Friday, May 29, 2009

စနေသား၊ စနေဂြိုလ်နှင့် အလောင်းအစား

သို့သော် အလုပ်ပင်ပန်းသည့်ဒဏ်၊ အစာအဟာရ မလုံလောက်သည့် ဒဏ်တို့ကြောင့် အလုပ်ဝင်ပြီး လေးလကျော်မှာ လူက ပိန်လှီကာ အားပြတ်လို့ လာပြီ။ မဖြစ်ချေသေး။ တစ်ခုခုတော့ လုပ်ရမည်။ အလုပ်သစ်ပဲ ရှာပြောင်းရမလား။ တကယ်တော့ ကျွန်တော် လက်ရှိအလုပ်မှာ ဘယ်လောက် ခက်ခဲတဲ့ ပြဿနာတွေ ရင်ဆိုင်ရပါစေ၊ ပျော်နေပြီ။ လုပ်ငန်းခွင်ကလူ၊ ရုံးကလူတွေနဲ့လဲ ခင်မင်ရင်းနှီးနေပြီ။ အလုပ်မပြောင်းချင်တော့။
ဆရာ့ကို ကျွန်တော် လစာငွေနှင့် မလောက်ငှကြောင်း ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ ဆရာက ကျွန်တော် သွားကြည့်ပေးနေသော အိမ်က အိမ်ပိုင်ရှင်တွေနှင့် တိုင်ပင်ပြီး ကျွန်တော် အဆင်ပြေအောင် ဖန်တီးပေးပါသည်။ အိမ်ရှင်တွေက ကျွန်တော် အလုပ်မထွက်အောင် သူတို့ဘက်မှ လစာ ပေးသည်။ ထိုအခါ တစ်လခြောက်သောင်း ဆိုသော ငွေနှင့် ကျွန်တော် မနက်ညစာ ပေါင်းစားရသည့်ဘ၀မှ လွတ်ခဲ့သလို အိမ်ကိုလဲ ပိုထောက်နိုင်ခဲ့ပါသည်။ ဒီလိုနှင့် ပန်းလှိုင် ဂေါက်ကွင်းမှာ အိမ်သုံးလုံးကို ဗိသုကာ ပုံစံပိုင်း ဆိုင်ရာ ကြီးကြပ်ပေးနေခဲ့တာ နှစ်နှစ်နီးပါးလောက်။
အလုပ်တွေ ဖိစီးမှုများတိုင်း မကြာခဏလည်း ကျွန်တော့်မြို့ကလေးသို့ ပြန်ကာ အေးအေးဆေးဆေး နေထိုင်ချင်စိတ်တွေ ပေါ်ခဲ့သည်။ အိမ်မှာက ဘာပဲ ဖြစ်ဖြစ် ကျွန်တော့် မိသားစုနှင့် အတူ နေရသေးသည်လေ။ အလုပ်စ၀င်စဉ်က ကြုံတွေ့ရသော ဖိနှိပ်ခံရမှုများ၊ ချောက်တွန်းခံရမှုများကြား အံခဲပြီး ကြိုးစားခဲ့ရသော ထိုစဉ်က အဖြစ်အပျက်တွေကြောင့် ကျွန်တော့်စိတ်တွေ ခံနိုင်ရည် ပိုရှိလာခဲ့သည်။ နောက်ပြီး ကျွန်တော့်ဘ၀အတွက် အရေးပါသော အကူအညီတွေ ပေးခဲ့သူများနှင့်လည်း ဆုံတွေ့ခွင့် ရခဲ့သည်။ ထိုအကြောင်းများကိုတော့ နောက်မှ သပ်သပ် ရေးချင်ပါသေးသည်။
ပန်းလှိုင်မှာ အလုပ်တွေ ပြီးသွားတော့ ကျွန်တော် ဗိုလ်အောင်ကျော်လမ်းက ရုံးမှာ အလုပ် စဆင်းသည်။ လစာလည်း တဖြည်းဖြည်း တိုးတိုးလာသလို မြင့် မြင့်တက်လာသော ကုန်ဈေးနှုန်းတွေ ကြားမှာ ကျွန်တော် မစုဆောင်းမိပါ။ သို့သော် ဆရာ့ရုံးမှာ လုပ်ရင်း ကျွန်တော့် ညီအငယ်ဆုံးကို မန္တလေးမှာ တက္ကသိုလ်တက်ဖို့ စားရိတ် ထောက်နိုင်ခဲ့သည်။ ညီမလေးအား သူဝါသနာပါသော စက်ချုပ်သင်တန်းကို မြို့ကလေးမှာ ထားပေးနိုင်ခဲ့သည်။ အိမ် စားဝတ်နေရေး တာဝန် အတော်များများကို ကျွန်တော် တာဝန်ယူ ထောက်ပံ့နိုင်ခဲ့သည်။ အဖေနှင့် အမေလည်း အရင်လို ပင်ပင်ပန်းပန်း အလုပ် လုပ်စရာ မလိုတော့။ သို့သော် ကျွန်တော့် ကျေးဇူးရှင်တွေကို ကျေးဇူးဆပ်ခွင့် မရသေးပေ။
ဆရာ့ရုံးမှာထိုင်ပြီး တစ်နှစ်ခွဲ ကျော်လောက်မှာ မမျှော်လင့်ပဲ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော် အလုပ်ပြောင်းဖြစ်သည်။ ကျွန်တော် အလုပ်ထွက်မည် ပြောတော့ ဆရာ့စကားတစ်ခွန်းကို ဘယ်တော့မှ မမေ့။
“သားသမီးတောင် အချိန်တန်ရင် မိဘကို ခွဲခွာသွား ရသေးတာ။ သားဘ၀ ပို တိုးတက်ဖို့အတွက် လုပ်တာပဲ။ ဆရာ မတားပါဘူး” တဲ့။
အဲ့ဒီအချိန်က ဆရာ မသွားပါနဲ့ တားခဲ့လျှင် ကျွန်တော် တကယ်ပဲ ထွက်ဖြစ်မှာ မဟုတ်တာ သေချာပါသည်။
ဆရာ့ရင်ဝကို ခြေစုံကန်ကာ ထွက်ခဲ့မိသော ကျွန်တော် ဒုတိယအလုပ်မှာ အခက်အခဲတွေ ထပ်ပြီး ကြုံရပြန်သည်။ နမော်နမဲ့နိုင်သော ကျွန်တော်က တမျိုး။ ကိုယ် တာဝန်ယူရသော အလုပ်တွေထဲက တစ်ချို့မှာ ဖြေရှင်းလို့ မရတာတွေက တဖုံ။ စိတ်ဖိစီးမှုတွေက ကျွန်တော့် စိတ်တွေကိုရော ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ ကိုပါ ပျက်ပြား စေခဲ့သည်။ (တစ်ခု ကံကောင်းသည်က အလုပ်ရှင် အကိုဆရာရော၊ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများ ကရော ကျွန်တော့်ကို မိသားစုတွေလို ချစ်ခင် ရင်းနှီး ကြခြင်းကြောင့် ကျွန်တော် စိတ်သက်သာရာ ရခဲ့၏။ ဆရာ့ရုံးမှာရော အခုလက်ရှိ ဆရာအကို ရုံးမှာရော လုပ်ဖော်ကိုင်ဘက် အားလုံး ကျွန်တော့်ကို ထိုသို့ ချစ်ခင်ကြခြင်းသည် အိမ်လွမ်းကာ မိသားစုနှင့် ဝေးနေသော ကျွန်တော့်အတွက် အားဆေးတွေ ဖြစ်ခဲ့သည်။ ထိုအတွက်လည်း သယ်ရင်း မိတ်ဆွေ အားလုံးကို ကျေးဇူးတင်လွန်း လှပါသည်။)

စနေသား ကျွန်တော် စနေဂြိုလ် ကျနေသလား ထင်ရအောင်ပင် အလုပ်ရော မိသားစုအရေးတွေပါ ထိုအချိန်က အတော် ကသောင်းကနင်း နိုင်ခဲ့သည်။ ကျွန်တော် စုဆောင်းထားသော ငွေကလေးတွေကို ကျွန်တော့် ညီအလတ်အတွက် တရုတ်ဆိုင်ကယ်တွေ ၀ယ်ရောင်းလုပ်ဖို့ ထုတ်ပေးထားတာတွေက အဆင်မပြေ။ ငွေရင်းလေး ပြန်ပေါ်လာနိုး လိုက်ရင်းလိုက်ရင်း ညီတော်မောင် တရုတ်ပြည်ကနေ မိုးကုတ်ကို ဆိုင်ကယ် အကူး လမ်းမှာ အဖမ်းခံရ၊ ပစ္စည်းတွေ အသိမ်းခံရနှင့် လိုက်ရွေးရတော့ ခြစ်ချုပ်စုထားတာလေးတွေ ပြောင်ပြန်၏။ ပြောင်ရုံမက အဖေ့ အိမ်ဂရံလေးပင် အဆစ်ပါသွားလိုက်သေးသည်။ ထိုအခါ ကျွန်တော့်ဝင်ငွေသည် အိမ်မိသားစု စားဝတ်နေရေး၊ ညီ ညီမတွေ သင်တန်းကြေး၊ ရန်ကုန်မှာ နေထိုင်စားရိတ်၊ တိုး တိုးလာသော အဆောင်လခများ တွေတင်မက အိမ်ဂရံပေါင်ထားတော့ တလတလ ဆပ်ရသော ငွေတိုးတွေပါ တာဝန်ပိုလာ၏။
ကျွန်တော့်ညီ အငယ်ဆုံးလေးကို ထားပေးသည့် ကွန်ပျူတာ သင်တန်းကြေးကလည်း တဖြည်းဖြည်း များများလာသည်။ ကျွန်တော် ကျောင်းတက်နေစဉ်က မျက်နှာငယ်ငယ်နှင့် ဒုက္ခတွေ ကြုံခဲ့ရသလိုမျိုး ကျွန်တော့်ညီ အငယ်ဆုံးကို မဖြစ်စေလိုပါ။ ထိုအချိန်က သူ့ကို ကျွန်တော် ရန်ကုန်မှာ ခေါ်ပြီး ကွန်ပျူတာ သင်တန်း တက်ထားခိုင်းသည်။ ကျွန်တော့် ညီအလတ်ကလည်း အရင်လို ကျောက်သွေးအလုပ်တွေရော၊ ဆိုင်ကယ်လုပ်ငန်းပါ အဆင်မပြေပဲ သူ့မိသားစုလေးနှင့် မနည်း ရုန်းကန်နေရတော့ ကျွန်တော် မထောက်ပံ့ရတာ ခံသာသေးသည်။ တတိယညီကတော့ ခုချိန်ထိ အားကိုးမရ။ ဟိုယောင်ယောင်၊ ဒီယောင်ယောင်။ ညီမလေးကတော့ သူတက်နေသော စက်ချုပ်သင်တန်းကို သင်တန်းကြေး ပေးစရာမလိုတော့ပေမဲ့ ၀င်ငွေက မရှိသေး။ မိသားစုတာဝန် အားလုံးက ကျွန်တော့် ခေါင်းပေါ်မှာ။ ခါးနာရောဂါနှင့် ပင်ပင်ပန်းပန်းဒဏ်တွေ မခံနိုင်တော့သော အဖေ့ကိုရော၊ ခြေလက်တွေ သိပ်မကောင်းတော့သည့် အမေ့ကိုရော ကျွန်တော် ဘာအလုပ်မှ မလုပ်စေချင်တော့။ နောက်ပြီး အဖေနှင့် အမေ့ကို သက်တောင့်သက်သာ နေစေချင်လှပြီ။ ဒီတော့ ကျွန်တော့်မှာ ကံကြမ္မာကို လောင်းကြေးထပ်ကာ မိုက်မိုက်ကန်းကန်း ကြံစည်မိတော့သည်။ ဒါကတော့ ကျွန်တော် စင်္ကာပူ သွားဖို့ ဆုံးဖြတ်လိုက်ခြင်းပင်တည်း။
တကယ်တမ်းတော့ ရန်ကုန်မှာပင် မပျော်ဘဲ “ပျော်ရာမှာမနေ၊ တော်ရာမှာ နေ”နေရသော ကွန်တော် အိမ်လွမ်းတိုင်း မကြာခဏတော့ ပြန်နိုင်သေးသည်။ နိုင်ငံခြား သွားမည် ဆိုလျှင်တော့ ကျွန်တော် အိမ်လွမ်းတိုင်း ပြန်နိုင်မှာတော့ မဟုတ်။ သွားလည်း မသွားချင်ပါ။ သို့သော် ကျွန်တော့် မိသားစုအတွက် သွားကိုသွားမှ ဖြစ်မည်။
သွားဖို့ ဆုံးဖြတ်လိုက်မှ ကျွန်တော့်မှာ လက်ထဲ ငွေစ အနည်းငယ်သာ ရှိ၏။ ခက်ပြီ။ မြို့ကလေးရဲ့ ကျဆင်းချွတ်ခြုံနေသော စီးပွားရေးတွေကြောင့် ကျွန်တော့်ဦးလေးတို့ မိသားစုတတွေကလည်း အဆင် သိပ်မပြေလှ။ ကျွန်တော့် စိတ်ကူးကို သူတို့ အကောင်အထည် ဖော်ပေးချင်သော်လည်း မဖြည့်ဆည်း ပေးနိုင်တော့ စိတ်မကောင်း ဖြစ်နေကြသည်။ မိုးကုတ်မှာကလည်း စီးပွားရေးလုပ်ငန်းတွေက ကောင်းမွန်လှသော စနစ်ဆိုးကြောင့် အလုပ်လက်မဲ့တွေ အများကြီး။ တကယ့်သူထေးတွေပင် ညည်းနေရလောက်အောင် စီးပွားရေးက ကောင်းလွန်းလှသည်လေ။ ဘယ်သူ့ကိုမှ ကျွန်တော်ကလည်း အကူအညီ မတောင်းရက်ပါ။ မြို့ကလေးမှ လူအားလုံးက ကိုယ့်ဒုက္ခနှင့် ကိုယ်။ အမေကတော့ ကျွန်တော့်ကို သွားစေချင်သည်။ ဒီလိုနှင့် “မင်းလိုတဲ့ငွေကို တတ်နိုင်သမျှ ငါတို့ စုပြီး စိုက်ပေးမယ်” ဆိုသော အားပေးစကားတွေကို ကျွန်တော့် သယ်ရင်း တစ်ချို့ ထံမှ ကြားရတော့ အားတော်တော် တက်သွားသည်။ အဆင်မပြေလျှင်တော့ သူတို့ကို အကူအညီ တောင်းရမှာပေါ့။
သို့သော် ကျွန်တော် တခြားနည်းလမ်း ရှာချင်သေးသည်။ ဘယ်သူ့ကိုမှ ကျွန်တော့်ကြောင့် ဒုက္ခ မဖြစ်စေချင်ပါ။ ခုလို စေတနာ ရှိကြခြင်းကိုပင် ကျေးဇူးတင်လွန်းလှပြီ။ အမေနှင့် တိုင်ပင်တော့ အမေ့မိတ်ဆွေ တချို့ထံမှ ငွေတိုးချေးဖို့ အမေက ပြောပါသည်။ ကျွန်တော် မလုပ်ရဲပါ။ မတော်တဆ အဆင် မပြေဖြစ်ခဲ့လျှင် သိန်းနှစ်ဆယ်လောက်ကို ကျွန်တော် ဘယ်လို ပြန်ဆပ်နိုင်မှာလဲ။ စိတ်တွေက ရှုပ်ထွေးလာသည်။ ချစ်သော အမိမြေကို စွန့်ပြီး ကျွန်တော် မသွားချင်သလို မိသားစု၊ ကျွန်တော်ချစ်သော မြို့ကလေးနှင့် ဝေးဝေးမှာ ကျွန်တော် မနေနိုင်။ သို့သော် ကျွန်တော် မစွန့်စားလျှင် ဘယ်လိုမှ ရေရှည် လွယ်မည် မဟုတ်တာ အသေအချာ။ ဒီတော့ ငွေတိုးချေးရုံကလွဲပြီး ကျွန်တော် တခြားနည်းလမ်းကို မတွေးတော့။
စင်္ကာပူသွားဖို့ လုပ်နေတာကိုလည်း အလုပ်ရှင် ဆရာအကို့ကို ပြောပြပြီး အလုပ် ထွက်ဖို့ ပြောတော့ အကိုက မသွားမချင်း သူ့ဆီမှာ အလုပ် လုပ်ဖို့ ပြော၏။ ကျွန်တော် ဆရာအကို့ကို ခွင့်တောင်းကာ တစ်လ ခွင့်ယူပြီး အိမ်ပြန်လိုက်သည်။ တကယ်လို့ စင်္ကာပူ သွားဖြစ်လျှင် အိမ်မှာ ပြန်နေရဖို့ လွယ်မည်မဟုတ်ပါ။ ဒီတော့ အိမ်မှာ ကျွန်တော့် မိသားစုနှင့် အေးအေးဆေးဆေး အချိန်ယူ နေချင်ပါသေးသည်။ စိတ်ပင်ပန်းရသော ဒဏ်တွေနှင့် အရိုးပေါ်အရေတင်နေသော ကျွန်တော် အိမ်ကို ပြန်သွားတော့ အိမ်ပေါက်ဝမှာ ရပ်နေသော ကျွန်တော့်ကို အမေတောင် မမှတ်မိပါ။ ဘယ်က ဘိန်းစားကောင်လဲ ဆိုတဲ့ အကြည့်မျိုးနှင့် ကြောင်ကြည့်နေတာ “အမေ” လို့ ကျွန်တော် ခေါ်မှ မှတ်မိပြီး “အောင်မလေး သားကြီးရယ်” ဆိုကာ ငိုလေတော့သည်။ ဘုန်းကြီးကျောင်းက အဖေပြန်လာတော့ ကျွန်တော့်ကို ကြည့်ပြီး ရင်တွေဆို့ကာ မျက်ရည်တွေ ၀ဲလို့။ ကျွန်တော်ကလည်း ခွင့်ရရချင်း အိမ်ကို တန်းပြီး ပြေးသွားတော့ ကြားမှာ အားပြည့်အောင် အနားမယူနိုင်ခဲ့ဘူးလေ။ အဖေနှင့် အမေ ရင်နင့်အောင် လုပ်မိသလို ဖြစ်သွားတော့ ရင်ထဲမှာ မကောင်း။ ကျွန်တော် အပူရုပ်တွေကို ဖုံးဖိကာ ကြိုးစားမယ်ဆိုတာ အဖေနှင့် အမေ့ကို ကတိပေးထားသည်။ ကိုယ်တိုင်က စိတ်ဓာတ်ကျနေလျှင် ကျွန်တော့် မှီခိုနေရသော အဖေနှင့် အမေက ဘယ်လို အားကိုးနိုင်မလဲ။ တခါတရံမှာ အဆင်မပြေလျှင်ဆိုတဲ့ အပူလုံးကြီးက ရင်ထဲ ပြည့်ကျပ်ခဲ နေသော်လည်း အိမ်ကိုတော့ ကျွန်တော် အပူတွေ မျှမပေး။ အိမ်မှာ နေတဲ့ တလအတွင်း ကျွန်တော် အဖေနှင့်အမေ့ဘေးမှာ၊ မောင်နှမတွေ ဘေးမှာ အချိန်ပြည့် လိုလို နေသည်။ ဦးလေးတွေဆီ သွားကာ လုပ်ကိုင် ကူစရာရှိသည်များ အရင်လို သွားလုပ်ပေးသည်။ ရိပ်သာကို ဆယ်ရက်စခန်း ၀င်လိုက်သေးသည်။ ရိပ်သာ မ၀င်တာ သုံးနှစ်လောက် ရှိနေခဲ့ပြီ။ နောက်ဆို ကျွန်တော် စိတ်အေးလက်အေး ၀င်ခွင့် ရမှာ မဟုတ်နိုင်ဘူး။ ရိပ်သာ ၀င်လိုက်ခြင်းကြောင့် ရင်ထဲက အပူလုံးကြီး သက်သာရာ ရသွားပါသည်။
ရိပ်သာမှ ပြန်ထွက်လာတော့ မန္တလေးမှာ နေသော အမေ့ ညီမက သူ စုဆောင်းထားသော လက်ဝတ်လက်စားတွေကို အပေါင်ခံပစ္စည်းထားဖို့ ထုတ်ပေးသည်။ ကျွန်တော် အပေါင်ခံပစ္စည်း မထားဘဲ ငွေတိုး ချေးလျှင် အတိုးတွေ အများကြီး ပေးရသောကြောင့် အမေ့ညီမက အတိုးပေးရ သက်သာရန် ကူညီပေးခြင်း ဖြစ်သည်။ ထိုမှရသောငွေ၊ ကျွန်တော့်အလုပ်ကနေ ပေးသော ဆုကြေးငွေ၊ မြစ်ကြီးနားက သယ်ရင်း ချေးပေးသော ငွေ၊ နောက်ပြီး အလုပ်မှာ မောင်နှမ လိုခင်သော အမတစ်ယောက် ထုတ်ပေးသည့် ဒေါ်လာ နှစ်ရာ။ အားလုံး ကြက်အစာ ကောက်သလို စုပေါင်းလိုက်တော့ ကျွန်တော် စင်္ကာပူသို့ ထွက်ပြီး အလုပ်ရှာနိုင်သည့် အတိုင်းအတာ ရရုံမက အိမ်ကိုလဲ သုံး၊ လေးလစာ ဖူလုံအောင် ချန်ထားပေးနိုင်ခဲ့၏။ ညီအလတ်ရဲ့ ဆိုင်ကယ်ဝယ်ရောင်း လုပ်ငန်းကလည်း အခြေအနေ ပြန်ကောင်းလာသောအခါ ထို ငွေတွေထဲက အိမ်အတွက် အစု ရှယ်ယာ အရင်း အနှီးကို ထုတ်ပေးခဲ့တော့ ငွေက စင်္ကာပူမှာ တစ်လကျော်လောက်သာ နေနိုင်သည့် အနေအထားသာ ကျန်သည်။ တကယ်လို့ ကျွန်တော်သာ အလုပ်အဆင်မပြေပဲ ပြန်လာခဲ့ရလျှင် သူ့ဝင်ငွေနှင့် အိမ်ကို ခဏ ထိန်းထားနိုင်မည်မဟုတ်လား။ အကြွေးများကို မြန်မြန် ဆပ်နိုင်ဖို့၊ အိမ်ဂရမ်နှင့် အမေ့ညီမ လက်ဝတ်လက်စားတွေ ပြန်ရွေးပေးနိုင်ဖို့ ကျွန်တော် အဲ့ဒီမှာ အလုပ်ရမှ ဖြစ်မည်။ မရလျှင် ကျွန်တော် ဘယ်လိုလုပ်ရမလဲ ဆက်မတွေးတော့။ မိုက်ရူးရဲစွာနှင့် စင်္ကာပူသို့ သွားကာ အလုပ်ရှာဖို့ ဆုံးဖြတ်လိုက်ပြီးပြီ။
ကဲ ဂြိုလ်မွှေတဲ့ စနေရေ၊ မင်းကပဲ ဂြိုလ်ဘယ်လောက်မွှေ မလဲ။ ငါကပဲ ဒီဂြိုလ်ကို အကောင်းဘက် ရောက်အောင် ဘယ်လောက် ကြိုးပမ်းနိုင်မလဲ။ ကံကြမ္မာကို လောင်းကြေးထပ်ကာ ကျွန်တော် စိန်ခေါ်တော့မည်။


(ဆက်ရေးပါဦးမယ်ခင်ဗျာ။ ကျွန်တော့် ရင်ဖွင့်သံတွေကို ခုချိန်ထိ စိတ်ရှည်လက်ရှည် ဖတ်ပေးနေကြတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားပေးကြတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်)

ပုံကလေးကို ဒီကနေ ယူထားတာပါခင်ဗျာ။


မေတ္တာဖြင့်
မိုးကုတ်သား


10 comments:

မယ့်ကိုး said...

အစခရီးလမ်းက ကြမ်းပေမယ့်
အစ်ကို့ မှာ မိဘကောင်း...သူငယ်ချင်းကောင်းတွေ...ဆွေကောင်းမျိုးကောင်းတွ အများကြီးရှိတာ ဖြေသာသေးတယ်နော်။

Sein Lyan Tun said...

အကိုရယ်... ဖတ်ရတာရင်မောလိုက်တာ
ဒီလိုပါပဲ နော် ဘဝဆိုတာ နိမ့်တစ်ခါ လာပြီး မြင့်တလှည့်ပေါ့
အကိုက သိတတ်တဲ့ သားတစ်ယောက်ပါ
အကို အဆင်ပြေမှာပါ
စနေသား ကွ
ဘာမှစိတ်မညစ်နဲ့
ပျော်ရွှင်စွာနေပါ
အနားမှာ ချစ်တဲ့သူတွေ အများကြီးပါ
အားမငယ်နဲ့
ကံကြမ္မာကိုသာရဲရဲကြီးစိန်ခေါ်လိုက်ပါ
ချစ်ခင်စွာဖြင့်
ဖိုးစိန်

tune said...

ခရီးဘယ်လို ကြမ်းသော်လည်း you never stop falling in love ဟုတ်?
အဲဒါလေးတွေကိုကျ သူများတွေ အားကျအောင် မပြောပြဘူး။

မင်းအိမ်ဖြူ Minn Eain Phyu said...

ကိုမိုးကုတ်ရေ ၀င်မျှခံစားသွား၏ ၊၊
ကျွန်တော့်အဖေက စနေ
အစ်ကို အကြီးဆုံးက စနေ
အဖေက အမြဲပြောတယ် စနေဆိုတာဘယ်တော့မှ အောက်တန်းနောက်တန်း မနေရဘူးတဲ့ ၊၊ မှန်တယ်ဗျ သူ.အတိုင်းအတာနဲ့သူတော့ ၊ နိုင်ငံတော်သမတတော့ မဖြစ်ဘူးပေါ့ဗျာ P:
ဒါပေမယ့် သူအမြဲပြောတယ် နိုင်ငံတော် အကြီးအကဲတွေ လည်း စနေများတယ်တယ်ဗျ....
မှန်ပါတယ် ကျွန်တော့် အဖေဆို ငယ်ငယ်က အရမ်း ပင်ပန်းတယ် စာကျက်တာတောင် လမ်းမီးတိုင်အောက်မှာလို.ဆိုတယ် ခုတော့ အေးဆေးဗျ
ကျွန်တော့် အစ်ကိုလည်းဒီလိုပဲ အခု အဆင်ကိုပြေလို.
အစ်ကိုက အခု ၃၅ မဟုတ်လား ၄၀ ၀န်းကျင်လောက်ကိုတော့ တချက်သတိထားဗျ
တက်လို.တော့ မဟုတ်ပါဘူး အဖေေ၇ာ အစ်ကိုရော အဲဒီဝန်း ကျင်မှာနည်းနည်း အညံ့ကြုံရတယ် အဆင်ပြေမှာပါ
သတိလေးတော့ထားပေါ့ အဲဒီအသက်ပိုင်း လေးမှာ

ဆက်ရေးပါအုံး

ဖိုးသင်္ကြန် said...

မိဘကို လုပ်ကျွေးခဲ့၊လုပ်ကျွေးနေဆဲပဲမဟုတ်လား။
စိတ်မပူတော့ပါဘူး၊ Happy Ending တွေပဲ လာတော့မှာပါ။
တစ်ခုပဲ၊
ကော်ဖီဆိုင်မှာတော့သွားမစောင့်နဲ့ပေါ့လေ။
:)

Mogok Thar said...

ညီမလေး မယ်ကိုးရေ.. သယ်ရင်းကောင်းတွေ ၇ှားတယ် ဆိုပေမဲံ အရေးကြုံ ရှိနေပေးတတ်ကြတာ ကျေနပ်စရာပေါ့ဗျာ။
ညီဖိုးစိန်.. never give up ပါဗျာ။
မကြီးကျွန်းရေ... အသေးမစိတ်ပေမဲ့ ကျွန်းများတဲ့ ပင်လယ်မှာ ရေးဖူးပါတယ်။
ညီမင်းအိမ်... မျှဝေပေးတာ ကျေးဇူးပါ။
ဖန်သကြီုးရေ.... ကော်ဖီဆိုက်ကတော့ အကို ကြိုက်လွန်းလိုံ မထိုင်ပဲ မနေပါရစေနဲ့ဗျာ။

နွေးနေခြည် said...

အကို့မိသားစုမှာ အကို့လိုလူမျိုးရှိတာ ကံကောင်းလိုက်တာ...
စနေတွေတော်ပါတယ် အကိုရာ... ညီမကိုသာကြည့် ဟိဟိး) ပိုဆိုးကုန်ပြီ

ဆောင်းနှင်းရွက် said...

ဖတ်ရင်းနဲ့ မျက်ရည်ဆို့မိတယ် ..။
ဘာပြောရမှန်း မသိတော့ပါဘူး ။
တင်ထားတာ ကြာနေပေမယ့်
အခုမှ ဖတ်ဖြစ်တယ် ။
အကို့ရဲ့ ပို့စ်က
စိတ်ဓာတ်ကျနေတဲ့ သူအတွက်
တကယ်ကို
အားဆေး တစ်ခွက် ဖြစ်စေပါတယ် ..။

rose of sharon said...

စိတ်ကောင်းရှိတဲ့သူ အဆင်မပြေတဲ့အခါ ကူညီမဲ့သူတွေ အနားမှာပေါ်ပေါ်လာတတ်တယ်နော်... စကာင်္ပူရောက်ခါစအပိုင်းကရော ရေးပြီးသားရှာဖတ်ရမှာလား... ဆက်ရေးမှာလား ?

kay said...

ှုငယ်ငယ်တုန်းက တဂ် လားလို့ ...
မငယ့်တငယ် ..မကြီးတကြီးက..အကြောင်းတွေပဲ..
ဆက်ရေး..စောင့်ဖတ်မယ်..
ဖြေးဖြေးး)