Thursday, January 28, 2010

မမဝါ မေးတဲ့ နောင်လာမယ့် ၅ နှစ်

နောင်လာမယ့် ၅ နှစ်မှာ....

၁။ ဘာအလုပ်လုပ်ဖို့ ရည်ရွယ်ထားပါသလဲ......

မမ၀ါက မေးလာပါတယ်။

ကျွန်တော်က အင်မတန်မှ အလုပ် လုပ်ဖို့ ပျင်းသူတစ်ယောက် ဖြစ်လေတော့ ငယ်ကတည်းက ကျွန်တော် သိပ်လုပ်ချင်တဲ့ အလုပ်ဆိုတာ ရှားရှားပါးပါး တစ်ခု၊နှစ်ခုလောက်ပဲ ရှိခဲ့ပါတယ်။ အဲတာကတော့ ခြံစိုက်ခြင်းပါ။ ပထမကတော့ ကော်ဖီကြိုက်တတ်တဲ့ ကျွန်တော် ကော်ဖီခြံလေး တစ်ခြံ ပိုင်ဖို့ အင်မတန် ဆန္ဒရှိပါတယ်။ ဒုတိယကတော့ လ္ဘက်ခြံပါ။ ကျွန်တော်တို့ မိုးကုတ်မြို့လေးမှာ လ္ဘက် စိုက်ပျိုးခြင်းဟာလည်း အရေးပါတဲ့ စီးပွားရေး ဈေးကွက်တစ်ခု ဖြစ်ပါတယ်။ လ္ဘက် ခူးချိန် နဲ့ ကျောင်းပိတ်ရက် ကြုံတိုင်း သူငယ်ချင်းတွေ စုပြီး လ္ဘက်ခြံ တစ်ခြံခြံမှာ လ္ဘက် လိုက်ခူးကြ၊ ရိုးရာ ပေါင်းဖိုကြီးတွေနဲ့ ပေါင်းတန်ပေါင်း၊ စိုတန်စို၊ ခြောက်တန်ခြောက်...... လ္ဘက်ခြံထဲမှာ သိပ်ကို ပျော်ခဲ့ရဖူးပါတယ်။ နောက်ပြီးတော့ ကျွန်တော့် ခြံလေးထဲမှာ ရာသီစာ သီးပင်၊ စားပင်လေးတွေနဲ့ ဥယျာဉ်လေးတစ်ခု (တစ်ချိန်မှာများ နိုင်ငံခြားခရီးသွားလာရေး လုပ်ငန်းတွေ မြန်မာပြည်မှာ စည်ပင်တိုးတက်လာတဲ့အခါကျ... ) ကျွန်တော်တို့ မိုးကုတ်မြို့ကလေးရဲ့ သဘာဝ ရှုခင်းအလှတွေကို လာရောက် ခံစားကြတဲ့အခါ ကျွန်တော့် ဥယျာဉ်ခြံလေးဟာ ရိုးရာလဲမပျက်၊ ခောတ်နဲ့လဲ ညီတဲ့ Tourist Attraction နေရာလေး တစ်ခု ဖြစ်အောင် ကြိုးစား ဖန်တီးချင်ပါတယ်။

နောက်ပြီး ခြံထွက်သီးနှံတွေနဲ့ အတူ သဘာဝ အသီးဖျော်ရည် အအေးစုံနဲ့ ခြံထွက် ကော်ဖီမှုန့် လက်ရွေးစင်ကို သီးသန့် သုံးထားတဲ့ ကော်ဖီဆိုင်လေး တစ်ဆိုင်ကိုလည်း တွဲဖက် ဖွင့်ထားချင်ပါသေးတယ်။ အဲဒီ ဆိုင်ကလေးဟာ ငြိမ်းချမ်းအေးဆေးတဲ့ ပတ်ဝန်းကျင်နဲ့ ခြံ ရှုခင်းအလှကို ခံစားရင်း ကော်ဖီတစ်ခွက်၊ အအေးတစ်ခွက်ကို စိတ်ကြည်နူးကျေနပ်စွာ အပန်းဖြေ အနားယူနိုင်တဲ့ နေရာလေး တစ်ခု ဖြစ်စေရမှာပေါ့။

နောက်တစ်ခုကတော့ ကျွန်တော် မြတ်နိုးလွန်း၊ ၀ါသနာ ပါလွန်းလို့ ဆည်းပူး လေ့လာခဲ့တဲ့ ဗိသုကာပညာရပ်ပါ။ ဗိသုကာ ပညာရပ်ကို လိုက်စားလေ၊ ပိုပြီး တန်ဖိုးထားမိလေပါပဲ။ အင်မတန်မှ နက်နဲ ကျယ်ဝန်းသလို စိတ်လဲ အင်မတန် ကြည်စင် ငြိမ်းချမ်းစေတဲ့ အလုပ်တစ်ခုပါ။ ကိုယ်ရည်မှန်းထားတဲ့ ဘ၀လေး တစ်ခုကို အစပျိုးမိပြီ ဆိုတာနဲ့ ဗိသုကာပညာရပ်နဲ့ ဖန်တီးထားတဲ့ လူနေအိမ်ပုံစံလေးတွေကို အေးအေးဆေးဆေး စိတ်ကူးယဉ် ပုံဖော်ပြီး ဆောက်ပေးချင်ပါတယ်။ ကမ္ဘာကျော် ဗိသုကာပညာရှင် ဖြစ်ဖို့ အစတည်းက မမျှော်မှန်းခဲ့ပေမဲ့ ကိုယ် ဒီဇိုင်းဖန်တီးပေးထားတဲ့ အဆောက်အဦးကို အသုံးချတဲ့သူတွေ အားလုံး အဆင်ပြေပျော်ရွှင်နေကြရင် ကျေနပ်ပါပြီ။


၂။ မိမိရဲ့စိတ်ကူးထဲက အိမ်ထောင်ဖက် (သို့)စိတ်ကူးထဲက အိမ်ထောင်ရေး .....


ဒီမေးခွန်းကတော့ အသက်သုံးဆယ်ကျော် လူပျိုသိုးကြီးအတွက် ဖြေရ အတော်ခက်တဲ့ မေးခွန်းပါ။

ငယ်ငယ်ကတော့

၁။ စိတ်ထားဖြူစင် ရိုးသားရမယ် (ထွေလီကာလီ၊ မူယာမာယာတွေ မရှိတဲ့ စိတ်ရှင်းရှင်း မိန်းခလေးမျိုးပေါ့)
၂။ ဗုဒ္ဒဘာသာကို ကိုင်းရှိုင်းရိုသေသူ ဖြစ်ရမယ် (တရားသိရုံနဲ့ မရ၊ တရားရှိသူလဲ ဖြစ်ရမယ်)
၃။ ဆံပင်ရှည်ရမယ် (ဆံပင်ရှည်ကို မပေမရှုပ်၊ မနံစော်အောင်ထိန်းသိမ်းနိုင်သူလဲ ဖြစ်ရမယ်)
၎။ အရပ်မြင့်ရမယ် (ကျွန်တော့်နားရွက်ထိ မှီတဲ့အရပ်လောက်ဆို ရပြီ)
၅။ အသားဖြူရမယ် (ငယ်ကတည်းက အသားမဲတဲ့သူများဆို အနားကို အကပ်မခံတာ.. ငယ်ကျင့်မပျောက်တာ ခက်တယ်.. :-P )
၆။အချောအလှထိပ်ခေါင် ဖြစ်စရာမလိုပေမဲ့ ချောတော့ ချောရမယ် (မချောရင် ကျွန်တော်နဲ့ တွဲသွားတဲ့အခါ ကျွန်တော်ချည်းပဲ ထင်ရှားနေမှာပေါ့ :-P )

နောက် အချက်အချက်တွေ အများကြီး ကျန်သေးတယ်.. မမှတ်မိတော့ပါဘူးး။ (မှတ်မိလို့ ဆက်ရေးရင်လဲ အဆဲခံရတော့မယ်။ အခု အချက် ခြောက်ချက်နဲ့တင် အမြင်ကတ်ခံနေရလောက်ပီ...။)
အဲဒီလို စိတ်ကူး ယဉ်ခဲ့ဖူးပါတယ်။

စိတ်ကူးတွေဟာ အသက်အရွယ်အလိုက်ပဲ ပြောင်းလဲသွားသလားး။

ဒီခု အချိန်မှာတော့ အဲဒီ စံတွေ ဘာမှ မရှိတော့ပဲ ကျွန်တော့် နှလုံးသားက ဘာသာဗေဒနဲ့ သူ့နှလုံးသားက ဘာသာဗေဒ သဘောတူညီမျှဖို့နဲ့ တစ်ဦးကိုတစ်ဦး နားလည်နိုင်ကြဖို့ပဲ စိတ်ထဲ ကျန်ပါတော့တယ်။

ငယ်ငယ်ကတော့အချစ်မှာ အချစ်တစ်ခုတည်းရှိနေရုံနဲ့ ခိုင်မြဲပြီ လို့ ယုံကြည်ခဲ့ဖူးပေမဲ့ အချစ်ရဲ့ နောက်ဆက်တွဲ ကိစ္စတွေက အတော်လေး ရှုပ်ထွေးပါလား ဆိုတဲ့ အတွေးတစ်ခုက (အဲလိုတွေးမိတာ ကျွန်တော် ညံ့လို့ပဲ နေမှာပါ) ၀င်နေပေမဲ့ အချစ်စစ်ကိုတော့ တန်ဖိုးထားတတ်ဆဲပါ။

ခုလောလောဆယ်မှာတော့ ချစ်သူနဲ့ အိမ်ထောင်ဘက်ကို တစ်ယောက်တည်းပဲ ဖြစ်စေချင်ဆဲ။ (ဒါပေသည့် ကုသိုလ်ကြမ္မာ မမှီပါခဲ့ ပေါ့ဗျာ) ။ နောင်လာမည့် ငါးနှစ်ထိ ဒီ မိုးကုတ်သားဟာ ဘ၀ပင်လယ်ကြီး ဘယ်သောင်ဘယ်ကမ်းမှာ ဆိုက်ကပ် ရပ်နားမလဲ.... ကိုယ်တိုင်တောင်...... မသိနိုင်သေးတဲ့အတွက်.....


မမဝါ တို့လို အောင်မြင်တဲ့ အိမ်ထောင်ရေးတွေကို အားကျနေရုံကလွဲပြီး............


ကဲ.. မမဝါရေ....
ဒီလောက်နဲ့ပဲ ကျေနပ်ပါ လို့......


မေတ္တာဖြင့်
မိုးကုတ်သား

18 comments:

ရေတမာ said...

အားကျပါတယ် အားကျပါတယ် စိတ်ကူးတွေ မြို့လေးကို ချစ်တဲ့စိတ်တွေ။ ကောင်မလေးကို ချစ်တဲ့ အချစ်တွေ ဟား ဟား ဟား
အို ဘာတွေ ဖြစ်ကုန်မှန်းမသိတော့ပါဘူးးP

ဇွန်မိုးစက် said...

ခရီးသွားလုပ်ငန်း လုပ်ဖြစ်တဲ့အခါ ခရီးသည်တွေ ကိုမိုးကုတ်သားရဲ့ ဥယျာဉ်ခြံကို လာလည်ဖို့ စီစဉ်ပေးမယ်။ လုံးချင်းအိမ်လှလှ ဆောက်ဖြစ်တဲ့အခါ ကိုမိုးကုတ်သားကိုခေါ်ပြီး ဒီဇိုင်းဆွဲခိုင်းမယ်။ စိတ်ကူးထဲက အိမ်ထောင်ရေးကို လက်တွေ့အကောင်အထည်ဖော်နိုင်တဲ့အခါ... လက်ဖွဲ့ကောင်းကောင်းပေးမယ်။ :P

နွေးနေခြည် said...

ကော်ဖီမကြိုက် လက်ဖက်ဆိုပုံစံမျိုးစုံ ကြိုက်သည်။

ဆံပင်ရှည်ရမယ်
ဒီအချက်ကို ယောကျာ်းလေးတွေဆီကပြောသံ ခဏခဏ ကြားဖူးတယ်။

ဒါပေမယ့် အနောက်က အချက်(ဆံပင်ရှည်ကို မပေမရှုပ်၊ မနံစော်အောင်ထိန်းသိမ်းနိုင်သူလဲ ဖြစ်ရမယ်)တော့ ခုမှတွေ့ဖူးတယ်။ ခံရဖူးလို့ထည့်ထားတာ ထင်တယ်။ အဟိး)

ခရေညို said...

စိတ်ကူးထဲကကောင်မလေးရော ဖြစ်ချင်တဲ့ အရာအားလုံးလက်ဝယ်အမြန်ပိုင်ဆိုင်နိုင်ပါစေ။

WWKM said...

ha haa!!! ကျေးဇူးတင်ပါတယ် ဘိုဘိုရေ..
အပေါ်က အချက်တွေကတော့ မနေ့က ဂျီတော့မှာ ဖတ်ပြီးသွားပြီဆိုတော့ အရေးကြီးတဲ့ ဒုတိယ အချက်ကို ဖတ်ချင်လို့ ပြေးလာတာ...... :P

ကော်ဖီဆိုင်ဖွင့်မယ် ဆိုတော့ အားပေးပြီးသားပဲ.. လဖက်ခြံကတော့ စိတ်ဝင်စားပေမယ့်လည်း နားမလည်ဘူး။ဘိုဘို ဆီက စီးပွားရေးဈေးကွက်တမျိုးရပြီ။ လဖက်ခြံ..ဆိုတော့ကာ ပုလိုင်းလေးတွေလွယ်ထားတဲ့ ရှမ်းမလေးတွေကို မျက်စိထဲ မြင်ယောင်မိသေး။
စိတ်ကူးကောင်း လေးတွေ အကောင်အထည်
်ဖော်နိုင်ပါစေ ဘိုဘိုရေ။

ဒုတိယအချက်က ငယ်ငယ်က သတ်မှတ်ချက်ကလေးတွေများပြီးအသက် ကြီးလာတော့ လူပျိုကြီး ဖြစ်မှာစိုးလို့ လျှော့ပြီး စဉ်းစားလာတာ မဟုတ်လား။။ဟဟ

ဒါနဲ့ ညီမလေးနွေးပြောသလိုပဲ ဆံပင်ရှည်ကို မပေမရှုပ်၊ မနံစော်အောင်ထိန်းသိမ်းနိုင်သူလဲ ဖြစ်ရမယ်.. ဆိုလို့ ဆံပင်နံနံစော်စော်နဲ့ ကောင်မလေးနဲ့ တွဲဘူးတယ် ထင်ရဲ့.း)))))
အမယ်..ကြုံတုန်းပြောဦးမှ ချစ်သွားရင်တော့ အပြစ်မြင်နိုင်မယ် မထင်ပါဘူး။ဒီလို..ဒီလို... အစ်မတို့ သာမည ဘုရားဖူးသွားတော့ ဆောင်းတွင်းကြီးလေ.. ခေါင်းခဏခဏ မလျှော်ဖြစ်ဖူးပေါ့။ အဲဒီမှာ ဦးဥာဏ်နဲ့ ကားပေါ်မှာ စပြီး ဆုံတာလေ.. အပြန်ကျတော့ မိတ်ဆွေတွေဖြစ်ပြီး ဦးဥာဏ်က အစ်မဘေးက ခုံမှာ ရအောင်လာထိုင်တာလေ... အစ်မကလည်း သာမညဆရာတော်ကို တစ်ညလုံး မအိပ်ပဲစောင့်ပြီး ဖူးထားရတော့ တအားအိပ်ငိုက်နေတာပေါ့.. ကြိုက်မရှက် ငိုက်မရှက်ပဲ... အစက အစ်မဘေးမှာ ညီမလေးတစ်ယောက်ထိုင်တာလေ..သူ့အပေါ် မှီအိပ်လာတာ..ဦးဥာဏ်လည်း ပြောင်းလာရော ၊ ဦးဥာဏ် ပုခုံးပေါ်မှာ အကျီထူကြီး တင်ပြီး အိပ်ပြစ်လိုက်တာပေါ့..ဘာရမလဲ... နောက်တော့ ဦးဥာဏ်ကပြောတယ်သိလား... အဲဒီ အကျီထူကြီးမှာ အစ်မခေါင်းက ဂျီးနံ့လေးက စွဲကျန်နေပြီး အဲဒီအနံ့လေးကို ဘယ်တော့မှ မမေ့ဘူး ဖြစ်နေခဲ့တာတဲ့..ဟဟားးးးးး))))))

အဲလိုဖြစ်ဦးမယ်... ချစ်မိသွားမှတော့ ဂျီးနံ့လေးတောင် ချစ်တာနော်.. ဟဟဟ

မရေးချင်ပဲ အတင်းရေးခိုင်မိတာ အားနာမိပါတယ်..
ဒါပေမယ့် အစ်မကို အစ်မတစ်ယောက်လို ခင်မင်စွာနဲ့ ရေးပေးလို့ ကျေးဇူး အများကြီးတင်ပါတယ်။

ကျေနပ်ပါတယ်။း)
ဘိုဘို့ ဆန္ဒတွေ အမြန်ဆုံးပြည့်စေ...

မမ၀ါ

Anonymous said...

အဟမ်းးအဟမ်းး
အပြောကောင်း အတွေးကောင်း အရေးကောင်းပါ့လားကွယ်ရို့...။
ဒါ့ကြောင့်လည်း မစွံတာနေမှာ :PPPP

နံပါတ်၆အချက်ကို ကန့်ကွက်ပါသည်။ ဒန်.. ဒန့်.. ဒန်...

Sein Lyan Tun said...

လေ့လာ

သင်ယူ

မှတ်သား

ပြုံး

ရယ်

ပြန်သွားပါသည်။

ချစ်တဲ့ ကိုမောင်ဟန်က နူးညံ့တဲ့ နှလုံးသားနဲ့ ချစ်တတ်သူ တစ်ယောက်မို့ တကယ့်ကို စာနာ သိတတ်နားလည်မယ့်မိန်းမမျိုးရစေချင်တယ်..

အရာရာကို အားနာတတ် သည်းခံတတ်တော့လဲ မိန်းမ ဆိုးဆိုးနဲ့ မလည်ရှုပ်တွေနဲ့ ရမှာ ကြောက်တယ်..

အရာရာကို အရှုံးပေးတတ်ပေမယ့် စိတ်ရှုပ်စရာကြုံလာရင် ပျာနေတတ်တဲ့ အကိုကို အနားကနေ ထိန်းထိန်းသိမ်းသိမ်းနဲ့ နားလည်ပေးနိုင်မယ့် မိန်းမမျိုးကိုရစေချင်ပါတယ်..

စေတနာပါ..

တွေ့ထားပေးမယ့် သူက ဆံပင်မရှည်ဘူးရယ်...


ကော်ဖီခြံစိုက်တယ်ဆိုတာ ညီက ကော်ဖီကြိုက်လို့များလား လို့ ဆွဲတွေးသွားပါတယ်...း))


ဗိသုကာ ပညာရှင်ကြီးကို သူထေးကြီးဖိုးစိန်က ကြီးကျယ်ခန်းနားတဲ့ စိန်စီတဲ့အိမ် ဆောက်ခိုင်းဖို့ ခုကတည်းက စရံသပ်ထားတယ်..

နေဖို့ မဟုတ်ဘူးနော်

အလှပြဖို့

မနေရဲဘူး..

ကိုယ့်အကိုအကြောင်းကိုသေသေချာချာသိနေလို့


ချစ်တဲ့

မျောက်စိန်

kaungkinpyar said...

လက်ဖက် ရော ကော်ဖီ ရော တူတူ စိုက်ရအောင်ဝေးးး အိုင့် ခြံထဲက ဘလော့ မောင်နှမတွေ နေဖို့ အိမ်ကလေးတွေ ဘိုဘို ဆောက်ပေးမှာလား....ခိုင်မှတော့ ရမယ်နော်..ကိုယ့်လူတွေ အကြောင်း ကိုယ်သိ...


ဘာ စံမှ ရွေးမနေနဲ့ ဆရာ ဒီချိန်မှတော့...သင်္ကန်းဖိုး အိုင် တာဝန် ယူ ထားတယ် လေ..ဘာတွေ လျှောက်ရေးတာတုန်း...ရှက်စရာအေ.....း)

MANORHARY said...

သေချာပါတယ်..........း))
...................................
.........................................

နေ၀သန် said...

ယူမယ်ဆို အမြန်လုပ်နော်... ဘူတာလွန်ကုန်ဦးမယ်...း)))

အိန္ဒြာ said...

ခု ၃၆ နောက် ၅ နှစ်ဆို ၄၁

ဘာခုမှ ဟိုဟိုဒီဒီတွေလျှောက်ရေးနေတာလည်း
၄၁ နှစ်ဆို ဘာလုပ်မှာ
ဖွလိုက်ရမလား...းP

အိမ်ပုံစံတစ်လုံးပုံစံထုတ်တဲ့အတိုင်းပေါ့
elevation မျိုးစုံကလည်းလှ
cross sectional ဖြတ်ကြည့်တော့လည်းအဆင်ပြေ
လေ၀င်လေထွက် အလင်းရောင်သမမျှတ
rendering လိုက်ရင်လည်း ကြွထွက်နေတဲ့
အပျံစားအိမ်လေးတစ်လုံးလို.

ကိုယ့်အနာဂါတ်ဘ၀ကို
စိတ်တိုင်းကျ
အကောင်အထည်ဖေါ်နိုင်ပါစေ..

မယ့်ကိုး said...

ကိုးကားချက် ( ကော်ဖီခြံစိုက်တယ်ဆိုတာ ညီက ကော်ဖီကြိုက်လို့များလား လို့ ဆွဲတွေးသွားပါတယ်...း)) )

:P :P :P

ချစ်သောသူနဲ့ ရာသက်ပန် ပျော်ရွှင်စွာ နေထိုင်ရင်း အောင်မြင်ကျော်ကြားတဲ့ ဗိသုကာဖြစ်ပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးနေပါတယ် :)

ဖိုးသင်္ကြန် said...

တွေ့ထားရင် တွေ့ထားတယ်ပေါ့
ဘာတွေ လျှောက်ပြန်သံပေး ရေးနေတာလဲ

ဒါနဲ့ ကိုယ်တော်ထိုင်မယ့် ကျောင်းကိုလဲ
ှုဦးပုညရဲ့ လေးမောင့်စံကျောင်းလိုဖြစ်အောင်
ဒီဇိုင်းထုတ်ပေးဖို့ စဉ်းစားထားပါဦး

ဒါပေမယ့် ကျွန်တော်က ၁၀နှစ်ကြာမှ.....

မိုးခါး said...

အမလေး ငါ့အကိုကိုများ ပြောသွားလိုက်ကြတာနော် ..း))
ကိုဘိုတို့က မလိုချင်သေးလို့ အမေ့ကျေးဇူးဆပ်ချင်သေးလို့ ဟုတ်တယ်ဟုတ် ..း))

အကို့ ဆန္ဒတွေ လက်တွေ့ အမြန် အကောင်အထည်ပေါ်ပါစေ ..

တောင်ပေါ်သား said...

ငယ်တုန်းက အတိုင်းဆို သေချာတယ် မရတော့ဘူးးးးးးးးး ကျနော်လဲ ကိုဘို ငယ်တုန်းကအတိုင်း တော်တော်များများတွေးတာပဲး) မမ၀ါပြောသွားတဲ့ ကောမန့်ဖတ်ပြီးမှ ပိုရီချင်တယ် အဟေးဟေးးးးးးးးးး လူပြိုကြီး စာရင်း ၀င်သွားပါပြီကွယ် မရတော့ဘူးးးးးးးးး


လေးစားလျက်
တောင်ပေါ်သား

ကြယ်ပြာ said...

ကိုဘို့စာဖတ်ပြီး ဆံပင်ရှည်အကြောင်း ၀တ္ထုတစ်ပုဒ်ဖတ်ဖူးတာ သတိရတယ် ... ဘယ်မှာဖတ်ဖူးမှန်းမသိပါဘူး ..ကောင်မလေး ခေါင်းကို ရုပ်ရှင်ရုံထဲမှာ ခိုးနမ်းတာ ဘယ်လိုအနံ့ကြီးမှန်းကို မသိဘူးဆိုပဲ ပျို့ချင်သလို အန်ချင်သလိုလိုဖြစ်လာလို့တဲ့ ... ဟီး ... ကိုဘိုကြုံဖူးတယ်ထင်ပါ့ ... ကော်ဖီခြံနဲ့ ကော်ဖီဆိုင်အတွေးစိတ်ကူးလေးကို သဘောကျတယ် ... ဖွင့်ဖြစ်ရင် လာသောက်မယ် မိုးကုတ်ထိ ...း)

song chan moe said...

မြို့လေးကိုချစ်တဲ့သူတစ်ယောက်ဖြစ်လို့လေးစားမိပါတယ်။
အေးအေးဆေးဆေးအတွေးတူစိတ်တူ ညီအစ်ကိုတစ်ဦးမို့ နားလည်မိပါတယ်။
အိမ်ထောင်ရေးကတော့ စဉ်းစားမနေပါနဲ့တော့လေ..
လူပျိုကြီးဘ၀ကပိုအေးချမ်းပါတယ်။ အဲဒီသောင် အဲဒီကမ်းကိုပဲ သွားပါ။ သွားပါ။

မခံချင်စိတ်နဲ့များကြိုးစားမလားလို့ :P

တလနွန် said...

ကြည်နူးဖို့ ကောင်းတဲ့ကော်ဖီခြံ
နံပါတ်၆ ချက်နှင့်အတူလှပတဲ့ မိန်းမပျို
အေးချမ်းတဲ့ ကိုဘို
အရာအားလုံး ပနံတင့်လျက်...


ခင်မင်လျက်
တလနွန်