Friday, August 28, 2009

သံယောဇဉ်



ဒီရက်ပိုင်း အလုပ်လေး နဲနဲ ရှုပ်နေတဲ့အတွက် စာတွေလဲ မရေးဖြစ်၊ အသစ်လဲ မတင်နိုင်သေးပါဘူး။
Tag ကြွေးတွေလဲ အမြန်ဆုံး ရေးပေးပါ့မယ်ခင်ဗျာ။ ကိုရွာသားလေး Tag တဲ့ ရင်ထဲက ပန်းလေးတစ်ပွင့် အကြောင်းက ရေးနေလက်စ၊ မပီးသေးပါဘူး။ ဖွားမေ့ (အဲလေ) မက်မက် ပြောပြခိုင်းထားတဲ့ အချစ်အကြောင်းဆိုတာကတော့ ခေတ္တ သည်းခံပေးပါအုံးလို့ အနူးအညွတ်တောင်းပန်ချင်ပါတယ်။ မခင်လို့၊ အလေးမထားလို့ မရေးတင်ပေးသေးတာ မဟုတ်မှန်းလဲ နားလည်နိုင်ကြမယ် မျှော်လင့်ပါတယ်။
လာလည်ကြတဲ့ မိတ်ဆွေတွေ ဖတ်ဖို့ ကျွန်တော် ကြိုက်လို့ သိမ်းထားဖူးတဲ့ နေဆူးသစ် ရဲ့ ကဗျာလေးတစ်ပုဒ်နဲ့ ဆားချက် (ဟုတ်ပါဘူး) မျှဝေ ခံစားလိုက်ပါတယ်။





သံယောဇဉ်*




အိပ်မက်လို ပျောက်သွားခဲ့ရင်

ရယ်မောဟားတိုက်ပစ်လိုက်ချင်ရဲ့

အဲ့ဒီကြိုးနှစ်ချောင်းပူး.. ကျစ်ဆံမြီးကိုပဲ

အပ်ပေါက်ထဲ ဖြည့်စွက်ထည့်နေခဲ့ကြ...။


စက္ကူဖြူတွေလောင်ကျွမ်းသွားတဲ့မီး၊

ပြာမှုန်ဖြန့်ကျက်ဧကများ

ခဏခဏ ရေးချွတ်ခဲ့တဲ့အမှားတွေလေ...။


အတိုင်းအဆသက်သက်

အရည်အသွေးသက်သက်

ပိုင်းခြားဖို့ မဖြစ်နိုင်တဲ့

သတ်ပုံကလည်း အများသား...။


လက်ဖ၀ါး၊ ခြေဖ၀ါး၊

ပြီးတော့...

နှလုံးသား

အားလုံးကို တီးခေါက်ကြည့်မိခဲ့

သံစဉ်လှလှလေးတွေ ထွက်မထွက်...။


ချိတ်နှစ်ချောင်းနဲ့ မညီမျှ

အဓမ္မဖိစီးတဲ့ ၀မ်းတွင်းနာက

ရင်အုံတစ်ခုလုံးကို

ပြောင်းပြန်လှန်ပစ်နေတော့တယ်...။ ။



(နေဆူးသစ်)


ဓာတ်ပုံလေးကို ဒီကယူပါတယ်ဗျာ။
Photo Credit to....


မေတ္တာဖြင့်
မိုးကုတ်သား

Sunday, August 23, 2009

တံခါးများ

သွားနေလာနေကျပါပဲ
ဧည့်ခန်းလေးထဲ ခွန်းတုံ့စကားမဆို
စကားပိုတွေ မပြောပေမဲ့
အသံမဲ့ သံစဉ်တွေကြား
စည်းဝါးလိုက်ရင်း ရင်ခုန်ကြည့်မွေ့။

အပြုံးတွေနဲ့ နှုတ်ဆက်ချင်မှ နှုတ်ဆက်မယ်
နှလုံးအိမ်ထဲမှာတော့ နှစ်လိုဖွယ် စေတနာတွေ အပြည့်နဲ့ရယ်
မပီမသ မထင်မရှား
ဧည့်ဆောင်တံခါးဝမှာ
အခါခါ သွားလာလည်ပတ်လို့။

သံယောဇဉ်တွေက တစစပတ်ရစ်ပေမဲ့
ဖြူစင်တဲ့ ရှင်းသန့်ခြင်းတွေနဲ့ရယ်ပါ
မျက်ကွယ်မှာ ပျက်ရယ်တွေလဲ မပြုခဲ့ပါဘူး
ကျောရိုးစူးစေမဲ့ နောက်ကွယ်ကဓားချက်တွေနဲ့
မထိုးနှက်ခဲ့ပါဘူး။

တစ်ချို့ဧည့်ခန်းမတွေက
တံခါးပိတ်တိတ်ဆိတ်သွားတဲ့အခါ
မျှော်လင့်ခြင်းတွေနဲ့လူးလားခေါက်တုန့်
ဖြတ်လျှောက်လိုက် ရပ်စောင့်လိုက်
တိတ်တဆိတ် နားဆင်ခဲ့တဲ့
သူတို့ရဲ့သံစဉ်တွေကို
နှစ်လိုတမ်းတသူတွေ ရှိနေခဲ့တာ
သိနိုင်ခဲ့ပါရင်.....။ ။


(It doesn't look like you have been invited to read this blog. If you think this is a mistake, you might want to contact the blog author and request an invitation.)

You're signed in as #########@####.com - Sign in with a different account

အသေအချာ သွားရောက်ပြီး တိတ်တဆိတ် လည်ပတ်ဖူးတဲ့ ဧည့်ခန်းလေးတစ်ချို့ဆီ သွားတိုင်း ဒီစာလေးက တံခါးဝမှာ ချိပ်ပိတ်ကာ တားဆီးထားလေတော့

ပုံကလေးကို ဒီက ယူထားပါတယ်ခင်ဗျာ


မေတ္တာဖြင့်
မိုးကုတ်သား

Wednesday, August 19, 2009

ရင်ဘတ်ချင်း ရိုးသားသူများအတွက်သာ



မတော်တဆလည်း မဟုတ်၊ အမှတ်တမဲ့တွေလည်းမဟုတ်ခဲ့ကြ။ မမျှော်လင့်ပဲ ရင်ဘတ်ချင်း နီးစပ်စွာ ခင်မင်ခဲ့ကြသူတွေ။ ဒီအထဲမှာမှ တွေ့ဖူး၊ မြင်ဖူးကြသူတွေ ရှိသလို၊ မတွေ့ဖူး မမြင်ဖူးပဲ ခင်တွယ်ခဲ့ကြသူများ။ မကြီးနော် မုန်းတီးလေသော သူတို့ချင်း မချစ်ပဲ တီတွေလို ထွေးလုံးရစ်ပတ် နေမှုမျိုးကိုတော့ ကျွန်တော် မနှစ်ြမို့ပါ။ အကြောင်းမှာ ကျွန်တော်က တီကောင်တွေကို ရွံရှာ စက်ဆုပ်သောကြောင့် ဖြစ်သည်။



**************************************


ကျွန်တော်သည် လူတော်လူကောင်းတစ်ယောက်ဟု မဟစ်ကြွေးပါ။ သို့သော် လူယုတ်မာတစ်ယောက်တော့ မဖြစ်စေရ။
ကျွန်တော်ရေးသောစာတွေသည် ကျွန်တော် ကြီးပြင်လာရာအတိတ်၊ ကျွန်တော့်ခံစားမှုအတွေးများကို ဖောက်ချထားခြင်း သက်သက်မျှသာ။ တချို့တလေ (ဒါမှမဟုတ် အတော်များများက) ကျွန်တော့် ညည်းချင်းတွေ ဖြစ်ချင်ဖြစ်နေမည်။ စာဖတ်သူအတွက် ရသ တစ်စုံတစ်ရာ ရ၊မရ ကျွန်တော် မသိသော်လည်း လာလည်ကြသူတွေကိုတော့ အဆိပ်အတောက်တွေနှင့် တစ်ခါဖူးမျှ ဧည့်မခံဖူးတာ အားလုံး သိကြပါလိမ့်မည်။
ကျွန်တော် ဘလော့ရေးခြင်းမှာ နာမည်ကြီးချင်လို့လဲမဟုတ်။ ကိုယ်ရည်သွေးဖို့လဲမဟုတ်။ ကျွန်တော် စာရေး မကောင်းလှတာ၊ ဆက်ဆံရေး ညံ့ဖျင်းတာ ဘာသာ သိနေသည့်အတွက်လည်း လာလည်သူ ဘယ်လောက်ကျဲကျဲ ကျွန်တော် ရေးနေမြဲ။ အားပေးသူ နည်နည်းနဲ့ ကျွန်တော် အားတွေပြည့်နေမြဲ။ ကျွန်တော့်ကို သည်းခံအားပေးကြသော မိတ်ဆွေများ အားလုံးကို ကျေးဇူးတင်ပါသည်။ အားမပေးကြသူများကိုလည်း ကျေးဇူးတင်ပါသည်။ ဝေဖန်မှုများကိုလဲ အမြဲ ကြိုဆိုပါသည်။
ကျွန်တော် စာတွေရေးသည်။ ရေးချင်တာတွေ ရေးနေသည်။ ရေးချင်တဲ့အခါ ရေးသည်။ ကြိုက်သူတွေ ရှိမည်။ မကြိုက်သူတွေ ရှိမည်။ လွတ်လပ်စွာ ကွဲလွဲနိုင်ပါသည်။
သို့သော် မိုးကုတ်သားသည် အပြင်က ကျွန်တော်နှင့် တစ်ထပ်တည်း ကျချင်မှ ကျမည်။ အပြင်က ကျွန်တော်သည် လွတ်လပ်ပျော်ရွှင်စွာ ရွှတ်နောက်နောက် နိုင်ချင် နိုင်မည်။ ခင်မင်တတ်သလို မေ့လျော့တတ်သူလဲ ဖြစ်ချင်ဖြစ်နေမည်။ သို့သော် ကျွန်တော့်ခင်မင်မှုသည် ကျွန်တော့်စာများကဲ့သို့ မည်သူ တစ်ဥိးတစ်ယောက်ကိုမျှ အဆိပ်အတောက် မဖြစ်စေရ။ မည်သူတစ်ဦးတစ်ယောက်၏ ဂုဏ်သိက္ခာကိုမျှလဲ မထိပါး၊ မစော်ကားပါ။


*****************************************************


လျှို့ဝှက်ခြင်းသည် မရိုးသားခြင်း မဟုတ်သလို၊ ပွင့်လင်းခြင်းသည်လဲ ရိုးသားခြင်းဟု အပြည့်အ၀ ယူဆ၍ မရပါ။ ထို့ကြောင့် ကျွန်တော်သည် စိုင်းစိုင်းလားရှိုးသော့ကို ရင်ဘတ်နှင့် ခံစားမိ၏။

လောကကြီးသည် အဆိုးအကောင်းတို့နှင့် ညီမျှခြင်း၊ မညီမျှခြင်းတွေကြား သူ့ဘာသာ နေသားတကျ ရှိနေသည်။ ထိုအခါ ထင်းထင်း လူ့သဘာဝ က ကျွန်တော့်ရင်ဘတ်ထဲ အလည်လာလေသည်။

ကျွန်တော့်အိမ်ကလေးသည် ခမ်းနားကြီးကျယ်ခြင်းများ မရှိပါ။ တနည်းအားဖြင့် နွေးထွေးလုံခြုံမှုတွေလည်း အပြည့်အ၀ ပေးနိုင်လိမ့်မည် မဟုတ်ပါ။ သို့သော် ကျွန်တော် မသိမ်ငယ်ခဲ့။ ထိုအခါ ဇက် လို “ အကိုးအကားနှင့် ချောင်းဆိုးပြတတ်ဖို့ ” ကျွန်တော် အားတွေ ပြည့်လို့နေခဲ့သည်။

ထိုအခါမျိုးမှာတော့ ကျွန်တော်တို့ ဘလော့ခ်မှာ စာရေးသူတွေ အများစုအတွက် အားပေးမှုများက အမှန်တကယ် စာရေးဖို့ တွန်းအားတစ်ရပ် ဖြစ်စေနိုင်မှန်းကို အမှန်အတိုင်း ၀န်ခံရပါလိမ့်မည်။ ကော်မန့်များမှ ရသော ပီတိအကြောင်း အတော်များများ ဖတ်ဖူးကြပါလိမ့်မည်။ ထိုအထဲမှ ချစ်ခြင်းတစ်ခုကို လင်းလက်စွာဓ ဆန်းသစ်လှပသော စကားလုံးများဖြင့် သီကုံးနေသည့် ညီမငယ် မယ်ကိုး “ ချစ်ခြင်းတစ်ခုရဲ့ စစ်တမ်း ” က ရင်ဘတ်ကို တည့်တည့် ၀င်ဆောင့်လာသည်။

တစ်လုပ်မျှ စားဖူးသော်လည်း ကျွန်တော်သည် သူတထူး၏ ကျေးဇူးကို မမေ့လျော့ခဲ့ပါ။ အခြေအနေ အမျိုမျိုးကြောင့် ဆပ်ခွင့် မကြုံသေးသော်လည်း သရော်စော်ကားမှုများနှင့် ကျေးဇူးကန်းမှု မပြုတတ်ခဲ့။ သို့သော် ကျွန်တော်၏ ဖြူစင်သောစေတနာများကို တခါတရံ အရောင်ဆိုးခံရဖူးသည်။ ထိုအခါ ကျွန်တော့ရင်ဘတ်ကြီးက ချစ်ညီလေး မျောက်မျောက်(ဖိုးစိန်)“ ကံအလှည့်ဆိုတာ ” ကို အမှတ်ရလို့ နေတော့မည်။

တရားခြင်း၊ မတရားခြင်းတွေနဲ့ စကားတင်း၊ စကားဖျင်းတွေကြား ကျွန်တော် မွန်းကျပ်လာတိုင်း ညီမလေး နွေးနေခြည် ရဲ့ “ ဆင်ခြင်မှု ” ကို ရင်ဘတ်ထဲအရောက် နှလုံးသွင်းမိလာတတ်ပြီ။

တန်ဖိုးရှိခြင်းမရှိခြင်း၊ သစ်လွင်ခြင်း ဟောင်းနွမ်းခြင်းတွေထဲမှာ စိတ်ဓာတ်တွေ ရင့်ရော်လာတိုင်း နွမ်းရိမသွားအောင် ဖွပ်လျှော်ဖို့ ကြိုးစားတဲ့အခါများစွာမှာ ကိုရင်နော် ရဲ့ “ ငါးရာကျပ်တန် ” လေး ကိုသာ ပြေးပြေး မြင်နေမိတတ်တယ်။

အခန်းကျဉ်းလေးထဲမှာ တစ်ယောက်ထည်း ချောင်ပိတ်မိနေတဲ့ အခါတိုင်း မခင်လေး ရဲ့ “ လရောင်ချိုးတဲ့...ည ” ကို မွတ်မွတ်သိပ်သိပ် တမ်းတလို့။

တစ်ယောက်တည်း ၀မ်းနည်း အထီးကျန်မှုတွေကို ခံစားရလေတိုင်း အမအိန္ဒြာ ၏ စိတ်ဘွဲ့ရတုကဗျာလေးကို ကျွန်တော့်ရင်ဘတ်က ရွတ်ဆိုနေတတ်ခဲ့တယ်။

စိတ်ဘွဲ့ရတု

စိတ်ချင်း ကွန်ယက်တစ်ခုလို့ ချိတ်ဆက်ခဲ့
လေလှိုင်းက ပို့တဲ့ မေတ္တာဓါတ်တွေနဲ့..
သင်ရော နွေးထွေးပါရဲ့လား..မိတ်ဆွေ..
စိတ်ချည်း သက်သက် ရောက်လာခဲ့တဲ့
ပရိတ်သတ်အလည်မှာ...
စိတ်ဟာ..စိတ်ရှိလက်ရှိပျော်ရွှင်လို့ရယ်ပေါ့...

ဘယ်မှာ အထီးကျန်ပါ့မလဲ...
ငါတို့ဘေးနားမှာ...
ဆွေမျိုးအရင်းအချာ
စိတ်တွေ..ရာထောင်မကရှိနေတယ်...။

“ အိန္ဒြာ ”

နောက်ကျောမှာ လတ်လတ်ဆတ်ဆတ် အထိုးခံထားရသော ဓားဒဏ်ရာက သွေးစက်စက်ကျကာ ဒီစာကိုရေးနေတုန်း ကျွန်တော့်ရင်ဘတ်ထဲကို မကြီးနော်“ အဖြူရောင်သက်တံ ” တစ်စင်းက ရောင်စုံသီချင်းတွေ ဆိုပြလေတော့ ဒဏ်ရာသွေးတွေ တိတ်ကာ နာကျည်းမွန်းကျပ်နေသော စိတ်တို့က လွတ်လပ်ပေါ့ပါးစွာ ပြုံးရယ် ကခုန်လို့ နေပြန်တော့သည်။

အဲဒီအခါမှာတော့ ငယ်စဉ်ကလေးဘ၀ကလို အဖြူထည်သက်သက်နှင့် ရယ်မောပျော်ရွှင်စွာ ဆော့ကစားဖူးကြသလို ဒီအရွယ်ရောက်မှ ဟန်ဆောင်မှုကင်းကင်း၊ ချစ်ခင်ရင်းနှီးခြင်းတွေနှင့် (ကောင်းကင်ပြာရဲ့ သွားကြားထိုးတံ တစ်ဖြစ်လဲ) ဆောင်းချမ်းမိုး ရဲ့ “ ညအခါ လသာသာ ” မှာ လွတ်လပ်ပေါ့ပါးစွာ ဆော့ကစား ရယ်မောနိုင်သွားပြန်ပါရော။

ကျွန်တော့်ရင်ဘတ်ထဲက မြောက်များလှစွာသော အသံတွေကို ချရေးလို့ဖြင့် ကုန်နိုင်ဖွယ် မရှိတော့ပြီ။ ဒီ့ထက်ဒီ ချရေးပါက တစ်ထောင့်တစ်ည ပုံပြင်ထက် ပိုကာ ရှည်လျားနေလေရော့မည်။ ရင်ဘတ်ခြင်း နီးစပ်သည်၊ မနီးစပ်သည်၊ အရောင်တူသည်၊ မတူသည် ထက် ကျွန်တော်တို့ကြားက ဖွဲ့နှောင် ထားသော သံယောဇဉ် နှင့်သီသည့် ချစ်ခြင်းကြိုးများ မှ မေတ္တာသံစဉ်..။ ထိုသံယောဇဉ်တို့သည် တစ်ချို့အတွက်တော့ ကျီး ဘုတ်မြှောက်၊ ဘုတ် ကျီးမြှောက် ဖြစ်ချင်ဖြစ်မည်။ အေးမြငြိမ်းချမ်းသော ချစ်ခြင်းမေတ္တာထက် ဖေတော့မောင်တော့ ချစ်ခြင်းမေတ္တာလောက်သာ နားလည်ခံစားတတ်သူများအတွက်တော့ အော်ဂလီ ဆန်ချင်စရာ ဖြစ်ကောင်း ဖြစ်နေလိမ့်မည်။ တစ်ကြိမ်ထပ်ကာ ကျွန်တော် ပြောချင်သည်။ ကျွန်တော်တို့ကြားက ဘာသာဗေဒသည် သံယောဇဉ် နှင့်သီသည့် ချစ်ခြင်းကြိုးများ မှ ထွက်လာသည့် သံစဉ်သက်သက်သာ ဖြစ်ပါသည်။ ကြားနိုင်သူမှသာ ကြားနိုင်ကြမည် ဖြစ်သောကြောင့် ကျွန်တော်တို့၏ ရင်ဘတ်ကို ဖွင့်သော သော့တစ်ချောင်း လိုပါသည်။ ထိုသော့ဖြင့် သင့်ရင်ဘတ်ကို ဖွင့်ကြည့်ကာ နားဆင်ပါ။ သံယောဇဉ် နှင့်သီသည့် ချစ်ခြင်းကြိုးများ မှ မေတ္တာသံစဉ် ကို သင်ကြားနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါသည်။ ထိုသံစဉ်များကို ကြားနာဖို့အတွက် ကျွန်တော်ပြောခဲ့သော “တီကောင်” များတွင် နားရှိမည် မဟုတ်တာ သေချာပါသည်။
ခုတော့ အတူတကွ ကဗျာလေးတစ်ပုဒ်ကို သံစဉ်ထွက်မထွက် ရွတ်ဆိုကြည့်ကြချင်ပါသေးသည်။ စိတ်ပြူတင်းတံခါးများ၏ တဘက်တချက်တွင် ရှိနေကြသော သင်တို့ ကျွန်တော်တို့ကြား သံစဉ်၏ အရောင်သည် မည်မျှ ကွာခြားနေမည်လဲ။

ည ၁၂ ရီထိုးတာနဲ့ ကောင်းသောညပါလို့
ကမ္ဘာတစ်ခြမ်းကို ကမ္ဘာတစ်ခြမ်းက နှုတ်ဆက်ပြီး
ကမ္ဘာတစ်ခြမ်းက အနွေးဓာတ်နဲ့
ကမ္ဘာတစ်ခြမ်းမှာ မီးလင်းဖိုလေးတစ်ဖိုနွှေးတဲ့အခါ ..
ကမ္ဘာတစ်ခြမ်းစီဟာ ..
(စိတ်ထဲမှာ)အတူယှဉ်တွဲနေထိုင်ကြတယ် ...။
........
ရေးသားသူ- *Zephyr*

********************************

“ရင်ဘတ်ချင်း ရိုးသားကြသူများမှအပ မည်သူမျှ ခံစားနားလည်ပေးရန် မလိုအပ်ပါ”
ပုံ..
မိုးကုတ်သား


မေတ္တာဖြင့်
မိုးကုတ်သား

Tuesday, August 18, 2009

အနိုင်မခံ



William Earnest Hentey ရဲ့ INVICTUS ဆိုတဲ့ ကဗျာလေးပါ တဲ့။ ဘာသာပြန်သူကိုတော့ ကျွန်တော် မသိတော့ပါဘူး။ စာအုပ်ထဲမှာ ရေးကူးထားတာ ပြန်ဖတ်ရင်း အားလုံးနဲ့ မျှဝေခံစားချင်လို့ပါ။

(တခြားသူ ဘာသာပြန်တာ မဟုတ်ဘူးနော်... သခင်အောင်ဆန်းဆိုတဲ့ ဒို့ဗိုလ်ချုပ် ဘာသာပြန်တာလို့ မှတ်သားဖူးတယ်...

အိုးဝေ မဂ္ဂဇင်းအတွဲ (၆)၊ အမှတ် (၁)၊ ၁၉၃၆ ခုနှစ်တဲ့)......

အခုလို ပြောပြပေးတဲ့အတွက် ကျေးဇူးပါ ကိုဂျိုးးး ရေ.......။ ;-)







အနိုင်မခံ

ငါ့အား ဖုံးလွှမ်းအပ်သည့်
ညဥ့်နက်သန်းခေါင်အမှောင်တွင်းမှ
အသူရာတမျှ နက်လှသော
ချောက်ကမ်းပါးအတွင်းမှ
ငါ၏ မကြောက်တရားကို ဖန်တီးထားသည့်
နတ်သိကြားများကို ငါကျေးဇူးတင်ပါ၏။

လောကဓံတရား၏ ကြမ်းကြုတ်သောလက်ဆုပ်အတွင်းသို့
ငါသက်ဆင်းကျရောက်ငြားလည်း
ငါကား မတုန်လှုပ်၊ မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်းကြောင့်
ငါ၏ဦးခေါင်းတို့သည် သွေးဖြင့်ချင်းချင်းနီ၏။
သို့သော်.. ညွှတ်ကားမညွှတ်။

လောဘ၊ ဒေါသတို့ ကြီးစိုးရာ
ဤကမ္ဘာ၏အခြားမဲ့၌
သေခြင်းတရားသည် ကြောက်ဖွယ် ငံ့လင်၏
သို့သော်.. ငါ့အား မတုန်လှုပ်သည်ကိုသာတွေ့ရအံ့။
နောင်တွင်လည်း မကြောက်ရွံ့သည်ကိုသာလျှင်
အစဉ်တွေ့ရလတ္တံ့။

သုဂတိသို့သွားရာ တံခါးဝသည်
မည်မျှပင် ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ခွေးပုရပိုဒ်တွင်
ငါ၏အပြစ်များ မည်မျှပင် ရေးခြစ်ထားစေ
ငါသာငါလျှင် ငါ့ကြမ္မာ၏အရှင်
ငါသာငါလျှင် ငါ့ဘ၀၏ သခင်ဖြစ်သည်။ ။




ကျွန်တော် ဒီကဗျာလေးကို ကူးတင်ပြီး ထုံးစံအတိုင်း Flickr မှာ ကဗျာ အတွက် ပုံလေးတွေ ရှာတော့ အပေါ်က ပုံလေးကိုတွေ့ပါတယ်။ ထုံးစံအတိုင်း ကူးလိုက်ပါတယ်။ပြီးတော့ တင်ရင်း ဘယ်သူရိုက်တဲ့ ပုံလဲ စပ်စုမိတော့ တိုက်ဆိုင်စွာပဲ အဒီပုံလေးအောက်မှာ ဘာသာပြန်ထားတဲ့ ကဗျာရဲ့ မူရင်းလေးကို သွားတွေ့ပါတယ်။ သူ ရေးထားလို့ ဒီကဗျာလေးရဲ့ ခေါင်းစဉ် Invictus က လက်တင် ဘာသာစကား ဖြစ်ပြီး unconquered လို့ အဓိပ္ပါယ် ရပါတယ်တဲ့။ အပြည့်အစုံ ဖတ်ချင်ရင်တော့ ဒီနေရာလေးကနေ သွားဖတ်ပါခင်ဗျာ။

Out of the night that covers me,
Black as the Pit from pole to pole,
I thank whatever gods may be
For my unconquerable soul.

In the fell clutch of circumstance
I have not winced nor cried aloud.
Under the bludgeonings of chance
My head is bloody, but unbowed.

Beyond this place of wrath and tears
Looms but the horror of the shade,
And yet the menace of the years
Finds, and shall find me, unafraid.

It matters not how strait the gate,
How charged with punishments the scroll,
I am the master of my fate;
I am the captain of my soul.
.................................
မေတ္တာဖြင့်
မိုးကုတ်သား


Thursday, August 13, 2009

ချစ်ခဲ့မိတဲ့ ညနေခင်းတစ်ခုအကြောင်း



တစ်ခုသော ညနေချမ်းမှာပေါ့။
ကောင်းကင်ကြီးက တိမ်တစ်အုပ်နဲ့ ပြာမှောင်မှောင် ဖူးဝေလို့။ အိပ်တန်းပြန် ငှက်တစ် ချို့က ပင်လယ်ပြင်ကြီးကို ဖြတ်လို့ ပျံသန်းနေလိုက်ကြတာ။
သုတ်ခနဲ တိုက်ခတ်လာတဲ့ ပင်လယ်လေထဲက ဆားငွေ့ တွေကို အားပါးတရ ရှူရှိုက်ရင်း ပင်လယ်ထဲ ဆင်းဆော့ကာ ပျော်မြူးနေကြသူတွေဆီ အာရုံတွေ ရောက်သွားတယ်။

သူတို့ ပျော်ရွှင်နေကြတာတွေကြည့်ပြီး ကျွန်တော်လဲ ပျော်လာတယ်။ ရေထဲမှာ လူ အယောက်သုံးဆယ်လောက် ရှိတဲ့ အုပ်စု တစ်စု။ ၀တ်စုံ အနီနဲ့တစ်ဖက်၊ အနက်နဲ့တစ်ဖက် ရေကစားနေကြတယ်။ ကမ်းစပ်က ရေမစိုသူတွေကို ဖမ်းချုပ်ဆွဲခေါ်ပြီး ရေထဲကို ချီမသွားကြ၊ ၀ုန်းကနဲ ရေထဲပစ်ချလိုက်ကြ၊ ဝေးးကနဲ အော်ဟစ်ရယ်မောကြ။ သူတို့ကို ကြည့်ပီး ကျွန်တော့်ရင်ထဲမှာလဲ ဟေးကနဲ ဟစ်အော် ပျော်ရွှင်လို့။

ညနေစောင်းနေပြီမို့ ကျွန်တော် ငေးမောနေမိတဲ့ ပျော်စရာ လူအုပ်တွေလဲ ပင်လယ်ထဲမှာ ကျဲပါးသွားခဲ့ပြီ။
ကောင်းကင်ကလဲ ဆည်းဆာနဲ့ လှပလို့။ တိမ်တွေလဲ ပန်းရောင် လိမ္မော် ရွှေဝါ မီးခိုး အရောင်မျိုးစုံ တောက်စားလင်းလက်။ ပင်လယ်ကြီးတောင် လှိုင်းကြက်ခွပ်တွေနဲ့ လက်လက်ထလို့ နေတယ်။

အဲဒီအချိန်လေးမှာပဲပေါ့။ သူငယ်ချင်းတစ်ယောက်က လက်တို့ပြောတဲ့အတွက် မျက်နှာမူရာ တူရူဘက် ပင်လယ်ကြီးနဲ့ ကောင်းကင်ကြီးကို ငေးမောကြည့်နေရာက လည်ပြန် လှည့်ကြည့်မိတော့...။ လှပတဲ့ ဆည်းဆာကမ်းခြေဟာ လှပတဲ့ ချစ်ခြင်းတစ်ခုနဲ့ ပြည့်စုံတဲ့ ပန်းချီကားတစ်ခုအသွင် ပြောင်းလဲ သွားတော့တယ်။

သိပ်လိုက်ဖက်တဲ့ စုံတွဲလေး။ ချစ်ခင်ကြင်နာမှု၊ မြတ်နိုးယုယမှုတွေနဲ့ နူးညံ့သိမ်မွေ့တဲ့ မြင်ကွင်းလေး တစ်ခုက ကျွန်တော် ကျောပေးထားရာဘက် တည့်တည့်မှာ။ သူတို့ ဘယ်အချိန် ကတည်းက ဒီနားမှာ လာထိုင် နေကြသလဲ ကျွန်တော် မစဉ်းစားအား။ ဖြည်းဖြည်းငြိမ့်ငြိမ့် ဆော့ကစား သွားတဲ့ ညနေခင်းရဲ့ လေပြည်တွေကြောင့် လှုပ်ခတ်သွားတဲ့ သူတို့နှစ်ယောက်ရဲ့ ဆံနွယ်စတွေ၊ ချစ်ခြင်းနဲ့ နူးညံ့ပျော်ဝင်နေတဲ့ မျက်လုံးတွေ၊ အပြုံးတွေ နောက် ကျွန်တော် လွန့်လူး မိန်းမောသွားတယ်။ သိမ်မွေ့တဲ့ ကြည်နူးမှုလေး တစ်ခုက ကျွန်တော့် ရင်ဘတ်ထဲမှာ လှိုင်းစီးနေသလို သိမ့်သိမ့်ငြိမ့်ငြိမ့်။
တမေ့တမော ကျွန်တော် သူတို့ ချစ်သူနှစ်ဦးကို ငေးမောနေမိတယ်။

တစ်ယောက်ခြေထောက်ကို တစ်ယောက်ခြေထောက်က သောင်ပြင်ပေါ်က သဲကလေးတွေနဲ့ ဖုံးအောင် ဆော့ကစားနေလိုက်ကြ၊ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး ပြုံးနေလိုက်ကြ၊ လက်ကလေးတွေ ဆုပ်ကိုင်ထားရင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ရယ်ကြပြန်တယ်။ ကောင်ကလေးရဲ့ မြတ်မြတ်နိုးနိုး အကြည့်တွေထဲမှာ ကောင်မလေးက ကျေနပ်နှစ်သိမ့်စွာနဲ့ ကောင်ကလေးပခုံးကို မှီနွဲ့လိုက်ပြန်တယ်။ ဘယ်လောက် ကြည်နူးစရာ ကောင်းလိုက်သလဲ။

ဒီမြင်ကွင်းလေးမှာ တစ်ယောက်ကိုတစ်ယောက် မယုံကြည်ကြတဲ့ မသင်္ကာမှုတွေ မပါဘူး။ အမျက်ဒေါသသင့်နေတဲ့ နားမလည်ပေးမှုတွေ မပါဘူး။ တစ်ယောက်ကိုတစ်ယောက် စိတ်မချနိုင်တဲ့ ၀န်တိုမှုတွေ မပါဘူး။ အတ္တတွေ ပွက်ပွက်ဆူထနေတဲ့ အနိုင်ယူလိုမှုတွေ မပါဘူး။

ဆော့ကစားနေတဲ့ လေပြေပြေလေးတွေက သူတို့ နှစ်ဦးရဲ့ လူးလူးလွင့်လွင့် ဆံနွယ်တွေကြား ခရီးတထောက် နားနေကြရင်း နူးညံ့လှပတဲ့ ချစ်ခြင်းဖွဲ့ ကဗျာလေးတစ်ပုဒ်ကို ရွတ်ဆိုနေသလို။

ပင်လယ်ဆိုတာ ခုလို လေပြေ တဖြူးဖြူးနဲ့ သာယာကြည်နူးဖွယ်တော့ အမြဲမဟုတ်ဘူး။ မုန်တိုင်းထန်တဲ့နေ့တွေ၊ လှိုင်းကြမ်းတဲ့ ညတွေလဲ ရှိနိုင်သေးရဲ့။ ဖွဲ့သမျှကဗျာတွေတိုင်းဟာ ချစ်ခြင်းတွေချည်း အတိပြီးမယ် မဟုတ်မှန်း သိလဲ။
ကျွန်တော် သူတို့ချစ်သူနှစ်ဦးအတွက် မုန်တိုင်းထန် လှိုင်းကြမ်းတွေ ဘယ်တော့မှ မတွေ့ရပါစေနဲ့လို့ တိတ်တခိုး ဆုတောင်းပေးနေမိတော့တယ်။


မေတ္တာဖြင့်
မိုးကုတ်သား

Tuesday, August 4, 2009

စနေသား နဲ့ ခုတလော ... များ





ခုတလောမှာမှ လုပ်ချင်တာတွေ အများကြီး၊ ဖတ်ချင်တဲ့စာအုပ်တွေ၊ ကြည့်ချင်တဲ့ ရုပ်ရှင်တွေ အများကြီး၊ သွားချင်တဲ့ နေရာတွေ အများကြီး၊ စားချင်တာတွေ အများကြီး။ ဒီကြားထဲ ကြွားချင်တဲ့ ရောဂါက ပြင်းနေပြန်တယ်။ ဒီတော့ သတိလေး ထားပီး ရေးပါမှပဲ။


ခုတလော

တွေးနေမိတာက

စိတ်တွေအကြောင်း
( ကိုယ့်စိတ်ကိုယ် တောင် နားမလည်တာ။ သူတပါး စိတ်တွေ လိုက် နားလည်ပေး ချင်နေမိတယ်။ )


ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက

အချိန်တွေ သိပ်ပြီး ဖြုန်းတီးနေတယ်။


ကျန်းမာရေး

ကိုယ်၊ စိတ် ဖျားနာနေသူတွေကို အားပေးဖို့ ကိုယ်တိုင်က ကျန်းမာဖို့ လိုတယ်။ ကျန်းမာအောင် နေ နေပါတယ်။

ဖတ်ဖြစ်တဲ့စာအုပ်တွေက

ပိတောက်ပွင့်သစ်
မစန္ဒာ ရဲ့ ပန်းစကား ၊ အရိပ်။


ရောက်နေဖြစ်တာက

မချစ်သော်လည်း အောင့်ကာ နမ်းနေရတဲ့ အိပ်ခန်းလေး ( ၀ိဥာဉ်တစ်ခုနဲ့ အတူ နေရလို့ ခုတော့ နဲနဲ ပျော်စ ပြုလာပြီ)


ရေးဖြစ်နေတာက

လောလောဆယ် ဘာမှ မရှိသေးဘူးတဲ့


နားထောင်ဖြစ်နေတာက

Cry On My Shoulder
( ချမ်းသာတာက ချစ်ခြင်းမေတ္တာပဲလေ။ ဒါပေမဲ့ ကျွန်တော့် ပခုံးက သိပ်မကျယ်လှတော့လဲ ခက်သားလား။ )




ရွတ်နေမိတဲ့ကဗျာက

သင်တို့သည် ဘုရားကျောင်း၏ တိုင်လုံးများလို
အတူတကွ သီးခြား ရပ်တည်ကြပါ။
( ဆရာတာရာမင်းဝေ ဘာသာပြန်ထားတဲ့ ကဗျာလေး။ အရင်က အဲဒီကဗျာလေး အလွတ်ရနေအောင်ကို ရွတ်မိတတ်ပီး ခု မရွတ်တာ ကြာလို့ မေ့သွားတဲ့ ဒီခေါင်း၊ ရိုက်ခွဲပစ်ဖို့ပဲ ကောင်းတယ်။ ခါလီဂျီဘရမ်ရဲ့ ကဗျာ မူရင်းကိုတော့ Z က ရှာဖွေတင်ထားပေးတဲ့ အတွက် ကျေးဇူးပါ။ )




ဖြစ်ချင်နေတာက

မဆုံးတဲ့ အိပ်မက်တွေကို မက်ရင်း အိပ်မက်ကနေ ခဏ၊ ခဏ နိုးထဖို့ သတိတရ ရှိဖို့ပေါ့။ ( ကိုယ်ဘာဖြစ်ချင်နေမှန်း မသိတော့ဘူး။ ဖြစ်ချင်တာတွေ များလို့ မေ့တွားဘီ။ ဖြစ်ချင်တာလေး ရေးမယ်ဆို အမှတ်ရမိတာက အမည် မသိ သူတယောက် ပြောတဲ့ စကား။ သူက သူ့အိမ်မက်တွေကိုတောင် သူ့ဗိသုကာ ပညာတွေနဲ့ ထုဆစ်လို့မပြီးစီးသေး။ တဲ့ )

စားဖြစ်နေတတ်တာက

ခေါက်ဆွဲခြောက်ထုပ်တွေ ( အသီးအရွက် စိမ်းစိမ်း၊ လတ်လတ်ဆတ်ဆတ်ဆတ်တွေ ဆာလိုက်ထာ။ ကိုယ်တိုင် ချက်စားရတာ ပျင်းလို့ ခုတော့ သူတပါး ချက်တာ လိုက်စားနေပါတယ် )


သနားနေမိတာက

မျက်နှာဖုံးတွေ ပြောင်းပြောင်းပီး စွပ်နေရတဲ့ မျက်နှာတွေ


လွမ်းနေမိတာက

ထုံးစံအတိုင်း၊ အဖေ၊အမေ အိမ်ရှိရာ ကျွန်တော် ချစ်လှစွာသော မြို့ကလေးပေါ့


မေ့လျော့ပစ်နေမိတာက

အသက် နဲ့ ရက်စွဲများ


ခါးသက်နေမိတာက

အရိုးမရှိတဲ့ လျှာ တွေ


တမ်းတနေမိတာက

အမေ့ရဲ့ ရှမ်းထမင်းချဉ်၊ အဖေ့ရဲ့ ၀က်ခြေထောက် စွပ်ပြုတ်၊ ဘာဘူကြီး ဆိုင်က နံပြားနဲ့ မလိုင်၊ ဆိုက်ပရပ်စ်က စားဖိုမှူးတစ်ယောက်ရဲ့ စပါဂတီ (လေထဲမှာပဲ စားဖူးသေးတယ်) ၊ ဂရုဏာရှင်မလေးရဲ့ ၀က်သားမွကြော်၊ ကဗျာဆရာမရဲ့ ငါးခူနိုင်းချင်းနဲ့ မုန့်ဟင်းခါး၊ အမောင်ငယ်ရဲ့ ဒညင်းသီး လက်ဖက်၊ ကြက်သား ကလေးဖေချက် (အင်းးး၊ ဆက်ရေးရင် ဘယ်လောက် ငတ်လဲ ပို ပေါ်လွင်တော့မယ်)
အိမ်နဲ့ မြို့ကလေးကို တမ်းတနေမိတာ ရေးရရင် စာက ရှည်မယ်။
လျှောက်ခဲ့တဲ့ လမ်းလေး တစ်ခုတော့ တမ်းတနေမိတယ်။ သုံးနှစ်ကျော်လောက် နေ့တိုင်းလျှောက်ခဲ့တဲ့ အဓိပတိ လမ်းမပေါ်က တစ်ယောက်ထဲသော ညတွေဆီ။


ကြိတ်ပြီးချီးကျူးနေမိတာက

တဖြည်းဖြည်း ခက်ခဲ ကျပ်တည်းပြီး၊ ပူလောင်မွန်းကျပ်လာတဲ့ ဘ၀တွေမှာ ကိုယ် ယုံကြည်ရာ လမ်းကို ဇွဲ မလျှော့စတမ်း၊ ရိုးသား မြင့်မြတ်စွာ လျှောက်လှမ်းနေကြသူများ။


ကြိတ်ပြီးအထင်သေးနေမိတာက

မရှိပါ


ဆန္ဒမရှိတဲ့နေရာ

ဆေးရုံ


ဆန္ဒရှိနေတဲ့ကိစ္စ

Face Book ထဲက လယ်ကွက်ထဲမှာ ရတဲ့ ပိုက်ပိုက်တွေ၊ မာဖီးယား ဂိုဏ်း ၀င်မိလို့ ပိုင်ထားတဲ့ ပိုက်ပိုက်တွေ အပြင်မှာ တကယ်ထုတ်သုံးလို့ ရရင် ကမ္ဘာကြီး ငြိမ်းချမ်းရေးကို ၀ယ်ပီး လူတွေ အကုန် ပေးပလိုက် ချင်တယ်။ ကမ္ဘာကြီး စိမ်းလန်း စိုပြေစေချင်တယ်။


မုန်းတီးနေမိတာက

ကမ္ဘာကြီးကို ဖျက်စီးနေကြသူများ


ချစ်နေတာက

လယ်တောလေးး
ကိုယ်ပိုင်လယ်တောလေး အပြင်၊ မကြီးက မျောက်တစ်ကောင်ကို အမွေပေးထားမိတဲ့ လယ်တောလေး သွား သွားပြီး ထိန်းသိမ်းပေးရင်း ခု ချစ်စရာက လယ်နှစ်ကွက် ဖြစ်နေဘီ။


စိတ်ပျက်နေမိတာက

ကိုယ့် ကိုယ်ကိုယ်
(ဘာတွေ လျှောက်လုပ်နေမှန်းမသိဘူး...)


စွဲလန်းနေမိတာက

သဘာဝ လောကကြီးကို


သဘောကျနေမိတာက (မပါလဲ ရေးချင်လို့ ထည့်လိုက်ပါတယ်ခင်ဗျာ)

ဂျီကျ ကောက်လိမ်ပြရင်း ကလေးပေါကြီး လုပ်ကာ စိတ်ဆိုးပြီး ငိုတိုင်း မျောက်အိုကြီးနှင့် တူနေတတ်သော တစ်ယောက်ကို ကြည့်ကြည့်ပြီး ထိုင်၊ ထိုင် ရယ်နေရတာ (သူတပါး ငိုတာကို အနော်က ရယ်စရာ ဖြစ်နေတာက ကောင်းတော့ မကောင်းဘူးပေါ့ဏော)


လိုအပ်နေတာက

အချိန်
( မိတ်ဆွေ၊ သယ်ရင်းတွေကို သူတို့ လိုအပ်ချိန်တိုင်း၊ သတိတရ ရှိချိန်တိုင်း အတူ ရှိပေးချင်တယ်။ မအားဘူး ပြောရလွန်းလို့ စိတ်ဆိုးသူတွေ များနေဘီ။ )


တောင်းနေမိတဲ့ဆု

သတ္တ၀ါ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။ ဆန္ဒ နဲ့ ဘ၀ တစ်ထပ်ထည်း ကျကြပါစေ။


ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက

အိမ်ပြန်ချင်တယ်


ဝန်ခံချင်တာက

ဂဂျိုးညီနောင် ဂဂျောင် တစ်ယောက် အမတော် မဂေါက်နဲ့ ညီမတော် မယ်ပေါက် ထက် အရင် ဦးအောင် မကြီးနော် (မနော်ဟရီ) ရဲ့ Tag Post ကို ပေါ့ပေါ့ပါးပါး၊ အပြေးအလွှား တင်လိုက်ကြောင်းပါ ခင်ဗျား။

မကြီးနော် ကျေနပ်နိုင်မယ် မျှော်လင့်ပါတယ်။


အချစ်အကြောင်း ရေးဖို့ ပြောထားတာ မရေးပေးသေးတဲ့ အတွက် ချစ်ညီမလေး မက်မက် ရေ၊ ရေးပေးမှာပါဏော။ ချိတ်ချိုးနဲ့။ (ခုလောလောဆယ် အချစ်နဲ့ ဝေးဝေး နေချင် နေမိလို့ပါကွယ်)
ခုတလော ဘာတွေများ လုပ်နေကြသလဲ ကျွန်တော် သိချင်နေသူတွေကတော့

၁။ ချစ်ခင်လေးစားရပါသော ဆရာမ အပြုံးပန်း

၂။ ကဗျာဆရာလေး ညိမ်းညို (ရေးဖို့ အချိန်အားလေး ရှိမယ်ဆိုရင်ပေါ့ နယ်ရေ)

၃။ ညီလေး မင်းအိမ်ဖြူ (အမြန်ဆုံး ရေးပေးပါ)

၎။ စာဖတ်အားကောင်း၊ စာရေးကောင်းသလောက် စာကို ဇိမ်ဆွဲ ရေးတတ်လေသော ဖန်သကြိုး

၅။ ကျွန်တော့်ကြောင့် ခရမ်းရောင်ဘ၀ ပြောင်းသွားရ ရှာလေသော ကောင်းကင်ပြာ

၆။ လလခ လို့ ကျနော်ခေါ်တဲ့ ညီမလေး မေလေး

၇။ ကလေးအဖေ သီဟသစ်

၈။ ရေးချင်တာလေးတွေ ရေးနေတဲ့ ညီမလေး နောင့်

၉။ မော်လမြိုင်သားလေး တလနွန်

ဆက်ပြီး Tag ရရင်ဖြင့် ရှည်ရော့မယ်။ ကိုးန၀င်းနဲ့တင် ချေထားလိုက်ပါတယ်။

ဆက် tag တဲ့ထဲမှာ မပါလို့ စိတ်ဆိုးကြမဲ့ မိတ်ဆွေတွေ ....

ဒီအောက်ထိ ဆက်ဖတ်လာပြီးကတည်းက တက်ဂ်ပီးသား ပါ တဲ့ ခင်ဗျားးးးးးးးးးးးး။

tag မှာပဲ၊ tag မှာပဲ.. အနော့်ကို လာမတားနဲ့..... :-P

အားလုံးရဲ့ ခုတလော တွေကို သိချင်နေတဲ့

မေတ္တာဖြင့်
မိုးကုတ်သား

Sunday, August 2, 2009

ကြွားပါရစေ


ပုဇွန်ထုပ်ဆီပြန်


ကြက်တားနဲ့ဘူးတီး




ကျောက်ပွင့်သုပ် (ကြွားဖို့ကျန်ခဲ့တာ။ သတိပေးတာ ကျေးဇူးပါ ကြည်ဖြူပိုင်ရေ)


ဒညင်းသီးလက်ဖက်သုတ်


ဆတ်သားခြောက်ဖုတ်
ယခုတပတ် တနင်္ဂနွေနေ့ နေ့လည်စာကို ပုဇွန်ထုပ်ဆီပြန်၊ ကြက်တားနဲ့ဘူးတီး စားပြီးသကာလ ဒညင်းသီးလဖက်သုတ်နှင့် ဆတ်သားခြောက်ဖုတ်ကို Cameron HighlandမှBOH ရေနွေးကြမ်းလေးဖြင့်တွဲဖက်ပြီး ဖြစ်သလို ပြီးစလွယ် စားသောက်ခဲ့ပါတယ်ခင်ဗျာ....


ကြွားချင်လို့ပါ။
မိုးကုတ်သား