Friday, January 22, 2010

မြတ်နိုးခြင်း သစ်ပင်







အခန်းလေးက လိုအပ်တာထက် ပိုမို မှောင်လဲ့နေလေသလား။ ကျွန်တော့် အာရုံတွေကပဲေ၀၀ါးနေလေသလား။ မသေချာပါ။ အချိန်က ညနေ နေ၀င်ရီတရောလား၊ မှောင်စပြုနေပြီလား။ ဟင့်အင်း.. ကျွန်တော် မမှတ်မိချင်တော့ဘူး။ ခုချိန်မှာ ကျွန်တော် ရှာဖွေနေတာက ဒီအခန်းလေးထဲမှာ ကျွန်တော်နှင့်အတူ အမြဲ ရှိနေခဲ့သော သစ်ပင်လေးသာ ဖြစ်သည်။

ထိုသစ်ပင်လေးကို ဒီအခန်းထဲ ပြောင်းရွှေ့လာကာစကရင်း ကျွန်တော် စိုက်ပျိုးထားခဲ့သည်။ မနက်ခင်း အလုပ်မသွားခင်မှာ ကျွန်တော်က “ကောင်းသော နံနက်ခင်းပါ” လို့ ထိုသစ်ပင်လေးကို အမြဲ နှုတ်ဆက်တတ်သည်။ ညနေ အခန်းထဲသို့ ကျွန်တော် ပြန်ရောက်လျှင်လည်း ထိုသစ်ပင်လေး၏ အရွက်တွေ ၀ါကျင်နေသလား၊ ရေလိုသလား..။ အမြဲ ဂရုစိုက် ကြည့်တတ်ပါသည်။
တစ်နေ့တစ်ခြား ရှင်သန်လှပလာသော ထို သစ်ပင်လေးကို အမြတ်တနိုး စောင့်ကြည့် ကြည်နူးရသည့် အရသာကို ကျွန်တော် စာဖွဲ့ မပြတတ်ပါ။ ခိုင်းနှိုင်းစရာတွေ အပုံအပင်ရှိသော်လည်း ကြည်နူးရိပ်ကိုမျှ မှီအောင် မညွှန်းနိုင်မှန်း ကျွန်တော် ဆိုပါက “ သစ်ပင်လေးတစ်ပင် စိုက်တာများကွာ၊ ဘာများ ကြီးကျယ်တာ ကျလို့ ” ဟု လှောင်ကြပါလိမ့်မည်။

သို့သော် ကိုယ်တွယ်တာ ချစ်ခင်သော၊ သံယောဇဉ်ငြိတွယ်သော၊ မြတ်နိုးတန်ဖိုးထားစွာ စောင့်ရှောက်နေသော သစ်ပင်လေးတစ်ပင် ကျန်းမာသန်စွမ်းစွာ ရှင်သန်လှပနေတာ မြင်ရတိုင်း စိတ်ချမ်းသာမှုတစ်ခုကို ကျွန်တော် ရသည်။ တစ်ယောက်တည်း အထီးကျန်မှုတွေလည်း သက်သာရာ ရကြောင်း ၀န်ခံပါသည်။

ကျွန်တော်၏ တစ်ကိုယ်ရည် သွေ့ခြောက်မှုများကို ထိုသစ်ပင်လေး၏ စိမ်းစိုမှုတို့က ဖြေဖျောက်ပေးခဲ့သည်။ ကျွန်တော်၏ စိတ်ဖိစီးမှုများ၊ ပင်ပန်းမှုများကို ထိုသစ်ပင်လေး၏ နူးညံ့သော ရနံ့တစ်မျိုးက လန်းဆတ်ငြိမ်သက်စေခဲ့သည်။ ကျွန်တော် အထီးကျန်လာတိုင်း ထိုသစ်ပင်လေးက ကျွန်တော် ရင်ဖွင့်သမျှ နားထောင်ပေးခဲ့သလို သူ၏ သစ်ရွက်လေးတွေကို ရေဆေးသန့်စင်ပေးရင်း ယုယစွာ ကျွန်တော် နမ်းမွှေးလိုက်တိုင်းလဲ မငြင်းဆန်တတ်ခဲ့ပါ။ ရုံးပိတ်ရက်တွေမှာ (တစ်ခါတစ်ရံ) သူလိုအပ်မည်ထင်သည့် အလင်းကို ထိတွေ့ခွင့် ပေးထားရင်း၊ နေရောင်အောက်မှာ ကြည်မြသော အရွက်စိမ်းလေးများ တောက်ပနေတာ ထိုင်ကြည့်နေရင်းလဲ ကျွန်တော်က စိတ်ကြည်နူးတတ်ပြန်သေးသည်။ နူးညံ့လှပသလောက် ထိခိုက်ပွန်းရှလွယ်သော ထိုသစ်ပင်ကလေးကို တန်ဖိုးထားလွန်းစွာ အရိပ်တကြည့်ကြည့် စောင့်ရှောက်နေရခြင်းကပင် ကျွန်တော့်အတွက် အနုပညာတစ်ခု ဖြစ်နေခဲ့လေသည်လား...။

ထိုသစ်ပင်ကလေးနှင့် ကျွန်တော်၏ ငြိတွယ်မှု သံယောဇဉ် မည်မျှ ခိုင်မြဲနေသည်လည်း သေသေချာချာ သိရချိန်မှာတော့ အရာရာသည် နောက်ကျသွားခဲ့ပြီ။ ဆယ်ရက်တာမျှ ကြာသော ခရီးတစ်ခုကို ကျွန်တော် ထွက်သွားတော့ သစ်ပင်လေးကို စောင့်ရှောက်ဖို့ အတူနေ သူငယ်ချင်းတွေဆီ ကျွန်တော် အပ်မထားခဲ့မိ။ သူ့အတွက် ဆယ်ရက်စာ လိုအပ်မည့် ရေပမာဏကို သစ်ပင်လေး၏ အမြစ်တွေ ရေ မြှုပ်သည် အထိ လောင်းထားပေးခဲ့သည်။

ခရီးကနေ ပြန်ရောက်လာတော့ အခန်းထဲ ၀င်ဝင်ချင်း ကျွန်တော် ပြေးကြည့်မိသည်က ထို သစ်ပင်လေးဆီသို့။ ၀ါကျင်စ ပြုနေသော အရွက်တစ်ချို့ကို တယုတယ ကျွန်တော် ချွေချပေးရင်း သစ်ပင်လေး၏ ရွက်သစ်လေးတွေ အရင်လို စိမ်းမြ စိုလက်မနေတော့တာ သတိထားမိသည်။ သို့သော် ကျွန်တော် ပြန်ပြီး ဂရုစိုက်လျှင် အရင်လို စိမ်းစိုလန်းဆန်းလာမည်ဟုသာ ထင်ခဲ့မိလေသည်။

ခရီးကနေ ပြန်ရောက်ကတည်းက အပင်လေးကို ကျွန်တော် တသသ စောင့်ကြည့် ယုယခဲ့သည်။ နေရောင်ကို သေချာပြသည်။ ရေထည့်ပေးထားခဲ့တာ များသွားသောကြောင့် ဆွေးရိသွားသော အမြစ်တွေနှင့်ရိုးတံတစ်ချို့ကို သေချာဖယ်ထုတ်လိုက်သည်။ သို့သော် သစ်ပင်လေး၏ သစ်ရွက်တွေက တစ်နေ့ထက်တစ်နေ့ ၀ါလို့သာ လာတော့သည်။ သူ၏ ပင်စည်သည်လည်း အရင်လို မကြံ့ခိုင်တော့။ လုံးဝ ခြောက်သွေ့သွားသော ရွက်ဝါတစ်ချို့ကို ဖယ်ရှားတိုင်း ပင်စည်လေး မထိခိုက်မိစေရန် ကျွန်တော် အတော်လေး ဂရုစိုက်ကာ ခြွေရလေသည်။

တစ်နေ့ထက်တစ်နေ့ ခြောက်သွေ့လာသော သစ်ပင်လေးကို ထိုင်ကြည့်ရင်း၊ ရွက်နုစိမ်းတွေ စည်ဝေမလာနိုင်တော့တာမှန်း သိရက်နှင့် အရွက်သစ်လေးတွေ ထွက်လာမလား မျှော်လင့်ရင်း ၊တစ်နေ့တစ်ခြား ၀မ်းနည်းစိတ်တွေကသာ ပို တိုးလို့ လာ၏။ ၀ါကျင်ညှိုးခြောက်သွားသော သစ်ရွက်လေးတွေကို ဖဲ့ချွေရတိုင်း ကျွန်တော့်ရင်မှာ နာကျင်လွန်းလှသည်။ သစ်ပင်လေး ပြန် မရှင်သန်လာတော့ဘူးလား။ ကျွန်တော် သူ့ကို ဘယ်လိုမှ မကယ်တင်နိုင်တော့ဘူးလား။ တစ်နေ့တစ်ခြား ခြောက်သွေ့သေဆုံးသွားတော့မယ့် ထိုသစ်ပင်လေးကို ကျွန်တော် ဘယ်လိုစိတ်နဲ့ ကြည့်နေနိုင်ရမှာပါလိမ့်။

“ ဖြစ်ချိန်တန်ဖြစ်၊ ပျက်ချိန်တန်ပျက် ” လို့ ဘယ်လိုပင် တရားချချ၊ နှလုံးသားထဲက တစ်ဆစ်ဆစ် ကိုက်ခဲနေသော ဝေဒနာကို ဘယ်လိုမှ ဖြေသာမရနိုင်တော့။

“ ရေတွေ အများကြီး မလောင်းထားခဲ့ရင် သစ်ပင်လေး ခုလို သေရမှာမဟုတ်ဘူး ”

“ သူငယ်ချင်းတစ်ယောက်ဆီမှာ အပ်ထားခဲ့မိရင် သူ ရှင်သန်ခွင့်ရချင်ရနေအုံးမှာ ”

နောင်တတွေ တပွေ့တပိုက်နှင့် ကျွန်တော့်ကိုယ် ကျွန်တော် ခွင့်မလွှတ်နိုင် ဖြစ်ရသော်လည်း သစ်ပင်လေးကတော့ ပြန်လည် စိမ်းစိုလန်းဆန်း မလာတော့ပါ။ သူ သွေ့ခြောက်သေဆုံးသွားရခြင်းသည် ကျွန်တော့် အပြစ် လုံးလုံးလျားလျားသာ ဖြစ်၏။ ထိုအသိက ကျွန်တော့်ရင်ကို အစိတ်စိတ်အမွှာမွှာ ကွဲကြေစေခဲ့ပြီ။ အရာရာသည် တစ်က ပြန်စလို့မရတော့။ အားလုံးပြီးခဲ့ပြီ။ ကျွန်တော် ပြုစုစောင့်ရှောက်ချင်သော၊ မြတ်နိုးတွယ်တာသော၊ နောက်ပြီး ချစ်သော ထိုသစ်ပင်လေး တဖြည်းဖြည်း သေဆုံးသွားတာကို ဘာမှမတတ်နိုင်ပဲ ထိုင်ကြည့်နေရသော အဖြစ်လောက် ကြေကွဲစရာကောင်းတာမျိုး ကျွန်တော် တစ်ခါမျှ မခံစားဖူးခဲ့မှန်း သစ်ပင်လေး သိနိုင်မည်မဟုတ်ပါ။ ဆယ်ရက်တာမျှ သူ့ကို ဂရုမစိုက်ပဲ ပျောက်သွားခဲ့လေသော ကျွန်တော့်ကိုများ.. သူ.. နာကျည်းနေလေမည်လား..။ သူ ကျွန်တော့်ကို နေ့စဉ် မျှော်လင့်စောင့်စား နေခဲ့လေမလား။ ဒါမှမဟုတ်.... သူ့ရေသောက်မြစ်တွေ မွန်းကျပ်သေဆုံးစေသည်ထိ ရေဖြည့်ခဲ့မိသော ကျွန်တော့်ကို... မုန်းတီးသွားလေပြီလား။ သူ ဘယ်လောက်တောင် ဒုက္ခအတိ ရောက်ခဲ့ရပါလိမ့်။ အတွေးတွေနှင့် ခါးသီးစွာ ပူလောင်ရင်း သစ်ပင်လေး၏ နောက်ဆုံး သစ်ရွက် ကြွေသည်ထိ၊ သူ့ပင်စည်လေး အားအင်ကုန်ဆုံးလဲပြိုကျသည်ထိ ကျွန်တော် မျက်ရည်စက်လက်နှင့် စောင့်ကြည့်နေနိုင်ပါ့မည်လား။ သို့သော်... သစ်ပင်လေး ကျွန်တော့် မြင်ကွင်းမှ လုံးဝ ပျောက်ကွယ်သွားချိန်ထိ သူ..... ပြန်ရှင်သန်လာလေမလား ... မျှော်လင့်နေချင်ပါသေးသည်။

အခန်းလေးက လိုအပ်တာထက် ပိုမို မှောင်လဲ့နေလေသလား။ ကျွန်တော့ အာရုံတွေကပဲေ၀၀ါးနေလေသလား။ မသေချာပါ။ အချိန်က ညနေ နေ၀င်ရီတရောလား၊ မှောင်စပြုနေပြီလား။ ဟင့်အင်း.. ကျွန်တော် မမှတ်မိချင်တော့ဘူး။ ခုချိန်မှာ ကျွန်တော် ရှာဖွေနေတာက ဒီအခန်းလေးထဲမှာ ကျွန်တော်နှင့်အတူ အမြဲ ရှိနေခဲ့သော သစ်ပင်လေးသာ ဖြစ်သည်။
တစ်ခါတစ်ခါ မြတ်နိုးခြင်းသံယောဇဉ်များသည် အိပ်မက်များထဲတွင်ပင် ထာဝရ မတည်မြဲနိုင်သည်ကို အိမ်မက်ထဲမှာရော၊ တကယ့်ဘဝမှာပါ ကျွန်တော်က မေ့လျော့နေတတ်ပါသည်။ အိပ်မက်ထဲမှာသာ ပြန်ရှာတွေ့နိုင်တော့မည့် သစ်ပင်လေးအတွက်... ကျွန်တော့် အလွမ်းတို့ကတော့.. ထာဝရ..... နောင်တတို့ဖြင့်သာ.......။ ။



မေတ္တာဖြင့်
မိုးကုတ်သား


22 comments:

Sein Lyan Tun said...

ဖတ်ရင်းနဲ့ စိတ်တောင်မကောင်းဘူး

ဒီတပင်မရှိတော့ရင် နောက်တပင်စိုက်ပေါ့

တပင်လဲ တပင်ထူ ဆိုတဲ့ စကားလဲ ရှိတယ်လေ..


သစ်တပင်ခုတ်ရင် အချုပ်(၃) နှစ်က လဲ ကျပြန်ရော..း)

ဘာပဲဖြစ်ဖြစ် ဖြစ်ချိန်တန်လို့ ဖြစ်တယ်မှတ်ပေါ့...

အပင်လေးက ခြောက်သွေ့သွားပေမယ့် အပင်လေးကို မြတ်နိုးတွယ်တာတဲ့သူကိုတော့ အမြဲ အမှတ်တရ ကျေနပ်ပီတိဖြစ်နေမှာပါ..

ညီ့ကိုများ စောင်းပြီး ရေးထားသလားလို့ .. ခိခိ..


ဖတ်ပြီးသက်ပြင်းတွေ ချရလွန်းလို့ စိတ်ထဲပေါ့အောင် ရေးချင်ရာရေးသွားတယ်..။

စာရေးကလဲကောင်းပါ့...

အိပ်မက်ထဲမှာ မရှာပါနဲ့.. နောက်ထပ် တပင်ကို ပြန်ပြီးယုယုယယ ထားပါ.. ထိုအပင် မညှိုးခြောက်ခင်ထိပေါ့... ထိုအပင်လေးကျေနပ်မှာပါ


ချစ်တဲ့
ချစ်ညီ
ချစ်စိန်
ချစ်မျောက်
ချစ်ကောက်

ဒဏ္ဍာရီ said...

အမြဲတမ်း မတည်မြဲတတ်တဲ့ သင်္ခါရသဘောပါ ကိုမိုးကုတ်ရေ.. အရာအားလုံးဟာ တနေ့မှာတော့ ပျက်စီးပြောင်းလဲ သွားရမှာပဲလေ.။ တခါတလေ ကိုယ်ပြုမိလိုက်တဲ့ အချိန်နဲ့ တိုက်ဆိုင်သွားတတ်လို့ပါ။ စေတနာတွေအတွက် သေဆုံးသွားသည့်တိုင်အောင် နားလည်ပေးနေနိုင်မှာပါ။ မြတ်နိုင်းခြင်း သံယောစဉ်တွေကို ထာဝရ ပိုင်ဆိုင်နိုင်ပါစေ..။

ခင်မင်လေးစားလျှက်

ဇွန်မိုးစက် said...

အဲလောက် ယုယမြတ်နိုး သံယောဇဉ်ကြီးတတ်တဲ့ ပိုင်ရှင်နဲ့တွေ့ခွင့်ရတာ သစ်ပင်လေး ကံကောင်းလိုက်တာ။ နောက်တစ်ပင်စိုက်ဖြစ်ရင် ခုလိုမဖြစ်အောင် ကြိုးစားပြီး စောင့်ရှောက်လိုက်နော်။ သစ်ပင်လေးက တမလွန်ကနေလာပြောသွားတယ်။ 'မြတ်နိုးခြင်းသစ်ပင်' ဖတ်ပြီးတဲ့နောက် သူစိတ်နာခဲ့သမျှ ခွင့်လွှတ်ပါတယ်တဲ့။း)

မိုးခါး said...

:)
ဂရုမစိုက်ပဲ ပစ်ထားမိလို့ မဟုတ်ဘူးတဲ့
အချိန်တန်လို့တဲ့

(ကျောချမ်းချမ်းနဲ့ ရေးသွား၏) :P

ခရေညို said...

တသက်ပျော်ချင်လို့ သစ်ပင်စိုက်ပါတယ်ဆိုမှ သေသွားသေးတယ်နော်
သစ်ပင်လေးသေသွားတဲ့အတွက်စိတ်မကောင်းပါဘူး။ နောက်ထပ်ပြန်စိုက်ရင်ဒီအဖြစ်မျိုးမကြုံ ပါစေနဲ့လို့ဆုတောင်းပေးလိုက်ပါတယ်။

စကားမစပ်..... သစ်ပင်ကဘာပင်လဲဟင် ....:))

kaungkinpyar said...

နောက် တပင်ထဲ မစိုက်ပါနဲ့ အများကြီး စိုက်ထားလိုက် နော်...း)

MANORHARY said...

နောက်တစ်ပင်ပြန်စိုက်လိုက်ပါ
(အကြံကောင်းပေးပါသည်) :)

ကြယ်ပြာ said...

သစ်ပင်လေးပေါ်ထားတဲ့ သံယောဇဉ်ကို မြင်သာအောင်ရေးပြတတ်တယ် ... ကိုယ်ချင်းစာပါတယ် အဲ့လိုမျိုးခပ်ဆင်ဆင်ခံစားဖူးလို့ ... အင်း ... တော်သေးတယ် သစ်ပင်မို့ ... လူဆိုရင်တော့ ရေအများကြီးသွားမလောင်းမိစေနဲ့ .. စတာ .. ဟီး ... :P

မေဇင် said...

တစ်ပင်လဲ တစ်ပင်ထူ.... ဒီတစ်ခါ...ရေမလောင်းရတဲ့ အပင်ကို ထူ... ရွက်ကျပင်ပေါက်ကို စိုက်...ဟိဟိ ... ရေးချင်ရာ ရေးသွားသည်..။

Anonymous said...

နောင်တ၊ မျှော်လင့်ချက်၊ သံယောဇဉ်၊ ဆုံးရှုံးမှု၊ အလွမ်း ... ဒါတွေဘယ်လိုမျိုးလဲဆိုတာ ပြောပြသွားတယ်။
ဖတ်လို့ကောင်းပါတယ်။
တီနော်ပြောသလို နောက်တစ်ပင် ပြန်စိုက်လိုက်ဖို့ အကြံထပ်ပေးပါတယ်။

ရွှေ ယွန်း ဝါ said...

သစ်ပင်လေးက ဘယ်သူလေးလဲ

အိန္ဒြာ said...

သစ်ပင်တစ်ပင်စိုက်ရင်
ရေဘယ်လောက်လောင်းရမယ်ဆိုတာမျိုးတော့
သိထားရမယ်..လေ..

စေတနာတွေ ဝေဒနာဖြစ်ဖြစ်သွားတတ်တာ သိမဟုတ်လား

အရာရာထိခိုက်လွယ်သူတွေ ကြေကွဲကြစတမ်း..ပေါ့

ဘ၀ဆိုတာ ဒီလောက်ပါပဲ..

သစ်ပင်တစ်ပင်သေသွားတာကို
ဇိမ်ပြေနပြေထိုင်ကြည့်နေရတာမျိုးလောက်ပေါ့

ပုံ့မေ said...

အင်း ဖတ်ပြီး ဘာရေးရမလဲတောင် သိတော့ဘူး....

အချိန်တန်လို့ ပေါ့... ကိုယ့်အတွက်တော့ စေတနာပေါ့... သူ့ အတွက်တော့ ဝေဒနာ ဖြစ်သွားတယ်။

တခါတခါ အချိန်တန်နေပြီဆိုတာ သတိမထားမိတတ်တာလဲ ရှိကြသေးတယ်နော်...သတိမထားချင်တာလဲ ဖြစ်နိုင်တယ် (စဉ်းစားသွားတာ)

ရင်ထဲအမြစ်တွယ်ကျန်ခဲ့မယ် ဆိုတာတော့ ကိုယ်ချင်းစာတယ်...

=)

ဆောင်းချမ်းမိုး said...

ပြုစုစောင့်ရှောက်ချင်သော၊ မြတ်နိုးတွယ်တာတတ်သော၊ လွမ်းတတ်သော၊ လူပျိုကြီး..။
တယုတယ တသသ လုပ်မနေနဲ့
ခုတ်တော့ခုတ်မပစ်နဲ့ သစ်တပင်ခုတ် အချုပ်သုံးလ။
စိုက်ပါပျိုးပါ .. သစ်တောသစ်ပင် ကျေးဇူးရှင်။
ဘာပဲဖြစ်ဖြစ် သစ်တပင်ကောင်း ငှက်တစ်သောင်းနားရတယ်။
ဘာဖြစ်လဲ တပင်လဲ တပင်ထူပေါ့
ဘာဖြစ်လဲ...။

လိုရာသို့ ဆွဲမန့်သည်။ :P

ဆောင်းချမ်းမိုး

Julian said...

း) ၀င်ရောက်လေ့လာသွားသည် သစ်ပင်ချစ်သူကိုတွေ့ရ၏........

မဂျူ

Anonymous said...

တစ်ခါတစ်လေတော့ သစ်ပင်ဆိုတာ ရှိခဲ့သလားပဲ
ရှိသယောင် မရှိသယောင် အဲ့ဒီသစ်ပင်ကို
ကျနော်လည်း မိုက်မိုက်မဲမဲလွမ်းတတ်ပြန်တယ်.

အခန်းကမှောင်တာလား မျက်လုံးကပဲ ၀ါးတာလား ကျနော်လည်း သစ်ပင်တစ်ပင်ကိုစွဲစွဲလမ်းလမ်းမြင်မက်မိနေတယ်.....

မယ့်ကိုး said...

စာလေး အရမ်းကောင်းတယ်အစ်ကို ။ သစ်ပင်လေး ဘယ်သူဆိုတာလည်း သိတယ် :P

လပြည့်ရိပ် said...

စာသားလေးနဲ့ ကွန့်မန့်တွေကို ဖတ်ပြီး တစုံတရာကို သဘောပေါက်သွားတယ်။

Ree Noe Mann said...

အရေးအသားက ကောင်းလွန်းတော့ ဘာပြောရမှန်း
မသိတော့တာ ကျနော့်ရဲ့ ညံ့ဖြင်းမှုကြောင့်ပါ။

ဘာမှတော့ အကြံမပေးတက်တော့ဘူး။
စိတ်ကိုသာ အကောင်းဆုံးဖြစ်အောင်
ဂရုစိုက်ကျင့်ကြံပေးပါလို့ ပဲပြောချင်ပါသည်။

ချစ်ညီ ရီနို

ဧပရယ်လ်ပူး@ပူးတေ said...

ဖတ်လို့ကောင်းပါ၏။ သစ်ပင်လေးဘယ်သူဆိုတာကို သိတဲ့ လူတေလဲ သိနေတယ်တဲ့။ ပူးတေလဲ သိချင်တယ်။ ဒါပေမယ့် လူပျိုကြီးက ချက်တတ်တော့ မေးရင်ပြောပါ့မလား။ :)
ဟိ
သစ်ပင်အသစ်လေးနဲ့ ပျော်ပါစေလို့တော့ မပြောချင်တော့ဘူး။ တပင်လဲလို့လဲ တပင်မထူစေချင်ဘူး။ အိမ်ထောင်သည်ဘဝကို ပြောတာပါ။ သမီးရည်းစားဘဝကတော့ ရွေးချယ်ခွင့်ရှိပါတယ်။

မဆိုင်တာတွေ ပါကုန်ပြီ။ :D
ပျော်ရွှင်ပါစေ အစ်ကို။

Anonymous said...

Hello!
You may probably be very interested to know how one can make real money on investments.
There is no initial capital needed.
You may begin to get income with a money that usually is spent
for daily food, that's 20-100 dollars.
I have been participating in one project for several years,
and I'm ready to share my secrets at my blog.

Please visit my pages and send me private message to get the info.

P.S. I earn 1000-2000 per daily now.

http://theinvestblog.com [url=http://theinvestblog.com]Online Investment Blog[/url]

ကိုရင်နော်ခင်လေးငယ် said...

မယ်ရေ....

တစ်ပင်ရေးက အဒူရေးဒုန်းး..!!!!!! :P

ကုတ်ကုတ်ရေ....

အရာရာက ပြန်စလို့မရနိုင်အောင် ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ... အိပ်မက်တွေ မက်မက်နေခဲ့တယ်လားကွာ..!

မေ့လျော့ကာနေတတ်တဲ့ ကိုယ့်စိတ်တွေနဲ့ပဲ
ကိုယ်တိုင် လောင်ကျွမ်းနေရတာကိုက အရသာ တမျိုးလို့ မှတ်ယူရင်း တိတ်တိတ်လေးကျိတ်ပြီး.... တသက်တာ...ထာဝရစာပေါ့...!!

ဒါဟာ သစ်ပင်လေးကပေးသွားတဲ့
ထာဝရ လက်ဆောင်မွန်လေးလို့ တွေးမိရင် ဖြေသာမယ်ထင်ပါရဲ့နော်..

နားလည်စာနာခင်မင်စွာဖြင့်...