Thursday, June 18, 2009

သူနဲ့ မာဇရာတီ အပူ


သူဟာ လှပတဲ့ ဇိမ်ခံကားတွေကို အင်မတန် သဘောကျသူ တစ်ယောက်ပေါ့။
မလှပတဲ့ သူ့ငယ်ဘ၀လေးက စပြီး သူဟာ ကားလှလှလေးတွေကို မြင်တိုင်း လိုချင်မက်မောစွာ ငေးမောလို့ ကြည့်နေတတ်ခဲ့တယ်။
ခုတော့လဲ သူ့ ကြိုးစားမှုတွေကြောင့် ကားလှလှလေးတွေကို သူ ထည်လဲ စီးနိုင်ခဲ့ပြီ။ ကားတွေ တစ်မျိုးပြီး တစ်မျိုး ပြောင်းလဲ စီးခဲ့ပြီးတဲ့နောက်မှာတော့ သူက အင်မတန် ရှားပါးပြီး လူတိုင်းမစီးနိုင်တဲ့ ကားကောင်း ကားသန့် လေးတွေသာ ရွေးချယ်ပြီး ၀ယ်စီးတော့တယ်။
အခုလက်ရှိ မာဇရာတီလေး မတိုင်ခင်က သူ့မှာ ဂျက်ဂွာ အမျိုးအစား ကားလေးတစ်စီးကို နှစ်နှစ်ကျော် စီးခဲ့တယ်။ လုံးဝန်းလှပပြီး တစ်ခြားကားတွေနဲ့ အဆင်မတူတဲ့ သူ့ကားက သူ့ကို ပိုပြီး ထင်ရှားစေသလိုပဲ။ တစ်နိုင်ငံလုံးမှာ တစ်စီးထဲ ရှိတဲ့ သူ့ကားကို မြင်ရုံမျှနဲ့ သူ့ကို လူတွေ သိနေကြပြီ။ အဲဒီမှာပဲ သူရဲ့ ကားရောဂါဟာ ပိုပြီး ရင့်ခဲ့တာ ဖြစ်တယ်။ ကားပေါ်မှာ ကားမောင်းနေရချိန်၊ ကားပေါ်က ဆင်းလာလို့ လူတွေက အားကျတဲ့ မျက်လုံးတွေနဲ့ ကြည့်ကြချိန်တွေက သူ့သွေးတွေကို နားထင်ရောက်အောင် မြောက်ကြွစေတယ်။
ဂျက်ဂွာလေးကို သူ ဒီ မာဇရာတီလေးနဲ့ အလဲအပြောင်း စီးလိုက်တာ ဘာကြောင့်လဲ။ မာဇရာတီရဲ့ အင်ဂျင် စက်သံက ပြိုင်ကား တစ်စင်းလိုပဲ။ သူ့မှာ ထူးခြားတဲ့၊ မာန်ပြင်းတဲ့ အသံ ရှိတယ်။ နောက်ပြီး ဂျက်ဂွာထက် ပို ခောတ် ရှေ့ပြေး၊ သွက်လက်တဲ့ ဒိဇိုင်း နဲ့ လေ။ အင်ဂျင်၊ ဖွဲ့စည်း တည်ဆောက်မှု၊ သက်တောင့်သက်သာ ရှိမှု၊ ပုံစံ ဒီဇီုင်း၊ နောက်ပြီး ဆန်းသစ်တဲ့ နည်းပညာတွေနဲ့ သူ့ မာဇရာတီ ကားသစ်လေးက သူ့တန်ဖိုး အထားဆုံးအရာ ဖြစ်လာခဲ့ပြီ။ ဂျက်ဂွာကားလေးကို တခါတခါ သတိရမိစေပေမဲ့ သူ မလွမ်းမိဘူး။ အခုဆို သူ့ကားသံကို အဝေးက ကြားရုံနဲ့ လူကိုမပြောနဲ့၊ ကားကိုတောင် မမြင်ရသေးဘူး။ ဒါဟာ သူပဲ လို့ လူတွေ မှတ်မိ နေကြပြီ။ သူ ကားပေါ်က ဆင်းလိုက်တာနဲ့ ပါးစပ်အဟောင်းသား ငေးမောကြည့်နေတဲ့ သူတစ်ချို့ကို မြင်တိုင်း သူ့ခြေလှမ်းတွေ မြှောက်ကြွလို့ပေါ့။ ဘယ်လောက် ဂုဏ်ယူစရာ ကောင်းလိုက်သလဲ။
သူဟာ မာဇရာတီကားသစ်လေးကို အမြဲ တသသ အရိပ်လို ကြည့်နေမိတော့တယ်။ တရက်သားမှာတော့ သူ့ကားလေးကို သနေတုန်း ခြစ်ရာ အသေးလေးတစ်ခု ကားကိုယ်ထည်မှာ တွေ့လိုက်တယ်။ မဖြစ်ချေဘူး။ ဒီကားကို သေးသေးလေးတောင် အပွန်း မခံနိုင်ဘူး။ ဒါနဲ့ သူ့ကားကို သွားပြီး ဆေးပြန်တင်တယ်။ ဘုရားရေ... အိတ်ထဲက ဒေါ်လာ အတော်များများကို အဲဒီ ခြစ်ရာ သေးသေးလေးက ၀ါးမျို သွားပါပေါ့။ အိတ်ထဲက အထပ်လိုက် ခုန်ပျံထွက်သွားတဲ့ ဒေါ်လာတွေကို သူ နှမျောတသရင်း ဘယ်သူ လက်ကမျင်းပြီး ငါ့ကားကို လာခြစ်သွားပါလိမ့် ဆိုတဲ့ အတွေးတစ်စက သူ့ဒေါသတွေကို ဆူဝေစေတော့တယ်။ သူ့ ရုံးခန်းဘေးက ဘီယာဘားပိုင်ရှင်များ တမင် လာလုပ်လေသလား။ အဲ့ဒီလူနဲ့ သူက သိပ်အစေးကပ်လှတာ မဟုတ်။ ညဘက်မိုးချုပ်တွေမှာ အဲ့ဒီ ဘီယာဆိုင်က ဆူညံသံတွေ မခံနိုင်တဲ့အတွက် ခဏခဏ သူ ရဲတိုင်တာများ မကျေနပ်လို့ ပညာပြလေသလား။ ဒါမှ မဟုတ် ဘီယာလာသောက်တဲ့ သူတွေ သံဗူးကို သူကား ရပ်နားရာဘက် စည်းကမ်းမဲ့ လွင့်ပစ်လို့ပဲ ခြစ်ရာထင်လေသလား။ သံသယ အတွေးတွေနဲ့ သူ့စိတ်က ဒေါသ ဒီဂရီတွေ တက်လို့လာတယ်။ မဖြစ်ချေဘူး။ လက်ပူးလက်ကျပ် မိအောင် သူ တစ်ခုခု စီစဉ်မှ ဖြစ်မယ်။ ဒီလိုနဲ့ သူ့ ရုံးဆိုလဲ ဟုတ် အိမ်ဆိုလဲ ဟုတ်တဲ့ သူ့အိမ်ဘက်ခြမ်း အ၀င်မှာ CCTVလေး တစ်လုံး တပ်တယ်။ တစ်နေ့တစ်နေ့ သူ အိပ်မပျော်လောက်အောင် တရားခံကို စောင့်ဖမ်းရတာ လူတောင် အိပ်ရေးတော်တော် ပျက်လို့။ CCTV တပ်တော့မှ ဖြစ်နိုင်ချေ ရှိတဲ့ တရားခံတွေက များလာပါပေါ့။ တခါတခါ သူ့ရုံးအိမ်ရှေ့ အမှိုက် လာလာ ကောက်တတ်တဲ့ အရူးက သူ့ကားနား ရစ်သီရစ်သီ လာလုပ်တာ မြင်တိုင်း လက်မဆော့ရဲအောင် ထွက်ထွက်ပြီး လူလုံးပြရသည်။ တခြား ကားတစ်စီးစီးက လမ်းမပေါ်မှာ အရှိန်ပြင်ပြင်း ဖြတ်မောင်းသွားတဲ့အခါ လမ်းပေါ်က ဂဲစလေးတွေ လွင့်လာပြီး သူ့ကားကို ထိခိုက်မိတာလဲ ဖြစ်နိုင်တာပဲ။ သူအိပ်မပျော်ခင် အချိန်ထိ နေ့နေ့ညည CCTVက မြင်နေရတဲ့ ပုံရိပ်တွေကို ကြည့်နေရသည်။ သူ အိပ်ပျော်သွားရင်လည်း ပုံရိပ်ဖမ်းယူ သိမ်းထားကာ နိုးလာတာနဲ့ ပြန်ပြီး စစ်ဆေးကြည့်ရတာက တစ်လုပ်။
တခါသားတော့ ဟိုဘက် ဘီယာဆိုင်မှ သံဗူးတစ်လုံး လွင့်လာတာကို သူ ပုံရိပ်ဖမ်းယူပြီး ရဲကို သက်သေပြေ တိုင်ကြားနိုင်ခဲ့သည်။ ဒီတော့မှ ဟိုဘက်ဆိုင်က သကောင့်သား၊ သူ့စားသုံးသူတွေ ဒီဘက်ကို အမှိုက် ပစ်စလက်ခတ် မပစ်အောင် ကာတာ ပြုတာတွေ လုပ်တော့သည်။ အင်း၊ တစ်ရန်တော့အေးပြီ။
သို့သော် ကောင်းကောင်းမှ စိတ်မအေးရသေး၊ သူ့ကားမှာ အစင်းရာကြီးက အကြောင်းလိုက် တွေ့ရပြန်သည်။ တစ်ယောက်ယောက်က တမင် ဆွဲခြစ်သွားတာ အသိသာကြီး။ ဒီတစ်ခါလဲ သူ ငွေတော်တော် ကုန်သွားပြန်သည်။ ထိုစဉ်ကစလို့ သူ့မှာ CCTV စောင့်ကြည့်သည့် အလုပ်အပြင် တခြား အလုပ်ပိုတွေပါ တိုးလာလေတော့သည်။ အပြင်သွားလို့ သူ့ကားကို ရပ်စရာနေရာ ရှာလျှင် ထောင့်ဆုံးနံရံနှင့် ကပ်လျက်နေရာကို မရရအောင် ရှာရသည်က အမော။ မရလို့ကတော့ ကားရပ်နားစရာ အကွက်နှစ်နေရာစာ အလယ်မှာ ကားကို ရပ်ထားလိုက်သည်။ ဒါမှ ဘေးက ကားတွေနဲံ ထိခိုက်မိတာတွေ မဖြစ်တော့မှာ။ ဒဏ်ငွေဆောင်ရတာက ဆေးသစ်တင်ရတာလောက် မှ မကုန်ပဲလေ။ လူထူထပ်တဲ့ လမ်းဘေးနေရာတွေမှာ မတတ်သာလို့ ကားခဏ ရပ်ထားခဲ့ရလျှင်လည်း သူ ပြန်မောင်းမထွက်ခင် ကားကို တစ်ပတ်လောက် ပတ်ကြည့်စစ်ဆေးသည့် အကျင့် ရလာသည်။
သို့သော် သူ့ကားကို မပွန်းပဲ့အောင် ထိန်းသိမ်းရတာ ဘယ်လောက်ပဲ စိတ်ပင်ပန်းပါစေ။ သူ့ကားသံကို အဝေးကနေ ကြားကတည်းက လူတွေ ငေးမောစောင့်ကြည့် နေတတ်ကြတာ၊ ပါးစပ်ကလေးတွေ အဟောင်းသားနဲ့ အားကျစွာ ကြည့်တဲ့ အကြည့်တွေကို မြင်ရတာ သူ ကျေနပ်သည်။ မိတ်ဆွေ အပေါင်းအသင်းတွေက သူ့ကားကို သဘောတကျ ချီးကျူးလျှင် သူက ၀င့်ကြွားစွာ ပြုံးနိုင်သည်။ ဒီလို ရှားပါးကောင်းမွန်ပြီး လှပတဲ့ ကားတစ်စီးကို သူတစ်ယောက်သာ ပိုင်ဆိုင်ထားတဲ့ အတွက်လည်း သူ အင်မတန် ဂုဏ်ယူပါသည်။

မေတ္တာဖြင့်
မိုးကုတ်သား





9 comments:

Ma Thandar said...

Is it translated article or own creation?

Nice reading, anyway. :)

Mogok Thar said...

ကိုယ်ပိုင်အတွေါ်၊ ကိုယ်တိုင်ရေးပါ မသန္တာ

မယ့်ကိုး said...

စာလေးကောင်းတယ် အစ်ကိုရေ..ဖတ်ရတာတောင် မဝသလို ခံစားရပါတယ်။

မခ said...

ရှိခြင်းရဲ့ ဒုက္ခ လို့ ပြောရမယ်ထင်တယ်နော် . ဘာပဲပြောပြော ကားကြိုက်တာခြင်းတော့ တူပါတယ်

Sein Lyan Tun said...

ညီလာရင် အဲဒီကားစီးမယ်နော်
ချစ်တဲ့
ညီ
ဖိုးစိန်

မေလေး said...

အော် ဒွတ်ခ ဒွတ်ခ တော်ပါပြီ မာဇရာတီ မဝယ်တော့ပါဘူး။(ဝယ်ဖို့လဲပိုက်ပိုက်ရှိဘူးး) ဒါနဲ့ ကိုကြီးရ တရက်လောက်တော့ဌားစီးချင်သားးးအဟဲ..အစင်းရာထင်ရင်တော့ သိဘူးနော်..
ခင်တဲ့
မေလေး

မင်းအိမ်ဖြူ Minn Eain Phyu said...

အဲဒါ အတ္တရဲ့ သားကောင်တဲ့ ၊၊ ဒါပေမယ့် ဒီသောက ကလည်း တခါတခါ ချိုမြိန် တက်ပါတယ် ၊၊ အောင်မြင်မှုကို တက်မက်တဲ့ လူတိုင်းဟာ ခဏတာလေး ခေါင်းမော့ အနိုင်ယူဖို. နောက်ကွယ်က ပေးဆပ်ရခြင်းတွေ ကို လူတိုင်း မသိနိုင်ဘူးလေ ၊၊ လူတိုင်းဖြစ်တက်ပါတယ်၊၊

တင်ပြပုံလေးသဘောကျတယ် ကိုကြီးမိုးကုတ်သားရေ ....

ကြယ်သောကြာ said...

ကျနော်လည်း နောက်မှ နောက်ရောက်ရာဘဲ အဲလိုမျိုးတစ်စီးလောက်တော့ ရရင်လိုချင်သား အစ်ကိုရ။ ရှိခြင်းဒုက္ခ ကတော့ ရှိပါစေတော့ :P

Anonymous said...

ကိုမိုးကုတ်သားပြောပြတဲ့ ကားအကြောင်းနားထောင်ပြီး မအိပ်နိုင်မစားနိုင် တသသ ဖြစ်နေရတဲ့ ကားပိုင်ရှင်ကိုတောင် မြင်ယောင်လာမိတယ် ... ပစ္စည်းဥစ္စာတစ်ခုပေါ် အဲလောက်ထိ တမ်းမက်စွဲလန်းနေတတ်တာတော့ မကောင်းဘူးထင်ပါတယ် ... ပစ္စည်းသခါင်္ရ လူသခါင်္ရလေ ... နော်
နေဒေးသစ်။