Monday, July 27, 2009

စနေသား ရဲဖမ်းခံရခြင်း




ကျွန်တော့် ဥပဓိ နဲ့ ဆိုင်တဲ့ အတွက် ဒီအကြောင်းကို ရေးရမလား၊ မရေးရဘူးလား စဉ်းစားနေတာ ကြာပါဘီ။
နောက်ဆုံးတော့ မိတ်ဆွေတို့ ပြုံးရယ်ဖို့အတွက် ကိုယ့်ပေါင်ကိုယ်ပဲ လှန်ထောင်းလိုက်ပါ့မယ်။ (တကယ်တမ်းတော့ သိပ်ကို ပြောချင်နေလို့ပါ :-P )

ကျွန်တော့် ဥပဓိ ခန့်ညားပုံမျိုးတော့ အင်းး ဘယ်လို ပေါ်လွင်အောင် ပြောရပါ့မလဲ။ ဘယ်သူမှ နောက်ကနေ စောင့်ကြည့်မခံရပါဘူး ဆိုတဲ့ ဒီနိုင်ငံက ကုန်တိုက်ကြီးတွေမှာတောင် ၀န်ထမ်းတွေ နောက်ကနေ လိုက်လံ စောငြ့်ကပ်ခြင်း ခံရတဲ့ ရုပ်မျိုးပါ။ ကျွန်တော်ကတော့ အကူအညီ လိုရင် ပေးဖို့ လိုက်တယ်ပဲ မှတ်ပါတယ်။ အဲလောက် ဥပဓိ ခံ့ညားတာခင်ဗျ။

တစ်ချို့ကလဲ ချောချက်ကတော့ ကောင်းမြတ်နဲ့ ချစ်ကောင်း နှစ်ယောက် ပေါင်းထားသလိုပဲတဲ့။ ဘိန်းစားရုပ်တဲ့။ အင်းးး တယ်ခက်တာကိုးးး နော်။ မော်ဒယ်လ် ပိန်၊ ပိန်တာကိုများ သူတို့တွေ အမှန် မမြင်နိုင်ကြဘူးး။ ဖြိုးငွေစိုးတို့ ရဲတိုက်တို့မှ ချောတယ် မြင်ကြတာကိုး။

ဒီလောက်ကလေး အရိပ် ပြရုံနဲ့ ကျွန်တော့် ဥပဓိ ဘယ်လောက်ကောင်းလဲ ခန့်မှန်းမိကြရောပေါ့။ ဒါကို ပြောပြနေရတာက အကြောင်းရှိပါတယ်။ အဖြစ်အပျက်က ဒီလိုပါခင်ဗျာ။ အဟမ်း အဟမ်း။
(အောင်မလေး၊ ပြောမှာများ စကားပလ္လင်က တယ်ခံသကိုး။ ပရိတ်သတ်ကြီး လေသံ)


နာရီနှိုးစက်သံ ဆူညံညံက ကျွန်တော့် အိပ်ကောင်းခြင်းတွေကို ဖျက်စီးပစ်လိုက်သည်။ ကျိန်းစပ်နေသော မျက်လုံးများကို မဖွင့်နိုင်သေးပဲ နှိုးစက်ကို လှမ်းပိတ်ရင်း တစ်ဘက်ကုတင်မှ ညီဝမ်းကွဲကို လှမ်းနိုးကာ မျက်နှာသစ်ဖို့ ပြေးရသည်။ အိပ်မှုံစုံမွှားနှင့်မျက်လုံးတွေကို မဖွင့်နိုင်သေး။ ရေကို အမြန်ချိုးကာ အ၀တ်အစားလဲရင်း ညီဝမ်းကွဲကို လောရသေးသည်။ အခါတိုင်း နားထောင်နေကျ နံနက်လင်းစ ငှက်ကလေးတွေ စိုးစီသံကိုပင် စကြား နေရသော်လည်း သိပ်ပီး ကြည်နူး မနေနိုင်အားတော့။ နောက်ကျနေဘီလား။ သူငယ်ချင်းတွေကို ဖုန်းဆက်ကြည့်တော့ သူတို့က ရထားပေါ် ရောက်နေကြပြီ။
သူငယ်ချင်းမလေးက ဒီနေ့ ရန်ကုန်ပြန်မည်လေ။ အိမ်အတွက် ၀ယ်ထားသော ပစ္စည်းတွေကို ထိုသူငယ်ချင်းနှင့် လူကြုံ ထည့်ပေးရင်း လေဆိပ်ကိုလဲ လိုက်ပို့ပေးဖို့ ကျွန်တော် ပြောထားခဲ့သည်။ ကျွန်တော့်အိမ်နှင့် နီးသော ဘူတာမှတ်တိုင်သို့ သူတို့ မရောက်ခင် ကျွန်တော်က အရောက်သွားပြီး လေဆိပ်ကို အတူဆက်သွားဖို့ မနေ့ညကရင်း ပြောထားခဲ့ပြီးသား။
ညီဝမ်းကွဲကို စောင့်နေရသောကြောင့် အချိန်က အနည်းငယ် နောက်ကျချင်နေပြီ။ သို့သော် သူငယ်ချင်းတွေက ဖုန်းဆက်မလာသေးတော့ အေးအေးဆေးဆေးသာ။ သူတို့ကို အိမ်နား မရောက်ခင် ရထားဘူတာ သုံးမှတ်တိုင် အလိုရောက်လျှင် ကျွန်တော့်ဆီ ဖုန်းဆက်ခေါ်ဖို့ မှာထားသည်မဟုတ်လား။ အိမ်ကနေ ထွက်လာပြီး တိုက်တန်းများကို ဖြတ်ကာ ကျွန်တော်တို့ ညီအကိုနှစ်ယောက် အေးအေးလူလူ စကားပြောပြီး သွားနေတုန်း ဖုန်းဝင်လာသည်။
"..ငါတို့ ...... မှတ်တိုင်ရောက်နေပြီ။ ဘူတာမှာ ရောက်နေပြီလား.." တဲ့။
သူတို့ပြောသည့် မှတ်တိုင်က ကျွန်တော် စောင့်မည့် ဘူတာနှင့် တစ်မှတ်တိုင်မျှသာ ကွာတော့သည်။ ထိုမှတ်တိုင်မှ ကျွန်တော်စောင့်မည့် မှတ်တိုင်သို့ ရထားကြာချိန်က နှစ်မိနစ်မျှသာ။ ကျွန်တော်တို့ လမ်းလျှောက်ကာ ဘူတာသို့ သွားပါက လေးမိနစ်ခန့် ကြာအုံးမည်။ လမ်းလျှောက်လို့ မမှီ နိုင်တော့ ပြေးရုံပေါ့။
တိုက်တန်းတွေကြားမှာ ပြေးလွှားကာ ဖြတ်ရင်း ကားလမ်းမကြီးဘက် ဆင်းရာ လှေကားကနေ ကျွန်တော် ပြေးဆင်းသည်။ အနောက်က ကျွန်တော့် ညီဝမ်းကွဲကိုလဲ မြန်မြန်လာဖို့ အော်ရသေးသည်။ ကားလမ်းမကြီး ကို ဖြတ်ကာ လမ်းဘေး လူသွားလမ်းတစ်လျှောက် ကျွန်တော် ပြေးတော့ ကျွန်တော့် ညီကလဲ နောက်က နေ မှီအောင် ပြေးလိုက် နေရလေတော့သည်။ အိမ်ကို ပေးမည့် အထုပ်ကြီးကို ဆွဲပြီး ရှေ့ကနေ ကျွန်တော်က အသားကုန်ပြေး။ အနောက်မှ ကျွန်တော့်ညီက သူ့ကို စောင့်ဖို့ တကြော်ကြော်အော်ရင်း အနောက်ကနေ ပြေးလိုက်လာကာ စနောက်လို့။ မောရကောင်းမှန်းပင် ကျွန်တော် တို့ သတိမရ။
ဗြုန်းဆို ရဲကားတစ်စီးက ကျွန်တော့်ကို ကျော်တက်ကာ ရှေ့ခပ်လှမ်းလှမ်းမှာ ရပ်သွားသည်။ ရဲသား နှစ်ယောက်က ပြေးဆင်းလာကာ ကျွန်တော့်ကို ဖမ်းချုပ်ကြ၏။ တစ်ယောက်က ကျွန်တော့်ကို ဆွဲချုပ်ထားပြီး တစ်ယောက်က ကျွန်တော့်လက်ထဲမှ အိတ်ကို လုယူသည်။ နံနက်လင်းစ လူရှင်းတုန်း လမ်းပေါ်မှာ ရဲဝတ်စုံတွေ အားကိုးနှင့် ဒီရဲစုတ်တွေ ကျွန်တော့်ကို ဓားပြတိုက်ကြသည်လား။ ကျွန်တော်က လက်ထဲမှ အိတ်ကို လွှတ်မပေးနိုင်ပဲ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ကုန်ကြသည်။ ဘေးမှ လမ်းသွားလမ်းလာ တစ်ချို့က ကျွန်တော်တို့ကို ရပ်ကြည့်နေကြပြီ။ ရှက်လာတော့ ကျွန်တော့်လက်မှ အိတ်ကို လွှတ်ပေးလိုက်ပြီး ဘာကြောင့် ကျွန်တော့်ကို ဖမ်းရသလဲ မေးဖို့လုပ်တုန်း နောက်မှ ကျွန်တော့်ညီက ကျွန်တော့်ကို မှီလာခဲ့သည်။
"..ရော့။ မင်းအိတ်ထဲမှာ ပစ္စည်းတွေ ပြည့်စုံရဲ့ လား စစ်လိုက်အုံး.."
ကျွန်တော့်အိတ်ကို ယူထားသော ရဲသားက ကျွန်တော့်ညီဝမ်းကွဲဆီ အိတ်ကို ပစ်ပေးလိုက်ရင်း ပြောတော့မှ ဘာကြောင့်လဲဆိုတာ ကျွန်တော် သဘောပေါက်တော့သည်။ သေလိုက်စမ်းပါတော့။ သူတို့ နောက်ပြန်ချုပ်ကာ ၀တ်ပေးထားသော စတီးလက်ကောက်ကြီးကြောင့် တစ်ဂွမ်ဂွမ် မြည်နေသော ဖုန်းကိုလဲ ကျွန်တော့်မှာ ဖြေလို့မရ။ သူငယ်ချင်းတွေ ဘူတာမှာ ကျွန်တော့်ကို မတွေ့လို့ ဆင်းစောင့်နေကြသလား။ သွားနှင့်ကြပြီလား စိတ်တွေက ပူလာသည်။ ဘုမသိ ဘမသိ အဖမ်းခံထိသော အမှုက ဘာကြောင့်လဲဆိုတာ သိရတော့လဲ စိတ်ထဲ ရှင်းသွားခဲ့ပြီ။
ဘာဖြစ်မှန်း မသိသော ကျွန်တော့် ညီ ၀မ်းကွဲကလဲ အထုပ်လေး ပိုက်ကာ ရပ်လျက်သား။ အဖမ်းခံထိနေသော ကျွန်တော့်ကို တလှည့်၊ ရဲနှစ်ယောက်ကိုတလှည့် နားမလည်နိုင်သော မျက်လုံးများနှင့် အူကြောင်ကြောင် ကြည့်လို့။ ကျွန်တော်ကလဲ မမေးမမြန်းပဲ လာဖမ်းသော ရဲတွေကို စိတ်ဆိုးလှပြီ။ ရထားလဲ ထွက်ရောပေါ့။
"..မင်းတို့မှားနေပြီ။ ငါက လူကောင်းပါ။ သူက ငါ့ညီ.." အဲလို ပြောကာ ရှင်းပြဖို့ ကြိုးစားတော့မှ ညီတော်မောင်က သဘော ပေါက်ကာ တစ် "..ရက်စ်.." ထဲ ထ "..ရက်စ်.." လေတော့သည်။
"..မင်းတို့က ဘာဖြစ်လို့ ပြေးတာတုန်း.." အရစ်ရှည်သော ရဲတစ်ယောက်က သူတို့ စတီးလက်ကောက်ကြီးကို ဖြုတ်ပေးချင်ဟန် မရှိသလို သင်္ကာမကင်း ကျွန်တော့်ကို မေးလေသည်။
"..ငါတို့ သူငယ်ချင်း တစ်ယောက်ကို လေဆိပ်လိုက်ပို့ပေးဖို့ နောက်ကျနေလို့ ရထားဘူတာကို ပြေးလာတာ။ လူသွားလမ်းပေါ်မှာ မပြေးရဘူး ဆိုတဲ့ ဥပဒေ လဲ ငါမကြားမိပါဘူး။ တခြားသူတွေလဲ ဒီလို ပြေးနေကြတာ ငါ့ကျမှ ဘာလို့ ဖမ်းတာတုန်း။ မင်းတို့ကြောင့် ငါ အခု နောက်ကျသွားပြီ။ ဒါကို မင်းတို့ ဘယ်လို ဖြေရှင်းပေးမလဲ.." ဆိုလေတော့မှ ရဲ နှစ်ယောက်လဲ ကျွန်တော့်ညီကို "..သူပြောတာ ဟုတ်သလား.." ဆိုတဲ့ အကြည့်နှင့် ကြည့်ကြ၏။
ကျွန်တော့်ညီကတော့ ခေါင်းကို ပုတ်သင်ညိုလို တဆတ်ဆတ် ငြိမ့်နေရင်း ရယ်ချင်ပက်ကျိ ဖြစ်နေသော မျက်နှာပိုးကို သတ်မရတော့။ ဒီတော့မှ အင်မတန်တော်လှသော ရဲမင်းကြီးနှစ်ကောင် ကျွန်တော့်ကို သူတို့ရဲ့ စတီး လက်ကောက်ကြီး ဖြုတ်ပေးလေတော့သည်။
တာဝန်အရ လုပ်ရသောကြောင့် သူတို့ကို နားလည်ပေးဖို့ အထပ်ထပ် တောင်းပန်ရင်း လေဆိပ်ကို သူတို့ကားနှင့် လိုက်ပို့ပေးပါရစေ လောကွတ်က ချော်နေသေးသည်။ တော်ပါဘီ။ လိုက်ပါဘူး။ ရဲကားပေါ် တက်လိုက်သွားမှ ဘေးမှာ ရပ်ကြည့်နေသူတွေ အနော် အဖမ်းခံထိတယ်ဖြစ်ကာ အထင်တွေ လွဲနေကြအုံးမည်။
ကျွန်တော့်ညီ လက်ထဲက အထုပ်ကို ပြန်ဆွဲယူလိုက်ရင်း
"..နောက်ကို ပြေးခွင့် လိုင်စင်တင်ထားမယ်။ မဖမ်းခင် ဥပဓိလဲ သေချာ အကဲခတ်အုံး.."
ကွန်ပလိန်း တက်ဖို့ အချိန်မရတော့ ဒေါပွပွနဲ့ ကျွန်တော် ပြောပီး ရထားဘူတာဘက် ဆက်ပြေးတော့ ရဲသား နှစ်ယောက်က နောက်မှ "..ဆောရီးဆာ၊ ဆောရီးဆာ.." နှင့် တဆာဆာ ခါးကိုင်းအော်ကာ ကျန်နေရစ်ခဲ့ကြလေသည်။
ဒီလောက် ခန့်တဲ့ ဥပဓိကိုများဗျာ၊ အလစ်သုတ် ပြေးတဲ့လူနဲ့ မှားရတယ်လို့။ ဒီကရဲတွေ ညံ့ချက်များတော့ ပြောချင်တော့ဘူးး။
ခုတော့ ဘေးကနေ ပြေးလိုက်လာရင်း တခွိခွိ ရယ်နေတဲ့ ညီတော်မောင်ကိုသာ စိတ်ရှိလက်ရှိ ဖနောင့်နဲ့ ပေါက်ချင်နေတော့တယ်။

(အနော့် ဥပဓိ ကောင်းကြောင်းတော့ ပရိတ်သတ်တွေ သိကုန်ကြပြီ။ ဒါပေမဲ့ နဲနဲလေး ပြုံးမိတယ်ဆိုရင်ကို စိတ်ပျက်လက်ပျက် ရယ်ရမလို၊ ငိုရမလို ဖြစ်ခဲ့တာလေး ပြန်ပြောပြရကျိုး နပ်ပါတယ်ဗျာ။ တနင်္လာနေ့ မှာ အလုပ်တက်ရသူ မိတ်ဆွေတွေ အားလုံးကို ပြုံးပျော်စေချင်လို့ပါ။)

မေတ္တာဖြင့်
မိုးကုတ်သား





31 comments:

နွေးနေခြည် said...

ရဲတွေ မမှားပါဘူးလေ (တာဝန်အရပါ) ဟိဟိး)

ပြုံးရုံတင်မကဘူး အသံထွက်ပါရီမိလို့ ဘရိတ်အုပ်ထားရတယ်။ ဘေးက တရုတ်လှမ်းကြည့်နေပြီ...

မယ့်ကိုး said...

အစ်ကို ပြောတုန်းကလည်း ရယ်ရတယ်။ အခုပြန်ဖတ်တော့လည်း မျက်စိထဲ ကွက်ကွက်ကွင်းကွင်းနဲ့  တကယ်ရယ်ရတယ် ... :P

မေဇင် said...

အရမ်းကို ရီရတာပဲ....ဟဟဟဟဟ တော်လိုက်တဲ့ ရဲသားတွေများကွာ....တို့ အစ်ကို ကိုပဲ.... တော်ပါသေးရဲ့နော်.... အိုစမာ နဲ့မမှားလို့.... ဟိဟိ.... နောက်ဆို သိပ်မပြေးနဲ့လေ အစ်ကိုတော်ရေ.....နော်..။

မေလေး said...

အီတလီက
ဘက်ကီယို လိုလို
ရန်ကုန်က
ဖြိုးငွေစိုး လိုလို
ထင်ရတဲ့ နာ့အကို့ကို
လုပ်ရက်လိုက်တာ ဒီရဲသားနဲ့
(စခန်းထိ ခေါ်သွားတာ မဟုတ်ဘူး)
ခက်ပါ့။
စိတ်ညစ်နေတာတောင် ဘယ်ရောက်သွားပါလိမ့်။

တလနွန် said...

ဒီက ရဲတွေ တော်တော်ဆိုးတာပဲ...ကိုမိုးကုတ်ကြီးကိုမှ အထင်မှားအမြင်မှားနဲ့ ဗျာ.....
ရေးထားတာ ဖတ်ရင်း ရယ်မိသွားပြီးဗျို့ 

yanmyo said...

အထင်လွဲခံ ရတာလောက်ခံရခက်တာမရှိဘူး၊
ဒီအထဲမှ ရဲကမှအထင်လွဲတယ်ဆိုတော့..
ကောင်မလေးတွေနဲ့တော့အထင်လွဲမခံရစေနဲ့ဗျို့..

ထာဝရမိုး said...

ဟားဟားတော်သေးတာပေါ့၊ဟိုကပြန်လွတ်ပေးလို့။
ဆံပင်ဖြောင့်ထားတော့ပိုတူတာပေါ့၊ဟီးဟီး

Lucifer said...

ရယ်ရတာ.. ဗိုက်တောင်နာတယ်.. ဖြစ်မှဖြစ်ရလေ အကိုရယ်... နောက်ကလိုက်တဲ့သူမှာလည်း သူ့ခများနောက်ကျ ကျန်ခဲ့မှားစိုး လို့ စိုးရိမ် စိတ်နဲ့ စောင့်ဖို့အော်မိခါမှ... ဟဟ.. အကို့အဖြစ်ကမလွယ်ပါ့လား???

ရွက်လွင့်ခြင်း said...

ဖြစ်တက်ပါတယ်လေ
ညီကိုလည်း အပြစ်မတင်ပါနဲ့ 
သူဥပဓိရုပ်ကြောင့် ရဲကလွတ်လိုက်တာပါ....း))

Sein Lyan Tun said...

ညီ့အကိုကို ဘယ်သူက ကောင်းမြတ်တို့ ချစ်ကောင်းတို့နဲ့တူတယ်လို့ နှိုင်းတုံး

ရာရာစစဗျာ


မသကာ မော့စ် နဲ့ ဗေလုဝ တို့ မျိုးစပ်ထားတဲ့ ငြိမ်းချမ်းလို ရုပ်ရည်ရှိတဲ့သူဆိုရင် ညီဖြေသာပါသေးတယ်ဗျာ...


ခုတော့ အကို့ကိုရဲဖမ်းရတယ်လို့လေ....


ဟုတ်ချင်လဲဟုတ်မှာပေါ့... အရင်က ပြုခဲ့တဲ့ အမှုတွေက တယ်များသကိုး....


လိမ်မာတော့မယ်ဆိုမှ ရဲက ကောက်ခါငင်ခါဖမ်းရတယ်လို့လေ...

စကားမစပ် ကိုမောင်ဟန်ကိုဖမ်းတဲ့ရဲက

မဒါကိုဖမ်းနေကျ ရဲများလားမသိဘူးနော်


ဟိ


မသိလို့မေးတာ

စိတ်ရှိနဲ့

ချစ်တဲ့

ညီ

ဖိုးစိန်

ကောင်းကင်ပြာ said...

တို့ကိုကိုဖြိုးငွေစိုးကို အဲ့ ရဲသားကြီးတွေက ဖမ်းစရာလား၊ ခုတော့ လက်ထိပ်ကြီး ၀တ်ဖူးသွားရပီ၊:P
နောက်တပုဒ်ကျန်သေးတယ်နော် ရေးစရာ ၊ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းတာ ပဲ ရေးလိုက်ပါ၊ ရေးလိုက်စမ်ဘာာာာာာာ

ဖိုးသင်္ကြန် said...

မဟုတ်ဘူး မကောင်းကင်ပြာ။
ကျွန်တော်တို့ သိထားတာတင် ဇာတ်လမ်းသုံးပိုင်းစာ ရှိတယ်။
ဒီလူကြီး လျှိုထားတာတွေ ရှိတယ်နော်။
ရအောင်မေး။

Anonymous said...

ဟယ်၊ တကယ်ကြီးလား၊
အခုတော့ ရီစရာဖြစ်နေပြီပေါ့။
အဲဒီတုန်းက ဘယ်လောက်စိတ်ရူတ်လိမ့်မလဲ။

Yu Ya said...

ဟား...ဟား...ဟား... ရီရတယ်ကိုမိုးကုတ်သားရေ... တကယ်ပါဗျာ.. အသံထွက်အောင်ကို ရီတာ။ ကျွန်တော်မဟေသီကတောင် မေးနေပြီဗျ..။ ပြောပြလိုက်အုံးမယ်..အဟီး။

အိန္ဒြာ said...

ဟားဟား...

တကယ်လို့ အလုပ်သစ်သမားဖြစ်ရင်တောင်

တော်တော်ရှိုးစမိုးများများ...ပဲတက်တက်

တစ်ယောက်ဖြစ်လိမ့်မယ်...

ဖိုးစိန်...

ဘာဆိုင်လဲ..ရဲချင်း..တူစရာလား

yin mon said...

ရဲသားဘေးမှ ရဲမေလေးကို မတွေ့ဘူးလား....ကိုမိုးကုတ်သားကို ခိုက်သွားလို့ ဇာတ်လမ်းထွင်လိုက်တာ ဖြစ်လိမ့်မယ်....ဟီး.

william said...

ဒီ စနေနာမ်... အဲလေ..စနေသား ရဲဖမ်းခံရခြင်း ဇာတ်လမ်းဟောင်းအား ဖတ်ရှုပြီး ရယ်မောသွားပါကြောင်း။

Dream said...

အင်း...ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ....အဲ...ဟုတ်ပါဘူး...ရဲဖမ်းဖို့လာ...ဟဲဟဲ....

ပြုံးတော့မပြုံးသွားဘူး....အားရပါးရကို ရယ်သွားတယ်.... ဟားဟား....

နောက်လမ်းသွားရင် မပြေးနဲ့။ ပြေးရင် အထုတ်မဆွဲနဲ့.... တခါတည်း သတိပေးလိုက်မယ်... :P :P

မင်းအိမ်ဖြူ said...

ဟီးဟီး ကောင်းလိုက်တာ စာရေးထားတာပြောတာနော်
ဟီဟိ
ကျွန်တော် မပါလို့ပါအစ်ကိုရယ်
ကျွန်တော်သာပါရင် အစ်ကို စခန်းမှာ အိပ်ရပြီ
ကျွန်တော်က လက်သီး နဲ့ နှစ်ချက်လောက်ထိုးပြီး သူပေါ့ ကျွန်တော့် အထုပ်ယူသွားပါတယ် ဆိုပြီး လုပ်မှာ

နောက်တာပါဗျာ

နောက်ကို သတိထားမှ လွှတ်မပြေးရဲတော့ဘူး

အစ်ကို ရွှေလို့တော့ ပြောခဲ့ပါဘူးနော် ဟီဟိ

စတာနော် အစ်ကို

နောက်ဆို ရဲမေလေးနဲ့ပဲ တွေ့ ပါစေဗျာ

တကယ် ရီသွားတယ် ဟာဟ

Unknown said...

အကိုရေ...

အကိုrequest လုပ်သလိုအကို့ဘက်ကနေပြောပေးဖို့ပဲ..ဒါပေမယ့်စာပြန်ဖတ်ပြီး
ပြန်စဉ်စားကြည့်တော့လဲသူတို့အားလုံးပြောတာတွေကမှန်နေသား
...ဟီးဟီးဟီး...
ဓာတ်ပုံမရိုက်ပေးမှာစိုးလို့..တစ်ခွန်းလောက်တော့အကောင်းပြောအုံးမှ...
ဟေ့..သူငယ်ချင်းတို့..တို့ကိုဘိုကအပြင်မှာစတိုင်အရမ်းမိုက်တယ်သိကြလား..
အဲနေ့ကသူ့ခမျာလေယာဉ်ကွင်းကိုမမှီမှာစိုး
လို့စတိုင်လ်မထုတ်ခဲ့ရတော့နဂိုရှိ..နဂိုင်းပေါ်ဖြစ်သွားလို့နေမှာပါကွာ..ဟားဟားဟားးးးးးးးးး
အဟီး...ချစ်လို့နောက်တာချိတ်ရှိုးနဲ့နော်...

Unknown said...

ဘယ်သူလဲကွ ။ sis .. bro ကို အလစ်တ မားရုပ်လို. ပြောတာ ....လုံးဝ မခံနိုင်ဘူးနော် ဒီက ဟီးဟီး သူဘာတာ ခံလိုက်မယ် .... :P

Unknown said...
This comment has been removed by the author.
Nan Thandar said...

LOL :)

Unknown said...

aww ... forget တွားလို.။ by the way ... သယ်ရင်းတို.ရေ ... KoBoBo က လီးယောင်ဂျေး နဲ. တူတယ်နော်...
P.S KoBoBo ပြောခိုင်းတာမေ.တွား လို. ထပ်ရေ:ပေးလိုက်တယ်နော် ..... ချိတ်ချိုးနဲ.တော့ ... a heee ....:P

မခ said...

ရယ်လဲရယ်မိတယ် ရယ်ပြီးတော့မှ အားလဲနာတယ်

Unknown said...

စတီးလက်ကောက်ဝတ်ရတဲ.ကံကပဲပါနေသလားမှမသိ.......... :P

Anonymous said...

လီးယောင်ဂျေး ဘယ်တုန်းက bruise ရသွားတာလဲ....ဟင်းးးးး?

ကိုရင်နော်ခင်လေးငယ် said...

ပြောပြတုန်းကလည်း ရယ်ခဲ့ရပြီးပြီ..
ခုဖတ်ရတော့ လည်း ရယ်နေရတုန်း...
မြင်ယောင်တယ်...

နေပါဦး... စကားမစပ် ဘာလို့ ရုပ်အကြောင်း ဒီလောက် ချ ပြောနေတာလည်း...

တူတယ်လေ.. တူတယ်.. တူပြောသလို ဆို တူတယ် ဆိုတာ လိုက် တူတော့မှာပေါ့.. စိတ်ညစ်တယ်..

ပုလုကွေး said...

“အီတလီက
ဘက်ကီယို လိုလို
ရန်ကုန်က
ဖြိုးငွေစိုး လိုလို” မေလေးပြောတာတွေနဲ့ တစ်ခါဆုံဘူးတဲ့ ဘရားသားရုပ် ကိုပုံဖော်သွားတယ်။ ဟုတ်တယ်။ ကျတော့်အထင် ဘရားသားက ခန့်ချောကြီးပါဗျာ။ တွေ့ရင် မုန့်ဝယ်ကျွေးနော်ဗျ

ဆောင်းနှင်းရွက် said...

ခွိ ခွိ ..!

မြသွေးနီ said...

အင်း..ရုပ်ခံကြောင့် ပြန်လွတ်လာတာ...
ယုံလိုက်ပါဘီ...။