Monday, May 11, 2009

“ဖြည်းဖြည်းနော်”


ကျွန်တော်တို့ မြို့ကလေးမှာ နှုတ်ဆက်နေကျ စကားလေးတွေ၊ ပြောနေကျ စကားလေးတွေ ရှိပါတယ်။ အဲ့ဒီထဲက တစ်ခုကတော့ “ဖြည်းဖြည်းနော်” ဆိုတာပါ။ တစ်ယောက်ယောက် က သွားတော့မယ် ဆိုရင်ပဲ ဖြစ်ဖြစ်၊ ဧည့်သည်တစ်ယောက်က ပြန်တော့မယ် ဆိုရင်ပဲ ဖြစ်ဖြစ် “ဖြည်းဖြည်းနော်” လို့ နှုတ်ဆက်တတ်ကြပါတယ်။ ရှမ်းလိုကတော့ “လွိုင်းလွိုင်းခ” ပေါ့။ အဲ့ဒီလို နှုတ်ဆက်တာက မြို့ကလေးမှာ ကြီးပြင်းလာသူ ကျွန်တော်တို့အတွက်တော့ ထူးဆန်းလှတယ် မရှိခဲ့ပါဘူး။ တက္ကသိုလ်တွေ တက်တော့ နယ်စုံ မြို့စုံက သူငယ်ချင်းတွေကြားမှာတော့ ထူးဆန်းလို့နေပါတယ်။

“ငါ့ဟာငါ ဖြေးဖြေးသွားသွား၊ မြန်မြန်သွားသွား နင့်အပူလား” လို့ နောက်တတ်သူတွေ တွေ့ဖူးသလို “ဖြေးလို့မရဘူးဆရာရေ့၊ မြန်မြန်သွားမှ၊ အတန်းနောက်ကျနေပြီ” လို့ ပြန်ပြောတတ်သူတွေကိုလည်း ကြုံဖူးရဲ့။
တစ်ခါသားတော့ ကျွန်တော် အဆောင်မှာ စာကျက်နေတုန်း သူငယ်ချင်းတစ်ယောက် အခန်းကို လာလည်တယ်။ သူက “ခုနှစ် (၇) ကို ခွင်” လို့ ပြောတတ်တဲ့ အညာသား။ စာကျက်ရင်း ပျင်းလာလို့ဆိုပြီး ကျွန်တော့် အခန်းလာလည်တာ။ စကားစမည်ပြောပြီး အချိန်နဲနဲ ကြာတော့ သူက ပြန်တော့မယ်ဆို နှုတ်ဆက်တာပေါ့။ ကျွန်တော်ကလဲ ထုံးစံအတိုင်းပေါ့ဗျာ။
“ဖြည်းဖြည်းနော်” လို့ ပြောလိုက်မိတယ်။ ပြီးတော့ စာကိုပဲ ပြန်လုပ်နေလိုက်တာ။ စာမေးပွဲကလဲ နီးနေပြီလေ။ ဘယ်လောက်ကြာကြာ စာထဲ အာရုံရောက်နေလဲမသိဘူး။ ဘေးက ချွတ်ချွတ်သံ ကြားမှ ကြည့်မိတော့ ကိုယ်တော်ချောက မပြန်သေးဘူး။ ကျွန်တော်က သူ့ကျောပေးပြီး စာကြည့်စားပွဲမှာ ထိုင်နေတာဆိုတော့ ပြန်သွားလား၊ မသွားဘူးလားလဲ သတိမထားမိဘူးလေ။
“ဟေ၊ ငါက မင်းပြန်သွားဘီ မှတ်တာ” ဆိုတော့မှ
“မင်းပဲ ဖြည်းဖြည်းဆို၊ ငါလဲ မင်း စာလုပ်ပြီးရင် ဘာပြောစရာရှိလဲ မသိတော့ ထိုင်စောင့်နေတာ” တဲ့။
“ဖြည်းဖြည်းနော်” ဆိုတာ “အေး” လို့ ပြောမှန်း ရှင်းပြမှ
“အစကတည်းကရင်း အေး တစ်လုံးထဲ ပြောလိုက်ရင် ပီးရော” တဲ့။
အဲဒိတုန်းကရင် “ဖြည်းဖြည်းနော်” ပြောနေကျ အစား “ဖြည်းဖြည်းပြန်နော” လို့ပြောရင်ပြော၊ “အေး” လို့ ပဲဖြစ်ဖြစ် ပြောကျင့် ရသွားပါတော့တယ်။
ပေရှည်တယ်ပဲ ပြောပြော ကျွန်တော်ကတော့ တခါတလေ “ဖြည်းဖြည်းပြန်နော” လို့ ခုထိ ပြောနေမိတုန်း။

မေတ္တာဖြင့်
ရေးသားသူ - မိုးကုတ်သား

1 comment:

မေငြိမ်း said...

သူ့အရပ်နဲ့ သူတော့ ဟုတ်နေတာပဲ.. ဒါပေမဲ့ တခါတလေ ဒေသိယစကားသုံးတွေက အဲလို အဓိပ္ပါယ်အကောက်လွဲသွားစေနိုင်တာမျိုး ရှိတာလည်း အမှန်ပါပဲ..။ တကျောင်းတဂါထာ ဆိုသလိုပေါ့..။ ဒါပေမဲ့ ရောမရောက် ရောမလိုကျင့်ဆိုသလို လုပ်ရမှာ ထင်ပါရဲ့..။