Wednesday, August 19, 2009

ရင်ဘတ်ချင်း ရိုးသားသူများအတွက်သာ

မတော်တဆလည်း မဟုတ်၊ အမှတ်တမဲ့တွေလည်းမဟုတ်ခဲ့ကြ။ မမျှော်လင့်ပဲ ရင်ဘတ်ချင်း နီးစပ်စွာ ခင်မင်ခဲ့ကြသူတွေ။ ဒီအထဲမှာမှ တွေ့ဖူး၊ မြင်ဖူးကြသူတွေ ရှိသလို၊ မတွေ့ဖူး မမြင်ဖူးပဲ ခင်တွယ်ခဲ့ကြသူများ။ မကြီးနော် မုန်းတီးလေသော သူတို့ချင်း မချစ်ပဲ တီတွေလို ထွေးလုံးရစ်ပတ် နေမှုမျိုးကိုတော့ ကျွန်တော် မနှစ်ြမို့ပါ။ အကြောင်းမှာ ကျွန်တော်က တီကောင်တွေကို ရွံရှာ စက်ဆုပ်သောကြောင့် ဖြစ်သည်။

**************************************

ကျွန်တော်သည် လူတော်လူကောင်းတစ်ယောက်ဟု မဟစ်ကြွေးပါ။ သို့သော် လူယုတ်မာတစ်ယောက်တော့ မဖြစ်စေရ။
ကျွန်တော်ရေးသောစာတွေသည် ကျွန်တော် ကြီးပြင်လာရာအတိတ်၊ ကျွန်တော့်ခံစားမှုအတွေးများကို ဖောက်ချထားခြင်း သက်သက်မျှသာ။ တချို့တလေ (ဒါမှမဟုတ် အတော်များများက) ကျွန်တော့် ညည်းချင်းတွေ ဖြစ်ချင်ဖြစ်နေမည်။ စာဖတ်သူအတွက် ရသ တစ်စုံတစ်ရာ ရ၊မရ ကျွန်တော် မသိသော်လည်း လာလည်ကြသူတွေကိုတော့ အဆိပ်အတောက်တွေနှင့် တစ်ခါဖူးမျှ ဧည့်မခံဖူးတာ အားလုံး သိကြပါလိမ့်မည်။
ကျွန်တော် ဘလော့ရေးခြင်းမှာ နာမည်ကြီးချင်လို့လဲမဟုတ်။ ကိုယ်ရည်သွေးဖို့လဲမဟုတ်။ ကျွန်တော် စာရေး မကောင်းလှတာ၊ ဆက်ဆံရေး ညံ့ဖျင်းတာ ဘာသာ သိနေသည့်အတွက်လည်း လာလည်သူ ဘယ်လောက်ကျဲကျဲ ကျွန်တော် ရေးနေမြဲ။ အားပေးသူ နည်နည်းနဲ့ ကျွန်တော် အားတွေပြည့်နေမြဲ။ ကျွန်တော့်ကို သည်းခံအားပေးကြသော မိတ်ဆွေများ အားလုံးကို ကျေးဇူးတင်ပါသည်။ အားမပေးကြသူများကိုလည်း ကျေးဇူးတင်ပါသည်။ ဝေဖန်မှုများကိုလဲ အမြဲ ကြိုဆိုပါသည်။
ကျွန်တော် စာတွေရေးသည်။ ရေးချင်တာတွေ ရေးနေသည်။ ရေးချင်တဲ့အခါ ရေးသည်။ ကြိုက်သူတွေ ရှိမည်။ မကြိုက်သူတွေ ရှိမည်။ လွတ်လပ်စွာ ကွဲလွဲနိုင်ပါသည်။
သို့သော် မိုးကုတ်သားသည် အပြင်က ကျွန်တော်နှင့် တစ်ထပ်တည်း ကျချင်မှ ကျမည်။ အပြင်က ကျွန်တော်သည် လွတ်လပ်ပျော်ရွှင်စွာ ရွှတ်နောက်နောက် နိုင်ချင် နိုင်မည်။ ခင်မင်တတ်သလို မေ့လျော့တတ်သူလဲ ဖြစ်ချင်ဖြစ်နေမည်။ သို့သော် ကျွန်တော့်ခင်မင်မှုသည် ကျွန်တော့်စာများကဲ့သို့ မည်သူ တစ်ဥိးတစ်ယောက်ကိုမျှ အဆိပ်အတောက် မဖြစ်စေရ။ မည်သူတစ်ဦးတစ်ယောက်၏ ဂုဏ်သိက္ခာကိုမျှလဲ မထိပါး၊ မစော်ကားပါ။

*****************************************************

လျှို့ဝှက်ခြင်းသည် မရိုးသားခြင်း မဟုတ်သလို၊ ပွင့်လင်းခြင်းသည်လဲ ရိုးသားခြင်းဟု အပြည့်အ၀ ယူဆ၍ မရပါ။ ထို့ကြောင့် ကျွန်တော်သည် စိုင်းစိုင်းလားရှိုးသော့ကို ရင်ဘတ်နှင့် ခံစားမိ၏။

လောကကြီးသည် အဆိုးအကောင်းတို့နှင့် ညီမျှခြင်း၊ မညီမျှခြင်းတွေကြား သူ့ဘာသာ နေသားတကျ ရှိနေသည်။ ထိုအခါ ထင်းထင်း လူ့သဘာဝ က ကျွန်တော့်ရင်ဘတ်ထဲ အလည်လာလေသည်။

ကျွန်တော့်အိမ်ကလေးသည် ခမ်းနားကြီးကျယ်ခြင်းများ မရှိပါ။ တနည်းအားဖြင့် နွေးထွေးလုံခြုံမှုတွေလည်း အပြည့်အ၀ ပေးနိုင်လိမ့်မည် မဟုတ်ပါ။ သို့သော် ကျွန်တော် မသိမ်ငယ်ခဲ့။ ထိုအခါ ဇက် လို “ အကိုးအကားနှင့် ချောင်းဆိုးပြတတ်ဖို့ ” ကျွန်တော် အားတွေ ပြည့်လို့နေခဲ့သည်။

ထိုအခါမျိုးမှာတော့ ကျွန်တော်တို့ ဘလော့ခ်မှာ စာရေးသူတွေ အများစုအတွက် အားပေးမှုများက အမှန်တကယ် စာရေးဖို့ တွန်းအားတစ်ရပ် ဖြစ်စေနိုင်မှန်းကို အမှန်အတိုင်း ၀န်ခံရပါလိမ့်မည်။ ကော်မန့်များမှ ရသော ပီတိအကြောင်း အတော်များများ ဖတ်ဖူးကြပါလိမ့်မည်။ ထိုအထဲမှ ချစ်ခြင်းတစ်ခုကို လင်းလက်စွာဓ ဆန်းသစ်လှပသော စကားလုံးများဖြင့် သီကုံးနေသည့် ညီမငယ် မယ်ကိုး “ ချစ်ခြင်းတစ်ခုရဲ့ စစ်တမ်း ” က ရင်ဘတ်ကို တည့်တည့် ၀င်ဆောင့်လာသည်။

တစ်လုပ်မျှ စားဖူးသော်လည်း ကျွန်တော်သည် သူတထူး၏ ကျေးဇူးကို မမေ့လျော့ခဲ့ပါ။ အခြေအနေ အမျိုမျိုးကြောင့် ဆပ်ခွင့် မကြုံသေးသော်လည်း သရော်စော်ကားမှုများနှင့် ကျေးဇူးကန်းမှု မပြုတတ်ခဲ့။ သို့သော် ကျွန်တော်၏ ဖြူစင်သောစေတနာများကို တခါတရံ အရောင်ဆိုးခံရဖူးသည်။ ထိုအခါ ကျွန်တော့ရင်ဘတ်ကြီးက ချစ်ညီလေး မျောက်မျောက်(ဖိုးစိန်)“ ကံအလှည့်ဆိုတာ ” ကို အမှတ်ရလို့ နေတော့မည်။

တရားခြင်း၊ မတရားခြင်းတွေနဲ့ စကားတင်း၊ စကားဖျင်းတွေကြား ကျွန်တော် မွန်းကျပ်လာတိုင်း ညီမလေး နွေးနေခြည် ရဲ့ “ ဆင်ခြင်မှု ” ကို ရင်ဘတ်ထဲအရောက် နှလုံးသွင်းမိလာတတ်ပြီ။

တန်ဖိုးရှိခြင်းမရှိခြင်း၊ သစ်လွင်ခြင်း ဟောင်းနွမ်းခြင်းတွေထဲမှာ စိတ်ဓာတ်တွေ ရင့်ရော်လာတိုင်း နွမ်းရိမသွားအောင် ဖွပ်လျှော်ဖို့ ကြိုးစားတဲ့အခါများစွာမှာ ကိုရင်နော် ရဲ့ “ ငါးရာကျပ်တန် ” လေး ကိုသာ ပြေးပြေး မြင်နေမိတတ်တယ်။

အခန်းကျဉ်းလေးထဲမှာ တစ်ယောက်ထည်း ချောင်ပိတ်မိနေတဲ့ အခါတိုင်း မခင်လေး ရဲ့ “ လရောင်ချိုးတဲ့...ည ” ကို မွတ်မွတ်သိပ်သိပ် တမ်းတလို့။

တစ်ယောက်တည်း ၀မ်းနည်း အထီးကျန်မှုတွေကို ခံစားရလေတိုင်း အမအိန္ဒြာ ၏ စိတ်ဘွဲ့ရတုကဗျာလေးကို ကျွန်တော့်ရင်ဘတ်က ရွတ်ဆိုနေတတ်ခဲ့တယ်။

စိတ်ဘွဲ့ရတု

စိတ်ချင်း ကွန်ယက်တစ်ခုလို့ ချိတ်ဆက်ခဲ့
လေလှိုင်းက ပို့တဲ့ မေတ္တာဓါတ်တွေနဲ့..
သင်ရော နွေးထွေးပါရဲ့လား..မိတ်ဆွေ..
စိတ်ချည်း သက်သက် ရောက်လာခဲ့တဲ့
ပရိတ်သတ်အလည်မှာ...
စိတ်ဟာ..စိတ်ရှိလက်ရှိပျော်ရွှင်လို့ရယ်ပေါ့...

ဘယ်မှာ အထီးကျန်ပါ့မလဲ...
ငါတို့ဘေးနားမှာ...
ဆွေမျိုးအရင်းအချာ
စိတ်တွေ..ရာထောင်မကရှိနေတယ်...။

“ အိန္ဒြာ ”

နောက်ကျောမှာ လတ်လတ်ဆတ်ဆတ် အထိုးခံထားရသော ဓားဒဏ်ရာက သွေးစက်စက်ကျကာ ဒီစာကိုရေးနေတုန်း ကျွန်တော့်ရင်ဘတ်ထဲကို မကြီးနော်“ အဖြူရောင်သက်တံ ” တစ်စင်းက ရောင်စုံသီချင်းတွေ ဆိုပြလေတော့ ဒဏ်ရာသွေးတွေ တိတ်ကာ နာကျည်းမွန်းကျပ်နေသော စိတ်တို့က လွတ်လပ်ပေါ့ပါးစွာ ပြုံးရယ် ကခုန်လို့ နေပြန်တော့သည်။

အဲဒီအခါမှာတော့ ငယ်စဉ်ကလေးဘ၀ကလို အဖြူထည်သက်သက်နှင့် ရယ်မောပျော်ရွှင်စွာ ဆော့ကစားဖူးကြသလို ဒီအရွယ်ရောက်မှ ဟန်ဆောင်မှုကင်းကင်း၊ ချစ်ခင်ရင်းနှီးခြင်းတွေနှင့် (ကောင်းကင်ပြာရဲ့ သွားကြားထိုးတံ တစ်ဖြစ်လဲ) ဆောင်းချမ်းမိုး ရဲ့ “ ညအခါ လသာသာ ” မှာ လွတ်လပ်ပေါ့ပါးစွာ ဆော့ကစား ရယ်မောနိုင်သွားပြန်ပါရော။

ကျွန်တော့်ရင်ဘတ်ထဲက မြောက်များလှစွာသော အသံတွေကို ချရေးလို့ဖြင့် ကုန်နိုင်ဖွယ် မရှိတော့ပြီ။ ဒီ့ထက်ဒီ ချရေးပါက တစ်ထောင့်တစ်ည ပုံပြင်ထက် ပိုကာ ရှည်လျားနေလေရော့မည်။ ရင်ဘတ်ခြင်း နီးစပ်သည်၊ မနီးစပ်သည်၊ အရောင်တူသည်၊ မတူသည် ထက် ကျွန်တော်တို့ကြားက ဖွဲ့နှောင် ထားသော သံယောဇဉ် နှင့်သီသည့် ချစ်ခြင်းကြိုးများ မှ မေတ္တာသံစဉ်..။ ထိုသံယောဇဉ်တို့သည် တစ်ချို့အတွက်တော့ ကျီး ဘုတ်မြှောက်၊ ဘုတ် ကျီးမြှောက် ဖြစ်ချင်ဖြစ်မည်။ အေးမြငြိမ်းချမ်းသော ချစ်ခြင်းမေတ္တာထက် ဖေတော့မောင်တော့ ချစ်ခြင်းမေတ္တာလောက်သာ နားလည်ခံစားတတ်သူများအတွက်တော့ အော်ဂလီ ဆန်ချင်စရာ ဖြစ်ကောင်း ဖြစ်နေလိမ့်မည်။ တစ်ကြိမ်ထပ်ကာ ကျွန်တော် ပြောချင်သည်။ ကျွန်တော်တို့ကြားက ဘာသာဗေဒသည် သံယောဇဉ် နှင့်သီသည့် ချစ်ခြင်းကြိုးများ မှ ထွက်လာသည့် သံစဉ်သက်သက်သာ ဖြစ်ပါသည်။ ကြားနိုင်သူမှသာ ကြားနိုင်ကြမည် ဖြစ်သောကြောင့် ကျွန်တော်တို့၏ ရင်ဘတ်ကို ဖွင့်သော သော့တစ်ချောင်း လိုပါသည်။ ထိုသော့ဖြင့် သင့်ရင်ဘတ်ကို ဖွင့်ကြည့်ကာ နားဆင်ပါ။ သံယောဇဉ် နှင့်သီသည့် ချစ်ခြင်းကြိုးများ မှ မေတ္တာသံစဉ် ကို သင်ကြားနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါသည်။ ထိုသံစဉ်များကို ကြားနာဖို့အတွက် ကျွန်တော်ပြောခဲ့သော “တီကောင်” များတွင် နားရှိမည် မဟုတ်တာ သေချာပါသည်။
ခုတော့ အတူတကွ ကဗျာလေးတစ်ပုဒ်ကို သံစဉ်ထွက်မထွက် ရွတ်ဆိုကြည့်ကြချင်ပါသေးသည်။ စိတ်ပြူတင်းတံခါးများ၏ တဘက်တချက်တွင် ရှိနေကြသော သင်တို့ ကျွန်တော်တို့ကြား သံစဉ်၏ အရောင်သည် မည်မျှ ကွာခြားနေမည်လဲ။

ည ၁၂ ရီထိုးတာနဲ့ ကောင်းသောညပါလို့
ကမ္ဘာတစ်ခြမ်းကို ကမ္ဘာတစ်ခြမ်းက နှုတ်ဆက်ပြီး
ကမ္ဘာတစ်ခြမ်းက အနွေးဓာတ်နဲ့
ကမ္ဘာတစ်ခြမ်းမှာ မီးလင်းဖိုလေးတစ်ဖိုနွှေးတဲ့အခါ ..
ကမ္ဘာတစ်ခြမ်းစီဟာ ..
(စိတ်ထဲမှာ)အတူယှဉ်တွဲနေထိုင်ကြတယ် ...။
........
ရေးသားသူ- *Zephyr*

********************************

“ရင်ဘတ်ချင်း ရိုးသားကြသူများမှအပ မည်သူမျှ ခံစားနားလည်ပေးရန် မလိုအပ်ပါ”
ပုံ..
မိုးကုတ်သား

မေတ္တာဖြင့်
မိုးကုတ်သား

19 comments:

Sein Lyan Tun said...

ကိုကို
လေ ပူသည် ၊အေးသည် သည်နေသာခြင်း ၊ မသာခြင်းနှင့် ဆိုင်ချင်ဆိုင်မည်။
အေးမြသောလေသည် နေ့ဘက်အခါတိုက်ခတ်နိုင်သလို ပူနွေးအိုက်စပ်သောလေသည်
ညအခါ တိုးဝင်တိုက်ခတ်နိုင်ပါသည်။
မေတ္တာ သံယောဇဉ်သည် ဝေးချင်း ၊ နီးချင်းနှင့်ဆိုင်ချင်ဆိုင်မည်။
နီးစပ်နေသော်လည်း တခါတရံ အဝေးကြီးဝေးကွာနေသလောက်
ဝေးနေကြသော သူတစ်ချို့အတွက် အသက်ရှုသံကို ပြန်ကြားရလောက်အောင် နီးစပ်နေတတ်ပါသည်။
ဒါအံ့သြစရာကောင်းတဲ့ လူ့သဘာဝထဲ တိုက်ဆိုင်မှု မဟုတ်တဲ့ မှန်ကန်တဲ့ အကြောင်းအရာတစ်ခု

ကိုကို….

ရင်ဘတ်ချင်းတုလို့ ရေးတဲ့ပိုစ့်တစ်ခုလုံးကို ဘာသာပြန်ခံစားလို့ရတယ်
ဘယ်သူတွေ ဘာပြောပြော ညီကတော့ ကိုကို့ကိုချစ်တယ်….
အဲဒီချစ်တယ်လို့ ပြောတာကို ဘယ်လိုပဲ ဘာသာပြန်ပြန်…
ချစ်တာက ချစ်တာပဲမို့ ညီအနေနဲ့  ရှင်းပြပေးဖို့ မလိုပါဘူး…
ဘယ်သူတွေ ဘယ်လိုနားလည်လည် ညီ့တို့ သံယောဇဉ်ကို ညီသိတယ်
ဘဝဆိုတာတိုတိုလေး…. အချိန်တွေက ဘဝတိုတိုလေးကိုဆွဲဆန့် နေတာပါ..
ဒီဆွဲဆန့်ထားတဲ့ အချိန်တိုတိုလေးမှာ တွေ့ခဲ့ ကြုံခဲ့ ကြတယ်..
ခုမှ ကြုံခဲ့ပေမယ့် ရှေးရေစက်ရှိလို့ တွေ့ဆုံရတာပါ…. ဒီရေစက်က အရောင်မတူတဲ့
သူတွေ စုစည်းပြီး အဖြူရောင်အဖြစ်ဖန်တီးနေတာပါ… ဒီအဖြူရောင်ကို မြင်တတ်တဲ့သူတွေ အတွက် ဖြူစင်မှုက တန်ဖိုးရှိပေမယ့် မမြင်တတ်တဲ့သူတွေ အတွက် ရောင်စုံကာလာ ဝုန်းဒိုင်းကျဲနေတဲ့ တီးဝိုင်းတစ်ခု သာဖြစ်နေမှာပဲ….

ကံ ရှိသ၍ ဆုံရမယ်… ဝဋ် ရှိသ၍တော့ ခံရမယ်ပေါ့…
မကောင်းတဲ့ကံလဲ ဆုံးပါစေ…

ရှိတဲ့ဝဋ်ကြွေးလဲ ကျေပါစေ… ဖြစ်လာမယ့် အနာဂတ်မှာ ပျော်ရွင်နွေးထွေးတဲ့ သံယောဇဉ်မေတ္တာနဲ့ပဲ ရှိနေချင်တယ်… ဒါကြောင့် အတိတ်ကိုမျှော်ကြည့်ချင်းထက် တိုတောင်းတဲ့ဘဝမှာ ပစ္စုပန်ကို လက်တွေ့ကျကျ နေပြီး အနာဂတ်ကိုပုံဖော်ကြမယ်…

အခုချိန်မှာ ညီအရမ်းချစ်တဲ့ အကိုတွေ အမတွေ စိတ်ဓာတ်ကျနေသလို ညီလဲစိတ်ဓာတ်ကျနေရတယ်…
ညီလဲခံစားနေရတယ်..
ဒီလိုအချိန်မှာ ညီ့အတွက် အပြုံးနဲ့ အားပေးဖို့ရှိနေတဲ့ ကိုကို့ ကို ကျေးဇူးတင်ပါတယ်.
နောက်ပြီး
ညီခံစားနေရတာကို ညီချစ်တဲ့ အကိုတွေ အမတွေက သူ့တို့ခံစားချက်ကို ဘေးချိတ်ပြီး ညီခံစားချက်ကို နားလည်ခံစားပေးကြတယ်… ဒီလို မေတ္တာသံယောဇဉ် က လုပ်ယူခြင်း၊ ရယူခြင်း၊ တွေမပါခဲ့။
ပေးဆပ်ခြင်းသက်သက်နဲ့သာ အပေးအယူလုပ်နေကြတာပါ..
သံယောဇဉ်တို့သည် တစ်ချို့အတွက်တော့ ကျီး ဘုတ်မြှောက်၊ ကျီးဘုတ်မြှောက် ဖြစ်ချင်ဖြစ်မည်။ အေးမြငြိမ်းချမ်းသော ချစ်ခြင်းမေတ္တာထက် ဖေတော့မောင်တော့ ချစ်ခြင်းမေတ္တာလောက်သာ နားလည်ခံစားတတ်သူများအတွက်တော့ အော်ဂလီ ဆန်ချင်စရာ ဖြစ်ကောင်း ဖြစ်နေလိမ့်မည်။ တစ်ကြိမ်ထပ်ကာ ကျွန်တော် ပြောချင်သည်။ ကျွန်တော်တို့ကြားက ဘာသာဗေဒသည် မေတ္တာနှင့်သီသည့် ချစ်ခြင်းကြိုးများမှ ထွက်လာသည့် သံစဉ်သက်သက်သာ ဖြစ်ပါသည်။ ကြားနိုင်သူမှသာ ကြားနိုင်ကြမည်ဖြစ်သောကြောင့် ကျွန်တော်တို့၏ ရင်ဘတ်ကို ဖွင့်သော သော့တစ်ချောင်း လိုပါသည်။
ဒါကြောင့် သော့တစ်ချောင်းကို ဖွင့်ဖို့ပေးပေမယ့် ရင်ဘတ်ချင်းတူမှ သာ ဒီရင်ဘတ်ကိုဖွင့်မယ့် လျှို့ဝှက်ချက် သော့နံပတ် ကိုသိမှာပါ….
ည ၁၂ ရီထိုးတာနဲ့ ကောင်းသောညပါလို့
ကမ္ဘာတစ်ခြမ်းကို ကမ္ဘာတစ်ခြမ်းက နှုတ်ဆက်ပြီး
ကမ္ဘာတစ်ခြမ်းက အနွေးဓာတ်နဲ့
ကမ္ဘာတစ်ခြမ်းမှာ မီးလင်းဖိုလေးတစ်ဖိုနွှေးတဲ့အခါ ..
ကမ္ဘာတစ်ခြမ်းစီဟာ ..
(စိတ်ထဲမှာ)အတူယှဉ်တွဲနေထိုင်ကြတယ် ...။

ညီတို့ အတူနေထိုင်နေကြတယ်…။ ကမ္ဘာတစ်ခြမ်းဆီမှာ…။ ဒါပေမယ့် နေတိုင်းနီးနေကြတယ်..။
နေ့တိုင်းစကားလုံးတွေနဲ့ ပျော်နေရတယ်..
ဒါကြောင့် ဒီပိုစ့်တစ်ခုလုံးရဲ့ ခံစားချက်ကို နားလည်လို့ရတယ်…။
ကိုကိုပျော်ရွင်ပါစေလို့ ညီဆုတောင်းပေးရတာအားနာပါတယ်…။ နေ့တိုင်းငိုနေတဲ့မျောက်ကြောင့် ကိုကို မပျော်ရွှင်ပေမယ့် မျောက်ငို တာကိုကြည့်ပြီး ရယ်နေတဲ့ အချိန်မှာ ကိုကို ပျော်နေမှာပါ..
မျောက်ငိုလဲ ပျော်ရွင်တဲ့နေသစ်ဆီကို သွားနေပါတယ်…
ကိုကို့ ခံစားချက်တွေ ကို ခုကိုကို့ကို ခင်တဲ့ချစ်တဲ့ သူတွေ အားလုံး နားလည်ပေးနိုင်မှာပါ..
ပေါက်ကွဲနေတဲ့ ခံစားချက်သံစဉ်တွေက နူးညံ့သိမ်မွေ့တဲ့ ကိုကို့ နှလုံးသားကို မြင်နေရတယ်..။
ပျော့ညံ့ခြင်းကိုမဆိုလိုပါ..။
ခု ကိုကိုနားမှာရှိနေတာ တီကောင်တွေ မဟုတ်တာသေချာပါတယ်..

အသေချာဆုံးက ကိုကို မျောက်တစ်ကောင် မွေးထားမိပြီးဆိုတာ သတိရပါ….။
ဦးစိတ်တို ကိုမောင်ဟတ်ကြီးကို
ချစ်တဲ့
ညီ
မျောက်မျောက် (ခွိခွိ…..)

ပြောပြထားအုံးမယ်
ဂျစ်ကျသမျှကို လုပ်ပေးတဲ့အချိန် “ကိုကို”
နည်းနည်းအပြင်ထွက်များလို့ အမြင်ကတ်လာရင် “ကိုမောင်ဟတ်”
တော်တော်လေး အပြင်မှာ ကဲနေရင် “ကိုမိုးခိုသားး”
တော်တော်လေးမျက်စိနောက်နေတဲ့ အခါကျရင် “မိုးကုတ်သားကြီး” လို့ခေါ်တယ်..။
ဒီအခေါ်ဝေါ်တွေကို ချစ်ခင်ကြတဲ့မောင်နှမတွေ သိပါတယ်..။

(ရင်ဘတ်ချင်း ရိုးသားကြသူများမှအပ မည်သူမျှ ခံစားနားလည်ပေးရန် မလိုအပ်ပါ)
ခုတည်းက ပြောထားတယ်… တော်ကြာ ခေါ်ပုံခေါ်နည်း နားမယဉ်ရင်
အဟိ (ပြောစရာတွေ ဖြစ်ကုန်မှာကြောက်လို့) ဂရုတော့စိုက်ဖူး….

(ပိုစ့်တွေကို ပရိုမိုးရှင်းလုပ်ရင်း ခံစားချက်တွေကို ပုံဖော်သွားတာလေးက လှတယ်)

မယ့်ကိုး said...

အစ်ကိုရေ...

ညီမက ရှေ့ ဆက်သွားရင် ထိခိုက်ခံရမှာနဲ့ ကာမိအောင် တကယ်စာဖတ်သူဘယ်နှစ်ယောက်ရှိလဲ သိချင်တာပါ....

အဲဒါကြောင့် စစ်တမ်းကောက်ကြည့်တာပါ။

အစ်ကိုရေ.... လဲပြိုလို့ထူမယ့်သူမရှိတဲ့ လောကထဲ ဒီရပ်ဝန်းလေးက သက်သာရာရစေတာတော့ အမှန်ပါ။

ညီမလည်း ရှေ့ ဆက်လျှောက်ချင်ပါတယ်။

အစ်ကိုရေ ... မုန်တိုင်းထန်လည်း ဒီမောင်နှမတွေရှင်သန်တဲ့ အမြဲစိမ်းတောလေးတစ်ခုမှာ အပင်လေးတစ်ပင် ကိုယ်တိုင်စိုက်ချင်ပါသေးတယ်။

မေဇင် said...

အရမ်းကို ခံစားနားလည်ပေးလို့ ရပါတယ်...။ ဒီပိုစ့်လေး တော်တော်ကြိုက်တယ်..။

ကြည်ဖြူပိုင် said...

ကောင်းလှချည်လားအကိုမိုးကုတ်ရဲ့ စိတ်ကူးကောင်းလေးနဲ့ချိတ်ဆက်မိအောင်ရေးထားတယ်..ဘူပြောလဲ အကိုမိုးကုတ်စာရေးမကောင်းဘူးလို့ ဒီလောက်ကောင်းနေတာကို ..အနော့်လိုသာဆိုလို့ရှိရင်တော့ ထိုင်ငိုတော့မှာဆရာ..

အနော်လဲရင်ဘတ်ချင်းရင်းနှီးသူထဲမှာပါတယ်နော်:)

MANORHARY said...

လူဆိုတာက ကိုယ့်မှာမပိုင်ဆိုင်တဲ့အရာကို မျှဝေတတ်ဖို့ ခက်တယ်တဲ့..အဲဒီလိုပဲ သူတို့မှာမပိုင်ဆိုင်တဲ့သံယောဇဉ် ချစ်ခြင်းမျိုးကို သူတို့ နားမလည်နိုင်တာလည်း သူတို့တရားပါတယ်။ စောင်းတီးတဲ့သူက တော့ သံစဉ်တွေကိုပဲတီးနေမှာပါပဲ ဂီတကို ဂီတမှန်းသိသူတွေခံစားနားလည်ပါစေလေ... နားမလည်နိုင်သူတွေဝင်ခတ်မယ့် ချိုချက်ကိုတော့ ကြည့်ရှောင်ကြတာပေါ့........မဟုတ်ဘူးလား
(မှတ်ချက်..လူမုန်းဆေးတွေပိုနေတယ် ယူဦးမလား) :P :D

SongChanMoe said...

မတော်တဆလည်း မဟုတ်၊ အမှတ်တမဲ့တွေလည်းမဟုတ်ခဲ့ကြ။ မမျှော်လင့်ပဲ ရင်ဘတ်ချင်း နီးစပ်စွာ ခင်မင်ခဲ့ကြသူတွေ။

အကိုရေ..
တူညီတဲ့ ၀ါသနာ၊ တူညီတဲ့ ခံစားချက်၊ တူညီတဲ့ သံစဉ်တွေနဲ့ တစ်ယောက်ကိုတစ်ယောက် အားပေးလက်တွဲလို့ ဆက်လှမ်းကြစို့လားဗျာ

ပျော်ရွှင်ပါစေ
ဆောင်းချမ်းမိုး

အိန္ဒြာ said...

စိတ်နဲ့ငါနဲ့ညစ်ရပါလား..

မိုးကုတ်သားရေ.....

ခုတလော..နက္ခတ်မကောင်းဘူး.နော်...

ဘာပဲပြောပြော ပိုစ့်ကောင်းကောင်းလေးတစ်ပုဒ် အမြတ်ထွက်ပါတယ်....
ရေးထားတာလေး..ကောင်းတယ်ဟာ

ထင်းထင်း said...

ွှအကိုဘိုဘိုမိုးကုတ်ရေ
လူသဘာဝပါဘဲ အကို။ မေ့ထားလိုက်ပါ။
မေလေးတစ်ခုပြောပြမယ်နော်
မေလေး ကိုယ်တိုင် အဆဲခံနေရတာ တစ်လကျော်လာပီ။
အားလုံးကိုမေ့ထားပါတယ်။
ငယ်ငယ်က အဒေါ်ပြောဖူးတယ်
ကိုယ်ကို့ ပေးတဲ့ အပူကို ကိုယ်လက်မခံရင် အဲဒီအပူ သူ့ဆီ ပြန်ရောက်တယ်တဲ့။
မေ့လိုက်ပါအကို
သူစရိတ်နဲ့ သူသွားပါစေ။

ကိုရင်နော်ခင်လေးငယ် said...

လျှော်ဖို့ ဖွပ်ဖို့ ကိုရင်နော်ရဲ့ ဆပ်ပြာမှုန့် ကို သတိရတာလား...း)

ဟောင်းခြင်း သစ်ခြင်း သဘောတရာတွေမှာ တန်းဖိုးမပျက် မဟောင်းနွမ်းစေချင်တာလေးပါ..

ခင်လေးရဲ့ လရောင်ချိုးတဲ့ ည က ထွက်ပေါက်တစ်ခု ဖြစ်မယ် ဆိုရင် သူ့လိုတော့ မချိုးလေနဲ့ ဝရံတာပေါ်က ကျလိမ့်မနော်..

ဘုတ်ဖြစ်ချင်ဖြစ် ကျီးဖြစ်ချင်ဖြစ်... စိတ်ရင်းနဲ့ ရင်ဘတ်တူသူတွေမို့.. ခိုင်မာတဲ့ သံယောဇဉ်တွေက အသေအချာ မျှဝေခံစားတတ်နေကြပြီလေ...

ည ၁၂ ရီထိုးတာနဲ့ ကောင်းသောညပါလို့
ကမ္ဘာတစ်ခြမ်းကို ကမ္ဘာတစ်ခြမ်းက နှုတ်ဆက်ပြီး
ကမ္ဘာတစ်ခြမ်းက အနွေးဓာတ်နဲ့
ကမ္ဘာတစ်ခြမ်းမှာ မီးလင်းဖိုလေးတစ်ဖိုနွှေးတဲ့အခါ ..
ကမ္ဘာတစ်ခြမ်းစီဟာ ..
(စိတ်ထဲမှာ) အတူယှဉ်တွဲနေထိုင်ကြတယ် ...။
(ကိုZ)

ဒါပဲပေါ့.. ဒါကို ရှာဖွေတွေ့ရှိဖို့ လွယ်တာမှတ်လို့..

ချစ်ခင်စွာဖြင့်..

ကောင်းကင်ပြာ said...

ကိုကိုမိုးကုတ် သံယောဇဉ်နှင့် သီသည့် ချစ်ခြင်းကြိုးများမှ မေတ္တာသံစဉ် ကို ကိုယ်တို့တွေ ကြားနိုင်ဖို့ အရေးကြီးပါတယ်၊ သူများတွေ ကြားတာ မကြားတာ ဂရုမစိုက်ပါဘူး၊ ရင်ဘတ်ခြင်းအတူတူ အကုန်မျှဝေ ခံစားကြမယ်နော် ၊
ချစ်ပြာဂျီး

တောင်ပေါ်သား said...

ရင်ဘတ်နဲ့ပဲ ခံစားသွားတယ် ပြောရမှာပဲ အကိုရေ..း) အစစအရာရာ အဆင်ပြေပါစေ

လေးစားလျက်
တောင်ပေါ်သား

Zephyr said...

အိမ်းလကွယ် ...
သံဝေဂလာယူသွားလေသတည်း ..။
နတ္ထိလောကေ အနိန္ဒိတော (လောကမှာ အကဲ့ရဲ့မခံရတဲ့သူမရှိပေပဲကိုး)။

ချီးမွမ်းခုနစ်ရက် ၀မ်းသွားခုနစ်ရက်ပါ ..
ဒီထက်ကြာသွားရင် အန္တရာယ်ဖြစ်တာပါပဲ ...။

ခင်မင်စွာဖြင့်
Zephyr

Anonymous said...

ဘာတွေဖြစ်လဲ မိုးကုတ်သားရေ၊
ဘာမှတောင်မသိလိုက်ဘူး။
ဒါပေမယ့် ဒါလေးရေးထားတာက အတော်ကောင်းတယ်။
လှပသော စိတ်များကို ဒီစာမျက်နှာမှာ တွေ့နေရတာပဲလေ။

တလနွန် said...

ရင်ဘတ်နှင့် လာခံစားသွားပါတယ် ကိုမိုးကုတ်ကြီးရေ :) ...

ည ၁၂ ရီထိုးတာနဲ့ ကောင်းသောညပါလို့
ကမ္ဘာတစ်ခြမ်းကို ကမ္ဘာတစ်ခြမ်းက နှုတ်ဆက်ပြီး
ကမ္ဘာတစ်ခြမ်းက အနွေးဓာတ်နဲ့
ကမ္ဘာတစ်ခြမ်းမှာ မီးလင်းဖိုလေးတစ်ဖိုနွှေးတဲ့အခါ ..
ကမ္ဘာတစ်ခြမ်းစီဟာ ..
(စိတ်ထဲမှာ)အတူယှဉ်တွဲနေထိုင်ကြတယ် ...။
........
ရေးသားသူ- *Zephyr*
အဆုံးသတ်ထားတဲ့ ကဗျာလေးလိုပဲ အေးချမ်းပျော်ရွင်ခင်မင်နိုင်ပါစေ ကိုမိုးကုတ်ကြီးရေ...

ခင်မင်ခြင်းများစွာနှင့်
တလနွန်

Unknown said...

ရင်ဘတ်နဲ့ခံစားပြီစာတွေဖတ်သွားတယ်အကို..
ရေးချက်ကတော့အပီထိတယ်ကွာ..
အကို့အရေးအသားတွေကောင်းပါတယ်....
အဆိပ်အတောက်တွေလဲမပါပါဘူး...
ဆက်ရေးပါအကို...
အားပေးနေမယ်.....
ခင်တဲ့..
ခိုင်

Unknown said...

ရင်ဘတ်ချင်း ရိုးသားသူများ ဆိုတဲ့စကားလေးကို သဘော ကျပါတယ် ၊၊ ခုတစ်လော ဘာလို့များ ဒီလို စာတွေ တွေ့နေ့ပါလိမ့်

ကိုယ်ရေးတဲ့စာတွေကို တွေ့ပြီး စိတ် ညစ်နေရှာမယ့် သူတွေကိုတော့ သနားစိတ်ဝင်မိသား

အစ်ကိုဆိုသလို သဘောထားနဲ့တော့ ရေးတာပါပဲလေ

သို့သော် ကိုယ်လည်းလေ လောကီသားပေမို့ လွန်တာရှိ ၀န်တာမိပါလို့ပဲ ဆိုရမယ်

အင်တာဗျုးတစ်ခုမှာ မို့မို့မြင့်အောင် ကို ကိုယ့်ဘ၀ဇာတ် ကြောင်းကို ပြန် မရိုက်ဘူးလားဆိုတော့ အားလုံက မင်းသား ဖြစ်ချင်နေကြတယ် ၊ အရန် လူကြမ်း တစ်ယောက်မှ မပါလို့ ရိုက်လို့ မဖြစ်ပါဘူးတဲ့

ကိုယ့်အမြင်ကိုတင်ပြတဲ့အခါ ကိုယ်ဘက်က တစ်ဖက်သပ် အမြင်မို့ မှားနိုင်ပါတယ်

ကိုယ့်ဘက်ကရေးတဲ့အခါ တစ်ဘက်သားများ
ဗီလိန်ဖြစ်သွားလေမလား

စဉ်းစားနေမိပါတယ် ၊၊ ကိုယ်ရေးခဲ့တဲ့စာတစ်ပုဒ် ဘယ်အချိန်ပြန်ဖတ်ဖတ် ဘယ်တော့မှ နောင်တ မရပါစေနဲ့ ဆိုတဲ့စကားလေးနဲ့ဘာသာဆင်ခြင်နေဆဲ

ဒီပိုစ့်လေးတင်တာ အစ်ကို့ကို ကျေးဇူးတင်ပါတယ်
ပျော်ရွှင်ပါစေ
မင်းအိမ်ဖြူ

မြစ်ကျိုးအင်း said...

အကိုရေ အဆင်ပြေပျော်ရွှင်ပါစေ ....။
ကျွန်တော်အများကြီးမပြောတော့ပါဘူး ရင်ဘတ်ချင်းတူ အောင် ညှိမနေတော့ဘူး ရင်ဘတ်တွေအားလုံး အဖြူရောင် ဖြစ်အောင် ကိုယ်စီ ကြိုးစားတာ ပိုကောင်းမယ် မြင်မိတယ်။

သေချာပါတယ် ကျွန်တော်ဘယ်သူ့ကိုမှ စမတိုက်ခိုက် ဖူးပါဘူး...။အဖြူရောင်စစ်စစ်မဖြစ်သေးရင်တောင်
အဖြူရောင်ဖြစ်အောင် ကြိုးစားနေပါတယ်။

အကိုအဆင်ပြေပါစေ...။

မငုံ said...

ကိုမိုးကုတ်သားရေ ချီးမွမ်းခုနှစ်ရက် ကဲ့ရဲ့ခုနှစ်ရက်တဲ့။ စိတ်ထဲမထားပါနဲ့။ အဆင်ပြေပါစေ။