Monday, January 25, 2010

ညီမလေး လိမ္မော်ချစ်သူ ရဲ့ ကဗျာလေးတွေ




မျောပါခြင်း

မနက်.....
နိုးလာတယ်
အိပ်ရေးတော့မဝဘူး
သွားတယ်...လာတယ်
လူတွေ လူတွေ
တိုးတိုး ကြိတ်ကြိတ်ပါပဲ
စက်ရုံထဲဝင်ဖို့ တန်းစီနေသလိုမျိုးပေါ့။

နေ့လည်....
စားပါတယ်
ဆန္ဒတော့ သိပ်မပါဘူး
ကိုယ့်အကြိုက် ကိုယ့်စရိုက်မဟုတ်ပေမယ့်
လူတွေ လူတွေ
တိုးတိုး ကြိတ်ကြိတ်ပါပဲ
ဒီအချိန်မှာပဲ အပြီးစားရမှာကိုး။

ညနေ......
ပြန်ဖို့ဟန်ပြင်တယ်
ပျော်ပျော်ရွှင်ရွှင်ပေါ့
ကိုယ့်အိမ်လို မနွေးထွေးပေမယ့်
ဒါဟာလက်ရှိ ကိုယ့်အိမ်မို့
ဒီကိုပဲ ပြန်ရဦးမယ်
လူတွေ လူတွေ
တိုးတိုး ကြိတ်ကြိတ်ပါပဲ
အသိုက်အမြုံဆီ ပြန်နေကြပါပေါ့။

သြော်.....ဒီလိုနဲ့ပဲ
ရက်တွေလပြောင်း
လတွေနှစ်ပြောင်းလို့
ရာသီဘယ်နှစ်ခု ပြောင်းခဲ့ပြီလဲ
ငါ့မှာတော့ အသားမကျနိုင်ခဲ့။

ဟိုစဉ် အတိတ်ဘဝ
ပြန်ကာ ရလေမလားရယ်လို့
မျှော်လဲ မျှော်မိပါရဲ့။
လက်တစ်ဆုပ်စာ
ကျွန်းပိစိလေးမှာ
စက်ရုပ် တစ်ရုပ်ပမာ
ဒါဟာ ငါပဲပေါ့။

အများသူငှာလဲ
ဒီလို ပါပဲရယ်လို့
ရသေ့စိတ်ဖြေ
ငါ.....ကြိတ်မှိတ်နေရတယ်။

ကိုယ့်ဘဝကိုယ်ကျောင်း
ကိုယ့်လမ်းကိုယ်ဖောက်လို့
ကိုယ့်အိပ်မက်ကိုယ်မက်လို့
ဆန္ဒစိတ်ကူး
အရူးအမူးဖြစ်ခဲ့လဲ
တစ်ခါတစ်ရံမှာ ဒဏ်ရာရ
ငါ.......မှားခဲ့လေပြီလားကွယ်.....။ ။

လိမ္မော်ချစ်သူ



ရီမောခြင်း
အလွမ်း အဆွေးတွေနဲ့
ငါ့နှလုံးသားက
တစ်ဖြည်းဖြည်း ပါးပါးလာတယ်။ ။
မျှော်လင့်ခြင်း အလင်းရောင်နဲ့
အရုဏ်ဦး မနက်ခင်းတွေလဲ
တစ်ဖြည်းဖြည်း မှေးမှိန်။ ။
နေဝင်ရီ တစ်ရော
ညနေခင်း အလင်းတွေလဲ
အိပ်မက်လှလှတွေ မဖန်ဆင်းနိုင်ခဲ့။ ။
အပြောလွယ်သလောက်
လုပ်ရခက်တဲ့
"နားလည်ခြင်း" ဆိုတဲ့
ဝေါဟာရ တစ်ခုဟာ
ငါ့နှလုံးသားကို ဝါးမြို
ငါ့သွေးသားထဲ စိမ့်ဝင်လို့
လှပစွာ......ငါ.....ပြုံးတတ်ခဲ့ပြီလေ။ ။

လိမ္မော်ချစ်သူ


ဝေး

စွယ်တော်တစ်ခက်နဲ့
အလွမ်းမပျက်ခဲ့တဲ့
ပန်းတစ်ပွင့်.......ငါ
နွေဦးတေးသီတဲ့
ဥသြလေးတွေက
လှောင်ပြောင် နေကြပြီလား? ။

စွယ်တော်တစ်ခက်နဲ့
ဘဝင်မှာ မက်စေတဲ့
ငါ့လမင်းလေး.....မင်း
ပူပူဆွေးဆွေး
အတွေးအေးအေးနဲ့
အနေဝေးဝေး ဖြစ်ခဲ့ကြပြီလေ။

စွယ်တော်တစ်ခက်နဲ့
ဘဝ အဆက်ဆက်
မခွဲတစ်သက်လို့
တူတူဟစ်ကြွေး
ချစ်တေးတွေသီခဲ့လည်း......
ကံကြမ္မာရယ်
မ , ဖန်လာတော့
ငါတို့တွေ........ဝေးဝေး.....ဝေးခဲ့ပြီပေါ့ကွယ်။ ။

လိမ္မော်ချစ်သူ




ကျွန်တော့် ညီမလေး လိမ္မော်ချစ်သူ အတွက် သူရေးထားတဲ့ ကဗျာလေးတွေ အမှတ်တရ တင်လိုက်ပါတယ်။ အသစ် တင်စရာမရှိတော့ ဆားချက်ခြင်း တစ်မျိုးပေါ့.....။ :-P

(“ဓာတ်ပုံ” လေးတွေက အင်တာနက်က ရှာပီး သိမ်းထားတာတွေပါ။ လင့်ခ်တွေ မှတ်ဖို့ မေ့သွားတဲ့အတွက် ခရက်ဒစ် မပေးနိုင်တော့ပါဘူး။)
မေတ္တာဖြင့်
မိုးကုတ်သား

3 comments:

Orange Chit Thu said...

အမလေးးးး ကိုဘို....ဦးဘို.....တော်ပြီလား?
သူများကဗျာကို တကယ် တင်လိုက်တယ်ပေါ့လေ။
လာဖတ် တဲ့လူတွေတော့ စိတ်ညစ်ကုန်တော့မှာပဲ။
မိုးကုတ်သားကြီးးးး.....တကယ် တင်လိုက်တယ်....အီးအီးးးးး....
သူများက ဘာမှမရေးတတ်ပါဘူးဆိုမှ။

အိန္ဒြာ said...

ကဗျာလေးတွေ လာဖတ်သွားပါတယ်..

မယ့်ကိုး said...

လိမ္မော်ချစ်သူ ရဲ့ ကဗျာလေးတွေ ကြိုက်တယ်။တင်တုန်းက မသိလိုက်ဘူး။ အခုမှ ဖတ်မိတာ ....
အားပေးနေတယ်နော်
=)