Thursday, July 30, 2009

လက်ဆောင်များ



ကျွန်တော်တို့ကို မြင်ရင် လူတွေက သဘောတကျ ရှိတတ်ကြပါတယ်။ တစ်ခါတရံမှာတော့ အကြောင်းတိုက်ဆိုင်မှု မရှိရင် သူတို့ဟာ ကျွန်တော်တို့ကို မေ့လျော့လို့ နေတတ်ကြပြန်တယ်။
ဒါဟာ လူတွေရဲ့ သဘာဝပဲလေ။ ကျွန်တော်တို့က တခါတရံမှသာ အသုံးချလို့ရတဲ့ အလှသက်သက် ပေပဲကိုး။

လူတွေ အမြဲ လိုအပ်နေတဲ့၊ အမြဲ အသုံးချလို့ရမဲ့ အရာဝတ္ထုတစ်ခု ဖြစ်ခွင့်မရခဲ့တာကိုလဲ ကျွန်တော်တို့
ဝမ်းမနည်းပါဘူး။ သူတို့တွေ အမှုမဲ့ အမှတ်မဲ့ ကျွန်တော်တို့ကို ဖြတ်သန်းသွားခဲ့လို့လဲ အားငယ် မနေတတ်ဘူး။ မတော်တဆ တစ်ချို့ လူတွေရဲ့ လက်တွေ ကျွန်တော်တို့ဆီ ထိခတ်သွားတိုင်းလဲ လမ်းဆုံးကို သိနေတဲ့ ကျွန်တော်တို့ တာဝန်ကျေဖို့ကလွဲပြီး မတုန်လှုပ်ချင်ဘူး။

သူတို့က ကျွန်တော်တို့ကို အလှပဆုံး...၊ အဆန်းတကြယ်..၊ ချစ်စရာကောင်းအောင်... ဖန်တီးချင် ဖန်တီးမယ်။
ဒါမှမဟုတ် ရိုးရိုးရှင်းရှင်းလေးပဲ အသုံးပြုချင် ပြုကြမယ်။ ကျွန်တော်တို့ရဲ့ အဓိကတာဝန်က ပျော်ရွှင်ခြင်းတွေကို ထုပ်ပိုးပေးဖို့ပဲလေ။

ချစ်စရာကောင်းအောင် ဖန်တီးပေးထားလဲ “လှလိုက်တာ” ဆိုတဲ့ စကားလေး တစ်ခွန်းကလွဲပြီး အဲဒီ ပျော်ရွှင်မှုတွေကို ကျွန်တော်တို့ မပိုင်ဘူး။
ရိုးရိုးရှင်းရှင်းလေး သေသပ်လှပနေလဲ ပျော်ရွှင်ခြင်းတွေက ကျွန်တော်တို့အပေါ် မဖွဲ့တည်ဘူး။
တစ်ခါတစ်ခါမှာ ကျွန်တော်တို့က “ချစ်ခြင်းမေတ္တာ” တွေကို ထုပ်ပိုး သယ်ဆောင်ရတယ်။ တစ်ခါတစ်ခါမှာတော့ “ခင်မင်ရင်းနှီးမှု” တွေကို လွယ်ပိုးရမယ်။ တစ်ခါတစ်ခါမှာတော့ “၀မ်းနည်း သတိရခြင်း” တွေလဲ ပါလာတတ်သေးရဲ့။
ကျွန်တော်တို့ ထုပ်ပိုး သယ်ဆောင်လာတာတွေကို မြင်တာနဲ့ လူတွေ စိတ်လှုပ်ရှား ရင်ခုန်ကြ၊ ကြည်နူးပျော်ရွှင်ကြတာ ၀မ်းမြောက်စရာပဲပေါ့။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ထုပ်ပိုး သယ်တောင်ရသမျှဟာ “ က္ကုသာ မစ္ဆိရ” ဆိုတဲ့ “ ၀န်တိုငြူစူခြင်း” တွေ၊ “မုန်းတီးစက်ဆုပ်မှု” တွေ ပါမလာတတ်ကြတာကိုပဲ တိတ်တဆိတ် ကျေနပ်လို့။ လူတွေက ကျွန်တော်တို့ကို ကြည်နူးပျော်ရွှင်စရာလေးတွေ အတွက်သာ အတော်များများ အသုံးပြုတတ်ကြတာ ကိုပဲ ကျေးဇူး တင်နေမိတယ်။

ကျွန်တော်တို့ကို စနစ်တကျ သိမ်းဆည်းထားတဲ့သူ၊ အမြတ်တနိုး တန်ဖိုးထားတဲ့သူ ဆိုတာ အင်မတန် ရှားပါတယ်။ သိမ်းထားခဲ့ရင်တောင် နောက်တစ်ခါ ထပ်ပြီး ထုပ်ပိုးဖို့ အတွက်က များပါတယ်။ တစ်ပိုင်းတစ်စစီ စုတ်ဖြဲ ခံချင်လဲ ခံရမယ်။ အမှုမဲ့ အမှတ်မဲ့ ဆွဲခြေပြီး လုံးထွေး ပစ်ခြင်း ခံချင် ခံရမယ်။ ဘယ်သူကမှတော့ တယုတယလေး ကျွန်တော်တို့ကို ဖြေမချတတ်ပါဘူး။ သူတို့ ပိုင်ဆိုင်ရမဲ့ ပျော်ရွှင်ခြင်းတွေဆီမှာသာ အာရုံတွေ စုပြုံလို့ ကျွန်တော်တို့ကို မေ့လျော့ခြင်းတောင် ခံချင် ခံရပါအုံးမယ်။

ဘာပဲ ဖြစ်ဖြစ်ပေါ့။ ကျွန်တော်တို့ ကျေနပ်ပါတယ်။ ကျွန်တော်တို့ရဲ့လမ်းဆုံးဟာ အမှိုက်ပုံးတစ်ခုသာ ဖြစ်မှန်း သိထားပြီးသားလေ။ ပျော်ရွှင်ခြင်းတွေကို တဒင်္ဂံလောက်ပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ဆောင်ကျဉ်းပေးခဲ့တယ် ဆိုရင်ပဲ ကျေနပ်လှပါပြီလေ။ တစ်ကယ်တမ်းတော့ “ကျွန်တော်တို့ဟာ.....................”








ပုံကို Flickr ကနေ ယူထားပါတယ်။

မေတ္တာဖြင့်

မိုးကုတ်သား




ဒီစာလေးကို “မကောင်းကင်ပြာ” အတွက် မွေးနေ့လက်ဆောင် ပေးရင် ဘာနဲ့ ထုပ်ပိုးပေးရမလဲ တွေးရင်း ဆက်စဉ်းစား မိတာလေးပါ။ မွေးနေ့ဆုတောင်း တစ်ခုမှ မပါပေမဲ့ မွေးနေ့ရှင် “မကောင်းကင်ပြာ” ကျေနပ်မယ် မျှော်လင့်ပါတယ်။

12 comments:

Sein Lyan Tun said...

မမကောင်းကင်ပြာ


မွေးနေမှာ ပျော်ရွှင်ပါစေဗျာ

ချစ်ခင်စွာဖြင့်

ဖိုးစိန်

Sein Lyan Tun said...

ကိုကိုမောင်ဟတ်


ညီ့ မွေးနေ့ ကျတော့ ဘာလက်ဆောင်မှလဲပေးဖူး...


စကာင်္ပူလာမှ ရမယ်ဆိုပြီး အချိုသတ်ထားတယ်.....

ဟွင်းးးးးးးးးးးးးးးးးးးးး


မောင်ဟတ်ကြီးနော်............


ကျေနပ်ဖူးနော်....


မွေးနေ့လက်ဆောင်.... ပို့ ပါ


ဒါဖဲ


ချစ်တဲ့

ညီ

Anonymous said...

ကွမ်းယာကိုတော့ ထုပ်ပိုးမပေးလောက်ဘူးထင်ပါတယ်နော်

မေဇင် said...

စိတ်ကူးလေး ကောင်းတယ်.... ဟုတ်တယ်... နောက်ဆုံးတော့ သူတို့အမှိုက်ပုံကို ရောက်သွားမှာပဲ...း)

နွေးနေခြည် said...

သင်္ခါရ

kaungkinpyar said...

WOW!!!!!!!!!!!!!!!!!
ကျေးဇူးအထူးတင်ပါတယ် ဘိုဘို၊ ပြောမပြတတ်အောင်ပါ၊
:):):):):)
ပျော်လဲပျော်ပါတယ်၊ ကျေလဲ ကျေနပ်ပါတယ်

တလနွန် said...

ဒီလိုပါပဲ ပျော်ရွင်ခြင်းအမှတ်တရအဖြစ် အသုံးချခံရတယ်။ တန်ဖိုးထားသူအတွက်တော့ လှပနေမှာပါ ထာဝရ

ခင်မင်ခြင်းနှင့်
တလနွန်

Anonymous said...

ငယ်ငယ်တုန်းက သိမ်းပါတယ်ဟယ်။
အိမ်မှာ အထပ်လိုက်ပဲ။
မှတ်မှတ်ရရ မင်္ဂလာဆောင်လက်ဖွဲ့တွေ ရတုန်းကဆို
အများကြီးပဲ။ တခါထုတ်ကြည့်တိုင်း တခါ အမှတ်တရဖြစ်တယ်လေ၊ ဒါလေးက ဘယ်သူပေးတာပေါ့ ဆိုပြီး စားမြုံ့ပြန်တာပေါ့၊ အဲဒီ စာရွက်လေးတွေကို တချို့ကလည်း အသေအချာ ရွေးချယ်တာကိုး။
ကိုယ်ကြိုက်တဲ့ဒီဇိုင်းနဲ့ အရောင်ကို ရွေးပြီးသူများကို ပေးတတ်ကြတာမဟုတ်လား။ ဘာပဲဖြစ်ဖြစ် လက်ဆောင်ရတဲ့လူက စိတ်မှာ ပျော်ရွှင်ခြင်းတော့ ရလိုက်တာပဲလေ။ ခဏသာဖြစ်ဖြစ်ပေါ့။
တခဏလေးလည်း တန်ဖိုးရှိပါတယ်။

အများကြီးရေးမိပြီ။
အမှတ်တရပွဲကျရင် မုန့်ကျွေးမယ်၊ လက်ဆောင်ရအောင်လို့။ :)

Lucifer said...

စာအရေးအသားတော်တော်ကောင်းတယ်.. သာမန်အတွေးမျိုးလေးကို စိတ်ဝင်စားအောင် သိပ်ရေးတတ်တာပဲး...

မယ့်ကိုး said...

အစ်ကိုရေ...အတွေးလေးကို ရေးတတ်လိုက်တာ။ သိပ်သဘောကျမိပါတယ်။

မငုံ said...

ကောင်းလိုက်တဲ့ပိုစ့်လေး။ တန်ဖိုးရှိတဲ့ မကြီးကောင်းကင်အတွက် မွေးနေ့ပိုစ့်လေးပါ။

မိုးခါး said...

မိုက်တယ်း))