင်ပဲ ခြေထောက်လေး ထော့ပဲ့ပဲ့နှင့် လမ်းလျှောက်နေရသော အမေ့မျက်နှာ မှုန်မှုန်ရီရီတို့ကြောင့် ကျွန်တော် ကျောင်း မတက်တော့ပဲ စီးပွားရေးလောကထဲ ၀င်လိုက်ဖို့ ဆုံးဖြတ်ရတော့မည်။ အိုး။ ကုန်ဆုံးခဲ့သော အချိန်တွေကို ကျွန်တော် နှမျောလိုက်တာ။ တကယ်ပဲ ကျွန်တော် ဖြစ်လိုသော၊ အဖေနှင့်အမေ၏ မျှော်လင့်ချက်လဲ ဖြစ်သော ကျွန်တော့် ပညာရေးကို ဒီလို အဆုံးသတ်ပစ်ရမှာ ဘယ်လောက် ၀မ်းနည်း ကြေကွဲဖို့ ကောင်းသလဲ။ စိတ်ဓာတ်တွေက အဆုံးစွန်ထိ ကျလို့ သွားသည်။ ကျွန်တော် ကျောင်းက ပြန်မရောက်ခင် ကရင်း ခွေဆိုင်လေးကလဲ စီးပွားရေးမကောင်းတော့ ပိတ်သွားခဲ့ပြီ။ ကျွန်တော်လဲ အဲဒီအလုပ်နှင့် ငွေမစုနိုင်တော့။ ပြီးတော့ ပိုများပြားလာသော ကျောင်း ကုန်ကျစားရိတ်ကို ထိုခွေဆိုင်လေးမှ တစ်လ၀င်ငွေနှင့် မလောက်ငှ နိုင်တော့ဘူးလေ။ တကယ်ပဲ ကျွန်တော့် မျှော်လင့်ချက်တွေ အားလုံး အငွေ့ပင် ဖမ်းမရနိုင်အောင် ပျောက်ဆုံးကာ စိတ်ဓာတ် အကျကြီး ကျခဲ့သည်။ ကျောင်းတွေ ဖွင့်ကာနီးတော့ ကျွန်တော် ကျောင်းဆက် မတက်တော့ဘူး ကြားပြီး ကျောင်းက သယ်ရင်းတွေ အိမ်အထိ လိုက်လာကြသည်။ သယ်ရင်းတွေ အားလုံးက ကျွန်တော် ကျောင်းပြီးတဲ့အထိ အားလုံး ၀ိုင်းဝန်း ကူညီကာ ကျောင်းထားပေးဖို့ လာခေါ်ကြခြင်း ဖြစ်သည်။ ကျွန်တော့်မှာ ၀မ်းသာပီတိ တို့ဖြင့် မျက်ရည်တွေ ၀ဲကာ ငိုချင်သွား၏။ သယ်ရင်းတွေကိုလဲ အင်မတန် ကျေးဇူး တင်သလို ဒီလို သယ်ရင်းတွေ ရှိတာကိုလဲ ၀မ်းမြောက်ရသည်။ ကျွန်တော် မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျောင်းလာတက်ပါ့မယ် ကတိ အထပ်ထပ် ပေးမှ သူတို့ ကျေနပ်ကာ ပြန်သွားကြ၏။ ကျွန်တော် ကျောင်းသွားတက်နေလျှင် အိမ်မှာ ဘယ်သူက ဦးစီးမှာလဲ။ ကျွန်တော် ကျောင်းပြန်တက်လို့ မဖြစ်ပါ။

(ဘာရယ် မဟုတ်ပါဘူး။ 25ရက် 5လမှာ အမှတ်တရ ပြန်လျှောက်နေတဲ့ အတိတ်လမ်းကလေးပါ။ ဆက်ရေးချင်သေးပေမဲ့ မနက်ဖြန် အလုပ်သွားရမှြာေ့ကာင့် ဒီမှာပဲ နားထားပါအုံးမယ်။။ အဆုံးဘက်ထိ ဆက်ဖတ်လာတဲ့သူတွေကို ပျင်းစရာကောင်းတဲ့ စာ၇ှည်ကြီး အားပေးလာတဲ့ အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်။ ဆက်ရေးပါအုံးမယ် :-P)

မေတ္တာဖြင့်
မိုးကုတ်သား



Friday, May 22, 2009

တိမ်တိုက်တစ်ခုရဲ့ မြို့ကလေး


မြို့ကလေးကို စိတ်ကူးတွေနဲ့လှမ်းမျှော်ကြည့်တော့ ဟိုး ငယ်စဉ်ကလို သာယာ အေးချမ်း နေနိုင်အုံးမည်လား။ ကျွန်တော် မသေချာပါ။ ကျွန်တော် ချစ်သော မြေနီလမ်းကလေးတွေ ခုချိန်မှာတော့ အနက်ရောင် မြွေတကောင်လို စန့်စန့်ကြီး ဘ၀ ပြောင်းနေနိုင်သည်။ ထို မြေလမ်းကလေးမှာ မိုးရွာပြီးစ အချိန်တွေ ကျွန်တော်တို့ ကျောက်မှုန်မွှားလေးများ လိုက်ကောက်ခဲ့ကြတာ ပုံပြင် မဟုတ်ခဲ့ပါ။ ထိုစဉ်ကတော့ မဖြစ်နိုင်မှန်းသိပေမဲ့ ကျောက်ကြီး ကောင်းကောင်း တပွင့်များ ရခဲ့ရင် ဆိုတဲ့ စိတ်ကူးတွေနဲ့ မျှော်လင့်တကြီး အိပ်မက်တွေ မက်ဖူးခဲ့ပါသည်။ ဩော် ခလေးတွေ ပေပဲကိုး။
မြို့ကလေးကတော့ ခုချိန်ထိ သူထမ်းပိုးထားသော မြို့သူမြို့သားတွေ၊ မြို့သူမြို့သား မဟုတ်သူတွေကို သူ့ရင်ကိုခွဲ၊ သူ့သွေးစက်တွေကို ကျောက်မှုန်ကျောက်ပွင့်တွေ အသွင်ပြောင်းရင်း အသက်သွေးတွေ ဆက်ပေးနေဆဲ။



ဒီမြို့ကလေးက ကမ္ဘာမှာ ထင်ရှားတဲ့ မြို့ကလေး။ ကမ္ဘာ့ အောကာင်းဆုံး အရည်အသွေး ပြည့်မှီတဲ့ ပတ္တမြားတွေကို မွေးထုတ်ပေးရာ နေရာလေး။ ဒါပေမဲ့ သူ့ ရပ်တည်နေရမှုတွေက သူ ပေးဆပ်ခဲ့သလောက်မှ ပြန်မရခဲ့တာ အင်မတန် ၀မ်းနည်းစရာ ကောင်းလွန်းလှသည်။ သူ့တကိုယ်လုံးမှာ ဒဏ်ရာတွေ ဗလဗွနဲ့ သွန်ထုတ်ပေးခဲ့တဲ့ သွေးတွေလည်း ခမ်းလုပြီ။ သူပြန်ရခဲ့သည်ကတော့ အရင်လို မစိမ်းစိုတော့သော တောင်ကတုန်းများ၊ ဖြိုခွင်းဖောက်ခွဲခံရသော မြေသားစိုင်နှင့် ကျောက်တောင်များ။ နင်းခြေနေကြသော အစိမ်းရောင် ဖိနပ်တွေအောက်မှာ သူ့ကိုယ်သူ အကျည်းမတန်ရလေအောင် သူ ဘယ်အချိန်ထိများ တောင့်တင်းခံ နေနိုင်မှာပါလိမ့်။
မြို့ကလေးမှာ နေထိုင်ကြသော မြို့သူမြို့သားများ၏ ရင်တွင်းမှ အပူကြောင့်ပေပဲလား၊ မြို့ကလေးက ပူနွေးစ ပြုလို့နေသလို တခါတရံမှာလဲ မြို့ကလေးရဲ့ မျက်ရည်တွေနှင့် မြို့လယ်အင်းတစ်ခုလုံ လျှံကာ ရေကြီး သည်ထိ ငိုကြွေး တတ်ပြန်သေးသည်။
မြို့ကလေးကို ပစ်ခွာပြီး ဆယ်စုနှစ်တစ်ခု လွန်အောင် လွင့်မျောနေခဲ့သော တိမ်တိုက်တစ်ခုမှာ ကျွန်တော် ဖြစ်သည်။ ထို တိမ်တိုက် ဘယ်အချိန်ထိ ဘယ်နေရာထိ လွင့်မျောလို့ နေအုံးမည်လဲ ကျွန်တော် မသိသေးပါ။ တစ်ချိန်ချိန်မှာတော့ မြို့ကလေး၏ မျက်ရည်စ တစ်ချို့ကို တနိုင်တပိုင် သုတ်ပေးချင်စိတ် တို့ကတော့ ထိုတိမ်တိုက်၏ အိပ်မက်တစ်ခုသာ ဖြစ်၏။






(မြို့ကလေး အကြောင်းကို မြန်မာ ၀ီကီကနေ ဖတ်ထားရတဲ့ အတိုင်း ပြန်ပြီး ဒီမှာ အမှတ်တရ တင်ထားပါတယ် ခင်ဗျာ။ မိတ်ဆွေတို့ အားလုံး ဒီမြို့ကလေးကို ဖိတ်ခေါ်ပါတယ်)

မိုးကုတ်မြို့


မြန်မာနိုင်ငံ၏ မိုးကုတ်မြို့ကို မြန်မာများသာမက ကမ္ဘာသိ အောင်ထိပင်ကျော်ကြားသည့် အရပ်ဒေသဖြစ်သည်။ ကမ္ဘာ့ပထမတန်းစား ကျောက်မျက်များထွက်ရှိရာဒေသ၊ ကမ္ဘာပေါ်တွင် အကောင်းဆုံးသော ပတ္တမြားများထွက်ရှိရာ ပတ္တမြားမြေ ဟုအထင်ကရကျော်စောပါသည်။ မိုးကုတ်ဒေသမှထွက်သည့် ပတ္တမြား၊ နီလာအစပြုကာ ယခုနောက်ဆုံး ပိန်းနိုက် (Painite) အထိ ကျောက်မျက်ရတနာကုန်သည်များ အကြားအလွန် ရေပန်းစားပါသည်။

သမိုင်း

ဖြစ်ပေါ်လာပုံ

“ကိတ်၊ နဂါး၊ ကြွက် သုံးစဖော်ယှက်၊ ကျောက်မျက်ရတနာပေါ်ထွက်လာ ဂန္ဓာလတိုင်း၊ သမိုင်းပွင့်ဆန်း၊ ပင်သဖန်းဟု၊ မော်ကွန်းထိုးထုတ်၊ မြို့မိုးကုတ်” ဟူသော ရှေးဟောင်းတပေါင်အရ ကိတ်သည် ၉၊ နဂါးသည် ၇၊ ကြွက်သည် ၅၊ ၄င်းကိုပြောင်းပြန်ယူသော် ၅၇၉ ဖြစ်ပြီး ထိုနှစ်တွင် သဖန်းပင်ရွာကို အရင်းတည်ပြီးမှ မိုးကုတ်မြို့ကို ဆက်လက်တည်ခြင်းဖြစ်ကြောင်း သိရသည်။ မိုးကုတ်သမိုင်းများစွာ၏ အဆိုအရ မြန်မာသက္ကရာဇ် ၅၇၉ ခုနှစ် မိုးမိတ်စော်ဘွားကြီး သိုဟန်ဖက်လက်ထက်တွင် သူ၏ပိုင်နက်ဖြစ်သော ယခုမိုးကုတ်မြို့ဖြစ်လာမည့်နေရာသို့ ရှမ်းမုဆိုးသုံးယောက်သည် တောလည်ထွက်ရင်း မျက်စေ့လည်လမ်းမှားကာ ရောက်ရှိလာပါသည်။ မိုးလည်းချုပ်သွားပြီဖြစ်သဖြင့် လမ်းစရှာမရတော့ဘဲ တောတောင်ခြေရင်းတစ်ခုရှိ သဖန်းပင်ကြီးတစ်ပင်အောက်တွင် အိပ်လိုက်ရပါသည်။ နံနက်မိုးသောက်ချိန်ရောက်သော် အနီးရှိပြိုကျနေသောတောင်စောင်းတစ်ခုပေါ်တွင် ကောင်းကင်ယံမှ ကျီးများ၊ စွန်များ ပျံဝဲဟစ်အော်နေကြောင်းတွေ့ရပါသည်။ ထို့ကြောင့် ထူးခြားသည်ဆိုပြီးသွားရောက်ကြည့်ရှုရာ အသားတစ်ပမာနီမြန်းနေသည့် ပတ္တမြားကျောက်အနီများကို တွေရှိရသဖြင့် ယူဆောင်ခဲ့ပြီး မိမိတို့ အရှင်သခင်စော်ဘွားကြီးကို ဆက်သခဲ့ကြပါသည်။ စော်ဘွားကြီးကလည်း ဆက်သလာသော ပတ္တမြားကျောက်နီများကို လက်ခံယူပြီး တန်ဖိုးရှိမှန်းသိသောကြောင့် ထိုနေရာအားလိုက်လံပြသခိုင်းပြီး ထိုနေရာကို စောင့်ရှောက်စေခဲ့ပါသည်။ ထိုပတ္တမြားမြေကို စောင့်ရှောက်ရန် တာဝန်ကျသူများက သဖန်းပင်ကြီးအနီးတွင် ရွာတည်ပြီးနေသည်မှစကာ သဖန်းပင်ရွာဟု အမည်တွင်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့်အချို့မိုးကုတ်သမိုင်းစာအုပ်များတွင် မိုးကုတ်အစ သဖန်းပင်ကဟု လည်းရေးသားဖော်ပြခဲ့ပါသည်။ သဖန်းပင်ရွာတွင် ပတ္တမြားတွင်းများကို စောင့်ရှောက်တာဝန်ယူရသော ရှမ်းလူမျိုးများ တဖြည်းဖြည်း မိုးကုတ်ချိုင့်ဝှမ်းတွင် တိုးချဲ့နေထိုင်လာခြင်း၊ လယ်ယာစိုက်ပျိုးလုပ်ကိုင်ခြင်းမှနေပြီး နောင်တွင် မိုးကုတ်မြို့ဟု ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။ မောင်ထွန်းဦး ၏ (ကမ္ဘာကသိတဲ့ ပတ္တမြားမြေ) မှ မှီးပါသည်။

မြန်မာ့သမိုင်းအစမှ ၁၈၈၅ ခုနှစ်အထိ

မိုးကုတ်မြို့သည် မန္တလေးတိုင်းအတွင်း မန္တလေးမြို့၏ အရှေ့ဘက် (၁၂၆)မိုင်အကွာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၃၇၅၀)ခန့် အမြင့်တွင် တည်ရှိသည်။ လွန်ခဲ့သောနှစ်ပေါင်း (၈၀၀)ခန့်ကပင် မိုးကုတ်သည် ကမ္ဘာ့ပတ္တမြား ပင်ရင်းဒေသ ဖြစ်ခဲ့သည်။ မြန်မာ့ပတ္တမြားအကြောင်း ဥရောပတိုက်သားများ၏ ခရီးသွားမှတ်တမ်းများတွင် စတင်တွေ့ရှိရသည်မှာ ...

တစ်ဆယ့်ငါးရာစုနှစ်ခန့်က ဖြစ်ခဲ့သည်။ မြန်မာ့ပတ္တမြားကျောက် ရောင်းဝယ်ရန်အတွက် ပထမဦးဆုံး ပဲခူးသို့ ရောက်ရှိလာသူ အီတလီလူမျိုး ဗားသီးမား၏ မှတ်တမ်းတွင် ပဲခူးမှ ရက်ပေါင်း(၃၀)ခရီးအကွာတွင်ရှိသည့် ကပ္ပလန်အရပ်တွင် ထွက်သည်ဟု ဖော်ပြထားပါသည်။ ပေါ်တူဂီလူမျိုး ဘာဆိုစား၏ မှတ်တမ်းတွင် ဖော်ပြထားသည့် အင်းဝနေပြည်တော်၌ အလွန်ကြွယ်ဝသော ကပ္ပလန်ဆိုသည်မှာလည်း နိုင်ငံခြားသားများ ကျပ်ပြင်ကို နားကြားလွဲ၍ ခေါ်ဝေါ်သောအမည်ဖြစ်သည်။ ပတ္တမြားမြေသည် မြန်မာမင်းတို့လက်အောက်မရောက်မှီက မိုးမိတ်စော်ဘွားပိုင်နက်ဖြစ်သည်။ ပထမဆုံး ပတ္တမြားမြေကို ချီတက်တိုက်ခိုက်သိမ်းပိုက်သည့် မြန်မာမင်းမှာ ဟံသာဝတီ ဆင်ဖြူများရှင် (ခေါ်) ဘုရင့်နောင် ဖြစ်သည်။ ညောင်ဦးရွှေစည်းခုံရှိ ခေါင်းလောင်းအတွင်း ဘုရင့်နောင်မင်းတရားကြီးအား မိုးမိတ်၊ သီပေါနှင့် ပတ္တမြားတွင်း၏ အရှင်သခင်အဖြစ် ဖော်ပြထားသည်။ ဘုရင့်နောင်၏သားတော် ငါးဆူဒါယကာ နန္ဒဘုရင်လက်ထက်တွင် မိုးကုတ်အား မိုးမိတ်စော်ဘွားထံမှ တကောင်းနှင့် အလှဲအလှယ်လုပ်ခဲ့သည်။၁၅၉၇-ခုနှစ်တွင်မူ မိုးမိတ်နယ်အား အဝမြို့တော် စီရင်စုလုပ်သည့် အမိန့်တော်ကို ထုတ်ပြန်ခဲ့သည်။ အမိန့်တော်ပါရက်စွဲအရ ယင်းအမိန့်တော်သည် အင်းဝမှ ထုတ်ပြန်သော ညောင်ရမ်းမင်း၏ အမိန့်တော်ဖြစ်သည်။ ပဒုံမင်းလက်ထက်တွင် ပတ္တမြားမြေ၏ နယ်နိမိတ်ကို ပြန်လည်သတ်မှတ်ခဲ့ကြောင်း ၁၇၈၃-ခုနှစ် စစ်တမ်းများအရ သိရှိရသည်။ ပတ္တမြားမြေ၏ နယ်နိမိတ်သည် ညောင်ရမ်းမင်းလက်ထက်တွင် သတ်မှတ်ခဲ့သော မူလနယ်နိမိတ်ထက် ပို၍ ကျယ်လာသည်။ မြန်မာမင်းက ပတ္တမြားတွင်းလုပ်ငန်းကို အုပ်ချုပ်ရန် ကျောက်ဝန် ခေါ် အရာရှိတစ်ဦးကို ကျပ်ပြင်သို့ စေလွတ်ခန့်ထားသည်။ ပဒုံမင်းလက်ထက်သို့ ရောက်ရှိသောအခါ စို့သူကြီး ဟူသော အခေါ်အဝေါ် ပေါ်ပေါက်လျှက်ရှိနေပြီဖြစ်သည်။ ပတ္တမြားမြေကို စို့သူကြီး တစ်ဦးတည်းဖြင့် ကျပ်ပြင်မှ အုပ်ချုပ်စေသည်။ ပဒုံမင်းလက်ထက်တွင်ပင် ကသည်းကို ကျပ်ပြင်မှ ခွဲထုတ်ကာ စို့သူကြီး တစ်ဦး ထပ်မံခန့်ထားလျှက် သီးခြားအုပ်ချုပ်စေရာမှ စို့သူကြီးသုံးဦး ဖြစ်လာသည်။ စို့သူကြီးတို့ နှစ်စဉ်ကောက်ခံဆက်သရသော အခွန်များတွင် အရေးအကြီးဆုံးမှာ စီတော်မံတော် ဟု ခေါ်သော ဒေသထွက်ကုန်ဖြစ်သည်။ ပတ္တမြားကိုပင် သတ်မှတ်ထားသည့် အရွယ်အစား၊ အရေအတွက်နှင့် တန်ဖိုးအတိုင်း စီတော်မံတော် ပေးဆောင်ရသည်။ စီတော်မံတော်တွင် ခေါင်းခေါ် ငွေသားတစ်ပိဿာနှင့် တန်ဖိုးချင်းညီမျှသော ပတ္တမြားကြီးတစ်လုံး၊ တစ်လုံးလျှင် ငွေတစ်ကျပ်သားခန့် တန်သော ပတ္တမြားအလုံး (၁၅၀)နှင့် ထုပ် ခေါ် နီလာ၊ ဂေါ်မိတ်၊ ဥဿဖယား စသည့် ကျောက်မြို့းစုံပါဝင်သော စုံစီကျောက်ထုပ် တစ်ထုပ် ပါဝင်သည်။ မြန်မာမင်းများလက်ထက်တွင် တူးဖော်ရရှိသည့် ကျောက်များမှ သတ်မှတ်ထားသည့် အရွယ်အစားနှင့် အရည်အသွေးရှိသော လက်ရွေးစင်ကျောက်များကို ဘုရင်မင်းမြတ်အား ဆက်သရသည်။ ဆက်သသည့် ပတ္တမြား၏ အဆင့်အတန်းကိုလိုက်၍ ဆင်၊ လှော်ကားငယ်၊ လှော်ကားကြီး စသည်တို့ဖြင့် တင်ဆောင်ကြိုယူလာလေ့ ရှိသည်။ ဤသို့ဖြင့် ဆင်တင်ပတ္တမြား၊ လှော်ကားငယ်တင်ပတ္တမြား၊ လှော်ကားကြီးတင်ပတ္တမြား စသည့် အခေါ်အဝေါ်များ ပေါ်ပေါက်လာရသည်။ ကမ္ဘာကျော် ပတ္တမြား ငမောက်မှာ လှော်ကားကြီးတင်ပတ္တမြား ဖြစ်သည်။ နေပြည်တော်သို့ ရောက်သောအခါ ကြိုယူလာသော ပတ္တမြားကို ဘုရင့်ကျောက်ဆက်ဝန်ထံ အပ်နှံရသည်။ ၄င်းကတစ်ဆင့် ဘုရင်မင်းမြတ်အား ကျောက်ရှင်နှင့်အတူ အပ်နှံရသည်။ ဘုရင်မင်းမြတ်က ရာဖြတ်တော်များကို ပြသ၍ တန်ဖိုးများကို ဖြတ်စေပြီး ကျောက်ရှင်အား ထိုက်တန်သော ဆုတော် လာဘ်တော်များ ချီးမြှင့်ပေးသနားသည်။ မြန်မာမင်းများလက်ထက်တွင် ပတ္တမြားသည် မြန်မာနိုင်ငံ၏ ပဓာနအကျဆုံး ထွက်ကုန်ဖြစ်ခြင်းကြောင့် မြန်မာမင်းတို့သည် ပတ္တမြားကို ကုန်တော်အဖြစ် သတ်မှတ်ခဲ့သည်။ ၁၉-ရာစုသို့ ရောက်သောအခါ အနောက်တိုင်းသားတို့သည် မြန်မာ့အဖိုးတန် ကျောက်မျက်ရတနာများကို ပို၍ စိတ်ဝင်စားလာကြသည်။ သီပေါမင်းလက်ထက်တွင် ပြင်သစ်အင်ဂျင်နီယာများက မိုးကုတ်၊ ကျပ်ပြင်၊ ကသည်းရှိ ပတ္တမြားတွင်းများကို နှစ်စဉ် အခွန်တော်ငွေ ကျပ်သုံးသိန်း ပေးသွင်း၍ လက်ဝါးကြီးအုပ် တူးဖော်ခွင့်ပေးရန် သီပေါမင်းထံ လျှောက်ထားသည်။ သီပေါမင်းက သဘောတူသဖြင့် မြန်မာနှင့် ပြင်သစ်တို့ ပတ္တမြားတွင်းများတူးဖော်လုပ်ကိုင်ခွင့်နှင့် ပတ်သက်၍ လျှို့ဝှက်သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးကြသည်။ ဤစာချုပ် ချုပ်ဆိုပြီးနောက်ပိုင်းတွင် အင်္ဂလိပ်မြန်မာဆက်ဆံရေး တဖြည်းဖြည်း တင်းမာလာကာ နောက်ဆုံး ၁၈၈၅-ခုနှစ်၊ နိုဝင်ဘာလတွင် အင်္ဂလိပ်တို့သည် ကျူးကျော်စစ်ကို ဖန်တီးပြီး မြန်မာတစ်နိုင်ငံလုံးကို အကြောင်းရှာ သိမ်းယူခဲ့သည်။ အထက်မြန်မာနိုင်ငံ ကျဆုံးခြင်းနှင့်အတူ မြန်မာပတ္တမြားတွင်းများသည်လည်း နယ်ချဲ့အင်္ဂလိပ်တို့ လက်အောက်သို့ ကျရောက်ခဲ့ရသည်။ သီပေါမင်းသည် မိုးကုတ်ကျောက်တွင်းလုပ်ငန်းအား ပြင်သစ်ကုမ္ပဏီ Messrs Bonvellein & Co. အား ယာယီလိုင်စင်ဖြင့် ပုံသေငှားရမ်းခ ရယူပြီး လုပ်ကိုင်ခွင့်ပြုထားလျှက်ရှိရာ ပါတော်မူသည့်အတွက် လိုင်စင် ပျက်ပြယ်ခဲ့သည်။

၁၈၈၅-ခုနှစ်မှ ၁၉၆၂-ခုနှစ်အထိ

ပါတော်မူပြီးနောက် ဗြိတိသျှတို့ စတင်အုပ်ချုပ်ချိန်တွင် ကျောက်မျက်ရတနာကုန်သည် တစ်ဦးဖြစ်သူ အက်ဒဝင်စတရိတာ (Edwin Streeter) က စိတ်ဝင်စားလာခဲ့သည်။ Streeter Syndicate ဖွဲ့စည်းပြီး ဆင်ဒီကိတ်လူကြီးဖြစ်သူ ဗိုလ်ကြီး Aubrey Palton မြန်မာနိုင်ငံသို့ရောက်ချိန်၊ ၁၈၈၆-ခုနှစ် ဇန်နဝါရီလတွင် ကာလကတ္တားအခြေစိုက် Gillander Arbuthnot (G&A Co) က ရူပီးနှစ်သိန်းဖြင့် ကျောက်တူးခွင့်ရရန် ကမ်းလှမ်းထားကြောင်း တွေ့ရသည်။ Streeter က ရူပီးလေးသိန်းဖြင့် ကမ်းလှမ်းသည်။ ကမ်းလှမ်းချက်အား ၁၈၈၆-ခုနှစ် ဧပြီလတွင် ယာယီလက်ခံပြီး ၁၈၈၇-ခုနှစ် ဧပြီလတွင် ယာယီ ငါးနှစ်ခွဲလိုင်စင်ဖြင့် ခွင့်ပြုခဲ့သည်။ မိုးကုတ်ကျောက်တူးလုပ်ငန်းတွင် ပထမဆုံး ကျောက်မြို့င်းကုမ္ပဏီမှာ Streeter Co. ဖြစ်ပြီး F.Atlay မှာ ပထမဆုံး ကျောက်မြို့င်း မန်နေဂျာဖြစ်သည်။ ၁၈၈၇-ခုနှစ် အောက်တိုဘာလတွင် အထက်မြန်မာပြည် ရူဘီဒရက်ဂူလေးရှင်း ကို ထုတ်ပြန်ခဲ့ပြီး နိုဝင်ဘာလတွင် မိုးကုတ်ရတနာနယ်မြေ သတ်မှတ်သည်။ မြန်မာပြည် ရူဘီဒရက်ဂူလေးရှင်းအရ ဒေသခံများကိုသာ ကျောက်မျက်တူးဖော်ခွင့်ပြုခဲ့သည်။ ထိုနောက်ပိုင်းတွင် မိုးကုတ် ကျောက်မျက်ရတနာတူးဖော်ခွင့် လုပ်ငန်းများကို ဗြိတိသျှ ဒု-ကော်မရှင်နာက အုပ်ချုပ်ခဲ့သည်။ ၁၈၈၆-ခုနှစ် ဇန်နဝါရီလတွင် ဗြိတိသျှအစိုးရသည် မိုးကုတ်ကျောက်မျက်သတ္တုသိုက်ကို သုံးသပ်အကဲဖြတ်ရန် ဘူမိဗေဒပညာရှင် C-Barrington Brown ကို စေလွှတ်ခဲ့သည်။ ထိုအချိန်တွင် London Rothschilds ကုမ္ပဏီနှင့် ပူးပေါင်းပြီး Burma Ruby Mines (B.R.M) ကို ထူထောင်ခဲ့သည်။ ၁၈၈၈-ခုနှစ်တွင် ဘားမားရူးဘီမိုင်း ကုမ္ပဏီကို ဖွဲ့စည်းသည်။ (၂၂.၂.၁၈၈၉) တွင် မိုးကုတ်ရတနာနယ်မြေ၌ ကျောက်မျက်တူးဖော်ရောင်းဝယ်ဖောက်ကားခွင့်ပြုသည့် လိုင်စင်ကို Streeter Syndicate က ရရှိသည်။ Streeter Syndicate သည် ဖေဖော်ဝါရီလ ၂၇-ရက်နေ့တွင် ပေါင်စတာလင်သုံးသောင်းဖြင့် ရရှိသော အဆိုပါ တူးဖော်ခွင့်လိုင်စင်ကို ပေါင်စတာလင် ငါးသောင်းငါးထောင်ဖြင့် B.R.M သို့ ရောင်းချခဲ့သည်။ B.R.M သည် မိုးကုတ်ကျောက်တူးဖော်ခွင့်လိုင်စင် ရရှိပြီးနောက် သပိတ်ကျင်း-မိုးကုတ်လမ်း ဖောက်လုပ်ခြင်း၊ ၄၀၀-ကီလိုဝပ် ရေအားလျှပ်စစ်စက်ရုံ ဆောက်လုပ်ခြင်း၊ မြေလွတ်ဒေသများတွင် ရှာဖွေစမ်းသပ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ မိုးကုတ်တွင် ကျောက်မျက်များကို တစ်ဦးတည်း စက်ဖြင့် တူးဖော်ခွင့်လိုင်စင်ရပြီး နှစ်စဉ် လိုင်စင်ကြေး ပေါင်စတာလင် သုံးသောင်းနှင့် အမြတ်၏၃၀%ကို ပေးဆောင်ရန်ဖြစ်သည်။ ၁၈၈၉-ခုနှစ်မှ ၁၈၉၆-ခုနှစ်ထိ ပထမခုနှစ်နှစ် လိုင်စင်သက်တမ်းတွင် အနည်းငယ်သာ မြတ်သည်။ ကုမ္ပဏီသည် ဆက်တိုက်ရရှိလုပ်ကိုင်ခဲ့ရာ ဒုတိယပါမစ် သက်တမ်းကာလ ၁၈၉၇-ခုနှစ်မှ ၁၉၀၃-ခုနှစ်တွင် အမြတ်ကောင်းစွာ ရခဲ့သည်။ တတိယလိုင်စင်သက်တမ်း ၁၉၀၄-ခုနှစ်မှ ၁၉၁၂-ခုနှစ်တွင် မြေအောက်ရေကြောင့် တူးဖော်မှုများ အဟန့်အတား ဖြစ်ရသဖြင့် မြေအောက်စိမ့်ရေများကို ထုတ်ရန်အတွက် မြေအောက်ပေ ၁၀၀ အနက်တွင် တစ်မြို့င်ခန့်အရှည်ရှိ ရေနှုတ်မြောင်းတစ်ခုကို တူးဖော်ဆောင်ရွက်ခဲ့သည်။ ရေနှုတ်မြောင်းကို ၁၉၀၈-ခုနှစ်တွင် ပြီးစီးအောင် တူးဖော်ခဲ့ရာ အောင်မြင်မှုရပြီး ထုတ်လုပ်မှုတိုးတက်ခဲ့သော်လည်း အဆိုပါနှစ်တွင် Verneuil ပတ္တမြားအတု ချက်လုပ်အောင်မြင်မှုကြောင့် ပတ္တမြားဈေးများ ထိုးကျခဲ့ပြီး တတိယပါမစ်သက်တမ်းကာလအတွင်း အမြတ်နည်းပါးခဲ့သည်။ စတုတ္ထလိုင်စင်သက်တမ်းကာလတွင် ပတ္တမြားဈေးများ ဆက်လက်ကျဆင်းမှုကြောင့် စီးပွားရေးထိခိုက်ပြီး ၁၉၂၅-ခုနှစ်တွင် မြေအောက်ရေနှုတ်မြောင်းကြီးအား ယမ်းခွဲဖျက်ဆီးခံရပြီး လုပ်ငန်းများ ထိခိုက်ခဲ့သည်။ ၁၉၂၅-ခုနှစ် နိုဝင်ဘာလတွင် အစုရှယ်ယာရှင်များ၏ ဆန္ဒဖြင့် ကုမ္ပဏီ ဖျက်သိမ်းခဲ့ပြီး ၁၉၃၁-ခုနှစ်တွင် လိုင်စင် ပြန်အပ်ခဲ့သည်။ B.R.M လုပ်ကိုင်ခဲ့သည့် ၄၂-နှစ်တာကာလတွင် ဗြုံးတန်ချိန် သန်း(၃၀) ဆေးခဲ့ပြီး စတာလင်ပေါင် (၂.၃၅)သန်းခန့်တန်သော ကျောက်မျက်များ ရခဲ့သည်။ B.R.M ဖျက်ပြီးနောက် ၁၉၃၄-ခုနှစ်တွင် Ruby Mines Ltd ကို B.R.M ကုမ္ပဏီ လူကြီးများက ပြန်၍ ဖွဲ့စည်းခဲ့သည်။ ယခင် B.R.M မှ လုပ်ခဲ့သော လျှပ်စစ်မီးစက်မှ ဓာတ်အားကို ရောင်းစားရန်နှင့် ပတ္တမြားရောင်းဝယ်ရေးကို အရံလုပ်ငန်းအဖြစ် လုပ်ကိုင်ရန် ဖြစ်သော်လည်း လုပ်ငန်းများ မအောင်မြင်ပဲ ၁၉၄၁-ခုနှစ်တွင် ပျက်ခဲ့သည်။ ဂျပန်ခေတ်တွင် ဗိုလ်မှူးကြီးကီမူရာခေါင်းဆောင်သော ဂျပန်တပ်များ မိုးကုတ်သို့ ရောက်လာချိန်တွင် မိုးကုတ်သားများက ကျောက်တွင်းများကို ကျောက်တုံးများဖြင့် ပိတ်ဆို့ကွယ်ဝှက်ထားခဲ့သည်။ ဂျပန်ခေတ်တလျှောက်လုံးတွင် ကျောက်တွင်းလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရသည်။ ၁၉၄၅-ခုနှစ် မတ်လတွင် မဟာမိတ်တပ်များ မိုးကုတ်ကို သိမ်းပြီးချိန်မှစ၍ ပတ္တမြားနှင့် လေထီးစများ လဲလှယ်ရောင်းဝယ်မှုလုပ်ငန်း ကျယ်ပြန့်လာပြီး ကျောက်တွင်းလုပ်ငန်း အသက်ပြန်ဝင်လာသည်။ ပင်လုံစာချုပ်ချုပ်ဆိုရန် တိုင်းရင်းသားခေါင်းဆောင်များ ဆွေးနွေးချိန်တွင် မိုးကုတ်ကျောက်တွင်း လုပ်ငန်းများအား မိုးမိတ်စော်ဘွား အုပ်ချုပ်မှုအောက်တွင် ထားရန် မိုးမိတ်စော်ဘွား စောခွန်ချိုက တင်ပြခဲ့ရာ လောလောဆယ်တွင် လက်ရှိအတိုင်း စီမံအုပ်ချုပ်ရန် ညှိနှိုင်းခဲ့ကြပြီး စောခွန်ချိုအား ရှမ်းပြည်နယ်ရေးရာ ဝန်ကြီးအဖြစ်လည်းကောင်း၊ နိုင်ငံခြားရေးရာ ဝန်ကြီးအဖြစ်လည်းကောင်း ပူးတွဲတာဝန် ပေးခဲ့သည်။ စောခွန်ချိုသည် ၁၉၅၈-ခုနှစ်အထိ ၄င်းတာဝန်များတွင် ထမ်းဆောင်ခဲ့သည်။ မိုးကုတ်ကျောက်တွင်း လုပ်ငန်းများသည် နိုင်ငံရေးမတည်ငြိမ်မှုများ၏ နှောင့်ယှက်မှု မခံရပဲ လုပ်ကွက်(၁၀၀၀)ကျော် ပုံမှန်တူးဖော် ထုတ်လုပ်လျှက်ရှိခဲ့သည်။ မိုးကုတ်ကျောက်တွင်းလိုင်စင် ခွင့်ပြုစနစ်တွင် တွင်းတူးသမားများအား တွင်းစားအဖြစ် သတ်မှတ်ပေးပြီး ၄င်းတို့ရရှိသည့် ကျောက်အမြတ်ပေါ်မှ ခွဲဝေခံစားခွင့်ပြုလာသည်။ လွတ်လွတ်လပ်လပ် ရောင်းချခွင့်များ တွင်ကျယ်လာသည်။ မှောင်ခိုမှုများလည်း အထိုက်အလျောက် ရှိလာသည်။

(မိုးကုတ်ဖော်တော်ဦးမြတ်စွာဘုရား သမိုင်းကျောက်စာမှ ကူးယူဖော်ပြပါသည်။)


တည်နေရာ

မိုးကုတ်မြို့သည် မြောက်လတ္တီကျု့ ၂၂-ဒီဂရီ ၅၀-မိနစ်နှင့် ၂၃-ဒီဂရီ ၃၀-မိနစ်ကြား၊ အရှေ့လောင်ဂျီကျု့ ၉၆-ဒီဂရီ ၁၁-မိနစ်နှင့် ၉၆-ဒီဂရီ ၄၅-မိနစ်ကြားတွင် တည်ရှိပြီး အကျယ်အဝန်းမှာ အရှေ့နှင့်အနောက် မိုင်(၃၀)၊ တောင်နှင့်မြောက် (၁၅.၁၂)မိုင်ရှိပြီး ဧရိယာစုစုပေါင်း (၄၅၀.၆၀) စတုရန်းမိုင် ရှိပါသည်။ မိုးကုတ်မြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း ရှမ်းကုန်းပြင်မြင့်၏ အနောက် ဖက်စွန်းတွင် တည်ရှိပြီး ယခုအခါ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်အတွင်းတွင် ပါဝင်သည်။ မိုးကုတ်မြို့၏ အရှေ့ဖက်နှင့် မြောက်ဖက် တွင် မိုးမိတ်မြို့နယ်၊ တောင်ဖက်တွင် ကျောက်မဲမြို့နယ်၊ အနောက်ဖက်တွင် သပိတ်ကျင်းမြို့နယ်တို့ တည်ရှိသည်။ မိုးကုတ်မြို့သည် ဧရာဝတီမြစ်၏ အရှေ့ဖက် (၃၆)မိုင် ကွာဝေးပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၃၈၀၀)တွင် တည်ရှိသော တောင်ပေါ်မြို့တစ်မြို့ ဖြစ်သည်။


ရာသီဥတု

အပူပိုင်းဒေသအတွင်း ကျရောက်သော်လည်း မြင့်မားသော တောင်တန်းကြီးများ ရှိသောကြောင့် သမနွေးစွတ်စိုသော ရာသီဥတုကို ခံစားရပါသည်။ မိုးကုတ်မြို့မှာ တောင်ပေါ်ဒေသဖြစ်၍ အေးမြသော ရာသီဥတုရှိကာ အမြင့်ဆုံးအပူချိန် ၉၅.၄ဒီဂရီ ဖာရင်ဟိုက်နှင့် အနိမ့်ဆုံးအပူချိန် ၃၀.၂ဒီဂရီ ဖာရင်ဟိုက် ရှိပါသည်။ ပုံမှန်မြို့းရေချိန်မှာ (၁၀၇.၅၈)လက်မ ဖြစ်ပြီး ပုံမှန်မြို့းရွာရက်မှာ (၁၃၅.၇)ရက် ဖြစ်ပါသည်။ လေတိုက်နှုန်းမှာ ပုံမှန်အားဖြင့် အနောက်တောင်ဘက်မှ တစ်နာရီလျှင် တစ်မိုင်မှ ငါးမိုင်ခန့်အထိ တိုက်ခတ်လေ့ရှိပြီး ရာသီဥတုဆိုးရွားသော အချိန်များ၌ မြောက်ဘက်၊ အရှေ့မြောက်ဘက်နှင့် အနောက်တောင်ဘက်များမှ တစ်နာရီလျှင် (၂၅)မိုင်ထိ တိုက်ခတ်လေ့ရှိပါသည်။


မြေမျက်နှာသွင်ပြင်နှင့်ရေဆင်း

ဘူမိဗေဒပညာရှင်များ၏ ခန့်မှန်းတွက်ချက်မှုအရ မိုးကုတ်ဒေသ အောက်ခံကျောက်ဖျာထုသည် မြန်မာနိုင်ငံ၏ သက်တမ်းအရင့်ဆုံး ကျောက်ဖျာထုများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ မိုးကုတ်ဒေသသည် တောင်ကုန်း တောင်တန်းများ ထူထပ်ပြီး မြေပြန့်လွင်ပြင်များ နည်းပါးသည်။ ရေနီချောင်းသည် ကျေးနီတောင်မှ စိမ့်ရေ၊ စမ်းရေများကို အခြေပြု၍ မြို့လယ်ရှိ ရပ်ကွက်များကို ဖြတ်သန်းစီးဆင်းလာပြီး တပ်သားတောင်မှ စိမ့်ရေ၊ စမ်းရေတို့ကို အခြေပြု၍ စီးဆင်းလာသော ရေပူချောင်းနှင့် တောင်ကချင်ရပ်ကွက်အနီးတွင် ပေါင်းဆုံကာ နမ့်ပယ်ချောင်းအတွင်းသို့ စီးဝင်သည်။ မိုးကုတ်ဒေသတစ်ဝိုက်ရှိ အမြင့်ဆုံးတောင်များမှာ ... တောင်မင်းတောင်(တောင်မဲတောင်) - ၇၅၄၄ ပေ ကျေးနီတောင် - ၆၇၃၃ ပေ တောင်တော် - ၆၂၂၃ ပေ မြို့မြင်တောင် - ၅၉၅၅ ပေ ထင်းရှူးတောင် - ၅၆၀၆ ပေ ပင့်ကူတောင် - ၅၃၄၅ ပေ ဒေါ်နန်းကြည့်တောင် - ၅၂၇၇ ပေ


လူဦးရေ

မိုးကုတ်မြို့တွင် မြို့ပေါ်ရပ်ကွက်အုပ်စု (၅)အုပ်စု၊ ကျေးရွာအုပ်စု (၃၀)၊ ကျေးရွာပေါင်း (၁၃၂)ရွာရှိ၍ လူဦးရေမှာ ၂၀၀၅-ခုနှစ် စာရင်းအရ (၁၈၀၄၀၈)ဦး ရှိပါသည်။ လူဦးရေသိပ်သည်းမှုမှာ တစ်စတုရန်းမိုင်တွင် (၃၉၈)ဦး ရှိပါသည်။ မြို့ပြနှင့် ကျေးလက်လူဦးရေ အချိုးမှာ(၁း၁.၈၁)ဖြစ်ပါသည်။ ကျား-မ လူဦးရေ အချိုးမှာ (၁းဝ.၉၁)ဖြစ်ပါသည်။ အများဆုံး နေထိုင်ကြသော လူမျိုးမှာ ဗမာ၊ ရှမ်း၊ လီဆူ၊ ပလောင်၊ ဂေါ်ရခါးနှင့် တရုတ်တို့ ဖြစ်ကြသည်။


သစ်တော

တစ်မြို့နယ်လုံးရှိ မြေဧရိယာမှာ (၂၉၀၃၀၅)ဧကရှိပြီး သစ်တောကြိုးဝိုင်းအနေဖြင့် မိုးကုတ်ကြိုးဝိုင်း (၇၅၉)ဧက၊ ကျပ်ပြင်ကြိုးဝိုင်း (၁၂၈၆)ဧက၊ အုန်းကိုင်းကြိုးဝိုင်း (၄၈၁၅)ဧက၊ ကသည်းကြိုးဝိုင်း (၁၉၈၇)ဧက၊ ရွာသာယာကြိုးဝိုင်း (၆၁၄၄)ဧက၊ ရွှေဥဒေါင်းဘေးမဲ့ကြိုးဝိုင်း (၁၀၈၅၂)ဧက၊ နမ့်ပန်သဲနီ တိုးချဲ့ကြိုးဝိုင်း (၂၁၁၂၀)ဧက၊ နန်းဝ တိုးချဲ့ကြိုးဝိုင်း (၁၀၄၄၀)ဧကနှင့် ကြိုးပြင်တော (၂၅၃၄၀)ဧက ဖြစ်သည်။ သတ္ထုတွင်းမြေမှာ (၆၁၂)ဧက ဖြစ်သည်။


လမ်းပန်းဆက်သွယ်ရေး

အဓိက လမ်းပန်းဆက်သွယ်ရေးမှာ ကားလမ်းဖြစ်ပြီး ရေလမ်း၊ မီးရထားလမ်း၊ လေကြောင်းလမ်းများ မရှိပေ။ မိုးကုတ်မြို့သည် ကားလမ်းဖြင့် အရှေ့တောင်ဘက်တွင် မိုင်းလုံမြို့နှင့် (၂၁)မိုင်၊ မြောက်ဘက်တွင် မိုးမိတ်မြို့နှင့် (၂၈)မိုင်၊ အနောက်ဖက်တွင် သပိတ်ကျင်းမြို့နှင့် (၆၀)မိုင်၊ မန္တလေးမြို့နှင့် (၁၂၈)မိုင် အသီးသီး ကွာဝေးပါသည်။ မိုးကုတ်-ကျောက်မဲလမ်းသည် မိုးကုတ်မှ အရှေ့တောင်ဘက် (၇၉)မိုင် ကွာဝေးပြီး ဒုတိယကမ္ဘာစစ် မတိုင်မှီက အထူးအသုံးပြုခဲ့လေသည်။


စီးပွားရေး

မိုးကုတ်မြို့၏ အဓိကစီးပွားရေးလုပ်ငန်းမှာ ကျောက်မျက်တူးဖော်ခြင်း ဖြစ်ပါသည်။ ရှေးက ကျောက်များပေါများလှသဖြင့် ကျောက်မျက်အရောင်းအ၀ယ်များ ရှိသည်။ မိုးကုတ်မြို့သည် တောင်ပေါ်ဒေသဖြစ်၍ လယ်ယာမြေကွက်များ ပြောပလောက်အောင် မရှိခြင်းကြောင့် ဆန်စပါးများ မထွက်လှပေ။ မြို့နေလူထုစားသုံးရန်အတွက် မိုးမိတ်နယ်နှင့် အောက်အရပ်ဒေသမှ ဆန်များကို မှီခိုအားထားရသည်။ လက်ဖက်စိုက်ပျိုးရေးနှင့် ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းများ အနည်းငယ်ရှိသည်။


လူမှုရေး

မိုးကုတ်မြို့တွင် သာရေး-နာရေး လူမှုကိစ္စများအတွက် ရပ်ကွက်တိုင်းတွင် ဧည့်ခံအဖွဲ့၊ ထမင်းကျွေးအဖွဲ့၊ လူပျို၊ အပျို စသဖြင့်အဖွဲ့များ ဖွဲ့ကာ တက်ညီလက်ညီ ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြပါသည်။ တစ်ဦးနှင့်တစ်ဦး တွေ့သည့်အခါ စားပြီးပြီလား ဟု နှုတ်ဆက်လေ့ရှိကြသည်။ တစ်ဦးက ထွက်ခွာသွားသည့်အခါတွင် ကျန် တစ်ဦးက ဖြေးဖြေးနော် ဟု နှုတ်ဆက်လေ့ရှိကြသည်။


ဘာသာရေး

မိုးကုတ်မြို့တွင် နေထိုင်ကြသော ဗမာ၊ ရှမ်းနှင့် ပလောင်လူမျိုး အများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ မိုးကုတ်မြို့နယ်အတွင်းတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းပေါင်း (၂၅၀)ခန့် ရှိရာ လူဦးရေနှင့် နှိုင်းယှဉ်လျှင် လူ(၈၀၀)တွင် ဘုန်းကြီးကျောင်း (၁)ကျောင်းနှုန်း ရှိသည်။ မိုးကုတ်မြို့ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း အများစုမှာ လီဆူဘုရားရှိခိုးကျောင်းများ ဖြစ်ကြသည်။ ဂေါ်ရခါးလူမျိုးများမှာ ဗုဒ္ဓဘာသာနှင့်ဟိန္ဒူဘာသာ များကို ကိုးကွယ်ကြပါသည်။ မိုးကုတ်မြို့တွင် မွတ်စလင်ဗလီ သုံးခု ရှိပါသည်။ တရုတ်ဘုရားကျောင်းများလည်း သီးသန့်ရှိသည်။တရုတ်ဘုရားကျောင်းများမှာ လယ်ဦး ရပ်ရှိ ငါးပါးသီလ ဘုံကျောင်းနှင့် အောင်ချမ်းသာ ရပ် ရှိ ဘုရားတစ်ထောင် ဘုံကျောင်းတို့ ဖြစ်ပါသည်။


အမည်အခေါ်အဝေါ်ဆင်းသက်လာပုံ

မိုးကုတ်ဟူသည့်အမည်နာမ ၏နောက်ကြောင်းကိုလေ့လာသော် ဖြစ်နိုင်ဖွယ်နောက်ခံအချက်အနေဖြင့် ၄ မျိုးလေ့လာတွေ့ရှိရပါသည်။၎င်းတို့မှာ

မိန်းကု

ရှမ်းဘာသာစကားဖြစ်သည်။မိန်း မှာ မြို့၊ ကု မှာခမောက် ဖြစ်သည်။အဓိပ္ပာယ်မှာ ခမောက်နှင့်တူသောမြို့ ဟူ၍ ဖြစ်သည်။မိုးကုတ်မြို့မှာ တောင်များကာရံထားသည့် ချိုင့်ဝှမ်းကြီးအတွင်းတွင်ရှိပြီး ခမောက်တစ်ခုကို ပက်လက်လှန်ထားသည့် ပုံနှင့်တူသောကြောင့် ယခုကဲ့သို့ဗခ်ါခြင်းဖြစ်သည်ဟုသိရပါသည်။

မိန်းကွတ်

ရှမ်းဘာသာစကားပင်ဖြစ်သည်။မိန်း မှာ မြို့၊ ကွတ် မှာကောက်ကွေ့ခြင်း ဟုအဓိပ္ပာယ်ရသည်။ ကောက်ကွေ့သောမြို့ဟုဆိုလိုပါသည်။မိုးကုတ်သို့သွားရာလမ်းမှာ ကောက်ကွေ့သည့် တောင်ပတ်လမ်းများဖြစ်သည်ကတစ်ကြောင်း၊ မြို့၏တည်နေပုံကလည်း ကောက်ကွေ့သည့်အနေအထားတွင်ရှိသည်ကြောင့်တစ်ကြောင်း ဤကဲ့သို့ ခေါ်ခြင်းဖြစ်သည်။

မိန်းကတ်

ရှမ်းဘာသာစကားပင်ဖြစ်သည်။မိန်းမှာ မြို့၊ကတ်မှာ ချမ်းအေးသည်ဟုအဓိပ္ပာယ်ရသည်။ အလွန်ချမ်းအေးသည့်မြို့ဟုဆိုလိုပါသည်။အမှန်လဲရေခဲသည်အထိအေးဖူးသည့် နှစ်များရှိသည်။

မိုးချုပ်

မြန်မာစကားဖြစ်သည်။မိုးစောစောချုပ်သည့်အတွက် မိုးချုပ်ဟုခေါ်ကြရာမှ မိုးကုတ်ဟုဖြစ်လာသည်ဟုဆိုကြပြန်သည်။


မိုးကုတ်ဆရာတော်ဘုရားကြီး ဦးဝိမလ

မိုးကုတ်ဆရာတော်ဘုရားလောင်းလျာအား မြန်မာသက္ကရာဇ် ၁၂၆၁ ခုနှစ်၊ နတ်တော်လပြည့်ကျော်(၁၁) ရက်၊ ဗုဒ္ဓဟူးနေ့ တွင် ခမည်းတော် ဦးအောင်ထွန်း နှင့် မယ်တော် ဒေါ်ရွှေအိတ်တို့မှ မြစ်ငယ်မြစ်ခေါ် ဒုဋ္ဌဝတီမြစ်၏ တစ်ဖက်ကမ်းရှိ ဥယျာဉ်တော်ရွာတွင် ဖွားမြင်တော်မူသည်။ ငယ်နာမည် မောင်လှဘော်ဟု ခေါ်တွင်သည်။ အသက် (၉)နှစ်သား အရွယ်တွင် ဥယျာဉ်တောရွာရှိ ဂွေးပင်တောရကျောင်းဆရာတော် ဦးဇာဂရထံ၌ ရှင်သာမဏေအဖြစ် ရောက်ရှိခဲ့ပြီး ရှင်ဝိမလ ဟု ဘွဲ့မည်တွင်သည်။ ရှင်ဝိမလ သက်တော်(၂၀) ပြည့်သောအခါ ၁၂၈၁-ခုနှစ်၊ ဝါဆိုလဆန်း (၈)ရက်နေ့တွင် အမရပူရရှိ မင်္ဂလာတိုက် ဆရာတော်အား ဥပဇ္ဈာယ်ပြုကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူသည်။ ၁၂၈၆-ခုနှစ်တွင် မင်္ဂလာ ကျောင်းတိုက်အတွင်း၌ ကျောင်းထိုင်စာချဖြစ်ကာ နှစ်ပေါင်းသုံးဆယ်ကျော်မျှ စာဝါများ ပို့ချတော်မူခဲ့သည်။ နောင်တွင် ပထမကျော်ဆရာကြီး ဦးအုန်း လက်စမသတ်ခဲ့ရသော အဘိဓမ္မာတံခွန်ကျမ်းကြီးကို လက်စသတ် ရေးသားတော်မူသည်။ ထို့နောက် ယမကမဉ္ဖူရီကျမ်းနှင့် ပုထုဇနအလင်းပြကျမ်း များကိုလည်း ပြုစုတော်မူခဲ့သည်။ ဆရာတော် ဦးဝိမလသည် စာသင်သားရဟန်းတော်များအား စာပေပို့ချတော်မူလျှက်ပင် တစ်ဖက်မှလည်း လူဒါယကာ ဒါယိကာမအပေါင်းတို့ကို အဘိဓမ္မာတရားတော်များ ဟောကြားပြသတော်မူခဲ့သည်။ ဆရာတော်ဦးဝိမလအား မိုးကုတ်မြို့၊ ဂျော့ခ်ျတောင်ရပ် (ယခု စည်ပင်သာယာရပ်ကွက်)မှ ကျောင်းဒကာကြီး ဦးလယ်နှင့် ဇနီး ဒေါ်သိုင်းခြုံတို့၏ ပင့်လျှောက်ချက်အရ ၁၂၉၄-ခုနှစ်မှ စတင်ကာ မိုးကုတ်သို့ နှစ်စဉ်ကြွရောက်၍ တရားတော်များကို ဟောကြားပြသတော်မူသည်။ ၁၃၁၆-ခုနှစ်တွင် ဆရာတော်အား ဒေါ်ဒေါ်အုံ၊ ဒေါ်ဒေါ်ဖုံတို့မှ မိုးကုတ်မြို့တွင် မင်္ဂလာတိုက် ဟု ကမ္ဗည်းထိုးကာ တိုက်ကျောင်း ဆောက်လုပ်လှူဒါန်းသည်ကို အလှူခံ ရရှိတော်မူသည်။ ဒုတိယကမ္ဘာစစ်မီးကြီး မြန်မာနိုင်ငံသို့ ကူးစက်လာရာ စစ်ဘေး စစ်ဒဏ်တို့ကို ရှောင်တိမ်း၍ ဆရာတော်ဘုရားသည် မိုးကုတ်မြို့ သုဿာန်ကျောင်း၌ ခေတ္တမျှ သီတင်းသုံးတော်မူခဲ့သည်။ ထို့နောက် စစ်ဒဏ် ဗုံးဒဏ်တို့မှ ပို၍လုံခြုံစိတ်ချရန် မိုးကုတ်မြို့နှင့်လေးမိုင်ခန့်ဝေးသော ဘော်ဗဒန်းရွာသို့ ကြွရောက်သီတင်းသုံးကာ ထိုရွာအနီးရှိ ကျောက်လှိုဏ်ဂူအတွင်း၌ ဝိပဿနာတရားများကို ကျင့်ကြံအားထုတ်တော်မူခဲ့သည်။ ထိုလှိုဏ်ဂူအတွင်း၌ပင် ၁၃၀၄-ခုနှစ် ဝါဆိုဦးမှစ၍ လေးနှစ်လေးမိုးတိုင်တိုင် ကျင့်ကြံအားထုတ်ခဲ့ပြီး တရားထူးများ ရရှိခဲ့လေသည်။ ယခင်ဟောကြားသော တရားတော်များနှင့် ကွာခြားလာပြီး စစ်ပြီးကာလတွင် ဟောသော တရားတော်များမှာ ပို၍ထူးခြားလာကာ လေးနက်မှုအပြည့်အဝရှိလာခဲ့သည်။


မိုးကုတ်မြို့မှဒကာများက ပင့်ဖိတ်၍ မိုးကုတ်သို့ကြွရောက် တရားဟောတော်မူခြင်း၊ မိုးကုတ်မြို့ရှိ ဒကာ ဒကာမ အပေါင်းတို့၏ ကြည်ညိုလေးစားတော်မူခြင်း၊ မိုးကုတ်မြို့မှပင် လာရောက်ပြီး ကျောင်းဆောင်များ ဆောက်လုပ်လှူဒါန်းခြင်းနှင့် ထိုမိုးကုတ်ကျောင်းကြီးပေါ်၌ သီတင်းသုံးတော်မူခြင်း စသည့် အကြောင်းအရင်းများကြောင့် မိုးကုတ်ဆရာတော်ဘုရား ဟု အမည်တွင်ခဲ့ရလေသည်။


မိုးကုတ်ဆရာတော်ဘုရားကြီးသည် မြတ်စွာဘုရားအလိုတော်အတိုင်း သစ္စာလေးပါးတရားတော်များကို ဟုတ်တိုင်းမှန်ရာ သိရှိနားလည်နိုင်စေရန်နှင့် ယောနိသောမနသိကာရ နှလုံးသွင်းမှန်စေရန် ရည်ရွယ်၍ အများနားလည်သော စကားများဖြင့် နည်းမျိုးစုံသုံးကာ ဟောကြားတော်မူခဲ့သည်။ ဆရာတော်၏ဟောဟန်မှာ အများခေတ်စားသလို သံနေသံထားအမျိုးမျိုး အသံနိမ့်မြင့်ဖြင့် ဟောခြင်းမျိုးမဟုတ်။ အကြောင်းအရာတစ်ခုကို အရပ်သုံးစကားဖြင့် ရှင်းပြခြင်းမျိုး ဖြစ်လေသည်။ ပရိယာယ်မပါ မှန်ရာကိုသာ တည့်တည့်ကြီးဟောပြောနေခြင်းမျိုး ဖြစ်သည့်အတွက် နားကြားရသူအဖို့တွင် နားလည်သဘောပေါက်လွယ်ကြသည်။ ဟောပြောရာတွင်လည်း မည်ကဲ့သို့ပင် ဂုဏ်ရှိရှိ ညှာတာထောက်ထားတော်မူလေ့ မရှိပဲ တင်းတင်းရင်းရင်း တိုက်ရိုက်ပင် လက်ညှိုးထိုးကာ စေတနာအပြည့်ဖြင့် ဟုတ်တိုင်းမှန်ရာ ဟောပြ ညွှန်ပြတော်မူလေ့ ရှိပါသည်။ ယောဂီများအတွက်လည်း အခက်အခဲမရှိ တရားအားထုတ်နိုင်ရန် ဝိပဿနာကျင့်စဉ်များကို နေ့စဉ်သုံးစကားဖြင့် သွန်သင်ဆုံးမထားခဲ့ပါသည်။ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်ဘုရားကြီးကပင်လျှင် မိုးကုတ်ဆရာတော်၏ ဟောချက်များနှင့် ပတ်သက်၍ ဗုဒ္ဓတရားတော်တွေကို မြန်မာဘာသာနှင့် မြန်မာလူမျိုးတွေ နားလည်အောင် ဟောကြားတဲ့နေရာမှာ မြတ်စွာဘုရားသာရှိမယ်ဆိုရင် မြန်မာအဋ္ဌကထာ ဆရာကြီးရယ်လို့ ဧတဒဂ်ဘွဲ့ထူး ပေးရလောက်ပါပေတယ် ဟု မှတ်ချက်ပြုတော်မူခဲ့သည်။


၁၃၆၂-ခုနှစ်၊ ၀ါဆိုလဆန်း(၇)ရက်၊ (၈.၇.၁၉၆၂)နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တော်လှန်ရေးကောင်စီ အစိုးရ၏ သာသနာရေးဦးစီးဋ္ဌာနမှ လှူဒါန်းဆက်ကပ်သည့် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို အလှူခံရရှိတော်မူသည်။ ဒုတိယကမ္ဘာစစ် မဖြစ်ပွားမှီ ၁၉၃၆-ခုနှစ် (မြန်မာသက္ကရာဇ် ၁၂၉၈-ခုနှစ်)တွင် သီဟိုဠ်ကျွန်း (ယခု သီရိလင်္ကာနိုင်ငံ)၊ အနုရာဓမြို့ရှိ မဟာစေတီတော် ဂေါပကအဖွဲ့မှနေ၍ မေတ္တာရပ်ခံ အကူအညီတောင်းခံချက်အရ ဆရာတော်မှ ဦးဆောင်၍ မိုးကုတ်မြို့မှ ဒကာ၊ ဒကာမအပေါင်းတို့ လှူဒါန်းသော အဖိုးတန်ပတ္တမြားအပါအဝင် ကျောက်လုံးရေ (၄၃၅၀)၊ ရွှေချိန် (၃)ပိဿာ၊ ဘော်ချိန် (၄၁)ပိဿာခွဲဖြင့် မွမ်းမံပြုလုပ်ထားသည့် ဥာဏ်တော်အမြင့် (၁၈)လက်မရှိသော စိန်ဖူးတော်ကြီးကို ရန်ကုန်မှတဆင့် ပင်လယ်ကူးသင်္ဘောဖြင့် သီရိလင်္ကာနိုင်ငံသို့ ပေးပို့လှူဒါန်းခဲ့ပါသည်။ တဖန် သီဟိုဠ်ကျွန်း မဟာစေတီတော်ကြီး၏ စိန်ဖူးတော်အတွက် မိုးကုတ်မြို့မှနေ၍ ပေးပို့လှူဒါန်းလိုက်ကြောင်းကို ကြားသိရသော ရန်ကုန်မြို့ရှိ ဗိုလ်တစ်ထောင်စေတီတော် ဂေါပကအဖွဲ့ကလည်း ဗိုလ်တစ်ထောင်စေတီတော်တွင် လိုအပ်လျှက်ရှိသော စိန်ဖူးတော်ကို ထပ်မံအလှူခံပြန်ရာ ဆရာတော်မှပင် ဦးဆောင်၍ မိုးကုတ်မြို့မှ ဒကာ၊ ဒကာမများ စုပေါင်းကာ ဝိုင်းဝန်းလှူဒါန်းကြပြီး ၁၉၃၇-ခုနှစ် (မြန်မာသက္ကရာဇ် ၁၃၀၉-ခုနှစ်)တွင် မန္တလေးမှ ရန်ကုန်မြို့သို့ လေယာဉ် စင်းလုံးငှားဖြင့် ပေးပို့လှူဒါန်းခဲ့ပါသည်။


မိုးကုတ်ဆရာတော်ဘုရားကြီးသည် ၁၃၂၄-ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၄)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ခန္ဓာဝန်ချတော်မူကာ အကြွင်းမဲ့ အေးငြိမ်းတော်မူလေသည်။ ဆရာတော်ဘုရားသည် ခန္ဓာဝန်မချမှီအချိန်တိုင်အောင်ပင် သစ္စာလေးပါး တရားတော်များကို မရပ်မနား ဟောကြားသွားတော်မူခဲ့သည်။ သစ္စာလေးပါး တရားတော်ကို အဟောအပြော သက်သက်မျှ မဟုတ်ပဲ အလုပ်သဘောဖြင့် ကိုယ်တော်တိုင် သက်သေပြတော်မူခဲ့လေသည်။ မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားဆုံးမတော်မူခဲ့သော သစ္စာလေးပါးတရားတော်များမှာ တရားခွေများ၊ ဒစ်ဂျစ်တယ် အမ်ပီသရီး စီဒီများဖြင့် ပုဒ်ရေ တစ်ထောင်ခန့် ကျန်ရှိခဲ့ရာ ယခုတိုင် နာကြားနေကြရဆဲ ဖြစ်ပါသည်။ ထို့ပြင် အသံသွင်း တိတ်ခွေများမှတဆင့် စာအုပ်အဖြစ်သို့ ပုဒ်ရေငါးရာကျော်ကိုလည်း ပုံနှိပ်ထုတ်ဝေပြီး ဖြစ်ပါသည်။ ဆရာတော်ဘုရား၏ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို အင်္ဂလိပ်၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ သီရိလင်္ကာ စသည့် နိုင်ငံခြားတိုင်းပြည် များတွင်လည်း ဘာသာပြန်ဆိုကာ လေ့လာအားထုတ်လျှက် ရှိကြပါသည်။


မိုးကုတ်ဝိပဿနာ တရားစဉ်နှင့် လုပ်ငန်းစဉ်ပြန့်ပွားရေးအသင်း သည်လည်း ယခုအခါ မြန်မာပြည်အနှံ့တွင် အဖွဲ့ခွဲပေါင်း (၂၆၉)ဖွဲ့နှင့် အဖွဲ့စိတ်ပေါင်း သုံးထောင်ကျော်ခန့် ရှိပါသည်။ မိုးကုတ်ဆရာတော်ဘုရားကြီး မရှိတော့သော်လည်း ဆရာတော်ဘုရားကြီး ဟောကြားဆုံးမတော်မူခဲ့သော သစ္စာလေးပါး တရားတော်များမှာကား ယနေ့တိုင် ရှင်သန်နေဆဲပင် ဖြစ်ပါတော့သည်။

စိတ်ဝင်စားဖွယ်နေရာများ

မိုးကုတ်ကျောက် ရောင်းဝယ်ရေးလုပ်ငန်းများကို ထာပွဲဟု ခေါ်သောနေရာတွင် စုပေါင်းလုပ်ကိုင်ကြပါသည်။ ကျောက်မျက်ရတနာရောင်းဝယ်ရေးဆိုင်များဖွင့်ပြီး လုပ်ကိုင်ကြသော်လည်း နည်းပါးသေးသည်။

ထာပွဲ

ရှေးက ကျောက်များပေါများလှသဖြင့် ကျောက်ပြရာတွင် " ထာ " ခေါ် ကြေးလင်ဗန်းကြီးများတွင် ထည့်ပြီး ပြသရသည်။ ထို ထာ ခေါ် ကြေးလင်ဗန်းကို အစွဲပြုပြီး ထာပွဲဟုခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ (ထာပွဲ = ကျောက်မျက်ရတနာ အရောင်းအ၀ယ်ပြုလုပ်ရာနေရာ) မိုးကုတ်ကျောက်ရောင်းဝယ်ရေးလုပ်ငန်းများကို ခြုံကြည့်လိုက်မည်ဆိုလျှင် အကြမ်းဖျဉ်းအားဖြင့် လူတန်းစား (၄) ရပ်ခွဲခြားတွေမြင်နိုင်ပါသည်။

(၁) ပွင့်ကောက်သမား

(၂) အစပ်ကျောက်သမား

(၃) ၀ယ်/ ရောင်းသမား

(၄) ပွဲစား ဟု တွေမြင်ရပါသည်။


ပွင့်ကောက်သမား

ပွင့်ကောက်သမားများကို တစ်နည်းအားဖြင့် ကုန်သည်ကြီးပိုင်းလို့ သတ်မှတ်လို့ရပြီး တန်ဖိုးမြင့်သောကျောက်များကိုသာ တစ်ပွင့်ချင်း စိတ်ကြိုက်ဝယ်ယူကြသူများ ဖြစ်သည်။


အစပ်ကျောက်သမား

အစပ်ကျောက်သမား ဆိုသည်မှာ မိုးကုတ်တွင်းထွက်ကျောက်များစွာ ရှိသည့်အနက် မိမိကျွမ်းကျင်သည့်ကျောက် တစ်မျိုးထဲကိုသာ ဦးစားပေးဝယ်ကြသူများ ဖြစ်ပါသည်။ အစင်အားသန်သူက အစင်၊ ဂေါ်ကြိုးအားသန်သူက ဂေါ်ကြိုး၊ အညံ့အားသန်သူက အညံ့ စသည်ဖြင့် သီးခြားဝယ်ယူကြသူများဖြစ်သည်။ အစပ်ကျောက်သမားလိုင်းတွင် အရိုင်းစပ်သမား နှင့် အယဉ်စပ်သမား ဆိုပြီး နှစ်မျိုးခွဲခြားတွေ့မြင်နိုင်ပါသေးသည်။ အရိုင်းစပ်သမားဆိုသည်မှာ တွင်းမှထွက်လာသောကျောက်များကို နဲနဲစီဝယ်ပြီး များလာလျှင် အရိုင်းအတိုင်း အထုပ်လိုက်ပြန်ရောင်းသူများဖြစ်သည်။ အယဉ်စပ်သမားဆိုသည်မှာ အဓိက၀ယ်ထားသော ကျောက်များကို အရိုင်း (မသွေးရသေးသောကျောက်)ဖြစ်စေ၊ အယဉ် (သွေးပြီးသားကျောက်) ဖြစ်စေ တစ်ပွင့်ချင်း၊ နှစ်ပွင့်ချင်းဝယ်ယူကြသည်။ အရိုင်းများကိုမူ သွေးယူပြီး အယဉ်ပြုလုပ်ကာ ကိုယ်မှန်ထားသော ကျောက်ချိန်အတိုင်း (ကလပ် ၅၀၊ ကလပ် ၁၀၀) စသဖြင့်ရမှ ကလပ်ချိန်ဈေးဖြင့် ပြန်ရောင်းကြသူများ ဖြစ်သည်။


ဝယ်/ ရောင်းသမား

ဝယ်/ ရောင်းသမား ဆိုသည်မှာ ကျောက်တွင်းတူးလုပ်ငန်းများသို့ သွားရောက်ပြီးဖြစ်စေ၊ ထာပွဲဖြစ်ရာ နေရာများသို့ဖြစ်စေ သွားရောက်ပြီး မြတ်နိုင်မည်ထင်သောကျောက်များကို ၀ယ်ယူပြီး ပြန်ရောင်းကြသူများဖြစ်သည်။ ၀ယ်ရောင်းသမားများ အရည်အချင်းမှာ အဓိက ကျောက်မျိုးစုံ အကြောင်းနားလည်ရန်ပင် ဖြစ်သည်။


ပွဲစား

အရောင်းအ၀ယ်လောကတိုင်းတွင် ပွဲစားရှိသကဲ့သို့ မိုးကုတ်ကျောက်လောကတွင်လည်း ကျောက်ပွဲစားများ များစွာတွေ့ရပါသည်။ မိုးကုတ်ကျောက်ပွဲစားများ အရည်အချင်းမှာ ဆက်ဆံရေးနှင့် နာမည်ကောင်းရဖို့ပင် ဖြစ်ပါသည်။ မိုးကုတ်မြို့မှာ ကျဉ်းလှသဖြင့် ဆက်ဆံရေးကောင်းလျှင် ကောင်းသလိုမိတ်ဆွေပေါများပြီး နာမည်ပျက်မရှိသရွေ့ ကျောက်ထည့်ပေးသော ကုန်သည်များက မည်မျှတန်ဖိုးကြီးမားသော ကျောက်ပင်ဖြစ်စေ ပွဲစားအား ယုံယုံကြည်ကြည်ထည့်ပြီး ရောင်းခိုင်းကြပါသည်။ မိုးကုတ်ကျောက်ပွဲစားတို့ အကျိုးခံစားခွင့်မှာ ၁၀၀ ကျပ် တည့်လျှင် ၅ ကျပ်နှုန်းဖြစ်သည်။ [1]


ကျမ်းကိုး

  1. မောင်ထွန်းဦး ၏ (ကမ္ဘာကသိတဲ့ ပတ္တမြားမြေ)
မေတ္တာဖြင့်
မျှဝေခံစားသူ - မိုးကုတ်သား


Thursday, May 21, 2009

ဦးပုည ရဲ့ ကဗျာ တချို့


ဖတ်မိတဲ့ ဦးပုည ရဲ့ ကဗျာ တစိချို့ ကို ဒီမှာ သိမ်းထားရင်း မိတ်ဆွေတို့လည်း နှစ်သက်မယ် မျှော်လင့်ပါတယ်။


သစ္စာပျက်မှာတမ်း

သနစ်စုံ
ဖြစ်ပုံဖြင့် ခက်သား ။
မလေးခင် ပေလွှာရေးတယ်
ဝေးတရပ်ခြား ။ ။

ဦးပုည

ရှုလေယဉ်လေ

နန်းရံတရာ ပဏ္ဏာခ
မန်းမန္တလ ဗွေရိပ်စံ။
စန်းစန္ဒရ ငွေဗိမာန်လို
ပင်ရွှေထိပ်ပန် ယဉ်များပန်း။
ဂုဏ်ထူးကေလျော့ တကြော့မှန်ငယ်
မဟော့်သက်နှံ တော်လေးအမရာ့ငြမ်း။
ကပိုကရို့ သူ့အမူငယ်
ဇမ္ဗု့မတူ ပြိုင်သူလျှမ်း။
အမူ့အယူ လှိုင်ကြူပန်းသို့
ဆန်းဆိုသမျှ ခေါင်ထက်ခေါင်။
ရှုလေယဉ်လေ မြင်သူငေး
ခင်လေးခင်ခင့် ယဉ်လေးယဉ်ယဥ့်
ယဉ်တတ်ပါတဲ့နောင်။
ပန်းချီရှုံးတဲ့ တော့်ဘုန်းခေါင်ငယ်
တကျော့ထုံးနှောင် ကေသီလျော့နှင့်
သုံးထောင်ထွာကြော့ လျော့ရွှေကေခိုင်
ပိတုန်းမင်ညွန့်ဆိုင်။
စံပုံရှားတဲ့ သိကြားမှိုင်ငယ်
သနားပိုင်ပိုင် ခံစမ်းချင်လှလေး။

ဦးပုည




သစ္စာတိုင်

ကြက်ညီနောင် ရေဝယ်မျောစေတော့၊
မြကြော မင်းဝံရွှေတောင်၊
လဲတော့မရှောင်။

အာကာဘောင်၊
ကြယ်ပြောင်ကွဲ့ မြေလူး။

ပြည်ဇေယျာ၊
လေလာလျှင် မြေပါရွေ့စေတော့၊
ခင်လေ့ကို မောင်မမုန်းတယ်၊
သုံးဘဝကူး။ ။

ဦးပုည


မေတ္တာဖြင့်
မိုးကုတ်သား

Friday, May 15, 2009

နှင်းခါးရိုက်တဲ့ ရင်ခွင်

နှင်းမှုန်တွေ တဖွဲဖွဲ ကျနေကြသည်လား။ သူမ တကိုယ်လုံး ခိုက်ခိုက်တုန်နေအောင် အေးစက်လို့ နေ၏။


ဘေးဘီဝဲရာကို ဘာမှ မမြင်နိုင်လောက်အောင် တလောကလုံး ပကတိ အမှောင်တိုက် တစ်ခုလို။ ပါးပြင်ကို လာရောက်ပွတ်သပ်သော လက်တစုံကြောင့် သူမ နွေးကနဲ ဖြစ်သွားသည်။ ဘာကိုမှ မမြင်ရ သော်လည်း ဒါဟာ မောင့်ရဲ့လက် ဆိုတာ သူမ သေချာလို့ နေခဲ့သည်။ မောင့်မျက်နှာကို မမြင်ရသော်လည်း မောင်သည် အခါများစွာကလို သူမမျက်နှာကို စေ့စေ့ကြည့်လို့ နေမည်လား။ သူမမျက်နှာကို ပွတ်သပ်လိုက်သော မောင့်လက်တွေက မြတ်နိုးကြင်နာမှုတွေ အပြည့်။ နောက်ပြီး သူမကို စိုက်ကြည့်တတ်သော မောင့်မျက်ဝန်းတွေကလဲ ချစ်ခြင်းတွေ အပြည့်အသိပ်နှင့်။ ထိုစဉ်အခါတိုင်း သူမ မှာ ရှိသမျှ သောကတွေ ပြေပျောက်ကာ ရင်ထဲ နွေးထွေး လှိုက်လှဲလာမြဲ။

မောင့်လက်ကို ဖမ်းယူဆုပ်ကိုင်ပြီး ဖွဖွညင်သာ နမ်းလိုက်ရမလား သူမ တွေဝေ နေမိစဉ်မှာပဲ ထိုလက်တစုံက သူမကို သိုင်းဖက်လို့လာသည်။ သူမကျောပြင်ကို ထိတွေ့လာသော မောင့်လက်တွေက အေးစက် လွန်းလှသည်ထင့်။ သူမကိုယ်လေး တုန်သွားရပြန်သည်။ မောင့်ရင်ခွင်မှာ နွဲ့မှီလိုက်လျင်တော့ နွေးထွေး လေမလား။ သို့သော် သူမ မောင့်ရင်ခွင်ကို ရှာဖွေလို့မရ။ ဟိုးအဝေးကြီးမှာလို ဘာကြောင့် ခံစား နေရသည်လဲ။ သိုင်းဖက်လာသော မောင့်လက်တွေက တင်းကျပ်သည်ထက် တင်းကျပ်လာသည်။ သူမ အသက်ရှူရ ခက်ခဲလာ၏။ သူမ နှလုံးအိမ်တွေ ပေါက်ကွဲထွက်မတတ် မွန်းကျပ်လာတော့ မောင့်လက်တွေထဲက လွတ်အောင် ရုန်းကန်မိတော့သည်။
ဗြုန်းကနဲ အိပ်မက်က လန့်နိုးလာတော့ ဟိုးအဝေးက ပြေးလာရသူလို သူမ မောပန်းနွမ်းလျလို့ နေခဲ့သည်။ ညဥ့်ငှက်တို့၏ အော်သံကို တချက်တချက် ကြားနေရ၏။ ဖွင့်ထားသော ပြူတင်းတံခါးမှ တိုးဝှေ့ဝင်လာနေသော လေက အေးလွန်းလှသည်။ ပြူတင်းတံခါးကို ထပိတ်လိုက်ရင်း လူက မောလျလာသောကြောင့် ပြူတင်းတံခါးဘောင်ပေါ် မှေးမှီလိုက်ရသည်။ သူမပါးပြင်တွေ စိုစွတ်လို့ လာပြန်ပြီ။ မဖြစ်နိုင်တော့တဲ့ ဆုံတွေ့ခြင်း တွေကိုမှ သူမက ဘာလို့ မျှော်လင့် နေမိသည်လဲကွယ်။ သူမ မောင့်ကို ဒီတသက်လုံး မမေ့နိုင်တော့ဘူး ထင်ရဲ့။


စိတ်မှာ မေ့ထားပေမဲ့

အိပ်မက်က အတိတ်ကို ပြန်ပြန်ဖတ်တော့

ခပ်ဖျော့ဖျော့ မျှော်လင့်ချက်တချို့တောင်

ရိပ်ယောင်ပြောင်း ဒဏ်ရာတွေအဖြစ်

ငါ့ညတွေကို ကုတ်ခြစ်လို့။

တကယ်ဆို သူမက မောင့်ကို မေ့နိုင်အောင် ဆုံးဖြတ်ခဲ့ပြီးပြီပဲ။ သူမ ပျော့ညံ့ တွေဝေနေလို့ မဖြစ်ပါ။ နောင်တတွေလဲ မရခဲ့ပါ။ သူမရင်တွေ ဘယ်လောက်ပဲ နာကျင်ရပါစေ။ သူမ ရွေးချယ်သောလမ်းကို သူမ ဖြောင့်ဖြောင့်သွားနိုင်ရပါလိမ့်မည်။ သူမကိုယ်တိုင် သူမ၏ နှလုံးသားကို ဖယ်ထုတ်ခဲ့ ပြီးပြီပဲ မဟုတ်လား။ အခုလို မောင့်ကို မွတ်သိပ်စွာ ခြောက်လှန့် တတ်သော အိပ်မက်များ ကိုတော့ သူမ ခံနိုင်ရည် ရှိအောင် ကြိုးစားဖို့ လိုအပ် နေပါသေးသည်။ တစ်နေ့နေ့မှာတော့ သူမကို အိပ်ပျက်စေသော ထိုအိမ်မက်တို့ သူမထံ ရောက်မလာ နိုင်တော့ဘူးဟု သူမ မျှော်လင့် နေမိပါသည်။

ရေးသားသူ - တွယ်တာ

Monday, May 11, 2009

လရောင်ခမ်းတဲ့ည




လမင်းကိုမှ
သူကမျှော်ကြည့် မျှော်လင့်မိ။
ရွှန်းပ ကြည်မြလွန်းလှတော့
ငြိမ်းချမ်းမှုတွေနဲ့ လရင်ခွင်မှာ မှေးစက်ခဲ့သူ။
လဆိုတာ
နေအလင်းကြောင့် လင်းရတာ
သူမသိလို့
နေမင်းကြီးကို သူ့ကောင်းကင်က
ဆွဲဖြုတ်လိုက်တဲ့အခါ။ ။





တစ်ခါတစ်ခါမှာတော့ ဘ၀ဆိုတာ မမြင်ရတဲ့ ကံကြမ္မာတွေကို သယ်ဆောင်လာတတ်တယ်။
အိပ်မက်တွေတိုင်းသာ ဖြစ်ခွင့်ရရင် လို့ မမျှော်လင့်မိတော့ပေမဲ့ ထုပ်ပိုး သိမ်းဆည်းထားတဲ့ အိပ်မက်လေးတွေကို လွယ်ပိုးထားနေမိဆဲ။ ကောင်းကင်တိုင်းဟာ နေရောင်ခြည်နဲ့ နွေးထွေးလင်းလက်ပြီး လရိပ်နဲ့ အေးမြငြိမ်းချမ်း စေဖို့တော့ (မပြည့်လည်း) တိတ်တဆိတ် တောင်းဆုခြွေရင်း ကောင်းကင်ကြီးကို မော့ကြည့်လိုက်တော့ ပြိုမယောင် တိမ်မဲညိုတွေက အုံလိုက်ကျင်းလိုက် ထိုးဆင်းလို့။ ပင်လယ်ကြီးဆီကတောင် ခြောက်ခြောက်ခြားခြား ညည်းညူသံတွေ မြည်တမ်းနေလေသလား။ အောက်စီဂျင် မ၀တဲ့ အာရုံတွေက ခြောက်လှန့်တာပဲ နေမှာပါလေ။

ဓာတ်ပုံလေးကို ဒီက ယူထားတာပါ။

မေတ္တာဖြင့်
ရေးသားသူ - မိုးကုတ်သား

“ဖြည်းဖြည်းနော်”


ကျွန်တော်တို့ မြို့ကလေးမှာ နှုတ်ဆက်နေကျ စကားလေးတွေ၊ ပြောနေကျ စကားလေးတွေ ရှိပါတယ်။ အဲ့ဒီထဲက တစ်ခုကတော့ “ဖြည်းဖြည်းနော်” ဆိုတာပါ။ တစ်ယောက်ယောက် က သွားတော့မယ် ဆိုရင်ပဲ ဖြစ်ဖြစ်၊ ဧည့်သည်တစ်ယောက်က ပြန်တော့မယ် ဆိုရင်ပဲ ဖြစ်ဖြစ် “ဖြည်းဖြည်းနော်” လို့ နှုတ်ဆက်တတ်ကြပါတယ်။ ရှမ်းလိုကတော့ “လွိုင်းလွိုင်းခ” ပေါ့။ အဲ့ဒီလို နှုတ်ဆက်တာက မြို့ကလေးမှာ ကြီးပြင်းလာသူ ကျွန်တော်တို့အတွက်တော့ ထူးဆန်းလှတယ် မရှိခဲ့ပါဘူး။ တက္ကသိုလ်တွေ တက်တော့ နယ်စုံ မြို့စုံက သူငယ်ချင်းတွေကြားမှာတော့ ထူးဆန်းလို့နေပါတယ်။

“ငါ့ဟာငါ ဖြေးဖြေးသွားသွား၊ မြန်မြန်သွားသွား နင့်အပူလား” လို့ နောက်တတ်သူတွေ တွေ့ဖူးသလို “ဖြေးလို့မရဘူးဆရာရေ့၊ မြန်မြန်သွားမှ၊ အတန်းနောက်ကျနေပြီ” လို့ ပြန်ပြောတတ်သူတွေကိုလည်း ကြုံဖူးရဲ့။
တစ်ခါသားတော့ ကျွန်တော် အဆောင်မှာ စာကျက်နေတုန်း သူငယ်ချင်းတစ်ယောက် အခန်းကို လာလည်တယ်။ သူက “ခုနှစ် (၇) ကို ခွင်” လို့ ပြောတတ်တဲ့ အညာသား။ စာကျက်ရင်း ပျင်းလာလို့ဆိုပြီး ကျွန်တော့် အခန်းလာလည်တာ။ စကားစမည်ပြောပြီး အချိန်နဲနဲ ကြာတော့ သူက ပြန်တော့မယ်ဆို နှုတ်ဆက်တာပေါ့။ ကျွန်တော်ကလဲ ထုံးစံအတိုင်းပေါ့ဗျာ။
“ဖြည်းဖြည်းနော်” လို့ ပြောလိုက်မိတယ်။ ပြီးတော့ စာကိုပဲ ပြန်လုပ်နေလိုက်တာ။ စာမေးပွဲကလဲ နီးနေပြီလေ။ ဘယ်လောက်ကြာကြာ စာထဲ အာရုံရောက်နေလဲမသိဘူး။ ဘေးက ချွတ်ချွတ်သံ ကြားမှ ကြည့်မိတော့ ကိုယ်တော်ချောက မပြန်သေးဘူး။ ကျွန်တော်က သူ့ကျောပေးပြီး စာကြည့်စားပွဲမှာ ထိုင်နေတာဆိုတော့ ပြန်သွားလား၊ မသွားဘူးလားလဲ သတိမထားမိဘူးလေ။
“ဟေ၊ ငါက မင်းပြန်သွားဘီ မှတ်တာ” ဆိုတော့မှ
“မင်းပဲ ဖြည်းဖြည်းဆို၊ ငါလဲ မင်း စာလုပ်ပြီးရင် ဘာပြောစရာရှိလဲ မသိတော့ ထိုင်စောင့်နေတာ” တဲ့။
“ဖြည်းဖြည်းနော်” ဆိုတာ “အေး” လို့ ပြောမှန်း ရှင်းပြမှ
“အစကတည်းကရင်း အေး တစ်လုံးထဲ ပြောလိုက်ရင် ပီးရော” တဲ့။
အဲဒိတုန်းကရင် “ဖြည်းဖြည်းနော်” ပြောနေကျ အစား “ဖြည်းဖြည်းပြန်နော” လို့ပြောရင်ပြော၊ “အေး” လို့ ပဲဖြစ်ဖြစ် ပြောကျင့် ရသွားပါတော့တယ်။
ပေရှည်တယ်ပဲ ပြောပြော ကျွန်တော်ကတော့ တခါတလေ “ဖြည်းဖြည်းပြန်နော” လို့ ခုထိ ပြောနေမိတုန်း။

မေတ္တာဖြင့်
ရေးသားသူ - မိုးကုတ်သား

Saturday, May 9, 2009

အနှိုင်းမဲ့ မေတ္တာ



နံနက်ခင်းသစ်တစ်ခုမှာ အရာရာအားလုံး အသစ်တွေ ဖြစ်နေတယ်လို့ သူမ ခံစားရတယ်။ ဆေးရုံနံရံက ပြူတင်းပေါက် ရှည်ရှည်လေးတွေကနေ နေရောင်ခြည်က နွေးထွေးစွာ ဖြာကျလို့။ ခန်းဆီးစလေးတွေ လွန့်လွန့်လူးလူး ဖြစ်အောင် ကြည်ဆယ်ဆော့ကစားရင်း ၀င်လာတဲ့ လေပြည် နုအေးကလဲ စိတ်ခြမ်းမြေ့စရာ။ မိခင်သစ်တစ်ယောက် အတွက်တော့ ဒီနေ့ဟာ ဘယ်လောက် မင်္ဂလာရှိလိုက်သလဲ။ ဒီနေ့ နံနက်ခင်း စောစောမှာပဲ သူမ သားဦးလေးကို အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့တယ်လေ။ အိုး၊ ကျွန်မသားလေးကို တွေ့ချင် လွန်းလှပါပြီ။
“ကျွန်မသားလေးကို တွေ့ခွင့် ရနိုင်မလားဆရာ”
ဆရာဝန်က ဖျော့တော့တဲ့ အပြုံးတစ်ခုနဲ့ သားလေးကို သူမထံပါး ခေါ်လာတယ်။ နောက်တော့ သက်ပြင်း တစ်ချက်ချပြီး ဆေးရုံက နံရံဖြူဖြူတွေဆီ အဓိပ္ပါယ်မဲ့ ငေးမောလို့နေတယ်။ သားလေးက သူ့အဖေလို ခန့်ခန့်ငြားငြားနဲ့ ချောတဲ့ အဖေတူသားလေးလား။ ဒါမှမဟုတ် သူမလို နုနုနယ်နယ်နဲ့ ချောမဲ့ အမေတူသားလေး ဖြစ်မလား။ သူမရင်တွေ တဖျတ်ဖျတ်ခုန်ရင်း သားလေးမျက်နှာကို သိုင်းထုပ်ထားတဲ့ အနှီးစလေးကို ဖြေကြည့်မိတယ်။ ကြည့်စမ်းပါအုံး။ ချောလိုက်တဲ့သားလေး။ သူမနဲ့ပဲ တူသလိုလို၊ သူ့အဖေနဲ့ပဲ တူသလိုလို။ သားလေးခေါင်းပေါ်က အနှီးစလေးတွေ ဖြေချလိုက်တော့ ရင်ဘတ်ထဲက နှလုံးတစ်စုံလုံး ခုန်ထွက်သွားမတတ် နာကျင်သွားရပြီး ဘုရား တမိတယ်။ သားလေးမှာ နား၇ွက်လေး နှစ်ဘက် ပါမလာဘူး။ နားရွက်လေးတွေ နေရာမှာ အပေါက်လေးတွေ ဟောင်းလောင်းနဲ့။ ဘယ်လို ကံကြမ္မာကများ သားလေးကို ရက်စက် လိုက်တာပါလိမ့်။ သားလေးကို ကြည့်ရင်း သူမ ရှိုက်ငင် ငိုကြွေးမိတယ်။ သူမ ယောက်ျားက သူမပခုံးကို ဆုပ်ကိုင်ထွေပွေ့ရင်း သားလေးမှာ နားရွက်လေး နှစ်ဘက် ပါမလာတာက လွဲရင် ကျန်တဲ့ အင်္ဂါ အစိတ်အပိုင်း အားလုံး ပြည့်စုံကောင်းမွန်ကြောင်း နှစ်သိမ့်နေတယ်။
တဖြည်းဖြည်း ရက်တွေ ရလာတော့ သားလေးရဲ့ အကြားအာရုံက ထင်ထားသလို မချို့ယွင်းပဲ ကောင်းမွန်တာ သိသာလာတဲ့အခါ သူမ ပျော်လိုက်တာ။
ဒီလိုနဲ့ သားလေး တဖြည်းဖြည်း ကြီးပြင်းလာခဲ့ပြီး ကျောင်းထားရတဲ့ အရွယ် ရောက်လာခဲ့ပြီ။ ကျောင်းကနေ ပြန်လာတော့ သားက သူမရင်ခွင်ထဲ ပြေးဝင် ငိုရှိုက်နေခဲ့တယ်။ သူမ စိုးရိမ်ထားခဲ့သလိုပဲ။ သားလေးက သူတပါး လှောင်ပြောင်တာတွေကို ခံနိုင်ရည် မရှိရှာခဲ့ဘူး။ နောက်ပိုင်းမှာတော့ သားက ဘယ်သူနဲ့မှ အပေါင်းအသင်း မလုပ်ပဲ စာအုပ်တွေနဲ့ အချိန်ကုန်စေခဲ့တယ်။ သားလေး အားမငယ်အောင် သူမ ဘယ်လောက်ပြောပြော သားက ဘယ် သူငယ်ချင်းနဲ့မှ မဆော့ကစားသလို အိမ်ခန်းနဲ့ စာကြည့်ခန်းထဲမှာသာ စာအုပ်တွေနဲ့ လုံးထွေး ကြီးပြင်းခဲ့တယ်။ သားလေးက ဥာဏ်အင်မတန် ကောင်းသလို စာလဲ အင်မတန်တော်တယ်။ အတန်းထဲမှာလဲ သူက အမြဲ ထိပ်ဆုံးက။ တစ်ခုဆိုးတာက သားလေး လူတော မတိုးတာပဲ။ ကျောင်းက ဆုပေးပွဲတစ်ခုမှာ သူစင်ပေါ်တက်တော့ လူတွေ ၀ိုင်းရီတာ ခံရပြီးနောက်ပိုင်း အဲဒီကျောင်းကပွဲ၊ ဆုပေးပွဲတွေကို ဘယ်လို ခေါ်ခေါ် မရတော့ဘူး။ အင်မတန် စကားပြောကောင်းတဲ့ သားဟာ စင်မြင့်ပေါ်မှာ ပရိတ်သတ်ကို ဘယ်လောက်များ စိတ်ဝင်စားအောင် ပြောမလဲ။ ဒါပေမဲ့ သားကို ဘယ်လို အားပေးပေး စင်မြင့်ပေါ်တက်ဖို့ ခါးခါးသီးသီး ငြင်းဆန်တော့တယ်။ နားရွက်လေးတွေ မပါတာဟာ အညွန့်တလူလူနဲ့ သားလေးရဲ့ဘ၀ကို ရိုက်ချိုးချဖို့ထိ ဖန်တီးခဲ့ပြီလား။ သူမ အမြဲ စိုးရိမ် ကြောင့်ကျခဲ့ရပါတယ်။
ဒီလိုနဲ့ သားလေး တက္ကသိုလ်ဝင်တန်း ဖြေရမဲ့ အရွယ်တောင် ရောက်လာခဲ့ပြီ။ မြို့တော်ကြီးက အကောင်းဆုံး တက္ကသိုလ်တစ်ခုမှာ ပညာတော်သင်ဆုရဖို့အတွက် သားလေး လျာထားခံရပေမဲ့ သားက မတက်ချင်ခဲ့ဘူး။ ဒါဟာ သားလေးစိတ်မှာ အရိုးစွဲနေတဲ့ သိမ်ငယ်မှုကြောင်းမှန်း သူမသိတယ်။ အဲ့ဒီ သိမ်ငယ်မှုကို ဖယ်ရှားပေးနိုင်အောင် သူမ ဘယ်လိုကြိုးစားကြိုးစား မအောင်မြင်ခဲ့ဘူး။ နောက်ဆုံး သူမတို့ လင်မယားနှစ်ယောက် သားလေး ဘ၀ရှေ့ရေးအတွက် ဆွေးနွေးတိုင်ပင်ပြီး သားလေးကို နားရွက်တစ်စုံ တပ်ပေးဖို့ ဆုံးဖြတ်ချက် ချလိုက် ကြတယ်။


မေမေ့ကို ကျွန်တော် ငယ်ငယ်က နားမလည်ခဲ့ဘူး။ နားရွက်လေးနှစ်ဘက် ပါမလာအောင် မွေးပေးခဲ့တဲ့အတွက်လဲ မုန်းချင်ချင်ရယ်။ ကျောင်းမသွားချင်ရင်လဲ ဘယ်တော့မှ မရ၊ စကြနောက်ကြ နှိမ်ကြလွန်းလို့ အပေါင်းအသင်း မထားချင်ပါဘူး ဆိုရင်လဲ မရ။ ကျောင်းကို ဇွတ်သွားခိုင်းတတ်သလို ကျောင်းက အတန်းဖော် တွေကိုတောင် အိမ်ခေါ် ချက်ပြုတ်ကျွေးမွေးပြီး ကျွန်တော်နဲ့ ကစားခိုင်းလိုက်သေးတယ်။ ကျွန်တော်ကတော့ ကလေးဘ၀ကို ဆော့ကစားပြီး မဖြတ်သန်းချင်ဘူး။ သူတို့တွေက ကျွန်တော့်ကို လှောင်ကြတယ်။ ဒီတော့ ကျွန်တော့်ကို ဘာမှ မလှောင်တဲ့ စာအုပ်တွေနဲ့ပဲ ကျွန်တော် နေခဲ့တာ အပြစ်မှ မဟုတ်တာဗျာ။ ကျောင်းကပွဲတွေဆိုလဲ ဇွတ်သွားခိုင်း၊ စင်ပေါ်လဲ ဇွတ်တက်ခိုင်းနဲ့။ သူတို့တွေက အိမ်က ဖေဖေနဲ့ မေမေလို ကျွန်တော့်ကို အားပေးကြဖို့ထက် လှောင်ပြောင်ကြဖို့ပဲ သိတာ မေမေ နားလည်မပေးခဲ့ဘူး။ ကျွန်တော့်မှာ နားရွက်လေး နှစ်ဘက် မပါတဲ့အတွက် လူကြားထဲ ဘယ်လောက် သိမ်ငယ်ရှက်ရွံ့ခဲရလဲ မေမေ မသိခဲ့ဘူးလား။ ကျွန်တော် မသွားချင်တဲ့ ဆုပေးပွဲတွေ မေမေက ခေါ်ရင် မေ့မေ့ကို သိပ် စိတ်ဆိုးတာပဲ။ စာကြည့်ခန်းထဲမှာပဲ ကျွန်တော် ပျော်တယ်။ လူတွေနဲ့ဝေးရာမှာပဲ ကျွန်တော် နေချင်တယ်။
ကျွန်တော် တက္ကသိုလ် ၀င်တန်း တက်ရတဲ့နှစ်မှာ နားရွက်အစားထိုးတပ်ဖို့ အလှူရှင်တစ်ယောက် ပေါ်လာတယ်။ ဆေးရုံသွားပြီး ခွဲစိပ်ကုသလိုက်တော့ ကျွန်တော့်မှာ လှပတဲ့ နားရွက်လေးတစ်စုံ ရှိလာခဲ့ပြီ။ ကျွန်တော် ပျော်လိုက်တာဗျာ။ ကျွန်တော် ပါဝင်ချင်ခဲ့တဲ့ ကျောင်းက အားကစားပွဲတွေ၊ အကပွဲတွေမှာ ပါဝင်လို့ ရခဲ့ပြီ။ ဆုပေးပွဲတွေ၊ ဟောပြောပွဲတွေမှာလဲ စင်မြင့်ပေါ် ကျွန်တော် ကြွားကြွားဝင့်ဝင့် တက်နိုင်ပြီ။ ကျွန်တော့်ကို လူထူးလူဆန်းလို ကြည့်ကြတဲ့ မျက်လုံးတွေ မရှိတော့သလို ဂြိုလ်သားလို့ လှောင်ပြောင်ကြတဲ့ ပါးစပ်တွေလဲ ပိတ်သွားခဲ့ကြပြီ။
တစ်ခုပဲ ရင်ထဲ မတင်မကျဖြစ်နေခဲ့တာက ကျွန်တော့်အတွက် နားရွက် အလှူရှင် ဘယ်သူဘယ်ဝါမှန်း မသိရတာပဲ။ ဖေဖေနဲ့ မေမေ့ကို မေးတိုင်း သိဖို့အချိန်မတန်သေးလို့ ကတိမဖျက်ပါရစေနဲ့ လို့ပဲ ဖြေကြတယ်။ ဒီလိုနဲ့ ကျွန်တော် တက်ချင်တဲ့ တက္ကသိုလ်ကိုလဲ အဆင့်မြင်အောင်ခဲ့ရုံမက ဘွဲ့လွန်သင်တန်းတောင် ပြီးခဲ့ပြီ။ ဘွဲ့လွန်သင်တန်းလက်မှတ်ကို တက်ယူပြီး စင်ပေါ်ကနေ ကျေးဇူးတင်စကား ပြောတော့ ဖေဖေနဲ့ မေမေ့ မျက်နှာမှာ ဂုဏ်ယူဝမ်းမြောက်မှုတွေ အပြည့်နဲ့။ မေမေများဆို ၀မ်းသာလွန်းလို့ မျက်ရည်တွေတောင် ကျလို့ပေါ့။ အဲဒီနေ့မှာပဲ ကျွန်တော် မေမေ့ နဖူးကို မြတ်မြတ်နိုးနိုး နမ်းမိတယ်။ အမေတူသား လို့ ပြောခံရတဲ့ ကျွန်တော်ဟာ မေမေ့လို ချောမွေ့ ကျက်သရေ ရှိနေမှာပေါ့။ မေမေ့နဖူးကို နမ်းဖို့မေမေ့ခေါင်းကို အုပ်မိုးကိုင်မိချိန်မှာ ကျွန်တော့် ကမ္ဘာတစ်ခုလုံး အိုးထိန်းစက်လို ချာချာလည်သွားခဲ့တယ်။ မေမေ့မှာ နားရွက်လေးတွေ မရှိတော့ဘူး။ မေမေ့ ဆံနွယ်စတွေကို ကပျာကယာ ကျွန်တော် ဖယ်ကြည့်တော့ တကယ်ပဲ...။ မေမေရယ်။ မေမေ့ဆံပင်တွေကို ကျွန်တော် ငယ်ငယ်ကလို မစုသိမ်း မထုံးဖွဲ့တော့တာ ဘာကြောင့်လဲ ကျွန်တော် သိသွားပါပြီ။ ကျွန်တော် သိချင်၊တွေ့ချင်လွန်းလှတဲ့ နားရွက်ပိုင်ရှင်ဟာ မေမေကိုယ်တိုင်ပဲ ဖြစ်နေခဲ့တယ်။ မေမေ့မှာ နားရွက်လေးတွေ မရှိတာတောင် လုံးဝမသိရသလို မေမေ့အလှကလဲ မပျက်ခဲ့ပါဘူး။ ကျွန်တော့်လို လူတောမတိုးလဲ မဖြစ်ခဲ့ပါဘူး။ ကျွန်တော့်ဘ၀ကသာ မေမေ့ နားရွက်လေး တစ်စုံကြောင့် အများကြီး ပြောင်းလဲခဲ့ရတာပါ။ မေမေ့ကို တင်းတင်းဖက်ရင်း ကျွန်တော် ငိုကြွေးမိတယ်။
မေမေ နားရွက်တွေ မရှိတော့ သားဖေဖေတောင် မေမေ့အတွက် နားကပ် ၀ယ်ဆင်ပေးရတာ သက်သာသေးတယ်” အဲဒီလိုတောင် မေမေက ရယ်ရယ်မောမော ကျွန်တော့်ကို နှစ်သိမ့် ပြောနိုင်ခဲ့ပါသေးရဲ့။
ကျောင်းစာတွေနဲ့ အတန်းထဲမှာ နံပါတ်တစ်ဖြစ်ဖို့လောက်သာ ၊ ထူးချွန်အောင်မြင်မှုတွေနောက် လိုက်ဖို့သာ အာသာပျင်းပြခဲ့တဲ့ ကျွန်တော့်ရင်ထဲကို မေမေ့ရဲ့ တုနှိုင်းမမှီတဲ့ မိဘ မေတ္တာတရားက အရှိန်အဟုန်ပြင်းပြင်း တိုးဝင်ခဲ့တယ်။
အဲ့ဒီအချိန်က စလို့ပေါ့ ကျွန်တော်ဟာ အောင်မြင်မှုဘ၀တစ်ခုကို ရဖို့ မမေ့လျှော့ခဲ့သလို မေမေ့ကို အရိပ်တကြည့်ကြည့် စောင့်ရှောက်ဖို့လဲ ဘယ်တော့မှ မပျက်ကွက်တော့ပါဘူး။ မေမေ့ရဲ့ ကျေးဇူးတရားတွေကို ပြန်ဆပ်မကုန်နိုင်ပေမဲ့ အချိန်မှီ ဆပ်ခွင့်ပေးခဲ့တဲ့ ဘုရားသခင်ကိုလဲ ကျေးဇူးတင်ပါတယ်။ တကယ်ပါ။

မေလ ဆယ်ရက်နေ့မှာ ကျရောက်မဲ့ မိခင်များနေ့အတွက် ဖတ်မိတဲ့စာတိုလေးတစ်ပုဒ်ကို ခံစားမိသလို ပြန်ရေးဖွဲ့ ပါတယ်။ မူရင်းစာကို ဘယ်မှာဖတ်မိမှန်းမသိတဲ့အတွက် မညွှန်ပြနိုင်တာ ခွင့်လွှတ်ပါခင်ဗျာ။


မိခင်များအားလုံးကို ထာဝရ ဂုဏ်ပြုလျက်

မေတ္တာဖြင့်

မျှဝေခံစားသူ - မိုးကုတ်သား