Monday, May 25, 2009

သားဦးစနေ



“သားဦးစနေ မီးလိုမွှေ” ဆိုတဲ့ စကားပုံကို ဘယ်သူ ထွင်ခဲ့သလဲ ကျွန်တော် မသိခဲ့သော်လည်း ထို စကားပုံကတော့ ကျွန်တော့်ဘ၀ကို တည့်တည့်ကြီး ခလုတ် တိုက်ခဲ့ပါသည်။
ကျွန်တော့်ကို စနေနေ့မှာ မွေးဖို့ အမေ ကြုံရတော့ စနေနေ့ ကျော်မှ မွေးဖို့ ကြိုးစားခဲ့သည်။ မနက်ကတည်းက နာနေသော ဗိုက်ကို အမေက ဘယ်လိုများ အောင့်ခဲ့သည်လဲ ကျွန်တော် မသိပါ။ (အမေက ညသန်းခေါင်ကျော်ပြီ မှတ်လို့ စိတ်လျော့လိုက်တာ ဟု ကျွန်တော် မေးစဉ်က ပြောပြဖူးသည်) အမေ့ ခံနိုင်ရည်အားတွေ ယုတ်လျော့ကာ စိတ်လျော့လိုက်တော့မှ အမေ့ဝမ်းမှ ကျွန်တော် ကျွတ်လွတ်လာတော့ 25ရက် မေလရဲ့ တစ်ခုသော စနေည 11:45 မိနစ်မှာ။ အဖေက နာရီ တစ်ခုခုများ ည သန်းခေါင် ကျော်နေလျှင် တနင်္ဂနွေသား လို့ သတ်မှတ်နိုင်ကောင်းရဲ့ ဆိုကာ လိုက်မေးတော့ ဆရာဝန်ကြီးရဲ့နာရီက အစ ဆရာဝန်မနှင့် နာ့စ်မ အန်တီကြီးတို့ နာရီတွေပါမက အချိန် မှန်ခဲလှသော ဆေးရုံကြီးမှ နာရီအဆုံး အားလုံးက တချိန်တည်း။ ဒီလိုနှင့် သားဦး စနေ မလိုချင်သော ရိုးရာစွဲ ကြီးသူတွေကြား ကျွန်တော် စနေသား စရောက်လို့လာခဲ့လေပြီ။
အဖေနှင့် အမေ့ကို သဘော မတူခဲ့သော အမေ့ဘက်က ကျွန်တော့် အဖိုးသည် ခိုက်လိမ့်မယ် ဆိုသော အယူတစ်ခုနှင့် မြေးဦး ကျွန်တော့်ကို မကြည်ဖြူခဲ့ပါ။ အဖိုးအိမ်မှာ ကျွန်တော် ငယ်စဉ်ကတည်းက အဖိုးမျက်ကွယ်ရာမှာ နေခဲ့ရသည်။ နောက် ကျွန်တော် နှစ်နှစ် မပြည့်တပြည့်မှာ အဖိုးအိမ် အကြီးအကျယ် မီးလောင်ကာ ပြာကျခဲ့သည်။ ရပ်ကွက်လူကြီး လူချမ်းသာ စာရင်းဝင် အဖိုးသည် အမှုပေါင်းများစွာ ရင်ဆိုင် ဖြေရှင်းခဲ့ရသည်။ စလောင်သည်က ဘေးအိမ် ဓာတ်ဆီဆိုင်မှ၊ အမှုလုပ် ခံရတော့ အဖိုး။ မီးလောင်စဉ် လူတွေက ပစ္စည်းတွေ သယ်ကူပေးကြရင်း ရွှေ၊ငွေ၊ ကျောက်သံပတ္တမြားတွေ ထည့်ထားသော ပုံးကြီး ပုံးငယ်တွေ တစ်ခုမှ ပြန်မရ။ ရှိတဲ့ကားကို ရောင်းချပြီး အမှုလိုက်ခဲ့ရသည်။ လူတွေကို စိတ်နာသွားသော အဖိုးက ပေါက်ကွဲရာအဖြစ် “နင့်ကလေး ဂြိုလ်ကောင်ကို ခေါ်ပြီး ငါ့အိမ်ပေါ်က ဆင်းသွား” ဟု ကံဆိုးမှုတွေ အားလုံး ကျွန်တော့် အပေါ် အထုပ် ဖြေကာ ချခဲ့လေ၏။
ကျွန်တော်တို့ မိသားစု အမေ့ မိတ်ဆွေ တစ်ယောက်၏ အိမ်အောက်ထပ်မှာ အခန်းလေးတခန်း ကန့်လျက် ငှားနေခဲ့ကြသည်။ ထိုအချိန်က ကျွန်တော့်မှာ ညီလေး တစ်ယောက် ရှိနေပြီ။ သူကတော့ မွေးကတည်းက အမေ့မိတ်ဆွေ မိသားစုက သားအရင်းလို ခေါ်မွေးထားသောကြောင့် အမေ့ဘေးမှာ ကျွန်တော် တစ်ယောက်တည်းသာ။ အမေ့ရုံးကို လိုက်သွားပြီး ငြိမ်ငြိမ် ထိုင်ခိုင်းထားသော ခုံကလေးပေါ် တိတ်တဆိတ် ထိုင်ကာနေရင်း လက်နှိပ်စက်တစ်လုံး၊ စာရင်းစာအုပ်ပုံတွေကြား အလုပ်ရှုပ်နေသော အမေ့ကို ငေးမော ကြည့်နေခဲ့တာ ကျွန်တော် မှတ်မိသေးသည်။ အမှတ်မိဆုံးက မေမေ ကျွေးသော မေမေ့ဆိုင် ရှေ့နားက ဂျုံခေါက်ဆွဲ။ နေ့စာစားဖို့ မေမေ အဲ့ဒီ ဆိုင်ကလေးဆီ ကျွန်တော့်ကို ခေါ်သွားချိန်က တနေ့တာအတွက် ကျွန်တော် အပျော်ခဲ့ဆုံး အချိန်။
ထိုသို့ ကျွန်တော့် နေ့ရက်တွေကို ဖြတ်သန်းလာခဲ့တာ လေးနှစ်ကျော်သည်ထိ။
မေမေက ကျွန်တော့်အတွက် နောက်ထပ် ညီလေးတစ်ယောက် မွေးပေးချိန်မှာ ကျွန်တော်က ထင်းမီးဖိုလဲ ကောင်းကောင်း မွှေးတတ်သလို ရေနွေးအိုးတည်၊ ဆန်ဆေး အိမ်အလုပ်တွေ ကူနေတတ်ခဲ့ပြီ။ ဘယ်လို လိမ္မာအောင် နေနေ၊ လူတွေ အမြင်မှာတော့ ကျွန်တော်က ခိုက်တတ်သော ခလေးတစ်ယောက် ဆိုတဲ့ အမြင် ပြောင်းလဲ မသွားခဲ့သေးပါ။ ကျွန်တော် ဆိုးတေမှာ စိုးရိမ်သော မေမေနှင့် ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက ကျွန်တော့်ကို ဘာတစ်ခုမှ ဆိုးတေခွင့် မပေးခဲ့ကြဘူး ထင်သည်။ ဒါကပဲ ကျွန်တော် လိမ္မာအောင် တွန်းပို့ခဲ့သည်လား။ သေချာတာကတော့ မေမေ့လက်သံ ကြိမ်တုတ်စာကို ကြောက်ပြီး လိမ္မာခဲ့တာပဲ ဖြစ်မည်။ မေမေက တတိယမြောက် ခလေးမွေးပြီးချိန်မှာ စိတ်ကြီးလှသော မေမေ့အဖေ ကျွန်တော့်အဖိုး ဘာစိတ်ပြောင်းသွားသည်မသိ။ နှစ်နှစ်ကျော် ပစ်ထားကာ အိမ်ရိပ်ပင် နင်းခွင့် မပေးသော ကျွန်တော်တို့ မိသားစုလေး ငှားနေရာ အခန်းသို့ ရောက်လာခဲ့သည်။ သူ့မြေးငယ်လေးကို ချီပိုး ပွေ့ရင်း တပြုံးပြုံး။ သမီးအချစ် မြေးအနှစ်သည် မြေးဦး ကျွန်တော့်အပေါ် မဟုတ်ပဲ တတိယမြောက် မြေးဖြစ်သော ကျွန်တော့် ထိုညီငယ်လေးဆီ စုပြုံ ကျခဲ့လေသည်။ မြေးငယ်လေးကို ချီပိုး ချော့မြှူလိုက်၊ ကုန်းပိုးပြီး ရွာထဲ လျောက်သွားလိုက်နှင့် အဖိုးကို လူတွေက သိပ်ကို ထူးဆန်းအံ့သြ ခဲ့ကြရသည်။
မြေးချစ်လေးကို မခွဲနိုင်သော အဖိုးက အမေ့ကို အိမ်ပြန်ခေါ်တော့ ကျွန်တော့်ကို လက်မခံချင်ခဲ့ပါ။ ဒီတော့ အဖေ့ ကျောက်တွင်း အလုပ်က အမေ့အဖိုးအိမ်ရှိရာ ကျပ်ပြင် (အနောက်ပိုင်း) ကနေ အဖေ့ အမေရှိရာ မိုးကုတ် (အရှေ့ပိုင်း)ကို ပြောင်းဖို့ ဖန်လာသည်က အဆင်သင့် ဖြစ်သွားခဲ့သည်။ ဒီလိုနှင့် ကျွန်တော်က အဖွားအိမ်ကို အဖေတစ်ခု သားတစ်ခု ရောက်လာခဲ့သည်။ ချစ်ခင် ကြင်နာတတ်သော အဖွားကို ကျွန်တော် အင်မတန် ချစ်ပါသည်။ အဖွားက ပုံပြောလဲ ကောင်းသလို အကြင်နာ မေတ္တာလဲ အင်မတန် ကြီးသည်။ အဖေ ကျောက်တွင်းသွားလျင် ငိုယို ကျန်ရစ်သော ကျွန်တော် အဖွားကြောင့် ပျော်ခဲ့ရသည်။ သို့သော် ထို အပျော်က တစ်နှစ်ပင် ပြည့်အောင် မခံခဲ့။ အဖွားက ရုတ်တရက် လေဖြတ်ကာ အိပ်ယာထဲ ဘုန်းဘုန်းလဲတော့ “သားဦးစနေ မီးလိုမွှေ” ဆိုသော စကားတွေက တကျော့ပြန် ကြားရပြန် လေတော့သည်။ ကျွန်တော့် စိတ်ထဲမှာ အဖွားက ကျွန်တော့်ကြောင့် အဲဒီလို ဖြစ်တာ ဆိုသော အသိစိတ်က ခလေးဘ၀ကရင်း ဘယ်လောက် အရိုး စွဲခဲ့သည်မသိ။ ခုချိန်ထိ အဖွားနှင့်ပတ်သက်တာ အိပ်မက်တိုင်း အဖွား လေဖြတ်တာ ကျွန်တော့်ကြောင့်ဆိုတဲ့ အရိပ်ဆိုးကြီးက ကျန်ရစ်လို့ နေခဲ့သည်။
ကျွန်တော် မူလတန်းတက်စကနေ ကြုံခဲ့သော သေးသေးမွှားမွှား ဂြိုလ်လေးတွေကိုတော့ မပြောတော့ပါ။ (မပြောတာ တော်သေးတာပေါ့။ မဟုတ် တထောင့်တည ပုံပြင်ထက် ဆိုးမယ်)။ ကျွန်တော် သုံးတန်းမှာ အဖွားရဲ့ အိမ် မီးလောင်ပြန်သည်။ အဖေ့ အမလတ်တို့ ဘက် အခြမ်း မီးဖိုခန်းမှ စလောင်ခြင်း ဖြစ်သည်။ မီးလှန့်သောကြောင့် အဖွားသွေးလန့်ပြီး လေဖြတ်တာ ပိုဆိုး သွားခဲ့တာ၊ အဖေ့အမလတ်တို့ မီးဖိုခန်းတစ်ခြမ်း ပြာကျခဲ့တာ “သားဦးစနေ မီးလိုမွှေ” တဲ့ ဂြိုလ်ကောင် ကျွန်တော့်ကြောင့်တဲ့လား။ တခါတခါ ထို စကားပုံက ကျွန်တော့်ကို အင်မတန် ခါးသီးစေပါသည်။ အဖေ ဘယ်လောက် ကျောက်တွင်းလုပ်လုပ် ကျောက်ကောင်း မရတာ ဂြိုလ်ကောင် ကျွန်တော့်ကြောင့် လို့ လူတွေက ဘာလို့စွပ်စွဲချင်ရတာလဲ။ အိမ်မှာတစ်ခုခု ဖြစ်တိုင်း ပတ်ဝန်းကျင်က ကျွန်တော့်ကို ကြည့်လာသော မျက်လုံးတွေကို ကျွန်တော် ရင်နာလွန်းလှသည်။ ထို မျက်လုံးတွေနှင့် ထို အမြင်ကို ကျွန်တော် ပြောင်းပြန် လှန်ပစ်ဖို့ ငယ်စဉ်ကရင်း စိတ်ထဲ တေးထားခဲ့သည်။
ကြီးလွန်းလှသော ဒေါသမာန်စွယ်တွေကို ကျွန်တော့်ဘာသာ ချိုးနှိမ်ပစ်ခဲ့သည်။ ကိုယ့်ဘက်က မှန်နေရင်တောင် ဘယ်တော့မှ ခွန်းမတုန့်အောင် မခံချင်စိတ်တွေကို နောက်မှာထားခဲ့သည်။ စနေသား ကျွန်တော် မဆိုးဘူးဆိုတာ လူတွေ သိစေရမည်လေ။ မကောင်းလွန်းလှသော မှတ်ဥာဏ်ကို သူတပါးထက် နှစ်ဆ ပိုကြိုးစားရင်း အတန်းထဲမှာ အဆင့်တစ်နှင့်သုံးကြား ဘယ်တော့မှ မဆင်းရအောင်နေခဲ့သည်။ ဂြိုလ်ကောင် ကျွန်တော့်ကြောင့် အဖေနှင့်အမေ မျက်နှာ ငယ်စရာမလိုအောင် ဂုဏ်ယူနိုင်အောင် နေခဲ့သည်။ အိမ်မှုကိစ္စတွေကို သားအကြီးဆုံး ကျွန်တော် တာဝန်ယူ လုပ်ရင်း အောက်က ညီ၊ ညီမတွေကို ထိန်းကျောင်းရင်း ဒီမိသားစု ကမ္ဘာလေးထဲမှာ ကျွန်တော် ကြီးပြင်းခဲ့သည်။ ကျွန်တော် ငါးတန်းနှစ်မှာ အဖွားဆုံးတော့ လူတွေက ကျွန်တော့်ကြောင့်ဟု မပြောကြတော့။ ရပ်ကွက်ထဲမှာ လိမ်မာသောသားတစ်ယောက် အဖြစ်သာ လူတွေ မြင်ကြပြီး ကျွန်တော် စနေသားဆိုတာ မေ့သွားကြသည် ထင်ပါသည်။
သားသုံးယောက်နှင့် သမီးတယောက် အမေ ဖြစ်နေပြီ ဖြစ်သော ကျွန်တော့် အမေက သားတွေကို ရှင်ပြုချင်သည်။ သို့သော် ရှင်ပြုဖို့ ငွေက စုလိုက် ကုန်လိုက်။ နောက်ဆုံး ကျွန်တော် ရှစ်တန်းရောက်တော့ ဗေဒင် အင်မတန်ယုံသော အမေတစ်ယောက် အလှူကိစ္စ ဘာကြောင့် မအောင်မြင်လဲ အဖြေတွေ့လေပြီ။ သားဦးစနေ ကျွန်တော်က ဂြိုလ်က လာရာက သိုက်ကလာတဲ့ ဘ၀ ပြောင်းသွားပြန်၏။ အမေ့ အလှူကိစ္စ မအောင်မြင်တာ ကျွန်တော့် သိုက်က တားထားလို့ တဲ့ဗျာ။ ကောင်းပါလေရော။ နောက်တော့ အမေက ကျွန်တော့်ကို မပြောပဲ သူ့ဘာသာ ကြိတ်မှိတ် စုဆောင်းနေတာ ကျွန်တော် ကိုးတန်းရောက်ချိန်ထိလဲ မအောင်မြင်ခဲ့။ (မပြောတာက ကျွန်တော်သိလျင် သိုက်က ကျွန်တော့် အဆက်တွေ တားမှာစိုးလို့တဲ့)
ကိုးတန်းမှာပဲ အရေးအခင်းက ဖြစ်သော အခါ ကျောင်းတွေ ပိတ်သွားသည်။ စီးပွားရေးတွေ ခက်ခဲ ကျပ်တည်းလာသည်။ တစ်လတစ်လ ကျပ်တည်းလာသော အိမ်အခြေအနေကြောင့် အမေ့ အပူတွေကိုကျွန်တော် မျှယူဖို့ ဆုံးဖြတ်လိုက်သည်။ အမေ အလှုအတွက် စုထားသော ငွေလေးတွေ တတိတိ ပြောင်လာလို့ ညှိုးနွမ်းနေသော အမေ့မျက်နှာကို မကြည့်ရက်ပါ။ အဖေက ပိန်သေးသေးနှင့် အမြဲ အားဆေး သွင်းနေရသော ကျွန်တော့်ကို သူနှင့် အတူ တွင်းလိုက်ဆင်းဖို့ အားမပေးခဲ့ပါ။ ဒိတော့ ကျွန်တော် မုန့်မောင်နှမ (မုန့်လင်မယား၊ မုန့်အုပ်ကလေး) ကို မနက်ခင်းတိုင်း ကြော်ရောင်းသည်။ ရှက်တတ်ပြီး လူပျိုပေါက် ဖြစ်နေပြီ ဖြစ်သော ကျွန်တော်က အကြော်ကို အော်ရောင်းရမှာ ရှက်တော့ ငါးနှစ်အရွယ် ကျွန်တော့်ညီမလေးကို “ဟောဒီက မုန့်မောင်နှမ ပူပူနွေးနွေး” ဟု တခါအော်လျှင် မုန့်တစ်ခုနှုန်း ပေးကာ အော်ခိုင်းရ၏။ အစားမက်သော ညီမလေးက ခဏခဏ ထထအော်တော့ တားပင် ယူရလေသည်။ မဟုတ် သူအော်တာနှင့် ကျွန်တော် အရင်း ပြုတ်နိုင်သည်။ ရပ်ကွက်ထဲကကော၊ ရပ်ကွက်ပြင်ပကရော ကျွန်တော့်ကို အားပေးကြတော့ ရောင်းကောင်းပါသည်။ မိုးရွာလို့ အိမ်ရှေ့လမ်းထိပ်မှာ ကြော်မရောင်း နိုင်လျှင်တောင် ကျွန်တော်တို့ရဲ့ အိပ်ခန်းသာသာ မိသားစု အခန်းလေးထဲက မီးဖိုခန်းမှာ ခုံကလေးတွေ ခင်းပြီးရောင်းရသည်။ ဖောက်သည်တွေက မိုးကြီးလေကြီးထဲမှာပင် ကျွန်တော့်ကို အားပေးကြပါသည်။ ညနေခင်းတွေမှာတော့ ရပ်ကွက်ထဲက လူတွေ အရက်ဆိုင် သွားတိုင်း ဖြတ်သွားလေ့ရှိသော လမ်းဆုံ မီးကင်းတဲလေးထဲမှာ ကျွန်တော်က စလုကြော်နှင့် ပဲကပ်ကြော် ရောင်းလိုက်သေးသည်။ ကျောင်းတွေ ပြန်ဖွင့်သည် အထိ ကျွန်တော် အကြော်သည် လုပ်ခဲ့သည်။ တော်ပါသေးသည်။ အရေးအခင်းဖြစ်တာ ဂြိုလ်ကောင် ကျွန်တော့်ကြောင့်ဟု ဘယ်သူကမှ မပြောပေလို့။
ကျွန်တော် ဆယ်တန်း ဒုတိယနှစ်မှာ အမေ့ခြေထောက်တွေ လမ်းလျှောက်လို့မရတော့။ အမေ့ ခြေထောက်က အကြောတွေ နာကာ ယောင်ကိုင်းပြီး အိပ်ယာထဲ လဲခဲ့သည်မှာ အကြာကြီး။ ကျွန်တော့် ညီအလတ်က ကျောင်းထွက်ကာ ကျောက်သွေးနေပြီ။ သူ့ဝင်ငွေလေးရယ် အဖေ့ဝင်ငွေရယ်က မလောက်ငှချင်။ ဒီတော့ ဆယ်တန်းကို အပြင်ဖြေ လုပ်ပြီး ကျွန်တော်လည်း ကျောက်သွေးသည့် အလုပ် ၀င်လုပ်သည်။ ထိုနှစ်မှာလဲ စာမေးပွဲ ထပ်ကျပြန်၏။ အရင်နှစ်က စာတွေ ရထားတာကို မေ့တတ်သော ကိုယ့် အကြောင်းကိုယ် မေ့ကာ စာတွေ မလုပ်ပဲ ဖြေခါနီးမှ ပြန်ကြည့်သည်ကိုး။ ပထမနှစ်က အမေမှာတဲ့ ဆန်တစ်ခွက် ငပိချက်နှင့်မလဲနိုင် လုပ်ကာ ဆေးကျောင်း မမှီနိုင်တော့ နောက်ဆုံးဘာသာကို ခြစ်ချ ပစ်ခဲ့သည်လေ။ ဆေးကျောင်းမှမရရင် နင့်ကို တက္ကသိုလ် မပို့ဘူး လို့ အမေက တချက်လွတ် ပြောထားသည်ကိုး။ နောက်ဆုံးဘာသာ ဂုဏ်ထူးမထွက်နိုင်တော့ ရမှတ်တွေကို ပေါင်းကြည့်ကာ စာမေးပွဲခန်းထဲက မထွက်ခင်လေး အဖြေလွှာကို ခြစ်ချ ပစ်ခဲ့သည်။ အိမ်ပြန်ရောက်တော့ အဖြစ်ကို သိပြီး အမေ ရိုက်လိုက်သည်မှာ ကျောကို ကော့ရော။ အစကတည်းကမှ မပြောကိုး။ အင်ဂျင်နီယာလိုင်းရလဲ တက္ကသိုလ် ပို့ပေးမယ်ဆိုတာ။ အဲ.. ဒုတိယနှစ်ကတော့ စာမေးပွဲနီးမှ စာကို ကပ်လုပ်တာ ရသမျှစာတွေက မေ့နေခဲ့ပြီ။ ဘာတစ်ခုမှ မဖြေနိုင်၊ အငိုင်သား အိမ်ပြန်လာကာ ကျပြီ အမေရေ ပြောတော့ အိပ်ယာထဲက အမေ ကျွန်တော့်ကို ထမရိုက်နိုင်ခဲ့။ မျက်ရည်တွေသာ ကျပြီး ငါ့သားကြီးကို ပညာတတ် ဖြစ်စေချင်တယ် တစ်ခွန်းသာ ပြောခဲ့သည်။ ထိုစကားတခွန်းကပဲ နောက်နှစ်မှာ စာကြိုးစားဖို့ စိတ်ခွန်အားကို ဖြည့်ပေးခဲ့ပါသည်။
ထိုနှစ်က ကံကောင်း သည်မှာ အမေ ခြေထောက် သက်သာပြီး အလုပ်ကို ပြန်လုပ်နိုင်လာသည်။ ရုံးကလဲ အပြီးထွက်ကာ ကျောက်ပွဲစား အလုပ်ကို ဇောက်ချပြီး လုပ်သည်။ ကျွန်တော်နှင့် ညီအလတ်က ကျောက်သွေးရင်း ငွေရှာသည်။ ဒီတော့ အမေက ရှင်ပြုဖို့အတွက် အလှုပစ္စည်း၊ သင်္ကန်း ပရိက္ခယာ တွေ ဖြည်းဖြည်းချင်း စုနိုင်လာ၏။ ကံဆိုးသည်ကတော့ အဖေ့ အမလတ်က ဘယ်သူမှ မသိအောင် သွားပေါင်ထားသော အိမ်ဂရံ အပေါင်ဆုံးပြီး ကျွန်တော်တို့ တပြုံလုံး နေစရာ ဘုံပျောက်ရမည့် အဖြစ်။ သို့သော် အပေါင်ခံသူက မတရားမလုပ်ခဲ့ပဲ ငွေတစ်ချို့ အမ်းကာ အိမ်ကို သိမ်းယူသွားသည်။ အမ်းငွေတွေကို ဝေပုံကျယူပြီး အရင် တစုတည်းနေလာသော အဖေ့မောင်နှမတွေ ၀ါးအစည်းပြေကာ တနေရာစီ နေကြရတော့သည်။ ဒီတော့မှ အဖေ၊ အမေနှင့် ကျွန်တော်တို့ မောင်နှမတတွေ သီးသန့် ကိုယ်ပိုင်အိမ်လေးတစ်လုံးနှင့် နေဖြစ်သွားကြသည်။
ဆယ်နှစ်ကျော်မက နေလာသော အိမ်ဟောင်းနေရာလေး ရှေ့က ဖြတ်သွားရတိုင်း ထိုအိမ်လေးကို ငေးကြည့်ရင်း ကျွန်တော် လွမ်းမောခဲံ့ရသည်။ သို့သော် ဂြိုလ်ကောင် ကျွန်တော့်ကြောင့် ဒါတွေ ဖြစ်ခဲ့တယ် ဟု မခံစားရတာ အင်မတန် ကျေနပ်ပါသည်။ အိမ်ဟောင်းလေးရှေ့က ဖြတ်သွားတိုင်း လွမ်းမောရသော်လည်း အိမ်သစ်မှာ ကျွန်တော်တို့ မိသားစု ပျော်ကြပါသည်။ လှေကား သုံးဆယ့်တစ်ထစ်ကို တက်ပြီးမှ ရောက်သောကြောင့် သုံးဆယ့်တစ်ဘုံထိပ်မှာ နေတာကွဟု ဟာသနှောကာ ရယ်စရာ လုပ်နိုင်ခဲ့သေးသည်။ အိမ်က ရေစည်တွေ ပြည့်အောင် ရေကို ခပ်ရတိုင်း လှေကားထစ်ကြီး တွေ မော့ကြည့်ကာ လျှာ အလျားလိုက် ထွက်ရသည့် အခါများမှ လွဲလို့ပေါ့။
ထိုအိမ်လေးသို့ ရောက်တော့ ဆယ်တန်းစာမေးပွဲက လေးလမျှသာ လိုတော့သည်။ အဲဒီအချိန်မှာ ကျွန်တော် ဗီဒီယို ခွေငှားဆိုင်လေး တစ်ခုတွင် ညနေပိုင်းအလုပ် ရ၏။ ထိုစဉ်က တစ်လ နှစ်ထောင့်ငါးရာ၊ သုံးထောင်သည် မိသားစုဝင် ခုနှစ်ယောက်အတွက် ဆန်၊ဆီ၊ဆား၊ မီးသွေး အမာခံ စားကုန်တွေ လုံလောက်အောင် ဖြည့်တင်းနိုင်ခဲ့သည်။ ဒိတော့ အမေ့ဝင်ငွေက ဈေးဖိုးမှလွဲပြီး ကျန်တာ အကုန် အလှူလုပ်ဖို့ စုနိုင်ခဲ့သည်။ ဆယ်တန်းစာမေးပွဲဖြေဖို့ တစ်လလောက် အလိုမှာတော့ ဆိုင်ကနေ ကျွန်တော် ထွက်ပြီး စာကိုသာ ဖိလုပ်ခဲ့သည်။ စာမေးပွဲပြီး နောက်ဆုံးနေ့မှာပဲ ဆိုင်ရှင်ဘော်ဒါတွေ အိမ်မှာ လာပြီး ခေါ်သောကြောင့် နောက်ရက်ကနေ စကာ ခွေဆိုင် ပြန်ထိုင်ရလေသည်။ နေ့လည်တွေမှာတော့ အဖေ့ညီဝမ်းကွဲ တယောက်ဆီမှာ ကျောက်သွေးတပည့်ခံရင်း ညနေမှာတော့ ခွေဆိုင်ထိုင်သည်။ ရသမျှဝင်ငွေကို အမေ့လက်ထဲ ထည့်တိုင်း အမေ့ ပီတိမျက်နှာကို ကြည့်ကာ ကျွန်တော် အင်မတန် ပျော်သည်။ ဆယ်တန်း အောင်စားရင်းထွက်တော့ ကျွန်တော် သုံးဘာသာဂုဏ်ထူးနှင့် အောင်သည်။ အဖေရော အမေရော ပျော်နေသည်မှာ ကျွန်တော့်ထက်ပင် ပိုနေပေလိမ့်မည်။ အောင်စားရင်း ထွက်ပြီး သိပ်မကြာခင်မှာပဲ အမေ သိပ်မျှော်လင့်ခဲ့သော နောက်အိပ်မက်တစ်ခု ဖြစ်လာခဲ့ပါသည်။ ကျွန်တော်တို့ကို စစ်ကိုင်းမှာ သွားပြီး ရှင်ပြုပေးနိုင်ခဲ့သည်။ အလှူရေစက်ချတော့ ရဟန်းဘောင်ဝင်မည့်အဖေနှင့် ကိုရင်လောင်း ကျွန်တော်တို့ ညီအစ်ကို လေးယောက်၊ သီလရှင်လောင်း ညီမလေးတို့ကို ကြည့်ပြီး အမေ့တစ်ကိုယ်လုံး သိမ့်သိမ့်ခါသည်ထိ ပီတိမျက်ရည်တွေ ကျလို့။
ကိုရင်လူထွက်တော့ ကျွန်တော် ထုံးစံအတိုင်း ခွေဆိုင်မှာ ပြန်ထိုင်သည်။ ဦးလေးဆီမှာ ကျောက်သွေးသည်။ ရသည့်ကျောက်သွေးခကို အိမ်အပ်ပြီး ခွေဆိုင်မှ ရသည့် လခတွေကိုတော့ ဆိုင်၇ှင် သယ်ရင်းတွေဆီမှာ အပ်ထားလိုက်တော့သည်။ ကျွန်တော့် ကျောင်းစားရိတ်အတွက် မိဘကို ၀န်မပိစေချင်ပါ။ တက္ကသိုလ် တက်ဖို့ရာကိုလဲ နှစ်ချီပြီး စောင့်ရမည် မဟုတ်လား။
ဒီလိုနှင့် တက္ကသိုလ်တွေ တက်ရတော့ ကျွန်တော်က မန္တလေး စက်မှုတက္ကသိုလ် ၀င်ခွင့်ရသည်။ အဖေနှင့် အမေကတော့ အဖေ့ မိသားစု၊ အမေ့ မိသားစု အသိုင်းအ၀ိုင်းမှာ တစ်ယောက်တည်းသော ကျွန်တော် ထွန်းထွန်းပေါက်ပေါက် ဖြစ်တော့မည် ဆိုကာ ဂုဏ်ယူ ကျေနပ်လို့။ ကျွန်တော်လည်း ထိုသို့ပင် ယုံကြည်ထားခဲ့သည်။
MITကို ရောက်တော့ ကျွန်တော် သူတပါးတွေလို ကင်တင်းမှာ မထိုင်နိုင်။ ခွေဆိုင်မှ ကျွန်တော်စုထားသော ငွေတွေကို တစ်လ သုံးထောင် ပုံမှန် လွှဲပို့ပေးသော်လည်း ထိုငွေသည် ကင်တင်းမှာ လဘည့်ရည်တစ်ခွက် မသောက်ရဲလောက်အောင် ကျွန်တော် ချွေတာရသည်။ အဆောင်က ကျွေးသော ထမင်းကြမ်းနှင့် ခရမ်းချဉ်သီးရေဘောလောမှာ ၀က်သားတစ်တုံး၊ ကြက်သားတစ်တုံး ဒါမှ မဟုတ် ကြက်ဥတစ်လုံး ထည့်ထားသော ဟင်းတစ်ခွက်ကို ဟင်းရည်ကြဲနှင့် မျောချ စားကာ ကျောင်းတက်ခဲ့ရသည်။ သို့သော် အိမ်ကိုလွမ်းသည်က လွဲပြီး အဆောင်နေ ကျောင်းသားဘ၀ကို ကျွန်တော် အင်မတန် ပျော်ခဲ့ပါသည်။ မိဘ ဖြစ်စေချင်သော၊ မြင်စေချင်သော ဘွဲ့ရ ပညာတတ်ကြီး ကျွန်တော် ဖြစ်ချင်ခဲ့သည် မဟုတ်လား။ ဘ၀မှာ ဒီ့ထက် နက်နဲတာတွေ ရှိသေးမှန်း ကျွန်တော် ထိုစဉ်ကတည်းက မတွေးတတ်ခဲ့ပါ။ ကျောင်းပြီးလျှင် ဘာလုပ်မလဲ ဆိုတာကို ကျွန်တော်မတွေး။ ကျူရှင် မယူနိုင်တော့ စာကို ကျောင်းစာသင်ခန်းထဲမှာ အမှီလိုက်ရင်း ကျောင်းစာတွေနှင့် ထွေးလုံးလို့။ စာမေးပွဲ အောင်ဖို့အရေးသာ ကျွန်တော့်အရေး ဖြစ်နေခဲ့သည်။ ဥာဏ်ထိုင်းသော ကျွန်တော့်အတွက်ကတော့ ကျောင်းစာများက အင်မတန် ခက်လှသည်လေ။ သင်္ချာ အင်မတန်ညံ့သော ကျွန်တော့်အတွက်တော့ တစ်ချိန်လုံး တွက်ချက်နေရသော ကျောင်းစာများက တကယ်ပဲ ခေါင်းစားလွန်းသည်။
ဒုတိယနှစ်မှာ ဗိသုကာ ဘာသာရပ်ကို ရတော့မှတော်သေးသည် ပြောရမည်။ ကျွန်တော် စိတ်ဝင်တစား ရွေးခဲ့သော ဘာသာရပ်မှာ သင်ကြားခွင့်ရတာ စိတ်ချမ်းသာသော်လည်း ငွေကုန်များလွန်းလှသော ဘာသာရပ်ကြောင့် တိတ်တဆိတ် ရင်မောရသည်က လတိုင်းလိုလို၏ လကုန်ခါနီး ရက်များ။ ပေ၇ာဂျက်တစ်ခုအတွက် ၀ယ်စရာတွေ လိုအပ်လာလျှင် ထိုလတော့ ည ဆာလျှင် စားဖို့ ခေါက်ဆွဲခြောက်ထုပ်တွေ မ၀ယ်နိုင်တော့။ အဆောင်က ထမင်းကို ရေနွေး မတ်ခွက်ထဲ ထည့်ဖွက် ယူထားကာ ညမှ နွားနို့တခွက်ဝယ်ပြီး ထမင်းနှင့် ဖျော်ကာ စားရလေပြီ။ လတိုင်းလဲ ပရောဂျက်တွေ ဆက်လို့ နေတော့ ညဘက်တွေမှာ အမြဲ မိုးချုပ်ရသည် မဟုတ်လား။ သို့သော် ကိုယ် စိတ်ဝင်စားသော ဘာသာရပ်အတွက် ဘယ်လောက် ပင်ပန်းချို့တဲ့ပါစေ။ ကျွန်တော် ပျော်သည်။
ဒီလိုနှင့် ကျောင်းဖွင့်လျှင် ကျောင်းပြေးတက်လိုက်။ ကျောင်းပိတ်လျှင် အိမ်ပြန်ပြီး ကျောက်သွေးလိုက်၊ ခွေဆိုင်ထိုင်လိုက်၊ ငွေစုလိုက်။ ကျောင်းပြန်ဖွင့်လျှင် ကျောင်းပြန်ပြေးတက်လိုက်။ လုံးလည်ခတ်နေခဲ့သည်မှာ တတိယနှစ်ထိ။ တတိယနှစ်မှာတော့ ကျောင်းတွေ အချိန် အတော်ကြာ ပိတ်သွားပြန်သည်။ စီးပွားရေးပဲ ဇောက်ချ လုပ်ရတော့မှာလိုလို၊ ကျောင်းကိုပဲ မျှော်ရမှာလိုလို ယက်ကန်ကန်နှင့် ကျွန်တော် ခွေဆိုင်ထိုင်လိုက်၊ ဦးလေးနှင့် ကျောက်သွေးလိုက်၊ ရိပ်သာဝင်လိုက် ယောင်ဝါးဝါး လမ်းပျောက်နေခဲ့သည်မှာ အကြာကြီး။
ထို ကျောင်းပိတ်ရက်တွေမှာပဲ အမေက ချော်လဲပြီး လက်ကျိုးကာ ခြေထောက်မှ ဒဏ်ရာကလည်း ပြန်ထသည်။ လမ်းလျှောက်မရ၊ လက်က ဘာသုံးမရပဲ အိပ်ယာထဲ လဲရပြန်၏။ ဒိတော့ ကျွန်တော့် ကျောက်သွေး အလုပ်ကို နားကာ အာလူးကြော် ရောင်းသည်။ ညနေမှာ ခွေဆိုင်ထိုင်သည်။ အာလူးကြော် ရောင်းသည်က အိမ်မှာ အာလူးကြော်ကာ အထုပ်လေးတွေ ထုပ်ပြီး ကုန်စုံဆိုင်တွေ လိုက်သွင်းခြင်းဖြစ်၏။ ခွေဆိုင်မှ ရသည့် လခကိုတော့ ကျွန်တော် တပြားမှ မထိပဲ ကျောင်းစားရိတ် စုသည်။ ညဘက် ခွေဆိုင်မှ ပြန်ရောက်လျှင် နောက်ရက် နံနက်စောစော အာလူးကြော်နိုင်အောင် အာလူး အခွံနွှာရသည်။ ရေစိမ်ပြီး စစ်ထားရသည်။ ပြီးမှ ခဏ အိပ်ကာ မနက်စောစောထ ကြော်ပြီး အထုပ် ထုပ်သည်။ ပြီးလျှင် စက်ဘီးတစ်စီးနှင့် မြို့ပတ်ကာ အာလူးကြော်ထုပ်များ သွင်းသည်။ အပြန် ဈေးဝင်ကာ လိုအပ်တာတွေ ၀ယ်ပြီးလျှင်တော့ အိမ်ထောင်ကျကာ အိမ်ခွဲနေပြီ ဖြစ်သော ညီအလတ်ဆီမှာ ကျောက်သွားသွေးသည်။ ဒါမှမဟုတ် သယ်ရင်းတစ်ယောက်၏ အိမ်မှာ ကျောက်ပန်းချီ သွားရေးပြီး လက်ခယူသည်။ ဦးလေးက အလုပ်ရှိလို့ ကျောက်သွေးဖို့ ခေါ်လျှင် ပြေးပြီး လုပ်လိုက်သေးသည်။ နံပါတ်သုံးညီက ဘာအလုပ်မှ မယ်မယ်ရရမရှိ။ အကူလဲ မရ။ ညီမလေးနှင့် ညီ အငယ်ဆုံးက ကျောင်းတက်နေဆဲ။ အဖေကလဲ ရွှေတော သွားပြီး အလုပ်လုပ်နေသည်။ အဖေပို့ပေးသော ငွေကို အမေ့ဆေးဖိုးထားပြီး မိသားစု စားဝတ်နေရေးကို ဒိုင်ခံ ကျွန်တော် ဖြေရှင်းသည်။ ဖတ်ဖတ်မောအောင် လုပ်နေရသော်လည်း ကျွန်တော် မမောပါ။ အဖေနှင့်အမေ ကျွန်တော်တို့ ငယ်စဉ်က ဘယ်လို ရှာဖွေ ကျွေးမွေးခဲ့သလဲ ပြန်စဉ်းစားရင်း ကျွန်တော် တာဝန်တွေ မကျေနိုင်မှာသာ စိတ်ပူ၏။
ကျောင်းတွေ တစ်နှစ်ခွဲ နီးပါးမျှ ပိတ်ထားလို့သာ တော်တော့သည်။ ကျောင်းတွေ ပြန်ဖွင့်ကာနီးတော့ အမေလဲ တော်တော် သက်သာလာပြီ။ အဖေလဲ ရွှေတောမှာ ငှက်ဖျား ပြန်ဖြစ်ပြီး အိမ်ပြန်ရောက်ကာ နေပြန်ကောင်းလာပြီ။ ဒိတော့ ကျွန်တော့် မဟာအာလူးကြော် စီးပွားရေးကို အဖေ နှင့် အမေ့အား အမွေ ပေးကာ ကျောင်းတော်ကြီးဆီ ကျွန်တော် ချီတက်လာခဲ့သည်။ မျှော်လင့်ချက်ပန်းတိုင်တွေကတော့ အဲဒီအချိန်တွေမှာ ယိုင်နဲ့နဲ့သာ ကျန်တော့သည်။ ဒီကျောင်းကို ကျွန်တော် ဘယ်လို ပြီးအောင် တက်နိုင်မည်လဲ မသေချာတော့။ အိမ်ကို မျက်နှာလွှဲ ခဲပစ် ထားခဲ့ရတာလဲ စိတ်က မဖြောင့်။ ကျောင်းတက်ရင်း ဘာအလုပ် ဆက်လုပ်ရမလဲ။ မန္တလေးမှာလဲ ကျွန်တော် ဘာမှ မလုပ်ကိုင်တတ်။ အဆောင်တွေကလဲ နေခွင့်မရတော့ အဖေ့ အမလတ် ၏ သမီးကြီးတို့ မိသားစု ရှိရာ နန်းရှေ့အိမ်မှာ နေပြီး ကျောင်းတက်သည်။ ယောက်ဖကလဲ ကျွန်တော့်ကို ချစ်ခင်စွာ ကြည်ကြည်ဖြူဖြူ လက်ခံရုံမက ညီအရင်းလို စောင့်ရှောက် ပေးသောကြောင့် ကျွန်တော် အခက်အခဲ သိပ်မရှိပဲ စတုတ္ထနှစ် ပြီးသည်ထိ ဖြတ်သန်းနိုင်ခဲ့၏။
ကျောင်းတွေ ရက်ရှည် ပိတ်ပြန်တော့ သယ်ရင်းတွေလို ကျောင်းပိတ်ရက်တွေမှာ သင်တန်းတက်ဖို့ စိတ်ကူးပင် မယဉ်အား။ အိမ်ကို ပြန်ပြေးကာ အိမ်တာဝန်တွေ ပခုံးပြောင်းယူရသည်။ ဒီတစ်ချီတော့ အိမ် စီးပွားရေးက တော်တော် ယိုင်နဲ့နေခဲ့ပြီ။ အာလူးကြော်ကလည်း အရင်လို အရောင်း မသွက်တော့။ အဖေကလည်း စိတ်ညစ်သည့်ဒဏ်တွေ မခံနိုင်လို့လားမသိ အရက်လေး တမြမြ ဖြစ်နေခဲ့ပြီ။ စိတ်ဓာတ်ကျဆင်းမှု တွေနှင့် ရင့်ရော်နေသော အဖေ့မျက်နှာ၊ အရင်လို မသွက်လက်နိုင်ပဲ ခြေထောက်လေး ထော့ပဲ့ပဲ့နှင့် လမ်းလျှောက်နေရသော အမေ့မျက်နှာ မှုန်မှုန်ရီရီတို့ကြောင့် ကျွန်တော် ကျောင်း မတက်တော့ပဲ စီးပွားရေးလောကထဲ ၀င်လိုက်ဖို့ ဆုံးဖြတ်ရတော့မည်။ အိုး။ ကုန်ဆုံးခဲ့သော အချိန်တွေကို ကျွန်တော် နှမျောလိုက်တာ။ တကယ်ပဲ ကျွန်တော် ဖြစ်လိုသော၊ အဖေနှင့်အမေ၏ မျှော်လင့်ချက်လဲ ဖြစ်သော ကျွန်တော့် ပညာရေးကို ဒီလို အဆုံးသတ်ပစ်ရမှာ ဘယ်လောက် ၀မ်းနည်း ကြေကွဲဖို့ ကောင်းသလဲ။ စိတ်ဓာတ်တွေက အဆုံးစွန်ထိ ကျလို့ သွားသည်။ ကျွန်တော် ကျောင်းက ပြန်မရောက်ခင် ကရင်း ခွေဆိုင်လေးကလဲ စီးပွားရေးမကောင်းတော့ ပိတ်သွားခဲ့ပြီ။ ကျွန်တော်လဲ အဲဒီအလုပ်နှင့် ငွေမစုနိုင်တော့။ ပြီးတော့ ပိုများပြားလာသော ကျောင်း ကုန်ကျစားရိတ်ကို ထိုခွေဆိုင်လေးမှ တစ်လ၀င်ငွေနှင့် မလောက်ငှ နိုင်တော့ဘူးလေ။ တကယ်ပဲ ကျွန်တော့် မျှော်လင့်ချက်တွေ အားလုံး အငွေ့ပင် ဖမ်းမရနိုင်အောင် ပျောက်ဆုံးကာ စိတ်ဓာတ် အကျကြီး ကျခဲ့သည်။ ကျောင်းတွေ ဖွင့်ကာနီးတော့ ကျွန်တော် ကျောင်းဆက် မတက်တော့ဘူး ကြားပြီး ကျောင်းက သယ်ရင်းတွေ အိမ်အထိ လိုက်လာကြသည်။ သယ်ရင်းတွေ အားလုံးက ကျွန်တော် ကျောင်းပြီးတဲ့အထိ အားလုံး ၀ိုင်းဝန်း ကူညီကာ ကျောင်းထားပေးဖို့ လာခေါ်ကြခြင်း ဖြစ်သည်။ ကျွန်တော့်မှာ ၀မ်းသာပီတိ တို့ဖြင့် မျက်ရည်တွေ ၀ဲကာ ငိုချင်သွား၏။ သယ်ရင်းတွေကိုလဲ အင်မတန် ကျေးဇူး တင်သလို ဒီလို သယ်ရင်းတွေ ရှိတာကိုလဲ ၀မ်းမြောက်ရသည်။ ကျွန်တော် မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျောင်းလာတက်ပါ့မယ် ကတိ အထပ်ထပ် ပေးမှ သူတို့ ကျေနပ်ကာ ပြန်သွားကြ၏။ ကျွန်တော် ကျောင်းသွားတက်နေလျှင် အိမ်မှာ ဘယ်သူက ဦးစီးမှာလဲ။ ကျွန်တော် ကျောင်းပြန်တက်လို့ မဖြစ်ပါ။

(ဘာရယ် မဟုတ်ပါဘူး။ 25ရက် 5လမှာ အမှတ်တရ ပြန်လျှောက်နေတဲ့ အတိတ်လမ်းကလေးပါ။ ဆက်ရေးချင်သေးပေမဲ့ မနက်ဖြန် အလုပ်သွားရမှြာေ့ကာင့် ဒီမှာပဲ နားထားပါအုံးမယ်။။ အဆုံးဘက်ထိ ဆက်ဖတ်လာတဲ့သူတွေကို ပျင်းစရာကောင်းတဲ့ စာ၇ှည်ကြီး အားပေးလာတဲ့ အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်။ ဆက်ရေးပါအုံးမယ် :-P)

မေတ္တာဖြင့်
မိုးကုတ်သား



15 comments:

Sein Lyan Tun said...

အကိုရေ..
သားဦးစနေ မီးလိုမွှေဆိုတာ စကားနောက် တရားပါသလို ဖြစ်တာပါ
မယုံကြည်နဲ့
ယုံကြည်လွန်းရင်တော့ဖြစ်တတ်တယ်ထင်တာပဲ
အကိုလဲ ဘဝမှာတော်တော် ဖြတ်သန်းခဲ့ရတယ်ပေါ့လေ
အကိုရေးထားတာကို အစကနေအဆုံးထိ
ရင်ဘတ်နဲ့လာဖတ်တာပါ
ပြီးတော့
အကို့ရဲ့
ဒီနေ့ကျရောက်တဲ့မွေးနေ့ကိုလဲ
ညီလေး ဆုမွန်ကောင်းတောင်းပေးပါတယ်
ချစ်ကိုကြီး ဘို
ယနေ့ကျရောက်တဲ့ မွေးနေ့မှသည်
နှစ်များစွာတိုင် မပူမပင် မကြောက်ကြ မတောင်းတသော
ပျော်ရွှင်သည့်ဘဝကို ကျမ်းမာ ချမ်းသာစွာဖြင့်
ချစ်ခင်ကြင်နာသောသူများဝိုင်းရံလို့
အေးချမ်းသာယာသောဘဝကို လျှောက်လှမ်းနိုင်ပါစေလို့

စနေဆိုတာကို စိတ်ထဲမထားနဲ့နော်

ချစ်ခင်လေးစားစွာဖြင့်
အကိုရဲ့
ညီလေး
ဖိုးစိန်

Anonymous said...

I read your post with great interest and sympathy. I respect you for what you have done for your family and for your education. You have a very nice writing style. I look forward to reading the remaining part of this post.

မယ့်ကိုး said...

ပျင်းစရာကောင်းတဲ့ စာရှည်ကြီး မဟုတ်ပါဘူး။တလေးတစား စိတ်ပါဝင်စားစွာ ဖတ်သွားပါတယ်။ စနေ ဆိုတာနဲ့  ပက်သက်ပြီးလည်း ထိထိခိုက်ခိုက်ခံစားရပါတယ်။
ကျွန်မ လည်း အငယ်ဆုံးစနေသမီးပေမယ့် ပြောချင်တဲ့သူတွေ ပြောတာ ခံခဲ့ရတာပါ။
အစ်ကိုစာက အရမ်းကောင်းပါတယ်။ အသေးစိတ်အကျယ်ချဲ့ ရေးရင် ပိုကောင်းမယ့် စာစုရှည်ပါ။
နောက်ဆက်တွဲကိုလည်း မျှော်နေပါတယ်။

မေငြိမ်း said...

ဖတ်ရင်းနဲ့ မျက်ရည်လည်မိတယ်..
ဆက်သိချင်ပါတယ်.. ကျမတို့ တိုင်းပြည်က လူငယ်လေးတွေရဲ့ ဘ၀ဒဏ်ရာတွေကို.. တရားခံတွေကိုလည်း စိတ်နာနေမိပါတယ်။

tune said...

yeah, read all.
i think some part is missing .
about ur beloved " Ma Ma" :P.
Just kidding ..
Happy Belated Birthday !

Anonymous said...

Part 2???

Anonymous said...

ဆရာအောင်သင်းပြောခဲ့တာလေး အမှတ်ရမိတယ်။ ထိပ်ဆုံးရောက်အောင်ကြိုးစားဖို့ သို့မဟုတ် အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့ အဲ့ဒီလူတစ်ယောက်ရဲ့ ပတ်ဝန်းကျင်ကို အဲ့ဒီလူက မခံချင်စိတ်တစ်ခုရှိရှိကြိုးစားရင်းနဲ့ အောင်မြင်လာရတယ်ဆိုတဲ့အကြောင်းလေး။ ရုပ်ဆိုးတဲ့ သူဟာ သိမ်ငယ်စိတ်နဲ့တစ်ခြားတစ်ဖက်မှာ အများအားကျလာအောင် လေးစားလာအောင် လုပ်ယူရတဲ့အဖြစ်လေး ပြောခဲ့ဖူးတယ်။ ဘာပဲပြောပြော သားဦးစနေဆိုတဲ့ စကားလေးကြောင့် အစ်ကို ပညာရေးမှာပိုထူးချွန်လာခဲ့တယ်ဆိုတော့ လာချင်းကောင်းပါတယ်ဗျ။

Cheers!

Lucifer said...

ကံကြမ္မာရဲ့စုတ်ချက်တိုင်းကမလှပခဲ့ပေမယ့်..အကို့ရဲ့ကြိုးစားမှုနဲ့ ပြုပြင်လိုက်တော့ လှပပြီးတန်ဖိုးရှိတဲ့ ပန်ချီကားတစ်ချပ်တော့ရခဲ့ပါတယ်..
အကိုဟာမိသားစုပေါ်မှာတာဝန်ကျေခဲ့တယ်..
မိဘရဲ့ကျေးဇူးကိုသိတတ်ခဲ့သလို တုန့်ပြန်ခဲ့တယ်..
မိသားစုအတွက် ကိုယ်ကျိုးကိုတောင်စွန့်ဖို့ စဉ်းစားခဲ့တဲ့ အကို့ စိတ်ဓာတ်ကို အမြဲးလေးစားပါတယ်..
အကို့ကိုမွေးခဲ့တဲ့ အကို့ မေမေ .. ဖေဖေ တို့ကလည်း အကို့ရဲ့ကြိုးစားမှုကြောင့် ဝမ်းသာပြီး ကျေနပ်နေကြမှာပါ..

နွေးနေခြည် said...

အကို့ကိုတော့ လေးစားသွားပြီ...

ညီမလဲ အကြီးဆုံး စနေသမီးပါပဲ...
အပြောတော့ ခံခဲ့ရပေမယ့် အကို့လောက်တော့ အပြောမခံခဲ့ရဘူး။
လူတွေက စနေဆိုရင် ခုခေတ်ထိ လန့်နေကြတုန်းပဲ... ညီမကတော့ စနေဆိုတာနဲ့ အလိုလိုကို ခင်နေမိတယ်။ အဲလို သူများတွေကြောက်တဲ့ စနေဖြစ်ရတာတောင် ကျိတ်ပြီး ဂုဏ်ယူနေသေး ဟဲဟဲး)

mstint said...

စနေသားဦးဆိုရင်စကားပုံကနှိပ်ကွပ်ပြီးသားမို့
လူတွေကအစွဲအလန်းတစ်ခုလိုဖြစ်နေတာပါ ဘိုဘိုရေ။
တီတင့်လည်းစနေသမီးပေမယ့်ဘိုဘို့လိုလိမ်မာတာကြောင့်
ဆွေမျိုးအသိုင်းအဝိုင်းတစ်ခုလုံးကအပြစ်တင်တာမျိုး
တစ်ကြိမ်တစ်ခါမှမကြားဖူးပါဘူးကွယ်။ ဆိုးတာလိမ္မာတာ
နေ့နံနဲ့သတ်မှတ်လို့မရပါဘူး သက်ဆိုင်သူရဲ့ သန္ဓေပေါ်
မှာသာမူတည်ပါတယ်လေ။ ဘိုဘို့အကြောင်းလေးတွေ
ဖတ်ရတာစိတ်ကြည်နူးစရာကောင်းတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အတွေးကမ္ဘာ..မှတ်တမ်း said...

ကောင်းလှချေလား ကိုဘို ရ.. ဘဝတွေ က ဒီလိုပါပဲ ဗျာ... လောကဓံကြုံ၊ မဖြုံတမ်းပေါ့ မတုန်စမ်း နဲ့ စိတ်ခိုင်စေ တဲ့ ၃၈ ဖြာမင်္ဂလာ ပဲ သတိရပါဗျာ.. အားပေးလျှက်..

rose of sharon said...

ဖတ်ပြီးစိတ်မကောင်းဖြစ်မိတယ်... ဒါပေမဲ့ ကောင်းမြတ်တဲ့စိတ်ထားတဲ့ ကြိုးစားမှုဇွဲကိုတော့ ချီးကျူးမိတယ်...

Anonymous said...

ရေးထားတာကြာပြီပဲ။ နောက်ဆက်တွဲက ဘယ်မှာလဲ။ ဦးဘို ကျောင်းဆက်တက်ဖြစ်လို့ နောင့်တို့ ဒီမှာ ခုလို ခင်ခွင့်ရတာသိပေမယ့်...ဆက်ပီးတော့ ဖတ်ချင်သေးတယ်။ ဦးဘို တော်လိုက်တာ။


နောင့်

Anonymous said...

ကံကြမ္မာရိုက်ခတ်တဲ့ဒဏ်ကို ကြံ့ကြံ့ခံပြီး ဖြတ်သန်းခဲ့တာကို အရမ်းလေးစားမိတယ်။ ဘဝအမောကို ဟာသနှောပြီး ရေးသွားတာ အရမ်းကို ဖတ်လို့ကောင်းပါတယ်။ ဒီပို့စ်ဖတ်ရင်း ဝမ်းနည်းလာလိုက် ပြုံးမိလိုက် မျက်ရည်ကျလိုက် လေးစားအားကျလိုက်နဲ့ ခံစားချက် မျိုးစုံ ခံစားသွားရတယ်။ အဆက်ပြန်ရှာဖတ်လိုက်ဦးမယ်.. :)
~ သဉ္ဖာ ~

မိုးခါး said...

ထပ်ဖတ်တော့လည်း ညက်ရည် ၀ဲချင်သွားတယ် ..း(
ဒါမယ့် ဘာပြောပြောခုတော့ အကျိုးတရားတွေ ခံစားနေရပြီ မှတ်လား .. ကိုဘိုကွ ဖိုက်တင်း ....
မနေ့ကပြောတဲ့ ကိစ္စလည်း မမေ့နဲ့ဦးနော် .. အချိန်က ဒီတိုင်း မနေဘူး .. :D