Monday, December 1, 2008

Love and Time (အချစ်နဲ့ အချိန်)

တစ်ခါတုန်းက ကိုဖိုးပျော်၊ မယ်စိတ်ညစ်၊ ကိုသုတ အပါအဝင် ခံစားချက်တွေ အားလုံးဟာ ကျွန်းလေး တစ်ကျွန်းပေါ်မှာ အတူ နေထိုင်ကြသတဲ့။ အချစ်လဲ ပါတာပေါ့။ တစ်ရက်တော့ အဲ့ဒီ ခံစားချက်တွေ အားလုံးဆီကို သတင်းတစ်ခု ရောက်လာပါတယ်။ သူတို့နေတဲ့ ကျွန်းကလေးက မကြာခင် ပင်လယ်အောက်ကို နစ်မြှုပ်တော့ မယ်တဲ့။ အားလုံးလဲ ကိုယ့် ကိုယ်ပိုင် လှေ ကလေးတွေ ဆောက်ပြီး ကျွန်းကလေးကို ခွဲခွာသွားဖို့ စီစဉ်ကြတယ်။ ဒါပေမဲ့ အချစ်က မဆောက်ဘူး။ ဒီကျွန်းလေးကို သူ မခွဲနိုင်ဘူးလေ။ ဒီကျွန်းကလေးနဲ့ အတူနေနိုင်သမျှ သူနေမယ်လို့ ဆုံးဖြတ် ထားတယ်။ ကျွန်းကလေး ပင်လယ်ထဲကို လုံးလုံးလျားလျား နစ်မြှုပ်ခါ နီးမှ သူက အကူအညီ တောင်းဖို့ ဆုံးဖြတ်လိုက်တယ်။
အင်မတန် ကြီးကျယ် ခမ်းနားတဲ့ လှေကြီးတစ်စင်းနဲ့ ဖြတ်သွားတဲ့ ဦးချမ်းသာကို တွေ့တော့ အချစ်က မေးတယ်။
“ဦးချမ်းသာရေ၊ ကျွန်တော့်ကို ခင်ဗျား လှေနဲ့ ခေါ်သွားလို့ ရမလား?”
ဦးချမ်းသာက “မရဘူး၊ ငါ ခေါ်သွားနိုင်မှာ မဟုတ်ဘူး။ ငါ့လှေထဲမှာ ရွှေတွေ၊ ငွေတွေ အပြည့် ဖြစ်နေတော့ မင်းအတွက် နေရာမရှိတော့ဘူးကွ”
အင်မတန်လှပတဲ့ လှေတစ်စီးနဲ့ သူ့ရှေ့က ဖြတ်သွားတဲ့ ဒေါ်ဝင့်ဝါကို မြင်တော့ အကူအညီတောင်းဖို့ အချစ်က ဆုံးဖြတ်လိုက်တယ်။ “ဒေါ်ဝင့်ဝါရေ၊ ကျွန်တော့်ကို ကယ်ပါဦးဗျာ!”
“ငါ မကယ်နိုင်ဘူးအချစ်ရေ၊ ကြည့်စမ်းပါဦးကွယ်။ နင့်တစ်ကိုယ်လုံး စိုရွှဲနေလိုက်တာများ။ ငါ့ရဲ့ လှေကလေးပါ ပျက်စီးသွားဦးမယ်ကွယ်” ဒေါ်ဝင့်ဝါက ပြောလိုက်တယ်။
အလို၊ မယ်စိတ်ညစ်ရဲ့ လှေကလေး နီးလာပါလား။ အကူအညီ တောင်းအုံးမှ။
“မယ်စိတ်ညစ်ရေ၊ ငါ မင်းနဲ့အတူ လိုက်ခဲ့ပါရစေ။”
“အိုး၊ အချစ်ရေ..။ ငါ ဝန်းနည်းလွန်းလှလို့ တစ်ယောက်ထဲ နေပါရစေကွယ်။”
ဒီလိုနဲ့ ကိုဖိုးပျော်ရဲ့ လှေကလေး အချစ်နားက ဖြတ်သွားပြန်တော့ သူ့ကို ခေါ်တဲ့ အသံတောင် မကြားနိုင်အောင် ပျော်ပျော်ရွှင်ရွှင်နဲ့ ရွက်လွှင့် သွားပြန်ပါတယ်။
“ဟေ့ အချစ်၊ ငါနဲ့လိုက်ခဲ့” ရုတ်တရက် ထွက်လာတဲ့ အသံကြောင့် အချစ်ကြည့်လိုက်တော့ ဖိုးဖိုး တစ်ယောက်ကို တွေ့ရတယ်။ ဘာပြောကောင်းမလဲ။ ဆုမွန်ကောင်းတစ်ခု ရလိုက် သလိုပဲ၊ အချစ်လဲ ဝမ်းသာအားရနဲ့ ဖိုးဖိုး ဦးသက်ကြီးနဲ့ လိုက်သွားလိုက်တာ။ သူတို့ဘယ်ကို သွားနေတာလဲ၊ အဖိုးအိုက ဘယ်သူလဲ ဆိုတာတွေ ကိုတောင် မေးဖို့ မေ့နေခဲ့တယ်။ ဒီလိုနဲ့ ကုန်းမြေတစ်ခုဆီ သူတို့ ရောက်သွားတော့ ဖိုးဖိုး ဦးသက်ကြီးက သူ့လမ်းသူ ဆက်သွားခဲ့ပါတယ်။
ဖိုးဖိုး ဦးသက်ကြီးရဲ့ ကျေးဇူး ဘယ်လောက် ကြီးသလဲဆိုတာ အချစ် နားလည် သဘောပေါက်တယ်။ ဒါနဲ့ လမ်းမှာ တွေ့တဲ့ နောက်ထပ် အသက်အကြီးဆုံး ဘွားပညာကို မေးလိုက်တာပေါ့။
“ကျွန်တော့်ကို ကယ်တင်သွားတာ ဘယ်သူများပါလိမ့်?”
“အဲ့ဒါ အချိန်ပေါ့” ဘွားပညာက ပြန်ဖြေတယ်။
“အချိန်၊ ဟုတ်လား” အချစ်က မေးလိုက်ပြန်တယ်။ “အချိန်က ဘာလို့ ကျွန်တော့်ကို ကယ်သွားတာပါလိမ့်”
ဘွားပညာက အမျော်အမြင် ကြီးတဲ့ အပြုံးတစ်ခုနဲ့ အချစ်ကို ကြည့်တယ်။
“ဘာလို့လဲ ဆိုတော့ အချစ်ရဲ့တန်ဖိုးက ဘယ်လောက် ကြီးသလဲဆိုတာ အချိန်တစ်ယောက်ထဲ နားလည်နိုင်လို့ ပေါ့ကွယ်”
သင့်လျော်အောင် ဘာသာပြန်ပါသည်။
ဘာသာပြန်သူ - မိုးကုတ်သား

အပေါ်က ပုံပြင်နဲ့ ဆိုင်မဆိုင်တော့ မသိဘူး။ စိတ်ရူးပေါက်လို့ နဲနဲ ကွန့်လိုက်ပြီ။
အချစ်ကြောင့် ဖြစ်တဲ့ စစ်မြေပြင်တွေ ရှိခဲ့မယ်ဆိုရင် အဲ့ဒါ.. အချစ်ကြောင့် မဟုတ်ဘူး။ ပိုင်ဆိုင်လိုစိတ်ကြောင့်။
အချစ်ကြောင့် ရူးသွပ်ရတယ်ဆိုရင် အဲ့ဒါ အချစ်ကြောင့် မဟုတ်ဘူး။ စွဲလန်းမှုကြောင့်။
အချစ်ကြောင့် ဖြစ်တဲ့ အမုန်းတွေ၊ နာကျည်းမှုတွေ ရှိခဲ့မယ်ဆို အဲ့ဒါ အချစ်ကြောင့်မဟုတ်ဘူး။ မစွန့်လွှတ်
တတ်လို့။
အချစ်ကြောင့် ပြဿနာတွေ ကြုံရတယ်ဆို၊ အဲ့ဒါ အချစ်ကြောင့်မဟုတ်ဘူး။ နားလည်မပေးလို့။
အချစ်က ဘယ်တော့မှ အရောင်မပြောင်းဘူး။ လူတွေကသာ အချစ်ကို ဆေးဆိုးပန်းရိုက် လုပ်တတ်ကြတာ။
အချစ်ရဲ့တန်ဖိုးက ဘယ်လောက်ကြီးသလဲ၊ တန်ဖိုးက ကိုးကွယ်သူရဲ့ လက်ထဲမှာ။
အချိန်က အကောင်းဆုံး သမားတော်တဲ့။ ချစ်တတ်သူတွေ အတွက်ကတော့ စက္ကန့်တိုင်းမှာ ချစ်ရတာ ကျေနပ်စရာ...။

No comments: