Wednesday, March 4, 2015

ကျွန်တော်နှင့် လက်စွပ်များက ပြောသောစကား

" ကျွန်တော်နှင့် လက်စွပ်များက ပြောသောစကား"


ကျွန်တော်က တော်တန်ရုံနဲ့ လက်စွပ်တွေ၊ ဆွဲကြိုးတွေ ရတနာပစ္စည်းတွေကို နှစ်လိုစွာ ၀တ်ဆင်တတ်သူမဟုတ်ပါ။
သို့သော် ကျွန်တော်က ဖက်ရှင်ကျသော ဖန်စီလက်ပတ်ကြိုးများ၊  ဆွဲကြိုးများ၊ လက်စွပ်များကို နှစ်သက်တတ်သူတစ်ယောက် ဖြစ်သည်။
လက်ပတ်ကြိုးဆိုလျှင်ပင် လက်ကောက်ဝတ်မှာ ပတ်ရသည်ထက် လက်မောင်းမှာ ပတ်ရသော လက်ပတ်ကြိုးများကို ပို သဘောကျတတ်သည်။
လက်စွပ်ဆိုလျှင်လည်း ဘယ်ဖက် လက်သူကြွယ် ဒါမှမဟုတ် လက်သန်းမှာမှ ၀တ်ဆင်ရတာကို ကြိုက်နှစ်သက်တတ်သူမျိုး။
မှတ်မှတ်ရရ ကျွန်တော့် ဘယ်ဖက် လက်သန်းမှာ ပထမဆုံး ၀တ်ဆင်ဖူးသည့်လက်စွပ်က အစိမ်းညိုအရောင်ရင့်ကျောက်ကို ငွေနှင့်ကွင်းထားသော လက်စွပ်ဖြစ်သည်။
ကျွန်တော့်သူငယ်ချင်း ပန်းထိမ်ဆရာတစ်ယောက်က ကျွန်တော်ဆယ်တန်းအောင်တော့ အမှတ်တရ ဆုချသော လက်စွပ်လည်း ဖြစ်ပါသည်။
ထို လက်စွပ်လေးကို ကျွန်တော် တမြတ်တနိုး ၀တ်ဆင်သော်လည်း ကျွန်တော့်အသားက ငွေနှင့်မတည့်ချေ။
ထိုလက်စွပ်ကို ၀တ်ထားလျှင် ကျွန်တော့်လက်သန်းရော လက်စွပ်လေးပါ ရက် အနည်းငယ်အတွင်းမှာပဲ မဲသွားလေ့ ရှိသည်။
သို့သော် ထိုလက်စွပ်လေးကို ကျွန်တော် နှစ်ပေါင်းများစွာမြတ်မြတ်နိုးနိုး ၀တ်ဆင်ခဲ့ဖူးသည်။
ညီမလေးက ထိုလက်စွပ်လေးကို ၀တ်ချင်လွန်းလှသည် ဆိုသောကြောင့် နှမျောသော်လည်း ပေးခဲ့လိုက်ရပါသည်။
နောက် ဒုတိယအကြိမ်မြောက် ၀တ်ဖြစ်သော လက်စွပ်မှာလည်း လက်သန်းမှာပဲ ဖြစ်သည်။
ဒီတစ်ခါတော့ ဖက်ရှင်ကျပြီး ရိုးရှင်းသော ပလက်တီနမ်လက်စွပ်ပါးပါးလေးနှစ်ကွင်းဖြစ်သည်။
သူငယ်ချင်းတစ်ယောက်က အမှတ်တရ လက်ဆောင်ပေးထားခဲ့ခြင်း ဖြစ်သည်။
ထိုလက်စွပ်လေးကို ကျွန်တော် အင်မတန်သဘောကျသော်လည်း တစ်နှစ်လောက်ပင် မကြာခင်မှာပဲ ပျောက်ရှသွားခဲ့သည်လား၊ အိမ်ပြောင်းရွှေ့ရင်း အထားမှားသည်လား မသိ။
ရှာ မတွေ့တော့ချေ။


တတိယမြောက်ကတော့ ဒီဇိုင်နာသူငယ်ချင်းတစ်ယောက်က ကိုယ်တိုင် ဒီဇိုင်းထုတ်ပြီး လုပ်ထားသောသုံးကွင်းဆက် လက်စွပ်ကလေးဖြစ်သည်။
ထိုလက်စွပ်ကလေးကိုလည်း ကျွန်တော် အတော်ချစ်ပါသည်။ သို့သော် လက်စွပ်မှ နာမည်ဝှက်ပုံဖော်ထားသော စာတန်းမှာ တစ်ချို့သောအဝတ်များနှင့် ငြိမိတတ်သောကြောင့် တခါတရံမှသာ ဝတ်ဖြစ်သည်မှာ စိတ်မကောင်းစရာဖြစ်သည်။
စတုတ္ထမြောက် လက်စွပ်ကတော့ ရွှေဖြူနှင့်ကွင်းထားသော  ကျောက်စိမ်းလက်စွပ်ဖြစ်ပီး ကျွန်တော် အင်မတန် တန်ဖိုးထားသော လက်စွပ်ဖြစ်သည်။
ထိုလက်စွပ်ကိုလည်း သူငယ်ချင်းတစ်ယောက်ထံမှ လက်ဆောင်ရခဲ့ခြင်းဖြစ်ပြီး ပျောက်သွားပြန်သည်။
လက်စွပ်တွေနဲ့ အကျိုးမပေးပါဘူးဟု သဘောထားခဲ့ပြီး မည်သည့်လက်စွပ်ကိုမျှ ၀ယ်ယူဝတ်ဆင်ဖို့ စိတ်ဆန္ဒ မရှိသော်လည်း လက်စွပ်ဝတ်ရဖို့ အကြောင်းက ဖန်လာခဲ့ပြန်သည်။
အမေ့ ဆန္ဒနှင့် ဗေဒင်သွားကြည့်တော့ ဗေဒင်ဆရာက ဥဿဿဖယား လက်စွပ်ကို အဆောင်အဖြစ် ၀တ်ရမည် ဆိုသောကြောင့် လက်စွပ်လုပ်ရပြန်သည်။
ထိုလက်စွပ်ကိုလဲ သူငယ်ချင်းတစ်ယောက်က လက်ဆောင်အဖြစ် လုပ်ပေးခြင်း ဖြစ်သည်။
(ဟမ် ရှိသမျှ လက်စွပ်အားလုံး သူငယ်ချင်းတွေ လက်ဆောင်ပေးထားတာချည်းပါပဲလား)
ကျွန်တော့်သူငယ်ချင်းတစ်ဦး၏ ရွှေဆိုင်မှာ ပန်းထိမ်ဆရာနှင့် လက်စွပ်အပ်တော့ ဘာရယ်မဟုတ် ဘယ်ဖက် လက်သူကြွယ်ကိုသာ လက်စွပ်အတိုင်း ပေးခဲ့လိုက်မိလေသည်။
ထိုလက်စွပ်ကို စွပ်လျက် စလုံးသို့ ပြန်ရောက်လာတော့ လုပ်ဖော်ကိုင်ဖက်များက ကျွန်တော် အိမ်ထောင်ကျလေပြီဟု ထင်ကြလေသောအခါမှ 'ဟိုက်၊ ပြဿနာပဲ' တွေးမိကာ သင့်တော်မည့် လက်ချောင်းများဆီ ပြောင်းဝတ်ဖို့ လိုက်စွပ်ကြည့်သော်လည်း လက်စွပ်လေးက ဘယ်ဖက် လက်သူကြွယ်တစ်ခုထဲသာ ဝတ်ဆင်လို့ ရလေသည်။ ခက်ပြီ။
မိုးကုတ်သား တို့ ဘူ ပိတ်သထက် ပိတ်လေပြီ။
ညာဖက် လက်သူကြွယ်နှင့် မဆိုစလောက်လေး တော်သောကြောင့် ပြောင်းဝတ်သော်လည်း တစ်ရက်၊ နှစ်ရက်မှာပင် လက်စွပ်နှင့်ထိနေသော အသားများ ပွန်းကာ လက်စွပ်ရာတစ်လျှောက် ညိုမည်းနေတတ်သောကြောင့် နောက်ဆုံး ဘယ်ဖက် လက်သူကြွယ်မှာသာ ဝတ်ဆင်ရလေတော့သည်။ ဘူပိတ်လဲ ပိတ်စေတော့ပေါ့။
ထိုအခါကျမှ လက်ချောင်းနှင့် လက်စွပ်များက ပြောသော စကားကို နားလည်ဖို့ ကျွန်တော်က ကြိုးစားမိတော့တာဖြစ်သည်။
ကျွန်တော်တို့ ဝတ်ဆင်ထားသော လက်စွပ်များက ကျွန်တော်တို့၏ ပုံရိပ်ကို ထင်ဟပ်နေကြောင်း နားလည်လာတော့ လက်စွပ်တွေကို ကျွန်တော့်စိတ်နှစ်သက်ရာအတိုင်း ဝတ်ချင်သလို ဝတ်လို့ မဖြစ်တာ သဘောပေါက်လာရသည်။

  • လက်သန်း (Pinky Finger) မှာ မာကျူရီနတ်ဘုရား ကို ကိုယ်စားပြုပြီး အသိဥာဏ်ပညာ၊ ယုံကြည်သက်ဝင်မှု တို့ကို ကိုယ်စားပြုပါတယ်။ moonstone, amber, or citrine အစရှိတဲ့ ကျောက်တွေနဲ့ လုပ်ထားတဲ့ လက်စွပ်မျိုးကို ဝတ်ဆင်သင့်ပါတယ်။
  • လက်သူကြွယ်(Ring Finger) ဟာ အပိုလိုနတ်ဘုရား ကို ကိုယ်စားပြုပြီး ချစ်မေတ္တာဆက်နွယ်မှု ၊ လှပခြင်း၊ တီထွင်ဆန်းသစ်ခြင်းတို့ကို ကိုယ်စားပြုပါတယ်။ စိန်လက်စွပ်ကို လက်ထပ်လက်စွပ်အဖြစ် သတ်မှတ်ပြီး တခြား moonstone, jade, amethyst, sapphire, turquoise အစရှိတဲ့ ကျောက်တွေနဲ့ လုပ်ထားတဲ့ လက်စွပ်များကိုလည်း ဝတ်ဆင်လို့ ရပါတယ်။
  • လက်ခလယ် (Middle Finger) ဟာ စေတန်နတ်ဘုရား ကို ကိုယ်စားပြုပြီး တရားမျှတမှု ၊ ဟန်ချက်ညီညီ ထိန်းသိမ်းနိုင်မှု၊ ၊ စိတ်ဝိဥာဉ်ရှာဖွေခြင်း တို့ကို ကိုယ်စားပြုပါတယ်။ စိတ်/ ကိုယ်ခန္ဓာ ကို ငြိမ်းချမ်းအေးမြစေတဲ့ rose quartz, coral, aquamarine အစရှိတဲ့ ကျောက်မျက်ရတနာတွေနဲ့ လုပ်ထားတဲ့ လက်စွပ်ကို ဝတ်ဆင်သင့်ပါတယ်။
  • လက်ညှိုး (Index Finger) ဟာ ဂျူပီတာနတ်ဘုရား ကို ကိုယ်စားပြုပြီး မိမိကိုယ်ကို ယုံကြည်မှု ၊ ခေါင်းဆောင်ခြင်း ၊ ရည်မှန်းချက် နဲ့ စိတ်ဝိဥာဉ် တို့ကို ကိုယ်စားပြုပါတယ်။ lapis lazuli, amethyst, blue topaz အစရှိတဲ့ ကျောက်မျက်များကို လက်စွပ်လုပ်ဝတ်ဖို့ သင့်လျော်ပါတယ်။
  • လက်မ (Thumb) ဟာ ဘယ် ဂရိနတ်ဘုရားကိုမှ ကိုယ်စားမပြုထားတဲ့ လက်ချောင်းဖြစ်ပြီး စိတ်တန်ခိုးနဲ့ အာဏာ ကို ကိုယ်စားပြုပါတယ်။ carnelian, garnet, ruby အစရှိတဲ့ ကျောက်မျက်ရတနာတွေနဲ့ လုပ်ထားတဲ့ လက်စွပ်ကို ဝတ်ဆင်ဖို့ သင့်လျော်ပါတယ်။
( အသေးစိတ်ကို ဆက်ဖတ်လိုရင် ဒီ လင့်ခင့်တွေမှာ ဖတ်လို့ ရပါတယ်ခင်ဗျ။

http://jewelry.lovetoknow.com/What_Is_the_Meaning_of_Each_Finger_for_Rings 
http://www.realmenrealstyle.com/ring-finger-meaning/    
....)

လက်စွပ်များကို ဝတ်ဆင်သည့်အခါ ကျွန်တော့်လို စိတ်ကူးပေါက်ရာ ကိုယ်နှစ်သက်သလို ဝတ်ချင်ရာ မဝတ်ပဲ သင့်လျော်ရာ ဝတ်ဆင်ကြစေဖို့ ဆန္ဒပြုလိုက်ပါသည်။
"ဘယ်စွံမလဲ လက်သူကြွယ်မှာ ထင်ယောင်ထင်မှားဖြစ်အောင် လက်စွပ်ကြီး ဝတ်ထားတာကိုး။ ဘူ ပိတ်ပီပေါ့"  ဟု သူငယ်ချင်းများ၊ အသိမိတ်ဆွေများက ပြောလာတိုင်း ကျွန်တော်ကတော့ ပြုံးလို့သာ နေမိပါတော့သည်။
ကျွန်တော် ဘာ့ကြောင့်ပြုံးသလဲ မည်သူ့ကိုမျှ ပြောပြဖြစ်လိမ့်မည် မဟုတ်ပါ။   ။

မေတ္တာဖြင့်

မိုးကုတ်သား

1 comment:

:P said...

လက်စွပ်မဝတ်ဘူး... ရှုပ်လို့ ..